" အချစ်ရေး အချစ်ရာ "
အခန္း-(5)
" ငါ မနေ့က ထမင်းတောင်ကောင်းကောင်းမ
စားနိုင်ဘူး..."
အာကာ့စကားကြောင့် စိုးမိုးကလည်း ဒဏ်ရာအ
နည်းငယ်ကျန်ရှိနေသေးသော မေးရိုးကို လက်
နှင့်ဖွဖွပြန်စမ်းမိသည်။
" ငါရောပဲ...ဖားသားကြီးကလည်း စိတ်ဆိုးပြီး ငါ့
ကိုလယ်ထဲခေါ်သွားတာ...အိပ်နေတာတောင်
မငြင်းရဲလို့ ချက်ချင်းထလိုက်သွားရတယ်..."
ဟိုနေ့က စိုးမိုးနှင့်သဲနုတို့ ချိန်းတွေ့ခဲ့တာကို
သန့်ဇင်ဦးတို့မသိခဲ့..။
နောက်နေ့မှ ဘယ်လိုသိသွားသည်မသိ..။
သန့်ဇင်ဦးက သူကိုယ်တိုင်မပါဘဲ သက်ကယ်ရွာ
သားတွေကိုမြှောက်ပေးသဖြင့် သုံးယောက်နှင့်
ငါးရောက် မမျှတစွာ ဆင်နွှဲခဲ့ရသည်။
ထိုနေ့က သူရိန်တောင် ဒဏ်ရာမရပေမယ့် အိမ်ပြန်ရောက်ရင် ဆူညံပူညံဖြစ်မှာကိုကြိုတွေးကာ
စိုးမိုးတို့အိမ်မှာ အိပ်ခဲ့သေးသည်။
စိုးမိုးတို့သိပ်အထိမနာခဲ့တာလဲ သူရိန့်ကြောင့်ပါ။
မဟုတ်ရင် သူတို့ဘယ်လိုမှဟန်နိုင်မှာမဟုတ်..။
" သူရိန်...မင်းအိမ်ရော ရာသီဥတုသာယာရဲ့
လား..."
အာကာ့အမေးကို သူရိန်က ခေါင်းခါပြသည်၊၊
" ခုထိ မကြည်သေးဘူး..."
ပြောရင်း ကော်ဖီခွက်ကို မော့သောက်လိုက်၏။
" ဟေ့ကောင် စိုးမိုး...ဟိုမှာ ပိုပိုမဟုတ်လား..."
အာကာ့အမေးကြောင့် ရုတ်တရက်စကားစပြတ်
သွားကာ လမ်းမဘက်ကိုသူတို့လှည့်ကြည့်မိ၏။
ပိုပို့ကိုတွေ့လိုက်ရသည့်အခိုက်အတန့် သူတို့
အားလုံး ငေးကနဲဖြစ်သွားမိတာတော့အမှန်..။
အဖြူအစိမ်းလေးနှင့်တောက်ပစွာတည်ရှိနေပါ
သောမိန်းကလေးက ပိုပိုဆိုတာသေချာပါလျက်နဲ့
မယုံနိုင်..။
အင်္ကျီအဖြူလေးက ရင်ဖုံးခါးတိုလေးဖြစ်ပြီး သူမ
၏ခန္ဓာကိုယ်သွယ်သွယ်လေးနှင့်လိုက်ဖက်စွာ
ပင် ခါးနားလေးကကပ်ချပ်နေသည်။
လုံချည်အစိမ်းလေးက ရိုးရိုးပုံစံမဟုတ်ဘဲ ထဘီ
စကတ်ဖြစ်နေသည်မို့ သူမ၏ကိုယ်ဟန်အလှက
ထင်းနေ၏။
မျက်နှာဝိုင်းဝိုင်းလေးမှာ မျက်ခုံးတန်းအပေါ်ထိ
ဆံမြိတ်လေးတွေချထားပြီး ရှေ့ဘက်မှဆံနွယ်
ရှည်လေးတွေကို နောက်ဘက်သို့လိမ်ယူသွား
ပြီး နောက်တွဲဆံထုံးလေးထုံးထားသောကြောင့်
အိမ်မှာနေသည့်ကလေးဆန်ဆန်ပုံစံမျိုးမဟုတ်
ဘဲ တစ်မျိုးလေးဆန်းနေသည်။
ဝင်းနှစ်နေသည့်မျက်နှာလေးပေါ် သနပ်ခါးမှုန်မှုန်လေးနှင့် နှုတ်ခမ်းရဲရဲလေးတို့ကြောင့် မထိ
ရက်စွာလှ၏။
အမှန်ပြောရရင် ပထမနှစ်တန်းပြဆင်းတုန်းက
တောင် သူမလေးဒီလောက်ထိမပြင်တတ်ခဲ့..။
ငယ်စဉ်ကလေးဘဝတုန်းက ကိုယ်တွေနောက်
ကထိုင်လိုက်ပြီး ကိုယ်တွေထိန်းကျောင်းလာခဲ့
ရသော အချိန်ကာလတို့က ကြာမြင့်ခဲ့ပါပြီလား..။
ပိုပိုက သူတို့ကိုမြင်ပုံမရ..။
ဘေးမှ သူမ၏သူငယ်ချင်းမလေးလက်ကို
ဆွဲပြီး ဆိုင်ထဲကိုဝင်လာသည်။
" ဦးဝတုတ်...ပိုပိုတို့ကို ကော်ဖီနှစ်ခွက်ရယ်...
ကိတ်မုန့်နှစ်ခုရယ် ချပေး..."
ဆိုင်ထဲသို့ဝင်လာလာချင်း အသံစာစာလေး
ကြောင့် လူတွေအကုန်လှည့်ကြည့်ကြသည်။
" အေး...ရမယ် ပိုပိုရေ...ခဏစောင့်...ဒီနေ့စ
သွားရပြီလား..."
" ဟုတ်..."
" ဒါကြောင့် နှစ်ယောက်လုံးလှနေကြတာ..."
" သိတယ် သိတယ်...ကိုယ့်ကိုကိုယ်လှမှန်း..."
ပြောရင်းရယ်လိုက်တော့ စံပယ်တင်မှဲ့လေးက
ပါးမို့မို့ထက်မှာ အထင်အရှား..။
အင်္ကျီကခါးတို့မို့ တစ်ချက်တစ်ချက်လှုပ်ရှားလိုက်
တိုင်း ခါးစပ်လေးကလှစ်ကနဲပေါ်တတ်၏။
လူတွေဝိုင်းကြည့်နေတာမြင်တော့ သူရိန်မျက်
မှောင်တစ်ချက်ကြုတ်သွားသည်။
" ဟိတ္...အပိုမ..."
ရုတ်တရက် စိုးမိုးကလှမ်းခေါ်သဖြင့် ပိုပိုလှည့်
ကြည့်လိုက်သည်။
" ကိုကြီးစိုးမိုးတို့ပဲ...လာ မြယွန်း...အဲ့မှာသွား
ထိုင်ကြမယ်..."
" ဖြစ်ပါ့မလားဟယ်..."
မြယွန်းက ဟိုကသိမှာလည်းစိုးကာ လေသံတိုး
တိုးနှင့်ပြော၏။
" ဘာလို့လဲ..."
" နင့်အကိုတွေကို မခင်လို့မဟုတ်ပါဘူး...ဟို
တစ်ယောက်ကိုတော့ ကြောက်တယ်..."
တကယ်ပါ...ကြာဇံချက်ဝယ်တုန်းက အကိုလေး
တစ်ခါလေးပွဲကြမ်းမိတာကိုတောင် မြယွန်း
ကြောက်လို့မဆုံးဖြစ်နေသဖြင့် ပိုပိုပြုံးလိုက်မိ၏။
တကယ်ဆို ပိုပိုလည်း ဟိုနေ့ညနေကအဖြစ်အ
တွက် အကိုလေးကိုရင်ဆိုင်ရမှာ မျက်နှာပူသလို
လိုဖြစ်မိသည်။
သူ့ဘာသာ အင်္ကျီယူတာကို ကိုယ်ကတစ်မျိုးတွေ
ထင်ခဲ့တာကို ပြန်တွေးလိုက်တိုင်း ရှက်လဲရှက်မိ
ပါသည်။
အကိုလေးဆိုတာ ကိုယ့်ကို ဘယ်တုန်းက ရှိတယ်တောင်ထင်ခဲ့ဖူးလို့လဲ...။
သူ့အမြင်မှာကိုယ်ဆိုတာ လူရာတောင်ဝင်မှာ
မဟုတ်..။
ဒါကြောင့် ဘာမှမဖြစ်ခဲ့သလို နေလိုက်တာပဲ
ကောင်းမည်။
" ဘာမဖြစ်ပါဘူး မြယွန်းရဲ့...တော်ကြာ ငါတို့
မသွားရင် မာနကြီးတယ် ဘာညာဖြစ်နေပါအုံး
မယ်...ငါက အရင်က သူတို့နဲ့အရမ်းရင်းနှီးတာ "
" အေးပါ...အဲ့ဒါဆိုလဲ..."
မြယွန်းက သူမနှင့်အတူလိုက်လာသည်။
ကိုကြီးအာကာက အနားဝိုင်းမှ ခုံတစ်လုံးထပ်ဖြည့်ထား၏။
" ကိုကြီးစိုးမိုးက လှမ်းခေါ်တာဆိုတော့ ဘာ
ကျွေးမှာလဲ...ပြော..."
ပိုပို့အမေးကြောင့် စိုးမိုးက ခေါင်းကုတ်ပြီးပြုံး၏။
" အပိုတွေလုပ်လိုက်တာ...တကယ်ဆိုနင်တို့
ကျွေးသင့်တာပေါ့...မကြာခင်ပဲ လခရတော့မယ့်
ဟာ..."
" မရပါဘူး...ခေါ်သူရှင်းကြေးပဲ..."
ထိုအချိန် မှာထားသော ကော်ဖီတွေရောက်လာ
သဖြင့် ပိုပို မြယွန်းရှေ့သို့လည်းချပေးလိုက်
သည်။
အကိုတွေနှင့်မြယွန်းကို မိတ်ဆက်မပေးတာက
ကိုယ့်သူငယ်ချင်းက ကိုယ့်ထက်တောင် သတ္တိ
နည်းတာ ကိုယ်အသိမို့..။
ဝိုင်းလေးက အာကာနှင့်စိုးမိုးတို့အသံတွေဖြင့်
စည်ကားနေသော်လည်း သူရိန်ကတော့ မတည်
မပြုံးနှင့်သာ..။
" မရဘူး ပိုပို...နင်ပွဲသတ်ရမယ်..."
" ဟင်...ဘာကိုလဲ..."
" ဟိုမှာလေ...ဟိုမှာ..."
စိုးမိုး လှမ်းမေးငေါ့ပြရာဆီသို့လှည့်ကြည့်မိတော့
အနီရောင် အော်တိုဆိုင်ကယ်တစ်စီး..။
" အစိတ်ကျော်တယ်နော်...နင်မို့ပူဆာတတ်
တယ်..."
စိုးမိုးအပြောကြောင့် ပိုပို ခိကနဲရယ်သည်။
" ဖေဖေက ဆရာမဖြစ်ရင်ဝယ်ပေးမယ်လို့ပြော
တာကိုး...လှတယ်မို့လား..."
" လှတယ် လှတယ်...သူရိန်...လှတယ်မို့လား "
အာကာက စကားဝိုင်းထဲကိုဆွဲခေါ်သည်။
သူရိန်က ဆိုင်ကယ်ကိုတစ်ချက်စွေကြည့်လိုက်
၏။
" ဒီကောင်တွေက မြို့ပေါ်က ကတ္တရာလမ်းလောက်ပဲကောင်းတာ...ရွာလမ်းနဲ့သိပ်မကိုက်ဘူး...ဘီးရဲ့တာယာမှာပန်းကပါးတယ်...ဒါကြောင့် မိုးရာသီလိုအချိန်အခါမျိုးဆို ချောပြီးစလစ်အဖြစ်များတယ်...ရွှံ့ထူတဲ့လမ်းဆို
ပိုဆိုးပေါ့...ပြီးတော့ ဝိတ်ကလည်းကြီးတယ်...
မောင်းတဲ့လူက ပိစိညှောက်တောင့်နဲ့...ဟုတ်
ရောပဲ..."
သူရိန့်အပြောကြောင့် ပိုပို မျက်နှာလေးရှုံ့သွား၏။
" အကိုလေးကလဲ ပိုပို့ကိုပြောလိုက်တာ ရစရာ
ကိုမရှိတော့ဘူး..."
ပြောရင်း နာရီလေးကိုတစ်ချက်ငုံ့ကြည့်လိုက်
သည်။
" ဒီနေ့အစဆိုတော့ စောစောရောက်မှအဆင်
ပြေမယ်...မဟုတ်ရင် ကျောင်းအုပ်ငြိုငြင်နေမယ်...သွားကြရအောင်..."
ပိုပို့အပြောကြောင့် မြယွန်းကလည်းထလာ၏။
" ကိုကြီးတို့ ပိုပိုသွားပြီနော်..."
" အေးပါ..."
ပိုပိုက သူတို့ဖို့ပါရောပြီး ပိုက်ဆံရှင်းပေးခဲ့၏။
သူတို့ဝိုင်းလေးက တစ်ဖန်ပြန် တိတ်ဆိတ်သွား
ခဲ့ပြီး...
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
" သက်သက်..."
နောက်ပါးမှ တရင်းတနှီးခေါ်သံကြောင့် ဒေါ်သက်သက်မူ လှည့်ကြည့်မိသည်။
" သြော်...မမနှင်းပါ့လား..."
ဒေါ်မြနှင်းက ဆွဲခြင်းလေးဆွဲလိုက်ရင်း အနား
လျှောက်လာသည်။
" စျေးက ဝယ်ပြီးသွားပြီလား သက်သက်..."
" ဟုတ်တယ် မမနှင်း..."
" အဲ့ဒါဆို အတူတူပြန်ကြတာပေါ့..."
" အင်း..."
နှစ်ယောက်သား ကုန်စုံဆိုင်မှထွက်လာခဲ့သည်။
" ပိုပိုလေးက တော်တော်လှလာတာပဲနော်...
အစ်မဖြင့်လူတောင်မှားတယ်..."
ဒေါ်မြနှင်းစကားကြောင့် ဒေါ်သက်သက်မူကပြုံး
သည်။
" အဲ့ဒါတော့ မသိဘူး...ဒါပေမယ့် ကလေးဆန်
တာကတော့ လုံးဝမပျောက်သေးတာသေချာ
တယ်..."
" အို...အဲ့ဒါကလဲ သူ့အသက်အရွယ်က ငယ်
သေးတာပဲဟာ...ဒါပေမယ့် သူ့စိတ်ထဲမှာ ဘာ
မာနအရောင်အဆင်းမှမရှိဘူးသိလား...ဟိုက
ပြန်ရောက်ရောက်ချင်းတောင် အိမ်ကိုအလည်
လာသေးတယ်...ဘာမှ ပြောင်းလဲမသွားဘူး..."
ဒေါ်မြနှင်းက အပြုံးနှင့်ပြန်ပြောနေပေမယ့်
ဒေါ်သက်သက် တွေကနဲဖြစ်သွားသည်။
အဲ့နေ့က သမီးအလည်သွားခဲ့တာ အဲဒီ့ကိုလား..
" ပိုပိုလေးတို့ အလုပ်အကိုင်လေးနဲ့ လိမ်လိမ်မာမာဖြစ်နေတာတွေ့ရတော့ အိမ်က အငယ်
ကောင်ကိုလဲ လိမ်မာစေချင်လိုက်တာ...သူဘယ်
အချိန်ထိများ ဆိုးသွမ်းနေအုံးမလဲမသိဘူး..."
ဒေါ်မြနှင်းက ညည်းညူ နေလေတော့ ဒေါ်သက်သက်မူ ပြုံးမိ၏။
" ယောက်ျားလေးဆိုတော့ လွတ်လွတ်လပ်လပ်
နေတတ်ကြတဲ့သဘောပါ...သူတို့စိတ်ကြိုက်နေ
လို့ဝသွားရင်တော့ ကိုယ်ပြောနေစရာတောင်
မလိုဘဲ သူ့အလိုလိုပြု ပြင်သွားပါလိမ့်မယ်..."
" အင်းလေ...အဲ့လိုပဲ မျှော်လင့်ပါတယ်...ကံကိုပဲ
အားကိုးရတော့မှာပေါ့..."
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
" တီလေး ရရဲ့လား..."
" ရပါတယ်...အ.."
သူမ ငြင်းဆန်လိုက်ပေမယ့် ခြေဖဝါးကဆူးကနဲ
အောင့်တက်လာတာကြောင့် နာကျင်သံလေး
ထွက်သွားရ၏။
သူမဖြစ်သွားတာကို ရိပ်မိသွားတာကြောင့်
ယံလေးနှင့်စံလေးတို့လည်း မျက်နှာမကောင်းနိုင်။
" တီလေးက ရပါတယ်သာပြောနေတာ...မျက်
နှာက နီရဲလာပြီ..."
ယံလေးက အသံတုန်တုန်လေးနှင့်ပြောတော့
စံလေးကပါ မျက်နှာလေးညှိုးကျသွားသည်။
" စံလေးကြောင့်ပါ...ဒီကြာပန်းတွေလဲ မလိုချင်
တော့ဘူး..."
စံလေးကပြောရင်း စက်ဘီးခြင်းထဲက ကြာညို
ပန်းတွေထံအကြည့်ရောက်သွား၏။
မိုးရာသီရောက်တိုင်း ရွာထိပ်ကကန်ကြီးမှာ ကြာ
ပန်းတွေအပြည့်ပွင့်သည်။
ဒီနေ့ကျောင်းပိတ်တာမို့ စံလေးနှင့်ယံလေး အတင်းပူဆာသောကြောင့် ပိုပိုတို့ ကြာပန်းခူး
ထွက်လာခဲ့သည်။
မေမေတို့လည်း ဟိုဘက်ရွာကနာရေးတစ်ခု
ကိုသွားတာမို့ လစ်ထွက်လာကြခြင်းပင်..။
မဟုတ်ရင် ဘယ်လိုမှခွင့်ပြုမှာမဟုတ်..။
ရေကန်ကသိပ်မနက်ပေမယ့် မိုးရာသီမို့ ပြည့်သျှံ
နေတာမဟုတ်လား..။
" အဲ့ဒါ မိဘစကားကိုနားမထောင်လို့ ဖြစ်မယ်
နော် တီလေး..."
စံလေးက သူတို့၏ကလေးစီးစက်ဘီးသေးသေး
လေးကိုတွန်းသွားရင်းမှ ပိုပို့ကိုလှည့်ပြောသည်။
ပိုပို လူကနာနေသော်လည်း လက်သီးတော့
ရွယ်ပြမိ၏။
" အဲ့ဒါဆို နင်တို့ကပိုဖြစ်သင့်တာပဲ...နင်တို့ပဲ
ဒီကြာပန်းမှမရရင် သေတော့မလိုဖြစ်နေတာ
မဟုတ်ဘူးလား...ကြာပန်းဆင်းခူးပေးရင်း ခြေ
ထောက်ငုတ်စူးမိတာမှအားမနာ...ပြောနေပုံက
တစ်စက်မှစေတနာထားဖို့မကောင်းဘူး..."
" ဟုတ်သားပဲ စံလေးကလဲ..."
ယံလေးက ပိုပို့စက်ဘီးပန်းရောင်လေးကို
ကူတွန်းပေးရင်း ဝင်ပြောသည်။
" မဟုတ်ဘူး တီလေးရဲ့...မီးက တီလေးကို
သနားလို့ပြောမိတာပါ..."
ပိုပိုခြေထောက်နာနေသောကြောင့် စက်ဘီးမစီး
နိုင်။
အကြောထိသွားသည် ထင့်..။
နင်းလိုက်တိုင်း သေလောက်အောင်နာလာတာ
မို့ ခြေလျင်သာဖြည်းဖြည်းလျှောက်လာရသည်။
စက်ဘီးနှစ်စီးပါလာသော်ငြား KGတန်းသာရှိ
သေးသော ယံလေးက ပိုပို့ကိုတင်မနင်းနိုင်သ
လို စံလေးကလည်း စက်ဘီးအသေးလေး
တောင်မစီးတတ်သေး..။
ဖြည်းဖြည်းသာလျှောက်လာနိုင်တာမိ်ု့ ခရီးလည်း
ထင်သလောက်မတွင်သလို ပိုပိုလည်း အတော်
လေးနာကျင်နေ၏။
" တီလေး...ဟိုမှာ ဟိုအစ်ကိုကြီး..."
ရှေ့မှစံလေးအပြောကြောင့် ပိုပိုမျှော်ကြည့်မိ
တော့ သူရိန်က သူတို့ဘက်ကိုလျှောက်လာတာ
တွေ့သည်။
" အကိုလေး..."
အနားရောက်တော့ ပိုပို အားတက်သွား၏။
မဟုတ်ရင် ဒီခြေထောက်ထော့ကျိုးနဲ့ အိမ်ပြန်
ရောက်ဖို့ ကြန့်ကြာနေမှာ..။
" ဘာဖြစ်တာလဲ..."
သူရိန်က ပိုပို့ခြေထောက်ကိုတစ်ချက်ကြည့်ရင်း
မေးသည်။
ပိုပို မျက်နှာလေးညှိုးသွားရင်း...
" ဟို...ကြာ...ကြာပန်းသွားခူးရင်း ငုတ်စူး..."
" ဘာ..."
စကားတောင်မဆုံးသေး...။
သူရိန်က ဖြတ်အော်၏။
" နေပါအုံး...အဲ့ကြာပန်းမရတော့ သေသွားမှာ
မို့လို့လား...ခုဖြစ်လာတဲ့ပုံကိုကြည့်အုံး...
တောက်...နည်းနည်းမှဦးနှောက်မရှိဘူး..."
သူရိန် ဒေါသထွက်ကာဆူတော့ ပိုပို ခေါင်းငုံ့
ထားမိ၏။
ခုက တန်းပြဆင်းနေရပြီမို့ ကျောင်းသွားတာ
လာတာကအစ အခက်အခဲဖြစ်မှာအသေအချာ။
စံလေးနှင့်ယံလေးတို့တွေ သူရိန့်အော်သံကြီး
ကြားတည်းက နေစရာမရှိတော့...။
ဒီရွာမှာ သူတို့အကြောက်ဆုံးကသူရိန်မို့ ခုလို
အအော်ခံရတော့ မျက်လုံးလေးတွေဝိုင်းနေ၏။
" ခုဘယ်လိုလုပ်မလဲ..."
သူရိန့်အမေးကြောင့် ပိုပိုမော့ကြည့်လိုက်သည်။
" အကိုလေးက ဘယ်သွားမလို့လဲ..."
" ဘယ်မှမသွားဘူး...အိမ်မှာ ဓာတ်ပြားဟောင်း
ဖွင့်ပြနေတာ နားမခံသာတော့လို့...''
ပြောရင်း ဆံပင်တွေထဲ လက်ထိုးဖွသည်။
ပိုပို စိတ်ကိုတင်းလိုက်ရင်း...
" အဲ့ဒါဆို ပိုပို့ကိုစက်ဘီးနင်းပြီး လိုက်ပို့ပေးပါ
လားဟင်...ပိုပို လမ်းမလျှောက်နိုင်တော့ဘူး...
ယံလေးက စံလေးကိုပဲတင်ခေါ်နိုင်တာ...သူတို့
နှစ်ယောက်က တစ်ဘီးစီးလိမ့်မယ်..."
သူမအပြောကြာင့် သူရိန်က စက်ဘီးတွေကို
တစ်လှည့် စံလေးတို့ကိုတစ်လှည့် ကြည့်လိုက်
၏။
ပြီးမှ ကျစ်ကနဲစုတ်သပ်လိုက်ရင်း...
" နောက်တစ်ခါထပ်ဖြစ်ကြည့်...ထိပ်ကိုထုပစ်
မယ်..."
ပြောရင်း အနားလျှောက်လာကာ ယံလေးလက်
ထဲက စက်ဘီးကိုလက်ကမ်းယူသည်။
ယံလေးက ခပ်မြန်မြန်ထားခဲ့ပြီး စံလေးအနား
လျှောက်လာကာ ရှေ့မှနှစ်ယောက်သား နင်း
ထွက်သွားတော့၏။
သူရိန့်ကို ကြောက်တာကိုး..။
သူရိန်က ဂျင်းဘောင်းဘီကို နှစ်လိပ်လောက်
ခေါက်တင်လိုက်သလို တီရှပ်အဖြူ ကိုလည်း
လက်မောင်းစတွေလိပ်တင်လိုက်၏။
" တက်တော့..."
သူထိုင်ပြီးသည်နှင့် ပိုပို့ကိုပါထိုင်ခိုင်းသည်။
သူ့အရပ်ကအရှည်ကြီးမို့ ခြေထောက်တွေက
ခွထိုင်ထားသည့်တိုင် မြေကြီးထိနေရာ လဲမှာ
တော့မပူရ..။
" ရပြီ.."
ပိုပို့ထံမှ အဖြေရသည်နှင့် နင်းထွက်လာခဲ့၏။
ယံလေးတို့က ရှေ့ခပ်လှမ်းလှမ်းတောင်ရောက်
နေပြီ..။
မိုးက မရွာပေမယ့် ညနေခင်းမို့ နေမလင်းဘဲ
မှိုင်းညို့နေသည်။
ဘေးဘက်တွေမှာ စပါးခင်းတို့သာရှိသည်မို့
လေတွေက တဖြူ းဖြူ းတိုက်ခတ်နေရာ ပိုပို့ဆံစ
တို့က သူ့ကျောပြင်မှာသော်လည်းကောင်း လေ
ပေါ်မှာသော်လည်းကောင်း လူးလွန့်နေ၏။
နှစ်ယောက်သားကြားမှာတိတ်ဆိတ်နေတာမို့
ပိုပို မနေတတ်ဖြစ်လာတော့သည်။
" အကိုလေး...ကြီးကြီးနေကောင်းတယ်မို့လား "
" ကောင်းတယ်..."
" ဦးလေးရော..."
" ကောင်းတယ်..."
" ကိုကြီးလရောင်ရော..."
" မသေသေးဘူး...အိမ်ရှိလူအကုန်မေးပြီး သန်း
ခေါင်စာရင်းကောက်မလို့လား..."
သူရိန့်စကားကြောင့် ပိုပို မျက်နှာမမြင်ရပေမယ့်
ကျောပြင်ကိုကြည့်ပြီး မျက်စောင်းထိုးမိသည်။
" ပိုပိုက သတိရလို့မေးတာကို...အကိုလေးက
လေ စိတ်ကြီးပဲ..."
" သိရင်ပြီးရော..."
" အဲ့လိုကြီးတည်တင်းမနေပါနဲ့ အကိုလေးရ...
ကျောင်းသားဘဝတုန်းက နေခဲ့တဲ့ပုံစံအတိုင်း
လေးနေပါ့လား..."
သူမပြောရင်း တစ်ခုခုကိုသတိရသွားသလို မျက်
နှာလေးဝင်းလက်သွား၏။
" ခုလို အကိူုလေးနောက်ကထိုင်လိုက်ရတော့
ဟိုးအရင်တုန်းက အချိန်တွေတောင်လွမ်းမိသွား
တယ်...အဲ့တုန်းကလဲ ခုလိုပဲ အကိုလေးနောက်
ကထိုင်လိုက်ပြီး ကိုကြီးအာကာတို့နဲ့ အချင်းချင်း
စနောက်ပြန်ခဲ့ကြတာတွေ သတိရမိတယ်သိ
လား...ဘာပဲလုပ်လုပ် ဘာပဲပြောပြော အကို
လေးနဲ့ပိုပိုက အမြဲတမ်းနိုင်ခဲ့တာချည်းပဲနော်..."
သူမဘက်က တက်တက်ကြွကြွပြောနေပေမယ့်
သူရိန်ကအသံတိတ်နေ၏။
" တကယ်တော့ ယံလေးတို့ကြာပန်းခူးသွားမယ်
ပြောတုန်းက ပိုပိုငြင်းမလို့ပါ...ဒါပေမယ့် ပိုပို
အရင်တုန်းကအချိန်တွေကို လွမ်းလို့လိုက်လာခဲ့
တာ...အဲ့တုန်းကဆိုရင်လေ ကျောင်းပြန်တိုင်း
အကိုလေး ပိုပို့အတွက် ကြာပန်းတွေခူးပေးခဲ့
တာနော်...ပြီးတော့ ကျောင်းပြန်တိုင်း သီချင်း
တွေလဲဆိုပြတယ်...ပြီးတော့...အမေ့..."
သူမ လက်ဟန်ခြေဟန်နဲ့ပြောနေတုန်း ရုတ်တရက် သူရိန်က ဘရိတ်ကိုဆွဲဖျစ်ကာရပ်ပစ်လိုက်ရာ ပိုပိုအရှိန်လွန်ပြီး သူရိန့်ခါးကိုဖက်မိလျက်သားဖြစ်သွား၏။
" မင်းက တစ်ခါတစ်လေ သတိရရုံပဲလား..."
" ဟင်..."
သူရိန် ဘာပြောလိုက်မှန်းနားမလည်စွာ ပိုပို
မျက်လုံးလေးဝိုင်းသွားသည်။
နောက်မှ ခါးပေါ်မှာရှိနေသော သူမလက်တို့ကို
ဖယ်ခွာမည်အပြု သူရိန့်လက်တို့က သူမလက်ဖ
ဝါးလေးတွေပေါ် ဖိဆုပ်ထား၏။
" ခဏလောက်ငြိမ်ငြိမ်နေပေး..."
စက်ဘီးပေါ်မှခြေတစ်ဖက်ထောက်ရပ်ထားပြီး
တစ်ဖက်ကိုနင်းခုံပေါ်တင်ထားကာ မျက်နှာလဲ
နောက်လှည့်မလာဘဲ သူရိန့်ထံမှ အသံထွက်
လာ၏။
ဒီတစ်ခါ သူ့စကားသံတို့က နူးညံ့သယောင်ရှိနေ
သော်ငြား ပိုပို အမိန့်တစ်ခုလိုဘာကြောင့်မငြင်း
ဆန်မိရတာပါလိမ့်..။
ခါးမှာထပ်အုပ်ထားသော လက်ဖဝါးလေးတို့မှ
တစ်ဆင့် ခန္ဓာကိုယ်လေးကနွေးလာကာ
ရင်ဘတ်တစ်နေရာမှ အမျိုးအမည်မသိသော
ခံစားချက်တို့စီးဝင်လာ၏။
တကယ်တော့ အချစ်ဆိုတာ ပိုပိုနဲ့လုံးဝကို အစိမ်းသက်သက်...။
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀
Atom💙
အခန်း-(5)ပြီးပါပြီ ➳ ➳
ဝေဖန်အားပေးကြပါအုံး ★ ★
Please...
Like,comment and share ✔ ✔