ညခင်းလေထုက ခုနကထက်ပင် ပို၍အေးစိမ့်လာ၏။ ထိုကဲ့သို့သော အေးစိမ့်စိမ့်လေပြည်များက ဘာကြောင့်မှန်းမသိဘဲ အမည်မသိခံစားချက်များအား တစ်မျိုးတစ်ဖုံပေးစွမ်းနေပြန်သည်။
ငါးလွှာမြောက်တိုက်ခန်းလေးထဲ၌လည်း လူနှစ်ယောက်၏အသက်ရှူသံမှအပ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေလျက် ... ။
သို့သော် နံရံကပ်နာရီ၏မိနစ်လက်တံရွေ့လျားရာမှ ဖြစ်ပေါ်လာသည့် တချက်ချက်မြည်သံကိုမူ ခပ်သဲ့သဲ့ကြားနေဆဲပင်။
အချိန်အားဖြင့် ည ၉နာရီထိုးသွားခဲ့ချေပြီ။
ည ၉နာရီဆိုသည်မှာ မြို့ပြနေသူအဖို့ မစောလွန်း၊ နောက်မကျလွန်းသောအချိန်ဖြစ်သော်ငြား ဧည့်သည်လာဖို့အတွက်တော့ သင့်တော်သည့်အချိန်ကာလတစ်ခုဟုတ်မနေခဲ့ပေ။
သို့သော် ဒီညမှာတော့ သူ လုံးဝမမျှော်လင့်ထားသည့် ဧည့်သည်တစ်ယောက်က သူ့အိမ်ကို ရောက်ချလာခဲ့သည်။ ထူးထူးဆန်းဆန်းလက်ဆောင်တစ်ခုကို ယူဆောင်လာပြီးတော့ပေါ့။
တကယ့်ကို မထင်မှတ်ထားသော ဧည့်သည်ဖြစ်သည်မို့ ထိုလူ့ကို မြင်လိုက်ရစဉ်မှာ သူ လိပ်ပြာလွင့်မတတ် ထိတ်လန့်အံ့ဩသွားခဲ့ရသည်။
ဘယ်လိုမှအစအနရှာမရဘဲ လေးနှစ်လောက် စုံးစုံးမြုပ်ပျောက်ကွယ်နေသည့် ခန့်မဟော်က ဘာမပြော ညာမပြောနှင့် ရုတ်တရက်ကြီး သူ့အိမ်ရှေ့မှာ ထွက်ပေါ်လာသည်မဟုတ်လား။
သုံးနှစ်ကျော် လေးနှစ်နီးပါး မတွေ့ခဲ့ရသည့် ခန့်မဟော်၏အသွင်အပြင်က ယခင်ကနှင့် လုံးဝကို မတူညီတော့မှန်း စမြင်ကတည်းက သူ သိလိုက်သည်။ ခန့်မဟော်ထံ၌ လူငယ်သဘာဝဖြစ်သော လန်းဆန်းတက်ကြွမှုများ ပျောက်ကွယ်ကာ ထင်ထားသည်ထက်ပင် ပို၍ရင့်ကျက်နေသည်။
ဇလပ် ဆုံးပါးပြီးနောက်ပိုင်း သူ့အမှားများအတွက် ခန့်မဟော်ကို ဆက်သွယ်ပြီးတောင်းပန်ဖို့အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပေမဲ့ ဘယ်လိုမှရှာမတွေ့သည့်အဆုံး လက်လျော့ခဲ့ရသည်။
နောက်ဆုံး သူ ကြားလိုက်ရသည့်သတင်းက ခန့်မဟော် နိုင်ငံခြားကို အပြီးအပိုင်ထွက်သွားပြီဆိုတာပင်။ အဲဒီနောက်မှာတော့ အချိန်ကြာလာသည်နှင့်အမျှ သူလည်း ခန့်မဟော်နှင့်ပတ်သတ်ပြီး မေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့သည်။
ဤမျှအထိ ပျောက်ချက်သားကောင်းနေသည့်ခန့်မဟော်က ယခုလိုအချိန်ကျမှ သူ့အိမ်ရှေ့သို့ တန်းတန်းမတ်မတ်ရောက်ချလာသည်က အနည်းငယ်ထူးဆန်းနေ၏။
ခန့်မဟော်က အကြောင်းမရှိဘဲ သူ့ရှေ့ကို ရောက်လာမှာမဟုတ်မှန်းလည်း သူ သိပြီးသားဖြစ်သည်။ ဘာဖြစ်လို့လဲဆိုတော့ ခန့်မဟော်က သူ့ကို အရမ်းမုန်းနေသည်လေ။
သူ ခန့်မဟော်ကို နောက်ဆုံးတွေ့ခဲ့ရသည်က ဇလပ်၏ရက်လည်၌ဖြစ်သည်။ အဲဒီနေ့က ခန့်မဟော်၏ပုံရိပ်များကို သူ ယခုထိတိုင် မှတ်မိနေဆဲပင်။
ထို့အပြင် ပြန်ခါနီး သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောသွားသော စကားများ ... ။
“ မင်း စောင့်နေလိုက် လေးဆက်ရိပ်သွင် ! ပွဲက ဒီလောက်နဲ့ မပြီးသေးဘူး ” ဆိုသည့်စကားလုံးများက အငြိုးအာဃတများနှင့် ပြည့်နှက်နေမှန်း နားထောင်ကြည့်ရုံနဲ့တင် အသိသာကြီးဖြစ်သည်။
ထို့နေ့က ခန့်မဟော်၏အကြည့်များက မီးလို တောက်နေပြီး ဖြစ်နိုင်လျှင် သူ့ကို ထိုနေရာ၌ပင် ပွဲချင်းပြီးသတ်ပစ်ချင်နေသည်ဟု မသိစိတ်က အလိုလိုခံစားနေရသည်။
အဲဒီလောက်ထိ သူ့မျက်နှာကိုတောင် မမြင်ချင်လောက်အောင် မုန်းတီးနေသည့် ခန့်မဟော်က အခုကျ သူ့ရှေ့မှာ ပြုံးပြုံးရယ်ရယ်နှင့် ... ။
ဒီလိုအခြေအနေကြီးကို သူ ဘယ်လိုမှ နားမလည်နိုင်တော့ပေ။ တစ်ခုခုမှားယွင်းနေသည်ဟု စိတ်ထဲမှာ အလိုလိုခံစားနေရသည်။ အချိန်တွေကြာသွားလို့ ခန့်မဟော်က သူ့ကို မမုန်းတော့တာများလား။ သို့သော် ဤအချက်က ဖြစ်နိုင်ဖို့ရာ ခက်ခဲလွန်းလှသည်။
ခန့်မဟော်က စိတ်ဆတ်ပြီး အငြိုးကြီးမားသူတစ်ယောက်ဖြစ်သည်။ သူ့လိုလူက ဘယ်တော့မှ လွယ်လွယ်နှင့် ခွင့်လွှတ်ပေးမည်မဟုတ်ပေ။
ခွင့်လွှတ်ခြင်းနှင့် လက်စားချေခြင်းနှစ်ခုအနက် ဒုတိယတစ်ခုကိုသာ ကျိန်းသေပေါက်ရွေးချယ်မည့်လူစားမျိုးဖြစ်သည်။
အခုလည်း ခန့်မဟော်၏နှုတ်ခမ်းက ပြုံးနေသည်ဟုထင်ရသော်ငြား သေချာသတိထားကြည့်မည်ဆိုလျှင် မထီမဲ့မြင်နိုင်နေသည်။ ထို့အတူ မျက်ဝန်းမှလျှံထွက်လာသည့် အကြည့်များကလည်း လူသတ်ငွေ့များ မသိမသာထင်ဟပ်နေလျက်ရှိ၏။
ခန့်မဟော်က သူ့အပေါ် ဘယ်လိုခံစားချက်မျိုးပဲရှိနေပါစေ သူ့ဘက်ကတော့ ခန့်မဟော်အပေါ် အရင်တုန်းကလို မဟုတ်တော့ပေ။
အရင်တုန်းက သူ ခန့်မဟော်ကို အရမ်းမုန်းခဲ့ဖူးသည်။ သူ ချစ်ရသည့်ဇလပ်ကို လုယူဖို့ကြိုးစားသည့်လူဟု သတ်မှတ်ကာ အမုန်းကြီးမုန်းခဲ့ဖူးသည်။
သူ မုန်းသည့်လူဆိုတာ မရှိသလောက် နည်းပါးခဲ့ပေမဲ့ အဲဒီအချိန်တုန်းကတော့ ခန့်မဟော်ဟာ သူ့အမုန်းစာရင်းမှာ နံပါတ်တစ်နေရာကို ပြိုင်ဘက်မရှိဘဲ ဗိုလ်ဆွဲရလောက်သည့်အထိ ထိပ်ဆုံးမှဦးဆောင်ခဲ့သည်။
သို့သော် ယခုအချိန်မှာတော့ သူ ခန့်မဟော်ကို နည်းနည်းလေးမှ မမုန်းတော့ပေ။ မမုန်းသည့်အပြင် ခန့်မဟော်အပေါ် အပြစ်ကြွေးတင်သလိုခံစားနေရသည်က ဇလပ်တို့အကြောင်း စသိလိုက်ရသည့်အချိန်ကတည်းကပင်ဖြစ်သည်။
ယခုအခါ သူ့အနေနဲ့ ခန့်မဟော်အပေါ် ချစ်ခြင်း၊ မုန်းခြင်းနှင့် မသက်ဆိုင်သည့်ခံစားချက်နှစ်မျိုးသာရှိသည်။
(၁) အားနာသည်။
(၂) ကျေနပ်သည်အထိ အရာအားလုံးကို ဝန်ချတောင်းပန်ချင်သည်။
အခုဆို သူနှင့် ခန့်မဟော် ဘာစကားမှမပြောဘဲ ထိုင်နေတာ နာရီဝက်ခန့်ကြာသွားခဲ့ချေပြီ။ သူ့ဘက်ကလည်း စကားစမပြောမိသလို ခန့်မဟော်ဘက်ကလည်း တစ်ခွန်းမျှပင် ဟမလာပေ။
ဆိုဖာပေါ်တွင် နှစ်ယောက်အတူတူထိုင်နေကြသော်ငြား ခန့်မဟော်က သူရှိရာဘက်ကို စောင်းငဲ့ကာ ပြုံးပြုံးကြီးစိုက်ကြည့်နေဆဲ ... ။
ခန့်မဟော်က ဘာကြောင့်ပြုံးနေရသလဲဆိုတာ သူ မစဉ်းစားတတ်ပေ။ သို့သော် ထိုအပြုံးကြောင့် သူ မသိုးမသန့်ခံစားနေရသည်ကတော့ အမှန်ပင်။
နှစ်ပေါင်းများစွာ ကောင်းသောသိကျွမ်းခြင်းမျိုးနှင့် တွေ့ဆုံခဲ့ကြတာမဟုတ်သည့် သူတို့နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုများကသာ အရှိန်အဟုန်ပြင်းပြင်းဖြင့် လွှမ်းမိုးခြယ်လှယ်ထားလေ၏။
ထို့ကြောင့် အေးစက်တိတ်ဆိတ်နေသည် လက်ရှိအခြေအနေကို အနည်းငယ်ပူနွေးလာစေရန်အလို့ငှာ
“ မင်း ဘာသောက်မလဲ ခန့်မဟော် ”
စတင်လိုက်သည့်စကားက သာမန်ရိုးကျဆန်လွန်း၏။ သို့သော် ခန့်မဟော်ကမူ ဘာတစ်ခွန်းမှ တုန့်ပြန်ခြင်းမပြုဘဲ သူ့ကို ပြုံးလျက်သာ စိုက်ကြည့်နေမြဲ ... ။
ထိုအကြည့်များကြောင့် သူ နေရခက်လာပြီး ထိုင်ရာမှ အမြန်ထရပ်လိုက်ကာ
“ ငါ ကော်ဖီဖျော်ပေးမယ်လေ ... အိမ်မှာ ကော်ဖီထုတ်တွေလည်း ရှိတယ် ”
အဲဒီနောက်မှာတော့ သူလည်း ခန့်မဟော်ကို အလျင်စလိုကျောခိုင်းလိုက်ပြီး မီးဖိုခန်းထဲသို့ သွားရန်ကြံရွယ်လိုက်သည်။ သို့သော် သူ ကျောခိုင်းလိုက်စဉ်မှာပင် ပြုံးနေသည့် ခန့်မဟော်၏ရုပ်သွင်က မဲ့ကျသွားပြီး
“ ဟား ! ဟား ! ဟား ! ”
ရယ်သံတွေ ... ။
ဟက်ဟက်ပက်ပက်ရယ်မောသံတွေ ... ။
လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသည့် ရယ်မောသံတွေ ... ။
ထိုရယ်သံများကို ကြားလိုက်ရသည့်အခိုက်အတန့်မှာ ရွေ့လျားစပြုနေသည့် သူ့ခြေလှမ်းများက တုန့်ခနဲရပ်တန့်သွားသည်။ သူ နောက်ပြန်လှည့်ကြည့်လိုက်တော့ အတောမသပ်နိုင်စွာ ရယ်မောနေသည့်ခန့်မဟော်ကို တွေ့လိုက်ရသည်။
ဘာကြောင့်မှန်းမသိဘဲ ခန့်မဟော်ရဲ့ရယ်သံများက သူ့အရိုးအသားထဲအထိ စိမ့်ဝင်လာ၏။ အဲဒီနောက် ခန့်မဟော်က ရယ်မောခြင်းအမှုကို လက်စသတ်လိုက်ပြီး ခပ်ပြုံးပြုံးနှင့်ပင်
“ ဟား ! ဟား ! ဟား ! တော်ပြီ ... မင်းအိမ်က ကော်ဖီကိုလည်း ငါ မသောက်ချင်ဘူးကွာ ... အခု ငါ မင်းကို လက်ဆောင်ပေးဖို့ လာတာ ”
“ လက်ဆောင် ? ”
အံ့ဩမှုကြောင့် သူ့နှုတ်က ယောင်ထွက်သွားသည်။ သူ မအံဩခံနိုင်ရိုးလား။ သူနှင့်ခန့်မဟော်က အချင်းချင်းလက်ဆောင်ပေးရလောက်သည့်အထိ ရင်းနှီးသောဆက်ဆံရေးမျိုးမဟုတ်တာကို ကာယကံရှင်များဖြစ်သည့် သူတို့ကိုယ်တိုင်သာ အသိဆုံးဖြစ်သည်။
သို့ပေမဲ့ ယခု ခန့်မဟော်၏အပြုအမူနှင့် ပြောပုံဆိုပုံကို ကြည့်ရသည်မှာ သူ့ကို အရမ်းမုန်းတီးဟန်မပေါ်တော့ပေ။
မသိလျှင် မတွေ့ရတာကြာပြီဖြစ်သည့် ငယ်သူငယ်ချင်းတစ်ယောက်နှင့် အေးအေးလူလူစကားစမြည်ပြောနေသကဲ့သို့ ... ။
သို့တည်းမဟုတ် ခုနက ခန့်မဟော်နှင့်ပတ်သတ်ပြီး သူပဲ မကောင်းဘက်ကမြင်ပြီး အတွေးချော်နေမိတာများလား။
ခန့်မဟော်က တကယ်ပဲ အတိတ်ကဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပိတ်ကားချလိုက်တာများလား။
“ ဘာလဲ ... မင်းက ငါ့လက်ဆောင်ကို မလိုချင်ဘူးလား ”
“ အဲ့လို မဟုတ်ပါဘူး ... ဒါနဲ့ မင်း ယူလာတာ ဘာလက်ဆောင်လဲ ခန့်မဟော် ”
“ ဖွင့်ကြည့်လိုက်လေ ... ဖွင့်ကြည့်လိုက်ရင် မင်း သိလိမ့်မယ် ... အဲဒီလက်ဆောင်က မင်းအတွက် တကူးတကသီးသန့်မှာပေးထားတာ ... မင်းတစ်ယောက်တည်းအတွက်ပဲ ”
နောက်ဆုံးစကားကို ပြောလိုက်သည့်အခိုက် အနည်းငယ်ပြောင်းလဲသွားသော ခန့်မဟော်၏အပြုံးကို သူ အဓိပ္ပာယ်မဖော်တတ်ပေ။ သို့သော် သူ့ကို စကားပြောနေသည့်တစ်လျှောက်လုံး ခန့်မဟော်က အမြဲတမ်းပြုံးပြုံးရယ်ရယ်မဟုတ်လား။
ထိုအခါ သူ့စိတ်ထဲ ထင်မိသွားသည်က ခန့်မဟော် သူ့ကို ခွင့်လွှတ်လိုက်ပြီလားဆိုသည့် မျှော်လင့်ချက်ရေးရေးလေးပင်။ ခန့်မဟော် သူ့ကို ခွင့်မလွှတ်သေးလည်း ခွင့်လွှတ်သည့်အထိ သူ တောင်းပန်မည်။ ဇလပ်နှင့်ပတ်သတ်ပြီး သူ့မှာ ခန့်မဟော်ကို တောင်းပန်ရမည့်တာဝန်ရှိသည်။
ယခုလည်း ခန့်မဟော်က စားပွဲပေါ်မှာ တင်ထားသည့် ဘူးအမည်းလေးကို ဖွင့်ကြည့်ရန်အတွက် မေးငေါ့ပြလာသည်။ ထိုဘူးအမည်းလေးက ခန့်မဟော် ယူလာခြင်းဖြစ်သောကြောင့် စတွေ့ကတည်းက သူ သတိထားမိသည်။
သို့သော် သူနှင့်မသက်ဆိုင်သည့်အတွက် သိပ်စိတ်မဝင်စားခဲ့ပေ။ ယခုတော့ ထိုဘူးအမည်းလေးက သူ့အတွက် ယူလာသည့် လက်ဆောင်တဲ့လား။
“ ဖွင့်လေ ... မင်းလည်း ငါ့လက်ဆောင်ကို သဘောကျမှာပါ ”
လက်ဆောင်ကို ဖွင့်ဖို့တွန့်ဆုတ်နေသည့် သူ့အား ခန့်မဟော်က အားမလိုအားမရဟန်ဖြင့် ထပ်မံတွန်းအားပေးလာသည့်အတွက် သူလည်း ဖဲပြားများနှင့် သပ်သပ်ရပ်ရပ်ထုတ်ပိုးထားသည့် ဘူးအမည်းလေးကို ကောက်ယူကာ ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
ထိုအခါ သူ မြင်တွေ့လိုက်ရသည်က မွေးနေ့ကိတ်အရွယ်ရှိသော ကိတ်မုန့်ပင်ဖြစ်သည်။ တိတိကျကျပြောရမည်ဆိုလျှင် လုံးဝကို နီစွေးနေသည့် ကိတ်မုန့်တစ်ခုသာဖြစ်သည်။ ကိတ်သားအပေါ်၌ သွေးကဲ့သို့အဆင်းရှိသော အနီရင့်ရင့်အရောင်များ လွှမ်းမိုးထား၏။
ဒါ ဘာသဘောလဲ။ ခန့်မဟော်က ဘာသဘောနဲ့ သူ့ကို ကိတ်မုန့်ပေးရတာလဲ။ ဘာမှမစဉ်းစားတတ်တော့သည့်အတွက် သူ့အတွေးများကား ဝေဝေဝါးဝါး ... ။
အဲဒီနောက် ခန့်မဟော်ကို သူ ဇဝေဇဝါဖြင့် ကြည့်လိုက်တော့ ခန့်မဟော်ကလည်း ထိုင်နေရာမှ မတ်တပ်ထရပ်လာကာ ထိုကိတ်မုန့်အား ဘူးထဲမှ ထုတ်ယူပြီး သူ့လက်ထဲကို ထည့်ပေးလာသဖြင့် သူလည်း လှမ်းယူလိုက်ရသည်။
အဲဒီနောက် ခန့်မဟော်က သူ့နားကို ကပ်လာကာ တိုးတိုးဖွဖွပြောလာသည့် စကားက
“ မင်းတို့ရဲ့ချစ်သူသက်တမ်းနှစ်လပြည့်အတွက် ဂုဏ်ယူပါတယ် လေးဆက်ရိပ်သွင် ”
အဆုံးသတ်စကားလုံးများက အံကြိတ်ကာ ပြောလိုက်ခြင်းကြောင့် သိပ်သည်းမှုအပြည့်ဖြင့် ... ။
“ ဟား ! ဟား ! ဟား ! ”
ပြောနေရင်းဖြင့် ခန့်မဟော်က အရူးတစ်ယောက်သဖွယ်ရယ်မောကာ လက်ခုပ်လက်ဝါးတီးနေပြန်သည်။
ဖြောင်း ! ဖြောင်း ! ဖြောင်း !
အမှန်ပြောရမည်ဆိုလျှင် သူ ဘာကိုမှ နားမလည်တော့ပေ။ ခန့်မဟော် ဘာတွေလုပ်နေတာလဲဆိုတာကို သူ မှန်းဆလို့မရ။ ခန့်မဟော်က တကယ်ပဲ ဘာဖြစ်ချင်နေတာလဲ။
သို့သော် ၎င်းအပြုအမူကြောင့် သူ နားလည်လိုက်တာတစ်ခုရှိသည်။ ခန့်မဟော်က သူ့ကို ခါးခါးသီးသီးမုန်းနေသေးသည်ဆိုတာကိုပင်။
“ ဒါနဲ့ ကိတ်ပေါ်က သွေးတွေက လှရဲ့လား လေးဆက်ရိပ်သွင် ”
“ ဘာ ! ”
သွေးဆိုသည့်အသံကို ကြားလိုက်သည်နှင့် သူ လန့်ဖျတ်သွားကာ ကိတ်မုန့်ကို လွှတ်ချမိသွားသည်။
အောက်ကို ဘုတ်ခနဲ ပြုတ်ကျသွားသည့် ကိတ်မုန့်ကား အစိတ်စိတ်အမွှာမွှာ ကွဲကြေနေလျက် ... ။
ထိုအခါ ကိတ်မုန့်အလယ်ကနေ စိမ့်ထွက်လာသည့် နီပျစ်ပျစ်အရည်များသည်လည်း ကြမ်းပြင်အနှံ့ ပျံ့ကြဲကုန်၏။
ဤကဲ့သို့ အနီရင့်ရောင်သွေးများကို မြင်လိုက်ရသည့်အခိုက် လူက နှလုံးခုန်မြန်လာပြီး ကြမ်းပြင်ပေါ် ထိုင်ရက်လေးပြုတ်ကျသွားသည်။
သွေး ... သွေးတွေ ... ။
ကြမ်းပြင်ပေါ်မှာ သွေးတွေက အများကြီးပဲ ... ။
ရုတ်တရက် သူ့ခေါင်းထဲမှာ တရိပ်ရိပ်နှင့် ပေါ်လာသည်က ဒီဇင်ဘာ ၃၁ရက်နေ့ညမှာ ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းများ ... ။
ဇလပ်က ကားလမ်းကို ဖြတ်ကူးနေတာ ... ။
ပိတုန်းရောင်ဆံကေသာအရှည်ကြီးက လေထဲမှာ တလွင့်လွင့်နဲ့ ... ။
ဒုန်း !!! ဝုန်း !!!
အား !!!
ကားတိုက်သံနှင့်အတူ ကြားလိုက်ရသည့် ဇလပ်၏ စူးရှကျယ်လောင်သော အော်သံကြောင့် သူ အယောင်ယောင်အမှားမှားနဲ့ နားနှစ်ဖက်ကို ပိတ်မိသွားသည်။
ဒါတောင် ... ဒါတောင်မှ သူ့နားထဲမှာ အော်ဟစ်သံတွေကို ကြားနေရတုန်းပဲ။
အဲဒီနောက် သူ့မြင်ကွင်းထဲ တဖြည်းဖြည်းထပ်ပေါ်လာသည်က ဇလပ်၏ဦးခေါင်းမှ ကတ္တရာလမ်းပေါ် ကျဆင်းလာသည့် အနီရင့်ရောင် သွေးပျစ်ပျစ်တွေ ... ။
သွေးအိုင်ထဲမှာ လဲကျနေသည့် ဇလပ်၏ပုံရိပ် ... ။
ဘာတွေဖြစ်ကုန်တာလဲ။
သူ ... သူ အတိတ်ကို ပြန်ရောက်သွားတာများလား။
သူ့အကြည့်များက ကြမ်းပြင်ပေါ်က သွေးတွေဆီ ရောက်နေတာဖြစ်ပေမဲ့ သူ မြင်နေရတာကတော့ သွေးများ ပေကျံနေသည့်ဇလပ်ကိုသာဖြစ်သည်။
သွေးလန့်ဖွယ်ရာမြင်ကွင်းများ သူ့ရှေ့မှ ပျောက်ကွယ်သွားစေရန်အလို့ငှာ မျက်လုံးကို မှိတ်ပစ်လိုက်ပြီး ခေါင်းကို ခပ်သွက်သွက်ခါရမ်းပစ်လိုက်သည်။
အား !!! မမြင်ချင်ဘူး !!! မမြင်ချင်ဘူး !!!
သို့သော် ထိုမြင်ကွင်းများက ဘယ်လိုမှ ပျောက်ကွယ်မသွားဘဲ သူ့စိတ်အာရုံထဲမှာ တစ်ခုပြီးတစ်ခု အစဉ်လိုက်ပေါ်ပေါက်လာသည်။
နောက်ဆုံးအနေနဲ့ သူ မြင်လိုက်ရသည်က ဇလပ်၏အပြုံးတစ်ပွင့် ... ။
အဲဒီနောက် မှိတ်ကျသွားသည့်မျက်ဝန်းတစ်စုံက သူ့ကို သေရာပါသည့်ဒဏ်ရာကို ပေးသွားခဲ့ခြင်း ... ။
“ အား !!! ဇလပ် !!! ”
ထိုနေ့ရက်က နာကျင်မှုနှင့် ထပ်တူညီတူစွာ သူ့မျက်ရည်များကလည်း ပိုးပိုးပေါက်ပေါက်ကျဆင်းလာပြီး တစ်ကိုယ်လုံးက ကြောက်ရွံထိတ်လန့်မှုများကြောင့် တုန်ယင်လာသည်။
“ မဟုတ်ဘူး ... အင့် ... အဲဒီလို မဟုတ်ဘူးလေ ... အင့် ... ဇလပ် ... ငါ မှားတာပါ ... ငါ့အမှားတွေကြောင့်ပါ ”
စကားတွေ ဗလုံးဗထွေးပြောရင်း တအီအီငိုကြွေးနေသည့် လေးဆက်ရိပ်သွင်အား အပေါ်စီးမှ ငုံကြည့်နေသည့် ခန့်မဟော်၏မျက်နှာထက်ဝယ် ကျေနပ်အားရမှုအပြည့်ဖြင့် ... ။
သို့ပေမဲ့ ဤမျှနှင့် မလုံလောက်သေးဘူးဟု သူ ခံစားရသည်။ ဒီလောက်လေးက သေလုမတတ်နာကျင်တယ်လို့ ပြောမရသေးဘူးမဟုတ်လား။ အခုက လေးဆက်ရိပ်သွင်ရဲ့အတိတ်ကို ထိုးဆွပေးရုံသက်သက်သာ ရှိနေသေးသည်။
ဈာန်ရောင်ခနဲ့ လေးဆက်ရိပ်သွင် နှစ်ယောက်လုံး ဒီထက်ပိုနာကျင်ရမည်။ သေချင်လောက်သည့်အထိ နာကျင်နေရမည်။
လေးဆက်ရိပ်သွင်အား ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်သည့်အထိ ထိုးနှက်နိုင်သော ဝှက်ဖဲကို သူ ယခုထိ ဆုပ်ကိုင်ထားဆဲဖြစ်သည်။
အတိတ်ကို ပြန်တွေးမိရုံနဲ့တင် မထိန်းနိုင်မသိမ်းနိုင် ကြောက်အားလန့်အားဖြစ်နေသည့် လေးဆက်ရိပ်သွင်က ဇလပ်သေဆုံးမှုနောက်ကွယ်က တကယ့်အဖြစ်မှန်ကိုသာ သိသွားခဲ့မယ်ဆိုရင် ... ။
ခန့်မဟော် အပြုံးတို့ကို မရပ်စဲနိုင်တော့ပေ။
ဒီပွဲကို ကြည့်ရတာ သိပ်အရသာရှိမယ့်ပုံပဲ။
သူ့ဘဝမှာ တစ်ခါမှ ဒီလောက်ထိ မပျော်ခဲ့ဖူးပေ။
အနှစ်နှစ် အလလ စုဆောင်းထားသည့်ရန်ငြိုးကို မကြာခင်မှာ လက်စားချေနိုင်တော့မည်ဆိုသည့်ခံစားချက်က သိပ်ကို ပြီးပြည့်စုံလွန်းသည်။
ထိုအတွေးနဲ့တင် သူ စိတ်ချမ်းမြေ့လှသည်။
“ မင်း ကြောက်တဲ့သွေးတွေကို မြင်လိုက်ရတော့ ဘယ်လိုခံစားရလဲ လေးဆက်ရိပ်သွင် ”
သူ့ရဲ့မာဆတ်ဆတ်အသံကြောင့် လေးဆက်ရိပ်သွင်က မော့ကြည့်လာသည်။ လေးဆက်ရိပ်သွင်၏ထိတ်လန့်ကြောက်ရွံ့နေသည့်မျက်နှာအား သူ အရသာခံကာ ကျေကျေနပ်နပ်ကြီးစိုက်ကြည့်နေပေးလိုက်သည်။
“ ဘာလဲ ! သွေးတွေကို မြင်တော့ ဇလပ်ကို သတိရသွားတာလား ! ဟား ! ဟား ! ဟား ! ”
သူ အော်ကြီးဟစ်ကျယ် ရယ်မောပစ်လိုက်ပြီးနောက် လေးဆက်ရိပ်သွင်အနားသို့ တိုးကပ်ကာ ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး
“ ဇလပ် သေတုန်းကလည်း သွေးတွေက အများကြီးပဲ ... မင်း မှတ်မိတယ်မလား ”
“ သွေး ... သွေးတွေ ... ”
ပုံရိပ်ယောင်တွေကြားထဲ အယောင်ယောင်အမှားမှားဖြစ်နေသည့်လေးဆက်ရိပ်သွင်အား ကြည့်ကာ ခန့်မဟော် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
“ ဟုတ်တယ် ... သွေးတွေ အများကြီးပဲ ... အဲဒီနေ့တုန်းကဆို သွေးတွေက မင်းကိုယ်ပေါ်မှာ ဒီလိုမျိုး အများကြီးပေကျံနေတာလေ ”
ခန့်မဟော်က ပြောနေရင်းဖြင့် ကြမ်းပြင်ပေါ်မှ ရှိသည့် သွေးများအား ယူကာ လေးဆက်ရိပ်သွင်၏အကျီနှင့် လက်များကို အကုန်ပေကျံအောင် သုတ်လိမ်းပေးလိုက်သည်။
“ ဟူး ! အခုမှပဲ တူသွားတော့တယ် ”
သူ လုပ်သမျှကို လေးဆက်ရိပ်သွင်က တွေတွေကြီး စိုက်ကြည့်ရင်း ငိုင်ကျနေသည်။ ဘာတစ်ခုမှတုန့်ပြန်ခြင်းမရှိဘဲ ငြိမ်ခံနေသည်။
အဲဒီနောက် ခန္ဓာကိုယ်ပေါ်မှာ ပေကျံနေသည့်သွေးများအား တဖန်ပြန်ကြည့်ရင်း လေးဆက်ရိပ်သွင်၏မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာလေတော့သည်။
အဲဒီနောက် ထပ်မံရွာသွန်းဖြိုးလာသော မျက်ရည်စက်များ ... ။
မုန်းလိုက်တာ။
အဲဒီမျက်ရည်တွေကို မုန်းလိုက်တာ။
အဲဒီမျက်ရည်တွေနဲ့ ဇလပ်ရဲ့ဘဝကို ချည်နှောင်ထားခဲ့တာ။
ဒေါသထွက်လာသည့်အလျောက် လေးဆက်ရိပ်သွင်၏မေးဖျားကို သူ ခပ်တင်းတင်းညှစ်ကိုင်လိုက်ကာ
“ အခုမှ ငိုမနေစမ်းနဲ့ လေးဆက်ရိပ်သွင် ! စောက်ကျက်သရေမရှိဘူး ! မင်း ဇလပ်ကို မေ့ပစ်လိုက်ပြီမဟုတ်ဘူးလား ! မင်းအကောင်နဲ့ပဲ မင်း တစ်ချိန်လုံးပျော်မြူးနေတာလေ ! အဲဒါတွေကို ငါ မမြင်ဘူးလို့ ထင်နေတာလား ! ငါ ကန်းနေတယ်လို့ ထင်နေတာလား ! ဟမ် ! ငါ့မျက်လုံးတွေ အခုထိ အကောင်းအတိုင်းပဲ ရှိနေသေးတယ်ကွ ! ”
“ ဟင့်အင်း ... မမေ့ဘူး ... ငါက ဇလပ်ကို ဘာလို့မေ့ရမှာလဲ ... မမေ့ဘူး ”
သူ မမေ့ပါ။ ဇလပ်က သူ့ဘဝမှာ ဘယ်လိုမှ မေ့ပစ်လို့ရမည့် လူတစ်ယောက်မဟုတ်ပါ။ ဇလပ်က သူ့ဘဝထဲမှာ အမြဲတမ်းရှင်သန်နေမှာ။ ဒါတွေကို ခန့်မဟော်က ဘာတစ်ခုမှမသိဘဲနဲ့ သူ့ကို လာစွပ်စွဲနေသည်။
သို့ပေမဲ့ သူ့စကားကို ခန့်မဟော်က နားဝင်ဟန်မရှိဘဲ ခပ်မဲ့မဲ့ပြုံး၍
“ မင်း မေ့သွားပါပြီ ... မင်း မေ့သွားလို့ပဲ ရန်သူကို ချစ်မိသွားတာမလား ”
ရန်သူ ? ဘယ်သူလဲ။ ဘာတွေလဲ။ ခန့်မဟော်က သူ့ကို ဘာတွေလာပြောနေတာလဲ။ သူကရော ဘယ်သူ့ကို ချစ်မိသွားတာလဲ။ သူ့ရန်သူဆိုတာကရော ဘယ်သူလဲ။
ဘာတစ်ခုကိုမှ ရေရေရာရာ မတွေးတောနိုင်တော့သည့်အခြေအနေမို့ ခေါင်းက တဒိန်းဒိန်းကိုက်ခဲလာသည်။
“ ဪ ... ဟုတ်သားပဲ ... မင်း မသိသေးဘူးမလား ”
သူ ခန့်မဟော်ကို မော့ကြည့်လိုက်သည်။ ခန့်မဟော်၏မျက်နှာက ကြောက်မက်ဖွယ်ကောင်းလှသည်။ အငြိုးအတေးများ၊ အမုန်းတရားများက ခန့်မဟော်အား ရစ်ပတ်ခြယ်လှယ်ထားသလိုပင်။
“ ဈာန်ရောင်ခ ... မင်းရဲ့ရန်သူဆိုတာ မင်းချစ်သူဖြစ်တဲ့ဈာန်ရောင်ခကို ပြောတာလေ ”
“ ဈာန် ”
အသက်တမျှ မြတ်နိုးရသော ချစ်သူ၏အမည်နာမကိုကြားလိုက်သည်နှင့် သူ့စိတ်အာရုံအလုံးစုံဟာ အတိတ်ကိုဖယ်ခွာကာ ပစ္စပ္ပန်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
“ ဈာန် ... ဈာန်က ဘာလို့ ငါ့ရန်သူဖြစ်ရမှာလဲ ”
“ ဟက် ! ဘာလို့လဲဆိုတော့ သူက ဇလပ်သေဆုံးမှုရဲ့အဓိကတရားခံဖြစ်နေလို့ပဲ ”
သူ့နားထဲ ဂျိမ်းခနဲ မိုးကြိုးပစ်ချသလိုပင်။
မိုးကြိုးပစ်ချသည့်ဦးတည်ရာကား သူ့နှလုံးသားရပ်ဝန်းတည်ရှိရာ ခံတပ်ဆီသို့ ... ။
“ မဟုတ်ဘူး !!! ”
သူ အကျယ်ကြီးအော်ဟစ်ငြင်းဆန်ကာ ခန့်မဟော်အား ဆောင့်တွန်းလိုက်ပြီး ယိုင်တိုင်တိုင်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ အဲဒီနောက် ခန့်မဟော်အား စူးစူးဝါးဝါးစိုက်ကြည့်ကာ
“ ခန့်မဟော် ! ဇလပ် ဆုံးပါးသွားလို့ မင်း ငါ့ကို အရမ်းမုန်းနေမှန်း ငါ သိတယ် ! အဲ့အတွက်လည်း မင်း ငါ့ကို ဘယ်လိုအပြစ်ပေးပေး ငါ လက်ခံတယ် ! ဒါပေမဲ့ ငါ့ချစ်သူကိုတော့ နည်းနည်းလေးမှလာမထိနဲ့ ခန့်မဟော် ! မဆိုင်တဲ့လူကို ဆွဲထည့်ရင် ငါ လုံးဝငြိမ်ခံနေမှာမဟုတ်ဘူး ”
“ ဟက် ! ”
တော်တော်လည်း တရားကျစရာကောင်းပါလား။
ခုနကကျ သူ ဘာလုပ်လုပ်၊ ဘာပြောပြော အသိစိတ်မရှိသလို မထုံတတ်တေးဖြစ်နေသည့်ကောင်က ဈာန်ရောင်ခဆိုသည့်နာမည်ပါလာသည်နှင့်တစ်ပြိုင်နက် အဆိပ်ပြင်းသည့်မြွေဟောက်လို ချက်ချင်းပါးပျဉ်းထောင်လာသည်။
သူ့ချစ်သူကိုကျ နည်းနည်းလေးတောင် အထိမခံနိုင်ဘူးတဲ့။
ဒါဆို ငါ့ချစ်သူကိုကျတော့ရော !!!
ငါ့ချစ်သူတစ်ယောက်လုံးက မသေသင့်ဘဲ ရုပ်ပျက်ဆင်းပျက်နဲ့ သေခဲ့ရတာလေ !!!
အခုလို ကိုယ့်ထိမှ နာတတ်တာ သူတို့ မလွန်လွန်းဘူးလား !!!
ခန့်မဟော်လည်း လေးဆက်ရိပ်သွင်နည်းတူ မတ်တပ်ထရပ်လိုက်သည်။
နှစ်ယောက်လုံးက မျက်နှာချင်းဆိုင်ရပ်ကာ မုန်းတီးမှု၊ ခါးသီးမှုကိုယ်စီနှင့် ... ။
အဲဒီနောက် ခန့်မဟော်က လေးဆက်ရိပ်သွင်၏ကော်လံကို အားဖြင့်ဆောင့်ဆွဲလိုက်ရင်း
“ လေးဆက်ရိပ်သွင် ! မင်းက ဘာသိလို့ အဲဒီကောင်ဘက်က ပါနေရတာလဲ ! ဟမ် ! ပြောစမ်းပါ ! မင်းက ဘာသိလို့လဲ ! အဲ့ခွေးသူတောင်းစား ဘာတွေလုပ်ခဲ့လဲဆိုတာကို မင်း သိရဲ့လား ! ဟက် ! ဘာတစ်ခုမှ မသိဘဲနဲ့ အဲ့ကောင် လှည့်စားသမျှကို လှိမ့်ပိမ့်ခံနေရတဲ့မင်းက တကယ်သနားစရာကောင်းလိုက်တာ ! ”
ကျန်တာအကုန်သည်းခံနိုင်ပေမဲ့ ချစ်သူအား ခွေးသူတောင်းစားဟု စော်ကားပြောဆိုသံကို ကြားလိုက်ရသည့်အခိုက် လူက မီးပွင့်သွားကာ ဘာကိုမှ စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတော့ဘဲ
ခွပ် !
“ သူ့ကို မထိနဲ့လို့ပြောနေတာ မင်း နားကန်းနေလား ! ”
အပြောထက် လက်က ပိုမြန်၏။ ငယ်ဗီဇက ပြန်ပြလာသည်နှင့် သူ့လက်သီးက ခန့်မဟော်၏မျက်နှာပေါ်သို့ ကြမ်းကြမ်းတမ်းတမ်းကျရောက်သွားသည်။
ရုတ်တရက် အငိုက်မိသွားသည်မို့ ခန့်မဟော်က အနောက်ကိုယိုင်ထွက်သွားကာ အထိုးခံလိုက်ရသည့်ပါးပြင်ကို လက်နှင့်အုပ်ကိုင်ပြီး သူ့ကို စက်ဆုပ်မုန်းတီးစွာ ပြန်လှည့်ကြည့်လာသည်။
“ ဟက် ! မဆိုးဘူးပဲ လေးဆက်ရိပ်သွင် ! မင်းလက်သီးက အရင်တုန်းကအတိုင်းပဲ ! ကောင်းပြီလေ ! ဒီတစ်ခါတော့ မင်းအလှည့် ! ”
ခွပ် ! ခွပ် !
ဒီတစ်ခါမှာတော့ ပယ်ပယ်နယ်နယ်အထိုးခံလိုက်ရသည့်လူက သူကိုယ်တိုင်သာလျှင်ဖြစ်သည်။ နှစ်ချက်ဆင့်ထိုးခံလိုက်ရခြင်းနှင့်အတူ နဂိုကတည်းက အားယုတ်လျော့စပြုနေသည့် ခန္ဓာကိုယ်က ကြမ်းပြင်ပေါ်သို့ ဘုန်းခနဲ လဲပြိုကျသွားလေတော့သည်။
အဲဒီနောက် ခန့်မဟော်က ကြမ်းပြင်ပေါ်မှာ လဲကျနေသည့်သူ့အား ကော်လံကနေ ဆောင့်ဆွဲယူပြီး ထပ်မံထိုးနှက်လာသည်။
ခွပ် !
“ မင်းက ဘာသိလို့ ပြောနေတာလဲ ! ဟမ် ! မင်းက ဘာသိလို့ အဲ့ကောင်ဘက်က နာနေရတာလဲ ! မင်း ဇလပ်ကို အားမနာဘူးလား ! ငါ့ကို ပြောစမ်းပါ ! မင်း ဇလပ်ကို အားမနာဘူးလားလို့ ! ”
ခွပ် !
“ မင်းမို့လို့ အရှက်မရှိ ဇလပ်ကို သေတဲ့လုပ်တဲ့ကောင်နဲ့ တစ်ချိန်လုံးပျော်မြူးနေတာ ! မင်း ဇလပ်အပေါ် နည်းနည်းလေးမှ အားမနာမိဘူးလား လေးဆက်ရိပ်သွင် !
ခွပ် !
တစ်ဖက်လူအား တုံ့ပြန်နိုင်စွမ်းမရှိဘဲ သူ့ဘက်ကသာ အဆက်မပြတ် အထိုးခံနေရသည်မို့ သူ့မျက်နှာတစ်ခုလုံး ထူပူယောင်ကိုင်းလာကာ ပါးစောင်တွင်းမှ သွေးများကလည်း ဒလဟောစီးကျလာသည်။
သို့သော် သူ ဘယ်လောက်ပဲအထိုးခံနေရပါစေ၊ ဘယ်လောက်ပဲ ထိခိုက်နာကျင်နေပါစေ စိတ်အားမာန်တို့ မလျှော့သေးဘဲ
“ ငါ မယုံဘူး ! မင်း ပြောတာကို ငါ မယုံဘူး ခန့်မဟော် ! မင်း ငါ့ကို မုန်းနေလို့ တမင် အဲ့လိုပြောတာ ! ဇလပ် သေတာက ငါ့ချစ်သူနဲ့ ဘာဆိုင်လို့လဲ ! အဲဒီအချိန်တုန်းက သူက ကလေးပဲ ရှိသေးတာကွ ! မင်း မဟုတ်တာတွေ သူများကို လိုက်စွပ်စွဲမနေနဲ့ ! ”
ချစ်သူအား ကာကွယ်ပေးလိုသည့် စိတ်အရင်းခံကြောင့် သူ့အသံကား ခန့်မဟော်၏အော်ဟစ်သံနှင့်ထပ်တူ အခန်းတွင်း၌ ကျယ်လောင်စွာပဲ့တင်ထပ်သွား၏။
ထိုအခါ ခန့်မဟော်က သူ့ကို တည့်တည့်စိုက်ကြည့်ပြီး မထီမဲ့မြင်အပြုံးနှင့်
“ ဟက် ! ကလေး ! ကလေးတဲ့လား ! ကောင်းပြီလေ ! အဲဒီကလေးအရွယ်က ဘယ်လောက်ထိအဆိပ်ပြင်းလဲဆိုတာကို ငါ ပြောပြမယ် ! မင်း သေချာနားထောင်ထား လေးဆက်ရိပ်သွင် ! ”
အဲဒီနောက်မှာ တစ်လုံးချင်း ပီပီသသထွက်ကျလာသည့် ခန့်မဟော်၏စကားများက သူ့နားထဲသို့ ဝင်တစ်ချက် မဝင်တစ်ချက် ... ။
ခန့်မဟော် ပြောပြနေသည့်အကြောင်းအရာများက သူ့ဘဝမှာ တစ်ခါမှမထင်မှတ်ထားသည့်၊ မကြားဖူးသည့်ကိစ္စများသာ ဖြစ်သည်။
မဖြစ်နိုင်တာ !!! သူ မယုံဘူး !!!
အချိန်နှင့်ဒီရေသည် လူကိုမစောင့်ဆိုသည့်စကားအတိုင်း မိနစ်လက်တံက တရွေ့ရွေ့နှင့် လည်ပတ်နေလျက်ရှိသည်။ တဖြည်းဖြည်းကုန်ဆုံးလာသည့် အချိန်များနှင့်အတူ ခန့်မဟော်၏စကားများက တစထက်တစ မာထန်သိပ်သည်းလာသည်။
သံရေပူလို နားထဲစီးဝင်လာသည့် စကားသံများကို နည်းနည်းလေးတောင် ထပ်မကြားချင်တော့ပေ။ သို့သော်ငြား သူ ဘာမှမတတ်နိုင်ဘဲ မျက်ရည်စက်လက်ဖြင့်သာ အဆုံးထိနားထောင်နေရသည်။
မဟုတ်ဘူး !!! ဈာန်က အဲ့လိုမဟုတ်ဘူး !!!
စိတ်ရှိတိုင်း အော်ဟစ်ပစ်လိုက်ချင်ပေမဲ့လည်း လည်ချောင်းဝ၌ တစ်ခုခုက တစ်ဆို့နေ၏။
ခန့်မဟော်၏အငြိုးအာဃတများဖြစ်ပွားရာ အရင်းခံဇစ်မြစ်အကြောင်းကို အကုန်အစင်သိလိုက်ရချိန်မှာတော့ တင်းတင်းကြပ်ကြပ်ဆွဲဆုပ်ခံထားရသည့် ကော်လံကြောင့် လည်ပင်းအစ်နေသည့်ဝေဒနာကိုလည်း သူ မမှုနိုင်တော့ပေ။
ကွဲအက်နေသည့်နှုတ်ခမ်း၊ သွေးများတစိမ့်စိမ့်ထွက်နေသည့်ပါးစောင်၊ ယောင်ကိုင်းနီမြန်းနေသည့်ပါးပြင်များ၏နာကျင်မှုကိုတောင် နည်းနည်းလေးမှ မခံစားနိုင်တော့သည့်အထိ သူ့တစ်ကိုယ်လုံးက ထုံထိုင်းနေသည်။
အသိစိတ်ကင်းမဲ့နေသည်။
ခံစားချက်ကင်းမဲ့နေသည်။
မသိလျှင် နှလုံးခုန်သံရပ်တန့်သွားသလိုပင်။
ခန့်မဟော် တစ်ခွန်းထပ်ပြောလိုက်တိုင်း အနာပေါ် အနာဆင့်ကာ သူ့ဒဏ်ရာက တဖြည်းဖြည်းနက်ရှိုင်းရင့်သန်လာသည်။
အဆုံးသတ်စကားကို ပြောပြီးနောက်မှာ ခန့်မဟော်က ကြမ်းပြင်ပေါ်မှာ လဲကျနေသည့်သူ့ကို ဆွဲထူရင်း သူ့လက်မောင်းနှစ်ဖက်ကို ခပ်ကြမ်းကြမ်းလှုပ်ကိုင်ကာ အကြည့်ချင်းဆုံအောင် စိုက်ကြည့်ပြီး
“ အခု ငါ ပြောသွားတာကို မင်း ယုံလား လေးဆက်ရိပ်သွင် ! ”
ယုံလားတဲ့ ... မေးနေပြန်ပြီ ...
ငါ ဘယ်လိုပြန်ဖြေရမလဲ ဈာန်ရယ် ...
ငါ ဘယ်လိုပြန်ဖြေရမလဲ ...
ငါ မင်းကို ယုံကြည်နေတုန်းပဲ ...
မင်း မလုပ်လောက်ပါဘူးလို့ ငါ ယုံချင်နေတုန်းပဲ ...
ခန့်မဟော်က ငါ့ကို အကွက်ဆင်တာပဲဖြစ်မှာပါလို့ ငါ မျှော်လင့်နေတုန်းပဲ …
မင်းနေရာမှာ တခြားလူသာဆို ခန့်မဟော်စကားကို ငါ မျက်စိစုံမှိတ်ယုံကြည်နိုင်ပေမဲ့ အခု မင်းဖြစ်နေတော့ ငါ အခက်တွေ့နေရပြီ ...
ငါ မင်းကိုပဲ ယုံချင်တယ် ဈာန် ...
မင်းတစ်ယောက်တည်းကိုပဲ ငါ ယုံချင်တာ ...
ချစ်သူကို ယုံကြည်ဖို့ နာကျင်ရင်းစွဲရှိနေသောနှလုံးသားက ထပ်မံတိုက်တွန်းလာသည့်အတွက် သူ အားတင်းကာ ဖြည်းဖြည်းချင်း ခက်ခက်ခဲခဲပြောထွက်လာသည်က
“ ငါ ... သူ့ကိုပဲ ... ယုံတယ် ... ခန့်မဟော် ”
နောက်ဆုံးအကြိမ်အဖြစ် သူ ခေါင်းမာချင်သေးသည်။ ဈာန့်ကို ယုံကြည်ချင်သေးသည်။ ဈာန့်အပေါ် ထားရှိသော သူ့ယုံကြည်မှုထုထည်က ထင်ထားသည်ထက် ကြီးမားခိုင်ခံ့သည်မို့။
ဈာန့်ကိုပဲ ယုံသည်။ တခြားလူထက်စာရင် သူ့ချစ်သူကိုပဲ သူ ပိုယုံချင်သည်။
ထိုအခါ ခန့်မဟော်က မဲ့တဲ့တဲ့ဖြင့် မခိုးမခန့်ရယ်ကာ
“ ဟက် ! ကောင်းပြီလေ ! ဒါဆိုလည်း အခိုင်မာဆုံးဖြစ်တဲ့ သက်သေကို ငါ ထုတ်ပြမယ် ”
ခန့်မဟော်၏အသံက ယုံကြည်ပြတ်သားမှုများ အလွန်အမင်းစိုးမိုးနေသည်။ ထို့အတွက် သူ ပို၍ထိတ်လန့်လာသည်။
အဲဒီနောက်မှာတော့ ခန့်မဟော်က ဖုန်းကို ထုတ်ယူကာ တစ်စုံတရာကို ရှာဖွေနေ၏။ စက္ကန့်ပိုင်းမျှအကြာတွင် ခန့်မဟော်၏ဖုန်းက သူ့မျက်နှာရှေ့တည့်တည့်ကို ရောက်လာသည်။
မျက်ရည်များကြောင့် ဝေဝေဝါးဝါးဖြစ်နေသည့်ကြားမှ ဖုန်းစခရင်ထက်ဝယ် သူ မြင်လိုက်ရသည်က ဈာန့်၏မျက်နှာ ... ။
“ ဈာန် ”
ဈာန့်ကို မြင်မြင်ချင်းမှာပင် သူ့အသံက လည်ချောင်းဝမှ ဆို့နင့်စွာဖြင့် တုန်တုန်ယင်ယင်ထွက်ပေါ်လာသည်။
ဖုန်းစခရင်ထက်ဝယ် အပြန်အလှန်စကားပြောဆိုနေကြသည့် အရွယ်မတိမ်းမယိမ်းလူနှစ်ယောက်ကို သူ မြင်တွေ့နေရသည်။
တစ်ယောက်က ကျောပေးထားသဖြင့် ကျောပြင်ကိုသာ မြင်ရသော်ငြား အသံကြားရုံနဲ့တင် ခန့်မဟော်မှန်း သူ တန်းသိနိုင်လေသည်။
ကျန်တစ်ယောက်ကိုမူ မျက်နှာချင်းဆိုင်ကနေ သေသေချာချာစနစ်တကျရိုက်ကူးထားသောကြောင့် ထိုလူ၏စကားပြောသံ၊ အမူအရာအစရှိသဖြင့်အကုန်လုံးကို အသေးစိတ်မြင်နေတွေ့နေရသည်။
“ ဈာန် ”
ဟုတ်သည်။ သူ အမြင်မှားတာမဟုတ်။ ထိုလူက သူ့ချစ်သူပင်ဖြစ်သည်။ သူ အရမ်းချစ်သည့် ဈာန်ပင်ဖြစ်သည်။
သူ ကယောင်ကတမ်းဖြင့် ခန့်မဟော်ကို ကြည့်မိတော့ ခန့်မဟော်က သူ့ပခုံးကို ခပ်ဖွဖွပုတ်ကာ
“ မင်းချစ်သူရဲ့ရုပ်ရည်ကိုတော့ မင်း မှတ်မိသေးတယ်မလား လေးဆက်ရိပ်သွင် ! မင်းက ဉာဏ်ကောင်းပါတယ် ! ဟား ! ဟား ! ဟား ! ”
အရာအားလုံးကို ပိုင်နိုင်နေသည့်လေသံဖြင့် ခန့်မဟော်က သူ့ကို ခနဲ့သဲ့သဲ့ပြောလာသည်။
အဲဒီနောက် သူ့အကြည့်များက ဖုန်းစခရင်ထက်ရှိ လှုပ်ရှားမှုများဆီသို့ ပြန်လည်ရောက်ရှိသွားစဉ်မှာ
“ ငါ လုပ်ခဲ့တာ အမှန်ပဲလေ ... ငြင်းစရာလိုလို့လား ”
မထင်မှတ်ထားသည့်အချိန်၌ ကြားလိုက်ရသော ဈာန့်ရဲ့ဝန်ခံစကားကြောင့် တုန်လှုပ်ခြောက်ချားမှုများစွာနှင့် မျက်လုံးကို စုံမှိတ်ပစ်လိုက်သည်။
နှလုံးသားတစ်ခုလုံး ပြုတ်ထွက်မတတ်နာကျင်မှုကြောင့် အဆက်မပြတ်ကျဆင်းလာသော မျက်ရည်များကား ရေတံခွန်သဖွယ် ... ။
မကြားချင်ဘူး !!! ဘာတစ်ခုမှ ထပ်မကြားချင်တော့ဘူး !!!
ဒါတောင်မှ ထိုလူနှစ်ယောက်၏အခြေအတင်စကားပြောသံများက သူ့နားထဲ တရဆက်တိုးဝင်လာနေဆဲ ... ။
“ လေးဆက်ရိပ်သွင်နဲ့ ပက်သတ်သမျှ ကိစ္စတိုင်းက ငါနဲ့ဆိုင်တယ် ခန့်မဟော် ... ဒါပေမဲ့ အဲဒီကိစ္စက ဒီလောက်ထိ ကြီးမားသွားလိမ့်မယ်လို့တော့ ငါ တကယ်မထင်ခဲ့ဘူး ... ငါက အားလုံးကို အဆင်ပြေစေချင်တာ ”
ဈာန်က ... မင်းက တကယ်ပဲ အဲဒီလိုလုပ်ခဲ့တာလား။
ဘာလို့လဲ !!! ဘာလို့လဲလို့ !!! ဘာလို့ အဲဒီလိုလုပ်ရတာလဲ !!!
လှိုင်းထန်နေသည့်စိတ်အစဉ်က ဘယ်လိုမှ ထိန်းချုပ်၍မရတော့ဘဲ အလဲလဲအပြိုပြို ... ။
ထိုစဉ် သူ ထပ်မံကြားလိုက်ရသည်က
“ ဟုတ်တယ် ! ငါ သူ့ကို လိုချင်တယ်ဆိုတာ ဝန်ခံတယ် ! အဲဒါကြောင့် မင်းတို့သုံးယောက်ကြားထဲ ငါ ဝင်ပါခဲ့တာ ! ငါက မင်းတို့ရဲ့အချစ်ရေးအရှုပ်အထွေးတွေကြားထဲက ငါ့ချစ်သူကို ဆွဲထုတ်ချင်ရုံပဲ ! ”
အား !!! ဘာတွေလဲ !!! ဘာတွေ ဖြစ်ကုန်တာလဲ !!!
တစ်ချိန်တည်းမှာ ရုပ်ရော၊ နာမ်ရော ရစရာမရှိအောင် အလုံးစုံပျက်သုန်းသွားသကဲ့သို့ ... ။
“ ငါ မကြားချင်တော့ဘူး !!! ငါ မကြားချင်တော့ဘူး !!! ”
ခန့်မဟော်လက်ထဲမှ ဖုန်းကို ဆွဲယူကာ အဝေးတစ်နေရာသို့ အားဖြင့် ပစ်ပေါက်လိုက်သည်။
အရှိန်ပါသည်မို့ နံရံကို ထိမှန်ပြီး ကြမ်းပြင်ပေါ် ကျရောက်သွားသည့် ဖုန်းလေးက ကွဲရာ၊ အက်ရာ ဗလပွနှင့် ... ။
ဖုန်းတစ်လုံး ပျက်စီးသွားသည့်တိုင် ခန့်မဟော်၏အပြုံးများက ယုတ်လျော့သွားခြင်းမရှိဘဲ အရူးတပိုင်းဖြစ်နေသည့်သူ့ကို စိုက်ကြည့်ကာ
“ ဒီလောက်ဆို မင်း ယုံကြည်ပြီပေါ့ ”
“ မသိဘူး !!! ငါ ဘာမှမသိတော့ဘူး !!! ”
“ တကယ်လို့ အဲဒီနေ့ကသာ မင်းချစ်သူ ဈာန်ရောင်ခက ဇလပ်ကို ဖုန်းမဆက်ခဲ့ဘူးဆိုရင် ဇလပ်လည်း သေသွားမှာမဟုတ်ဘူးကွ ! မင်း နားလည်ရဲ့လား ! ”
“ ဟင့်အင်း ... အဲ့လို မဖြစ်ရဘူးလေ ... အဲ့လို မဖြစ်ရဘူးလေ ”
“ မင်းကြောင့် ! မင်းချစ်သူကြောင့် ! ဇလပ် သေတာ မင်းတို့နှစ်ယောက်ကြောင့်ကွ ! ”
အခုချိန်မှာ ခန့်မဟော်၏ဒေါသများကို သူ မတုံ့ပြန်ချင်တော့ပေ။ တုံ့ပြန်နိုင်စွမ်းလည်း နည်းနည်းလေးမျှပင် မရှိတော့။
သူ ခံစားနေရတာတစ်ခုပဲ ရှိသည်။
ခေါင်းကို တူဖြင့် ရိုက်နေသကဲ့သို့ ... ။
နှလုံးသားကို ဓားဖြင့် ထိုးနေသကဲ့သို့ ... ။
စိတ်ထဲမှာလည်း အရာအားလုံး ဗလာဟင်းလင်း မှောင်အတိကျနေလျက် ... ။
ခန့်မဟော်က သူ့လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လှုပ်ရမ်းရင်း ကြိမ်းမောင်းဆဲဆိုနေသည်ကိုလည်း သူ ဘာဆို ဘာမှကို မကြားရတော့ပေ။
လူက စိတ်ဝိညာဉ်ကင်းလွတ်ကာ အဖြူရောင်မျက်နှာကြက်ကိုသာ တွေတွေကြီးစိုက်ကြည့်နေမိသည်။
ဒီလိုအခြေအနေနဲ့ သူ ဘယ်လောက်ထိ ကြာသွားမှန်းမသိပေ။
နောက်ဆုံး သူ သိလိုက်ရသည်က တံခါးဆောင့်ပိတ်သံကို ကြားလိုက်ရခြင်းနှင့်အတူ သူ့ခန္ဓာကိုယ်ကလည်း ကြမ်းပြင်ပေါ် လဲပြိုကျသွားသည်ဆိုတာကိုပင်။
1:19 P.M
28.7.2021 ( Wednesday )