Unicode Version
သုံးထပ်တိုက်တစ်လုံးရဲ့ အပေါ်ဆုံးထပ်က အခန်းတစ်ခန်းရှေ့မှာ ခေါင်းငိုက်စိုက်နဲ့ လူတစ်ယောက်ရပ်နေခဲ့တာ တစ်နာရီလောက်တောင် ရှိတော့မည်ထင်သည်...။ ဘဝမှာတစ်ခါမှတောင်မဖြစ်ဘူးတဲ့ မသေချာမရေရာခြင်းများစွာ...၊ ကိုယ့်ကိုယ်ကိုသံသယဝင်ခြင်း ပေါင်းများစွာနဲ့ဖြစ်ပါသည်...။
အိမ်ကနေထွက်လာခဲ့တုန်းကတော့ ဒီကိုလာခဲ့ရတဲ့အကြောင်းရင်းကို ကျွန်တော်သေချာသိနေပေမယ့် လှေကားထစ်တွေကနေတဆင့်တက်လာခဲ့ပြီး သူမအခန်းရှေ့မှာ ရပ်မိလိုက်တဲ့အချိန်မှာပဲ အဲ့ဒီအကြောင်းပြချက်ကို ကျွန်တော့်ဘာသာမရေရာတော့...။
ပြီးခဲ့တဲ့သုံးလတာကာလအတွင်း သူမရဲ့တိုက်ခန်းရှေ့ကို အကြိမ်ပေါင်းများစွာကျွန်တော်ရောက်ဖြစ်ခဲ့ပေမယ့် တစ်ခါမှတောင်အပေါ်ထိ တက်မလာဖူးဘူးဆိုတဲ့အချက်ကို အခုမှသတိထားမိလိုက်လို့ဖြစ်၏..။
တံခွန်ဖျားဟာ ဘဝမှာပထမဆုံးအဖြစ် ကိုယ့်ဘက်ကစတင်စိတ်ဝင်စားမိတဲ့ မိန်းကလေးကို ကိုယ်နဲ့တွဲဖို့ကမ်းလှမ်းဖြစ်ခဲ့ပြီး တကယ်တမ်းအဲ့ဒီမိန်းကလေးကိုယ့်အနားကို ရောက်လာတဲ့အချိန်ကျတော့ ဘာတွေလုပ်နေခဲ့မှန်းမသိ...။
သူမကအခန်းကိုလာဖို့ မဖိတ်ခေါ်ခဲ့လို့ဆိုရင်တောင် ကိုယ်ကရော လိုက်လည်ချင်ပါတယ်လို့ တစ်ခါမှမပြောခဲ့ရအောင် မွေးကတည်းကဆွံ့အနေခဲ့လို့လားတဲ့..? လေးစားသမှုထားသည်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကိုအဟုတ်ကြီးထင်ထားခဲ့ကာ တစ်ဖက်က တွဲနေတဲ့သူအပေါ်မှာ စိတ်ဝင်စားမှုမရှိလို့ ထင်သွားနိုင်တယ်လို့ မတွေးမိခဲ့ရအောင်အထိ တံခွန်ဖျားဟာကျပ်မပြည့်ဘူးတဲ့လား...။
သောက်သုံးမကျချက်တွေကပြောမကုန်...။
သူမဟိုကိုသွားနေတုန်းက တစ်ပတ်လုံးလုံးစာလေးတစ်စောင်မှ မပို့ခဲ့တုန်းကလည်း ကိုယ့်ဘက်ကနေစပြီး ပို့မကြည့်ရအောင်ကလက်တွေကနူနေခဲ့လို့လားတဲ့...။ မနှောင့်ယှက်ချင်လို့ဆင်ခြေပေးနေရအောင် ဟိုကလည်း စာပို့ရင်အနှောင့်အယှက်ဖြစ်ပါတယ်လို့လဲ တစ်ခါမှပြောဖူးခဲ့တာမဟုတ်...။
အိမ်ကလာကြိုမယ်လို့သူမ,ပြောခဲ့တုန်းကလည်းကျွန်တော်လေဆိပ်မှာလာကြိုမယ်လို့မပြောခဲ့ရတာကရောဘာဖြစ်လို့တဲ့လဲ...? ကျွန်တော်နဲ့ပွဲအတူတူတက်ရအောင်လို့ မပြောခဲ့ရတာကရောတဲ့.?.. လုပ်ဖော်ကိုင်ဖက်အချင်းချင်းပွဲအတူတူတက်တာဘာမှမထူးဆန်းဘူးဆို...?
ဒါနဲ့များတောင် သူမပြန်လာတဲ့အခါ သူမနဲ့ဆက်ဆံရေးကို ဆက်လက်တည်ရှိနေဖို့ တောင်းဆိုမယ်လို့ ကြံစည်ထားခဲ့သည်တဲ့...။ ဘာတွေစားထားလို့ ဒီလောက်ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေသည်မသိ...။
ပြီးတော့လည်း သူမက ဒုဥက္ကဌနဲ့အကြောင်းကို ကြိုကြိုတင်တင် မပြောပြခဲ့သည့်အတွက် သူမဘက်ကရှင်းပြတာကို လိုချင်နေခဲ့သေးသည်တဲ့...။ တကယ်တမ်း သူသာသူမအပေါ်မှာ ဒီထက်အာရုံစိုက်ခဲ့မယ်ဆိုရင် ဒီကိစ္စကို အရင်ကတည်းကတောင် သိနေလောက်သည် မဟုတ်ဘူးလား..?
သူမအသံလေး ကျွန်တော့်ဘဝထဲက တစ်ပတ်လောက် တိတ်ဆိတ်သွားခဲ့တုန်းကတောင် အရမ်းတွေလွမ်းဆွတ်နေခဲ့တဲ့ ကျွန်တော်က သူမမှာ မကြာခင်တရားဝင်ပိုင်ဆိုင်သူရှိလာတော့မယ်ဆိုတာလဲ ကြားလိုက်ရော အသည်းအသန်ဆွဲထားရမည့်အစား ကိုယ်ကပဲနစ်နာသူတစ်ယောက်လို အချိုးမျိုးချိုးခဲ့သည်တဲ့...။ သူမကမေးစရာမရှိဘူးတော့ဘူးလားလို့ သဘောထားကြီးစွာ မေးလာခဲ့ပြီး အခွင့်အရေးပေးခဲ့တုန်းကတောင် သူမရဲ့ ဒုဥက္ကဌအပေါ်သဘောထား ဒါမှမဟုတ် ကိုယ့်အပေါ်မှာထားတဲ့ သဘောထားကိုသာ ပွင့်ပွင့်လင်းလင်းမေးရမယ့်အစား သူမကိုမထီမဲ့မြင်ဆက်ဆံခဲ့သည်တဲ့...။ ယုံချင်စရာတောင်မကောင်း...။
မတန်...။ တံခွန်ဖျားဟာသူမနဲ့နည်းနည်းမှကိုမတန်...။
ဟိုးအရင်က ထားခဲ့ဖူးတဲ့ရည်းစားတွေနဲ့ ပြတ်ရသည့်အကြောင်းရင်းတွေမှာ ကိုယ့်ဘက်က စိတ်ခံစားချက်မရှိတော့လို့ လမ်းခွဲခဲ့တာမျိုးချည်း မဟုတ်နေပဲ သူတို့ဘက်ကနေ စိတ်ကုန်သွားလို့ ဆိုတာတွေလည်း အများကြီးရှိခဲ့ဖူး၏...။ အဲ့ဒီတုန်းက ဘာလို့စိတ်ကုန်ရသလဲလို့ လေကုန်ခံပြီးတောင် မမေးကြည့်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုသာ ကျိန်ဆဲမိသည်..။ အဲ့ဒီတုန်းကသာမေးကြည့်မိခဲ့ရင် ကမ္ဘာ့သောက်သုံးမကျဆုံး ရည်းစားဖြစ်နေမှန်း အဲ့ဒီအချိန်လောက်ကတည်းက သိရှိခဲ့ပြီး အခုအချိန်မှာ ကြိုတင်ပြင်ဆင်ခွင့်လေးဘာလေး ရထားနိုင်လောက်သည်မဟုတ်လား..။
အဲ့လိုသာဆိုခဲ့ရင် အခုချိန်မှာဒီလိုမျိုးလွတ်တော့မယ့် ငါးကြီးနေရသည့်အဖြစ်မျိုးကြုံရလိမ့်မယ်မထင်...။
အဲ့ဒီလိုသာဆိုခဲ့ရင် မိုးတောင်မလင်းသေးတဲ့အချိန်မျိုးမှာ သူမအခန်းရှေ့မှာ သူခိုးလိုလိုသူဝှက်လိုလိုနဲ့ ဘာဆက်လုပ်ရမှန်းမသိတော့သလို လဒမှိုင်မှိုင်ကာ ရပ်နေခဲ့ရမှာမဟုတ်...။
အဲ့ဒီမှာလဲသာသေလိုက်တော့တံခွန်ဖျားရေ...။
အခုချိန်မှာ ဘာမှလုပ်ပေးလို့မရရင်တောင် အနည်းဆုံးတော့ သူမအခန်းတံခါးကို မိုးမလင်းခင်လာခေါက်မနေသင့်ကြောင်း အသိစိတ်နည်းနည်းလောက်တော့မင်းဝင်သင့်နေပြီလို့ငါထင်တာပဲ...။
ကျွန်တော်သက်ပြင်းတစ်ချက်ကိုလေးပင်စွာချလိုက်ပြီး အခန်းရှေ့ကနေပြန်ထွက်လာခဲ့လိုက်တော့သည်..။
"ခွန်..."
လှေကားထစ်အကွေ့တစ်ခုကိုကွေ့လိုက်တဲ့အချိန်မှာပဲ အံ့ဩစရာကောင်းလွန်းစွာ သူမရဲ့ခေါ်သံလေးကို ကြားလိုက်ရ၏...။
ငိုက်စိုက်ကျနေတဲ့ ခေါင်းကိုကျွန်တော်ဆတ်ခနဲမော့လိုက်တော့ လှေကားထစ်ရဲ့အောက်ဆုံးကနေ ဝိုင်းစက်နေတဲ့မျက်ဝန်းတွေနဲ့ ကျွန်တော့်ကို မော့ကြည့်နေတဲ့သူမကို အရုဏ်ဦးအလင်းတန်းတွေထဲမှာ မြင်လိုက်ရတော့သည်...။
********************************************************************************************************************
"ဆောရီးနော်...ရှုပ်ပွနေလို့..."
သူမကလှည့်ပြောလိုက်၏...။
"ရပါတယ်..မပွပါဘူး.."
"ဏီညကအလုပ်လုပ်ရင်း ဒီနားမှာပဲအိပ်ပျော်သွားလို့..."
သူမတိုက်ခန်းကအခန်းဖွဲ့ထားတာမျိုးမပါတဲ့ Hall type အမျိုးအစားဖြစ်ပြီး သိပ်ပြီးတော့မကျယ်လှ..။ သူမ ကျွန်တော့်ကွန်ဒိုကိုလိုက်လည်တုန်းက ကျယ်ဝန်းလှသောအခန်းကို သဘောတကျရှိနေခဲ့တာကြောင့် ကွန်ဒိုမဝယ်ချင်ဘူးလားမေးကြည့်တုန်းက အခုတိုက်ခန်းက သူမတစ်ယောက်စာအတွက် အဆင်ပြေပါသည်ဟု ဆိုခဲ့ဖူး၏...။
တံခါးကနေဝင်ဝင်ချင်းမှာဆိုဖာရှည်တစ်လုံးနဲ့ နံရံကပ်တီဗွီတစ်ခုကိုအရင်တွေ့ရပြီး ဆိုဖာနဲ့တီဗွီကြားမှာတော့ မွှေးပွကော်ဇောလေးခင်းထားပြီး ကော်ဖီစားပွဲအပုလေးတစ်ခုချထား၏...။
စားပွဲပုလေးပေါ်မှာ သူမရဲ့ လက်ပ်တော့ကွန်ပျူတာနဲ့ စာရွက်တစ်ချို့ရှိနေပြီး နောက်ကဆိုဖာပေါ်မှာတော့ ခေါက်တင်ထားတဲ့စောင်လေးတစ်ထည်ရှိနေလေသည်...။
"ဏီကအရမ်းအစောကြီးထတယ်နော်..."
ထရပ်ဆုလေးဝတ်ထားတဲ့သူမက မနက်စောစောထပြီး လေ့ကျင့်ခန်းလုပ်ကာပြန်လာပုံရပါသည်...။
"နေ့တိုင်းတော့မဟုတ်ပါဘူး...ဒီနေ့တော့စောစောနိုးသွားလို့...စောစောထွက်လိုက်တာ..."
"အော်..."
"ခွန်..ခဏထိုင်ဦးနော်..."
"အင်း.."
"ဏီချွေးတွေနဲ့မို့လို့ရေချိုးလိုက်ဦးမယ်..."
ကျွန်တော်ခေါင်းပဲပြန်ညိတ်ပြလိုက်၏..။ သူမအနောက်ဘက်ကိုဝင်သွားတော့မှ ကျွန်တော်အခန်းထဲကို ဝေ့ဝဲကြည့်လိုက်သည်...။ သူမအခန်းကသိပ်မကျယ်ပေမယ့် ပစ္စည်းပစ္စတွေသိပ်မရှိဘဲ ရှင်းလင်းနေတာကြောင့် ပိုကျယ်ဝန်းနေသလိုထင်ရသည်..။ သူမအိပ်ခန်းဖြစ်ပုံရတဲ့ အခန်းတစ်ခန်းဖွဲ့ထားတာပဲရှိပြီးကျန်တာက သူ့နေရာနဲ့ချထားတဲ့ပရိဘောဂအနည်းအကျဉ်းသာရှိသည်...။
အခန်းရဲ့အရှေ့ဘက် ဝရံတာဘက်ခြမ်းမှာ နံရံကပ်စာအုပ်ဗီရိုအကြီးတစ်ခုခုရှိနေတာတွေ့ရတာကြောင့် ကျွန်တော်အဲ့ဒီနားကိုလျှောက်သွားလိုက်၏..။ ကျွန်တော်အနည်းငယ်လျှောက်ဖွကြည့်လိုက်တော့ စာအုပ်တွေကအမျိုးအစားအစုံပဲဖြစ်ပြီး မြန်မာလိုစာအုပ်တွေထဲမှာဆိုရင်တော့ မှန်နန်းရာဇဝင်တော်ကြီးမှသည် ပုတက်ကာတွန်းအထိကို စုံစေ့အောင်တွေ့ရလေသည်..။
အဲ့ဒီဘေးမှာ စားပွဲတင်ကွန်ပျူတာတင်ထားတဲ့စားပွဲနဲ့ ဆုံလည်ကုလားထိုင်တစ်လုံးရှိကာ အဲ့ဒီနောက်ကနံရံပေါ်မှာတော့ ပြဒါးပါတဲ့မှန်တစ်ချပ်ကို နံရံတစ်ကန့်လုံးပြည့်အောင် ကပ်ထား၏...။
မှန်ထဲမှာတော့ တွန့်ကျေနေတဲ့အဝတ်အစား...၊ ခေါင်းစုတ်ဖွားနဲ့ အိပ်ရေးမဝလို့နီရဲနေတဲ့မျက်လုံးတွေရယ် ညိုမဲဖောင်းတင်းနေတဲ့ မျက်အိတ်တွေရယ်ပေါင်းစပ်ကာ စုတ်ပြတ်သတ်နေတဲ့ရုပ်သွင်နဲ့ ကောင်တစ်ကောင်က ကျွန်တော့်ကိုခပ်မဲ့မဲ့ ပြန်ကြည့်နေလေသည်...။
ကျွန်တော်အဲ့ဒီအစုတ်အပြတ်ကောင်ကို ဆက်ကြည့်ချင်စိတ်မရှိတော့တာကြောင့် အကြည့်လွှဲလိုက်ပြီး ဆိုဖာနားပြန်လာကာ ထိုင်ချလိုက်သည်..။
ဘာမှလည်းလုပ်စရာမရှိတာနဲ့ ဘေးနားမှာခေါက်ပြီးချထားတဲ့စောင်ကို ကျွန်တော်တစ်ချက် စောင်းငဲ့ကြည့်လိုက်၏..။ သူမခြုံအိပ်ထားတဲ့စောင်ဆိုတဲ့အသိက ကျွန်တော့်ရင်တွင်းတစ်နေရာကို တလှပ်လှပ်ဖြစ်လာစေခဲ့ပြီး လက်တွေကအလိုအလျောက်ပဲ စောင်ကိုဆွဲယူကာ ရင်ခွင်ထဲပိုက်ထားရင်း မျက်နှာကို စောင်ထဲမှာ မြှုပ်ထားမိရ၏...။
စောင်ရဲ့နူးညံ့တဲ့အထိအတွေ့ရယ် အဲ့ဒီစောင်ကနေခံစားမိနေတဲ့ သူမရဲ့ ကိုယ်သင်းနံ့သင်းသင်းရယ်ကြောင့် သုံးရက်လောက်အိပ်ကောင်းခြင်းမအိပ်ခဲ့ရတဲ့ မျက်လုံးတွေက သဘာဝတကျပဲ မှေးစင်းကျလာခဲ့တော့သည်...။
****************************************************************************************************************
ကျွန်တော်မျက်လုံးတွေကို ပြန်ဖွင့်ကြည့်လိုက်တာနဲ့ပထမဦးဆုံးမြင်လိုက်ရတာက မျက်သားဖြူဖြူနဲ့ စူးတောက်တောက် မျက်လုံးဝိုင်းဝိုင်းလေးတွေပဲဖြစ်သည်...။ သူမက တီဗွီကိုကျောပေးအနေအထားဖြင့် ဆိုဖာရှေ့က ကော်ဖီစားပွဲပုလေးပေါ်မှာ မေးထောက်ရင်း ကျွန်တော့်ကိုကြည့်နေပြီး ကျွန်တော်နိုးလာတာမြင်လိုက်တာနဲ့ ချစ်စရာကောင်းစွာပြုံးပြလိုက်၏...။
"အာ..ကျွန်တော်အိပ်ပျော်သွားတယ်ထင်တယ်.."
"အွန်း..."
အပြင်ကိုလှမ်းကြည့်လိုက်တော့ နေရောင်ကအတော်တောင်စူးနေပြီဖြစ်သည်..။
"ဘယ်နှစ်နာရီတောင်ထိုးသွားပြီလဲ...?"
"၁နာရီ..."
"ဘာ.."
"အင်း..နေ့လည်၁နာရီထိုးပြီ.."
"ဘယ်လို..ရုံးသွားဖို့.."
"ဏီဖုန်းဆက်ထားတယ်.."
"အင်..."
"ဏီတို့နှစ်ယောက် အပြင်မှာကိစ္စရှိလို့နေ့လည်လောက်မှရောက်မယ်လို့..."
"အာ...ဆောရီးပါ..ဏီ..ကျွန်တော်ကြောင့်.."
"No Worries..."
သူမကပြုံးပြီးခေါင်းခါလိုက်သည်...။
"ခွန်မျက်နှာသွားသစ်လိုက်လေ..."
"အင်း..."
ကျွန်တော်အခန်းအနောက်ဘက်ထွက်လာတော့ သူမကပါလိုက်လာလေသည်..။
"ရေချိုးခန်းထဲကဗီရိုလေးထဲမှာ သွားတိုက်တံနဲ့ မျက်နှာသုတ်အပိုတွေရှိတယ်.."
"အိုကေ.."
"အော်..ခွန်.."
ကျွန်တော်ရေချိုးခန်းထဲခြေတစ်လှမ်းဝင်လိုက်တော့မယ့်ဆဲဆဲမှာသူမကခေါ်လိုက်၏...။
"အင်...?"
"ဘာစားမလဲ..ဏီဘာမှာပေးရမလဲ..."
"ဏီစားချင်တာပဲမှာလေ..."
"ဏီကစားပြီးသွားပြီ...ခွန့်အတွက်မမှာထားတာကကြာရင်မကောင်းတော့မှာစိုးလို့..."
"အော်..."
ကျွန်တော်ခဏစဉ်းစားလိုက်ပြီးမှ..
"ဏီ လုပ်ကျွေးတာတစ်ခုခုစားချင်တယ်.."
သူမက ကလေးလေးတစ်ယောက်လိုပြုံးလိုက်ပြီးမှခေါင်းညိတ်လိုက်သည်...။
"အိုကေလေ.."
ကျွန်တော်သူမကိုပြန်ပြုံးပြလိုက်ပြီး ရေချိုးခန်းထဲဝင်လာလိုက်ခဲ့၏...။ ရေချိုးခန်းကသိပ်အကျယ်ကြီး မဟုတ်ပေမယ့် သန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ်တော့ရှိသည်..။ ဗီရိုလေးကိုဆွဲဖွင့်ရင်း သူမပြောတဲ့သွားတိုက်တံ အသစ်တစ်ချောင်းကို ရှာဖွေကာလှမ်းယူလိုက်၏...။ အမ်...ဒါက..ဘာလဲ...။ အဲ့ဒီခြင်းကြားလေးထဲက သွားတိုက်တံအသစ်တွေကြားထဲမှာ ယောကျ်ားသုံးမုတ်ဆိတ်ရိတ်ဓါးတစ်ချောင်းက အခန့်သားရောက်နေ လေသည်...။
ရေချိုးခန်းတံခါးကိုဝုန်းခနဲဆွဲဖွင့်ပြီး ထွက်လာတဲ့ကျွန်တော့်ကိုမီးဖိုထဲမှာ အလုပ်များနေပုံရတဲ့သူမက အလန့်တကြားလှည့်ကြည့်လိုက်၏...။
"ခွန်..ဘာလိုလို့လဲ...?"
"မုတ်ဆိတ်ရိတ်ဓါးက..."
"အော်...အဲ့ဒါကအသစ်တော့မရှိဘူးခွန်ရဲ့..အဲ့ထဲမှာပါးပါးဟာတော့ရှိတယ်...သုံးမယ်ဆိုရင်ပြောတာ...၊ ခေါင်းအပိုတွေလည်းအဲ့ထဲမှာပဲ...ဟိုတစ်ခါလာနေတုန်းကကျန်ခဲ့တာ..."
"အော်..."
ဟုတ်သားပဲ...။ ကြောင်နေတာလား...ချောင်နေတာလားကွာ...။
"အင်း...ခွန်ရေချိုးချင်လည်းရတယ်နော်...အဝတ်လဲချင်ရင်တော့ ပါးပါးဟာတွေရှိတယ်...တော်လောက်မှာပါ..."
"အော်..ဟုတ်...ရတယ်လေ..လဲလိုက်မယ်..."
"အိုကေ..ခဏစောင့်..အဲ့ဒါဆို.."
သူမကမီးဖိုပေါ်အိုးတစ်လုံးတင်ခဲ့ပြီး အရှေ့ကိုထွက်သွား၏...။
"ရော့...ဒီမှာ"
"ကျေးဇူး.."
ကျွန်တော်ရေချိုးခန်းထဲကိုတတိယအကြိမ်မြောက်ပြန်ဝင်လာခဲ့သည်...။
*********************************************************************************************************************
"စားကောင်းလား..."
"အင်း...အရမ်းစားကောင်းတယ်..."
အသင့်စားခေါက်ဆွဲပြုတ်တစ်ပန်းကန်ဟာဒီလောက်အရသာရှိလိမ့်မယ်လို့ဘဝမှာတစ်ခါမှတောင်မတွေးဖူးခဲ့...။
သူမကရယ်လိုက်သည်....။
"အိမ်မှာကအဲ့ဒါပဲရှိလို့ရယ်...၊ ဏီကဘာမှမချက်စားဘူး..."
"ဘာမှမဖြစ်ဘူး..ကျွန်တော်ခေါက်ဆွဲပြုတ်ကြိုက်တယ်..."
"ဟုတ်ပါပြီ.."
ကျွန်တော်စားပြီးသားပန်းကန်ကို ကောက်ယူပြီး သူမကမီးဖိုခန်းဘက်သွားဖို့လုပ်လိုက်၏..။ ကျွန်တော်ပါထလိုက်ရင်း သူမနောက်လိုက်ဖို့လုပ်တော့ သူမကတားလိုက်လေသည်...။
"ခွန်နေခဲ့လေ..."
"ကျွန်တော်ဆေးမယ်လေ..."
"မလိုပါဘူး...ပါစတာနဲ့ခေါက်ဆွဲပြုတ်ဆိုတော့..ပန်းကန်ပါဆေးမှမျှတမှာပေါ့...ဟားဟား.."
သူမစကားကြောင့်ကျွန်တော်ရယ်မိကာနေရာမှာပဲထိုင်ကျန်ရစ်ခဲ့လိုက်သည်..။
ကဲ..အခု အနေအထားက ဘာတဲ့လဲ...? မနက်ဖြန်ဆိုရင် ကမ္ဘာပျက်ကပ်စတော့မှာမို့ ဒီနေ့တစ်နေ့တာကို အပျော်ရွှင်ဆုံးကုန်ဆုံးပစ်နေတာလား....။ ဟိုနာမည်ကြီး နိုင်ငံခြားဇာတ်လမ်းတွဲထဲကလို အရုဏ်တက်မှာ ရောက်လာတော့မဲ့ လူသေစစ်တပ်ကြီးနဲ့ တိုက်ပွဲကိုစောင့်စားရင်း အဲ့ဒီမတိုင်ခင်ညလေးကို အကောင်းဆုံးဖြတ်သန်းနေကြတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ဝင်ခန်းတွေလိုမျိုးလား...။
အခုကျွန်တော်ဘာဆက်လုပ်ရမှာလဲ..? မိုးမလင်းသေးခင် ဒီကိုအပြေးလာခဲ့ရတဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရမှာလား..? ဒါမှမဟုတ် ဒီတိုင်းရူးချင်ယောင်ဆောင်ပြီး ပြန်သွားလိုက်ရမလား..။
သူမကအခုထိတော့ ကျွန်တော်ဘာလာလုပ်တာလဲလို့မမေးသေး...။ မသိချင်လို့များ တမင်သက်သက်မမေးတာများလား...?
သူမပြန်ရောက်လာတော့ကျွန်တော်ထိုင်ရာကနေမော့ကြည့်လိုက်ရင်း...
"ဏီ..အခုရုံးသွားတော့မှာလား..."
"..."
သူမကဘာမှပြန်မဖြေဘဲ ကျွန်တော့်ကိုသေချာပြန်ကြည့်နေသည်..။ နုတ်ခမ်းမှာ အပြုံးယောင်ယောင်လေးတော့ရှိ၏..။
"အမ်း..ခေါက်ဆွဲပြုတ်အတွက်ကျေးဇူးပါ..."
"...."
သူမခေါင်းလေးအနည်းငယ်စောင်းသွားတာကျွန်တော်တွေ့လိုက်ရသည်..။
ကျွန်တော့်ကိုတည့်တည့်စိုက်ကြည့်နေတဲ့ သူမအကြည့်တွေကိုရှောင်ကာ ကျွန်တော်ကိုယ့်လက်တွေကိုယ် ငုံ့ကြည့်လိုက်သည်..။
"ခွန်.."
သူမခေါ်သံကြောင့် ကျွန်တော်မော့ကြည့်လိုက်တော့ သူမမျက်နှာမှာ ထူးခြားမှုတစ်စုံတစ်ရာရှိနေတာတွေ့လိုက်ရ၏..။ အပြုံး..။ သူမရဲ့မျက်နှာမှာဘယ်တော့မဆိုတွေ့မြင်ရတဲ့အပြုံး..။ သူမနုတ်ခမ်းဖျားတွေမှာ အဲ့ဒီအရာကလုံးဝမရှိ...။ သူမလုံးဝပြုံးမနေခဲ့..။
"ခွန်ဒီကိုတရေးအိပ်ပြီးခေါက်ဆွဲပြုတ်လာစားတာတော့မဟုတ်ဘူးမလား..."
သူမလေသံကလည်းအရင်တုန်းကလေသံနဲ့မတူ...။
"ကျွန်တော်...."
"တူ..တူ..တူ.."
ကျွန်တော့်စကားကိုသူမဖုန်းရဲ့တုန်ခါသံကကြားဖြတ်သွားခဲ့သည်..။ ဖုန်းစကရင်ကိုလှမ်းကြည့်မိတော့ Vice President ဟူသောနာမည်ကိုတွေ့လိုက်ရလျှင် ကျွန်တော်ကိုယ့်ထဲမှာ အပြောင်းအလဲတွေဖြစ်သွားတာ ကျွန်တော်သတိထားမိသွားရသည်....။
မနက်ဖြန်ကျရင် ကမ္ဘာပျက်ကပ်လည်းမဟုတ်သေးသလို လူသေစစ်တပ်ကလည်း အပြင်မှာ ဘယ်တော့မှရောက်လာမှာမဟုတ်..။ အဲ့ဒီတော့မင်းဘာလုပ်မှာလဲ..တံခွန်ဖျား...။
ကျွန်တော်ဖုန်းကို သူမထက်အရင်ဦးအောင်ကောက်ကိုင်လိုက်ရင်း အနီရောင်အလုံးလေးကို လက်နဲ့ဖိချပစ်လိုက်သည်..။
"ခွန်..."
"ဏီ.."
ကျွန်တော်သူမကိုခါးကနေသိမ်းဖက်ကာ ကျွန်တော့်နားနီးလာအောင်ဆွဲယူလိုက်ပြီး သူမမျက်လုံးတွေထဲ စေ့စေ့ကြည့်ရင်း ပြောလိုက်တော့၏..။
"ဏီ..ကျွန်တော်ဒီကိုလာတာ..ဏီ့ကိုကျွန်တော်မေးချင်ခဲ့ပြီး အခုထိမမေးရသေးတဲ့မေးခွန်းတွေမေးဖို့လာတာပါ...၊ အဲ့ဒီမေးခွန်းတွေမမေးလိုက်ရမှာ ကျွန်တော်အရမ်းကြောက်မိခဲ့လို့ ဘာမှကိုမစဉ်းစားနိုင်တော့ဘဲ ကျွန်တော်အပြေးလာခဲ့မိတာ...၊ ဒါပေမယ့် အခုကျွန်တော်အဲ့ဒါတွေမမေးတော့ဘူး...၊ အဲ့ဒါတွေသိဖို့က ကျွန်တော့်အတွက်ဘာမှအရေးမကြီးတော့ဘူး...၊ ဏီ့မှာစေ့စပ်မဲ့သူရှိမရှိဆိုတာလည်းအရေးမကြီးဘူး...၊ ဏီအဲ့လူပေါ်မှာဘယ်လိုသဘောထားသလဲဆိုတာလည်းကျွန်တော်စိတ်မဝင်စားတော့ဘူး...၊ ယုတ်စွအဆုံးပြောရရင် ဏီကျွန်တော့်အပေါ်မှာဘယ်လိုသဘောထားလဲဆိုတာတောင်မှ အခုအချိန်မှာ ကျွန်တော်မသိချင်ဘူး..."
"...."
သူမမျက်လုံးလေးတွေထဲမှာအံ့ဩရိပ်ကလေးတွေလွှမ်းနေခဲ့၏...။
"အဲ့ဒီအစားကျွန်တော်အခုလုပ်ချင်တာက ဏီ့ကိုတောင်းဆိုချင်တာပါ...၊ ကျေးဇူးပြုပြီး ကျွန်တော်နဲ့ဆက်ရှိနေပေးပါဏီ..."
"..."
သူမမျက်လုံးလေးတွေနီရဲစွတ်စိုလာခဲ့၏...။
"ကျွန်တော်ဏီ့ကိုချစ်တယ်..."
"...."
ကျွန်တော်လက်ထဲကသူမကိုယ်လေးတောင့်တင်းသွားတာကိုကျွန်တော်ခံစားမိလိုက်၏..။
"ကျွန်တော်သိပါတယ်..ကျွန်တော်ကချစ်သူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ..၊ ဒါပေမယ့် အခုချိန်ကစပြီး ကျွန်တော်အစွမ်းကုန်ကြိုးစားပါ့မယ်...၊ ဏီ့ကိုဒီထက်ပိုပြီးဂရုစိုက်ပါ့မယ်...၊ ဏီကျွန်တော့်ကိုမချစ်ဘူးဆိုလည်းရပါတယ်...၊ ကျွန်တော်ဏီချစ်လာတဲ့အထိစောင့်မယ်...၊ တစ်သက်လုံးမချစ်လာဘူးဆိုရင်တောင် ကျွန်တော်လက်ခံနိုင်အောင်လုပ်ပါ့မယ်...၊ အဲ့ဒါကြောင့် ဟိုလူကြီးဆီမသွားပါနဲ့...၊ အဲ့ဒီလူနဲ့ ဏီနဲ့ ချစ်သူတွေဖြစ်နေရင်တောင် အဲ့လူကြီးနဲ့လမ်းခွဲပြီး ကျွန်တော့်နားကိုပဲလာပေးပါ..ဏီ..."
"...."
"ဏီကျွန်တော့်ကို တစ်ခုခုပြန်..."
ကျွန်တော့်စကားတို့ကအဆုံးသတ်ထိမရောက်လိုက်..။
သူမနုတ်ခမ်းတွေက ကျွန်တော့်နုတ်ခမ်းတွေပေါ် အရှိန်ပြင်းစွာကျရောက်လာခဲ့ပြီး သူမမျက်ရည်တွေက ကျွန်တော့်ပါးပြင်ပေါ်မှာ စွတ်စိုပေလူးကုန်ကြကာ ကျွန်တော်မျက်ရည်တွေနဲ့ ရောယှက်စီးဆင်းသွားခဲ့ရတော့သည်...။
*********************************************************************************************************************