'တပီပီ' မြည်နေသော ကားဟွန်းသံများနှင့် မရှောင်လည်သော ယာဉ်ကျောလိုင်းများက လမ်းမကျယ်ကြီးအပေါ် ၌ဖြစ်နေကျအရာ။ ဈေးသည်များ၏ ဈေးခေါ်သံများကလည်း ညာသံပေးနေကြသလို။လူးလားခေါက်တုံ့ သွားလာနေကြသော လူအများသည်လည်း တာ၀န်ကိုယ်စီနှင့်။
နှိုင်းတို့ ကားဂိတ်ကို ရောက်နေခြင်းဖြစ်သည်။ယနေ့ ဆရာတော်ဘုရားတို့ ရွာပြန်မည့်နေ့ဖြစ်သောကြောင့် ဆရာတော်ဘုရား သီတင်းသုံးနေသည့် ကျောင်းမှတစ်ဆင့် ကားဂိတ်ကို လိုက်ပို့ခြင်းဖြစ်သည်။ဒယ်ဒီက ကိုယ်တိုင် လိုက်ပို့ပေးချင်သော်လည်း မအားလပ်။ဆရာတော်ဘုရား ကိုယ်တိုင်ကလည်း အားနာ၍ထင်သည် ။လိုင်းကားနဲ့သာ ပြန်မည်ဖြစ်ကြောင်း လိုက်မပို့ဖို့ရန် ပြောသည်။
ကားပေါ်က ဆင်းပြန်တော့လည်း ရွာပြန်သယ်ရမည့် အထုတ်တွေက မနည်းမနောပင်။နှိုင်း၀ယ်ပေးလိုက်သည်များအပြင် ဆရာတော်ဘုရား ပစ္စည်းတွေပါ ပါသောကြောင့် သယ်ရပိုးရတာမလွယ်။
"ဒကာလေးနှိုင်းတုနဲ့ ဒကာလေးလက်ရုံး..ကျေးဇူးပဲကွယ်..ကိုယ်တော်တို့ကို လိုက်ပို့ပေးလို့.."
"တင်ပါ့ဘုရား ..ဒယ်ဒီက သူကိုယ်တိုင်လိုက်ပို့ပေးချင်တာကို မအားလို့ တပည့်တော်တို့ လိုက်ပို့တာပါဘုရား.."
"အို..ရပါတယ် ဒကာလေးရယ်..မောင်မာန်ရှိန်မနေ့ကမှ ကိုယ်တော့်ဆီ လာသွားပါသေးတယ် ကိုယ်တိုင်လိုက်မပို့လဲ ဖြစ်ပါတယ်"
"တင်ပါ့ဘုရား ဒယ်ဒီက အားရင် ဆရာတော်ဘုရားဆီ လာလည်မယ်လို့တော့ မှာသွားပါတယ်ဘုရား.."
"အေးကွယ် ..ဒကာလေးတို့လဲ ရွာလာလည်ကြအုံး..."
"တင်ပါ့ဘုရား ..လာဖြစ်အောင်လာမှာပါ"
"ဟုတ်ပါပြီကွယ်.."
...
...
"ဟဲ့...ဖိုးထောင် လာတုန်းက ကျောပိုးအိတ်နဲ့ အ၀တ်ထုပ်က ဘယ်ပျောက်တာတုန်း..ကျန်ခဲ့တာလား "
ဖိုးထောင်တစ်ယောက် လက်ဗလာနဲ့ ရပ်နေသည်ကို မြင်ပြီး ဆရာတော်ဘုရားက မေးခြင်းဖြစ်သည်။ဖိုးထောင်တို့အတွက်က ဆရာတော်ဘုရားတွင် တာ၀န်အပြည့်ရှိသည်လေ။ဖိုးထောင်က အိမ်ကနေလိုက်လာသည့်အတွက် အစောက သတိမထားမိတာ ဖြစ်လိမ့်မည်။
"ဟို ..ဟို..
ကိုကြီးလက်ရုံး ပြောအုံးလေဗျာ.."
"ဒီလိုပါဗျ ဆရာတော်ဘုရား ..ဖိုးထောင်က တပည့်တော်နဲ့ ခနဖြစ်ဖြစ်နေခဲ့ချင်လို့တဲ့ ဘုရား.."
ဖိုးထောင် မနေ့ညထဲက 'မပြန်ချင်သေးဘူး ကိုကြီးလက်ရုံးနဲ့ နေခဲ့မှာ 'ဆိုပီး အက်ကြောင်းထပ်အောင် ပြောနေခြင်းဖြစ်သည်။နားပူမခံနိုင်သည့်အဆုံး ကိုယ်ကပဲ လက်နတ်ချရပါတယ်။ဆရာတော်ဘုရားကို ကူပြောပေးရမယ် ဆိုတာက ပါသေး။ခုလဲ ဆရာတော်ဘုရားမေးသည်ကို မဖြေရဲပဲ စစ်ကူတောင်းနေခြင်း။
"ဟေ ..ဖိုးထောင်က ဒကာလေးနဲ့ နေခဲ့မယ်ဆိုတော့ ဖြစ်ရဲ့လားကွယ်.."
"ဟို.. ဖြစ်ပါတယ် ဘုရား"
ဖိုးထောင်က ပြောမရလို့သာ ဖြစ်တယ်ပြောရတာ။ဦးမာန်ရှိန်တို့က ဘာမျှပြောမည့်သူများ မဟုတ်သော်လည်း ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်သည့်အတွက် အနည်းငယ်တော့ မျက်နှာပြောင်တိုက်ရာ ကျနေမလားတော့မသိ။
ရှေ့ကလူကို ကြည့်လိုက်တော့ ကိုယ့်စိတ်ကိုပဲ နှောကျေနေသည့်နှယ်..
"ဖိုးထောင်ကို ခေါ်ထားလဲ ကိစ္စမရှိပါဘူးဘုရား ..တပည့်တော်တို့လည်း ရှိနေတာပဲ ပြီးတော့ ဒယ်ဒီကလဲ ဖိုးထောင်တို့ကို သဘောကျပီးသားဆိုတော့ ဆရာတော်ဘုရား စိတ်မပူလဲ ရပါတယ် ဘုရား .."
"အေး အေးကွယ် ဖြစ်တယ်ဆိုလဲ ပြီးတာပါပဲကွယ်..ဖိုးထောင်ကလဲ သူများအိမ်နေမယ်ဆို အလကား မနေရဘူး နိုင်တဲ့၀န်တော့ ထမ်းပေး မနိုင်တာတော့ ဇွတ်မလုပ်ခိုင်းပါဘူး ..တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့..သိတယ်မလား "
"တင်ပါ့ဘုရား ..တပည့်တော် ကိုကြီးနှိုင်းတုတို့ကို ကူမှာပါဘုရား စိတ်သာချ.."
ခုမှ ဖိုးထောင်အစစ်ပြန်၀င်လာသည့်ပုံ တတ်တတ်ကြွကြွ။အစောကတော့ ဆရာတော်ဘုရား ခွင့်မပြုမည်ကို စိုးရိမ်နေသည်ထင်သည်။မျက်နှာလေးက ဇီးရွက်အနေအထား။
"အဟင့်..ကိုကြီးဖိုးထောင်က နေခဲ့မယ်ဆိုတော့ ကျွန်တော်လဲ နေခဲ့ချင်တာပေါ့လို့.."
ဂွတိုကလဲ မျက်နှာငယ်လေးနှင့် သူလဲနေခဲ့ချင်ပါသည်ဆိုပြီး ငိုမဲ့မဲ့လေး ဖြစ်နေကာ ဖိုးထောင်ပြန်မပါလာတော့ အားငယ်နေသည့်ပုံ။
"ဂွတိုကလဲကွာ..ငါက ရွာကို အပြီးပြန်မလာတာလဲ မဟုတ်ဘူး မင်းကငိုတော့မလို့လား.."
"ကိုကြီးဖိုးထောင်မရှိရင် ဦးကြီးသာလှစပါးခင်းထဲ ပုစွန်လုံး ဘယ်သူနဲ့ သွားနှိုက်ရတော့မှာလဲလို့
"
"ပြန်လာရင် ငါနဲ့သွားနှိုက်ကြတာပေါ့ကွာ..ပြီးတော့ ရွာပြန်လာရင် မင်းဖို့ လက်ဆောင်ထပ်ပြီး ၀ယ်ခဲ့ပေးမယ် စိတ်ချ..ခုတော့ ထွက်နေတဲ့ မျက်ရည်တွေ ပြန်သိမ်းလိုက်အုံး.. မလှလို့ပါကွာ.."
"ဟာ ..ကိုကြီးဖိုးထောင်ကလဲ မျက်ရည်ပဲ လှအောင်ကျရအုံးမလား ..ကျချင်လို့ မဟုတ်ဘူး သူ့အလိုလိုကျလာတာဗျ.."
"အေးပါကွာ..ပြန်သိမ်းရင် ပီးတာပါပဲ ဟားး"
"ကိုကြီးဖိုးထောင် တကယ်ပြောတာနော် အပြန်လက်ဆောင် ၀ယ်ခဲ့ရမယ်"
"တကယ်ပါဆိုကွာ.."
"ပြီးရော.."
ဂွတိုကလဲ ကလေးသာသာ အဖော်မင်တုန်းမို့ မွေးကတည်းက ပေါင်းလာသော ဖိုးထောင်မရှိတော့ ၀မ်းနည်းမည်မှာအမှန်။ဒါက ငှက်အုပ်ထဲကနေ အဖော်ကွဲသွားတဲ့ သင်းကွဲငှက်ငယ်လို ခံစားချက်မျိုး။
"ကဲ..ဂွတိုကတော့ ..ဘုန်းဘုန်းနဲ့ ရွာပြန်ရအောင်ပါ..ဖိုးထောင်က နေခဲ့ပါစေ သူကအရွယ်ရောက်နေပြီ..မင်းလဲ ဖိုးထောင်လိုအရွယ်ရောက်ရင် တစ်ယောက်ထဲလဲ လာလို့ရနေတာပဲကွယ်.."
"တင်ပါ့ဘုရား ..တပည့်တော် ဘုန်းဘုန်းနဲ့ အတူပြန်လိုက်မှာပါ ဘုရား.."
ဆရာတော်ဘုရားက ဂွတို၀မ်းနည်းနေသည်ကို သိ၍ ချော့လိုက်တော့လည်း ကလေးပင်မို့ ခနနဲ့ စိတ်ပြေသွားသည်။
"ကဲ..ဒကာလေးတို့လဲ အလုပ်တွေရှိမှာပေါ့..ဒီလောက်ဆို ပြန်လို့ရပါပီကွယ် ..အဆင်ပြေသွားပါပြီ"
"တင်ပါ့ဘုရား "
"ဒကာလေးလက်ရုံးကလဲ ..ရွာမှာ မိဘတွေ ကျန်ခဲ့သေးတာဆိုတော့ တစ်နှစ်ကို တစ်ခေါက်တန်သည် နှစ်ခေါက်တန်သည်တော့ ရောက်အောင် လာပေါ့ကွယ်.."
"တင်ပါ့ဘုရား..တပည့်တော် ရောက်အောင်လာမှာပါ ဘုရား "
"အေးကွယ် ..အချိန်ရှိတုန်း ပြန်ကြ
လိုက်ပို့ပေးတာလဲ ကျေးဇူးပါပဲကွယ် "
...
...
"အကိုတို့ .."
နှိုင်းတို့ ဆရာတော်ဘုရားပြန်ရမည်မှာ ခရီးနည်းနည်းဝေးသည်ကြောင့် ကားပေါ်မှာ လိုအပ်တာလေးတွေ၀ယ်ပေးပြီး ပြန်အလာ ခေါ်သံကြားသဖြင့် ကြည့်လိုက်တော့..
ခပ်လှမ်းလှမ်းမှာ ရပ်နေသော ကလေးတစ်ယောက်။လက်ထဲမှာလဲ ပန်းကုံးအတွဲလေးတွေ ကိုင်ပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ နှိုင်းတို့ဆီ လျှောက်လာကာ...
"အကို ပန်းလေး အားပေးပါအုံးဗျ.."
ကလေးက ခုနှစ်နှစ်၊ရှစ်နှစ် အရွယ် ဈေးသည်ပီပီ သွတ်သွတ်လတ်လတ်လေး။ နှိုင်းကိုကြည့်ပြီး သူရောင်းသည့်ပန်းလေးတွေ အားပေးခိုင်းနေသည်။ပန်းရောင်းတဲ့ ကလေးက ကြည်ကြည်လင်လင်မျက်နှာလေးနှင့် ချစ်စရာလေးမို့ နှိုင်းလဲ စချင်တာနဲ့..
"အကို့ကိုပဲ ရောင်းတာလား ဒီအကို့ကိုရော မရောင်းဘူးလား"
"ဟို ..ရောင်းပါတယ်ဗျ "
"အဲ့လိုဆို မေးကြည့်လေ..ဒီအကို၀ယ်မယ်ဆို အကိုလဲ၀ယ်မယ် .."
နှိုင်းဘေးမှာ ထုံးစံအတိုင်း ခပ်တည်တည် မျက်နှာထားလေးနဲ့ ကောင်လေးကို စချင်တာလည်း ပါသည်။ဖိုးထောင်တို့ကလွဲပြီး ကလေးတွေနဲ့ သိပ်ဓာတ်မတည့်သော ကလေးကြီးကို ဒီပန်းသည်ကလေးနဲ့ ဘယ်လိုနှစ်ပါးသွားမလဲ သိချင်၍ မေးလိုက်ခြင်း။
ဘေးကကောင်လေးကတော့ နှိုင်းကို အရစ်ရှည်လိုက်တာ၊ရှုပ်တယ် ဆိုတဲ့ အကြည့်နဲ့ ကြည့်နေပြန်ပြီ။ဒီကောင်လေးက ပြောမနေလဲ မျက်၀န်းတွေက ပြောနေသလိုလို။နှိုင်းလဲ ရယ်ချင်စိတ်ကို မနည်းထိန်းပြီး ဒီကောင်လေး ဘာပြန်ပြောမလဲ စောင့်ကြည့်နေလိုက်သည်။
"အကို.. ပန်းတွေ အားပေးပါအုံးဗျ..အကို့ ကောင်လေးက အကို့ခွင့်ပြုချက်ရမှ ၀ယ်မယ်ထင်တယ်.."
"ကောင်လေး မဟုတ်.."
"ဟုတ်တယ် "
ဟင် ဒီကလေး ဘာတွေလျှောက်ပြောနေတာပါလဲ။နှိုင်းပြောတဲ့ထဲ အဲ့တာမှ မပါပဲ။ပန်း၀ယ်မလားပဲ မေးခိုင်းတာလေ။
ဒါကို ကလေးကမသိ၍ ပြောသည်ကို ဒီကောင်လေးက ရုပ်တည်ကြီးနဲ့ ဟုတ်တယ်လို့ ပြောနေပြန်သည်။ရုတ်တရတ်ကလေးက ထိုသို့ပြောလိုက်တော့ နှိုင်းမှာ ထိတ်ထိတ်လန့်လန့်။နှိုင်းတော့ ကိုယ့်ရှူးကိုယ်ပြန်ပတ်ပြီလားမသိ။ကလေးက အထင်လွဲသည်ကို သူကပါ အဆင်းဘီးတပ်ပေးနေသေးသည်။
"မင်း ကလေးကို မဟုတ်တာတွေ ဘာလို့လျှောက်ပြောနေတာလဲ.."
နှိုင်းလည်း သူ့အကျီစလေးကို ဆွဲပြီး တိုးတိုးလေးပြောတော့ ..
"မှန်နေတာပဲ.."
ပြောလေ ပိုဆိုးလေ ဖြစ်နေသည်။မှန်နေတာပဲ ဆိုပြီး မျက်လုံးတစ်ဖတ်တောင် မှိတ်ပြလိုက်သေးသည်။ကလေးက အတည်ထင်သွားတော့မှာပဲ။ဒါကို ဒီကောင်လေးက အတည်ထင်သွားအောင် တမင်လုပ်ပြနေသလို။
ဘာလဲ ဒီကောင်လေး အခု နှိုင်းကို တမင်စနေတာလား..
နှိုင်းက သူ့ကို စသည်ကို သူကအတည်ပေါက်နဲ့ ပြန်နောက်နေပြန်သည်။ပန်းသည်ကလေးကို ကြည့်ပြန်တော့လည်း နှိုင်းတို့နှစ်ယောက်ရဲ့ အသံတိတ်စကားများနေပုံကို ကြည့်ပြီး ဘာတွေသဘောကျနေသည်မသိ ပြုံးနေသည်။ဘာလဲ ကလေးကပါ သူထင်တာ မှန်နေတာပဲ ဆိုပြီး တွေးနေတာလားမသိ။နှိုင်းကတော့ ဘာတွေသဘောကျမှန်းမသိ ပြုံးပြုံးကြီး ကြည့်နေသော ကလေးနှင့် ရုပ်တည်ကြီးနဲ့ စနေသော ကောင်လေးကြားထဲ ခြေဖနောင့်တတ်နင်းခံရသလို ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာပြန်ပြောရမှန်းမသိ ခံစားချက်ကြီးက အီတီတီကြီး။
ဘေးက ကောင်လေးကတော့ ပြောလေ၊ဘာပြောချင်သေးလဲ ဆိုသည့်ပုံစံနဲ့ သူကပဲ အောင်နိုင်သူကြီးလိုလို မျက်နှာပေးနဲ့ ကြည့်နေသည်မို့ ရှက်ရမ်း ရမ်းသည် ဆိုမလားမသိ နှိုင်းလည်း ယောင်နနနှင့် ပါးစပ်ထဲတွေ့ရာပြောလိုက်သည်။
"ဟို.. ဘာလို့အဲ့လိုထင်ရတာလဲ.."
"ဗျာ..အော် အကို့ကောင်လေးလို့ ဘာလို့ထင်ရတာလဲလို့ မေးတာလား.."
"အင်း.."
ဒီလူ လက်ရုံးကို ကလေးတွေနဲ့ ဓာတ်မတည့်မှန်းသိလို့ တမင်စသည်ကိုသိပါသည်။ကလေးပြောလိုက်တဲ့ စကားကြောင့် ရဲတတ်သွားတဲ့ ခရမ်းချဉ်သီး မျက်နှာလုံးလုံးလေးကို အသဲယားလို့ တမင်စလိုက်တာ။ဒါကိုပင် အနားကပ်ပြီး ကြောင်လက်သည်းလေးတွေနဲ့ အကျီစကိုဆွဲပြီး မဟုတ်တာတွေပြောရမလားဆိုပြီး ရန်ကမတွေ့မဖြစ်။တကယ် လူနား ပွတ်သီကပ်သီလာပြီး ရန်တွေ့နေတာ တကယ်ကြောင်ပေါက်လေးလိုပဲ။
"ဒီလိုပါ..ကျွန်တော်က ဘုရားပေါ်မှာလဲ ညနေပိုင်းဆို ပန်းရောင်းပါတယ်ဗျ... အကိုတို့လို အကိုနှစ်ယောက် လာ၀ယ်တာမျိုးလဲရှိပါတယ်..တခါတလေဆို အဲ့ထဲက အကိုကြီးတစ်ယောက်က ဒါငါ့ကောင်လေးဆိုပြီး ကြွားသွားသေးတာဗျ..အာ့ကြောင့် အကို့ကိုလည်း ဒီအကို့ကောင်လေးလို့ ထင်တာပါဗျ.."
"..."
တကယ့် ကလေးပင်။ အတွဲတွေ ၀ယ်ဖူးသည်ကို မြင်ရာ အတွဲလိုက်လုပ်နေသည့် ကလေးက ပန်းမရောင်းပဲ ဖူးစာရေးနတ် လုပ်ရမှာ။
"ဟို..အကိုတို့လဲ ၀ယ်မယ်မလားဗျ"
"အင်း..၀ယ်ရမှာပေါ့..တစ်တွဲပေး
အမှန်တွေပဲပြောလို့ အားပေးတာ"
ဒီကောင်လေး နှိုင်းကို မျက်လုံးရွှမ်းကြီးတွေနဲ့ကြည့်ပြီး နှိုင်းပုံစံကို လှောင်ရယ်နေသည်လား၊စနောက်နေသည်လား မသဲကွဲ။တစ်ချက်တချက် ပင့်တတ်သွားသော မျက်ခုံးတန်းတွေက အရင်ကထိတွေ့ချင်သော်လည်း ခုများတော့ အမြင်ကပ်စရာပင်။
ကလေးက မသိ၍လျှောက်ပြောသည်ကိုပင် အမှန်တွေပြောတယ် ဖြစ်ရသေး။
"ဒီမှာပါ အကို စံပယ်တစ်တွဲ..ဒါက ဒီက အကိုလှလှလေးအတွက် တစ်ကုံးအပိုဗျ.."
ပန်းသည် ကလေးလေးက အခြားတစ်တွဲထဲမှ တစ်ကုံးကို ယူပြီး နှိုင်းအတွက်ဆိုပြီး ပေးလာတော့ နှိုင်းကို ပေးနေတာ ယူလေဆိုပြီး ကြည့်လာသော ကောင်လေးကြောင့်..
"ကျေးဇူးနော် ကလေး "
"ဟုတ်.."
"အဟမ်း..အကို လှလှလေးအတွက်ဆိုတော့ ဒီကတစ်တွဲလုံး အားပေးတဲ့ အကို့အတွက်ကရော.."
"ဟို..အကိုတို့နှစ်ယောက်က အတူတူဆိုတော့ တစ်ကုံးကိုပဲ အတူတူယူလိုက်ပါ့လားဗျ..သိပ်အမြတ်မကျန်လို့ပါ..နောက်တစ်ခါဆို အပိုပေးပါ့မယ်ဗျ.."
ပန်းသည်ကလေးကလဲ တကယ့်အလည်လေးပင်။ဒါကိုပင် ဟိုကောင်လေးကလဲ ပြုံးတုံ့တုံ့နှင့် နှိုင်းထက်ပင် စနေသေးသည်။သူ၀ယ်သည်သာ ပြောတာ ရှင်းတော့ နှိုင်းပိုက်ဆံနဲ့ နှိုင်းကပဲ ထုတ်ပေးရသည်။
"ဟို ..အကြွေမရှိဘူးလားဗျ သိပ်မရောင်းရသေးတော့ ပြန်အမ်းစရာ မရှိလို့ပါ"
"မအမ်းနဲ့တော့ ..ကျန်တာ မုန့်ဖိုးယူထားလိုက်"
"တကယ်လားဗျ..ကျေးဇူးတင်ပါတယ် အကိုတို့ နောက်လဲအားပေးပါအုံးဗျ..ညနေဆို ဘုရားမှာ ပန်းအပြင် ငါးလည်းလွှတ်လို့ရပါတယ်ဗျ..ငါးလွှတ်ပြီး ဖြစ်ချင်တာတွေလည်း ဆုတောင်းလို့ရပါတယ်ဗျ.."
မုန့်ဖိုးပေးလိုက်တော့ ပျော်သွားတဲ့မျက်နှာလေးနဲ့ နောက်လည်း ထပ်၀ယ်ပါအုံးဆိုပြီး ပရိုမိုးရှင်း ထပ်ဆင်းသွားသေးသည်။ခုတောင် နှိုင်းတို့ကို အတွဲတွေလို့ ထင်နေတာ။နောက်တစ်ခါများဆို နှိုင်းတို့ကို ရပြီးပြီလားလို့ မေးမလားမသိပေ။
"ရော့..မင်းပဲယူ.."
"ဟောဗျာ..ဒါခင်ဗျားကို ပေးခဲ့တာလေ.."
"မလိုဘူး.."
မလိုဘူးပြောပြီး အစောက ပန်းသည်ကလေး အပိုပေးတဲ့ ပန်းတစ်ကုံးကို ကိုယ့်လက်ထဲ အတင်းလာထည့်နေပြန်သည် ။ ကလေးသာသာ အမူအယာလေးနဲ့ ကိုယ့်ကို ခုထိ အခဲမကျေသေးတဲ့ ဒီလူက ဘာလေးလဲ တကယ်ချစ်မွှေးလေး။
.....
"ကိုကြီးလက်ရုံး ကြာလိုက်တာဗျာ..ကားထဲမှာ ထိုင်စောင့်နေရတာ သစ်ကုလားအုပ်ကို ဖြစ်တော့မလို့..ဒီပန်းတွေကဘာလဲ "
"မင်းပန်ဖို့လေ"
"ကျွန်တော်က ပန်စရာလားဗျာ.."
ဖိုးထောင်တစ်ယောက်တော့ အစောကအကောင်း ပြန်လာကာမှ နီရဲနေသော မျက်နှာလေးနှင့် နှုတ်ခမ်းလေး ခပ်ဆူဆူဖြစ်နေသော ကိုကြီးနှိုင်းတုနှင့် စံပယ်ပန်းတွေ ကိုင်ပြီး ဘာတွေကျေနပ်မှန်းမသိ ကျေနပ်နေသော ကိုကြီးလက်ရုံးကို ကြည့်ပြီး နားလည်ရခတ်သား။
အင်း ဒီနှစ်ယောက်ကြားထဲ ဖိုးထောင်တစ်ယောက် ဒီ့ထက် ပိုလေ့လာရတော့မယ် ထင်တယ်..။
********
#minus-zero
7 September 22