Wonderful Promise

بواسطة TayDiDi

792K 66.7K 11.9K

(Myanmar Boy Love Fiction-OC) Match Made In Clouds (ကြည်ညွှန်း Family) ရဲ့ Season 2 ပါ Match Made In Clouds က... المزيد

Intro (U&Z)
Ep 1 (U)
EP 1 (Z)
Ep 2 (U)
Love For Wonderful and Pauk Pauk ♥️
Ep 3 (U)
Ep 3 (Z)
Ep 4 (U)
Ep 4 (Z)
Ep 5 (U)
Ep 5 (Z)
Ep 6 (U)
Ep 6 (Z)
Ep 7 (U)
Ep 7 (Z)
Ep 8 (U)
Ep 8 (Z)
Ep 9 (U)
Ep 9 (Z)
Ep 10 (U)
Ep 10 (Z)
Ep 11 (U)
Ep 11 (Z)
Note
Ep 12 (U)
Ep 12 (Z)
Ep 13 (U)
Ep 13 (Z)
Ep 14 (U)
Ep 14 (Z)
Ep 15 (U)
Ep 15 (Z)
Final (U)
Final (Z)
Thank You ♥️
Love For KoKo & One Four ♥️
Wonderful Honeymoon in Zircon Part 1 (U)
Wonderful Honeymoon in Zircon Part 1 (Z)
Wonderful Honeymoon in Zircon Part 2 (U)
Wonderful Honeymoon in Zircon Part 2 (Z)
Love For Ko Ko and 14 ❤️

Ep 2 (Z)

7K 307 14
بواسطة TayDiDi

"အမေ!! အမေ့!! အဖေကြီးရေ... လုပ်ပါဦး"

မနက်ခင်း ရုံးသွားရန်ပြင်နေတုန်း အိမ်အောက်ထပ်မှ မမဟေမာ၏ အသံက စိုးရိမ်တကြီး တုန်တုန်ခိုက်ခိုက် ထွက်လာသဖြင့် အာကာ လှေခါးပေါ်မှ ပြေးဆင်းမိသွားသည်။

"အစ်ကို"

အာကာ အောက်ထပ်ရောက်တော့ အစ်ကိုက ဧည့်ခန်းသို့ အလောတကြီးပြေးထွက်လာကာ နံရံမှကားသော့တစ်ခုကို ဖြုတ်ယူနေသည်။

"So sweet!  သားကို အခုသွားလိုက်ခေါ်ခဲ့"

"အစ်ကို့...အမေ ဘာဖြစ်တာလဲ"

"အမေ မဟုတ်ဘူး... ပေါက်ပေါက်"

"ဟင်"

အစ်ကို့ဖြေသံအဆုံးမှာ အာကာ အိမ်နောက်သို့ပြေးဝင်သွားတော့ အမေနှင့် မမဟေမာက ပေါက်ပေါက်ကို ခြုံထည်တစ်ခုဖြင့် ထွေးပွေ့နေသည်။

"ပေါက်ပေါက် ဘာဖြစ်တာလဲ အမေ"

"အန်ပြီးတော့ မလှုပ်နိုင်တော့ဘူး ဆေးခန်းသွားရမယ် သားငြိမ်းကားသွားထုတ်နေတယ်...မင်း ဝမ်းဖိုးကို ကျောင်းကနေသွားပြန်ခေါ်လာခဲ့တော့"

အာကာ စိတ်မသက်သာစွာဖြင့် မမဟေမာပွေ့ချီထားသော ပေါက်ပေါက်၏ခေါင်းလေးကို အုပ်ကိုင်ကာ ငုံ့နမ်းလိုက်ပြီး နဖူးနှင့် ခဏအပ်ထားမိသည်။

တစ်နေ့တော့ ဒီလိုအချိန်ကို ရောက်လာမည်ဟု ကြိုတွေးထားကြပေမဲ့ တကယ်ရောက်လာတော့ ရင်ထဲမှာ မချိပေ။ ပေါက်ပေါက်က အသက် ၁၅ နှစ်ရှိပြီ။ ပေါက်ပေါက်လိုခွေးမျိုးလေးတွေက သေသေချာချာ ဂရုစိုက်လျှင် အလွန်ဆုံး အသက် ၁၅ နှစ်မှ ၁၆ နှစ်အထိ ရှင်သန်နိုင်ကြသည်။

ပေါက်ပေါက်က မနှစ်ကစပြီး လှုပ်ရှားမှုတွေက အရက်ကထက်စာလျှင် နှေးကွေးလာသည်။ အစားအသောက်ကိုလည်း လျှောက်ကိုက်ပြီးဖွထားတတ်တာကလွဲ၍ ဟုတ်တိပတ်တိ မစားတော့သဖြင့် ဆေးခန်းတွေပြပြီး အားဆေးနှင့်တွဲ၍ ကျွေးနေရသည်မှာ ကြာပြီ။ အရင်လို ဝက်အူချောင်း တစ်ချောင်းတောင် ကုန်အောင်မစားသဖြင့် သားကဆို ပေါက်ပေါက်ကို အစားကျွေးတိုင်း တဖျစ်တောက်တောက်လေး ပြောနေတော့သည်။

အမေက အာကာ့ခေါင်းကို ပွတ်ပေးပြီး "သား သွားတော့" ဟုပြောလာသည်။ အာကာ ကားသော့ကိုယူကာအိမ်ရှေ့ရောက်တော့ အစ်ကိုကပေါက်ပေါက်ကို ဆေးခန်းပို့ရန် ကားအဆင်သင့် ဖြစ်နေပြီ။ မမကေသာနှင့် သူ့အမျိုးသား ကိုဖြိုးတို့က သားကို ကျောင်းလိုက်ပို့ပြီး ရုံးကိုဆက်သွားကြ၍ ဆေးခန်းသို့ပဲလိုက်လာရန် အမေက အကြောင်းကြားနေသည်။

"အစ်ကို့ ကားကို ဂရုစိုက်မောင်းနော်"

"အင်း... သားကို သေ​သေချာချာပြောပြဦး"

"ဟုတ်"

အာကာ သားကိုခေါ်ရန် ကားမောင်းလာရင်း စိတ်ထဲတင်းကျပ်နေမိသည်။ လွန်ခဲ့တဲ့ ၃ နှစ်က အဖွားဆုံးခါနီး အဖေကြီး အာကာ့ကို Company သို့လာခေါ်စဉ်ကလည်း ဒီလိုခံစားချက်မျိုးဖြစ်ခဲ့မည်ထင်သည်။

ချစ်ခင်ရသူတွေ ထွက်သွားရတော့မည်ဆိုလျှင် ရင်နာမှာစိုးလို့ ဖုံးကွယ်ထားခြင်းထက် အရှိအတိုင်းပေးသိပြီး လက်ခံစေခြင်းကို အဖေကြီးကပို၍လိုလားသည်။ ပေါက်ပေါက် ဒီလတွေအတွင်း နေမကောင်းဖြစ်နေကြောင်းကိုလည်း သားကိုအသိပေးထားသည်။

သားတို့ကျောင်းကိုရောက်တော့ သက်ဆိုင်ရာဆရာမကို ခွင့်တောင်းပြီး သားကိုပြန်ခေါ်ရသည်။ သားက အာကာ့ကိုတွေ့တော့ အံ့ဩောနေသည်။

"ဖေဖေ"

"သား...ဖေဖေနဲ့ ပြန်လိုက်ခဲ့နော်"

"ဟုတ်... အိမ်ကိုလား ဖေဖေ... ပါပါးရော"

"အိမ်ကိုမဟုတ်ဘူး... ဖေဖေတို့ ဆေးခန်းမှာ ပေါက်ပေါက်ကို သွားတွေ့ရအောင်နော်"

"ဟင်"

သားက ငြိမ်ကျသွားသည်။ အာကာ သားလက်ကိုဆွဲခေါ်လာပြီး ကားထဲရောက်သည်အထိ သားကစကားမပြောတော့ပေ။ မွေးကတည်း ခုအရွယ်ထိ ပေါက်ပေါက်နဲ့ တူတူဆော့ကစားပြီး ကြီးပြင်းလာခဲ့ရသည့်ကလေးမို့ သံယောဇဉ်က မနည်းမှန်း အာကာတို့ တစ်အိမ်လုံးက နားလည်ထားကြသည်။
ပေါက်ပေါက်ကို သားလေးတစ်ယောက်လို စောင့်ရှောက်ခဲ့သော မမဟေမာသည်ပင် ဝမ်းဖိုးအတွက်ကို အရင်ဆုံး စိတ်ပူနေခဲ့သည်။ ကျန်သည့်အဒေါ်တွေကလည်း သားအတွက်ကိုပဲ စိတ်ပူကြသည်။

"သားပေါက်လေး မရှိတော့ရင် ဝမ်းဖိုးကို ဘယ်လိုလုပ်ပါ့မလဲဟယ်"

တကယ်လည်း ဘယ်လိုလုပ်ရမှန်း အာကာမသိပါ။ အလုပ်ထဲမှာသာ ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ပေမဲ့ သားနဲ့ ပတ်သက်ရင် အာကာက စိတ်ခံစားချက်ပိုများတတ်သူမို့ ကိုယ်တိုင်ပင် အဖေကြီးရဲ့ စကားတွေကို ခုချိန်ထိ လိုအပ်နေရဆဲပင်။ သို့သော်လည်း တတ်နိုင်သလောက်တော့ အဖေကြီးခြေရာနင်းနိုင်ဖို့ ကြိုးစားရမည်သာ။

"သား"

"ဗျာ ဖေဖေ့"

အာကာ ကားမောင်းရင်း ခေါ်လိုက်တော့ သားကလေသံပျော့လေးနှင့် ပြန်ထူးလာသော်လည်း သားရဲ့မျက်လုံးတွေက ကားမှန်မှတဆင့် ရှေ့တူရှုကိုသာငေးကြည့်နေသည်။ ကားစတီယာရင် ကိုဆုပ်ကိုင်ထားသည့် အာကာ့လက်ဖဝါးမှာ ချွေးစို့လာသည်။ အာကာသက်ပြင်းကို မျှင်းမျှင်းချလိုက်ပြီး...

"သား နွေရာသီကျောင်းပိတ်ရက်တွေ ဘုန်းကြီးကျောင်းမှာ ဗုဒ္ဓဘာသာသင်တန်း တက်တုန်းက ဘုန်းဘုန်းကြီး ပြောပြတာမှတ်မိလား... ပေါက်ပေါက်တို့လို တိရိစ္ဆာန်လေးတွေ သေဆုံးသွားရတာဟာ ဝဋ်ကျွတ်ခြင်း တစ်မျိုးပဲဆိုတာလေ"

"ဟုတ်"

"ပေါက်ပေါက်ကို သားအနားမှာ အချိန်အကြာကြီးနေရတာနဲ့ ပိုကောင်းတဲ့ဘဝကို ခပ်မြန်မြန်လေး ရောက်သွားတာ သားက ဘယ်ဟာကိုပိုလိုချင်လဲ"

"ပို.....ပိုကောင်းတဲ့ ဘဝကို ရောက်သွားရတာပါ ဖေဖေ"

သားအသံလေးက တိုးတိမ်သွားပြီး ခေါင်းကိုငုံ့ချလိုက်တဲ့အချိန်မှာ သားမျက်လုံးက မျက်ရည်တစ်စက်က ပေါက်ခနဲကျသွားသည်။ သားရဲ့ မျက်မှန်ဝိုင်းလေး အောက်သို့ မျက်ရည်စက်လေးတွေ တစ်ပေါက်ပေါက်ကျနေသည်ကို အာကာရှင်းရှင်းလင်းလင်း မြင်နေရသည်။ သားရဲ့ မျက်ရည်တစ်စက်က အာကာ့နှလုံးသားကို တူနှင့်တစ်ချက်ချင်းထုနေသလိုပင်။ သိုပေမဲ့ မငိုပါနှင့်ဟု သားကို အာကာမတားခဲ့ပါ။

"ဖေဖေ ငယ်ငယ်ကလေ အိမ်မှာမွေးထားတဲ့ ကြက်တူရွေးလေး သေသွားခဲ့ဖူးတယ်... ဖေဖေ ငိုတော့ ဖေဖေကြီးက ဖေဖေ့ကိုပြောတယ်... ငိုလို့ရတယ်တဲ့... ယောက်ကျားလေးလဲ လူပဲမို့ ဝမ်းနည်းလို့ရတယ် ငိုလို့ရတယ်... စိတ်ကိုဖွင့်ထုတ်ပစ်လိုက်လို့ရတယ်... ဒါပေမဲ့ ပြိုလဲသွားတာမျိုးတော့ မဖြစ်ရဘူးတဲ့... သားရော အဲ့ဒါကိုနားလည်လား"

အာကာမေးတော့ သားက ခေါင်းညိတ်သည်။

"ဘယ်အရာကြောင့်ပဲဖြစ်ဖြစ် ဖေဖေတို့က ဝမ်းနည်းခံစားခွင့်ရှိတယ် ဒါပေမဲ့ မပြိုလဲရဘူး... အရာအားလုံးကို ဖေဖေတို့က Positive Thinking နဲ့ပဲ တွေးပြီး လွှတ်ချသင့်တဲ့ အရာတွေကို လွှတ်ချတတ်ရမယ်... သား ဒီ့ထက်နည်းနည်းပိုပြီး အရွယ်ရောက်လာတဲ့အခါ ပိုနားလည်လာလိမ့်မယ်.... နော်... သား"

သားက ခေါင်းကိုတဆတ်ဆတ်ညိတ်သည်။

"နောက်ပြီးတော့လေ ဖေဖေကြီးက ပြောဖူးသေးတယ်... ယောက်ကျားလေး ငိုခွင့်ရှိတယ် ဝမ်းနည်းခွင့်ရှိတယ် ဆိုပေမဲ့ ကိုယ့်ထက် အားငယ်တတ်တဲ့သူတွေရှေ့မှာ ဒါမှမဟုတ်ကိုယ့်ကို မှီခိုအားကိုးနေတဲ့သူတွေရှေ့မှာ ကိုယ့်ကိုစိုးရိမ်ပူပန်တတ်သူတွေရှေ့မှာတော့ ဘယ်တော့မှ မငိုပါနဲ့တဲ့..."

သားက မျက်မှန်လေးကို ချွတ်လိုက်ကာ မျက်ရည်တွေကို လက်ဖမိုးနှင့် သုတ်လိုက်ပြီး...

"ဝမ်းဖိုး ပါပါးနဲ့ တီတီလေးရှေ့မှာ မငိုတော့ဘူး ဖေဖေ"

အာကာ သားရဲ့ခေါင်းလေးကို ပွတ်ပေးလိုက်မိသည်။ အာကာတို့ မင်းသားလေးတောင် ကောင်းကောင်းအရွယ်ရောက်လာခဲ့ပြီ။

တိရိစ္ဆာန်အထူးကုဆေးခန်းရှေ့မှာ ကားရပ်လိုက်ပြီး အစ်ကို့ကိုဖုန်းခေါ်တော့ အစ်ကိုက အခန်းနံပါတ်ပြောရင်း သားရဲ့ အခြေအနေကိုမေးသည်။

အခန်းတံခါးကိုအသာလှည့်ဖွင့်လိုက်တော့ အိမ်မှလူတွေ အားလုံးလိုလို ရောက်နေကြသည်။ မကြီးက ဘေဘီလုံး ကိုသေချာချော့ပြီး သူ့အဖေနှင့်ထားခဲ့သည်ဟု ပြောသည်။ မမဟေမာက သားကိုဆီး၍ပွေ့ဖက်ထားသည်။

အစ်ကိုက သားကိုပွေ့ချီပြီး ပေါက်ပေါက်ရှိရာ ခုတင်ပေါ်ကိုတင်ပေးတော့ သားက ပေါက်ပေါက်ဘေးမှာ လက်မောင်းလေးပေါ်ခေါင်းအုံး၍ ခွေခွေလေးလှဲအိပ်လိုက်သည်။ ပေါက်ပေါက်ကို ECG စက်နှင့်ချိတ်ထားပေးပြီး အသက်ရှုနှုန်းက အရမ်းနှေးနေသည်။ အဖေကြီးက သားရဲ့ခေါင်းလေးကို အုပ်ကိုင်ပြီး သားရဲ့နဖူးကိုငုံ့နမ်းလိုက်သည်။ သားက ကတိအတိုင်း သူ့ပါပါးနှင့် တီတီလေးရှေ့မှာ မျက်ရည်လုံးဝမကျတော့ပါ။

သားက ပေါက်ပေါက်နာကျင်နေမှာကို စိုးရိမ်နေသည့်အလား ပေါက်ပေါက်ကို ပွေ့ဖက်နမ်းရှုပ်တာမျိုးမလုပ်ဘဲ မျက်နှာချင်းဆိုင်၍ ငြိမ်ငြိမ်လေးအိပ်နေသည်။ တစ်ခန်းလုံး ECG စက်မှ တတီတီမြည်နေသံမှလွဲ၍ တိတ်ဆိတ်နေကြသည်။

ခဏကြာတော့ သားဆီမှ သီချင်းဆိုသံ ဖြည်းဖြည်းနှင့် တိုးတိုးလေးထွက်ပေါ်လာသည်။

"Old MacDonald had a farm
Ee i ee i o
And on that farm he had some cows
Ee i ee i oh
With a moo-moo here
And a moo-moo there
Here a moo, there a moo
Everywhere a moo-moo
Old MacDonald had a farm
Ee i ee i o"

သားနဲ့ ပေါက်ပေါက် ငယ်ငယ်လေးကတည်းက အကြိုက်ဆုံး ကလေးသီချင်းလေး။ ပေါက်ပေါက်နဲ့ဆော့ကြပြီဆိုတိုင်း ဒီသီချင်းလေးကို သားကဆိုနေကျဖြစ်သည်။ ဒီသီချင်းဖွင့်ပေးတိုင်းလည်း ပေါက်ပေါက်က အူမြူးစွာ ခုန်ပေါက်နေလေ့ရှိသည်။

အမေနဲ့ မကြီးက မျက်ရည်မဆည်နိုင်တော့တဲ့ မမဟေမာကို ဆွဲခေါ်ပြီး အခန်းပြင်သို့ထွက်သွားကြပြီ။ မမနန္ဒာနှင့် မမကေသာကလည်း နောက်ကလိုက်သွားကြပြီး အခန်းထဲမှာ အဖေကြီး... လေးမောင်...အစ်ကိုနှင့် အာကာတို့သာကျန်ခဲ့ကြသည်။

"Old MacDonald had a farm
Ee i ee i o"

သားရဲ့ အသံတိုးတိုးလေးနှင့် သီချင်းဆုံးသွားသည့် တစ်ချိန်တည်းမှာပဲ ECG စက်မှ ထွက်ပေါ်လာသော "တီ......" ဟု မြည်သံအရှည်ကြီးနှင့်အတူ အာကာ့ရင်ထဲမှာလဲ ဆစ်ခနဲ အောင့်မျက်သွားရသည်။ လေးမောင်က ECG စက်ခလုပ်ကို ပိတ်ပစ်လိုက်သည်။

သားက ထိုအခါမှ ပေါက်ပေါက်ကို ကောက်ပွေ့ပြီး ရင်ခွင်ထဲသို့ ဆွဲသွင်းကာဖက်ထားသည်။ အစ်ကိုကသားကို သူ့ရင်ခွင်ထဲသို့ ဆွဲဖက်ပေးထားသည်။ အာကာက နောက်မှနေ၍ အစ်ကို့ကိုရော သားကိုရောသိုင်းဖက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်မိတော့သည်။

သားကို သူချစ်ခင်ရတဲ့ အရာတွေကို တစ်ကြိမ်ဆုံးရှုံးရပြီးတိုင်း တစ်ကြိမ်ပို၍ သန်မာလာဖို့ မျော်လင့်ရပါသည်။

သံယောစဉ်ဆိုတာ မွေးမြူကောင်းတဲ့ အရာမဟုတ်ပေမဲ့ မိသားစုထဲကို ခေါ်သွင်းခဲ့ပြီး မိသားစုဝင်တစ်ယောက်လို ချစ်ခင်ပေးခဲ့ကြသည်မို့  ရင်နင့်ကြရသည်သာ။ ပိုကောင်းတဲ့ဘဝကို ဖြောင့်ဖြောင့်ဖြူးဖြူးရောက်ဖို့ ပေါက်ပေါက်အတွက် ဆုတောင်းကြရမည်။ အာကာတို့မိသားစုရဲ့ စစ်မှန်တဲ့ မေတ္တာတွေကြောင့် ပေါက်ပေါက် ဘဝသစ်မှာ ပျော်နိုင်ပါလိမ့်မည်။

............................................................................

ပေါက်ပေါက် ဆုံးသွားပြီး တစ်နှစ်ကြာတော့ သားက အခုတက်နေတဲ့ International School မှာ O Level ပြီးသွားခဲ့ပြီ။ အားလုံးရဲ့ သဘောထားနဲ့ သားကိုယ်တိုင်ရဲ့ ဆန္ဒအရ သူ့တီတီနန္ဒာရှိတဲ့ US မှာ Business Management နဲ့ ပတ်သက်ပြီး ကျောင်းသွားတက်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ သားနှင့်အတူ သူ့သူငယ်ချင်း နှစ်ယောက်ဖြစ်သည့် ဝီလျံထွန်း နှင့် တေဇသွင် တို့ပါတူတူလိုက်တက်ကြမှာဖြစ်လို့ အဖော်တွေလည်းရှိသည်။

ငြိမ်းတို့ တစ်အိမ်လုံး သားကိုမခွဲနိုင်ကြပေမဲ့ ခေတ်အခြေအနေက အရမ်းကြိုးစားအမီလိုက်နိုင်မှ တော်ရာကျတာမို့ သားရဲ့ရှေ့ရေးကို ဦးစားပေးကြရသည်။ တကယ်တော့ ပြီးခဲ့သည့်နှစ်ကတည်းက နန္ဒာက ပြန်လာချင်နေပြီ။ သို့သော်လည်း သားက ကျောင်းလာတက်ဦးမည်ဆိုတော့ သားကိုစောင့်ရှောက်ပေးရန် စောင့်နေခြင်းဖြစ်သည်။

သား နိုင်ငံခြားသွားရမည်ဆိုတော့ So sweet က သားကိုရစ်တော့မည်ဟု ထင်ထားရာမှ So sweet ထက်ပိုဆိုးသည့်သူတစ်ယောက်ကြောင့် So sweet အရှုံးပေးလိုက်ရတော့သည်။

ထိုသူလေးကတော့... "ဘေဘီလုံး"

"ဝမ်းဖိုး သွားတော့ မီးမီးက ဘယ်သူနဲ့ ဆော့ရမှာလဲလို့"

"အေးနော် ဝမ်းဖိုးမရှိရင် မီးမီးက ဝမ်းဖိုးအခန်းထဲက Lego အရုပ်တွေ အကုန်ယူပစ်မှာနော်"

"ဝမ်းဖိုး အိပ်ရာပေါ်ကိုလည်း မီးမီး ခြေထောက်မဆေးပဲတက်မှာ"

"မီးမီး ဖေဖေကြီးနဲ့ လမ်းထိပ်မှာ မုန့်သွားစားမှာ နေ့တိုင်း"

"ပါပါးနားက မွှေးမွှေး အနံ့လေးကိုလည်း မီးမီးတစ်ယောက်တည်း အဝ နမ်းပစ်မှာ"

ဘေဘီလုံးက နည်းမျိုးစုံနှင့် ခြိမ်းခြောက်ရှာသည်။ နောက်ဆုံး ငြိမ်းဆီက အမြဲရနေကျ So sweet ရော သားရော လုနမ်းနေကြသည့် သစ်သားနံ့သင်းသင်း ရေမွှေးနံ့ကို သူတစ်ယောက်တည်းနမ်းပစ်မည်ဟုလည်း ကြိမ်းဝါးသည်။

သူဘယ်လိုမှ ပြောမရသည့်နောက်ဆုံးတွင်တော့ ဝမ်းဖိုးက ဘေဘီလုံးချိတ်ပေးလိုက်သော ကီးချိန်းမှန်သမျှ နိုင်ငံခြားမှာလည်း လုံးဝမဖြုတ်ပစ်ဘဲ အိတ်မှာတပ်ထားပါမည်ဟု ကတိပေးတော့မှ ကျေနပ်စွာ လက်ခံသွားရှာတော့သည်။

ငြိမ်းနဲ့ ကေသာက ခြံထဲကခုံမှာထိုင်ပြီး Project အသစ်အကြောင်း ဆွေးနွေးနေကြစဉ် အနားသို့ သားရောက်လာသည်။

"ပါပါး... တီတီကေသာ... တီတီကေသာ့တို့ အငယ်ဆုံးလေးရော"

"ဟမ်...ဘယ်သူ... So sweet လား"

"အင်းလေ ဘယ်သူရှိရမှာလဲ"

"အဟားဟား"

သားက သူ့ဖေဖေကို တီတီကေသာတို့ အငယ်ဆုံးလေးဟု ပြောလိုက်သဖြင့် ငြိမ်းသဘောကျစွာ ရယ်လိုက်မိသည်။ ဒီလိုပြောပုံအရဆိုရင်တော့ သားအဖနှစ်ယောက် စိတ်ကောက်ကြပြန်ပြီထင်သည်။
တစ်ခါတစ်လေ So sweet က သားကို စိတ်ဆိုးသွားလျှင် သားက ပါပါးကလေးလေးက ဝမ်းဖိုးကို စိတ်ကောက်သွားပြန်ပြီဟု ပြောတတ်သည်။

"ဝမ်းဖိုးရယ် အားနေ မင်းအဖေကိုပဲ လိုက်စနေတာ မမောဘူးလား... အခုရော ဘာဖြစ်ကြပြန်ပြီတုန်း တီတီ့ကိုပြောဦး"

"ဒီတစ်ခါ ဝမ်းဖိုးချော့ရမှာ တီတီတို့ အငယ်ဆုံးလေးကို"

"သားက ဖေဖေ့ကိုဘာသွားစပြန်ပြီလဲ"

"ခုနက ဝမ်းဖိုးအခန်းထဲ ဖေဖေလာတော့ ဝမ်းဖိုးက ဖေဖေ့ကို စချင်လို့ ကိုကိုနဲ့ပုံ စားပွဲပေါ်တင်ထားတာ"

"လုပ်ပြန်ပြီ... ဝမ်းဖိုးကတော့ မင်းအဖေက မကြိုက်ပါဘူးဆိုတာကိုပဲ သွားသွားစနေတော့တာပဲ... အဲ့ဒါနဲ့ ခါတိုင်းလို မျက်မှောင်ကြီးကျုံ့ပြီး အံဆွဲထဲ ပြန်ပစ်ထည့်သွားတယ်မဟုတ်လား"

"ဟိုလေ... ဒီတစ်ခါ ဝမ်းဖိုးက ဖေဖေ့လက်ထဲက ပြန်လုပြီး ကိုကို့ပုံကို kiss ပေးလိုက်တာ"

"ဟယ်... ဝမ်ဖိုးရယ်... drama king ကို သွားလုပ်ပြန်ပြီ"

"သားကလည်း"

ငြိမ်းက သားကိုဆွဲပြီး ပေါင်ပေါ်မှာထိုင်ခိုင်းတော့ ငြိမ်းကိုသိုင်းဖက်လာသည်။

"သား ဖေဖေက သားနိုင်ငံခြားသွားရခါနီးလို့ ဝမ်းနည်းနေတာကို သားက ဘာလို့ အဲ့လိုစရတာလဲကွာ"

"ဝမ်းဖိုးက ဖေဖေ အူတိုနေတာကို ချစ်လို့ ပိုစချင်မိသွားတာ...ဝမ်းဖိုး ပြန်ချော့မလို့ဟာကို ဖေဖေကထွက်သွားတယ်"

ငြိမ်းပြောလိုက်မှ သားကစဉ်းစားမိဟန်နှင့် ဝမ်းနည်းသွားပြီး ငြိမ်းရဲ့ ပုခုံးပေါ်မှာ ခေါင်းမှောက်လာတော့သည်။

"ကဲ ဖြစ်ကြပြန်ပြီ... အဲ့ဒီသားအဖနှစ်ယောက်ဟာလေ"

ငြိမ်းက သားကိုချော့ဖို့ပြင်နေဆဲမှာပဲ ငြိမ်းတို့နားသို့ အဖေကြီးရောက်လာသည်။

"ဖေဖေကြီး ကလေးလေး"

သူအဘိုးအသံကြားတော့ သားက မော့ကြည့်သည်။

"လာ ဖေဖေကြီးတို့ ဝမ်းဖိုးရဲ့ ဖေဖေ ကိုတူတူသွားလိုက်ရှာကြမယ်"

"ဟုတ် ဖေဖေကြီး"

မြေးအဘိုးနှစ်ယောက် လက်ဆွဲပြီး ခြံပြင်ထွက်သွားကြတော့မှ ငြိမ်းနှင့် ကေသာက ပြုံးမိကြသည်။ ဒီဇာတ်လမ်းမှာလဲ အဖေကြီးပါမှ ဖြစ်ပေဦးမည် မဟုတ်လား"

............................................................................

"ဖေဖေကြီး... ဖေဖေဘယ်သွားမှန်း ဖေဖေကြီးသိလို့လားဟင်"

အဖေကြီးက ပြုံးလိုက်သည်။ အဖေကြီး၏လက်ကိုဆွဲပြီး လမ်းလျှောက်နေသော လူပျိုပေါက်ကလေး၏ အရပ်က အဖေကြီး၏ ပုခုံးကိုပင်ကျော်နေပြီ သို့သော်လည်း အဖေကြီးစိတ်ထဲတွင်တော့ ၅ နှစ်သားလေးကို လက်ဆွဲထားရသည်ဟု ထင်မိနေဆဲပင်။

"ဖေဖေကြီးလဲ မသိဘူးလေကွာ... ဒီရပ်ကွက်ထဲပဲ ပတ်ရှာကြည့်ရမှာပေါ့"

"ဖေဖေကြီး... အဲ့ဒါဆိုရင်လေ ဝမ်းဖိုးတို့ ဟိုဘက်လမ်းထိပ်ခဏသွားရအောင်လေ ဝမ်းဖိုး ဖေဖေ့အတွက် အာတာပူစီဝယ်ချင်လို့"

"ရောင်းတဲ့ အသည် ရှိလို့လားကွ"

"ဒီချိန်ဆို စက်ဘီးတွန်းလှည်းနဲ့ လာရောင်းတဲ့ အသည် ရှိတယ် ဖေဖေကြီးရဲ့"

"အိုကေဗျာ...လာ သွားမယ်"

မြေးအဖိုးနှစ်ယောက် လမ်းထိပ်တွင် အာတာပူစီသည်လိုက်ရှာကြရသည်။

"ဖေဖေကြီး ဟိုးမှာ ဟိုးမှာ"

ဝမ်းဖိုးက အာတာပူစီသည်ကို မြင်တော့ လက်ခုပ်လှမ်းတီးသည်။ ဈေးသည်က တစ်ချက်လေးမှပင် လှည့်မကြည့်ဘဲ သူ့တွန်းလှည်းကို အားသွန်ခွန်စိုက်နင်းနေလိုက်တာမှ ပြိုင်ပွဲဝင်နေသည်ပင် ထင်ရတော့သည်။ အဖေကြီးတို့ ရန်ကုန်ကဈေးသည်တွေရဲ့ ထုံးစံက အသံသာကြားလိုက်ရပြီး လူကဒုံးကျည်ထက် ပိုသည့်အမြန်နှုန်းနှင့် ပျောက်ပျောက်သွားတတ်ခြင်းပင်။ မနက်စောစော ပဲပြုတ်ဝယ်ချင်လျှင်ပင် နောက်လမ်းမှ အသံကြားသည်နှင့် ခြံရှေ့ကြိုထွက်ပြီး စောင့်ဖမ်းကြရသည်သာ။ မောင်မောင်ဆို တစ်ခါတစ်လေ ပဲပြုတ်သည် လိုက်ဖမ်းဖို့ အပြေးလေ့ကျင့်သည့် အားကစားဝတ်စုံပြည့်နှင့် စောင့်နေတတ်သဖြင့် အဖေကြီးတို့မှာ ရယ်ကြရသေးသည်။

ထိုအချိန်၌ အနောက်မှစက်ဘီးတစ်စီး ရောက်လာပြီး အဖေကြီးတို့ကို နှုတ်ဆက်သည်။

"ဝမ်ဖိုး...ဟာ... အုပ်ကြီး...ကွာကာရော မပါဘူးလား"

"ဟာ ကိုကြီး ဆိုဖာ... အတော်ပဲ အတော်ပဲ...ဝမ်းဖိုးကို အာတာပူစီသည် လိုက်တားပေးပါ"

"အေးအေး"

ဆိုဖာကောင်လေးက စက်ဘီးဒုန်းစိုင်းနင်း၍လိုက်တားပေးသည်။ ဒီကောင်လေးတွေက So sweet ကနေ စပြီး ဝမ်းဖိုးအထိ ခင်ကြရှာသည်။ အရွယ်ရောက်လာပြီဖြစ်လို့ ဘောလုံးမကန်ကြတော့သော်လည်း ရံဖန်ရံခါ So sweet တို့သားအဖနှင့်အတူ လက်ဖက်ရည်ဆိုင်တော့ ထိုင်တတ်ကြသည်။

အဖေကြီးတို့က ကလေးတွေကို ဟိုလူနှင့်မပေါင်းရ ဒီလူနှင့်မပေါင်းရဟု တားမြစ်ပိတ်ပင်တာမျိုးမရှိပါ။ လူတန်းစား အလွှာပေါင်းစုံနှင့် ပေါင်းတတ်မှ လူတွေ၏စိတ်ကို ပိုနားလည်တတ်မှာမဟုတ်လား။ သို့ပေမဲ့ ထိုလူတွေဆီမှ အကျင့်စရိုက်တွေကိုတော့ မကောင်းတာပယ်၍ ကောင်းတာကိုပဲ ယူတတ်ရန်တော့ အဖေကြီးတို့က သွန်သင်ပေးတတ်ရပါမည်။

Wonderful လေးက ဉာဏ်ကောင်းပြီး စကားလည်းတတ်လွန်းကာ ရုပ်လေးကလည်း လှနေသဖြင့် ပေါင်းသင်းဆက်ဆံရေးမှာ So sweet ထက်ပိုသာသည်။ အထူးသဖြင့် အခြေခံလူတန်းစားတွေရဲ့ ဘဝနေထိုင်မှု ကွာခြားရခြင်းကို ပို၍စိတ်ဝင်တစားလည်း ရှိတတ်သည်။ အခုတောင်မှ လမ်းထိပ်ထွက်လိုက်သည်နှင့် "ဝမ်းဖိုးရေ" ဟု ဟိုမှ ဒီမှ အော်ဟစ်နှုတ်ဆက်သည်များကို ပြန်ထူးရတာ အမောပင်။

ဝမ်းဖိုးက အာတာပူစီ ၃ ခုဝယ်သည်။ ဝယ်ပြီးကာမှ မြေးအဘိုးနှစ်ယောက်လုံးမှာ ပိုက်ဆံမပါမှန်းသတိရကြသဖြင့် ဆိုဖာကောင်လေးက ဝယ်ကျွေးသွားသည်။

"ဝမ်းဖိုး ပြန်ပေးမယ်နော် ကိုကြီးဆိုဖာ"

"နေပါကွာ လက်ဖက်ရည်ဆိုင်ထိုင်တိုင်း ကွာကာက ပိုက်ဆံရှင်းနေတာကို ဒီအာတာပူစီလောက်တော့ ငါဝယ်ကျွေးနိုင်ပါတယ်ကွ"

"ကျေးဇူးပါဗျ... ဝမ်းဖိုးတို့ ကောင်းကောင်းစားပါ့မယ်"

အာတာပူစီတွေကိုင်ပြီး အဖေကြီးတို့ စွန်လွှတ်နေကျ နောက်လမ်းထဲသို့ လမ်းလျှောက်လာခဲ့ကြသည်။  လမ်းလျှောက်ရင်း အဖေကြီးက ဝမ်းဖိုးကိုစောင်းငဲ့ကြည့်တော့ နုသစ်နေသည့် မျက်နှာလှလှလေးနှင့် မီးခြစ်ဆံပင် ကောင်းကောင်းတင်နိုင်လောက်မည့် အပေါ်အောက် မျက်တောင်ရှည်ကြီးတွေကို မျက်မှန်ကြည်ကြည်လေးအောက်မှာ ကောင်းကောင်းမြင်နေရသည်။

"ငါ့မြေးက ဖေဖေကြီးတို့ မိသားစုရဲ့ လက်ရာမြောက်လွန်းလှတဲ့ creation လေးပဲ"

"ဗျာ"

"So sweet နဲ့ ငြိမ်းက ဝမ်းဖိုး ဖန်တီးယူခဲ့ကြတယ်ဆိုတာ ဝမ်းဖိုးက နားလည်တယ်မဟုတ်လား"

"ဟုတ် ဖေဖေကြီး... ဝမ်းဖိုးနားလည်ပါတယ်"

"ဝမ်းဖိုးရဲ့ ဖေဖေက လူကသာ သန်မာတယ်ထင်ရပေမဲ့ အတွင်းစိတ်က အရမ်းနုတယ်... ဝမ်းဖိုး ပါပါးလောက်တောင် မသန်မာဘူး... တစ်ခုခုဆို ထိခိုက်ခံစားလွယ်တယ် အထူးသဖြင့် သူချစ်တဲ့သူတွေနဲ့ ပတ်သက်ရင်ပေါ့"

"ဖွားဖွားကြီး ဆုံးတုန်းက ဖေဖေ ပါပါးကိုဖက်ပြီး အရမ်းငိုနေတာ ဝမ်းဖိုးချောင်းကြည့်ဖူးတယ် ဖေဖေကြီး"

"ဟုတ်တယ်...ဖွားဖွားကြီးကလည်း သားဖေဖေရဲ့ အသည်းလေ... ဖွားဖွားကြီးကိုတောင် ဒီလောက်ချစ်တာ သူကိုယ်တိုင်လိုလိုချင်ချင်နဲ့ တန်ဖိုးထားပြီး ဖန်တီးခဲ့တဲ့ ဝမ်းဖိုးလေးကိုဆို ဘယ်လောက်တောင်ချစ်လိုက်လိမ့်မလဲ ဝမ်းဖိုးက စဉ်းစားကြည့်ပါဦး"

"ဖေဖေက ဝမ်းဖိုးကို ချစ်တာ ဝမ်းဖိုးသိပါတယ် ဖေဖေကြီး"

"ဝမ်းဖိုးလေး ငယ်ငယ်က ညဘက်ကကြီး အဖျားတွေတက်တော့ ဆေးရုံကိုကားမောင်းပြေးကြတာ သားရဲ့ဖေဖေရော ပါပါးရော နှစ်ယောက်စလုံး တစ်ယောက်မှ ဖိနပ်မပါကြဘူး"

"အရမ်းချစ်ပြီး တန်ဖိုးထားလွန်းတဲ့အခါ ချုပ်ချယ်သလိုမျိုးဖြစ်တတ်တာမို့ ဝမ်းဖိုးက ဝမ်းဖိုးရဲ့ ဖေဖေတို့ကို ကြိုးစားပြီး နားလည်ပေးတတ်ရမယ်နော်"

"ဟုတ်ကဲ့ ဖေဖေကြီး"

"ပြီးတော့ တစ်ခါတစ်လေ စိတ်လိုက်မန်ပါ ပြောမိတတ်တာမျိုးတွေရှိခဲ့ရင်လည်း ဝမ်းဖိုးက စိတ်မဆိုးဘဲ ဖေဖေ ဘာကြောင့် ဒီလိုပြောသလဲ ဆိုတဲ့ အကြောင်းအရင်းကို အရင်စဉ်းစားတတ်ရမယ်...ပြီးရင် ဖေဖေ့နေရာမှာ ငါဆိုရင်ရော ဆိုတဲ့အတွေးမျိုးလည်း တွေးကြည့်တတ်ရမယ်"

"ဟုတ်ကဲ့ ဖေဖေကြီး"

ဝမ်းဖိုးက ဉာဏ်ကောင်းတဲ့ ကလေးမို့ အဖေကြီးက အများကြီးပြောစရာမလိုဘဲ တစ်ခုခုဆုံးမလျှင် ချက်ချင်းနားလည်သဘောပေါက်လွယ်ပြီး catch up လုပ်တာ အရမ်းမြန်သည်။

စွန်လွှတ်သည့် ကွင်းပြင်ရောက်တော့ ထင်ထားသည့်အတိုင်း အုတ်ခုံပေါ်ထိုင်ရင်း စီးကရက်ခဲကာ တိမ်တွေကို ငေးကြည့်နေသော So sweet ကိုတွေ့ရသည်။ အဖေကြီးနှင့် ဝမ်းဖိုးကိုမြင်တော့ လက်ထဲမှ စီးကရက်ကို ခပ်မြန်မြန်ပဲ မီးငြိမ်းပစ်လိုက်သည်။ So sweet က ကလေးတွေရှေ့မှာ ဘယ်တော့မှ ဆေးလိပ်မသောက်တတ်ပေ။

"ဖေဖေ ဝမ်းဖိုး ဖေဖေ့အတွက် တိမ်တွေဝယ်လာတယ်"

So sweet က ပြုံးသွားသည်။ ဝမ်းဖိုးက အဖေကြီးကိုတစ်ခု So sweet ကိုတစ်ခုစီ ဝေပေးပြီး မြေးအဘိုးနှစ်ယောက် So sweet ၏ တစ်ဖက်စီတွင် ဝင်ထိုင်လိုက်ကြသည်။

"အိမ်မှာ ဝမ်ဖိုးက ငါ့သားကို ဘယ်လိုမေးပြီး လိုက်ရှာနေလဲ သိလား"

"ဗျာ"

"တီတီကေသာတို့ အငယ်ဆုံးလေးတဲ့"

"အဟားဟား"

So sweet က ဝမ်းဖိုးခေါင်းကို အသည်းယားဟန်နှင့် ကိုင်လှုပ်ပြီး ပုခုံးတွေကိုဖက်ထားလိုက်သည်။

"ဒီနေ့တိမ်တွေများတယ်နော် အဖေကြီး"

"အင်း... ငါ့သား ငေးကြည့်နေကျ တိမ်တွေလိုပေါ့... တစ်ချို့မြတ်နိုးမှုတွေက ဒီနေရာမှာပဲ ဒီပုံစံနဲ့ရှိနေရမယ်လို့ ထိန်းချုပ်ထားလို့မရဘူးလေ... သူတို့စိတ်ကြိုက် ဘဝရဲ့လေနှင်ရာကို ပုံစံပြောင်းပြီး လွင့်မျောကြမှာပဲကွ... ငါ့သားက ဒါကို ကောင်းကောင်းသဘောပေါက်ထားဖို့လိုတယ်"

"ဟုတ်ကဲ့ အဖေကြီး"

အဖေကြီးကလည်း So sweet ခေါင်းကို ကိုင်လှုပ်လိုက်ပြီး ပုခုံးတွေကို ဖက်ထားလိုက်သည်။ ပါးစပ်ထဲရောက်လာသည့် အာတာပူစီရဲ့ အရသာလို တိမ်တွေဟာ ချိုမြတတ်ပါသလား အဖေကြီး သေချာမသိပေ။ သို့သော် ဘေးမှ ရင်နှစ်သည်းချာ နှစ်ယောက်၏ မေတ္တာတွေကတော့ ချိုမြနေကြမည်မှာ အမှန်ပင်ဖြစ်၏။

လမ်းဘေးအုတ်ခုံမှာ ထိုင်ပြီး အာတာပူစီတစ်ယောက်တစ်ခုစီကိုင်၍ တစ်ယောက်ပုခုံး တစ်ယောက်ဖက်ထားကြသော မြေးအဘိုး သားအဖ သုံးယောက်၏ ကျောပြင်ကိုကြည့်ပြီး လမ်းသွားလမ်းလာတွေက ပြုံးရယ်သွားကြသည်။ မေတ္တာဓာတ်တွေဟာ ကူးစက်ခံရသူအဖို့လည်း အေးချမ်းစွာကြည်နူးရတတ်သည် မဟုတ်ပါလား။

.............................................................................

<3 DiDi Zaw
(27/02/2023)

ဒီနေ့ အပိုင်းလေးက ပေါက်ပေါက်ကို နှုတ်ဆက်ရလို့ နည်းနည်း Emo ဖြစ်ကြရမယ်ထင်ပါတယ် 🥺
နောက်တစ်ပိုင်းက စပြီး ကိုကိုပြန်လာတော့မယ်နော်

DiDi fundraising အတွက် Volunteer လုပ်ပေးနေရတဲ့ Project လေးတွေရှိလို့ ၂ ရက်ခြား တစ်ခါမှ up ပေးမယ်နော်

واصل القراءة

ستعجبك أيضاً

583K 73.9K 104
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
37K 3K 45
မိကျောင်းတစ်ကောင်ဟာ....ဘယ်တော့မှ မျက်ရည်မကျဘူး...။ တကယ်လို့ သူကမျက်ရည်ကျတယ် ဆိုရင်တော့.. အဲ့တာဟာ..ဟန်ဆောင်မျက်ရည်ပဲ ဖြစ်လိမ့်မယ်...။ မိကျောင်းတစ်ကောင...
265K 13.8K 82
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...