ည ၂ နာရီထိုးလုနီးပါးအချိန် ... ။
အပြင်လောကတစ်ခွင်လုံး မှောင်အတိဆိုင်းကာ လှုပ်ရှားသွားလာမှုကင်းမဲ့နေသော်ငြား မဟာဆေးရုံတွင်တော့ ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည့် အခြေအနေမျိုးမဟုတ်ပေ။
ခပ်ရှင်းရှင်းပြောရမည်ဆိုလျှင် တကယ့်ကို ဆန့်ကျင်ဘက်အနေအထားမျိုးသာဖြစ်သည်။
ကျယ်ဝန်းသော မဟာဆေးရုံဝင်းအတွင်းထဲသို့ ကားချိုးကွေ့ဝင်လာသည့်အချိန်မှစ၍ အပြင်လောကနှင့်ခြားနားစွာ ဟိုဟိုဒီဒီသွားလာလှုပ်ရှားနေကြသော လူများအား နေရာအနှံ့ တွေ့နေ၊ မြင်နေရသည်။
ဆေးရုံလာတက်ကြသည့်လူများ၊ ဆေးရုံဆင်းဖို့ ပြင်ဆင်နေကြသည့်လူများ၊ မဟာဆေးရုံဝင်းထဲ ဝင်လိုက်ထွက်လိုက်ဖြစ်နေကြသော ဆေးရုံကားများ၊ ဂျူတီကုတ်အပြည့်အစုံနှင့် ပြေးလွှားနေကြသော တာဝန်ကျဆရာဝန်များ၊ အလုပ်များလွန်း၍ နဖူးမှချွေး ခြေမအထိကျနေသည့်အထိ ပင်ပန်းနွမ်းနယ်နေကြသော သူနာပြုဆရာမများ စသည်ဖြင့် မဟာဆေးရုံသည် အလွန်အသက်ဝင်နေလျက်ရှိသည်။
သို့သော် ဤကဲ့သို့သော အခြင်းအရာသည် အခြားတစ်ဖက်မှ ကြည့်မည်ဆိုပါက ကောင်းမွန်သော အသက်ဝင်ခြင်းမျိုးမဟုတ်ပေ။
ဆေးရုံ၊ ဆေးခန်းဟူသည် တန်ဖိုးကြီးမြင့်လှသော လူ့အသက်များနှင့် တိုက်ရိုက်သက်ဆိုင်နေသည်မဟုတ်ပါလား။
သို့သော် ယခုအချိန်၌ မဟာဆေးရုံ၏ကန်တင်းတွင် လူများ စည်ကားနေဆဲ ... ။
မဟာဆေးရုံဝင်းအတွင်း ဆောက်ထားသော 24 Hours စတိုးဆိုင်၊ ဆေးဆိုင်များတွင်လည်း ဝယ်သူများဖြင့် လျှံကျနေဆဲ ... ။
မဟာဆေးရုံ၏ကားပါကင်၌လည်း ကားများက ထားစရာနေရာမရှိလောက်သည့်အထိ ပြည့်နှက်နေသဖြင့် ကားမောင်းနေသည့် နောင်ခန့်လည်း တော်တော်အကြံအိုက်သွားသည်။
မဟာဆေးရုံ၌ ကားပါကင်နေရာရဖို့အရေးတောင် တော်တော်အခက်တွေ့နေရ၏။ ကျန်သည့်အရာများဆို ပြောမနေနဲ့တော့။
နောင်ခန့်သည် ကားကို ဖြည်းဖြည်းချင်းမောင်းကာ ကားရပ်ဖို့နေရာကို လိုက်ရှာရင်း ကားနောက်ခန်းမှာ ငြိမ်ငြိမ်လေးထိုင်နေသည့် လေးဆက်ကိုလည်း ကားမှန်မှတဆင့် အကဲခတ်ရသေးသည်။
အချိန်အတန်ကြာ ငိုကြွေးထားသဖြင့် လေးဆက်၏မျက်ဝန်းများသည် နီရဲစိုစွတ်နေသည်။ နှာဖျားလေးကလည်း ရဲတွတ်နေကာ နှုတ်ခမ်းလွှာများကတော့ အရောင်အဆင်းကင်းမဲ့နေသည်ဟု ပြောရလောက်သည့်အထိ ဖြူဖျော့နေသည်။
နဖူးစပ်၌ ချွေးစေးများခိုတွဲနေသော လေးဆက်သည် လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်ရင်း ဖြူဖျော့သည့် နှုတ်ခမ်းလွှာမှလည်း ဘုရားစာကို တိုးတိုးလေးရွတ်ဆိုနေသည်။
ဆေးရုံကားသံကြားသည့်အခါတိုင်း၊ ပြေးလွှားနေသည့်ဆရာဝန်များကို မြင်သည့်အခါတိုင်းလည်း လေးဆက်၏မျက်ဝန်းများ၌ ပြည့်အိုင်နေသော မျက်ရည်စများသည် ကြွေကျလုဆဲဆဲ ... ။
သူငယ်ချင်းဖြစ်သူ၏အခြေအနေကို ကြည့်ပြီး နောင်ခန့်မှာလည်း ကားမောင်းနေရင်း အတော်စိတ်မကောင်းဖြစ်ကာ သက်ပြင်းဖွဖွချမိသည်။
တကယ့်ကို မထင်မှတ်ထားသည့်အကြောင်းအရာများက ဖြစ်ပွားခဲ့သည်မဟုတ်လား။
ဈာန်ရောင်ခ၏သတင်းကို ကြားကြားချင်း နောင်ခန့်တို့လို မသက်ဆိုင်သည့်လူတောင် စိတ်မကောင်းဖြစ်ရသည်ဆိုလျှင် ဈာန့်ချစ်သူဖြစ်သည့် လေးဆက်အဖို့ ဆိုဖွယ်ရာပင်မရှိတော့။
ဒီနေ့ ညကြီးမိုးချုပ် လူခြေတိတ်ချိန်၌ ဥဥထံမှ ရုတ်တရက်ဖုန်းဝင်လာကာ နောင်ခန့်ကို ဖြစ်စဉ်အကျိုးအကြောင်းရှင်းပြခဲ့ခြင်းဖြစ်သည်။
အဲဒီနောက်မှာတော့ လေးဆက်ကို မဟာဆေးရုံဆီသို့ ခေါ်လာပေးဖို့အတွက်ပါ ဥဥက တဆက်တည်းဆိုသလို အကူအညီတောင်းသွားခဲ့သည်။
အမှန်တော့ ဒါမျိုးက ဥဥ မတောင်းဆိုလျှင်တောင် နောင်ခန့်တို့ ကူညီမှဖြစ်မည့်ကိစ္စမျိုးဖြစ်သည်။
ဒီလိုသတင်းဆိုးမျိုးကို ကြားလျှင် လေးဆက်တစ်ယောက် ဘယ်လိုနည်းနဲ့မှ မဟာဆေးရုံဆီသို့ သွားနိုင်မှာမဟုတ်ဘူးဆိုတာကို နောင်ခန့်တို့ အသိဆုံးဖြစ်သည်။
ထို့ကြောင့် ဥဥ ဖုန်းချသွားသည်နှင့်တစ်ပြိုင်နက် နောင်ခန့်လည်း အဝတ်အစားလဲကာ ကားသော့ကို ယူပြီး အိမ်အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။
အစကတော့ မာမီ့ကို အကျိုးအကြောင်းပြောသွားဦးမလို့ပင်။ သို့သော် အဓိပတိဆေးရုံ၌ ညဂျူတီမရှိသော မာမီသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောကြောင့် သူလည်း အနှောင့်အယှက်မပေးချင်တော့ပေ။
ထို့ကြောင့် စာရွက်၌ စာရေးကာ မာမီ့အခန်းတံခါးရှေ့၌ ကပ်ထားပေးလိုက်သည်။
လေးဆက်ဆီသွားရန် ကားစက်နှိုးနေစဉ်မှာပင် သူ့အိမ်သို့ မြတ်သူတို့မောင်နှမက ကားတစ်စီးဖြင့် မပြောမဆိုရောက်ချလာသောကြောင့် နောင်ခန့်လည်း နှိုးလက်စကားကို စက်ပြန်သပ်ကာ မြတ်သူတို့ကားဆီ အပြေးသွားရပြန်သည်။
ထိုအခါ မြတ်သူက ဘေးခုံသို့ရွေ့ပေးသဖြင့် နောင်ခန့်လည်း ကားမောင်းသူနေရာတွင် ဝင်ထိုင်လိုက်ရတော့သည်။
မေမြတ်ကတော့ ကားနောက်ခန်းထိုင်ခုံတွင် ထိုင်လျက် တစ်ယောက်ယောက်နှင့် ဖုန်းပြောနေ၏။ ကြည့်ရတာ မေမြတ်က ဥဥနှင့်ဖုန်းပြောနေတာထင်သည်။
မေမြတ်၏မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုများ ထင်းနေလျက် ... ။
အဲဒီနောက်မှာတော့ သူတို့ကားလေးက လေးဆက်၏တိုက်ခန်းရှိရာဆီသို့ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လေတော့သည်။
ဦးတည်ရာသို့ရောက်တော့ လေးဆက်က တိုက်အောက်၌ ငုတ်တုတ်လေးထိုင်ကာ နောင်ခန့်တို့ကို စောင့်နေသည်။ လေးဆက်ကို စမြင်မြင်ချင်းတုန်းကဆို နောင်ခန့်တို့ပါ စိတ်မကောင်းဖြစ်ရသည်။
မတ်တတ်ရပ်ဖို့ပင် အားအင်ပြတ်လပ်နေသည့် လေးဆက်က လမ်းမထက်၌ ငုတ်တုတ်လေးထိုင်နေရင်း ရှိုက်ကြီးတငင် ငိုယိုနေသည်။
နောင်ခန့်တို့ ရောက်လာသည်ကိုတွေ့တော့ လေးဆက်က ကားပေါ် ချက်ချင်းပြေးတက်ကာ မဟာဆေးရုံဆီသို့ မြန်မြန်မောင်းပေးရန် အနူးအညွတ်တောင်းဆိုသည်။
ညဥ့််နက်နေသောကြောင့် လမ်းမတစ်လျှောက် လူရှင်းနေသည်ကိုပင် ကျေဇူးတင်ရပေမည်။
နို့မို့ဆိုလျှင် ဒီထက်မက အချိန်ပိုကြာသွားလိမ့်မည်မှာ အမှန် ... ။
အိမ်မှ စထွက်သည့်အချိန်ကစ၍ ဆေးရုံသို့ရောက်သည့်တိုင် လေးဆက်က တစ်ချက်လေးမှ မရပ်မနားဘဲ ဘုရားစာကိုသာ အားကိုးတကြီး တတွတ်တွတ်ရွတ်ဆိုနေသည်။
“ နောင်ခန့် ”
ကားနောက်ခန်းမှာ ထိုင်နေသည့် မေမြတ်က သူ့ပခုံးကို ဆတ်ခနဲပုတ်လာသဖြင့် နောင်ခန့်လည်း အသိပြန်ဝင်သွားသည်။
မေမြတ်လက်ထဲတွင် စကားပြောလက်စ ဖုန်းတစ်လုံး ... ။
“ ဥဥက ပြောတယ် ... ရိုးရိုးကားပါကင်မှာ ကားရပ်ဖို့နေရာမရှိလောက်ဘူးတဲ့ ... အဲဒါကြောင့် VIP ကားပါကင်ဘက်ခြမ်းကိုသာ လာခဲ့တဲ့ ... သူ ဂိတ်စောင့်ကို ကြိုအကြောင်းကြားထားပေးမယ်တဲ့ ”
“ အေး ”
အဲဒီနောက်မှာတော့ နောင်ခန့်လည်း ဆိုင်းဘုတ်လမ်းညွှန်ပြထားသည့်အတိုင်း VIP ကားပါကင်ဘက်ခြမ်းသို့ ကွေ့ဝင်လိုက်သည်။
ဥဥတစ်ယောက် ကြိုအကြောင်းကြားထား၍ထင့်။ မဟာဆေးရုံအုပ်ဖြစ်သည့် ဦးမဟာနွယ်၏နာမည်ကို ပြောပြလိုက်သည်နှင့် ဂိတ်စောင့်က သူတို့အား အသာတကြည် ဝင်ခွင့်ပေးလာသည်။
VIP ကားပါကင်ဝင်းတွင်တော့ ကား အတော်အတန်ရှင်းလင်း၏။ ရပ်စရာနေရာတွေလည်း များပြား၏။
တကယ့်ထိပ်သီးလူတန်းစားအတွက် သီးသန့်ဆောက်လုပ်ထားသော ကားပါကင်ဝင်းဖြစ်သဖြင့် ရပ်ထားသည့် ကားများမှာလည်း တကယ့်ကို အကောင်းစားများသာ ... ။
တန်းစီရပ်ထားသည့် ကားအကောင်းစားများကို ကြည့်ကာ နောင်ခန့်တို့တောင် နည်းနည်းရှိန်ချင်သွားသည်။
ရှိသည့် နေရာလွတ်တစ်ခုတွင် ကားကို ထိုးရပ်လိုက်သည်နှင့် လေးဆက်က ချက်ချင်းဆိုသလိုပင် ကားပေါ်မှ အလျင်အမြန်ပြေးဆင်းသွားလေသည်။
လေးဆက်၏ခြေလှမ်းများက VIP ကားပါကင်ဝင်းရှိ သီးသန့်ဓာတ်လှေကားဆီသို့ အသောနှင်နေသည်။
ခြေထောက်များက မတ်မတ်ရပ်ဖို့ပင် အားအင်မရှိဘဲ ခွေယိုင်ကျချင်နေသော်ငြား ဈာန့်ကို မြင်ချင်လွန်းလှ၍ အရူးတစ်ယောက်လိုပင် သီးသန့်ဓာတ်လှေကားရှိရာဆီသို့ အပြေးသွားနေမိသည်။
သူ့နောက်မှ ထပ်ကြပ်မခွာလိုက်လာသည့် ခြေသံများကိုလည်း ကြားနေရသည်။ နောင်ခန့်၊ မြတ်သူနှင့်မေမြတ်တို့၏လှမ်းအော်သံများကိုလည်း ကြားနေရသည်။ သို့သော် သူ ဘာတစ်ခုကိုမှ ဂရုမစိုက်နိုင်တော့။
ယခုချိန်၌ သူ့ရုပ်နာမ်နှစ်ပါးလုံးက ဈာန့်ဆီ အရောက်သွားဖို့တစ်ခုတည်းအပေါ်သာ အမှီပြုနေသည်။
ဓာတ်လှေကားထဲသို့ သူ အရင်ဝင်လိုက်ပြီး သူ့နောက်မှ မေမြတ်၊ မြတ်သူနှင့် နောင်ခန့်တို့ကပါ ကမျောကပါးအမြန်လိုက်ဝင်လာသည်။
ထိုဓာတ်လှေကားထဲရှိ ဝန်ထမ်းတစ်ယောက်က သူတို့ကို ဘာတစ်ခွန်းမှမေးမြန်းခြင်းမရှိဘဲ ဆယ်ထပ်မြောက်ကို ခလုတ်နှိပ်ပေးသည်။ အမှန်တော့ မေးစရာလည်းမလိုချေ။
VIP ကားပါကင်ရှိ သီးသန့်ဓာတ်လှေကားကို စီးမည့်လူတိုင်းသည် မဟာဆေးရုံ၏ VIP Floor ဖြစ်သော ဆယ်ထပ်မြောက်သို့ သွားမည့်လူချည်းသာ ... ။
ပြောရမည်ဆိုလျှင် ဒီမဟာဆေးရုံသည် လေးဆက်အတွက် သိပ်အစိမ်းသက်သက်ကြီးမဟုတ်ပေ။
လွန်ခဲ့သော သုံးနှစ်ခန့်က ဒီမဟာဆေးရုံကို လေးဆက် တစ်ခေါက်ရောက်ခဲ့ဖူးသည်။
သွေးထွက်လွန်နေသဖြင့် မဟာဆေးရုံ၌ ကုသလိုက်ရခြင်း ... ။
သို့သော် အိမ်ရှိရေချိုးခန်း၌ မေ့မျောနေသည့်သူက မည်သို့မည်ပုံဖြစ်လို့ ဒီမဟာဆေးရုံဆီသို့ ရောက်လာမှန်း ထိုစဉ်အချိန်က သူ နည်းနည်းလေးမျှပင် မသိခဲ့ပေ။
ဤအကြောင်းအရာသည် သူ့အတွက်တော့ လုံးဝကို ဖြေရှင်းလို့မရနိုင်သည့် လျို့ဝှက်ဆန်းကြယ်ကိစ္စရပ်ကြီးဖြစ်ခဲ့သည်။
အဲဒီညက ရေချိုးခန်း၌ သွေးထွက်လွန်ကာ သတိလစ်သွားခဲ့သည့်အထိပဲ သူ ကောင်းကောင်းမှတ်မိသည်။
နောက်ဆက်တွဲ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ ရေးရေးလေးမျှပင် ပြန်စဉ်းစားလို့မရတော့။
ထူးဆန်းသည်က သူက အိမ်မှာ တစ်ယောက်တည်းနေသူဖြစ်သောကြောင့် အဲဒီညက သူ့ကို ကူညီပေးနိုင်မည့်လူလည်း အနီးအနားမှာ မရှိပေ။
သို့သော် သူ သတိပြန်ရလာသည့်အခါမှာတော့ တကယ့်ကို အကောင်းစားဆေးရုံဖြစ်သည့် မဟာဆေးရုံ၏ VIP Room ထဲ ရောက်နေခဲ့သည်။
ဒါက သိပ်ကိုအံ့အားသင့်စရာကောင်းလွန်းသဖြင့် သတိပြန်ရခါစကဆို သူ့ကိုယ်သူ တခြားကမ္ဘာတစ်ခုသို့ ရောက်ခဲ့သည်ဟုပင် ထင်မှတ်ခဲ့သည်။
အဲဒီနောက်မှာတော့ ဆေးရုံအုပ်ဖြစ်သည့် ဆရာဝန်ကြီးကိုယ်တိုင် သူ့ကို လာကြည့်ကာ ဘာတစ်ခုမှအပြစ်ဆိုစရာမရှိအောင် အစွမ်းကုန်ကုသကာ ဂရုစိုက်စောင့်ရှောက်ပေးသည်။
ထို့အပြင် သူ့သူငယ်ချင်းများ၏ဖုန်းနံပါတ်ကိုလည်း တောင်းသွားကာ ကိုယ်တိုင်ကိုယ်ကျဆက်သွယ်ပေးခဲ့သေးသည်။
သို့ပေမဲ့ သူ ဘာကြောင့် ဒီမဟာဆေးရုံကို ရောက်လာရသလဲဆိုသည့် အဓိကအကြောင်းအရင်းကိုတော့ ထိုဆရာဝန်ကြီးက ရေရေရာရာမရှင်းပြသွားပါ။
လူငယ်လေးတစ်ယောက်က သူ့ကို ကယ်တင်ပေးခဲ့ကြောင်း၊ ဆေးရုံစရိတ်စကတွေ အကုန်ရှင်းလင်းပြီးဖြစ်ကြောင်း၊ ဒဏ်ရာအဆင်ပြေတဲ့အထိ ဆေးရုံမှာ သက်တောင့်သက်သာအနားယူသင့်ကြောင်းကိုပဲ အလေးပေးပြောဆိုသွားခဲ့သည်။
ဆေးရုံတက်နေစဉ်ကာလတစ်လျှောက်လုံးမှာလည်း သူ သိချင်ခဲ့သည့်အကြောင်းအရာကို ဘယ်လိုမှစုံစမ်းမေးမြန်းလို့မရခဲ့ပေ။
VIP Floor ၏တာဝန်ကျဆရာဝန်၊ သူနာပြုဆရာမတွေကို မရမကမေးမြန်းကြည့်ပေမဲ့လည်း အကုန်လုံးက ဘာကြောင့်ရယ်မှန်းမသိဘဲ ဘူးခံငြင်းကြတာချည်းပင်။
ဆေးရုံအုပ်ဆရာဝန်ကြီးတောင် သူ မေးလိုက်တိုင်း အတိအကျမဖြေပဲ စကားလမ်းကြောင်းလွှဲတတ်သည်။
ထူးဆန်းသည်။ တကယ်ထူးဆန်းသည်။
ထိုကောင်လေးက တကယ့်ကို ထူးဆန်းသည်။
သူ့ကို ထိုကောင်လေးက ဘာဖြစ်လို့ ကယ်တင်ခဲ့ရတာလဲ။
ပြီးတော့ အဲဒီညက သူ ထိခိုက်မိပြီး သွေးထွက်လွန်နေတာကိုရော ထိုကောင်လေးက ဘယ်လိုလုပ်သိလဲ။
ပြီးတော့ သူ့တိုက်ခန်းထဲကိုရော ထိုကောင်လေးက ဘယ်လိုလုပ်ဝင်လာနိုင်တာလဲ။
ပြီးတော့ သူ့ကိုရော ထိုကောင်လေးက ဘယ်တုန်းကတည်းက သိနေတာလဲ။
စသည်ဖြင့် သိချင်နေသည့်မေးခွန်းတွေ အလွန်အမင်းများပြားနေသော်ငြား ဖြေဆိုပေးမည့်သူ ကင်းမဲ့နေခဲ့သည်။
တကယ်စေ့စေ့ပေါက်ပေါက်တွေးကြည့်မည်ဆိုလျှင် မေးခွန်းတွေက ဒီ့ထက်မက ပိုထွက်လာပေဦးမည်။ ထိုစဉ်အချိန်က မှတ်မှတ်ရရ သူ သတိထားမိတာတစ်ခုရှိသည်။
ဆေးရုံတက်ပြီး သုံးရက်မျှအကြာ သူ အိပ်ပျော်နေရာမှ နိုးလာခိုက် ဒဏ်ရာရှိသော သူ့ဘယ်ဘက်လက်ကောက်ဝတ်၌ အလိုလိုရောက်နေသည့် နက်ပြာရောင် လက်ပတ်ကြိုးလေး ... ။
တကယ့်ကို အသေးစိတ်ပြုလုပ်ထားမှန်း သိသာလွန်းသည့် လက်မှုပစ္စည်းဖြစ်သော နက်ပြာရောင်လက်ပတ်ကြိုးလေးသည် သူ့ဘယ်ဘက်လက်ကောက်ဝတ်၌ အံဝင်ဂွင်ကျရှိနေခဲ့သည်။
ဒါဟာ သေချာပေါက် သူ့ကျေးဇူးရှင်ကောင်လေးက သူ့ကို လူနာလာကြည့်ရင်း အမှတ်တရပေးထားခဲ့သည့် ပစ္စည်းလေးဖြစ်လိမ့်မည်မှန်း သူ့စိတ်ထဲမှာ အလိုလိုသိနေသည်။
ထို့ကြောင့်ပင် သူ့ကျေးဇူးရှင်အား အမြဲသတိရနေစေရန်အတွက် ဒီနက်ပြာရောင်လက်ပတ်ကြိုးလေးကို အမာရွတ်ရှိနေသော သူ့ဘယ်ဘက်လက်ကောက်ဝတ်၌ အမြဲလိုလို မချွတ်တမ်းဝတ်ဆင်ကာ တန်ဖိုးထားခဲ့သည်။
သို့သော် လွန်ခဲ့သည့်ရက်ပိုင်းကမှ သိခဲ့ရသည်က ဤမျှအထိ သူ သတိရနေသည့်၊ ဤမျှအထိ သူ တွေ့ဖို့မျှော်လင့်နေသည့်ကျေးဇူးရှင်ကောင်လေးက ဈာန်ဖြစ်နေခဲ့သည်တဲ့လေ။
သူ့ရဲ့ချစ်သူဖြစ်နေခဲ့သည်လေ။
ပြဿနာတက်ပြီး နောက်ရက်မှာ ဈာန် မချွင်းမချန်ပြောပြလာသည့်အကြောင်းအရာများကြောင့် သူ့မှာ ပြန်ပြောစရာစကားမရှိလောက်သည့်အထိ ဆွံ့အခဲ့ရသည်။
ဒီကလေး ... ဒီကလေးက သူ့ကို လွန်ခဲ့သည့်သုံးနှစ်ကျော် လေးနှစ်ကတည်းက သဘောကျနေခဲ့သည်တဲ့လေ။
ဒီကလေးက သူ့ကို ဘယ်လောက်ထိ ချစ်မြတ်နိုးလဲဆို သူ့အနားမှာ အမြဲလိုလိုရှိနေတတ်ပြီး တစ်ချိန်လုံး တိတ်တိတ်လေးလိုက်စောင့်ရှောက်ပေးနေခဲ့သည်တဲ့လေ။
သို့ပေမဲ့ သူကတော့ ထိုအကြောင်းအရာများကို လုံးဝမသိခဲ့။
တစွန်းတစလေးမျှပင် မသိခဲ့ပါ။
သူက သိပ်ကိုတုံးအလွန်းသည်မဟုတ်လား။
ထိုစဉ်အချိန်က သူ့ချစ်သူလေး ဘယ်လောက်တောင် ပင်ပန်းခဲ့လိမ့်မလဲ။
တောင်းပန်ပါတယ် ဈာန် ...
မင်းအချစ်တွေကို စောစောမမြင်နိုင်လို့ တောင်းပန်ပါတယ် ...
မင်းကို ပင်ပန်းစေခဲ့မိလို့ တောင်းပန်ပါတယ် ...
VIP Floor ဖြစ်သည့် ဆယ်ထပ်မြောက်သို့ ရောက်သောအခါ ဓာတ်လှေကားတံခါးက ပွင့်သွား၏။ သူလည်း ထိုဓာတ်လှေကားထဲမှ မြန်မြန်ထွက်ကာ ကော်ရစ်ဒါတစ်လျှောက် ပြေးလွှားရင်း ဈာန့်ကို လိုက်လံရှာဖွေမိသည်။
ယခု လေးဆက်တို့ ရောက်နေသည့်ဆယ်ထပ်မြောက်က VIP Floor ဖြစ်သဖြင့် လူအရမ်းမများသောကြောင့် ရှာရ၊ ဖွေရ သိပ်မခက်ခဲ။
ထိုအထပ်၌ တာဝန်ကျသည့် ဆရာဝန်များနှင့် သူနာပြုဆရာမများသည်လည်း ကော်ရစ်ဒါတစ်လျှောက် ပြေးလွှားနေကြသည့် လေးဆက်တို့အုပ်စုကို ကြောင်အအဖြင့် ငေးကြည့်နေလျက် ... ။
ပုံမှန်ဆိုလျှင် ထိပ်သီးအဆင့်မြင့်အသိုင်းအဝိုင်းမှ လူနာများကို အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် VIP Floor ၌ မည်သူမှ ဆူဆူညံညံပြေးလွှားတာမျိုး လုပ်ခွင့်မရှိပေ။
သို့သော် ယခုအချိန်၌ ဆေးရုံအုပ်ကြီးကိုယ်တိုင်တောင် အလုပ်ရှုပ်နေသဖြင့် ကျန်လူများမှာလည်း လေးဆက်တို့ကို ဘာတစ်ခုမှ ဝင်မစွက်ဖက်ရဲပေ။
ဘေးဘီဝဲယာအနှံ လျှောက်ကြည့်ကာ ဈာန့်ကို လိုက်ရှာနေရင်း လေးဆက်မြင်ကွင်းထဲ ရုတ်တရက် ဝင်လာသည်က ဥဥ ... ။
ဥဥက ကော်ရစ်ဒါရှိ ခုံတန်းလေးတွင် ငုတ်တုတ်ထိုင်ကာ တစ်ခုခုကို စိတ်မချသည့်ဟန်ဖြင့် သက်ပြင်းတချချဖြစ်နေသည်။
ဥဥကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် လေးဆက်လည်း ထိုနေရာသို့ အပြေးသွားလိုက်သည်။ အနားရောက်တော့မှ ဥဥတစ်ယောက်တည်းမဟုတ်ဘဲ နေ့သစ်၊ လရောင်နှင့် တခြားလူငယ်တစ်ယောက်ကိုပါ တွေ့လိုက်ရသည်။
ဈာန့်သတင်းကြားကတည်းက သူ့နှလုံးခုန်သံမှာ မြန်ဆန်နေသည့်အပြင် တစ်ချိန်လုံး ပြေးလွှားနေရသောကြောင့် လေးဆက်မှာ အသက်ကို ရှိုက်ရှုနေရသည်။
ထိုစဉ် လူရိပ်မြင်၍ထင့်။ ဥဥက ထိုင်နေရာမှ မတ်တတ်ထရပ်လာသည်။
“ နင်တို့ ရောက်လာပြီလား ”
ဥဥ၏အသံက ပုံမှန်နှင့်မတူဘဲ ဖျော့တော့နေသည်။ ထို့ကြောင့် လေးဆက်မှာ ပို၍စိုးရိမ်သွားကာ အမောတကောဖြင့်
“ ဈာန်ရော ... ”
သူ့အသံက တုန်ယင်နေမည်မှန်း သူကိုယ်တိုင်လည်း သိပါသည်။ ဥဥက သူ့အမေးကို မဖြေဘဲ အခန်းတစ်ခန်းကိုသာ စိုက်ကြည့်နေသောကြောင့်
“ ဈာန် ဘယ်မှာလဲ ”
နောက်တစ်ကြိမ်ထပ်မေးလိုက်တော့ ဥဥက မျက်နှာချင်းဆိုင်မှာ ရှိနေသည့် VIP Room ကို လက်ညှိုးထိုးပြကာ
“ အဲ့အခန်းထဲမှာ ... ”
စိုးရိမ်စိတ်ပိုနေသည့် လေးဆက်လည်း ဘာကိုမှမတွေးတောနိုင်တော့ဘဲ ထိုအခန်းထဲသို့ ဝင်မည်အပြု ဥဥက သူ့လက်ကို ဆတ်ခနဲဖမ်းဆွဲထားကာ
“ မဝင်နဲ့ဦး လေးဆက် ... အခု အဲ့အခန်းထဲမှာ ဆရာဝန်ကြီးတွေရော၊ လူကြီးတွေရော ရှိတယ် ”
“ ငါ ... ငါ စိုးရိမ်တယ် ”
“ ဈာန့်ဒယ်ဒီလည်း ရှိနေတာမို့ သိပ်စိတ်မပူပါနဲ့ ... ခုနက ပြောသံကြားတာတော့ ဈာန်က ဝိုင်းရိုက်ခံထားရတာတဲ့ ... အသက်အန္တရာယ်တော့ မရှိဘူးပြောတယ် ”
ဈာန် အသက်အန္တရာယ်မရှိဘူးဆိုသည့်စကားက လေးဆက်အတွက်တော့ သိပ်ကိုတန်ဖိုးကြီးမားလွန်းလှသည်။
ထိုစကားကြားလိုက်ရမှ လေးဆက်လည်း တင်းခံထားသည့်စိတ်ကို လျှော့ချပစ်လိုက်ကာ နံရံကို ပစ်မှီလိုက်ရသည်။
ခြေထောက်တွေက ဘယ်လိုမှရပ်တည်လို့မရလောက်အောင် တဆတ်ဆတ်တုန်ယင်နေသည်မို့ ... ။
“ လေးဆက် အဆင်ပြေရဲ့လား ”
မြတ်သူက စိုးရိမ်တကြီးမေးလာသောကြောင့် သူလည်း လက်ကာပြကာ ဘာမှမဖြစ်ကြောင်း အသံတိတ်ပြောလိုက်ရသည်။
နံရံကို မှီထားကာ မျက်လုံးကို စုံမှိတ်ရင်း ငိုချင်နေသည့် သူ့နှလုံးသားကို ချော့မော့ရသည်။
မင်းပိုင်ရှင်လေး အဆင်ပြေသွားမှာပါဟု နှစ်သိမ့်ရသည်။
သူ့နှလုံးသား၏အရှင်သခင်ဖြစ်သော ဈာန် ရှိနေသည့်အခန်းလေးက ယခု သူ့ရှေ့တည့်တည့်၌ ... ။
ခြေလှမ်းဆယ်လှမ်းလောက် လှမ်းရုံဖြင့် ရောက်နိုင်သည့် အကွာအဝေး ... ။
သို့သော် ယခု သူ့မှာ သွားခွင့်မရှိသေး။
သူ့ကြောင့် ဈာန့်ကို ကုသပေးနေသည့်ဆရာဝန်ကြီးတွေ အနှောင့်အယှက်ဖြစ်သွားမှာ စိုးသည်။
သူ့ကြောင့် ဈာန့်ကို ကုသပေးနေသည့် ဆရာဝန်ကြီးတွေ တစ်ခုခုချွတ်ချော်သွားမှာ စိုးသည်။
သူ တိတ်တိတ်လေးပဲ စောင့်နေမည်။
ဟုတ်သည်။ တိတ်တိတ်လေးပဲ စောင့်နေရမည်။
အဲဒါမှ ဆရာဝန်ကြီးတွေလည်း ဈာန့်ကို သေချာအာရုံစိုက်ပြီး ကုသပေးနိုင်မှာ။
ဆယ်မိနစ် ... ။
ဆယ့်ငါးမိနစ် ... ။
နှစ်ဆယ်မိနစ် ... ။
“ ရှိန်ဝါ မင်း ဘယ်သွားမလို့လဲ ”
လူအားလုံး စိုးရိမ်စိတ်ကိုယ်စီဖြင့် တိတ်ဆိတ်နေကြချိန် လရောင်၏ခပ်ကြိတ်ကြိတ်မေးမြန်းသံကို ကြားလိုက်ရသဖြင့် သူ မော့ကြည့်လိုက်တော့ အေးစက်စက်နိုင်သည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူ အပိုပြောခြင်းမဟုတ်။
ထိုကောင်လေး၏အပြင်ပန်းအသွင်ပုံစံကိုက ဘယ်သူ့ကိုမှ လူမထင်သကဲ့သို့ အေးတိအေးစက်လေးဖြစ်နေသည်လေ။
“ ရှိန်ဝါ ငါ မေးနေတာကို ဖြေဦး ”
လရောင်က ရှိန်ဝါဟုအမည်ရသည့်ကောင်လေး၏အရှေ့မှာ ပိတ်ရပ်ကာ မေးလိုက်တော့မှ ထိုကောင်လေးက စကားပြောရမှာကို အင်မတန်မှ စိတ်မရှည်သည့်ပုံဖြင့်
“ အိမ်ပြန်မလို့ ... ”
“ မင်း ဈာန့်ကို မစိုးရိမ်ဘူးလား ”
“ သူက သေတော့မှာမို့လို့လား ”
ထိုစကားကြောင့် လရောင်လည်း ဘာပြန်ပြောရမယ်မှန်းမသိဘဲ တိတ်ကျသွားသည်။
လူနာကို မစာမနာဘဲ ပြောသွားသည့်စကားကိုက ထုရိုက်ပစ်ချင်စရာကောင်းသည်။
အဲဒါကြောင့်မို့ ဈာန်နှင့် ဒီကောင်လေးက သိပ်မတည့်ကြတာနေမှာ။
နေ့သစ်ကတော့ ဘာတစ်ခွန်းမှဝင်မပြောဘဲ အခြေအနေကိုသာ တိတ်တိတ်လေး စောင့်ကြည့်နေသည်။
သို့တည်းမဟုတ် ရှိန်ဝါသက္ကရာဇ်နှင့်ပတ်သက်လာလျှင် လရောင်နှိုင်းမဲ့ကသာ သက်ဆိုင်သူဟု ယူဆထား၍ တမင်ဘေးမဲ့ပေးထားတာများလား။
အဲဒီနောက်မှာတော့ ထိုကောင်လေးက လရောင်၏ပခုံးကိုတိုက်ကာ လေချွန်သံသဲ့သဲ့နှင့်အတူ သူတို့နားမှ ထွက်သွားလေတော့သည်။
“ ကိုလေးဆက် ကျွန်တော် တောင်းပန်ပါတယ် ... ရှိန်ဝါကလေ အမြဲအဲ့လိုပဲ ”
လရောင်က သူ့အနားကို ရောက်လာကာ အားနာပြုံးလေးဖြင့် တောင်းပန်လာသောကြောင့်
“ လရောင် အစ်ကို့ကို တောင်းပန်စရာမလိုပါဘူး ... ဒီကောင်လေးအကြောင်း ဈာန် ပြောပြထားလို့ အစ်ကို သိသင့်သလောက်တော့ သိပါတယ် ”
လေထုက ငြိမ်သက်မှုများ ပြန်လည်ကိန်းအောင်းသွားလေတော့သည်။
အချိန်တစ်ခုအကြာမှာတော့ ထိုအခန်းထဲမှ ဈာန့်ဒယ်ဒီဟုထင်ရသည့် ခန့်ခန့်ညားညားလူကြီးတစ်ယောက်နှင့် လေးဆက်ကို ဆေးကုပေးခဲ့သော ဆရာဝန်ကြီးတစ်ယောက် ထွက်လာသည်။
သူတို့နှစ်ယောက်၏နောက်မှ ဥဥ၏မိဘများနှင့် ဆရာဝန်၊ သူနာပြုတစ်ချို့ပါ လိုက်ထွက်လာကြသည်။ ကြည့်ရတာ ဈာန့်ကို ကုသပေးပြီးပြီထင်၏။
အဲဒီနောက်မှာတော့ လူကြီးတွေအကုန်လုံး ခေါင်းချင်းဆိုင်ကာ ဘာကို တိုးတိုးပြောနေကြမှန်း မသိ။ တစ်စုံတစ်ခုကို တိုင်ပင်ဆွေးနွေးနေကြပုံပင်။
ခဏကြာတော့ ဈာန့်ဒယ်ဒီက လေးဆက်တို့အုပ်စုဘက်ကို လှည့်ကာ စိတ်သက်သာရာရသည့်အပြုံးဖြင့် ပြောလာသည်။
“ ဇင်ဇင်ရေ သမီးမောင် အဆင်ပြေတယ်သိလား ... တော်သေးတာပေါ့ ... အတွင်းဒဏ်ရာတွေ မဖြစ်လို့ ... ဒီကောင်လေးက နည်းနည်းမာတော့ ခပ်ပြင်းပြင်းအရိုက်ခံထားရပေမဲ့လည်း ဘာမှမဖြစ်သွားဘူး ... အင်း ... ကြည့်ရတာ ကျောင်းတော်က ရန်စတွေ ထင်ပါရဲ့ ”
ထို့နောက် လေးဆက်တို့အုပ်စုကို မြင်တော့ ဈာန့်ဒယ်ဒီက အနည်းငယ်အံ့ဩသွားပုံရကာ
“ ဒါနဲ့ သမီး ဇင်ဇင် သူတို့က ... ”
“ ဪ ... အန်ကယ်လေးရေ ... သူတို့က ဇင်ဇင့်သူငယ်ချင်းတွေ၊ ပြီးတော့ ဈာန့်ရဲ့စီနီယာတွေလေ ... ဈာန် ဒဏ်ရာရတယ်ကြားလို့ စိုးရိမ်ပြီး သတင်းလာမေးကြတာ ”
ဖြေရခက်နေသည့် လေးဆက်တို့အစား ဥဥက ဝင်ဖြေပေးတော့ ဈာန့်ဒယ်ဒီက ခေါင်းတညိမ့်ညိမ့်ဖြင့်
“ အင်း ... အခုလိုဆိုတော့လည်း ဈာန်က ပေါင်းသင်းဆက်ဆံရေးကောင်းသားပဲ ... အန်ကယ်လေးက ဈာန့်သူငယ်ချင်းတွေဆိုရင် နေ့သစ်၊ လရောင်နဲ့ နောက်ကောင်လေးတစ်ယောက်ကိုပဲ သိတာ ... ဒီကောင်လေးက လူတွေကို သိပ်မခင်တတ်ဘူးလေ ”
ထိုစဉ် ဆေးရုံအုပ်က ဈာန့်ဒယ်ဒီနား ကပ်ကာ တစ်ခုခုပြောပြီး အပြင်သွားရန် အချက်ပြလာသဖြင့်
“ သမီးတို့ ဈာန့်ကို ဝင်ကြည့်ချင် ကြည့်လေ ... ဈာန်ကတော့ သတိမရသေးဘူး ... အန်ကယ်လေးကတော့ ဒေါက်တာနဲ့ ဆွေးနွေးစရာရှိတာ သွားဆွေးနွေးလိုက်ဦးမယ် ”
“ ဇင်ဇင် မေမေတို့လည်း အိမ်ပြန်တော့မယ် ... မနက်ကျ အလုပ်သွားဖို့ကရှိသေးတယ် ... သမီးကတော့ ဈာန့်ကို စောင့်ရင်း နေခဲ့ချင်လည်း နေခဲ့လေ ”
ဇင်ဇင့်မေမေကလည်း ဝင်ပြောလာသည်။
“ ဟုတ်ကဲ့ မေမေ ... ဒါဆို ဇင်ဇင် ဈာန့်ကို စောင့်ရင်း နေခဲ့လိုက်မယ် ... မနက်ကျမှ ဒရိုင်ဘာလွှတ်ပြီး ဇင်ဇင့်ကို လာခေါ်ပေးပါ ”
“ အင်း ... အင်း ... ဒါဆို မေမေတို့ သွားပြီနော် ”
လူကြီးတွေက ထွက်သွားသဖြင့် ဈာန့်အခန်းရှေ့၌ လေးဆက်တို့သာ ကျန်ရစ်ခဲ့တော့သည်။
“ လေးဆက် နင် ဈာန့်ကို အရင်ဝင်တွေ့လိုက် ... ငါတို့ နောက်မှပဲ ဝင်တွေ့တော့မယ် ”
ဥဥက သူ့ပခုံးကို ပုတ်ကာ လေပြည်အေးဖြင့် ပြောလာသည်။ အခြေအနေတည်ငြိမ်သွားပြီဖြစ်သောကြောင့် ဈာန့်အတွက်လည်း အကုန်လုံး စိတ်အေးသွားကြသည်။
“ ဒါဆို နင်တို့ကရော ... ”
“ ငါတို့က ကန်တင်းမှာ မုန့်သွားစားရင်ကောင်းမလားလို့ ... လူက ပြေးရလွှားရလွန်းလို့ ဗိုက်တောင်ဆာလာပြီ ... အစကတော့ ဈာန့်ကို စိုးရိမ်လို့ထိုင်စောင့်နေတာ ... ဒါပေမဲ့ အခု ဈာန်က အဆင်ပြေတယ်ဆိုတော့ ငါတို့လည်း စိတ်ချပါပြီဟယ် ... နင်သာ ဈာန်နဲ့ အေးအေးဆေးဆေးနေခဲ့ ... ”
“ အင်း ”
အဲဒီနောက် သူ့ကို တစ်ယောက်တည်းထားခဲ့ကာ အကုန်လုံးထွက်သွားကြလေသည်။ အမှန်တော့ သူတို့ချစ်သူနှစ်ဦးအတွက် ဥဥတို့က တမင်သက်သက်ရှောင်ပေးသွားခြင်းပင်။
ယခုတော့ ဈာန့်အခန်းရှေ့မှာ သူတစ်ယောက်တည်း ... ။
အခန်းထဲ မဝင်မီ အရင်ဆုံး အသက်ကို ဝဝရှိုက်ရှုလိုက်သည်။ တံခါးလက်ကိုင်ကို ကိုင်ထားသည့်လက်တွေက အနည်းငယ်တုန်ရင်နေမည်မှန်းလည်း သူ့ကိုယ်သူ သိသည်။
အဲဒီနောက် တံခါးကို အသာတွန်းဖွင့်လိုက်သည်။ တံခါးပွင့်သွားသည့်အခိုက်မှာပင် သူ မြင်လိုက်ရသည်က ဆေးရုံကုတင်ပေါ်တွင် အသိကင်းမဲ့စွာ လဲလျောင်းနေသော လူတစ်ယောက် ... ။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခိုက် သူ့ခြေအစုံက ရှေ့ဆက်မတိုးနိုင်တော့ဘဲ အခန်းဝမှာတင် ခဏရပ်တန့်သွားခဲ့ရသည်။
လူနာဝတ်စုံဖြင့် ဖျော့တော့နေသည့် အမျိုးသားငယ်ကြောင့် သူ့နှလုံးသားရပ်ဝန်းတစ်ခွင်၌ အထိန်းအကွပ်မရှိဘဲ နာကျင်မှုပိုတိုးလာသည်။
သူ့ခြေလှမ်းများကလည်း ထိုအမျိုးသားငယ်ဆီသို့ တရွေ့ရွေ့ဖြင့် ဦးတည်နေသည်။ သိကျွမ်းလာခဲ့ရသည့် ကာလတစ်လျှောက်လုံးမှာ ဤမျှအထိ ဈာန် အားနည်းတာကို သူ မမြင်ဖူးခဲ့ပေ။
ချစ်ရပါသော ထိုအမျိုးသားငယ်ကို ကြည့်ရင်း ဆို့နင့်လာသည့် စိတ်အစဉ်က ထိန်းချုပ်မရနိုင်စွာပင် သူ့မျက်ဝန်းများ၌ ငွေ့ရည်ဖွဲ့သီလာပြန်၏။
မေ့မျောနေသော ချစ်သူအား အနီးကပ်မြင်တွေ့လိုက်ရသည့်အချိန်မှာတော့ သူ ဘယ်လိုမှတင်းမခံနိုင်တော့ဘဲ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျဆင်းလာတော့သည်။
ချစ်ရသူ၏တစ်ကိုယ်လုံးသည် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။
လက်မောင်းရင်း၌ ဓားဒဏ်ရာရထားသဖြင့် ပတ်တီးစီးပေးထားသည်။
ဖုံးကွယ်ထားခြင်းမရှိသည့် အရေပြားတစ်လျှောက်၌လည်း အညိုအမည်းများကို တွေ့မြင်နေရသည်။
ဒါတောင် သူ မြင်နေရသည်က အပေါ်ယံဒဏ်ရာများသာ ... ။
သူ့ကလေးလေးကို ဘယ်လောက်တောင် ထိုးကြိတ်နှိပ်စက်ထားကြတာလဲ။
သူ့ကလေးလေးကို ဘယ်လောက်တောင် အနိုင်ကျင့်ထားကြတာလဲ။
ဆေးရုံကုတင်ဘေးနားရှိ ခုံအလွတ်တွင် ဝင်ထိုင်ပြီး ဈာန့်ပါးလေးကို နာကျင်မည်စိုး၍ ညင်ညင်သာသာ ကိုင်လိုက်ကာ
“ တောင်းပန်ပါတယ် ဈာန် ... ငါက အကြီးဖြစ်ရက်နဲ့ မင်းကို မကာကွယ်ပေးနိုင်ခဲ့ဘူး ”
ရှိုက်သံများနှင့်အတူ တိုးဖွသော အသံလေးက နှစ်ကိုယ်စာကြားရုံ ထွက်ပေါ်လာ၏။
“ အဲဒီအချိန်တုန်းက မင်း မသွားနိုင်အောင် ငါ အတင်းဆွဲထားခဲ့ရမှာ ... အဲဒါဆို မင်းလည်း အခုလို ဒဏ်ရာတွေ ရလာမှာမဟုတ်ဘူး ”
အခုတော့ သူ နားလည်သွားပြီဖြစ်သည်။
ချစ်ရသူ ထိခိုက်လျှင် သေလုမတတ် နာကျင်ရသည်ဆိုသော ခံစားချက်ကြီးကို သူ သေချာနားလည်သွားပြီဖြစ်သည်။
ချစ်ရသူ ဒဏ်ရာရလျှင် ဘယ်လောက်ထိသောကပွေရလဲဆိုတာကို သူ ကောင်းကောင်းနားလည်သွားပြီဖြစ်သည်။
ဖြစ်နိုင်မည်ဆိုလျှင် ချစ်ရသူအစား သူသာ အနာခံလိုက်ချင်သည်။
ချစ်ရသူကိုတော့ ဒဏ်ရာမပြောနှင့်။ မျက်နှာလေး ရှုံ့မဲ့နေတာကိုတောင် မမြင်ချင်။
အမှန်တော့ အခု သူ ဝဋ်လည်နေတာဖြစ်သည်။
ဈာန့်အပေါ် ကျူးလွန်ခဲ့မိတာတွေအတွက် သူ ပြန်ဝဋ်လည်နေတာဖြစ်သည်။
လွန်ခဲ့သည့်သုံးနှစ်က သူ ဒီလိုမျိုးဆေးရုံပေါ်မှာ လဲနေသည့်အချိန်တုန်းကလည်း ဈာန် ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ။
ဈာန့်လက်လေးတစ်ဖက်ကို ယူကာ လက်ဖမိုးကို မြတ်နိုးစွာဖြင့် နမ်းရှိုက်လိုက်ပြီးနောက် သူ့ပါး၌ တဖန်ကပ်ထားကာ
ငါ နားလည်သွားပြီ ဈာန် ...
အဲဒီခံစားချက်ကြီးကို ငါ အသေအချာနားလည်သွားပြီမို့လို့ နောက်ဆို မင်းကို ကာကွယ်ပေးမယ် ...
မင်းကို ဘယ်သူမှ လာမထိခိုက်နိုင်အောင် ငါ့အသက်နဲ့ရင်းပြီး အစွမ်းကုန်ကာကွယ်ပေးပါ့မယ် ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
အချိန်တွေကုန်တာ မြန်ဆန်သည်ဟု ပြောရပေမည်။ ဘာလိုလိုနဲ့ ညနေစောင်းအချိန်သို့တောင် ရောက်လာခဲ့ချေပြီမဟုတ်လား။
ထိုစဉ် ဆေးရုံကုတင်ထက်၌ မေ့မျောနေသူ၏မျက်ခွံများက တလှုပ်လှုပ်ဖြစ်လာကာ နောက်ဆုံးမှာတော့ မှိတ်ထားသည့်မျက်ဝန်းများက အလုံးစုံပွင့်ဟလာလေသည်။
အရင်ဦးဆုံး အေးစိမ့်စိမ့်ဖြစ်နေသော အခန်းလေထု၏အထိအတွေ့ကို ခံစားလိုက်ရသည်။
အဲဒီနောက်မှာတော့ သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားသည့် လက်ဖဝါးနုနု၏နူးညံ့သောအထိအတွေ့ ... ။
လှည့်မကြည့်ဘဲနဲ့တောင် ဘယ်သူ၏လက်မှန်း အတိအကျပြောလို့ရသည်အထိ ရင်းနှီးသောအငွေ့အသက်များ သိုင်းခြုံနေသည့် အထိအတွေ့ဖြစ်သည်။
ဘေးကို အသာစောင်းငဲ့ကြည့်လိုက်တော့ မြင်လိုက်ရသည့် လူသားလေးကြောင့် သူ့နှလုံးသားလေးထဲ စမ်းချောင်းလေးတစ်စင်း ဖြတ်သန်းစီးဆင်းသွားသကဲ့သို့ သူ့စိတ်အာရုံက အေးမြကြည်လင်သွားရသည်။
ကိုကိုက သူ့လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ ဆေးရုံကုတင်ပေါ် ခေါင်းတင်ရင်း အိပ်ပျော်နေလျက်ရှိသည်။
သို့သော် ဘာကိုအလိုမကျမှန်းမသိဖြစ်နေသည့် ကိုကိုက အိပ်နေရင်းတောင် မျက်မှောင်ကျုံ့နေ၏။ အဲဒါနဲ့ သူလည်း လက်မလေးနှင့် ကိုကို့၏တွန့်ကျုံ့နေသော မျက်ခုံးတန်းများကို အသာဖြေလျော့ပေးလိုက်တော့သည်။
လှဲနေရတာ ကျောပူနေသောကြောင့် ထထိုင်ချင်ပေမဲ့လည်း တဆစ်ဆစ်ကိုက်ခဲနေသည့် ခေါင်းက မသိလျှင် တူနှင့် ထုခံထားရသလို တဒိန်းဒိန်းနှင့် ... ။
ထို့ကြောင့် လှဲနေရင်းနဲ့ပင် အိပ်ပျော်နေသည့်ကိုကို့အား မြတ်နိုးမဝနိုင်စွာ တစိမ့်စိမ့်ငေးကြည့်နေမိသည်။
ဒီလူသားလေး ဘေးကင်းတယ်ဆိုရင်ပဲ သူ့အတွက် လုံလောက်နေပါပြီ။
ဒီလူသားလေး အေးချမ်းတယ်ဆိုရင်ပဲ သူ့အတွက် အဆင်ပြေနေပါပြီ။
ထိုစဉ် ကိုကို့မျက်ဝန်းထောင့်စွန်းမှ စီးကျလာသည့် မျက်ရည်လေးတစ်စက် ... ။
သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွား၏။ ကိုကို အိပ်မက်ဆိုးများ မက်နေတာလား။ သို့သော်ငြား ကိုကို အရမ်းပင်ပန်းနေတာကို သူ သိသောကြောင့် ကိုကို့အား မနှိုးရက်ပေ။
မနေ့ညက သူ့သတင်းကြားကြားချင်းကဆို ကိုကို ဘယ်လောက်ထိများ ဝမ်းနည်းကာငိုကြွေးနေလိမ့်မလဲ။ ချစ်သူ၏စိတ်သဘောထားနူးညံ့တာကို သိနေသည့်အတွက် ပိုဆိုး၏။
ကံကြီးပေလို့ သူ အခုထိ အသက်ရှင်နေသေးတာဟုပင် ပြောရမလား။
မနေ့ညက ခန့်မဟော် သူ့ခေါင်းကို သေနတ်ဖြင့် ချိန်ရွယ်ကတည်းက သူ့ကိုယ်သူ သေလူဟုသာ သတ်မှတ်ထားခဲ့သည်။ သို့သော် ထိုအချိန်၌ မထင်မှတ်ထားသည့် ကိစ္စတစ်ခုက ဖြစ်ပွားခဲ့လေသည်။
“ ဒိုင်း ! ”
သေနတ်ပစ်သံကြောင့် အနီးအနားရှိ ညောင်ပင်အိုကြီးထံမှ ကျီးအာသံများက ဆူညံပွက်လောရိုက်ကာ ထွက်ပေါ်လာသလို ကျီးကန်းများကလည်း ထပျံသွားလေတော့သည်။
သို့သော် ထိုကျည်ဆံက သူ မျှော်လင့်ထားသလို သူ့ခေါင်းထဲ ဖောက်ဝင်လာခြင်းမျိုးမဟုတ်ဘဲ သူ့ဘေးနားမှာ ရှိသည့် ညောင်ပင်အိုကြီးထံသို့ ဦးတည်သွားခြင်းသာ ... ။
ကိုယ့်ကိုယ့်ကိုယ် သေနေ့စေပြီဟု ထင်မှတ်ထားသော်ငြား ကျည်ဆံပစ်ပြီးသည့်တိုင် အသက်နှင့်ကိုယ် အိုးစားမြဲနေသေးသဖြင့် အံ့အားသင့်စွာ မျက်လုံးများကို ဖွင့်ကြည့်မိတော့ သူ့ကို ခပ်မဲ့မဲ့စိုက်ကြည့်နေသည့်ခန့်မဟော်အား တွေ့လိုက်ရသည်။
“ လန့်သွားလား ဈာန်ရောင်ခ ဟား ... ဟား ... ဟား ... ဒီတစ်ခေါက်တော့ ငါ မင်းကို အလျော့ပေးလိုက်မယ် ... ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ ဒီကျည်ဆံက မင်းခေါင်းထဲကို ဖောက်ဝင်သွားမှာ ကျိန်းသေတယ် ”
ခန့်မဟော်က လှောင်ရယ်ရင်း ပစ္စတိုကို ပြန်သိမ်းလိုက်သည်။
“ ပြီးတော့ မင်း ငါ ပြောတာကို ဘယ်တော့မှမမေ့နဲ့ ဈာန်ရောင်ခ ... ငါက မင်းတို့နှစ်ယောက်နောက်ကို တကောက်ကောက်လိုက်နေမှာ ... ငါ အသက်ရှင်နေသမျှကာလပတ်လုံး မင်းတို့ ဘယ်တော့မှ မပျော်ရွှင်စေရဘူး ”
အဲဒီနောက်မှာတော့ ခန့်မဟော်နှင့် သူ့လူများသည် ကားပေါ်သို့ အသီးသီးတက်ကာ မောင်းနှင်သွားကြသည်။
ထိုအခါမှ သူလည်း တင်းထားသည့်စိတ်ကို လုံးဝလျော့ချပစ်လိုက်တော့ လောကကြီးနှင့် အဆက်ပြတ်ကာ မှောင်အတိကျသွားသည်။ ဘယ်လောက်ထိကြာအောင် မေ့မျောသွားသလဲဆိုတာကိုတောင် သူ မသိတော့ပေ။
နောက်ဆုံးအကြိမ် သူ မရေမရာဖြင့် သတိပြန်လည်လာတော့ ဆေးရုံကားပေါ်၌ ဖြစ်သည်။ ထိုစဉ်အချိန်က ဆေးရုံကားပေါ်၌ ဒယ်ဒီ့ကိုရော၊ အန့်ကယ်ကိုရော ဝေဝေဝါးဝါးမြင်နေရသည်။ သူတို့နှစ်ဦး တီးတိုးပြောနေသည့်အသံများကိုလည်း ကြားနေရသည်။
မြက်ပင်ရိုင်းထဲမှာ သူ သတိလစ်သွားတာ နာရီနှင့်ချီကာ ကြာသည်။ အဲဒီနောက် တစ်ယောက်ယောက်က အန်ကယ့်ကို ဖုန်းဆက်ကာ သတင်းပေးသွားသည်ဟုပြောသည်။ သူ့စိတ်ထင် ထိုသတင်းပေးသူက သေချာပေါက် ခန့်မဟော်ပင်ဖြစ်ရမည်။
ခန့်မဟော်က သူ့ကို သေအောင်မသတ်သည့်အကြောင်းအရင်းကို သူ သိသည်။ ခန့်မဟော်က သူ့ကို ရှင်ရက်နှင့် နာကျင်စေချင်တာဖြစ်သည်။
သေလမ်းသည် လွတ်မြောက်ရာလမ်းပင်ဖြစ်သည်မို့ ခန့်မဟော်က သူ့ကို အသေခံမည်မဟုတ်ပေ။
အဲဒီနောက်မှာတော့ သူလည်း လောကကြီးနှင့် ထပ်မံအဆက်အသွယ်ပြတ်တောက်သွားတော့သည်။ ယခုတစ်ကြိမ်မှာတော့ သူ အရာအားလုံးကို ကောင်းမွန်စွာ ပြန်သတိရလာသည်။
ခန့်မဟော်ဘက်က ထပ်ပြီးရှေ့ဆက်တိုးလာမည်ကို သိနေသည်မို့ သူ့ဘက်ကလည်း ကိုကို့ကို ကာကွယ်နိုင်အောင် ဒီ့ထက်ပိုပြီး အစစအရာရာကြိုတင်ပြင်ဆင်ထားရပေမည်။
ဒီလူသားလေးကို သူ ဘယ်လိုနည်းနဲ့မှ မစွန့်လွှတ်နိုင်။ ကိုကို့ကို မထိခိုက်စေဖို့ ခန့်မဟော်ကို သတ်ပစ်ရမည်ဆိုလည်းဖြစ်သည်။
ကိုကိုသာ သူ့ကို လက်မလွှတ်သရွေ့၊ ကိုကိုသာ သူ့ကို မစွန့်လွှတ်သရွေ့ သူကလည်း ဒီကံကြမ္မာရေစက်လေးကို ဘယ်လိုနည်းနဲ့မှ အထိခိုက်မခံဘဲ မြဲမြံနေအောင် ဆုပ်ကိုင်ထားမည်။
ကိုကိုလက်ဖဝါးလေးကို မချင့်မရဲဖြစ်ကာ ပိုတိုးဆုပ်ကိုင်မိတော့ နာသွားသည်ထင့်။ ကိုကို့မျက်တောင်ဖျားလေးတွေက တဖျတ်ဖျတ်လှုပ်ခတ်လာသည်။
အဲဒီနောက်မှာတော့ ဖြည်းဖြည်းချင်း ပွင့်ဟလာသော သလင်းကျောက်ကဲ့သို့ ကြည်လင်နေသည့် မျက်ဝန်းလေးတွေ ... ။
“ ဈာန် ”
ကိုကိုက သူ သတိရနေသည်ကို မယုံနိုင်သည့်ဟန်ဖြင့် မျက်လုံးများကို ထပ်ခါထပ်ခါပွတ်သပ်ရင်း သူ့ကို ကြည့်လာသည်။
“ ဈာန် ... ဈာန် မင်း သတိရလာပြီလား ”
သူ ခေါင်းညှိမ့်ပြလိုက်တော့ ကိုကိုက ဝုန်းခနဲမတ်တပ်ထရပ်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသည့်ပုံဖြင့် သူ့ကိုသာ ကြောင်ကြည့်နေသောကြောင့် သူ ပြုံးမိသွားကာ
“ ကိုကို ကျွန်တော့်ကို ထူပေးပါဦး ”
ထိုအခါကျမှ ကိုကိုလည်း သတိပြန်ဝင်သွားကာ သူ ထိုင်ရတာ သက်တောင့်သက်သာရှိအောင် ကျောနောက်မှာ ခေါင်းအုံးတစ်လုံးခံ၍ သူ့ကို ထူပေးသည်။
“ ကိုကိုလည်း ဒီမှာ ထိုင် ... ”
သူ့ဘေးနားက ကုတင်နေရာလွတ်ကို လက်ဖြင့် ပုတ်ပြလိုက်တော့ ကိုကိုက ဝင်ထိုင်သည်။ နှစ်ယောက်သား နီးနီးကပ်ကပ်ထိုင်နေသည့် အနေအထားကို သူ သဘောကျသွား၏။
“ ဈာန် သက်သာရဲ့လားဟင် ... ဘယ်နားတွေ နာနေသေးလဲ ... ငါ ဆရာဝန်သွားခေါ်ပေးရမလား ”
“ ဟင့်အင်း ... မခေါ်နဲ့ ... ကျွန်တော့်နားမှာပဲ နေပေး ... ကိုကို ရှိနေရင် ကျွန်တော့်ဒဏ်ရာတွေက သက်သာတယ် ”
ထရပ်ဖို့ပြင်နေသည့် ကိုကို့လက်လေးကို ဖမ်းဆွဲထားလိုက်ကာ သူ့အနားမှာပဲ နေခိုင်းရသည်။ မတွေ့ရသည့်တခဏအတွင်းမှာ ကိုကိုက တော်တော်စိတ်ပင်ပန်းသွားပုံပေါ်သည်။ မျက်နှာလေးက အရောင်အသွေးကင်းမဲ့ကာ ဖျော့တော့နေလျက် ... ။
“ ငါ မင်းကို အရမ်းစိုးရိမ်နေတာ ဈာန် ”
“ အင်း ... ကျွန်တော် သိပါတယ် ”
ကိုကို့ရဲ့ပါးပြင်အိအိလေးကို လက်ဖြင့် ပွတ်သပ်ရင်း သူ ပြန်ဖြေလိုက်သည်။ အဲဒီနောက်မှာတော့ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားကာ သူတို့နှစ်ဦးကြားထဲသို့ အေးစက်စက်လေထုက တိုးဝှေ့ကျီစယ်လေတော့သည်။
ယခုချိန်၌ သူတို့နှစ်ယောက်လုံး ဘာစကားတစ်ခွန်းမှ မပြောနိုင်သေး။ တစ်ယောက်ကို တစ်ယောက် ပျောက်ကွယ်သွားမှာစိုးသည့်အလား မျက်တောင်မခတ်တမ်း နင့်နင့်သည်းသည်းစိုက်ကြည့်နေမိကြသည်။
သို့သော် ထိုအကြည့်များကပင် အဓိပ္ပာယ်ပြည့်ဝလှသည်။ ထိုအကြည့်များကိုလည်း သူတို့နှစ်ယောက်သာ နားလည်နိုင်သည်။
သူတို့နှစ်ဦး၏အကြည့်များ၌ မြတ်နိုးမှုများ ကိန်းအောင်းနေသည်။ ရူးသွပ်မှုများ ပါဝင်နေသည်။ စိုးရိမ်မှုများ ရောထွေးနေသည်။ သူတို့၏ခံစားမှုအထွေထွေသည် အကြည့်များမှတဆင့် ရင်ခုန်ဖက်ထံသို့ သက်ရောက်စေသည်။
သူ့အကြည့်များကို ကိုကို နားလည်သလို ကိုကို့အကြည့်များကိုလည်း သူ ဖတ်တတ်သည်။ ဤသည်မှာလည်း သူတို့နှစ်ဦး၏ခံစားချက်ချင်း၊ ရင်ခုန်သံချင်း အလုံးစုံထပ်တူကျနေလို့သာပင်။
ကိုကို့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေရင်း သူ့အကြည့်များက ကိုကို့နှုတ်ခမ်းလွှာထံသို့ ရောက်ရှိသွားသည်။ ကိုကို့၏နှုတ်ခမ်းလေးကို လက်မဖြင့် အသာဖိပွတ်လိုက်ကာ
“ ကိုကို့ကို ကျွန်တော် နမ်းချင်တယ် ”
ကိုကို့နှုတ်ခမ်းလေးက အံ့ဩမှုကြောင့် ခပ်ဟဟပွင့်အာသွားသည်။ ထိုအခွင့်အရေးကို သူ အနည်းငယ်မျှပင် လက်လွတ်မခံဘဲ ကိုကိုရဲ့နှုတ်ခမ်းလွှာလေးအား ဖိကပ်နမ်းရှိုက်ပစ်လိုက်၏။
လျှပ်တပြက်အနမ်းခံနေရသည့်တိုင် ကိုကိုက ငြင်းဆန်ခြင်းလည်းမပြု၊ တုံ့ပြန်ခြင်းလည်းမပြုဘဲ တွေဝေကြောင်အနေလျက်သား ... ။
သူ့ရဲ့အနမ်းစစ်ဆင်ရေး၌ ကိုကိုက အာရုံထွေပြားသွား၍ အလစ်အငိုက်မိသွားခဲ့သည်။ သို့သော် သူကတော့ အလျော့ပေးဖို့အစီအစဉ်မရှိဘဲ ကိုကို့ရဲ့နှုတ်ခမ်းလွှာလေးအား ပိုတိုး၍တိုက်စစ်ဆင်နမ်းရှိုက်ဖို့အရေး၌သာ အာရုံစူးစိုက်ထားလိုက်သည်။
ဒီနူးညံ့သည့်နှုတ်ခမ်းသားလေးတွေကို သူ ဘယ်လောက်ထိ လွမ်းဆွတ်ခဲ့ရသလဲ။
ဒီလူသားလေးအား တစ်ချိန်လုံးနမ်းရှိုက်ချင်နေသည့်စိတ်ကို သူ ဘယ်လောက်ထိ ထိန်းချုပ်ခဲ့ရသလဲ။
အခုချိန်၌ သူ ဘာကိုမှဂရုမစိုက်နိုင်တော့ပေ။ သေခြင်းတရားထံမှ ကပ်သီးလေးလွတ်မြောက်လာခဲ့ပြီးနောက်မှာတော့ ဒီလူသားလေးအား ပိုပြီးယုယမြတ်နိုးသွားဖို့ သူ စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သည်။
ကိုကို့နှုတ်ခမ်းလေးကို ဖိကပ်နမ်းနေရင်း သူ သတိထားမိသည်က ကိုကို့ရဲ့နားရွက်ဖျားလေးတွေ၊ ပါးလေးတွေ နီရဲလာခြင်းကိုပင် ... ။
မကြာခင်မှာ ကိုကို့မျက်ဝန်းလေးများက မှိတ်ကျသွားပြီး သူ့အနမ်းများကို ဖြည်းဖြည်းချင်းတုံ့ပြန်လာသည်။ ကိုကို့ရဲ့အနမ်းများက အရင်ကထက် ပိုကျွမ်းကျင်လာမှန်း သိသာလွန်းစွာ ... ။
ကိုကို့ရဲ့လက်တစ်ဖက်က သူ့ဆံပင်များကို ပွတ်သပ်ပေးနေပြီး ကျန်လက်တစ်ဖက်က သူ့ရင်ဘတ်အကျီစကို ခပ်ဖွဖွဆုပ်ကိုင်ထားသည်။ သူ့လက်များကတော့ ကိုကို့ကျောပြင်တစ်လျှောက် ပြေးလွှားနေကာ ကိုကို့အား အလွတ်မပေးစတမ်း သိမ်းကြုံးပွေ့ဖက်ထားသည်။
ကိုကို့ရဲ့ခံတွင်းထဲ ဝင်ခွင့်တောင်းလိုက်တော့ ကိုကိုက သူ့ကို အသာတကြည်ဝင်ခွင့်ပြုလာသည်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦး၏လျှာဖျားများသည် နွယ်ပင်များကဲ့သို့ အချင်းချင်းရစ်ပတ်နှောင်ဖွဲ့သွားကြပြီး အနမ်းများက ပို၍ပင် သိပ်သည်းဆများကာ အားပါလာသည်။
မကြာသေးခင်က နှစ်ယောက်လုံး၏စိတ်ခံစားချက်များသည် အရမ်းကိုနာကျင်ကြေကွဲခဲ့ရသဖြင့် ယခုလိုအချိန်၌ နာကျင်မှုများကို အနမ်းများဖြင့် ပြန်လည်ကုစားနေကြသည့်သဖွယ် ... ။
သူရော၊ ကိုကိုရော ကျန်သည့်အရာများ၌ စိတ်မရောက်နိုင်ကြဘဲ အကောင်းမွန်ဆုံးသော အနမ်းပြဇာတ်တစ်ပုဒ်ကို လှပသိမ်မွေ့စွာ ဖန်တီးပြနိုင်ဖို့အတွက်ပဲ စိတ်အားထက်သန်နေကြသည်။
အခုချိန်လောက်ဆို ကိုကို့နှုတ်ခမ်းသားလေးတွေ အနမ်းခံရလွန်း၍ ထုံကျင်နီမြန်းနေမည်မှန်း သိသော်ငြား လွှတ်ပေးချင်စိတ်မရှိသည်က ခက်လှ၏။
အချိန်ကြာလာသည်နှင့်အမျှ နှစ်ယောက်လုံး၏အနမ်းများက ပို၍နက်ရှိုင်းလာသည်။ အသက်ရှုသံများကလည်း ပို၍ပြင်းထန်လာသည်။ ရင်ခုန်သံများကလည်း ပို၍ကျယ်လောင်လာသည်။
သို့သော် အနမ်းများကိုမူ ယခုထိတိုင် မရပ်စဲနိုင်ကြသေးပေ။ ပြောရမည်ဆိုလျှင် သူတို့နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ဘယ်လိုမှမခွဲခွာနိုင်သကဲ့သို့ ရူးရူးမူးမူးနမ်းရှိုက်နေကြခြင်းသာဖြစ်သည်။
ထိုကဲ့သို့ အနမ်းမုန်တိုင်းအားကောင်းနေစဉ်အချိန်၌ ရုတ်တရက် တံခါးဖွင့်သံကြားလိုက်ရပြီး
“ လေးဆက် ငါ နင့်အတွက် မုန့် ... မုန့် ... ”
အခန်းထဲသို့ဝင်ဝင်ချင်း တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် ဇင်ဇင့်၏ပြောလက်စ စကားများက တစ်ဝက်တစ်ပျက်ဖြင့် ပြတ်တောက်သွားခဲ့ရသည်။
ထို့အတူ ရုတ်တရက်ထွက်ပေါ်လာသော ဇင်ဇင့်အသံဆိုးကြီးကြောင့် ကိုကို့ရဲ့ခန္ဓာကိုယ်လေးက ဆတ်ခနဲတုန်ရင်သွားသည်။
အဲဒီနောက်မှာတော့ သူ့ရင်ဘတ်ကို အသာတွန်းထုတ်ကာ အနမ်းများကြားမှ ရုန်းထွက်ဖို့ ကြိုးစားလာသဖြင့် သူလည်း မချင့်မရဲဖြစ်စွာ ကိုကို့အား လက်လွှတ်ပေးလိုက်ရတော့သည်။
အချိန်အကြာကြီး နမ်းရှိုက်ခံထားရသည့် ကိုကို့နှုတ်ခမ်းလွှာနီစွေးစွေးကြောင့် လူက ပိုပြီးလောဘတက်ချင်လာသည်။ သို့သော်ငြား ကိုကိုက သူနှင့် အကြည့်ချင်းတောင် အဆုံမခံတော့ဘဲ ခေါင်းကိုသာ အောက်ငုံ့ချထားသည်။
ဒါတွေအကုန်လုံးက ဇင်ဇင့်ကြောင့်ပဲ။ အရေးကောင်း ဒိန်းဒေါင်းလာဖျက်သည့် ဇင်ဇင်အား မကျေနပ်စွာဖြင့် စူးစူးရဲရဲစိုက်ကြည့်ကာ
“ နင်က ဒီကို ဘာလို့ လာတာလဲ ”
ထိုအခါ ဇင်ဇင်က ပြုံးစိစိမျက်နှာပေးဖြင့် သူတို့နှစ်ဦးနား လျှောက်လာပြီး
“ ငါက ဘာလာလုပ်ရမှာလဲဟဲ့ ... လူနာလာစောင့်ပေးတာပေါ့ ... လေးဆက်အတွက်လည်း မုန့်တွေ ဝယ်လာတယ် ... ပြီးတော့ နင့်အတွက် မေမေ ပြုတ်ပေးလိုက်တဲ့ ဆန်ပြုတ်တွေလည်း ယူလာတယ် ”
ဇင်ဇင်က သူ ယူလာသည့်စားစရာများကို စားပွဲပေါ်၌ သေချာစီစီရီရီတင်ရင်း
“ ဒါပေမဲ့ ငါ လာတာ နင်တို့ကို ပွဲဖျက်သလိုဖြစ်သွားတယ်နော် ... တိုက်တိုက်ဆိုင်ဆိုင် ကွက်တိကြီးဟယ် ... ငါ ဘာလုပ်ပေးရမလဲ ... နင်တို့ ဆက်နမ်းလို့ရအောင် အပြင်ပြန်ထွက်ပေးရမလား ”
“ ဇင်ဇင် ! ”
ကိုကို့အား မရမကလိုက်စနေသည့် ဇင်ဇင့်အား သူ အံကြိတ်သံဖြင့် ခေါ်လိုက်တော့ ဇင်ဇင်က သူ့အား လျှာထုတ်ပြောင်ပြကာ
“ ဘာလဲ ... ငါ ပြောတာ မဟုတ်လို့လား ... နင်တို့ နမ်းနေကြတာပဲလေ ”
ဇင်ဇင်က လိုက်စလေ၊ ကိုကိုက ပိုအရှက်သည်းကာ ခေါင်းငုံ့ငုံ့သွားလေဖြစ်သည်။ မြင်နေရသည့် ကိုကို့နားရွက်ဖျားလေးတွေကလည်း ရှက်စိတ်ကြာင့် နီရဲတွတ်နေချေပြီ။
“ ငါ ... ငါ ... အပြင်ခဏသွားလိုက်ဦးမယ် ”
ရုတ်တရက်ကြီး ကိုကိုက ထိုင်နေရာမှ ဆတ်ခနဲထရပ်ကာ ပြောလာတော့ သူလည်း ကိုကို့ရဲ့လက်ကောက်ဝတ်ကို ဖမ်းဆွဲထားလိုက်ပြီး
“ အပြင်ကို ဘာသွားလုပ်မလို့လဲ ”
“ လေကောင်းလေသန့်သွားရှုမလို့ ... လွှတ် ... လွှတ်ပေးတော့ ”
နမ်းနေစဉ် လူမိသွားသဖြင့် ကိုကိုက တော်တော်လေးရှက်သွားပုံပင်။ လက်ကို လွှတ်ပေးလိုက်တော့ ကိုကိုက ဘယ်သူ့ကိုမှ မကြည့်ဘဲ အခန်းထဲမှ ခပ်သုတ်သုတ်ပြေးထွက်သွားလေတော့သည်။
ကိုကို့ကျောပြင်လေးကို ငေးကြည့်ရင်း သူ့မျက်နှာထက်တွင်တော့ အပြုံးတချို့ ခိုတွယ်နေလျက် ... ။
“ ပြုံးမနေနဲ့ ကိုယ်တော်ချော ... နင် အရမ်းလက်သွက်တယ်နော် ... သတိပြန်ရလာတာနဲ့ ငါ့သူငယ်ချင်းကို နမ်းမယ်ဆိုတာချည်းပဲ ”
ဇင်ဇင်က ခုနက ကိုကို ထိုင်သွားသည့်နေရာ၌ ဝင်ထိုင်ကာ သူ့ကို ဆူသလိုလိုပြောလာသည်။
“ ငါ့ချစ်သူ ငါ နမ်းတာ ဘာဖြစ်လဲ ... အမှန်ဆို ဒီထက်တောင် ပိုနမ်းလို့ ရသေးတယ် ... နင် ဝင်ရှုပ်လို့ ငါ မနမ်းရတော့တာလေ ”
“ ဈာန်ရောင်ခတို့က တကယ်မနိုင်ဘူးဟေး ”
သူ့အပြောကြောင့် ဇင်ဇင်က ဟက်ဟက်ပက်ပက်ရယ်မောလေတော့သည်။
“ ဒါနဲ့ ဒယ်ဒီရော ... ”
“ အန်ကယ်လေးက အလုပ်ကိစ္စပေါ်လာလို့ ကုမ္မဏီကို ခဏပြန်သွားတယ် ... ပြောရမယ်ဆိုရင် အန်ကယ်လေးနဲ့ လေးဆက်က နင့်ကို တစ်ချိန်လုံး စောင့်ပေးနေတာ ... တွေ့လား ... ငါ ပြောသားပဲ ... အန်ကယ်လေးက နင့်ကို ချစ်ပါတယ်ဆိုနေမှ ... နောက်ဆိုရင် နင်လည်း အန်ကယ်လေးအပေါ် အရမ်းမဆိုးနဲ့တော့ ကြားလား ”
ဇင်ဇင် ပြောသမျှကို ဟိုဘက်နားက ဝင်၊ ဒီဘက်နားက ထွက်ဟု သဘောထားကာ သူ ငြိမ်ငြိမ်လေးပဲ နားထောင်နေလိုက်သည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ည ၇ နာရီ ... ။
မနက် ၂နာရီကတည်းက ဆေးရုံကို ရောက်နေသည့်လေးဆက်က ယခုချိန်ထိ အိမ်ကို တစ်ခေါက်တောင် မပြန်ရသေးပေ။ အမှန်ပြောရမည်ဆိုလျှင် အိမ်ပြန်ချင်စိတ်လည်း တစိုးတစိမှမရှိ။
ထိုကြောင့် နေ့လယ်ကတည်းက နောင်ခန့်အား ဖုန်းဆက်ကာ သူ့အိမ်ကနေ အဝတ်အစားတချို့နှင့် လိုအပ်သည့်ပစ္စည်းများ ယူလာပေးဖို့ အကူအညီတောင်းခဲ့သည်။
အဲဒီနောက် ဒီအခန်းမှာပင် ရေမိုးချိုးကာ ဈာန် သတိရလာသည်အထိ တစ်နေကုန်စောင့်ကြည့်ခဲ့သည်။ ဥဥကလည်း သူနှင့်အတူတူ လူနာစောင့်ပေးကာ ကိစ္စတချို့ရှိလို့ အိမ်ခဏပြန်သွားတာဖြစ်သည်။
သို့သော် ဥဥ ပြန်ရောက်လာသည့်အချိန်နှင့် ဈာန် သတိပြန်လည်လာပြီး သူတို့နှစ်ဦး နမ်းရှိုက်နေသည့်အချိန်က အရမ်းကိုကွက်တိကျလွန်းနေသဖြင့် သူ အရှက်ရသွားသည်။
သူငယ်ချင်း၏မောင်ဖြစ်သူနှင့် နမ်းနေတာကို လက်ပူးလက်ကြပ်မိသွားသည်မဟုတ်လား။ ဘယ်လောက်ပဲ ခင်မင်သည့်သူငယ်ချင်းအရင်းအချာဖြစ်နေပါစေ ဒီလိုအခြေအနေမျိုးနှင့် ထိပ်တိုက်ဆုံတွေ့လိုက်ရတာကတော့ သိပ်မျက်နှာပူစရာကောင်းသည်လေ။
တစ်ခုတော်သေးသည်က ဥဥဖြစ်နေလို့ပင်။ ဥဥနေရာမှာ မြတ်သူတို့၊ ဈာန့်သူငယ်ချင်းတို့သာဆို သူတော့ ရှက်လွန်းလို့ သေသွားလောက်မည်ထင်၏။
ယခုလည်း ဥဥက သူ့အကြောင်းသိ၍ထင့်။ နမ်းသည့်အကြောင်းနှင့် ပတ်သတ်ပြီး ဘာတစ်ခွန်းမှ ထပ်ပြောမလာတော့သည့်အတွက် သူ နည်းနည်းတော့ မျက်နှာပူသက်သာသွားသည်။
အခုဆို ဈာန် သတိပြန်ရလာတာ သုံးနာရီမျှပင် ရှိသွားခဲ့ပြီ။ ဈာန် သတိပြန်ရလာသည်နှင့် မိနစ်ပိုင်းအတွင်း ဆေးရုံအုပ်ကြီးက အခန်းထဲသို့ ရောက်လာပြီး လိုအပ်သမျှကို အကုန်စစ်ဆေးပေးသွားသည်။
နေ့သစ်နှင့် လရောင်ကလည်း ချက်ချင်းဆိုသလိုပင် ဈာန့်ဆီသို့ ရောက်ချလာကာ မကြာသေးခင်ကမှ ဈာန် အတင်းပြန်လွှတ်၍ အိမ်ပြန်သွားတာဖြစ်သည်။
ယခုမူ ဈာန့်အခန်းထဲ၌ သူရယ်၊ ဥဥရယ်သာ လူနာစောင့်အဖြစ် ကျန်ရှိနေတော့သည်။ ညမိုးချုပ်လာပြီဖြစ်သည့်အတွက် သူလည်း ဥဥ ယူလာပေးသည့်ဆန်ပြုတ်အား ဈာန် စားဖို့အတွက် သေချာပြင်ဆင်ပေးလိုက်သည်။
သို့သော် ဈာန့်က ထိုဆန်ပြုတ်ပန်းကန်ကို ထိတောင်မထိသည့်အတွက်
“ ဈာန် ဘာဖြစ်လို့လဲဟင် ... မစားချင်ဘူးလား ”
“ ကိုကို ခွံ့ကျွေး ... ”
“ ဟမ် ! ”
“ ကိုကို ခွံ့ကျွေးမှ စားမယ် ”
ကလေးဆန်သည့် ဈာန့်အပြောလေးကြောင့် သူလည်း မပြုံးဘဲမနေနိုင်တော့။ ဈာန်ကတော့ တကယ့်ကို စိတ်ပိုင်းဖြတ်ထားသည့်အလား နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
သူ ခွံ့မကျွေးမချင်း ဈာန်က လုံးဝစားမည့်ပုံမပေါ်သောကြောင့် သူလည်း ဆန်ပြုတ်တစ်ဇွန်းကိုခပ်ကာ မပူအောင် လေဖြင့်ခပ်ဖွဖွမှုတ်ပြီး ဈာန့်ပါးစပ်နားမှာ တေ့ပေးလိုက်သည်။
“ အာ ... ”
ကလေးတွေကို ခွံ့ကျွေးသလိုမျိုး အသံပြုလိုက်တော့ ဈာန်က လိမ္မာစွာ ပါးစပ်ဟပေးလာသည်။ ဥဥကတော့ ကလေးဆန်နေသည့် သူတို့နှစ်ယောက်ကိုကြည့်ကာ တခွိခွိနှင့်ရယ်မောနေလေ၏။
“ ကိုကိုလည်း စားလေ ”
“ ငါ နောက်မှပဲ ... ”
“ မရဘူး ... အခု ကျွန်တော်နဲ့အတူတူစား ... ကိုကို မစားရင် ကျွန်တော်လည်း မစားတော့ဘူးနော် ”
“ အင်းပါ ... အင်းပါ ... ဟုတ်ပါပြီ ”
အဆိုးလေးအလိုကျ ခေါင်းညှိမ့်ရင်း ဆန်ပြုတ်တစ်ပန်းကန်ကို နှစ်ယောက်အတူတူစားရသည်။ ဈာန့်ကို ခွံ့ကျွေးလိုက်၊ သူ တစ်ဇွန်းစားလိုက်ဖြင့် ဆန်ပြုတ်တစ်ပန်းကန်က ခဏလေးပင်။
ဆန်ပြုတ်တစ်ပန်းကန်ကုန်သွားသည့်တိုင် ဈာန်က ဗိုက်ဆာနေဆဲဖြစ်သဖြင့် နောက်တစ်ပန်းကန်ထပ်ထည့်ပေးရသည်။ သူကတော့ နဂိုကတည်းက အစားနည်းသူဖြစ်သောကြောင့် ထပ်မစားနိုင်တော့။ ထပ်ယူသည့်တစ်ပန်းကန်ကိုလည်း ကုန်သွားသည်အထိ သူ ခွံ့ကျွေးရပြန်သည်။
“ ဒီကလေးလေးက သိပ်အစားကြီးတာပဲ ”
ဈာန့်နှုတ်ခမ်းကို တစ်ရှူးဖြင့်သုတ်ပေးရင်း ပြောတော့ ဈာန်က ပြုံးစိစိဖြင့်
“ ကိုကို ခွံ့ကျွေးတော့ စားကောင်းတာကိုး ”
စကားတတ်သည့်ဈာန့်ကိုဆို သူ ဘယ်တော့မှ မနိုင်ပေ။ ဈာန် တစ်ခွန်းပြောလိုက်တိုင်း အသည်းယားပြီး ပြုံးမိသည်သာ။
ခဏအကြာတွင် အခန်းတံခါးပွင့်လာပြီး ဈာန့်ဒယ်ဒီနှင့် ဆေးရုံအုပ် ဝင်လာသောကြောင့် လေးဆက်လည်း ဈာန့်ဘေးနားတွင် ထိုင်နေရာမှ အလျင်စလိုထရပ်လိုက်သည်။
ဘာပဲပြောပြော လူကြီးသူမ ရောက်နေသည်ကို သူက ခပ်တည်တည်နှင့် ဆက်ထိုင်နေလို့မှ မဖြစ်တာ။ လူကြီးတွေ ထိုင်ဖို့ နေရာဖယ်ပေးလိုက်တော့ ဈာန့်ဒယ်ဒီက သူ့အပြုအမူကို အသိအမှတ်ပြုသလို တစ်ချက်ပြုံးပြရင်း ခုံမှာ ဝင်ထိုင်သည်။
ဈာန်ကတော့ အဖေဖြစ်သူအား မရယ်မပြုံးဘဲ ခပ်တည်တည်ဖြင့် စိုက်ကြည့်နေလျက် ... ။
ဒီကောင်လေးကတော့လေ ... အဖေကို ဘယ်လိုမျိုး ဆက်ဆံနေတာလဲ။
သူကသာ အားနာစိတ်ကြောင့် မချင့်မရဲဖြစ်နေပေမဲ့ ဈာန့်ဒယ်ဒီကတော့ ထိုအခြေအနေကို အတော်နေသားကျနေသည့်အလား ဈာန့်လက်ကို ဆုပ်ကိုင်ရင်း နွေးနွေးထွေးထွေးပြုံးကာ
“ သား ဘယ်လိုနေသေးလဲ ... သက်သာရဲ့လား ”
ဈာန်က ဘာတစ်ခွန်းမှ မဖြေဘဲ ခေါင်းကိုသာ ညိမ့်ပြသည်။ သူကတော့ ဥဥနှင့်အတူ တခြားဆိုဖာခုံ၌ ထိုင်နေရင်း သားအဖနှစ်ယောက်၏အခြေအနေကို အကဲခတ်ရသည်။
အဲဒီနောက်မှာတော့ ဟိုဟိုဒီဒီပြောရင်း ဈာန်ရယ်၊ ဈာန့်ဒယ်ဒီရယ်၊ ဆေးရုံအုပ်ရယ် သုံးယောက်သား စကားလက်ဆုံကျသွားလေ၏။ ထိုအခါကျမှ ခပ်တည်တည်ဖြစ်နေသော ဈာန့်မျက်နှာလေးက တဖြည်းဖြည်းနဲ့ ကြည်လင်ရွှင်ပျလာတော့သည်။
အမှန်တော့ ဈာန်က သတိရရချင်း သူ့ဒယ်ဒီကို မတွေ့ရသဖြင့် အနည်းငယ်စိတ်ကောက်ချင်နေတာဖြစ်သည်။ ဘယ်လောက်ပဲလူကြီးယောင်ဆောင်နေပါစေ ဈာန်ရောင်ခဆိုသည်မှာ သူ့အတွက်တော့ အလွန်ချစ်စဖွယ်ကောင်းသည့် ကလေးငယ်သာဖြစ်သည်။
အချိန်အားဖြင့် တစ်နာရီကျော်သွားခဲ့ချေပြီ။ ဆေးရုံအုပ်က ဈာန့်ဒဏ်ရာနှင့် ပတ်သတ်ပြီး အသေးစိတ်ရှင်းပြနေသည်ကို သူတို့အားလုံး ဂရုတစိုက်ဝိုင်းနားထောင်နေကြသဖြင့် အချိန်ကုန်သွားသည်ကိုတောင် ဘယ်သူမှ သတိမမူနိုင်ပေ။
ဈာန့်ကို နှစ်ပတ်လောက် ဆေးရုံမှာပဲ အေးအေးဆေးဆေးအနားယူခိုင်းဖို့ ဆေးရုံအုပ်က အကြံပေးသည်။ ဆေးရုံမှာဆို ဘာတစ်ခုမှ စိတ်ပူစရာမလိုပေ။ တာဝန်ကျဆရာဝန်များကလည်း အချိန်မရွေး အဆင်သင့်ရှိနေမည်ဖြစ်သောကြောင့် ဈာန့်ဒယ်ဒီကလည်း ထိုအစီအစဉ်ကို လိုလိုလားလားလက်ခံလိုက်သည်။
သို့သော် ဈာန်ကတော့ မျက်နှာသိပ်မကောင်း။ ဒီကလေးက နဂိုကတည်းက ဆေးရုံ၊ ဆေးခန်းဆို မုန်းသည်လေ။ အဲဒီလိုကလေးမျိုးက ဆေးရုံနှစ်ပတ်တက်ရမည်ဆိုတော့ သေချာပေါက် စိတ်ညစ်နေပေလိမ့်မည်။
ထိုအစီအစဉ်ကို ဈာန် အရမ်းငြင်းဆန်ချင်နေမှန်း သူ သိသည်။ သူ့ဆီသို့ ဈာန့်အကြည့်များ ဝေ့လာသည့်အခိုက် သူ ဈာန့်ကို အကြည့်များဖြင့် သတိပေးလိုက်သည်။ မင်း ငြင်းရဲငြင်းကြည့် ဆိုသည့်သဘော ... ။
လေးဆက်အနေနဲ့ကတော့ ဈာန့်ဒယ်ဒီကဲ့သို့ပင် ထိုအစီအစဉ်ကို လုံးဝသဘောတူသည်။ ဆေးရုံမှာပဲနေရမှာဆိုတော့ ဈာန် တစ်ခုခုဖြစ်လျှင်တောင် နီးစပ်ရာတာဝန်ကျဆရာဝန်များကို အချိန်မရွေးအကူအညီပြေးတောင်းလို့ရသည်လေ။
ထို့အပြင် ဆေးရုံအုပ်ကြီးကလည်း ဈာန့်ကို အမြဲတမ်းဂရုစိုက်ပေးနေမှာဆိုတော့ အရာအားလုံးက အတိုင်းထက်အလွန်ပင်။ ဈာန်ကလည်း သူ့အကြည့်များ၏ရည်ရွယ်ချက်ကို သဘောပေါက်သည်ထင့်။ မျက်နှာလေး ရှုံ့မဲ့နေသော်ငြား ငြင်းဆန်ခြင်းမပြုတော့ပေ။
“ ဒါနဲ့ မဟာရေ ညရေးညတာအတွက် သားဘေးနားမှာ စောင့်အိပ်လို့ရအောင် အမျိုးသားသူနာပြုတစ်ယောက်တော့ ရှာပေးဦး ”
“ အေးပါ ဆက်ခရာ ... ငါ သိပါတယ်ကွ ”
ဈာန့်ဒယ်ဒီနှင့် ဆေးရုံအုပ်တို့သူငယ်ချင်းနှစ်ယောက် အပြန်အလှန်စကားပြောဆိုနေကြစဉ် တစ်စခန်းထလာသူက ဈာန် ... ။
“ ကျွန်တော် သဘောမတူဘူး ! ”
မျက်မှောင်ကျုံ့ထားသည့် ဈာန်က တစ်ခုခုကို အလိုမကျနေသလိုပင်။
“ ဘာဖြစ်လို့လဲ သားဈာန် ”
ဆေးရုံအုပ်က ဝင်မေးသည်။
“ ကျွန်တော် အမျိုးသားသူနာပြု မလိုချင်ဘူး ”
“ ဒါဆို တခြားသူနာပြုဆရာမကို ငှားပေးရမလား ... ဒယ်ဒီက သား အဆင်မပြေမှာစိုးလို့ ... ”
“ ဘယ်သူ့ကိုမှ မလိုချင်ဘူး ! ”
“ ဟမ် ! ”
ဈာန့်ဒယ်ဒီက မျက်လုံးပြူးကာ ဆွံ့အသွားသည်။
“ သူ ကျွန်တော့်ကို ညအိပ်စောင့်ပေးလိမ့်မယ် ”
ဈာန်က သူ့ကို လက်ညှိုးထိုးပြလာသဖြင့် လူကြီးနှစ်ယောက်လုံးက သူ့ကို တစ်ပြိုင်နက်တည်းလှည့်ကြည့်လာသည်။
“ သူလား ”
ဈာန့်ဒယ်ဒီက မယုံနိုင်စွာဖြင့် မေးလာသည်။
“ ဟုတ်တယ် ... သူပဲ ”
“ သူက သားရဲ့စီနီယာဆို ... အဲဒါဆို ညဘက်ကြီးထိ သားကို ပြုစုခိုင်းဖို့ကျ နည်းနည်းအားနာဖို့ကောင်းတယ်လေ ... ပြီးတော့ သူလည်း အိမ်ပြန်ချင်ရှာမှာပေါ့ ... ဒီနေ့တစ်နေ့လုံး သားကို လူနာစောင့်ပေးနေရတာဆိုတော့ ဒီကလေးလည်း တော်တော်ပင်ပန်းနေလောက်ပြီ ”
“ မရဘူး ! ကျွန်တော် သူ့ကိုပဲ လိုချင်တယ် ! သူပဲ ကျွန်တော့်ကို ညစောင့်အိပ်ပေးရမယ် ! ”
ဈာန်ကလည်း နည်းနည်းလေးမှ အလျော့မပေးဘဲပြန်ဖြေသည်။ လေးဆက်ကတော့ သူတို့သားအဖကြားတွင် ညှပ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဥဥကလည်း ကြောင်အအဖြင့် ငေးကြည့်နေ၏။ ဆေးရုံအုပ်ကြီးကလည်း ပါးစပ်အဟောင်းသားဖြင့် ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
“ ဈာန် ငါ မီးပိတ်လိုက်တော့မယ်နော် ”
“ အင်း ”
ဈာန်က ခေါင်းညှိမ့်ပြလာသဖြင့် သူလည်း မီးပိတ်လိုက်သည်။ အခန်းတစ်ခုလုံး မှောင်အတိကျသွားသော်ငြား မှိန်ဖျော့ဖျော့မီးအလင်းရောင်ကတော့ ခပ်ပါးပါးကျန်ရှိနေသေးသည်။
“ ကိုကို ”
“ အင်း ... ငါ ရှိတယ် ”
“ ဘယ်မှာလဲ ”
“ ဒီဖက်ကုတင်မှာ ... ”
VIP Room ဖြစ်သည်မို့ လူနာစောင့် အိပ်သည့်ကုတင်က သက်သက်ရှိလေသည်။ ခုနက သားအဖနှစ်ယောက်၏စကားအငြင်းအခုံပွဲမှာ သူတို့နှစ်ယောက်အကြောင်း အလုံးစုံသိနေသည့် ဆေးရုံအုပ်ကြီးက ကြားဝင်ဆွေးနွေးပေး၍ အရာအားလုံး အဆင်ပြေသွားခဲ့လေသည်။
ယခုဆို ည ဆယ်နာရီခွဲသွားပြီဖြစ်သောကြောင့် လူနာအနေနဲ့ အိပ်ဖို့သင့်လေပြီ။ အဲဒါကြောင့် ပုံမှန်ဆို ည တစ်နာရီ၊ နှစ်နာရီလောက်မှ အိပ်တတ်သော ဈာန့်အား မနည်းနားချကာ အတင်းအိပ်ခိုင်းထားရခြင်း ... ။
ယခုလည်း ဈာန်က ဘာကိုအလိုမကျသည်မသိ။ အသံလှိုင်းက သိပ်ပြေပြစ်မနေပေ။ အိပ်ခါနီးကျမှ ဒီကလေး ဘာထဖြစ်တာပါလိမ့်။
“ ဈာန် ဘာဖြစ်လို့လဲ ... ဒဏ်ရာက နာလို့လား ”
“ ကျွန်တော့်ကုတင်မှာ လာအိပ်ပေး ... ”
“ ဟမ် ! ”
မေးလိုက်သည့်မေးခွန်းနှင့် အဖြေက တခြားစီပင်။ ဈာန် ပြောချင်သည့်စကားအဓိပ္ပာယ်ကို နားလည်သော်ငြား နှစ်ယောက်အတူတူအိပ်မည်ဆိုလျှင် ဈာန့်ဒဏ်ရာတွေအပေါ် ဖိမိမည်စိုးသောကြောင့်
“ ငါ ဒီဘက်ကုတင်မှာပဲ အိပ်လိုက်တော့မယ် ဈာန် ”
“ ကိုကို မလာရင် ကျွန်တော် မအိပ်ဘူး ”
ဟူး ... ။
သက်ပြင်းမောချမိပြန်၏။ ဒီကလေးက သိပ်ဆိုးလွန်းသည်မဟုတ်ပါလား။ အဲဒါနဲ့ သူလည်း မတတ်သာတော့ဘဲ ဈာန့်ကုတင်ဆီသို့ ကူးပြောင်းရတော့သည်။
အမှန်တော့ ဈာန့်ကုတင်က အတော်ကြီး၏။ ထို့ကြောင့် သူတို့နှစ်ဦး အတူအိပ်မည်ဆိုပါက အနေတော်ပင်ဖြစ်သည်။ သူ ရောက်လာတော့ ဈာန်က ဘေးကို ကပ်ပေးသည်။ ခေါင်းအုံးကလည်း ကြီးသည်မို့ ခေါင်းအုံးတစ်ခုတည်းကို နှစ်ယောက်အတူတူ အုံးကြ၏။
ဘေးချင်းကပ် မျက်နှာနှစ်ခုက အရမ်းနီးကပ်နေသဖြင့် ဝင်လေ၊ ထွက်လေများက အချင်းချင်းရိုက်ခတ်နေသည်။ မှိန်ဖျော့ဖျော့အလင်းရောင်ကလည်း သူတို့နှစ်ဦးအပေါ် ဖြာကျနေလျက် ... ။
ဈာန့်လက်များက တဖြည်းဖြည်း သူ့ကို ပွေ့ဖက်လာသည်။ ဒီကလေးက လက်မှာ ဒဏ်ရာတွေ ရှိနေတာတောင် ... ။
“ ဈာန် မင်းလက် နာနေတယ်မဟုတ်လား ... ငါ့ကို မဖက်နဲ့တော့ ”
“ ကိုကို့ကို မဖက်ရရင် ဒီည ကျွန်တော် အိပ်ပျော်မှာမဟုတ်ဘူး ”
သူ့မျက်နှာက ပြုံးယောင်သန်းသွား၏။ ထို့အတူပင် ဈာန့်၏ပွေ့ဖက်ယုယခြင်းများအားလည်း သူ ငြိမ်သက်စွာပင် ခံယူလိုက်သည်။
သို့သော် အချိန်နည်းနည်းကြာသည့်အထိ ဈာန်က မအိပ်သေးဘဲ သူ့ကိုသာ စိုက်ကြည့်နေသောကြောင့် ဈာန့်နှုတ်ခမ်းလေးကို တစ်ချက်နမ်းလိုက်ကာ
“ ဂွတ်နိုက်ပါ ကိုကို့ကလေးလေး ”
ထိုအခါ ဈာန်ကလည်း သူ့နှုတ်ခမ်းကို ပြန်နမ်းလာပြီး
“ ဂွတ်နိုက် ကိုကို ... အိပ်မက်လှလှမက်ပါစေ ”
“ အင်း ... မင်းရောပဲ ”
အဲဒီနောက်မှာတော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်ရင်း၊ အပြုံးများ ဖလှယ်ရင်း အိပ်မက်လှလှရပ်ဝန်းဆီသို့ အလည်အပတ်ရောက်ရှိသွားလေတော့သည်။
10:30 A.M
26.8.2021 ( Thursday )