Seoulကိုပြန်ရောက်ရောက်ချင်း airportကနေ sim cardတစ်ခု ကမန်းကတန်းဝယ်ပြီး အလွတ်ရနေတဲ့ ဖုန်းနံပါတ်ကို ခေါ်ဆိုမိတယ်။ စက်ပိတ်ထားပါသည်နဲ့ တိုးနေတော့ taxi standက ရရာကားတစ်စီး အမြန်တားလို့ လိပ်စာမြန်မြန်ပြောပြီး ဂျေးနဲ့အတူ ကားပေါ်တက်လာလိုက်တယ်။
အခု Seoulမှာက ညဘက်ရောက်နေပြီမို့ ဆောင်းဟွန်းက သေချာပေါက် အိမ်မှာရှိနေမှာပဲ။ ဒါပေမယ့် ဆောင်းဟွန်းတို့အိမ်ရောက်တော့ တအိမ်လုံး မီးမှိတ်ထားတာတွေ့တာကြောင့် တင်းလာတဲ့စိတ်တွေ ရှဲခနဲဖြစ်သွားတာတော့အမှန်။ bellခဏဏတီးပေမယ့် အိမ်တံခါးလာဖွင့်ပေးမယ့်သူရှိပုံမရ။
တအောင့်လောက်ကြာအောင် အိမ်ရှေ့မှာရပ်နေမိပြီးနောက် တခြားနေရာတွေ သွားရှာမယ်အလုပ် အိမ်တံခါးဟာ ပွင့်လာခဲ့တယ်။
မီးထွန်းမထားတဲ့အမှောင်ထဲမှာ ရပ်နေတဲ့သူက ရှင်းဂျယ်ယွန်းရဲ့နှစ်ယောက်မရှိတဲ့ ပတ်ဆောင်းဟွန်းပဲ။ အရမ်းလွမ်းနေခဲ့ရတဲ့ဒီလူသားကို လက်နှစ်ဖက်နဲ့ တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်မိတယ်။ ဆောင်းဟွန်းရင်ဘတ်မှာ ခေါင်းအပ်လိုက်တော့ ရနေကြ ကိုယ်သင်းရနံ့အပြင် အရက်နံ့ပါရောပြီးရတယ်။ လုံခြုံသွားပြီဆိုတဲ့ ခံစားချက်။ နေရာမှန်ကို ပြန်ရောက်ပြီဆိုတဲ့ခံစားချက်။ အရက်တွေသောက်နေတယ်ပေါ့လေဆိုပြီး စိတ်ကောက်ချင်မိသွားတာတော့ သက်သက်တပိုင်း။ ဆောင်းဟွန်းကတော့ ရင်ခွင်ထဲကဂျယ်ယွန်းအစား မျက်စိရှေ့တည့်တည့်ကဂျေးကို ကြောင်ကြည့်နေခဲ့တယ်။
ဆောင်းဟွန်းကိုကြည့်ရတာ အသိနဲ့ခန္ဒာမကပ်တဲ့ လူလိုပဲ။ "ဝင်ကြလေ"လို့ပြောရင်း အိမ်ထဲခေါ်သွားတယ်။ မမြင်ရတဲ့အမှောင်ထဲမှာ ဂျယ်ယွန်းက phone screenကို အားပြုပြီး လျှောက်နေရတယ်။ ဖိနပ်ချွတ်တဲ့ဆင်ဝင်ကိုကျော်ပြီးတာနဲ့ တန်းရောက်တဲ့ဧည့်ခန်းထဲက TV screenရဲ့ အလင်းရောင်ကြောင့် အိမ်ထဲကပစ္စည်းတွေကို ဝိုးတဝါးမြင်နေရတယ်။ ဆောင်းဟွန်းက မီးခလုတ်ကိုမဖွင့်ဘဲကျော်သွားတာကြောင့် ဒီအိမ်ကို ၂ခါထက်မနည်းရောက်ဖူးနေတဲ့ ဂျယ်ယွန်းကပဲ ခလုတ်နှိပ်လိုက်ရတယ်။
ဘုရားရေ.... ဧည့်ခန်းကြမ်းပြင်ပေါ်မှာ ပျံ့ကျဲနေတဲ့ ဘီယာနဲ့ ဆိုဂျုပုလင်းတွေ။ ပတ်ဆောင်းဟွန်းက ဘယ်တုန်းက ဒီလောက်ထိသောက်တတ်သွားတာလဲ။ တစ်ပုလင်း နှစ်ပုလင်းတောင်မကဘူးလေ။ ထိတ်လန့်တကြားနဲ့ ဆောင်းဟွန်းကိုကြည့်လိုက်တော့ ညှင်းသိုးသိုးရုပ်မှာ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးစိမ်းဖန့်ဖန့်ရေးရေးတွေပါထွက်လို့။
ဆောင်းဟွန်းက ဆိုဖာပေါ် ပစ်စလက်ခက်ထိုင်ချပြီး သောက်လက်စဘီယာပုလင်းကို ဆက်သောက်တယ်။ ဂျယ်ယွန်းကတော့ ဆောင်းဟွန်းဘာလို့ဒီလောက်ဖြစ်သွားတာလဲလို့ ထိတ်လန့်အံ့ဩတကြီးကြည့်နေမိတယ်။ အလိုက်သိတဲ့ဂျေးကတော့ ခပ်လှမ်းလှမ်းနေရာတစ်ခုမှာ မတ်တပ်ရပ်ပြီး အခြေအနေကို အကဲခတ်နေတယ်။
"ဆောင်းဟွန်း ငါလေ ဂျယ်ယွန်း"
"အင် သိတယ်လေ"
ဆောင်းဟွန်းက ဘီယာပုလင်းကိုလက်ကမချ၊ ထွေရီနေတဲ့မျက်လုံးတွေနဲ့ ဂျယ်ယွန်းကိုပြန်ကြည့်ရင်း သူထိုင်နေတဲ့နေရာဘေးမှာဝင်ထိုင်ဖို့ အမူအရာနဲ့အချက်ပြတယ်။
"ငါရောက်လာတာမအံ့ဩဘူးလား"
ဂျယ်ယွန်း ချက်ချင်းပဲ ဆောင်းဟွန်းဘေးဝင်ထိုင်ပြီး မျက်လုံးတည့်တည့်ကြည့်လို့ စကားပြောလိုက်တယ်။
"အင် အံ့ဩရမှာလား။ မင်းက အမြဲငါ့ဘေးရှိနေတာမဟုတ်ဘူးလား"
အသံဟာ အဆုံးမှာတိမ်ဝင်သွားတယ်။ ဆောင်းဟွန်းက ဘာမှမထူးခြားသလို အရက်ကိုဆက်သောက်နေတယ်။ TVကိုကြည့်နေပေမယ့် TVထဲအာရုံရှိပုံမပေါ်ဘူး။ မျက်လုံးတွေက ငြိမ်သက်နေတဲ့ ကန်ရေပြင်လိုပဲ။
ဂျယ်ယွန်းက ဆောင်းဟွန်းကို မယုံနိုင်တဲ့အကြည့်တွေနဲ့ ကြည့်နေမိတယ်။ ဂျေးက အိမ်အပြင်ကို ထွက်သွားတယ်။ ဆောင်းဟွန်းက အရက်ပုလင်းကို မော့ချလိုက်တယ်။
TVမှာလာနေတဲ့ အဖြူအမဲစစ်ကားက ဒုတိယကမ္ဘာစစ်ကအကြောင်းတွေလား။ လူတွေငိုနေတယ်။ အဆောက်အဦးတွေပြိုနေတယ်။ ဗုံးတွေက နေရာအနှံ့ကနေထပေါက်ကွဲ။ ဂျယ်ယွန်းရင်ထဲလဲ အဲအတိုင်းပါပဲ။ ဆောင်းဟွန်းကိုကြည့်ရင်း ငိုချင်လာတယ်၊ တိမ်တွေပြိုလာတယ်။ ရင်ဘတ်ထဲ စိုးရိမ်ထိတ်လန့်မှုတွေက နေရာအနှံ့ထပေါက်ကွဲ။
"ဂျယ်ယွန်းရယ် ငါ့ရှေ့မှာရှိနေတဲ့မင်းက အမှန်လား၊ ငါတောင့်တလွန်းလို့ပဲ ပေါ်လာတာလားမသိပါဘူး။ ဒါပေမယ့် ငါလေ မင်းကိုပြောရဦးမယ်။ ငါ... လူတစ်ယောက်ကို နာကျင်အောင်လုပ်ခဲ့မိတယ်"
ဆောင်းဟွန်းအသံက အပြစ်ဆိုတဲ့ဝန်ထုပ်ဝန်ပိုးတွေကို ပုခုံးပေါ်မှာ တနင့်တပိုးထမ်းတင်ထားရတဲ့သူလိုပဲ။ အသံရဲ့အောက်ခြေမှာ ဆို့နင့်ကြေကွဲမှုကို အတိုင်းသားမြင်နေရတယ်။
"ငါလေ ဂျောင်ဝန်းကို... အာ ဘယ်ဟုတ်မလဲ။ မင်းကိုပြောပြလို့ဘယ်ဖြစ်မလဲ။ မင်းစိတ်ညစ်သွားမှာပေါ့။ ငါက စိတ်ကူးထဲမှာပေါ်လာနေကြ၊ ငါ့အိမ်မက်တွေထဲ လာလည်နေကျ မင်းပုံရိပ်လေးကိုတောင် နည်းနည်းလေးမှ စိတ်မထိခိုက်စေချင်ပါဘူး"
"မဟုတ်ပါဘူး ပြောပါ ဆောင်းဟွန်းရယ် ငါနားထောင်ချင်တယ်"
"ငါ...ငါ.. ဂျောင်ဝန်းကို စိတ်ဆင်းရဲအောင်လုပ်လိုက်မိတယ်။ တောင်းပန်ပါတယ်။ မင်း ညီလေးလိုချစ်ပါတယ်ဆိုတဲ့ သူကိုမှ နာကျင်စေခဲ့မိလို့။ ကြည့်ရတာ ငါကမင်းကလွဲပြီး ဘယ်သူကိုမှ ဂရုမစိုက်နိုင်ဘူးထင်တယ်။ ငါက သူများကို တတ်နိုင်သမျှ မထိခိုက်စေချင်တဲ့သူပါ။ ယုံပေးပါ။ တမင်လုပ်တာ မဟုတ်ပါဘူး"
ဆောင်းဟွန်းက ဗလုံးဗထွေးနဲ့ စကားတွေအများကြီးပြောတယ်။ တချို့လူတွေမူးတဲ့အခါ စိတ်ရင်းပေါ်လာတယ်ဆိုတဲ့စကားက အမှန်များလား။ ဆောင်းဟွန်းက အဲညက စကားတွေအများကြီးပြောတယ်။ ဂျယ်ယွန်းကို အမြဲပျော်စေချင်တဲ့အကြောင်းတွေ၊ ပျော်အောင်လုပ်ပေးချင်ပေမယ့် နောက်ဆို ဘယ်သူနဲ့မှပတ်သက်မှာမဟုတ်တော့တဲ့အကြောင်း၊ ဂျယ်ယွန်းကတော့ ဘယ်သူနဲ့တွဲတွဲ တကယ်ပဲကိစ္စမရှိကြောင်း၊ သူကတော့ ဂျယ်ယွန်းပျော်တယ်ဆို အဆင်ပြေတဲ့အကြောင်း၊ ဂျောင်ဝန်းကို တမင်စိတ်ထိခိုက်စေတာမဟုတ်တဲ့အကြောင်း၊ အဲလိုလုပ်မလို့ သူနောင်တရတယ်ဆိုတဲ့အကြောင်းတွေ...
ပတ်ဆောင်းဟွန်းဟာ ဒီနှစ်တွေအတောအတွင်းမှာ သူ့ကိုသူပိတ်လှောင်တားဆီးထားသမျှရေကာတာဟာ ကျိုးကျသွားတယ်ထင်ပါရဲ့။ ခံစားချက်တွေအကုန်လျှံထွက်လာတယ်။ ပြီးတော့ ဂျယ်ယွန်းမျက်နှာကို လက်ချောင်းတွေနဲ့ ခပ်ဖွဖွထိလို့ မြတ်မြတ်နိုးနိုးကြည့်ရင်း အိပ်ပျော်သွားတော့တယ်။
🍂
မနက်၁၀နာရီကျော်တဲ့အထိ ဆောင်းဟွန်းက နိုးမလာသေး။ နေရောင်စူးစူးက မျက်နှာတည့်တည့်ကျနေလို့ ဂျယ်ယွန်းက လိုက်ကာကိုပိတ်ပေးထားရတယ်။ ဆောင်းဟွန်းရဲ့မျက်နှာပေါ်က အမွှေးရေးရေးလေးတွေကို လက်နဲ့ခပ်ဖွဖွပွတ်သပ်နေမိတယ်။ စူးလိုက်တာ။
တစ်ခါမှ ဒီလိုပုံစံမမြင်ဘူးတော့ ရင်ထဲဝမ်းသာဝမ်းနည်းတစ်ဆို့ဆို့ဖြစ်နေတယ်။ ညက ဂျေးကို အခန်းလွတ်မှာအိပ်ခိုင်းလိုက်ပြီး သူကတော့ ဆောင်းဟွန်းမျက်နှာလေးထိုင်ကြည့်ရင်းနဲ့ ဘယ်လိုအိပ်ပျော်သွားမှန်းမသိပျော်သွားတာ။
မနက်မိုးလင်းတော့ ဆောင်းဟွန်းအတွက် ချက်ပြုတ်ပေးဖို့ ရေခဲသေတ္တာဖွင့်လိုက်တော့ အထဲက ဟာလာဟင်းလင်းကြီး။ ဟာ ဘယ်လိုတွေစားသောက်နေတာလဲဆိုပြီး စိတ်ပူမိသွားတယ်။ ချက်ချင်းနီးစပ်ရာmarketပြေးလို့ လိုတာတွေဝယ်၊ အမူးပြေဟင်းရည်လုပ်၊ ထမင်းဟင်းချက်ပေး။ ဆောင်းဟွန်းဖွထားတဲ့အမှိုက်တွေပြန်ရှင်း။ အမလေးးး... မသိရင် ဂျယ်ယွန်းက သူ့အမေကျနေတာပဲ။
ဆောင်းဟွန်းမိဘတွေက တစ်နှစ်မှာ တစ်ခါ၊ ဒီလိုအချိန် မွေးရပ်ဇာတိရွာကိုပြန်နေကြမို့ အကြောင်းသိတဲ့ဂျယ်ယွန်းကတော့ ဆောင်းဟွန်း သူ့မိဘတွေ အိမ်မှာမရှိတဲ့အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်အသည်းကွဲနေတာပဲလို့ သဘောပေါက်လိုက်တယ်။
ရှေ့တည့်တည့်က စောင်ပုံထဲမြုပ်နေတဲ့လူသားက လူးလွန့်လာတယ်။ အားရပါးရအကြောဆန့်ပြီး ငုတ်တုတ်ထထိုင်ပြီးသည့်တိုင် ကုတင်ဘေးမှာ ထိုင်ခုံအပုလေးနဲ့ ငုတ်တုတ်လေးထိုင်နေတဲ့ဂျယ်ယွန်းကို မမြင်သေး။ ကုတင်ပေါ်ကနေ ဆင်းမယ်ဆိုပြီး ဘေးဘက်လှည့်လိုက်မှ ဂျယ်ယွန်းကိုတွေ့ပြီး ထအော်တော့တယ်။
"နိုးပြီလား။ သွား ရေချိုးလိုက်ဦး။ ဟင်းရည်ပြန်နွှေးပေးထားမယ်"
ဂျယ်ယွန်းတွန်းလွှတ်နေလို့ ရေချိုးခန်းထဲဝင်သွားရတဲ့ဆောင်းဟွန်းက နံရံပေါ်က မှန်ကိုကြည့်ရင်း သူ့ဆံပင်သူ တစ်မွှေးနှုတ်ကြည့်လိုက်တယ်။ ဟင် ပါလာတယ်။ တကယ်ကြီး????
🍂
"ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲ"
"မင်းကို စိတ်မချလို့လေ။ ထင်တဲ့အတိုင်း ဖြစ်ချင်ရာဖြစ်နေတာပဲ"
"အတည်မေးတာ"
"ငါလဲအတည်ပြောတာ"
"မဟုတ်ဘူးလေ။ တစ်ယောက်ထဲ ကိုရီးယားပြန်လာပြီး ဘာလာလုပ်တာလဲ"
"တစ်ယောက်ထဲမဟုတ်ပါဘူး။ ဂျေးရောပါတယ်"
"ဟင် မနေ့ညက သူ့ကိုတွေ့လိုက်ရတာ အိမ်မက်ထင်နေတာ။ တကယ်ကြီးပေါ့"
"ဒါပေါ့"
"အခု သူကဘယ်ရောက်နေတာလဲ"
"အာ မင်းစားဖို့ ချက်ရပြုတ်ရအောင် စျေးသွားဝယ်တာလေ။ စျေးထဲမှာ ပျားရည်တွေတွေ့တော့ ကြိုက်လို့ဆိုပြီး နေရစ်ခဲ့တယ်။ တစျေးလုံးက ပျားရည်တွေအကုန် လိုက်မြည်းပြီးရင် ပြန်လာလိမ့်မယ်"
"......."
"ဒါနဲ့ ဆောင်းဟွန်း ငါမင်းကိုပြောစရာရှိတယ်"
"Ahum?"
"အခုမဟုတ်ဘူး။ ညနေမှ။ အခု သွားစရာရှိသေးတယ်"
"ငါလိုက်ခဲ့ရမလား"
"မလိုက်နဲ့။ ငါတစ်ယောက်ထဲသွားမယ်"
🍂
ဂျယ်ယွန်းအရင်နေခဲ့တဲ့အိမ်ရဲ့ဘေးက အိမ်ရှေ့ ရောက်နေတယ်။ စိတ်လှုပ်ရှားလွန်းစွာနဲ့ လက်နှစ်ဖက်ကို ထပ်တလဲလဲပွတ်သပ်ပြီးတဲ့နောက် လူခေါ်bellကို နှိပ်လိုက်တယ်။ ခြံဝင်းတံခါးလာဖွင့်ပေးတာ ဂျောင်ဝန်း။ သူ့ကိုတွေ့တော့ မျက်လုံးတွေပြူးကျယ်သွားတယ်။
"ဟျောင်းတို့ စကားခဏလောက်ပြောလို့ရမလား"
.......
ကော်ဖီဆိုင်က တိတ်တိတ်ဆိတ်ဆိတ်။ လေထုဟာလဲ ငြိမ်သက်လို့။ ဂျောင်ဝန်းက ဂျယ်ယွန်းရဲ့ တောင်းပန်စကားအရှည်ကြီးအဆုံးမှာ သက်မပြင်းပြင်းချတယ်။
"မဟုတ်တာ။ တကယ်တော့ ကျွန်တော့်အမှားလဲပါတာပဲ။ ဟျောင်းတို့နှစ်ယောက်က အင်္ဂါဂြိုလ်ကနေလှမ်းကြည့်တောင် တစ်ယောက်နဲ့တစ်ယောက်ကြိုက်နေမှန်း ဒီလောက်သိသာနေတာ။ ကျွန်တော်ကမှ အစ်ကိုဆောင်းဟွန်းအပေါ် လောဘတက်မိခဲ့တာမဟုတ်လား"
"တကယ်ပြောတာ။ ကျွန်တော် အခုစိတ်မဆိုးတော့ဘူး။ အဲကိစ္စကို ခဏဏပြန်သုံးသပ်မိနေတာ။ ဘယ်လိုပဲတွေးတွေး နှစ်ယောက်လုံးက ကျွန်တော့်အပေါ်အရမ်းကောင်းပေးခဲ့တာပဲ"
ဂျောင်ဝန်းက တကယ်ကို ဘာမှစိတ်ထဲဘာအာဃာတမရှိတဲ့ ပေါ့ပေါ့ပါပါးပုံစံမျိုးနဲ့ စကားဆိုလာတော့ သူ ဆောင်းဟွန်းဆီက လွှဲပြောင်းယူလာတဲ့ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချလိုက်မိတယ်။
"ဟျောင်းတို့နှစ်ယောက်လဲ မြန်မြန်အဆင်ပြေပါစေဗျာ။ လောကမှာ ချစ်လျက်နဲ့ဝေးရတာလောက် ရင်နာစရာကောင်းတာမရှိဘူး"
"ဟျောင်းက အစ်ကိုဆောင်းဟွန်းကို အကောင်းဆုံးတွေပဲပေးချင်ပြီး အမြင့်ဆုံးမှာရှိစေချင်တဲ့စိတ်နဲ့ချစ်ခဲ့တာဆိုရင် အစ်ကိုဆောင်းဟွန်းက သူ့ကိုသူပျောက်ဆုံးသွားတဲ့အထိ ဟျောင်းကို ချစ်ခဲ့တာ...။ ဟျောင်းက အစ်ကို့အတွက် အကောင်းဆုံးတွေပဲပေးချင်မှန်း သိပါတယ်။ ဒါပေမယ့် အစ်ကို့အတွက် တကယ်အကောင်းဆုံးက ဟျောင်းဆိုတာ မမေ့ပါနဲ့"
ဂျောင်ဝန်းက စကားအရှည်ကြီးပြောပြီး သူ့ကိုကြည်ကြည်လင်လင်ပြုံးပြတယ်။ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လွန်းလို့ ဂျယ်ယွန်းလက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တယ်။
"စိတ်ချ။ ဟျောင်း ဆောင်းဟွန်းကို နောက်ထပ်တစ်ခါ ထပ်ပြီးလက်လွတ်မခံတော့ဘူး"
🍂
ဆောင်းဟွန်းဆီကို ပြန်လာတဲ့ဂျယ်ယွန်းခြေလှမ်းတွေက ပေါ့ပါးသွက်လက်နေတယ်။ အရမ်းပျော်နေလို့ အိမ်တံခါးလာဖွင့်ပေးတဲ့ ဆောင်းဟွန်းကို မိနစ်ပိုင်းလောက်ကြာအောင် တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်မိတယ်။
"အဟမ်းဟမ်း"
ချောင်းဟန့်သံကြားမှ အိမ်ထဲလှမ်းကြည့်မိတော့ ဆိုဖာပေါ်မိန့်မိန့်ကြီးထိုင်နေတဲ့ဂျေး။
"အော် ပြန်ရောက်နေပြီလား ဟီးဟီး"
"ဆောင်းဟွန်း သွား သွား။ အဝတ်အစားလဲ။ ငါတို့အပြင်ထွက်ကြမယ်"
"ဘယ်သွားမှာလဲ။ မသွားချင်ဘူး"
"ဟိုနားဒီနားပေါ့ကွ။ လုပ်စမ်းပါကွာ"
ဂျယ်ယွန်းက အတင်းတွန်းလွှတ်နေတော့ ဆောင်းဟွန်းလဲ အခန်းထဲပြန်ဝင်သွားတယ်။
"ငါ မုတ်ဆိတ်မွေး လာရိတ်ပေးရမလား!!!"
"မလာနဲ့!!!!!"
ပြုံးရွှင်နေတဲ့ဂျယ်ယွန်းကတော့ ဆောင်းဟွန်းကိုစပြီး တခွိခွိနဲ့။ ဂျေးကတော့ ပါးတွေပါနီနေတဲ့အထိ တစ်ယောက်ထဲပြုံးလိုက်ရယ်လိုက်၊ တည်သွားလိုက် ထပ်ရယ်လိုက်ဖြစ်နေတဲ့ဂျယ်ယွန်းကိုကြည့်ရင်း "အော် ရူးသွားရှာပြီ"ဆိုတဲ့အကြည့်နဲ့ ခပ်ဖြည်းဖြည်း ခေါင်းရမ်းတယ်။
🍂
သူတို့တွေ အတော်အတန်လူသန့်တဲ့လမ်းလေးပေါ်မှာ နှေးနှေးလေး လမ်းလျှောက်နေကြတယ်။ လူသွားလမ်းရဲ့ဘေးတစ်ဖက်က လမ်းသွယ်လေးဖြစ်ပြီး နောက်တစ်ဖက်ကတော့ အဆောက်အဦးတွေ။ အဆောက်အအုံတွေရဲ့အောက်ထပ်က ပန်းဆိုင်၊ ပေါင်မုန့်ဆိုင်၊ ခေါက်ဆွဲဆိုင် အဲလိုဆိုင်ခန်းသေးသေးလေးတွေ အစီအရီ။
"ငါ ဂျောင်ဝန်းနဲ့ စကားပြောလာခဲ့တယ် သိလား"
ဂျယ်ယွန်းရဲ့ ရုတ်တရပ်ထွက်လာတဲ့စကားကြောင့် ဆောင်းဟွန်းခြေလှမ်းတွေတုံ့ခနဲဖြစ်သွားတယ်။ တကယ်ဆို ဆောင်းဟွန်း ဒီစကားကြားဖို့ အဆင်သင့်မဖြစ်သေးမှန်း သိပါတယ်။ အခုလဲ အဆင်ပြေမနေမှန်းသိတယ်။ ဂျယ်ယွန်းပြောတဲ့စကား မပယ်ရှားချင်လို့သာ ခေါ်ရာလိုက်လာခဲ့တာ ဂျယ်ယွန်းသိတယ်။ ပြီးတော့ ဆောင်းဟွန်းက ဂျယ်ယွန်းရှေ့မှာ ပြိုလဲကွဲကြေနေတဲ့တဖက်ခြမ်းကို ပြမယ့်သူမဟုတ်ဘူးလေ။ သိပ်ခက်တာပဲ ဆောင်းဟွန်းရယ်...
"ငါတောင်းပန်ခဲ့လိုက်တယ်"
"မင်းက ဘာလို့တောင်းပန်တာလဲ"
"ဘာလို့ဆို ပတ်ဆောင်းဟွန်းကို ဒီလိုဖြစ်စေခဲ့တာငါပဲလေ။ ဂျောင်ဝန်းက နားလည်ပေးပါတယ် ငါတို့ကိုခွင့်လွှတ်တယ်ပြောတယ်"
"မင်း ဘာတွေပြောလိုက်တာလဲ"
"ရှင်းဂျယ်ယွန်းက ပတ်ဆောင်းဟွန်းကို လုံးဝလက်လွှတ်ပေးတော့မှာ မဟုတ်တဲ့အကြောင်း"
ဘေးချင်းကပ်ယှဉ်လျှောက်နေတဲ့ဆောင်းဟွန်းခြေလှမ်းတွေ လုံးဝဥဿုံ ရပ်တန့်သွားတယ်။ နားမလည်နိုင်တဲ့အကြည့်တွေနဲ့ ဂျယ်ယွန်းကိုကြည့်လာတယ်။
"ပတ်ဆောင်းဟွန်း ငါတကယ်အတည်ပြောမယ်။ သေချာနားထောင်ပေး။ ငါ့အသက်၁၀နှစ်.. မင်းကိုစတွေ့ခဲ့တယ်။ မင်းက ငါ့ဘဝရဲ့ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်ခဲ့တယ်။ ငါတို့တွေ အတူရှိလာတဲ့ ဒီ၉နှစ်တာကာလမှာ ငါမင်းကို သူငယ်ချင်းစည်းထက်ကျော်ပြီး ချစ်ခဲ့မိတယ်။ ငါမင်းမပါတဲ့ မနက်ဖြန်တွေကို စဉ်းစားလို့မရဘူး။ အနာဂတ်ကို စိတ်ကူးယဉ်လို့မရဘူး။ မင်းနဲ့အတူ နေဝင်ချိန်တွေကြည့်ချင်တယ်။ မင်းဆိုပြတဲ့သီချင်းတွေ နားထောင်ချင်တယ်။ မင်းညွှန်းတဲ့ရုပ်ရှင်တွေ အတူတူကြည့်ချင်တယ်။ မင်းပြုတ်ပေးတဲ့ခေါက်ဆွဲမှစားချင်တယ်။ vanilla latteတွေ ခွက်တစ်ဝက်ပဲသောက်ပြီး လွှင့်ပစ်ခဲ့ရပေါင်းများပြီ။ အခု အဲလိုဆက်အဖြစ်မခံနိုင်တော့ဘူး။ မင်း ငါနဲ့တွဲနိုင်မလား"
ဂျယ်ယွန်းက လက်ထဲဘယ်အချိန်ထဲက ကိုင်ထားမှန်းမသိတဲ့ နှင်းဆီဖြူတွေကို ဆောင်းဟွန်းဆီ ကမ်းပေးလာတယ်။
ဆောင်းဟွန်းပုံစံက ကျောက်ရုပ်လို။
တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့် ..
ကျောက်ရုပ်ဟာ အသက်ဝင်လာတယ်။
မျက်လုံးတွေကစပြီး အသက်ဝင်လာတာ။ မယုံကြည်နိုင်ခြင်းတွေနဲ့။ ရင်ဘတ်ထဲက အချစ်သစ်ပင်ဟာ ဝုန်းခနဲ ဆက်လက်ရှင်သန်ကြီးထွားလာတဲ့အတွက် ရေသောက်မြစ်လိုအပ်လာတယ်။ မျက်ဝန်းကတဆင့် မိုးပုလဲပန်းတွေ ခကုန်တော့တာပဲ။
"Woah တကယ်ကြီး? ရှင်းဂျယ်ယွန်း မင်း.. ဘာတွေပြော.. ခဏ ငါ ငါအတည်ကြားလိုက်ရတာလား။ အရမ်းစိတ်လှုပ်ရှားလွန်းလို့ မှားကြားတာမဟုတ်ပါဘူးနော်"
"မင်း မှားမကြားပါဘူး။ ငါ့ရင်ဘတ်ထဲ အနှစ်နှစ်အလလခိုအောင်းနေခဲ့တဲ့ စကားတွေကို ကြားလိုက်ရတာ"
"ဟားးး ငိုမိတော့မယ် တကယ်။ မယုံနိုင်ဘူး"
"အဖြေပေးဦးလေ ဆောင်းဟွန်းရဲ့။ ငါနဲ့တွဲမှာလားလို့ အွန်"
ဂျယ်ယွန်းက ခြေဖျားလေးထောက်လို့ ဆောင်းဟွန်းမျက်နှာနားကပ်ပြီး အဖြေလေးတောင်းတယ်။
"တွဲမှာပေါ့။ ဂျယ်ယွန်းကလေးရဲ့။ ကိုယ့်မှာ မင်းတစ်ယောက်ထဲရှိတာ။ မင်းကိုပဲ ဦးဆွေးဆံ့မြေ့တဲ့အထိ ပေါင်းမှာပေါ့"
ဆောင်းဟွန်းက ဂျယ်ယွန်းကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းပြီး ဂျယ်ယွန်းဆံနွယ်တွေကို နမ်းရှိူက်တယ်။ ဆောင်းဟွန်းငိုနေတယ်။ ဆောင်းဟွန်းငိုတာ ဘဝမှာ ဒုတိယအကြိမ်မြင်ဖူးတာပဲ။ နှစ်ကြိမ်လုံးက သူ့ကြောင့်မျက်ရည်ကျရတာဆိုပေမယ့် ဒီတစ်ခါတော့ ပျော်လို့ကျတဲ့မျက်ရည်မို့ သူလဲပျော်ပါတယ်။
"အဟမ်းဟမ်း ဒါနဲ့လေ... စိတ်မရှိဘူးဆိုရင် ပန်းဖိုးလေး ပေးပါဦး"
အဒေါ်ကြီးတစ်ယောက်ရဲ့အသံသေးသေးလေးက ရုတ်တရပ်ထွက်ပေါ်လာလို့ ဖက်ထားတဲ့နှစ်ယောက်သား ရှိုးတိုးရှန့်တန့်ဖြစ်သွားတယ်။
ဂျယ်ယွန်းက သူတို့ကနောက် မလှမ်းမကမ်းမှာရပ်နေတဲ့ ဂျေးကိုအသံကြိတ်မေးလိုက်တယ်။
"Yarr ပတ်ဂျေး။ ငါစောစောက ဒီပန်းစည်းကို ဆွဲယူလာထဲက ပိုက်ဆံမရှင်းလိုက်ဘူးလား"
"ဟာ မင်းကဘာမပြောညာမပြောနဲ့ စားပွဲပေါ်ခင်းထားတာကို ဒီတိုင်းကြီးဆွဲသွားတာလေ။ ပြီးတော့ ငါ့မှာ ကိုရီးယားဝမ်မပါဘူးဟ"
"ဟ မပါဘဲ မနက်တုန်းက စျေးထဲပျားရည်တွေဘယ်လိုဝယ်လာတာလဲ"
"မဝယ်ပါဘူး။ ဒီတိုင်းနှိုက်မြည်းလာတာ"
ဂျယ်ယွန်း နေရာမှာတင် ဂျေးကို ဆောင့်ကန်ချင်တဲ့အကြည့်နဲ့ကြည့်လိုက်တယ်။ သေလိုက်ပါတော့။
"ငါ့မှာလဲ ပိုက်ဆံမပါဘူး။ မင်းနာရီချွတ်ပေးလိုက်"
"သေပါလား။ ငါဝတ်ထားတာ Rolexကြီးကွ။ မင်းနာရီချွတ်ပေးလိုက်"
နှစ်ယောက်သား ကလေးတွေလို တဂျက်ဂျက်ရန်ဖြစ်နေတဲ့ ဂျယ်ယွန်းနဲ့ ဂျေးကိုကြည့်ရင်း ဆောင်းဟွန်းငိုနေရာကနေ ရယ်မိတော့တယ်။
"အာ တော်ကြပါတော့ကွာ။ ငါပေးလိုက်ပါ့မယ်"
"ဂျယ်ယွန်းကလေး ကိုယ့်ကိုပေးတဲ့ပန်းစည်းဖိုးအတွက် ကိုယ်ပိုက်ဆံရှင်းပေးလိုက်ပြီနော်။ အဲတာဆို ကိုယ့်ဘာသာဝယ်လိုက်ရတဲ့သဘောဖြစ်သွားပြီပေါ့။ ချစ်သူဖြစ်တဲ့ ပထမရက်အနေနဲ့ ဂျယ်ယွန်းက ကိုယ့်ကို တခြားဘာမှမပေးတော့ဘူးလား"
"တကိုယ်ကိုယ်နဲ့ စကားကို ဘယ်လိုတွေနာမ်စားသုံးပြီးပြောနေတာလဲ။ တော်ပြီ သွားပြီ။ မလိုက်ခဲ့နဲ့"
ဂျယ်ယွန်းက ဆောင်းဟွန်းလက်ထဲကနေ ရုန်းပြီး လုံးလုံး လုံးလုံးနဲ့ ပြေးထွက်သွားတယ်။ ဆောင်းဟွန်းကတော့ ပြေးသွားတဲ့ဂျယ်ယွန်းကိုကြည့်လိုက်၊ လက်တဖက်က နှင်းဆီဖြူဖြူတွေကိုကြည့်လိုက်နဲ့ ရယ်မောပြီး ကျန်ခဲ့တယ်။
🍂
ဒီလိုတွေဖြစ်သွားမယ်မထင်ဘူးလား။ ရေးတဲ့သူကိုယ်တိုင်လဲ မထင်ပါဘူး😭😭😭