ဖိုးထောင်တို့ ပြန်သွားပြီးကတည်းက ဒီလူတစ်ယောက်တည်း ဘာတွေအလုပ်ရှုပ်နေသည် မသိ။အခန်းထဲ ရှေ့လျှောက်နောက်လျှောက်နှင့်လှည့်ပတ်ကြည့်ပြီး စစ်ဆေးတယ် ။မသိလျှင် လူနာခန်းတွေ သန့်မသန့်လိုက်စစ်သည့် ဆေးရုံက တာ၀န်ရှိဆရာတွေအတိုင်း။မဟုတ်တောင် မနက်ကတည်းက အထူးခန်းထဲ ဘာတွေရှိသည်၊လိုအပ်လျှင်လည်း သန့်ရှင်းရေးတွေ၊ နေ့ဖြစ်စေ ညဖြစ်စေ အစောင့်တွေထံ ခေါ်မေး ခေါ်ပြောနိုင်ကြောင်းကို အက်ကြောင်းထပ်အောင် ပြောသွားသဖြင့် ဖိုးထောင်ပင် နားပွင့်မတတ် နားထောင်ခဲ့ရပြီးပြီ။ဒါကို ဒီလူက လိုက်စစ်နေသည်မှာ မပြီးနိုင်။
တိုက်ရမည့်ဆေးတွေကို ကြည့်ပြီး တွေ့ကရာ မစီမရီထားခဲ့သည့် ဖိုးထောင်ကိုလည်း အပြစ်တင်နေသေးသည်။နေ့ ၊ည ခွဲခြားပြီး ဆေးကတ်တွေ ပြန်စီတယ်၊ မှင်တွေနဲ့ ထင်ခြားအောင် လိုက်မှတ်တယ်။ကိုယ့်ကိုလဲ ခေါင်းမူးသေးလား၊ ခေါင်းနောက်သေးလား စုံနေအောင် တစ်မိနစ်ခြားတစ်ခါလောက် မေးနေသောကြောင့် ခေါင်းကဒီတိုင်းဆို သိပ်မမူး ၊ပြန်ဖြေနေရသောကြောင့် အလှူ၀တ်လှည့်ရင် ရှေ့ဆုံးကပါသည့် မောင်းကြီးလိုပဲ ခြာခြာလည်နေရသည်။
ဘာရယ်မဟုတ် စဉ်းစားမိတာက ဒီလူ စီးပွားရေးမလုပ်ပဲ ဆရာ၀န်လုပ်ရမှာ။စေတနာထားသည့်နေရာမှာလည်း ဘုရားဖြစ်မည့်လောင်းလျာ ပါရမီဖြည့်နေသည်လားဟုပင် ထင်ရသည်။လူချစ်လူခင်ပေါပြီး လူတကာချစ်ခင်အောင်နေတတ်သည့် ဒီလူက အရင်ဘ၀က မျက်နှာမြင်ချစ်ခင်ပါစေ၊အသံကြားသနားပါစေ ဆုများပြည့်လာလား ထင်မိသည်။ဆရာ၀န်ဆိုလျှင် မျက်နှာလှလှ၊အသံလှလှလေးကြောင့် လူနာတွေဝိုင်းနေမည့်ပုံ။
"မင်း...ဆေးသောက်ချိန်ရောက်ပြီ..ငါ စားပွဲခင်းလိုက်တော့မယ်.."
"အင်း..."
ဆေးကတ်တွေကို အကျအနစီရီမှတ်သားပြီး နာရီကိုတစ်ချက်ကြည့်ကာ ဆေးသောက်ချိန်ရောက်ပြီဟု ပြောလာသည်။
ပြီးတာနဲ့ စားပွဲအသေးလေးကို ကုတင်ပေါ် တင်ပေးပြီး အရီးမြချက်လာတဲ့ ဆန်ပြုတ်တွေ၊အသားကြော်တွေကို အစီအရီချတယ်။ချိုင့်တွေရော အုပ်တွေပါမကျန် ဇွန်းတွေ အစိလိုက်တပ်ပေးကာ ပါလာတဲ့ လက်သုတ်ပုဝါလေးက အစ မပေမကျံစေရန် အသင့်အနေအထား။
ဒီလူ သူ့အခန်းထဲဆို ပစ္စည်းတွေဟိုထားသည်ထားနှင့် အရမ်းကြီးအနေအထိုင်စုတ်ပြတ်နေသည်မဟုတ်သော်လည်း ဒီလောက်တော့သပ်ရပ်မနေ။ခုမှ ပြုပြုသမျှတွေ နုယွသပ်ရပ်နေသူကြောင့် ကိုယ့်မှာ အံ့အံ့ဩဩ။စောင့်အိပ်ပေးတာကိုလည်း ထူးဆန်းတယ် ၊ဒီလိုတွေလုပ်ပေးနေတာကိုလည်း သဘောကျတယ်။အနားမှာ ဒီလူရှိနေ၍ ပိုသဘောကျပါသည်။ဒဏ်ရာရသည်ကိုပဲ ပြေးကျေးဇူးတင်ရ မလိုလိုနှင့် ။
မျက်နှာဖူးဖူးလေးက ကိုယ့်ကိုကလေးတစ်ယောက်သဖွယ် အစအဆုံးလိုက်လုပ်ပေးနေကာ လုပ်နေကျအရာတွေလို လူအထင်ကြီးအောင် အတင်းလုပ်ပြနေသောကြောင့် ကိုယ့်မှာ မဟားတရားသဘောကျနေသလို တစ်ဆက်တည်းမှာပဲ ရယ်ချင်သလိုလို။သို့သော် မရယ်ရက်သည့်အပြင် ဒီလူစေရာ အကုန်လိုက်နာနေရတဲ့ သံပတ်ရုပ်လို စနစ်သွင်းပြီးသား
ရောင်းရန်အသင့်ရှိနေသည့် အရာလို။
"မင်းလက်က..စားနိုင်ရဲ့လား ဇွန်းမကိုင်နိုင်ရင်.. ငါကျွေးပေးမယ်လေ.."
"အင်း...ခင်ဗျားခွံ့ကျွေးရင် ကောင်းမှာ.."
အမှန်တကယ်ပင် ဇွန်းတောင်မကိုင်နိုင်ကြောင်း ပတ်တီးအဖွေးသားနဲ့ လက်ကို မြှောက်ကာ ပိုပိုသာသာ ပြောတော့...
"မင်း..ကိုင်နိုင်ရဲ့သားနဲ့ တမင်လုပ်နေတာမလား...ပြစမ်း"
"အ!...နာတယ် "
"ဟင်...တကယ်။နာသွားတာလား"
ဒီလူတော့ တမင်လုပ်နေတာလားဆိုပြီး လက်ကိုလာဖိပစ်တယ်။အရိုးကျိုးသွားသည် မဟုတ်သော်လည်း ခုမှ လက်လက်ဆက်ဆက်ကြီးဆိုတော့ စပ်သွားရတယ်။ဟိုတနေ့ကမှ ဒီလူကြောင့် လက်ကခိုင်တာမဟုတ် ယခုကိစ္စကြောင့် ကျိုးမသွားတာကံကောင်း။လက်ကို ခနခနလာထိခိုက်နေသူကြောင့် ပေးထားတဲ့ အိန်ဂျယ်ရာထူးတောင် ပြန်ချချင်လာရသည်။စေတနာကမ်းပိုတာတွေက ကိုယ်မှတပါး အခြားသူတွေအပေါ် အကုန်စွန့်ကြဲသည်လား မသိ။
"ကျုပ် တကယ်ပြောတာ ..လက်က နာတာမပျောက်သေးဘူး...ခေါင်းကလဲ မူးနေလို့ ဇွန်းတောင် အနိုင်နိုင် တကယ် ကိုင်နိုင်တာမဟုတ်ဘူး..။အင်း..ဖိုးထောင်ရှိရင်တော့ ဒီလိုတွေ ပြောနေရမှာ မဟုတ်ဘူး ခွံ့ကျွေးနေလောက်ပြီ.."
"မင်း..ငါလဲ ခွံ့ကျွေးမှာပေါ့ မင်းမှတကယ်မစားနိုင်တာ..ငါ့ကိုသာ လူဆိုးဇာတ်သွင်းမနေနဲ့ .."
ဖိုးထောင်အစား မိမိကို စောင့်ပေးမည် ပြောကတည်းက စိတ်ရင်းနဲ့မှန်း သိသော်လည်း စချင်သောကြောင့် အနိုင်ကျင့်ခံရသည့် ကလေးငယ်လို စနောက်ပြောတော့ သူ့ကို လူဆိုးဇာတ် သွင်းမနေပါနဲ့တဲ့ ၊တကယ့်လူ။
"အင်း..ပြီးတာပဲ "
"ဆန်ပြုတ်က နဲနဲတော့ အေးသွားပြီ အုပ်ထဲဆိုပေမဲ့ အပူပျယ်သွားတာ...ဒါပေမဲ့ နွေးနွေးလေးနဲ့ သောက်ကောင်းပါပဲ ပူနေရင် လျှာတွေဘာတွေ ကျက်နေအုံးမှာ..မင်း သောက်နိုင်တယ်မလား..."
"ကျုပ်...သောက်နိုင်ပါတယ်.."
ဆန်ပြုတ်တွေကို တစ်ဇွန်းပြီး တစ်ဇွန်း ဂရုတစိုက် ခပ်တိုက်နေသည်မှာ စောစောက ခွံ့မကျွေးချင်၍ ဟန်ဆောင်နေသည်လားဆိုပြီး လက်ကို လာခိုက်သည်မှာ သူမဟုတ်သည့်အတိုင်း။လူမမာစာမုန်းတီးရေး ခေါင်းဆောင် ကိုယ်ကလည်း ဒီလူတိုက်မှ နတ်သုဒ္ဓါ စားနေရသလို။အမှန်ဆို နတ်သုဒ္ဓါတောင် ဒီလူကျွေးတာလောက် စားမကောင်းမည်မှာ ဧကန်မုချ။
တခါတခါ ပူမနေတာကိုဘဲ ယောင်ယမ်းပြီး မှုတ်လိုက်တဲ့အခါ ဆူထွက်လာတဲ့ နှုတ်ခမ်းလုံးလုံးလေးကို သတိလက်လွတ် ကြည့်မိတယ်...
အပေါ်စီးက မြင်နေရတဲ့ မျက်တောင်ရှည်ကြီးတွေနဲ့ လှုပ်စိလှုပ်စိ မျက်ခွံ့လေးတွေကို ထိတွေ့ချင်နေမိတယ်...
နှာခေါင်းလုံးလုံးလေးကလည်း ဆွဲဖျစ်ညှစ်ပစ်ချင်စရာ အတိမို့ စိတ်လိုလက်ရ ငေးနေတိုင်းမှာ
"မင်း...ဘာကြည့်နေတာလဲ " ဆိုပြီး သူကျွေးတာကို တန်းမစားဘဲ ပေါက်ထွက်သွားမတတ်ကြည့်နေတဲ့ ကိုယ့်ကိုဆူတယ်။
ဒီကောင်က တစ်နေကုန်ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေနိုင်တဲ့ကောင်ဆိုတာကို ဒီလူက မသိလေရော့သလား။
"ဆန်ပြုတ်တွေ..ကုန်တော့မယ်လို့ ပြောတာပါ"
"အင်း...ကုန်ရင် ဆေးသောက်ရမယ်။ဒါတွေလဲစား...အားရှိအောင်..မူးဝေအော့အန်နေတာမျိုး မရှိရင် စိတ်ချရပြီမလို့ ဆေးရုံကဆင်းလို့ရပြီလို့ ..ဒေါက်တာ ပြောသွားတယ်မလား.."
ဆန်ပြုတ်တွေ အကုန်ပြောင်အောင်တိုက်သည့်အပြင် အသားကြော်တွေပါမကျန် အကုန်စားခိုင်းသည်။သောက်ရမည့်ဆေးတွေ အကုန်ထုတ်ချပေးပြီးကာမှ စားပွဲတွေအကုန် ပြန်သိမ်းဆည်းက ဘေးနားကခုံလေးအပေါ် ငြိမ်ငြိမ်ထိုင်သည်။
ဒါတောင် ဆေးမသောက်မည် စိုး၍ထင်သည်၊ဆေးသောက်မပြမချင်း ဘေးနားက စောင့်ကြည့်နေသေးသည်။အကုန်မော့သောက်ပြလိုက်ကာမှ လုပ်စရာရှိတာဆက်လုပ်တာ ဖြစ်သည်။မိမိက ဆေးရုံဆေးခန်း လာရမှာခဲယဉ်းသော်လည်း ဆေးထိုး၊ဆေးသောက် အဲ့လောက်ကြောက်သည့်သူမဟုတ် ၊ဒီတိုင်းမလာချင်တာ။မလာချင်တာလဲ မဆန်း၊မည်သူမျှလာချင်သည့်ထဲ ဆေးရုံဆေးခန်း ပါမည်တဲ့လဲ။
အမှန်ဆို ဆေးရုံမတတ်ချင်သော်လည်း အန်တီခင်ထားတို့က လက်မခံမှာ သိသောကြောင့် အသာနေလိုက်ရတာ ဖြစ်သည်။ရွာမှာဆို ဘာတွေခိုက်မိမိ အိမ်တွင်းဆေးမြီးတိုနဲ့ပဲ ပြီးလာတာ။အမေတို့ကလည်း ပြောမရဘူးဆိုတာသိသည့်နောက် ဒီတိုင်းပဲနေရသည်။ကိုယ်ကလဲ အသက်ပျင်းသည်ထင်သည် ပေါက်ပြားခိုက်မိလည်း အနာက အေးဆေးကျက်သည်၊ကိုယ်ကဂရုမစိုက်ပြတော့ ဒဏ်ရာတွေကလည်း လက်မြှောက်ထားသည်လား မသိ။
"ခင်ဗျားကရော..ဘာစားမှာလဲ မစားရသေးဘူးမလား....ဆေးရုံ၀န်းထဲကဆိုင်တွေ မစားချင်ရင် အနီးနားကဆိုင်တွေ ထွက်စားလို့ရနေတာပဲ...
အန်တီခင်ထားက ထမင်းစားဖို့ မှာခဲ့တယ်မလား.. ကျုပ်ကို ထားခဲ့လို့ရပါတယ်.. "
"ငါမစားတော့ဘူး... သစ်သီးတွေပါနေတာပဲ။ဒါပဲ စားလိုက်တော့မယ်... မင်းစားဖို့ရော ငါခွာလိုက်မယ်.. "
ဒီလူတော့ အန်တီခင်ထားက ထမင်းစားဖို့ရာ တဖွဖွမှာခဲ့သည်မှာ ဒီလိုတွေကြောင့်နေမှာ။တော်ကြာ လူနာကမလဲပဲ လူနာစောင့်က လဲနေကာမှ မကောင်းဖြစ်တော့မည်။
"မစားပဲ မနေရဘူး... မဟုတ်ရင် ကျုပ်လိုက်ခဲ့ပေးရမလား... အဖော်ရှိအောင်"
"ရတယ်.. ငါမစားချင်လို့ "
နှိုင်းတကယ် ဗိုက်လဲမဆာ၊ညနေစာတွေ သိပ်မခုံမင်တဲ့ နှိုင်းက အကျင့်ပင်ဖြစ်နေလေပြီ။နှိုင်းအကြောင်းကို သိသည့်မာမီကလဲ နှိုင်းကို ညနေစာစားဖို့ရာ တဖွဖွမှာခဲ့သော်လည်း ဒီကောင်လေးတစ်ယောက်တည်း ထားမသွားနိုင်။ဒါကိုပင် လူနာက နှိုင်းနဲ့ အဖော်လိုက်လုပ်ပေးမည်တဲ့။
"မစားပဲတော့ မနေပါနဲ့ ... သစ်သီးတွေနဲ့လဲ ဗိုက်ပြည့်မှာမှ မဟုတ်တာ... ရောဂါရရင် ဘယ်လိုလုပ်မလဲ မုန့်တွေရှိတာပဲ သစ်သီးထက်စာရင် မုန့်ကပို၀မ်းအေးမှာပါ ခင်ဗျားအပြင်ထွက်မစားချင်ရင်
မုန့်တော့စား... "
"ငါမုန့်မကြိုက်ဘူး... ပြီးတော့ အကျင့်ဖြစ်နေတာမို့ တစ်နပ်လောက်မစားလဲ ရပါတယ်... "
"ရွာမှာ.. စားတယ်လေ "
"အဲ့မှာက.. ဗိုက်ဆာနေတာလေ "
ဒီကောင်လေးကတော့ သူတို့ရွာမှာ နှိုင်းဗိုက်ဆာလို့ သူယူပေးခဲ့သည့် မုန့်ကိုအမှတ်ရပြီး ပြောနေပြန်သည်။ဘာလေးဖြစ်ဖြစ် ဒီခေါင်းလုံးလုံးလေးက အပြည့်မှတ်သားထားလားမသိ။
"ကျုပ်ကို ကြည့်ပြောမနေနဲ့ ဓားပြတ်မယ်.. "
သစ်သီးတွေ အခွံခွာရင်း အပေါ်မော့ပြောနေသူကြောင့် ဓားရှသွားမှာ စိုးရသေးသည်။၀ယ်လာတာတွေ အကုန်ခွာမည်လားမသိ အောက်ကိုအကုန်စီချထားသော်လည်း ခုထိတစ်လုံးတောင် ဖြောင့်ဖြောင့်မပြီးသေးသောကြောင့်...
"ပေး..ကျုပ်ခွာပေးမယ် တော်ကြာမကျွမ်းမကျင်နဲ့ လက်ရှနေမယ်.."
"ရတယ်..မင်းကလူနာလေ ငါခွာပါ့မယ် ..
ငြိမ်ငြိမ်ထိုင်နေ...လက်ကလဲ နာနေသေးတာဆို...ဇွန်းတောင်မကိုင်နိုင်ဖြစ်နေတဲ့သူက ဓားကိုင်အုံးမလို့လား..."
ခုမှ ကိုယ်ထောင်ထားသည့် ကျော့ကွင်း ကိုယ်ပြန်မိသည့် မုဆိုးတစ်ပိုင်း ဖြစ်သွားရသည်။မိမိပြောထားတဲ့စကားအတိုင်း မိမိပြန်ပတ်နေသည်။
လက်ကနာသော်လည်း အရမ်းမဟုတ်။ဒီလူမကျွမ်းမကျင် ခွာနေတာမြင်ပြီး ခိုက်မိသွားမှာစိုးသည့် ကိုယ်ကပဲ သွေးတတ်မတတ် ရင်တမမနှင့်မို့ ကိုင်တိုင်ခွာလိုက်တာ အကောင်းဆုံးလေ။
"လက်ကနာနေပေမဲ့ ...ခင်ဗျားဓားထိသွားမှာ ပိုကြောက်တယ်...ဗိုက်ဆာတယ်ဆိုလဲ ကျုပ်ပဲခွာပေးမယ်"
"ရတယ်...ငါ့ဘာသာ ခွာမယ် "
သူခွာမယ် ကိုယ်ခွာမယ်နဲ့ ဒီနေ့စားလိုက်ရမှာမဟုတ်။ခွာနေသည့်အသီးသာ လူဆို နားညီးလို့ ထအော်နေလောက်ပြီ။မုန့်လုစားနေကြသည် မဟုတ်သော်လည်း အဝေမတည့်။
တီးတောင် ! တီးတောင် !
"ဒေါက်..ဒေါက်..!"
အပြန်အလှန် ငြင်းခုံနေစဉ် ဘဲလ်တီးသံတွေရော တံခါးခေါက်သံတွေပါ တစ်ပြိုင်တည်း ကြားလိုက်ရသောကြောင့် တံခါးနား အပြေးလေးသွားကာ တရားခံရှာရသေးသည်။မသိလျှင် လက်ဆော့သည့်ကလေး လာနောက်နေသလို။
ဘဲလ်တီးရင်လဲ တံခါးမခေါက်နဲ့တော့လေ။
"မိုးဇက်...မင်းတို့လား
ဘယ်လိုရောက်လာကြတာလဲ.."
မိုးဇက်နှင့် နှိုင်းသူငယ်ချင်း တစ်သိုက်ဖြစ်သည်။တောက်တောက်ပြောင်ပြောင်တွေ ၀တ်စားလာကာ ဆေးရုံကို တစ်သိုက်လုံးရောက်လာကြသည်မှာ ဘယ်လိုမှ ပနံမသင့်။
"ဘယ်လိုရောက်လာရမှာလဲ...မင်းကို သွားခေါ်တာ..အဲ့တာ ဆေးရုံရောက်နေတယ် ဆိုလို့ လူနာလာမေးတာ..."
"လူနာက ..ငါမဟုတ်ဘူး"
"နှိုင်းတု ..မင်းနှယ် ရှည်လိုက်တာ မင်းမဟုတ်မှန်းသိတယ် ..မင်းလာမေးတာမဟုတ်ဘူး လူနာကိုလာမေးတာ ..ဒဏ်ရာရထားတဲ့သူကို လာမေးတာ..ရှင်းပြီလား.."
"ဒါနဲ့ ..မင်းက ဒီနေ့ ငါတို့ကောင်တွေကို ဒီအပေါက်၀က လှည့်ပြန်ခိုင်းနေတာလား..နဲနဲပါးပါးဖယ်အုံး..လူသွားလို့ရအောင်.."
ဒီကောင် သာလွန် တစ်ခါလေးဒုက္ခပေးမိသည်ကို ခုထိအခဲမကျေသေးဘူးထင်သည်။ခုလဲ ဘာမှမဟုတ်ပဲ အပေါက်၀ပိတ်ရပ်နေမိတဲ့ နှိုင်းကို တွန်းတိုက်ပြီး အထဲဇွတ်၀င်သည်။မဟုတ်လဲ မ၀င်ခိုင်းမှာကျလို့။
လက်ထဲမှာလဲ အထုပ်တွေနဲ့ တစ်သိုက်လုံး တဝေါဝေါ ၀င်သွားသည်မှာ ဆေးရုံကို သွားနေကျ အရက်ဘားနှင့် မှားလာသည်လားမသိ။အပြောကြမ်းသည့် ဒေါက်တာဖြစ်ဖြစ်တွေ့သွားလျှင်မလွယ်၊ ဒီကောင်တွေကြောင့် ခေါင်းပါကြိုကြိမ်းနေရသည်။ခုလောလောဆယ်တော့ ကြိုတင်ကာကွယ်သည့်အနေနှင့် တံခါးအမြန်ပိတ်လိုက်ရသည်။
သုံးယောက်သား လူနာလာမေးသည်သာပြောတာ ဘာတစ်ခွန်းမှ နှုတ်ဆက်ခြင်းမရှိဘဲ တွေ့ကရာခုံပေါ် သက်သက်သာသာ၀င်ထိုင်နေတယ်။
လူနာလာမေးသည့်ပစ္စည်းကလဲ ကြက်ခေါက် တွေ၊အကင်တွေ စုံနေအောင်၀ယ်လာသည်။လူနာအတွက် မဟုတ်ပဲ သူတို့စားဖို့ ၀ယ်လာကြသည်လားမသိ။
နှိုင်းမြင်ဘူးတာတော့ ပန်းခြင်းတွေ၊ဆေးခြင်းတွေ ၊သစ်သီးခြင်းတွေပဲ မြင်ဖူးခဲ့တာ ။ခုဟာက ဟုတ်မနေ၊တကယ် ဗရုတ်ကောင်တွေ ။
"သာလွန်...မင်းဟာက လူနာလာမေးတာလား..မင်းတို့စားဖို့ ၀ယ်လာကြတာလား..."
"နှိုင်းတု..ငါတို့က စေတနာနဲ့၀ယ်လာကြတာနော်...ပြီးတော့ လက်ရုံးက ဖျားနာနေတာလဲ မဟုတ်ဘူးလေ..ဗိုက်ပြည့်တဲ့ဟာပဲ ၀ယ်လာတာ..
ပန်းတွေဘာတွေက ဘာလုပ်မှာလဲ မိန်းကလေးလဲမဟုတ်..အလကား ပကာသနတွေ စေတနာတွေကို မြင်စမ်းပါ.."
သာလွန်ပြောလိုက်ကာမှ နှိုင်းက ပကာသနတွေသဘောကျသည့်သူလိုလိုနှင့် စေတနာနားမလည်သောသူ ဖြစ်သွားရသည်။သဘောတရား ပြောပြသည်ကို သူပြောလိုက်ကာမှ တစ်စိတ်က တစ်အိတ်ဖြစ်သွားရသည်။
"လက်ရုံး...ငါ့ညီ သက်သာတယ်မလား ...မင်းဟာက အရင်တခါတွေ့ပြီး တွေ့မဲ့တွေ့တော့လည်း ပတ်တီးအခန့်သားနဲ့ကွာ..."
"ဟေ့ရောင် ညီစေ...သူကောင်းကောင်းကန်းကန်းလာတွေ့တုန်းက မင်းတို့ကောင်တွေက လူမသိသူမသိ လမ်းဘေးခွေးတွေလို မှောက်နေကြတာလေ..."
ညီစေက အရင်တခေါက် နှိုင်းတို့လိမ့်နေစဉ်က ဒီကောင်လေးလာသည်ကို မသိ၍ ပြောနေခြင်း၊ ဒါကို သာလွန်က ကြုံတုန်း ဒေါက်ဖြုတ်ပြနေသည်။
"အေးပါကွာ...အဲ့ညက တော်တော်မူးသွားလို့ပါ..မင်းကလဲ"
"ကျွန်တော်သက်သာပါတယ်ဗျာ...ပြီးတော့ ကျွန်တော်ညနေစာစားပြီး ဆေးသောက်ပြီးနေပြီမို့..မစားနိုင်တော့ဘူး..။အကိုတို့ကို အားနာပါတယ် ဒါပေမဲ့ အလကား မဖြစ်ပါဘူး အကိုတို့ သူငယ်ချင်းခုထိ ညစာ မစားရသေးဘူးလေ .."
"ဘာ...အချစ် ခုထိညနေစာ မစားရသေးဘူးဟုတ်လား...ဘယ်ချိန်ရှိပြီလဲ ၇နာရီတောင် ကျော်ပြီ...ခုစားရမယ် အချစ်ကို ကိုယ်တိုင်ထည့်ပေးမယ် ..."
ဒီကောင်လေး နှိုင်းညစာ မစားသည်ကိုပဲ မည်သူ့တိုင်ရင် ကောင်းသည် ထိုင်စဉ်းစားနေသည်လားမသိ။ဒါကို မိုးဇက်ကလည်း ရိုးရာမပျက် ကပျက်ကချော်။
"နှိုင်းတု ...မင်းလူနာလာစောင့်တာ ကျန်းမာအောင်နေမှပေါ့...လူက လေတိုက်ရာယိမ်းတော့မယ့်ပုံစံနဲ့ လေခပ်ကြမ်းကြမ်းများတိုက်ရင် တန်းလဲမယ့်ကောင်...မပြောရစေနဲ့ လိမ်လိမ်မာမာနေ "
"ဟုတ်ပါပြီ...အကိုတို့ရေ ကျွန်တော်မျိုး ခုပဲစားလိုက်ပါ့မယ်ဗျာ..ဟုတ်ပြီလား"
နှိုင်းကို ပစ်မှတ်ထားဝိုင်းပြောနေကြသည့် သာလွန်တို့ကို ပိုပိုသာသာလေး ရွဲ့စောင်းပြောလိုက်ပြီး အဓိကကောင်လေးကို မျက်စောင်းထိုးကာပြောတော့ ရယ်နေသည်။ဒီကောင်လေး သူလုပ်ချင်တာလုပ်ပြီး ရယ်နေသည်။နှိုင်းကို ဝိုင်းကောနေကြသည်ကို သူကဘာတွေသဘောကျသည်မသိ။သူတို့ပြောမှ နှိုင်းက လေတိုက်ရင်ပဲ လိုက်လဲရတော့မလိုလို။
"မင်းတို့ကောင်တွေ ငါ့အချစ်ကို အဲ့လိုမပြောကြနဲ့...အချစ်က နူးနူးညံ့ညံ့လေးနဲ့ အလှလေးကွ ကဗျာဆန်တာလို့ ခေါ်တယ်.."
ဒေါက်!
"အမလေး...အချစ် ဘာလို့ခေါင်းခေါက်တာလဲ "
"အချိုးမပြေလို့ခေါက်တာ...ပေး အဲ့ခေါက်ဆွဲ"
"ဟားးးး...ဒီကောင် ဘယ်တော့မှအမှတ်ရှိတာမဟုတ်ဘူး..လိုက်လိုက်စ ဟိုကထုလွှတ် ဒါနဲ့ သံသရာလည်.."
ဘယ်တော့မှ အချိုးမပြေသော မိုးဇက်ကို ခေါင်းတစ်ချက်ထုပေးလိုက်တော့ ထုံးစံအတိုင်းငြိမ်ကျသွားသည်။ထည့်ပေးမယ်သာ ပြောတယ် အခုထိခေါက်ဆွဲဘူးသာဖွင့်ပြီး တူတောင်အခွံမခွာရသေးသောကြောင့် နှိုင်းကပဲ ဆွဲယူဖွင့်ပြီး စားလိုက်ရသည်။
ဟိုကောင်လေးကို ကြည့်ကာ အားရပါးရစားပြလိုက်သည်။သူ့ကို ရွဲ့နေသည်ကိုတော့ နားလည်ပုံပေါ်သည် ပြုံးစိစိနှင့်။ဒီကောင်လေး သူသဘောကျတာလေးဆို ရယ်ရင်ရင် ၊မရယ်ရင် အမြဲအဲ့လိုပြုံးစိစိနှင့် ငရှဉ့်မျက်နှာပင်။
"လက်ရုံး.. မင်းကလူနာလေ အဲ့ပန်းသီးတွေလိမ္မော်သီးတွေက အဲ့လောက်စားချင်နေလဲ လူနာစောင့်နှိုင်းတုတစ်ယောက်လုံး ရှိနေတာပဲ .. အဲ့ကောင် လှီးခိုင်းလိုက်လေ တော်ကြာအထမ်းထက် အဆွဲလေးနေပါအုံးမယ်"
"ဗျာ...ဟို ရပါတယ်ဗျ ကျွန်တော်ပဲလုပ်လိုက်ပါ့မယ်..ကိုသာလွန်တို့ရော စားရအောင် ခုလဲ ပြီးနေပါပြီ..."
လက်ရုံး ဒီလူတံခါးသွားဖွင့်စဉ်က ပြန်လာလျှင်ဆက်လုပ်နေမည်ကိုသိနေ၍ ယူလှီးနေတာ ဖြစ်သည်။ဒါကို ကိုသာလွန်က မြင်၍ ပြောနေခြင်းပင်။
"ပေး..ရေဆေးပေးမယ် "
ဒီကောင်လေး ချထားသမျှအသီးတွေ အကုန်ခွာပစ်သည်။အဲ့လောက်အများကြီး နေ့ရောညရောစားမှ ကုန်မှာ။နှိုင်းတော့ ခေါက်ဆွဲတစ်ပုံးစားပြီး၍ မစားနိုင်ပေါင်။
မတတ်နိုင်သည့်အဆုံး သင်ထားသမျှတွေ အကုန်ရေဆေးပြီးချထားလိုက်သည်။ထိုခါမှ အစောက နှိုင်းကို မလုပ်ပေးရကောင်းလားဆိုပြီး ထေ့ငေါ့နေသည့်သာလွန်က အစဝိုင်းစားကြသည်။သူတို့၀ယ်လာကြသည့် မုန့်တွေလဲသူတို့ပဲ အလကားဖြစ်သွားရင် နှမြောစရာကြီးဆိုသည့် ခေါင်းစဉ်နှင့် သူတို့ပဲပြန်စားသွားကြတာဖြစ်သည်။ဟိုကောင်လေးကတော့ ပြောရင်းဆိုရင်း တစ်စိတ်စ နှစ်စိတ်စသာ စားသည်။ဘာလေးဖြစ်ဖြစ် အစားနည်းသလောက် ဒီဗလ၊ဒီခန္ဓာကိုယ်ကြီးက ဘာလို့အဲ့လောက်ကြီးနေပါလိမ့်။
ပြီးတာနဲ့ တဝုန်းဝုန်း၊တအုန်းအုန်း နဲ့စကားဖောင်ဖွဲ့ပြောနေကြသည်မှာ ဆေးရုံရောက်နေသည်ကို မသိသည့်အတိုင်း။ဆယ်နာရီလောက်ထိ စကားပြောမပျက်၍ ကိုယ်ကပဲ ဖျတ်ပြီးအတင်းနှင်လွှတ်လိုက်ရသည်။မဟုတ်ရင် ဒီကောင်တွေက တွေ့ရာကျောခင်းကြတတ်ကြသည့်အကျင့်တွေ့မို့ တစ်ညလုံးသောင်တင်နေတော့မှာ။
__________________________
#minus-zero
24 September 22
ခုရေးခုတင် ဟဲဟဲ
မကောင်းမကန်းလေးကို အားပေးရာရောက်ရောက် ကြယ်လေးတွေ ပေးသွားကြပါဗျို့ 😅💛