ငြိမ်း မနက်ကတည်းက စိတ်လှုပ်ရှားပြီး အစောကြီးနိုးနေရသည်... so sweet က ကောက်ကာငင်ကာကြီး ဒီပိတ်ရက်မှာ သူ့အိမ်က မိသားစုတွေနဲ့ လိုက်တွေ့ပေးပါတဲ့လေ...
ငြိမ်းဘက်က ဘာမှ အဆင်သင့် မဖြစ်သေးပေမဲ့ ချစ်ရတဲ့ ကောင်လေးက အရာအားလုံး အဆင်သင့် ဖြစ်နေခဲ့ပြီ...
"ဘာမှ စိတ်မပူနဲ့ ... အစ်ကို ကျွန်တော့်ကိုပဲ ယုံပေးနော်... အစ်ကို့ကို ပျော်အောင် ထားမယ်ဆိုတဲ့ ကတိကို ကျွန်တော်က တစ်သက်လုံးအတွက် တည်သွားမှာ"
ဒီစကားတွေက တမင်စိတ်သက်သာရာ ရရုံသက်သက် ပြောခဲ့တာမဟုတ်မှန်း ငြိမ်းက အပြည့်အဝ ယုံကြည်ရပါသည်...
စိတ်လှုပ်ရှားနေရသည့်ကြားမှ ကြည်နူးရင်ခုန်မှုကလည်း တစ်တိတိနှင့် တိုးလျှိုးဝင်ရောက်လာကြသေးသည်... ငြိမ်း အသိတွေထဲမှာ လိင်တူချစ်ကြိုက်ကြသူတွေရှိပေမဲ့ တချို့က မိဘ ပတ်ဝန်းကျင် ကြောင့် လူသိမခံဝံ့သေးဘဲ Silent တွဲနေကြရတဲ့သူတွေ တွေ့ဖူးသည်... ငြိမ်းကတော့ ငြိမ်းကို မချစ်ခက်ပေးနိုင်ရင်တောင်မှ သိက္ခာရှိရှိ အသိမှတ်ပြုမှု တစ်ခုတော့ လိုချင်သည်...
ဆုံးပါးသွားခဲ့သည့် ငြိမ်းရဲ့ မိဘတွေကို အားနာရပေမဲ့ မေမေရှိနေသေးရင် မေမေက ငြိမ်းကို အပြည့်အဝ လက်ခံပေးမယ်မှန်း ငြိမ်းက ယုံကြည်ပါသည်...
"ငြိမ်းရေ မနက်စာ စားတော့မလား သား"
"မစားတော့ဘူး ကြီးမေ... ကျွန်တော် ရှေ့လမ်းထဲ ခဏ သွားမလို့"
"ငြိမ်းဆီ လာလာနေတဲ့ ကောင်လေး အိမ်လား"
"ဟင်.... ကြီးမေက ဘယ်လိုသိ"
ငြိမ်းက အံ့သြောစွာမေးတော့ ကြီးမေက ပြုံးလိုက်သည်...
"ကြီးမေက ငြိမ်းရဲ့ အဒေါ်ဝမ်းကွဲ ဆိုပေမဲ့ ငြိမ်း ငယ်ငယ်ကလေးတည်းက ထိန်းလာရတဲ့သူပါကွယ်... ငြိမ်းကို ကြီးမေချစ်တာ ငြိမ်း မေမေထက် မပိုတောင် မလျော့ပါဘူး... အခုလည်း ငြိမ်း ဘယ်နေ့ပြောလာမလဲလို့ ကြီးမေက စောင့်နေတာ"
ငြိမ်း နေရာမှ ဆွံ့အစွာ ရပ်နေမိသွားရသည်... ကြီးမေကို မတိုင်ပင်ဘဲ တစ်ယောက်တည်း လျှောက်လုပ်နေမိသဖြင့်လဲ အားနာမိရပြီ...
"ကြီးမေ... အဲ့ဒါကလေ... ဟို... ကျွန်တော်က အကုန်သေချာပြီးမှ ပြောချင်တာနဲ့"
"ကြီးမေ သဘောပေါက်ပါတယ်... အခုလည်း ကြီးမေက ကျေနပ်ပါတယ်... ငြိမ်းကို တစ်ကောင်ကြွက် တစ်မျက်နှာနဲ့ ကျန်နေခဲ့မှာ စိတ်ပူစရာမလိုတော့ဘူး... ကောင်လေးရဲ့ မိဘတွေနဲ့ အစ်မတွေကလည်း ဖော်ရွေပွင့်လင်းကြတာပဲ... ငြိမ်းကိုလည်း လိုလိုချင်ချင် ရှိကြပါတယ်"
"ဗျာ... ကြီးမေက ဘယ်လို"
"ဟိုနေ့က ငြိမ်းမရှိတုန်း အိမ်ကိုလာသွားကြတယ်လေ"
"ဗျာ!"
ငြိမ်းမှာ အံ့ဩရလွန်းလို့ ပြောစရာစကားပင် ပျောက်ရှကုန်ရပြီ... ငြိမ်းအိမ်ကို လာသွားသည့် အကြောင်း so sweet ကလည်း ဘာမှမပြောထားပေ...
"ဟုတ်တယ် ငြိမ်းရဲ့... ကြီးမေ ဖြင့် အံ့တွေသြလို့... ဦးကြည်ညွှန်း တို့ ဇနီးမောင်နှံရယ်... သမီးအကြီးဆုံးရယ် ... ပြီးတော့ ငြိမ်းရဲ့... အဲ... ငြိမ်းရဲ့ ကောင်လေး ပေါ့ကွယ်... အဲ့ဒါ အိမ်ကို လာသွားကြတယ်"
"ဘာ...ဘာတွေပြောသွားကြလဲဟင်...ကြီးမေ"
"ကြီးမေက ငြိမ်းကို ပြောပြမလို့ပါပဲ... ဒါပေမဲ့ ငြိမ်းများ ကြီးကြီးမေကို အရင်ပြောချင်မလားလို့ စောင့်နေတာ... သူတို့ အသိုင်းဝိုင်းက တော်ရှာပါတယ်ကွယ်.... လာရင်းကိစ္စမပြောခင် သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီး စကားစမြည်ပြောကြရင်း လောကမှာ လိင်တူချစ်ကြိုက်ကြတဲ့သူတွေ ရှိတတ်ကြောင်း ကြီးမေကို ဗဟုသုတတွေ အရင်ပြောပြကြသေးတာ"
ငြိမ်း တကယ်မှ တကယ်ကိုပင် အံ့သြောနေရပါတော့သည်...
"ပြီးတော့မှ ငြိမ်းနဲ့ သူတို့အိမ်က အငယ်ဆုံးသားလေးရဲ့ အကြောင်းကို ပြောပြကြတာ... အဲ့ဒီစကားတွေပြောနေတဲ့ အချိန်မှာလဲ သမီးအကြီးမလေးက ကြီးမေနားမှာ လာထိုင်ပြီး ဖက်ထားပေးရင်း နှစ်သိမ့်နေသေးတယ်... ငြိမ်းရဲ့ မိဘတွေမရှိတော့ ကြီးမေကိုပဲ မိဘအရာထားပြီး လာခွင့်တောင်းကြတာပါတဲ့ကွယ်"
ငြိမ်း ကြီးမေကို တကယ်ပင် အားနာသွားရသည်... ငြိမ်း ဘာမှမဖွင့်ပြောထားသေးဘဲထားတာက ကြီးမေကို မရိုသေလို့ မဟုတ်ပေမဲ့ တစ်ဖက်မိသားစုက ကိုယ့်ကို လက်ခံနိုင် လက်မခံနိုင် မသေချာသေးလို့သာ ဖြစ်သည်...
"မေတ္တာတွေ ခံစားရပါတယ်ကွယ်... ပညာတတ် အသိုင်းအဝိုင်းပါ... ပကာသနလည်း ကင်းကြပါတယ်... သားငယ်လေးကလည်း မျက်နှာလေးက ချိုလိုက်တာမှ... မမသာ ရှိသေးရင်လည်း ငြိမ်းကို စိတ်ချမှာပါ... ကြီးမေလည်း စိတ်ချပါပြီ"
ငြိမ်းက ကြီးမေရဲ့ ပုခုံးကို ဖက်ထားလိုက်သည်... စကားပင် မပြောနိုင်လောက်အောင် ရင်ထဲမှာလည်း ကြည်နူးနေရသည်...
"ကလင် ကလင် ကလင်"
ထိုအခိုက်မှာပဲ ခြံရှေ့ဆီမှ စက်ဘီး ဘဲလ် တီးသံကြားလိုက်ရသည်...
"ဟော"
"ကျွန်တော် သွားလိုက်ဦးမယ်နော် ကြီးမေ"
"အေးအေး.. အဆင်ပြေမှာပါကွယ်"
ငြိမ်း ပုဆိုးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ဝတ်လိုက်ပြီး ပိုက်ဆံအိတ်နှင့် ဖုန်းကို ခါးကြားထိုးကာ ခြံပြင်သို့ ထွက်ခဲ့လိုက်သည်...
"ဟာ...အစ်ကို့"
so sweet က ငြိမ်းကို ကြည့်ပြီး အံ့ဩသွားသည်...
"ဟင်... ဘာလို့လဲ... အဆင်မပြေဘူးလား"
ငြိမ်းက ကိုယ့်ကိုယ်ကို ငုံ့ကြည့်ပြီး မေးလိုက်ရသည်...
"ချောလိုက်တာဗျာ"
"အာ"
"တကယ်ပြောတာ အစ်ကိုက ပုဆိုးလေးနဲ့ အရမ်းလိုက်ဖက်တာပဲ ... ကျွန်တော် အစ်ကို့ကို ဒီပုံစံနဲ့ တစ်ခါမှ မမြင်ဖူးဘူး"
ငြိမ်းက ပြုံးလိုက်မိသည်... so sweet ကို ကြည့်လိုက်တော့ ရှပ်အင်္ကျီလက်ရှည် အဖြူရောင်နှင့် စတိုင်ပန်ကို သေသေသပ်သပ်ဝတ်ထားပြီး လူကြီးဆန်ဆန်လေးနှင့် သန့်ပြန့်ချောမောနေသည်ပင်...
"ဟိုးမှာ ကြည့်ဦး တိမ်ဖြူဖြူလေးတွေ လှလိုက်တာ.. ဒါပေမဲ့ အစ်ကိုက တိမ်တွေထက် ပိုလှတယ် သိလား"
ငြိမ်းက ရယ်လိုက်ပြီး ပိုပိုကဲကဲ တွေပြောနေသော ကောင်လေး၏ ပါးတစ်ဖက်ကို လိမ်ဆွဲပစ်လိုက်သည်...
"မင်းက ဘာလို့ ပုဆိုးမဝတ်တာလဲကွ"
"ပုဆိုး မဝတ်တတ်လို့ အစ်ကိုရဲ့... ဝတ်လို့တော့ရတယ် ပုဆိုးကမခိုင်ဘူး ကျွတ်ကျွတ်ကျလို့"
so sweet က ငြိမ်းကို ရယ်ကျဲကျဲလေး လုပ်ကာပြောသည်... ငြိမ်းကရယ်လိုက်ပြီး...
"အဟား... အင်းပါ... ဒါဆို သွားမယ်လေ"
"အင်း... လာ... တက်လေ အစ်ကို့"
"ဟမ်... ဒီပြိုင်ဘီးနဲ့?"
"အင်းလေ...လာ ဒီရှေ့မှာထိုင်"
so sweet က ငြိမ်းကို ပြိုင်ဘီးရှေ့မှ ဘားတန်းပေါ်တွင် ဝင်ထိုင်ခိုင်းသည်... ငြိမ်းလည်း စောဒက မတက်တော့ဘဲ so sweet အရှေ့မှာ ဝင်ထိုင်လိုက်သည်... ပထမဦးဆုံး ထိုကဲ့သို့ စီးဖူးခြင်းပင်...
"သေချာကိုင်ထားနော် အစ်ကို့"
so sweet က အရှေ့သို့ ကုန်းကာ လက်ကိုင်နှစ်ဖက်ကို ကိုင်လိုက်ရင်း ငြိမ်းရဲ့နားသယ်စပ်ကို လာနမ်းသည်...
"ရွှတ်!"
"ဟင်"
"အာ... Sorry, စက်ဘီး နင်းဖို့လုပ်ရင်း မတော်တဆထိမိသွားတာ... အဟင်း"
so sweet က လူလည်ကျစွာပြောရင်း ငြိမ်းနားရွက်ဖျားလေးကို ထပ်နမ်းပြန်သည်...
"ရွှတ်!"
"အာ...ထိမိပြန်ပြီ... စက်ဘီးက နည်းနည်းကျပ်နေလို့"
"so sweet နော်... ကိုယ် လမ်းပဲလျှောက်သွားလိုက်တော့မယ်"
"တော်ပြီ တော်ပြီ...မလုပ်တော့ဘူး"
နှစ်ယောက်သား ပြိုင်ဘီးလေးနဲ့ so sweet တို့အိမ်ဘက် ထွက်လာကြရင်း ငြိမ်းမှာ စောစောစီစီး လာအသားယူနေသူကြောင့် စိတ်လှုပ်ရှားနေတာတွေပင် မေ့သွားရသည်...
"ပုဆိုးလေးနဲ့ အရမ်းပဲ မိုက်တယ်ကိုကိုရေ့... စွဲမိတဲ့ နှလုံးသားထဲကို မြင်အောင်ကြည့်ပါ... အကြိမ်ကြိမ်လည်ပြန်ကြည့်ကာ ကိုကိုသေချာမသိပါ... ရင်မှာ ကမ္ဘာတွေပျက်ပြီး...."
ငြိမ်းပြုံးမိသွားရသည်... so sweet က အဆိုတော် ရတနာမိုင်ရဲ့ "ရိုးရိုးလေး" သီချင်းကို ငြိမ်းနားနားကပ်ကာ တိုးတိုးလေးဆိုနေသည်... ဒီသီချင်းကို ငြိမ်း ကားမောင်းရင်း FM ရေဒီယိုမှာ ခဏခဏ နားထောင်နေကျမို့ ရင်းနီးနေပြီးဖြစ်သည်...
"ပုဆိုးလေးနဲ့ ကိုကိုရေ... မလွမ်းရဲလို့ ကိုကိုရှိတဲ့နေရာမှာပဲ ရှိချင်တယ်"
ငြိမ်းရဲ့ အပြုံးတွေက ရပ်တန့်လို့ မရတော့ပေ... အသံအက်ရှရှလေးက နားနားမှာ ငြိမ့်ငြိမ့်လေး ထွက်ပေါ်နေပြီး ငြိမ်းကို ရင်ခုန်အောင် ပြုစားနိုင်လွန်းလှသည်....
ငြိမ်းရဲ့ ကောင်လေးက တကယ်ပင် အချစ်ကဝေ လေးများ ဖြစ်နေမလား...
.........................................................................
"ဟဲ့...လာပြီ...လာပြီ"
"အာ... မကြီးက အောက်ဆင်းတော့လေ"
ဆိုဖာခုံပေါ်တက်၍ ပြုတင်းပေါက်လိုက်ကာကြားမှ ခြံဝသို့ ချောင်းကြည့်ကာ သတင်းပေးနေသော သန္တာ့ကို ကေသာက အောက်သို့ အတင်းဆွဲချသည်...
"မကြီးက အကြီးဆုံးဆိုတော့ ခပ်တည်တည်နေရမှာနော်"
ကေသာက သတိပေးတော့ ဟေမာက မျက်လုံးလေးပြူးလျှက် ဝင်ပြောသည်...
"ဟင်... တော်ကြာ ကြောက်သွားရင် ဘယ်လိုလုပ်မလဲ"
"ကြောက်စရာလား... တစ်အိမ်လုံးမှာ အသေးဆုံးကို... မကြီးကို ခပ်တည်တည်နေခိုင်းတာက တော်ကြာ လူကောင်သေးတယ် ဆိုပြီး မလေးစားမှာစိုးလို့"
"အဲ့လောက်လဲ မသေးဘဲနဲ့ကို"
သန္တာက သူ့လက်မောင်း နှစ်ဖက်ကို သူ့ဟာသူ ပြန်စမ်းကြည့်ပြီး စူအောင့်အောင့်လေးပြောသည်...
"လာကြပြီလား"
လေးမောင်က အိမ်နောက်ခန်းမှ ထွက်လာသဖြင့် ဟေမာက လေးမောင်ကို သွား၍ တွန်းလွှတ်သည်...
"လေးမောင်... လူကြီးတွေက မထွက်လာနဲ့ဦးလေ... ခေါ်မှ အဖေကြီးတို့နဲ့ တူတူထွက်လာရမှာ"
"သြော်...အဲ့လိုလား...အေးအေး"
လေးမောင်က နောက်ခန်းသို့ ပြန်ပြေးဝင်သွားသည်...
သန္တာက ဆိုဖာခုံပေါ်မှာ ပြေးထိုင်ကာ သတင်းစာတစ်စောင်ကို ကောက်ဖတ်နေသည်...
"မကြီး...ပြောင်းပြန်ကြီးလဲ ဖြစ်နေဦးမယ်နော်"
"ဟမ်... မဖြစ်ပါဘူးဟဲ့"
အဖေကြီးက အခန်းတံခါးဖွင့်ကာ ခေါင်းလေးပြူထွက်လာပြီး ချောင်းနေပြန်သဖြင့် ကေသာက အဖေကြီးကို မျက်မှောင်ကျုံ့ပြလိုက်ရသေးသည်...
"အား!!! အိန္ဒြေရရနေကြပါဆို!!"
အာကာ အစ်ကို့လက်ကို ဆွဲပြီးအိမ်ထဲဝင်လိုက်တော့ မကြီး...မမကေသာနှင့် မမဟေမာ တို့သုံးယောက်သာ ဧည့်ခန်းမှာတွေ့ရသည်...
"မကြီး"
"လာကြ လာကြ"
မကြီးက အာကာတို့ကို လှမ်းခေါ်ကာ ထိုင်ခိုင်းသည်... မမဟေမာက မမကေသာဘေးမှာ ဝင်ထိုင်ပြီး အစ်ကို့ကို သွားဖြဲ၍ ရယ်ပြသည်...
"ဟီး"
မမကေသာက တံတောင်နှင့် တွက်လိုက်တော့ တွန့်သွားသည်...
"အဟမ်း... ပုံမှန်ပဲ နေကြလေ မမတို့ကလည်း"
အာကာက ပြောတော့ မမကေသာက မကြီးကိုလှည့်ပြောသည်...
"ပုံမှန်ပါပဲ..နော် မကြီး.. ပုံမှန်ပဲမဟုတ်လား"
"ဟမ်...အင်း... ဟုတ်တယ်... ပုံမှန်ပဲ"
အာကာကရယ်၍ ခေါင်းရမ်းလိုက်ပြီး... အစ်ကို့ မျက်နှာကို ကြည့်လိုက်သည်... အစ်ကိုက အနေရခက်ဟန်နှင့် အာကာ့ကို ပြန်ပြုံးပြသည်...
"မကြီး... အဖေကြီးနဲ့ အမေတို့ကို ခေါ်လိုက်လေ မိတ်ဆက်ပေးရအောင်"
"သြော်... အေးအေး... ပူတူး သွားခေါ်လိုက်ဦး"
"ဟုတ်"
ဟေမာက ထိုင်နေရာမှ ထကာ ဧည့်ခန်းမှနေ၍ အိမ်နောက် အခန်းတွေသို့ ဝင်ရသော တံခါးကို ဆွဲဖွင့်လိုက်စဥ်...
"အောင်မလေး!!"
တံခါးနောက်မှာ အဖေကြီးရော အမေရော... လေးမောင်နှင့် မမနန္ဒာရော အပြုံလိုက်ရပ်ကာ ချောင်းနေကြသဖြင့် လန့်သွားရသည်... ဟေမာက လေသံတိုးတိုးနှင့် ကျိတ်ပြီး ဆူလိုက်ရသေးသည်...
"အဲ့ဒါ ဘာလုပ်နေကြတာလဲ... လာခေါ်မှ ထွက်လာရမှာပါဆို!!"
အမေက ဇက်လေးပုသွားပြီး...
"လာရတော့မယ် ထင်လို့လေ"
"လာ လာ"
ဟေမာက ဦးဆောင်ပြီး အဖေကြီးတို့ကို အိမ်ရှေ့သို့ ခေါ်လာပေးခဲ့လိုက်သည်...
"ဟော... အဖေကြီးတို့"
"အေး အေး သားတို့"
အဖေကြီးတို့ အားလုံးဧည့်ခန်းမှာ ဝင်ထိုင်လိုက်ကြသည်... အာကာက အစ်ကို့လက်တစ်ဖက်ကို ဆွဲယူဆုပ်ကိုင်လိုက်တော့ လက်ဖျားလေးတွေက အေးနေသည်... လူကြီးတွေရှေ့မှာမို့ အစ်ကိုက သူ့လက်ကို အာကာ့ထံမှ မသိမသာ ရုန်းထွက်သည်... အာကာက လွှတ်မပေးဘဲ ဇွတ် ဆွဲကိုင်ထားလိုက်ပြီး...
"အစ်ကို... မိတ်ဆက်ပေးမယ်နော်... ဒါ အစ်ကို့ရဲ့ အဖေကြီး ဦးကြည်ညွှန်း... ပြီးတော့ ဒါက အစ်ကို့ရဲ့ အမေ ဒေါ်ခင်ခင်မျိုးဆွေ... ဒါက အစ်ကို့ ဦးလေး ဦးမောင်မောင်မျိုးဆွေ တဲ့"
အာကာက ကျွန်တော့် အဖေကြီး...ကျွန်တော့်အမေ စသည်ဖြင့် ပြောရမည့်အစား အစ်ကို့ရဲ့ အဖေကြီး... အစ်ကို့ရဲ့ အမေ ဟု သုံးနှုံးပြီးပြောလိုက်သဖြင့် အမေ့မျက်နှာက ပြုံးသွားသည်... ထိုသို့ပြောခြင်းအားဖြင့် အစ်ကို့ကို နွေးနွေးထွေးထွေး သက်တောင့်သက်သာ ဖြစ်စေချင်သည်...
"ဒါကတော့ အစ်မတွေ... မကြီးသန္တာ... မမနန္ဒာ... မမကေသာ နဲ့ မမဟေမာ... မမနန္ဒာကတော့ အစ်ကိုသိပါတယ်... ဒီနှစ်ယောက်ကတော့ အစ်ကို့ထက်ငယ်တယ်"
"ဟုတ်ကဲ့... အားလုံးပဲ... ကျွန်တော့ကို လက်ခံပြီး တွေ့ပေးကြလို့ ကျေးဇူးတင်ပါတယ် ခင်ဗျ"
အစ်ကိုက ပြန်နှုတ်ဆက်တော့ အားလုံးက ပြုံးပြီး ခေါင်းညိတ်ပြကြသည်...
"အေးကွာ.... အဖေကြီးတို့ကတော့ သားလေး တစ်ယောက်ထပ်ရတယ်လို့ပဲ သဘောထားပါတယ်... သားငြိမ်း ကလည်း အဖေကြီးတို့ကို ကိုယ့်မိသားစုဝင်တွေလို သဘောထား... ဟုတ်ပြီလား"
အစ်ကိုက ဒီတစ်ခါတော့ အာကာ့လက်ကို တင်းနေအောင် ပြန်လည်ဆုပ်ကိုင်လာပြီး...
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အဖေကြီး"
အစ်ကိုက အဖေကြီးလို့ ခေါ်လိုက်တော့ အဖေကြီးမျက်နှာက ပြုံးသွားသလို အာကာ့ရင်ထဲမှာ နွေးခနဲ ဖြစ်သွားရသည်...
"သူ့မေ... ကလေးတွေကို တစ်ခုခုပြောလိုက်ဦးလေ"
အဖေကြီးက အမေ့ကို ပုခုံးနှင့် တိုက်ပြီး သတိပေးလိုက်သည်...
"ဪ... အဟမ်း... ဟို... အမေကတော့ ဘာမှ ထွေထွေထူးထူး ပြောစရာမရှိပါဘူးကွယ်... သားတို့ သိထားရမှာက သားတို့ရဲ့ ဖြစ်တည်မှုကိုရော ပေါင်းစည်းမှုကိုရော မိဘတွေ မောင်နှမတွေက နားလည် လက်ခံပေးတာမလို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ နေကြပါလို့ပဲ မှာချင်တယ်... ဪ ပြီးတော့... သားငြိမ်း so sweet ကို လုံးဝအလိုမလိုက်နဲ့နော်"
"ဟုတ်ကဲ့ အမေ"
"အမေကလည်း သားက ဘာလုပ်လို့လဲလို့ ... လေးမောင် နဲ့ မမတို့ကရော ဘာပြောဦးမလဲ"
"လေးမောင်လဲ ဘာမှ ပြောစရာမရှိပါဘူးကွာ... ဪ...ဒါနဲ့ ငြိမ်း အတွင်းခံတွေ ဘာတွေ ဝယ်ချင်ရင် အာကာ့ကို ပလာဇာ လိုက်ပို့ခိုင်းကွ ဒီကောင်က အဲ့ဒါတွေ ကျွမ်းတယ်"
"ဗျာ"
"လေးမောင်!!!"
"ဟာ...ဘာလို့အော်နေတာတုန်းကွ... ဪ ဟုတ်သားပဲ ငြိမ်းက ဘရာတွေ ဘာတွေမှ မလိုတာကို"
"အဟားဟား"
အစ်မတွေကပါ ဝိုင်းရယ်ကြသဖြင့် အာကာ ဒေါသထွက်လာရသည်... ဒီ ဘရာ ကိစ္စကို အစမဖော်ပါနဲ့လို့ အတန်အတန်ပြောထားရက်နဲ့ လေးမောင်က သက်သက်လုပ်တာ...
"လေးမောင်ကလည်း so sweet က အခု ဘရာထုတ် မဆွဲတော့ပါဘူး မစပါနဲ့ ... နော် so sweet နော်"
"ကျစ်! မမကေသာ... တော်ပြီဗျာ... လာ... အစ်ကို့ ကျွန်တော်တို့ အဖွားဆီသွားကြမယ်"
"ဟဲ့... ဪ နေပါဦး ဒီမှာ စကားတောင် မပြောရသေးဘူး"
အဖေကြီးနဲ့ လေးမောင်က အစ်ကို့ကို အလုပ်အကြောင်းတွေပြောနေကြပြီး အမေနဲ့ အစ်မတွေက အာကာ့ မကောင်းကြောင်းတွေ ဝိုင်း၍ ဖောက်သည်ချကြသည်...
ဘာပဲပြောပြော အစ်ကို့မျက်နှာလေးက ကြည်ရွှင်နေ၍ အာကာက စိတ်ချမ်းသာရပါသည်...
စကားပြောပြီးကြတော့ အစ်ကို့လက်ကိုဆွဲကာ အဖွားနှင့်တွေ့ပေးရန် အပေါ်ထပ်သို့ တက်ခဲ့သည်...
"အမေ့...ထမင်းစားလို့ ရရင် ခေါ်လိုက်နော်"
"အေး အေး"
အပေါ်ထပ် ဘုရားခန်းနှင့် ကပ်လျှက်ရှိ အဖွား၏အ န်းထဲသို့ ရောက်တော့ အဖွားက သိုးမွှေးချည်ထိုးနေသည်...
"အဖွား"
"ဟော... sweet လေး"
"ဒီမှာလေ ... သားရဲ့ အိမ်ကလေး... ငြိမ်း လို့ ခေါ်လို့ရတယ်"
"လာပါဦးကွယ် အဖွားနားကို"
အာကာက အစ်ကို့ကို အဖွားနားသို့ ဆွဲခေါ်သွားပြီး ခုတင်ပေါ်မှာ တူတူဝင်ထိုင်လိုက်ကြသည်... အစ်ကိုက အဖွားရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး...
"အဖွား"
"အေးချမ်းလိုက်တာကွယ်... ဥပဓိရုပ်လေးက ကြည်စင်ပြီး အေးချမ်းနေတာပဲ... အဖွားမြေးလေးတွေ စိတ်ချမ်းသာစွာနဲ့ နေရဦးမှာ...နော်"
"ဟုတ်ကဲ့ အဖွား"
"sweet လေးက ငြိမ်းနဲ့ ရန်ဖြစ်လာတဲ့ညက ဖျားတောင်ဖျားတယ်ကွယ်... အပူတွေကြီးပြီး ကယောင်ကတန်းတွေ ဖြစ်တာ"
"ဗျာ... ဟုတ်လား အဖွား"
"အဖွားကလည်း"
အစ်ကိုက စိတ်မကောင်းဖြစ်သွားပုံလေးနှင့် အာကာ့ကိုကြည့်လာသည်...
"sweet လေးက ငြိမ်းကို ခင်တွယ်ရှာတာ"
အဖွားက လူကြီးဆိုတော့ ပြောချင်ရာတွေ ပြောနေတော့သည်... တော်ရုံလူနဲ့ ရင်းရင်းနီးနီး မနေတတ်သည့် အဖွားက အစ်ကို့ကို ရင်းနီးစွာပြောနေသည့်အတွက် အာကာက ကျေနပ်နေရသည်...
ခဏကြာတော့ မမဟေမာက ထမင်းစားဖို့ လာခေါ်သဖြင့် တူတူဝိုင်းဖွဲ့ပြီး စားဖို့ပြင်ကြတုန်း ဝဇီနဲ့ ရာဇာက ရောက်ချလာကြသည်...
"ဟာ... ဟိတ်ကောင်တွေ... မင်းတို့ကို ဘယ်သူက ခေါ်ထားလို့တုန်းကွ"
"ဟ... ဆွေပြ မျိုးပြ ရှိတယ်ဆိုလို့ အလိုက်တသိလာပေးတာလေကွာ ငါတို့လဲ မင်းနဲ့ ဆွေမျိုးလို ခင်နေတဲ့ဟာကို... နေပါကွာ...ကြာတယ်...ကိုယ့်ဟာကိုယ်ပဲ မိတ်ဆက်တော့မယ်"
ဝဇီက ပြောပြောဆိုဆိုနှင့် အစ်ကို့အား လက်ကမ်းပေးကာ...
"ကိုငြိမ်း... ကျွန်တော်က ဝဇီရာကျော်... ဒီကောင်က ရာဇာ... ကျွန်တော်တို့ကိုလဲ အာကာ့လို သဘောထားလို့ရပါတယ်"
"ဘာ!!! ဟိတ်ကောင်!!! ဘာလို့ ငါ့လို သဘောထားရမှာလဲကွ!!!"
အာကာက အော်လိုက်တော့ မီးဖိုဆောင်မှာ ဟင်းထည့်နေတဲ့ အမေကပင် လှမ်းဟန့်ရတော့သည်...
"ဟယ်...so sweet က ဘာလို့ အဲ့လောက် အော်နေရတာလဲ"
"အာ မဟုတ်ဘူးကွာ... မင်းကလဲ... ပြောချင်တာက မင်းလိုမျိုး ခင်လို့ရပါတယ်လို့ အဲ့လိုပြောတာ"
"ဟုတ်တယ် ဟုတ်တယ်"
အစ်ကိုက ဝဇီနှင့် ရာဇာ့ကို လက်ဆွဲနှုတ်ဆက်ပြီး ပြုံးနေသည်... အာကာက နှစ်ကောင်လုံးကို ဘုကြည့်ကြည့်လိုက်ပြီး...
"သွား ဟိုဘက်ထိပ်မှာ သွားထိုင်... မျိုကြဦးမှာ မလား ထမင်းက"
"ဟ ဒီအိမ်လာတာ စားပြီးမှ လာရင် ရာဇဝင် ရိုင်းသွားမှာပေါ့ကွ"
"မမဟေမာ... သားတို့ကို ထမင်းနှစ်ပန်းကန် ထပ်ထည့်ပေးပါဦး... ဒီမှာ သူတောင်းစားနှစ်ယောက် ရောက်လာလို့"
"နှမလောင်းလေးကလဲ.... ဒါနဲ့ မင်းကွာ... လင်ကရတော့မယ် ခုချိန်ထိ သား သား နဲ့ ပြောနေတုန်းပဲလား"
"ပြောတယ်ကွာ...ဘာဖြစ်လဲ... ငါ့ရုပ်က နုနေတာကို ပြောလို့ရတာပေါ့ ... ပြောမှာပဲ... သား...သား...သား သား"
"အဟား....so sweet ကတော့"
အာကာက ဝဇီ တို့အပြောကို အရွဲ့တိုက်နေတော့ အစ်ကိုက သဘောကျစွာ ရယ်ပြီး အာကာ့ နားရွက်ကို လာဆွဲသည်...
"ကဲ ကဲ စားကြမယ် စားကြမယ်...သူ့ဖေတိုရော... မီးလေးရေ အဖေကြီးတို့ ခေါ်ဦး... အိဖြူ အဖွားကိုကျွေးပြီးရင် တစ်ခါတည်း ဝင်စားလေ"
"အဖေကြီး!!!! လေးမောင်!!! "
"ကေသာရေ့ ငြိမ်းအတွက် ဇွန်းတွေ မယူရသေးဘူး"
အာကာတို့ အိမ်ရဲ့ ထုံးစံအတိုင်း ဆူညံပြီး တွန်းတွန်းတိုက်တိုက်တွေနှင့်မို့ အစ်ကို စိတ်ရှုပ်မည်ကို စိတ်ပူသော်လည်း... အစ်ကိုက မျက်လုံးကလေးများ တစ်လက်လက်နှင့် မိသားစုဝင်တွေရဲ့ လှုပ်ရှားမှု မှန်သမျှကို စိတ်ဝင်တစားလေး လိုက်ကြည့်နေသည်... တစ်သက်လုံးက တစ်ဦးတည်းသောသားအနေနှင့် နေလာခဲ့ရပြီး ဒီလို မိသားစုအကြီးကြီးကို တွေ့ရတော့ အစ်ကိုက စိတ်လှုပ်ရှားပြီး ပျော်နေပုံရသည်...
အရေးထဲ ဧည့်မြှောင် နှစ်ကောင်ပါရောက်လာ၍ ထမင်းစားပွဲကို နှစ်ခုဆက်လိုက်ရသည်... အားလုံးဝိုင်းဖွဲ့ စားသောက်ကြရင်း စကားပြောကြသည်... အစ်ကိုက သူ့ပန်းကန်ထဲ ထည့်ပေးထားသော ပုစွန်ထုတ်တွေကို အခွံခွါပြီး အာကာ့ပန်းကန်ထဲကို ထည့်ပေးသည်... မမဟေမာက မျက်စောင်းထိုးပြီး...
"ကိုကြီးငြိမ်း... so sweet ကို မလုပ်ပေးနဲ့ သူ့ဘာသာ ခွါစားတတ်ရဲ့သားနဲ့"
မမဟေမာ့ အပြောကို မမကေသာက ပါ ဝင်ထောက်ခံသည်...
"အေးလေ... ကိုကြီး အဲ့လို မျက်နှာမလိုက်ကြေးနော်... အငယ်မို့လို့ လုပ်ပေးတာဆိုရင် ကေသာ နဲ့ ဟေမာ့ကိုလဲ လုပ်ပေးရမှာပဲ"
"ဟာ... အဲ့ဒါဆို ကျွန်တော်တို့ နှစ်ယောက်လဲ ပါတာပေါ့ ... အငယ်ပဲဟာ"
ရာဇာက စားနေရင်း ပလုပ်ပလောင်းသံကြီးဖြင့် ဝင်ပြောလာသည်...
"အဟား... ဟုတ်ပါပြီဗျာ... ကိုကြီး အကုန်လုံးကို လုပ်ပေးမယ်... ဟုတ်ပြီလား"
"What??? Noooo... အစ်ကို့ ဘာလို့ သူတို့ကို လုပ်ပေးရမှာလဲ ... မမကေသာက သက်သက်လိုက်ညစ်နေတာ"
"ကဲ...ကဲ...တော်ပြီ... သားငြိမ်း ကိုယ့်ဘာသာစား... သူတို့ကို အလိုလိုက်လို့မရဘူး... အဲ့ဟာလေးတွေက ရောင့်တက်တယ်"
အမေဝင်ပါမှ ငြိမ်သွားကြသည်... စားလို့ပြီးကြခါနီးမှ တစ်ချိန်လုံး ငြိမ်နေသော မမနန္ဒာက စကားစပြောလာသည်...
"ငြိမ်းအေးအိမ်... ချယ်ရီမျက်သွယ်အဖေက နင်တို့ ကုမ္ပဏီမှာ Share ပါတာလား"
"ဟင်... မပါပါဘူး... ဖေဖေရှိတုန်းက အကြံပေးအနေနဲ့လောက်ပဲ ဝင်ကြီးကြပ်ပေးတာ"
"ဪ... အခုတစ်လော ချယ်ရီမျက်သွယ်တို့ သားအဖကို နင့်တို့အိမ်ဘက်လာတာ ခဏခဏ တွေ့နေလို့"
"ဪ...ဟုတ်တယ်... ဒီလိုပဲ ဖေဖေဆုံးသွားပြီးကတည်းက လာစောင့်ရှောက်ပေးနေတာ... အခုက မေမေပါ ဆုံးသွားပြီဆိုတော့ ခဏခဏ လာကြည့်ပေးကြပါတယ်... ဒီညနေလဲ လာကြဦးမယ် လို့ပြောထားတယ်"
မမနန္ဒာက အဖေကြီးနှင့် မောင်နှမတွေရဲ့ မျက်နှာကို အဓိပ္ပါယ်ပါပါဖြင့်ကြည့်လာသည်... အဖေကြီးက ခေါင်း တစ်ချက်ညိတ်ပြသည်...
"ဪ"
.........................................................................
ထမင်း စားပြီးကြတော့ အစ်ကို့ကို အာကာက အပေါ်ထပ် အခန်းထဲသို့ ခေါ်လာခဲ့သည်...
"အစ်ကို့ ဂစ်တာတီးပြီး သီချင်းဆိုပြမယ်"
"အင်း...ဆိုပြ"
အာကာက ခုတင်ခြေရင်း ထောင့်တွင် ထောင်ထားသော ဂစ်တာကို ကြိုးညှိလိုက်ပြီ... ခုတင်ပေါ်တွင် ထိုင်နေသော အစ်ကိုနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ကာ... အစ်ကိုကို စိုက်ကြည့်နေရင်း ဂစ်တာကို စတင် တီးခတ်လိုက်သည်...
"တစ်နေကုန် ထိုင်ပြီး တစ်စိမ့်စိမ့်ကြည့်... နဖူးကခြေဖျားထိအောင် ချစ်တယ်... အသည်းလေးအား စွဲညှို့သူရယ်..."
အစ်ကို့ မျက်နှာက ပြုံးနေသည်... ဒီနေ့ အစ်ကို ပျော်နေမှန်း အာကာ သတိထားမိသည်... အစ်ကိုပျော်ရင် အာကာလဲ ပျော်ရပါသည်... အာကာနှင့် အစ်ကို နှစ်ယောက်တည်း ကြည်ကြည်နူးနူး သီချင်းဆိုနေခိုက် ဝဇီနှင့် ရာဇာတို့က အသီးတွေထည့်ထားသော ပန်းကန်ကိုင်၍ အခန်းထဲသို့ ဝင်လာကြသည်...
"ဟာ... ကာကြီး... မင်းက ဒီတစ်ခါလည်း တစိမ့်စိမ့်ကြည့်ပဲလားကွ... မင်း ကိုငြိမ်းအတွက်တော့ သီချင်းလေး ဘာလေး ပြောင်းဆိုပေးသင့်ပါတယ်ကွာ"
"ဟိတ်ကောင် ဟိတ်ကောင်! မင်း ပေါက်ကရ မပြောနဲ့နော်"
ရာဇာ့ အပြောကြောင့် အစ်ကိုမျက်နှာလေးက တည်သွားပြီး အာကာ့ကို မျက်မှောင်ကျုံ့ကာ စိုက်ကြည့်လာသည်...
"အစ်ကို့"
"so sweet... မင်းကို ကိုယ် ခုနတည်းက မေးချင်နေတာ... လူကြီးတွေရှိနေလို့... ပြောတော့ ex တွေ မရှိဘူးဆို"
"အာ... အစ်ကိုရာ... ဘယ်က ex ရှိရမှာလဲ တကယ် မရှိပါဘူးဆို"
"ဪ"
"ခွိ!"
ရာဇာက ဪဟုပြောပြီး ဝဇီရာကျော့် ထံမှ ရယ်သံထွက်လာသည်... အာကာက ထိုနှစ်ကောင်ကို မကျေမနပ်ကြည့်လိုက်သည်... အစ်ကိုက ခုတင်ပေါ်မှ ဆင်းကာ အိမ်ရှေ့ ဝရံတာသို့ ထွက်သွားသာည်... အာကာ ဟိုနှစ်ကောင်ကို လက်ခလယ်ထောင်ပြခဲ့ပြီး နောက်က ပြေးလိုက်သွားရသည်...
"အစ်ကို့"
"ပြော...ကိုယ် အမှန်တိုင်းပဲသိချင်တာ"
"ကျစ်! အဲ့ဒါက အစ်ကိုရာ... ex လဲ မဟုတ်ဘူး... အချစ်ဦးလဲ မဟုတ်ဘူး...ငယ်ငယ်တုန်းက စိတ်ကစားပြီး ဒီတိုင်းလိုက်ခဲ့ရုံပဲ...ရည်းစားလဲ မဖြစ်ခဲ့ပါဘူး"
"အဲ့ဒါဆို ပလာဇာမှာ ဘရာထုတ်နဲ့က ဘာသွားလုပ်တာလဲ"
"အား!!! ကျစ်!"
အာကာ ခေါင်းထဲကို လက်ချောင်းတွေ ထိုးထည့်ကာ ဆံပင်တွေကို ဖွပစ်လိုက်မိတော့သည်... ဒီ ဘရာနဲ့က ဘယ်တော့များမှ ဝဋ်ကြွေးကုန်မှာလဲ...
"မပြောချင်လဲနေ"
"မဟုတ်ဘူး...ပြောမယ်...ပြောပြမယ်ကွာ... အိုခေ ... အဲ့ဒါက အဲ့ဒီကောင်မလေးက shopping ထွက်တာ ဝါသနာပါတယ်ဗျာ... အဲ့ဒါသူက ကျွန်တော့်ကို အဖော်ခေါ်တတ်တယ်... ကျွန်တော်က သူနဲ့ လိုက်ပေးရင်း သူ့ပစ္စည်းတွေ ကူသယ်ပေးတာဗျာ"
"အင်း... ဘာပစ္စည်းတွေလဲ"
"အဲ့ဒါက... မိန်းကလေးဆိုတော့ မိန်းကလေးအသုံးဆောင်ပေါ့ အစ်ကိုရာ... အဝတ်အစား ဘာညာ... ကျစ်! ဘရာ ဗျာ...ဘရာ...ဘရာ...ဘရာစီရာတွေ"
"............"
အစ်ကိုက မျက်ခုံးတန်းများကို တွန့်ချိုးကာ အာကာကို မှုန်တေတေနှင့် ကြည့်နေသည်... အာကာ့စိတ်ထဲတွင် အာကာ့အား ပလာဇာ ခေါ်ပြီး ဘရာ တွေကို ဒါဇင်လိုက်ဝယ်သော မြသက်ချယ်အား စိတ်ကူးနှင့် နုတ်နုတ်စဥ်းနေမိတော့သည်...
ဂန်းနာမလေးက တစ်ခါတည်းနဲ့ ဒါဇင်လိုက်ဝယ်ရအောင် သူက ဘယ်နှစ်ခုတောင် အပိုပါနေလဲ မသိဟု အခုမှ စိတ်အချဥ်ပေါက်စွာနှင့် တွေးမိနေရသည်...
"အဲ့ဒါက ထားပါ... ခုနက ဆိုပြတဲ့ သီချင်းက အရင်က သူ့ကို ဆိုပြဖူးပြီးသားပေါ့"
"အဲ့ဒါကလေ.... အစ်ကိုရာ... ကျွန်တော် ဘယ်တွေမှာ ဆိုခဲ့ဖူးလဲတောင် သတိမရတော့ဘူး... current mood က အစ်ကို့ကို တကယ်ကြီးကို တစိမ့်စိမ့်ထိုင်ကြည့်နေချင်တာမို့လို့ အဲ့ဒါဆိုပြလိုက်မိတာ"
"ကိုယ်က ပထမဦးဆုံးလို့ ထင်ခဲ့တာ... တော်ပြီ... အိမ်ပြန်တော့မယ်"
အစ်ကိုက ဝရံတာမှနေ၍ အိမ်ထဲသို့ ပြန်ဝင်ရန် လှည့်လိုက်စဉ် အာကာက အစ်ကို့လက်ကောက်ဝတ်ကို ဖမ်းဆွဲပြီး အစ်ကို့ကို နံရံမှာ ကပ်ပစ်လိုက်သည်...
"အ!"
"နေဦး...မသွားရဘူး"
"so sweet ... ဖယ်ပေး"
"မဖယ်ပေးဘူးကွာ တစ်အိမ်လုံးဝိုင်းကြပ်ခံထားရလို့ ဘူနေတာ အစ်ကိုကပါ အဲ့လိုဆို ကျွန်တော်ရူးသွားလိမ့်မယ်... ကျွန်တော် ဘယ်သူနဲ့မှ မလုပ်ဖူးဘဲ အစ်ကိုနဲ့ပဲ လုပ်ဖူးတဲ့ ပထမဦးဆုံးတွေရှိတယ်... သိလား... အခုထပ်လုပ်ပြမယ်"
"so....s...အွန့်!"
အာကာ့ကို နာမည်ခေါ်ပြီး တစ်ခုခုပြောရန်ပြင်နေသော နှုတ်ခမ်းပါးလေးကို အာကာက အပိုင်သိမ်းကာ နှုတ်ပိတ်ပစ်တော့သည်...
"ပြွတ်...အင်း... တကယ်... အစ်ကိုနဲ့မှ ပထမဦးဆုံး"
...........................................................................
<3 DiDi Zaw
(06/12/2022)