Poliana က မျက်မှောင်ကြုံ့နေတာကြောင့် သူမနဖူးပေါ်က အရေးအကြောင်းတွေက သူမကို ပိုပြီး အိုစာနေတဲ့ပုံ ပေါက်နေစေသည်. မနေ့ညက သူမက အာရုံတက်ခါနီးသည်အထိ အိပ်မပျော်ခဲ့ပေ. မနက်ခင်းစောစော အိပ်ယာထတာက သူမရဲ့အကျင့်ဖြစ်တာကြောင့် Poliana က အိပ်ချိန်အများကြီး မရလိုက်ပဲ နိုးလာခဲ့သည်. သူမ အိပ်ရေးမဝတိုင်း သူမခံစားချက်တွေက ကြောက်မက်ဖွယ်ရာကောင်းနေသည်.
'ငါ အရမ်းပင်ပန်းနေတယ်'
သူမက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေသည်. သူမအသက်တွေကြီးလာပြီလို့ Poliana ခံစားမိလိုက်သည်. အသက်အရွယ်ကြီးလာတယ်ဆိုတာ ပျော်စရာကောင်းတဲ့ ကိစ္စမဟုတ်ပေ. မနက်စာအမြန်စားပြီးတော့ Poliana က စိတ်နဲ့လူနဲ့ မကပ်သလိုမျိုး ထိုင်နေသည်. သူမဦးနှောက်က ကောင်းကောင်းအလုပ်မလုပ်သေးပေ.
အိမ်တော်ထိန်းက မေးလိုက်သည်.
"ဒီနေ့ ရဲတိုက်မသွားဘူးလား သခင်မ?"
"အမ်... ဘာလို့ မေးတာလဲ?"
"ပန်းတွေကို လက်ဆောင်ရထားတာဆိုတော့ အရှင့်ကိုလဲ လက်ဆောင်ပြန်ပေးဖို့ လိုတယ်လေ"
"အို.. ဟုတ်သားပဲ.. ပန်းတွေ..."
Marquess ရဲ့ အိမ်တော်ထဲမှာ လှပတဲ့ ပန်းတွေနဲ့ အလှဆင်ထားသည်. Poliana က နားလည်ဟန်နဲ့ ခေါင်းငြိမ့်လိုက်သည်. Lucius က မထင်မှတ်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းတဲ့ လက်ဆောင်တွေကို လူသိရှင်ကြားပေးခဲ့တာဖြစ်သည်. တကယ်လို့ ဒါက ပန်းပွင့်တစ်ပွင့်တည်း ဒါမှမဟုတ် ပန်းစည်းတစ်စည်းလောက်သာဆိုရင်တော့ Poliana က ဒီအတိုင်း ကျေးဇူးတင်စကား ပြောလိုက်ရုံသာဖြစ်ပေမဲ့. အခုကတော့ မြို့ထဲကလူတွေ အကုန်လုံးမြင်တွေ့လိုက်ရတဲ့ လှည်းကြီးတစ်စီးလုံးအပြည့်နဲ့ ပန်းတွေကို လက်ခံရရှိခဲ့တာဖြစ်တာကြောင့် ရိုးရိုးတန်းတန်း ကျေးဇူးတင်ရုံလောက်နဲ့ မရတော့ပေ.
"ဧကရာဇ်အတွက် လက်ဆောင်က... ပန်းတွေအတွက် ဘာပြန်ပေးရမလဲမသိဘူး.. ငါ သူ့ကို ဘာပေးရင်ကောင်းမလဲ?"
"လက်ကိုင်ပုဝါကတော့ စိတ်အချရဆုံးနဲ့လူတွေအများဆုံးရွေးတတ်ကြတဲ့ ရွေးချယ်မှုပါပဲ"
Poliana က မကျေမချမ်းငြီးငြူလိုက်ကာ သူမလက်မောင်းတွေကို ပိုက်လိုက်သည်. သူမကိုယ်ဝန်ဆောင်နေတုန်းကတော့ ဝမ်းဆွဲသည်နဲ့ သမားတော်တို့က လက်ကိုင်ပုဝါချည်ထိုးတာက ကလေးအတွက် ကောင်းတယ်လို့ ပြောတာကြောင့် သူမက လက်ကိုင်ပုဝါတွေအများကြီး ထိုးခဲ့ဖူးသည်. ကံမကောင်းစွာနဲ့ သူမက ဒီလက်ကိုင်ပုဝါတွေအားလုံးကို Sitrin မှာ ထားရစ်ခဲ့သည်. သူမက မလိုအပ်ဘူးထင်တာကြောင့် Yapa ကို မယူလာခဲ့တာလေ? သူမက ဒါတွေကို လိုအပ်လာလိမ့်မယ်လို့ ဘယ်သူသိမှာလဲ?
သူမက အခုချက်ချင်း နောက်ထပ်တစ်ထည် ထိုးလိုက်သင့်လား?.. လုံးဝပဲ!
"အခုမှတော့ ချည်မထိုးနိုင်တော့ဘူး. အရင်တုန်းက ငါ အရှင့်ကို သားရေလက်အိတ်တစ်စုံပေးဖူးသေးတယ်. ပြီးတော့ အရှင်က အဲ့တာကို ဝတ်တာလဲ တစ်ခါမှ မမြင်မိဘူး"
Poliana က အများကြီး ထပ်မရှင်းပြတာကြောင့် သူမရဲ့ချည်ထိုးမှု ညံ့ဖျင်းတာကြောင့် ဧကရာဇ်က သဘောမကျဘူးလို့ အိမ်တော်ထိန်းက ယုံကြည်လိုက်သည်. အမှန်ကတော့ ဒီလိုမဟုတ်ပေ. Lucius က ဒီလက်အိတ်တွေကို မဝတ်ရတဲ့အကြောင်းအရင်းက ဒီလက်အိတ်တွေက မိချောင်းသားရေနဲ့ ချုပ်ထားလို့ဖြစ်သည်.
သူမက လက်ဆောင်မရွေးရမချင်း ရဲတိုက်ကို မသွားသင့်ဘူးလို့ ခေါင်းမာနေပေမဲ့ အိမ်တော်ထိန်းက အခိုင်အမာပြောလိုက်သည်.
"သခင်မ ဒီနေ့ သွားကိုသွားရမယ်. ပထမဆုံးလုပ်ရမှာက အရှင့်ကို ကျေးဇူးတင်စကားပြောဖို့ပဲ. လက်ဆောင်က နောက်မှ ပေးလို့ရတယ်"
အိမ်တော်ထိန်းက Poliana ဘက်မဟုတ်ပဲ ဧကရာဇ်ဘက်ကလူဖြစ်မှန်း သိသာနေပေမဲ့ သူမအိမ်တော်ထိန်းပြောတာ မှန်တယ်ဆိုတာကိုတော့ ဝန်ခံရလိမ့်မည်. ဧကရာဇ်က ဘယ်အမျိုးသမီးမဆို ကျေနပ်သဘောကျလောက်တဲ့ အရမ်းအံ့အားသင့်စရာကောင်းတဲ့ လက်ဆောင်ကို ပေးခဲ့တာဖြစ်သည်. သူမကိုယ်တိုင်ကိုယ်ကျသွားကာ ကျေးဇူးတင်စကားပြောတာက ဖြစ်သင့်သည်.
"ဒါပေမဲ့ ငါလက်ဆောင်အရင်ရွေးပြီးမှ ကျေးဇူးတင်တာ ပိုမကောင်းဘူးလား?"
"အရှင့်အတွက်တော့ သခင်မ ကိုယ်တိုင်သွားတာက သူမျှော်လင့်နေတဲ့ အကြီးမားဆုံးလက်ဆောင်ဖြစ်မှာပါ သခင်မ"
"..."
သူမအိမ်တော်ထိန်းက ဒီလိုမျိုး ရယ်စရာကောင်းတဲ့ ကဗျာဆန်တဲ့စကားမျိုး ပြောတတ်လိမ့်မယ်လို့ Poliana ထင်မထားခဲ့ပေ. သူ့မှတ်ချက်က သူမကို ရှက်မိစေသလိုဖြစ်သွားတာကြောင့် သူမက သူမအခန်းထဲ အမြန်ပြေးဝင်သွားသည်. အသက်အရွယ်ကြီးရင့်နေတဲ့ အမျိုးသားတစ်ယောက်ဖြစ်တဲ့ အိမ်တော်ထိန်းကတော့ မျက်နှာထားတည်တည်နဲ့ ဆက်ရှိနေသည်. သူ့မှတ်ချက်ကြောင့် Poliana က စိတ်အနှောင့်အယှက်ဖြစ်သွားတာကို သူက နားမလည်နိုင်ဖြစ်နေသည်.
****Poliana က မျက်နှာတည်တည်နဲ့ Lucius ကို ကြည့်လိုက်သည်. လက်ဆောင်အတွက် ကျေးဇူးတင်စကားမပြောခင်မှာ Poliana က ပိုပြီးအရေးကြီးတာကို ပြောဖို့လိုနေသည်.
"အရှင်.. မနေ့က ကျွန်မ စကားပြောတာ မှားသွားတယ်.. အဲ့အတွက် ကျွန်မ တောင်းပန်ချင်ပါတယ်"
မနေ့က ဖန်လုံအိမ်ထဲမှာ သူမက သူ့ရဲ့အချစ်ကို ထပ်ပြီးတော့ သံသယဝင်ခဲ့သည်. သူမအပေါ်ရှိနေတဲ့ သူ့ခံစားချက်တွေက အချစ် မဟုတ်ပဲ လိုချင်တပ်မက်မှုလို့ သူမထင်ခဲ့သည်. သူမက ဒီမေးခွန်းကို မေးပြီးပြီးချင်းမှာတင် ချက်ချင်းနောင်တရလိုက်သည်. ဧကရာဇ်အပေါ်ကို ကျူးလွန်ခဲ့တာက ခွင့်လွှတ်နိုင်စရာအကြောင်းမရှိတာကို သူမ သိနေပေမဲ့ သူမကို စိတ်ဆိုးကာ အပြစ်ပေးရမဲ့အစား Lucius က သူမကို လှည်းကြီးတစ်စီးနဲ့အပြည့် ပန်းတွေ ပေးခဲ့သည်. သူက သူ့ဖန်လုံအိမ်ထဲမှာရှိတဲ့ ပန်းတွေအားလုံး ပေးခဲ့တာဖြစ်သည်. သူက သူ့အချစ်နဲ့ သူမကို ခွင့်လွှတ်တယ်ဆိုတဲ့အကြောင်း ပြသဖို့ ပန်းတွေပေးခဲ့တာဖြစ်ကြောင်းကို Poliana သိလိုက်သည်. Poliana က ကြမ်းပြင်မှာ ဒူးထောက်နေပြီး ခေါင်းငုံ့ထားကာ ဧကရာဇ်က သူမကို အပြစ်ပေးမှာကို စောင့်နေသည်.
"ငါ မပြောတော့ဘူး နေမလို့ပဲ.. ဒါပေမဲ့...."
Lucius က သူမခေါင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်. သူက ဆက်ပြောလိုက်သည်.
"မင်းကလေ ဒူးထောက်တဲ့နေရာမှာတော့ Inno နဲ့ တော်တော်လေးတူတာပဲ. မင်းလဲ သူ့လိုပဲ တစ်ချိန်လုံးဒူးပဲထောက်နေတာ"
"မဟုတ်တာ! အဲ့လိုမဟုတ်ဘူး အရှင်!"
"ဟုတ်တယ်. အဲ့လိုပဲ.. မင်းက ဒူးထောက်ဖို့ တော်တော်လေး လွယ်တာပဲ.. မင်းက အလွယ်တကူ ဒူးထောက်နေတာပဲလေ"
"ကျွန်မက လွယ်လွယ်နဲ့ ဒူးမထောက်ပါဘူး!"
သူမက ပျော့ညံ့တဲ့ မိန်းမတစ်ယောက်မဟုတ်ပေ! Poliana က ဒေါသတကြီးငြင်းဆန်လိုက်သည်. သူမ ဒူးထောက်တဲ့သူဆိုလို့ ဧကရာဇ်တစ်ပါးတည်းသာရှိတာကို သူက ဘယ်လိုလုပ်ပြီး သူမကို ဒူးထောက်လွယ်တဲ့သူလို့ ပြောနိုင်ရတာလဲ? Poliana က အလျင်အမြန်မတ်တပ်ထရပ်လိုက်တာကြောင့် Lucius က ပြုံးသွားသည်. Poliana ရဲ့ စိတ်ကို ဆွပေးဖို့ အကောင်းဆုံးနည်းလမ်းက သူမ သဘောမကျတာကို ပြောလိုက်ဖို့ပဲဖြစ်သည်.
"Sir Pol, ငါ အခု စဉ်းစားကြည့်လိုက်တော့မှပဲ.. မင်းနဲ့ Inno က တော်တော်လေးဆင်တယ်လို့ ထင်မိတယ်"
"ဘယ်လို?! ကျွန်မက အဲ့ခွေးကောင်နဲ့ တူတယ်လို့ အရှင်က ဘာလို့ထင်ရတာလဲ?"
"စဉ်းစားကြည့်လေ.. အရင်တုန်းက မင်းတို့နှစ်ယောက်လုံးက ငါ့ရဲ့ ဂရုစိုက်မှုကို ရဖို့ ရန်ဖြစ်ကြတာလေ.. အခုတော့ မင်းတို့နှစ်ယောက်လုံးက ငါ့ကို စွန့်ပစ်ထားကြတယ်... မင်းတို့နှစ်ယောက်လုံးက ငါ့ကို မလိုအပ်တော့ဘူး မလိုချင်တော့ဘူးလို့ ငါထင်တာပဲ...... မင်းက ငါ့ကို လိုချင်စရာမရှိတဲ့ ဖိနပ်စုတ်တစ်ခုလို့ ဆက်ဆံနေတာလေ..."
အခု.. သူ ထုတ်ပြောလိုက်တော့ Lucius က တကယ်ကြီး ဝမ်းနည်းလာသလို ဖြစ်လာသည်. သူက တစ်ဖက်ကို မလှည့်သွားခင်မှာ Poliana ကို အထီးကျန်ဆန်တဲ့ အပြုံးတစ်ခု ပေးလိုက်သည်. Poliana က သူနဲ့အတူ အချိန်တွေ ကုန်ဆုံးမဝဖြစ်ခဲ့တဲ့အချိန်တွေကို အမှတ်ရလိုက်သည်.
အို...
ဘယ်လောက်တောင် ပျော်စရာကောင်းခဲ့တဲ့ အချိန်တွေလဲ....
"အရင်တုန်းက.. မင်းနဲ့ Inno က ငါအာရုံစိုက်တာနဲ့ ငါ့ဆီက ဂရုစိုက်တာခံရဖို့ ရန်ဖြစ်ခဲ့ကြတာလေ... အခုကျ Inno က လက်ထပ်သွားပြီးတော့ ငါ့ကိုတောင် သတိမပြုမိသလောက်ပဲ.. ပြီးတော့ မင်း... Sir Pol... မင်းကတော့ ငါ့ခံစားချက်တွေက အစစ်အမှန်မဟုတ်ဘူးလို့ ထင်နေတယ်..."
ဒီအကြောင်းကို သူစဉ်းစားလေ. ပိုပြီးတော့ ဝမ်းနည်းလေဖြစ်လာသည်. Lucius ရဲ့ မျက်ဝန်းတွေက အနည်းငယ်စိုစွတ်လာတော့. Poliana က အထိတ်တလန့်ဖြစ်သွားသည်. သူမက ထပ်ပြီးတော့ ဒူးထောက်ကာ တောင်းပန်လိုက်သည်.
"ကျွန်မ တောင်းပန်ပါတယ် အရှင်! ကျွန်မကို အပြစ်ပေးလိုက်ပါ!"
"ငါ နောက်နေတာပါ"
"... ဒါက လုံးဝရယ်စရာမကောင်းဘူး အရှင်"
"ငါ့အတွက်တော့ ရယ်စရာကောင်းတယ်လေ.. အရင်တုန်းကလိုမျိုး မင်းကို နောက်ရတာ ပျော်စရာကောင်းတယ်"
ဧကရာဇ်က အသက်ဘယ်လောက်ပဲ ကြီးကြီး သူ့ဟာသဉာဏ်က ဘယ်တော့မှ ကောင်းလာမဲ့ပုံမရပေ.. Lucius က Poliana ပခုံးကို ကိုင်ကာ သူမကို မတ်တပ်ရပ်ဖို့ ကူညီလိုက်သည်.
"မတ်တပ်ရပ်ပါ Sir Pol. ငါက မင်းအပေါ်မှာ အမှားတွေ အများကြီး လုပ်ခဲ့တာလေ. ပြီးတော့ ဒါက မင်းရဲ့ပထမဆုံးအမှားဆိုတော့ တောင်းပန်စရာမလိုပါဘူး"
"အရှင်... အရှင်က ကျွန်မရဲ့ အရှင်သခင်လေ.. ပြီးတော့ ကျွန်မက အရှင့်ရဲ့ အခိုင်းစေပါ.. ဘာတွေပဲဖြစ်လာဖြစ်လာ.. အရှင်က ကျွန်မကို ပိုးပန်းနေတယ်ဆိုဦးတော့.. ဒီအချက်က ဘယ်တော့မှ မပြောင်းလဲဘူး"
"မင်းက အရမ်း ခေါင်းမာတာပဲ. Sir Pol. ကောင်းပြီလေ... ပန်းတွေအတွက် နဲ့ တောင်းပန်တာအတွက် ငါ့ကို လက်ဆောင်တစ်ခုပြန်ပေးစေချင်တယ်"
ဒီဆက်ဆံရေးမှာ Lucius က အမြဲတမ်းပေးဆပ်နေသူဖြစ်ပြီး Poliana ကတော့ လက်ခံရရှိနေသူပဲဖြစ်သည်. သူက ဒီကမ္ဘာကြီးမှာ အချမ်းသာဆုံးနဲ့ အာဏာအရှိဆုံး ဧကရာဇ်ဖြစ်သည်. Lucius က သူမကို အများကြီး ပေးခဲ့ပေမဲ့ Poliana က သူ့ကို ပြန်ပေးခဲ့တာဆိုလို့ ကျေးဇူးတင်တဲ့ စကားတွေသာဖြစ်ခဲ့သည်. ဒါ့ကြောင့် ဒီနေ့မှာလဲ ဧကရာဇ်က သူမဆီကနေ 'ကျေးဇူးတင်စကား' ကြားရဖို့သာ မျှော်လင့်ကြောင်း ပြောလာမယ်လို့ ထင်လိုက်သည်. ဒါပေမဲ့ သူမထင်မြင်ချက်က မှားသွားကြောင်း Poliana သိလိုက်ရသည်. သူမက တွေဝေသွားကာ
'Sitrin ကနေ ငါ့လက်ကိုင်ပုဝါတွေသွားယူဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်ရမလား?'
Poliana က ဧကရာဇ်ဘာလိုချင်လဲမေးလိုက်တော့ Lucius က ပြန်ဖြေလာသည်.
"ငါ့ကို တစ်ရက်လုံးအချိန်ပေး"
Poliana က အားကြိုးမာန်တက်ပြန်ဖြေလိုက်သည်.
"ကျွန်မ တစ်ဘဝလုံးပေးဖို့ အဆင်သင့်ပါပဲ အရှင်"
Lucius က သူ့ခေါင်းကို ရမ်းကာ သူပြောချင်တာ အဲ့အဓိပ္ပါယ်မဟုတ်ကြောင်း ပြောလိုက်သည်.
"ငါနဲ့ တစ်ညလောက် အဖော်ပြုပေးပါ"
Poliana လုပ်နိုင်တာဆိုလို့ ခေါင်းငြိမ့်လိုက်တာပဲဖြစ်သည်...........