"ဖိုးထောင်နဲ့ ဂွတို ..ထည့်စားနော် မင်းတို့ စားဖို့ ဒေါ်မြကပိုချက်ထားတာများ စားပွဲကိုပြည့်လို့ .."
"ဟုတ်ပါ့ကွယ်..ထည့်စားကြ ငါ့တူတို့ "
ဦးမာန်ရှိန်က ဖိုးထောင်တို့ကို ဟင်းတွေထည့်စားဖို့ပြောသည်ကို အရီးမြကလဲ ဘေးကနေ လိုက်ပွဲတွေလိုက်ပေးရင်း သူအများကြီးချက်ထားကြောင်း ထောက်ခံလာသည်။ဟုတ်လဲဟုတ်သည် ဒီနေ့မှ အရီးမြချက်ထားတာ စုံလို့။
"ဟုတ် ..အများကြီး ထပ်စားအုံးမှာဗျ "
" စားကြ ငါ့ရွာသားတို့
မင်းတို့စားတာ အားရလွန်းလို့ ..ရွာပြန်ပြီး အလှူပေးအုံးမှပါကွာ "
" အဲ့လိုဆို ကျွန်တော်တို့ရွာသားတွေ သဘောကျနေတော့မှာ ...တစ်ရွာလုံး ခုနှစ်ရက်ခုနှစ်လီ မီးခိုးတိတ်သွားအောင် လှူလိုက်တော့ .."
"ဦးမာန်ရှိန် လှူမယ်ဆို လုပ်အားပေးတဲ့ထဲ ကျွန်တော့် ကို ထိပ်ဆုံးက မှတ်ထားလိုက်တော့.."
ဂွတိုကလဲ လုပ်အားပေးမည့်စာရင်းထဲသူ့ကို ထိပ်ဆုံးက ထည့်ပါတဲ့။တကယ့်ဟာတွေ။မုန့်ဆီကျော်က ဘယ်နေမှန်းမသိ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုသလို ဖြစ်နေပြီ။ဦးမာန်ရှိန်က အမှန်တကယ် ချက်ချင်းကောက်လှူနိုင်သော်လည်း မယုံတာက သူတို့နှစ်ယောက်ကိုပင်။ဒီနှစ်ယောက်က လက်တွေ့သာမကျတာ အပြော ဆို လှတောသားနှင့် နင်လားငါလား တွေ..။
"အေးအေး အေးပါကွာ..ဟားးး"
ဖိုးထောင်နဲ့ ဂွတိုကလဲ ပလုတ်ပလောင်းနဲ့ ပြန်ပြော။ဒါကို ဦးမာန်ရှိန်ကလဲ သဘောတကျ။ဖိုးထောင်စားတာ သဘောကျလွန်းလို့ ရွာကိုတောင် အလှူပြန်လုပ်ချင်ပါသည်တဲ့။
ရယ်မောပြီး ဖိုးထောင်နှင့် အပြန်အလှန်စကားတွေ ပြောနေသည့်ဦးမာန်ရှိန်ကို ကြည့်ရတာ ခုမှလူမှန် နေရာမှန်ရောက်နေသလို။အသားကျနေတဲ့ အရာတွေကို လုပ်နေရသလို အစီအစဉ်တကျ။အလုပ်တွေကြည့် လုပ်နေရသည်ရဲ့ နောက်ကွယ်က ပင်ပန်းနွမ်းနယ်ခြင်းတွေက ခုမှရေထိပြီး လန်းလာရတဲ့ ပန်းကလေးလို။၀င်ကစွပ်ကောင်လေးတွေ သူ့နေရာ ရှာတွေ့သွားသလို အံ၀င်ခွင်ကျ။
ဒါကိုပင် အန်တီခင်ထားကလည်း ပြုံးပြုံးကြီး ကြည့်နေပါသေးသည်။
"ဂွတို နင်နေအုံးမယ်..စကားလေးဘာလေးလဲပြော ..ရေသောက်အုံးမလားဟင်.."
"ကိုကြီးဖိုးထောင်သာ စကားများမနေနဲ့ ထမင်းစားရင် စကားမများရဘူးတဲ့ ကျွန်တော်က လူ့ကျင့်၀တ်ကို အထူးသိတတ်တဲ့သူဆိုတော့ မပြောပဲနေတာ.."
ဂွတိုကလဲ စကားသာနည်းတာ အစားမနည်း။စားနေတာများ ခေါင်းကို ဖော်မလာတော့။
ဤသည်ကိုပင် ဖိုးထောင်ကလဲ မဲ့ကာရွဲ့ကာနှင့် စသလိုနောက်သလို ပြုနေသေးသည်။ဒါကို ဂွတိုကလဲ လူကျင့်၀တ်လေး ဘာလေးနဲ့ ဖိုးထောင်ကို ပါးပါးလေး ပုတ်ချလိုက်တာ။တကယ် ကြောင်နဲ့ကြွက်။မျက်နှာချင်းမဆိုင်ရရင်တောင် မရရအောင်ဆိုင်ပြီး မီးခွက်ထွန်း စကားများတဲ့ဟာတွေ။
"မောင်ဂွတို ပြောသလိုဆို စကားများတဲ့ထဲ ငါလဲပါပြီ ထင်ပါတယ်ကွာ.."
"ဟို..ဦးမာန်ရှိန်မပါပါဘူးဗျ လုံး၀မပါဘူး ကိုကြီးဖိုးထောင်ကသာ ချွင်းချက်..ဟဲ ဟဲ.."
ဦးမာန်ရှိန်က စနောက်ပြောသည်ကို ဂွတိုက သူပြောတာ ဖိုးထောင်တစ်ယောက်ထဲဖြစ်ကြောင်းကို ပြာပြာသလဲ လက်တွေကလဲ တကာကာနှင့် ငြင်းနေသေးသည်။
"မင်းကို ရွာပြန်မှ မုန့်၀ယ်ကျွေးအုန်းမယ် ..အဟွန်း"
"တကယ်ပြောတာလား ကိုကြီးဖိုးထောင်..အဲ့လိုဆို ဂွတိုတို့က ရှယ်ကြိုက် .."
"အေးအေး တွေ့မယ် "
မပြီးနိုင်မစီးနိုင် နှစ်ယောက်က သွားကြားထဲက ထွက်သည့်လေသံတွေနှင့် တတွတ်တွတ်။
"ကဲ..ကဲ စကားတွေပဲ များမနေကြနဲ့ ထမင်းလဲစားကြအုံး တစ်ညကုန်သွားအုံးမယ်..မောင်လက်ရုံး ဟင်းတွေထည့်ပေးလိုက်ပါအုံးကွယ် .."
"ဟုတ်ကဲ့ဗျ "
အန်တီခင်ထားကသာ ဖိုးထောင်တို့ထဲ ဟင်းတွေထည့်ခိုင်းနေတာ။တကယ်တော့ ကိုယ်ထည့်ပေးစရာကို မလို။ဟိုလူက ဒိုင်ခံထည့်ပေးနေသည်လေ။သူကတော့ နတ်သုဒ္ဓါများ စားထားလားမသိ။ထမင်းသိပ်မစား။ဟင်းထည့်ပေးသည့် အလုပ်ကိုပဲ တစ်သတ်တာ တာ၀န်ယူတော့မည့်သူလို..။
"အရီးမြ ချက်ထားတာ စားကောင်းရဲ့လား ငါ့တူတို့.."
"အရီးမြချက်ထားတာ ရှယ်ကောင်း..ကောင်းလွန်းလို့ ရွာက အမေကို အရီးမြဆီ ဟင်းချက်နည်းလေးဘာလေး လာသင်ခိုင်းရမယ်ထင်တယ်.."
"အရီးတင်စိန် ချက်တာလဲ ကောင်းပါတယ်နော်.."
ဖိုးထောင်နဲ့ အရီးမြပြောနေသည်ကို ဒီလူက အရီးတင်စိန်ဘက်ကနေ ၀င်ဖြောင့်ချက်ပေးနေသေးသည်။နှုတ်ခမ်းတထော်ထော်နဲ့ တကယ် ကလေးလိုပဲ။ရေချိုးပြီးစ ဆံပင်ခပ်အုပ်အုပ်တွေက အားလုံးထဲ သူပဲအငယ်ဆုံးလိုလို နုဖက်နေလိုက်တာ။
"ကိုကြီးနှိုင်းတုက အမေ့ကို ကာကွယ်နေလိုက်တာ..ဒါ့ကြောင့် အမေက သဲသဲလှုပ်နေတာ နေမှာ.."
"ကဲ..အဲ့လိုဆို ဒီက ဒေါ်မြက ဟင်းချက်မကောင်းဘူးပေါ့ ဟုတ်လား.."
"ဟို..ကောင်းပါတယ် ကျွန်တော်ပြောတာ တစ်ယောက်တစ်မျိုးစီ ကောင်းတယ်လို့ ပြောတာပါ.."
လက်ရုံးကို တခါတလေ လေကြီးလေကျယ်တွေ ပြောတတ်သည့် မြေခွေးလေးက လက်ရုံးမဟုတ်တဲ့ သူဆို ယုန်သူငယ်လေး လိုလို ကလေးဆန်သည့် ဖြေရှင်းချက်တွေလည်း ပေးတတ်ပါသေးသည်။
"အမလေး.. ပြောပုံလေးကကို ချစ်စရာလေးတော် .. အဲ့ဒါကြောင့် ဝိုင်းအုံချစ်လေး ဖြစ်နေတာနေမှာ.. "
အရီးမြကလဲ ဒီလူ့ကို အသဲတယားယားဖြစ်နေပုံပင်.. ။
"ဒေါ်မြ တစ်ခါထဲ ၀င်စားလိုက်ပါ့လား အဖွဲ့ကျနေတာ..ဘယ်လောက်ပျော်စရာကောင်းလဲ.."
"တော်ပါပီ..မောင်မာန်ရှိန်ရယ် ဒီမှာ ဘေးကနေကို ပီတိတွေ စားပြီး ဗိုက်တွေကို ပြည့်လို့ .."
"အရီးမြကလဲ ..မစားပဲနဲ့ ဗိုက်ပြည့်ရတယ်လို့ ကျွန်တော်တို့နဲ့ အတူ ၀င်စားရင် ပိုကောင်းမှာကို"
"အရီးက ပြီးမှ မောင်အောင်ကျော်နဲ့ အတူစားလိုက်ပါ့မယ်ကွယ် ငါ့တူတို့သာစား.."
ဦးမာန်ရှိန်နှင့် ဖိုးထောင်က ထမင်းအတူ၀င်စားရန်ပြောသည်ကို အရီးမြကတော့ က်ိုအောင်ကျော်နှင့် အတူ ပြီးမှစားမည်ဟု ပြောလာသည်။
ဦးမာန်ရှိန်ဆိုတာ ဒီလိုပါပဲ။လက်အောက်ငယ်သားဆို ပြီး ဘယ်တော့မှ မြေနိမ့်ရာ လှံမစိုက်တတ်သောသူ။တစ်မိသားစုလုံး စိတ်ဓာတ်ပြည့်၀ပုံက အတုယူစရာအပြည့်။အန်တီခင်ထားဆိုသည်မှာလား စိတ်ရင်းစေတနာ ပြည့်၀သူဟုဆိုရမည်။ဟိုလူကရော ဘာထူးလဲ ၊ဘုရားဖြစ်မည့် အုတ်နီခဲပဲလေ။
အရီးမြတို့ကလဲ ကောင်းသလောက် မထောင်းတတ်သည့်သူတွေမို့ အလုပ်ရှင်မကန့်သတ်ထားသည်များကို မိမိဘာသာ ကန့်သတ်ထားကြပုံပင်။
ဒီနေ့ ထမင်းဝိုင်းကတော့ အခြားနေ့များနှင့်မတူ တိတ်ဆိတ်မနေပဲ တစ်စားပွဲလုံး အုတ်အုတ်သောင်းနင်း။
*********
"ကဲ.. အဲ့လိုဆို အရီးမြ အခန်းပြင်ပေးစရာ မလိုတော့ဘူးပေါ့ ဟုတ်လား "
"ဟုတ် အရီးမြ ကျွန်တော်တို့ အဆင်ပြေတယ် အရီးမြသာ ထမင်းဟင်းတွေ ချက်ကျွေးထားရလို့ ပင်ပန်းနေရောပေါ့ သွားနားလိုက်ပါတော့.. "
"ထမင်းဟင်း ချက်တာလောက်တော့ အရီးမြတို့က မမှုပါဘူးတော် လူလေးတို့သာ အဆင်ပြေတယ်ဆို အရီးမြလဲ အောက်ထပ်ဆင်းတော့မယ်.. "
"ဟုတ် အရီးမြ ကောင်းကောင်းနားပါ "
"အေးကွယ် သွားပီ သွားပီ"
အရီးမြက ဖိုးထောင်တို့အတွက် အခန်းပြင်ပေးရန်လာမေးခြင်းဖြစ်သည်။အခန်းကအကျယ်ကြီးဆိုတော့ သုံးယောက်အိပ်လဲ အဆင်ပြေနေသည်မို့ အရီးမြကို ဒုက္ခမပေးချင်။တွေ့တဲ့ ကြမ်းပြင် ကျောခင်းလာသူတွေမဟုတ်သော်လည်း ရွာသားတွေမို့ ဘာဖြစ်ဖြစ် အဆင်ပြေသည်လေ။
"အဟမ်း.. ဒါဆို ကျွန်တော်က ဂွတိုနဲ့ ကိုကြီးလက်ရုံးအခန်းထဲမှာ အိပ်မယ် ကိုကြီးလက်ရုံးက ကိုကြီးနှိုင်းတု အခန်းထဲသွားအိပ်.. "
"ဟင်.. "
"ဘာပြောတယ်.. "
လက်ရုံးရော ဟိုလူပါ နှစ်ယောက်သား ဖိုးထောင်စကားကြောင့် တအံ့တဩ။ကိုယ်ပြောတာက ကိုယ့်အခန်းထဲမှာပဲ သုံးယောက်အိပ်လို့ရသည်မို့ အဆင်ပြေသည်ပြောတာလေ။ဆိုလိုတာက တခြား အဓိပ္ပါယ် ကောက်သည်က တခြားဆိုသလို ဖြစ်နေပြီ။
"ဘာလို့လဲ.. အခန်းကနှစ်ခန်းရှိနေတာပဲ တစ်ခန်း နှစ်ယောက်ပေါ့ အဆင်ပြေတယ်လေ.. "
"ဟုတ်တယ် ကိုကြီးဖိုးထောင်ပြောတာမှန်တယ်လေဗျာ ကိုကြီးလက်ရုံးတို့က ဘာဖြစ်နေကြတာလဲ တစ်ကုတင်ထဲသုံးယောက်ဆိုတော့ ကျပ်နေမှာပေါ့ဗျာ.. ဟုတ်တယ်မလား ကိုကြီးဖိုးထောင်.. "
"မှန်တာပေါ့ ညီလေးရာ.."
မတည့်အတူနေ နှစ်ယောက်က ဒီလိုနေရာမျိုးကျ အတိုင်အပေါက်ညီနေလိုက်တာ မြင်မကောင်း။ဘုန်းကြီးကျောင်းလဲ ဆောင်မပါပဲ တွေ့ကရာ ၀င်ထိုးအိပ်နေသည့်သူများက ကျပ်မှာကြောက်ပါသည်တဲ့။ဆန်းကြယ်လိုက်ပုံများ။
"ကိုကြီးနှိုင်းတု ..ကိုကြီးလက်ရုံးကို တစ်ညလောက်တော့ လက်ခံလိုက်ပါဗျာ နော်.."
"ဖိုးထောင် မင်းပြောသလိုဆို ငါဘယ်ဘ၀ရောက်နေပြီလဲ ဟင်.."
ဧည့်သည်လာ အိမ်ရှင်ပြေးဆိုတာ ဒါမျိုးပြောတာနေမှာ။အခန်းက ကိုယ့်အခန်းအပိုင်မဟုတ်သော်လည်း လောလောဆယ်တော့ ကိုယ်နေသည့်အခန်းလေ။ဒါကို ကိုယ်နေသည့်အခန်းကိုအပိုင်စီးပြီး ငပြူးက ပြန်ပြဲပြနေသေးသည်။
ဖိုးထောင်ပြောလိုက်ကာမှ ပလက်ဖောင်းခေါင်းအုံးအိပ်နေရသည့် နေစရာမရှိသည့် အိမ်ခြေရာမဲ့လိုလို၊သနားစရာ သတ္တဝါလိုလို ဘ၀ရောက်သွားရသည်။
"ကိုကြီးလက်ရုံးကလဲဗျာ ဆိုလိုရင်းကို တစ်မျိုးကောက်နေပြန်ပြီ ကျွန်တော်ပြောတာက ကျွန်တော်တို့ ရှိတဲ့ရက်လေးတော့ ကိုကြီးနှိုင်းတု အခန်းထဲကို ခနလေးသွားအိပ်ပေးပါလို့ ပြောတာပါ အဟဲ.."
ဒီကောင် ဖိုးထောင် ခုမှစပ်ဖြဲဖြဲနဲ့ စကားပြောလိုက်ရင် အနှောင့်မလွတ် အသွားမလွတ်။
"ကိုကြီးနှိုင်းတုကရော ကိုကြီးလက်ရုံးကို အိပ်ခိုင်းမယ်မလား.."
"ဟို..ငါက ရပါတယ် မင်းတို့ ကိုကြီးကသာ.."
"ကျုပ်လဲ ရတယ် "
ဟုတ်တယ်လေ မွေးကတည်းက ဒေါင်ကျကျ ပြားကျကျ နေလာသည့်သူက အိပ်စရာနေရာလောက်တော့ ရွေးနေစရာမလို။
"အာ့ဆို အိုကေသွားပြီလေ ဒါပဲလေ ဟဲ..ဟဲ..
အမှန်ဆို ကျွန်တော်က ကိုကြီးနှိုင်းတုနဲ့ အတူအိပ်ချင်တာကို အိပ်ရေးကဆိုးတော့ မအိပ်ရဲတာ.."
ဒီလူ့ကို လူတကာ သဲကဲပြနေလိုက်တာ။ခုလဲ ဖိုးထောင်က သူအိပ်ရေးဆိုးလို့သာ မအိပ်ရဲတဲ့ပုံ။
ညနေကလည်း ဒီလူပြန်မလာသေးသည်ကို အတင်းကာရော ဖုန်းဆက်ခေါ်ခိုင်းနေသည်။ခေါ်ချင်တဲ့အချိန်ခေါ်လို့ရ ရအောင် ရွာကပဲခင်းထဲ ပဲနှုတ်သည်ထင်နေလားမသိ။
မဟုတ်လဲ ကိုယ်ရှိသည်အထင်နှင့် သွားကြိုနေမည့်သူကို လှမ်းအကြောင်းကြားရအုံးမှာမို့ ဖုန်းဆက်ပေးကာမှ ကျေနပ်သွားသည်။
"ကိုကြီးဖိုးထောင် ပြီးပြီဆိုလဲ အိပ်ရအောင် အိပ်ချင်နေပြီဗျ.."
"အေးပါကွာ..ငါလဲ အိပ်ချင်နေတာပဲကွ..
ဟို..ကိုကြီးလက်ရုံးနဲ့ ကိုကြီးနှိုင်းတု ကျွန်တော်တို့ သွားအိပ်တော့မယ်နော်.. ကိုကြီးတို့လဲ အိပ်ချိန်တန်ပြီဆိုတော့ အိပ်ကြတော့.."
"ကြွ.."
ဒီနှစ်ယောက်ပုံကြည့်ရတာအတော်အိပ်ချင်နေကြပုံ။သူတို့အိပ်ချင်ကာမှ အိပ်ချိန်တန်တာရော ဘာရော လျှာရိုးမရှိလျှောက်ပြောနေကြသည်။အစောက ဆရာကြီးစတိုင်နဲ့ အခန်းတွေခွဲပေးနေသည်မှာ သူမဟုတ်သည့်အတိုင်း..။
.
.
.
"ဟို..မင်း ပုဆိုးကြီးနဲ့ အိပ်မလို့လား"
"ကျုပ်က ပုဆိုးနဲ့မအိပ်လို့ ဘာနဲ့အိပ်ရမှာလဲ.."
"မဟုတ်ဘူးလေ..ကျွတ်ကျရင် ဘယ်လိုလုပ်မလဲ"
"အဟက်..ဘာလဲ ကြောက်လို့လား "
"ငါ..ငါက ဘာကြောက်ရမှာလဲ "
"မကြောက်ရင် ပီးတာပဲ
စိတ်ချ ပုဆိုးက ခင်ဗျားဆွဲချွတ်မှ ကျွတ်မှာ"
"ငါက ဘာကိစ္စ ဆွဲချွတ်ရမှာလဲ "
"သဘောပြောပြတာ..
အောက်မှာလဲ ဘောင်းဘီပါတယ်..ကဲ ရပီလား"
မွေးကတည်းက ပုဆိုး၀တ်အိပ်လာသည့်သူကို ပုဆိုးနဲ့အိပ်မှာလားတဲ့လေ။သူချွတ်မှ ကျွတ်မှာလို့ ပြောတော့ ထုံးစံအတိုင်း နှုတ်ခမ်းတထော်ထော်နဲ့ ရန်ပြန်တွေ့တတ်သေးသည်။ဒီလူနဲ့မှ မဟုတ်တာလုပ်မည့်သူကြီးလိုလို ပုလိပ်စစ် စစ်ခံနေရသေးသည်။အောက်က ဘောင်းဘီပါတယ်ပြောမှ ငြိမ်ကျသွား သောသူ။တကယ် မလွယ်ကြောပင်။
ဒီလူ့ကြည့်တော့ အပေါ်ရော အောက်ရော၀တ်ထားသည်က အရဲ၀မ်းဆက်။ကာတွန်းရုပ် လေးတွေတောင်ပါသေးသည် တကယ် ကလေးကလား။ဖြူအုနေသော နို့နှစ်ရောင်အသားအရည်နှင့် ထင်ဟပ်နေသည့် ကာလာစုံတို့က မျက်စိမလွှဲချင်စရာ။နှုတ်ခမ်းဖူးဖူးတို့က ၀တ်ထားသည့်အကျီအရောင်ထက် ပိုရဲနေသလို။အနီ၀မ်းဆက်၀တ်ပြီး လှချင်တိုင်းလှနေသည် ပြောရမလားပဲ။သေချာတာက ဒီလိုစည်းတွေဘောင်တွေ သတ်မှတ်ထားခြင်းမရှိ
သည့်အလှမျိုးကို ပထမဆုံးတွေ့ဖူးခြင်းပါပဲ ။ ယောင်္ကျား မိန်းမရယ်လို့ မရှိပဲ လိင်မဲ့ အလှတရားမျိုး သိပ်ဆန်းကြယ်တာ။
"မင်း ..ဘာကြည့်တာလဲ "
အစုံအဆန်ကြည့်နေသည့် ကိုယ့်ကို သတိထားမိသွားဟန်။ကိုယ်လေး၀ှတ် လက်လေးကာပြီး တစ်ကိုယ်လုံးအလုံဖုံးထားသည်ကို ထပ်ဖုံးနေသေးသည်။ကြည့်ပါလား ကိုယ့်ထက်အသက်ကြီးတယ်သာပြောတာ ယုံစရာတစ်ကွက်မှမရှိ။ကိုယ်လေးကျုံ့ပြီး မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်နေသည်က ကျားလက်ထဲရောက်နေသည့် သမင်ငယ်လေးလိုလို။ကိုယ်က ဘာလုပ်မှာကျလို့။
မရည်ရွယ်ပဲ ဒီလောက်ထိကြည့်မိသွားသည်မို့ ဟန်ကိုယ့်ဖို့ပါဆိုသလို..
"ဘာမှမကြည့်ဘူး ..ခင်ဗျားက မအိပ်တော့ဘူးလား ..ခင်ဗျားမအိပ်လဲ ကျုပ်အိပ်တော့မယ် "
"ငါလဲ အိပ်မှာ.."
သူလဲအိပ်မယ်ပြောပြီး ကုတင်ပေါ်ကိုယ့်အရင် ဦးအောင်တတ်သွားသေးသည်။
"ခင်ဗျား ဒီဘက်တိုးလေ ကျုပ်ကိုက်မစားပါဘူး"
ကုတင်အကျယ်ကြီးကို အစွန်းကပ်အိပ်နေသည့်သူကို လှမ်းပြောရသေးသည်။ပြုတ်ကျကာမှ အနာတရဖြစ်လျှင် ကိုယ်ကပဲ မနေနိုင်မထိုင်နိုင်ဖြစ်ရအုံးမည်လေ။ သူမအိပ်တတ်မည်စိုး၍ ဆိုဖာပေါ်အိပ်ပါမည် ပြောတော့လည်း အအိပ်မခံ။
"ဟို..ရတယ် ငါက အိပ်နေကျ..
အကျင့်ဖြစ်နေပြီ.."
ဒီလောက်ကုတင်အကျယ်ကြီးကို ကုတင်အစွန်းကပ်အိပ်တတ်တဲ့ အကျင့်ဆိုတာ ဘယ်မှာရှိလို့လဲ။
"အဟမ်း..ဒီမှာ ဖက်လုံးချထားလိုက်ပြီ
ငါကအိပ်ရေးဆိုးတော့ မင်းကိုကန်မိမှာစိုးလို့"
အလယ်ကို ဖက်လုံးကြီးလာချပြီး ကန့်ထားသေးသည်။ကြည့်ရတာတော့ ကိုယ့်ကိုကန်မိမှာ စိုး၍လား၊ ကိုယ့်ကိုကြောက်၍လား မသဲကွဲ။
ပြောပြန်ရင်လည်း ကရွတ် ကင်းလျှောက်သလို ဖြစ်နေတော့မည်မို့ ဘာမှမပြောတော့။
ထိုခါမှ တစ်ဘက်လှည့်ပီး ခေါင်းမြီးခြုံသွားသည်။ခေါင်းမြီးခြုံထဲကနေ ကိုယ်မသိဘူးအထင်နှင့် တစ်ချက်တစ်ချက် ချောင်းချောင်းကြည့်နေသေးသည်။
အိပ်ပျော်မယ်ကြံသေး ရင်ခွင်ထဲ အတင်းတိုး၀င်နေသည့်အရာကြောင့် လူက နိုးလာရသည်။
ကြည့်လိုက်တော့ ရင်ခွင်ထဲ ခွေးစုတ်ဖွားလေးသဖွယ် အတင်း ကုပ်တတ်နေသည့် ဟိုလူ။
အစောက ကာထားသည့် အလယ်က ဖက်လုံးကြီးလည်း ဘယ်ရောက်မှန်းမသိ။
ခေါင်းမြှုပ်အောင် ခြုံထားသည့် ဆောင်ကလဲ ကုတင်အောက်မှာ အပုံလိုက်။
လူကိုလဲ သူ့ခြေထောက်လေးတွေနဲ့ အတင်းခွထားသေးသည်။
တစ်ခါတစ်ခါ သူ့ခြေထောက်ဖောင်းဖောင်းလေးတွေနဲ့ ကိုယ့်ခြေထောက်တွေကြား ထိုးထည့်နေသည်က အနွေးဓာတ်ရှာသည့် အကောင်ပေါက်လေးလို ။
ခေါင်းလုံးလုံးလေးကလဲ အငြိမ်မနေ။
ခေါင်းအုံးပေါ်မအိပ်ပါဘဲ လက်မောင်းကြား အတင်းထိုး၀င်ပြီး သူ့ကိုယ်ပိုင်ခေါင်းအုံးနှယ် ခြယ်လှယ်ချင်သလို ခြယ်လှယ်နေပြန်သည်။
စိတ်ကြိုက်ဖြစ်သွားမှ ကျေနပ်သွားဟန် ငြိမ်ကျသွားသည်။
ရင်ခွင်ထဲ အသက်ရှုသံ မျှင်းမျှင်းလေးနှင့် လာအိပ်နေသူက ပုစွန်ထုပ်လေးအတိုင်း။အိပ်ပျော်သွားသူက ဘာမှမသိသော်လည်း ကိုယ့်မှာက တောင့်တောင့်ကြီးနဲ့ မလှုပ်မယှက်။
မြင်နေရသည့် နှာခေါင်းလုံးလုံးလေးကို အမြင်ကပ်ကပ်နဲ့ ဖွဖွလေး တို့ထိလိုက်တော့ ယား၍ထင်သည် သူ့မျက်နှာသူ ပြန်ပွတ်နေသေးသည်။ဒီလူ မျက်နှာနုနုလေးကို အဘယ်ကြောင့် အကြမ်းပတမ်း ပွတ်ဆွဲနေရသလဲ။မျက်နှာလှလှလေးများ ရဲပတောင်းခတ်သွားရင် ခတ်ရချည်ရဲ့။ဒီမျက်နှာလေးတော့ အထိခိုက်မခံရဲ။ဒီမျက်နှာလေးကတော့ အမြဲလှနေရမည်လေ။
မျက်နှာလေးရဲသွားမည်ကိုပင် စိတ်ပူနေသည့် ကိုယ့်အဖြစ်ကိုလဲ စဉ်းစားမရ။အိုးကမပူ စလောင်းကပူ ဆိုတာ ဒါမျိုးပြောတာနေမှာ။ကြာလာရင် 'နှိုင်းတုမမှီ sensitive' ဖြစ်တော့မည် ထင်သည်။
အိပ်မရသည့် ညတွေထဲ ဒီညက အခတ်ဆုံးထင်တယ်။
ကြည့်နေရရင်တောင် ရူးမတတ်ကို ရင်ခွင်ထဲရောက်နေတော့ လူက သွတ်သွတ်ခါတာပေါ့။
ဒီလူ့ကြောင့် ဖြစ်တည်လာတဲ့ ပထမဆုံးသော စိတ်ဆန္ဒပါ။ထိန်းချုပ်ရ ခက်ခဲပေမဲ့ ဒီအခြေအနေလေးကို ရပ်တန့်ထားချင်နေမိတယ်။
ပြကွက်ဆိုရင်တောင် အကြိမ်ကြိမ်ပြန်ကြည့်နေမိမည့် ပြကွက်ပါပဲ။တံဆိပ်တစ်ခုဆို နှလုံးသားထဲထိ ရိုက်နှိပ်ထားလိုက်မယ်။
ကိုယ့်ရင်ခွင်ထဲ ၀င်အိပ်နေသည်ကိုသာ သိပါက ဆွေ့ဆွေ့ခုန်နေမည့် သူကို မြင်ယောင်မိပြန်တော့ ကိုယ့်မှာ မြတ်နိုးမဆုံး။
*********
#minus-zero
3 September 22
ပေါ့သွားရင် တောင်းပန်ပါတယ်လို့
ကြိုးစားရေးထားပါတယ် 💛😙
လိုအပ်တာလေးတွေရှိရင် ထောက်ပြကြပါလို့ 🙆