သီတင်းကျွတ်လပြည့် အခါတော်နေ့
ယနေ့ သီတင်းကျွတ်လပြည့် အခါတော်နေ့ဖြစ်သည်မို့ ရွာထဲရှိ သက်ကြီးရွယ်အို ဘိုးဘွားများကို လိုက်လံကန်ေတာ့ရမည် ဖြစ်သောကြောင့် နှိုင်းလဲ အခြားသူများနှင့် ညီတူမျှတူဖြစ်စေရန် မာမီ၀ယ်ပေးထားသော ခရမ်းရောင် ပုဆိုးအကွက်စိတ်လေးအပေါ် ငွေမျှင်လေးများ ရှပ်ပြေးထားသော ပုဆိုးနှင့် ခရမ်းရောင် စတစ်လက်ရှည်လေးကို ထုတ်၀တ်လိုက်သည်။သို့သော် နှိုင်းပုဆိုး၀တ်သည်ကို ယခုထက်ထိ စိတ်တိုင်းကမကျ။၀တ်နေကျ မဟုတ်သည်ကြောင့် နဲနဲတော့ အမ်းနေပါသည်။နှိုင်းလဲ ဟိုပြင်၀တ် သည်ပြင်၀တ်နှင့် အချိန်လင့်တော့မည် ဖြစ်သောကြောင့် အပြင်ထွက်လာလိုက်သည်။
လူက စိတ်တိုင်းမကျတော့ အခန်းအပြင်ရောက်သော်လည်း အောက်တန်းမဆင်းနိုင်။ဟိုကုန်းကြည့် သည်ကုန်းကြည်နှင့် နှိုင်း မော့ကြည့်လိုက်တော့ သူ့အခန်းရှေ့ကနေ နှိုင်းကို ကြည့်နေသောကောင်လေး။နှိုင်းကို မျက်လုံးရွှမ်းကြီးတွေနဲ့ ကြည့်နေပြန်သည်။နှိုင်းပုံစံက ခရမ်းရောင် ၀တ်စုံကြောင့် ကလေးဆန်နေလို့လားမသိ။
"မိန်းကလေးလည်း မဟုတ်ပဲနဲ့... "
"ဟင် .. မင်းဘာပြောမလို့လဲ"
"ဘာမှမဟုတ်ဘူး ကျုပ်စောင့်နေတာ"
ကြည့် မေးတာကတစ်ခြား ဖြေတာကတစ်ခြားနှင့် စကားကိုလည်း ဆုံးအောင်မပြော။နှိုင်း မိမိကိုယ်ကို စိတ်တိုင်းမကျပါဘူးဆို ဒီကောင်လေးက ဒီလိုပြောတော့ ပိုလို့တောင် နေရခတ်စေပါသည်။နှိုင်းပုံစံက ခရမ်းရောင် ၀တ်စုံကြောင့် မိန်းကလေးနှင့် တူနေ၍ ဒီကောင်လေးက ဒီလိုပြောနေတာများလား။
ဒီကောင်လေးကတော့ ခါတိုင်းနေ့များထက်ပင် သန့်ပြန့်နေပြန်သည်။၀တ်နေကျ အကွက်အစိတ်လေးတွေ မဟုတ်ပဲ စတစ်လက်ရှည်အဖြူလေးကို ယောပုဆိုးအနက်ရောင်လေးနှင့် တွဲ၀တ်ထားသောကြောင့် ပို၍ပင် ခန့်ညားနေသည်။ဆံပင်ကိုလည်း လှန်တင်ထားသောကြောင့် ပြောင်ရှင်းနေသော နဖူး၊လက်ရှည်ေလးကို တိတိရိရိခေါက်တင်ထားသည်ကြောင့်လည်း ချောမောမှုကို ပိုမိုပံ့ပိုးထားဟန်။လက်ဖျံရှိ သွေးကြောစိမ်းစိမ်းထင်းထင်းလေးများက နှိုင်းမှာ မရှိသော အရာတွေ။မေးရိုးထင်းထင်း ၊မျက်ဆံညိုတွေ နှင့် မျက်ခုံးမွှေး စဉ်းစဉ်းလေးက ထိတွေ့ချင်စရာ။နှုတ်ခမ်းသားပါးပါးလေးက နှိုင်းနဲ့ဆန့်ကျင်ဖက် ။
နှိုင်း ဒီကောင်လေးကိုကြည့်ပြီး ခရမ်းရောင်၀မ်းဆက်နှင့် မိမိကိုယ်ကို ဘ၀င်မကျချင်သောကြောင့်
"ဟို... ငါ ဒီ၀တ်စုံကြီး ပြန်လဲ.. "
"မလဲရဘူး"
"ဟင် ဘာလို့လဲ ငါသိပ်မကြိုက်ဘူး
ခရမ်းရောင်ကြီးဆိုတော့ နဲနဲများ.."
"လိုက်တယ် ခင်ဗျားနဲ့
လိုက်တာမလို့ မလဲရဘူး လာ.."
နှိုင်းလက်ကို ဆွဲခေါ်သွားပြန်သည်။ဒီကောင်လေးက အမြဲအဲ့လိုပင် သူလုပ်ချင်ရင် စွတ်လုပ်တာ။စိတ်ကလည်းမရှည်။နှိုင်းတို့အောက်ရောက်တော့ ဦးကြီးနှင့် အရီးက အသင့်စောင့်နေသည်။ရွာထဲမသွားခင် ဦးကြီးနှင့် အရီးကို အရင်ကန်တော့ရန် စီစဉ်ထားခြင်း။နှိုင်းတို့လည်း တန်းလျားရှည်ပေါ်တွင် ထိုင်နေသည့်ဦးကြီးနှင့် အရီးရှေ့၀င်ထိုင်ပြီး ဦးချ ကန်တော့ကာ ကန်တော့ပစ္စည်းပေးအပ်ရသည်။
"လူလေးတို့နှစ်ယောက်လုံး ဘုန်းကြီးပါစေ
အသက်ရှည်ပါစေ အများအကျိုးသယ်ပိုးထမ်းဆောင်နိုင်ပါစေ အရာရာ ဘေးမသီရန်မခဘဲ စိတ်ကူးထားသည်များ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေကွယ်"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ"
"ကိုမာဃ ရှင်ကရောသားတို့ကို
ဆုပေးအုံးလေတော်"
"အဟမ်း မင်းတို့အရီးပြောသလိုပါပဲ
ပြည့်ကြပါစေ"
တထောင်ဆစ်နဲ့ တို့ပြီး နှိုင်းတို့ကိုဆုတွေ ဇွတ်ပေးခိုင်းနေသော အရီးနှင့် ဆုမပေးတတ်သော ဦးကြီးကိုကြည့်ပြီး နှိုင်းမှာ သဘောကျရပြန်သည်။ပြီးတော့ နှိုင်းတို့ယခု ပုံစံက ကြင်စဦးဇနီးမောင်နှံနှစ်ဦး မိဘဆီက ကောင်းချီးတောင်းခံနေဟန်နှင့် တူနေသည်မို့ နှိုင်းရင်ထဲ ကြည်နူးရိပ်လေး ဖြတ်ပြေးသွားပါသေးသည်။ဘေးကကောင်လေးကို ကြည့်ပြန်တော့လည်း တစ်ချက်တစ်ချက် နှုတ်ခမ်းစွန်းလေးတွေ ကွေးတတ်သွားသည်ကို နှိုင်းမြင်မိပါသည်။ဒီကောင်လေးရော နှိုင်းလို တွေးနေမည်လားဟုပင် နှိုင်းပေါက်ပေါက်ရှာရှာေတွးမိပါသေးသည်။
နှိုင်းတို့ ကန်တော့ရန် စုရပ်ကိုရောက်တော့ တစ်ရွာလုံးရှိဘိုးဘွားများ ကန်တော့ရမည်ဖြစ်သောကြောင့် လူခွဲရပေသည်။နှိုင်းတို့နှစ်ယောက်နှင့် အခြားနှစ်ယောက်ပါပါသည်။ဘိုးဘွားများက ကျေးဇူးတင်ကြောင်း၊နှိုင်းတို့ကို လူငယ်လေးတွေ ယခုလို သိတတ်နေသည်ကို ဂုဏ်ယူကြောင်းများလည်း တဖွဖွပြောကြပါသည်။နှိုင်းမလုပ်ဖူးသော အရာတွေလုပ်နေရ၍လားမသိ နှိုင်းတို့ကို ဆုတွေပေးတိုင်း နှိုင်းမှာ အတိုင်းမသိပျော်ရွှင်ရပါသည်။
>>>>>>><<<<<
"လက်ရုံး မသွားကြသေးဘူးလား"
"အင်း ခနနေရင်သွားမယ်ထင်တယ်
ခင်ဗျားညောင်းနေလို့လား ဟိုနားမှာ
ထိုင်ချင်လား"
"ဟင့်အင်း ရတယ်"
"အင်းပါ ထိုင်ချင်ရင်ပြော"
"အင်း"
နှိုင်းတို့ ညနေပိုင်း ရွာဦးကျောင်းကိုသွားမည်ဖြစ်သည်။မသွားခင် စုရပ်တွင် ဦးစွာစုပြီးမှ ဆီမီးကြာခွက်တန်းလှည့်ကာ အစီလိုက်အတန်းလိုက် သွားရမည်ဖြစ်ပေသည်။စုရပ်က ရွာလူကြီးအိမ်ဖြစ်သောကြောင့် လူကြီးအိမ်တွင်တော့ လူများက အများအပြား။အိမ်အောက်တွင် ရောင်စုံစက္ကူများဖြင့် ပြုလုပ်ထားသော ရောင်စုံဆီမီးကြာခွက်များကို အစီလိုက်အတန်းလိုက် ထားထားပါသည်။
ဟိုကောင်လေးကတော့ ကိုအောင်ကြီးဆိုသောသူနှင့် ပြောစရာရှိသည်ဟုပြောပြီး ထွက်သွားသည်။နှိုင်း လှမ်းတော့ မြင်နေရပါသည်။သို့သော် မခေါ်မိတော့ ဘုန်းဘုန်းက တာ၀န်ပေးထားသောကြောင့် တာ၀န်ကျေသင့်သည် မဟုတ်ပါလား။
"ကိုကြီးနှိုင်းတု"
"ဟို ဘယ်သူလဲ မသိဘူး.. "
နှိုင်း ရပ်နေသောနားကို လာနှုတ်ဆက်နေသော ကောင်မလေး။နှိုင်း မည်သူမည်ဝါမှန်းမမှတ်မိသောကြောင့် မေးလိုက်ခြင်းပင်။
"ပန်းနုလေ ကိုကြီးနှိုင်းတုရဲ့
မမှတ်မိဘူးလား"
"အော် ပန်းနု မှတ်မိပြီ"
နှိုင်းယာထဲ လိုက်သွားတုန်းက စကားသွတ်သွတ်နှင့် ကောင်မလေး။သနပ်ခါးပါးကွက်ကြားနဲ့ မြင်နေကြမလို့ထင်သည် ယခုလို မှုံနံ့သာတွေ ခြယ်သပြီး မြန်မာ၀မ်းဆက်လေး လှလှပပ၀တ်ထားတော့ နှိုင်းတန်းမမှတ်မိပါ။
"ဟီး ဟုတ် ဒီမှာ ကိုကြီးနှိုင်းတုအတွက်
ဆီမီးကြာခွက်တန်းလှည့်ထဲ လိုက်မယ်မဟုတ်လား"
"အော် လိုက်မှာ ပန်းနု"
"မယူရဘူး"
"ဟင်.. !"
နှိုင်း ဆီမီးကြာခွက်လေး လှမ်းယူနေစဉ် နှိုင်းတို့အနားရောက်လာပြီး မယူရဘူးဆိုပြီး သဲကြီးမဲကြီးပြောနေသောကောင်လေး။ပန်းနုကတော့ ဒီကောင်လေး လေသံမာလို့ ထင်သည် လက်လေးတောင်တွန့်သွားသည်။
"ဒီမှာ ငါသူ့အတွက်ယူလာတယ်
မင်းဟာ ပြန်ယူသွား"
"မင်း ဘယ်လိုပြောလိုက်တာလဲ
စေတနာနဲ့ လာပေးတာကို"
"ကျုပ်က ဘာပြောလို့လဲ
အမှန်တိုင်းပြောတာကို "
ပန်းနုယူလာသည့် ဆီမီးကြာခွက်ကို နှိုင်းလက်ထဲကပြန်ယူကာ သူလဲယူလာပါသည်ပြောပြီး ဇွတ်အတင်းပြန်ပေးနေသည်။ပန်းနု ကတော့ နှိုင်းတို့နှစ်ယောက် အချေအတင်ဖြစ်နေသည်ကို ဟိုကြည့်သည်ကြည့်နှင့် ဆီမီးကြာခွက်လေးပြန်ယူကာ ထွက်သွားသည်။တကယ် ဒီကောင်လေးက စိတ်ရင်းလေးကောင်းပါလျှက်နှင့် သူများချစ်အောင်မနေတတ်။ဒီကောင်လေးအတွက်နှင့် နှိုင်းရင်တွေလဲ လေးနေရပါသည်။ စကားပြောလေး မတတ်တာကလွဲရင် ချစ်ဖို့ထိုက်တန်သော ကောင်လေးမို့ အခြားသူတွေ မျက်မုန်းကျိုးကြမည်ကို နှိုင်းမလိုလားပါ။
" မင်းအတွက်ရော"
"ကျုပ်က မလိုဘူး"
"ဒါဆို မလိုက်ဘူးလား"
"လိုက်မှာ"
တကယ် ဒီကောင်လေးကို နှိုင်းဘာမှမပြောချင်တော့ပေ။အခြားသူတွေက ဆီမီးကြာခွက်ကိုယ်စီနှင့် လိုက်မည်ကို သူက မကိုင်ချင်ဟု ပြောနေပြန်သည်။နှိုင်းတို့ ဆီမီးကြာခွက်တန်း လှည့်တော့မည်ဖြစ်သောကြောင့် လိုက်ပါမည့်သူများအားလုံးတန်းစီရသည်။ကလေးများက ရှေ့ဆုံးက တန်းစီသည်။မိန်းကလေးများ၏ နောက်တွင် နှိုင်းတို့က လိုက်ပါရမည် ဖြစ်သည်။နှိုင်းရှေ့တွင် ပန်းနုက ရှိနေပြန်သည်။
"ကိုကြီး နှိုင်းတု အဆင်ပြေလား
ပန်းနုတို့ရွာက သီတင်းကျွတ်ဆို
သိပ်ပျော်စရာကောင်းတာလေ"
"အော်...အဆင်ပြေပါတယ် ပန်းနု"
ပန်းနုက ထိုသို့ပြောပြီး ရှေ့ပြန်လှည့်သွားသော်လည်း နောက်ကကောင်လေးက ဘာတွေအလိုမကျမှန်းမသိ။နှိုင်းကို နောက်လဲမပို့ချင်ဟန်။ရှေ့မှာလဲ ပန်းနုရှိနေ၍ အလိုမကျနေတာ ဖြစ်မည်။ပန်းနုက ဘာလုပ်နေတာမှတ်လို့ ဒီကောင်လေးက တကယ်ပိုပါသည်။ထိုစဉ် အနားကိုခနလာသည့် ဖိုးထောင်ကို ကုတ်ကနေ စွေ့ခနဲဆွဲယူပြီး နှိုင်းရှေ့ပို့လိုက်သည်။ဖိုးထောင်ကတော့ မနေချင်ပုံရသည်။
"ကိုကြီး လက်ရုံး ကျွန်တော်က ဂွတိုတို့နဲ့.. "
"မရဘူး ဒီနားမှာပဲနေ ရွာဦးကျောင်းရောက်ရင်
ကြိုက်တဲ့နေရာသွား"
"ဟာ.. ကိုကြီးလက်ရုံးကလဲဗျာ ပြီးရော"
ဖိုးထောင်ကတော့ မနေချင်လဲ ကြောက်၍လားမသိ ဂွတိုတို့နားလဲ မသွားရတော့ပေ။တကယ် ပန်းနုကို ဖြဲခြောက်တာ အားမရလို့ ဖိုးထောင်ကိုပါ ဖြဲခြောက်နေပြန်သည်။ဟိုကလေးက သူ့မျက်နှာထား တင်းတင်းကြီး မြင်တော့ ကြောက်ပြီပေါ့။
နှိုင်းတို့ ရွာဦးကျောင်းရောက်တော့ ဆီမီး၀က်ပါ(၀င်ကပါ)အား သုံကြိမ်လှည့်ပတ် ဘုရားရှိခိုးပြီးမှ မိမိသွားချင်ရာသွားနိုင်ပေသည်။လှည့်နေစဉ်အတွင်းလည်း နှိုင်းပေါ် မီးစက်တွေ ကျမှာစိုး၍ထင်သည် သူ့လက်ကြီးနှစ်ဖက်နှင့် နှိုင်းကိုယ်လုံးလေးကို ကာထားသောကြောင့် နှိုင်းသူ့ရင်ခွင်ထဲပင် ၀င်လုမတတ်။တစ်ချက်တစ်ချက် အစိုးရိမ်လွန်၍ထင်သည် နှိုင်းခါးလေးကို လာဆုပ်ကိုင်ပြန်သည်။နှိုင်းနောက်ကနေ ကိုယ်ရံတော် အစောင့်အရှောက်ကြီးဟန် လိုက်နေသောသူကြောင့် နှိုင်းရင်ထဲမှာတော့ ကျေနပ်ပီတိ ဂွမ်းဆီထိနေရပါသည်။နှိုင်းတို့ သုံးပတ်ပြည့်သောကြောင့် အလယ်ရောက်တော့ အမွှေးတိုင်လေးလှူကာ ဘုရားဦးချပြုရပေသည်။နှိုင်းဘုရားရှိခိုးပြီး မျက်လုံးဖွင့်ကြည့်တော့ နှိုင်းကို သဘောတကျဖြစ်နေဟန်နှင့် ရပ်ကြည့်နေသောကောင်လေး။
"မင်း ဘာကြည့်တာလဲ"
"ဘာဆုတွေတောင်းလို့ ဒီလောက်ကြာနေရတာလဲ
ဟိုမှာမြင်လား သူများတွေ ပြီးတာကြာပြီ"
"ဘာဆုတောင်း တောင်းပေါ့"
ဟုတ်ပါသည် နှိုင်းကြည့်လိုက်တော့ အခြားသူတွေအကုန် ရှိခိုးပြီး မုန့်ဆိုင်တွေ၊အရုပ်ဆိုင်တွေမှာ အစီအရီရောက်နေကြသည်။နှိုင်းတို့ နှစ်ယောက်တည်း ဘုရားပရ၀ဏ်အတွင်းမှာ။နှိုင်းတို့လဲ ဘုရားရှိခိုးပြီး ကျောင်းရှေ့က အုတ်ခုံလေးပေါ်ထိုင်ကာ ကလေးများ ၀က်ပါ(၀င်ကပါ)ထဲ ပြေးလွှားဆော့ကစားနေကြသည်ကို ထိုင်ကြည့်နေလိုက်သည်။ထိုစဉ် အရုပ်ဆိုင်မှာ ကလေးတစ်စုကို နှိုင်းမြင်သည်ကြောင့်
"ဒီမှာ ကလေးတို့ ကြိုက်တာယူ"
"ဟင်..ကိုကြီးက ကျွန်တော်တို့ကို တကယ်၀ယ်ပေးမှာလား"
"တကယ် ၀ယ်ပေးမှာပေါ့ တစ်ယောက်တစ်ခု
ကြိုက်တာယူ"
"ရေးးးးး"
နှိုင်းပြောလိုက်သည်နှင့် ကလေးများက သူတို့ကြိုက်သည်များကို ယူကုန်ကြသည်။
"မင်း ပိုက်ဆံအိတ် ငါယူပြီနော်"
နှိုင်းလဲ သူ့ပိုက်ဆံအိတ်ထဲက ထုတ်ပြီးရှင်းလိုက်သည်။ဟုတ်သည်လေ နှိုင်းမှာမှ ပိုက်ဆံမပါတာ။သူကတော့ ဘာမှမပြော။လုပ်ချင်တာလုပ် ဆိုသည့် သဘောနှင့် နှိုင်းကို ကြည့်နေပြန်သည်။နှိုင်း ဒယ်ဒီနှင့် မာမီ့ ပိုက်ဆံကလွဲ၍ အခြားသူပိုက်ဆံကို လွယ်လွယ်ကူကူမိမိပိုက်ဆံကဲ့သို့ ယူသုံးသည်မှာ ပထမဆုံးပင်။
"ကလေးတို့ ကိုကြီးက အရုပ်တွေ ၀ယ်ပေးတော့
ကိုကြီးကိုတစ်ခုပြန်လုပ်ပေးရမယ်"
"ဟုတ်"
ကလေးများက တတ်တတ်ကြွကြွပင်။ထို့ကြောင့်နှိုင်း လဲ မိမိလုပ်ခိုင်းစေချင်သည်ကို တိုးတိုးလေးပြောလိုက်သည်။
"၀မ်း တူး သရီး
ဦးဦးရုပ်ဆိုး"
"ဟင် ဒီကလေးတွေကတော့ ..."
"ဟားးး ဟားးး"
အခုကလေးတွေက မျက်နှာထားတင်းတင်းနှင့်ကောင်လေးကိုကြည့်ပြီး သံပြိုင် ဦးဦးရုပ်ဆိုးဟု ခေါ်ပြီး ထွက်ပြေးသွားကြတာဖြစ်သည်။နှိုင်းကတော့ ဖြစ်ပျက်သွားသော ဒီကောင်လေးရုပ်ကိုကြည့်ပြီး ရယ်နေရသည်။
"ခင်ဗျား ကလေးတွေကို ဘာသွားပြောလိုက်တာလဲ"
"ငါဘာမှမပြောပါဘူး ကလေးတွေက မင်းကို
ကြောက်လို့ အဲ့လိုခေါ်ကြတာနေမှာပေါ့ ဟားး"
"ကျုပ်မြင်တယ်လေ ခင်ဗျားပြောလိုက်တာ"
"အင်း ဟုတ်တယ် ဟုတ်တယ်
ငါဘာပြောလဲ သိချင်လား သိချင်ရင်လာခဲ့"
နှိုင်းကတိုးတိုးလေးပြောချင်ဟန် လုပ်လိုက်တော့ သူ့ကိုယ်ကြီးကို ကိုင်းပြီး နှိုင်းအနားတိုးကပ်လာသူ။ဒီကောင်လေး တကယ်သိချင်နေတာဖြစ်မည်။
"ငါပြောလိုက်တာက ဦးဦးရုပ်ဆိုးလို့ခေါ်ပြီး
ထွက်ပြေးလို့ ဟားး"
"ခင်ဗျား ..."
နှိုင်း ထိုသို့ပြောပြီး ခပ်လှမ်းလှမ်းကို ထွက်ပြေးလာလိုက်သည်။ပြုံးတုံ့တုံ့နှင့် ကောင်လေးက ဒေါသမထွက်ပဲ နှိုင်းပြုံးပျော်နေသည်ကို သဘောကျနေဟန်။နှိုင်း သူ့ကိုမြင်ရင် စချင်နေသည်ကြောင့် အခွင့်ကြုံတုန်း စလိုက်ခြင်းဖြစ်သည်။ နှိုင်းစတော့လဲ ဖြစ်ပျက်သွားသည့်မျက်နှာလေးက ချစ်စရာလေး။
"အ.. !"
" ကျစ်..ခင်ဗျား ဘာဖြစ်သွားသေးလဲ "
နှိုင်း ပြေးလာသောကြောင့် ကပူလေးကို မမြင်၍တိုက်မိခြင်း။နှိုင်း အရှေ့ကို ယိမ်းထိုးသွားသည်မို့
ဒီကောင်လေး မြင်သွားဟန်တူသည်။ပါးစပ်ကလဲပြော လူကလဲ နှိုင်းရှေ့ဒူးလေးထောက်ပြီး နှိုင်းခြေထောက်လေးကို သူ့ဒူးပေါ် ဆွဲတင်လိုက်တာဖြစ်သည်။
"ဟို ....မင်း"
"ကျစ် ငြိမ်ငြိမ်နေစမ်းပါ"
နှိုင်းက ခပ်လှမ်းလှမ်းတွင် လူတွေရှိနေသည်မို့ ခြေထောက်လေးကို ရုန်းတော့ နှိုင်းခြေထောက်လေးကို ပြန်ဆွဲထားသည်မှာ ဖွဖွလေး။တကယ်ကိုမှ ဖွဖွလေး ကိုင်တွယ်နေလိုက်တာ။မျက်မှောင်ကြီးကြုတ်ပြီး နှိုင်းခြေထောက်လေး ရဲတတ်သွားသည်ကို အလိုမကျဟန် စုတ်တသတ်သတ်နှင့်။နှိုင်းဖြစ်သည်ကို သူဖြစ်သွားသည်ထက် စိုးရိမ်နေသည်က အထင်းသားပင်။
"ဟို...ငါကရပါတယ် လူတွေနဲ့..."
"အခု အဲ့လူတွေကို ဂရုစိုက်နေတာလား"
"မဟုတ်.."
"မဟုတ်ရင် ငြိမ်ငြိမ်နေ"
နှိုင်စကားတွေပင်ဆုံးအောင်မပြောနိုင်။ဒီကောင်လေး အစောကအကောင်း ခုမှဒေါသထွက်နေဟန်မို့ နှိုင်းလဲ ထပ်မပြောရဲတော့ပေ။သူတတ်သလောက် မှတ်သလောက်နှိပ်ပေးနေဟန်တူသည် နှိုင်းနာမည်စိုး၍ထင်သည် ဖွဖွလေး နှိပ်နေပြန်သည်။
"လျှောက်ကြည့်"
"အင်း"
"အ... ငါနာတယ်လက်ရုံး
မလျှောက်နိုင်ဘူး"
နှိုင်း ခြေထောက်က ခေါက်သွား၍ထင်သည် မထောက်နိုင်။ထိုစဉ် တစ်ဖက်ကိုလှည့်ကာ ကျောလေးလာပေးနေသည့် ကောင်လေး။သဘောက သူေကျာပိုးပါမယ်ပေါ့။
"တတ် ခင်ဗျားမလျှောက်နိုင်တော့ဘူး
ကျုပ်ကျောပိုးမယ်"
"ဟို ... မသင့်တော်"
"ကျစ် တတ်မှာဆိုတတ်"
"အင်း.."
နှိုင်းလဲ အမှန်တကယ်မလျှောက်နိုင်သောကြောင့် ကျောပိုးလိုက်ရသည်။နှိုင်းသူ့ကျောပေါ်ရောက်တော့ နှိုင်းကို နောက်ပြန်ကြည့်လာသည်။အခု နှိုင်းတို့နှစ်ယောက်က အလွန်ပင်နီးကပ်နေသောကြောင့် မီးရောင်အောက်က ထိုကောင်လေးရဲ့ မျက်နှာချောချောလေးက အထင်သားမြင်နေရသည်။မျက်ခုံးမွှေးထူထူးလေးတွေ၊မျက်တောင် တိုစိတ်စိတ်လေးတွေ၊နှာတံစဉ်းစဉ်းလေးနှင့် နှုတ်ခမ်းသားပါးပါးလေးက ထိတွေ့ချင်စရာ။တစ်နေ့တော့ နှိုင်းတစ်ကယ် ထိုအရာလေးတွေကို ထိတွေ့ချင်ပါသည်။
"ခင်ဗျား ရရဲ့လား
ပြုတ်ကျမှာစိုးရင် ကိုင်ထား"
"အင်း .. ငါ ..ငါရတယ်"
နှိုင်းတို့ ဆီမီးရောင်တွေရဲ့ အကွယ်ရောက်တော့ လရောင်ကြီးက အဆင်သင့်။ရွာလမ်းမကြီးကိုပင် ထင်းကနဲ မြင်နေရသည်။နှိုင်း သူ့ကျောပေါ်ကနေ လက်လေးကိုဆန့်တန်းပြီး ညလေညှင်းကို ခံယူတော့ ပြုတ်ကျမှာ စိုး၍ထင်သည် နှိုင်းကို ခပ်တင်းတင်းလေး ထိန်းပေးထားပြန်သည်။အခု လေရာင်အောက်မှာ နှိုင်းကို ကျောပိုးထားသည့် ပုံရိပ်လေးက ရွာလယ်လမ်းမကြီးပေါ် ထင်ဟပ်နေသည်။နှိုင်းသာ ပန်းချီဆွဲတတ်လျှင် ပုံအကြီးကြီးဆွဲပြီး ယခုပုံရိပ်လေးကို သိမ်းထားချင်ပါသည်။
နှိုင်း သူ့ပခုံးလေးပေါ် ခေါင်းလေးစောင်းမှီတွယ်ပြန်တော့ မြင်လိုက်ရတဲ့ နားရွက်ဖျား နီနီလေးတွေ။လရောင်အောက်မှာ ဒီကောင်လေးနားရွက်ဖျားနီနီလေးတွေကိုနှိုင်း အရှင်းသား မြင်နေရပါသည်။နှိုင်း လမ်းတစ်ေလျှာက်လုံး နားရွက်နီနီလေးတွေကိုပဲ အာရုံထဲ ထည့်လာခဲ့တာ။
"ကိုကြီးလက်ရုံး ကိုကြီးနှိုင်းတုက ဘာဖြစ်တာလဲ"
"ရှုး..! "
လက်ရုံးက အပေါ်ကလူအိပ်စက်ပျက်သွားမည်စိုးသောကြောင့် လမ်းလည်ခေါင် အော်ကြီးဟစ်ကျယ်မေးနေသော ဖိုးထောင်ကို မအော်ရန်လက်ဟန်ခြေဟန်ဖြင့် ရှုးကနဲ့ လုပ်ပြတော့ သူကပင် လက်ရုံးကို ရှုးခနဲ ပြန်လုပ်နေသေးသည်။
"ကိုကြီးနှိုင်းတု အိပ်ပျော်နေတာလား"
"အင်း တိုးတိုး"
ဖိုးထောင်က လေသံဖြင့်ပင် ပြောနေသော်လည်း အပေါ်ကလူနိုးသွားပါက မဖြစ်။ပိုသည်ပြောလည်း မတတ်နိုင်။
"ဒီ့ထက်ပိုတိုးလို့ မရတော့လို့ ဘာမှမမေးတော့ဘူးဗျ
သွားပြီ လာ...ဂွတို သွားမယ်"
တကယ် ကိုကြီးလက်ရုံးက ပိုကိုပိုပါသည်။ဖိုးထောင် ဒီ့ထက်မတိုးနိုင်သောကြောင့် ထွက်သွားလေပြီ။
"ဟေ့ရောင် ဂွတို ကိုကြီးလက်ရုံးနဲ့ ကိုကြီးနှိုင်းတုကို
မင်း ဘယ်လိုမြင်လဲ"
"ဘယ်လိုမှ မမြင်ပါဘူး"
ဖြောင်း!
ဖိုးထောင် ဂွတိုကို နားရင်းတစ်ချက်အုပ်လိုက်ခြင်း။ဟုတ်သည်လေ ဖိုးထောင်က အကောင်းပြောနေတာကို ဒီဂွတိုက သေချာမဖြေ။
"ဒီလိုကွာ ..ကိုကြီးလက်ရုံးက ကိုကြီးနှိုင်းတုကိုကြည့်တာ
တစ်မျိုးပဲ ငါတို့ကို ကြည့်တာနဲ့ မတူဘူးကွာ ငါတို့ဆို စားမတတ် ဝါးမတတ်လေ ဘယ်တုန်းက ကောင်းကောင်းပြောလို့လဲ"
"အင်း အဲ့တာတော့ ဟုတ်တယ်
ကိုကြီးလက်ရုံးကို ကျွန်တော်လည်းကြောက်တယ်ဗျ"
"အင်း မင်းလည်းသဘောတူလား"
"တူတယ် အများကြီးတူတယ်
ဟားးးး!"
လက်ရုံး ဖိုးထောင်တို့ပြောနေသည်များကို ကြားမိပါသည်။ဒီလူ့အပေါ် မိမိခံစားချက်များမူမမှန်သည်ကို လက်ရုံးသိသည်။ခင်ဗျား စိတ်ချပါ ကျွန်တော့်ခံစားချက်တွေအပေါ် ကျွန်တော်ရိုးသားမှာပါ။ကျွန်တော်ကိုယ်တိုင် အဖြေရှာမှာပါ။
ဒါပေမဲ့ ခင်ဗျားသိလား
"အဲ့နေ့က ညနေဆည်းဆာအောက်က မျက်နှာလှလှလေးကို ကျွန်တော် တကယ်နမ်းချင်နေခဲ့တာ"
>>>>><<<<<
#minus-zero
3 August 22