"မာမီ .. နှိုင်းကို ပြောစရာရှိတယ်မလားဟင် ..
ပြောပါ မာမီ ။ "
"ဟုတ်တယ် .. မာမီ့မှာ သားကိုပြောစရာတွေအများကြီး ရှိတာပေါ့ကွယ် .. ။"
"ဟုတ် ...နှိုင်း သိပါတယ် "
"ဒါဆို ...ကျွန်တော် သွား.."
"မောင်လက်ရုံးလဲ သွားစရာမလိုပါဘူးကွယ် ။သားကိုပြောမှာက မောင်လက်ရုံးကိုလဲ အတူတူပြောချင်ခဲ့တာတွေပါပဲ ။ထိုင်လို့ရပါတယ် .."
သားအမိနှစ်ယောက် စကားပြောကြခြင်းတွေအတွက် အနှောင့်အယှက်မဖြစ်စေချင်တာတွေအတွက် ရှောင်ပေးနေချင်ရုံသက်သက်နဲ့ ပြောလိုက်မိသော်လည်း အန်တီခင်ထားကိုယ်တိုင်က ကြည်ကြည်ဖြူဖြူ လက်ခံစကားဆိုတယ် ..။အရင်ကဆို ပြဿနာမရှိသော်လည်း ခုက မျက်နှာမမြင်ချင်လောက်အောင် ကျူးလွန်ထားတာက ကျွန်တော်ကိုယ်တိုင် ။ဒီလူ့ကို အပိုင်လုယူထားခဲ့ခြင်းတွေ အတွက် ပိုင်ရှင်ရှေ့မှာ လိပ်ပြာမလုံဘူးဆို ပိုမှန်လေမလား ..။
ကျွန်တော့်ကို ခေါင်းလေးငြိမ့်ပြီး သူ့ဘေးနားရှိနေစေချင်ဟန် အရိပ်အယောင်လေးကြောင့် ဒီလူ့ဆန္ဒအတိုင်း ထိုင်ရသည် ..။ပြောလာမဲ့စကားတွေ ဘယ်လောက်ခက်ခဲခက်ခဲ ဥစ္စာခြောက်ခဲ့ရတာလေး ပြန်မပေးချင်တဲ့အတွက် ဒီအချိန်ဟာ ဘေးဖယ်မနေသင့်တဲ့ အစစ်အမှန်အချိန်တွေ ..။
ဘေးကလူကလဲ အန်တီခင်ထားပြောလိုက်မည့်အရာတွေအတွက် ကြောက်နေဟန် ။လက်လေးတွေအချင်းချင်းပွတ်သပ်နေပုံက စိုးရိမ်နေကြောင်း သက်သေတွေ ။တုန်ရီနေတဲ့လက်လေးတွေအပေါ် အားပေးစကားဆိုဟန် ဆုပ်ကိုင်လိုက်ကာမှ မျက်၀န်းစိုစိုလေးတွေက စိတ်သက်သာရာရသွားဟန် မော့ကြည့်လာတယ်။
"မာမီ ...။"
"မာမီ တောင်းပန်ပါတယ်ကွယ် .. သားဆန္ဒကိုမငဲ့ကွက်ဘဲ ပစ်ထားခဲ့မိတာ မာမီ့သားလေး အဆင်ပြေလားဆိုတာ အရင်ကြည့်ပါရစေအုံးကွယ် .. "
နှိုင်းဆီကို မာမီက တန်းတန်းမတ်မတ်ကို ရောက်လာခဲ့တာ .. ။နှိုင်း ရင်မဆိုင်ရဲလို့ တုံ့ဆိုင်းနေခဲ့တဲ့ ခြေလှမ်းတွေအတွက် မာမီကပဲ အလျှော့ပေးခဲ့သည်လား ။မိခင်ကိုတောင် မခယတဲ့ သားမိုက်လို့ အပြစ်တင် ဆိုကျပါစေ ။အဲ့လို သဘောမျိုး မဟုတ်ကြောင်းကို မာမီကတော့ သိနေမယ်ထင်ပါတယ် .. ။နှိုင်း ကြောက်နေခဲ့လို့ ၊နှိုင်း ပိုင်ဆိုင်ထားတဲ့ သက်ရှိလေးကို လက်လွှတ်လိုက်ရရင် ဆိုတဲ့စိတ်နဲ့ တွေဝေကြောက်နေခဲ့ရတာ မာမီ သိလေမလား .. ။
အကယ်၍သာ နှိုင်းတို့ကို သဘောတူကြည်ဖြူ ပေးကြရင် မာမီ့အလိုအတိုင်း ထားရာနေစေရာသွားမည်မှာ ကျိန်းသေ .. ။အရေးကြီးဆုံးအရာလေး ပျောက်ပျက်မှာဆိုးလို့ မစတင်မိခဲ့တဲ့ မာနတစ်ထစ် လျှော့ခြင်းတွေအတွက် မသိတတ်တဲ့သားတစ်ယောက်အနေနဲ့ ရှက်မိပါတယ် ... ။
ဒီတစ်ခါလဲ မာမီကပဲ မထိန်းနိုင်တဲ့ ၊ပြေပျက်သွားတဲ့ အတ္တတွေနဲ့ မိခင်ပီသပြနေပြန်တော့ နှိုင်းကပဲ မသိတတ်ခဲ့ခြင်းအတွက် အားငယ်ရပြန်တယ်။အဆင်မှပြေပါ့မလားဆိုတဲ့ သားတစ်ယောက်အတွက် ပူပန်မဲ့ မာမီ့အတွေးတွေကို သိနေခဲ့ပေမဲ့ အဆင်ပြေကြောင်းလေးတောင် အောက်ချမပြောခဲ့မိလို့ တောင်းပန်ပါတယ် ... ။မသိတတ်ခြင်းတွေ ၊သားသမီးကောင်းတစ်ယောက် မဖြစ်ခဲ့ခြင်းတွေအတွက် ပထမဆုံး ကိုယ့်ကိုကိုယ် အပြစ်တင်ရခြင်းတွေပါပဲ ... ။
"မလိုပါဘူး မာမီရယ် .. မသိတတ်တဲ့ နှိုင်းလို သားတစ်ယောက်အတွက် မတန်ဘူးမလား မာမီ .. ။တောင်းပန်ရမှာ နှိုင်းပါ .. ။နှိုင်းက ဆိုးလိုက်တာ .. မာမီ့ကို ပြန်တောင်းပန်ဖို့ရာ စကားလုံးတွေတောင် ရှာမရဘူး "
"မဟုတ်တာ .. မာမီ့သားလေးရယ် .. ။မိခင်နဲ့သားသမီးကြား ဘယ်သူက ပိုဆိုးပါတယ်ဆိုပြီး တိုင်းထွာမနေကြရအောင် ။မာမီလာခဲ့တာ သားကိုပြန်ခေါ်ဖို့ .. "
"အဟင့် .. "
"မငိုပါနဲ့ကွယ် ... လာပါအုံး ။ ယောင်္ကျားကဖြင့်ရနေပြီ ခုထိကလေးလို ငိုနေတုန်းလား .. ။မငိုပါနဲ့ .. မာမီက ခွင့်လွှတ်ပြီးသားပါကွယ် ။မာမီကိုယ်တိုင်လဲ အမှားမကင်းခဲ့ပါဘူး .. ဒီလိုမျက်ရည်ကျနေလို့ ဖြစ်မလားဟင် .. "
"အဟင့် ... "
"အမလေး .. ဒီဟာလေးကို ဘယ်လိုစိတ်ချရမလဲဟင် .. ဒီလောက်အငိုသန်နေတာ ထားခဲ့ရင် ဘယ်လိုလုပ်မလဲ ... "
"သူက နှိုင်းကို ဘယ်တော့မှ ထားခဲ့မှာမဟုတ်ဘူး"
"ခု မာမီ့ရင်ခွင်ထဲ၀င်ပြီး .. ယောင်္ကျားကို ဘယ်လောက်ချစ်ကြောင်း စာဖွဲ့ပြနေတာလားဟင် .. "
"မဟုတ်ပါဘူး .. မာမီ့ကိုလည်း ချစ်တာသိတယ်မလား .. "
"ဒီအတတ်လေးကို .. ပြန်တောင်သိမ်းချင်သွားပြီ ။ချစ်လွန်းလို့ .. မာမီက အလိုလိုက်ထားတာ .. ။"
"မာမီကို နှိုင်းသိပ်ကျေးဇူးတင်တာပဲ .."
"ဒါဆို မာမီနဲ့ပြန်လိုက်မယ်မလားဟင် "
"ဟို ..နှိုင်းတစ်ယောက်တည်းလား ။"
"ဒါပေါ့ ..မာမီက မာမီ့သားကိုပဲ ပြန်လာခေါ်တာ ဘယ်သူတွေကို အပိုခေါ်ထားရအုံးမှာလဲ ဟုတ်တယ်မလား မာမီ့မှာ သားကတစ်ယောက်တည်းရှိတာလေ "
"ဒါဆို ဒီကောင်လေးကရော ။ဒီကောင်လေးက နှိုင်းနဲ့ တစ်ယောက်တည်းမလို့ ခေါ်မယ်မလားဟင် "
"အို ..သားက ဘာလို့ မောင်လက်ရုံးနဲ့တစ်ယောက်တည်း ဖြစ်ရမှာလဲ "
"ဒီကောင်လေးက ..ဟို နှိုင်း ယောင်္ကျားလေ "
"မာမီက သားတို့နှစ်ယောက်ကို တစ်ယောက်တည်းလို့ မသတ်မှတ်လို့ မခေါ်ဘူးဆိုရင်ရော ..သားက မာမီနဲ့ပြန်မလိုက်ဘူးလားဟင်"
"ဒီလိုဆိုရင်တော့ နှိုင်း.."
"အမလေး ..ကဲပါ ။ စတာပါကွယ် စတာပါ ရွှေမျက်နှာတော်လေးက အဲ့လောက်ထိညှိုးမသွားပါနဲ့အုံး ချက်ချင်းနော် မခေါ်ဘူးဆိုတာနဲ့ ။မွေးရကျိုးနပ်လိုက်တဲ့ မာမီ့သားလေး ။မောင်လက်ရုံးက ဘယ်လိုတွေများ စည်းရုံးထားသလဲကွယ် .."
"မာမီ အတည်ပြောတာမလား "
"ဟုတ်ပါ့ကွယ် စလာကတည်းက သားရောမောင်လက်ရုံးကိုပါ ပြန်လာခေါ်ဖို့ပါပဲကွယ် ။"
"နှိုင်း သိပ်၀မ်းသာတယ် မာမီ ။ကျေးဇူးလည်းတင်ပါတယ် "
"ကျေးဇူးတင်ပါတယ် ..။ကျွန်တော့် လက်ထဲကို ခုလိုယုံယုံကြည်ကြည်အပ်ပေးတဲ့အတွက် ကျေးဇူးတင်မဆုံးအောင်ပါပဲ ..။အသက်ထပ်မျှ စောင့်ရှောက်မှာမလို့ စိတ်ချပေးပါ .."
"စိတ်ချပါတယ်ကွယ် ..အန်တီ့သားလေး ခုလိုပြုံးနေတာ မြင်ရတာ ဘယ်လောက်စိတ်ချမ်းသာအောင် ထားထားလို့လဲ ဆိုတာ ပြောမပြလဲ သိနိုင်တဲ့ အခြေအနေပါ ။ခေါင်းမာခဲ့တာတွေတောင် ဘယ်ပျောက်ကုန်မှန်းမသိအောင် မင်းတို့ချစ်ခြင်းတွေက အနိုင်ယူသွားခဲ့ပြီပဲ ။အန်တီ့သားလေး ပြုံးပျော်နေရင် ကျေနပ်ပါပြီကွယ် .."
"စကားတွေနဲ့ အများကြီးမဖွဲ့နွဲ့တတ်ပေမဲ့ ..
ကျွန်တော့်ကို ယုံပေးပါ "
"ယုံပါတယ်ကွယ် ..။အန်တီ ယုံပါတယ် "
မာမီကတော့ နှိုင်းတို့နှစ်ယောက်ကို ကြည့်ပြီး ပီတိတဖြာဖြာ ။ ပြေလည်ခဲ့ကြခြင်းတွေအတွက် မာမီ တစ်သက်စာ စိတ်ချမ်းသာခဲ့ရပြီ ထင်ပါတယ် ။နှိုင်းတို့ကိုလည်း အိမ်ကို ဆက်ဆက်ပြန်လာခဲ့ဖို့ရာ ပြောသည် ။ဒီအချိန်၊ဒီရက်ပိုင်းလေးအတွင်းမှာ ဒီတိုက်ခန်းမှာ ဘယ်လိုတွေနေထိုင်ခဲ့ကြောင်းကိုလည်း လုံးစေ့ပတ်စေ့မေးသမျှ မေးခွန်းတိုင်းကို နှိုင်းတို့မှာ ဌာန်၊ကရိုဏ်း ကျကျ ပြန်ဖြေရသေးသည် ။မိခင်တစ်ယောက်ရဲ့ စိတ်ပူခြင်းတွေက သားသမီးဘယ်အရွယ်လေးပဲဖြစ်ဖြစ် လျှော့သွားခဲ့ခြင်းမျိုး မရှိဘူးထင်ပါတယ် ..။
အပျော်ရွှင်ဆုံး ၊စိတ်အချမ်းသာဆုံး စကားဝိုင်းဟာ နှိုင်းတို့ပဲ ဖြစ်လိမ့်မယ် ။တစ်ဘ၀စာ သယ်ဆောင်သွားချင်တဲ့ သက်ရှိလေးကို ရလိုက်တာ ဘယ်လောက်ပျော်ရသလဲဆိုတာ ခံစားဖူးလို့ သိပြီထင်တယ် ။ငြိုငြင်ကန့်ကွက်ခြင်းမရှိတဲ့ အသိုင်းအဝိုင်းကြားထဲ ရဲရဲဝံ့ဝံ့ဆွဲခေါ်သွားနိုင်ခြင်းက ကမ္ဘာတစ်ခုလုံး အပစားရထားသလိုပါပဲ။ ဒီကောင်းချီးပေးခြင်းတွေအတွက် ဒီကောင်လေးနဲ့အတူ ပြီးပြည့်စုံတဲ့ဘ၀လေး ဖန်တီးပြပါ့မယ် ။
^
"ဗျာ ..ဒီလိုဆို အန်တီခင်ထားက ဘာမှမပြောတော့ဘူးဆိုတော့ သဘောတူတယ်ဆိုတဲ့သဘောလား ။ဒါဆို ကိုကြီးနှိုင်းတုကို ရွာပြန်ခေါ်လာတော့မှာပေါ့နော် ။ပျော်လိုက်တာဗျာ ..ကျွန်တော်က ကိုကြီးလက်ရုံးတို့ ကိုကြီးနှိုင်းတုတို့ကို အသေလွမ်းနေတာဗျ ။တစ်နေ့တစ်နေ့ ဟိုကောင်ဂွတို မျက်နှာပဲ ပျင်းပျင်းနဲ့ကြည့်နေရတာ .."
"အင်း .. ဟုတ်တယ် ။ မင်းရဲ့ ကိုကြီးနှိုင်းတုကို ငါတရား၀င် ရသွားပြီ"
"ဒီလိုဆို ..မင်္ဂလာဆောင်တော့မှာပေါ့နော် ။ ဖိုးထောင်ကတော့ စားရမဲ့ဂွင်တွေ့ပြီ ။၀က်သားကျွေးရမှာနော် ကိုကြီးလက်ရုံး ..ရွာထဲကလူကြီးတွေ အကုန်လိုက်ပြောထားလိုက်တော့မယ် ဒါမှစီစဉ်စရာရှိတာ ကြိုစီစဉ်ထားလို့ရမှာဗျ .."
"အင်း ..မင်းသဘော "
"တကယ်လား ကိုကြီးလက်ရုံး "
"တကယ်ပြောတာ ဒါပေမဲ့ လူကြီးတွေက မဟုတ်တာတွေ လာပြောပါတယ်ဆိုပြီး ဆရာတော်ဘုရား ကြိမ်လုံးနဲ့ပေးတွေ့ရင် မင်းပဲခံ "
"ဟာ ..ဒါတော့ မလုပ်နဲ့လေဗျာ ဖိုးထောင်တို့က ဒါမျိုးကြီးတော့ ကြောက်တတ်တယ် ဟဲ" မပြောနဲ့ဆိုလဲ မပြောပါဘူး ရွာလာမှ ကိုင်တိုင်ပြောကြပေါ့ "
"ပေါက်ကရတွေလျှောက်ပြောလို့ ပြီးပြီလား ။
ငါပြောခိုင်းတာ အမေ့ကို သေချာပြန်ပြောပေး .."
"စိတ်ချပါ ကိုကြီးလက်ရုံးရာ ဘယ်တုန်းက လွဲခဲ့ဖူးတာရှိလဲ ။ခုတောင် တောထဲရောက်နေလို့ မဟုတ်ရင် အရီးတို့ကို ပြေးပြောပြီးနေပြီ "
"အလုပ်ကိုသေချာလုပ် ဒီနှစ်သီးနှံအထွက်မတိုးရင် မင်းကြောင့်ပဲနော် .."
"ဟာဗျာ ..ဒီလိုတွေ မနောက်ပါနဲ့ ကျွန်တော်က ယာခင်းတစ်ခင်းလုံးတာ၀န်ယူထားတာမှ မဟုတ်တာကိုဗျာ ကျွန်တော့်တစ်ယောက်ထဲ ပြောစရာလား "
"အင်း မင်းကိုပဲပြောမှာ "
"ကိုကြီးလက်ရုံး ရီမနေနဲ့ဗျာ ..။ဘာလဲ ကိုကြီးနှိုင်းတုကို တင်တောင်းစရာနည်းသွားမှာစိုးလို့လား "
"အင်း အာ့ကြောင့် မင်းက ကောင်းကောင်းလုပ် "
"စိတ်ချ ..ဖိုးထောင်က ..မင်္ဂလာဆောင်ကို ခုနှစ်ရက်ခုနှစ်လီ ရွာလုံးကျွတ် မီးခိုးတိတ်ကျွေးမွေးနိုင်အောင် လုပ်ပေးမှာ "
"အင်း မင်းအပြောကြီးလို့ ငါမှတ်ထားလိုက်ပြီ .."
"ဒါဆို ခုပဲအရီးတို့ကို သွားပြောလိုက်မယ်နော် "
"သတိရတယ်ဆိုတာနဲ့ ငါ့ကိုစိတ်မပူဖို့ပဲ ပြောလိုက် အပိုတွေလျှောက်မပြောနဲ့ .."
"ဟုတ်ကဲ့ပါဗျ ။ဟဲ" ဖိုးထောင်အကြောင်းတောင် သိနေပြီပဲ ။ဘာမှအပိုမပြောဘူး သေချာပေါက်ခိုင်းထားတဲ့အတိုင်းပဲ ပြောမှာ "
"အင်း "
^
"ဖိုးထောင်လားဟင် "
"ဟုတ်တယ် ဖိုးထောင်ကို ပြောစရာရှိလို့
ခေါ်လိုက်တာ "
"ဖုန်းရော ကျသွားပြီလား"
"အင်း .. ပြောချင်လို့လား ။ကျွန်တော် ပြန်ခေါ်ပေးမယ်လေ "
"ရပါတယ် .. မခေါ်ပါနဲ့ ။ငါ မပြောတော့ပါဘူး "
...
"ဒါနဲ့ မင်းအခုပျော်နေတာလားဟင် ။မာမီပြန်သွားထဲက ပြုံးနေတာ မရပ်တော့ဘူး "
"မပျော်စရာလား ကျွန်တော်က ဒီလောက်ကံကောင်းတာ ။ဒီချိန်မှာ ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးလူ ကျွန်တော်ပဲဖြစ်လိမ့်မယ် "
"ဘာတွေများ ဒီလောက်ကံကောင်းပြနေတာလဲ
မင်းက .. "
ရွှတ်!
"ခု ငိုနေတာလား .. ။မျက်ရည်တွေ ကျနေတာလား"
"အရမ်း၀မ်းသာနေလို့ .. ။ပျော်လို့ ကျတဲ့မျက်ရည် "
ဒီကောင်လေး ထူးထူးဆန်းဆန်း .. ။အသားနာရင်တောင် ယောင်လို့မျက်ရည်မကျတဲ့ ကောင်လေးက တရှုံ့ရှုံ့နဲ့ မျက်ရည်တွေကျနေခဲ့တာ .. ။
ပျော်လို့ ကျတာတဲ့လား .. ။မာမီက လက်ခံပေးခဲ့လို့ ဒီလောက်ထိပျော်နေခဲ့တာလား .. ။နှိုင်းကို ဒီလောက်ထိ ချစ်ပါတယ်တဲ့လား ။
"အမလေး .. ကလေးလေးက ပျော်လို့ မျက်ရည်ကျတာတဲ့လား ချစ်ဖို့ကောင်းအောင် "
"ကျွန်တော် ကလေးမဟုတ်ဘူး "
"ဒါဆို ဘယ်လူကြီးက မျက်ရည်ကျလို့လဲ ။
ငါတောင် မကျဘူးတွေ့လား "
"ကျွန်တော်က ပိုချစ်လို့ "
"အတတ်လေးပါလား မထင်ထားဘူး .. ။လာပါအုံး ငါ့ဆီကို "
ရင်ခွင်ဖွင့်ပေးပြီး ခေါ်တော့ ရင်ခွင်ထဲ တိုး၀င်လာတဲ့ ကလေးမဟုတ်တဲ့ ကလေးကြီး ။ပျော်လို့ပဲဖြစ်ဖြစ် ကျနေတဲ့မျက်ရည်တွေအတွက် ဒီကောင်လေးကို အကောင်းဆုံးနှစ်သိမ့်ပေးချင်တာ ။
တကယ် ခေါင်းလုံးလုံးလေးက လှုပ်လို့ခါလို့ ခုထိအငိုမရပ် ။အငိုသန်လေးက ဘယ်သူလဲလို့ မေးလိုက်ရင် ပိုများငိုသွားမလား မသိ။ဒီတိုင်းလေးထားထားလိုက်တော့ ခနအကြာ မျက်ရည်အရွှဲသားနဲ့ မော့ကြည့်လာတယ် ။ဗလတောင့်တောင့်နဲ့ အကြောပြိုင်းပြိုင်းထနေတဲ့ သန်မာတဲ့ ဒီကောင်လေးလက်မောင်းတွေကြားထဲ နှိုင်းခါးလေးက တစ်ခါဝှေ့ယမ်းစရာပဲရှိတာ ။ဒါကို တင်းကျပ်နေအောင် ဖက်ထားတော့ နှိုင်းမှာ အသက်ရှုကျပ်မတတ်။သူ့ခန္ဓာကိုယ်ကြီးကို နှစ်ခေါက်သုံးခေါက်လောက်ချိုးပြီး ရင်ခွင်ထဲ မရမက၀င်တာ ..။နှိုင်းကို အကြီးလုပ်ပြီး အလိုလိုက်ခဲ့တဲ့ ကောင်လေးက ခုပြန်ချွဲနေတာလား ..။
"ကြည့် ..ဒါမှအကိုက် မင်းကအမြဲ ငါ့ရင်ခွင်ထဲမှာပဲ ရှိသင့်တာ "
"မရပါဘူး ..ကျွန်တ်ော့ရင်ခွင်ထဲပဲ ထားမှာ ။ခုက နဲနဲ၀မ်းသာနေလို့ ခန၀င်တာ .."
"ဘာ ..နဲနဲ၀မ်းသာလို့တဲ့လား ။မင်းက ဟာသလေးလားဟင် လူကိုရယ်ချင်အောင် "
"ဟာသ မဟုတ်ပါဘူး ..တကယ်ပြောတာ "
"တကယ်ဆိုရင်တောင် ငါကအကြီးနော် ။ငါ့ရင်ခွင်ထဲပဲ မင်းနေရမယ် ..ငါပဲ ထွေးပွေ့မယ် "
"ဒါဆို လူကောင် ကြီးအောင်အရင်လုပ် ..ဒါမှ ကျွန်တော် မညောင်းမှာပေါ့ ။ခုကညောင်းတယ်လေ ..အသက်ကြီးရုံနဲ့မရဘူး ..။"
"လူလည်လေးလား မနိုင်နိုင်အောင် ပြောနေတာ
အရှူံပေးပြီ ..။ဒီတစ်ခါပဲ၀င် နောက်ဆို မင်းရင်ခွင်ထဲပဲ ၀င်မယ် ရပြီလား ။အဲ့ကျမှ အဲ့ရင်ဘတ်ကြီးကို ကိုက်ဆွဲပစ်အုံးမယ် "
"ရပြီ "
"အား ..ယားတယ် ။မင်း ဘာလို့ အင်္ကျီထဲ ဇွတ်၀င်နေရတာလဲ "
"နွေးလို့ "
"ယားတယ်လို့ ..မင်း "
"နွေးနေတာပဲ .."
"ချစ်တယ် "
"ပိုချစ်တယ် .."
"ဒါဆို အဲ့ခေါင်းကြီးက အင်္ကျီထဲက ထွက်လာခဲ့တော့ ငါယားတယ် "
"သေးသေးလေးပဲ ..ရင်ခွင်လေးက ။ဒါပေမဲ့ ဒီရင်ခွင် သေးသေးလေးက ကျွန်တော့်အတွက်တော့ အလုံခြုံဆုံးပဲ "
"လူကို ရင်ခုန်အောင် ။မင်းပဲ ပြောတတ်တယ် "
"တကယ် ရင်ခုန်သွားလား နားထောင်ကြည့်မယ်"
"မင်း ..ယားတယ်လို့ "
ကောင်းကောင်းမနေပဲ မျက်နှာနဲ့အနှံ့လိုက်ပွတ်နေတော့ ယားတတ်လှသည့် နှိုင်းကမခံနိုင် ။ချော့ပြောမရ ခြောက်ပြော၍လဲ မရနဲ့ ဒီကောင်လေးက ပျော်နေပါသည်ဆိုသည့် အကြောင်းပြချက်နဲ့ ဒီနေ့အတွက်တော့ လူဆိုးလေး ..။
_______________________
#minus-zero
13 November 22
တိုတိုလေး ☺️💛