"ကိုကြီးလက်ရုံး..!"
ဒီနေ့ ဖိုးထောင်တို့ကို အပြင်ကို အလည်အပတ်ပို့ ပေးမည် ဖြစ်သောကြောင့် ဂိုထောင်ထဲက ကားထုတ်ပြီး ကားထွက်ဖို့ရာ အဆင်သင့်ဖြစ်အောင် စစ်ဆေးနေခြင်းဖြစ်သည်။ပွဲမ၀င်ခင် အပြင်ကကျင်းပဆိုသလိုဘာလုပ်လုပ် အရင်စစ်ဆေးလိုက်ရမှ ကျေနပ်သူမို့ ပြင်ပြင်ဆင်ဆင် ၀တ်စားထားသော်လည်း မလုပ်ပဲကမနေနိုင်။
ကိုယ့်ဇောနှင့်ကိုယ်မို့ အနောက်က အော်ကြီးဟစ်ကျယ် ရုတ်တရတ်လာခေါ်သော ဖိုးထောင်ကြောင့် လူက လန့်သွားရသည်။
"ဖိုးထောင် ဘာလဲကွာ ဒီမှာ အလုပ်လုပ်နေတာ မမြင်ဘူးလားကွ .."
"ဟဲဟဲ မြင်တယ်လေ မြင်လို့ပဲ တမင်စလိုက်တာ
ဘာလဲ လန့်သွားတယ်မလား.."
"လန့်တာမလန့်တာ အသာထား..
နေပါအုံး ခုက ဘယ်လိုတွေ ၀တ်စားလာရပြန်တာလဲ .."
ဖိုးထောင်တစ်ယောက် တစ်ခါမှမ၀တ်ဘူးတာတွေ ၀တ်ထားခြင်းဖြစ်သည်။ဘောင်းဘီကလဲ ဘာကြိုးတွေမှန်းမသိ တွဲလီတွဲလောင်းနဲ့ စာဘူးတောင်းငှက်သိုက်ကျလို့ ။ဆိုဒ်ကလည်း လူနှစ်ကိုယ်စာ ၀င်လို့ရလောက်သည့်ဆိုဒ်။အကျီကလဲ အပွကိုမှ အရိုးခြောက်ရုပ်တွေ ရှုပ်ယှက်ခတ်နေသေးသည်။လည်ပင်းမှာလည်း ဘာကြိုးတွေမှန်းမသိ။နေမပူပါပဲ လျှာပြားဦးထုပ်ကြီးလည်း ဆောင်းလို့။အခုပဲ စင်ပေါ်တတ် rap တွေထရွတ်တော့မလို။အမှန်တကယ် ခွေးလိုက်ဆွဲမည့် စတိုင်ပင်။တောသားဆန်းတော့ ခွက်လုံးမှောက်သည်တဲ့ ခုဟာက ခွက်ပါကွဲလောက်သည်။
"ဟာ..ဒါ စတိုင်လေ ..စတိုင်ရှိမှ စတားဖြစ်မှာ..
ပြီးတော့ ဒါနယ်နယ်ရရ မဟုတ်ဘူးနော် အမေ့ကိုဘုန်းဘုန်းနဲ့ မြို့သွားမှာဆိုပြီး ဇွတ်ပူဆာထားရတာဗျ.."
"မြို့ရောက်တိုင်း ၀တ်စရာမှမလိုတာ ပြန်လဲလိုက်"
"ခတ်ပီ ..ကိုကြီးလက်ရုံးတို့လို ရုပ်ချောတဲ့သူတွေက နားမလည်ပါဘူးဗျာ.."
"ဘာကိုလဲ ..ဘာကိုနားမလည်တာလဲ"
ဒါလေး လဲခိုင်းသည်ကို ကိုယ်ကပဲ နလပိန်းတုံး ဖြစ်သွားရသေး။
"ဒီလိုလေဗျာ ..ကိုကြီးလက်ရုံးတို့လို ရုပ်ချောတဲ့သူကျတော့ ဘာ၀တ်၀တ်ချောနေမှာပဲလေ ..အပြင်အဆင်ကို ရုပ်ရည်နဲ့ ထိန်းထားတာကျွန်တော်တို့ကျတော့ ရုပ်ရည်ကို အပြင်အဆင်နဲ့ ထိန်းရတာဗျာ..နားလည်ပီလား.."
အပြောက ရွှေမန်း။ပြောလိုက်ရင် လူနဲ့မှမလိုက် လေလုံးထွားလွန်းတဲ့ ဖိုးထောင်ကို ယှဉ်မပြောချင်တော့။
"ကဲပါ ..မလဲချင်လဲ မလဲနဲ့တော့
ဟိုလူရော ဆင်းမလာသေးဘူးလား.."
မနက်က အရင်နိုးလာလို့ တော်သေးသည်။မဟုတ်ရင် တစ်ညလုံး ရင်ခွင်ထဲ၀င်အိပ်နေသူက ရန်ထောင်နေအုံးမည်လေ။
လက်ရုံးမှာတော့ တစ်ညလုံးလက်မောင်းပေါ် သိပ်ထားရ၍ သွေးမလျှောက်တော့။ထုံကျင်နေသော်လည်း အိပ်စက်ပျက်သွားမည်စိုး၍ မလှုပ်ရဲ။ဒါတောင် ထခါနီး အတင်းတွယ်ကပ်ပြီး ခွထားသောကြောင့် မနည်းခွာချခဲ့ရသည်။
"ကိုကြီးနှိုင်းတုလား ..ခနနေ ဆင်းလာခဲ့မယ်တဲ့"
"ဂွတိုကရော.."
အခန်းထဲပြန်ရောက်တော့လဲ ဒီနှစ်ယောက်ကို ရေပက်မနှိုးရရုံ တမယ်။ကုတင်ပေါ်လဲ တောင်တစ်ယောက် မြောက်တစ်ယောက်နဲ့ ကန့်လန့်။
"ဂွတိုလား ကျွန်တော်နဲ့တူတူဆင်းလာတာကို ..ဘယ်ရောက်.."
"ကျွန်တော်မျိုးကို ခေါ်တော်မူနေတာလားဗျ..
ဟဲဟဲ..."
သူ့အကြောင်းပြောနေတုန်းရှိသေး ဘယ်ကြားထဲက ထွက်လာမှန်းမသိ ပြဇာက်က ခင်းနေသေးသည်။
ဖြောင်း!
"ဟ..ကိုကြီးဖိုးထောင် ကျွန်တော့်ကို ဘာလို့ရိုက်တာလဲဗျ.."
"ချစ်လို့ရိုက်တာလေ.."
"ချစ်ရင် ရိုက်စရာလားဗျာ .."
"ဆန်ရင်းနာနာဖွပ်တဲ့ မင်းမကြားဖူးဘူးလား..
ကိုယ့်ညီလေး မလို့ ချစ်လို့ ဆုံးမတာ "
"ကြား ကြားဖူးပါဘူးဗျာ ..ဆုံးမရအောင် ကျွန်တော်လဲဘာမှမလုပ်ပဲနဲ့ဗျာ.."
"အရင်ကမကြားဖူးရင် ခုကြားဖူးလိုက်တော့ ..ငါနဲ့အတူဆင်းလာတာကို မင်းကဘယ်တွေသွားနေတာလဲ တန်းမတွေ့လို့ အပြစ်ပေးတာ ..ကိုကြီးနှိုင်းတုရော ဆင်းလာပီလား.."
"ကျွန်တော်ကဘယ်သိမလဲဗျ ကိုကြီးဖိုးထောင်တို့နဲ့ တူတူဆင်းလာတာကို ..ဘာမှန်းမသိဘူး ကားပေါ်တတ်တာပဲကောင်းတယ်.."
ဘလိုင်းကြီး အဗျင်းခံလိုက်ရသော ဂွတိုကတော့ ဘေးလွတ်ရာ ရှောင်ပြေးပြီး ကားပေါ်တတ်သွားလေပြီ။
"ဟော ဟိုမှာ ကိုကြီးနှိုင်းတုဆင်းလာပြီ.."
"..."
"ဝါးးးကိုကြီးလက်ရုံး ကိုကြီးနှိုင်းတုက လှတယ်နော်..စိတ်ထားလေးကလဲ ကောင်းတော့ နတ်သားလေးပဲ..တကယ် နတ်သားလေး.."
အိမ်ပြင်ထွက်လာသော ဟိုလူ့ကိုမြင်ပြီး မျက်လုံးသွားကပ်မတတ်ကြည့်ကာ ချီးမွမ်းထောပနာပြုနေခြင်းဖြစ်သည်။ဖိုးထောင်ပြောတာလဲ မလွန်။
ဂျင်းပြာလေးနဲ့ စွတ်ကျယ်လက်ပြတ်အဖြူလေးကိုမှ ပိုးဆွဲသား ညိုရောင်သန်းနေသော အပေါ်ထပ်လေး ၀တ်ထားတဲ့ ဒီလူက တကယ် နူးနူးညံ့ညံ့လေး...
အိန်ဂျယ်လေး..
အတောင်ပံ မပါတဲ့ အိန်ဂျယ်လေး..
အိန်ဂျယ်တွေမှာ ဘာသတ်မှတ်ချက်တွေ ရှိလဲ ကျွန်တော်မသိဘူး...
ကျွန်တော်သိတဲ့ အိန်ဂျယ်ကတော့ ဒီလူပဲ..
ခွဲခြားစိတ်ဖြာနိုင်သလောက် အနုစိတ်တယ်...
အလှတရား ဆိုတာ ဒီလူ့အတွက်ပဲ သီးသန့်ဖြစ်တည်လာတာ..
ဝဲကျနေတဲ့ အိစက်စက် ဆံချည်မျှင် လေးတွေက အစ အနုပညာဆန်တာ...
"ကိုကြီးနှိုင်းတုကို စောင့်နေတာဗျ.."
"အင်း သွားမယ်.."
ဖိုးထောင်ကတော့ ပြောချင်တာပြောပြီး အပြင်သွားရမည်ကို အူတမြူးမြူး။
"ကိုကြီးလက်ရုံး လာလေ.."
"အော် အင်း.."
ဒီလူနဲ့ ပက်သက်ရင် ခတ်တာတွေ များလာပြီထင်တယ်။အခက်ဆုံးက ကိုယ့်ကိုဘာနဲ့စားစား ဒီလူပဲ ကြွင်းနေတာ..။
*********
"ဟေ့ရောင်...ဂွတို တိုက်တွေက အမြင့်ကြီးပဲ..
တတ်သာကြည့်လိုက်ချင်တယ်ကွာ.."
"ဟုတ်တယ်ဗျ..တစ်ထပ် နှစ်ထပ် သုံးထပ်
ဟာ ဘယ်နှစ်ထပ်မှန်းမသိတော့ဘူး ..ကားကလဲ မြန်လိုက်တာ..ရေလို့ မရတော့ဘူး "
ဖိုးထောင်နှင့် ဂွတို တို့နှစ်ယောက် မြို့ထဲစရောက်ပါပြီ ဆိုကတည်းက ပါးစပ်မပိတ်တာ ဖြစ်သည်။ဘာတွေ့တွေ့ နှစ်ယောက်သား ဆူညံပွတ်လော ရိုက်လို့။ကားမောင်းတဲ့ သူတော့မသိ လက်ရုံးကတော့ အတော်အာရုံနောက်လှပြီ။
ခုလဲ တိုက်ဘယ်နှစ်ထပ်မှန်းမသိလို့ ကားမြန်သည်ကိုပင် ကြိတ်မနိုင်ခဲမရဖြစ်နေသေးသည်။သူ ရေဖို့ပဲ ကားက ရပ်ပေးရတော့မလို တကယ့် ငစားတွေ။ဟိုလူကတော့ သူတို့နှစ်ယောက် ဘာပြောပြော တပြုံးပြုံးနှင့်။ပျော်ရင်ပီးတာပဲ ဆိုပြီး လွှတ်ထားသည့်ကိန်းပင်။
"ဟေ့ရောင် ..ဂွတို ဟိုမှာကြည့်စမ်း..တံတားကြီးကွာ အကြီးကြီးနဲ့ ခမ်းနားလိုက်တာ.."
"ဟုတ်တယ်ဗျ..ရွာက တံတားနဲ့တော့ တခြားစီပဲဗျာ..သူကြီးကို ဒီလို တံတားမျိုး ဆောက်ခိုင်းရမယ် .."
နှစ်ယောက်သား ရောင်းသူ ၀ယ်သူ အဆင်ပြေနေကြပုံ။တစ်ယောက်ကလဲ 'ဟေ့ရောင်ရေ' အစချီပြီး ပြလို့ကိုမပြီးတော့။တစ်ယောက်ကလဲ ဟုတ်တယ်ဗျာ ဆိုပြီး လက်တွေကပါသေး။
ရွာကသူကြီးကတော့ ဒီနှစ်ယောက်ပြောနေတာများ ကြားရင် သွေးဆောင့်တိုးသွားလောက်သည်။တံတားသေးသေးလေးတောင် မနည်းဆောက်ထားရတာကို ဒီလိုတံတားမျိုး ဆောက်ခိုင်းရင် သူကြီးကတော့ ပုဆိုးစလွယ်သိုင်းပြီး တစ်ရွာလုံး ပတ်ရမည့်ပုံပင်။
"ဟာ ..ဟိုမှာကြည့်စမ်းကွာ..တောက်
မြို့ကလူတွေ ဟိရိဩတ္တပ အစ် နတ္ထိ ပဲကွာ.."
"ကိုကြီးဖိုးထောင် ဘာတွေလဲ ဘာကို တောတ် ခေါက်နေရတာလဲ.."
"ဟိုမှာလေကွာ..လာ ပြမယ်"
ပြမယ် ဆိုပြီး ဂွတိုကို ဂုတ်ကဆွဲကာ အနောက်မှာကျန်ခဲ့သည်ကို ကားမှန်ပေါက်မတတ် ကြည့်နေပြန်သည်။ဂွတိုတစ်ယောက်သိချင်လွန်းလို့သာ သူ့ဂုတ်က ဆွဲထားသည်ကို အာရုံမထားမိတာနေမည်။မဟုတ်လျှင် ရန်ပြန်တွေ့အုံးမည်မှာ ဗေဒင်မေးနေစရာမလို။
"ဟုတ်ပါ့ဗျာ..ဘရာဇီရာ တွေကို အဲ့လိုချိတ် ရောင်းစရာလားဗျာ ..တံဆိပ်က ဘာဆိုလား.. "
"Sweetie Sweetie တဲ့ကွ ငါဖတ်လိုက်တယ်"
"ဒီလိုနေရာမျိုးကျ ..ကိုကြီးဖိုးထောင်တို့က လျင်သားပဲဗျာ.. အစောကပြောတဲ့ ဟိရိဩတ္တပ အစ်နတ္ထိ ဆိုတာကရော .."
"အော် အဲ့ဒါက မြို့ကလူတွေ အရှက်မရှိဘူးပြောတာကွာ ..ဘုန်းဘုန်းနဲ့ အနေနီးတော့ ပါဠိဆို ဖိုးထောင်တို့က ထမင်းစားရေသောက်ပဲ ..ဒါလေးတောင်မသိဘူးလား မင်းရွာဦးကျောင်းသွားပြီး ဘာတွေလုပ်နေတာလဲ.."
"မမှတ်မိဘူးဗျ ..ကျွန်တော်က မသိတဲ့အတွက် ဇီးရိုး..ကိုကြီးဖိုးထောင် တစ်မှတ်ဗျာ ..တို့ကိုကြီး တော်တယ်.."
"ငါတော်တာ မင်းလဲသိပါတယ် "
မိန်းကလေးအသုံးအဆောင်ပစ္စည်းဆိုင်က မှန်အကြည်နဲ့ဆိုတော့ အတိုင်းသားမြင်နေရ၍ ထိုဟာကို ကြည့်ပြီး ပြောနေကြခြင်းဖြစ်သည်။ ဒီတောသားမြို့ရောက်နှစ်ယောက်ကတော့ ပတ်၀န်းကျင် စူးစမ်းလေ့လာနိုင်လွန်းလို့ ဆုတောင်ပေးချင်လာရသည်။
Shopping Mall ရှေ့သို့ ကားလေးဆိုက်ရပ်သွားသည်နှင့်...
"ကဲ ဖိုးထောင်တို့ ဆင်းတော့ .."
"ကိုကြီးနှိုင်းတု ကျွန်တော်တို့က ဒီထဲ ၀င်ရမှာလားဗျ .."
"အင်းပေါ့..ဒီကို အရင်၀င်မှာ"
"ဂွတိုရေ ..၀င်ဖူးတော့မယ်ကွ ဟားး"
ဖိုးထောင်နဲ့ ဂွတိုနှစ်ယောက်ကတော့ Shopping Mall ထဲ ၀င်ရမည်ကို နတ်ပြည် တတ်ရမည့်အလား။
"ကိုကြီးဖိုးထောင် ဟိုမှာ ..ပြေးနေတဲ့ လှေကား ပြေးနေတဲ့လှေကား.."
"ဟာ..မင်းကလဲ စက်လှေကား ပါကွ.."
"ဟုတ်တယ် ဟုတ်တယ် အဲ့တာကိုပြောတာ.."
"လာ ..အပေါ်ထပ်သွားမှာဆိုတော့ အဲ့ပေါ်တတ်သွားရမှာ.."
စက်လှေကား ကြည့်ပြီးပျော်နေသော နှစ်ယောက်
။ဒါကိုပင် ဟိုလူကလဲ သူတို့နှစ်ယောက်နှင့် အတူ ရောပျော်နေသေးသည်။
"ဟေ့ရောင်ရေ..စီးလို့ ကောင်းလိုက်တာကွာ.."
"ဟုတ်တယ် ..လမ်းမလျှောက်ရတော့ အဆင်ပြေလိုက်တာဗျာ ..နှစ်ခေါက်စီးလို့ရလား မသိဘူး.."
"ခုက တတ်တာဆိုတော့ တစ်ခေါက် အပြန်တစ်ခေါက် အဲ့တော့နှစ်ခေါက်လေကွာ.."
"ဟုတ်တယ် အပြန်လဲ စီးအုံးမယ် "
စက်လှေကား စီးရသည်ကိုပင် အထူးတဆန်း ဖြစ်နေကြသော နှစ်ယောက်။စီးခိုင်းလိုက်လျှင် ဘယ်နှစ်ခေါက်ဖြစ်ဖြစ် တစ်နေကုန် စီးကြမည့်ပုံ။
အခြားသူတွေကလဲ သူတို့နှစ်ယောက်ကို တကြည့်ကြည့်။တချို့ကလဲ ရိုးသားတဲ့အတွက် သဘောကျနေကြပုံ။
မဟုတ်လဲ မမှန်တာလုပ်နေတာမှလွဲ ပတ်၀န်းကျင်ကို ဂရုစိုက်နေမည့်ထဲ မပါသည့်သူပေမို့ ကိုယ့်နားက လူတွေပျော်ရွှင်နေရင် ပြီးတာပဲလေ။
"ဟ ..ဘယ်ကောင်လဲကွ ငါ့ရှေ့က ပိတ်ရပ်ထားတာ..ပညာစမ်းတာလား ဖိုးထောင်တဲ့ကွ..တစ်ထောင်ပဲ ရှိတယ် ဘာမှတ်နေလဲ.."
"ကိုကြီးဖိုးထောင်..ဘာတွေဖြစ်နေတာလဲ "
"ဒီမှာလေ ..ရှေ့ကလာပြီး ပိတ်ရပ်ထားလို့ "
"ဖြစ်ရမယ် ကိုကြီးဖိုးထောင်တို့ကတော့..လာ ရှေ့တိုး.."
"အင်း .."
"ဒီ မျက်မှန် အမည်းကြီးကို ချွတ်..သေချာကြည့်
ရှေ့ကဘာကြီးလဲဆိုတာ.."
"ဟင် အရုပ်မကြီးလား.."
"ဟုတ်တယ်လေဗျာ ..ဒီမျက်မှန် အမည်းကြီးတပ်ပြီး လောကကြီးကို ဘောင်ခတ်ပြီး ကြည့်နေမှတော့ ဘယ်မြင်တော့မလဲ.."
"ဟုတ်သား..အဲ့ မျက်မှန်အမည်းကြီး မင်းပဲတပ်ထားလိုက်တော့..သူ့ကြောင့် အရှက်ကွဲတော့မို့ တော်သေးတယ် မင်းနဲ့ငါပဲသိလို့ကွာ .."
ဖိုးထောင်တစ်ယောက် စတိုင်အလုပ်လွန်ပြီး အရုပ်မကြီး ၀င်တိုက်ကာ ရန်ရှာနေခြင်းဖြစ်သည်။တော်သေးသည် ဂွတိုပဲသိလို့ မဟုတ်ရင် ဖိုးထောင်တို့ ချိုးပဲ့တော့မည်လေ။မျက်မှန်အမည်းကြီးကို အပြစ်တင်ကာ မကောင်းကျောင်းပို့ ဂွတိုလက် အပ်လိုက်ခြင်း။
"ဖိုးထောင်နဲ့ ဂွတို ဘာလုပ်နေတာလဲ..လာလေ "
"လာပြီဗျို့.."
သူတို့ပါသည် အထင်နှင့် သွားနေတာ။နှစ်ယောက်သား နောက်မှာ အပြူးလိုက်ကျန်ခဲ့လေသည်။သူများဆိုင်ရှေ့သွားပြီး အရုပ်မကြီးရှေ့ ဘာတွေလုပ်နေကြသည်မသိ။သူခိုးဆိုပြီး ဆွဲစိခံနေရမှဖြင့် မလွယ်။
ခေါ်လိုက်ကာမှ ရှေ့ဟက်ထိုးလဲမကျရုံတမယ် အလုအယက် ပြေးလာကြသည်။
"ဖိုးထောင်နဲ့ ဂွတို လာ ဒီကို.."
"ဟင်..ကိုကြီးနှိုင်းတု ကျွန်တော်တို့ကို ဒါတွေ၀ယ်ပေးမလို့လားဗျ.."
"အင်းပေါ့..မင်းတို့ကြိုက်တာယူ
ဒါလေးလဲ လှတယ်..ဒါလေးရောပဲ "
ဟိုလူကတော့ ဖိုးထောင်တို့နှစ်ယောက်ကို တစ်ထည်ပြီးတစ်ထည် ရွေးပေးနေခြင်းဖြစ်သည်။ဟိုဟာလေးလှသည်ပြောလိုက် ရွေးပေးလိုက်နှင့် တစ်ယောက်ကို အနည်းဆုံးငါးစုံလောက်ရှိနေပြီ ဖြစ်သည်။
ဖိုးထောင်တို့အတွက် ၀ယ်ပေးနေရသည်ကို ဒီလူတကယ်ပျော်နေတာ။ကိုယ့်ရွာကလူတွေကို ၀ယ်ပေးနေသည်ဖြစ်၍ အားနာသော်လည်း ပျော်နေသည့်သူကို အပျော်တွေ မဖျက်လိုက်ချင်။
"ဂွတို ရွာကလူတွေက မြို့ပြန်ဘာလက်ဆောင်တွေ ပါလဲပြောရင် ကြွားလို့ရပီကွ.."
"မှန်တယ်..ကျွန်တော်ကတော့ ကြွားကို ကြွားအုံးမှာဗျာ.."
အကြွားသန်သူနှစ်ယောက်ကတော့ အထုပ်တွေပိုက်ပြီး ရွာပြန်ရင် ကြွားဖို့ရာ ခုထဲက စီမံကိန်း ကြိုချနေပြီ ဖြစ်သည်။
"ကိုကြီးနှိုင်းတု ဒီပါတိတ်တွေ လုံချည်တွေက ဦးမာန်ရှိန်တို့ အတွက်လား.."
"မဟုတ်ဘူး..ဒါ ဦးကြီးနဲ့ အရီးအတွက်"
"ခင်ဗျား အဖေနဲ့အမေအတွက်ဆို.."
"မရဘူး ၀ယ်ပေးမှာ ..တခါတလေ ၀ယ်ပေးတာကို တားမယ်မကြံနဲ့ ..အပြန် အရီးတို့အတွက် ဖိုးထောင်တို့နဲ့ ထည့်ပေးလိုက်မှာ"
ဖိုးထောင်တို့အတွက် ၀ယ်ပေးတာတောင် များနေသည်လေ။ဒီလူ့အတွက်က ဒီငွေပမာဏက အများကြီး မဟုတ်သော်လည်း ကိုယ့်အတွက်ကျ လက်မခံရဲ။အဖေနဲ့ အမေအတွက်ပါ ၀ယ်ပေးနေသည်မို့ မလိုဘူးပြောမည်ကိုပင် အပြောမခံ။
အပြန် ထည့်ပေးမည်ကိုပင် စဉ်းစားပြီး ဖြစ်သည်။
"ကိုကြီးလက်ရုံးကလဲ ..လက်ခံလိုက်ပါဗျာ အားနာစရာကြီး စေတနာနဲ့ ၀ယ်ပေးတာကို.."
"ဟုတ်သားပဲ ကိုကြီးလက်ရုံးကလဲ "
"ဒါက အရီးတင်စိန် အတွက် "
"ကိုကြီးနှိုင်းတု အမေ့အတွက်ပါ ပါတာလားဗျ..
အားနာစရာကြီးဗျာ .. အမေကတော့ ရွာရိုးကိုးပေါက် လျှောက်ကြွားနေတော့မှာပဲဗျာ.."
"အရီးတစ်စိန်က ဦးတုတ်ကြီး အသံချဲ့စက် မငှားရင် ကံကောင်းဗျို့.. "
"မင်းကလဲ အမေ့ကို.."
"အရီးတင်စိန်ကို စတာပါဗျာ..ဟဲဟဲ "
ရွာမှာရှိတဲ့ အရီးတင်စိန်လဲ ဒီနှစ်ယောက် ပါးစပ်ထဲ အငြိမ်မနေရ။
..
..
၀ယ်ချင်တာ၀ယ်ပြီး ခုလဲ မုန့်ကျွေးမည်ဆိုပြီး မုန့်ဆိုင်ရောက်နေကြခြင်းဖြစ်သည်။
"ကဲ.. ဖိုးထောင်နဲ့ ဂွတို
ဘာစားချင်လဲ ကြိုက်တာမှာ.."
"တကယ်လားဗျ..ကျွန်တော်ကတော့ ကြက်ခေါက်တို့ ၀က်ခေါက်တို့ ပြီးတော့ အကင်တွေလဲ အများကြီးစားချင်တာဗျ.."
"ဂွတို မင်း တန်ရာတန်ရာပြောစမ်း..မဟုတ်ရင်
ပါးစပ် ဝဲပေါက်နေမှာ စိုးလို့.."
"ဘာလဲ..ကိုကြီးဖိုးထောင်က မစားဖူးလား "
"စားမှာပေါ့ကွ.."
"ကဲ စားချင်တာ ၀ယ်ကျွေးမှာမလို့ အကုန်မှာပေးမယ်"
"ရေးး ဖိုးထောင်တို့ကတော့ စားရကံပါတော့ မုတ်ဆိတ်ပျားဆွဲ တာပဲဟေ့ "
ဒီနှစ်ယောက်ကတော့ မုန့်နဲ့ ရေပဲ ။ကျန်တာမလို ။အစားဆို မိုးမမြင် လေမမြင် နှစ်ယောက်။
"ကိုကြီးလက်ရုံး အားနာစရာကြီးဗျာ ..
အဲ့လောက်ထိ မလို..ဟင် "
"ဘာလဲ.."
ဖိုးထောင်တစ်ယောက် သူတို့အတွက်ပုစွန်ခွာပေးနေသည် အထင်နှင့် အရှက်မရှိ ပန်းကန်သွားခံလိုက်မိတာ ဖြစ်သည်။အခုမှ ဟိုအရုပ်မကိစ္စထက် ဗျန်းဗျန်းကွဲတာ။
"ကိုကြီးလက်ရုံး ကျွန်တော်တို့အတွက် မဟုတ်ဘူးလား "
"မဟုတ်ပါဘူး.."
"အဲ့လိုဆို ဘာလို့ပုစွန်တွေ အကုန်ယူထားရတာလဲဗျာ အဲ့တော့ ကျွန်တော်တို့ အတွက်လို့ ထင်ပြီပေါ့"
"ကျန်တာစားလို့ရတာပဲ ..ကျန်တာစား "
ဖိုးထောင်ကတော့ မစားရ အညှော်ခံဆိုသလို သူ့ပန်းကန်ထဲ ရောက်မလာသော ပုစွန်တွေကို နှမြောတသ ကြည့်နေရသည်။သိတတ်လွန်းသော အကိုကြီးကြောင့် ဂုဏ်တောင်ဆာချင်သည်အထိ။
"ရော့ ခင်ဗျားအတွက်.."
"ဟို..ငါ့အတွက်လား အများကြီး မကုန်ဘူး
ဖိုးထောင်တို့လဲ ကျွေးလို့ရပါတယ် "
"ခင်ဗျားသဘော.."
"ရော့ မင်းတို့နှစ်ယောက်လဲ ခွာပြီးသားစား "
ဖိုးထောင်တို့ကတော့ ကိုကြီးနှိုင်းတုကျေးဇူးကြောင့် မငတ်တော့။ဒါတောင် စားရတာ နဲနဲ နင်သလိုပင်။
ရှေ့ကနေ ကိုကြီးနှိုင်းတုကို ရေတိုက်လိုက် ဟိုဟာလေးယူပေးလိုက် ဒါလေးလုပ်ပေးလိုက် အရိပ်တကြည့်ကြည့်နှင့် ဖြစ်နေသော ကိုကြီးလက်ရုံးက ပိုလွန်းနေတာ မဟုတ်ပါလား။
"ဟေ့ရောင်ဂွတို ..ဒီနေ့လေထုက ဘက်လိုက်လွန်းနေတယ် မထင်ဘူးလား.."
"ဟင် ဘာလို့လဲ..လေထုက ညစ်ညမ်းနေလို့လား မြို့ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့ဗျာ.."
ဖြောင်း!
"ဟာ ကိုကြီးဖိုးထောင် ကျွန်တော့်ကို ရိုက်ပြန်ပြီဗျာ.."
"သာသာလေးရိုက်တာ ..မနာဘူးမလား
မင်းက အစားပဲ သိတဲ့ကောင်ကို ငါပြောရင် မင်းက ရေလိုက်ငါးလိုက်နေလေကွာ"
"ကျွေးထားတော့ စားရမှာပေါ့ဗျ"
"အဟမ်း ..ဟိုသီချင်းတောင် သတိရသွားတယ် "
"ဘယ်သီချင်းလဲဗျ.."
"ဟိုသီချင်းလေ မင်းနဲ့ဆိုရင် လမ်းထိပ်က မုန့်ဟင်းခါးဆိုင်ကစ နိဗ္ဗာန်ထိ တူတူသွားချင်တယ်ဆိုလား ဘာလားကွာ"
"ကိုကြီးဖိုးထောင်လဲ သေချာမသိဘူးမလား "
"မသိလို့ပေါ့ကွာ.."
*******
#minus-zero
5 September 22
ဟာသလေး ရေးလိုက်တာပါ ရီရလားတော့မသိဘူး ဟီး ><