"မိုးဇော်ကတော့ သူ့လမ်းနဲ့သူသွားတာပဲကွယ်.. ဒီလိုတွေ မဖြစ်ချင်ပေမဲ့ ဖြစ်ရတာပါပဲ မောင်လက်ရုံးပြောကတည်းက ဂရုစိုက်ခဲ့သင့်တာကို ဦး ပေါ့ဆခဲ့လို့ မောင်လက်ရုံးထိခိုက်ခဲ့ရတာ တောင်းပန်ပါတယ်ကွာ "
"ရပါတယ် ဦးမာန်ရှိန် ကျွန်တော်လည်း ဘာမှဖြစ်သွားတာမဟုတ်ပါဘူး ပြီးတော့ ကိုမိုးဇော်တို့အကြောင်းကို ဖိုးထောင်လည်းပြောပြလို့ သိပြီးသွားပါပြီ ကိုမိုးဇော်တို့အတွက် ကျွန်တော်စိတ်မကောင်းပါဘူး "
ဦးမာန်ရှိန်တစ်ယောက် ကိစ္စတွေဖြစ်ပြီးကာမှ နောင်တရနေရခြင်း။မောင်လက်ရုံးက လချုပ်စာရင်းတွေ စကိုင်ကတည်းက ငွေ၀င်ငွေထွက်
စာရင်းတွေမှန်ကန်မှုမရှိပဲ လစ်ဟာနေကြောင်းပြောပြထားပြီး ဖြစ်သည်။စာရင်းတွေကိုင်တာ မန်နေဂျာဖြစ်တဲ့မိုးဇော်တစ်ယောက်သာ ရှိသည့်အတွက် နှစ်ရှည်လများအလုပ်လုပ်ပေးလာခဲ့သော မိုးဇော်ကိုလည်း ချက်ချင်းကြီး မပြောပစ်လိုက်ချင်၍ အလိမ္မာနည်းနဲ့ ဆုံးမထားခြင်း။
ဒီလောက်ထိ မောင်လက်ရုံးကို ထိခိုက်လာလိမ့်မယ် မထင်ခဲ့သော်လည်း ဖြစ်လာခဲ့သည့်အကြောင်းအတွက် ဦးမာန်ရှိန်က ၀တ္တရားမကင်း။မိမိ မကာကွယ်လိုက်နိုင်သည့် လက်အောက်ငယ်သားသဖွယ် ဖြစ်နေသည်မို့ အပြစ်ရှိသလို ခံစားနေရမည်မှာ တာ၀န်ယူတတ်သူတိုင်းရဲ့ စိတ်နေစိတ်ထားပင် ဖြစ်လိမ့်မည်လေ။ခုက မောင်လက်ရုံးက မိမိတူလို ၊သားလိုမို့ ပိုဆိုးရပါသည်။
"လူရမ်းကားတွေ အတွက်တော့ စိတ်မကောင်းဖြစ်မနေပါနဲ့ကွယ် လောင်းကစားနောက်လိုက်သွားတော့ ခုလိုတွေမှားကုန်ရတာပါပဲ.."
"ဟုတ်သားပဲ...မင်းက ဘာလို့စိတ်မကောင်းဖြစ်နေရတာလဲ မေတ္တာရှင်ကြီးလုပ်မနေနဲ့ မင်းကိုဒဏ်ရာရအောင် လုပ်ထားတဲ့သူနော်.."
ဦးမာန်ရှိန်ပြောသည်ကို လက်ရုံးဘေးနားထိုင်နေသည့် သူက၀င်ထောက်ခံနေပြန်သည်။
"ဟို..ကျွန်တော်ပြောတာက ကိုမိုးဇော်လည်း ဖြစ်ချင်လို့ဖြစ်တာမှမဟုတ်တာ..အမြဲတမ်းပိုင်ဆိုင်ထားမယ်ထင်တဲ့ အခွင့်အရေးဖြစ်ဖြစ်၊ပစ္စည်းတစ်ခုဖြစ်ဖြစ် ရုတ်တရတ်ပျောက်ကွယ် ကျိုးပျက်သွားတာမျိုးက သူ့အတွက်လဲ ခံရခတ်မယ်ထင်လို့ပါ "
"မင်းတော့..ကိုယ့်ကိုဒီလောက် ကျိုးပဲ့အောင်လုပ်ထားတဲ့သူကို ခုမှ ဘုရားဖြစ်မဲ့ အုတ်နီခဲနဲ့ လာတွေ့နေတယ်.."
"ဟောဗျာ..ကျုပ်က ကိုမိုးဇော်ကို သနားလို့မဟုတ်ပါဘူး သူ့ဘက်ကတွေးပြီးစာနာကြည့်ရုံပါ ..သူ့အပြစ်နဲ့သူတော့ ခံရမှာပဲလေ ။စိတ်မကောင်းဖြစ်တယ်ဆိုတာက ဘေးနားမှာ ခုလိုမစစ်မှန်တဲ့ သူတွေ၊မလိုတဲ့သူတွေရှိနေလို့ ပြောတာပါ"
ကိုမိုးဇော်ကို သနားလို့ပြောနေတယ်ထင်ပြီး ဘေးနားကနေအားမလိုအားမရ ကိုယ့်အစားဆတ်ဆတ်ထိမခံဖြစ်နေသည့်သူကို ရှင်းပြနေရသေးသည်။ကိုယ့်ဘေးနားမှာ ဒီလိုလူမျိုးတွေရှိနေတာက အမှန်တကယ်လဲ ကံမကောင်းခြင်းတစ်မျိုးပဲ မဟုတ်လား။တစ်နည်းပြောရလျှင် အတိတ်ကပြုခဲ့ဖူးသည့်အကြောင်းကြောင့် အကျိုးတရားတစ်ခုအနေနှင့် ပြန်ခံစားရခြင်းလေ။
"ပြီးတာပဲ.."
ဦးမာန်ရှိန်နဲ့ အန်တီခင်ထားကတော့ သူတို့သားကိုကြည့်ပြီး တပြုံးပြုံး။သူတို့ရှေ့မှာ ခုလိုမျိုး စွာတေးလန်တာမျိုးကို မမြင်ဖူး၍ထင်သည်။ဒီပုံစံမျိုးက ကိုယ်နဲ့မှ ပေါ်ပေါ်လာတာမျိုး။ဒီလူက အခြားသူတွေနဲ့ဆို လူယဉ်ကျေးလေး။ကိုယ်နဲ့မှ ရန်ထောင်တတ်သည့် ကလေးပေါက်လို။စကားကြာကြာပြောလေ ဘုကလန့်တွေ ပြန်ပြောလေပဲ။
"သား မာမီ ငါ့သားလေးကိုတောင် စိတ်ပူလာပြီကွယ် သားအလုပ်မှာရော ဒီလိုမျိုးလူတွေမရှိဘူးဆိုတာ ပြောနိုင်ရဲ့လားကွယ်.."
"မရှိပါဘူး မာမီရဲ့ ..အရမ်းကြီးစိတ်ပူမနေပါနဲ့ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်တဲ့အရွယ် ရောက်နေပါပြီ ပြီးတော့ ဦးမင်းမြတ်ကလဲ ဒယ်ဒီ့မိတ်ဆွေပဲဟာ.."
"အို..ကိုမာန်ရှိန် သားလေးကို ကုမ္ပဏီမြန်မြန်ထူထောင်ပေးလိုက်တော့ သူများအလုပ်ဆိုတော့ ကြီးနိုင်ငယ်ညှင်းတွေ မနာလို၀န်တိုတာတွေက ရှိမှာပါပဲ စိတ်မချပါဘူးတော် .."
"ဟ...အလုပ်မှလုပ်နေရင် ၊လူတွေနဲ့ပေါင်းသင်းနေရရင် ဒါမျိုးတွေက ကြုံရမှာပဲ..မင်းက မင်း သားကို ကိုယ်ပိုင်အလုပ်စီစဉ်ပေးလိုက်ရင် ဘေးကင်းပြီထင်တာလား ပိုတောင်၀န်ပိနေအုံးမယ် မင်းလည်းအလုပ်လုပ်နေတာပဲ သိပါတယ်ကွာ..ဘယ်လောက်ခေါင်းရှုပ်ရလဲဆိုတာ ကျွမ်းကျင်အောင် အရင်သင်ယူပါစေ..ပြီးမှ အစီအစဉ်အတိုင်းသွားကြတာပေါ့..."
"ရှင်ကလဲ ရှင်မွေးထားတာ မဟုတ်တာကြနေတာပဲ.."
"ငါ့သားပါ ..ငါလဲစိတ်ပူတာပဲ ခုလောလောဆယ် မင်းမြတ်ဆီကလဲ အကြံဉာဏ်တောင်းထားပါတယ်ကွာ.."
"ဟုတ်သားပဲ မာမီ..ဒီ့ထက် လေ့လာရအုံးမှာ
ခုလဲ အဆင်ပြေနေပါတယ်.."
ဒေါ်ခင်ထားကလဲ သားကိုစိတ်ပူတာက အသက်ကြီးလေ ပိုတိုးလေလားမသိ။ဦးမာန်ရှိန်ကလဲ ပြဿနာကို ဖြေးဖြေးချင်း ဖြေရှင်းတတ်ပြီး ဝုန်းဒိုင်းမကြဲတတ်သောသူ။သံသယတွေနဲ့စိတ်ပူနေတတ်သော ဒေါ်ခင်းထားနှင့် စိတ်ပူသော်လည်း ထုတ်မပြတတ်သော ဦးမာန်ရှိန်တို့ နှစ်ယောက်က ကီးမကိုက်။
ဒီနေ့တော့ ထမင်းဝိုင်းက အရင်ကလို ဦးမာန်ရှိန်နဲ့ဖိုးထောင်ရဲ့ စကားသံတွေအစား ဒေါ်ခင်ထားရဲ့ စိတ်ပူခြင်းတွေက အစားထိုး၀င်ရောက်ပါတယ်။
**********
"ဘာလဲ ၀င်လာပြီးဘာမှမပြောဘူး...ကျုပ်ရေချိုးတာကို လာချောင်းကြည့်မယ်ကြံနေတာလား ..."
"အရူးလား...ငါက ကြံကြံဖန်ဖန်ချောင်းစရာလား...မင်းကခုရေချိုးနေတာမှမဟုတ်တာ ချိုးပြီးပြီလေ ငါလာချောင်းတယ်ဆို မင်းရေချိုးခန်းထဲ ရှိနေတဲ့ချိန် ချောင်းမှာပေါ့.."
"ဒါဆို ကျုပ်ရေပြန်ချိုးလိုက်မယ်လေ
ခင်ဗျား ဆိုရင်...ရေပါ အတူတူချိုးလို့ရတယ်.."
"မင်း.."
"ဒါဆို..အဖြေပြန်ပေးမလို့ ကျုပ်အခန်းထဲထိ လာတာလား..."
"မင်း.."
"ပြောလေ..ဒါပေမဲ့ မငြင်းရဘူး"
ဒီလူလည်ကောင်လေးကတော့ နှိုင်းကပြောစရာရှိလို့ လာသည်ကို စကားလမ်းကြောင်းလွဲအောင် လုပ်နေပြန်သည်။
"ငါ အဲ့ဒါပြောမလို့ လာတာမဟုတ်ဘူး .."
"မဟုတ်ရင်...ဘာလဲ"
"အ၀တ်အရင်လဲလေ..အအေးပတ်ချင်နေတာလား..ဒီတစ်ခါဆို ဘယ်သူမှဆေးရုံ လိုက်စောင့်မပေးတော့ဘူး.."
နှိုင်းလာတည်းက ခုချိန်ထိ အောက်ပိုင်းကို တပတ်တစ်ထည်တည်း ဖုံးထားပြီး နေနေတာ။ဒီကောင်လေးကတော့မသိ နှိုင်းကတော့ ယိုသူမရှက် မြင်သူရှက်ဆိုသလို မျက်နှာလွှဲပြီးစကားပြောနေရသည်။ဒါကို ဒီကောင်လေးက နှိုင်း တည့်တည့်မကြည့်ရဲတာကို သိသိနဲ့ တမင်လုပ်နေသလို။
"ခင်ဗျားရှိတာကို...ဘယ်သူမှလိုက်စောင့်မပေးလဲ ရနေတာပဲ "
"ဘယ်သူမှမရှိပါဘူးဆို ငါလဲမပါဘူး.."
"နေနိုင်လို့လား..."
"မင်း..ဘာလို့စကားတွေ ရှည်နေရတာလဲ..
ရော့ ခေါင်းပြောင်အောင်သုတ်..."
နှိုင်းလဲ ဒီကောင်လေးစကားတတ်တာကို လိုက်ချေပမနေနိုင်တော့ ။တကယ် နှိုင်းကိုဆို အမြဲချောင်ပိတ်သွားအောင် လုပ်တတ်လွန်းပါသည်။
စကားတွေသာ စီပြောနေတာ ခေါင်းက အစိုကြီးနဲ့ ကောင်လေးက အမှန်တကယ်အအေးမိတော့မည့်ကိန်း မြင်နေသည်မို့ ကုတင်ပေါ်က တဘတ်ကောက်ပေးလိုက်ကာမှ...
"မင်း...ဘာလုပ်တာလဲ ငါ့လက်ကို ဘာလို့ဆွဲထားရတာလဲ..လွှတ်လေ "
"အင်း...သုတ်ပေး"
"ဘာ..ဘာကို သုတ်ပေးရမှာလဲ "
"ဒီမှာလေ ..ခေါင်းက ဒီလောက်စိုနေတာ စိတ်ပူတယ်ဆို သုတ်ပေးသင့်တယ် မဟုတ်လား.."
"ငါ..ငါက ဘာလို့စိတ်ပူရမှာလဲ ကိုယ့်ဘာသာသုတ်လေ.."
နှိုင်းထက် ခေါင်းတစ်လုံးသာသည့်ကောင်လေးက နှိုင်းရင်ခွင်ထဲ ရေစက်လက်နှင့် အတင်းတိုး၀င်နေသည်မို့ နှိုင်းမှာ အထစ်ထစ်အငေါ့ငေါ့။
ပြီးတော့ ခုထိ အကျီက မ၀တ်ရသေး။နှိုင်းတော့ ဒီကောင်လေးကြောင့် အသတ်တိုမည် ပြောပြောနေတာ စကားတင်မဟုတ်၊အမှန်တကယ်။
"အဖြေပြန်မပေးရင်..သုတ်ပေးရမယ်..
..ကျုပ်ကလာမတောင်းတော့ ခင်ဗျားက လာနေတာလေ ..ဒီတိုင်းတော့ ပြန်မလွှတ်ပေးနိုင်ဘူး.."
"မင်းက ချစ်တီးလား..တစ်ခုမရ တစ်ခုရအောင်ယူမယ်ဆိုတော့.."
"မဟုတ်ဘူး...ခင်ဗျားတစ်ယောက်တည်း အပေါ်မှာတော့ ဟုတ်ချင်ဟုတ်လိမ့်မယ်..ခင်ဗျားကလွဲ အခြားသူဆိုရင်တော့ ဝေနေတာတောင် သွားမယူဘူး.."
"အဟွင်း..ပြီးတာပဲ"
"ဒါဆို သဘောတူလား.."
"ဟင်..ဘာကိုသဘောတူရမှာလဲ "
"ကျုပ်ကို ...ပြန်ချစ်မယ်လို့လေ..
သဘောတူလားလို့.."
"ဘာကို...မင်းကိုပြောတဲ့ထဲ အဲ့တာပါလို့လား.."
"မပါပေမဲ့..လိုချင်တာပြောတာလေ "
"ငါ..ငါပြန်တော့မှာ..."
"နေအုံးလေ..ပြောစရာရှိတယ်ဆို.."
အ!
လာရင်းက ဒီကောင်လေးအလုပ်ပြန်ဆင်းတာ အဆင်ပြေမပြေလာမေးတာဖြစ်သည်။ခုမှ နေကောင်းခါစမို့ နှိုင်းစိတ်ပူနေမိသည်။မေးရင်ကောင်းမလား၊မကောင်းဘူးလားနှင့် ချီတုံချတုံဖြစ်ပြီးမှ လာမေးရခြင်း။ဒါကို ဒီကောင်လေးကြောင့် ဆိုလိုရင်းကမရောက် ။
မဆိုင်တာတွေပြောပြီး သူလိုချင်တာကိုပဲဆွဲပြောသည်မို့ ကြာကြာနေရင် မလွယ်နိုင်၍ ပြန်ထွက်မည်အပြု...နှိုင်းလက်ကို လှမ်းဆွဲလိုက်သောကြောင့် ဟန်ချက်မညီဖြစ်ကာ လဲမကျသွားအောင် နှိုင်း ဆွဲမိရာဆွဲလိုက်တာ...
နှိုင်းလက်က ဒီကောင်လေးရဲ့ အ၀တ်စလစ် ရင်ဘတ်ကြီးနဲ့ မိတ်ဆက်တယ်...
နှိုင်းခါးလေးကိုလဲ လဲမကျသွားအောင် သူ့လက်တစ်ဖက်နှင့် ဆွဲထိန်းပေးထားသေးသည်...
"နမော်နမဲ့နဲ့..အမြဲ ကျုပ်မရှိရင် ဘယ်လိုလုပ်မလဲ.."
"မင်းကြောင့်.."
"ဟောဗျာ...ဒီက ကူညီထားတာနော်.."
"မလိုဘူး.. ဖယ် လွှတ်"
နှိုင်းခါးအောက်က သူ့လက်ကို လွှတ်ခိုင်းတော့...
သူ့ရင်ဘတ်ကို ကိုင်လျှက်လားဖြစ်နေတဲ့ နှိုင်းလက်ကို မေးငေါ့ပြီး...
"ကိုင်ချင်ရင်လဲ ပြောမှပေါ့...
ခင်ဗျားဆိုရင် ခွင့်မတောင်းလဲ ပေးကိုင်ပါတယ်
ခင်ဗျား အပိုင်ပဲဟာ.."
"ဘာကို..ငါကမင်းရင်ဘတ်ကို ဘာလို့ကိုင်ချင်ရမှာလဲ..ဘာတွေလာပြောနေတာလဲ အဲ့ six-packs
တွေကို ငါကထိချင်တယ်များ ထင်နေတာလား..."
"အဟက်...ဒီလူတော့ မထိချင်ဘူးဆို ဘာလို့ လက်နဲ့လာထိပြီး ပြောနေသေးလဲ.."
"မင်း...ဖယ်
မင်းနဲ့မပြောတော့ဘူး..."
"ခင်ဗျား..."
နှိုင်းကပြောလဲပြော သူ့ဗိုက်သားအမြှောင်းကြီးတွေကိုလဲ အားပါပြီး မထင်မှတ်ဘဲ ထိမိသွားတာ။ဒါကို ဒီကောင်လေးက လှောင်နေသလိုလို။
နှိုင်းလဲ ရှက်ရှက်နှင့် သူ့လက်ထဲကရုန်းကာ တွန်းတိုက်ပြီး ထွက်လာပစ်သည်။ဤသည်ကို နောက်ကနေ နှိုင်းကိုလှမ်းအော်နေသေးသည်။လူလည်ကောင်လေး ၊အမြဲ အလွဲလွဲအမှားမှားမို့ နောက်တော့ ယောင်လို့တောင် မလာရဲတော့။
"ဟင်...ဖိုးထောင် "
"ဟဲဟဲ...ဟို ကိုကြီးနှိုင်းတု ကျွန်တော်ဘာမှမမြင်ဘူးဗျ.."
ဒီကောင်လေးအခန်းထဲက ထွက်မည်အပြုတံခါး၀မှာ ဆန့်ဆန့်ကြီးရပ်နေသည့် ဖိုးထောင်ကိုမြင်မှ နှိုင်းမှာပိုရှက်ရသည်။အစောကအခြေအနေကို အကုန်မြင်သွားတာလား ၊ဘာလားမသိ။ပါးစပ်ကသာ ဘာမှမမြင်လိုက်ဘူး ပြောနေတာ မျက်နှာက စပ်ဖြီးဖြီး။အဲ့ဒါ ဒီကောင်လေးကြောင့်၊သူ့ကြောင့် သူနဲ့စကားများနေရလို့ နှိုင်း ဖိုးထောင်ကိုတောင် မမြင်မိတာ။
"တကယ်လား..ပြီးတာပဲ.."
"ဟဲဟဲ ဟုတ်ကဲ့ဗျ "
ကိုကြီးနှိုင်းတု ဘယ်ချိန်ကတည်းက ကိုကြီးလက်ရုံးအခန်းထဲ၀င်လာပြီး ဘယ်လောက်ပြန်ချင်နေသည်မသိ ဖိုးထောင်ကိုတောင် တိုက်မိမတတ် ပြေးထွက်သွားသည်။တကယ် ဖိုးထောင် ဘာမှမြင်လိုက်ရတာမဟုတ်။ဖိုးထောင်ရုပ်ကိုက ကိုကြီးလက်ရုံးနဲ့ကိုကြီးနှိုင်းတုကို တွဲမြင်နေရင် အမြဲဒီအတိုင်းလေ။
ဘာရယ်မဟုတ်ပါဘူး ညားစေချင်ရုံလေး...။
***********
Part-2 >>>>>>>>