ရန်ကုန်မြို့ပြင်ရှိ အဝေးပြေးလမ်းမကြီးတစ်လျှောက် မောင်းနှင်လာသော ကားနက်ပြာရောင်တစ်စီး ... ။
နှေးသည်ဟုလည်းမဆိုသာ၊ မြန်သည်ဟုလည်းမဆိုသော အရှိန်နှုန်းတစ်ခုဖြင့် ထိုကားသည် အလိုရှိရာဆီသို့ ခရီးဆက်နေသည်။
ကားထဲ၌မူ တစ်ကိုယ်လုံးနက်စွေးနေအောင် ဝတ်ဆင်ထားသော ဈာန်ရောင်ခသည် ပြုံးခြင်း၊ ရယ်ခြင်းအလျင်းမရှိဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် ကားကိုသာ တစိုက်မတ်မတ်မောင်းနှင်နေသည်။
ဈာန်ရောင်ခ၏မျက်နှာသည် အလွန်တည်ငြိမ်နေသော်ငြား အကြည့်များကား စူးရှလှသည်။ မာထန်လှသည်။ ပြတ်သားလှသည်။
ယောကျာ်းပျိုတစ်ယောက်၏မာန်မာနနှင့် ပြီးပြည့်စုံနေလေသည်။
ကြည့်ရသည်မှာ ဈာန်ရောင်ခသည် တစ်စုံတစ်ခုကို အသေအချာ စိတ်ပိုင်းဖြတ်ထားပုံပင်။
အနက်ရောင်ရှပ်အကျီလက်ရှည်ကို လက်ဖျံထိ ခေါက်တင်ဝတ်ထားသဖြင့် ဈာန်ရောင်ခသည် ပို၍ပင် ဆွဲဆောင်မှုရှိကာ လူကြီးဆန်ဆန်ချောမောခန့်ညားနေ၏။
စတီရာတိုင်ကို ဆုပ်ကိုင်ထားသည့် လက်ချောင်းရှည်ရှည်သွယ်သွယ်များမှာလည်း သွေးကြောစိမ်းများ ထင်းနေပြီး ပြစ်ချက်မရှိ ရှင်းသန့်လှသည်။
အနက်ရောင်ဒိုင်ခွက်နှင့် သားရေကြိုးအနက်ပါသည့် Rolex နာရီကလည်း ဈာန်ရောင်ခ၏ဘယ်လက်ကောက်ဝတ်ထက်၌ ထင်းခနဲ ပေါ်လွင်နေသည်။
နဂိုကတည်းက ချောမောခန့်ညားပြီး အသားဖြူသူဖြစ်သောကြောင့် တစ်ကိုယ်လုံးကို အနက်ရောင်ဆင်ချလာသည့်အခါမှာတော့ ဈာန်ရောင်ခသည် လူတကာ ငေးကြည့်ချင်စရာကောင်းလောက်အောင်ကို အဘက်ဘက်က ပြီးပြည့်စုံနေ၏။
တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် လူကုံထံ အထက်တန်းစားမျိုးရိုးမှန်း သိသာလွန်းစွာ ... ။
ညနေစောင်းနေဝင်ရီတရောအချိန်ဖြစ်သောကြောင့် အနောက်အရပ်သို့ ငုပ်လျှိုးစပြုနေသည့် နေမင်းကြီးမှ ထုတ်လွှတ်လိုက်သည့် လက်ကျန်အလင်းရောင်သဲ့သဲ့ဟာ ထိုကားနက်ပြာလေးပေါ်သို့ အစွမ်းကုန်ဖြာကျနေ၏။
ကားဖြတ်သန်းမောင်းနှင်ရာ ဘေးတစ်ဖက်တစ်ချက်စီ၌လည်း မြစိမ်းရောင်အဆင်းရှိသော လယ်ကွင်းစိမ်းစိမ်းများကား ရှုမငြီးနိုင်ဖွယ် မြင်ကွင်းတဆုံးထိတိုင် တွေ့မြင်နေရသည်။
လေယူရာ ယိမ်းနွဲ့ညွတ်တွားနေကြသော စပါးပင်များသည်လည်း မသိလျှင် အငြိမ့်စင်မြင့်ခုံထက်၌ အစွမ်းကုန်ကကြိုးဆင်နေကြသော ဂုဏ်သရေရှိ ကချေသည်များအလား ... ။
ထိုစိမ်းဖန့်ဖန့်လယ်ကွင်းများအား ဖြတ်သန်းတိုက်ခတ်လာသော ဆောင်းလေအေးသည် မြို့ပြ၏လေထုနှင့် အနည်းငယ်မျှပင် နှိုင်းယှဉ်၍မရလောက်အောင် ကွာခြားလှသည်။
အေးမြသည်။ လတ်ဆတ်သည်။ သန့်ရှင်းသည်။ ကျန်းမာရေးအတွက် သင့်တော်သည်။
ထို့အတူ လွတ်လပ်မှုတည်းဟူသော အရသာကိုလည်း ပေးစွမ်းနိုင်သည်။
ကားစီးလျှင် အမြဲလိုလိုမှန်ချစီးကာ လေညင်းခံတတ်သော တစ်စုံတစ်ယောက်အားလည်း ပြေးသတိရသွားသည်။
ဈာန်ရောင်ခ၏မျက်နှာထက်၌ ပြုံးရိပ်ငွေ့ငွေ့ ဖြတ်ပြေးသွားလေသည်။
သူ အဲကွန်းမဖွင့်တော့ဘဲ ကားမှန်ကို ချလိုက်သည်။ ထိုအခါ ပြင်ပမှတိုက်ခတ်လာသော လေအရှိန်ကြောင့် သူ့ဆံပင်များသည် အစိုးမရဘဲ လေယူရာ တိမ်းနေတော့သည်။
သို့သော် ဤအချက်ကြောင့်ပင် ဈာန်ရောင်ခ၏ဆွဲဆောင်ညှို့ငင်မှုသည် ပို၍အားကောင်းသွားသည်။
ယခု ဈာန်ရောင်ခ ဦးတည်သွားနေသည်က ရန်သူတော် ခန့်မဟော်ဆီသို့ ... ။
ဟုတ်သည်။ နားကြားမမှား။
ခန့်မဟော်နှင့်တွေ့ရန် သွားနေခြင်းသာ ... ။
ဤကဲ့သို့ ဖြစ်ရသည့်အကြောင်းရင်းမှန်ကို ဇာတ်စုံခင်းကျင်းပြရမည်ဆိုလျှင်တော့ ဒီနေ့လယ်ခင်း၌ ခန့်မဟော်တစ်ယောက် ရုတ်တရက်ကြီး သူ့ထံ ဖုန်းဆက်လာသည်နှင့် အစပျိုးရပေမည်။
နေ့လယ် ၂ နာရီအချိန် ... ။
ထိုအချိန်၌ ကိုကိုက သူနှင့်အတူ နေ့လယ်စာစားပြီးနောက် ထုံးစံအတိုင်း ဆေးသောက်ကာ အိပ်ပျော်သွားသည်။
သူကတော့ ကိုကို့စာကြည့်စားပွဲတွင် ထိုင်ကာ ဒယ်ဒီ့အလုပ်အား ကူလုပ်ပေးနေပြီး တစ်ဖက်မှာလည်း ကိုကို့၏အရိပ်အကဲအား စောင့်ကြည့်နေရသည်။
ကိုကို့အား စောင့်မကြည့်လို့မရပေ။ သူ့ရဲ့လစ်ဟင်းမှုတစ်စုံတစ်ရာကြောင့် ကိုကို တစ်ခုခုဖြစ်သွားမှာ၊ တစ်ခုခုထိခိုက်သွားမှာကို သူ သေမတတ်စိုးရိမ်သည်။
မနေ့ကလည်း ကိုကိုနှင့် သူ အကြီးအကျယ်ရန်ဖြစ်ခဲ့ရသည်။ အကြောင်းရင်းမှာ ဝရန်တာရှိ ပန်းအိုးနှစ်အိုး၏အနောက်ကြားတွင် ဖွက်ထားသော စီးကရက်ဘူးကို သူ အမှတ်မထင်ရှာတွေ့ခဲ့ခြင်းကြောင့်ဖြစ်သည်။
ဗလာဟင်းလင်းဖြစ်နေသည့် စီးကရက်ဘူးကို ကိုင်ရင်း သူ အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်ကာ ပေါက်ကွဲသမျှကို ကိုကိုက မတုန်မလှုပ်ကျောက်ရုပ်အသွင်ဖြင့် နှုတ်ဆိတ်လျက်သာ နားထောင်နေခဲ့သည်။
တစ်ခွန်းတစ်လေမှ ပြန်လှန်ပြောခြင်းမရှိ။
သူ့အပြစ် သူ သိနေသည့်အလား။
သို့သော်ငြား သူ့စကားကို ကိုကို တကယ်ပဲ နားဝင်ပါရဲ့လား။
သူ့စကားအတိုင်း ကိုကို တသွေမတိမ်း လိုက်နာပါရဲ့လား။
သူကတော့ မထင်ပါ။
ကိုကို့မှာ လုပ်ချင်ရာကိုသာ တဇွတ်ထိုးလုပ်တတ်သည့် အကျင့်လေးတစ်ခုက လျို့ဝှက်စွာပုန်းအောင်းနေသည်။
ဒါကို ဘယ်သူမှ မသိပေမဲ့ သူကတော့ သိသည်။
ကိုကို့အကြောင်းကို သူ့ထက် ဘယ်သူကများ ပိုသိနိုင်မည်လဲ။
ကိုကို့အကြောင်းကို သူ့ထက် ဘယ်သူကများ ပိုကျွမ်းဝင်နိုင်မည်လဲ။
ဆေးအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ကိုကို့အား ငေးကြည့်ရင်း သူ အတွေးများနေမိပြန်သည်။
အမှန်ဆို အခုတလော သူ အလုပ်အရမ်းများနေသည်။ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နှင့် ဘယ်လိုမှ မအားလပ်နိုင်ပေ။
တက္ကသိုလ်နောက်ဆုံးနှစ်သို့ ရောက်နေပြီဖြစ်သောကြောင့် မိုင်နာဘာသာရပ်တွေ မရှိတော့ပေ။ မေဂျာဘာသာရပ်အဖြစ် သင်နေရသည့် ရုရှားစာကလည်း တစ်နေ့တစ်ခြား ပို၍ခက်ခဲလာသည်။
ထို့အပြင် နဂိုကတည်းက စီစဉ်ထားသလို ဆယ်တန်းအောင်သည်နှင့် နိုင်ငံခြားမှာ ကျောင်းသွားတက်မည့်အစီအစဉ်အား ဖျက်စီးခဲ့သည့်အပြင် အမှတ်မိရက်နဲ့ စီးပွားရေးတက္ကသိုလ်ကို ပစ်ပယ်ပြီး ကိုကိုရှိရာ ဘာသာစကားတက္ကသိုလ်ကိုသာ ရွေးချယ်ခဲ့သည့် သူ့အား ဒယ်ဒီက ယခုထိတိုင် အမြင်မကြည်သေးပါ။
သို့သော် တစ်ဦးတည်းသော သားဖြစ်သည့် သူ့အား မဆူရက်၊ မမာန်ရက်သောကြောင့် ဒယ်ဒီက အမျက်ဒေါသကို အပြင်မထုတ်ခဲ့ပေ။ အဲဒီအစား တစ်ချိန် သူ ဦးစီးရမည့် လုပ်ငန်းများအား ပိုကျွမ်းကျင်အောင် နှစ်ဆတိုး၍ ခိုင်းစေသည်။
ထို့အပြင် တစ်ဖက်မှာလည်း လစ်လပ်မှုမရှိအောင် စီးပွားရေးနှင့်ဆိုင်သည့် ဘာသာရပ်များကိုလည်း ထပ်မံလေ့လာဆည်းပူးရသေးသည်။
၎င်းကိစ္စများနှင့် ပတ်သတ်ပြီး လူက လုံးလည်ချာလည်လိုက်နေရသဖြင့် သူ့မှာ အားလပ်ချိန်မရှိ။ နည်းနည်းလေးမျှတောင် အားလပ်ချိန်မရှိပေ။
ဤသို့ဆိုစေကာမူ ယခုအချိန်၌ မလုပ်မဖြစ်သောကိစ္စတချို့မှလွဲ၍ အရာအားလုံးကို သူ လျစ်လျူရှုထားလိုက်သည်။ ပစ်ထားလို့ရသည့်ကိစ္စဆို နောက်လှည့်မကြည့်ဘဲ ပစ်ထားလိုက်သည်။
ကျောင်းမသွားဖြစ်တာလည်း တစ်ပတ်မကတော့။ မဟာဆေးရုံ၌ အကြံအဖန်လုပ်ကာ ဆေးခွင့်တင်ထားသောကြောင့် ကျောင်းပျက်ခြင်း၏နောက်ဆက်တွဲပြဿနာတော့ သိပ်မရှိပေ။
ဒီအတောအတွင်း နေ့သစ်နှင့် လရောင်ကလည်း ကျောင်းမှာ သင်ကြားထားသမျှအားလုံးကို သူ့အတွက် မှတ်စုထုတ်ပေးကာ ပြန်လည်သင်ကြားပေးသည်။ ထို့ကြောင့် နည်းနည်းခံသာသည်ဟု ပြောရပေမည်။
ကိုကိုကလည်း သူ ကျောင်းမသွားတာကို ရိပ်မိပုံပေါ်သည်။ သို့သော် သူ့ကို ပြောမရမှန်းသိနေသည်မို့ ဘာတစ်ခွန်းမှ စကားစမလာပေ။ ကိုကို ကျောင်းအတင်းသွားခိုင်းလည်း သူကတော့ သွားမည်မဟုတ်။
ကိုကို့အနားမှာသာ တစ်ချိန်လုံးနေချင်သည်။
ကိုကို့အနားမှာသာ တစ်သက်လုံးရှိချင်သည်။
ထိုစဉ် စာကြည့်စားပွဲ၌ တင်ထားသော ဖုန်းက တုန်ရင်လာသည်။ ကိုကို အိပ်ပျော်နေသည်မို့ ဖုန်းကို အသံမထွက်အောင် Vibrate လုပ်ထားခဲ့မိခြင်း ... ။
အဆက်မပြတ်တုန်ရင်နေသော ဖုန်းအား ကောက်ယူကြည့်မိတော့ ပေါ်နေသည့် ဖုန်းနံပါတ်ကြောင့် သူ မျက်မှောင်ကျုံ့သွားသည်။
ခန့်မဟော် ... ။
Contact List ထဲမှာ မမှတ်ထားပေမဲ့ ခန့်မဟော်၏ဖုန်းနံပါတ်ကိုတော့ သူ တစ်လုံးမကျန် အလွတ်နီးပါးမှတ်မိနေသည်။
ကြည့်ရတာ ခန့်မဟော်က သူ့ရဲ့မျက်ခြေမပျက်သတိထားနေရမည့် ရန်သူတော်ဖြစ်နေသောကြောင့် ထင်သည်။
သူ့ဦးနှောက်က ပို၍ပင် အလုပ်လုပ်နှုန်းမြန်ဆန်ကာ ကောင်းမွန်နေသည်။
ဒီလိုအချိန်ကြီးမှာ ခန့်မဟော်က သူ့ကို ဘာကြောင့် ဖုန်းဆက်ရတာလဲ။
ပြောရမည်ဆိုလျှင် အနည်းငယ်တော့ ထူးဆန်းသည်။
ဒါက ပြဿနာဖြစ်ပွားပြီး ရက်ပေါင်း ဆယ်ရက်မက ကြာမြင့်ပြီးနောက်ပိုင်း ခန့်မဟော်ထံမှ ဝင်လာသည့် ပထမဆုံးဖုန်းကောလ်ဖြစ်သည်။
ဧကန္တ ခန့်မဟော်၏သည်းခံနိုင်စွမ်းတွေက ကုန်ဆုံးနေပြီထင်သည်။
သူ မဲ့ပြုံးတစ်ချက်ပြုံးကာ အကြောက်အလန့်မရှိ ထိုဖုန်းအား ကောက်ကိုင်လိုက်သည်။
ထိုအခါ ချက်ချင်းဆိုသလို သူ့နားထဲ တိုးဝင်လာသည်က ခန့်မဟော် ရွတ်ပြနေသည့် အချိန်နှင့် နေရာ ... ။
" မင်း လာဖို့ သတ္တိရှိလား "
ဆိုသည့် စကားအဆုံးမှာတော့ ဈာန်ရောင်ခ၏နှုတ်ခမ်းစွန်းလေးက မထီမဲ့မြင်နိုင်စွာ ကော့တက်သွားသည်။
သူအနေနဲ့ မသွားဝံ့စရာ အကြောင်းမရှိပေ။
" ကောင်းပြီ "
ဆိုသည့် စကားတစ်ခွန်းဖြင့်သာ သူ အဆုံးသတ်ပေးလိုက်၏။
ညနေစောင်းအချိန် ... ။
ရေမိုးချိုးဝတ်စားပြီးနောက် လက်မှာ ပတ်ထားသည့် နာရီအား တစ်ချက်ငုံ့ကြည့်လိုက်သည်။ ယခုအချိန် သွားမည်ဆိုပါက ချိန်းဆိုထားသည့်နေရာသို့ ကွက်တိလောက် ရောက်ပေလိမ့်မည်။
အပြင်သွားရန်အလို့ငှာ အိမ်ရှေ့ခန်းထဲသို့ ထွက်အလာတွင် ကိုကိုက ဆိုဖာပေါ် ငုတ်တုတ်လေး ထိုင်နေရာမှ ချက်ချင်းဆိုသလို မတ်တတ်ထရပ်ကာ သူ့အနားသို့ အပြေးအလွှားရောက်လာသည်။
ကိုကို့ပုံစံကို ကြည့်ရသည်မှာ အနည်းငယ်စိတ်ရှုပ်နေသည့်ပုံပင်။ လက်ချောင်းများကို အချင်းချင်းပွတ်သပ်နေကာ တစ်စုံတစ်ရာကို ပြောရခက်နေသည်။
အဲဒီနောက် ကိုကိုက ဝတ်စားပြင်ဆင်ထားသည့် သူ့ကို ခြေဆုံးခေါင်းဆုံးထပ်ခါတလဲလဲကြည့်ကာ
" အခု မင်း ဘယ်သွားမလို့လဲ ဈာန် "
ကိုကို့အမေးက စိုးရိမ်သည့် လှိုက်သံပါနေသောကြောင့် သူ ပြုံးလိုက်မိပါ၏။
ဘာကြောင့်မှန်းမသိဘဲ စိုးရိမ်ပုံပေါ်နေသည့် ကိုကို့ရဲ့လက်မောင်းလေးနှစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်ကာ
" ဒယ်ဒီ ခိုင်းထားတဲ့အလုပ်ကိစ္စလေးရှိလို့ အပြင်ခဏသွားရမှာ ကိုကိုရဲ့ ... ဒီနေ့တော့ အပြန်နည်းနည်းနောက်ကျမှာမို့ ကျွန်တော့်ကို စောင့်မနေနဲ့တော့နော် "
ပြောပြီးသည်နှင့် ကိုကို့ရဲ့နဖူးလေးကို မြတ်နိုးစွာဖြင့် တစ်ချက်နမ်းမွှေးလိုက်ပါ၏။
အဲဒီနောက် သူ တိုက်ခန်းတံခါးရှိရာသို့ သွားကာ တံခါးကို ဖွင့်နေစဉ် ကိုကိုက အနောက်ကနေ သူ့ကို တွေတွေလေး ငေးကြည့်နေ၏။ တံခါးအပြင်ဘက်ကို သူ ခြေချလိုက်စဉ်မှာတော့
" မသွားနဲ့ "
ကိုကို့ထံမှ အမိန့်သံမမြည်၊ တောင်းဆိုသံမမြည်သော အသံတိမ်တိမ်လေးတစ်ခုက ထွက်ပေါ်လာသည်။ နားပါးသော သူကလည်း ထိုအသံကို ကြားဖြစ်အောင် ကြားမိလိုက်ပါသေး၏။
" ကိုကို "
" ဒီနေ့တော့ မသွားနဲ့ ဈာန် ... ငါ အိပ်မက်မကောင်းဘူး "
အိပ်မက်ဆိုးတွေ ခဏခဏမက်တတ်သည့်ကိုကိုက ဒီနေ့ကျမှ ဘာလို့များ သူ့ကို တားမြစ်နေရတာပါလိမ့်။
အိပ်မက်တစ်ခုအတွက် ကလေးလေးတစ်ယောက်လို အယူသီးနေသည့် ကိုကို့အား ကြည့်ကာ သူ နောက်တစ်ကြိမ် ထပ်မံပြုံးမိသွား၏။
ကိုကိုကလည်း သူ ဘာတွေးနေသလဲဆိုတာကို ရိပ်မိဟန်တူသည်။
" အခုမက်တဲ့အိပ်မက်က အရင်ကနဲ့မတူဘူး ဈာန် ... အဲဒါကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် ဒီနေ့တစ်နေ့တော့ အပြင်မသွားပါနဲ့ "
" ကျွန်တော့်ကို စိတ်မပူပါနဲ့ ... အလုပ်ကိစ္စဆိုတော့ ကျွန်တော်လည်း မသွားလို့မဖြစ်ဘူးလေ ... ဒီအလုပ်ကိစ္စကို ဖြေရှင်းလို့မပြီးမချင်း ကျွန်တော်လည်း ကိုကိုနဲ့အတူ အေးအေးဆေးဆေးနေနိုင်မှာမဟုတ်ဘူး "
သံပန်းတံခါးကို သေချာပြန်စေ့ပိတ်ပေးထားခဲ့ပြီး ကိုကို့အား ညင်သာစွာ ဖျောင်းဖြပြောဆိုလိုက်သည်။ သို့သော်ငြား ကိုကိုကမူ သူ့စကားကို နားဝင်သည့်ပုံမပေါ်ဘဲ
" ဒါဆို ငါလည်း လိုက်ခဲ့မယ် "
ထိုစကားကြောင့် သူ သက်ပြင်းဖွဖွချမိလိုက်ပါ၏။
ဒီလူသားလေးဟာလေ သိပ်ကို ပြောရ ဆိုရ ခက်လွန်းသည်။ သိပ်ကို ခေါင်းမာလွန်းသည်။ သိပ်ကို တယူသန်လွန်းသည်။
သံပန်းတံခါးကို ဖွင့်ကာ သူနှင့်အတူ လိုက်မည်ကြံနေသော ကိုကို့အား အကြည့်ချင်းထပ်တူကျအောင် သူ သေချာစူးစိုက်ကြည့်လိုက်ကာ
" ကျွန်တော့်ကို ယုံတယ်မလား ... ကျွန်တော် ပြန်လာခဲ့မယ်လေ "
ထိုအခါ သံပန်းတံခါးကိုဖွင့်နေသည့် ကိုကို့ရဲ့လက်များက တဖြည်းဖြည်းရပ်တန့်သွားပြီး သူ့ကို ဖျော့တော့စွာ ပြန်ကြည့်လာလေသည်။
" ပြန်လာခဲ့မယ် ... ကျွန်တော် ကိုကို့ဆီကို သေချာပေါက်ပြန်လာခဲ့မယ် "
ကိုကို့ထံမှ သက်ပြင်းဖွဖွချသံတချို့ကို ကြားလိုက်ရကာ
" အင်း ... ပြန်လာခဲ့ ... မင်း ပြန်မလာမချင်း ငါ မအိပ်ဘူးနော် "
သူ ကြောက်သည့်အရာဖြင့် မရရအောင် ချိန်းခြောက်သွားသော ကိုကိုကြောင့် ပြုံးမိတော့မလိုဖြစ်သွားရပြန်သည်။
ထို့နောက် သူလည်း အချိန်နောက်ကျမည်စိုး၍ တိုက်အောက်သို့ အလျင်အမြန်ပြေးဆင်းလာခဲ့လိုက်သည်။
ကားတံခါးဆွဲဖွင့်လိုက်ရင်း ငါးလွှာထပ်ကို မော့ကြည့်လိုက်တော့ ကိုကိုက ဝရန်တာမှ သူ့ကို ထွက်ကြည့်နေသောကြောင့် ခြေဟန်လက်ဟန်ဖြင့် အထဲကို ပြန်ဝင်ခိုင်းရသေးသည်။
ကိုကို အထဲကို ပြန်ဝင်သွားတော့မှ သူလည်း စိတ်ချလက်ချဖြင့် ခန့်မဟော်နှင့် ချိန်းဆိုထားသည့်နေရာဆီသို့ ဦးတည်မိတော့သည်။
ကားနက်ပြာလေးက ယခုထိတိုင် အဝေးပြေးလမ်းမကြီးတစ်လျှောက် မောင်းနှင်နေဆဲ ... ။
ဘာလိုလိုနဲ့ အာဏာစက်ပြင်းထန်လှသည့် သူရိန်နေမင်းကြီးတောင် အိပ်တန်းတက်တော့မည့် အချိန်အခါသို့ ရောက်ရှိလာခဲ့လေပြီ။
အမှောင်ထုများက ဝန်းကျင်တစ်ခွင်ကို တဖြည်းဖြည်းသိုင်းခြုံလာသည်။
ရန်ကုန်မြို့ပြနှင့်လည်း တဖြည်းဖြည်းဝေးကွာလာသည်။
ချိန်းဆိုထားသည့်အရပ်သို့လည်း တဖြည်းဖြည်းနီးကပ်လာခဲ့ချေပြီ။
ကားမောင်းနေရင်း ခပ်လှမ်းလှမ်းတစ်နေရာမှ ကားမီးရောင်စူးစူးကို တွေ့မြင်လိုက်ရသည်။ ချက်ချင်းဆိုသလိုပင် ထိုကားမီးရောင်၏ပိုင်ရှင်က ဘယ်သူမှန်း ဈာန်ရောင်ခ တန်းသိသွားသည်။
အဲဒီနောက်မှာတော့ ကားနက်ပြာလေးသည် ထိုနေရာဆီသို့ တရွေ့ရွေ့ချဉ်းကပ်သွားလေတော့သည်။
ထိုကားမီးရောင်အရ ခန့်မဟော်၏ကားသည် လမ်းမပေါ်၌ ရပ်ထားခြင်းမျိုးမဟုတ်ဘဲ မြက်ပင်ရိုင်းများဖြင့် ပြည့်နှက်နေသော နေရာလွတ်တစ်ခုတွင် အစီအစဉ်မကျစွာ ထိုးရပ်ထားခြင်းဖြစ်သည်။
သူလည်း ထိုနေရာ၌ပင် ကားကို ထိုးရပ်ပစ်လိုက်ကာ ကားပေါ်မှ ဆင်းလိုက်သည်။ ထိုအခါကျမှ သူ သတိထားမိသွားသည်က တစ်ဖက်မှကားသည် တစ်စီးမက နှစ်စီးဖြစ်နေခြင်းပင်။
သူ မြေကြီးပေါ် ခြေချလိုက်သည်နှင့် ပထမဆုံးကားထဲမှ ခန့်မဟော်က ဆင်းလာသည်။ ထို့နောက် ကျန်ကားတစ်စီးထဲမှ လူလေးယောက်သည် ဆက်တိုက်ဆိုသလို ဆင်းလာလေတော့သည်။
အခုအချိန်၌ သူ့အနေနဲ့ ငါးယောက် တစ်ယောက် ရင်ဆိုင်ရမည့်အနေအထားမျိုးဖြစ်နေသည်။ သို့သော် မတတ်နိုင်။ လူငါးယောက်မပြောနဲ့ ဆယ်ယောက်ဖြစ်နေပါစေ သူ ဂရုလည်း စိုက်မနေချင်။
သူသာ ကြောက်တတ်မည်ဆိုလျှင် ချိန်းဆိုထားသည့်နေရာကို မိုက်ရူးရဲဆန်စွာ တစ်ယောက်တည်း လာခဲ့မည်မဟုတ်။
ယခု သူ ခန့်မဟော်နှင့်ချိန်းဆိုထားသည့်နေရာသို့ သွားသည့်အကြောင်းအား သူကိုယ်တိုင်မှလွဲ၍ ဘယ်သူမှ မသိပေ။
ကိုကို့ကိုတော့ မသိစေလိုသည့်အတွက် တမင်လျှို့ဝှက်ထားခဲ့ခြင်းဖြစ်သည်။
သူငယ်ချင်းများဖြစ်ကြသည့် နေ့သစ်၊ လရောင်နှင့် ရှိန်ဝါတို့အားလည်း သူ့အပူမီး မကူးစက်စေချင်သည့်အတွက်ကြောင့် အကျိုးအကြောင်းပြောမပြဖြစ်ခဲ့။
ဒီကိုမလာခင်ကတည်းက ဖြစ်လာနိုင်မည့်အကြောင်းတရားများကို သူ ကြိုတင်တွေးတောတွက်ချက်ကြည့်မိပြီးသားဖြစ်သည်။
ထို့ကြောင့် ယခုလိုအခြေအနေမျိုးနှင့်ထိပ်တိုက်ကြုံတွေ့လိုက်ရသော်ငြား သူ နည်းနည်းလေးမျှပင် တုန်လှုပ်ခြောက်ချားခြင်းမဖြစ်မိပေ။
ခန့်မဟော်အပါအဝင် လူငါးယောက်လုံးအား တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် အခြေအနေအားလုံးကို သူ အကုန်အကဲခတ်မိသွားသည်။
လူနှစ်ယောက်က တုတ်ကိုယ်စီကိုင်ဆောင်ထားပြီး ကျန်တစ်ယောက်ကတော့ ဓားတစ်ချောင်းကို ဆောင်ထားသည်။ ကျန်လူတစ်ယောက်၏လက်ထဲမှာတော့ ဖုန်းတစ်လုံးရှိနေသည်။
ခန့်မဟော် ... ခန့်မဟော်၏လက်ထဲတွင်တော့ ထူးခြားစွာပင် လူကို ဒုက္ခပေးနိုင်သည့် ဘာလက်နက်မှ ရှိမနေဘဲ သာမန်စီးကရက်ဘူးတစ်ဘူးသာ ရှိနေလေသည်။
" ဈာန်ရောင်ခ "
တိတ်ဆိတ်နေသည့် လေထုအား ခန့်မဟော်၏အေးစက်စက်လေသံက စတင်ဖြိုခွင်းသွားသည်။
အပြင်ဝန်းကျင်၌ အမှောင်ဆိုင်းလုနေပြီဖြစ်သော်ငြား ကားမီးရောင်များကြောင့် တစ်ယောက်မျက်နှာကိုမူ တစ်ယောက်မြင်နေရသေးသည်။
" မင်း တစ်ယောက်တည်းလာရဲတယ်ဆိုတော့ တကယ်သတ္တိရှိတာပဲ "
" ငါက မင်းလို သတ္တိမကြောင်ဘူး ခန့်မဟော် "
" ဟား ! ဟား ! ဟား ! "
သူ့အပြောကြောင့် ခန့်မဟော်က ဟက်ဟက်ပက်ပက်အော်ရယ်လေတော့သည်။
ထိုရယ်သံများ၌ အေးစက်မှုက စိမ့်ဝင်နေသည်။ ဂရုမစိုက်မှုများ ရောပြွန်းနေသည်။
အားရပါးရလှောင်ပြောင်ရယ်မောပြီးနောက်မှာတော့ ခန့်မဟော်၏နှုတ်ခမ်းထက်၌ မဲ့ပြုံးတစ်ချို့ပေါ်ပေါက်လာပြီး
" မင်း ဘယ်လိုပဲထင်ထင် ငါ ဂရုမစိုက်ဘူး ဈာန်ရောင်ခ ... ငါ့ကို သတ္တိကြောင်တဲ့လူလို့ပဲပြောပြော၊ အရှက်သိက္ခာမရှိတဲ့လူလို့ပဲပြောပြော၊ အများနဲ့တစ်ယောက် အနိုင်ကျင့်တတ်တဲ့လူလို့ပဲပြောပြော ငါ့အတွက် နည်းနည်းလေးမှ ထိခိုက်စရာအကြောင်းမရှိဘူး "
ထိုစဉ် ဆောင်းလေအေးများက ပွဲကြည့်ပရိသတ်အလား တသွဲ့သွဲ့ တိုက်ခတ်လာပြီး အေးစက်မှုများကို ပို၍အေးစိမ့်လာအောင် တဟုန်ထိုး ဆောင်ရွက်လေတော့သည်။
" ငါက အစကတည်းက အဲဒီလိုလူပဲလေ ... ဘယ်သူ့မျက်နှာကိုမှ မထောက်ဘဲ ငါ ဖြစ်ချင်ရာကိုပဲ လုပ်တတ်တဲ့လူ ... ငါ့ကို လူတွေက ဘယ်လိုထင်နေပါစေ ငါ စောက်ဂရုမစိုက်ဘူး ...
ငါ့ဘဝမှာ ငါ ဂရုစိုက်တာဆိုလို့ တစ်စုံတစ်ယောက်ရဲ့အမြင်ပဲရှိတယ် ... တစ်စုံတစ်ယောက်ကြောင့်ပဲ ငါ အများကြီး စောင့်ထိန်းခဲ့ရတယ် ... တစ်စုံတစ်ယောက်ကြောင့်ပဲ ငါ့ရဲ့မကောင်းတဲ့အကျင့်တွေကို အကုန် စွန့်လွှတ်ပစ်ခဲ့တယ် ... အခု ငါ့ရဲ့တစ်စုံတစ်ယောက်က မရှိတော့ဘူးလေ ... အဲဒီတော့ ငါက ဘာကိုများ ထပ်ဂရုစိုက်ရဦးမှာလဲ ဈာန်ရောင်ခ "
" ဒါဆို မင်း ဘာဖြစ်ချင်နေတာလဲ ငါ့ကို ရှင်းရှင်းပြော ခန့်မဟော် ! "
" ငါက မင်းတို့ ကွဲကွာပြီး နှစ်ယောက်လုံး သေလုမတတ်နာကျင်နေရတာကိုပဲ မြင်ချင်တာ ... အဲဒီတော့ မင်း လုပ်ပေးရမှာတစ်ခုပဲ ရှိတယ် ဈာန်ရောင်ခ ... လေးဆက်ရိပ်သွင်နဲ့ လမ်းခွဲလိုက် ... ပြီးရင် ဘယ်တော့မှ ထပ်အဆက်အသွယ်မလုပ်နဲ့ ... အကောင်းဆုံးကတော့ မင်း ဒီနိုင်ငံကထွက်သွားလိုက် ... အဲဒီလိုဆိုရင်တော့ ငါ မင်းကို ဘာတစ်ခုမှ ထိခိုက်အောင် မလုပ်ဘဲ အသာတကြည်လွှတ်ပေးမယ် "
ခန့်မဟော်၏ချိန်းခြောက်စကားကြောင့် ဈာန်ရောင်ခ ဒေါသထွက်သွားကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
" ငါ ... သေမှပဲ ... ရမယ် ... ခန့်မဟော် "
စကားတစ်လုံးချင်းစီက အေးစက်မာထန်ကာ ပြတ်သားမှုအပြည့်နှင့် ... ။
" ဈာန်ရောင်ခ မင်း သိပ်အရဲမကိုးနဲ့နော် ... အခုချိန်မှာ မင်းက တစ်ယောက်တည်းသမား ... ငါ လက်ဖျောက်တစ်ချက်တီးလိုက်ရုံနဲ့ မင်းကို အစဖျောက်ပြီး ဒီနေရာမှာတင် မြေမြုပ်ပစ်လိုက်လို့ရတယ် "
" သတ္တိရှိရင် စမ်းကြည့်လိုက်လေ ခန့်မဟော် ... ငါက မင်းထင်သလောက် ပျော့ညံ့မနေဘူး "
ထိုအခါ ခန့်မဟော်၏နှုတ်ခမ်းစွန်းက ကွေးညွတ်သွားပြီး
" ကောင်းပြီလေ "
ခန့်မဟော်က ပြောပြီးသည်နှင့် သူ့လူများကို အချက်ပြလိုက်သည်။ ထိုအခါ သူ့ထံသို့ လူသုံးယောက်က တန်းတန်းမတ်မတ်လျှောက်လာသည်။
တုတ်ကိုင်ထားသည့်လူနှစ်ယောက်နှင့် ဓားကိုင်ထားသည့်လူတစ်ယောက် ... ။
ခန့်မဟော်ကမူ ကားစက်ဖုံးကို မှီလျက် စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိပြီး နှုတ်ခမ်းဝ၌ တေ့သည် ။ ထိုအခါ စီးကရက် ငွေ့များက လေထုထဲသို့ မြူးတူးစွာ တလွင့်လွင့်ပျံ့နှံ့သွား၏။
ခန့်မဟော်၏လူများက တဖြည်းဖြည်း ဈာန်ရောင်ခအနီးသို့ တိုးကပ်လာသည်။ ဈာန်ရောင်ခလည်း လက်သီးကိုသာ ခပ်တင်းတင်းဆုပ်ထားမိသည်။ ယခု သူ့ထံ၌ ဘာလက်နက်မှမရှိပေ။
ရှေ့ဆက်တိုး၍လည်းမရ၊ နောက်ဆုတ်ဖို့လည်း မလွယ်တော့သည့်အခြေအနေပေမို့ အားကိုးစရာသတိကိုသာ မလွတ်အောင် ဆုပ်ကိုင်ထားရပေမည်။
ယခု သူက အလယ်၌ ... ။
သူ့ကို လူသုံးယောက်က ပတ်လည်ဝိုင်းထားသည်။ သုံးယောက်လုံး၏လက်ထဲတွင်တော့ တုတ်များ၊ ဓားများနှင့် ... ။
ခန့်မဟော် ... ။
ဒီကောင် သူ့ကို တကယ်အမဲဖျက်ဖို့ ကြံစည်နေတာပဲ။
ထိုစဉ် သူ့ထံသို့ တုတ်ကိုင်ထားသည့်လူတစ်ယောက်က ပြေးဝင်လာသည်။ အရင်ဆုံးပြေးဝင်လာသည့်တစ်ယောက်အား အနည်းငယ်မျှပင် အခွင့်အရေးမပေးဘဲ လက်ကို လိမ်ချိုးကာ ဇက်ပိုးကို ရိုက်ချလိုက်သည်။
" အား ! "
သူ့လူထံမှ အော်သံကို ကြားလိုက်ရတော့ ခန့်မဟော်က ခပ်မဲ့မဲ့ပြုံးသည်။
စီးကရက်သောက်မပျက် ... ။
ခန့်မဟော်ထံ အာရုံရောက်နေစဉ် သူ့ခေါင်းထံ တည့်တည့်ပြေးဝင်လာသော တုတ်တစ်ချောင်း ... ။
ခေါင်းကို အသာတိမ်းစောင်းကာ ရှောင်ရှားလိုက်ပြီး ကိုယ်ကိုတစ်ပတ်လှည့်ရင်း ကျောပြင်ကို ဆောင့်ကန်လိုက်တော့ ထိုလူက မြေပြင်ပေါ် ကားခနဲ မှောက်ကျသွားသည်။
တိုက်ခိုက်နေရင်း ရုတ်တရက်ဆိုသလို ရှိန်ဝါသက္ကရာဇ်အား ပြေးသတိရသွားသည်။ ဒီကောင်နဲ့သူက အမြဲလိုလိုမတည့်သော်ငြား ရှိန်ဝါက ရန်ပွဲကိစ္စများတွင်တော့ ကျန်နှစ်ယောက်ထက် ပို၍အားကိုးရသည်။
နေ့သစ်က ပညာအရာ၌သာ ထက်မြက်၍ လရောင်ကမူ နှစ်သိမ့်ဆွေးနွေးအကြံပေးသည့်နေရာ၌ ထူးချွန်သည်။
သူနှင့် ရှိန်ဝါသက္ကရာဇ်ကမူ ရန်ပွဲနေရာ၌ ဆရာကျသည်။ ရှိန်ဝါသက္ကရာဇ်နှင့် ဈာန်ရောင်ခနှစ်ယောက်ပေါင်းလိုက်မည်ဆိုပါက မည်သည့်ရန်ပွဲကိုမဆို အနိုင်ယူကာ အလဲထိုးနိုင်သည်။
ထို့ကြောင့် ယခုလိုအချိန်၌ ဟိုနှစ်ယောက်ထက် ရှိန်ဝါ့အား အနည်းငယ် ပိုသတိရသွားသည်မှာ သူ လွန်အံ့မထင်။
ရန်ပွဲများတွင် မကြာခဏဆိုသလို ကျင်လည်ဖူးသည်မို့ သုံးယောက် တစ်ယောက် ရင်ဆိုင်နေရသော်ငြား ယခုအချိန်ထိတော့ သူ မရှုံးသေးပေ။
ထိုအချိန်၌ ခုနက ဇက်ပိုးအုပ်ခံထားရသည့်တစ်ယောက်က ကုန်းထလာလေသည်။ ထိုလူက တုတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ သူ့ထံသို့ မိုက်ရူးရဲဆန်စွာ ပြေးဝင်လာသည်။
သူ့နောက်မှ ဓားကိုင်ထားသည့်လူကလည်း အခွင့်အရေးကို အလွတ်မပေးဘဲ တစ်ပြိုင်တည်း လှုပ်ရှားလေသည်။
အရှေ့မှလာသော တုတ်ကို ရှောင်လိုက်နိုင်သော်ငြား ဓားအန္တရာယ်ကိုမူ အနည်းငယ်မျှသာ ရှောင်လိုက်နိုင်၏။
လက်ခနဲ ဖြစ်သွားသည့် ဓားနှင့်အတူ သူ့လက်မောင်းရင်းတွင် စူးခနဲ ... ။
ထိုဓား၌ သူ့သွေးများ ပေကျံသွားသည်။
သို့သော် လက်မောင်းရင်းမှ ဒဏ်ရာကား သိပ်မနက်။ ရှပ်ထိသွားရုံမျှသာ။
တစ်ခုတော်သေးသည်က နောက်တစ်ယောက်က ယခုထိ ထမလာနိုင်သေးတာပင်။
နှစ်ယောက် တစ်ယောက်ဖြစ်နေသည်မို့ ဒီရန်ပွဲမှာ သူ နိုင်ချေရှိသည်ဟု သတ်မှတ်ပစ်လိုက်သည်။
တုတ်ကိုင်ထားသည့်လူက သူ့အား နောက်တစ်ဖန်ဝင်ရိုက်လာသဖြင့် ကိုယ်ကို တစ်ပတ်လည်၍ ရှောင်လိုက်ပြီး မေးရိုးကို ပင့်ထိုးချပစ်လိုက်ကာ အောက်ပိုင်းတစ်နေရာကိုလည်း အားဖြင့်ဆောင့်ကန်လိုက်၏။
အဲဒီနောက် အလစ်အငိုက်ဖမ်းကာ ဖျတ်ခနဲလှမ်းဝင်လာသည့် ဓားကိုင်သည့်လူ၏လက်ကို လိမ်ချိုးကာ ဓားကို ခပ်မြန်မြန်လုယူလိုက်သည်။
ထို့နောက် ဓားပျောက်သွား၍ ကြောင်အနေသည့်လူ၏လည်ပင်းအား ဓားဖြင့် ထောက်ရင်း ခန့်မဟော်အား ခပ်တည်တည်စိုက်ကြည့်လိုက်သည်။
သေချာသည်။ သူ့မျက်နှာထက်၌ လှောင်ပြုံးများ ခိုတွယ်နေပေလိမ့်မည်။
" ဈာန်ရောင်ခ "
သူ့နာမည်ကို ခန့်မဟော်က လှမ်းခေါ်သည်။
မထင်မှတ်ထားသည်က သူ့လှောင်ပြုံးနှင့် ထပ်တူညီစွာပင် ခန့်မဟော်ကလည်း ပြုံးနေသည်။
ခန့်မဟော်၏လက်ထဲတွင်တော့ စီးကရက်က အငွေ့မသေသေး။
ထိုစဉ် ခန့်မဟော်၏နံဘေးတွင် ရပ်နေသည့်လူက သူ့ကို ဖုန်းထောင်ပြလာသည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ထိုဖုန်းထဲ၌ ရှိနေသည့်ဓာတ်ပုံတစ်ပုံကို ထောင်ပြနေခြင်းသာ ... ။
အမှောင်ထဲမှာမို့ ထိုဖုန်း၌ ပေါ်နေသည့် ပုံရိပ်တို့အား မနည်းအားစိုက်ကာ ကြည့်လိုက်ရသည်။
ထို့နောက် သူ မြင်လိုက်ရသည့် မြင်ကွင်းကား ဝရန်တာ၌ ရပ်နေသော ကိုကို ... ။
သူ့ရင်ထဲ ဒိန်းခနဲ ငလျင်လှုပ်ခါသွားသကဲ့သို့ မြည်ဟီးသွားသည်။
ငါးလွှာထပ်ဝရန်တာတွင် ရပ်နေသည့်ကိုကို့အား အကောင်းစားကင်မရာဖြင့် အနီးကပ်ဆွဲယူကာ ရိုက်ထားသောကြောင့် ဓာတ်ပုံကား ရှင်းလင်းနေ၏။
သေချာသည်။ သူ အမြင်မှားခြင်း မဟုတ်။
အရင်နေ့က ပုံများလား။ မဖြစ်နိုင်။
ဒီအဝတ်အစားက ကိုကို ဒီနေ့မှ ဝတ်ထားတာမှန်း သူ သိသည်။
ဒီကိုမလာခင် ကိုကိုနှင့် စကားပြောနေစဉ် သူ သတိထားမိလိုက်၏။
" ဒီဓာတ်ပုံထဲကလူကို မြင်ဖူးရဲ့လား "
ခနဲ့သဲ့သဲ့မေးခွန်းထုတ်သံက သူ့နားစည်ကို အရှိန်ပြင်းပြင်းဖြင့် ဝင်ရိုက်ခတ်သွားသည်။
ထို့အတူ ခန့်မဟော် ဘာဆက်လုပ်မလဲဆိုတာကိုလည်း သူ ရိပ်မိသွားသည်။
" ခန့်မဟော် !!! "
အော်သံကား တကယ့်ကို နာနာကြည်းကြည်း ... ။
ထို့အတူ ဈာန်ရောင်ခ၏မျက်နှာကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရောင်ပြောင်းသွားသည်။
ဒေါသကြောင့် ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေသဖြင့် သူ ကိုင်ထားသည့်ဓားသွားက ဟိုလူ၏လည်ပင်းထံ အနည်းငယ် နစ်ဝင်သွားသည်။
ဟိုလူကမူ ကြောက်ရွံ့တုန်လှုပ်ကာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေပြီး လုံးဝ မလှုပ်ရဲ။ လှုပ်လိုက်သည်နှင့် ဓားသွားက ပို၍နစ်ဝင်သွားပေလိမ့်မည်။
ဈာန်ရောင်ခ၏အကြည့်များကား မီးဝင်းဝင်းတောက်ကာ စူးရှနေ၏။
လူတစ်ယောက်ကို ခုန်အုပ်ကာ အသေသတ်ပစ်ချင်နေသည့် ကျားရိုင်းတစ်ကောင်လိုမျိုး ... ။
ဖြစ်နိုင်မည်ဆိုပါက ခန့်မဟော်ကို အရိုးရော၊ အသားပါ မကျန်သည့်အထိ လက်စဖျောက်ပစ်လိုက်ချင်သည်။
လည်ပင်းကို ဓားဖြင့်တေ့ထားခြင်းခံရသည့် လူအား ဘေးသို့ ဆောင့်တွန်းပစ်လိုက်တော့ ထိုလူက မြေကြီးနှင့် ဝင်ဆောင့်မိသည်။
အားပါလွန်းသည့်အရှိန်ကြောင့် ထိုလူက တော်ရုံဖြင့် ပြန်မထနိုင်။
ဈာန်ရောင်ခသည် ဒေါသစိတ်မွှန်နေသောကြောင့် ဘာတစ်ခုကိုမှ မမြင်နိုင်တော့ပေ။
လူက အသိစိတ်ကင်းလွတ်နေသည်။
သူ့ရှေ့မှာ ရှိနေသည့်ခန့်မဟော်အား အသေသတ်ပစ်မည်ဆိုသည့် ခံစားချက်တစ်ခုကသာ သူ့ဦးနှောက်အတွင်း ကိန်းအောင်းနေသည်။
သတ်ပစ်လိုက်၊ သတ်ပစ်လိုက်ဆိုသည့် စေတန်နတ်ဆိုးတစ်ကောင်၏စကားအတိုင်း သူ အရာအားလုံးကို လိုက်နာဆောင်ရွက်ရန်အသင့်ဖြစ်နေသည်။
ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။
သူ့လည်ပင်းရိုးတစ်လျှောက် အကြောစိမ်းများက ထင်းနေအောင် အပြိုင်းပြိုင်းထောင်ထလာသည်။
သူ့ခြေလှမ်းများက ခန့်မဟော်ရှိရာသို့ တဖြည်းဖြည်း တိုးကပ်လာနေသည်။
သို့သော် ခန့်မဟော်ကမူ နည်းနည်းလေးမှ ကြောက်လန့်ဟန်မပြ။
ခန့်မဟော်၏မျက်နှာထက်ရှိ မုန်းတီးစက်ဆုပ်ဖွယ်ကောင်းသော လှောင်ပြုံးများကလည်း ယခုထိတိုင် မပျက်ပြယ်သေး။
ခန့်မဟော်နားသို့ ရောက်ခါနီး ခြေလှမ်းငါးလှမ်းမျှအလိုတွင်တော့ ခန့်မဟော်၏ခပ်တင်းတင်းစေ့ထားသော နှုတ်ဖျားမှ အသံထွက်လာသည်။
" မင်းတို့ ရောက်နေပြီလား "
ခန့်မဟော်က သူ့ကို ဦးတည်ပြောနေခြင်းမဟုတ်။
ထိုအခါ သူ့ရင်ထဲ၌ စိုးရိမ်မှုတစ်စုံတစ်ရာကြောင့် ထိတ်ခနဲဖြစ်သွားသည်။
ခြေလှမ်းအစုံကလည်း ရောက်ရာအရပ်၌ပင် တိခနဲရပ်တန့်သွား၏။
ချက်ချင်းဆိုသလို Speaker ဖွင့်ထားသည့် ဖုန်းထဲမှ ရိုသေကျိုးနွံသည့်အသံကို ထပ်မံကြားလိုက်ရသည်။
" ဟုတ်ကဲ့ ဘောစ့် ... ကျွန်တော်တို့ ရောက်နေတာ ကြာပါပြီ ... ဘောစ့်အမိန့်ကို စောင့်နေတာပါ "
ခန့်မဟော်က လုံးဝကို ယိုပေါက်မရှိအောင် သေသေချာချာအကွက်ချစီစဉ်ထားခြင်းဖြစ်သည်။
" ဒါနဲ့ အခု မင်းတို့ ရောက်နေတာ ဘယ်နေရာမှာများလဲကွ ... ငါ့မိတ်ဆွေက သိပ်သိချင်နေတော့လေ ... အဲဒါ မင်းတို့ ရောက်နေတဲ့အိမ်လိပ်စာလေးကို တစ်ချက်လောက် ပြန်ရွတ်ပြစမ်းပါ ဟက် ! "
" ဟုတ်ကဲ့ ဘောစ့် ... အခု ကျွန်တော်တို့ ရောက်နေတာက အိမ်နံပါတ် *** ၊ *** လမ်း၊ မြေနီကုန်းမှာပါ ဘောစ့် ... ဘောစ့်ဆီက အမိန့်ရတာနဲ့ ကျွန်တော်တို့ အဲဒီငါးလွှာတိုက်ခန်းကို ချက်ချင်းသော့ဖျက်ဝင်လိုက်ပါ့မယ် ... တိုက်ခန်းပိုင်ရှင်လည်း အထဲမှာ ရှိနေပါတယ် "
ခန့်မဟော်က စီးကရက်ကို တစ်ချက်ရှိုက်ဖွာရင်း ခပ်မဲ့မဲ့ပြုံး၏။
" ဟုတ်ပြီလေ ... ဒါဆိုလည်း ငါ့အမိန့်ကို ခဏစောင့်ဦး "
အဲဒီနောက် ခန့်မဟော်က ဈာန်ရောင်ခအနားသို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။
ခန့်မဟော်၏လက်ညှိုးနှင့်လက်ခလယ်ကြား၌မူ စီးကရက်ကို ကိုင်ထားဆဲ ... ။
မတိမ်းမယိမ်းအရွယ်အစားရှိသည့် ခန္ဓာကိုယ်နှစ်ခုက မျက်နှာချင်းဆိုင်နီးကပ်သွားသည့်အခိုက် ခန့်မဟော်က လေသံတိုးတိုးဖြင့်
" ငါ ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို မင်း ဆုံးဖြတ်လိုက် ဈာန်ရောင်ခ "
ခန့်မဟော် ပြောလိုက်သည့်စကားကို သူ ကောင်းကောင်းနားလည်သည်။
ခန့်မဟော်သည် ကိုကို့ကို အကြောင်းပြု၍ သူ့ကို ချုပ်ကိုင်ရန် ကြံစည်နေခြင်းသာ ... ။
ခန့်မဟော်က ဘယ်အချိန်ကတည်းက ဒီလောက်ထိ အင်အားတောင့်ပြီး အကြံအစည်များလာရတာလဲ။
သူ့အမှားပင်ဖြစ်သည်။
ခန့်မဟော် နိုင်ငံခြားကို အပြီးထွက်သွားသည်ဟု ကြားကတည်းက လျှော့တွက်ထားမိသည့် သူ့အမှားပင်။
ရန်သူကို ဘယ်တော့မှလျော့မတွက်ရဘူးဟု ဆိုခဲ့သည့် ရှေးလူကြီးများ၏အမှာစကားကို ပစ်ပယ်မိသည့် သူ့အမှားပင်။
" သူ့ကို မထိနဲ့ ခန့်မဟော် "
ခန့်မဟော်ကို သေချာစူးစိုက်ကြည့်ကာ ပြောလိုက်သည်။
ခန့်မဟော်သည် စီးကရက်တိုကို မြေကြီးပေါ်သို့ ပစ်ချကာ ဖိနပ်ထိပ်ဖြင့် နင်းခြေလိုက်ပြီး
" ဒါဆို မင်း ဘာဆက်လုပ်ရမလဲဆိုတာကို သိလေ "
ထိုအခါ ဈာန်ရောင်ခ၏လက်ထဲမှ ဓားသည် မြေကြီးပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားလေတော့သည်။
မျက်လုံးအရောင်များကလည်း ဖျော့တော့သွားသည်။
မကြာမီ ဖြစ်လာသမျှအရာအားလုံးကို လည်စင်းခံမည့်လူတစ်ယောက်နှယ် ... ။
တုန်လှုပ်ခြင်းအလျင်းမရှိ ... ။
အချစ်ကို ဘယ်လိုရည်ညွှန်းဖော်ပြသလဲဆိုတာ သူ မသိပေ။
သူ သိတာက သူ့ချစ်သူ ဘေးကင်းလုံခြုံနေစေဖို့တစ်ခုတည်းသာ။
ထိုစဉ် မကြာသေးခင်က သူနှင့်အတူ ရန်ပွဲတစ်ပွဲဆင်နွှဲကာ ထိုးကြိတ်ထားကြသည့်လူများသည် ပြန်၍ကုန်းထလာကြသည်။
သူ့နားမှာ ခွေးအတွေလို ပတ်လည်ဝိုင်းနေကြပြီ။
အမဲဖျက်ရန်အသင့်အနေအထားဖြင့် အလစ်အငိုက်ကို ချောင်းနေကြသည်။
ထိုလူများ၏မျက်နှာက ရွံ့မုန်းစရာကောင်းလောက်အောင် သွေးဆာနေသည့်လူများနှယ် ... ။
ရုတ်တရက် အေးစက်နေသည့်လေထုကို ဖြိုခွဲဖောက်ထွင်းလာသည့် ဝှီးခနဲ အသံအတူ သူ့ကျောပြင်ပေါ်သို့ ကျရောက်လာသည့် တုတ်တစ်ချက် ... ။
အလွယ်တကူ ရှောင်ရှားလို့ရသော်ငြား သူ ကျောက်ရုပ်တစ်ရုပ်လို ရပ်နေမိ၏။
ဒုတ် !
တုတ်ချက်ကျရောက်ရာ အောင့်တက်သွားသည့် ကျောပြင်နှင့်အတူ ရှုံ့မဲ့သွားသည့်ခပ်ချောချောမျက်နှာ ... ။
စက္ကန့်ပိုင်းမျှအကြာ ခြေသလုံးကို အရှိန်ဖြင့် ဖြတ်ရိုက်ခံလိုက်ရသည့်အခါမှာတော့ သူ မြေကြီးပေါ် ဒူးထောက်လျက်သား ... ။
အဲဒီနောက်မှာတော့ သူ့ခန္ဓာကိုယ်အနှံ့ အဆက်မပြတ်ကျရောက်လာသော တုတ်ချက်များ၊ ကန်ချက်များ၊ ထိုးကြိတ်မှုများ ... ။
ဒူးထောက်လျက်သားမှ သူ မြေကြီးပေါ် ပုံလဲကျသွားသည်။
ရိုက်ချက်တွေက ပို၍ပြင်းထန်လာသည်။
ကန်ချက်တွေက ပို၍အရှိန်ပါလာသည်။
မသိလျှင် သူက လေ့ကျင့်စရာ သဲအိတ်နှယ် ထိုးနှက်ကန်ကြောက်မှုများအား ခါးစည်းခံနေရသည်။
အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်တစ်ခုလုံးက တဆစ်ဆစ်နာကျင်လာသည်။
အံကြိတ်သည်းခံရလွန်း၍ သူ့လည်ပင်းမှ အကြောစိမ်းများက ထောင်ထလာ၏။
နဖူးထက်တွင်လည်း ချွေးစေးများ ခိုသီးလာ၏။
ဆောင်းလေပြည်ကလည်း သူ့အတွက် မအေးမြတော့ပေ။
ဤအဖြစ်အပျက်အား သွေးအေးအေးဖြင့် ရပ်ကြည့်နေသော လူတစ်ယောက် ... ။
လူတစ်ယောက်လုံး သေလုနီးပါး ထိုးကြိတ်ရိုက်နှက်ခံနေရတာကို အင်မတန်ကြည်နူးစရာကောင်းသော ပြဇာတ်တစ်ပုဒ်အလား ခန့်မဟော်သည် ပြုံးပြုံးကြီး ကြည့်နေလေသည်။
ထိုးကြိတ်သံ၊ ရိုက်နှက်သံများသည် ခန့်မဟော်အတွက်တော့ အတော်နားဝင်ချိုလှသည်။
ရင်တွင်းက မနာလိုမှုက အနည်းငယ် ပြေပျောက်သွားသလိုပင်။
မနာလိုခြင်းက ဘယ်ကစသလဲဆို ကိုယ့်မှာ မရှိခြင်းကနေ စသည်။
မရှိခြင်းတရားက မနာလိုမှုကို အင်နဲ့ အားနဲ့ အလုံးအရင်း အုံကြွစေသည်။
အမုန်းတရား၌ မနာလိုမှုများက ထပ်မံရောပြွန်းလာသည့်အခါ အတ္တစိတ် ပိုအစွန်းရောက်လာသည်။
အနိုင်ယူလိုစိတ် ပိုများလာသည်။
နင်းခြေလိုစိတ် ပိုကဲလာသည်။
မရှိခြင်းတရားကို အမှန်အတိုင်းလက်မခံနိုင်သေးသရွေ့ မနာလိုမှုက ပျောက်ကွယ်သွားလိမ့်မည်မဟုတ်။
မနာလိုမှုများပြားလာလျှင် အမုန်းတရားက လူကို အလုံးစုံဝါးမြိုသွားပေလိမ့်မည်။
အမှား၊ အမှန် ခွဲခြားနိုင်စွမ်းမရှိသည့်ဘဝသို့ ရောက်သွားပေလိမ့်မည်။
မှားမှန်းသိနေရက်နဲ့တောင် အမှောင်လမ်းကို မရမကရှေ့ဆက်တိုးပေလိမ့်မည်။
အိပ်ချင်ယောင်ဆောင်သူသည် နှိုးရခက်သကဲ့သို့ မသိချင်ယောင်ဆောင်နေသူအားလည်း တရားပြရန် ခက်လှ၏။
ထို့အတူ ခန့်မဟော်၌လည်း မနာလိုမှုများကြောင့် မူလရှိနေသော အမုန်းအာဃတအငြိုးတရားများက ပို၍ကြီးမားလာသည်။
ဘယ်အချိန်မှာ လူတွေက မနာလိုဖြစ်တတ်ကြသလဲ။
ကိုယ် ဝမ်းနည်းနေတဲ့အချိန်၊ သူက အရမ်းပျော်နေတာမျိုး ... ။
ကိုယ့်မှာ လစ်ဟာနေတဲ့အချိန်၊ သူ့မှာ ပြီးပြည့်စုံနေတာမျိုး ... ။
ဟုတ်သည်။ ခန့်မဟော်သည် မနာလိုဖြစ်နေခြင်းသာ။
အမုန်းတရား၌ မနာလိုမှုထပ်မံပေါင်းထည့်လိုက်သောအခါ ခန့်မဟော်၏စိတ်သည် ပို၍အရိုင်းဆန်သွားသည်။
ပို၍စုံလုံကန်းသွားသည်။
ပို၍မိုက်ရူးရဲဆန်သွားသည်။
ဘာလို့ ဈာန်ရောင်ခနဲ့ လေးဆက်ရိပ်သွင်က အမြဲပျော်ရွှင်နေရပြီး သူကတော့ အမြဲငိုကြွေးနေရတာလဲ။
ဘာလို့ ဈာန်ရောင်ခနဲ့ လေးဆက်ရိပ်သွင်က လင်းလက်တဲ့ကမ္ဘာထဲရောက်နေပြီး သူကတော့ အမှောင်တောထဲမှာ ပိတ်မိနေရတာလဲ။
ဘာလို့ ဈာန်ရောင်ခနဲ့ လေးဆက်ရိပ်သွင်ကျတော့ ပြီးပြည့်စုံတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားပြီး သူကတော့ အချစ်ကို အပြီးတိုင်လက်လွှတ်လိုက်ရတာလဲ။
အဲဒါတွေက ဘယ်သူကြောင့် ဖြစ်လာရတာလဲ။
သေချာပေါက် ဈာန်ရောင်ခနဲ့ လေးဆက်ရိပ်သွင်ကြောင့်ပဲပေါ့။
အဲဒါကို သူက ဘာကိစ္စ ဈာန်ရောင်ခနဲ့ လေးဆက်ရိပ်သွင်ကို အေးအေးဆေးဆေး ချစ်ခွင့်ပြုပေးရမှာလဲ။
လူဆိုသည်မှာ ကိုယ့်အပြစ်ထက် သူ့အပြစ်ကိုသာ ရှာရိုးထုံးစံရှိကြသည်မဟုတ်လား။
မကောင်းမှန်း သိသည်။ သို့သော် ရှေ့ဆက်တိုးမည်။
မကောင်းမှန်း သိသည်။ သို့သော် စွန့်လွှတ်ဖို့ရာ ခက်ခဲသည်။
မကောင်းမှန်း သိသည်။ သို့သော် နောက်ပြန်မလှည့်ချင်တော့ပေ။
ကားထဲမှာ ထည့်ထားသည့် ပစ္စတိုတစ်လက်ကို ခန့်မဟော် ယူထုတ်လိုက်သည်။
အဲဒီနောက်မှာတော့ ရှေ့တည့်ဝာည့်မှာ ရှိနေသည့် ဈာန်ရောင်ခ၏ဦးခေါင်းကို ချိန်ရွယ်လိုက်သည်။
ဈာန်ရောင်ခအား ထုရိုက်နှိပ်စက်နေကြသည့် လူသုံးယောက်သည်လည်း ပစ္စတိုကို မြင်လိုက်သည်နှင့် အလိုအလျောက် ဘေးသို့ရှဲသွားကြသည်။
သွေးအလိမ်းလိမ်းဖြင့် မြေကြီးပေါ် မှောက်ရပ်အနေအထားဖြစ်နေသော ဈာန်ရောင်ခ ... ။
ဈာန်ရောင်ခ၏ဦးခေါင်းအား အပေါ်စီးကနေ ပစ္စတိုဖြင့် ချိန်ရွယ်ထားသည့် ခန့်မဟော် ... ။
ခန္ဓာကိုယ်အနှံ့ နာကျင်နေရသည့်ကြားမှ ခန့်မဟော်၏ပုံစံအား မြင်လိုက်ရသောအခါ ဈာန်ရောင်ခ ခပ်မဲ့မဲ့ပြုံးလိုက်မိပါ၏။
" ဈာန်ရောင်ခ မင်း သေရမှာကို ကြောက်လား "
ခန့်မဟော်က တည်တည်ငြိမ်ငြိမ်ပင် မေးခွန်းထုတ်လာ၏။
ထိုမေးခွန်းကြောင့် ဈာန်ရောင်ခ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သည်။
သူ သေရမှာကို ကြောက်သလား။
ဟင့်အင်း။ မကြောက်ပါ။
သစ္စာတရားအား လက်ကိုင်ထား၍ မှန်သောစကားကိုသာ ဆိုပါမည်။
သူ့ဘဝမှာ သေခြင်းတရားအား ကြောက်ရွံ့ခြင်းမရှိပေ။
လူတိုင်းဟာ တစ်နေ့ကျ သေရမည့်လမ်းခရီးကို နင်းလျှောက်ရမည့်သူချည်းသာဖြစ်ကြောင်း သူ သိသည်။
အနှေးနဲ့အမြန် ဖြစ်ပေါ်လာမည့်သေခြင်းတရားအတွက် ကြောက်ရွံ့မှုဆိုသည်မှာ သူ့အတွက်တော့ ဗလာနတ္ထိ။
သို့သော် ...
ဒီဘဝ၌ ချစ်ရသူအား မနှုတ်ဆက်လိုက်ရမှာကို သူ စိုးရွံ့ပါ၏။
နောင်ဘဝ၌ ချစ်ရသူနှင့် ပြန်မဆုံတွေ့ရမှာကို သူ စိုးထိတ်ပါ၏။
သူ၏အကြောက်တရားဟူသည် ချစ်ရသူနှင့်ဆက်နွယ်ပြီးမှသာ ဖြစ်ပေါ်လာသော အရာတစ်ခုဖြစ်သည်မို့ ... ။
" ငါ မင်းကို ရွေးချယ်ခွင့်ပေးခဲ့တယ် ဈာန်ရောင်ခ ... ဒါပေမဲ့ မင်းက သိပ်ခေါင်းမာလွန်းတယ် ... အဲဒီတော့လည်း မင်းနဲ့ထိုက်တန်တာကိုပဲ ပေးရတော့မှာပေါ့ "
ပြောပြီးပြီးချင်း ခန့်မဟော်က ပစ္စတိုမောင်းကို ဆွဲတင်လိုက်သည်။
ဈာန်ရောင်ခကတော့ လက်သီးကို ခပ်တင်းတင်းဆုပ်ထား၏။ မာန်ကို တင်းကာ ဖြစ်လာသမျှအား ရင်ဆိုင်ဖို့အသင့်ပြင်ထား၏။
သူ့ဘဝ၏ကိုးကွယ်ရာတစ်ခုကဲ့သို့ ဖြစ်တည်မှုမျိုးကို ပိုင်ဆိုင်ထားသော ထိုလူသားအတွက် သူ့အသက်ကို စွန့်လွှတ်ဖို့ရာ အနည်းငယ်မျှပင် တွေဝေငေးငိုင်ခြင်းမရှိပေ။
ဒီဘဝလည်း အသက်ကို ပေးဆပ်မည်။
နောင်ဘဝဆက်တိုင်းလည်း ဒီလူသားအတွက် သူ့အသက်ကို အတွန့်အဆုတ်မရှိ ပေးဆပ်နေဦးမည်။
အဲဒီနောက်မှာတော့ မျက်လုံးကို စုံမှိတ်လိုက်သည်။ ထိုအခါ မျက်ရည်တစ်ပေါက်က မျက်ဝန်းထောင့်စွန်းနားကနေ ပါးပြင်တစ်လျှောက်အား ဖြတ်သန်းပြီး မြေကြီးပေါ်သို့ ကြွေဆင်းသွား၏။
ကိုကို ...
ကျွန်တော်တို့ရဲ့ရေစက်လေးက ဘယ်အချိန်က စတင်ခဲ့သလဲ။
ဘယ်အချိန်ထိ တည်မြဲနေဦးမလဲ။
ဒီကံကြမ္မာရေစက်လေးကို သံသရာတစ်လျှောက်လုံး သယ်ပိုးသွားချင်သည့် စိတ်အစဉ်က အစိုးမရစွာ ဘောင်ဘင်ရိုက်ခတ်နေလေ၏။
သေခါနီးလူတစ်ယောက်ရဲ့နောက်ဆုံးဆုတောင်းက တကယ်ရော လုံးဝဥသုံပြည့်ဝနိုင်ပါ့မလား။
ဤသို့ဆိုလျှင် ရှင်တော်မြတ်ဘုရား၏ရှေ့မှောက်၌ စစ်မှန်သော သစ္စာတရားကို ဦးထိပ်ပန်ဆင်ကာ တစ်ခုတည်းသော တောင်းဆုကို ခြွေမည်။
နိဗ္မာန်မရသေးသမျှ ဖြစ်လေရာ နောင်ဘဝ၊ ဘဝဆက်တိုင်း၌ ထိုလူသားတစ်ယောက်တည်းနှင့်သာ ဖူးစာရေစက်ဆုံရပါလို၏။
" ဒိုင်း ! "
သေနတ်ပစ်သံကြောင့် အနီးအနားရှိ ညောင်ပင်အိုကြီးထံမှ ကျီးအာသံများက ဆူညံပွက်လောရိုက်ကာ ထွက်ပေါ်လာသလို ကျီးကန်းများကလည်း ထပျံသွားလေတော့သည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
မဟာဆေးရုံ၌ဖြစ်သည်။
ည ၁၂ ထိုးပြီးသည့်တိုင် ဆေးရုံ၌ လူနာအရေအတွက် များပြားနေသောကြောင့် ဆေးရုံအုပ် ဦးမဟာနွယ်တစ်ယောက် ယခုထိ မနားရသေး။
ညသန်းခေါင်ကျော် မဟာဆေးရုံရှိ လူနာအခြေအနေအားလုံးကို ထိန်းချုပ်နိုင်သွားသည့်အချိန်ကျမှ ဦးမဟာနွယ်လည်း ကိုယ်ပိုင်ရုံးခန်းထဲသို့ ပြန်ရောက်ကာ အေးအေးဆေးဆေးအနားယူနိုင်တော့သည်။
ဂျူတီကုတ်ကို ချွတ်ကာ တိုင်၌ ချိတ်ထားလိုက်ပြီး တပည့်လေးတစ်ယောက် အဆင်သင့်ဖျော်ပေးထားသည့် ကော်ဖီအား တစ်ငုံယူသောက်လိုက်သည်။
စားပွဲပေါ်၌တင်ထားသော ဂျာနယ်တစ်စောင်ကို ကောက်ယူကာ အနားယူဖို့ ကြံနေစဉ်မှာပင် ဖုန်းသံမြည်လာသောကြောင့် ဦးမဟာနွယ် သက်ပြင်းချမိသွားသည်။
ဧကန္တ အရေးကြီးလူနာ ထပ်ရောက်လာပြန်ပြီထင်သည်။ ထိုအတွေးကြောင့် ဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်သည်။
သို့သော် ဖုန်းကိုင်ကိုင်ချင်း ကြားလိုက်ရသည့်သတင်းက ဦးမဟာနွယ် ထင်မှတ်ထားသလိုမျိုး မဟုတ်သောကြောင့် လူက လန့်ဖျတ်သွားသည်။
ထိုင်နေရာမှ ဝုန်းခနဲထရပ်မိသွားသည့်အရှိန်ကြောင့် ကုလားထိုင်ကလည်း အနောက်ဘက်ကို လဲပြိုကျသွားသည်။
" ဘာပြောတယ် "
ဦးမဟာနွယ်၏မျက်လုံးများက ထိတ်လန့်မှုကြောင့် ပြူးကျယ်နေသည်။ ထို့အတူ တစ်ကိုယ်လုံး ပူထူကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။
တစ်ဖက်လူက သတင်းပေးပြီး ဖုန်းချသွားပြီဖြစ်သော်ငြား ဦးမဟော်နွယ်ကမူ ဆောက်တည်ရာမရဖြစ်နေဆဲပင်။
မမျှော်လင့်ထားသည့် သတင်းဆိုးကြောင့် ဦးမဟော်နွယ်၏ခြေဖျား လက်ဖျားများကပါ အေးစိမ့်လာသည်။
စက္ကန့်ပိုင်းမျှ ကြာသွားတော့မှ စိတ်ကို ထိန်းချုပ်နိုင်သွားကာ ချက်ချင်းဆိုသလို တစ်စုံတစ်ယောက်ဆီ လှမ်းဖုန်းဆက်ရသည်။
ဖုန်းဝင်သော်ငြား အသေအလုပ်ရှုပ်နေပုံရသည့် တစ်ဖက်လူက ဖုန်းမကိုင်။ မကိုင်မချင်း ဦးမဟာနွယ် ဆက်တိုက်ဆိုသလို ခေါ်နေမိသည်။
ဖုန်းခေါ်နေရင်း တစ်ဖက်ကလည်း ရုံးခန်းထဲမှ အလျင်အမြန်ထွက်ကာ VIP ကားပါကင်ရှိရာဆီသို့ ဦးတည်သွားနေရသည်။
ထို့အပြင် နေရာတစ်နေရာဆီသို့ ဆေးရုံကားတစ်စီးလွှတ်ပေးဖို့အတွက်လည်း စီစဉ်ရသေးသည်။
ကားထဲ ဝင်ပြီး နောက်ဆုံးအကြိမ်အဖြစ်သတ်မှတ်ကာ ဖုန်းထပ်ခေါ်လိုက်တော့မှ တစ်ဖက်လူက ဖုန်းကိုင်လာသည်။
သို့သော် အလုပ်လုပ်နေစဉ် သူ့ဖုန်းခေါ်သံက အနှောင့်အယှက်ဖြစ်သွားပုံပေါ်သည်မို့ အသံကမူ မကြည်မသာ ... ။
" ဘာလဲ "
" ဟိတ်ကောင် ဆက်ခ ! ဘာလဲလုပ်မနေနဲ့တော့ ! သားဈာန် ပြဿနာတက်နေပြီကွ ! "
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ည ၁ နာရီခန့် ... ။
ကောင်းကင်ကြီးကို အမှောင်ထုများက သိမ်းပိုက်စိုးမိုးထားသည်။ ကြယ်ရောင်မျှပင် မတွေ့ရ။
လမ်းထဲ၌ ခွေးအူသံမှအပ အရာအားလုံး ပကတိတိတ်ဆိတ်ငြိမ်သက်နေ၏။ လမ်းသွားလမ်းလာများလည်း တစ်ယောက်မျှပင် မရှိတော့ပေ။
ပြောရမည်ဆိုလျှင် ယခုအချိန်က လူတိုင်းအိပ်မောကျနေကြမည့် အချိန်မဟုတ်လား။
သို့သော် လေးဆက်ကတော့ ယခုချိန်ထိ မအိပ်နိုင်သေးဘဲ ဝရန်တာကို ထွက်ကာ ဈာန့်ကို မျှော်လိုက်၊ အိမ်ရှေ့ခန်းထဲ၌ လမ်းလျှောက်လိုက်ဖြင့် တစ်ယောက်တည်း ယောက်ယက်ခတ်နေ၏။
ညနေစောင်းကတည်းက ဈာန် အပြင်ထွက်သွားတာ ယခုဆို ညတစ်နာရီတောင် ထိုးသွားခဲ့ပြီ။ ညတစ်နာရီဆိုသည်မှာ အိမ်ပြန်ဖို့ရာ တော်တော်နောက်ကျနေသည့်အချိန်ဖြစ်သည်။
ပုံမှန်ဆို ဈာန်က အလုပ်ကိစ္စရှိလို့ အပြင်ထွက်ရရင်တောင်မှ ဆယ်နာရီမထိုးခင် အိမ်သို့ ပြန်လာနေကျဖြစ်သည်။ ဆယ်နာရီထက် နောက်ကျမည်ဆိုလျှင်လည်း သူ့ကို ဖုန်းကြိုဆက်ကာ အကျိုးအကြောင်း ပြောပြနေကျဖြစ်သည်။
သို့သော် ဒီနေ့ကျမှ ညနေစောင်းကတည်းက အပြင်ထွက်သွားသော ဈာန်သည် ယခုလို ညဥ့်နက်သည်အထိ သူ့ကို တစ်ခါလေးမျှပင် အဆက်အသွယ်မလုပ်သေး။
ဒါက ပုံမှန်မဟုတ်ဘူးဟု သူ ယူဆသည်။
ဈာန် တစ်ခုခုများဖြစ်နေတာလား။
အဲဒါကြောင့်မို့ သူ့ကို ဖုန်းဆက်ပြီး အကျိုးအကြောင်းမပြောပြနိုင်တာလား။
အခုတလော နေ့စဉ်ရက်ဆက်ဆိုသလို ဆက်တိုက်မက်နေသည့် အိပ်မက်များကလည်း မကောင်းသည့်နိမိတ်ကိုသာ ညွှန်ပြနေသည်။
တွေးလေ တွေးလေ ရင်ပူလာသဖြင့် တစ်ချိန်လုံး ဖုန်းခေါ်နေရ၍ မကြာခင် အားကုန်တော့မည့် ဖုန်းဖြင့် ဈာန့်ထံသို့ နောက်တစ်ကြိမ် ထပ်မံဖုန်းခေါ်ကြည့်မိသည်။
ဖုန်းခေါ်နေသည့်အချိန်အတွင်း၌လည်း လေးဆက်တစ်ယောက် ငြိမ်ငြိမ်မနေနိုင်ဘဲ အိမ်ရှေ့ခန်းကျဉ်းကျဉ်းလေး၌ ဟိုဟိုဒီဒီလမ်းပတ်လျှောက်နေမိသည်။
စိတ်ထဲမှလည်း တစ်ဖက်လူ ဖုန်းကိုင်ဖို့အရေးကို တဖွဖွရေရွတ်နေလျက် ... ။
တီ ... တီ ... တီ ...
တစ်ဖက်မှ ကိုင်မည့်သူမရှိသော ဖုန်းလိုင်းက ထပ်မံပြတ်ကျသွားပြန်သည်။
ဒါဟာ ဘယ်နှကြိမ်မြောက်ခေါ်ဆိုမှုမှန်းတောင် သူကိုယ်တိုင်တောင် မမှတ်မိတော့ပေ။
ဖုန်းပိတ်ထားတာ မဟုတ်ဘဲ ဖုန်းဝင်ရက်နဲ့ မကိုင်တာဖြစ်သောကြောင့် သူ့မှာ စိုးရိမ်စိတ်ပိုရသည်။
ဈာန်က သူ့ဖုန်းကို မကိုင်ဘဲ လစ်လျူရှုထားမည့်လူမှ မဟုတ်တာ။
" ပြန်လာခဲ့မယ် ... ကျွန်တော် ကိုကို့ဆီကို သေချာပေါက်ပြန်လာခဲ့မယ် "
ဈာန့်အသံကို နားထဲမှာ ပြန်ကြားယောင်လာသည်။
သေချာပေါက်ပြန်လာမည်ဟု ကတိပေးထားသော်ငြား ညဥ့်နက်နေသည့်တိုင် ဈာန့်အရိပ်အယောင်မပြောနှင့်။ အဆက်အသွယ်လေးတောင် မရသေးသဖြင့် လူက ရူးချင်လာသည်။
ဈာန့်အစ်မဝမ်းကွဲဖြစ်သည့် ဥဥကို အရင်ဖုန်းဆက်ကာ မေးမြန်းကြည့်သည်။
အရင်တစ်ခေါက် ဈာန် ပျောက်သွားတုန်းကလို ဥဥထံ ရောက်နေမလားဆိုသည့် မျှော်လင့်ချက်လေးဖြင့် ... ။
သို့သော် ဥဥက ဈာန်ရောက်မလာကြောင်းပြောပြီး သူ့ကို ဖျောင်းဖျသည်။ ဈာန့်ဒယ်ဒီကလည်း မကြာသေးခင်က နိုင်ငံခြားမှ ပြန်ရောက်လာသည့်အတွက် အခုတလော ဈာန်တို့သားအဖနှစ်ယောက်လုံး အလုပ်များနေသည်ဟု အသိပေးလာသည်။
ဈာန့်သူငယ်ချင်းများထံလည်း သူ အကုန်လိုက်ဖုန်းဆက်ကြည့်ပြီးသွားပြီ။ ဈာန်က အရင်တုန်းကဆို ညဥ့်နက်မှ အိမ်ပြန်တတ်သည့်လူစားမျိုးဖြစ်သောကြောင့် နေ့သစ်နှင့် လရောင်ကတော့ သူ့ကို သိပ်စိတ်မပူဖို့ပြောသည်။
သို့ပေမဲ့ ဘာကြောင့်ရယ်မှန်းမသိ သူ့စိတ်ထဲမှာ တစ်ခုခုမူမမှန်သလိုပင်။
နှလုံးသားခံစားချက်ချင်းထပ်တူကျနေသည့်အတွက် ဈာန့်ဘက်က မူမမှန်မှန်း သူ တစ်ယောက်တည်းသာ သိသည်။
Phone Ringing ...
ရုတ်တရက် ဖုန်းဝင်လာသဖြင့် သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။
ဖုန်းခေါ်ဆိုသူအား ကြည့်လိုက်တော့ ဥဥ ... ။
မျှော်နေမိသည့်လူမဟုတ်သောကြောင့် လေးဆက်၏မျက်နှာက အနည်းငယ်ညှိုးကျသွားသည်။
အဲဒီနောက် ဖုန်းကို ကိုင်လိုက်သည်။
ဖုန်းကို ကိုင်ပြီးပြီးချင်းမှာပင် သူ့နားထဲ တရဆက်တိုးဝင်လာသည်က ဥဥ၏ငိုသံများနှင့် အလောတကြီးနိုင်သော စကားသံများ ... ။
သူ့မျက်နှာက တဖြည်းဖြည်း အရောင်ဖျော့တော့လာသည်။
မကြာခင်မှာပင် ဖုန်းကို နား,နား ကပ်ထားလျက်သား လူက ဝရန်တာ၌ ထိုင်ရက်ပြုတ်ကျသွားသည်။
ခြေထောက်များက ထိန်းမရနိုင်စွာ တုန်ယင်နေသောကြောင့် ... ။
နှလုံးခုန်နှုန်း တလှပ်လှပ်နှင့် အသက်ရှူရမြန်နေပြီး ထိတ်လန့်မှုကြောင့် နှုတ်ခမ်းလွှာများက ဖြူဖျော့လာသည်။
မျက်ရည်များက ထိန်းမရနိုင်စွာ ပါးပြင်တစ်လျှောက် စီးကျလာလေတော့သည်။
ထိုမျက်ရည်များကြောင့် အကြည့်တွေ ဝေဝါးလာသည်။
ဘာမြင်ကွင်းကိုမှ မမြင်ရတော့ပေ။
အရာအားလုံးက မှုန်ဝါးဝါး ... ။
အသက်ရှုဖို့ကိုတောင် မေ့လျော့နေမိသည်အထိ လူက စိတ်လွတ်နေသည်။
သူ့ဘဝမှာ ဒီလောက်ထိ ပြင်းပျနာကျင်ရသော ဝေဒနာမျိုးကို မခံစားဖူးခဲ့ပေ။
နှလုံးသားကို ပိုးကောင်တွေ အများကြီးက တစစီ ကိုက်ဖြတ်စားသောက်နေသကဲ့သို့ ... ။
လူက ဆောက်တည်ရာကင်းမဲ့စွာ ရူးသွပ်သွားပြီး သံမံတလင်းကို လက်သည်းများဖြင့် ကုတ်ခြစ်ရင်း ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့သည်။
9:30 P.M
20.8.2021 ( Friday )