လက်ဆေးဘေစင်ငယ်မှာ ရေတွေဖွင့်ချထားရင်း အချိန် ဘယ်လောက်ကြာကြာ ငိုင်နေမိခဲ့လဲ Luhan မသိပါ။ သို့သော် သူ့ နောက်ကျော ကို ခပ်နွေးနွေး အထိအတွေ့တစ်ခုက လာရောက် ပွေ့ဖက်အုပ်စိုးလိုက်သောအခါ တွင်မူ သူသည်အံ့သြစွာ၊ ထိတ်လန့် စွာ၊ထို့ထက်မူကား ရင်ခုန်စွာဖြင့် မျောလွင့်သွားရတော့သည်။
နေရောင်ခြည်၏အလင်းရောင်ကိုပင် ဝင်ခွင့်မပေးနိုင်ခဲ့တော့သော သူ၏အထီးကျန် ကမ္ဘာငယ်ထဲသို့ လေပြည် ငယ်သည် ထိုကဲ့သို့သော နူးညံ့မှုများနဲ့အတူ ပိုင်စိုးပိုင်နင်းစွာ ဝင်ရောက်စီးနင်းခဲ့ပါသည်။
--------------------------------------------------------------------------------------------------
နောက်ကျောဖက်ဆီမှ ဝင်သက်နွေးနွေးတို့က သူ့ပုခုံးပေါ် ကျရောက်နေသည်။ သူမလှုပ်မယှက်ငြိမ်နေခဲ့တာ မဟုတ်ပါ။ နာမ်တရားသည် သူ့ခန္ဓာကိုယ်ဆီမှကင်းကွာစွာ တုန်လှုပ် လှိုက်မော နေရသည်မို့။ ရေတွေက တသွင်သွင်စီးမြဲ။ သူ့လက်က ဒဏ်ရာလေးပင် သွေးတိတ်ရှာပြီ။ သို့သော် သူ့ပုခုံးထက်မှာ မေးတင်ရင်း မှီနား နေသူ ကောင်ကလေးကား ဝင်သက်ထွက်သက် ပြင်းပြင်းရှူရုံမှလွဲကာ တိတ်ဆိတ်ငြိမ်သက်မြဲ။ တွေ့ထိမှု တွေနဲ့ သူကင်းကွာခဲ့တာ နှစ်နဲ့ချီခဲ့ပါပြီ။အလုပ်လုပ်ပေးသည့် တေးရေး ဆရာတွေကိုတောင် လက်ဆွဲနှုတ်ဆက် ဖို့ငြင်းဆန်ခဲ့သော သူ သည် ယခုတော့ ခင်မင်တာရက်ပိုင်းလောက်မျှသာ ရှိသေးသော၊ သူ့ထက်ငယ်သော ယောက်ျားလေးတစ်ယောက်၏ ပွေ့ဖက်မှုမှာ မိန်းမောလျက်နေသည်။ သူ ဒီလိုအမှားမျိုးထပ်မှားသင့်ပါရဲ့ လား။
ထိုအသိကသူ့နာမ်တရားကို အမိန့်ပေးလျက် ပြန်ဝင်စေသည်။ ထို့နောက် သူ့လက်တွေလှုပ်ရှားလို့ရသွားပါပြီ။ မိန်းမော တွေဝေ မှုတွေအတွင်းမှာ တသွင်သွင်စီးကျနေသော ရေပိုက်ခေါင်းကို သူလှမ်းပိတ်လိုက်သည်။ ရေတချို့ကသူ့ လက်ပေါ် ဖြတ်သန်း စီးဆင်းကာ ဘေစင်ဝထဲသို့ ခုန်ချသွားကြသည်။ ဘူးခွံတွေကို ဘေးကို ရွှေ့လိုက်ရင်းက သူအသက်၀၀ရှူလိုက်သည်..။
"Sehun..."
သူ့ခါးနားမှလက်ဖြူဖြူတို့ကို ဆွဲဖြုတ်ဖို့လုပ်ရင်း သူခေါ်လိုက်သည်။ ရေတွေမစင်သေးတဲ့ သူ့လက်က အေးနေလို့ပဲများလား။ Sehun လက်တို့က သာမန်ထက်ပူနွေးလွန်းလှသည်။
"အင်း..."
သူ့ပုခုံးထက်ကထွက်သက်လေပူပူနှင့် အက်ကွဲနေသော Sehun အသံတို့ကိုကြားလိုက်ရတော့ သူ စိုးရိမ် ထိတ်လန့်စွာ လှည့်ကြည့် လိုက်မိသည်။ အမှီမဲ့သွားသော ကောင်လေးသည် နောက်သို့ ယိုင်မလို ဖြစ်သွား သည်။ ကောင်လေး၏မျက်နှာမှာ နေမကောင်း ဖြစ်နေသည့် အရိပ် အယောင်တို့ကို သိသာထင်ရှားစွာ မြင်နေရ သည်။ သူချက်ချင်း ထိန်းပေးလိုက်နိုင်သော်လည်း ကောင်လေးက သူ့ပေါ်မှီကျလာပါသည်။
"ဘယ်လိုဖြစ်တာလဲ Sehun မင်းရရဲ့လား"
"ကျွန်တော် ချမ်းလို့"
Sehun ရဲ့နှုတ်ခမ်းပါးတို့က ခြောက်သွေ့အက်ကွဲနေပါလား။ သူ Sehun နဖူးကိုစမ်းကြည့်လိုက်သည်။ တကယ်ပင် Sehun ဖျားနေ ပါသည်။
"မင်းတော်တော်ကိုယ်ပူနေတယ်။ အရင်ဆုံးလှဲနေလိုက်။ မင်း ဆေးသောက်မလား။ "
စကားဆက်တိုက်ပြောနေမိသော သူ့ကိုယ်သူလည်းအံ့သြမိပါသည် ။ သို့သော် သူ ကောင်လေးကို စိတ်ပူနေမိသည်မလား။
"အင် Hyung ကျွန်တော့်ကို ဒီလိုလေးခဏလောက်နေလို့ရလား ဒီလိုကပိုနွေးတယ်"
Sehun ၏လက်တွေက ဒီတခါတော့သူ့တစ်ကိုယ်လုံးကို တင်းကြပ် စွာရစ်ပတ်လေတော့သည်။ သူ့ပုခုံး ပေါ် ခေါင်းတင်ထားသော ဖျား နေသည့် ကောင်လေးကို သူကြည့်ရင်း ဆွံ့အနေမိသည်။ သူ့မှာ ငြင်းပယ်နိုင်စရာ ခွန်အားမရှိပါ။ ထို့ထက်မူကား သူကိုယ်တိုင်က ဒီပွေ့ဖက်မှုပေါ်သာယာနေခဲ့တာ ပြတင်းခန်းဆီးကို စေ့ထား သည့် ကြားက နေရောင်ခြည်သည်ရသည့်နေရာလေးမှ သူ့အခန်းလေး ထဲသို့ အလုအယက် ဖြာကျနေသည်။ Luhan သည် သူ့ကို ပွေ့ဖက် ထားသော ကောင်လေးကိုကြည့်ရင်း သက်ပြင်း တစ်ချက်ချကာ ထိုကောင်လေး ၏ကျောပြင် ကိုနွေးထွေးစွာ ပြန်လည် ပိုက်ထွေး ထားမိပါတော့သည်။
--------------------------------------------------------------------------------------------------
လူတို့၏ဘဝတွင် ထူးခြားသောအခိုက်အတန့်များရှိတတ်သည် ဟု ဆိုကြသည်။ ထိုအခိုက်အတန့်များ မည်သို့မည်ပုံ ရောက်ရှိလာနိုင် သနည်း ဟု HuangZi Tao မကြာခဏတွေးဖူးသည်။ ကာတွန်းကား တွေ ထဲကလို ရွှေဝါရောင်တောက်ပြီး ရောက်လာ မလား။ ဒါမှ မဟုတ် သူဘယ်တုန်းကမှမကြည့်ခဲ့သော၊ ကြည့်လိမ့် မည်လည်း မဟုတ်သောသရဲကားထဲကလို မှောင်မည်းမည်းမှာ ဒရမ်သံကြီးနှင့် ရောက်လာမည်လား။ သူဘယ်လိုမှစဉ်းစားမရခဲ့။
သို့သော် တကယ်တမ်းဆိုက်ရောက်တော့လည်း သူလုံးဝ မထင်မှတ် ထားသောနည်းဖြင့် ရောက်လာခဲ့သည် သာ။ ထိုနေ့ကဖြင့် Huang Zi Tao သည် သူ့ဘိုးဘိုး၏ကိုယ်ရံတော်များ လက်မှ ထွက်ပြေး လွတ်မြောက် ချင် စိတ်သာရှိခဲ့သည်။ သို့သော် သူသည် နောက်ထပ် ပိုက်ကွန်တစ်ခု အတွင်းသို့တိုးဝင်မိတော့မည်မှန်းမသိခဲ့ချေ။ ထောင့်ချိုးကွေ့မှ အတင်းပြေးထွက်လာသောသူသည် တစ်စုံ တစ်ယောက်ကို အရှိန်ပြင်းစွာတိုက်မိရင်း လုံးထွေး လဲကျသွားခဲ့ရ သည်။ အရှိန်ပြင်းစွာဖြင့် နံရံကိုဆောင့်မိသွားသံကို သူကြားရသော်လည်း နာကျင်မှု ကသူ့ထံတွင်မရှိကြောင်း သူသတိထားမိသော အခါ ထိတ်လန့်သွားရသည်။
"ဟာ" "သခင်လေး...မန်နေဂျာ Wu"
မူးနောက်ရီဝေသော ခေါင်းအစုံဖြင့် သူလူးလဲထလိုက်တော့မှ သူ့ အောက်မှာ လူတစ်ယောက်ရှိနေမှန်း သိရတော့သည်။
"ဟာ ခင်ဗျားရရဲ့လား"
တရုတ်လိုယောင်ယမ်း မေးလိုက်မိခြင်းဖြစ်သော်လည်း ထိုလူက "ရတယ်" ဟုသာ တရုတ်လိုပြန်ဖြေရင်း ထ လာသည်။ ထိုလူကို သူတွဲထူပေးလိုက်သည်။ အို။ သူ့ထက်တောင် အရပ်မြင့်သေး။ ထိုလူဝတ်စားထားပုံကို လည်းသူငေးမောမိသွားသည်။ သူ့အရပ် သူ့ဘော်ဒီ သူ့ရုပ်ရည်ဖြင့်လိုက်ဖက်လှသည်။
"မင်းဘာဖြစ်လို့လျှောက်ပြေးနေတာလဲ"
သူ့အသံခပ်သြသြကြောင့် Taoတစ်ယောက်ကြောင်ကြည့် နေရာမှ သတိဝင်လာသည်။ သူ့အပေါ်ကို သြဇာ လွှမ်းလိုသည့် အသံနှင့် ပြော နေတာပါလား။
"ခင်ဗျားက တရုတ်စကားပြောတတ်တယ်ပေါ့"
"သခင်လေး အဲ့ဒါ မန်နေဂျာ Wu ပါ"
ဘေးနားကကိုယ်ရံတော်က ခပ်တိုးတိုးလာပြောတော့မှ Tao လန့်သွားမိသည်။ Wu ကတော့ သူ့အင်္ကျီလက်မှာ ကပ်နေသည့် ဖုန်အနည်းငယ်ကိုခါချလိုက်ရင်း
"မင်းဥက္ကဌကြီးရဲ့မြေးဖြစ်နေရင်တောင်မှ ဒီ ဟိုတယ်ဝန်းထဲမှာ လျှောက်ပြေးနေဖို့ မသင့်ဘူးဆိုတာ မင်းသိသင့် တယ်။ မင်းအရွယ်က ကလေးဆန်နေရမဲ့အရွယ်လည်း မဟုတ်တော့ဘူး"
ဘာလဲ။ စကားသံတွေကဘာဖြစ်လို့ မာမာထန်ထန် ဖြစ်နေရ တာလဲ။ ဥက္ကဌကြီးမြေး ဆိုတာသိရက်နဲ့ တောင်မှ။
"နေဦး။ ကျွန်တော် လျှောက်ပြေးနေတာမဟုတ်ဘူး။ ဒါက မတော်တဆတိုက်မိသွားတာပဲ"
"ငါမဟုတ်တဲ့တခြားသူတစ်ယောက် ဧည့်သည်အမျိုးသမီး တစ်ယောက်ကိုတိုက်မိသွားတယ်ဆိုရင်ကော"
"အခုတိုက်မိတာကခင်ဗျားကိုလေ ကျွန်တော်လည်း တောင်းပန်ဖို့ အသင့်ရှိပါတယ် ဒါပေမဲ့ ဘယ်က ဧည့်သည် အမျိုးသမီးကပါ လာရ တာလဲ"
"ဖြစ်ခဲ့ရင်လို့ပြောနေတာ။ Huang Zi Tao"
သူ့နာမည်ကိုပါသိနေတဲ့အဲဒီ မန်နေဂျာဆိုသူလူကိုသူ မသင်္ကာချင် တော့။
"ကျွန်တော့်ကို Huang Zi Taoမှန်းဘယ်လိုသိသလဲ"
"ဥက္ကဌကြီးကိုမေးကြည့်လိုက်ပေါ့။ မင်းရဲ့အပြုအမူတွေကို ပိုပြီး ထိန်းသိမ်းပေးဖို့မျှော်လင့်ပါတယ်"
အောက်မှာကျနေသည့်စာရွက်ဖိုင်ကို ကောက်ယူရင်း ထိုလူက သူ့ဘေးကနေ ထွက်ခွာသွားသည်။ သူကသာ ခံရခက်စွာ ကျန်ခဲ့ရ တာမတရား ဟုသူထင်သည်။
"ဟေ့လူ နေဦး"
Wu ၏ခြေလှမ်းတွေရပ်သွားပြီး သူ့ဆီပြန်လျှောက်လာသည်။ သူကျေနပ်သွားမိသော်လည်း ထိုအပျော်သည် စက္ကန့်ပိုင်းသာခံ သည်။ Wu ကသူ့အနီးထိတိုးကပ်လာပြီး သူ့အင်္ကျီ မှ တစ်စုံတစ်ခု ကိုဆတ်ခနဲ ဆွဲယူလိုက် ချိန်မှာတော့ သူလန့်ထိတ်သွားမိရသည်။
"ဘာ..ဘာလုပ်.."
Wu ၏လက်ထဲမှာ ဖဲပြားသးသေးလေးတစ်ခု။ သူနှင့်တိုက်မိ တုန်းက ကပ်ပါသွားတာဖြစ်ရမည်။
"ဒါလေးလာပြန်ယူတာ"
Wu ကထိုဖဲပြားကိုဂရုတစိုက် shirt မှာကပ်ရင်းထွက်သွားသည်။ ဘာဖဲပြား မို့လို့လဲ။ အဖွဲ့အစည်းတစ်ခုခုက ဟာလိုမျိုး အရေးမပါတဲ့ အဝတ်ဖဲပြားကို။
"နေဦး"
Wu ကသူ့ကိုလှည့်ပင်မကြည့်ပါ။ တံခါးခေါက်ပြီး ဘိုးဘိုးအခန်း ထဲ ဝင်သွားချေပြီ။ သူ့ကိုပညာပြသွားသည့် မန်နေဂျာကို သူလည်း ပြန် ပညာပြချင်စိတ်တွေဖြစ်လာသည်။ သူ့ဘဝ၏ ထူးခြားသော အဖြစ်အပျက်များ သည် ထိုသို့ရိုးရှင်းစွာပင်အစပြုခဲ့သည်။
--------------------------------------------------------------------------------------------------
"JongIn မမ ကိုဒီပစ္စည်းလေးလာသယ်ပေးပါဦး"
"လာပြီ မမ"
"ဘာဖြစ်လို့ဖုန်းတောက်လျှောက်ကြည့်နေတာလဲ တစ်ခုခု ရှိလို့လား"
"ဟာ မဟုတ်ပါဘူး"
ပြောသာပြောလိုက်ရသည်။ မနေ့ညကကောဒီမနက်ကော Oh Sehun ဖုန်းမကိုင်။ ဒီနေ့နေ့လည် ကျောင်း Club Activity တစ်ခု အတွက် ချိန်းထားတာနေရာပြောင်းသည့်ကိစ္စ သူဖုန်းဆက် ပြောရ မည်ဖြစ်သည်။
"Sehun မင်းဘယ်မှာလဲ" Message ပို့လိုက်သည်က ညကထဲက ဖြစ်သော်လည်း reply မလာ။ မမ ကို ပစ္စည်း ကူသယ်ပေးရင်းက ဖုန်းကိုချခဲ့လိုက်သည်။ သေချာတာကတော့ Oh Sehun သည် သူနှင့်တဖြည်းဖြည်း စိမ်းသက်လာခဲ့ပြီဖြစ်သည်။
--------------------------------------------------------------------------------------------------"သခင်လေး ကျွန်တော်တစ်ခုတော့ပြောပါရစေ"
ဖြူ ရော်နွမ်းလျနေသည့်ကြားမှစာရွက်တွေကိုကြည့်နေသည့်သူကသူ့အိမ်တော်ထိန်းကိုမော့ကြည့်လိုက်သည်..
"ပြောပါ ဦးလေး"
"သခင်လေး ကျန်းမာရေးကအခုပိုပိုဆိုးလာပြီ။ သခင်လေး တစ်လလောက်အနားမယူသင့်ဘူးလား"
"ကျွန်တော်အနားယူတော့ဘယ်သူက ဦးဆောင်မှာလဲ။ ဦးလေးရယ် ကျွန်တော်ရပါတယ်"
"သခင်လေး ဆိုးလ် ကိုမပြန်တာလည်းကြာလှပြီ။ ဆိုးလ် မှာ ဆို သခင်လေးပျော်တာ ကျွန်တော်သိပါတယ်။ ခဏလောက် ပြန် အနားယူလိုက်ပါလား"
သခင်လေးဆိုသူကခေါင်းခါပြတော့ အိမ်တော်ထိန်းကြီးမှာလည်း မပြောသာတော့။ သူ့သခင်လေး ခေါင်းမာ တာသူသိသည်။ သူသည် အလိုက်တသိဖြင့် သခင်လေးဘေးမှရှောင်ထွက်လာခဲ့သည်။ အပြင် ဖက်မှ မှန်တံခါး မှကြည့်လိုက်လျင်ဖြင့် သခင်လေးသည် ဓာတ်ပုံ တစ်ပုံကို မြတ်မြတ်နိုးနိုးရင်မှာအပ်ထားကာ မျက်ရည် ကျ နေတာ သူတွေ့ရသည်။ သခင်လေး၏ရင်ထဲမှဝေဒနာကို ဤအဘိုးအိုကြီး သည် ကောင်းကောင်း နားလည်၏။ သခင်လေးသည် ပြဇာတ်ကရင်း သခင်လေး၏နှလုံးသားအရင်းအမြစ်ကလေးနှင့် ပျော်ရွှင်ကြည်နူး ရင်းသာ နေလိုသောသူ။ ကံကြမ္မာ၏အလှည့်အပြောင်းမှာ လုပ်ငန်း စုတစ်ခုလုံး၏ CEOဖြစ်လာသော သခင်လေးရင်ထဲ နေဆယ်စင်းလို ပူပြင်းနေမှာလည်း သူကအသိဆုံး။ ထို့ထက်ကား သခင်လေးသည် ဟန်ဆောင်၍နေမှန်း သူသိနေရသည်။
"သြော် ဝဋ်ကြွေးကြီးလိုက်တာ သခင်လေး Yixing ရယ်"
--------------------------------------------------------------------------------------------------
နေရောင်ခြည်သည် ရသမျှ ကွက်ကြားလပ်ကလေးထဲကနေ အခန်းကျဉ်း လေးထဲသို့တိုးဝင်ဆဲ...။
နေရောင်ခြည်သည် ဒီတခါတော့ ကုတင်ပေါ်က Sehun ၏ နဖူး ပေါ်သို့ တိုက်ရိုက်ကျရောက်လာသည်။ သူ့ ရှေ့မှ ကွေးကွေးလေး လှဲနေသော Luhan သည် Sehun ကိုနေမထိုးအောင် တစ်ခုခု လုပ်ပေးဖို့ ကြိုးစားလို သည်။ သို့သော် ထူးဆန်းသည်မှာ သူသည် နေရောင်ခြည်ဖြာကျနေသော OhSehun ၏မျက်နှာကို ကြည့်လို့ မဝ ဖြစ်နေခြင်းပင်။ နေရောင်အလင်းတန်းလေးဖြင့် လင်းလက် တောက်ပနေသောSehun မျက်နှာကို သူ အသာထိချင်လာသည်။ ထိတွေ့ခြင်းလောက်သည်အပြစ်မဖြစ်သာ။ သူသည် Sehun၏ နဖူးကို လက်နှင့် သာသာလေးထိကြည့်လိုက်သည်။ ဖျားနေသည်မှ သက်သာအောင် ဆေးတိုက်ထားသည့်တိုင်အောင် နဖူးပြင် တို့သည် နွေးနေဆဲ။ ထို့ထက်ပို၍ကား နေရောင်ကြောင့် အနွေးဓာတ်တို့ ရှိ နေခြင်းလော...။ အို။ ပါးမှာ အမာရွတ်ကလေး။ သူနဲ့စခင်တဲ့ညက ရန်ဖြစ်ရင်းရတဲ့ဒဏ်ရာများလား။ ချောမွေ့နုနယ်တဲ့မျက်နှာ ကလေး မှာ အမာရွတ်လေးရှိနေတာတော့ သူစိတ်မကောင်း။ သို့သော် ဘုရားသခင်သည် ဒီကောင်လေးအပေါ် သိသိသာသာ မျက်နှာသာပေးခဲ့ပုံရသည်။ အမာရွတ်ကလေး၏တည်ရှိမှုကပင် Oh Sehun ကိုပို၍ခန့်ညား စေတာပဲ။ မေးချွန်ချွန်ကလေး။ သူ့လက် တို့က ထိုမေးချွန်ချွန်ကလေးကိုသာသာလေး စမ်းကြည့် မိသည်။ အို အားကျချင်စရာ။ ဒီကောင်လေး ဘာဖြစ်လို့ဒီလောက်ပြည့်စုံရသလဲ။
ထိုစဉ် ပြဇာတ်ပုံရိပ်တို့ နှင့်အတူ တစ်စုံတစ်ယောက်၏ စကားသံတို့က သူ့နားထဲပြန်လည် ကြားယောင် လာသည်။
"ဟောဒီကမ္ဘာလောကမှာ အလှဆုံးလူသားက မင်းကလွဲပြီး ရှိဦးမလား အချစ်ရဲ့"
သူလက်ကိုချက်ချင်းရုတ်လိုက်မိသည်။ သူရုတ်တရက်မို့ အားကို မထိန်းနိုင်လိုက်။ Sehun ၏မျက်နှာကို ထိမိကာ Sehun မျက်ခွံ လေးတွေ လှုပ်ခတ်လာတာသူ မြင်လိုက်ရသည်။ Sehun ကို ဖက်ထားသည့် လက်တစ်ဖက်ကိုပါရုတ်လိုက်ရင်း သူလှိမ့်အချမှာ ကုတင်ကျဉ်းလေးပေါ်က သူပြုတ်ကျသွားခဲ့ပြီ။
"အ"
သူကုန်းရုန်းထလိုက်သော်လည်း မမှီတော့ပါ။ OhSehun နိုးထ နှင့်ပြီးဖြစ်သည်။
"Hyung ဘာဖြစ်တာလဲ"
Luhan သည်ပြုတ်ကျသည့် နာကျင်မှုအားဂရုမထားအား။
"ဘာ ဘာမှမဖြစ်ပါဘူး နိုး...နိုးပြီလား သက်သာရဲ့လား"
"အင်း ကျွန်တော်ဘာဖြစ်လို့လဲ"
ကြည့်ရတာ OhSehun သည်မှတ်မိပုံမပေါ်။ သူသာဖျားနေရင်းက Luhanကိုတောက်လျှောက် ဖက်ထားတာ သိလျင်၊ အိပ်ရာထဲ အိပ် စေသောအခါ အတင်းဆွဲဖက်ထားတာသိလျင်၊ နာရီ လက်တံတို လေး ၄ ခါလည်သည် အထိ နီးကပ်စွာ တည်ရှိခဲ့တာ သိလျင်၊ Luhan သက်ပြင်းခိုးချမိသွားသည်။ သူမမှတ်မိတာပဲ ကောင်းပါ သည် လေ။
Sehun သည်ကုတင်ပေါ်မှထထိုင်ရင်း သူ့ကိုယ်သူစူးစမ်း နေသည်။ တစ်ဖန်Luhan အိပ်သွားသည့် သူ့ဘေးက နေရာကို ကြည့်နေသည်။ ထို့နောက်ကား Luhan ကို အကြာကြီးစိုက်ကြည့်နေပြန်သည်။ Oh Sehun ၏အကြည့်တို့သည်ထူးဆန်းနေသည်။ ဤသည်ကို Luhan သတိပြုမိကာ မနေတတ်အောင်ဖြစ်နေရသည်။
"S...Se..Hun... တစ်ခုခုစားမလား။ မင်းမနက်ကလည်း ဘာမှ မစားရသေးဘူး"
အခြေအနေကိုထိန်းသိမ်းဖို့ သူအတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ သို့သော် OhSehun သည်သူ့ကိုစိုက်ကြည့် လျက်က မျက်နှာလွှဲ သွားရင်း ကုတင်ပေါ်မှထရပ်လိုက်သည်။
"ကျွန်တော်သွားတော့မယ်"
"ဟင်"
Sehun သည်ဘာမှပြန်မပြောပဲ ရေချိုးခန်းထဲဝင်သွားသည်။ ရေကျသံ၊ မျက်နှာသစ်သံ တို့သူကြားနေရသည်။ ခဏအကြာ ရေရွှဲရွှဲစိုသောမျက်နှာနဲ့ ပြန်ထွက်လာသည်။ ရေစက်တွေတင်နေ သည့် အဲဒီ မျက်နှာချောချောက ပိုလို့တောင် ကြည့်ကောင်းနေ ပါလား။
Sehun သည်ရေတွေတင်နေသော မျက်နှာကို တချက်ခါလိုက်ရင်း လွယ်အိတ်ကိုဆွဲကာ အခန်းတံခါးဆီသို့ ဦးတည်သွားသည်။နေပါဦး။ ဒါကဘာလုပ်တာလဲ။
"မင်း...သွားတော့မလို့လား"
"ကျွန်တော်သွားစရာရှိတယ်"
လှည့်မကြည့်ပဲဖိနပ်ဝတ်လျက်ပြန်ပြောသည့် Sehun ကိုကြည့်ရင်း Luhan သည် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ် လာသည်။
"မင်း .... ဘာဖြစ်တာလဲ"
"မနက်က ကျွန်တော်နည်းနည်းသတိလက်လွတ်သွားတယ်.. ဆောရီး "
ဆောရီး။ ဒါပဲလား Luhan ရုတ်တရက်မျက်ရည် တွေဝိုင်းတက်လာသည်။ ဒါဆိုရင်ခုန်မှုတွေက တစ်ဖက်သတ် ပေါ့။ အို...ဟုတ်သားပဲ တူတူအိပ်စက်ခဲ့သည့် ယောက်ျားလေးအခန်းဖော်တစ်ယောက်ကို ဆောရီး လို့ပြောတာ ဟာ သာမန်ကောင်လေးအတွက်တော့ ပုံမှန် စကားသာဖြစ်နေမှာ။ တစ်ကုတင်ထဲအိပ်ခဲ့တာကလွဲလို့ ဘာများ ဖြစ်ပျက်ခဲ့လဲ။ ယောက်ျားလေးချင်းဖက်နိုင်တာပဲ။ တစ်ယောက်ကို တစ်ယောက်ထိတွေ့မှုတွေရှိမှာပဲ။ ဒါဟာ ဆောရီး တစ်ခွန်းနဲ့ လုံလောက်မှာပေါ့။
မျက်ရည်တွေနှင့်မျက်ဝန်းအစုံတို့သည် SeHun ၏ကျောပြင်ကို ကြည့်ရင်းဝေဝါးလာသည်။
"Hyung"
Sehun သည်ဖိနပ်စီးနေရာမှပြန်ထလာကာ သူ့ရှေ့ကို ရောက်လာ ပြီး ထိုနူးညံ့သောအသံဖြင့် ခပ်တိုးတိုး ခေါ်လေသည်။
သူသည်ခေါင်းကိုငုံ့ထားလျက် မည်သို့တုံ့ပြန်ရမှန်းမသိ။
"ကျွန်တော်တကယ်သွားစရာရှိလို့ပါ။ တောင်းပန်ပါတယ်။ ကျွန်တော်မနက်ဖြန်..မဟုတ်ဘူး ညနေကျ လာခဲ့ မယ်နော်"
အို ဘယ်လောက်ယစ်မူးချင်စရာ ကောင်းတဲ့အသံလဲ။
"နော် ကျွန်တော့်ကိုစောင့်နေမယ်မလား"
နူးညံ့ညင်သာသောအထိအတွေ့လေးတစ်ခုကသူ့ပုခုံးပေါ်ကို ကျရောက်လာသည်ကို Luhan သည် မိန်းမောတွေဝေရင်းက ခေါင်းညိတ်ပြလိုက်သည်။
"အင်း ကျွန်တော်တောင်းပန်တယ်နော်"
ခပ်ဖွဖွထိတွေ့မှုတစ်ခု။ တောင်းပန်လျက်က အပြစ်တွေဆက်တိုက် လုပ်နေသော ထိုကောင်လေးကို Luhan သည်နားမလည်နိုင်။တံခါး ဖွင့်သံ၊ သော့ဖွင့်သံ၊ တံခါးပိတ်သံ။ အရာအားလုံးကအစီအစဉ်တကျ ဖြစ်သွားသည်။ ကောင်လေးသည် ဤအခန်းငယ်လေးကို ထားခဲ့ လေပြီ။ ထို့အတူ မိန်းမောတွေဝေဆဲ Luhan ကိုလည်း ထားခဲ့ လေပြီ။Luhan သည်အင်အားချိနဲ့စွာဖြင့်ကုတင်ပေါ်ထိုင်ချမိသွားသည်။ နှစ်နဲ့ချီအောင်အထိအတွေ့များကို ရှောင်တိမ်းခဲ့သောသူသည် ယခု တော့ဖြင့် ချစ်တတ်သောသူဖြစ်လာပြီ ဟုသေချာသွားသောကြောင့် ဖြစ် သည်။
--------------------------------------------------------------------------------------------------
TBC