ဒီနေ့က တက္ကသိုလ်ကျောင်းသူဘဝရဲ့ပထမဦးဆုံး စာမေးပွဲနေ့ရက်ဖြစ်သောကြောင့် သဇင်ဥတစ်ယောက် အရမ်းကို စိတ်လှုပ်ရှားနေမိသည်။
စာမရတာလည်း မဟုတ်ဘဲနဲ့ အလကားနေရင်းကို ရင်တုန်နေတာက ထူးဆန်းသည်။ တစ်ခုတော်သေးသည်က တက္ကသိုလ်ပထမနှစ်များအနေနှင့် ယခုလို ပထမဆုံးရက်တွင် ဖြေရမှာက အဓိကမေဂျာဘာသာရပ်များမဟုတ်ဘဲ မြန်မာစာဖြစ်နေခြင်းပင်။
နို့မို့ဆို ခက်ခဲလှသည့် မေဂျာဘာသာများကို ထိုင်နွေးနေရတာနှင့်ပင် ရင်တုန်ချိန်ရှိလိုက်မှာမဟုတ်။ အခုက မြန်မာစာဆိုတော့ စာမေ့သွားရင်တောင် ရမ်းရွှီးရုံသာ။
ကျောင်းသို့ သွားခါနီး လိုအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသားကတ်အစရှိသည်တို့ လွယ်အိတ်ထဲ ပါ၊ မပါ တစ်ချက်ပြန်စစ်ဆေးပြီးနောက် အိမ်ရှေ့သို့ ထွက်လာခဲ့လိုက်သည်။
ဆင်ဝင်အောက်သို့ ဇင်ဇင် ခြေချရုံပင် ရှိသေး။
ပွမ် ! ပွမ် ! ပွမ် !
“ ဟဲ့ ! ပလုတ်တုတ် ! ဘာလဲဟ ... လန့်လိုက်တာ ”
လူက စာမေးပွဲကြောင့် ရင်တုန်နေသဖြင့် ဘယ်အချိန်ကတည်းက ဆင်ဝင်အောက်၌ ထိုးရပ်ထားမှန်းမသိသည့် ကားနက်ပြာလေးကိုလည်း မမြင်မိလိုက်ပေ။
ထို့အပြင် ရုတ်တရက်ကြီးထွက်ပေါ်လာသည့် ကားဟွန်းတီးသံအကျယ်ကြီးကြောင့် ဇင်ဇင်တစ်ယောက် ကျက်ထားသည့် စာတွေကိုပါ မေ့တေ့တေ့ဖြစ်သွားသည်။
“ တက် ! ”
ထိုစဉ် ကားမှန်ကို ဖွင့်ကာ တစ်ခွန်းတည်းသောစကားကို ခပ်တည်တည်ဆိုလာသူက ဈာန်ရောင်ခ ... ။
ဒင်းမျက်နှာကို မြင်လိုက်ရကတည်းက ဇင်ဇင် စိတ်တွေ ရှုပ်ထွေးသွားရသည်။
ဒီကောင် မနက်အစောကြီး ဘာလာလုပ်ရပြန်တာလဲ။
မဟုတ်မှလွဲရော အန်ကယ်လေးနဲ့ ရန်ဖြစ်လာပြန်ပြီလား။
ဇင်ဇင် လက်မှာ ပတ်ထားသည့် နာရီကို ငုံ့ကြည်မိတော့ အချိန်က မနက် ၇နာရီစွန်းစွန်းမျှသာ ရှိသေးသည်။
စာမေးပွဲက ရှစ်နာရီခွဲမှ စဖြေရမည်ဖြစ်သော်ငြား သူငယ်ချင်းများနှင့် ဟီလာတိုက်လေပစ်ချင်သေး၍ ဇင်ဇင် အိမ်ကနေ စောစောကြိုထွက်ခဲ့ခြင်းဖြစ်သည်။
အခုလို မနက်စောစောမှာတော့ ဒင်း အန်ကယ်လေးနဲ့ ရန်မဖြစ်လောက်ဘူးလို့ ထင်ရတာပဲ။
ထင်ရတာပဲလေ။ အတိအကျတော့မပြောနိုင်။
ဈာန်ရောင်ခအကြောင်း ဘယ်သူသိဝာာမှတ်လို့ ... ။
“ မတက်ဘူးလား ”
“ ငါ စာမေးပွဲသွားဖြေရမှာ ဈာန် ”
“ သိတယ် ... တက် ! ငါ လိုက်ပို့ပေးမယ် ”
ထိုစကားတစ်ခွန်းကြောင့် ဇင်ဇင် မျက်လုံးပြူးသွားသည်။
ဘုရားရေ ! ဈာန်ရောင်ခက သူ့ကို ကျောင်းလိုက်ပို့ပေးမယ်တဲ့။
တကယ့်ကို ထူးခြားဆန်းကြယ် မယုံနိုင်စရာဖြစ်အင်ပါပဲလား။
ဇင်ဇင် ကိုယ့်လက်ကိုယ် ပြန်ဆွဲဆိတ်ကြည့်မိတော့ နာသား။
ဒါဆိုရင် သေချာသည်။ အိပ်မက်တော့ မဖြစ်နိုင်။
“ တက်လေ ! နင် ကားပေါ် မတက်သေးဘဲ ဘာရပ်လုပ်နေတာလဲ ”
ဈာန့်ထံမှ စိတ်မရှည်တော့သည့်ဟန် ဘောက်ဆတ်ဆတ်အသံကြားမှ လူက အသိပြန်ဝင်လာသည်။
“ ဈာန် နင် ငါ့ကို တကယ်ကြီး ကျောင်းလိုက်ပို့ပေးမှာလား ... ပေါက်ကရတွေတော့ လျှောက်မလုပ်နဲ့နော် ... ငါ ရှစ်နာရီခွဲဆို စာမေးပွဲဖြေရမှာ ... လုံးဝအကျမခံနိုင်ဘူး ... တစ်ဘာသာကျတာနဲ့ တစ်နှစ်အောက်ရမှာ ”
ဟုတ်တယ်လေ။ သေချာအောင်တော့ မေးကြည့်ရမှာပဲ။ စာမေးပွဲဆိုတာ ကိုယ် အားတဲ့အချိန်ကျမှ ပြန်သွားဖြေလို့ မရတာ။
ပုံမှန်တက္ကသိုလ်စာမေးပွဲဆိုတာ နာရီဝက်ခန့်သာ နောက်ကျခွင့်ရှိသည်။ အဲဒီထက် နောက်ကျမယ်ဆိုရင်တော့ဖြင့် စာမေးပွဲဖြေဆိုခွင့်မရှိတော့ဘဲ ကျရှုံးသည်ဟု သတ်မှတ်ခံရပေလိမ့်မည်။
ဇင်ဇင်ရဲ့မယုံကြည်သလို မေးခွန်းကြောင့် ဈာန်က စိတ်ရှုပ်ထွေးစွာဖြင့်
“ ကျစ် ! နင့်ကို ငါက ဘာလုပ်မယ်လို့ ထင်နေတာလဲ ဇင်ဇင် ”
“ မသိဘူးလေ ... နင်က မပြောစဖူး ထူးထူးခြားခြား ကျောင်းလိုက်ပို့မယ်လို့ ပြောတာကိုး ”
“ ဇင်ဇင် နင် အရမ်းလျှာရှည်တာပဲဟာ ... တက်မှာလား ! မတက်ဘူးလား ! ”
ဈာန့်စကားများက တဖြည်းဖြည်းမာကြောလာသဖြင့် ဇင်ဇင်လည်း အလျင်စလိုဆုံးဖြတ်ကာ
“ အေးပါဟဲ့ ! တက်ပါ့မယ် ... တကတည်းမှပဲ ... ဘယ်လိုဖြစ်လို့ လောနေရတာလဲ ”
ကားတံခါးကို ဆွဲဖွင့်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားသဖြင့်
“ ဒါနဲ့ ဈာန် နင် ဒီမှာ ခဏစောင့်နေဦး ... နင် ငါ့ကို လိုက်ပို့မယ်ဆိုတဲ့အကြောင်း မေမေ့ကို သွားပြောလိုက်ဦးမယ် ”
ထိုကဲ့သို့ ပြောပြီး ကျောပေးလိုက်ရုံတင် ရှိသေး။ ထပ်မံကြားလိုက်ရသည်က
“ အပြန်လည်း ငါပဲ လာကြိုပေးမယ် ”
ဈာန် လှမ်းပြောလိုက်သည့် စကားတစ်ခွန်းကြောင့် အိမ်ထဲသို့ ပြန်လှည့်ဝင်ခါနီး ဖြစ်နေသည့် ဇင်ဇင်ရဲ့ခြေလှမ်းများက ရပ်တန့်သွားရသည်။
ဘုရားရေ ! တကယ်ပဲ လောကကြီးက ဘာတွေဖြစ်ကုန်တာလဲ။
“ စာမေးပွဲပြီးတဲ့အထိ ... ”
“ ဟမ် ! ဈာန် နင် ဘာပြောလိုက်တာလဲ ”
“ စာမေးပွဲပြီးတဲ့အထိ ငါ နင့်ကို အကြိုအပို့လုပ်ပေးမယ် ”
ဇင်ဇင့်ခြေထောက်များတောင် မတ်မတ်မရပ်နိုင်တော့ဘဲ ပျော့ခွေသွားတော့မယောင် ခံစားနေရသည်။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။
ဈာန်ရောင်ခ ... ငါ့မောင်လေး လူစားထိုးခံလိုက်ရတာလား။
အန်ကယ်လေးနဲ့ ရန်ဖြစ်တာများပြီး ဘရောင်ချိန်းသွားတာများလား။
ဒုက္ခပါပဲ။ အန်ကယ်လေးမှာက မျိုးဆက်ဆိုလို့ သူတစ်ယောက်ပဲ ရှိတော့တာလေ။
“ ကျစ် ! ”
သူ့ကို မျက်လုံးကြီးပြူးပြီး စိုက်ကြည့်နေသည့်ဇင်ဇင်ကို ကြည့်ရင်း ဈာန်ရောင်ခတစ်ယောက် သူ့ကိုယ်သူသာ အပြစ်တင်မိတော့သည်။
တစ်သက်လုံး မလုပ်ဖူးသည့် အလုပ်များကို ရုတ်တရက်ထလုပ်နေမှတော့ တခြားလူများက သူ့ကို ရူးနေပြီလားဟု ထင်ကြတော့မည်မှန်းလည်း သူ သိသည်။
သို့ပေမဲ့လည်း အဲဒီလိုမှ မလုပ်ရင် ဟိုလူနှင့် ပြန်ဆုံဖြစ်ဖို့က မလွယ်ကူပေ။
အဲဒီတော့လည်း ရှေ့မျက်နှာ နောက်ထားကာ လုပ်ချင်ရာကိုသာ ဗွင်းဗွင်းရှင်းရှင်း လုပ်ရတော့မည်ပင်။
“ နင် ဒီတစ်သက် စာမေးပွဲသွားဖြေဦးမှာလား ဇင်ဇင် ”
“ ဟင် ! အေးပါ ... အေးပါ ... ခဏစောင့် ... ”
ဇင်ဇင်က အထဲကို လှစ်ခနဲပြန်ဝင်သွားပြီး သုံးမိနစ်လောက်အကြာမှာ ပြန်ထွက်လာသည်။
ဒီတစ်ခါတော့ ဇင်ဇင်တစ်ယောက်တည်းမဟုတ်တော့။ ဇင်ဇင့်ဘေးနားကနေ ကြီးကြီးမေပါ ကပ်ပါလာသည်ကို တွေ့လိုက်ရသဖြင့် ဈာန်ရောင်ခ စိတ်ညစ်သွားမိသည်။
သူ့ကို ကြီးကြီးမေက ဘာတွေ ထပ်မေးမြန်းနေဦးမှာလဲ။
လူက အလျင်လိုနေရင် အရမ်းနှောင့်နှေးတတ်တာပဲ။
“ ဈာန် ... သားငယ်လေး ... ”
“ ဗျာ ! ကြီးကြီးမေ ”
“ အေးကွယ် ... မင်းအစ်မပြောတာ မယုံလို့ ကြီးကြီးမေ ကိုယ်တိုင်ထွက်ကြည့်တာ ... တကယ်ပဲ ဟုတ်နေတာကိုး ... ငါ့တူလေးတောင် လိမ္မာလာပြီပဲ ”
ဈာန်ရောင်ခ ကြီးကြီးမေကို မချိပြုံးသာ ပြုံးပြလိုက်ရသည်။ ကြီးကြီးမေကတော့ သူ့ရဲ့လိမ္မာရေးခြားရှိနေသည့် အပြုအမူကို သဘောကျ၍ထင့် ပျော်တပြုံးပြုံးနှင့် စကားတွေ ပြောနေသည်။
တဖြည်းဖြည်း အချိန်ကြာလာသောကြောင့် သူ ထပ်သည်းမခံနိုင်တော့သဖြင့် စကားစဖြတ်ဖို့ ဇင်ဇင်ကို မသိမသာ မျက်စပစ်လိုက်တော့ အထာနပ်နေသည့် ဇင်ဇင်ကလည်း
“ မေမေ နောက်မှပဲ စကားပြောတော့နော် ... ဇင်ဇင် စာမေးပွဲအချိန်နောက်ကျနေမှာ စိုးလို့ ... ”
“ အေး ... အေး ... သေချာဖြေခဲ့နော် သမီး ... သားငယ်လေးလည်း ကားကို ဖြည်းဖြည်းမောင်းနော် ... ကြားလား ”
“ ဟုတ်ကဲ့ ကြီးကြီးမေ ”
ဇင်ဇင် ကားပေါ်တက်ပြီးတာနှင့် သူလည်း ခြံဝင်းထဲကနေ ကားကို အလျင်စလိုမောင်းထွက်လိုက်ပြီး ပြည်လမ်းရှိရာဘက်သို့ ဦးတည်လိုက်သည်။
“ ဈာန် နင် ငါတို့ကျောင်းကိုတော့ သိတယ်မလား ”
“ YUFL လေ ... ငါ သိတယ် ... နင်သာ ပါးစပ်ပိတ်ထား ... ”
မသိရင် စေတနာနဲ့ ပြောပြမလို့ကို အဟောက်ခံလိုက်ရသဖြင့် ဇင်ဇင် ပါးစပ်လေးပိတ်သွားသည်။
ဘယ်လောက်ပဲ ဂျစ်ကန်ကန်အပြောခံရပါစေ ဇင်ဇင်ဆိုသည်ကလည်း သိချင်တာကိုဆို မရရအောင် မေးလိုက်ရမှ ... ။
“ ဒါနဲ့ ဈာန် နင့်မှာ ကားမောင်းလိုင်စင်ရော ရှိရဲ့လား ”
“ အသက်မပြည့်သေးလို့ မလုပ်ရသေးဘူး ... ဘာဖြစ်လို့လဲ ”
ဪ ... ကားမောင်းလိုင်စင်မရှိသည့် မောင်ငယ်ရဲ့လက်ထဲ သူ့အသက်ကို ဝကွက်အပ်ပြီး လိုက်စီးနေရတာပါလား။
ဇင်ဇင် ကားခါးပတ်ကိုသာ မြဲမြံအောင် သေချာပတ်လိုက်ကာ ဘုရားစာများကို ခပ်တိုးတိုးရွတ်ဆိုပြီး ကျောင်းသို့ အဆင်ပြေပြေ ချောချောမွေ့မွေ့ရောက်ဖို့အတွက် ဆုတောင်းနေမိသည်။
ဈာန်က ကားမောင်းနေရင်း ဇင်ဇင် ဖြစ်ပျက်နေပုံကို ရိပ်မိသွားတော့ ဘေးကို စောင်းငဲ့ကြည့်လာကာ
“ ပူမနေနဲ့ ဇင်ဇင် ... နင် မသေနိုင်ဘူး ... ငါ ဆယ့်လေးနှစ်သားကတည်းက ကားမောင်းလာတာ ... သေမယ်ဆို ငါ အရင်ဆုံး သေနေလောက်ပြီ ”
ထိုကဲ့သို့ပြောလိုက်တော့မှ ဇင်ဇင်လည်း စိတ်ချသွားသည့်နှယ် သက်တောင့်သက်သာဖြစ်သွားတော့သည်။
ကျောင်းနားရောက်ခါနီး မီးပွိုင့်မိနေတဲ့အချိန်မှာ ဈာန်က မထင်မှတ်ထားသည့် မေးခွန်းတစ်ခုကို ထုတ်မေးလာသည်။
“ ဒါနဲ့ ဇင်ဇင် နင်တို့ ကျောင်းထဲ အပြင်လူဝင်လို့ရလား ”
“ မရဘူး ... ငါတို့တောင် ကျောင်းသားကတ်မပါရင် လက်မှတ်ထိုးပြီးမှ ဝင်ရတာ ... YUFL က အရမ်းစည်းကမ်းကြီးတယ် ”
“ ဪ ... ဒါဆို ငါ နင့်ကို ဘယ်မှာချပေးရမလဲ ... နင့်သူငယ်ချင်းတွေရော ဘယ်မှာစောင့်နေမယ်လို့ ပြောလဲ ”
“ သူတို့ကတော့ ကျောင်းကန်တင်းမှာပဲ စောင့်နေလိမ့်မယ်ထင်တယ် ”
ခေါင်းတညှိမ့်ညှိမ့်ဖြစ်နေသည့် ဈာန့်ပုံစံက တစ်စုံတစ်ခုကို သေချာတွေးတောနေသည့်နှယ် ... ။
ထိုစဉ် ဖုန်းသံမြည်လာသည့်အတွက် ဇင်ဇင်လည်း အိတ်ထဲ လိုက်ရှာစမ်းကာ ကြည့်မိတော့ ခေါ်ဆိုနေသူက လေးဆက်ရိပ်သွင် ... ။
“ ဟဲလို ! လေးဆက် ! အင်း ... ပြော ... ”
ထိုလူ့အကြောင်း စိတ်ရောက်ကာ တွေးတောနေစဉ်မှာပင် နာမည်လေးကို နားစွန်နားဖျားကြားလိုက်ရသဖြင့် ဈာန်ရောင်ခရဲ့ခန္ဓာကိုယ်က သတိအနေအထားဖြစ်သွားသည်။
အဲဒီနောက်မှာတော့ စတီရာတိုင်ကို ကိုင်ထားသည့် သူ့လက်များကလည်း ဘာကြောင့်မှန်းမသိဘဲ တဖြည်းဖြည်းအေးစက်လာသည်။
နှလုံးခုန်သံ တဒိတ်ဒိတ်ကလည်း အရင်ကနှင့်မတူဘဲ တမူခြားနားစွာ ... ။
“ ငါလား ... ငါ အခု မီးပွိုင့်မိနေလို့ ... လှည်းတန်းမီးပွိုင့်မဟုတ်ဘူး ... ကျောင်းနားကမီးပွိုင့် ... ”
“ အေး ... နင်ရော အခု ဘယ်ရောက်နေပြီလဲ ... ဪ ... ကန်တင်းမှာလား ... ကျန်တဲ့လူတွေရော မရောက်သေးဘူးလား ”
လေးဆက်ဆိုသည့် နာမည်လေးကို ကြားလိုက်ရုံနဲ့တင် ထိန်းချုပ်မရသည့် မသိစိတ်ကြောင့် သူ ဇင်ဇင်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေမိသည်။
ထို့အပြင် ဇင်ဇင်တို့နှစ်ဦး ဘာတွေများ ပြောနေကြသလဲ၊ အထူးသဖြင့် ဟိုလူ့ဘက်က ဘာများပြောလိုက်သလဲဆိုတာကို ပိုသိချင်လာသဖြင့် မသိမသာနားစွင့်ထားလိုက်သည်။
ဇင်ဇင်က ဖုန်းပြောနေတာကိုပဲ အာရုံရောက်နေသဖြင့် သူ ဖြစ်ပျက်နေတာကို မရိပ်မိတာ ကံကောင်းသည်ဟုပင် ဆိုရမည်။
“ ဒါဆို နင်တစ်ယောက်တည်းပဲပေါ့ ... အေး ... အေး ... ပြီးရော ... ငါ လာခဲ့မယ် ... ခဏလေးပဲ စောင့် ... ခဏနေဆို ငါ ကျောင်းကို ရောက်ပြီ ... ဒါပဲနော် လေးဆက် ”
ဇင်ဇင် ဖုန်းချလိုက်တော့မှ သူလည်း ကိုယ်ရှိန်သတ်ကာ ဟန်ကိုယ်ဖို့ဆိုသလို
“ ဘယ်သူဆက်တာလဲ ”
မဟုတ်တာ လုပ်ထားသလိုမျိုး စိတ်မလုံမှုကြောင့် သူ့လေသံကတော့ အနည်းငယ် တုန်ရင်နေသည်။
“ ဪ ... လေးဆက်ပါ ... သူ ကျောင်းမှာ ရောက်နေပြီဆိုတာကို ဖုန်းလှမ်းဆက်တာ ... နင် သူ့ကိုတော့ မှတ်မိတယ်မလား ... ဟိုနေ့က နင့်ကို လက်ဆောင်ပေးသွားတဲ့ တစ်ယောက်လေ ”
“ အင်း ... သိတယ် ”
သူ ဆက်မေးချင်သည့် အကြောင်းအရာတွေက အများကြီးရှိနေပေမဲ့လည်း အရမ်းသိသာသွားမှာစိုးသဖြင့် သိပ်မမေးရဲပေ။
နောက်ဆုံးတော့လည်း ဘာလိုလိုနဲ့ ကျောင်းကို ရောက်လာခဲ့ပြီ။
ကျောင်းဝင်ပေါက်ရှေ့မှာ ကားကို ရပ်ပေးလိုက်တော့ ဇင်ဇင်က ခပ်သွက်သွက်ဆင်းရင်း
“ ကျေးဇူးပဲ ဈာန် ... နေ့လယ် နင် လာကြိုမယ်ဆိုရင် ဒီမှာ လာမစောင့်နဲ့နော် ... ဒါက ဝင်ပေါက် ... ထွက်ပေါက်က သက်သက်တစ်နေရာမှာ ရှိတယ် ... ဟိုးဘက်မှာ တွေ့လား ... အဲဒီနေရာမှာ ကားထိုးပြီး စောင့်နေလို့ရတယ် ”
“ ဘယ်အချိန် လာကြိုရမှာလဲ ”
“ စာမေးပွဲက သုံးနာရီတောင် ဖြေရမှာဆိုတော့ ဆယ့်တစ်နာရီခွဲမှ ပြီးမှာ ... နင် အဆင်ပြေလောက်မယ့်အချိန် လာစောင့်လိုက်လေ ... ရောက်ရင်လည်း ကားကို ဘယ်နားမှာရပ်ထားတယ်ဆိုတာ ငါ့ကို တစ်ချက်ဖုန်းဆက်ဦး ”
“ အေး ”
“ ဒါဆိုရင် ငါ သွားပြီနော် ချစ်မောင်လေး တာ့တာ ”
ဇင်ဇင်က သူ့ကို လက်ပြနှုတ်ဆက်ရင်း ကျောင်းထဲဝင်သွားသည်။
သို့သော် သူကတော့ ပြန်ဖို့စိတ်ကူးမရှိသေးသဖြင့် နေရာလွတ်တစ်ခုတွင် ကားထိုးရပ်လိုက်ကာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ဟု အမည်တွင်သည့် ကျောင်းတော်ကြီးအား မမှိန်မသုန်စိုက်ကြည့်နေမိသည်။
သူ အရမ်း အရမ်းကို တွေ့ချင်နေသည့် တစ်စုံတစ်ယောက်က ထိုကျောင်းတော်ကြီးအတွင်း နေရာတစ်နေရာတွင် ရှိနေသည်မဟုတ်ပါလား။
အခုချိန်လောက်ဆို ထိုလူ ဘာများလုပ်နေမလဲဆိုသည့် အကြောင်းအရာများက သူ့အတွေးအာရုံထဲမှာ တောင်စဉ်ရေမရ ပျံ့လွင့်နေသည်။
ခဏအကြာမှာတော့ သူလည်း အဲဒီနေရာနားကနေ ကားကို တရွေ့ရွေ့မောင်းထွက်လာလိုက်သည်။
ထိုလူရဲ့မျက်နှာလေးများ မြင်ခွင့်ရမလားဟူသည့် မျှော်လင့်ချက်လေးဖြင့် အရဲစွန့်လိုက်ပို့မိတာ နောက်ဆုံးတော့လည်း အသံလေးတောင် မကြားလိုက်ရဘဲ အချည်းနှီးဖြစ်သွားခဲ့လေသည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
နာရီကို မကြာခဏငုံ့ကြည့်နေမိသည့် သူ့အဖြစ်က တကယ့်ကို မျောက် မီးခဲကိုင်ထားသလိုပင် ထိုင်မရ ထမရဖြစ်နေသည်။
၁၂နာရီကို ၁၅မိနစ်စွန်းသွားတာတောင် ဇင်ဇင်က အခုချိန်ထိ ကျောင်းထဲကနေ ထွက်မလာသေးပေ။
သူ့မှာတော့ ၁၁နာရီခွဲကတည်းက ကျောင်းထွက်ပေါက်နားမှာ ကားထိုးရပ်ပြီး စောင့်နေလိုက်ရတာ။
ဖုန်းဆက်တော့လည်း ဇင်ဇင်က ဖုန်းမကိုင်သဖြင့် ကားရပ်ထားသည့်နေရာအကြောင်းကိုသာ မက်ဆေ့ခ်ျပို့ထားလိုက်ရသည်။
နွေရာသီ နေအပူရှိန်က အင်မတန်မှ ပြင်းထန်လွန်းသောကြောင့် အပြင်မှာလည်း ထွက်မစောင့်ချင်တော့သဖြင့် ကားထဲမှာသာ ထိုင်နေလိုက်သည်။
စာမေးပွဲဖြေပြီး၍ ကျောင်းထဲမှ ထွက်လာသည့် လူများလည်းရှိနေသလို ဖယ်ရီကားများပေါ်မှဆင်းကာ ကျောင်းဝင်ပေါက်ရှိရာဆီသို့ ဦးတည်သွားနေကြသည့် လူများလည်း အများအပြား ... ။
ပျင်းပျင်းရှိသည်နှင့် ကားပေါ်မှာ သီချင်းနားထောင်နေရင်း ထိုလှုပ်ရှားသွားလာနေကြသည့် တက္ကသိုလ်ကျောင်းသားကျောင်းသူများအား ကြည့်ကာ ဒီလိုတက္ကသိုလ်ကျောင်းသားဘဝကြီးက သူနဲ့ ဘာမှမဆိုင်သလို ခံစားနေရသည်။
ဆယ်တန်းပြီးသည်နှင့် နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့အတွက် ဒယ်ဒီက အစအဆုံးကြိုတင်စီစဉ်ပေးထားသည်။ ပြောရမည်ဆိုလျှင် သူ့အတွက် မြန်မာပြည်မှာနေထိုင်ဖို့ အခွင့်အရေးက တစ်နှစ်မျှသာ ကျန်ရှိတော့သည်။
အရင်ကတော့ “ နိုင်ငံခြားမှာ ကျောင်းသွားတက်ဆိုတော့လည်း တက်တာပေါ့ ... ဘာပဲပြောပြော ဒီမှာ ဆက်နေလည်း ငါ ခင်တွယ်ရတဲ့ လူမှမရှိတာ ”ဟု တွေးခဲ့မိပေမဲ့ ယခုအခါမှာတော့ သူ့စိတ်များက တဖြည်းဖြည်း နောက်ကျိလာနေပြီဖြစ်သည်။
ဒီမြေ ဒီရေပေါ်က ခဏလေးတောင် ထွက်မသွားချင်တော့ပေ။ ထို့အပြင် ဒီတက္ကသိုလ်မြေ၏နွေးထွေးသည့် အရိပ်အငွေ့ကိုလည်း ခိုလှုံချင်လာမိသည်။
အဲဒါမှ ဟိုလူနှင့် အနီးဆုံးနေရာမှာ နေနိုင်မည်မဟုတ်လား။
ဒေါက် ! ဒေါက် !
“ ဈာန် ”
အတွေးလွန်နေစဉ် ကားမှန်ကို လာခေါက်သံကြားလိုက်ရသဖြင့် လှည့်ကြည့်မိတော့ ဇင်ဇင် ... ။
အဲဒီနောက် ဇင်ဇင်က ကားတံခါးကို ဖွင့်ကာ ဘေးခုံမှာ ဝင်ထိုင်လာသည်။ သူကတော့ ဇင်ဇင့်ကို မကြည့်အားသေးဘဲ ဇင်ဇင့်နောက်ကနေ ဘယ်သူများ ထပ်ပါလာသေးလဲဆိုတာကို လှမ်းမျှော်ကြည့်မိပေမဲ့ သူ တွေ့ချင်နေသည့်လူကို မတွေ့ရသဖြင့်
“ ဇင်ဇင် နင် တစ်ယောက်တည်းလား ... နင့်သူငယ်ချင်းတွေရော ... ”
“ ဟမ် ! ငါ့သူငယ်ချင်းတွေလား ... သူတို့က ကန်တင်းထိုင်နေကြတုန်းပဲလေ ... ငါက နင့်မက်ဆေ့ခ်ျကို မြင်လိုက်လို့ ထွက်လာတာ ”
“ ဒါဆို သူကရော အထဲမှာလား ”
အဲဒီမေးခွန်းကိုကြားတော့ ဇင်ဇင်က မျက်မှောင်ကုပ်ကာ သူ့ဘက်ကို လှည့်ကြည့်လာပြီး
“ နင် ဘယ်သူ့ကို ပြောနေတာလဲ ဈာန် ”
သူ နည်းနည်းတော့ ဖြေရခက်သွားသည်။
ဇင်ဇင်များ ရိပ်မိသွားမလားလို့ စိုးရိမ်မိပေမဲ့ အခုချိန်က စာမေးပွဲကာလဖြစ်သဖြင့် ဇင်ဇင်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေက အရင်ကလို မြင့်မားနေမည်မထင်သောကြောင့် သူလည်း အရဲစွန့်ကာ
“ လေးဆက်ရိပ်သွင်ဆိုတဲ့ တစ်ယောက်လေ ”
“ ဪ ... လေးဆက်လား ... သူက ပြန်သွားတာ ကြာပြီ ”
ထိုစကားတစ်ခွန်းကြောင့် သူ ခဏတာ ငိုင်ကျသွားသည်။
“ ပြန်သွားပြီဟုတ်လား ... သူက ဘာလို့စောစောပြန်သွားရတာလဲ ”
“ အဲဒါတော့ ငါလည်း ဘယ်သိပါ့မလဲ ”
သူ့အမေးကို ပြန်ဖြေရင်း ဇင်ဇင်က လက်ထဲမှာ ကိုင်လာသည့် အအေးကို တစ်ချက်စုပ်သောက်လိုက်ကာ အနားယူနေသည်။
သို့ပေမဲ့ အိမ်ပြန်ဖို့အရေး သူက တုပ်တုပ်မျှမလှုပ်သည်ကို တွေ့တော့
“ ဟဲ့ ! ဈာန် နင် မသွားသေးဘူးလား ... ငါ အိမ်ရောက်ချင်နေပြီ ”
ထိုအခါကျမှ သူလည်း ကားစက်နှိုးကာ ပြန်လမ်းဆီ ဦးတည်လိုက်သည်။
ကားမောင်းနေသည့် လမ်းတစ်လျှောက်လုံးမှာ ဇင်ဇင့်ထံမှ လေးဆက်ရိပ်သွင်ဆိုသည့်လူအကြောင်း ဘယ်လိုအစ်ထုတ်ရမလဲဆိုတာကို အမျိုးမျိုးကြံဆတွေးတောနေမိသည်။
လှည်းတန်းမီးပွိုင့်မိနေချိန်မှာတော့ အအေးသောက်လိုက်၊ သီချင်းငြီးလိုက်ဖြင့် သာယာနေသည့် ဇင်ဇင့်အား
“ ဇင်ဇင် ”
“ ဘာလဲ ”
“ သူက ဘာနဲ့ပြန်တာလဲ ”
ရုတ်တရက်ဆန်သည့် အမျိုးအမည်မသိမေးခွန်းကြောင့် ဇင်ဇင်က မျက်လုံးလေးပေကလပ်ပေကလပ်နှင့် အူကြောင်ကြောင်ဖြစ်နေရှာသည်။
“ ဟမ် ! ဘယ်သူလဲ ”
“ ခုနကပြောတဲ့ တစ်ယောက် ... ”
“ ဪ ... လေးဆက်က ဘတ်စ်ကားနဲ့ ပြန်တာ ... သူ ပြန်သွားတာဖြင့် နာရီဝက်လောက်ရှိနေပြီဆိုတော့ အခုချိန်လောက်ဆို အိမ်ပြန်ရောက်ပြီး တရေးတမောတောင် အိပ်နေလောက်ပြီ ”
“ သူ့အိမ်က ကျောင်းနဲ့နီးလို့လား ”
“ မြေနီကုန်းတင်ဆိုတော့ နီးတယ်လို့ပြောရမှာပေါ့ ”
“ ဒါဆို နောက်နေ့ သူ့ကိုပါ ဝင်ကြိုပို့လို့ရတာပဲ ... လမ်းကြောလည်း သင့်နေတာဆိုတော့ ... ”
ဈာန်ရောင်ခ ပြောပြီးပြီးချင်းမှာ ဇင်ဇင့်လက်ဖဝါးက သူ့နဖူးကို ဖျတ်ခနဲလာကပ်သွားသည်။
ဇင်ဇင့်အကြည့်များက တစ်ခုခုကို စိုးရိမ်နေသလိုလိုနှင့် ... ။
သူ ဇင်ဇင့်လက်ကို ပုတ်ချလိုက်ကာ
“ နင် ဘာလုပ်တာလဲ ဇင်ဇင် ”
ဇင်ဇင်က သူ့ထံမှ အကြည့်မလွှဲသွားသေးဘဲ
“ နင် နေရောကောင်းရဲ့လား ဈာန် ”
ဒီတစ်ခါ မျက်မှောင်ကုပ်သွားရသူကတော့ ဈာန်ရောင်ခ ... ။
“ ငါက ဘာဖြစ်နေလို့လဲ ”
“ မသိဘူးလေ ... နင်က ဒီနေ့မှ မလုပ်စဖူး အပြုအမူတွေလုပ်ပြီး ထူးထူးခြားခြားစကားတွေပြောနေလို့ ... ”
အဲဒီအချိန်ကျတော့မှ ဈာန်ရောင်ခလည်း သူ့အမှားကို သူ ရိပ်မိသွားသည်။
“ မ ... မဟုတ်ပါဘူး ... ငါက ... ”
သူခိုး လူမိသွားသလို ထစ်အနေစဉ်မှာပင် ဇင်ဇင်က သူ့စကားကို ဖြတ်ပြောလာသည်။
“ လေးဆက်က ငါတို့နဲ့အတူ မလိုက်လောက်ဘူး ”
“ ဘာလို့လဲ ”
“ သူက အားနာတတ်တယ် ”
“ ဘာအားနာစရာလိုလဲ ... တမင်သက်သက်လိုက်ပို့နေတာမှ မဟုတ်တာ ... လမ်းကြုံနေလို့လေ ”
“ ပြီးတော့ သူက ... ”
“ သူက ဘာဖြစ်လဲ ”
“ သူစိမ်းကားဆို လိုက်စီးမှာမဟုတ်ဘူး ”
ထိုစကားကို ကြားလိုက်ရသည့်အခိုက်အတန့်တွင် စတီရာတိုင်ကို ဆုပ်ကိုင်ထားမိသည့် ဈာန်ရောင်ခ၏လက်များက တင်းကြပ်သွားပြီး အကြောစိမ်းများ ထောင်ထလာသည်။
“ သူစိမ်းကား ” ဆိုသည့်အသံက သူ့စိတ်အတွင်းဝယ် ဘောင်ဘင်ရိုက်ခတ်နေလျက်ရှိသည်။
ဟုတ်သားပဲ။ သူက ဒီလူ့အတွက် သူစိမ်းတစ်ယောက်ယောက်သာသာပဲ မဟုတ်လား။
အံကို တင်းတင်းကြိတ်လိုက်ပြီးနောက် တဖြည်းဖြည်းကွေးညွတ်သွားသည့် နှုတ်ခမ်းစွန်းတို့က ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပြီဖြစ်ကြောင်း ဖော်ပြနေသဖွယ် ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဈာန်ရောင်ခတစ်ယောက် တဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျစပြုလာချေပြီ။
ဒီနေ့က ဇင်ဇင်တို့စာမေးပွဲ နောက်ဆုံးရက်ဖြစ်သည်။ သို့သော် ဒီအချိန်ကာလတစ်လျှောက်လုံး သူ မြင်ချင်လွန်းလှသည့် မျက်နှာလေးကို တစ်ခါလေးတောင် မော်မဖူးခဲ့ရပေ။
နေ့တိုင်း ဇင်ဇင့်ကို ကျောင်းအကြိုအပို့လုပ်ပေးခဲ့ပေမဲ့ ထိုလူကို လုံးဝမတွေ့ခဲ့ရသည့်အခါမှာတော့ ဈာန်ရောင်ခတစ်ယောက် အလိုလိုနေရင်း ဘာကို စိတ်အလိုမကျမှန်းမသိ ဖြစ်လာခဲ့သည်။
တကယ့်ကို တစ်ခါလေးတောင်မှ မတွေ့ရသေးတာ။
စာမေးပွဲခြောက်ရက်တိတိ ဇင်ဇင့်ကို အကြောင်းပြပြီး သူ YUFL ကို ပုံမှန်ရောက်ဖြစ်ခဲ့သည်။
လာပို့သည့်အချိန်မှာပဲဖြစ်ဖြစ်၊ သွားကြိုသည့်အချိန်မှာပဲဖြစ်ဖြစ် ထိုလူကို တွေ့များ တွေ့နိုင်မလားဆိုပြီး ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်လုပ်ခဲ့ပေမဲ့ ထိုကိုယ်တော်ချောလေးကတော့ လုံးဝကို အရိပ်အယောင်ပေါ်မလာခဲ့ပေ။
သူကပဲ မျက်စိလျှမ်းတတ်တာလား။
သို့မဟုတ် ထိုလူကပဲ အပြေးကောင်းတာလား။
အမှန်တော့ သူ ကျောင်းထဲဝင်မရလို့သာပေါ့။
ကျောင်းထဲ ဝင်ရလို့ကတော့ သူကိုယ်တိုင် ကျောင်းဝင်းအနှံ့ပတ်ပြီး ထိုအပြေးကောင်းသည့်လူကို လိုက်ရှာနေမိမှာ ကျိန်းသေသည်။
ဒီနေ့တော့ ဇင်ဇင့်ကို လိုက်ပို့ပြီးကတည်းက အရင်နေ့တွေလို နောက်မှသက်သက်ပြန်လာကြိုမနေတော့ဘဲ ကျောင်းနားမှာပဲ ကားကို ထိုးရပ်ထားပြီး တစ်ယောက်သောလူကို စောင့်မျှော်နေမိသည်။
နာရီကို တစ်ချက်ငုံ့ကြည့်မိတော့ ၁၁နာရီထိုးဖို့ နာရီဝက်ပဲလိုတော့သဖြင့် ကျောင်းထွက်ပေါက်ဂိတ်နားမှာ မတ်တတ်ရပ်ပြီး ကိုယ်တိုင်ပဲ သွားစောင့်နေလိုက်သည်။
ခင်ဗျား တစ်နာရီထက်တော့ ပိုစောပြီး ထွက်မလာနိုင်လောက်ဘူးမလား လေးဆက်ရိပ်သွင် ... ။
မတ်လ နွေရာသီပူပူလောင်လောင်ကြီးမှာ ပြင်းထန်သည့်အပူရှိန်ကို ကြံ့ကြံ့ခံရင်း စောင့်နေစဉ်မှာပဲ ဖုန်းသံမြည်လာသည်။
ခေါ်ဆိုသူနာမည်ကို ကြည့်မိတော့ ဇင်ဇင်ဖြစ်နေသဖြင့် ဈာန်ရောင်ခ စိတ်ထဲ တစ်မျိုးဖြစ်သွားရသည်။
ဒီအချိန်ဆို ဇင်ဇင်က စာမေးပွဲ ဖြေနေရမှာမဟုတ်ဘူးလား။
“ ပြော ... ”
“ ဈာန်ရေ ... နင် အခု အိမ်မှာပဲလား ... ငါ မနက်က ပြောဖို့မေ့သွားလို့ဟယ် ....ဒီနေ့ စာမေးပွဲက နှစ်နာရီပဲဖြေရမှာဟ ... အဲဒါ ငါ အခု စာမေးပွဲဖြေပြီးလို့ ပြန်ဖို့လုပ်တော့မှ နင့်ကို မပြောရသေးမှန်း သတိရသွားတာ ... နင် ငါ့ကို လာခေါ်မလား ... ဒါမှမဟုတ် ငါ့ဟာငါ တက္ကစီငှားပြီး ပြန်လိုက်ရမလား ”
နားထဲမှာ တဝီဝီနှင့် အသံတစ်ခုကြားလိုက်ရသလိုမျိုး ... ။
ထို့နည်းတူ လူကလည်း မိုက်ခနဲတစ်ချက်ဖြစ်ကာ မူးဝေလာသည်။
ဒါဆို ဒီနေ့လည်း ဟိုလူကို မတွေ့ရတော့ပြန်ဘူးပေါ့။
ဘာလို့လဲ။
ဘာလို့ တစ်ခေါက်လောက် ပြန်တွေ့ဖို့အရေးက ဒီလောက်တောင်များ ခက်ခဲနေရတာလဲ။
“ ငါ နင်တို့ကျောင်းကို ရောက်နေပြီ ဇင်ဇင် ”
“ ဟယ် ! နင် အစောကြီးရောက်နေတာလား ... အေး ... အေး ... ဒါဆို ငါ ထွက်လာခဲ့မယ် ”
“ အင်း ”
စိတ်ပျက်မှုက လူတစ်ယောက်ကို အဲဒီလောက်ထိ ချုံးချုံးကျစေသည်လား။
မာန်တင်းထားရသည့် အားအင်တစ်ခုလုံး ဆုတ်ယုတ်သွားသလိုပင်။
ဇင်ဇင့်ကို အိမ်အထိ လိုက်ပို့ပေးပြီးသည့်တိုင် ဈာန်ရောင်ခရဲ့တွန့်ကျုံ့နေသည့် မျက်ခုံးတန်းနက်များက ပြေလျော့မသွားသေးပေ။
ဇင်ဇင်က ကားတံခါးဆီ လက်လှမ်းပြီးမှ သူ့ဘက်ကို လှည့်ကြည့်လာကာ
“ ဈာန် ”
“ ပြော ... ”
“ ငါ့ကို သဘက်ခါကျရင် ကျောင်းလိုက်ပို့ပေးဦးနော် ”
“ ကျောင်းကို ဘာသွားလုပ်မှာလဲ ... စာမေးပွဲက ပြီးသွားပြီမဟုတ်ဘူးလား ”
“ သူများတွေ ပြီးပေမဲ့ ငါတို့ကျောင်းက မပြီးသေးဘူးဟေ့ ... ဘာသာစကားတက္ကသိုလ်ဆိုတော့ Speaking Test, Oral ဖြေဖို့ကျန်သေးတယ် ... အဲဒါအတွက် သွားရမှာ ... ရေးဖြေလောက်တော့ သိပ်မကြာပါဘူး ... အပြန်ကျ နင် စောင့်နိုင်ရင် တစ်ခါတည်း စောင့်သွားလို့ရတယ် ... တကယ်လို့ နင် အဆင်မပြေဘူးဆိုရင်တော့ ငါ အိမ်ကကားနဲ့ပဲ သွားလိုက်မယ် ”
“ ပြေတယ် ... ပြေတယ် ... ဘယ်အချိန်လာခေါ်ရမလဲ ”
သူ့လေသံက အရမ်းအလောတကြီးနိုင်သွားသလားဆိုတာကိုတော့ မသိချင်ယောင်ဆောင်ထားလိုက်သည်။
“ ဒါဆို ငါ့ကို ၁၂ နာရီခွဲလောက် လာခေါ်ပေး ... နေ့လယ် တစ်နာရီ ဖြေရမှာဆိုတော့ ... ”
“ အေး ... ငါ လာခေါ်လိုက်မယ် ”
အိမ်ထဲ ပြန်ဝင်သွားသည့် ဇင်ဇင့်ကို ငေးကြည့်ရင်း သူ့ရင်ထဲမှာ မျှော်လင့်ချက်အလင်းရောင်လေးတစ်ခု ပေါ်ထွက်လာသလို ခံစားလိုက်ရသည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
နေ့လယ် ၂ နာရီခွဲခန့်အချိန်ဖြစ်သည်။
ကားနက်ပြာလေးအတွင်းမှ လူတစ်ယောက်ဟာ ကျောင်းတော်ကြီးဆီသို့ မှန်းမျှော်ကြည့်နေရင်း သက်ပြင်းမော ရှိုက်နေလျက် ... ။
စောင့်နေတယ် ... ။
စောင့်နေတယ် ... ။
စောင့်နေတယ် ... ။
ဒီစကားလုံးသုံးလုံးက အခုရက်ပိုင်းအတွင်း ဈာန်ရောင်ခရဲ့စိတ်ထဲ အတွေးအများဆုံးစကားလုံးများ ဖြစ်မည်ထင်သည်။
အဲဒီအချိန်ကတည်းက “ ငါ အမြဲ စောင့်နေရတော့မှာလား ” ဆိုသည့် အသိတရားလေးသာ ဝင်ခဲ့မိရင် အခြေအနေတွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သေးသည်။
အခုတော့ သူ့မှာ စောင့်ပြီးရင်း စောင့်နေရသည့် ဘဝ ... ။
ထိုစဉ် သူ့အကြည့်များက ကျောင်းထွက်ပေါက်ဂိတ်တံခါးဆီအရောက် ဖျတ်ခနဲ လှမ်းမြင်လိုက်ရသည့် ကျောပြင်လေးကြောင့် ဈာန်ရောင်ခရဲ့ခန္ဓာကိုယ်က မတ်ခနဲဖြစ်သွားကာ ထိုကျောပြင်လေးရှိရာဆီသို့ အလျင်စလို လိုက်ကြည့်မိသည်။
အဖြူရောင်ရှပ်အကျီလက်ရှည်ကို လက်တစ်ဝက် ခေါက်တင်ထားပြီး ပုဆိုးအနက်အကွက်စိပ်လေးကို ဝတ်ဆင်ထားသည့် ထိုလူရဲ့အသွင်ပုံစံက အလွန်အမင်းရှင်းသန့်နေသည်။
မျှော်လင့်ထားသည့်လူကို ရုတ်တရက်ဆန်စွာ တွေ့မြင်လိုက်ရသဖြင့် ထကြွလာသည့် အပျော်မီးတောက်များက ထိုကျောပြင်လေးရှိရာဆီ တဖြည်းဖြည်း ချဉ်းကပ်လာသည့် အရိပ်တစ်ခုကြောင့် ဟုတ်ခနဲ ငြိမ်းသက်သွားသည်။
ဘာလှုပ်ရှားမှုမှမရှိဘဲ လူသေတစ်ယောက်လို ငြိမ်သက်သွားသည့် ဈာန်ရောင်ခရဲ့အကြည့်တို့က ထိုကျောပြင်နှစ်ခုရဲ့အပြုအမူများဆီသို့ စူးစူးရဲရဲရောက်ရှိနေလေသည်။
ဒီလူက အခု ပျော်နေတာလား။
သူ့ဘေးနားက ကောင်မလေးဘက်ကို လှည့်ကာ တစ်ချက်တစ်ချက် စကားပြောလိုက်သည့်အချိန်တွင် မြင်နေရသည့် မျက်နှာတစ်ခြမ်းက အပြုံးများနှင့် ပြည့်နှက်နေသည်။
ခံရခက်လိုက်တာ ... ။
သူ့ကြောင့် မဟုတ်ဘဲ ဖြစ်ပေါ်လာသည့် အပြုံးနုနုတို့က နာကျင်စရာကောင်းလိုက်တာ ... ။
ရယ်မောလိုက်လို့ မြင့်တက်လာသည့် အဲဒီလူ့ရဲ့ပါးမို့လေးများကအစ သူ မလှုပ်မရှက် လိုက်ကြည့်နေမိသည်။
အဲဒီလူက ထိုကောင်မလေးရဲ့ပခုံးပေါ် လက်တင်လိုက်ပြီး ဆံနွယ်များကို နမ်းရှိုက်လိုက်သည့်အခါမှာတော့ ဈာန်ရောင်ခ ရင်ကွဲရတော့သည်။
ဆက်မကြည့်နိုင်တော့ပဲ မျက်နှာလွှဲပစ်လိုက်ရသည့်အထိ ... ။
သူ့မှာ ဒီမြင်ကွင်းကို ဆက်ကြည့်နိုင်ဖို့ အင်အားတစ်စက်မှ မရှိတော့ပေ။
အံကို တင်းတင်းကြိတ်ထားပြီး နှုတ်ခမ်းကို အားနှင့်ကိုက်ထားမိသောကြောင့် သွေးတို့တစိမ့်စိမ့်ထွက်လာသည့်အပြင် စူးခနဲအောင့်တက်သွားသည့် နှလုံးသားထဲမှ ခံစားမှုကြောင့် ဈာန်ရောင်ခရဲ့မျက်ဝန်းထဲ အရည်လဲ့လာရသည်။
အဲဒီလူရှိရာဆီသို့ တဖန်အားတင်းကာ ပြန်ကြည့်မိတော့ ဘယ်သူမှရှိမနေတော့။
ဒါ အမြင်မှားတာနေမှာပါ။
ခြောက်ရက်လုံးလုံး အရိပ်လေးတောင် မတွေ့ခဲ့ရသည့် အဲဒီလူကို ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်ဆိုတာ ဖြစ်နိုင်ပါ့မလား။
မဟုတ်ပါစေနဲ့လို့ အကြိမ်ကြိမ်အခါခါဆုတောင်းရင်း ကိုယ့်ကိုယ်ကို လိမ်ညာနေမိပြန်သည်။
ရူးမိုက်လိုက်တာ။
“ ဈာန် နင် အဆင်ပြေရဲ့လား ... နှုတ်ခမ်းက ဘာဖြစ်တာလဲ ”
ဘာတစ်ခွန်းမှ တုံ့ပြန်သံမကြားရသဖြင့် ဇင်ဇင် ပါးစပ်ကို အသာလေးပြန်ပိတ်ထားလိုက်သည်။
ဒါက လုံးဝ လုံးဝအခြေအနေမကောင်းတဲ့ လက္ခဏာပဲ။
တော်တော့်ကို ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ပုံစံ ... ။
ဘာတွေများ ဖြစ်နေလို့ပါလိမ့်။
အလာတုန်းကတောင် ဒီကလေးက သူနဲ့ ရယ်ရယ်မောမော စကားတွေ ပြောနေခဲ့သေးတာလေ။
“ ဆင်းတော့ ”
အိမ်ရောက်တာနဲ့ ချက်ချင်း ကားပေါ်က ဆင်းခိုင်းနေသည့် ကောင်လေး ... ။
ဒီမှာက ခါးပတ်တောင်မချွတ်ရသေးဘူး။
မြန်မြန်ဆန်ဆန် ကားပေါ်က ဆင်းလိုက်ပြီး အိမ်ထဲ ဝင်မည်အလုပ်
“ ဇင်ဇင် ”
ခေါ်သံကြားလို့ နောက်လှည့်ကြည့်မိတော့ ကားထဲကနေ ဇင်ဇင်ရှိရာဆီသို့ မှိုင်းညှို့နေသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်နေသော မောင်ငယ် ... ။
“ ငါ နင့်ကို မေးစရာရှိတယ် ”
လေသံက အရမ်းအေးစက်နေသည်။
ထို့နည်းတူ မျက်ခမ်းစပ်များကလည်း နီရဲနေသည်။
ဒါက မကြာခင် မုန်တိုင်းတိုက်တော့မည့် အရိပ်အယောင်ဖြစ်သည်။
“ အေး ... မေးလေ ”
“ လေးဆက်ရိပ်သွင်မှာ ချစ်သူရှိနေတာလား ”
ချစ်သူဆိုသည့်နေရာမှာ ဖိပြောလိုက်သည့် အေးစက်အက်ကွဲနေသော လေသံကြောင့် ဇင်ဇင်တောင် အနည်းငယ်ကြက်သီးထသွားရသည်။
“ ရှိ ... ရှိတယ်လေ ”
ထိုစကားလေးတစ်ခွန်း ပြောလိုက်ရုံပဲ ရှိသေး။
ခြံဝင်းထဲကနေ ကားကို အကြမ်းပတမ်းမောင်းထွက်သွားသည့် မောင်ဖြစ်သူကြောင့် ဇင်ဇင့်မှာ ပြာယာခတ်ကုန်သည်။
ဒီလိုပုံနဲ့မောင်းရင် ကားတိုက်မိတော့မှာပဲ။
အိတ်ထဲမှ ဖုန်းကို အလျင်အမြန်ထုတ်လိုက်ကာ အန်ကယ်လေးဆီ ဖုန်းဆက်ကြည့်ပြန်တော့လည်း ဖုန်းမကိုင်။
ကုမ္ပဏီဖုန်းကို ဆက်ပြန်တော့လည်း အန်ကယ်လေးက နိုင်ငံခြားရောက်နေသည်ဆိုသည့် သတင်းကိုသာ ကြားသိလိုက်ရသည်။
ဇင်ဇင့်မိဘများကို ပြောပြဖို့ရာကလည်း အခုချိန်မှာ တစ်ယောက်မှ အိမ်ထဲမှာ ရှိမနေပေ။
မောင်ငယ်အတွက် စိတ်ပူလွန်ပြီး ဇင်ဇင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ တစ်ယောက်တည်း ယောက်ယက်ခတ်နေလျက်ရှိသည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ညနေ ၆ နာရီခွဲခန့်အချိန်၌ ဖုန်းသံမြည်လာသဖြင့် ဇင်ဇင် ကောက်ကိုင်လိုက်ကာ
“ ဟဲလို ”
“ မဇင် ... မဇင် ... ကျွန်တော်ပါ ... လရောင် ... ”
လရောင်ရဲ့လေသံက အနည်းငယ် အလောတကြီးနိုင်နေသည်။
“ လရောင် ... မောင်လေး ပြောလေ ... ဘာကိစ္စရှိလို့လဲ ”
“ မဇင် အခုလာမှဖြစ်မယ် ... နေ့သစ်မပါတော့ ဈာန့်ကို ကျွန်တော်တစ်ယောက်တည်း မနိုင်တော့ဘူး ”
“ ဟယ် ! ဈာန်က ဘာဖြစ်လို့လဲ ”
ဈာန့်နာမည်ကြားလိုက်ရသဖြင့် ဇင်ဇင်လည်း အိပ်ရာပေါ်လှဲနေရာမှ ဝရုန်းသုန်းကား ထထိုင်မိသွားသည်။
“ အရက်အမူးလွန်နေလို့ မဇင် ... အဲဒါ သူ့ကို လာခေါ်ပါလား ... သူ့အိမ်ကို ပြန်ပို့မှဖြစ်မယ် ... နို့မို့ဆို ဈာန်က အကုန်လုံးကို ပြဿနာလိုက်ရှာမှာ ”
“ အေး ... အေး ... မောင်လေး ... ဒါဆို အခု မဇင် ဘယ်ကို လာခဲ့ရမလဲ ”
“ ထုံးစံအတိုင်း Royal Bar & Club မှာပဲ မဇင် ”
“ ဟုတ်ပြီ ... ဒါဆို ခဏလေးတော့ စောင့်ပေးနော် မောင်လေး ... မဇင် အခုပဲ လာခဲ့မယ် ”
“ ဟုတ်ကဲ့ မဇင် ”
ဖုန်းချလိုက်ပြီးနောက် ဇင်ဇင်လည်း အဝတ်အစား ခပ်မြန်မြန်လဲကာ အိမ်အောက်ထပ်သို့ အပြေးအလွှားဆင်းလာစဉ် မေမေနှင့် ထိပ်တိုက်ဝင်တိုးမိသည်။
မေမေက ဇင်ဇင့်ကို အကဲခတ်သလို ခြေဆုံးခေါင်းဖျား စိုက်ကြည့်ပြီး
“ ဇင်ဇင် ဒါက ဘယ်သွားမလို့လဲ ... ညစာစားရတော့မယ်လေ ”
ဇင်ဇင်လည်း မေမေ့ကို မချိပြုံးလေး ပြုံးပြလိုက်ကာ
“ အဟဲ ! ဇင်ဇင် ညစာမစားတော့ဘူး မေမေ ... အခု ဈာန် ဖုန်းဆက်ခေါ်နေလို့ သွားလိုက်ဦးမယ် ”
“ သားငယ်လေးက ဒီအချိန်ကြီး ဖုန်းဆက်ခေါ်တာ ဘာလုပ်မလို့တဲ့လဲ သမီး ”
ထိုအမေးကို ဖြေဆိုဖို့ရာ ဇင်ဇင် အတန်ငယ်တုံ့ဆိုင်းသွားပြီးနောက်
“ စား ... စားသောက်ဆိုင်မှာ ညစာလိုက်ဝယ်ကျွေးမလို့တဲ့ မေမေရဲ့ ... ဇင်ဇင်က ဒီနေ့ စာမေးပွဲပြီးတယ်လေ ... အဲဒီအထိမ်းအမှတ်အနေနဲ့ ဝယ်ကျွေးမှာတဲ့လေ အဟင်း ”
“ သားငယ်လေးက ဝယ်ကျွေးတာ ဟုတ်လား ”
မေမေက မျက်လုံးပြူးကာ အံ့အားသင့်နေရှာသည်။
အေးပေါ့လေ။ သူ့တူအကြောင်း သူ အသိဆုံးနေမှာပဲ။
“ ဒါဆိုရင်လည်း သွား ... ပြန်လာရင် အရမ်းနောက်မကျစေနဲ့ ... သားငယ်လေးကိုလည်း အိမ်မှာ ညလာအိပ်ဖို့ ပြောခဲ့ဦး ... သူ့အဖေကလည်း ရှိတာမဟုတ်ဘူး ... ဟိုဘက်အိမ်မှာ ကလေးတစ်ယောက်တည်း အိပ်နေရတာ ”
ဇင်ဇင်က ဟိုဘက်က အခြေအနေကို စိတ်မချသောကြောင့် ခြေတကြွကြွဖြစ်နေသော်လည်း မေမေက စကားစမပြတ်သေးသဖြင့် သွားလို့မရနိုင်ဖြစ်နေသည်။
သို့သော်ငြား အခုချိန်မှာ ဈာန်က ပိုအရေးကြီးနေသည်မို့
“ မေမေ ဇင်ဇင် သွားတော့မယ်နော် ... ကားပါ ယူသွားမယ် ”
“ အေး ... အေး ... မှောင်နေပြီ ... ဖြည်းဖြည်းမောင်းဦး သမီး ”
“ ဟုတ်ကဲ့ ”
မေမေက ဖြည်းဖြည်းမောင်းဖို့ သတိပေးနေပေမဲ့လည်း ဇင်ဇင်ကတော့ အပူလုံးကြွပြီး ဈာန်ရှိသည့်နေရာကို အမြန်ရောက်ရေးကသာ အဓိကဖြစ်နေသည်မို့ ကားကို ခပ်ကြမ်းကြမ်းမောင်းနှင်ကာ Royal Bar & Club ဆီသို့ ဦးတည်လိုက်သည်။
Royal Bar & Club ဟူသော ဆိုင်းဘုတ်ကြီးက ညအမှောင်ထဲမှာ အရောင်တလက်လက်နှင့် ဆွဲဆောင်မှုအပြည့်ရှိနေသည်။
ဇင်ဇင်လည်း ကားကို ထိုအနီးနားတစ်နေရာတွင် ထိုးရပ်လိုက်ကာ လရောင်ကို အရင်ဆုံး ဖုန်းခေါ်ရသည်။
“ ဟဲလို မဇင် ”
“ မောင်လေး မဇင်ရောက်ပြီ ... မင်းတို့ အခု ဘယ်မှာလဲ ... မဇင် ဝင်လာလိုက်ရမလား ”
“ ဝင်မလာနဲ့ မဇင် ... ဝင်မလာတာ ပိုကောင်းမယ် ... ခုနက ပွဲဖြစ်ထားလို့ ဒီနေရာက လူရှုပ်နေတယ် ... ကျွန်တော်ပဲ ဈာန့်ကို ခေါ်ထုတ်လာလိုက်မယ် ... မဇင် အခု ဘယ်နားမှာလဲ ”
“ ဆိုင်ရှေ့တည့်တည့်မှာပဲ မောင်လေး ”
“ ဟုတ်ပြီ ... ဒါဆို ကျွန်တော်တို့ ထွက်လာခဲ့လိုက်မယ် ”
ဇင်ဇင်တစ်ယောက် ရင်တွေ အဆမတန်ပူနေသဖြင့် ကားပေါ်မှ ဘယ်လိုမှ ဆက်ထိုင်နေလို့မရတော့သည့်အတွက် အောက်ဆင်းကာ ဈာန်တို့ကို ရပ်စောင့်နေလိုက်သည်။
ခဏနေတော့ လူတစ်ယောက်ကို တွဲကာ ဆိုင်ထဲမှထွက်လာသည့် လရောင်ကို လှမ်းမြင်လိုက်ရသည်။
မူးနေသည့်လူရဲ့ခေါင်းက အောက်ကို ငိုက်စိုက်ကျနေသဖြင့် မျက်နှာကို သေသေချာချာမမြင်ရပေမဲ့လည်း ဈာန်ရောင်ခမှန်း ကျိန်းသေသည်။
ဘယ်လောက်တောင် သောက်ခဲ့လို့ ခေါင်းတောင် မထူနိုင်တဲ့အထိ မူးကွဲနေရတာလဲ။
ကားနားကို ရောက်လာတော့ ဇင်ဇင်လည်း ဈာန့်ကို ဘေးတစ်ဖက်ကနေ ကူတွဲရင်း လရောင်ရဲ့အကူအညီဖြင့် ကားရှေ့ခုံပေါ် မရရအောင်တင်ပြီး ခါးပတ်ပတ်ပေးထားလိုက်သည်။
ဈာန့်ကိစ္စဝိစ္စတွေ အကုန်ပြီးတော့မှပဲ လရောင်နှင့် အေးအေးဆေးဆေး စကားပြောနိုင်တော့သည်။
“ မောင်လေး ဈာန်က ဘယ်လိုဖြစ်တာလဲ ”
လရောင်က ခေါင်းလေးကို ကုတ်နေရင်း
“ ကျွန်တော်လည်း သေချာတော့ မသိဘူး မဇင် ... သူ စရောက်ကတည်းက ဘီယာတွေပဲ ထိုင်သောက်နေတာ ... လူတစ်ယောက်ကြောင့်ဆိုလားပဲ ... မရေမရာတွေ ပြောသွားတာ ... ကျွန်တော်လည်း သူ့ကို ထိန်းနေရတာနဲ့ သေချာမကြားလိုက်ဘူး မဇင် ”
“ ဈာန့်ဘေးမှာ ရှိနေပေးတာ ကျေးဇူးပဲ မောင်လေးရယ် ... နို့မို့ဆို ဒီကလေး ဘယ်နားတွေမှာ မှောက်နေဦးမလဲမသိဘူး ... ဒါနဲ့ မောင်လေး ပြန်မယ်ဆိုရင် မောင်လေးအိမ်အထိ မဇင် လိုက်ပို့ပေးမယ်နော် ”
“ ရတယ် မဇင် ... ကျွန်တော့်ဘာသာပဲ ပြန်လိုက်ပါ့မယ် ... ကျွန်တော့်သူငယ်ချင်းတစ်ယောက် လာခေါ်မှာမို့လို့ ... ပြီးတော့လေ ဒါလေး ... ”
လရောင် လှမ်းပေးသည့်ပစ္စည်းနှစ်ခုကို ယူကြည့်လိုက်တော့ တစ်ခုက ကားသော့ဖြစ်နေသည်။
ထိုအရာထက် ဇင်ဇင်ကို ပိုအံ့ဩသွားစေသည်က အဖြူရောင်မွှေးပွလုံးကီးချိန်းလေး ... ။
ဒီမွှေးပွလုံးကီးချိန်းလေးက လေးဆက်ပေးထားတဲ့ ကီးချိန်းလေးမဟုတ်ဘူးလား။
ဈာန့်လိုလူက ဘာဖြစ်လို့ ဒီကီးချိန်းလေးကို သုံးနေရတာလဲ။
ပုံမှန်ဆို ကလေးကလားဆန်လိုက်တာဆိုပြီး အမှိုက်ပုံးထဲပဲဖြစ်ဖြစ်၊ တချောင်ချောင်မှာပဲဖြစ်ဖြစ် ပစ်ထည့်ထားမှာမဟုတ်ဘူးလား။
အခုက ဘယ်လိုဖြစ်လို့ ... လို့ ... ။
အတွေးတို့က တစ်စွန်းတစ်စ ရပ်တန့်သွားရသည်။
လရောင်ပြောတဲ့ လူတစ်ယောက်ဆိုတာက လေးဆက်ကို ဆိုလိုချင်တာများလား။
ဘာလို့လဲ။
ဘာလို့ လေးဆက်ဖြစ်နေရတာလဲ။
“ ဈာန့်ကားကိုတော့ ကျွန်တော် ဒီနားမှာပဲ ရပ်ထားပြီး ဆိုင်ပိုင်ရှင်ကို အကြောင်းကြားခဲ့တယ် ... ကိုစည်သူမျိုးကလည်း ဈာန်နဲ့ ရင်းနှီးနေတာဆိုတော့ ဈာန့်ကားကို မနက်ကျမှပဲ အေးဆေးလာယူလို့ရတယ် မဇင် ”
“ ကျေးဇူးပဲ မောင်လေးရယ် ... ဈာန့်ကြောင့် မင်း ပင်ပန်းသွားပြီ ”
“ ရပါတယ် မဇင်ရယ် ... ဒါဆို ကျွန်တော် သွားလိုက်ဦးမယ် ”
လရောင်က ပြောပြီးသည်နှင့် ကားလမ်းကူးကာ လမ်းတစ်ဖက်မှာ ရပ်ထားသည့် အနက်ရောင်ကားတစ်စီးဆီသို့ လျှောက်လှမ်းသွားသည်။
ထိုကားထဲမှာတော့ လရောင်တို့နှင့် ရွယ်တူ လူငယ်လေးတစ်ဦးက ဇင်ဇင်တို့ စကားပြောနေသည့်နေရာကို မမှိန်မသုန်လှမ်းကြည့်နေလျက် ရှိသည်။
ရေခဲတမျှ အေးစက်စက်မျက်ဝန်းများနှင့် ... ။
ထိုအနက်ရောင်ကားလေး မောင်းထွက်သွားပြီး ကျန်ရစ်ခဲ့သည့် မီးခိုးတန်းတွေနောက် ဇင်ဇင် ငေးကြည့်နေမိသည်။
အဲဒီနောက်မှာတော့ မောင်ဖြစ်သူကိစ္စကို ဖြေရှင်းရန်အတွက် ကားပေါ်တက်ကာ လမ်းကြောပေါ် နေရာယူလိုက်သည်။
ကားမောင်းနေရပေမဲ့လည်း အခုထိ ဘယ်ကိုဦးတည်သွားရမလဲဆိုတာ ရေရေရာရာမရှိသေးပေ။
ဈာန့်ကို သူ့အိမ်ဆီ လိုက်ပို့ဖို့ကလည်း မဖြစ်နိုင်။ အသိစိတ်လွတ်ပြီး မူးနေသည့်ကောင်ကို အိမ်မှာ တစ်ယောက်တည်းလွှတ်ထားလိုက်လို့ကတော့ ပွဲချင်းပြီးသွားလိမ့်မည်။
ဒါဆို ဇင်ဇင့်အိမ်ကို ခေါ်သွားဖို့ကျတော့ရော ... ။
ဒီအချက်ကတော့ ဖြစ်နိုင်ပေမဲ့ နည်းနည်းတော့ အရဲစွန့်ရမည်။
အသက်ငယ်ငယ်လေးနဲ့ ဈာန် အရက်မူးလာတာကို မေမေတို့ သိသွားလို့ကတော့ တစ်အိမ်လုံး ဆူညံပွတ်လောရိုက်သွားနိုင်သည့်အပြင် နိုင်ငံခြားကို အလုပ်ကိစ္စနှင့်ရောက်နေသည့် အန်ကယ်လေးဆီကိုပါ ဖုန်းဆက်အကြောင်းကြားပေလိမ့်မည်။
အဲဒီလိုဆိုတော့လည်း မဖြစ်သေး။
လူကြီးတွေ အိပ်ခါနီးလောက်မှ အိမ်ပြန်တာ ပိုကောင်းမည်။ ကိုးနာရီလောက်ဆို အိမ်မှာ အကုန်အိပ်လောက်ပြီ။
ဟုတ်တယ်။ အဲဒီအချိန်ကျမှ ပြန်ရမယ်။
နာရီကို ပြန်ငုံကြည့်မိတော့ အခုမှ ၇ နာရီခွဲသာသာပဲ ရှိနေသေးသည်။ ကြားထဲမှာ လိုနေသေးသည့် တစ်နာရီခွဲလောက်ကို ဒီအမူးကောင်နဲ့ ဘယ်မှာ သွားနေရပါ့မလဲ။
ထိုကဲ့သို့ ဇင်ဇင်တစ်ယောက် ခေါင်းရှုပ်နေစဉ်မှာပင်
“ ငါ့ကို ... ငါ့ကို လေကောင်းလေသန့်ရှုလို့ရမယ့် နေရာကို လိုက် ... လိုက်ပို့ပေး ... ”
အရက်မူးသမားပီပီ အသံလေးတိလေးကန်နှင့် ပြောလာတာကြောင့် မနည်းအားစိုက်ကာ နားထောင်မှ ဒင်း ပြောချင်သည့် ဆိုလိုရင်းကို သဘောပေါက်သွားတော့သည်။
ထိုအခါ ဇင်ဇင်လည်း ကားကို မြို့ပြင်ဆီ ဦးတည်လိုက်သည်။ ညမိုးချုပ်ခါမှ မြို့ပြင်ကို ဦးတည်ရမှာ နည်းနည်းထိထ်လန့်စရာကောင်းပေမဲ့ ဇင်ဇင်ကတော့ ကြောက်လန့်စိတ် မဖြစ်မိပေ။
ကားမှန်ကို ဖွင့်ထားသောကြောင့် အရှိန်အဟုန်နှင့် တိုးဝင်လာသည့် လေထုက မျက်နှာပြင်တစ်လျှောက် အဆက်မပြတ်ရိုက်ခတ်လာသည်။
ဇင်ဇင်က ကားမောင်းနေရသဖြင့် သူ့ဘက်က ကားမှန်ကို ပြန်ပိတ်ထားလိုက်သော်လည်း ဈာန်ကတော့ လေပြည်များ၏တိုးဝှေ့မှုကို အပြင်းအထန်ခံယူနေသည်။
ကြည့်ရတာ သူ့ဆီက တစ်စုံတစ်ရာကို လေပြည်များနှင့်အတူ လွင့်မျောသွားစေချင်နေသည့်အလား ... ။
အဲဒီနောက် ရန်ကုန်မြို့ပြင်နှင့် နီးနီးနားနား လမ်းဘေးတစ်နေရာမှာ ကားက ထိုးရပ်သွားသည်။
ဈာန်ကတော့ အခုထိ တုတ်တုတ်မျှပင် မလှုပ်သေး။
လှုပ်ဖို့မပြောနဲ့။ မှိတ်ထားသည့် မျက်လုံးများတောင် ပြန်ပွင့်မလာသေးသည်မို့ ဇင်ဇင်လည်း စိတ်ရှည်လက်ရှည်နှင့် စောင့်နေလိုက်သည်။
ခဏအကြာ ဈာန့်ရဲ့လက်တစ်ဖက်က သူ့ဘောင်းဘီအိတ်ထဲ ထိုးထည့်ကာ တစ်စုံတစ်ခုကို လိုက်ရှာနေသလိုပင်။
ဘယ်လိုမှ ရှာမတွေ့တော့သည့်အဆုံး မျက်လုံးပွင့်လာကာ
“ ငါ့ပစ္စည်းရော ... ငါ့ပစ္စည်းကို မတွေ့တော့ဘူး ”
ထိုလေသံ၌ စိုးရိမ်မှုများ မသိမသာကိန်းဝပ်နေ၏။
“ ဟင့်အင်း ... မတွေ့လို့မရဘူးလေ ... အဲဒီလိုဖြစ်လို့မရဘူး ... လူကို ဆုံးရှုံးပြီးသွားတာတောင် တစ်ခုတည်းကျန်ခဲ့တဲ့ ပစ္စည်းကိုပါ ငါက ထပ်ဆုံးရှုံးရဦးမှာလား ”
“ ဈာန် ”
အရူးမီးဝိုင်းသလို တစ်ကိုယ်လုံးကိုလည်း လိုက်ရှာ၊ ကားအနှံ့ကိုလည်း လိုက်ရှာနေသည့် မောင်ငယ်ဖြစ်သူကို ကြည့်ရင်း ဇင်ဇင်တစ်ယောက် ဘာဆက်ပြောရမယ်မှန်းမသိဘဲ ဆွံ့အနေမိသည်။
“ မရဘူး ... ဒီတစ်ခုကတော့ ငါ့အပိုင်လေ ... ငါ့အပိုင်ဖြစ်ရမှာလေ ... ဘာလို့လဲ ... ဘာလို့ ငါ့ကိုပဲ ဒီလိုတွေ လုပ်နေရတာလဲ ... ငါ့ပစ္စည်း ... ငါ့ပစ္စည်း ဘယ်ရောက်သွားလဲ ... ဇင်ဇင် နင်ရော ငါ့ပစ္စည်းလေးကို တွေ့မိသေးလား ”
“ ဈာန် ! ဈာန် ! ငါ ပြောတာကို နားထောင် ... နင့်ပစ္စည်းတွေက ဒီမှာ ... ”
မနေနိုင်တော့သည့်အဆုံး ကားသော့နှင့် ကီးချိန်းလေးကို ထုတ်ပေးလိုက်တော့ ဖျတ်ခနဲ လှမ်းဆွဲယူခြင်းခံလိုက်ရပြီး ထိုပစ္စည်းနှစ်ခုလုံး ဈာန့်လက်ထဲကို ရောက်ရှိသွားသည်။
သို့ပေမဲ့ ဈာန်ရဲ့လက်များဖြင့် တယုတယပွတ်သပ်နေသည်က ကားသော့ကိုမဟုတ်ဘဲ ယှဉ်တွဲလျက်ရှိနေသည့် ကီးချိန်းလေးကိုသာဖြစ်သည်။
၎င်းအပြုအမူကြောင့် ဇင်ဇင် တစ်ခုခုကို နားလည်သဘောပေါက်သလို ရှိလာခဲ့သည်။
“ ဈာန် ငါ နင့်ကို မေးချင်တာတစ်ခုရှိတယ် ... နင် စိတ်မဆိုးနဲ့နော် ”
အဲဒီနောက် ဇင်ဇင် သက်ပြင်းမောတစ်ချက်ရှိုက်လိုက်တာ
“ နင် လေးဆက်ကို သဘောကျနေတာလား ”
ကီးချိန်းလေးကို တယုတယကိုင်တွယ်နေသည့် လက်တို့က ရပ်တန့်သွားသလို လေပြည်များကလည်း ခဏတာ ငြိမ်သက်သွားကြသည်။
ရုတ်ခြည်း ငိုင်ကျသွားသည့် ဈာန်က စိတ်ဝိညာဉ်တို့ လွင့်ပျောက်နေသည့်ပမာ ... ။
“ ဈာန် နင် အဆင်ပြေရဲ့လား ”
“ ဟင် ! ”
ပုခုံးကို ကိုင်လှုပ်လိုက်တော့မှ အသိစိတ်ပြန်ဝင်လာသည့် မောင်ငယ်လေးရဲ့မျက်ဝန်းများက ရီဝေဝေ ... ။
“ ဟက် ! ငါလား ? အဆင်ပြေပါတယ် ... ဒီလိုပဲ ... အင်း ... အဆင်ပြေအောင် နေရတာပေါ့ ”
ပြုံးလိုက်ပေမဲ့ ဇင်ဇင်အမြင်မှာတော့ မဲ့လိုက်တာနှင့် ပိုတူနေသည်။
ရီဝေနေသည့် မျက်ဝန်းများက တစ်ခုခုကြောင့် အသည်းအသန်နာကျင်နေမှန်း ဇင်ဇင် ဖတ်တတ်ပါသည်။
“ ဘာလို့လဲ ဈာန် ... ဘာလို့ သူ့ကိုမှလဲ ”
ဈာန်က ဇင်ဇင့်ဘက်ကို တစ်ချက်လှည့်ကြည့်လာပြီးနောက် သူ့အကြည့်များက ကားမှန်ကနေတဆင့် လမ်းမဘက်ကို ပြန်လည်ရောက်ရှိသွားသည်။
“ မသိဘူး ... ငါ တကယ်မသိဘူး ဇင်ဇင် ... ဘာလို့ အဲဒီလိုဖြစ်သွားရတာလဲဆိုတာကို ငါကိုယ်တိုင်တောင် မသိဘူး ... ဘယ်တုန်းကစပြီး ဒီလို ခံစားချက်မျိုးဖြစ်လာရတာလဲ ...
သူ့ကို စမြင်လိုက်ရတဲ့ အချိန်တုန်းကလား ... ငါနဲ့ အကြည့်ချင်းဆုံမိတဲ့ အချိန်တုန်းကလား ... သူ့အသံလေးကို ကြားလိုက်ရတဲ့ အချိန်တုန်းကလား ... သူ ငါ့ကို နားလည်ပေးခဲ့တဲ့ အချိန်တုန်းကလား ... ဒီကီးချိန်းလေးကို လက်ဆောင်ရခဲ့တဲ့ အချိန်တုန်းကလား ... ဒါမှမဟုတ် သူ့ ... သူ့ချစ်သူနဲ့ သူ့ကို အတူတူယှဉ်တွဲပြီး တွေ့လိုက်ရတဲ့ အချိန်တုန်းကလား ”
ပြောနေရင်း သူ့ပါးပြင်ပေါ် စီးကျလာသည့် မျက်ရည်စက်များကို ဈာန်က လက်ဖြင့် ကြမ်းကြမ်းတမ်းတမ်းဖယ်ရှားလိုက်ကာ
“ ငါ မသိတော့ဘူး ... ငါ တကယ်မသိတော့ဘူး ... ဘယ်အချိန်ကတည်းက သူ့အပေါ် ဒီလောက်ထိ ချစ်မိသွားမှန်း ငါ့ကိုယ်ငါတောင် မသိခဲ့ဘူး ... ငါ သိသွားတဲ့အချိန်မှာတော့ အရမ်းနောက်ကျသွားပြီ ”
အဲဒီနောက် ဈာန်က ဇင်ဇင့်ကို ပြန်လှည့်ကြည့်လာကာ ဇင်ဇင့်လက်အစုံကို သူ့လက်များဖြင့် ဆုပ်ကိုင်ပြီး အလွန်အမင်း တုန်ရင်နေသည့် လေသံဖြင့်
“ အခု ငါ့နှလုံးသားထဲက တစ်ခုခုကို နှိုက်ယူသွားသလိုပဲ ... ဟာလာဟင်းလင်းနဲ့ အရမ်းနာတယ် ဇင်ဇင် ... ငါ ဘယ်လိုလုပ်ရမလဲ ... ငါ့ကို ကယ်ပါဦး ... ငါ မနာကျင်ချင်ဘူး ... နင် ငါ့ကို ကယ်ပေးပါ ... ငါ ဒီလိုမျိုး မဖြစ်ချင်ဘူး ”
တစ်သက်လုံး တစ်ခါမှမကြုံဖူးခဲ့သော မောင်ငယ်ဖြစ်သူ၏ဆိုးဝါးလှသည့် အခြေအနေကို ကြည့်ပြီး ဇင်ဇင် မျက်ရည်တွေ ဝိုင်းတက်လာခဲ့သည်။
ဒီလိုမျိုးတွေ ရှိနေခဲ့လို့ကိုး။
နောက်ဆုံးတော့ ဇင်ဇင် အရာအားလုံးကို သဘောပေါက်သွားပြီ။
အခုတလော ဈာန် ဘာဖြစ်လို့ ထူးထူးဆန်းဆန်းတွေ ပြုမူနေရသလဲဆိုတာကိုပေါ့။
“ နင် သူ့ကို အခုမှ တစ်ခါပဲ တွေ့ဖူးသေးတာလေ ဈာန်ရယ် ... ဘာလို့ ဒီလောက်ထိ ခံစားနေရတာလဲ ”
“ ဟက် ! တစ်ခါပဲ တွေ့ဖူးရုံနဲ့တောင် ငါ သူ့အပေါ် ဒီလောက်ထိ ခံစားချက်တွေ ပြင်းထန်နေတာ ... အမြဲတမ်းသာ တွေ့နေရမယ်ဆိုရင် ငါ တကယ်ရူးသွားလောက်မယ် ဇင်ဇင် ...
ငါ ဘယ်လိုလုပ်ရမလဲ ... သူက ငါ့ကို တစ်သက်လုံး စိုးမိုးထားတော့မှာလား ... ဇင်ဇင် နင့်သူငယ်ချင်းက တကယ်အစွမ်းထက်လိုက်တာ ... ငါ့လိုလူကို တစ်ချက်တည်းနဲ့ ပွဲသိမ်းနိုင်တာ ဒီကမ္ဘာပေါ်မှာ သူတစ်ယောက်တည်းပဲ ရှိတယ် ”
“ ဈာန် ”
ဇင်ဇင် ဘာတစ်ခွန်းမှ ဆက်မပြောရက်တော့ပေ။
ဇင်ဇင့်ကို ရင်ဖွင့်လာသည့် ဈာန်ရဲ့လေသံကလည်း နှလုံးသားကွဲအက်မှုကြောင့် လှိုင်းထန်နေသည်။
“ သူကလေ ကိုကိုလို့ ခေါ်ခံချင်တာတဲ့ ... ငါလည်း သူ့ကို ကိုကိုလို့ခေါ်ချင်ပါတယ် ... တစ်သက်လုံးစာအတွက်ပေါ့ ... ဒါပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူးထင်တယ် ဇင်ဇင် ”
မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ကြည်များ ထပ်မံအိုင်ဖွဲ့လာသည့် မောင်ငယ်ကြောင့် ဇင်ဇင် စိတ်မထိန်းနိုင်တော့ဘဲ ငိုချမိသွားသည်။
အခုမှ ၁၅ နှစ်ပြည့်တဲ့ ကလေးလေးက ဘာကြောင့်များ ဒီလောက်ထိ ကံဆိုးနေရတာလဲ။
ဒီအသက်အရွယ်ထိ မိဘများ၏အချစ်ကို လုံလုံလောက်လောက် မရရှိခဲ့သည့် ကလေးငယ်က ပထမဆုံးအချစ်နှင့် ရင်ဆိုင်ရပြန်တော့လည်း နာကျင်မှုများကိုသာ ထပ်မံအပ်နှင်းခံရပြန်သည်။
ဒီမောင်ငယ်လေးကို သနားလွန်းလို့ ဇင်ဇင် ဘယ်လိုလုပ်ပေးရမလဲဆိုတာ တကယ်မသိတော့ပေ။
အဲဒီနောက် ကျောက်ရုပ်တစ်ရုပ်လို မတုန်မလှုပ်ဖြစ်နေသည့် မောင်ငယ်လေးကို ထွေးပွေ့ကာ ခေါင်းလေးကို အသာအယာပွတ်သပ်ပေးမိတော့ ဝမ်းနည်းသံလှိုက်ပါနေသည့် အသံလေးက သနားစဖွယ် တစ်စွန်းတစ်စ ထွက်ပေါ်လာပြန်သည်။
“ ငါ ဘယ်လိုလုပ်ရမလဲ ဇင်ဇင် ... ငါ့ကို ကယ်ပါဦး ... ငါ သူ့ကို မေ့ပစ်ချင်တယ် ... ငါ့ဘဝထဲက မောင်းထုတ်ပစ်ချင်တယ် ... အဲဒါမှ ငါလည်း အခုလိုမျိုး မနာကျင်ရတော့မှာ ... ဇင်ဇင် နင့်မှာ နည်းလမ်းရှိတယ်မလား ... ငါ့ကို ပြောပြပါ ... ငါ သူ့ကို မေ့ချင်တယ် ... ငါ သူ့ကို မေ့ပစ်ချင်တယ် ”
“ အဆင်ပြေသွားမှာပါ ဈာန် ... အဆင်ပြေသွားမှာပါ ... နင် သူ့ကို မေ့နိုင်မှာပါ ... အချိန်နည်းနည်းလောက် ယူလိုက်ရင် နင် သူ့ကို သေချာပေါက် မေ့ပစ်နိုင်မှာ ... ငါ့ကို ယုံ ... နင် လုပ်နိုင်မှာပါ ဈာန် ”
“ နာတယ် ဇင်ဇင်ရာ ... ငါ နာကျင်လိုက်တာ ”
ဝမ်းနည်းမှုများဖြင့် ခြယ်လှယ်ထားခြင်းခံနေရသည့် ဈာန့်ထံမှ အက်ရှရှစကားလုံးများက နင့်နင့်သည်းသည်းထွက်ပေါ်လာလေတော့သည်။
8:47 P.M
20.6.2021 ( Sunday )