ဘာလိုလိုနှင့် ဩဂတ်လသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
စားသောက်ဆိုင်က ဖြစ်ရပ်တွေအပြီးမှာတော့ ဇင်ဇင်လည်း ဈာန့်ကို လက်လျော့လိုက်တော့သည်။
နေ့စဉ် နေ့တိုင်း ဈာန်ရဲ့ပြိုလဲမှုများကို တွေ့မြင်ခဲ့ပြီးသည့်နောက်မှာ လေးဆက်ကို မေ့ပစ်လိုက်ဖို့ အတင်းတွန်းအားမပေးရက်တော့ပဲ ဈာန် စိတ်ချမ်းသာဖို့အရေးကိုသာ ပိုဦးစားပေးခဲ့မိသည်။
ဒါက အတ္တဆိုရင်တောင်မှ မောင်ငယ်ဖြစ်သူ စိတ်ချမ်းသာဖို့အတွက် ဖြစ်ပေါ်လာသော အစ်မတစ်ယောက်ရဲ့အစွန်းအထင်းမရှိသည့် အဖြူရောင်အတ္တမျှသာဖြစ်သည်။
ဒီနှစ်ဆို ဈာန်က ဆယ်တန်းဖြစ်သည်။ ဘဝအချိုးအကွေ့တစ်ခုကို ဖြတ်သန်းရတော့မည့် အရေးကြီးအချိန်အခါလည်းဖြစ်သည်။ သို့ပေမဲ့ ဈာန်က ထိုစာမေးပွဲကို လုံးဝဂရုမစိုက်။
နေ့တိုင်း ဇင်ဇင်ကို ကျောင်းအပို့အကြိုလုပ်ပေးသည်။ အမှန်တော့ ဇင်ဇင့်ကို ကြိုပို့လုပ်ပေးချင်တာထက် လေးဆက်ကို တွေ့ချင်တာလို့ပြောရရင် ပိုမှန်မည်ထင်သည်။
နောက်တော့မှ ဈာန့်ကို မနည်းတောင်းပန်ကာ ကျောင်းအပို့အကြိုနှစ်ခုလုံးမလုပ်ဘဲ အကြိုတစ်ခုပဲလုပ်ပေးဖို့ အာပေါက်မတတ်နားချရသည်။
ကျောင်းလာပို့သည့်အချိန်ထက် လာကြိုသည့်အချိန်မှာ လေးဆက်နှင့်တွေ့ဖို့ အခွင့်အရေးပိုများကြောင်း အချက်အလက်ပေါင်းများစွာ၊ သီအိုရီပေါင်းများစွာ ထုတ်ပြရှင်းလင်းပြီးတော့မှ သကောင့်သားက ကြည်ကြည်ဖြူဖြူလက်ခံတော့သည်။
ဈာန်က ဇင်ဇင့်ကို လာကြိုသည့်အချိန်တိုင်း ကျောင်းထွက်ပေါက်အနီးအနားမှာပဲ ကားရပ်ကာ ကားမှန်အမည်းမှတဆင့် လေးဆက်ကို အမြဲတမ်းငေးကြည့်တတ်သည်။ လေးဆက် ကားလမ်းတစ်ဖက်ခြမ်းကို ကူးကာ ဘတ်စ်ကားပေါ်တက်သွားတော့မှ ဈာန်က ဇင်ဇင့်ကို အိမ်ပြန်ပို့ပေးလေသည်။
ဖြစ်နိုင်ရင်တော့ ဇင်ဇင် ဈာန့်ကားနဲ့ မလိုက်ချင်ပေ။ သူ့ဟာသူ လေးဆက်ကို ကြည့်နေတာနဲ့ပဲ ဇင်ဇင်က ဘာမဆိုင်ညာမဆိုင်အချိန်တွေ ပုတ်ရသည်။ နင့်ဟာနင် လေးဆက်ကို ဒီတိုင်းလာကြည့်လို့မရဘူးလားလို့ မေးမိပြန်တော့လည်း လုံးဝလက်မခံပေ။
အေးပေါ့လေ။ ဇင်ဇင်သာ ကိုယ့်ဟာကိုယ် ပြန်လိုက်ရင် ဒင်းက ဘယ်သူ့ဆီကနေ လေးဆက်ရဲ့တစ်နေ့တာကိစ္စအဝဝကို မေးလို့ရမတဲ့လဲ။ အခုမှပဲ ဈာန့်ကို သနားဖို့ထက် ကိုယ့်ဘဝကိုသာ ကိုယ် ပြန်သနားဖို့ ဇင်ဇင် သတိရမိတော့သည်။
“ ဥဥ နင် သတင်းမေးဖို့ ငါတို့နဲ့လိုက်မှာလား ”
“ ဟမ် ! လိုက်မယ်လေ ”
ပခုံးကိုလှမ်းတို့ပြီး မေးလာသည့် မေမြတ်ရဲ့အမေးကြောင့် ဇင်ဇင် လှည့်ကြည့်လိုက်တော့ သူ့နောက်မှာ ရောက်နေသည်က မေမြတ်၊ မြတ်သူနှင့် နောင်ခန့် ... ။
ကျောင်းဆင်းဖို့ကလည်း နာရီဝက်ခန့်သာ လိုတော့သည်။ ဒီနေ့ကတော့ အရင်နေ့တွေလို အိမ်တန်းပြန်လို့မရပေ။ အရေးပေါ်အခြေအနေတစ်ခုအတွက် လမ်းကြုံဝင်စရာရှိသောကြောင့် ထိုကိစ္စအတွက် ဇင်ဇင် မနက်ကတည်းက ခေါင်းခဲနေရသည်။
မတော်တဆ ဈာန်သာ သိသွားရင် မိုးမီးလောင်တာထက် ပိုကြီးကျယ်သွားမည့်ကိစ္စမို့ မပြောချင်ပေမဲ့လည်း ဈာန့်လိုပါးနပ်သည့်လူက ထိုကိစ္စကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သိသွားမှာ သေချာပေါက်ပင်။
ဈာန့်ကို ဘယ်လိုစကားစရင်ကောင်းမလဲဆိုပြီး အကြံထုတ်နေရတာ ခေါင်းတွေတောင်ထူပူလာသည့်အပြင် ဒီနေ့တစ်နေ့လုံးလည်း စာသင်တာကို အာရုံမစိုက်နိုင်ဘဲ အဲဒီအကြောင်းကိုပဲ စိတ်ရောက်နေခဲ့သည်။
ဈာန်ရောင်ခရဲ့အစ်မဖြစ်ရသည့်ဘဝကလည်း တော်တော်မလွယ်ပါလား။
“ ဥဥ နင် ငါတို့ကားနဲ့လိုက်မှာလား ”
နေ့တိုင်း ဘတ်စ်ကားနှင့်လာပြီး ဒီနေ့မှ ထူးထူးခြားခြား ကားယူလာသည့် မြတ်သူက မေးမြန်းလာသည်။
“ မြတ်သူ နင် ကားပါလာတာလား ”
“ အေး ... ဒီနေ့ အိမ်ကလူတွေ ဘယ်မှမသွားကြတာနဲ့ရော ... ညက လေးဆက်သတင်းကြားတာကြောင့်ရော ... မထူးဘူးဆိုပြီး ကားယူလာလိုက်တာ ... နင် လိုက်မှာမလား ဥဥ ”
“ လိုက်မယ်လေ ... ဒါပေမဲ့ ငါလည်း ကားပါလာတယ် ... ငါ့မောင်လေး လာကြိုတာ ... နင်တို့က မြတ်သူကားနဲ့ပဲ အရင်သွားနှင့်လိုက် ... ငါကတော့ ငါ့မောင်ကားနဲ့ပဲ လိုက်လာခဲ့မယ် ”
“ ဒါဆိုလည်း ရတာပဲ ... နင် လေးဆက်ရဲ့တိုက်ခန်းကိုတော့ မှတ်မိတယ်မလား ... ငါးလွှာနော် ”
မေမြတ်က သူ့အကြောင်းကို သိနေ၍ စိတ်မချစွာဝင်ပြောသဖြင့် ဇင်ဇင် မေမြတ်ကို ဒိုင်းခနဲ မျက်စောင်းထိုးလိုက်ကာ
“ ငါ သိပါတယ်ဟဲ့ ... တစ်ခါလောက်လေး လမ်းမှားသွားတာ ပြောလို့ကို မဆုံးတော့ဘူး ”
“ ဒါဆို ငါတို့ သွားနှင့်ပြီနော် ဥဥ ... ဟိုကျမှ ပြန်တွေ့မယ် ... တာ့တာ ... ”
မေမြတ်က လက်ဝှေ့ရမ်းကာ နှုတ်ဆက်ပြီး သူတို့ ကားရပ်ထားသည့်နေရာဆီသို့ ထွက်ခွာသွားတော့မှ ဇင်ဇင်လည်း လေးပင်သောခြေလှမ်းများဖြင့် ဈာန်ရဲ့ကားရှိရာသို့ လျှောက်သွားလိုက်သည်။
ဇင်ဇင် ကားပေါ်မှာ ဝင်ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဈာန်က ဇင်ဇင့်ဘက်ကို လှည့်ကြည့်ကာ မျက်မှောင်ကုပ်သွားပြီး
“ ကိုကိုရော ... ဒီနေ့ ကိုကိုက ဘာလို့ နင်တို့နဲ့အတူတူ ထွက်မလာတာလဲ ... သူ့ရည်းစားနဲ့ သွားချိန်းတွေ့နေတာလား ”
အဆက်မပြတ်ထွက်ပေါ်လာသည့် မေးခွန်းများကြောင့် ဇင်ဇင် ဘယ်လိုပြန်ဖြေရမှန်းမသိဘဲ ချွေးစေးပြန်လာသည်။
“ ငါ မေးတာကို ဖြေလေ ဇင်ဇင် ... နင် ဘာလို့ ပါးစပ်ကြီးပိတ်ထားရတာလဲ ”
“ လေးဆက် ဒီနေ့ ကျောင်းမလာဘူး ”
ဈာန်၏တွန့်နေသောမျက်ခုံးတန်းများက ပြန်လည်ပြေလျော့သွားခြင်းမရှိဘဲ
“ ဘာလို့လဲ ... ကိုကိုက ဘာလို့ ကျောင်းမတက်တာလဲ ”
“ .......... ”
“ ဇင်ဇင် ငါ မေးနေတယ်နော် ”
ဒီကောင်လေးဟာလေ ဇင်ဇင့်ကိုဆို အစ်မလိုသဘောထားနေတာလား၊ ညီမလိုသဘောထားနေတာလားဆိုတာတောင် သိပ်မသဲကွဲတော့ဘူး။
အမြဲတမ်း ဟိန်းလိုက်၊ ဟောက်လိုက်၊ မာန်ဖီလိုက်နှင့် ... ။
“ ဇင်ဇင် ! ”
“ ကျစ် ! လေးဆက် ဖျားနေလို့ဟာ ”
“ ဘာ ! ”
ကျွီ !
“ အမလေး ! သေပါပြီဟဲ့ ! ဈာန်ရောင်ခ နင် သေချင်ရင် ကိုယ့်ဟာကိုယ်သေ ! ငါ့ကိုဆွဲထည့်မနေနဲ့ ! ”
မီးပွိုင့်ရောက်လို့ ဈာန် ဘရိတ်ဆောင့်အုပ်လိုက်တော့ ဇင်ဇင့်ခေါင်းက ရှေ့က ဒတ်ရှ်ဘုတ်နှင့် ပြေးဆောင့်တော့မလို့ ကပ်သီးလေး ... ။
ခါးပတ်ပတ်ထားမိတာ ကံကောင်းတယ်လို့ပြောရမည်။
“ ဘာလို့လဲ ... ကိုကိုက ဘာလို့ဖျားသွားတာလဲ ... သောကြာနေ့တုန်းကတောင် လူက အကောင်းကြီးကို ... ”
“ အင်း ... ဒီလိုပဲ ဖျားသွားတာ ... လူပဲဟယ် ဖျားတာ နာတာလောက်တော့ ရှိမှာပေါ့ ... ပြီးတော့ အခုက မိုးတွင်းကြီးလေ ... မိုးမိလို့ ဖျားသွားတာလည်း ဖြစ်နိုင်တာပဲ ... ဒါနဲ့ ဈာန် ငါ့ကို လေးဆက်အိမ် လိုက်ပို့ပေးစမ်းပါ ... ငါ သတင်းသွားမေးမလို့ ... ”
ထိုအချိန် မီးပွိုင်စိမ်းသွား၍ ဈာန်က ဘာစကားတစ်ခွန်းမှ ဆက်မပြောဘဲ ရှုတည်တည်မျက်နှာနှင့် ကားကိုသာ အာရုံစိုက်မောင်းနေပေမဲ့ ဇင်ဇင်ကတော့ ဈာန် ထပ်ဆင့်မေးလာမည့် မေးခွန်းများအတွက် ကြိုတင်စိုးရိမ်နေမိသည်။
လှည်းတန်းမီးပွိုင့်မှာ နောက်တစ်ခါ မီးပွိုင့်မိပြန်တော့ ဈာန်က စတီရာတိုင်ကို သူ့လက်ညှိုးနှင့် တတောက်တောက်မြည်အောင် ခေါက်နေရင်း
“ သောကြာနေ့ကစပြီး ဒီနေ့ တနင်္လာနေ့အထိ မိုးမရွာဘူး ဇင်ဇင် ... နင် နောက်တစ်ခါလိမ်မယ်ဆိုရင် ဒီထက်ပိုပြီးပီပီပြင်ပြင်လိမ်သင့်တယ် ”
ရှစ် ! သေစမ်း။
ငါ အဲဒီတစ်ကွက်ကို မေ့သွားခဲ့တာပဲ။
“ ဘာတွေ ဖြစ်ခဲ့တာလဲ ”
ဘေးစောင်းရင်း လှည့်မေးလိုက်သည့် စကားက တစ်ခွန်းတည်းပေမဲ့ အရှိန်အဝါပြင်းထန်လှသည်။
ပြောကို ပြောရမည်ဟု အမိန့်ပေးနေသလိုမျိုး ... ။
“ ကျစ် ! တော်ပြီဟာ ... အခုဖုံးထားလည်း နင် စုံစမ်းလိုက်ရင် ပြန်သိမှာပဲဆိုတော့ ဘာမှမထူးတော့ဘူး ... မနေ့က လေးဆက် လူတစ်ယောက်နဲ့ ရန်ဖြစ်ရင်း ဒဏ်ရာရလာတယ်လို့ ပြောတာပဲ ”
ထိုစကားကြောင့် ဈာန်ရောင်ခ အရမ်းကိုအံ့အားသင့်သွားသည်။
“ ရန်ဖြစ်တယ်ဟုတ်လား ... ကိုကိုကလေ ... ကိုကို့လိုလူမျိုးကလေ ”
“ အေး ... ငါလည်း သေချာတော့မသိဘူး ... ဒီမနက် လေးဆက် ကျောင်းမတက်ဖြစ်တဲ့အကြောင်းကို မြတ်သူပြောပြမှ ငါတို့လည်း သိရတာ ”
အမှန်အတိုင်းပြောရမည်ဆိုလျှင် ဈာန်ရောင်ခ မယုံကြည်နိုင်သေးပေ။ ကိုကို့လို နူးညံ့အေးဆေးသည့် လူတစ်ယောက်က ရန်ဖြစ်တတ်တယ်တဲ့လား။ ထို့အပြင် ဒဏ်ရာတောင် ရသွားသေးတယ်တဲ့လေ။
ဘယ်နားတွေ ဒဏ်ရာရကုန်တာလဲ ကိုကိုရာ။
ခင်ဗျားကတော့ အမြဲ ကျွန်တော့်ကို စိုးရိမ်ရအောင် လုပ်နေတော့တာပဲ။
ခင်ဗျား တစ်ခုခုဖြစ်သွားမှာကို ကျွန်တော် ဘယ်လောက်ထိစိုးရိမ်လဲဆိုတာ ခင်ဗျား သိရဲ့လား။
ခင်ဗျားကိုယ်ပေါ်မှာ ထိခိုက်ဒဏ်ရာလေးတစ်ခုတွေ့ရင်တောင် ကျွန်တော် ရင်နာတယ်။
“ ဟဲ့ ! ဟဲ့ ! ဈာန် ဖြည်းဖြည်းမောင်းစမ်းပါ ... လှည်းတန်းနဲ့မြေနီကုန်း ဘယ်လောက်ဝေးလို့လဲ ... မသာတွေပေါ်ကုန်ရင် လေးဆက်ဆီ ရောက်ဖို့နေနေသာသာ သချိုင်းကုန်းဆီ တန်းခြေချရမှာနော် ... ဟဲ့ ! ဈာန်ရောင်ခ နင် ငါပြောနေတာကို ကြားရဲ့လား ... အမလေး ! သေကုန်တော့မှာပဲ ”
ထိုအခါကျမှ ဈာန်က ကားအရှိန်ကို လျှော့လိုက်ကာ
“ စုံစမ်းလာခဲ့ပေး ... ”
“ ဘာကိုလဲ ”
“ ကိုကို ဘယ်သူနဲ့ ရန်ဖြစ်တယ် ... ဘာကိစ္စကြောင့် ရန်ဖြစ်တယ်ဆိုတာကို ငါ သိချင်တယ် ဇင်ဇင် ”
“ နင့်ဟာနင် စုံစမ်းပါလား ဈာန်ရာ ... အခုလည်း နင် ငွေပေးပြီး ငှားထားတဲ့လူတွေ ရှိတာပဲမဟုတ်ဘူးလား ”
“ ကျစ် ! သူတို့ကို ခိုင်းလိုက်ရင် တစ်ရက် နှစ်ရက်လောက်ကြာမှာ ... ငါ အဲဒီလောက်ထိ မစောင့်နိုင်ဘူး ဇင်ဇင် ... နင် စုံစမ်းတာ ပိုမြန်တယ် ... နင့်ကို ကိုကို့အိမ်ထိ လိုက်ပို့ပြီးရင် ငါ့ကားကို အဲဒီတိုက်နဲ့မနီးမဝေးမှာပဲ ရပ်ထားမယ် ... နောက်ပြီးတော့ ကိုကို ဘယ်နားတွေ ဒဏ်ရာရသွားလဲဆိုတာကို သေသေချာချာကြည့်လာခဲ့ပေး ... ”
မောင်ငယ်ဖြစ်သူ၏တရဆက်အမိန့်ပေးသံဆန်ဆန်စကားလုံးများကိုကြားပြီးနောက် ဇင်ဇင်တစ်ယောက် ဒေါခွီးပါတော့သည်။
“ ငါက နင့်ကျွန်လား ”
“ နင်က ငါ့အစ်မလေ ... ငါ့အစ်မကိုမှ ငါ ယုံယုံကြည်ကြည်အကူအညီမတောင်းရဘူးဆိုရင် ငါ ဘယ်သူ့ကို သွားကူညီခိုင်းရမလဲ ”
ဒီကောင်စုတ်လေးကတော့ အဲဒီလိုစကားလုံးတွေနဲ့ပဲ ချော့ခိုင်းနေတော့တာပဲ။
ခဏအကြာ လေးဆက်တို့တိုက်နားမှာ ကားထိုးရပ်လိုက်ပြီး ဈာန်က ဇင်ဇင့်ကို အကြည့်များနှင့် ထပ်သတိပေးလိုက်သေးသည်။
တစ်နာရီ ...
နှစ်နာရီ ...
လက်မှာ ပတ်ထားသည့် နာရီကို ဈာန်ရောင်ခ တစ်ချက်ငုံ့ကြည့်လိုက်ရင်း အကြည့်များကို ငါးလွှာထပ်မှ တိုက်ခန်းငယ်လေးဆီသို့ ထပ်မံပို့လွှတ်လိုက်မိသည်။
ထိုတိုက်ခန်းငယ်အတွင်း မီးများထိန်ထိန်လင်းနေသည်က အခန်းထဲမှာ လူတွေရှိကြောင်း သက်သေပြနေသလိုပင်။
သို့ပေမဲ့ သူ့ရင်တွေ ပူနေသည်။
ကိုကို တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်သည်။
ကိုကို့ရဲ့ဆံနွယ်တစ်ချောင်းကိုတောင် ထိခိုက်မခံနိုင်သည့် သူ့အဖို့ ဒီလိုမျိုး ကိုကို ထိခိုက်ဒဏ်ရာရလာသည်ဆိုတာက ယူကြုံးမရဖြစ်ဖွယ်ကိစ္စပင်။
ကိုကိုက အတောင်နှစ်ဆယ်ဝတ် မင်းယောကျာ်းမှန်းသိပေမဲ့၊ သူ့ထက်လည်း အသက်ပိုကြီးမှန်းသိပေမဲ့ ကိုကို့ကို မှဲ့တစ်ပေါက်မစွန်းအောင် ကာကွယ်ပေးချင်နေသည့်စိတ်ဆန္ဒက ဘယ်လိုမှ ဖျောက်ဖျက်၍မရ။
ဒါဟာ အချစ်လား။
ချစ်နေမှန်း တစ်ဖက်သူ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ချစ်ပေးနေရမှာကတော့ သူ့တာဝန် ... ။
အဆုံးမရှိသည့် အလိုလားဆုံး တာဝန်ဝတ္တရားလေးတစ်ခု ... ။
တိုက်ပေါ်မှ လူတွေဆင်းလာကြပြီ။
ခြေသံတဖျတ်ဖျတ်များကိုလည်း ကြားနေရပြီ။
တိုက်ခန်းအနီးမှာ ကားကိုရပ်ထားတာဖြစ်သည့်အတွက် ထိုလူအုပ်စု၏လှုပ်ရှားမှုများကိုရော၊ အသံများကိုရော အကုန်ကြားနေ၊ မြင်နေရသည်။
တိုက်ခန်းပေါ်က ဆင်းလာသည့်လူများက စုစုပေါင်းအားဖြင့် ငါးယောက် ... ။
ထိုလူငါးယောက်ထဲမှာ တောင်ဇလပ်ဖြူဆိုသည့်အမျိုးသမီးကို တွေ့မြင်လိုက်ရပြီးနောက် ဈာန်ရောင်ခရဲ့နှုတ်ခမ်းထက်၌ မဲ့ပြုံးတစ်ခု အသာအယာဖြစ်ပေါ်လာသည်။
လတ်စသတ်တော့ သူပါ ရှိနေတာကိုး။
ကိုကို့ရဲ့ချစ်သူဆိုတော့လည်း သူ ရှိနေတာ သိပ်တော့မထူးဆန်းပေ။
သို့ပေမဲ့ သိစိတ်ဖြင့် ထိန်းချုပ်ထားလို့မရသည့် သဝန်တိုစိတ်နှင့်အတူ မနာလိုစိတ်ကပါ ဦးနှောက်ထဲ ဒိန်းခနဲဆောင့်တက်လာ၏။
“ ဥဥ ငါတို့သွားပြီနော် ... မနက်ဖြန်မှ တွေ့မယ် ”
“ အေး ... အေး ... တာ့တာ မေမြတ် ... ဟိုနှစ်ယောက်လည်း တာ့တာ ”
နှုတ်ဆက်လမ်းခွဲပြီးနောက် ကိုကို့ရဲ့ကျန်သူငယ်ချင်းသုံးယောက်က သူတို့ကားပေါ်တက်ကာ မောင်းထွက်သွားလေသည်။
အခုလောလောဆယ် ထိုတိုက်အောက်၌ ဇင်ဇင်နှင့် တောင်ဇလပ်ဖြူဆိုသည့်အမျိုးသမီးနှစ်ဦးမျှသာ ကျန်ရှိနေတော့သည်။
ဈာန်ရောင်ခ ကားကို တစ်ချက်ဟွန်းတီးလိုက်တော့ ဇင်ဇင်က ဟိုအမျိုးသမီးအား စကားအနည်းငယ်လှည့်ပြောလိုက်ကာ သူ့ကားဆီသို့ လျှောက်လာပြီး ရှေ့ခန်းမှာ စွေ့ခနဲဝင်ထိုင်လိုက်သည်။
အခုချိန်ထိ သူ့မျက်နှာပေါ်ရှိ မဲ့ပြုံးများက ပျောက်ကွယ်မသွားသေးဘဲ ဆက်လက်တည်မြဲနေသည်။ အကြည့်များကလည်း ပိုမိုစူးရှလာသလို စတီယာတိုင်ကို ကိုင်ထားသည့် လက်များကလည်း ပိုမိုတင်းကြပ်သွား၏။
ကားကို တိုက်အောက်ရှေ့ထိရောက်အောင် ဘီးတလှိမ့်လှိမ့်ဖြင့် မောင်းလာပြီး ကားမှန်ချကာ ထိုအမျိုးသမီးအား စကားလှမ်းပြောလိုက်သည်။
“ အစ်မ ”
ခေါ်သံကြားလိုက်ရသဖြင့် ထိုအမျိုးသမီးက တစ်ဖက်ကို လှည့်ငေးနေရာမှ သူ့ထံသို့ အကြည့်များ ရောက်ရှိလာသည်။
၎င်းအကြည့်များက တစ်ခုခုကို အံ့အားသင့်နေသကဲ့သို့ ... ။
“ အစ်မက ဇင်ဇင်ရဲ့အသိမလား ... လာလေ ... ကျွန်တော် တစ်ခါတည်းလိုက်ပို့ပေးမယ် ”
ထိုအခါ အနှီအမျိုးသမီးလေးက အပြုံးနုနုဖြင့် ခေါင်းခါရမ်းကာ သိမ်သိမ်မွေ့မွေ့ ငြင်းပယ်သည်။
“ နေပါစေ မောင်လေးရယ် ... အစ်မ လိုက်ရင် မောင်လေးတို့ကို အလုပ်ရှုပ်သလိုဖြစ်မှာစိုးတယ် ... အစ်မဘာသာပဲ လမ်းထိပ်ထွက်ပြီး တက္ကစီငှားသွားလိုက်တော့မယ် ”
ဈာန်ရောင်ခ အပြုံးကို ထပ်မံဖြည့်စွက်လိုက်ပြီး လူယဉ်ကျေးလေးပုံဖမ်းကာ
“ မကြာခင် မှောင်တော့မှာ အစ်မရဲ့ ... မိန်းကလေးတစ်ယောက်တည်း တက္ကစီနဲ့သွားတာ မသင့်တော်ပါဘူး ... ပြီးတော့ အခုခေတ်မှာ လူတွေက စိတ်မချရဘူးလေ ... ပြစ်မှုတွေကလည်း နေရာတိုင်းမှာ ဖြစ်နေတာဆိုတော့ ... ”
ဇင်ဇင်က သူ့ကို မယုံကြည်နိုင်သည့် အကြည့်များနှင့် စိုက်ကြည့်ကာ မျက်ဝန်းများမှတဆင့် မေးခွန်းထုတ်လာသည်။ သူလည်း အကြည့်များနှင့် ပြန်အချက်ပြလိုက်တော့ ဇင်ဇင်လည်း ဘာမှမတတ်နိုင်တော့ဘဲ
“ ဟုတ်သားပဲ မဇလပ်ရယ် ... တို့တွေနဲ့အတူတူ လိုက်ခဲ့ပါ ... တော်ကြာ မဇလပ်တစ်ယောက်တည်းပြန်သွားရင် လေးဆက်လည်း ဘယ်လိုလုပ်စိတ်ချမလဲ ... ခုနကတောင် သူကိုယ်တိုင် ပြန်လိုက်ပို့ပေးမယ်လို့လုပ်နေသေးတာမလား ... လာပါ ... တို့ ပြန်လိုက်ပို့ပေးမယ် ... အားမနာနဲ့ ”
တကယ်ပါပဲ။ အခု ဘာတွေလုပ်နေရမှန်းကို မသိတော့ဘူး။ ဟိုကောင်ခိုင်းတဲ့အတိုင်း အကုန်လုံးကို လိုက်လုပ်ပေးနေရတော့တာပဲ။ မသိရင် ဇင်ဇင်က လေးဆက်ရိပ်သွင်နဲ့ ဈာန်ရောင်ခကြားမှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ လိပ်လေးလိုပဲ။
ဇင်ဇင်ကပါ ရင်းရင်းနှီးနှီးဖိတ်ခေါ်လိုက်တော့ ထိုအမျိုးသမီးလေးက အနည်းငယ် တွေဝေသွားပြီးနောက် ခေါင်းညိမ့်ပြကာ ကားနောက်ခန်းထဲမှာ ဝင်ထိုင်လာသည်။
“ အစ်မကို အရင်ပို့ပေးမယ် ... အစ်မ ဘယ်မှာနေတာလဲ ”
“ အစ်မက ××× မှာနေတာ မောင်လေး ... အစ်မကို လမ်းထိပ်မှာ ချပေးခဲ့ရင် ရတယ် ”
အဲဒီနောက် ဈာန်ရောင်ခရဲ့ကားနက်ပြာလေးဟာ ပြည်လမ်းမကြီးတစ်လျှောက် ပြေးလွှားနေတော့သည်။
ကြည့်မှန်ကနေ လှမ်းမြင်နေရသည့် ထိုအမျိုးသမီးလေးက လှပသည်ဆိုတာထက် ကျက်သရေရှိသည့်အသွင်အပြင်ကို ဆောင်နေသည်။
ကာလာစုံတင်ခြယ်မထားသည့် မျက်နှာလေးက ရှင်းလင်းကာ ကျော့မော့နေ၏။ မဖြူမညိုအသားအရည်က မြန်မာမိန်းမပျိုတစ်ယောက်ရဲ့ပြီးပြည့်စုံသည့်ပြယုဒ်တစ်ခုလို ထိုအမျိုးသမီးလေးဆီမှာ ထင်ဟပ်နေလေသည်။
ဒီအမျိုးသမီးလေးရဲ့ပန်းသွေးရောင်လက်နေသည့်နှုတ်ခမ်းကို ကိုကို ဘယ်နှကြိမ်လောက်နမ်းရှိုက်ခဲ့ပြီးပြီလဲ။
ဒီအမျိုးသမီးလေးရဲ့ပိတုန်းရောင်လို နက်မှောင်သန်စွမ်းသည့် ဆံကေသာထက်မှာရော ကိုကို ဘယ်လောက်တောင် ခိုဝင်နားခဲ့ပြီးပြီလဲ။
ကိုကို ကျွန်တော် သူ့ကို အရမ်း မနာလိုဖြစ်တာပဲ။
ရူးမတတ် သဝန်တို၊ မနာလိုဖြစ်နေလည်း ကျွန်တော့်ဘဝက အံကြိတ်ပြီး သည်းခံရုံအဆင့်မှာပဲ ရပ်တန့်နေတာမဟုတ်လား။
ဘာများ တတ်နိုင်ဦးမှာလဲ။
Phone Ringing ...
ထိုစဉ် ဖုန်းဝင်လာသဖြင့် ထိုအမျိုးသမီးလေးက
“ ဟဲလို ! မောင် ! ”
“ မောင် ” တဲ့။
ဈာန်ရောင်ခရဲ့အကြည့်များက ချက်ချင်းဆိုသလိုပင် ကြည့်မှန်မှတဆင့် ထိုအမျိုးသမီးလေးထံသို့ ရောက်ရှိသွားခဲ့သည်။
“ အင်း ... တက္ကစီနဲ့ပြန်တာ မဟုတ်ဘူး မောင် ... မောင့်သူငယ်ချင်းက လိုက်ပို့ပေးမယ်ပြောတာနဲ့ သူ့တို့ကားနဲ့ပဲ ပြန်လိုက်တာ ... ဟုတ်တယ် ... မောင် ပြောတဲ့တစ်ယောက်ပဲ ...
အင်း ... အင်း ... ဇလပ် ပြန်ရောက်ရင် ဖုန်းထပ်ဆက်လိုက်မယ်လေ ... မောင် ဂရုစိုက်ဦးနော် ... မဟော် ဘာပဲလာပြောပြော ဂရုမစိုက်နဲ့နော် ... မောင့်ကျန်းမာရေးက အရေးအကြီးဆုံးပဲ ...
မောင်ကလေ ပုံမှန်ဆို အေးဆေးရဲ့သားနဲ့ ... အင်းပါ ... ဇလပ် သိပါတယ် ... ဒါဆို ဒါပဲနော် မောင် ... အိမ်နားရောက်တော့မယ် ... ဇလပ် နောက်မှ ထပ်ဖုန်းဆက်လိုက်မယ် ”
မီးရောင် လင်းထိန်နေသည့် လမ်းထိပ်တစ်နေရာတွင် ကားရပ်လိုက်ပေးတော့ ထိုအမျိုးသမီးလေးက သူ့ကားပေါ်မှ ဆင်းလာကာ
“ ဒီအထိ လိုက်ပို့ပေးတဲ့အတွက် နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်နော် ”
“ ရပါတယ် အစ်မ ... နောက်လည်း ကျွန်တော်တို့ တွေ့ဖြစ်နေဦးမှာပဲလေ ”
“ ဟုတ်ပါပြီ ... ဒါဆို အစ်မ သွားလိုက်ဦးမယ်နော် ”
“ ဟုတ်ကဲ့ ”
လမ်းထဲ ချိုးဝင်သွားသည့် ထိုအမျိုးသမီးလေးရဲ့နောက်ကျောပြင် ပျောက်ကွယ်သွားသည့်အထိ ဈာန်ရောင်ခ စိုက်ကြည့်နေမိသည်။
“ ဈာန် ငါတို့လည်း အိမ်ပြန်ကြရအောင် ”
“ အင်း ”
ကားက လမ်းမတန်းတစ်လျှောက် ပြေးလွှားနေသည်။ အရှေ့ကို တည့်တည့်ကြည့်ကာ ကားကို သေချာမောင်းနေပေမဲ့လည်း စိတ်က အရမ်းပင်ပန်းလာသည်။
အရာအားလုံးကို လွှတ်ချပစ်လိုက်ချင်တယ်။
ခင်ဗျားကိုလည်း လွှတ်ချပစ်လိုက်ချင်တယ်။
တကယ်လို့ ဖြစ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။
“ ဈာန် ”
“ ပြော ”
“ နင် ဘာဖြစ်လို့ သူ့ကို တင်ခေါ်လာတာလဲ ... နင် သူ့ကို သဘောမကျဘူးမဟုတ်လား ”
ဈာန်ရောင်ခထံမှ သက်ပြင်းချသံသဲ့သဲ့ကို ဇင်ဇင် ကြားလိုက်ရသည်။
“ ငါ သဘောမကျတာက ငါ့အပိုင်းလေ ... ဒါပေမဲ့ သူက ကိုကို့အတွက် သင့်တော်ပါ့မလားဆိုတာကိုတော့ ငါ လေ့လာချင်သေးတယ် ... အဲဒါမှ ငါ ကိုကို့အတွက် စိတ်ချနိုင်မှာ ... ကိုကို့ကို ငါ မပိုင်ဆိုင်ရဘူးဆိုရင်တောင်မှ မိန်းမကောင်းလေးတစ်ယောက်နဲ့ပဲ ဖူးစားဆုံစေချင်တယ် ... နာကျင်ရပေမဲ့လည်း ဒါက ငါတို့အားလုံးအတွက် အဖြစ်သင့်ဆုံးပဲလေ ”
အေးစက်စက် လေပြေများ ဝင်ရောက်လှည့်ပတ်နေသည့် ကားနက်ပြာလေးအတွင်း၌ ပြောစရာစကားလုံးများ ပျောက်ရှနေကာ တိတ်ဆိတ်လျက်သား ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဆီသို့ သူ ရောက်လာရပြန်သည်။ ဒီတက္ကသိုလ်နှင့် သူက တကယ်ပဲရေစက်ပါတာလား။
သို့တည်းမဟုတ် ကိုကိုနှင့်သူ့ကြား ရေစက်အမှုန်အမွှားလေး မပျက်စီးသွားစေဖို့အတွက် ဒီတက္ကသိုလ်ကို ကြားခံနယ်အဖြစ် အသုံးချမိနေတာလား။
ဘယ်လိုနည်းနဲ့ပဲ လုပ်ရလုပ်ရ သူ့တစ်ဖက်တည်းကပဲ ဖြစ်တည်လာသည့် ရေစက်လေးကို ဆုပ်ကိုင်ထားမိချင်နေတုန်းပဲ။
ကိုကို ထွက်လာမှာကို စောင့်နေစဉ် မနေ့ညက ဇင်ဇင် ပြောသွားခဲ့သည့်စကားသံများက သူ့နားထဲမှာ ပျံ့လွင့်လာခဲ့သည်။
“ ကိုကို ဘယ်လိုနေသေးလဲ ”
“ အရမ်းဆိုးဆိုးဝါးဝါးကြီးမဟုတ်ပါဘူး ... နှုတ်ခမ်းပေါက်သွားတာနဲ့ ပါးစောင်နည်းနည်းယောင်သွားတာလောက်ပဲ ... မနက်ဖြန်တော့ သူ အတန်းပြန်တက်မယ်လို့ပြောတယ် ”
“ ဘယ်သူ လုပ်တာလဲ ”
“ သူတို့အထက်တန်းကျောင်းတုန်းက အတူတူတက်ခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ ရန်ဖြစ်တာလို့ပြောသံကြားတယ် ... ပြီးတော့ ... ”
ရုတ်တရက် ဇင်ဇင့်အသံက တိုးလျသွားသည်။
“ ပြီးတော့ ဘာဆက်ဖြစ်လဲ ”
ဈာန်ရောင်ခရဲ့လေသံကတော့ ပိုပြီးတင်းမာလာသည်။
“ အဲဒီကောင်လေးက တောင်ဇလပ်ဖြူကို တစ်ဖက်သတ်ကြိုက်နေတာတဲ့ ... ကြိုက်တာ တော်တော်ကြာနေပြီ ”
“ ဘာ ! ”
ဈာန်ရောင်ခရဲ့မျက်ခုံးတန်းများက တွန့်ကျုံ့သွားသည်။ အဲဒီနောက် ဇင်ဇင့်ကို ဘေးစောင်းငဲ့ကြည့်လိုက်ရင်း
“ ဒါဆို ဒီကိစ္စတွေဖြစ်လာတာက သူ့ကြောင့်ပေါ့ ”
“ အဲဒီလိုတော့ ဘယ်ပြောလို့ရမလဲ ဈာန်ရယ် ... မမျှော်လင့်ဘဲဖြစ်သွားတဲ့ မတော်တဆကိစ္စလို့ပဲ သဘောထားရမှာပေါ့ ... ဟိုက တောင်ဇလပ်ဖြူကို ကြိုက်တော့ လိုက်နှောင့်ယှက်တယ် ... လေးဆက်ကလည်း သူ့ချစ်သူကို ထိတော့ ဘယ်ခံနိုင်ပါ့မလဲ ... အဲဒီလိုနဲ့ ရန်ပွဲဖြစ်ရတာပဲ ... ဟိုကောင်လေးလည်း နည်းနည်းထိသွားတယ်လို့ပြောတယ် ”
ဇင်ဇင် ဘယ်လိုပဲဖြောင်းဖျနေပါစေ ဈာန်ရောင်ခကတော့ အံတကြိတ်ကြိတ်နှင့် ... ။
“ သူ့နာမည်က ဘယ်သူလဲ ”
“ ဟမ် ! ဟိုတစ်ယောက်နာမည်လား ”
ဈာန်ရောင်ခ နှုတ်ကနေပြန်မဖြေဘဲ ခေါင်းကိုသာ အသာအယာညှိမ့်ပြလိုက်သည်။
“ ခန့်မဟော်ဆိုလားပဲ ... ငါလည်း သူတို့အချင်းချင်းပြောနေတာကို နားစွန်နားဖျား ကြားလိုက်တာ ”
“ ခန့်မဟော် ? ”
ထိုမုန်းတီးစရာကောင်းလှသည့် အမည်ကို စျာန်ရောင်ခ အဆက်မပြတ်ရေရွတ်မိနေသည်။
ခန့်မဟော်ဆိုသည့်အမည်နာမက သူ့နှလုံးသားထဲမှာ ဆူးတစ်ချောင်းလို တဆစ်ဆစ်နဲ့ နစ်ဝင်နေသည်မို့ ... ။
သူတောင် မထိရက်၊ မကိုင်ရက်သည့် ကိုကို့ကို ထိခိုက်ဒဏ်ရာရအောင် လုပ်သွားသည့်လူ ... ။
ကိုကို အမြတ်တနိုးတန်ဖိုးထားသော တောင်ဇလပ်ဖြူကို လုယူဖို့ ကြံစည်နေသည့်လူ ... ။
ဒီလူကို ဈာန်ရောင်ခ လွယ်လွယ်နှင့်တော့ ခွင့်မလွှတ်ပေးနိုင်ပါ။
အသက် ၁၅ နှစ်ကျော်ကျော်မျှသာရှိသေးသည့် လူငယ်လေးတစ်ယောက်၏မာန်အဟုန်က လူကြီးတစ်ယောက်လိုပင်။
လောလောဆယ်တော့ ကိုကို့ရဲ့ဒဏ်ရာတွေကို သူကိုယ်တိုင် မြင်တွေ့ချင်သည်။ ဘယ်လောက်ထိ ဒဏ်ရာရသွားလဲဆိုတာကို စိတ်ပူသည်။ သူများအပြောနှင့်တော့ စိတ်ချလက်ချမနေနိုင်ပါ။
ဟော ... ထွက်လာပြီ။
ဇင်ဇင်ကို လှမ်းမြင်နေရသလို ကိုကို့ကိုလည်း လှမ်းမြင်နေရသည်။ ဇင်ဇင်က သူ့ကားနားကို လျှောက်လာတော့ ကိုကိုကပါ ဇင်ဇင့်ဘေးနားကနေ ကပ်ပါလာသည်။
ဤအခြင်းအရာကြောင့် သူ့နှလုံးသားက တဒုတ်ဒုတ်နှင့် အဆက်မပြတ်မြည်တမ်းနေသည်။ စတီရာတိုင်ပေါ်တင်ထားသည့် လက်တို့ကလည်း ချွေးစေးတွေပြန်နေသည်။
အဲကွန်းလေများကလည်း မအေးတော့သလို ကားထဲမှာဖွင့်ထားသည့် သီချင်းသံများကိုလည်း မကြားရတော့ပေ။
သူ့စိတ်အာရုံအလုံးစုံက လေးဆက်ရိပ်သွင်အမည်ရ ထိုလူသားတစ်ဦးထံ၌ ပုံအပ်ထားသည့်နှယ် ... ။
တစ်လှမ်း ...
နှစ်လှမ်း ...
သုံးလှမ်း ...
ယခုချိန်၌ သူတို့နှစ်ဦးကြားမှာ ပိတ်ကာထားသည့် ကားမှန်တစ်ချပ်သာရှိတော့သည်။
အနီးဆုံးပါပဲ။
ကိုကို့ကိုပဲ တိတ်တခိုးငေးကြည့်နေခဲ့ရသည့် ဒီကာလတစ်လျှောက်လုံးမှာ လက်ရှိအချိန်လေးက ကိုကိုနဲ့ အနီးဆုံးဖြစ်ခဲ့တာပဲ။
ကားမှန်ထဲမှတဆင့် ငေးကြည့်ခွင့်ရနေသည့် ကိုကို့မျက်နှာအနီးကပ်လေးက တကယ့်ကို နူးညံ့သိမ်မွေ့ကာ ဒူးထောက်ခစားချင်လောက်သည့်အထိ ပြုစားနိုင်လွန်းသည်။
ထို့အပြင် ရင်ခုန်ချင်စဖွယ်အတိ ... ။
ကိုကို့နှုတ်ခမ်းထက်က ဒဏ်ရာအနည်းငယ်နှင့် ယောင်ကိုင်းနေသည့် ပါးပြင်လေးက သူ့နှလုံးသားကို မီးစနှင့် ထိုးနေသကဲ့သို့ ... ။
ရုတ်တရက် ... ။
ခါးလေးကိုင်းကာ ကားမှန်ကို ငုံကြည့်လာသည့် ကိုကို့ရဲ့ရုပ်သွင် ... ။
အကြည့်ချင်းထပ်တူကျသွားပေမဲ့ မြင်ခွင့်ရတဲ့လူက ကျွန်တော့်တစ်ယောက်တည်းပါပဲ ... ။
ကျွန်တော့်ကို နက်ရှိုင်းတဲ့ ချောက်ကမ်းပါးထဲ အဆုံးစွန်ထိ ဆွဲချသွားတဲ့ လူ ... ။
ကျွန်တော့်ကို ပြန်လမ်းမဲ့သွားအောင် မန္တာန်တွေနဲ့ စီရင်ထားတဲ့ လူ ... ။
ဒီလူကပဲ အချစ်ကို ရှာဖွေပေးခဲ့တယ်။
ဒီလူကပဲ ရူးသွပ်သွားအောင် ပြုစားသွားခဲ့တယ်။
ဒီလူကပဲ အဆုံးမရှိတဲ့ မျှော်လင့်ချက်အနန္တတွေ ပေးခဲ့တယ်။
ဒီလူကပဲ နာကျင်မှုတွေ ပေးခဲ့တယ်။
ဒီလူကပဲ ဒဏ်ရာတွေ ပေးခဲ့တယ်။
ဒီလူကပဲ မျက်ရည်တွေ ပေးခဲ့တယ်။
ဒါပေမဲ့ ကျွန်တော်ကတော့ အခုချိန်ထိ အမှတ်မရှိသေးဘဲ သူ့ကို ဖက်တွယ်ထားမိနေတုန်းပဲ။
ဒီလူသားကို ... လေးဆက်ရိပ်သွင်ဆိုတဲ့ လူသားကို ... ။
ပျော်ရွှင်မှုတွေ ပေးသည်ဖြစ်စေ၊ ဝမ်းနည်းမှုတွေ ပေးသည်ဖြစ်စေ ကျွန်တော်ကတော့ ဒီလူ့ကိုပဲ ဆက်ပြီးမျှော်လင့်နေဦးမှာပဲ။
တဖြည်းဖြည်းပျောက်ကွယ်သွားသည့် ကျောပြင်လေးကို တမြေ့မြေ့ငေးမောကြည့်ရင်း ... ။
မှုန်ပျပျအရိပ်ငယ်လေးဟာ သူ့ကို ကျောခိုင်းကာ ဆန့်ကျင်ဘက်အရပ်ဆီသို့ ထွက်ခွာသွားခဲ့သည်။
ဒီလိုပါပဲ ... ။
သူတို့နှစ်ယောက်ရဲ့တစ်ဖက်သတ်ပုံပြင်မှာတော့ ကိုကိုက အရင်ဆုံး ထွက်ခွာသွားတတ်တဲ့လူ ... ။
သူကတော့ အမြဲတမ်းချန်ရစ်ခံရပြီး အဝေးကနေပဲ ငေးကြည့်နေရတဲ့ဘက်ကပေါ့ ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
“ ဈာန် ”
“ ပြော ... ”
ဈာန်ရောင်ခ ကားမောင်းနေရသည့်အတွက် ဇင်ဇင်ကို လှည့်မကြည့်ဘဲ ထူးလိုက်သည်။
“ ခုနက လေးဆက် ကားနားရောက်လာတာကို နင် တွေ့လိုက်တယ်မလား ”
“ အင်း ”
“ သူက နင့်ကို ကျေးဇူးတင်တယ်လို့ ပြောခိုင်းလိုက်တယ် ”
“ ဘာလို့လဲ ”
“ မနေ့က သူ့ချစ်သူကို အိမ်အထိ လိုက်ပို့ပေးခဲ့လို့တဲ့ ... မနေ့က အဲဒီတစ်ယောက်ပြန်တဲ့အချိန်က နောက်ကျနေတော့ လေးဆက်က အရမ်းစိုးရိမ်နေတာ ... ဒါပေမဲ့ သူ့ကို ငါတို့ ပြန်လိုက်ပို့ပေးတယ်ဆိုတာကို သိလိုက်ရတော့မှ လေးဆက်လည်း စိတ်ချသွားတာတဲ့ ... အဲဒါကြောင့် ကျေးဇူးတင်စကားလာပြောတာ ”
ဟား ... ခင်ဗျားကတော့ တစ်ချက်ဆို ဆိုသလောက် ဓားနဲ့ ထိထိမိမိကို ထိုးတော့တာပဲ။
“ အစကတော့ သူလည်း နင့်ကို လူကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်မလို့ပဲ ... ဒါပေမဲ့ နင် သူ့ကို လူလုံးမပြချင်ဘူးထင်လို့ ငါ ငြင်းလိုက်တယ် ”
“ အင်း ... ကောင်းပါတယ် ”
ဒီလိုပဲ ဖြစ်သင့်တာပါပဲလေ။
9:45 P.M
27.6.2021 ( Sunday )