ဖြစ်တည်မှုလေးတစ်ခုကနေ အစပြုခဲ့တဲ့ချစ်ခြင်းမေတ္တာတွေ ... ။
အဲဒီဖြစ်တည်မှုလေးကြောင့်ပဲ တစ်ချိန်လုံးအေးစက်နေတဲ့ ငါ့ရဲ့နှလုံးသားလေးက နွေးထွေးခဲ့ရတယ်။
သက်ဆိုင်သူက မသိပေမဲ့လည်း ငါကတော့ သိနေခဲ့တယ်။
ငါ့ဘက်က စတင်ခဲ့တဲ့ မေတ္တာတရားတွေကိုး။
ငါ့ဘက်က တစ်ဖက်သတ်ပေးခဲ့တဲ့ အချစ်တွေကိုး။
မြင်မြင်ချင်း စသတိထားမိခဲ့တာလည်း ငါ တစ်ယောက်တည်း ... ။
ချစ်မြတ်နိုးမိသွားခဲ့တာလည်း ငါ တစ်ယောက်တည်း ... ။
နာကျင်ကြေကွဲခဲ့ရတာလည်း ငါ တစ်ယောက်တည်း ... ။
ဝမ်းနည်းပူဆွေးခဲ့ရတာလည်း ငါ တစ်ယောက်တည်း ... ။
အဲဒီလူရဲ့ဂရုစိုက်မှုကို မရခဲ့တာလည်း ငါ တစ်ယောက်တည်းပါပဲ။
ဥပေက္ခာတရားတွေက ချိုမြိန်တယ်ဆိုပြီး ဟန်ဆောင်အပြုံးနဲ့ ဒဏ်ရာတွေကို ဖုံးကွယ်ထားမိတယ်။
အဲဒီလူရဲ့အပြုံးတွေကို တွေ့တိုင်း မက်မောမိသလို မျက်ရည်တွေကို တွေ့တိုင်းလည်း ရင်နာမိပြန်တာပဲ။
အဲဒီလူရဲ့အပြုံးတွေက ငါ့ကြောင့်ဖြစ်တည်လာတာမဟုတ်ပေမဲ့ မျက်ရည်တွေကတော့ ငါ့ကြောင့်မှန်း သိနေရတဲ့အခါ နှလုံးသားက ပိုပြီးနာကျင်ရတယ်။
အဲဒီလူရဲ့မဆုံးနိုင်တဲ့မျက်ရည်တွေကို မြင်နေရတိုင်းလည်း ငါ အဲဒီထက်အဆပေါင်းများစွာ သည်းသည်းထန်ထန် ငိုကြွေးမိနေတုန်းပဲ။
သံပတ်ပေးထားတဲ့ အရုပ်လေးတစ်ရုပ်လို လှုပ်ရှားသွားလာနေတဲ့ အဲဒီလူကို မြင်လိုက်တိုင်း ငါ့ရင်မှာ ဖြည်မဆည်နိုင်ဘူး။
အရင်တုန်းက အရမ်းရိုးရှင်းခဲ့တဲ့ အဲဒီလူရဲ့ကမ္ဘာက အခုတော့ ဟန်ဆောင်မှုတွေ အဆမတန်လွှမ်းခြုံထားလေရဲ့။
အပြုံးတွေက အသက်မပါတော့ဘူး။
ရယ်သံတွေက မရွှင်မြူးတော့ဘူး။
အကြည့်တွေက မတောက်ပတော့ဘူး။
အဲဒီလူရဲ့ကမ္ဘာက ရုတ်ခြည်း မှောင်အတိကျသွားသလိုပဲ။
ဒီတစ်လျှောက်လုံး အဲဒီလူက ငါရဲ့ကမ္ဘာဖြစ်နေခဲ့တာဆိုတော့ အခုချိန်မှာ ငါ့ကမ္ဘာကလည်း ယိုင်နဲ့နဲ့ဖြစ်နေခဲ့ပြီ။
ငါ သူ့ရဲ့ကမ္ဘာကို အလင်းပေးချင်ပေမဲ့လည်း သူ့အနားကို မကပ်ရဲတော့ဘူး။
သူ့ရဲ့ပျော်ရွှင်စရာကောင်းတဲ့ကမ္ဘာကို မှောင်မည်းသွားအောင် လုပ်ခဲ့တဲ့လူက ငါ ဖြစ်နေတာကိုး။
တရားခံက တရားလိုနားကို ဘယ်လိုအင်အားမျိုးနဲ့ အရှက်မရှိ ချဉ်းကပ်နိုင်ပါ့မလဲ။
ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးတဲ့ ရင်ခွင်ငယ်လေးတစ်ခုက အခုတော့ အဝေးဆုံးဆီ ပျောက်ကွယ်သွားပြီတဲ့လား။
အချစ်ကို ပိုင်ဆိုင်ခွင့်မရလည်း အဆင်ပြေတယ်ဆိုတာသိပေမဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားခဲ့ချင်သေးတာ။
ချစ်ခွင့်လေးရနိုင်ဖို့ကို တတ်နိုင်သမျှ ကြိုးစားကြည့်ချင်ခဲ့တာ။
နောက်ဆုံးတော့လည်း အဲဒီကြိုးစားမှုတွေက အမှားအယွင်းတစ်ခု ဖြစ်သွားခဲ့တယ်။
အေးစက်မှုတွေ ဖြစ်သွားခဲ့တယ်။
ဝမ်းနည်းမှုတွေ ဖြစ်သွားခဲ့တယ်။
မျက်ရည်တွေ ဖြစ်သွားခဲ့တယ်။
ရှင်ရက်နဲ့ သေဆုံးခြင်းတွေ ဖြစ်သွားခဲ့တယ်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဇန်နဝါရီလ၏နောက်ဆုံးနေ့ရက် ည (၁၁) နာရီဝန်းကျင်ခန့်ဖြစ်သည်။
တိုက်ခန်းတစ်ခု၏အနီးအနားတွင် ရပ်ထားလျက်ရှိသော ကားနက်ပြာလေးတစ်စီး ... ။
မှောင်အတိကျနေသည့် ငါးလွှာတိုက်ခန်းငယ်လေးကို မကြာခဏ မော့ကြည့်နေတတ်သော ကားနက်ပြာလေးထဲမှ လူငယ်လေးတစ်ဦး ... ။
တစ်လ ... တစ်လတိတိရှိသွားပြီဖြစ်သည်။
ကြေကွဲစရာကိစ္စ၊ ရင်နင့်စရာကိစ္စ၊ ဝမ်းနည်းစရာတွေ ဖြစ်ပွားခဲ့တာ အချိန်ကာလအားဖြင့် တစ်လတိတိကြာမြင့်သွားခဲ့ပြီဖြစ်သည်။
ဤကဲ့သို့ တိုတောင်းလှသော တစ်လဆိုသည့်အချိန်ကာလလေးအတွင်းမှာ ပြောင်းလဲမှုများကား အလွန်များပြားလှ၏။
အပြုံးတွေ မမြင်ရတော့တာ ကြာပြီ။
ရယ်သံလွင်လွင်လေးတွေ မကြားရတော့တာ ကြာပြီ။
လန်းဆန်းတက်ကြွမှုတွေ မရှိတော့တာ ကြာပြီ။
အရင်တုန်းက ကိုကို့ကို ပြန်မရနိုင်တော့တာ ကြာပြီ။
တစ်လဆိုသည့် အချိန်ကာလက နာကျင်မှုကို ကုစားနိုင်ဖို့ မလုံလောက်မှန်း သိပေမဲ့ အတတ်နိုင်ဆုံးတော့ ကိုကို့ကို နာကျင်မှုတွေ လျော့ပါးသွားစေချင်ခဲ့တာ။
အတ္တကြီးတယ်ပဲဆိုဆို၊ မစာနာတတ်ဘူးလို့ပဲ ပြောပြော တခြားလူတွေထက် လေးဆက်ရိပ်သွင်ဆိုသည့်လူသားကို အများကြီးပျော်ရွှင်စေချင်ခဲ့တာ အမှန်ပါ။
ဇင်ဇင့်ဆီကနေ သိရသည့် အတွင်းသတင်းများအရ ကိုကိုက အရမ်းပြောင်းလဲသွားတယ်တဲ့။
ဒါကို သူလည်း သတိထားမိပါသည်။ ကိုကို့အရိပ်အခြေကို တစ်ချိန်လုံး လိုက်ကြည့်နေတတ်သည့်သူမို့ ၎င်းအချက်ကို မရိပ်မိနိုင်စရာအကြောင်းမရှိပါ။
အရင်တုန်းက ကြည်ကြည်လင်လင်ရှိတတ်သည့် ကိုကို့မျက်နှာလေးက အခုတော့ အမြဲတမ်းလိုလို မှိုင်းညှို့နေတတ်သည်။ ဝမ်းနည်းရိပ်တို့ စွန်းထင်နေတတ်သည်။
ကိုကို အသက်ရှင်ရတာ မပျော်တော့ဘူးဆိုတာကို သူ ရိပ်မိသည်။ အခုချိန်မှာ ကိုကို့အခြေအနေက ရုပ်ရှိပြီး နာမ်မရှိသည့်လူတစ်ယောက်လိုပင်။
ကိုကိုက မနက်ဆို အတန်းသွားတက်သည်။ အတန်းတက်ပြီးသည်နှင့် ဘယ်နေရာကိုမှ မဝင်ဘဲ အိမ်ကိုသာ တန်းပြန်သည်။ အဲဒီနောက်ပိုင်းဆိုရင် အပြင်ပြန်မထွက်တော့။
ည ၁၁နာရီလောက်ဆိုရင် ကိုကိုက အိမ်ရှေ့ဝရန်တာက ဝါကျင့်ကျင့်အရောင်ရှိသည့် မီးလုံးလေးကို ထဖွင့်တတ်သည်။ အဲဒီနောက် ဝရန်တာက ထိုင်ခုံမှာ ခဏထိုင်ပြီး တစ်ခုခုကို ငေးမောနေတတ်သည်။ တစ်ခါတလေတော့လည်း မျက်ရည်ကျတတ်သည်။
အဲဒီအချိန်က ဈာန်ရောင်ခအဖို့ ကိုကို့ကို တိတ်တဆိတ်ငေးမောခွင့်ရသည့် အချိန်တိုလေးပါပဲ။
ကိုကို ဝမ်းနည်းနေတာကို သိသည်။ ငိုကြွေးနေတာကိုလည်း နားလည်သည်။ နာကျင်နေတာကိုလည်း စာနာသည်။ ကိုကို့အတွက် ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘဲ ငေးကြည့်ရုံပဲတတ်နိုင်သည့် သူ့ဘဝကိုလည်း စိတ်နာသည်။
ဇန်နဝါရီလ၏ညလေအေးက အတော်ပင် အအေးဓာတ်တို့စိမ့်ဝင်နေဟန်ပေါ်သည်။ ကားမှန်ချထားသောကြောင့် ညခင်းလေပြည်အေးတို့က မခေါ်ငင်ပါဘဲနှင့် ကားထဲသို့ အတင်းအဓမ္မတိုးဝင်လာသည်။
ဒီတစ်ခေါက်လည်း သူ အေးစိမ့်မှုများကို ဥပေက္ခာပြုထားမိပြန်သည်။ နှလုံးသားမှာ ပူပန်မှုတွေများလာသည့်အခါ ပြင်ပမှအအေးဓာတ်များက ပြောပလောက်စရာမရှိတော့။
ဈာန်ရောင်ခ နာရီကို တစ်ချက်ငုံ့ကြည့်လိုက်သည်။ ၁၁နာရီကို ၁၅မိနစ်တောင် စွန်းသွားပြီဖြစ်သည်။ ဒါဆို ကိုကိုက ဘာလို့များ ထွက်မလာသေးတာလဲ။ ပုံမှန် ဒီအချိန်ဆို ကိုကိုက ဝရန်တာကို ရောက်နေလောက်ပြီ။ ဒီနေ့ကျမှ ဘာလို့များ ... ။
အတွေးများ ဝေဝါးကာ ငါးလွှာတိုက်ခန်းလေးကို ဈာန်ရောင်ခ တဖန်ပြန်မော့ကြည့်လိုက်သည်။ ထိုတိုက်ခန်းလေးက ဘာအလင်းရောင်မှ မရှိဘဲ ပိန်းပိန်းမှောင်နေသည်ကိုသာ တွေ့မြင်လိုက်ရသဖြင့် သူ့မျက်ခုံးတန်းများက အလိုအလျောက်တွန့်ကျုံ့သွားရသည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။
နာရီလက်တံကလည်း တဖြည်းဖြည်းရွေ့လျားနေရာ မကြာခင်မှာပင် ၁၁နာရီခွဲသို့ ရောက်ရှိသွားလေသည်။
သို့သော် ငေးကြည့်နေကျ ဝရန်တာလေးမှာမူ ပိုင်ရှင်မဲ့နေဆဲ ... ။
အမြဲတမ်းလိုလို ပိုင်ရှင်ကို အဖော်ပြုပေးနေခဲ့သည့် ဝရန်တာလေးက အခုတော့ မှောင်မိုက်ကာ အထီးကျန်နေရှာသည်။
ဒီညက လပြည့်ညဖြစ်သည်နှင့်အညီ လမင်းကြီးရဲ့အရှိန်အဝါက အထီးကျန်နေသည့်ဝရန်တာလေးကို အဖော်ပြုပေးနေပုံပေါ်သည်။ အနည်းငယ်မျှသော လရောင်က ဝရန်တာလေးရဲ့မှောင်မိုက်နေမှုကို အလုံးစုံမကုစားပေးနိုင်သော်ငြား အနည်းငယ်တော့ အထောက်အပံ့ဖြစ်ဟန်တူသည်။
ဝေခွဲမရနိုင်စွာဖြင့် ဈာန်ရောင်ခ ကားပေါ်မှ ဆင်းလိုက်သည်။ ၁၁နာရီခွဲဆိုသည်မှာ လူငယ်တွေမှလွဲ၍ လူတော်တော်များများ၏အိပ်ချိန်ဖြစ်နေသဖြင့် လမ်းထဲမှာ လူသူကင်းရှင်းပြီး တိတ်ဆိတ်ငြိမ်သက်နေကာ အမှောင်ထုတို့ကသာ စိုးမိုးထားလေသည်။
ဝိုင်းစက်နေသည့်လမင်းကြီး၏အလင်းရောင်၊ ဓာတ်တိုင်များ၏အလင်းရောင်ကြောင့်သာ မဟုတ်ရင် ဒီလမ်းက စုံးစုံးမြုပ်အောင် မှောင်မိုက်နေတော့မည်ထင်သည်။
အဲဒီနောက် သူလည်း တိုက်ရှေ့ကို သွားကာ ငါးလွှာတိုက်ခန်းလေး၏ခေါင်းလောင်းကြိုးကို ဆွဲလိုက်သည့်အခါမှာတော့ ချလွင် ချလွင် ဆိုသည့်ခေါင်းလောင်းသံက တိတ်ဆိတ်မှုတို့ကြား ဖောက်ထွင်းကာ ပျံ့နှံ့သွား၏။
သို့သော် ခေါင်းလောင်းသံပျံ့လွင့်မှုများ ရပ်တန့်သွားသည့်အထိ ထိုအထီးကျန်ဝရန်တာလေးကမူ တိတ်ဆိတ်နေဆဲ ... ။
ရင်ထဲ တစ်ချက်လှိုင်းထန်သွားမှုကို ဈာန်ရောင်ခ အယောင်ယောင်အမှားမှားဖြင့် မနည်းကြိုးစားကာ ထိန်းချုပ်လိုက်ရသည်။ အမြဲတမ်းကြောက်ရွံ့နေခဲ့ရသည့် တစ်စုံတရာက ဖြစ်လာတော့မှာလားဆိုသည့် စိုးရိမ်မှုများက သူ့ရဲ့အသိစိတ်ကို အစွန်းဆုံအထိ ဘောင်ဘင်ရိုက်ခတ်နေလျက်ရှိသည်။
ရုတ်တရက် မသိစိတ်၏အချက်ပြမှုကြောင့် ဈာန်ရောင်ခ တိုက်ပေါ်တက်ဖို့ ပြေးအသွား အောက်သံပန်းတံခါးက လုံလုံခြုံခြုံသော့ခတ်ထားသည်ကို တွေ့လိုက်ရသဖြင့်
" ကျစ် ! "
ကားဆီ အမြန်ပြန်ပြေးသွားကာ ကားထဲမှာ အမြဲထားထားတတ်သည့် သော့တွဲတစ်တွဲကို ယူလိုက်သည်။ အဲဒီနောက် တိုက်ဆီသို့ နောက်တစ်ခေါက်ပြန်ပြေးလာပြီး သံပန်းတံခါးကို လက်ထဲမှာရှိသည့်သော့ဖြင့် ဖွင့်ကာ ငါးလွှာထပ်ဆီသို့ မရပ်မနားအပြေးတက်လာလိုက်သည်။
ကျန်သည့်အလွှာများထက် ငါးလွှာထပ်က ပို၍မှောင်မည်းနေပြီး တိတ်ဆိတ်နေသလိုခံစားရသည်။ ဖြတ်ကျော်လာခဲ့သည့် အလွှာတိုင်း၌ မီးလုံးသေးသေးလေးများ ကိုယ်စီထွန်းထားသောကြောင့် အလင်းရောင်အနည်းငယ်ရှိနေပေမဲ့ ငါးလွှာထပ်မှာတော့ အလင်းရောင်အနည်းငယ်မျှပင် မတွေ့ရဘဲ ပကတိအလုံးစုံမှောင်မည်းနေသည်။
၎င်းအခြင်းအရာက ဘာကြောင့်များလဲလို့ ဈာန်ရောင်ခ ဦးနှောက်ကို အလုပ်ပေးကာ ခပ်မြန်မြန်စဉ်းစားနေမိသည်။ နောက်တော့မှ ခြေရင်းခန်းက ဦးလေးကြီးတို့လင်မယားစုံတွဲက လွန်ခဲ့သည့်သုံးရက်ခန့်ကမှ အထုတ်အပိုးများနှင့် ခရီးထွက်သွားမှန်း သူ ပြန်သတိရသွားသည်။
အဲဒီနေ့က ကိုကို့ကို လာကြည့်ရင်းနှင့် သူကိုယ်တိုင် မြင်လိုက်ရသည်ကိုး။
ဒေါက် ! ဒေါက် ! ဒေါက် !
တံခါးခေါက်သံက တိတ်ဆိတ်မှုတို့အကြား ကျယ်ကျယ်လောင်လောင်ပျံ့လွင့်လာသည်။ သို့သော်ငြား တစ်ဖက်ထံမှ တုံ့ပြန်မှုတို့ကား အချည်းနှီး ... ။
ဒေါက် ! ဒေါက် ! ဒေါက် !
စိတ်ဇောအဟုန်ကြောင့် သူ တံခါးကို ကြမ်းကြမ်းတမ်းတမ်း ထပ်ခေါက်မိသွားသည်။
မည်သို့ပင်ဆိုစေကာမူ တုံ့ပြန်ခြင်း အလျင်းမရှိ ... ။
အရာအားလုံးဟာ နဂိုမူလအတိုင်း တိတ်ဆိတ်လျက်သား ... မှောင်မည်းလျက်သား ... ။
" ငါ ... တကယ် ... အသက်မရှင်ချင်တော့ဘူး "
ရုတ်တရက်ဆိုသလို လွန်ခဲ့သည့် တစ်လခန့်က ကြားခဲ့ရသည့် မွန်းကြပ်သိပ်သည်းလှသော စကားလုံးများက သူ့နားအတွင်းသို့ လျင်လျင်မြန်မြန်ပျံ့နှံ့ဝင်ရောက်လာသည်။
သေလောက်အောင် နာကျင်ရသော်ငြား သူ့နှလုံးသားမှာ စွဲစွဲမြဲမြဲမှတ်တမ်းတင်ထားမိသည့် ဤစကားလုံးများက ဈာန်ရောင်ခရဲ့စိုးရိမ်ပူပန်မှုကို အထွတ်အထိပ်ထိ အမြင့်ဆုံးရောက်သွားစေသည်။
" ဟင့်အင်း ... မဖြစ်ရဘူး ... အဲဒီလိုမဖြစ်ရဘူးလေ ... အဲဒီလိုဖြစ်လို့မရဘူး "
သူ့နှုတ်ခမ်းဖျားထံမှ ကယောင်ကတမ်းစကားများက အရူးတစ်ယောက်လိုမျိုး တရဆက်ထွက်ပေါ်လာသည်။
ဒေါက် ! ဒေါက် ! ဒေါက် !
ဖွင့်သူမဲ့တံခါးလေးကို ဈာန်ရောင်ခ ဇွဲမလျော့တမ်းခေါက်ကာ
" ကိုကို ... မလုပ်ပါနဲ့ ... အဲဒီလို မလုပ်ပါနဲ့ "
တစ်ကိုယ်တည်းကြားရလောက်သည့် လှုပ်လှုပ်ခတ်ခတ်အသံငယ်လေးက ဈာန်ရောင်ခရဲ့ထိတ်လန့်ခြောက်ချားမှုကို သရုပ်ပြနေသလိုပင်။
နောက်ဆုံးဘယ်လိုမှမရတော့သည့်အဆုံး သူ့လက်ထဲမှာ ပါလာသည့် သော့အစုံနှင့် တံခါးကို ဖွင့်ဖို့တစ်နည်းသာ ကျန်တော့သည်။
ကိုကို့ရဲ့အိမ်ရာကို ပိုင်ရှင်မသိအောင် မကျူးကျော်ပေမဲ့လည်း အခုချိန်မှာ တခြားနည်းလမ်းတွေကို သူ မစဉ်းစားနိုင်တော့ပေ။
သော့ဖွင့်နေသည့် လက်များကား တုန်တုန်ရင်ရင် ... ။
စက္ကန့်ပိုင်းမျှအကြာ ပွင့်ဟသွားသည့် တံခါးချပ် ... ။
ထိုတိုက်ခန်းငယ်လေးအတွင်း ဈာန်ရောင်ခ ဝင်ရောက်လိုက်သည်။ စိတ်ကူးနှင့် အခေါက်ပေါင်းများစွာ ရောက်ဖူးခဲ့ပြီး လက်တွေ့ဘဝမှာတော့ ပထမဆုံးအကြိမ်အဖြစ် ကိုကို့ရဲ့တိုက်ခန်းငယ်လေးထဲကို ဈာန်ရောင်ခ ခြေချနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် နှမြောစရာကောင်းသည်က အချိန်အခါကောင်းဟုတ်မနေခဲ့ပေ။
သူ မျှော်လင့်ထားသလိုပင် နွေးထွေးမှုတို့ပျက်သုန်းကာ အေးစက်မှုနှင့် မှောင်မိုက်မှုများကသာ အခန်းတစ်ခန်းလုံးကို ကြီးစိုးအနိုင်ယူထားသည်။
အရင်ဆုံး သူ့ဘောင်းဘီအိတ်ထဲမှာ ထည့်ထားသည့်ဖုန်းကို ထုတ်ကာ FlashLight ဖွင့်လိုက်သည်။ ဖုန်းမီးရောင်အားကိုးဖြင့် မီးခလုတ်ရှိနိုင်သည့်နေရာကို လိုက်ရှာရင်း နောက်ဆုံးတော့ မီးဖွင့်လိုက်နိုင်သည်။ လင်းလင်းချင်းချင်းရှိသွားသည့်အခါကျမှ ဖုန်းကို ပိတ်လိုက်ကာ ဘောင်းဘီအိတ်ထဲ ပြန်ထည့်ထားလိုက်သည်။
" ကိုကို "
စိုးရိမ်ပူပင်မှုများဖြင့် ကိုကို့ကို ခေါ်ကြည့်သည်။ သို့သော်ငြား ပြန်ထူးမည့်သူ မရှိ။
ထိုအခါ သူ့ခြေလှမ်းများက အိမ်ရှေ့ခန်းကနေအလိုလို အထဲကို ဆက်ဝင်သွားမိသည်။ ခြေလှမ်းများ၏ခေါ်ဆောင်ရာအတိုင်း လိုက်ပါနေရင်း ကိုကို့အိပ်ခန်းဟုထင်ရသည့် အခန်းတစ်ခုရှေ့အရောက်တွင်တော့ သူ့ခြေလှမ်းများက အလိုအလျောက် အလုံးစုံရပ်တန့်သွားရသည်။
" ကိုကို ... အထဲမှာလား "
ထွက်ပေါ်လာသည့် တိုးဖွဖွအသံလေးကား ကူကယ်ရာမဲ့စွာ ... ။
မျှော်လင့်ချက်လေးနှင့် မေးမိသော်ငြား၊ တုံ့ပြန်သံလေးကို အရူးအမူးစောင့်မျှော်နေမိသော်ငြား ထိုအိပ်ခန်းငယ်လေးက နဂိုအတိုင်း တိတ်ဆိတ်ငြိမ်သက်နေမြဲ ... ။
သို့သော် ထိုကဲ့သို့သော တိတ်ဆိတ်မှုနှင့် ဆန့်ကျင်စွာ သူ့နှလုံးသားထဲမှာတော့ ဗုံးတွေ တစ်လုံးပြီးတစ်လုံး ပေါက်ကွဲသလိုခံစားနေရသည်။
ဒီတံခါးကို ဖွင့်လိုက်လျှင် အထဲမှာ ဘာကို တွေ့မြင်ရမလဲဆိုတာကို ကြိုသိနေသယောင် သူ့လက်တို့ကား မဝံ့မရဲ ... ။
ကျွီ !
အနည်းငယ်တွန်းလိုက်ရုံနဲ့ ပွင့်သွားသည့် တံခါးတစ်ချပ်က ပို၍ပင် ထိတ်လန့်စရာကောင်းလှသည်။ ထို့အတူ မှောင်အတိကျနေသော အခန်းငယ်လေးကလည်း ခြောက်ချားမှုများဖြင့် သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုနေ၏။
ခပ်ဟဟပွင့်နေသည့် ပြတင်းပေါက်မှတဆင့် ဖြာကျနေသည့် လရောင်ရိပ်ကလည်း အားမာန်ကင်းလျော့နေသည့်နှယ် ဝိုးတဝါးမျှသာ ... ။
ညလေပြည်အေးတိုက်ခတ်သဖြင့် တဖျတ်ဖျတ် လွင့်မျောနေသည့် လိုက်ကာစအဖြူလေးကလည်း အစိုးမရစွာ လှုပ်ယမ်းနေ၏။
အခန်းထဲကို သူ တစ်လှမ်းချင်း ခြေချလိုက်သည်။ မှန်ရာကိုဝန်ခံရမည်ဆိုလျှင် အခုချိန်မှာ သူ့ခြေထောက်များက အားအင်မရှိစွာ ယိမ်းထိုးနေလျက်ရှိသည်။
ချောက် !
အခန်းတစ်ခုလုံး မီးအလင်းရောင်ကြောင့် လင်းထိန်သွားသည့်အချိန်တွင် ကြောက်ရွံ့မှုများ ကြီးစိုးနေသော မျက်ဝန်းတစ်စုံက အခန်းရဲ့နေရာအနှံ့ကို လျှင်လျှင်မြန်မြန်လှည့်ပတ်ကြည့်မိသွားသည်။
မရှိ။ ဘယ်သူမှ မရှိ။ အိပ်ရာပေါ်မှာလည်း ဘယ်သူမှ မရှိသလို ကုလားထိုင်ပေါ်မှာလည်း ဘယ်သူမှ ရှိမနေ။ တစ်ခန်းလုံးမှာ လူအရိပ်အယောင်မျှပင် မမြင်ရ။
သူ တွေ့နေရသည်ဆိုလို့ အိပ်ရာအစွန်းဘက်မှာ စီစီရီရီခေါက်လျက်တင်ထားသည့် စောင်လေးတစ်ထည်မျှသာ ... ။
ထိုစဉ် အသံတစ်သံကို သူ ကြားလိုက်ရသဖြင့် ခြေအစုံက ရောက်ရှိရာနေရာ၌ပင် ခေတ္တခဏမျှ ရပ်တန့်သွားရသည်။
နေဦး။ ဒါက ဘာအသံလဲ။ ရေပန်းကနေ ရေကျတဲ့အသံမလား။။
အသံ၏ဦးတည်ရာကို မှန်းဆကြည့်ပြီးနောက် သူ့ခြေလှမ်းများက နေရာတစ်ခုဆီသို့ အလျင်စလိုရောက်သွားပြီး ရေချိုးခန်းဟုထင်ရသည့်တံခါးကို ဆွဲဖွင့်ကြည့်လိုက်တော့ အထဲ၌ မြင်လိုက်ရသည့် မြင်ကွင်းက ... ။
အဆက်မပြတ်ကျဆင်းနေသော ရေပန်းအောက်မှာ ဖြူဖျော့ကာ လဲကျနေသည့်ခန္ဓာကိုယ်ငယ်လေး ... ။
ဈာန်ရောင်ခ အသက်ရှုရပ်လုမတတ် ရှော့ခ်ရသွားကာ သူ့ခြေလှမ်းများက အနောက်ကို အနည်းငယ်ယိုင်ထွက်သွား၏။
အဲဒီနောက် သူ ထပ်မံ မြင်တွေ့လိုက်ရသည်က ဓားအသေးစားတစ်ချောင်းနှင့် သွေးများ တစိမ့်စိမ့်စီးကျနေသည့် ဘယ်ဘက်လက်ကောက်ဝတ်လေးတစ်ဖက် ... ။
အားးးးးးးးးးးးးးးးးးးးးး !
နှုတ်ဖျားက တစ်ခွန်းမှထွက်မလာဘဲ နှလုံးသားကနေ နာနာကျင်ကျင်မြည်တမ်းလိုက်သော အသံနက်ကြီးက ကြေကွဲဖွယ်ရာကောင်းလှသည်။
နှလုံးသားတစ်ခုလုံးကို ရင်ဘတ်ထဲကနေ ဆွဲထုတ်ခံလိုက်ရသလိုမျိုး တနင့်တပိုးနာကျင်နေရသည့် ခံစားချက်ကြီးက အပြင်းအထန်စိမ့်ဝင်လာ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသည့် တခဏအတွင်း လူက မတ်မတ်ပင် မရပ်နိုင်တော့ဘဲ ကြမ်းပြင်ပေါ် ပစ်ထိုင်ကျသွားကာ သူ့တစ်ကိုယ်လုံးက တဆတ်ဆတ်တုန်ရင်လာပြီး ထိန်းချုပ်ခြင်းငှာမစွမ်းသာတော့သည့် မျက်ရည်များက ပိုးပိုးပေါက်ပေါက် ကျဆင်းလာလေတော့သည်။
" ကိုကို ... ကိုကို ... "
တုန်ယင်နေသည့်နှုတ်ခမ်းလွှာမှ ပွင့်ဟထွက်ကျလာသည့် စကားလုံးအချို့က မပီမသ ... ။
" ဟင့်အင်း ... မဟုတ်ဘူးလေ ... မဟုတ်ရဘူးလေ ... ကိုကို ... "
ဈာန်ရောင်ခ မယုံကြည်နိုင်ပါ။
ဒါက သူ သိပ်မြတ်နိုးရသည့် ကိုကိုတဲ့လား။
ဒီလိုသေကောင်းပေါင်းလဲပုံစံမျိုးဖြစ်နေသည့်လူက သူ့ရဲ့ကိုကိုတဲ့လား။
ဟင့်အင်း! ကိုကို မဟုတ်ဘူး ! ကိုကိုက အဲဒီလိုလုပ်မှာမဟုတ်ဘူး ! ကိုကို မဟုတ်ဘူး !
နားနှစ်ဖက်ကို စုံအုပ်ထားကာ အရူးတစ်ယောက်လို ရမ်းခါနေသည့် ဦးခေါင်းက ပြုတ်ထွက်တော့မတတ် ... ။
" မဟုတ်ဘူး ... မဟုတ်ဘူး ... "
စိတ်ကယောင်ခြောက်ခြားဖြစ်ကာ ဘယ်လောက်ပဲ အမှန်တရားကို လက်ခံဖို့ ငြင်းဆိုနေပါစေ တကယ့်လက်တွေ့မှာတော့ သူ့ခန္ဓာကိုယ်က လေးဘက်ထောက်ကာ အရှေ့ကို တရွေ့ရွေ့တိုးလာလျက် ... ။
အနည်းငယ်ရွေ့လျားနိုင်ဖို့အရေးတောင် သူ မနည်းအားယူနေရသည့်အထိ သူ့ရဲ့ဖြစ်တည်မှုတိုင်းက ပြိုလဲနေချေပြီ။
ကိုကို့အနားကို ရောက်တော့မှ အနီးကပ်တွေ့မြင်လိုက်ရသည့် ကိုကို့မျက်နှာလေးက သွေးတွေ စုပ်ယူခြင်းခံထားရသလို အရမ်းကို ဖြူဖျော့လွန်း၏။
ထို့အပြင် ရေပန်းအောက်မှာ အချိန်ကြာမြင့်စွာ ရှိနေခဲ့ပုံပေါ်သည့် ကိုကိုက တစ်ကိုယ်လုံး ရေတွေ ရွှဲရွှဲစိုနေလျက် ရှိသည်။
" ကိုကို ... ကိုကို ... ကျွန်တော် ရောက်လာပြီလေ "
သူ ဘယ်လောက်ပဲ ခေါ်နေပါစေ လှုပ်ရှားမှုဟူသည် ဗလာနတ္ထိဖြစ်နေသော ထိုလူသားကြောင့် သူ့အသိစိတ်တို့ တမဟုတ်ချင်း ပျောက်ကွယ်သွားကာ
" ကိုကို ... "
ကြမ်းပြင်ထက် လဲကျနေသည့် ကိုကို့ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ ပျော့ခွေနေသည့် ထိုလူသားက သူ ပြုသမျှ နုနေရှာ၏။
တစ်နေ့တော့ ကိုကို့ကို သေချာပေါက် ထွေးပွေ့ခွင့်ရလိမ့်မယ်လို့ မျှော်လင့်ပြီး စိတ်ကူးတွေနဲ့ အများကြီး ရူးသွပ်နေခဲ့မိတာ။
ဒါပေမဲ့ နောက်ဆုံးတော့ ထွေးပွေ့ခွင့်ရခဲ့သည်က ဒီလိုအခြေအနေမှာတဲ့လား။
" ဟား ... ဟား ... ဟား ... "
မျက်ရည်များ ဒလဟောကျဆင်းနေရင်း တိုးလျလျရယ်မောသံ၌ ပဲ့ကြွေမှုတို့က တစစီ ထင်ဟပ်နေ၏။
ကောင်လေးတစ်ယောက်၏ရုပ်နာမ်နှစ်ပါးလုံး ပြိုကွဲပျက်စီးနေမှုကြီးကား သိသာလွန်းစွာ ... ။
" ကိုကို ... ကိုကို ... ကျွန်တော့်ကို ကြည့်ပါ "
ကိုကို့ပါးပြင်လေးကို ခပ်ဖွဖွပွတ်သပ်ကာ တကြော်ကြော်ခေါ်နေမိပေမဲ့ ကိုကိုကတော့ ဘာကိုမှ ကြားနိုင်စွမ်းမရှိတော့ပေ။
မျက်တောင်ဖျားလေးပေါ်မှာ တင်ကျန်နေသည့် ရေစက်တို့ကတောင် အလှုပ်အခတ်မရှိသည့်အထိ ဒီလူက ငြိမ်သက်လွန်းလှ၏။
" ဘာလို့လဲ ... ဘာလို့ ဒီလောက်ထိ ရူးမိုက်ရတာလဲ ... ခင်ဗျား ကျွန်တော့်ကို သေအောင် သတ်နေတာလားဗျာ "
ကိုကို့ခန္ဓာကိုယ်လေးကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားပြီး မကြားနိုင်မှန်းသိရက်နဲ့တောင် စကားတွေ တတွတ်တွတ်ပြောနေမိသည်။
ရေပန်းမှကျဆင်းလာသည့် ရေစက်များကလည်း သူ့အပေါ်မှာ ဖြန်းပက်နေသဖြင့် သူ့တစ်ကိုယ်လုံးလည်း ကိုကို့လိုပင် ရွှဲရွှဲစိုနေတော့သည်။
" ကိုကို ... "
အဲဒီနောက် သူ့ရဲ့လက်ချောင်းများက ကိုကို့နှာခေါင်းလေးနား မရဲတရဲရောက်သွားကာ ကိုကို အသက်ရှု၊ မရှု စစ်ကြည့်လိုက်သည့်အခါကျမှ သူ့ရင်ဝမှ အပူလုံးကြီးက အတန်ငယ်လျှော့ကျသွားရသည်။
" တော်သေးတယ် ... ကိုကို အသက်ရှင်နေသေးတယ် ... ကိုကို ကျွန်တော်တို့ ဆေးရုံသွားကြမယ်နော် ... ကိုကို့ကို ကုပေးမယ်လေ "
ကိုကို့ခန္ဓာကိုယ်လေးကို အလျင်စလိုပွေ့ချီလိုက်ကာ မတ်တပ်ထရပ်လိုက်သည်။ ယောကျာ်းသားဖြစ်ရက်နဲ့တောင် ကိုကို့ခန္ဓာကိုယ်လေးက ပေါ့ပါးနေလိုက်တာများ ငှက်မွှေးလေးလိုပင်။
ထိုကဲ့သို့ ပွေ့ချီထားလျက်အတိုင်းပဲ တိုက်အောက်ထပ်ကို ဆင်းလာခဲ့သည်။ သူတို့နှစ်ဦး၏ခန္ဓာကိုယ်ထက် တင်ကျန်နေသည့် ရေစက်များကား သူ သွားရာလမ်းတစ်လျှောက် တတောက်တောက်စီးကျနေလျက် ... ။
တိုက်အောက်ထပ်သို့ ရောက်သည်နှင့်တစ်ပြိုက်နက် မျက်နှာချင်းဆိုင်မှာ ရပ်ထားသည့် ကားဆီသို့ ခပ်သုတ်သုတ်အပြေးနှင်ရသည်။
တိတ်ဆိတ်ငြိမ်သက်နေသည့်အချိန်၌ လူရိပ်လူခြေတွေ့လိုက်သည်မို့ လမ်းဘေးခွေးတစ်ချို့စုရုံးလာကာ ဟောင်ကြသော်လည်း သူ ဂရုမစိုက်နိုင်သေး။
ယခုချိန်မှာ တစ်မိနစ်၊ တစ်စက္ကန့်လေးကတောင် အရေးကြီးနေသည်မဟုတ်လား။
အရာအားလုံးကို နောက်မှာထားကာ ပြိုလဲချင်နေသည့်စိတ်ကို အစွမ်းကုန်ထိန်းချုပ်ပြီး ကိုကို့ကို အချိန်မှီကယ်တင်နိုင်ဖို့အရေးကိုသာ စိတ်နှစ်ထားမိသည်။
ကိုကို့ကို ဘေးခုံမှာ ထိုင်ခိုင်းလိုက်ပြီးနောက် သေသေချာချာခါးပတ်ပတ်ပေးလိုက်သည်။ အဲဒီနောက် ကားမောင်းသူနေရာမှာ ဝင်ထိုင်ပြီး ကားကို အရှိန်တင်ကာ မောင်းနှင်လိုက်သည်။
အနောက်ဘက်နားမှာ စွဲကျန်ရစ်နေခဲ့သည့် ခွေးအူသံများကား စီစီညံနေလျက် ... ။
ကားကို မောင်းနေရပေမဲ့လည်း ဦးတည်ရာလမ်းပျောက်နေသလိုပင်။
ဘေးခုံက လူကိုလည်း မကြာခဏလှည့်တကြည့်ကြည့်ဖြစ်နေသည့် ဈာန်ရောင်ခ၏အသွင်အပြင်က ဘာဆက်လုပ်ရမည်မှန်းမသိဘဲ ခြေမကိုင်မိ လက်မကိုင်မိ ... ။
ညဥ့်နက်ချိန်ဖြစ်သောကြောင့် ကားလမ်းမတစ်လျှောက်ကား အတန်ငယ်ရှင်းလင်းနေ၏။ ဖြတ်သွားဖြတ်လာကားများနှင့် လူတချို့ရှိနေသေးသော်ငြား ပုံမှန်အချိန်နှင့်တော့ နှိုင်းစာလျှင်တော့ အတော်ကြီးနည်းပါးနေဆဲပင်။
တဟူးဟူးတိုက်ခတ်နေသည့် လေပြေများက အေးမြသော်ငြား သူ့ရဲ့စိတ်အာရုံအလုံးစုံကမူ ပူပင်သောကကြီးစွာ ရောက်နေလျက် ... ။
ကားမောင်းနေရင်း ရုတ်တရက် ကား၏ဦးတည်ရာကို သတိထားမိတော့ အဓိပတိဆေးရုံဆီသို့ သွားရာလမ်းတစ်ဝက်၌ဖြစ်သည်။
ဘယ်လိုဖြစ်လို့ ဒီလမ်းကြောင်းကို ရွေးချယ်မိမှန်း သူကိုယ်တိုင်တောင် မသိတော့ပေ။ ထိုစဉ် မမျှော်လင့်ဘဲ တွေးမိသွားသည်က ကိုကို့ကို လုံခြုံမှုအပြည့်အဝပေးနိုင်မည့်နေရာတစ်ခု ... ။
စတီယာတိုင်ကို လက်တစ်ဖက်က ကိုင်ထားရင်း ကျန်လက်တစ်ဖက်ဖြင့် ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ကာ တစ်စုံတစ်ယောက်ထံသို့ ဖုန်းခေါ်လိုက်သည်။
တစ်ဖက်လူက အရမ်းအလုပ်များတတ်သည့်လူဖြစ်သောကြောင့် ဖုန်းမကိုင်မှာစိုးသော်ငြား ချက်ချင်းပင် ဖုန်းကိုင်လာသဖြင့်
" ဟဲလို ! အန်ကယ် ကျွန်တော်ပါ ... ဒါနဲ့ အခု အန်ကယ် မဟာဆေးရုံမှာ ရှိနေလား "
လက်ရှိမှာ အချိန်က အရေးကြီးနေသဖြင့် အလာပသလာပစကားတွေမပြောနိုင်တော့ဘဲ လိုရင်းကိုသာ ဦးဆုံးမေးမြန်းလိုက်သည်။
" ရှိတယ် သားဈာန် "
၎င်းအဖြေကို ကြားလိုက်ရတော့မှ ဈာန်ရောင်ခ သက်ပြင်းချလိုက်ကာ
" ဟူး ... ဒါဆို တော်သေးတာပေါ့ "
" ဘာဖြစ်လို့လဲ သားဈာန် "
ထိုအမေးကို မဖြေသေးဘဲ ကိုကို့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ကာ အဓိပတိဆေးရုံဆီသို့ သွားနေသည့်ကားကို လမ်းကြောင်းပြောင်းကာ မဟာဆေးရုံဆီသို့ ဦးတည်လိုက်သည်။
" အန်ကယ် ကျွန်တော် စကားအများကြီးပြောဖို့ အချိန်မရဘူး ... အဲဒါကြောင့် ကျွန်တော် ပြောတာကိုပဲ အန်ကယ် သေချာနားထောင်ပေးပါ ... အခု ကျွန်တော် သွေးထွက်လွန်နေတဲ့ လူနာတစ်ယောက်ကို အန်ကယ့်ဆေးရုံဆီ ခေါ်လာခဲ့မယ် ... အဲဒီလူနာက ကျွန်တော့်အတွက် အရမ်း အရမ်းအရေးကြီးတဲ့လူမို့လို့ အန်ကယ် သူ့အတွက် အစစအရာရာ အကောင်းဆုံးတွေ ပြင်ဆင်ထားပေးပါ ...
ဘယ်လောက်ပဲ ဈေးကြီးနေပါစေ ကျွန်တော် တတ်နိုင်တယ်ဆိုတာ အန်ကယ် သိပါတယ် ... တကယ့်အရည်အချင်းရှိတဲ့ဆရာဝန်ကိုပဲ ကျွန်တော် လိုချင်တယ် ... အဲဒီဆရာဝန်ကလည်း လူနာကို ရအောင်ကယ်ပေးရမယ် ... မဟုတ်ရင် သူ့ကို ကျွန်တော် တရားစွဲမှာ "
" သားဈာန် ! "
" ပြီးတော့ အခုခေါ်လာမယ့်လူနာက sucide case မို့လို့ ရဲတွေနဲ့ဆက်နွယ်လာမှာကို ကျွန်တော် မလိုချင်ဘူး ... အဲဒီတစ်ချက်ကို ကျွန်တော့်အစား အန်ကယ် ကူညီပေးလို့ရမလား "
" မင်း အန်ကယ့်ကို အကျိုးအကြောင်း ရှင်းပြသင့်တယ်လို့ မထင်ဘူးလား သားဈာန် ... ဒီကိစ္စတွေကို မင်းဒယ်ဒီရော သိလား "
" အခုချိန်မှာတော့ ကျွန်တော် ဘာမှမပြောပြချင်သေးဘူး အန်ကယ် "
တစ်ဖက်က စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေပြီးနောက်
" ကောင်းပြီလေ "
" ကျွန်တော် အခု လာနေပြီ အန်ကယ် ... ငါးမိနစ်အတွင်း ရောက်မယ် ... ဆေးရုံရှေ့မှာ အဆင်သင့် လူလွှတ်ထားပေးပါ "
" ဒါဆို သားဈာန် ရိုးရိုးကားပါကင်ဘက်ကို မလာခဲ့နဲ့ ... VIP ကားပါကင်ဘက်ခြမ်းကို လာခဲ့ ... အဲဒီနေရာက သီးသန့်ဆောက်ထားတာဆိုတော့ လူရှင်းတယ် ... မင်းမာမီ ဆေးရုံတက်တုန်းက လာဖူးတယ်မလား "
" Thanks အန်ကယ် "
ဖုန်းချလိုက်ပြီးနောက် ကားအရှိန်ကို အရင်ကထက် ပိုမြှင့်တင်လိုက်ကာ မီးပွိုင့်ကိုတောင် ဂရုမစိုက်တော့ဘဲ သူ ဖြတ်မောင်းလိုက်သည်။
လမ်းကြောတစ်လျှောက် ကားများ ရှင်းလင်းနေသဖြင့် ပို၍ပင် ခရီးတွင်နေ၏။
မကြာခင် ဆေးရုံဝန်းထဲသို့ ဝင်လိုက်ပြီး VIP ကားပါကင်ဘက်ခြမ်းကို ဦးတည်လိုက်သည်။ နေရာလွတ်တွင် ကားကို အလျင်စလိုထိုးရပ်လိုက်ပြီးနောက် ကိုကို့ခါးပတ်ကို ဖြုတ်ပေးနေရင်း
" ကိုကို ကျွန်တော်တို့ ဆေးရုံရောက်ပြီနော် ... ကိုကို ... "
ပွေ့ချီလိုက်သော်လည်း မလှုပ်ရှားတော့သည့် ကိုကို့ကို ကြည့်ကာ သူ့ခြေလှမ်းများက ပိုမိုလျင်မြန်သွက်လက်လာသည်။
VIP ကားပါကင်မှာထားရှိသည့် သီးသန့်ဓာတ်လှေကားသို့ မရောက်မီ ဆေးရုံကုတင်တွန်းလှည်းတစ်ခုနှင့်တကွ ဂျူတီကုတ်ဝတ်ထားသော ဆရာဝန်နှစ်ဦးနှင့် နာစ့်များ၊ အစောင့်များက သူတို့အနား ချဉ်းကပ်လာပြီး
" ဆေးရုံအုပ်က မှာထားလို့ ကျွန်တော်တို့ လာစောင့်နေတာပါ "
အသက်၃၀ကျော်အရွယ်ခန့် လူလတ်ပိုင်းဆရာဝန်တစ်ဦးက သူ့ကို ရိုရိုသေသေပြောလာသည်။
" ဟုတ်ပြီ ... ဒါဆိုလည်း မြန်မြန်သွက်သွက်လေး လုပ်ပေးကြပါ ... လူနာက သွေးထွက်လွန်နေပြီ "
အဲဒီနောက် ဆေးရုံကုတင်တွန်းလှည်းပေါ် ကိုကို့ကို အသာအယာပွေ့တင်ပေးလိုက်သည်။ ဓာတ်လှေကားထဲ သူရယ် ကိုကို့ကုတင်တွန်းလှည်းအပါအဝင် ခုနက ဆရာဝန်နှင့် နာစ့်တစ်ယောက် လိုက်ပါလာသည်။
VIP ဓာတ်လှေကားကို အသုံးပြုခွင့်ရသူမှာ တကယ့်ထိပ်သီးပိုင်းလူများသာဖြစ်သည်မို့ အနှီလူငယ်လေးအား ဘယ်သူမှ အထင်မသေးရဲ။
ဆေးရုံ ဆယ်ထပ်မြောက်မှာရှိသည့် VIP Floor သို့ရောက်ရောက်ချင်း ဓာတ်လှေကားတံခါးက ဖျတ်ခနဲပွင့်သွားသည်။ နာစ့်နှင့် ဆရာဝန်ကလည်း ကုတင်တွန်းလှည်းအား တွန်းပြီး ကိုကို့အား VIP Room ထဲသို့ ခေါ်ဆောင်သွားလေသည်။
ကိုကို့နောက်သို့ သူ လိုက်သွားမည်အပြင် ဖျတ်ခနဲ သူ့လက်မောင်းကို ဆွဲကိုင်ကာ တားဆီးခြင်းခံလိုက်ရသည်မို့ စိတ်တိုတိုဖြင့် လှည့်ကြည့်မိတော့
" အန်ကယ် "
" သားဈာန် ဘာတွေဖြစ်လာတာလဲ ... အဲဒီလူနာကရော သားနဲ့ ဘာသက်ဆိုင်လဲ "
ဂျူတီကုတ်ဝတ်ထားသော ခန့်ခန့်ထည်ထည်ရှိလှသည့် အန်ကယ်က သူ့ကို မေးခွန်းထုတ်လာသည်။
" အန်ကယ် အခု ကျွန်တော် အရမ်းအရေးကြီးနေလို့ ... "
ဆွဲထားသည့် လက်ကို ဆတ်ခနဲဖြုတ်ချခဲ့ပြီး ကိုကို့နောက်သို့ အပြေးလိုက်ရပြန်သည်။ ကိုကို့အတွက် သီးသန့် VIP Room ထဲအရောက်မှာတော့ ကိုကို့ကို ဆေးကုပေးနေကြသည့် ဆရာဝန်များနှင့် နာစ့်များအား တွေ့လိုက်ရသည်။
ကိုကို့အနားသို့ သူ ချဉ်းကပ်ဖို့ခြေလှမ်းအပြင်တွင် နာစ့်တစ်ယောက်က လက်ဟန့်ကာ
" လူနာရှင် အပြင်မှာပဲ စောင့်နေပေးပါ "
" ဒါပေမဲ့ ... "
သူ့ကို နှင်ထုတ်နေသည်ကို လက်မခံဘဲ အတင်းဆက်နေမည်အလုပ်
" လာပါ သားဈာန်ရယ် "
အနောက်ကနေ ရောက်လာသည့် အန်ကယ်က သူ့ကို အခန်းအပြင်ထိ ဆွဲခေါ်လာပြီး
" မင်း ရှိနေရင် သူတို့ ဘယ်လိုလုပ် ဆေးကုပေးလို့ရမလဲ သားဈာန်ရာ "
" ဘာလို့လဲ ! ဘာလို့ ကုလို့မရရမှာလဲ ! "
" မင်းပဲ တရားစွဲမယ်လို့ ပြောထားတယ်မလား ... ငါ့ဆရာဝန်တွေကို မခြောက်စမ်းပါနဲ့ ... လာ ... အန်ကယ့်အခန်းထဲ လိုက်ခဲ့ ... "
အန်ကယ်က သူ့ပခုံးကို ပုတ်ပြီး ခေါ်နေပေမဲ့ သူကတော့ တုတ်တုတ်မျှပင် မရွေ့သောကြောင့်
" စိတ်မပူစမ်းပါနဲ့ကွာ ... လက်ကောက်ဝတ်လှီးရုံနဲ့ သေသွားတယ်ဆိုတာ ရှိတော့ ရှိပေမဲ့ ရှားတယ်ကွ ... လက်ကောက်ဝတ်ကို အရမ်းအနက်ကြီးလှီးမိမှ သေတတ်တာ ... အခုလည်း မင်းလူနာက သွေးထွက်လွန်နေလို့ မေ့သွားတာ ... ဒါကြောင့်မို့ မင်းလူနာကို ငါ့ဆရာဝန်တွေလက်ထဲ အပ်ပြီး မင်းက ငါ့နောက်ကိုသာ လိုက်လာခဲ့ ... "
ထိုအခါကျမှ ဈာန်ရောင်ခလည်း ကိုကို့ကို စိတ်မချစွာ လှည့်တကြည့်ကြည့်ဖြင့် အန်ကယ့်နောက်သို့ လိုက်သွားရလေသည်။
ရုံးခန်းထဲသို့ ရောက်ရောက်ချင်း အန်ကယ်က အမောပင်မဖြေနိုင်သေးဘဲ
" အဲဒီလူနာနဲ့ မင်းက ဘယ်လိုပတ်သတ်နေတာလဲ "
" ကျွန်တော် တစ်ဖက်သတ် ချစ်နေရတဲ့လူ "
မမျှော်လင့်ထားသည့်အဖြေကြောင့် အန်ကယ်က မျက်လုံးကြီးပြူးလာကာ
" ဘာ ! သားဈာန် မင်း ဘာပြောလိုက်တာလဲ "
" အန်ကယ် ကြားတဲ့အတိုင်းပဲ "
ထိုအခါ အန်ကယ်က စုတ်သပ်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေပုံဖြင့်
" ကျစ် ! မင်းက ဂေးလား သားဈာန် "
" ထင်ချင်သလို ထင် အန်ကယ် ... ကျွန်တော် ဘာမှ ထပ်မပြောချင်ဘူး "
အန်ကယ်နှင့်သူက ငယ်ငယ်လေးကတည်းက ခင်မင်ရင်းနှီးလာသည်မို့ ယခုလို သူ သဘောကျမြတ်နိုးနေသည့်လူက ယောကျာ်းလေးတစ်ယောက်ဖြစ်နေမှန်း သိလိုက်ရချိန်မှာ အန်ကယ် တော်တော်ကြီး ရှော့ရသွားမှာ မလွဲသေချာပင်။
အခုလည်း ဆုံလည်ကုလားထိုင်မှာ ခေါင်းငိုက်စိုက်ဖြင့် ထိုင်နေရင်း
" ဒီကိစ္စကို မင်းဒယ်ဒီရော သိလား "
" ဒယ်ဒီ မသိဘူး "
" မင်း သူ့ကို မပြောပြရသေးဘူးလား "
" ပြောပြစရာလိုလို့လား "
" သူက မင်းအဖေလေ သားဈာန်ရာ "
အန်ကယ်က သူနှင့် သူ့ဒယ်ဒီကြားက ပြဿနာတွေကို အသိဆုံးဖြစ်သည်။ အန်ကယ်ရယ်၊ အန်ကယ့်ဇနီးရယ်၊ ဒယ်ဒီရယ်က ငယ်သူငယ်ချင်းများဖြစ်ကြသည့်အလျောက် အချင်းချင်း ခင်မင်ရင်းနှီးမှုမှာလည်း နက်ရှိုင်းလှသည်။
ထို့နည်းတူ မာမီ ဆုံးပါးသွားပြီးကတည်းက တဖြည်းဖြည်း ကြီးထွားလာသည့် သူနှင့် ဒယ်ဒီ့ကြားက ပဋိပက္ခပြဿနာများကို အန်ကယ်ရော၊ အန်တီရော နှစ်ယောက်လုံးက တခြားလူများထက် ပိုပြီးသိနားလည်ကြသည်။
အခုလည်း သူ့ရဲ့အချစ်ရေးကိစ္စကြောင့် မကြာမီ ရှေ့ဆက်ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကို တွေးတောကာ အန်ကယ်က ခေါင်းကိုက်သွားသည့်ပုံပင်။
" သားဈာန် မင်း စိတ်ကစားနေတာများလား ... မိန်းကလေးတွေနဲ့ တွဲနေရတာ ရိုးအီသွားလို့ ယောကျာ်းလေးတွေဘက် လှည့်သွားတာမျိုးလည်း ဖြစ်နိုင်တာပဲလေ ... ပြီးတော့ ယောကျာ်းလေးတစ်ယောက်က တခြားမျိုးတူယောကျာ်းလေးတစ်ယောက်ကို ချစ်မိသွားတယ်ဆိုတာက အန်ကယ့်အထင်တော့ တကယ့်အချစ်စစ်မဖြစ်နိုင်ဘူး "
" အန်ကယ် !!!!!!! "
စားပွဲခုံကို ဝုန်းခနဲထုရိုက်ပစ်လိုက်ကာ ဈာန်ရောင်ခ စိတ်တိုတိုဖြင့် အော်ဟစ်ပစ်လိုက်သည့်အခါမှာတော့ သူ့အသံနက်ကြီးက ရုံးခန်းတစ်ခုလုံးအနှံ့ ဟိန်းခနဲ ပျံ့လွင့်သွား၏။
အဲဒီနောက် မျက်ထောင့်နီဖြင့် အန်ကယ့်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်ရင်း
" ကျွန်တော့်ကို လာမစော်ကားနဲ့ အန်ကယ် ! ဒယ်ဒီ့သူငယ်ချင်းဖြစ်နေလည်း ကျွန်တော် သည်းခံမှာ မဟုတ်ဘူး ! "
ထိုအခါကျမှ အန်ကယ်က စကားပြောမှားသွားမှန်း ရိပ်မိသွားကာ ပညာတတ်ပီပီ
" ဆောရီး သားဈာန် ... အန်ကယ် လွန်သွားတယ် "
တစ်ဖက်လူက အသက်အရွယ်ကြီးရင့်သူဖြစ်နေသည့်အပြင် ဒယ်ဒီ့အခင်ဆုံးသူငယ်ချင်းလည်း ဖြစ်နေသောကြောင့် ဈာန်ရောင်ခ မနည်းစိတ်လျှော့နေရသည်။
ကျန်သည့်အရာမှန်သမျှ သူ အကုန်သည်းခံနိုင်ပေမဲ့ ကိုကိုနှင့်ပတ်သတ်လာလျှင်တော့ သူ နည်းနည်းလေးမျှပင် စွန်းထင်းမခံနိုင်ပါ။
စက္ကန့်အနည်းငယ်မျှအကြာ အန်ကယ့်ထံမှ သက်ပြင်းချသံကြီးကို ကြားလိုက်ရပြီးနောက် လေပြေအေးဖြင့်
" မင်းဒယ်ဒီက သဘောတူမှာမဟုတ်ဘူး သားဈာန် ... သူက မြေးလိုချင်နေတာကို မင်းလည်း သိရက်သားနဲ့ ... "
" ကျွန်တော် ဂရုမစိုက်ဘူး ! "
" သားဈာန် "
" အခုကိစ္စအကြောင်း အန်ကယ့်သူငယ်ချင်းကို ပြောပြလိုက်လည်း ရတယ် ... ဘယ်လိုအန္တရာယ်တွေနဲ့ပဲ ကြုံကြုံ ကျွန်တော်ကတော့ သူ့ကို နည်းနည်းလေးမှ အထိခိုက်ခံမှာမဟုတ်ဘူး အန်ကယ် ... အဲဒီတော့ ကျွန်တော် အကောင်းဆုံးအကြံဉာဏ်တစ်ခုပေးမယ် ... သားတစ်ယောက်ကို မဆုံးရှုံးစေချင်ရင် ကျွန်တော် မြတ်နိုးရတဲ့သူကိုပါ ချစ်ပေးဖို့ လိုလိမ့်မယ်ဆိုတဲ့အကြောင်း အန်ကယ်ကပဲ ဒယ်ဒီ့ကို ဖျောင်းဖျပေးပါ "
" သားဈာန်ရာ ... မင်းကွာ ... "
တိကျပြတ်သားသည့် သူ့နှုတ်ထွက်စကားကြောင့် အန်ကယ်ခမျာ မချိတင်ကဲရေရွတ်ရုံမှ လွဲ၍ ဘာမှ မတတ်နိုင်တော့ပေ။
ကမ္ဘာပေါ်၌ ဈာန်ရောင်ခကို ထိန်းချုပ်နိုင်သည့်လူဆိုသည်မှာ လေးဆက်ရိပ်သွင်တစ်ဦးတည်းသာ ရှိသည်မို့ ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
နာရီပိုင်းမျှ ကြာမြင့်ပြီးနောက် မဟာဆေးရုံ၏ VIP Floor ဖြစ်သော ဆယ်ထပ်မြောက်ဆေးရုံစကြံန်လမ်းမထက်၌ ခြေသံတဖျတ်ဖျတ်ကို ကြားလိုက်ရသည်။
၎င်းခြေသံများက VIP Room တစ်ခုဆီသို့ ခပ်ဖွဖွချဉ်းကပ်လာလျက် ... ။
ဦးတည်ရာဖြစ်သည့် VIP Room နားအရောက်မှာတော့ ထိုခြေသံများက ရပ်တန့်သွားကာ တံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လေသည်။
အခန်းထဲသို့ ဝင်ရောက်လိမ့်မည်ဟု မှန်းဆထားသော်ငြား ခြေသံပိုင်ရှင်ကတော့ ဤကဲ့သို့ လုပ်ဆောင်မည့်ပုံမပေါ်ပေ။
အကွာအဝေးတစ်ခုခြားထားသည့် တံခါးဝနားမှာပင် ရပ်တန့်ကာ ကုတင်ထက်ဝယ် ဆေးအရှိန်ကြောင့် လှဲလျောင်းနေသည့် ဖြစ်တည်မှုလေးတစ်ခုအား ဆွေးဆွေးမြေ့မြေ့ငေးကြည့်နေလျက်ရှိသည်။
အဲဒီနောက် နီရဲနေသည့် မျက်ဝန်းထောင့်စွန်းမှ ရစ်ဝဲလာသော မျက်ရည်စများကို လက်ဖဝါးဖြင့် အသာပွတ်သပ်လိုက်ပြီး
" တော်သေးတယ် ... တော်သေးတယ် ... ခင်ဗျား ဘာမှမဖြစ်လို့ တော်သေးတယ် "
နှလုံးသားတည်နေရာကို လက်ဖြင့်ဖိကာ ညင်ညင်သာသာရွတ်ဆိုလိုက်သော စကားလုံးများက ဆို့နင့်စွာဖြင့် ... ။
" အားတင်းပြီး အသက်ရှင်နေပေးလို့ ခင်ဗျားကို ကျေးဇူးတင်ပါတယ် "
ပေါက်ခနဲ ကြွေလွင့်သွားသော မျက်ရည်တစ်စက်က စကြံန်လမ်းမထက်ပေါ်သို့ ... ။
တရွေ့ရွေ့ပြေးလွှားနေသော မိနစ်များက အချိန်၏မြန်ဆန်မှုကို သက်သေပြနေပေမဲ့ တံခါးဝနားမှာ ရပ်နေသည့်လူတစ်ယောက်ကတော့ အနည်းငယ်မျှပင် လှုပ်ရှားခြင်းမရှိဘဲ ... ။
" သားဈာန် မင်း သူ့ကို သွားမကြည့်တော့ဘူးလား "
ဘယ်အချိန်ကတည်းက အနောက်မှာရောက်နေမှန်းမသိသည့် အန်ကယ်က သူ့ပခုံးကို ဖိညှစ်ဆုပ်ကိုင်ကာ မေးလာသည်။ သို့သော်ငြား သူကတော့ အန်ကယ့်အား တစ်ချက်လေးမျှပင် နောက်ပြန်လှည့်မကြည့်ဘဲ သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ
" ကျွန်တော့်ကြောင့် သူ့ကို ထပ်ပြီး ဒုက္ခမရောက်စေချင်တော့ဘူး အန်ကယ် ... သူ အန္တရာယ်ကင်းတယ်ဆိုရုံနဲ့ပဲ ကျွန်တော့်အတွက် လုံလောက်နေပါပြီ "
" ငါ့တူက တကယ် အချစ်စစ်နဲ့ တွေ့သွားတာပဲ "
ထိုစကားကြောင့် ဈာန်ရောင်ခ၏မျက်နှာချောချောထက်၌ နွေးထွေးသည့်အပြုံးများဖြစ်ပေါ်လာပြီး
" အင်း ဟုတ်တယ် ... သူကတော့ တကယ့်ကို ကျွန်တော့်ရဲ့မြတ်နိုးဖွယ်ရာ ဝဋ်ကြွေးလေးပဲ "
အဲဒီနောက်မှာတော့ အတွေးကိုယ်စီဖြစ်နေကြသည့် လူနှစ်ဦးအပါအဝင် အရာအားလုံးက ခေတ္တခဏမျှ ငြိမ်ကျသွားလေသည်။
ခဏအကြာမှာတော့
" မင်း စိတ်ချပါ ... အန်ကယ် မင်းဒယ်ဒီကို ဒီအကြောင်းတွေ မပြောပြဘူးလို့ ကတိပေးပါတယ် ... မင်းရဲ့အချစ်ရေးကိစ္စကို မင်း အဆင်သင့်ဖြစ်တဲ့အချိန်ကျမှပဲ မင်းအဖေကို ပြောပြလိုက်ပါ "
" ကျေးဇူးတင်ပါတယ် အန်ကယ် "
" ဒါဆို အန်ကယ် မင်းအတွက် ဘာများထပ်ပြီးကူညီပေးရဦးမလဲ သားဈာန် "
" ဆေးပြယ်လို့ သူ နိုးလာရင် သူ့ဆီက ဖုန်းနံပါတ်တွေ တောင်းပြီး သူ့သူငယ်ချင်းတွေကို ဖုန်းဆက်ပေးလိုက်ပါ အန်ကယ် ... သူက အမြဲတမ်း အားငယ်တတ်တဲ့လူမို့လို့ သူ့အနားမှာ နှစ်သိမ့်ပေးမယ့်လူတွေရှိနေဖို့လိုတယ် "
ထိုအခါ အန်ကယ်က ခေါင်းတညှိမ့်ညှိမ့်ဖြင့်
" ဟုတ်ပြီ ... သားဈာန်ပြောတဲ့အတိုင်း အန်ကယ် လုပ်ပေးပါ့မယ် "
" ပြီးတော့ ... "
ရှေ့ဆက်မည့် စကားလုံးများက အတန်ငယ်ဆိုင်းငံ့သွားပြီးနောက်
" သူ့ကို ကျွန်တော့်အကြောင်း ဘာတစ်ခုမှ မပြောပြပါနဲ့ ... သူ မေးလည်း လုံးဝမပြောပြပါနဲ့ ... အန်ကယ့်ဘာသာ ကြည့်ဖြေရှင်းလိုက်ပါ "
" ဘာလို့လဲ "
" ကျွန်တော့်ကို မသိမှ သူ့ဘဝလေးက ပိုပြီးအေးချမ်းသွားမှာမို့လို့ ... "
အဲဒီနောက်မှာတော့ ထိုကောင်လေးက အခန်းနားကနေ ခေါင်းငိုက်စိုက်ဖြင့် တရွေ့ရွေ့ပြန်ထွက်ခွာသွားလေသည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ကျွီ !
ညင်ညင်သာသာတွန်းဖွင့်လိုက်၍ ပွင့်ဟသွားသည့် အခန်းတံခါး၏နောက်ကွယ်၌ မြင်ကွင်းများကား မသဲမကွဲ ... ။
အခန်းတစ်ခုလုံးနီးပါး အမှောင်ထုများက လွှမ်းမိုးအုပ်စိုးထားသည်ကိုး။
ဇင်ဇင် အခန်းထဲ ဝင်ကာ အရင်ဦးဆုံး မီးဖွင့်လိုက်သည်။ တစ်ခန်းလုံး လင်းထိန်သွားသည့်အချိန်တွင် တွေ့မြင်လိုက်ရသည်က အခန်းထောင့်စွန်းတစ်နေရာတွင် ကျုံ့ကျုံ့လေးထိုင်ကာ ဒူးခေါင်းပေါ် မျက်နှာအပ်ထားသည့် ကောင်လေးတစ်ယောက် ... ။
ထိုကောင်လေးအနီးသို့ ဇင်ဇင် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ နားရွက်ဖျားလေးတွေ လှုပ်နေပုံအရ ဇင်ဇင် ရောက်နေတာကိုလည်း ဈာန်က သိပုံပေါ်၏။ သို့သော် မော့မကြည့်ဘဲ သူ့မျက်နှာတစ်ခုလုံးကို လူမမြင်အောင် သိမ်းဝှက်ထားလေသည်။
ဇင်ဇင်လည်း ဈာန့်အနားမှာ ငုတ်တုတ်ထိုင်ချလိုက်ပြီး ဈာန့်ဆံပင်လေးများကို ခပ်ဖွဖွပွတ်သပ်ပေးနေရင်း
" ဈာန် "
ဈာန်က ဇင်ဇင့်ကို အရေးမစိုက်စွာ တုတ်တုတ်မျှပင် မလှုပ်။
" ငါ အကုန်သိပြီးသွားပြီ ဈာန် ... မဟာဆေးရုံက အန်ကယ်လေးရဲ့သူငယ်ချင်းကို အကြောင်းစုံမေးကြည့်လိုက်တော့ သူ ငါ့ကို အကုန်ပြောပြလာတယ် "
အဲဒီနောက် ဇင်ဇင် စကားစကို ရပ်လိုက်ကာ သက်ပြင်းဖွဖွချရင်း
" ဘာလို့ ဒီကိစ္စတွေ ဖြစ်ဖြစ်ချင်း ငါ့ကို ဖုန်းမဆက်ရတာလဲ ဈာန်ရယ် ... အဲဒီအချိန်တုန်းက နင်တစ်ယောက်တည်း ဘယ်လောက်တောင် အရူးမီးဝိုင်းဖြစ်နေခဲ့မလဲ "
တွေးမိရုံဖြင့် ဇင်ဇင် ဝမ်းနည်းလာသည်။ လေးဆက်အကြောင်း ကြားလိုက်ရစဉ်က ဇင်ဇင် အရမ်းကိုထိတ်လန့်သွားသဖြင့် ဖုန်းတောင် လွတ်ကျခဲ့ရသည်မဟုတ်လား။
ဇင်ဇင်တောင် ဒီလောက်ဖြစ်နေရင် ဈာန့်လိုမျိုး လေးဆက်ကို သူ့အသက်နှင့်ထပ်တူ ချစ်မြတ်နိုးသည့်လူဆို ဘယ်လောက်ထိများ နာကျင်ဝမ်းနည်းနေလိမ့်မလဲဆိုတာကို တွေးတောင်မတွေးရဲပေ။
" ဒါနဲ့ အန်ကယ်လေး ပြောတော့ နင် အပြင်မထွက်တာ သုံးရက်တောင် ရှိနေပြီဆို ... အဲဒါကြောင့် ငါ နင့်ကို ဆေးရုံမှာ လုံးဝမတွေ့ခဲ့တာကိုး ... အန်ကယ်လေးက နင့်ကို အရမ်းစိတ်ပူနေတာ ဈာန်ရဲ့ ... ပြီးတော့ ငါကလည်း အကြောင်းစုံသိနေတော့ နင့်ကို ပိုပြီးစိတ်ပူတယ် "
" သူ အဆင်ပြေလား "
ဈာန့်ဘက်မှ တုံ့ပြန်လိမ့်မည်ဟု မထင်မှတ်ထားသော်ငြား ပွင့်ဟလာသော နှုတ်ဖျားထက်မှ ထွက်ကျလာသည့် အက်ရှရှစကားလုံးများကား အနှီလူတစ်ယောက်တည်းအတွက်သာ ရည်စူးလျက် ... ။
" အင်း ... အခုချိန်မှာတော့ သူ အဆင်ပြေပါတယ် ... ဒါပေမဲ့ နောက်ဆိုရင် ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ ငါလည်း မပြောတတ်ဘူး "
အခုချိန်မှာ ဇင်ဇင် အရမ်းကို စိတ်ရှုပ်ထွေးနေရသည်။ မေမြတ်၊ မြတ်သူနှင့် နောင်ခန့်တို့က လေးဆက်တစ်ယောက်တည်းအတွက် စိတ်ပူနေရပေမဲ့ ဇင်ဇင်ကတော့ လေးဆက်အတွက်ရော မောင်ငယ်ဖြစ်သူအတွက်ပါ နှစ်ဆတိုးပူပန်နေရသည်။
ထို့အပြင် နှစ်ယောက်လုံးက ဇင်ဇင် ချစ်ခင်ရသည့်လူများ ဖြစ်နေသောကြောင့် အဘယ်တစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေချင်ပေ။
ပြောရမည်ဆိုလျှင် နှစ်ဖက်လုံးကလည်း အခြေအနေ မကောင်း။ သူ့နည်း သူ့ဟန် သူ့အကြောင်းပြချက်နှင့် နာကျင်နေကြရသည့် လူချည်းသာဖြစ်သည်။
အခုလည်း ဈာန့်ကို ဆေးရုံမှာ လုံးဝမတွေ့သဖြင့် အိမ်အထိလာရှာမိခြင်းဖြစ်သည်။ ထိုစဉ် အန်ကယ်လေးက အိမ်အောက်ထပ်မှ ဆီးပြောလာသည့်အကြောင်းအရာများကြောင့် လူက ပို၍ပင် စိတ်ညစ်ညူးသွားသည်။
အန်ကယ်လေးကတော့ စီးပွားရေးလုပ်ငန်းများနှင့် တစ်ချိန်လုံး အလုပ်ရှုပ်နေသဖြင့် ဈာန့်ရဲ့အချစ်ရေးအကြောင်း ဘာတစ်ခုမှမသိသေးပေ။ အခုလည်း ဈာန့်ရဲ့စိတ်အခြေအနေကြောင့် ဆယ်တန်းစာမေးပွဲမဖြေနိုင်မှာကို စိုးရိမ်နေသည့်ပုံပင်။
အန်ကယ်လေး ပြောတာလည်း ဟုတ်သား။ အခုဆို ဘာလိုလိုနဲ့ ဖေဖော်ဝါရီလထဲတောင် ရောက်နေပြီမဟုတ်လား။ အရေးကြီးသည့် ဆယ်တန်းစာမေးပွဲကို ဖြေဖို့ တစ်လခန့်မျှသာ လိုတော့သည်။
ယခုလိုအချိန်မှာ ဈာန်က စာကြိုးစားနေရမည့်အစား အမှောင်ထုထဲမှာ တစ်ကိုယ်တည်း ငိုကြွေးနေရသည်ကို တွေ့မြင်နေရသဖြင့် ဇင်ဇင် ရင်တွေ နာလှသည်။
မဖြစ်တော့။ ဈာန့်ရဲ့စိတ်ဓာတ်တွေကို တဖန်ပြန်တက်ကြွလာအောင် ကူညီပေးမှ ဖြစ်မည်။ ဒီလိုပုံစံအတိုင်းဆက်သွားနေမည်ဆိုလျှင် ဈာန် စာမေးပွဲကို သေချာပေါက်ကျရှုံးပေလိမ့်မည်။
" ဈာန် ငါ နင့်ကို တစ်ခုမေးမယ် "
ကျောက်ရုပ်လေးကတော့ မတုန်မလှုပ် ငြိမ်သက်နေဆဲပင်။
" နင် လေးဆက်ကို လက်လျော့လိုက်ပြီလား "
ဆတ်ခနဲတုန်ရင်သွားသည့် ခန္ဓာကိုယ်လေးက ထိုစကားကို ငြင်းဆိုချင်နေမှန်း သိသာလွန်းစွာ ... ။
" ငါ ထပ်မေးမယ် ... နင် သူ့ကို စွန့်လွှတ်လိုက်ပြီလား ဈာန် "
ထိုအခါကျမှ ဈာန့်က မော့ကြည့်လာသည်။
မျက်ရည်စများ ဝေ့သီနေသည့် မျက်ဝန်းနက်များကား တကယ့်ကို နက်နက်ရှိုင်းရှိုင်း ... ။
" ငါ ... ငါ သူ့ကို မစွန့်လွှတ်ချင်ဘူး ... ဒါပေမဲ့ ငါ ခြေတစ်လှမ်းတိုးတိုင်း သူ တစ်ခါထိခိုက်ရတယ် ... ဇင်ဇင် နင် ပြောကြည့်လေ ... ငါ ... ငါ ဘာဆက်လုပ်ရမလဲ ... သူ့ကို နာကျင်စေမှန်း သိရက်နဲ့ ငါ ဘယ်လိုအင်အားမျိုးနဲ့ ရှေ့ဆက်တိုးရမလဲ "
ဈာန်က နောက်တဖန် တအီအီနှင့် ထပ်မံငိုကြွေးပြန်သည်။ မွန်းကြပ်လွန်းစွာ ရှိုက်ငိုနေသည့် ဈာန့်ကို ကြည့်ရင်း ဇင်ဇင်ပါ မျက်ရည်ဝဲလာ၏။
ငါ့မောင်လေး ဝဋ်ကြွေးကြီးလိုက်တာ။
အရင်ဘဝက ဒီလူသားအပေါ်မှာ ဘယ်လောက်တောင် အပြစ်တွေလုပ်ထားခဲ့မိလို့ ဒီဘဝမှာ နာနာကျင်ကျင်နဲ့ ပြန်ပေးဆပ်နေရတာပါလိမ့်။
" ဇင်ဇင် နင် သိရဲ့လား ! ငါကလေ သူ သေးသေးမွှားမွှားလေး ထိခိုက်သွားမှာကိုတောင် မမြင်ချင်တဲ့ကောင် ! ငါက သူ့ကို အဲဒီလောက်ထိ ချစ်တဲ့ကောင်ပါ ! ငါက သူ့အပေါ် အဲဒီလောက်ထိ ရူးသွပ်နေတဲ့ကောင် ! "
သူ့ရင်ဘတ်ကို တဖုန်းဖုန်းထုရိုက်နေရင်း ဈာန်က မချိတင်ကဲရေရွတ်ပြန်၏။
" ဈာန် ငါ ပြောတာကို နားထောင်ပါဦး ... အခု လေးဆက်က အရမ်းအထီးကျန်ပြီး စိတ်ထိခိုက်နေတယ် ... သူ့အနားမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ထင်နေတယ် ... အမှန်တော့ နင် ရှိနေသေးတာပဲမလား ... သူ့ကို ပြည့်ပြည့်ဝဝချစ်ပေးနိုင်မယ့် နင်တစ်ယောက်လုံး ရှိနေသေးတယ်လေ ... ဘာလဲ ... နင်ကပါ သူ့ကို စွန့်လွှတ်လိုက်ပြီလား ... နင်ကပါ သူ့ကို မလိုချင်တော့ဘူးလား "
" ဒါ ... ဒါပေမဲ့ ငါ ရှိနေရင် သူ့ကို ပိုနာကျင်စေလိမ့်မယ် "
" မဟုတ်ဘူး ... နင် အဲဒီလိုတွေးမနေနဲ့ ... နင် ရှိနေမှ လေးဆက်က လုံခြုံမှာ ... အခုဆို သူ့မှာ နင်တစ်ယောက်တည်းပဲ ကျန်တော့တာလေ ... သူ့ကို ချစ်ပေးနိုင်မယ့်လူက နင်ပဲ ရှိတော့တာ "
" ငါ ကြောက်တယ် ... ငါ့ ... ငါ့ကြောင့် သူ တစ်ခုခုဖြစ်သွားမှာကို ကြောက်တယ် "
မစွန့်လွှတ်နိုင်မှန်းသိရက်နှင့် တစ်ဖက်လူကိုငဲ့ပြီး အတင်းလက်လျှော့ချင်နေသည့် မောင်ငယ်လေးကား သနားစဖွယ် ... ။
" အတတ်နိုင်ဆုံး သူ့ရဲ့အနီးမှာနေမှ နင် သူ့ကို စောင့်ရှောက်ပေးလို့ရမှာပေါ့ ဈာန်ရဲ့ ... ငါ ပြောတာဟုတ်တယ်မလား ... ငါလည်း လေးဆက်ကို အမြဲတမ်း လိုက်စောင့်မကြည့်ပေးနိုင်ဘူးလေ ... နင်ပဲ ... နင်တစ်ယောက်တည်းကပဲ သူ့အတွက် ဘာမဆိုလုပ်ပေးနိုင်မှာ ... အခု သူ့မှာ နင်ပဲ ရှိတော့တာ "
ဇင်ဇင့်စကားများကြောင့် ဈာန်က ခေတ္တခဏငိုင်ကျသွားပြီး မယုံကြည်နိုင်သော မျက်ဝန်းလေးများဖြင့်
" သူ့မှာ ငါပဲ ရှိတော့တာ ... သူ့မှာ ငါပဲ ရှိတော့တာလား "
" အင်း ... ဟုတ်တယ် ဈာန် ... လေးဆက်မှာ နင်ပဲ ရှိတော့တာ "
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
တောင်ခနဲမြည်သံနှင့်အတူ ဝင်လာသော မက်ဆေ့ခ်ျတစ်စောင် ... ။
" ဈာန် အခု လေးဆက်ရဲ့အခန်းထဲမှာ ဘယ်သူမှ မရှိတော့ဘူး ... မေမြတ်ကို ငါ အောက်ထပ်က ကန်တင်းဆီ ခေါ်သွားပြီ ... မှတ်ထားနော် ... နင် အချိန်တစ်နာရီပဲ ရမယ် "
၎င်းမက်ဆေ့ခ်ျအား ဖတ်ရှုပြီးနောက် ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်ကာ ဆေးရုံထောင့်ချိုးနားကနေ ထွက်လာခဲ့လိုက်သည်။
ခြေလှမ်းတစ်လှမ်းချင်းစီက မျှော်လင့်ချက်အပြည့်ဖြင့် ... ။
အခန်းတစ်ခု၏တံခါးအနီးသို့ ရောက်သောအခါ သူ့ခြေလှမ်းများက တစ်ချက် တုံ့ခနဲ ရပ်ဆိုင်းသွားပြီး ခဏအကြာမှ တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။
တံခါးဖွင့်သံက ညင်သာလွန်းလှသဖြင့် မည်သည့်အသံလေးမျှပင် ထွက်ပေါ်မလာခဲ့။
အဲဒီနောက် တံခါးကို ခပ်ဖွဖွပြန်စေ့ထားလိုက်ကာ ဆေးရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသူလေးထံသို့ ဖြည်းဖြည်းချင်းတိုးကပ်သွားမိသည်။
ဆေးရုံကုတင်အနားမှာ ရှိသည့် ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ထိုင်ချလိုက်တော့ အိပ်ပျော်နေသူနှင့် တစ်တန်းတည်းဖြစ်သွားသည်။ ကိုကိုက သူ ထိုင်နေသည့်အရပ်မျက်နှာဘက်သို့ ခန္ဓာကိုယ်လေးကို အနည်းငယ်စောင်းကာ အိပ်ပျော်နေသည်။
စောင်ပါးလေးတစ်ထည်ကမူ ကိုကို့ခါးထက်ဝယ် လွှမ်းခြုံထားလျက်သား ... ။
အမြဲလိုလို ဖြူဖျော့နေတတ်သည့် ကိုကို့မျက်နှာလေးက အခုတော့ဖြင့် သွေးရောင်ပြန်လွှမ်းလာလေပြီ။
သူလည်း ဒီမျက်နှာလေးကို တမေ့တမော ငေးကြည့်နေမိပြန်၏။
ဒီလူကို ဘယ်လောက်ပဲ ငေးကြည့် ငေးကြည့် ရိုးအီမသွားနိုင်တာ ဘာကြောင့်များလဲ။
တကယ့်ကို ဤလူသားအား ကြည့်လို့မဝနိုင်၊ ချစ်လို့မဝနိုင်၊ မြတ်နိုးလို့မဝနိုင်အောင် ဖြစ်နေရ၏။
ကိုကို့ရဲ့နူးညံ့သည့်ပါးပြင်လေးကို ညင်ညင်သာသာ ကိုင်တွယ်မိတော့ အိစက်နေသည့်အထိအတွေ့ကြောင့် ရင်ခုန်နှုန်းတွေ အဆမတန်မြန်ဆန်လာသဖြင့် လက်ကို အလျင်အမြန်ပြန်ရုတ်သိမ်းလိုက်ရ၏။
ကိုကို့ရဲ့ကော့ညွတ်နေသည့် မျက်တောင်ရှည်များနှင့် နှာတံစင်းစင်းလေးကား တကယ့်ကိုရှုမငြီးစဖွယ်ပင်။
အကယ်၍ မှိတ်ထားသည့် မျက်ဝန်းလေးများ ပွင့်ဟလာခဲ့မည်ဆိုလျှင် သူ နှလုံးခုန်ရပ်တန့်သွားလောက်မည်ထင်၏။
ဒီလူသားဟာ ချောမောခန့်ညားလွန်းတာလည်း မဟုတ်ပါဘဲ သူက ဘာကြောင့်များ အရမ်းစွဲလမ်းမက်မောနေရတာပါလိမ့်။
သိပ်ကို ရိုးရှင်းနေ၍များလား။
အဲဒီနောက် သူ့အကြည့်များက ပတ်တီးဖြူဖြူများ စည်းနှောင်ထားသည့် ကိုကို့ဘယ်ဘက်လက်ကောက်ဝတ်လေးထံသို့ ရောက်ရှိသွားသည့်အခါမှာတော့ လူက ဘယ်လိုမှဖြည်မဆည်နိုင်ဘဲ မျက်ရည်ဝဲတက်လာပြန်သည်။
ကိုကိုနဲ့ပတ်သတ်လာလျှင် သူက အရမ်းမျက်ရည်လွယ်တတ်သည့် ကလေးတစ်ယောက်သာဖြစ်သည်။
ထိုလက်လေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်ကာ ပတ်တီးဖြူဖြူအောက်တွင် တည်ရှိနေမည့် ကိုကို့ရဲ့ဒဏ်ရာများအား မှန်းဆရင်း နူးညံ့သိမ်မွေ့သည့် အနမ်းများကို အပ်နှင်းလိုက်၏။
ပတ်တီးဖြူဖြူပေါ် ဖိကပ်ထားသော သူ၏နှုတ်ခမ်းအစုံကား မြတ်နိုးရူးသွပ်မှုတစ်စုံတစ်ရာဆီသို့ ဦးတည်နေလျက် ... ။
ကိုကို့ဒဏ်ရာများ သက်သာစေရန်အလို့ငှာ အနမ်းများကို ပေးအပ်ပြီးနောက် သူ့ဘယ်ဘက်လက်မှာ အမြဲလိုလို ဝတ်ထားတတ်သည့် နက်ပြာရောင်လက်ကောက်ကြိုးလေးကို ချွတ်ယူလိုက်ကာ ကိုကို့၏ဘယ်ဘက်လက်တွင် ဝတ်ဆင်ပေးလိုက်သည်။
ဒဏ်ရာနာသွားမည်ကိုလည်း စိုးရိမ်မိသဖြင့် နည်းနည်းချောင်အောင် ဝတ်ထားပေးမိသည်။ ကိုကို့ရဲ့လက်ပေါ်မှာ ပနံသင့်နေသည့် နက်ပြာရောင်လက်ပတ်ကြိုးလေးကို ကြည့်ရင်း
" မာမီ ကျွန်တော့်အစား သူ့ကို စောင့်ရှောက်ပေးရမယ်နော် "
မှန်၏။ ဤနက်ပြာရောင်လက်ပတ်ကြိုးလေးကား သူ့မာမီ မဆုံးပါးခင် သူ့အား ပေးထားခဲ့သည့် တစ်ခုတည်းသော နောက်ဆုံးလက်ဆောင်လေးဖြစ်သည်။
ထို့အပြင် ကမ္ဘာပေါ်မှာ နှစ်ခုမရှိနိုင်သည့် မာမီ့လက်ရာစစ်စစ်လည်း ဖြစ်သည်။ မာမီက ဖျားနာကာ အိပ်ရာပေါ်မှာ လဲနေသည့်တစ်လျှောက်လုံး သူ့အား မွေးနေ့လက်ဆောင်အဖြစ်ပေးဖို့ရည်စူးလျက် သူ့အနှစ်သက်ဆုံးအရောင်ဖြင့် ဤလက်ပတ်ကြိုးလေးကို ခက်ခက်ခဲခဲပြုလုပ်ခဲ့သည်။
ထို့နောက် မာမီနှင့်အတူ နောက်ဆုံးအကြိမ်အဖြစ် ဆင်နွှဲရသော သူ့မွေးနေ့တွင် သူ့ဘယ်ဘက်လက်၌ ဤလက်ပတ်ကြိုးလေးအား မာမီကိုယ်တိုင် ဆင်မြန်းပေးခဲ့ခြင်းဖြစ်သည်။
မာမီက ပြောသည်။ ဒီလက်ပတ်ကြိုးလေးကို အမြဲဝတ်ထားမည်ဆိုလျှင် မာမီက သူ့ကို ဘေးမသီ ရန်မခအောင် ကာကွယ်စောင့်ရှောက်ပေးနိုင်သည်တဲ့လေ။
ဤစကားကို သူ မချွင်းမချန် ယုံကြည်၏။
ထို့အပြင် မာမီ့မေတ္တာအပြည့်ဖြင့် ကြိုးကြိုးစားစားဖန်တီးပြုလုပ်ပေးခဲ့သည့် လက်ပတ်ကြိုးလေးမို့ သူကလည်း သိပ်ကို တန်ဖိုးထားရပါသည်။
" ကျွန်တော့်ကို စောင့်ရှောက်ပေးသလိုမျိုး ကျွန်တော် ချစ်မြတ်နိုးတဲ့လူကိုလည်း အန္တရာယ်ကင်းအောင် စောင့်ရှောက်ပေးမယ်မလား မာမီ "
" သူသာ တစ်ခုခုဖြစ်ရင် ကျွန်တော်လည်း ... ကျွန်တော်လည်း အသက်မရှင်နိုင်တော့တာမို့လို့ ... "
တိတ်ကျသွားသည့် စကားသံများနောက်မှာတော့ ရှိုက်ငိုသံများက ကပ်လိုက်လာသည်။
ကိုကို့လက်ဖဝါးလေးကို မလွှတ်တမ်းဆုပ်ကိုင်ရင်း လက်ဖမိုးလေးထံ၌လည်း အနမ်းတို့အား ထပ်မံသက်ဆင်းစေလိုက်၏။
ပေါက်ခနဲကြွေလွင့်သွားရှာသော မျက်ရည်စက်လေးကား ကိုကို့လက်ဖမိုးထက်ဝယ် ခစားနေလျက် ... ။
" ကိုကို ... ကိုကို့ကို မာမီက စောင့်ရှောက်ပေးလိမ့်မယ်သိလား ... ကျွန်တော် ချစ်မြတ်နိုးတဲ့လူဆိုတာနဲ့တင် မာမီကလည်း ကိုကို့ကို အရမ်းချစ်ပေးမှာ "
စကားများတတွတ်တွတ်ပြောရင်း ကိုကို့လက်ဖမိုးလေးအား သူ့ပါးပြင်နှင့် ခပ်ဖွဖွထိကပ်ထားမိသည်။
နွေးထွေးလိုက်တာ။
ဒီလူသားရဲ့အနားမှာ ရှိနေရုံနဲ့ သူ့ကမ္ဘာကြီးက နွေးထွေးသွားလိုက်တာများ ဆောင်းရာသီမှာ ထွက်ပေါ်လာသည့် နေရောင်ခြည်လဲ့လဲ့ကဲ့သို့ပင် ... ။
နဖူးပြင်ပြေပြေပေါ် ဝေ့ဝဲ့ကျနေသည့် ဆံပင်လေးကို သပ်တင်ပေးရင်း ထိုနဖူးပြင်လေးပေါ်သို့လည်း အနမ်းတစ်ပွင့် ... ။
သူ့အနမ်းတိုင်းဟာ ချိုမြိန်၏။ နူးညံ့၏။ သိမ်မွေ့၏။ နှစ်လိုဖွယ်ရာကောင်း၏။
ထို့နည်းတူစွာပင် နာကျင်မှုများ၊ ဝမ်းနည်းမှုများနှင့်လည်း ပြည့်နှက်နေ၏။
ကိုကိုက သူ့ရဲ့မထိရက် မကိုင်ရက် တန်ဖိုးထားသည့်ဖြစ်တည်မှုလေးတစ်ခုဖြစ်သည်နှင့်အညီ ကိုကို့အပေါ် သက်ရောက်သမျှ သူ့အနမ်းတိုင်းဟာ တကယ့်ကို မြတ်မြတ်နိုးနိုး ... ။
သို့သော် သူ မသိလိုက်သည်ကား ခပ်ဟဟပွင့်နေသည့် တံခါး၏နောက်ကွယ်၌ ရှိနေသော မိန်းမပျိုတစ်ဦးကိုပင်။
ထိုမိန်းမပျိုသည် ၎င်း၏မျက်စိရှေ့တည့်တည့်တွင် မြင်တွေ့လိုက်ရသည့် ဤမြင်ကွင်းကြောင့် မျက်လုံးများပြူးကျယ်ကာ အံ့ဩတကြီးဖြစ်နေလျက် ရောက်ရှိရာအရပ်၌ပင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ငြိမ်ငြိမ်လေးရပ်တန့်နေ၏။
သို့သော် မျက်လုံးမျက်ဆံများကား ဂဏှာမငြိမ်ဘဲ ဟိုဟိုဒီဒီပြေးလွှားနေလျက် တစ်စုံတစ်ရာကို လေ့လာစူးစမ်းနေပုံပေါ်၏။
ဘာလဲ။ ဒါက ဘာတွေလဲ။
အောက်ဆင်းသွားတဲ့ အချိန်ခဏလေးအတွင်းမှာပဲ ဘာတွေဖြစ်ကုန်တာလဲ။
လေးဆက်ကို နမ်းနေတဲ့လူကရော ဘယ်သူလဲ။
စဉ်းစားရင်း စဉ်းစားရင်း မေမြတ် အင်မတန် ခေါင်းရှုပ်လာရ၏။
ဥဥက မေမြတ်ကို ကန်တင်းသွားရန် အတင်းခေါ်နေသဖြင့် လိုက်ပါသွားရသော်ငြား အခန်းထဲမှာ ဖုန်းမေ့ကျန်နေခဲ့သဖြင့် ဥဥ သန့်စင်ခန်းထဲ ဝင်နေတုန်း ဖုန်းကို ပြန်လာယူခြင်းဖြစ်သည်။
ဆေးရှိန်ဖြင့် အိပ်ပျော်နေသည့် လေးဆက် နိုးသွားမည်ကိုလည်း စိုးရိမ်သောကြောင့် တံခါးကို ဖြေးဖြေးတွန်းဖွင့်လိုက်စဉ် တွေ့မြင်လိုက်ရသည့် အဖြစ်အပျက်ကြောင့် လူက ဘာတစ်ခွန်းမှ မဆိုနိုင်ဘဲ ကြက်သေသေသွားရ၏။
" ဒါ ... ဒါက ... "
သူစိမ်းယောကျာ်းပျိုတစ်ယောက်က မိမိသူငယ်ချင်းဖြစ်သူအား စိတ်ကြိုက်အနမ်းခြွေနေသည့်မြင်ကွင်းကို မေမြတ် ဘယ်လိုမှ သည်းမခံနိုင်တော့ဘဲ ဝုန်းဒိုင်းကြဲကာ ရန်ရှာမည်အပြု သူ့လက်ကို တစ်စုံတစ်ယောက်က ဖျတ်ခနဲ လှမ်းဆွဲလာ၏။
စိတ်တိုတိုနှင့် နောက်လှည့်ကြည့်မိစဉ် မေမြတ်ရဲ့နှုတ်ခမ်းက ခပ်ဟဟ ပွင့်အာသွားကာ
" ဥဥ "
" လာ ... ငါနဲ့လိုက်ခဲ့ ... ငါ ရှင်းပြမယ် "
" နေဦးလေ ... ဟိုမှာ လေးဆက်ကို ... "
" ကျစ် ! လိုက်ခဲ့စမ်းပါဟာ "
ဥဥက ကြံရာမရသည့်ပုံဖြင့် မေမြတ်လက်ကို အတင်းဆွဲကာ အောက်ထပ်ဆီသို့ ပြန်ခေါ်သွားသည်။
မေမြတ်ကတော့ ဥဥကို တစ်လှည့်၊ အခန်းကို တစ်လှည့်ပြန်ကြည့်ကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေလျက် ဥဥ ဆွဲခေါ်ရာနောက်သို့ ဆန့်တငင်ငင်ဖြင့် ပါသွားလေသည်။
အခန်းအပြင်ဘက်မှာ ဝုန်းဒိုင်းကြဲနေသလောက် အခန်းတွင်းမှာတော့ အချစ်ရနံ့များဖြင့် ပြည့်လျှံနေ၏။
ကိုကို့မျက်နှာလေးကို နေရာအနှံ့ သူ လိုက်လံထိတွေ့နေရင်း
" ကိုကို့ကို ကျွန်တော် စောင့်ရှောက်ပေးမယ် ... ဘယ်လိုအန္တရာယ်မျိုးနဲ့ပဲကြုံကြုံ ကိုကို့ကို သဲတစ်မှုန်စာလောက်တောင် ထပ်မနာကျင်စေရဘူးလို့ ကျွန်တော့်ဘဝတစ်ခုလုံးနဲ့ရင်းပြီး ကတိပေးတယ် "
ကိုကို့မျက်နှာအနှံ့ ထိတွေ့နေသည့် သူ့ရဲ့လက်ချောင်းသွယ်သွယ်များက ကိုကို့နှုတ်ခမ်းလွှာနားသို့ အရောက်မှာတော့ မထိရက်သလို တစ်ချက်ရပ်တန့်သွားကာ အပြုံးယဲ့ယဲ့တစ်ခုပေါ်ပေါက်လာပြီး
" ကိုကို သိရင် စိတ်ဆိုးသွားမလားဆိုတာ မပြောတတ်ပေမဲ့ အခု ကျွန်တော်လေ ကိုကို့ရဲ့နှုတ်ခမ်းလေးကို အရမ်းနမ်းချင်နေတာ "
" ဟက် ! ကျွန်တော်က ကိုကို့နဲ့ပတ်သက်လာရင် ဘာမဆိုလောဘကြီးတတ်တာပဲ "
ကိုကို့ရဲ့ပန်းသွေးရောင်လွှမ်းနေသည့် နှုတ်ခမ်းသားများကို ခပ်ဖွဖွထိတွေ့ကာ ရီဝေဝေမျက်ဝန်းများဖြင့် စိုက်ကြည့်နေရင်း
" ကိုကို့ရဲ့ပထမဆုံးနဲ့ ကျွန်တော့်ရဲ့ပထမဆုံးကို ပေါင်းစည်းကြရအောင် "
အဲဒီနောက်မှာတော့ သူ့ရဲ့နှုတ်ခမ်းတစ်စုံက ကိုကိုရဲ့နှုတ်ခမ်းလွှာများပေါ်သို့ ဖြည်းဖြည်းချင်း တိုးကပ်လာကာ အဆုံးမှာတော့ နူးညံ့စွာ ထိကပ်သွားလေ၏။
တကယ့်ကို နှုတ်ခမ်းနှစ်စုံ ထိသည်ဆိုရုံမျှသာ ... ။
သို့သော် ဤကဲ့သို့ နှုတ်ခမ်းနှစ်စုံ ထိကပ်နေသည့် အချိန်ကား အနည်းငယ်ရှည်ကြာလှ၏။
အနမ်းများက ညင်သာလွန်းလှ၍ အနမ်းခံနေရသည့် ကာယကံရှင်ကိုကိုတောင်မှ ထိုအနမ်းများ၏ရိုက်ခတ်မှုကို ခံစားမိပါ့မလား။
အနမ်းများကို ပြန်ရုတ်သိမ်းလိုက်သည်တိုင် သူ့နှုတ်ခမ်းထောင့်စွန်းမှ အပြုံးများကား မပျက်ပြယ်သွားသေးဘဲ
" တကယ်လို့များ ခင်ဗျားကသာ ကျွန်တော့်ရဲ့ချစ်လှစွာသော ဝဋ်ကြွေးလေးဖြစ်ခဲ့မယ်ဆိုရင် သံသရာတစ်လျှောက်လုံး ဒီဝဋ်ကြွေးကို ကျွန်တော် ကျေကျေနပ်နပ်ကြီး လည်စင်းခံပါ့မယ် "
ကျွန်တော်က ခင်ဗျားနဲ့ နီးချင်ရက်နဲ့ ဝေးနေရတဲ့လူတစ်ယောက် ... ။
ခင်ဗျားရဲ့အသက်ရှူသံလေးကအစ မြတ်နိုးလွန်းလို့ တစ်ခါတစ်လေ ရူးသွပ်သွားတာများလားလို့တောင် ထင်မိရတဲ့အချိန်တွေလည်း ရှိခဲ့ပါရဲ့။
ခင်ဗျားရဲ့ဖြစ်တည်မှု၊ ခင်ဗျားရဲ့အစိတ်အပိုင်းတစ်ခုချင်းစီကိုက ကျွန်တော့်အတွက် ရူးသွပ်ဖွယ်ရာပဲ။
ခင်ဗျားကြောင့်ပဲ အသက်ရှင်ပြီး ခင်ဗျားကြောင့်ပဲ နိုးထရတဲ့ မနက်ခင်းတိုင်းမှာ ကျွန်တော် အမျှော်လင့်ဆုံးက ခင်ဗျားကို နေ့တိုင်း မြင်တွေ့ခွင့်ရဖို့ ... ။
နီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ ခင်ဗျားကတော့ ကျွန်တော့်ကို ဘယ်တော့မှရုန်းထွက်လို့မရအောင် ချုပ်နှောင်ထားနိုင်တဲ့ မြတ်နိုးဖွယ်ရာ ထောင်ချောက်လေးဖြစ်နေတုန်းပဲ။
ခင်ဗျားနဲ့ စတင်ပြီး ခင်ဗျားနဲ့ပဲ အဆုံးသတ်ခဲ့ရတဲ့နေ့ရက်တိုင်းမှာ ကျွန်တော်ကတော့ အလွမ်းတွေကြောင့် သက်ဆိုးရှည်နေတော့မှာပဲဗျာ။
ဖြစ်ပျက်သဘောတရားအရ အခုချိန်မှာ ဖူးပွင့်နေတဲ့ ကျွန်တော့်ရဲ့အလွမ်းပွင့်ဖတ်လွှာတွေက တစ်ချိန်ချိန်မှာတော့ ကြွေကျလာနိုင်မယ်မလား။
နာကျင်ရမယ်မှန်းသိရက်နဲ့ ခင်ဗျားနဲ့နီးစပ်ချင်တဲ့စိတ်တစ်ခုတည်းကြောင့် ရှေ့ဆက်တိုးလာမိတဲ့အခါ ကျွန်တော့်ကို မတားမြစ်ပါနဲ့။
ကျွန်တော်ကိုယ်တိုင် သိသိကြီးနဲ့ မိုက်မိုက်မဲမဲ ရှေ့ဆက်တိုးခဲ့တာပါ။
အဲဒီအတွက် နာကျင်ရလည်း ဖြစ်တယ်။
ငိုကြွေးရလည်း ဖြစ်တယ်။
ခင်ဗျားနဲ့ နီးနေဖို့ပဲ လိုတာ။
ခင်ဗျားနဲ့ နီးနေဖို့ တစ်ခုလေးပဲ လိုတာပါ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဒီတစ်ပိုင်းတင်ဖို့အရေး အရမ်းကြာသွားခဲ့ပါတယ်။
အဲ့အတွက် အရမ်းကို ဗဲရီးဗဲရီးသွေ့ပုချိပါ။🙆
အပိုင်း (၁၆) မှာ လေးဆက်လက်က အမာရွတ်အကြောင်း အနည်းငယ်ထည့်ပေးထားပါတယ်။
အပိုင်း (၁၄) နဲ့ (၁၉) မှာ လက်ပတ်ကြိုးလေးအကြောင်း ပါပါတယ်။
အရင်က Bracelet လို့ရေးထားတာကို အခု လက်ပတ်ကြိုးလို့ ပြန်ပြင်ထားပါတယ်။
ပြောရမယ်ဆိုရင် ဒီနှစ်တွေမှာ ဈာန်နဲ့သက်ဆိုင်တဲ့ပစ္စည်းလေးက လေးဆက်ကိုယ်ပေါ်မှာ၊ လေးဆက်နဲ့သက်ဆိုင်တဲ့ပစ္စည်းလေးက ဈာန့်ကိုယ်ပေါ်မှာ အမြဲတမ်းရှိနေကြတာပါ။
လေးဆက်ကလည်း ဘယ်သူပေးထားမှန်းမသိတဲ့ လက်ပတ်ကြိုးလေးကို သူ့ဘယ်ဘက်လက်မှာ အမြဲတမ်းဝတ်ထားပြီး ဈာန်ကလည်း သူ့ကိုကို လက်ဆောင်ပေးခဲ့တဲ့မွှေးပွလုံးကီးချိန်းလေးကို သူ့ကိုယ်ပေါ်မှာ အမြဲတမ်းဆောင်ထားတာပါ။
အခုဆိုရင်တော့ ဈာန့်အတိတ်က ပြီးဆုံးသွားပါပြီ။
နောက်အပိုင်းကနေစပြီး ပစ္စပ္ပုန်ကို ပြန်ရောက်ပါပြီ။
အားလုံးပဲ ကျန်းမာရေးကို ဂရုစိုက်ကြပါ။
ဂရုစိုက်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။
အစားများများစားပါ။ နေရောင်ခြည်များများရတဲ့နေရာမှာနေပါ။ အပင်လေးတွေကို အဖော်ပြုပေးပါ။ စိတ်ညစ်စရာတွေ အများကြီး မတွေးတောကြပါနဲ့။
ကိုယ်တို့အကုန်လုံး ဒီကပ်ဆိုးတွေကို အတူတူကျော်လွှားကြတာပေါ့။
9:55 P.M
10.7.2021 ( Saturday )