❌ No Spoiler ❌
အောက်မှာ ရေးရင် မဖတ်မှာစိုးလို့ပါ
( အကယ်၍ တစ်စုံတစ်ယောက်ကများ ဒီဝတ္ထုအကြောင်း Review မေးလာခဲ့သည်ရှိသော် ယခုအပိုင်းမှစ၍ ဇာတ်သိမ်းပိုင်းထိ Spoil ချခြင်း မပြုလုပ်ပါရန် ရိုသေလေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။ )
❌ လုံးဝ လုံးဝ Spoil မချပါနဲ့ ❌
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
အတိတ်အပိုင်းအစကို ပြန်လည်ဖွဲ့နှောင်ခြင်း ... ။
ယခုလကား မတ်လ ... ။
ဤကဲ့သို့ နေခြစ်ခြစ်တောက်ပူနေသည့် အချိန်ကာလတွင် ဘာအလုပ်မှ မလုပ်ဘဲနဲ့တောင် ချွေးတပြိုက်ပြိုက်ကျနေသည့် သဇင်ဥတစ်ယောက် ယပ်တောင်ကို တဖျတ်ဖျတ်ခတ်ရင်း အိမ်အပေါ်ထပ်လှေကားမှ ဖြည်းဖြည်းချင်း ဆင်းလာလေသည်။
သဇင်ဥ၏အကြည့်များကတော့ အိမ်ရှေ့ဝင်ပေါက်ဆီသို့ မှန်းမျှော်လျက် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသယောင် ... ။
အချိန်အားဖြင့် မနက် ၁၀နာရီထိုးနေပြီဖြစ်သည့်အတွက် မိဘနှစ်ပါးကတော့ အိမ်၌ ရှိမနေတော့ဘဲ အသီးသီး လုပ်ငန်းခွင်သို့ ရောက်နေချေပြီ။
ထိုစဉ် အိမ်ရှေ့ဆင်ဝင်အောက်၌ ကားနက်ပြာရောင်တစ်စီးက ကြမ်းကြမ်းတမ်းတမ်း ထိုးရပ်လာသည်။
အဲဒီနောက် နှစ်ထပ်တိုက်လုံးချင်းအိမ်လေးထဲသို့ ခြေသံပြင်းပြင်းနှင့် လမ်းလျှောက်ဝင်လာသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသဖြင့် သဇင်ဥတစ်ယောက် မျက်မှောင်ကျုံ့သွားသည်။
မကြာခင်မှာ သဇင်ဥတစ်ယောက် ထိုကောင်လေးအနားသို့ လေအဟုန်ကဲ့သို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ထိုကောင်လေး၏ပခုံးစွန်းကို သူ့လက်ထဲမှာ ရှိနေသည့် ယပ်တောင်ဖြင့် ခပ်ဖွဖွရိုက်လိုက်ကာ
“ နင်က ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ ”
သိချင်လို့ အကောင်းမေးနေတာကို သေသေချာချာပြန်မဖြေဘဲ လူကို ဂျိုကြည့်ပြန်ကြည့်နေသည့် ကောင်လေးကြောင့် သဇင်ဥ ဒင်းကို ခေါင်းခေါက်ပစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး လက်တွေ အရမ်းယားလာရသည်။
“ ဟဲ့ ! ငါ မေးနေတာကို ဖြေဦးလေ ”
ဘယ်လိုမှ စိတ်မရှည်တော့သည့်အဆုံး အော်ချပစ်လိုက်တော့မှ
“ နင့်အပူပါလား ”
ဪ ... နောက်ဆုံးရလိုက်သည့် စကားက ပမာမခန့် ခွန်းတုံ့ပြန်စကား ... ။
တကယ့်ကို ဩချရလောက်၏။
သဇင်ဥ တစ်သက်လုံး ယခုလိုမျိုး ဆောင့်ကြွားကြွား၊ တဇွတ်ထိုး၊ တဇောက်ကန်း၊ မပမာမခန့်၊ ဂျစ်ကန်ကန်၊ မရိုမသေ စကားပေါင်း သောင်းခြောက်ထောင်မက နားထောင်လာခဲ့ရသဖြင့် အတော်အတန်နားရည်ဝနေချေပြီ။
ထို့ကြောင့် ဒင်းထံမှ ဘယ်လောက်ပဲ အပြောခံနေရပါစေ သိပ်တော့ မခံစားရ။
အဲဒီနောက် ထိုကောင်လေးက ဖိနပ်စင်ရှိနေရက်နဲ့တောင် ဖိနပ်ကို မချွတ်ဘဲ သဇင်ဥ၏ပခုံးစွန်းကို ဖြတ်တိုက်ပြီး ဧည့်ခန်းထဲထိ ဝင်လာကာ ဆိုဖာပေါ်တွင် အခန့်သားဝင်ထိုင်လိုက်သည်။
သဇင်ဥလည်း ထိုကောင်လေး သွားရာနောက် တကောက်ကောက် လျှောက်လိုက်နေရင်း
“ နင် အန်ကယ်လေးနဲ့ ရန်ဖြစ်ပြန်ပြီလား ဈာန် ”
“ နင် သိရင်လည်း ဘာဖြစ်လို့ လျှာရှည်နေသေးလဲ ဇင်ဇင် ”
“ သေချာအောင် မေးကြည့်ရတာပေါ့ဟဲ့ ”
ဈာန်ရောင်ခဆိုသော အနှီကောင်လေးနှင့် ဇင်ဇင် ဘယ်သောအခါမှ စကားကောင်းကောင်းပြောလို့ရမှာပါလိမ့်။
အသက်အရွယ်ချင်း မတိမ်းမယိမ်းဖြစ်နေသည့် သူတို့နှစ်ယောက်က ကြောင်နှင့်ကြွက်ကဲ့သို့ တွေ့လိုက်တိုင်း အမြဲရန်ဖြစ်ကာ စကားနိုင်လုနေရသည်။
သို့သော်လည်း နောက်ဆုံးကျ ဒင်းလေးကို အမြဲတမ်း အလျှော့ပေးရသည်မှာ အကြီးဖြစ်သည့် ဇင်ဇင်သာ ... ။
ဒင်းကတော့ ဇင်ဇင့်ကို ဘယ်တုန်းကမှ အလျှော့မပေးဖူးခဲ့ပေ။
ဤအခြင်းအရာမှာ ဘာမှ မသိနားမလည်သည့် ငယ်ရွယ်စဉ်ကလေးဘဝမှ ယခုလို ကြီးကောင်ကြီးမားအရွယ်အထိ ဖြစ်မြဲ ဖြစ်ဆဲ ... ။
အဲဒီနောက် ဇင်ဇင်လည်း ဈာန်နှင့်မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကာ
“ ဒီတစ်ခေါက်ရော ဘာကိစ္စနဲ့ ပြဿနာတက်လာတာလဲ ”
“ မပြောဘူး ”
“ နင်ကလည်း ... ပြောပြပါဟယ် ... နင် ပြောပြမှ ငါ သိမှာလေ ”
“ ကျစ်! နင် အရမ်းလျှာရှည်တာပဲ ဇင်ဇင်ရာ ... နင် သိတော့ရော ဘာလုပ်ပေးနိုင်မှာမို့လို့လဲ ... ဒါက ငါနဲ့ဒယ်ဒီ နှစ်ယောက်တည်း ရှင်းရမဲ့ကိစ္စ ... ”
ဈာန်က စားပွဲပေါ်မှာ တင်ထားသည့် မဂ္ဂဇင်းစာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ရင်း ဇင်ဇင့်ကို မော့တောင်မကြည့်ဘဲ ပြောလာသည်။
ဇင်ဇင်ကတော့ ဈာန့်စကားကို ကြားလိုက်ရကတည်းက အကျင့်ပါနေသည့် ပါးစပ်က အသံမထွက်ဘဲ ဆဲမိသွားသည်။
ပြောမယ့်သာ ပြောရသည်။ ဇင်ဇင်ကလည်း ဇင်ဇင်ပဲ။ ဒင်းက မပြောပြဘူးဆိုမှ လူက ပိုသိချင်လာသဖြင့်
“ ဟဲ့ ! အစ်မတစ်ယောက်အနေနဲ့ ကိုယ့်မောင် ဘာဖြစ်လာတာလဲဆိုတာကိုတော့ သိချင်တာပေါ့ ”
“ သိချင်မနေနဲ့ ... မပြောပြဘူး ”
“ အရိုင်းအစိုင်းကောင် ! ”
ဈာန့်ကို ပြောမနိုင်လျှင် ဇင်ဇင် ဤကဲ့သို့ ဆဲဆိုနေကျဖြစ်သည်။ ဘယ်လိုမေးမေး ခေါင်းမာလှသည့် ဈာန်က တစ်ခွန်းတစ်လေမှ ပြောပြမှာ မဟုတ်သည့်အတွက် ဇင်ဇင် လက်လျော့လိုက်ရသည်။
အဲဒီနောက် ဇင်ဇင်လည်း ယပ်တောင်ကို တဖျတ်ဖျတ်ပြန်ခတ်ရင်း အိမ်ရှေ့ကို မျှော်ကြည့်လိုက်၊ ဖုန်းပွတ်လိုက် လုပ်နေစဉ်
“ ဒါနဲ့ ဒီနေ့ နင် ဘယ်မှမသွားဘူးလား ဇင်ဇင် ... အရင်ကဆို ငါ လာတိုင်း နင်နဲ့ဆုံတယ်ဆိုတာ ခပ်ရှားရှားပဲ ”
လူကို စုန်ချည်ဆန်ချည်ကြည့်ကာ သံသယဝင်နေသလိုမျိုး ပြောလာသည့် မောင်ဝမ်းကွဲကြောင့်
“ ဒီနေ့ ငါ့သူငယ်ချင်းတွေ အိမ်လာမှာ ”
“ ကျစ်! သူတို့က ဘာလာလုပ်မှာလဲ ”
လက်ထဲမှာ ကိုင်ထားသည့် မဂ္ဂဇင်းစာအုပ်ကို စားပွဲပေါ် ဖုန်းခနဲမြည်အောင် ပြန်ပစ်ချလိုက်ရင်း စိတ်ညစ်ညူးစွာ ပြောလာသည့် ဈာန့်လေသံကြောင့် ဇင်ဇင် ဒေါသထွက်မိသွားသည်။
“ ဟဲ့ ! ငါ့သူငယ်ချင်းတွေကို ငါ့ဘာသာ အိမ်အလည်ခေါ်တာ ဘာဖြစ်လဲ ... ငါတို့ အရေးကြီးကိစ္စတွေ လုပ်စရာရှိတယ် ”
“ ဘာကိစ္စမို့လို့လဲ ... သူတို့က အိမ်ထိရောက်လာရအောင် ... ”
ဒီကောင်လေး သူ စိတ်မကြည်တာနဲ့ သက်သက်မဲ့ထိုင်ရစ်နေပြီဆိုတာကို အထာနပ်နေသည့် ဇင်ဇင်က ချက်ဆို နားရွက်က မီးထတောက်လေသည်။
“ ဒီလ ဘာလလဲ ... ဟမ် ! မတ်လလေ ... ငါတို့ ဒီလ First Semester ဖြေဖို့အတွက် အကုန်လုံး စာစုလုပ်ရမှာ ... နင့်လို အားအားယားယား စာမေးပွဲဖြေပြီးနေတဲ့လူမဟုတ်ဘူး ”
“ တစ်ယောက်တည်းလုပ်ဖို့ ဉာဏ်မမှီလို့ လူကုန်စုလုပ်နေသလား မှတ်ရတယ် ... ဖြေမနေနဲ့ ဇင်ဇင် ... နင် ကျမှာပဲ ”
“ ဈာန်ရောင်ခ ! နင် သေချင်နေတာလား ! ”
ဇင်ဇင်လည်း ဒေါသထွက်ထွက်နဲ့ လက်ထဲမှာ ပိုက်ထားသည့် ခေါင်းအုံးနှင့် ဈာန့်ကို ပစ်ပေါက်လိုက်တော့ ဈာန်က ထိုခေါင်းအုံးကို အသာအယာလှမ်းဖမ်းလိုက်ကာ
“ နားအေးချင်လို့ ဒီဘက်အိမ်ကို ထွက်လာခါမှ ဆူညံဆူညံဟာတွေနဲ့ လာတိုးနေရသေးတယ် ”
ထိုအပြောကြောင့် ဇင်ဇင်တစ်ယောက် မောင်ဖြစ်သူကို မျက်စောင်းချည်း လှိမ့်ထိုးတော့သည်။
ဟွန့် ! သူများတကာအိမ်ကို လာပြီး လေကြီးလေကျယ်နဲ့ ... ။
ဆုံးပါးသွားသည့် တီတီလေးမျက်နှာကြောင့်သာ မဟုတ်ရင် ဒင်းကို အိမ်ပေါ်ကနေ ကန်ချပစ်မိမှာ အမှန်ပင်။
အမှန်တော့ ဇင်ဇင်က ဈာန်ရဲ့အမေဘက်က တော်စပ်သည့် ဆွေမျိုးဖြစ်သည်။ ဈာန့်မိခင်က ဇင်ဇင့်မိခင်ရဲ့တစ်ဦးတည်းသောညီမအရင်းဖြစ်နေသည့်အတွက် ဒီပြောမကောင်းဆိုမကောင်းကောင်လေးကလည်း အလိုလိုနေရင်း ဇင်ဇင်ရဲ့မောင်ဝမ်းကွဲဖြစ်လာရသည်။
“ ဒါနဲ့ နင့်သူငယ်ချင်းတွေက ဘယ်တော့လာမှာလဲ ”
ဇင်ဇင် လက်မှာပတ်ထားသည့် နာရီကို တစ်ချက်ကြည့်လိုက်ပြီး
“ ခဏနေလောက်ပေါ့ ... ခုနက ဖုန်းဆက်ကြည့်တော့ ရောက်ခါနီးပြီလို့ပြောတာပဲ ”
“ အိမ်ကို ဘယ်နှယောက်တောင် လာကြမှာလဲ ”
“ လေးယောက် ”
“ ကျစ် ! ”
စိတ်မကြည်လို့ မျက်ခုံးနက်နက်များက တွန့်ချိုးနေပေမဲ့ ချောမောခန့်ညားမှုတွေ နည်းနည်းလေးတောင် လျော့ကျမသွားသည့် မောင်ငယ်လေးကိုကြည့်ရင်း ဇင်ဇင်တစ်ယောက် အသည်းယားပြီး ပါးတွေထညှစ်ချင်လာသည်။
အဲဒီလိုသာ လုပ်မိလို့ကတော့ ဟိုအရိုင်းအစိုင်းကောင်လေးက ဇင်ဇင့်ကို အသံကျယ်ကြီးနှင့် အော်ထည့်လိမ့်မည်မှာ ကျိန်းသေသည်။
ဘယ်လိုကောင်လေးမှန်းလည်း မသိ ... ။
အစ်မတစ်ယောက်လုံးကို ချစ်ရ၊ ခင်ရမှန်း နားမလည်သည့် ဟာလေး ... ။
ဇင်ဇင်က သူ့ထက် အသက်နှစ်နှစ်ပိုကြီးတာတောင် မမဇင်လို့မခေါ်ဘဲ အိမ်ကလူကြီးတွေ ခေါ်သလို ဇင်ဇင်လို့ခေါ်ပြီး သူနဲ့ ရွယ်တူလို နင် ငါ သုံးပြီး ပြောဆိုဆက်ဆံနေတာကိုသာ ကြည့်တော့။
ငယ်ငယ်ကတည်းက မမဇင်လို့ ခေါ်ဖို့ ကြိတ်သင်သော်ငြား ဘယ်လိုမှ သင်လို့မရသည့်အပြင် သူ မကျေနပ်ရင် မကျေနပ်သလို လူကြီးမိဘတွေကို ချွန်တွန်းပြန်လုပ်တာ ရှိသေးသည်။
ဘယ်လောက်တောင် အချိုးမပြေတဲ့ကောင်လေးလဲဆိုတာ ... ။
ဇင်ဇင့်အတွက် ဈာန်က တစ်ဦးတည်းသော မောင်ဝမ်းကွဲလေးဖြစ်နေ၍သာ ဒေါသအားလုံးကို မြိုသိပ်ရင်း သည်းခံနေရသည်။
အမှန်တော့ စိတ်ရှိတိုင်းသာ လုပ်ခွင့်ရမည်ဆိုလျှင် ဈာန့်ခေါင်းကို ခေါက်ခေါက်ပြီး ငါ့ကို အဲဒီလိုခေါ်စရာလားလို့ ဆူပစ်လိုက်ချင်သည်။
သို့သော် ပြောမယ့်သာ ပြောရသည်။
စီးပွားရေးကို အမြဲအာရုံစိုက်နေတတ်ပြီး အပြိုင်အဆိုင်များသည့် သူ့ဒယ်ဒီအသိုင်းအဝိုင်းထက်စာရင် နွေးနွေးထွေးထွေးရှိလှသည့် သူ့မာမီအသိုင်းအဝိုင်းကိုသာ ဈာန်က ပိုခင်တွယ်သည်။
အရင်တုန်းကတည်းက တီတီလေးက ဇင်ဇင်တို့အိမ်နှင့် အသွားအလာမပျက်ခဲ့သလို တီတီလေး ဆုံးသွားပြီးနောက်ပိုင်းမှာလည်း ဈာန်က အရင်လိုပင် ဇင်ဇင်တို့အိမ်ကို သူ့အိမ် သူ့ယာကဲ့သို့ သဘောထားကာ ဝင်ထွက်သွားလာမြဲ ... ။
ထို့ကြာင့် ဇင်ဇင်နှင့် ဈာန်က ငယ်ငယ်လေးကတည်းက မောင်နှမအရင်းအချာလို ကြီးပြင်းခဲ့ကြခြင်းဖြစ်သည်။
ဇင်ဇင်ကလည်း တစ်ဦးတည်းသော သမီးသလို ဈာန်ကလည်း တစ်ဦးတည်းသော သားဖြစ်သဖြင့် ခင်တွယ်စရာ အခြားမရှိသည့် ဒီမောင်နှမနှစ်ယောက်က ခဏခဏရန်ဖြစ်ကြပေမဲ့လည်း ချစ်ခင်ကြသည်ဟု ဆိုရပေမည်။
မေမေကလည်း သူ့ညီမလေးရဲ့သားဖြစ်သည့် ဈာန့်ကို သမီးအရင်း ဇင်ဇင့်ထက်တောင် ပိုပြီးဖူးဖူးမှုတ်အရေးပေးလွန်းသည်။ ဈာန့်မာမီက ကွယ်လွန်တာ စောသည့်အတွက် မေမေခမျာ အမိမဲ့တူလေးဖြစ်သည့် ဈာန့်အပေါ် အသနားပိုလို့မဆုံးတော့ပေ။
ထို့နည်းတူ သားယောကျာ်းလေးလိုချင်သည့် ဖေဖေကလည်း ဇနီးသည်ဘက်က တော်စပ်သည့် တူဖြစ်သော်ငြား ဈာန့်ကိုဆို သားအရင်းကဲ့သို့ သဘောထားကာ ဈာန် အလိုရှိသမျှ အရာအားလုံးကို ဖြည့်ဆည်းပေးတတ်သေးသည်။
ထို့ကြောင့်ပင် ဒီကောင်လေးက ဤမျှအထိ ဆောင့်ကြွားကြွားနိုင်နေသည်လား မပြောတတ်ပေ။
မေတ္တာပေး၍ မေတ္တာပြန်ရသည်ဆိုသော စကားက မှန်ကန်သည်ဟုဆိုရမည်လား။ ဇင်ဇင်တို့မိသားစုက ဈာန့်အပေါ် မေတ္တာစစ်မှန်သဖြင့် ဖခင်အရင်းကိုတောင် သံယောဇဉ်သိပ်မထားတတ်သည့် ဈာန်ကလည်း ဇင်ဇင့်ဖေဖေနှင့် မေမေကိုတော့ ရိုသေလေးစားသည်။
ဇင်ဇင်တစ်ယောက် ဈာန့်အကြောင်းကို တွေးတောနေစဉ်မှာပင် ထိုအရိုင်းအစိုင်းကောင်လေးထံမှ
“ ဇင်ဇင် နင့်သူငယ်ချင်းတွေ လာရင်လည်း တိတ်တိတ်လေးနေခိုင်း ... ကြားလား ... ဒီည ငါ ဒီမှာ အိပ်မှာ ... ဆူညံဆူညံတွေ ကြားရလို့ ငါ စိတ်အနှောင့်အယှက်အရမ်းဖြစ်လာရင် ကြီးကြီးမေကိုရော ဘဘကြီးကိုရော တက်တိုင်မှာ ... ဇင်ဇင်တစ်ယောက် သူ့ရည်းစားကို အိမ်ခေါ်လာတယ်ဆိုပြီး ... ”
တွေ့လား ... တွေ့လား။ ပြောရင်းနဲ့မှ မဆုံးသေးဘူး။ ဒင်းက ချွန်တွန်းလုပ်ဖို့ ကြံနေပြီ။
“ အောင်မယ် ! ဈာန်ရောင်ခ နင်က သူများအိမ်လည်း လာသေးတယ် ... ကြီးကြီးကျယ်ကျယ်တွေလည်း လာပြောနေသေးတယ် ... သွား ... နင့်အိမ် နင် ပြန်တော့ ”
“ ငါက ဘာကိစ္စနဲ့ ပြန်ရမှာလဲ ... ဒါက ငါ့အိမ်ပဲ ... ငါ နေချင်သလို နေလို့ရတယ် ... နင့်သူငယ်ချင်းတွေကိုသာ အလိုက်ကမ်းဆိုးသိအောင် ကြိုပြောပြထားလိုက်ဦး ”
“ ဈာန်ရောင်ခ ! နင် ... နင် ... ”
ဇင်ဇင်ကသာ ဒေါသတထောင်းထောင်းထွက်နေပေမဲ့ ဟိုအရိုင်းအစိုင်းကောင်စုတ်လေးကတော့ သာသာယာယာပင် ဖုန်းထုတ်ကာ ဂိမ်းထိုင်ဆော့နေလေသည်။
ဆယ်တန်းတက်ခါနီး အရွယ်လေးနဲ့တောင် ဒီလောက်ထိ မောက်မာရိုင်းစိုင်းနေတာ။ ဒီကောင်လေးသာ တဖြည်းဖြည်းအရွယ်ရောက်လာရင် ဒီထက် ဆယ်ဆမက ပိုဆိုးလိမ့်မယ်ဆိုတာကို ဗေဒင်ပြေးမေးကြည့်စရာတောင် မလိုပေ။
ဒင်းနဲ့ အိမ်ထောင်ပြုရမယ့် မိန်းကလေးအစား တွေးကြည့်ရင်တောင် ဇင်ဇင် ရင်မောရသည်။
ထိုစဉ် ဆင်ဝင်အောက်ရှိ ဈာန့်ကားနက်ပြာလေး၏အနောက်နားတွင် ကားတစ်စီး ထိုးရပ်လာပြီး
“ ဥဥရေ ! ငါတို့ ရောက်လာပြီ ”
မေမြတ်ရဲ့အသံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသဖြင့် ဆိုဖာပေါ်မှာ ထိုင်နေသည့် ဈာန့်ရဲ့မျက်နှာထားက ပို၍မှုန်ကုပ်သွားသည်ကို ရှေ့တည့်တည့်မှာ ရှိနေသည့် ဇင်ဇင်ကလည်း မြင်ဖြစ်အောင် မြင်လိုက်ပါသေးသည်။
အိမ်ရှေ့ဝင်ပေါက်မှာ မေမြတ်တို့ ဖိနပ်ချွတ်နေစဉ် ဇင်ဇင်လည်း ဆိုဖာပေါ်၌ ထိုင်နေရာမှ ထပြီး မေမြတ်တို့အနီးသို့ သွားကာ
“ လာ ... လာ ... မေမြတ် ... မြတ်သူရော ... နောင်ခန့်ရော ဝင်လာလေ ”
“ Wow ! နင်တို့ အိမ်ကြီးက ကျယ်သားပဲဟ ... မိုက်တယ် အဟိ ”
ယောကျာ်းလေးနှစ်ဦးက သူများအိမ်မို့လို့ တိတ်ဆိတ်နေပေမဲ့ မိန်းကလေးဖြစ်သည့် မေမြတ်ကတော့ သူငယ်ချင်းအိမ်ဆိုသည့် အသိနှင့် အကုန်လုံးကို လျှောက်ပတ်ကြည့်ရှုနေလေသည်။
အိမ်အောက်ထပ် နေရာအစုံဆီ မေမြတ်ရဲ့အကြည့်တို့က ရောက်သွားပြီးနောက် အဆုံးသတ်သွားသည့် မြင်ကွင်းတစ်ခုက မျက်မှောင်ကုတ်ကာ ဂိမ်းဆော့နေသည့်ကောင်လေးတစ်ယောက်ထံသို့ ... ။
“ ဟဲ့ ! အဲဒါ ဘယ်သူလဲ ”
သူ့နားကပ်ကာ တိုးတိုးတိတ်တိတ်မေးလာသည့် မေမြတ်ကြောင့် ဇင်ဇင်လည်း မပြောချင်ပြောချင်နှင့်
“ ငါ့မောင်ဝမ်းကွဲ ”
“ ဟယ် ! အမိုက်စားပဲဟဲ့ ... ဘယ်နှစ်တန်းတုန်း ”
“ အခုမှ ကိုးတန်းဖြေထားတာ ”
“ ဒါဆို အခုမှ ငယ်ငယ်လေးပဲ ရှိသေးတာပေါ့ ကလေးရယ် အဟင့် ”
ဈာန့်အကြောင်း ဘာတစ်ခုမှ မသိသေးဘဲ အရမ်းတွေဖြစ်ပျက်ပြနေသည့် မေမြတ်ကို ကြည့်ရင်း ဇင်ဇင်က ခေါင်းတခါခါဖြင့်
“ နှာထမနေနဲ့ မေမြတ် ... နင်လည်း အခုမှ First Year ပဲရှိသေးတာ ... တွေ့တဲ့လူတိုင်းကို ကလေး ကလေး လိုက်ခေါ်မနေနဲ့ ... နင်နဲ့ခင်တာ သိပ်မကြာသေးပေမဲ့ ငါ နင့်အကြောင်းတွေကို တော်တော်သိနေပြီ ... နင့်ထက် ငယ်တဲ့သူမြင်တိုင်း နင်က အကြီးဆိုပြီး ဂုဏ်မောက်ချင်နေတာမလား ... ဟိုက နင့်ထက် နှစ်နှစ်ပဲ ငယ်တာ ... ဒါတောင် ထိုင်နေလို့ အရပ်က အဲဒီလောက်ပဲရှိတာနော် ... ထလိုက်ရင် နင့်ကိုတောင် မိုးသွားဦးမယ် ”
“ အဲဒီလောက်ကတော့ ငါလည်း သိပါတယ်ဟဲ့ ... ဒါနဲ့ နင့်မောင်လေးက ရုပ်လေးလည်း ချောတယ်နော် အဟိ ”
“ နင် သေချာမြင်ရလို့လား ... ဟိုက ဘေးတိုက်ထိုင်နေတာကို ... ”
ဇင်ဇင်တို့အိမ်ရှေ့ဝင်ပေါက်မှ ဝင်လျှင် ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေသည့်ဈာန့်ကို ဘေးတိုက်မျက်နှာအနေအထားနဲ့သာ တွေ့မြင်ရသည်။
“ ဘေးတိုက်ထိုင်နေတာတောင် ချောမောနေတာကို နင် မမြင်ဘူးလား ”
“ မမြင်ဘူး ... မြင်စရာလည်းမလိုဘူး ... တစ်သက်လုံး အဲဒီမျက်နှာကို တွေ့လာရတာ ရိုးအီနေပြီ ... သွား ... အပေါ်ကိုတက်တော့ ”
“ အေးပါဟဲ့ ... နင်ကလည်း လောလိုက်တာ ... ငါ ကြည့်လို့တောင် မဝသေးဘူး ”
ဇင်ဇင်က လှေကားထစ်နားထိ မေမြတ်ကို ဆွဲခေါ်လာပြီး အနောက်မှာ ကျန်ရစ်နေသေးသည့် မြတ်သူနှင့် နောင်ခန့်အား လှည့်ကြည့်လိုက်ကာ
“ ဒါနဲ့ လေးဆက်ရော ... သူ ဘယ်မှာလဲ ... နင်တို့နဲ့ ပါမလာဘူးလား ”
အခုမှပဲ လေးဆက် ပါမလာတာကို ဇင်ဇင် သတိရတော့သည်။ ထိုအခါ မြတ်သူက သူ့ဖိနပ်ကို ဖိနပ်စင်ပေါ် တင်နေရင်း ဇင်ဇင် သိချင်နေသည့် မေးခွန်းကို ဝင်ဖြေပေးလာသည်။
“ အေး ... ပါမလာဘူး ... သူ ဝယ်စရာရှိလို့ နည်းနည်းနောက်ကျမယ်လို့ပြောတယ် ... စောင့်မနေနဲ့ အရင်သွားနှင့်လို့ ပြောလို့ ငါတို့လည်း ထွက်လာလိုက်တော့တာ ”
“ အေး ... အေး ... ဒါဆိုလည်း ပြီးရော ... နင်တို့ အပေါ်တက်နှင့် ... လေးဆက်လာရင် အပေါ်ကို တက်လာခိုင်းဖို့ ငါ့မောင်ကို သွားမှာလိုက်ဦးမယ် ”
သူငယ်ချင်းသုံးယောက်ကို အပေါ်ထပ်ဆီ တွန်းတင်ပေးလိုက်ပြီးနောက် မှုန်ကုတ်ကုတ်ဖြစ်နေသော မောင်ငယ်ထံ နောက်တစ်ဖန် ချဉ်းကပ်ရပြန်သည်။
“ ဈာန် ”
“ ဘာလဲ ”
“ ငါ့ကို တစ်ခုလောက်ကူညီပေး ... ”
“ အားမနေဘူး ”
တုံ့ပြန်မှုများက အရမ်းကို လိုက်လျောညီထွေမှုရှိနေသဖြင့် ဆက်ပြောရမည့်သူမှာ ဆန့်တငင်ငင် ... ။
“ အားမနေလည်း အားလိုက် ... ခဏနေ ငါ့သူငယ်ချင်းတစ်ယောက် လာလိမ့်မယ် ... သူက ငါ့အိမ်ကို တစ်ခါမှ မရောက်ဘူးတော့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ မသိဘူး ... အဲဒါ သူရောက်လာရင် ငါတို့ အပေါ်ထပ်က စာကြည့်ခန်းထဲမှာ ရှိနေမယ်လို့ ပြောပေး ... ပြီးတော့ စာကြည့်ခန်းကို ဘယ်လိုလာရမလဲဆိုတာကိုပါ တစ်ခါတည်း လမ်းညွှန်ပေးလိုက် ... ”
“ မလုပ်ဘူး ... ရှုတ်ရှုတ်ရှပ်ရှပ်တွေ အာရုံနောက်တယ် ”
“ မလုပ်ချင်လည်း လုပ်ထားလိုက် ! ဒါပဲ ! ”
ဇင်ဇင် ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဈာန့်ထံမှ တုံ့ပြန်စကားကို စောင့်မနေတော့ဘဲ အိမ်အပေါ်ထပ်ဆီသို့ ချက်ချင်း ပြေးတက်လာခဲ့လိုက်သည်။
ထိုအခါ အိမ်အောက်ထပ်ကနေ “ ဇင်ဇင် ” ဆိုသည့် ဆူအောင့်အောင့်အော်သံကြီးက တစ်ဟုန်ထိုး ပျံ့လွင့်လာတော့သည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ကျစ် ! လူက စိတ်မကြည်ပါဘူးဆိုနေမှ ဇင်ဇင်တစ်ယောက်က သူ့ကို အရှုပ်ထုတ်တွေ လာပေးသွားပြန်ပြီ။
အခုချိန်မှာ သူ့စိတ်အခြေအနေက လုံးဝကို မကောင်းသောကြောင့် သူ့ဒေါသများက ထိုလူ့ထံသို့ မီးကုန်ယမ်းကုန် ကျရောက်သွားနိုင်သည်။
ဒါကို ဇင်ဇင်တစ်ယောက် သတိမမူမိဘူးလား။ ထားလိုက်ပါတော့။
သူ့ကို ဘာလုပ်ခိုင်းခိုင်း သူလုပ်ပေးချင်မှဖြစ်တာမို့ ဇင်ဇင် သူ့ကိုပြောသွားသည့်စကားလုံးများကို ခေါင်းထဲက ထုတ်ကာ ဂိမ်းကိုပဲ အာရုံစိုက်နေလိုက်သည်။
၁၀မိနစ် ...
၁၅မိနစ် ...
၂၅မိနစ် ...
ဂိမ်းထဲ အာရုံရောက်နေသဖြင့် အချိန်မည်မျှကုန်ဆုံးသွားမှန်း သူ သတိမထားမိတော့ပေ။
ထိုစဉ် အိမ်ရှေ့ဝင်ပေါက်မှာ လူတစ်ယောက် ရောက်လာသည့် အသံကို သူ့နားက အလိုလိုကြားလိုက်မိသလို ဖြစ်သွားသည်။
ဂရုမစိုက်ချင်ပေမဲ့ ဇင်ဇင့်အမှာစကားက နားထဲ တိုးဝင်လာသဖြင့် ဂိမ်းဆော့နေတာကို ခဏရပ်ပြီး အိမ်ရှေ့ဝင်ပေါက်ဘက်ကို လှည့်ကြည့်မိတော့ အနက်ရောင်လွယ်အိတ်လေးကို လွယ်ထားကာ ဖြူလွှလွှချည်သားအကျီပွပွတစ်ထည်နှင့် ဂျင်းဘောင်းဘီမိုးပြာရောင်ကို ဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
အင်း ... ထိုလူက ဇင်ဇင့်သူငယ်ချင်းဆိုတော့ သူ့ထက်တော့ သေချာပေါက်အသက်ကြီးမှာပင်။
ဒါဆိုရင် သူ့အနေနဲ့ ထိုလူ့ကို ကောင်လေးလို့ ခေါ်ဖို့ မသင့်တော်တော့ဘူးမလား။
ထိုလူက ခေါင်းငုံ့ရင်း ဖိနပ်ကို ချွတ်ကာ ဖိနပ်စင်ပေါ် သပ်သပ်ရပ်ရပ်တင်လိုက်သည်အထိ အရာအားလုံးက စနစ်တကျ ... ။
အဲဒီနောက် ထိုလူ့၏မျက်နှာလေးက ပြန်မော့လာသည်။ အိမ်အတွင်းကို တစ်ချက်လှည့်ပတ်ကြည့်လိုက်သည့် မျက်ဝန်းလှလှလေးများက ဈာန်ရောင်ခရဲ့အကြည့်စူးစူးများနှင့် ထိပ်တိုက်တိုးသည့်အခါကျမှ အတည်တကျရပ်တန့်သွားသည်။
ထိုလူကလည်း ကြောင်ကြည့်၊ ဈာန်ရောင်ခကလည်း ငေးကြည့်ဖြင့် ထိုအကြည့်နှစ်ခု ပြိုင်ဆိုင်နေရာမှ အရင်ဆုံးခပ်တည်တည်နှင့် မျက်နှာလွှဲလိုက်သူက ဈာန်ရောင်ခ ... ။
“ အပေါ်ထပ်ကို တက်သွားလိုက် ... ”
အကြည့်တွေက ဂိမ်းထံသို့ ပြန်ရောက်သွားပေမဲ့ ပါးစပ်ကနေတော့ ထိုလူ့အတွက် လမ်းညွှန်ဖြစ်အောင် ညွှန်ပေးလိုက်မိသေးသည်။
“ ဪ ... အင်း ... ကျေးဇူး ... ”
ထိုအခါကျမှ ထိုလူကလည်း အနည်းငယ်ငိုင်တွေနေရာမှ အသိပြန်ဝင်လာပုံဖြင့် သူ့အား ကျေးဇူးတင်စကားပြောလာသည်။
အဲဒီနောက် ဈာန်ရောင်ခလည်း လှေကားထစ်များဆီ ဦးတည်သွားနေသော ထိုလူ့၏ခြေသံများကို မသိမသာ နားစွင့်နေရင်း
“ အပေါ်ထပ်ကိုရောက်ရင် လှေကားရှေ့တည့်တည့် အခန်းရဲ့ညာဘက်မှာ အခန်းတစ်ခုရှိတယ် ... အဲဒီအခန်းထဲမှာ ဇင်ဇင်တို့ ရှိတယ် ... ဝင်သွားလိုက် ... ”
အိမ်အပေါ်ထပ်ကို ရောက်ရင် ထိုလူ အူကြောင်ကြောင်နဲ့ အခန်းလိုက်ရှာနေရမည်ကို စိုးကာ ဈာန်ရောင်ခလည်း မနေနိုင် မထိုင်နိုင် ဝင်ပြောမိပြန်သည်။
“ အာ ... သိပြီ ... ကျေးဇူးပဲ ညီလေး ”
ခေါင်းတညှိမ့်ညှိမ့်နှင့် တုံ့ပြန်လာသည့် ထိုလူ၏အေးဆေးတည်ကြည်သည့် အသံလေးက ဇင်ဇင်တို့လို အသံကျယ်ကျယ်လောင်လောင်တွေပဲ ကြားနေရသည့် သူ့အဖို့တော့ အတန်ငယ် ထူးဆန်းနေ၏။
ဧည့်ခန်းထဲမှာ နာရီဝက်ကျော်ကျော်လောက် ထပ်နေပြီးသည်နှင့် သူလည်း ပျင်းလာကာ အပေါ်ထပ်မှာ သူ့အတွက် ပေးထားသည့်အခန်းထဲ သွားအိပ်ရန် ကြံလိုက်သည်။
လှေကားရှေ့တည့်တည့်မှာ ရှိနေသည့် သူ့အခန်းထဲ ဝင်ခါနီး ဘေးနားက အခန်းဆီ အကြည့်တို့က ဘာရယ်မဟုတ် ရောက်သွားသေးသည်။
အမှန်တော့ သူ့အတွက် ပေးထားသည့်အခန်းက နဂိုက စာကြည့်ခန်းရဲ့တစ်စိတ်တစ်ဒေသဖြစ်သည်။
သူက ဒယ်ဒီနှင့် စိတ်ဆိုးပြီး ဇင်ဇင်တို့အိမ်မှာ မကြာခဏ လာလာအိပ်လေ့ရှိသည့်အတွက် ကြီးကြီးမေနှင့် ဘဘကြီးက စာကြည့်ခန်းရဲ့တစ်ဝက်ကို သူ့အတွက် အခန်းသက်သက်ဖွဲ့ပေးလိုက်ခြင်းဖြစ်သည်။
စာဖတ်ဝါသနာပါသည့် ဘဘကြီးက ဒီအိမ်စဆောက်ကတည်းက စာကြည့်ခန်းအတွက် နေရာကျယ်ကျယ်ဝန်းဝန်းလုပ်ခဲ့သည်ကိုပင် ကျေးဇူးတင်ရပေမည်။
အဲဒီနောက် အတွေးတို့ကို ဖျောက်ပစ်ကာ အိပ်ရာပေါ် ပစ်လှဲလိုက်ရင်း ဂိမ်းဆော့ထားသည့် မျက်လုံးများကို ခဏအနားပေးထားစဉ်
Phone Ringing ...
ဘေးနားမှာ ရှိနေသည့် ဖုန်းကို လှမ်းယူကြည့်မိတော့ ခေါ်ဆိုသူနာမည်ကို တွေ့လိုက်ရသဖြင့် ဈာန်ရောင်ခ အရမ်းစိတ်ပျက်သွားကာ ဖုန်းကိုင်ချင်စိတ်လည်း မရှိသဖြင့် ဒီတိုင်းပစ်ထားလိုက်သည်။
သို့သော်ငြား တစ်ဖက်လူက ဇွဲကောင်းစွာ ထပ်တလဲလဲခေါ်ဆိုနေသည့်အတွက် ဈာန်ရောင်ခရဲ့ဒေါသလှိုင်းလုံးတွေက တဖြည်းဖြည်း ပိုမိုကြီးမားလာသည်။
“ ဟဲလို ! ဒယ်ဒီ ဘာကိစ္စနဲ့ ကျွန်တော့်ကို ဖုန်းဆက်ရတာလဲ ”
“ ဟက် ! ကျွန်တော် ဘယ်ရောက်ရောက် ဒယ်ဒီနဲ့ဘာဆိုင်လို့လဲ ... ဒယ်ဒီက ဘယ်တုန်းကများ ကျွန်တော့်ကို ဂရုစိုက်ပေးဖူးလို့လဲ ... အခုမှ အပိုတွေလုပ်ပြီး ကျွန်တော့်ကို လာမေးမနေနဲ့ ”
ဒယ်ဒီအသံကို ကြားလိုက်ရုံနဲ့တင် သူ ဒေါသထွက်သည်။
“ အခု ကျွန်တော် ကိုးတန်းစာမေးပွဲဖြေပြီးသွားပြီ ... အဲဒါကို ဒယ်ဒီသိလား ... ကျွန်တော် စာမေးပွဲဖြေနိုင်လား မဖြေနိုင်ဘူးလားဆိုတာကိုရော ဒယ်ဒီသိလား ... ဒယ်ဒီ ဘယ်သိမလဲ ... အရင်လကရော ဒီလရော အိမ်မှာ ဒယ်ဒီ ရှိတဲ့ရက်က လက်ချိုးရေလို့ရတယ်လေ ”
“ မလိုဘူး ဒယ်ဒီ ... အခုမှ လာမေးမနေနဲ့တော့ ... ဒယ်ဒီရဲ့အလုပ်ကိစ္စတွေကိုပဲ ဦးစားပေးလိုက်ပါ ... ကျွန်တော်က ဒယ်ဒီအတွက် အရေးပါတဲ့လူမှ မဟုတ်တာ ”
“ ဂရုစိုက်တယ်ဟုတ်လား ... ဒယ်ဒီက ရယ်စရာတွေ လာပြောနေတာပဲ ... ဒီနေ့ ဘာနေ့လဲဆိုတာကို ဒယ်ဒီ သိလား ”
“ ဟုတ်တယ် ... ကျွန်တော့်မွေးနေ့ ... အဲဒါကိုတော့ ဒယ်ဒီ သိနေသားပဲ ... ဒါဆို အခု ဒယ်ဒီ အိမ်မှာ ရှိနေလား ... ဒီမြန်မာပြည်ထဲမှာ ရှိနေလား ”
“ မွေးနေ့ ... ဒီမွေးနေ့လေးတစ်ရက်လေးပဲ ကျွန်တော်နဲ့အတူတူ ရှိနေပေးပါလို့ တောင်းဆိုထားတာကိုတောင် ဒယ်ဒီ လုပ်ရက်တယ် ... အဲဒီလောက်ထိ ဒယ်ဒီရဲ့အလုပ်က ကျွန်တော့်ထက် ပိုအရေးကြီးနေတာလား ... မာမီသာရှိနေသေးရင် သူ ကျွန်တော့်ကို ဒယ်ဒီလိုမျိုး ပစ်ထားမှာမဟုတ်ဘူး ”
“ တော်ပါတော့ ... တောင်းလည်း မတောင်းပန်နဲ့ ... ကျွန်တော်လည်း ဒယ်ဒီဆီက ဘာမှထပ်ပြီးမကြားချင်တော့ဘူး ”
သူ့စိတ်က ဒယ်ဒီပြောသမျှ စကားလုံးတိုင်းကို အလိမ်အညာတွေလို့ပဲ ထင်မြင်မိနေသည်။
“ ကျစ် ! ဘာလို့ အိမ်ကိုပဲ ပြန်လာဖို့ခေါ်နေရတာလဲ ဒယ်ဒီ ... လူမရှိဘဲ ခြောက်ကပ်နေတဲ့အိမ်ကို ကျွန်တော်က ပြန်လာပြီး ဘာလုပ်ရမှာလဲ ... ညတိုင်း သရဲနဲ့နှစ်ပါးသွားကပြရမှာလား ”
“ မာမီမရှိတော့ကတည်းက အိမ်ကလည်း အိမ်နဲ့မတူဘူး ... အဲဒီတော့ ကျွန်တော်က ဘာလို့ပြန်လာရမှာလဲ ... ပြန်မလာဘူး ... ဒီမှာပဲ ကြီးကြီးမေတို့ ဘဘကြီးတို့နဲ့အတူ နေတော့မယ် ... ကျွန်တော့်ကို ထပ်လည်းဖုန်းမဆက်နဲ့ ... လာလည်းမခေါ်နဲ့ ... စိတ်ပါရင်ပြန်လာမယ် ... စိတ်မပါရင် တစ်သက်လုံးပြန်မလာဘူး ... ဒယ်ဒီလည်း ကျွန်တော့်ကို လုံးဝလာမရှာနဲ့ ”
ဒယ်ဒီနှင့် စကားပြောပြီးနောက် လူက အဆမတန်ဒေါသထွက်လာသဖြင့် ဖုန်းကို နံရံဆီ အားနှင့်ပစ်ပေါက်လိုက်သည်။ နံရံကို ထိမှန်သွားသည့် အသံကျယ်ကြီးနှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျလာသည့် ဖုန်းလေးက အက်ကွဲရာများနှင့် သနားစဖွယ်ကောင်းနေသည်။
ဒေါသကြောင့် သူ့ရင်ဘတ်က ဖားဖိုကြီးလို ဖောင်းလိုက် ပိန်လိုက်ဖြစ်နေသည့်အတွက် မျက်နှာကို လက်များဖြင့် အုပ်မိုးလိုက်ပြီး အိပ်ရာပေါ်၌သာ ငြိမ်ငြိမ်လေး လှဲလျောင်းရင်း တင်းမာနေသည့် စိတ်အခြေအနေကို ပြန်လျော့ချနေရသည်။
အမှန်အတိုင်းပြောရမည်ဆိုလျှင် အခုချိန်မှာ သူ မာမီ့ကို အရမ်းလွမ်းသည်။
မာမီသာ ရှိနေသေးရင် သူ့မွေးနေ့လို နေ့ထူးနေ့မြတ်မျိုးမှာ မာမီက သူ့ကို တစ်ယောက်တည်း ပစ်ထားမှာမဟုတ်ဘူး။
သူ ဘာလုပ်လုပ် မာမီက သူနဲ့အတူတူရှိနေပေးမှာ ... ။
သူ ဘာစားချင်ချင် မာမီက အကုန်ချက်ကျွေးမှာ ... ။
သူ ဘယ်လောက်ဆိုးဆိုး “ မာမီ့ဈာန်လေးက လိမ္မာရဲ့သားနဲ့ ဆိုးချင်တယ် ” ဆိုပြီး လေသံဖျော့ဖျော့လေးနဲ့ ချော့နေမှာ ... ။
သူ ဘယ်လိုလူပဲဖြစ်နေပါစေ မာမီက သူဖြစ်နေရုံနဲ့တင် အစွမ်းကုန်ချစ်ပေးမှာ ... ။
အခုတော့ သူ့မှာ မာမီ့ရဲ့ဟင်းချက်လက်ရာကို လွမ်းဆွတ်လာတိုင်း ကြီးကြီးမေဆီကို အပြေးလာရသည်။
ကြီးကြီးမေနှင့် မာမီက သူတို့ရဲ့မိခင်ထံမှ အချက်အပြုတ်စွမ်းရည်ကို အတူတူသင်ယူခဲ့ကြသဖြင့် လက်ရာချင်း မတိမ်းမယိမ်းဖြစ်နေသည်ကပင် သူ့အတွက် ပျော်မဆုံးနိုင်သည့် ဆုလာဘ်ကြီးတစ်ပါးကဲ့သို့ ဖြစ်နေခဲ့သည်။
“ ဥဥ ဟိုဘက်အခန်းမှာ ဘာတွေဖြစ်နေတာလဲ ”
ထိုစဉ် ရုတ်တရက် သူ့ကုတင်နှင့် ကပ်လျက်ရှိနေသည့် နံရံပါးပါးရဲ့တစ်ဖက်ခြမ်းမှထွက်ပေါ်လာသည့် အေးမြမြအသံတိုးတိုးလေးတစ်ခုကြောင့် ဈာန်ရောင်ခ မှိတ်ထားသည့် မျက်လုံးတို့က အလိုအလျောက်ပွင့်ဟလာခဲ့သည်။
ဒီအသံက ဟိုလူရဲ့အသံမဟုတ်ဘူးလား။
ထိုကဲ့သို့ သတိပြုမိသည့်နည်းတူ ကိုယ့်ကိုယ်ကိုလည်း အံ့အားသင့်မိသည်။
သူ့ဘဝမှာ ဘယ်တုန်းကများ လူတစ်ယောက်ရဲ့အသံကို ခဏလေးနဲ့ နားထဲစွဲသွားရတာပါလိမ့်။
“ ငါ့မောင် ဒေါသအိုးရဲ့အသံလေ ”
ဒေါသအိုး ? သူ့ကို ပြောနေတာလား။ သူက ဘယ်တုန်းက ဒေါသအိုးဖြစ်သွားတာလဲ။
လူစုံရင် အထုတ်ဖြည်ပြတတ်သည့် ဇင်ဇင်ကြောင့် ဈာန်ရောင်ခတစ်ယောက် ဒေါသထွက်ရုံတင်မက ခေါင်းပါ ကိုက်ခဲလာသလိုပင်။
“ နင့်မောင် ... အာ ... သိပြီ ... ခုနက ငါ အောက်ထပ်မှာ တွေ့ခဲ့တဲ့ ကလေးလေးလား ”
“ အေး ... ဟုတ်တယ် ... အဲဒီလူဆိုးကောင်ပဲ ”
အသံအေးအေးလေးကို ကြားရလျှင် စိတ်ကြည်သွားလိုက်၊ ဇင်ဇင်ရဲ့အသံဆိုးကြီးကို ကြားရလျှင် ခေါင်းကိုက်လာလိုက်ဖြစ်နေပေမဲ့ ဈာန်ရောင်ခကတော့ နံရံပါးပါးနားကို ပိုပြီးတော့တောင် တိုးကပ်လိုက်ကာ တစ်ဖက်အခန်းက အသံတွေကို မသိမသာ ခိုးနားထောင်မိသည်။
သူ့အခန်းက အစကတည်းက အဖြစ်သဘောမျိုးသာ လုပ်ထားသည်မို့ လုံးဝအသံမလုံပါ။ တစ်ဖက်စာကြည့်ခန်းမှာ ပုံမှန်အသံနှင့် ပြောနေကြသည်ကိုတောင် သူ့ဘက်က အကုန်ရှင်းရှင်းလင်းလင်းကြားနေရလျှင် ခုနက သူ ဒယ်ဒီနှင့် ရန်ဖြစ်သည်ကိုလည်း ဇင်ဇင်တို့အားလုံး ကြားရမည်မှာ မလွဲသေချာပေါက်ပင်။
“ အဲဒီကောင်လေးက သူ့အဖေနဲ့ ရန်ဖြစ်နေတာမလား ”
ဒီတစ်ခါထွက်လာသည့် အသံကတော့ မိန်းကလေးအသံ ... ။
ကြည့်ရတာ ခုနက တွေ့လိုက်ရသည့် အာကျယ်အာကျယ်နှင့် အစ်မကြီးပဲဖြစ်ရမည်။
“ အင်း ... သူတို့သားအဖကတော့ အမြဲရန်ဖြစ်နေတာပဲ ... ငါ့မောင်ဝမ်းကွဲရဲ့အမေက ဆုံးသွားပြီလေ ... သူ့အဖေကကျ အမြဲ အလုပ်ကိစ္စနဲ့ ခရီးတွေထွက်ပြီး မအားလပ်တော့ ကလေးကလည်း တဖြည်းဖြည်း စိတ်ဆတ်၊ ဒေါသကြီးလာတယ်ထင်ပါရဲ့ ... ဒါပေမဲ့ အန်ကယ်လေးကတော့ သူ့သားကို တော်တော်ချစ်ရှာတာဟ ... ချစ်ပေမဲ့လည်း အချိန်မပေးနိုင်တော့ ကလေးက အရွဲ့တွေတိုက်နေတာ ... သူတို့သားအဖက အမြဲ အဲဒီလိုပဲ ”
ကျစ် ! ဇင်ဇင်ကတော့ တကယ်ပါပဲ။
သူ့အကြောင်းကို နေရာတကာ လိုက်ပြောနေဖို့ လိုလို့လား။
ပြီးတော့ သူနဲ့ မသိတဲ့သူစိမ်းတွေ ရှေ့မှာလေ။
“ အဲဒီကလေးက အရမ်းဆိုးတဲ့ပုံ မပေါ်ပါဘူး ... ခုနကတောင် သူ စိတ်မကြည်ပေမဲ့ ငါ့ကို ကောင်းကောင်းမွန်မွန်လမ်းညွှန်ပေးလိုက်သားပဲ ”
ဒါနဲ့ နေပါဦး။
ဒီလူက သူ စိတ်မကြည်တာကို ဘယ်လိုလုပ်ပြီး သိနေတာလဲ။
သူ့ပုံစံက အရမ်းကို ခန့်မှန်းရလွယ်ကူပြီး သိသာပေါ်လွင်နေလို့လား။
“ အမယ်လေး ! လေးဆက်ရယ် ... နင် ငါ့မောင်အကြောင်း မသိသေးလို့ပါ ... သူ တကယ်ဒေါသထွက်လာတဲ့ အချိန်ကျရင် ဘယ်သူမှ တုတ်တုတ်တောင်မလှုပ်ရဲဘူး ... ဟိုတလောက ငါ သူ့အိမ်သွားလည်တုန်းကတောင် သူတို့သားအဖ ရန်ဖြစ်နေတာနဲ့ ကြုံရသေးတယ် ... သူပြောတာက ဘာပါလိမ့် ... ဪ ... ကလေးတစ်ယောက်ကို မွေးထားပြီး အဲဒီကလေးအတွက် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမပေးနိုင်ဘူးဆိုရင် အစကတည်းက ဘာလို့မွေးခဲ့သေးလဲ ... မချစ်ပေးနိုင်ရင် မွေးကတည်းက ချစ်ပေးနိုင်မဲ့သူဆီကို ပေးပစ်လိုက်ပါလားဆိုပြီး သူ့အဖေကို ပြန်အော်နေတာဟယ် ... ငါ့မောင်က တကယ့်ငဂျစ်ကောင် ... ဒေါသအိုး ... ”
လေးဆက် ... ။
အဲဒီလူရဲ့နာမည်က လေးဆက်တဲ့လား။
လှလိုက်တာ။
စိတ်အာရုံက ထိုလူရဲ့နာမည်လှလှလေးဆီကို ရောက်သွားတော့ ဇင်ဇင်တစ်ယောက် သူ့အကြောင်း ပယ်ပယ်နယ်နယ်အတင်းတုတ် ဖောက်သည်ချနေတာတွေကိုတောင် ခဏမေ့နေသလို ဖြစ်သွားရသည်။
“ အဲဒီကလေးက အချစ်ခံချင်နေတာ ”
ထိုလူ့ထံမှ ကြည်လင်ပြတ်သားသည့် စကားတစ်ခွန်းကြောင့် နံရံနားကပ်ကာ ခိုးနားထောင်နေသည့် ဈာန်ရောင်ခရဲ့ခန္ဓာကိုယ်က မတ်ခနဲဖြစ်သွားပြီး မျက်ခုံးတန်းများက တစ်ခုခုကို အလိုမကျသလို တွန့်ချိုးသွားသည်။
“ အခုရော သူ အချစ်မခံရလို့လား ... သူ့ကို အကုန်လုံးက ဝိုင်းချစ်နေကြတာပဲလေ ... သူ့အဖေရော ... ငါတို့မိသားစုရော ... ”
“ ဒါပေမဲ့လည်း ဘယ်သူကမှ သူ့ကိုချစ်ကြောင်း တကူးတကကြီးမဖော်ပြကြဘူးလေ ... နင်တို့က သူ့ကိုချစ်တယ်လို့ အပြင်မှာ ထုတ်ပြောဖူးလို့လား ”
“ ဟင့်အင်း ”
ထိုအခါ အဲဒီလူက ခပ်ဖွဖွသက်ပြင်းရှိုက်သည်။ ထိုလူ့ရဲ့သက်ပြင်းရှိုက်သံသဲ့သဲ့လေးကိုတောင် ကြားရလောက်သည့်အထိ ဈာန်ရောင်ခရဲ့စိတ်အာရုံအလုံးစုံက ထိုလူတစ်ဦးတည်းထံသို့ စီးဝင်နစ်မြုပ်နေ၏။
“ နင်တို့က သူ့ကို ချစ်တယ်လို့ ခဏခဏထုတ်မပြောဘူးဆိုရင် ဒီကလေးက နင်တို့ရဲ့အချစ်ကို ဘယ်လိုလုပ်ခံစားမိမလဲ ... အပြုအမူတွေကနေတဆင့် ဒီလူတစ်ယောက်က ကိုယ့်ကို တကယ်ချစ်လား မချစ်ဘူးလားဆိုတာ အရွယ်ရောက်တဲ့လူတွေတောင် သေချာမသိနိုင်တဲ့ကိစ္စ ... ဒီကိုးတန်းအရွယ်ကလေးလေးက ဘယ်လိုလုပ်သိနိုင်ဦးမှာလဲ ...
အမှန်ဆို နင်တို့က သူ့ကို ဘယ်လောက်ထိ ချစ်ကြောင်း အပြုအမူနဲ့တင်မက အပြောအဆိုနဲ့ပါ သက်သေပြပေးသင့်တာ ... အပြုအမူ၊ အပြောအဆို နှစ်ခုလုံး လုပ်ပြဖို့ လိုအပ်တယ် ... အခုကျ ဒီကလေးက သူ လိုအပ်နေတဲ့အချိန်မှာ သူ့ဘေးနားမှာ ဘယ်သူမှ မရှိပေးကြတာ ... သူ ကြားချင်တဲ့စကားကို ဘယ်သူမှ မပြောပေးကြတာကိုပဲ သူ ခံစားနေရတာ ...
အဲဒီတော့ ဒီကလေးက စိတ်အလိုမကျတာတွေများပြီး ဒေါသကြီး၊ စိတ်ဆတ်လာတော့တာပေါ့ ... အများအမြင်မှာဝောာ့ လူရမ်းကားလေးဖြစ်နေပေမဲ့ ငါ့အမြင်မှာတော့ သူက အရမ်းအချစ်ခံချင်နေတဲ့ ကလေးလေးတစ်ယောက်ပဲ ”
အဲဒီနောက် အသံအားလုံးက ရုတ်ခြည်းဆိုသလို ငြိမ်ကျသွားသဖြင့် ဈာန်ရောင်ခလည်း နံရံနားကို ပိုပြီးတိုးကပ်ကာ မချင့်မရဲ အားစိုက်နားထောင်လိုက်သည်။
“ ဒါဆို လေးဆက် နင်ကရော အဲဒီအကြောင်းကို ဘယ်လိုလုပ်သိတာလဲ ”
“ မေမြတ်ရယ် ... ငါကလည်း ညီမရှိတဲ့အစ်ကိုတစ်ယောက်ပါ ... ကလေးတစ်ယောက်ကို ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ ငါ သိပါတယ် ... ပြီးတော့ ငါ ရွာပြန်တိုင်းလည်း ငါ့ညီမလေးကို အမြဲထိန်းရတာ ...
ငါ့ညီမလေးကို ဘယ်လောက်ထိချစ်ကြောင်း သူ့ရှေ့မှာ ခဏခဏပြောတယ် ... ဒီလောကကြီးမှာ ညီမလေးကို ဘယ်သူမှ မချစ်တော့ရင်တောင် ငါ ရှိနေသေးတယ်ဆိုတဲ့အကြောင်း အပြုအမူ၊ အပြောအဆို အကုန်လုံးနဲ့ သက်သေပြပေးတယ် ...
အဲဒါကြောင့် ညီမလေးကလည်း ငါ့အချစ်ကိုဆို ယုံတယ် ... အခုဆို ငါ့ညီမလေးက အချစ်ခံဘဝလေးနဲ့ တကယ်လှလှပပကြီးပြင်းလာတာ ... ကလေးတစ်ယောက်ကို ချစ်တယ်လို့ ထုတ်ပြောဖို့က ဘယ်လောက်များ ခက်ခဲနေလို့လဲ ”
“ ဒါဆို ငါ့အိမ်ကဟာလေးကို နင် မွေးစားလိုက်တော့ လေးဆက် ... နင် ချစ်ပေးလိုက်ရင် ငါ့မောင်လေးလည်း တော်တော်အဆင်ပြေသွားမှာ ”
မထင်မှတ်ထားသည့် ဇင်ဇင့်စကားကြောင့် ဈာန်ရောင်ခရဲ့နှလုံးသားလေးက ငလျင်လှိုင်းသေးသေးလေးတစ်ခု ဖြတ်သန်းသွားသကဲ့သို့ အနည်းငယ် လှုပ်ခတ်သွားရသည်။
“ ဟား ... ဟား ... ဟား ... ဒါဆို ငါ ဒီကလေးကို သူ့အဖေဆီကနေ သွားတောင်းလိုက်ရတော့မလား ... ငါ့မှာ ညီမတစ်ယောက်ရှိပြီးသားဆိုတော့ ညီတစ်ယောက်ထပ်ရတာပေါ့ ... အတော်ပဲ ... ကိုကိုလို့ခေါ်ခိုင်းရမယ့် ညီလေးတစ်ယောက်ထပ်ရတာ ... ငါ့ညီမလေးကို ငယ်ငယ်လေးကတည်းက ငါ့ကို ကိုကိုလို့ခေါ်ဖို့ပြောတာ လုံးဝမရဘူးကွာ ... သူက ငါ့ကိုဆို ကိုကြီးလို့ပဲ တစ်ချိန်လုံးခေါ်နေတာ ”
ရယ်သံလွင်လွင်လေးနှင့်အတူ ရွှင်ပျပျဖြစ်နေသည့် အသံလေးကြောင့် ဈာန်ရောင်ခတစ်ယောက် သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ပြုံးမိသွားကာ
“ ကိုကိုတဲ့လား ”
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ည ၈နာရီခွဲခန့်အချိန်ဖြစ်သည်။
ဒေါက် ! ဒေါက် !
“ ဈာန် ငါ ဝင်လာလို့ရလား ”
အခန်းတံခါးကို နှစ်ချက်ဆင့်ခေါက်ပြီး အသံပေးလာသည့် ဇင်ဇင်ကြောင့် ဈာန်ရောင်ခ အိပ်ရာပေါ်မှာ မှောက်အိပ်နေရာမှ ငုတ်တုတ်ထထိုင်လိုက်ရင်း
“ အင်း ... ဝင်လာခဲ့ ... ”
အခန်းတံခါးပွင့်သံနှင့်အတူ ဇင်ဇင်က ပြီတီတီ စပ်ဖြီးဖြီးမျက်နှာထားနှင့် ဝင်လာသည်။
“ ဘာကိစ္စလဲ ”
သူ လှမ်းမေးလိုက်တာကို ဇင်ဇင်က မဖြေသေးဘဲ သူ့အိပ်ရာပေါ်မှာ ဘေးတစ်စောင်းဝင်ထိုင်ရင်း
“ ငါ့မောင်လေးက ချစ်ဖို့ကောင်းလိုက်တာ ”
ထိုစကားကြောင့် ဈာန်ရောင်ခရဲ့မျက်နှာက မှုန်ကုပ်သွားပြီး
“ နင် ဘာတွေလာပြောနေတာလဲ ဇင်ဇင် ... ထူးထူးဆန်းဆန်း ... ”
“ ချစ်လို့လေ ... ငါ့မောင်လေးက ဒီလောက်ချစ်ဖို့ကောင်းတာ ”
ပြောရင်းဆိုရင်း သူ့ပါးတွေကို လာဆွဲညှစ်တော့မည့်ပုံပေါက်နေသဖြင့် ဈာန်ရောင်ခ ခေါင်းကို တိမ်းကာ ရှောင်လိုက်မိသည်။
“ ရူးနေတာလား ”
ထိုအခါ ဇင်ဇင်က သက်ပြင်းအသာချလိုက်ရင်း
“ ဒီနေ့က နင့်မွေးနေ့လေ ဈာန် ”
“ အဲဒီတော့ ဘာဖြစ်လဲ ... ဒီတိုင်း သာမန်နေ့ရက်တစ်ခုပဲလေ ... ဘာထူးခြားသွားလို့လဲ ”
“ နင်ကလည်း ... ”
“ မပြောနဲ့တော့ ... ဒါနဲ့ နင် အခု ဒီကို ဘာလာလုပ်တာလဲ ”
သူ့အမေးကြောင့် ဇင်ဇင်က အိတ်ထဲမှ ပစ္စည်းလေးတစ်ခုကို ထုတ်ယူရင်း သူ့ဆီ ကမ်းပေးလာသည်။
“ ရော့ ! ”
ရုတ်တရက်ဆိုသလို သူ့မျက်စိရှေ့တည့်တည့်ကို ရောက်လာသည်က အဖြူရောင်မွှေးပွလုံးကီးချိန်းလေးတစ်ခု ... ။
“ ဘာလဲ ... အဲဒါက ... ”
“ မွေးနေ့လက်ဆောင် ”
ဈာန်ရောင်ခ နှာခေါင်းရှုံ့လိုက်ရင်း
“ မကြိုက်ဘူး ... ပေါတောတောနဲ့ ... ငါက ရူးနေလို့ ဒီလိုဟာမျိုးကို သုံးရမှာလား ”
ထိုအခါ ဇင်ဇင်က ပြာပြာသလဲဖြင့်
“ ဟယ် ! နင်ကလည်း ... သူများက စေတနာနဲ့ ပေးတာကို ... ”
သူများ ?
ဒါဆို ဒီကီးချိန်းက ဇင်ဇင်ပေးတာမဟုတ်ဘူးပေါ့။
“ ဘယ်သူပေးတာလဲ ”
“ ငါ့သူငယ်ချင်း ပေးသွားတာ ... နင် မှတ်မိလိမ့်မယ်လို့တော့ ထင်တာပဲ ... နောက်ဆုံးမှ ရောက်လာတဲ့ တစ်ယောက်လေ ... နင်တောင် အပေါ်ထပ်ကိုတက်ဖို့ လမ်းညွှန်ပေးလိုက်သေးတာ ”
စိတ်လှုပ်ရှားမှုကြောင့် ဈာန်ရောင်ခရဲ့မျက်ခုံးတန်းလေးများက တွန့်ခနဲ လှုပ်ခတ်သွားကာ
“ ဪ ... သူလား ”
“ အေး ... ဟုတ်တယ် ... အဲဒီတစ်ယောက် ... အဲဒီတစ်ယောက် ... ”
ထိုလူ ပေးတာမှန်း သိလိုက်ရသည့်နောက်မှာတော့ ဈာန်ရောင်ခရဲ့လက်တို့က အလျင်စလိုပင် ဇင်ဇင်လက်ထဲမှာ ရှိနေသည့် မွှေးပွလုံးကီးချိန်းလေးကို ဆွဲလုယူလိုက်သည်။
အဖြူရောင်မွှေးပွလုံးကီးချိန်းလေး၏နူးညံသည့် အထိအတွေ့နှင့်အတူ ဈာန်ရောင်ခရဲ့နှလုံးသားထဲသို့လည်း နွေးထွေးမှုတချို့ စီးဝင်လာသည်။
“ ဒါနဲ့ သူက ငါ့ကို ဘာလို့ပေးတာလဲ ”
“ ဒီနေ့က နင့်မွေးနေ့မို့လို့ လက်ဆောင်အနေနဲ့ ပေးပေးပါတဲ့ ... သူ ပြန်ခါနီး ငါ့ကို အဲဒီလိုတော့ ပြောသွားတာပဲ ... ဒီကီးချိန်းလေးက သူ ဒီကို မလာခင် သူ့ညီမလေးအတွက် ဝင်ဝယ်ရင်း တစ်ခါတည်း သူ့အတွက်ပါ ဝယ်လာခဲ့လိုက်တာတဲ့ ...
သူ့ညီမလေးအတွက်က ပန်းရောင် ... သူ့အတွက်က အဖြူရောင်ဆိုပြီး ဝယ်လာတာ ... ဒါပေမဲ့ ဒီနေ့က နင့်မွေးနေ့မှန်း သိသွားတော့ သူ့အတွက် ဝယ်ထားတဲ့ ပစ္စည်းလေးကို နင့်အတွက် မွေးနေ့လက်ဆောင်အဖြစ် ပေးလိုက်တာပဲ ”
“ သူက ဘယ်လိုလုပ် ငါ့မွေးနေ့ကို သိနေရတာလဲ ”
“ ဒီနေ့လယ်တုန်းက အခန်းထဲမှာ နင် အန်ကယ်လေးနဲ့စကားများနေတာလေ ... ဒီဘက်ခြမ်းကနေ ငါတို့ အကုန်ကြားနေရတယ် ... အဲဒါကြောင့် သူ သိသွားတာနေမှာ ”
ဪ ... ဟုတ်သားပဲ။
ဒီနေ့ သူ ဒယ်ဒီနဲ့ ရန်ဖြစ်နေတုန်း မွေးနေ့အကြောင်းကို ထုတ်ပြောမိလိုက်တာပဲ။
ဒါနဲ့ ထိုလူက အဲဒီအကြောင်းအရာတွေအထိပါ မှတ်မိနေတာလား။
“ သူများလက်ဆောင်ပေးထားတာဆိုတော့ နင် မကြိုက်လည်း တစ်နေရာရာမှာ သိမ်းထားလိုက်ပေါ့ဟာ ... လွှတ်တော့မပစ်ပါနဲ့ ... တော်ကြာ လေးဆက်သိသွားရင် စိတ်မကောင်းဖြစ်နေဦးမယ် ... နင် အဲဒီလိုဟာမျိုးတွေ မကြိုက်မှန်းသိပေမဲ့ ငါလည်း မငြင်းချင်တာနဲ့ ယူထားလိုက်တာ ... သူစိမ်းတစ်ယောက်က ပေးတဲ့ အမှတ်တရမွေးနေ့လက်ဆောင်လို့ပဲ သဘောထားလိုက်ပေါ့ ”
သူစိမ်းတစ်ယောက်က ပေးတဲ့ အမှတ်တရမွေးနေ့လက်ဆောင်တဲ့လား။
“ ဖေဖေနဲ့ မေမေကလည်း နင့်အတွက် မွေးနေ့လက်ဆောင်တွေ ဝယ်ထားသေးတယ် ... ဒါပေမဲ့ ဒီည သူတို့ ညစာစားပွဲရှိနေလို့ အခုထိ ပြန်ရောက်မလာကြသေးဘူး ... ငါ နင့်အတွက် မှာထားတဲ့ ပစ္စည်းကလည်း မနက်ဖြန်ကျမှ လာပို့မှာ ... အဲဒီတော့ နင် မနက်ဖြန်ကျမှပဲ လက်ဆောင်တွေကို အကုန်ပေါင်းယူလိုက်တော့ ”
“ အင်း ”
“ ဒါဆို ငါ သွားပြီနော် ဈာန် ... တံခါးပြန်စေ့ပေးခဲ့မယ် ”
ဇင်ဇင် အခန်းတံခါးနားကို ရောက်ခါနီးအချိန်မှာ ဈာန်ရောင်ခ အလျင်စလိုမေးမြန်းလိုက်မိသည်က
“ ဇင်ဇင် ! သူ့နာမည်က ဘယ်လိုခေါ်လဲ ... အပြည့်အစုံ ... ”
“ ဘယ်သူ့ကိုပြောတာလဲ ... ဪ ... လေးဆက်ကိုလား ”
“ အင်း ”
“ လေးဆက်ရိပ်သွင် ”
ပိတ်ကျသွားသည့် တံခါး ... ။
အဝေးကို လျှောက်လှမ်းသွားသည့် ဇင်ဇင်ရဲ့ခြေသံ ... ။
အခုချိန်မှာ ဈာန်ရောင်ခရဲ့အတွေးပင်လယ်ပြင်ထဲမှာ ကူးခတ်နေသည်ကတော့ လေးဆက်ရိပ်သွင်ဆိုသည့်အမည်နာမနှင့်အတူ နေ့လယ်ခင်းက ထိုလူနှင့်တွေ့ခဲ့သည့် အကြောင်းအရာများ၊ ထိုလူ၏ အေးမြကြည်လင်သော အသံများပင်ဖြစ်သည်။
ဘာဖြစ်လို့ ဒီလောက်တောင် ထိုလူက သူ့ကို အရေးတယူပြုမူပြီး သူကလည်း ထိုလူ့အကြောင်း တွေးတောနေမိသလဲမသိပေ။
ဈာန်ရောင်ခ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားမိသည့် မွှေးပွလုံးကီးချိန်းလေးကို တစ်ချက်စိုက်ကြည့်လိုက်ရင်း
“ လေးဆက်ရိပ်သွင် ! ကျွန်တော် ခင်ဗျားအကြောင်း ပိုစုံစမ်းကြည့်ရတော့မယ်ထင်တယ် ”
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဘယ်လိုလဲ ? အရမ်းအံ့ဩသွားကြလား ?
ဒီဇာတ်လမ်းတစ်လျှောက်လုံး မထင်မရှားပါနေတဲ့ သဇင်ဥဆိုတဲ့ ကောင်မလေးက တကယ်တမ်းကျတော့ ဈာန်ရောင်ခရဲ့အစ်မဝမ်းကွဲဖြစ်နေလိမ့်မယ်ဆိုတာကိုပေါ့ ...
အခု ကိုယ် ဖွက်ထားတာကို ဖော်လိုက်ပြီဆိုတော့ ပြန်ရှင်းပြပေးတော့မယ်နော် ... ( စာတော့ နည်းနည်းရှည်မယ် )
1️⃣ အပိုင်း ( ၄၇ ) နဲ့ ( ၄၈ ) မှာ ကိုယ် ထည့်ရေးလိုက်တဲ့ “ ထိုလူ ” ဆိုတဲ့ အမည်မရှိလူတစ်ယောက်က ရှင်လေးတို့ကို နည်းနည်းဇဝေဇဝါဖြစ်သွားစေလိမ့်မယ်လို့ ကိုယ် ထင်တယ် ...
ရုတ်တရက်ကြီးပေါ်လာတဲ့ လူတစ်ယောက် ... ပြီးတော့ ဈာန့်လိုမျိုး ဂျစ်ကန်ကန်လူရဲ့အားကိုးရာ ယုံကြည်ရာဆိုတော့ ဒီလူက ဘာလားပေါ့တွေ ဖြစ်ကုန်ကြတာ ... 😆
အမှန်တော့ ဈာန် သွားတွေ့ခဲ့တဲ့ “ ထိုလူ ” က သဇင်ဥပါပဲ ... အဲဒီအပိုင်းတွေမှာ တစ်ချိန်လုံး “ ထိုလူ ” လို့ပဲ သုံးနှုန်းထားလို့ အကုန်လုံးက ယောကျာ်းလေးတစ်ယောက်ပဲ ဖြစ်ရမယ်လို့ မှန်းဆထားကြမှန်းလည်း ကိုယ် ရိပ်မိပါတယ် ...
လူဆိုတဲ့ စာလုံးကို မြင်ရင် ကိုယ်တို့က ဒါက မိန်းကလေးရော၊ ယောကျာ်းလေးရော ဖြစ်နိုင်ပါလားဆိုတာထက် ယောကျာ်းလေးလို့ပဲ တန်းမြင်မိကြတဲ့အကျင့်ကြောင့်လည်း ပါတာပေါ့နော် ... ကိုယ်လည်း တမင် အဲဒီလိုမြင်စေချင်လို့ သဇင်ဥဘက်က နာမ်စားတောင် ထည့်မသုံးထားတာပါ ...
2️⃣ အပိုင်း ( ၄၈ ) မှာ ပြောထားသလိုပဲ ... လေးဆက်အတွက် ဈာန်က အချက်အပြုတ်သွားသင်ခဲ့တယ် ... ဈာန့်ကို သင်ပေးတဲ့လူက ဈာန့်မာမီရဲ့အစ်မအရင်း၊ ဈာန့်ရဲ့ကြီးကြီးမေ၊ သဇင်ဥရဲ့မိခင်ပဲ ဖြစ်ပါတယ် ...
လက်ရှိအပိုင်းမှာ ပြောထားသလိုဆိုရင် ဈာန့်မိခင်နဲ့ ကြီးကြီးမေရဲ့အချက်အပြုတ်လက်ရာက နည်းနည်းလေးပဲ ကွာခြားတဲ့အတွက် ဈာန့်အနေနဲ့ဆိုရင် သူ့မိခင်ရဲ့အမွေကို ပြန်ဆက်ခံလိုက်သလိုပါပဲ ... သူ့မိခင်ရဲ့လက်ရာအတိုင်း သူ့ကိုကိုအတွက် ချက်ပြုတ်ပြင်ဆင်ပေးတာပေါ့ ...
3️⃣ ဒါဆိုရင်တော့ အပိုင်း ( ၁၆ ) မှာ ပါခဲ့သလိုမျိုး လေးဆက် အရက်နာကျတိုင်း ဖျားနာတိုင်း နို့ဆန်ပြုတ်မွှေးမွှေးလေးနဲ့ ဆေးတွေကို ဘယ်သူက စီစဉ်ပေးပြီး သဇင်ဥကို သွားပို့ခိုင်းခဲ့လဲဆိုတာကို သိလောက်ပြီလို့ထင်ပါတယ် ...
အပိုင်း ( ၃၂ ) မှာလည်း ဈာန် ချက်ပေးတဲ့ နို့ဆန်ပြုတ်အရသာကို လေးဆက် သတိထားမိကြောင်း ထည့်ရေးပေးထားပါတယ်
4️⃣ နောက်တစ်ခု မှတ်မိဦးမယ် ထင်ပါတယ် ... အပိုင်း ( ၃၀ ) မှာ သဇင်ဥက မွေးနေ့ကို အကြောင်းပြပြီး သူ့သူငယ်ချင်းတွေကို Royal Bar ဆီ ခေါ်သွားခဲ့ပါတယ် ...
ပြီးတော့ တော်ရုံတန်ရုံလူ မရနိုင်တဲ့ VVIP ကဒ်က သဇင်ဥရဲ့လက်ထဲမှာ ရှိနေပါတယ် ... သဇင်ဥကလည်း သူ့မောင် လုပ်ပေးခဲ့တာလို့ ပြောခဲ့ပါတယ် ... ဟုတ်ပါတယ် ဈာန်ရောင်ခ လုပ်ပေးထားတာပါ ...
အပိုင်း ( ၅ ) မှာ Royal Bar ရဲ့ပိုင်ရှင်က ဈာန့်ဒယ်ဒီရဲ့ကျေးဇူးခံကျေးဇူးစားတပည့်ဖြစ်နေလို့ အဲဒီဘားက ဈာန့်အတွက်တော့ သူ့အိမ် သူ့ယာလို ဖြစ်နေတယ်လို့ ရေးခဲ့ဖူးပါတယ် ... ပြောရရင် VVIP ကဒ်လုပ်ပေးတာလောက်ကတော့ ဈာန့်အတွက်တော့ အပျော့ပေါ့ ...
သဇင်ဥက အဲဒီဘားကို အရင်ကတည်းက ဈာန်နဲ့အတူတူ ခဏခဏလာဖူးတယ်ဆိုတာ ပါပါတယ် ... ခဏခဏလာဖူးရက်နဲ့တောင် သဇင်ဥက လေးဆက်ကို အရင်ကတည်းက မခေါ်သွားဘဲ ဘာလို့ အဲဒီနေ့ကျမှပဲ ခေါ်သွားရတာလဲ ( အဲဒီတစ်ကြိမ်က လေးဆက်အတွက် Royal Bar ကို First time ရောက်ဖူးခြင်းပါ )
ပြီးတော့ သဇင်ဥက လေးဆက်တို့ကို ခေါ်လာတဲ့အချိန်ကျမှ ဘာလို့ ဈာန်ကလည်း နှင်းစက်နဲ့ နမ်းရှိုက်နေတဲ့ အခြေအနေဖြစ်ရတာလဲ ... အဲဒီလောက်တိုက်ဆိုင်ဖို့ကတော့ ဖြစ်နိုင်ချေသိပ်မရှိဘူးလေ ...
ဒါပေါ့ ! သေချာတာတစ်ခုက လေးဆက်ကို သဝန်တိုအောင် လုပ်ဖို့အတွက် ဈာန်က သူ့အစ်မကို ခေါ်လာခိုင်းလိုက်တာပါပဲ ... နှင်းစက်ကတော့ ကြားထဲက အသုံးချခံဖြစ်သွားတာပေါ့ ... သူ မှန်းဆထားတဲ့အတိုင်းပဲ လေးဆက်ကလည်း တကယ်သဝန်တိုခဲ့ပါတယ် ...
5️⃣ နောက်တစ်ခုက ဒီတစ်ချိန်လုံး ဈာန်က လေးဆက်ကို “ ကိုကို ” လို့ ပါးစပ်ဖျားက မချဘဲ အမြဲတမ်းခေါ်နေရတဲ့အကြောင်းအရင်းက လက်ရှိအပိုင်းထဲမှာပါတဲ့ လေးဆက် ပြောလိုက်တဲ့ စကားလေးကြောင့်ပါ
6️⃣ နောက်ပြီးတော့ ဈာန် မွေးနေ့လက်ဆောင်ရထားတဲ့ အဖြူရောင်မွှေးပွလုံးကီးချိန်းလေး ... အဲဒီကီးချိန်းလေးအကြောင်းကို အပိုင်း ( ၃၂ ) မှာ ထည့်ရေးခဲ့ဖူးပါတယ် ... ဈာန်က သူ့ကိုကို ပေးခဲ့တဲ့ အဲဒီကီးချိန်းလေးကို တစ်ချိန်လုံး ကိုယ်နဲ့မကွာ ဆောင်ထားတာပါ ... အရောင်မွဲသွားတာတောင်မှပေါ့ ...
7️⃣ ဒါဆို နောက်ဆုံး တကယ့်အကြောင်းအရာတစ်ခုပဲ ကျန်တော့တယ် ... ဇာတ်လမ်းစစချင်း အပိုင်း ( ၁ ) နဲ့ ( ၂ ) မှာ သဇင်ဥက လေးဆက်ကို ဘာလို့ BL fic ရေးဖို့ တွန်းအားပေးခဲ့တာလဲ ?
အဲဒါကတော့ နောက်အပိုင်းတွေကျမှ အသေးစိတ်ထပ်ရှင်းပြပါ့မယ်နော် ...
အမှန်ပြောရရင် ဈာန်က လေးဆက်ကို မြင်မြင်ချင်း သူ့စိတ်ထဲ နည်းနည်းတစ်မျိုးဖြစ်သွားပေမဲ့ ချစ်တဲ့အဆင့်ထိ မရောက်ခဲ့ဘူး ...
ဒါပေမဲ့ လေးဆက်လို သူစိမ်းတစ်ယောက်က သူ့ခံစားချက်ကို ဆွေမျိုးအရင်းအချာထက် ပိုနားလည်ပေးနိုင်တာတွေ၊ သူနဲ့လည်း မသိဘဲ လက်ဆောင်ပေးသွားတာတွေက ဈာန့်ရဲ့ငယ်ရွယ်နုပျိုတဲ့နှလုံးသားထဲ တော်တော်ကြီးကို ဖောက်ဝင်သွားတယ်လို့ ပြောလို့ရတယ် ...
အဲဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ရဲ့ကံကြမ္မာက စတင်လည်ပတ်လာခဲ့တာပေါ့ ...
11:50 A.M
16.6.2021 ( Wednesday )