"အရီး မြ ကျွန်တော်
ဘာကူလုပ်ပေးစရာတွေ ရှိလဲ ... "
လက်ရုံး အခန်းထဲမှာ နေသည်ကို ပျင်း၍ အောက်ဆင်းလာခြင်းပင်။လူက အလုပ်မရှိလျှင် မနေတတ်သည်လို ဖြစ်နေသည်မို့ အလုပ်မရှိတော့ ကြောင်တောင်တောင်။
ဦးမာန်ရှိန်ကို မနက်က အလုပ်ကြောင်းမေးတော့ အိမ်မှာပဲ တစ်ရက်တန်သည် နှစ်ရက်တန်သည် နားစေချင်ကြောင်း ပြောသည်။အလုပ်တွေ လက်စသက်စရာ ရှိသေးသည်မို့ လက်ရုံးကို ၀န်မပိစေချင်ပုံ။စာရင်းအဟောင်းတွေသာ မသိနားမလည်ပဲ ကိုင်လိုက်လျှင် ပိုပင်ပန်းမည်စိုးသောကြောင့် လက်ရုံးကို ချက်ချင်း လွှဲမပေးသည်ကို လက်ရုံး နားလည်ပါသည်။မတတ်နိုင်လေ သူ့အရပ်ရောက်မှတော့ သူ့ဇာတ်ကရမည်မှာ မဆန်းပေ။လက်ရုံး မိမိဘာသာ လိုလိုလားလား လိုက်လာသည်မို့ မည်သည့်အလုပ်ပင် ဖြစ်စေ အတတ်နိုင်ဆုံး လုပ်ဆောင်ရပေမည်။
"အို.. ရပါတယ် လူလေးရယ်
ဒါတွေက အရီးမြလုပ်နေကျတွေ "
"ဟုတ် .. "
လက်ရုံး အရီးမြကို မေးသားမေတာ အရီးမြချက်နေသည်က လက်ရုံးတို့ ရွာကလို ချက်သည်မျိုးမှမဟုတ်ပဲ။စုံစိနေအောင် ထည့်နေသော အဆာပလာများကို လက်ရုံးဖြင့် မသုံးတတ်ပေ။ရွာမှာဆိုလျှင် အလွန်ဆုံး ထည့်မှ မဆလာလောက် ဖြစ်သည်လေ။ရွာမှာဆို ၀င်ချက်ပြီးလောက်ပြီ ဖြစ်သော်လည်း သူတို့အကြိုက် ကိုယ်မသိပေ ၊ချက်ပေးလိုက်ကာမှ ထိုင်နေရင်အကောင်း ထသွားမှန်းကျိုးမှန်းသိ ဆိုသလို သူမကောင်း ကိုယ်မကောင်း ဖြစ်နေမည်လေ။
"လူလေး ပျင်းနေပြီလား
မောင်နှိုင်းတုရော ဒီနေ့
အပြင် မသွားကြဘူးလား "
"ဟုတ် ..မသွားဘူးဗျ "
အမှန်တော့ လက်ရုံး ဟိုလူ့ကို မနေ့ညပြန်လာကတည်းက မတွေ့ရသေးတာ ဖြစ်သည်။မနေ့ညက လက်ရုံးတို့ ပြန်လာတာ နောက်ကျသည်မို့ ဦးမာန်ရှိန်တို့လည်း အိပ်သွားကြသည် ထင်သည်။ဦးမာန်ရှိန်တို့ စိတ်ချလက်ချ အိပ်သွားပုံ အရဆို ဒီလူ အပြင်ထွက်လျှင် နောက်ကျနေကြလား မသိ။ဦးမာန်ရှိန်တို့ေတာ့ မသိ လက်ရုံးတော့ နောက်ကျမှ ဒီလူ ပြန်လာသည်ကို မကြိုက်ချင်။
လက်ရုံးမနက်ကတည်းက သူ့အခန်းဘက် လှည့်ကြည့်သော်လည်း တစိုးတစိသောအသံပင် မကြားရ။ဒီလူ အိပ်နေတာပဲ ဖြစ်ရမည်။မနက်စာစားတုန်းက အန်တီခင်ထားကတော့ သူ့သားကို တတ်ကြည့်ပါအုံးမယ် ဆိုပြီး သွားကြည့်သေးသည်။ဦးမာန်ရှိန်ကတော့ သူ့သားကို အလိုမကျဟန်။လက်ရုံးကတော့ မဆိုင်သည့်သူမို့ ဘာမှ၀င်မပြောဖြစ်။ပြောလည်း ဒီလူက နားထောင်မည်တဲ့လား။
လက်ရုံးလဲ အရီးမြကို ကူစရာ မရှိသည်မို့ ခြံထဲဆင်းတော့ ကိုအောင်ကျော်တစ်ယောက် ကားဂိုထောင်ထဲတွင် သန့်ရှင်ရေးလုပ်နေပုံရသည်။ကိုအောင်ကျော် က အသက်သုံးဆယ် အရွယ်လောက် ဖြစ်မည်ထင်သည်။ဖော်ဖော်ရွေရွေမို့ လက်ရုံး အရီးမြရော၊ကိုအောင်ကျော်ရော ကို စိမ်းမနေပါ။ နေရထိုင်ရတာ ပတ်၀န်းကျင်နှင့် မိမိဘေးက လူတွေကောင်းလျှင် ရှင်သန်ရတာ စိတ်ချမ်းသာစရာပင်။ပတ်၀န်းကျင်သစ်မှာ လူကောင်းတွေ တွေ့ရတာ လက်ရုံး ကံကောင်းသည် ပြောရမလား။
"ကိုအောင်ကျော် ကျွန်တော်ကူလုပ်ပေးရမလား "
"အော် လက်ရုံး ကူစရာမလိုပါဘူးဗျာ
ဘော့စ် ဧည့်သည်ကို ကူခိုင်းစရာလားဗျာ
ကြောက်တယ်..လက်ရုံးရေ "
"ကိုအောင်ကျော်ကလဲဗျာ
ကျွန်တော်လည်း ဦးမာန်ရှိန်တို့ဆီ
အလုပ်လာလုပ်တာပဲလေ "
"အေးကွာ အလုပ်လုပ်တာခြင်း တူပေမဲ့ ..
မတူတာတွေ..မတူဘူးလေကွာ "
ကိုအောင်ကျော်က လက်ရုံးကို ဦးမာန်ရှိန်တို့က ပိုအရေးပေးသည်ကို ပြောတာဖြစ်ရမည်။ထမင်းစားလျှင်လည်း လက်ရုံးက ဦးမာန်ရှိန်တို့နှင့်သာ စားရသလို၊နေရသည်မှာလဲ အိမ်ထဲတွင် ဖြစ်သည်လေ။ပြီးတော့ ဦးမာန်ရှိန်က အစစအရာရာလိုလေသေး မရှိ ထားပါသည်။အားနာစရာ မလိုကြောင်းကိုလည်း တဖွဖွ ပြောပါသည်။အန်တီခင်ထားကလည်း လက်ရုံးဆို အရေးပေးပါသည်။လက်ရုံးက ဒါတွေ ထည့်မတွက်သော်လည်း ကိုအောင်ကျော်တို့အတွက်တော့ လက်ရုံးကို ဦးမာန်ရှိန်တို့ အရေးပေးထားသည်များများကြောင့် ရှိန်နေပုံပင်။လက်ရုံးကတော့ အကုန်လုံးကို ကျောသားရင်သား မခွဲခြားဘဲ စိတ်ထားသည်မို့ ထည့်မတွက်မိလိုက်။
ပီ....ပီ....ပီ...!
လက်ရုံးတို့ စကားပြောနေစဉ် ကြားလိုက်ရတဲ့ အိမ်ရှေ့က ကားဟွန်းတီးသံ !
ကိုအောင်ကျော်က ဂိုထောင်ဆေးနေသည်မို့ အားနေတဲ့ လက်ရုံးကပဲ ဖွင့်ပေးရန် ပြင်ရသည်။
"ကိုအောင်ကျော် ..ကျွန်တော်
သွားဖွင့်ပေးလိုက်မယ်"
"အေးကွာ ..လက်ရုံးရေ ကျေးဇူး "
လက်ရုံး အိမ်ရှေ့ တံခါးမကြီးကို ဖွင့်ပေးလိုက်တော့
၀င်လာတဲ့ နက်စွေး တောက်ပြောင်နေသော ကားက
ကျွမ်းကျင်စွာ ။
ထိုကားပေါ်မှ ဆင်းလာသည်က နေကာမျက်မှန်၀တ်ထားသည့် မိန်းကလေးတစ်ဦး။ဖွေးဥနေသော ခြေဖမိုးအောက်က ဒေါက်ဖိနပ်ရဲရဲ တစ်စုံ။ ပေါင်လယ်လောက်သာ ဖုံးသော ကိုယ်ကျပ် ဂါ၀န်က ရှိုက်ကြီးရှိုက်ငယ် အသွယ်သွယ်ကို ပိုပေါ်လွင်စေဟန်။ခါးအထက်တွင် ရွှေအိုရောင် ဆံပင်ခွေခွေလေးများက လေအလွင့်မှာ စည်းချက်ညီညီ ဝဲခါနေသေးသည်။ကားပေါ်က ဆင်းလာသည်က မိုးကျရွှေကိုယ် ကဲ့သို့ ။ဆင်မြန်းထားသည့် နေကာမျက်မှန်ချွတ်လိုက်သည်ကြောင့် မိတ်ကပ်မျိုးစုံ ခြယ်သထားသော မျက်နှာလေးက ထင်းခနဲ ၊ဖွေးခနဲ။
တစ်ကိုယ်လုံး တန်ဖိုးကြီးသည်များ ၀တ်ဆင်ထားသည်မှာ ရိုက်စစ်စရာ မလိုအောင် သိသာလွန်းသည်။တန်ဖိုးကြီး လက်ကိုင်အိတ်ကို ဆွဲပြီး ၀င်သွားသည်က သူ့အိမ်သူ့ယာလို။
"နှိုင်း .. "
နှိုင်း ယခုမှ အိပ်ယာနိုး၍ ရေမိုးချိုး သန့်စင်ပြီး အောက်ဆင်းလာချိန် တွေ့လိုက်ရသည့် မနေခြည်။
"အော် .... မနေခြည်ပါလား
မာမီ့ဆီ လာတာလား... "
မနေခြည်နွေးနွေး ဆိုသည်မှာ အခြားသူမဟုတ်။မာမီ့ အရင်းနှီးဆုံး သူငယ်ချင်း၏ သမီးဖြစ်သူ။မာမီ့ အရေးပေးမှုကို အရယူထားသူ။မာမီ သဘောကျဆုံးသောသူ။မာမီ သဘောကျသည်မှာ အခြားကြောင့် မဟုတ်။
မနေခြည်က တော်တယ်၊ထက်တယ်၊အလုပ်တစ်ခု လုပ်ရင် ပြတ်သားတယ်။လှပကျော့ရှင်းတဲ့ မနေခြည်က ပုရိသတွေ ခစားသွားစေမည့် အရည်အချင်းက အပြည့်။မာမီတို့နဲ့ အပြိုင် စိန်ရွှေရတနာ လုပ်ငန်းကို ခြယ်လှယ်နေသည်ကိုပဲကြည့်လေ။လုပ်ငန်းကျွမ်းကျင်တဲ့ မနေခြည်ကို မာမီကလည်း အားကိုးပုံပင်။
တစ်နည်းအားဖြင့် နှိုင်းနဲ့ ကြိတ်သဘောတူထားသောသူ။မာမီ့ရည်ရွယ်ချက်ကို နှိုင်းသိပါသည်။မာမီက နှိုင်းသာ မနေခြည်နှင့် လက်ဆတ်လိုက်လျှင် တောင်လိုယာလိုပုံနေသည့် အလုပ်ထဲ ခေါင်းစိုက်၀င်အောင်လုပ်မည်ဟု ထင်မှတ်ထားသည်လား မသိ။
မနေခြည်သဘောထားကိုတော့ နှိုင်းအတတ်မသိ။စိတ်လည်း မ၀င်စား၍ ရေလိုက်ငါးလိုက်ပင် ဆက်ဆံပါသည်။သူခေါ်လျှင် ကိုယ်ပြန်ခေါ်ရသည်မှာ လူ့ကျင့်၀တ်ပေမို့ နှိုင်းမရိုင်းပါ။
"နှိုင်းဆီကိုပဲ လာတာပါ အန်တီခင်ထားနဲ့ ဆိုင်မှာဆုံခဲ့တယ် နှိုင်းအိမ်မှာရှိတယ်ဆိုလို့.."
"အော်..ဟုတ် မနေခြည်က
ကျွန်တော်နဲ့ ဘာကိစ္စရှိလို့လဲ မသိ.."
"အို...တို့က ကိစ္စရှိမှ လာရမဲ့လူလား.."
"မဟုတ်ပါဘူး..ကျွန်တော်က သဘောကို
ပြောတာပါ.."
"တို့အပြင်သွားမလို့လေ.. အဲ့တာ
နှိုင်းကို လာခေါ်တာ "
မနေခြည် ဆိုသည်မှာ ဒီလိုပါပဲ။ အကြောင်းမရှိ အကြောင်းရှာပြီး နှိုင်းကို လာ လာခေါ်တတ်ပါသည်။နှိုင်းမသွားချင်လျှင်လည်း မာမီ့ မျက်နှာက ရှိနေသည်မဟုတ်ပါလား။မနေခြည် မိခင် အန်တီ ငွေနှင်းဆိုသည်မှာလည်း နှိုင်းနှင့် မျက်နှာချင်း ရင်းနေ၍ ယတိပြတ်၊သစ်စိမ်းချိုး ချိုးမရသော အခြေအနေတွေမှာ ဘေးကျပ်နံကျပ်မလို့ နှိုင်းမျက်နှာ ပျက်ကြမည်ကို မလိုလား။မိန်းမသား ဖြစ်တဲ့ မနေခြည်က လာရောနေသည်ကို နှိုင်းက အရှက်မရှိဘူးလား ဘာညာ ပြော၍မရ။နှိုင်း အခြားသူ ဂုဏ်သိက္ခာကို မထီမဲ့မြင် ပြုသည့်လူဟု သမုတ်မခံနိုင်။
"ဟုတ် ..မနေခြည် ကျွန်တော်
လိုက်ခဲ့ပါ့မယ် "
နှိုင်း အိမ်နေရင်း ၀တ်နေကျ၀တ်စုံလေး ၀တ်ထားသည်ဖြစ်သောကြောင့် ပြန်လဲရပါသည်။နှိုင်း အ၀တ်လဲပြီး အောက်ထပ်ဆင်းလာတော့ မနေခြည်က ဧည့်ခန်းထဲတွင် မရှိတော့ ။
အပြင်ထွက်ကြည့်တော့ ကားကိုမှီပြီး ခပ်လှမ်းလှမ်းက ကားဂိုထောင်နားတွင် ရပ်နေသော ဟိုကောင်လေးကို ကြည့်နေဟန်။
နှိုင်း အနားရောက်သွားတော့
"နှိုင်း..ဟို ချာတိတ်က ဘယ်သူ "
"မနေခြည် သိစရာမလိုပါဘူး.."
နှိုင်း မနေခြည်က ကိုယ့်ထက်ကြီးသည့်သူမို့ တော်ရုံတန်ရုံ ယဉ်ယဉ်ကျေးကျေးပဲ ပြောတတ်သော်လည်း ဟိုကောင်လေးကို ကြည့်ပြီး 'ဟိုချာတိတ်က ဘယ်သူလဲ 'ဟု မေးလိုက်သည့် လေသံနှင့် မျက်နှာထားကို မကြိုက်၍ ဘုတော တောမိခြင်း။ပြီးတော့ နှိုင်းနဲ့ ပက်သက်သည့်သူတိုင်းကို မနေခြည် သိစရာ မလိုဟု ထင်ပါသည်။နှိုင်းရဲ့ အရာရာတိုင်းကို သိလောက်အောင်ထိ မနေခြည်က အရေးမပါသေး။
အဓိက က ဟိုကောင်လေးကြည့်သည့် မလိုသော မျက်နှာပေးတွေ နှိုင်း လုံး၀မကြိုက်ပါ။
"သွားမယ်.."
-----------
"အဲ့ဒါ ...မမကြီး ခင်ထား
သူငယ်ချင်းရဲ့ ..သမီးလေ
ခနခနလာတယ် "
"အော် ..ဟုတ် "
ထိုအမျိုးသမီး လက်ရုံးတို့ကို လှမ်းကြည့်နေသည်ကို သိပါသည်။ကို အောင်ကျော်ကလည်း သတိထားမိဟန်တူသည်။မည်သူမည်ဝါမှန်း ပြောပြနေသည်။
ဟိုလူနှင့် ဘာတွေရပ်ပြောနေသည် မသိ။တစ်ချက်တစ်ချက် လက်ရုံးကို မလိုသော မျက်နှာထားနှင့် လှည့်ကြည့်နေပါသေးသည်။
ရောင်စုံ ကာလာတွေ ခြယ်သထားသည့် ထိုအမျိုးသမီးက ဟိုလူနှင့် ဘယ်လိုကြည့်ကြည့် လိုက်ဖက်လွန်းလှသည်ဟူသော အသိက လက်ရုံးရင်ထဲ ဆစ်ခနဲ၊အောင့်ခနဲ။လက်ရုံး ဘ၀မှာ မလိုမုန်းထားခဲ့ ခြင်းမျိုး မရှိခဲ့ဖူးပေ။မုန်းထား ခြင်းမျိုး မဟုတ်သော်လည်း နှစ်ယောက်တွဲ တတ်သွားသည့် ကားနက်နက် စွေးစွေးကြီးက လက်ရုံးစိတ်ထဲ ဘ၀င်မကျ။
ထို အမျိုးသမီးရဲ့ မလိုသော မျက်၀န်းတွေကြောင့်လား ၊နှစ်ယောက်တွဲ သွားလာနေသည့် ပုံရိပ်ကလား။လက်ရုံး ဘ၀မှာ မခံစားခဲ့ဖူးသော သိမ်ငယ်မှု ဆိုတာလေးက တဖြည်းဖြည်း ချည်းနင်း ၀င်ရောက်တယ်။
ဒီလူနဲ့မှ လက်ရုံး ခံစားချက်မျိုးစုံကို ခံစားရပါတယ်။တစ်ခါတလေ နွေးထွေးမှု၊တစ်ခါတစ်လေ ရင်ခုန်မှု၊တစ်ခါတလေ လှပတဲ့ မျက်နှာလေးကနေ အေးချမ်းမှုကို ခံစားရပြန်တယ်။လက်ရုံးရဲ့ သစ်လွင်နေတဲ့ ခံစားချက်တွေက ဒီလူနဲ့ကျမှ ရက်လွန်ပါတယ်။
ယခုလည်း အမျိုးအမည်မသိတဲ့ ခေါင်းစဉ်မဲ့ သိမ်ငယ်ခြင်းတွေက ဘာတွေလဲ ။
********************
#minus-zero
11 August 22
Note:
ဒါဒါလေး တို့ကို မေးချင်တာလေးတွေ ရှိလို့ပါဗျာ..
ရေးသာရေးနေတာ။ယုံကြည်ချက်သိပ်မရှိတော့လို့ပါ ။ကိုယ်ရေးေနတာတွေက စာဖတ်သူတို့အတွက် ဖတ်ဖို့ ထိုက်တန်ရဲ့လားဆိုတာပါ။
ရေးဟန်တွေက အဆင့်မှီရဲ့လား ။
လေ့လာဖို့ လိုအပ်သေးလား။လိုအပ်ရင်လဲ ဘယ်နေရာတွေ လိုအပ်တယ် ဆိုတာလေးပေါ့နော် ထောက်ပြဝေဖန်ပေးစေချင်တာပါ။ဘယ်နေရာလေးတွေက မဖြစ်သင့်ဘူး။
ပြီးတော့ ဇာတ်ကောင်တွေကဲ့ ခံစားချက်လေးတွေ ထင်ပေါ်ရဲ့လားဆိုတာလေး။
အပန်းမကြီးရင် ဖြေပေးသွားကြပါ။
ဖတ်နေတဲ့ သူလေးတွေ သိပ်မရှိကြဘူးဆိုပေမဲ့ ဖတ်မိတဲ့သူလေးတွေ ဝေဖန်အကြံပြုစေချင်ရုံလေးပါ။
ရေးမှာကတော့ ပြီးအောင်ရေးမှာပါ။ဒီလိုပုံစံလေးနဲ့ပဲ အဆင်ပြေရဲ့လား၊လေ့လာပြီးမှ ဆက်ရေးရမလား ဒါလေး သိချင်လို့ပါ။
voteလေးတွေပေးသွားတဲ့ သူလေးတွေကိုလည်း အရမ်းချစ်ပါတယ်လို့ ❤️🍀