"တီ ... တီ.... တီ... "
.
.
"တီ... တီ.... တီ... "
နှိုင်း 'တတီတီ' ထအော်နေသော နှိုးစက်သံကြောင့် မက်နေတဲ့ အိမ်မက်တောင် တောင်စဉ်ရေမရတွေ ဖြစ်ကုန်သည်။နှိုးရန် ရည်ရွယ်ချက်နှင့် နှိုးစက်ပေးထားသည်မှာ မှန်သော်လည်း လာနှိုးလျှင် လုံး၀မကြိုက်။ကိုင်သာပေါက်ပစ်ချင်ပါသည်။မိမိကြိုက်နှစ်သက်လှပါသည် ဆိုသည့် သီချင်းတွေတောင် နှိုးစက် Ringtone ထားလျှင် အမုန်းဆုံးသီချင်းသို့ ကူးပြောင်းသွားသည်ဟု ဆိုကြသည်မှာ အမှန်။အခုဆို တတီတီ မြည်သံကို အတော်မျက်မုန်းကျိုးနေပါပြီ။
နှိုင်းလည်း တတီတီထအော်နေသော အကောင်ကို စမ်းတဝါးဝါးလှမ်းယူကာ ပိတ်လိုက်မှ အော်တာ ရပ်သွားသည်။တကယ် ကျက်သတုံးကောင်။
အလုပ်မရှိစဉ်က နှိုင်းဒီချိန်ဆို အိမ်မက်ကမ္ဘာထဲ လက်ပစ်ကူးတုန်း။ခုက အလုပ်တာ၀န်က ရှိနေသေးသည်မို့ မထချင်လဲ ထရမည်။အိပ်ယာက ထပြီး နိစ္စဒူ၀ လုပ်ငန်းတွေကို တန်းစီအောင် လုပ်ရအုံးမည်။
အတုအယောင်တွေကြား ကျင်လည်ရင်းပေါ့။
မှန်တစ်ချပ်လို သူကောင်းရင် ကိုယ်ကောင်းမယ်၊သူဆိုးရင် ကိုယ်က ပြန်ဆိုးပြလိုက်မယ်။
အသီးရှိတဲ့ အပင် ခဲ နှင့်ပစ်တာ ခံရမှာပဲ။
အသီးမရှိရင် လှဲပစ်တာ ခံရမည်မှာ ဓမ္မတာ။
အဲ့တော့ ပတ်၀န်းကျင်က အတင်းအဖျင်းတွေ ထူး ဂရုစိုက်မနေတော့ပါဘူး။လူတွေက သူတို့ အမြင်မကြည်ဘူးဆို ကိုယ်ဘာလုပ်လုပ် ရွဲ့သည် ထင်ကြမှာပဲ။
ခန္တီပါရမီ ပြည့်၀နေသူလည်း မဟုတ်တော့ အရာရာတော့ တရားသဘော မဆန်နိုင်။သွေဖယ်သင့် လျှင် မဆိုင်းမတွ သွေဖယ်ပစ်မည်။အစော်ကားတော့ မခံနိုင်။ဒီမိုကရေစီ ဆိုပြီး လမ်းပေါ် စပါးတတ်လှမ်းနေသည့် သူများနှင့် တွေ့လျှင် အခက်သားလေ။
ပကာသန တွေဆို လုံး၀မကြိုက်တာ မွေးကတည်းက ဗီဇ။အလကား အဆံမပါတဲ့ စပါးနှံ တထောင်ထောင်၊မပြည့်တဲ့အိုး ဘောင်ဘင်ခတ်ဆိုသလိုပေါ့ ။
ဦးနှောက် မပါရင် နေပါစေ ၊နှလုံးသားတော့ တစ်စုံလုံး အပြည့် ပါပါစေ။နှလုံးသားထက် ဦးနှောက်ကြီးကြတဲ့ သူတွေက ကိုယ့်ဖို့ကိုယ်ပဲ ကြည့်တတ်ကြတာ။
ဦးနှောက်ထက် နှလုံးသားကြီးကြတဲ့ သူတွေကို
ငဒူ လို့ သတ်မှတ်တတ်ကြပေမဲ့ ငဒူလို့ စိတ်ထားမျိုး ဘယ်သူမှ မထားနိုင်ကြ။
နှိုင်းကတော့...
သမုဒ္ဒရာကြီးထက် ချောင်းနံဘေးက လက်ယက်သဲတွင်းလေးကို
ပိုတန်ဖိုးထားပါတယ်။
သမုဒ္ဒရာရေတွေများနေလဲ အသုံးမှ မ၀င်တာ။
နှိုင်း ကိုယ့်အတွေးနဲ့ ကိုယ် ရေချိုးခန်၀င်ပြီး သွားတိုက်မည် အပြု..
"ဟာ...အရေးနဲ့ အကြောင်းဆို
သွားတိုက်ဆေးက ကုန်နေပြန်ပါပြီ ဟူး.."
မထချင် ထချင်နှင့် ထလာရသည့်ကြားထဲ လုပ်နေတာတွေကပါ အဆင်မပြေတော့ နှိုင်းပုံစံက ကြက်ကြီး လည်လိမ်နေသလို ။
သွားမတိုက်ပဲကလဲ မဖြစ်သည်မို့ အသစ်များရှိလားဆိုပြီး ရှာကြည့်သော်လည်း မတွေ့။
မတတ်နိုင်ပေ။အနီးဆုံးဆို အိမ်က ကောင်လေးပဲ ရှိသည်မို့ ထိုကောင်လေးဆီပဲ သွားရမည်။
နှိုင်းလဲ သူ့အခန်းဘက် ကူးသွားပြီး..
"လက်ရုံး ..သွားတိုက်ဆေး..
ဟင် ! "
အခုမှ နှိုင်းရဲ့ ပွေးမျက်လုံးတွေက ဇီးကွက်အသွင် ကူးပြောင်းသွားရသည်။
ဒီကောင်လေး bathrobe မ၀တ်ဘူးလား။
ဒီတိုင်း အောက်ပိုင်းကို တပတ်လေးတစ်ထည်ပဲ ပတ်ထားတာ။ပတ်ထားတော့လည်း လျော့တိလျော့ရွဲ။ကြွက်သား အမြောင်းမြောင်း တွေက တမင် လှစ်ဟ ပြသထားသလို။ရေစက်လက် ကျနေသည့်ခေါင်းကို သုတ်နေသည်က နိုင်ငံခြား မင်းသားလိုလို။သူ့ကိုယ်သူ ကြော်ငြာ ရိုက်နေသည် ထင်နေသလားမသိ စလိုးမိုးရှင်း နဲ့။dryer မသုံးဘူးလား။ကြည့်ကောင်းတယ်ဆိုပြီးတမင် ရှိုးထုတ်နေတာလား။
"ကြည့်လို့ ၀ပြီလား.."
"ဟင်..ဘာ...ဘာကို
ကြည့်ရမှာလဲ.."
နှိုင်း ထိုကောင်လေးပြောလိုက်ကာမှ အယောင်ယောင်အမှားမှား။ခု နှိုင်းပုံစံက ရီမု နဲ့ ထိန်းချုပ်ထားသည့် စက်ရုပ်ကြီးလိုလို တံခါး၀မှာ မလှုပ်မယှက်။
အခု ဒီကောင်လေးက နှိုင်းကို လှောင်ပြောင်နေတာလား။လှောင်ပြောင်နေသည့် ပုံစံလည်း မဖမ်းမိ။ပြုံးတုံ့တုံ့နှင့်။
နှိုင်းလည်း ဒီကောင်လေး အပြောကြောင့် သူ့နားသွားလိုက်ပြီး..
"ငါက..ဘာကြည့်နေလို့လဲ.."
"အဟက် ..ခင်ဗျားက အကန်းဆို ချောက်ထဲတွန်းချမယ့်လူ..ဂျပိုးကို လိပ်ဖြစ်အောင် ပြောတော့မယ်..ကြည့်နေတာ မြင်တာပဲကို .."
"မင်း.."
နှိုင်း အမှန်တကယ် ကြည့်မိသွားသောကြောင့် ဘာပြန်ပြောရမှန်း မသိ..
ဒါပေမဲ့.. ကြည့်ချင်လို့ ကြည့်တာမှ မဟုတ်ပဲ။သူကလာပြနေတာလေ။ကိုယ့်ရှေ့မှာရှိနေတာ ဘယ်သူဖြစ်ဖြစ် ကြည့်မိကြမှာပဲ ။မကြည့်စေချင် မပြနဲ့လေ။တမင်ပြထား ပြီးတော့ လူကို ခနဲ့နေတဲ့ လူဆိုး။
နှိုင်းက ဆက်မပြော၍ ထင်သည် သူ့ကိုယ်လုံးကြီးကို နှိုင်းဘက် တိုးတိုးလာတာ....
နှိုင်းပင် သူ့ရင်ခွင်နဲ့ မိတ်ဆက်တော့မည့် အေနအထား...
"ဘာ...ဘာလုပ်တာလဲ.."
"..."
နှိုင်းမေးသည်ကို ပြန်မဖြေပါပဲ ရှေ့ဆက်တိုးလာသောကြောင့် နှိုင်းလက်လေးနဲ့ တွန်းလိုက်တော့ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ကြီးက ဘယ်လိုမ မနေ။နှိုင်းလက်လေးကပဲ သူ့ရဲ့ အ၀တ်မဲ့ ရင်အုပ်ကြီးပေါ် ရောက်သွားရသည်။
*ဒီကောင်လေး Gym တွေ ဘာတွေများ ခိုးဆော့ထားသလား မသိ။နှိုင်း လည်း မမြင်ဖူးပါဘူး။ရွာမှာလဲ ဆော့စရာ မရှိတာကို ဘာလို့ ဒီလောက် ခန္ဓာကိုယ်ကြီးက ပြီးပြည့်စုံနေရတာလဲ။
နှိုင်းဆို ဒီလို body မျိုး လိုချင်သော်လည်းမရ။တစ်ခါတလေ ဆော့ကြည့်သော်လည်း Gym ဆော့ရမှာ ပျင်းတဲ့ နှိုင်းအတွက်က အခြေမမြဲ။ဒီကောင်လေးကိုတောင် အားကျချင်လာပြီ။
"အ..! ..မင်း.."
နှိုင်း အတွေးရေယာဉ်ကြော မျှောနေစဉ် ရှေ့ဆက်တိုးလာသော ကောင်လေးကြောင့် အနောက်က သူ့ကုတင်ကြီးပေါ် ဘုတ်ခနဲ။မနာသော်လည်း ရုတ်တရက် မို့ လန့်သွားရသည်။
နှိုင်း လဲကျသွားသော်လည်း ဖယ်မပေးပါပဲ နှိုင်းပေါ် အုပ်မိုးလာသော ကောင်လေးကြောင့် ..
"မင်း ဘာလုပ်တာလဲ .."
ခု နှိုင်းအခြေအနေက ကျားရှေ့ မှောက်လျှက်မဟုတ်ပဲ ပက်လက်ပင် ဖြစ်နေလေပြီ။
"အဟက်..ကြည့်တာအားမရလို့ လာကိုင်နေတာလား.."
"ငါ..ငါ ဘယ်မှာကိုင်လို့လဲ
အဲ့တာ တွန်းလွှတ်တာလေ.."
"ကျုပ် ဘာမှမလုပ်ဘူး ..ကြောက်နေတာလား.. ဒီမှာ အ၀တ်လဲမလို့.."
"ငါက ..ဘာလို့ ကြောက်ရမှာလဲ "
"အဟက်...ဟုတ်ပါပြီ"
"ဖယ် .."
နှိုင်းပုံစံက ဘာဖြစ်နေသည်မသိ။'ကြောက်နေတာလား 'ဟု မေးပြီး သူ့ကုတင်ပေါ် အစောထဲက တင်ထားဟန်ရှိသော အကျီကိုယူပြီး သူဘာမှမလုပ်ပါဘူးဟု ပြောလာသောကောင်လေး။အကျီယူမှာဆိုလဲ ရိုးရိုးယူလေ။ခုက ဘာလုပ်တာလဲ။နှိုင်း အယောင်ယောင်အမှားမှား သူ့ကိုယ်ကြီးကို တွန်းဖယ်ပြီး ကဆုန်ပေါက်ပြီး ပြေးလာလိုက်တာ။
ဒီကောင်လေးကြောင့် နှိုင်းရင်ဘက်ထဲက လိပ်ပြာ အကောင်တစ်ရာလောက်က ထပျံတယ်။။ဒီတိုင်းဆို နှိုင်း နှလုံးရောဂါ အထူးကု နဲ့ ဒိုင်ခံပြရတော့မည်လား။ဒီကောင်လေးက ဘာလေးလဲ ။ဒီလောက် ပြုစားနေရအောင် စုန်းတို့ ကဝေတို့ များလား။စုန်းတို့ ကဝေတို့ ဆိုရင်တောင် ဒီလောက်ကြည့်ကောင်းရလား။မနက်အစောကြီး ချွေးတွေပါ ထွက်နေသည့် နှိုင်းပုံစံက တစ်လောကလုံး ဟားတိုက်ရယ်ချင်စရာ အနေအထားကြီး။
မဖြစ်ဘူး..ဒီကောင်လေးနဲ့ ဝေးဝေးနေမှ ဖြစ်တော့မယ်..။
*******
"မောင်လက်ရုံး..ဒီနေ့ အန်ကယ် နယ်ဘက်သွားစရာလေး ရှိသေးလို့ လချုပ်စာရင်းတွေ မောင်လက်ရုံးပဲ ကိုင်လိုက်တော့ မိုးဇော် ကို ပြောထားလိုက်မယ်.."
"ဟုတ် ..ကျွန်တော် စစ်လိုက်ပါ့မယ်"
လက်ရုံးတို့ မနက်စာစားနေကြစဉ် ပြောလာသော ဦးမာန်ရှိန်စကားကြောင့် ခွန်းတုန့်ပြန်မိသည်။
ဦးမာန်ရှိန်က လက်ရုံးကို နောက်ဆို သူ့တာ၀န်တွေတစ်ခုပြီးတစ်ခု လွှဲပြောင်းပေးမည်ဖြစ်သောကြောင့် ကြုံရင်ကြုံသလို အလုပ်သင်ပါသည်။ခုလဲ နယ်ဘက်သွားမည်ဖြစ်သောကြောင့် လချုပ်စာရင်းတွေ ကိုင်ခိုင်းသည်ကိုပဲ ကြည့်လေ။ တော်ရုံဆို ဘယ်အလုပ်ရှင်မှ မခိုင်းသော အလုပ်မျိုးကို လက်ရုံးကို ခိုင်းပါသည်။သတိတစ်ချက်လွတ်ပါက သုညပေါင်းများစွာ ဆုံးရှုံးသွားနိုင်သော အလုပ်မျိုးက လက်ရုံးအတွက်လည်း မလွယ်လှ။ဦးမာန်ရှိန်က 'အန်ကယ်က အလုပ်တွေ မနိုင်တော့ဘူး ကိုယ်ပွားလိုချင်နေတာ ကြာပြီ..မောင်လက်ရုံးရောက်လာတော့ လက်မောင်း တစ်ဖက်အပိုရလိုက်သလို'ပဲတဲ့။လက်ရုံးကို အားကိုးပုံပေါ်သောကြောင့် အတတ်နိုင်ဆုံး စွမ်းဆောင်ရမည်မှာ တာ၀န်တစ်ရပ်။'တစ်လုပ်စားဖူး သူ့ကျေးဇူး 'ဟု ဆိုကြသည်။မိမိတို့ မိသားစုပေါ် ဦးမာန်ရှိန်က တစ်လုပ်ပင်မဟုတ် တစ်သတ်လုံး ကျွေးမွေးစောင့်ရှောက် လာသည်ဆိုလျှင်လည်း မမှား။ ကျေးဇူးရှင်ထက်ပိုတဲ့ ကျေးဇူးရှင်ပေမို့ ကျေးပြန်စွပ်ရမည်မှာ လောကကြီး ဖြစ်တည်ကတည်းက သတ်မှတ်ထားသော စည်းမျဉ်းတစ်ရပ်။
"မာမီ့သားလေး အလုပ်မှာ အဆင်ပြေရဲ့လားကွယ်..မာမီဖြင့် သူများဆီမှာတကယ်မလုပ်ခိုင်းချင်တော့ဘူး မာမီ့လုပ်ငန်းမှာပဲ ဒီဇိုင်းလေး ဘာလေးဆွဲပေါ့ သားရယ်..နော်.."
"သား ..အဆင်ပြေပါတယ် မာမီ
ဦးမင်းမြတ်ကလည်း ဂရုတစိုက်ရှိတာမို့
မာမီ စိတ်မပူပါနဲ့.."
အလုပ်စစချင်းနေ့မှာပဲ ကိုညီဟန်နဲ့ ပြဿနာဖြစ်ခဲ့သည်ကိုတော့ ပြောလို့မရ။မသိပဲနဲ့တောင် မာမီက စိတ်မချ။ပြဿနာ ဖြစ်သည်ပြောလိုက်လျှင် နှိုင်းကို သံကွန်ခြာ ခုနှစ်ထပ်ပင် မကအောင် အုပ်ထားတော့မည့် မာမီ့စိတ်ကို သိနေသောကြောင့် လေသံပင် မဟရဲ။
ဒယ်ဒီ့ရဲ့ 'အလုပ်လေး တစ်ခုတောင် အဆင်ပြေပြေ မလုပ်နိုင်ဘူးလား 'ဟူသော အကြည့်မျိုးနှင့် အနှိမ်မခံချင်တော့။နောက်ဆက်တွဲ တိုက်မည့်လေများကို တားရမည်။
မာမီ့ အလုပ်ကိုလည်း နှိုင်းစိတ်မ၀င်စား။စိတ်မ၀င်စားသည်ထက် မနေခြည်နှင့်လဲ ရင်းရင်းနှီးနှီး ဖြစ်မသွားချင်။မရင်းနှီးတာတောင် လက်ရဲဇက်ရဲနိုင်လှသော မနေခြည်နှင့်က လုံး၀အဆင်မပြေ။နေ့တိုင်း မြင်တွေ့ရနိုင်သည့် အနေအထားမို့ အစထဲက မာမီ့အလုပ်ကို ဆက်ခံဖို့က စိတ်ထဲ နတ္ထိ။မနေခြည်ရဲ့ မိတ်ကပ်ရောင်စုံတွေက နှိုင်းအတွက် အိုက်ချင်လာသလိုလို။
"သားလေး အဆင်ပြေရင် ပြီးတာပါပဲကွယ်"
ဒေါ်ခင်ထားစံ တစ်ယောက် မိမိသားကို အလုပ်အကိုင် အခြေတကျနဲ့ မြင်ချင်သည်မှာလဲ သူပါပဲ။စိတ်မချတာလဲ သူပါပဲ ။သားရဲတောထဲ တောလိုက်ထွက်ခိုင်းသည် မဟုတ်သော်လည်း ရင်မှပေါက်ဖွား ဤသားလေးအတွက် မိမိမှာ ရတတ်မအေး။
"မောင်အောင်ကျော်ရေ.."
"ဟုတ် ..ပြောပါ သူဌေး.."
အောင်ကျော်တစ်ယောက် ဦးမာန်ရှိန်ခေါ်သံကြောင့် အိမ်ရှေ့တွင် ကားသန့်ရှင်းရေးလုပ်နေသည့်ကြားမှ ပျာပျာသလဲ ပြေးလာပြီး အယူခံ၀င်ရသည်။
"အေး..ကားအဆင်သင့် ဖြစ်ပြီလား
ခနနေ ထွက်မယ် .."
"ဟုက်ကဲ့..ဖြစ်ပါပြီသူဌေး
ဆီလဲ ဖြည့်ပြီးပါပြီ.."
"ဟုတ်ပြီ.."
"ဟုတ်.."
"အော်... ဒါနဲ့ ဒီနေ့ အန်ကယ်
မောင်လက်ရုံးနဲ့ မသွားနိုင်တော့ဘူးဆိုတော့
ငါ့သားကပဲ မောင်လက်ရုံးကို ၀င်ပို့လိုက်ပါ "
"ရပါတယ်..ကျွန်တော်.."
"လိုက်ပို့လိုက်ပါ့မယ် ဒယ်ဒီ.."
ဒီကောင်လေး စကားမဆုံးခင် နှိုင်းက ဖြတ်ပြောလိုက်သောကြောင့် နှိုင်းကို ကြည့်လာသည်။ဟုတ်သည်လေ နှစ်ယောက်တည်းဆို နှိုင်းကို ခြိမ်းလားခြောက်လားနဲ့ ။ခုကျ နှိုင်းကပဲ သူ့ကို ဘာလုပ်မှာကျလို့ ငြင်းနေရပြန်တာလဲ။မျက်နှာ နှစ်မျိုးနဲ့ ကောင်လေး။
*********
"ဒယ်ဒီ မမိုက်ဘူးဗျာ..ကျွန်တော့်
ကတ်တွေအကုန်ပိတ်ချထားတယ်
သုံးစရာမရှိတော့ဘူး.. ပြန်ဖွင့်ပေးပါ "
"ငါကပဲ မမိုက်ဘူး ဖြစ်ရသေးတယ်
ဟေ့ကောင် ပိတ်ထားတယ်ဆိုထဲက
မင်း အပြစ်လုပ်ထားလို့..."
ဦးမင်းမြတ် သူ့ကတ်တွေ ပိတ်ပစ်ပါတယ်ဆိုပြီး လာသောင်းကျန်းသော မိမိသားအား အမှန်တကယ်မနိုင်တော့ပါ။ဒီကောင် အလုပ်မလုပ်တာလဲ ဘာမှမပြော။တစ်နေ့တစ်နေ့ သုံးဖြုန်းနေတာ နည်းတာမှ မဟုတ်ပဲ ။မနိုင်လို့ လွှတ်ထားရုံ။အလုပ်လုပ်ခိုင်းပြန်လည် အထမ်းထက် အဆွဲလေးပေအုံးမည်လေ။ရှေ့နေငှားမှ ထောင်လုံးလုံးကျမည့် အဖြစ်မျိုးမို့ ပိုက်ဆံအကုန်ခံပြီးလဲ ရှေ့နေမငှားချင်တော့။ဒီကောင် စိန်နားကပ်ရောင်ကြောင့် ပါးပြောင်ဆိုသလို မိမိကြောင့် ဒီလောက်သားနားနေတာ။လေတိုက်လို့ အမြင့်ရောက်နေပေမဲ့ အမှိုက်က အမှိုက်ပဲ။ကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေရတာလဲ မလွယ်။အသုံးမကျလွန်းလို့သာ ပြောဆိုနေရတာ။
ခုက လွန်လာပြီ။မိမိစီးပွားရေးကို ဒုတ်နဲ့ မဟုတ်ဘူး လှံနဲ့ပါ ထိုးနေတာ။
"ကဲ..ပြောပါအုံး..
ဒီက ငမိုက်သားက
ဘာတွေလုပ်ထားလို့ပါလဲ"
"အင်း..ကိုယ့်ကိုကိုယ် လူမိုက်မှန်းတော့
သိသားပဲ..မင်းကိုငါ မပြောထားဘူးလား
မောင်နှိုင်းတုကို သွားမနှောင့်ယှက်ပါနဲ့ဆိုတာ"
ဒီကောင့်ကို မောင်နှိုင်းတု အလုပ်စ၀င်ထဲက သူ့အကျင့်ကိုသိလို့ အပြတ်ပြောထားပြီးသား။ဒါကို စစချင်း စောက်နဲ့ မဟုတ်ဘူး ပုဆိန်နဲ့ ထွင်းနေသောကောင်။
ဦးမင်းမြတ်အတွက် ဦးမာန်ရှိန်က ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အနေအထားမျိုး။မိမိဒုက္ခကြုံလျှင် အမြဲ ကူညီဖြေရှင်းပေးတတ်သောသူ။ယခုလို မိတ်ဆွေကောင်း တစ်ယောက် လျော့သွားပါက ထောက်တိုင် ပြုတ်သည့်နှယ်။ဒါကို ဒီကောင်က နွား ပလာတာ ကျွေးနေရသလို လုံး၀နားမလည်နိုင်။
"အဟက်..ဒယ်ဒီတို့ကလဲ
ဒီကိစ္စကြောင့်လား.."
"အေး..ဟုတ်တယ်
မင်း ကျပ်ကျပ်သတိထား"
"ကျွန်တော် အထိုးခံလိုက်ရတာကျ
ဒီက ဒယ်ဒီက မမြင်တော့ဘူးထင်တယ်"
အဲ့နေ့က ပြဿနာအစက မိမိဖြစ်နေပေမဲ့လည်း
ဘလိုင်းကြီး အထိုးခံရသည်က သူလေ။ဒါကို ဒယ်ဒီက မိမိပေါ်ပဲ အပြစ်ပုံချပါသတဲ့။တရားကျလိုက်ပုံများ တရားသူကြီးရာထူးတောင် ပေးချင်လာရသည်။
"ဟေ့ကောင်...ဘာဖြစ်ဖြစ်
မင်းက ပြဿနာအစပဲ
မောင်နှိုင်းတုကို ..တောင်းပန်ရမယ်"
"ဒါဆို ဒယ်ဒီက ကျွန်တော့်
အခွင့်အရေးတွေ ပြန်ပေးမှာလား "
"မင်းတောင်းပန်ရင်..ရမယ်
ပြီးတော့ နောက်ဒီလိုထပ်မလုပ်ဘူးလို့
ဂတိပေးရမယ်"
"အိုကေလေ.."
ညီဟန်အတွက် ငွေသာအရေးပါဆုံး။
ငွေသာ အဓိပတိ။ကျန်တာအားလုံး သာသည် နာသည် မတွက်နိုင်။မာနလား လုံး၀နိုးပဲ။ဝါးစားလို့မှ မရတာ။အဲ့တော့ ဒယ်ဒီ့ဆီက ငွေသာရမယ်ဆို မိမိဘာမဆို လုပ်ပါသည်။
.
.
.
"မောင်လေး နှိုင်းတု
ဦးမင်းမြတ်က ခနလာခဲ့ပါအုံးတဲ့.."
"အော်..ဟုတ် မဟေမာန်
ကျွန်တော် သွားလိုက်ပါ့မယ် "
နှိုင်း အလုပ်လုပ်နေစဉ် လာခေါ်သော မဟေမာန်ကြောင့် နှိုင်းလဲ အလုပ်လုပ်နေရင်းမှ သွားဖို့ ပြင်ရသည်။
နှိုင်း ဦးမင်းမြတ် အခန်းရှေ့ရောက်တော့..
"ဒေါက်..ဒေါက်..!"
"၀င်လာခဲ့ပါကွယ် "
နှိုင်းလည်း ၀င်လာခဲ့ရန် ပြောသောကြောင့် ၀င်သွားလိုက်တာ အထဲရောက်တော့ ဦးမင်းမြတ်သာမက ကိုညီဟန်ေရာ ရှိနေသည်။ကိုညီဟန် ပုံစံက နှိုင်းကို မကျေနပ်တာလား။ဟင့်အင်း မကျေနပ်သောပုံလည်း မပေါ်ပါ။ဒီတိုင်း သူ့အကျင့်အတိုင်း
အရာရာကို ပေါ့ပျက်ပျက်ကြည့်နေတာ။ဒါမှမဟုတ် ဟိုကောင်လေးအကြောင်းများ တိုင်ထားလို့ ဦးမင်းမြတ်က ခေါ်ပြောတာပါလား။
နှိုင်းလည်း စားပွဲရှေ့က ထိုင်ခုံပေါ် ၀င်ထိုင်လိုက်ပြီး...
"ဦးမင်းမြတ် ကျွန်တော့်ကိုခေါ်တာ
ဘာအကြောင်းများလဲ "
"အော် အထွေအထူး မဟုတ်ပါဘူးကွယ်
ဟေ့ကောင် ပြောလိုက်လေ "
ဒီကောင် တောင်းပန်ခိုင်းထားသည်ကို တန်းမလုပ်ပါပဲ မောင်နှိုင်းတုကို စိုက်ကြည့်နေသောကြောင့် ဦးမင်းမြတ်မှာ အံတကြိတ်ကြိတ်နဲ့သတိပေးနေရသည်။
"နှိုင်း... ကိုယ်တောင်းပန်ပါတယ်
မနေ့က ကိစ္စအတွက် "
"အော် ..ရပါတယ်ဗျ
ကျွန်တော် စိတ်ထဲမထားပါဘူး"
တကယ်တော့ နှိုင်း စိတ်ထဲလည်း ထားလို့မရပါ။မနေ့က ခံလိုက်ရသည်က ကိုညီဟန်လေ။ဒါကို မိမိက မကျေမနပ်ဖြစ်နေ၍ မရ။
ကိုညီဟန်က တောင်းပန်ပါသည် ပြောမှပဲ ရင်ဘတ်ထဲက အလုံးကြီးက လျှောကျသွားရသည်။တိုင်လား တောလားဆို ဟိုကောင်လေးအတွက် မလွယ်နိုင်ဘူး မဟုတ်လား။
"တောင်းပန်ပြီးပြီဆိုတော့ သွားပြီနော်
ဒယ်ဒီ ဂတိတည်ပါ.."
"မင်းလည်း ငါပြောတာ အရိုးစွဲအောင်
မှတ်ထား.."
"အဟက် တကယ်လှတယ်.."
"ဘာဗျ...!"
သွားခါနီး နှိုင်းကို စိုက်ကြည့်ပြီး ပြောလာသော စကားကြောင့် ဒေါသက အလိပ်လိုက် ထွက်လာရသည်။နှိုင်းကို ဘာထင်နေတာပါလဲ။ကိုညီဟန်ရဲ့ ပေါ့ပျက်ပျက် အကြည့်တွေကို လုံး၀မကြိုက်။အကြည့်တွေက အစ မသတည်ချင်စရာလူ။ဦးမင်းမြတ်ရှေ့မှာမဟုတ်ရင် နှိုင်းဘာဖြစ်ဖြစ် ဆွဲထိုးပြီးနေပြီ။
"ဟေ့ကောင်..မင်းကို ငါသွားလို့ပြောနေတာ!"
ဦးမင်းမြတ်က အော်လိုက်ကာမှ ဘာမှပြန်မပြောပါပဲ ထိုင်နေသည့်ခုံကိုပင် တွန်းလွှတ်ထွက်ခွာသွားသည်က လူရမ်းကား လိုလို။
"မောင်နှိုင်းတု အန်ကယ်ကပဲ
တောင်းပန်ပါတယ်ကွယ်"
"ဟုတ် ...ကျွန်တော် နားလည်ပါတယ်
အန်ကယ်အမှားမှ မဟုတ်တာ"
သားသမီးမကောင်း မိဘခေါင်းဆိုသလို ဦးမင်းမြတ်မှာ ကိုယ့်အိန္ဒြေနဲ့ ကိုယ်မနေနိုင်။အသက်တစ်ရာ နေရမည်မှာ မသေချာသော်လည်း ဦးမင်းမြတ်ကတော့ မိမိသားအတွက် အမှုတစ်ရာမက ဖြေရှင်းခဲ့ရပုံပင်။
********
#minus-zero
20 August 22
မအားလပ်လို့ နောက်ကျသွားပါတယ်
ဒီကလူကို မေ့မသွားကြပါနဲ့ 🥺