လူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြတယ်တဲ့။
ကျွန်တော်ကတော့ ကိုကို့အမုန်းကို အကြောက်ဆုံးပဲ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
“ ငါ မင်းကို မုန်းတယ် ဈာန်ရောင်ခ ”
မျက်ရည်များ တသွင်သွင်စီးကျနေသည့် ကိုကိုက နှုတ်ခမ်းကို ပြတ်ထွက်လုမတတ်ကိုက်ရင်း သူ့ကို စက်ဆုပ်ရွံ့ရှာသည့် အကြည့်မျိုးနှင့် ကြည့်လာသည်။
မကောင်းဆိုးဝါးတစ်ယောက်ကို ရွံ့မုန်းနေသလိုမျိုး ... ။
“ ကိုကို ... ကျွန်တော်ကလေ ... ”
တုန်လှုပ်ခြင်းများစွာနှင့် ဖြေရှင်းချက်ပေးဖို့အတွက် ကိုကို့လက်ကောက်ဝတ်လေးကို ဆွဲယူလိုက်ရာ ထိသည်ဆိုရုံမျှရှိသေး ဆတ်ခနဲ ပုတ်ချခြင်းခံလိုက်ရသည်။
“ ဖယ်စမ်း ! ငါ့ကို မထိနဲ့ ! မင်း ငါ့အသားကို နည်းနည်းလေးတောင် လာမထိနဲ့ ဈာန်ရောင်ခ ! ”
ကိုကိုက သူ့ကို အော်ဟစ်ရင်း သူ ထိကိုင်လိုက်သည့်နေရာကို ရွံ့ရှာမုန်းတီးလွန်းစွာ အကြိမ်ကြိမ်အခါခါပွတ်တိုက်နေသည်။
ထိုလက်ကောက်ဝတ်လေး နီရဲတွတ်လာသည့်အထိ ... ။
ဤအခြင်းအရာကို ကြည့်ရင်း ဆက်ပြောမည့် စကားလုံးများက သူ့လည်ချောင်းဝမှာတင် တစ်ဆို့သွားရသည်။
အဲဒီလောက်တောင်လား။
အဲဒီလောက်အထိ ကိုကိုက သူ့ကို မုန်းတီးနေတာလား။
အသားချင်းတောင် အထိမခံနိုင်တော့တဲ့အထိလေ။
နှလုံးသားနာကျင်မှုကြောင့် သူ့မျက်ရည်တစ်စက်က မြေပြင်ပေါ် ပေါက်ခနဲ ကြွေကျသွားသည်။
“ ဈာန်ရောင်ခ ! မင်း တကယ်ရက်စက်တယ် ! ”
ကိုကိုက သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း ပြစ်တင်ပြောဆိုလာသည်။
အခုချိန်မှာ ကိုကိုက တရားလို ... ။
သူကတော့ ဘယ်လိုသနားငဲ့ညှာမှုမျိုးနဲ့မှ မထိုက်တန်သည့် တရားခံတစ်ယောက်ပေါ့။
ကိုကိုနှင့် အကြည့်ချင်း ဆုံမိသည့်အခိုက်အတန့်မှာ သူ့မျက်လုံးများကိုပင် ဖောက်ထုတ်ပစ်ချင်လောက်သည့်အထိ လူက စိတ်လွတ်သွားရသည်။
ကိုကို့အကြည့်များထဲမှာ အမုန်းမီးလျှံများ တမြေ့မြေ့တောက်လောက်နေ၏။
ကိုကို့ထံမှ သူ တစ်ခါမှ မမြင်ဖူးသည့် အကြည့်များ ... ။
အကြည့်နဲ့တင် လူတစ်ယောက်ကို သတ်ပစ်နိုင်လောက်သည့်အထိ ပြင်းထန်စူးရှနေလျက် ... ။
အမြဲလိုလို အေးချမ်းနေတတ်သည့် ကိုကိုက အခုချိန်မှာတော့ မာန်ဖီနေသော သားရဲရိုင်းတစ်ကောင်ကဲ့သို့ ... ။
“ ဟင့်အင်း ... ကျွန်တော် ရက်စက်တာမဟုတ်ဘူး ... ကိုကို ကျွန်တော့်ကို အဲဒီလိုအကြည့်မျိုးနဲ့ လာမကြည့်နဲ့ ... ကျွန်တော့်ကို ပိတ်ထိုးချင်ရင် ထိုးချလိုက် ... အဲဒီလိုအကြည့်မျိုးနဲ့တော့ လာမကြည့်ပါနဲ့ ... ကျွန်တော် တောင်းပန်ပါတယ် ... အဲဒီလို ရွံ့မုန်းတဲ့အကြည့်တွေ ... သူစိမ်းဆန်တဲ့အကြည့်တွေ ...
ကျွန်တော်က ဈာန်လေ ကိုကိုရဲ့ ... တခြားလူမှမဟုတ်တာ ... ကိုကိုက ကျွန်တော့်ကို ဘာလို့ အဲဒီလိုအကြည့်မျိုးနဲ့ ကြည့်နေရတာလဲ ... ကျွန်တော်က ကိုကိုအမြဲပြောတတ်တဲ့ အဆိုးလေးလေ ကိုကိုရာ ... ကိုကို မမှတ်မိတော့ဘူးလား ”
သူ ဘယ်လောက်ပဲ တောင်းပန်နေပါစေ ကိုကို့ရဲ့အကြည့်များက နည်းနည်းလေးတောင် အရောင်မပြောင်းသွားသလို မှိန်ဖျော့သွားခြင်းလည်း မရှိဘဲ
“ ငါ မင်းအနားမှာ မနေချင်တော့ဘူး ”
အေးစက်ပြတ်သားသည့် စကားတစ်ခွန်းက ထိုင်းမှိုင်းနေသည့် လေထုကို ဖောင်းထွင်းလျက် သူ့နားစည်အတွင်းသို့ ရိုက်ခတ်လာသည်။
ထိုစကားကို ကြားလိုက်ရသည့်အချိန်မှာ သူ့ရဲ့နှလုံးသားတစ်ခုလုံးက လက်အစုံနှင့် ချေမွဖိညှစ်ခြင်းခံလိုက်ရသကဲ့သို့ အဆမတန် နာကျင်သွားရသည်။
စိတ်မထိန်းနိုင်တော့သည့် အလျောက် ဈာန်ရောင်ခ သူ့အရှေ့မှာ ရှိနေသည့် စားပွဲခုံကို တွန်းလှဲပစ်လိုက်ပြီး
“ ကျွန်တော့်ကို အဲဒီလိုအပြောမျိုး လာမပြောနဲ့ ! ကျွန်တော် ကိုကို့ကို ခက်ခက်ခဲခဲနဲ့ ရအောင် ယူထားရတာ ! ဒီလောက်လွယ်လွယ်နဲ့ ကျွန်တော်ကို စွန့်ခွာသွားဖို့မကြံနဲ့ ! ”
“ ဟက် ! ဒီလောက်လွယ်လွယ်နဲ့ဟုတ်လား ... မင်းအတွက် ဒီကိစ္စက ခပ်လွယ်လွယ်လို့ ထင်နေတာလား ... မင်းက အဲဒီလို သတ်မှတ်လိုက်တာလား ဈာန်ရောင်ခ ... ဟုတ်လား ”
မဲ့ပြုံးတချို့ကို ဆင်မြန်းထားသည့် ကိုကိုထံမှ ခနဲ့သဲ့သဲ့စကားလုံးများကြောင့် ဈာန်ရောင်ခ ပို၍ခြောက်ချားသွားရသည်။
ကိုကိုက သူ့ကို တကယ်မုန်းသွားပြီလား။
တကယ်ပဲ ရန်သူတစ်ယောက်လို သဘောထားနေပြီလား။
သူက ကိုကိုနဲ့ ဘာမှမသက်ဆိုင်တော့သည့် အပြင်လူ သူစိမ်းတစ်ယောက်ဖြစ်သွားပြီလား။
“ ကိုကို ”
ရင်ထဲမှာ ဝေခွဲမရခြင်းများစွာနှင့် ရှေ့ကို တစ်လှမ်းတိုးလိုက်တော့ ကိုကိုက အနောက်ကို ထပ်ဆုတ်သွား၏။
သူ တစ်လှမ်းတိုးတိုင်း ကိုကိုက တစ်လှမ်း ထပ်ဆုတ်သွား၏။
သူနှင့် အနည်းငယ် နီးကပ်နေမှာကိုတောင် မလိုလားတော့သလိုမျိုး ... ။
“ ကျွန်တော်က ကိုကို့ကို အရမ်းချစ်လို့ ... ”
“ မင်းပါးစပ်ကနေ ချစ်လို့ဆိုတဲ့စကား ထွက်မလာနဲ့ ဈာန်ရောင်ခ ! ငါ မယုံဘူး ! မင်းက ငါ့ကိုချစ်တာမဟုတ်ဘူး ! မင်းကိုယ်မင်း ပိုချစ်တာ ! ”
“ မဟုတ်ဘူး ! အဲဒါ အမှန်မဟုတ်ဘူး ... ကိုကို ဘာတွေလျှောက်ပြောနေတာလဲ ... ကိုကို ကျွန်တော့်ကို စိတ်ဆိုးလို့ရတယ် ... ဒါပေမဲ့ အဲဒီလိုစကားမျိုးတော့ မပြောရဘူးလေ ... ကျွန်တော်က ကိုကို့ထက် ဘယ်သူ့ကို ပိုချစ်ရဦးမှာလဲ ကိုကိုရာ ... ဒီကမ္ဘာပေါ်မှာ ကိုကိုကလွဲပြီး ကျွန်တော့်အချစ်တွေကို ဘယ်သူ ပိုင်ဆိုင်နိုင်မှာတဲ့လဲ ”
ထိန်းချုပ်ထားသည့်ကြားမှ စကားပြောနေရင်း ရှိုက်သံတချို့က တွယ်ညိသွား၏။
“ ငါ နောင်တရတယ် ”
“ ဟင် ! ”
ရုတ်တရက် သူ အသက်ရှူရပ်တန့်သွားသလိုပင်။
“ မင်းနဲ့ တွေ့ခဲ့မိတာကို နောင်တရတယ် ”
“ ကိုကို ”
“ မင်းနဲ့ သိကျွမ်းခဲ့မိတာကို နောင်တရတယ် ”
“ ဟင့်အင်း ! ဆက်မပြောနဲ့တော့ ! ”
“ မင်းကို အခွင့်အရေးပေးခဲ့မိတာ နောင်တရတယ် ”
“ မပြောပါနဲ့တော့ ! ကျွန်တော် နားမထောင်ချင်ဘူး ! ”
ဈာန်ရောင်ခ နားနှစ်ဖက်ကို ပိတ်ကာ သံကုန်အော်ဟစ်ပစ်လိုက်သည်။
နောက်ထပ် ဘယ်လိုစကားလုံးတွေ ကြားရမလဲဆိုတာကို မသိစိတ်၏လှုံ့ဆော်မှုအရ သူ ကြိုသိနေသည်။
“ မင်းကို ချစ်ခဲ့မိတာ နောင်တရတယ် ”
“ ကို ... ကိုကို ”
သို့သော် ကိုကိုကတော့ သူ့ရဲ့ကမ္ဘာပျက်ယွင်းနေမှုကို ဥပေက္ခာပြုကာ သူ့နှလုံးသားကို ဓားထက်ထက်နှင့် နောက်တဖန် ထိုးသွင်းလာ၏။
“ အစကတည်းက မင်းနဲ့ငါ မဆုံတွေ့ခဲ့ရင် ဒီလိုကိစ္စတွေက ဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူး ... မင်းနဲ့ ပတ်သတ်ခဲ့မိသမျှ အရာအားလုံးအတွက် အခုချိန်မှာ ငါ အရမ်းနောင်တရမိနေတယ် ဈာန်ရောင်ခ ... အဲဒီနေ့ကသာ မင်းနဲ့ငါ မတွေ့ဆုံခဲ့ရင် အခုလိုမျိုး ငါတို့လေးယောက်လုံးရဲ့ဘဝတွေက နာကျင်စုတ်ပြတ်နေမှာမဟုတ်ဘူး ... မင်းနဲ့ငါက အစကတည်းက မတွေ့ခဲ့သင့်တာ ”
“ မဟုတ်ဘူး ... ကိုကို အဲဒီလိုမျိုးကြီး မတွေးပါနဲ့ ... ကျွန်တော်ဘက်က ကိုကိုနဲ့တွေ့ဆုံခွင့်ခဲ့ရတာကို ကံတရားရဲ့မျက်နှာသာပေးမှုလို့ သဘောထားနေချိန်မှာ ကိုကို့ဘက်ကတော့ အဲဒီလိုကြီး မတွေးပါနဲ့ ... ကျွန်တော် တောင်းပန်ပါတယ် ”
“ ငါ မင်းနဲ့အတူ ရှိမနေချင်တော့ဘူး ”
သူ ဘယ်လောက်ပဲ တောင်းပန်နေပါစေ နောက်ဆုံးတော့ သူ ကြိုးစားပမ်းစားတည်ဆောက်ထားခဲ့ရသည့် ကမ္ဘာလေးက ပြိုလဲကျသွားလေသည်။
“ မင်းနဲ့ဝေးရာအရပ်မှာပဲ ငါ အေးအေးဆေးဆေး နေပါရစေ ... မင်း ငါ့ကို လက်လွှတ်လိုက်ပါတော့ ဈာန်ရောင်ခ ”
“ ဟင့်အင်း ! မရဘူး ! ကိုကို ဘယ်ကိုမှ သွားလို့မရဘူး ! ကိုကို ကျွန်တော့်ကို ထားခဲ့လို့ မရဘူး ! ”
ကိုကို့ခြေလှမ်းများက အနောက်ကို တစ်လှမ်းပြီးတစ်လှမ်း ဆုတ်သွားရင်း ချာခနဲ သူ့ကို ကျောခိုင်းကာ မှောင်မည်းနေသော အဝေးတစ်နေရာဆီသို့ ပြေးထွက်သွားသည်ကို ကြည့်ရင်း သူ့နှလုံးသားက စူးခနဲ နာကျင်သွားရသည်။
“ ထွက်မသွားပါနဲ့ ! ကျွန်တော့်ကို မထားခဲ့ပါနဲ့ ! ” လို့ ကိုကိုကြားသည့်အထိ အကြိမ်ပေါင်းများစွာ အော်ဟစ်ပစ်လိုက်ချင်ပေမဲ့လည်း အသံများက ရုတ်ခြည်း တိမ်ဝင်သွား၏။
တဖြည်းဖြည်း ဝေးကွာသွားသည့် ကိုကိုရဲ့ကျောပြင်လေးနောက်ကို တတ်နိုင်သလောက်ပြေးလိုက်ချင်ပေမဲ့လည်း ခြေထောက်တွေက နည်းနည်းတောင် မလှုပ်ရှားနိုင်။
ဒါ ဘယ်လိုဝဋ်ကြွေးမျိုးလဲ။
အသက်တမျှ ချစ်ရသူက အမုန်းစကားများကိုသာ ခြွေချထားခဲ့ပြီး သူနှင့် ဝေးကွာရာအရပ်ဆီသို့ တစ်လှမ်းချင်း လှမ်းသွားတာကို သူက ဘာတစ်ခုမှ မလုပ်နိုင်ဘဲ နာကျင်နေသည့် နှလုံးသားတစ်ခုကိုသာ အဖော်ပြုရင်း ကျန်ရစ်နေခဲ့ရသည့် ဘဝ ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဂစ် !
ငှက်ဆိုးအော်သံနှင့်အတူ သူ့မျက်လုံးနှစ်လုံးက တစ်ပြိုင်နက်တည်း ပွင့်ဟလာပေမဲ့ ညအမှောင်ကြောင့် ဘာတစ်ခုကိုမှ သဲသဲကွဲကွဲမမြင်ရပေ။
လှိုက်ဖိုနေသည့် ရင်အစုံက တာဝေးအပြေးသမားတစ်ယောက်လို မြင့်လိုက် နိမ့်လိုက်နှင့် အသက်ကို မနည်းဝအောင်ရှုသွင်းနေရသည်။
ပျောက်ကွယ်နေတာ ကြာပြီဖြစ်သည့် အိမ်မက်ဆိုးက တစ်ကျော့ပြန်လာချေပြီ။
ဒီတစ်လျှောက်လုံး အကြိမ်ပေါင်းများစွာ မက်ခဲ့ရသော အိပ်မက်ဆိုးက အခုချိန်မှာလည်း အရင်တုန်းကလိုပင် အရာအားလုံးထပ်တူကျနေသည်။
အိပ်မက်ထဲမှာ ကိုကိုက သူ့ကို ထပ်ပြီး ထားခဲ့ပြန်ပြီ။
တစ်ကျော့ပြီး တစ်ကျော့ သံသရာ လည်ပတ်နေသကဲ့သို့ ... ။
နာကျင်လိုက်တာ။
ဘာနဲ့မှ နှိုင်းယှဉ်လို့မရသည့်အထိ နှလုံးသားက နာကျင်ရသည်။
ကိုကိုက သူ့ကို ထားခဲ့ပြီး အဝေးကို ထွက်သွားပြီဆိုသည့် အသိတရားက သူ့နှလုံးသားကို ဓားနဲ့ တစ်ချက်ချင်း မွှန်းနေသလိုမျိုး ... ။
အချိန်အကြာကြီး ငိုင်တွေနေပြီးနောက် အိပ်မက်ထဲမှာ နစ်မြုပ်နေသည့် အသိစိတ်တို့က ပစ္စုပ္ပန်ကာလသို့ ပြန်လည်ရောက်ရှိလာသောအခါ
“ ဒါ အိပ်မက်ပဲ ... တော်သေးတယ် ... တော်ပါသေးတယ် ”
အခုမှပဲ ဈာန်ရောင်ခ သက်ပြင်းချနိုင်တော့သည်။
ထိတ်လန့်နေသည့် စိတ်တို့ အနည်းငယ်ငြိမ်ကျသွားပြီဆိုတာနှင့် အိပ်ရာဘေးနားရှိ မီးခလုတ်ကို ဖွင့်လိုက်သည်။
ဖျတ်ခနဲ လင်းထိန်လာသည့် မီးအရောင်တို့က စူးရှလှသဖြင့် ဈာန်ရောင်ခ မျက်ဝန်းတို့ကို ကမန်းကတန်းမှိတ်ပစ်လိုက်သည်။
မျက်ဝန်းတစ်ဝိုက်နား စိုနေသဖြင့် လက်ဖြင့်အသာသုတ်ယူကြည့်မိတော့ မျက်ရည်စက်တွေ ... ။
မျက်ရည်စက်တွေတဲ့လား။
ကြောက်ရွံ့ထိတ်လန့်မှု၊ ထိခိုက်နာကျင်မှု၊ ဝမ်းနည်းကြေကွဲမှုများကြောင့် ကျဆင်းလာခဲ့ရသည့် ဈာန်ရောင်ခရဲ့မျက်ရည်စက်တွေတဲ့လား။
အခုတလော ဈာန်ရောင်ခတစ်ယောက် အခြေအနေသိပ်မကောင်းပေ။
အိပ်ရာဝင်တိုင်း အရင်ကလို နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တော့ဘဲ အိပ်မက်ဆိုးများက အမြဲနေရာယူလာသည်မှာ ခန့်မဟော်နှင့် စကားပြောပြီးသည့်နေ့ကတည်းက ဖြစ်သည်။
အိပ်မက်အတိုင်း တစ်နေ့နေ့ ဖြစ်လာမည်မှန်းသိရက်နှင့် အဲဒီနေ့က ဘယ်တော့များ ရောက်လာလိမ့်မလဲဆိုပြီး စိုးရိမ်ပူပန်မှုများနှင့် နေ့စဉ်နေ့တိုင်း နပန်းလုံးနေရသဖြင့် လူက တဖြည်းဖြည်း အားနည်းကာ ပင်ပန်းလာသည်။
အခုချိန်မှာ သူ ကိုကို့ကို အရမ်းတွေ့ချင်နေသည်။
ကိုကို့မျက်နှာလေးကို မြင်ချင်သည်။
ကိုကို သူ့နားက ထွက်မသွားသေးဘူးဆိုတာကို အတည်ပြုချင်သည်။
အတွေးတစ်စဝင်လာသည်နှင့် ချက်ချင်း အိပ်ရာပေါ်မှထကာ အဝတ်အစားကို ခပ်သုတ်သုတ်လဲလှယ်ရင်း အိမ်အောက်သို့ဆင်းလာခဲ့သည်။
အဲဒီနောက်မှာတော့ ကားပေါ်တက်၊ စက်နှိုးကာ သူ့ရဲ့မြတ်နိုးရာဖြစ်သည့် ကိုကိုရှိရာ အရပ်ဆီသို့ ဦးတည်မောင်းနှင်လာခဲ့လေတော့သည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဒေါက် ! ဒေါက် ! ဒေါက် !
သန်းခေါင်ယံညအချိန်မတော်တွင် တိုက်ခန်းတစ်ခု၏ငါးလွှာထပ်ဆီမှ တံခါးခေါက်သံက ကျယ်ကျယ်လောင်လောင်ပျံ့လွင့်လာသည်။
ရင်ထဲ လှိုင်းထန်နေသည့် ကောင်လေးတစ်ဦးရဲ့လက်ချက်ကြောင့် ... ။
ဒေါက် ! ဒေါက် ! ဒေါက် !
တံခါးကို အဆက်မပြတ်ခေါက်နေပေမဲ့ ဘယ်သူမှထွက်လာပြီး တံခါးမဖွင့်ပေးချေ။
အခန်းထဲမှာ ဘယ်သူမှ မရှိဘူးလား။
ဘာလို့ တံခါးလာမဖွင့်ပေးသေးတာလဲ။
ဧကန္တ ကိုကို မရှိတော့လို့များလား။
ဟင့်အင်း ! အဲဒီလိုဖြစ်လို့မရဘူး။
သူ့အတွက် ကိုကို မရှိလို့ မရဘူး။
ကိုကိုသာ မရှိတော့ရင် သူ တကယ်ရူးသွားလိမ့်မည်။
အခုချိန်မှာ ဈာန်ရောင်ခတစ်ယောက် ဘာကိုမှ ကျိုးကြောင်းဆီလျော်မှုရှိအောင် မစဉ်းစားနိုင်တော့ပေ။
ကိုကို အိပ်နေတာများလား။
ဒါမှမဟုတ် တံခါးခေါက်သံကို မကြားရလို့များလား။
ဤကဲ့သို့ ဖြစ်နိုင်ချေတွေ အများကြီးရှိနေပေမဲ့လည်း အိပ်မက်ဆိုးကြောင့် စိုးရိမ်ပူပန်စိတ်များ အထွတ်အထိပ်ရောက်နေသည့် ဈာန်ရောင်ခမှာတော့ များများစားစား မတွေးတောနိုင်တော့သည့်အထိ ဗျာများနေရသည်။
တံခါးကို ထပ်ခါထပ်ခါ ခေါက်သည်။
အကြိမ်ပေါင်းများစွာ ... ။
လက်ဖဝါးတွေ ကျိန်းစက်နာကျင်လာသည့်အထိ မရပ်မနား ... ။
တိုက်ခန်းအနှံ့ တံခါးခေါက်သံတွေက အဆက်မပြတ် ဆူညံနေသည်။
“ ကိုကို ကျွန်တော့်ကို တံခါးလာဖွင့်ပေးပါ ... ကျွန်တော့်ကို တစ်ယောက်တည်း ထားမသွားပါနဲ့ ... ကိုကို ကျွန်တော် တောင်းပန်ပါတယ် ... ကျွန်တော့်ကို ရူးအောင်မလုပ်ပါနဲ့ ... တံခါးလေးဖွင့်ပေးပါ ”
တံခါးကို တစ်ချက်မှမနားဘဲ အဆက်မပြတ်ထုရိုက်နေသော ကောင်လေးတစ်ယောက်၏နှုတ်ဖျားမှ ထွက်ပေါ်လာသည့် စကားလုံးများက ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။
ဘယ်သူမှ တံခါးလာမဖွင့်ပေးသည့်အဆုံး သူ့ဘောင်းဘီအိပ်ကပ်ထဲမှာ အမြဲလိုလို ထည့်ထားတတ်သည့် သော့နှစ်ချောင်းကို ထုတ်ယူဖို့ ပြင်နေစဉ်
ကျွီ !
တံခါးဖွင့်သံကို ကြားလိုက်ရသည်။
ထို့နည်းတူစွာပင် သူ အလွန်အမင်း တွေ့မြင်ဖို့ မျှော်လင့်နေရသည့် မျက်နှာလေးက ထိုတံခါး၏နောက်ကွယ်မှာ ... ။
“ ဘယ်သူ ... ”
“ ကိုကို ! ”
အိပ်မှုန်စုံမွှားပုံစံလေးနှင့် သမ်းဝေရင်း တံခါးလာဖွင့်ပေးသည့် ကိုကို့ကို မြင်လိုက်ရချိန်မှာ ဈာန်ရောင်ခရဲ့ရင်ထဲ ဝမ်းသာစိတ်တို့က လှိုက်ခနဲ အလုံးအရင်းဝင်ရောက်လာသည်။
ကိုကို သူ့ကို ထားမသွားဘူး။
ကိုကို သူ့နားကနေ ထွက်မသွားသေးဘူး။
တော်သေးတယ်။
နို့မို့ဆို သူ ရူးသွားမှာ ... ။
“ ဈာန် မင်း ဒီအချိန်ကြီး ဘယ်လိုလုပ်ရောက်လာတာလဲ ”
လေးဆက် အံ့ဩတကြီး မေးမြန်းမိသည်။
ညဥ့်နက်သန်းခေါင် လူခြေတိတ်ချိန်ကျမှ ဒီကလေး ရုတ်တရက် ရောက်ချလာတာက အတန်ငယ် ထူးဆန်းနေ၏။
သူ အိပ်ပျော်နေစဉ် နားထဲ ဆူဆူညံညံအသံတွေကြားလို့ နိုးလာရပေမဲ့ တံခါးလာခေါက်နေသူမှာ ဈာန်ဖြစ်လိမ့်မည်ဟု မထင်ထားမိချေ။
“ ကိုကို ”
“ အွန့် ! ”
မထင်မှတ်ထားသည့်အချိန်မှာပင် ဈာန်က သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာသည်။
သူ လွတ်ထွက်သွားမှာ စိုးရိမ်နေသည့်အလား ... ။
သူ့ကျောပြင်ထက်မှာ ရစ်တွယ်လာသည့် ဈာန့်ရဲ့သန်မာသည့် လက်နှစ်ဖက်ကတော့ နွယ်ကြိုးများကဲ့သို့ အလွန်အမင်းခိုင်ခံ့လှသည်။
လေးဆက်လည်း ဈာန့်ရဲ့ဆံနွယ်လေးများကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း
“ ဈာန် မင်း ဘာဖြစ်လာတာလဲ ”
“ ဒီတိုင်း ... ဒီတိုင်းလေးပဲ နေပေးပါ ”
လေးဆက် အနည်းငယ် စိုးရိမ်စပြုလာသည်။
ဒီကလေး ပုံမှန်မဟုတ်ဘူး။
အသံအနေအထားကလည်း တစ်မျိုးကြီးပဲ။
ဘာများ ဖြစ်လာတာပါလိမ့်။
“ ဈာန် ”
“ ခဏလေးပဲ ”
“ အင်း ”
အဲဒီနောက်မှာတော့ ဈာန့်အလိုကျ သူတို့နှစ်ဦး ဘာတစ်ခွန်းမှ ဆက်မပြောဖြစ်ကြတော့ပေ။
နံရံကပ်နာရီ တချက်ချက်မြည်သံက အချိန်ဘယ်လောက် ကုန်ဆုံးသွားပြီဆိုတာကို ဖော်ပြနေပေမဲ့ အခန်းလေးထဲရှိ လူသားလေးနှစ်ဦးကတော့ တစ်ယောက်ကို တစ်ယောက် ထွေးဖက်ထားရင်း အခုချိန်ထိ ငြိမ်သက်နေဆဲပင် ... ။
ဝမ်းနည်းနေပုံရသည့် ကောင်လေးထံမှ သက်ပြင်းချသံများကိုလည်း လေးဆက် တစ်ချက်တစ်ချက်ကြားနေရသည်။
ကလေးတွေကို ချော့မော့သလိုမျိုး ဈာန့်ကျောပြင်လေးကို ပုတ်ကာ နှစ်သိမ့်ပေးမိတော့ ထိုကလေးက သူ့ကို ပိုပြီး တင်းတင်းကြပ်ကြပ် ဖက်တွယ်လာသည်။
အင်း ... ဒီကလေး အရမ်းဝမ်းနည်းနေပုံပဲ။
အချိန်အနည်းငယ်ကြာသွားပြီးနောက်
“ ဈာန် မင်း ဘာတွေဖြစ်လာလဲဆိုတာ ငါ့ကို မပြောပြချင်ဘူးလား ”
ဈာန့်ထံမှ ပြန်ဖြေသံမကြားရသည့်အတွက် သူ့စိုးရိမ်မှုက ပိုလာသည်။
“ မင်း အဆင်မှပြေရဲ့လား ကလေးရယ် ”
“ မပြေဘူး ကိုကို ”
ရှတတအသံက ဝမ်းနည်းမှုများဖြင့် လှိုက်စားထားသကဲ့သို့ ... ။
“ အဆင်မပြေလည်း ရတယ် ... တစ်ခါတလေတော့လည်း အဆင်မပြေတာတွေ ရှိမှာပေါ့ ... လူပဲ အမြဲတမ်းတော့ ဘယ်အဆင်ပြေနိုင်ပါ့မလဲ ... မင်း အဆင်မပြေလည်း ငါ ရှိနေတာမို့လို့ ဘာမှမဖြစ်ဘူးနော် ဈာန် ... စိတ်မပူနဲ့ ”
“ ဟုတ်တယ်နော် ... ကျွန်တော့်မှာ ကိုကိုရှိနေသေးတာပဲ ”
ဈာန့်အသံလေးက အားအင်တို့ ယုတ်လျော့နေသလိုမျိုး ဖျော့တော့တော့နှင့် ... ။
“ အင်း ... မင်းမှာ ငါ ရှိသေးတယ် ... မင်း ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ ငါ ရှိနေတာမို့လို့ မင်း စိတ်တိုင်းကျ ဝမ်းနည်းလို့ရတယ် ဈာန် ”
ချော့လိုက်ကာမှ အချော့ကြိုက်သည့် ကလေးငယ်က သူ့ပခုံးပေါ် မျက်နှာလေးမှောက်တင်ပြီး တအီအီနှင့် ငိုကြွေးနေလေရဲ့။
ဈာန့်လို စိတ်ဓာတ်ကြံ့ခိုင်သည့် ကလေးတစ်ယောက်က ငိုနေသည်ဆိုတော့ ထိုပြဿနာက ဘယ်လောက်ထိများ ကြီးမားနေလို့လဲ။
တွေးမိရုံနဲ့တင် သူ ရင်ပူလာသည်။
ငိုနေရင်း ရှိုက်ခါရှိုက်ခါတုန်ယင်နေသည့် ဈာန့်ကို အသာအယာထွေးဖက်ရင်း ထပ်မံချော့မော့နှစ်သိမ့်ရပြန်သည်။
“ ငိုချလိုက် ... ငိုလိုက် ... ငါ့ရှေ့မှာ မင်း ကြိုက်သလောက် ငိုလို့ရတယ် ... ငိုပြီးရင် မင်းရဲ့စိတ်ခံစားချက်တွေ နည်းနည်းအဆင်ပြေသွားလိမ့်မယ် ... မင်းရဲ့ပျော့ညံ့ချက်တွေ၊ အားနည်းချက်တွေအကုန်လုံးကို ငါ လက်ခံပေးထားတာမို့လို့ ငါ့ရှေ့မှာဆို မင်း ဟန်ဆောင်နေစရာမလိုဘူး ကြားလား ”
“ အင့် ! ကို ... ကိုကို ”
ရှိုက်သံများက ရပ်တန့်လို့မရလောက်သည့်အထိ ဒီကလေးငယ်က အငိုသန်လှသည်။
“ ယောကျာ်းလေးတွေ ငိုလို့မရဘူးလို့ ဘယ်သူပြောလဲ ... ယောကျာ်းလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ငိုလို့ရတယ် ... အစကတည်းက သဘာဝတရားကြီးက အဲဒီလိုဖန်ဆင်းခဲ့တာမို့လို့ ... ”
ပါးစပ်ကနေ တတွတ်တွတ်ပြောရင်း ငိုနေသည့် ကလေးကို စိတ်ပြေအောင် လုပ်ပေးရသည်။
ခဏအကြာ ငိုလို့ဝတော့မှ ဈာန်က သူ့ပခုံးပေါ် တင်ထားသည့် ခေါင်းလေးကို ပြန်ထောင်လာသည်။
ထိုအခါမှ လေးဆက်လည်း သူနှင့် မျက်နှာချင်းဆိုင်တည့်တည့်မှာရှိသည့် ဒီကလေး၏မျက်နှာကို သေသေချာချာမြင်ရတော့သည်။
အုံ့မှိုင်းနေသော မျက်နှာလေးနှင့် ငိုထားသောကြောင့် နီရဲနေသည့် မျက်ခမ်းစပ်များက ဒီကလေး တစ်ခုခုဖြစ်လာသည်ဟု ညွှန်ပြနေသဖွယ် ... ။
“ ကိုကို ”
“ အင်း ... ပြောလေ ”
“ ချစ်တယ် ”
ရုတ်တရက် ချစ်စကားအပြောခံလိုက်ရသဖြင့် လေးဆက် မျက်နှာပူနွေးသွား၏။
“ ငါလည်း မင်းကို ချစ်ပါတယ် ဈာန်ရယ် ”
“ ကျွန်တော်က ပိုချစ်တာ ”
ကလေးလေးလို စကားနိုင်လုလာသည့် ဈာန့်ကြောင့် လေးဆက် ပြုံးမိတော့မလိုတောင် ဖြစ်သွားရသည်။
“ ကျိန်းသေလို့လား ... ငါက မင်းကို ပိုချစ်တာမဟုတ်ဘူးလား ”
“ ကျိန်းသေတယ် ... ကျွန်တော်က ကိုကို့ကို အများကြီးပိုချစ်တာ ”
ခေါင်းလေးတစ်ခါခါနှင့် သူ့စကားကို လက်မခံမချင်း ထိုင်အငြင်းပွားနေမည့် အဆိုးလေးကြောင့်
“ ဟုတ်ပါပြီ စကားတတ်လေးရဲ့ ... ငါ အရှုံးပေးပါတယ် ... မင်းက ငါ့ကို အများကြီးပိုချစ်တယ် ... ငါကကျ မင်း ချစ်တာရဲ့ပိစိလေး ပုရွတ်ဆိတ်ရဲ့တစ်ရာပုံတစ်ပုံလောက် လျော့ပြီး ချစ်မိပါတယ် ဟုတ်ပြီလား ... အခုရော ကျေနပ်သွားပြီလား အဆိုးလေး ”
“ အင်း ”
လေးဆက်၏အပြောကို သဘောတူသည့်ပုံနှင့် ခေါင်းတဆတ်ဆတ်ညှိမ့်ပြလာသော အဆိုးလေးက မသိရင် ခုနက ငိုကြွေးနေသည့်လူက သူ မဟုတ်သလိုပင်။
လေးဆက်လည်း အရပ်အမြင့်ကြီးနှင့် သူ့ကို အုပ်မိုးကာ ကြည့်နေသော ဈာန့်ကို အသည်းယားလာသဖြင့် ဈာန့်ပါးလေးကို ခပ်ဖွဖွဆွဲညှစ်လိုက်ပြီး
“ ညကြီးသန်းခေါင် ငါ့ကို လာဒုက္ခပေးတယ် အဆိုးလေး ... ငါ့မှာတော့ လန့်သွားတာပဲ ... မင်း ဘာများဖြစ်လို့လဲဆိုပြီး ... ”
“ ကိုကိုက ကျွန်တော့်ကြောင့် အိပ်ရေးပျက်သွားတာလား ”
“ အိပ်ရေးပျက်တယ်တော့လည်း မဟုတ်ပါဘူး ... ပြန်အိပ်လိုက်ရင် ရတာပဲလေ ... ဒါနဲ့ ဈာန် မင်း ဘာဖြစ်လာတာလဲဟင် ... မင်းပုံစံက အရမ်းဝမ်းနည်းနေတဲ့ပုံပေါက်တော့ ငါ တော်တော်လန့်သွားတာ ”
တကယ်လည်း ကိုကို့ပုံစံက အရမ်းထိတ်လန့်သွားသည့်ပုံပေါ်သည်။
“ ကျွန်တော် အိပ်မက်ဆိုးတွေ မက်လို့ ... ”
“ အင်း ... ဟုတ်ပြီ ... ဘာတွေမက်ခဲ့လဲဆိုတာ ငါ့ကို ပြောပြချင်လား ဈာန် ”
ကိုကိုက အမြဲ အဲဒီလိုပါပဲ။
သေချာပေါက်ပြောပြရမယ်လို့ အမိန့်ပေးတာမျိုးမဟုတ်ဘဲ လူတစ်ဖက်သားက ပြောပြဖို့ဆန္ဒရှိရဲ့လားဆိုတာကိုပဲ အရင်ဆုံး ဦးစားပေးတတ်သည်။
“ ကိုကိုက ကျွန်တော့်ကို ထားခဲ့ပြီး အဝေးတစ်နေရာကို ထွက်သွားတယ်တဲ့ ”
“ ဟမ် ! ငါက ? ”
သူ ပြောလိုက်သည့်စကားကို ကြားတော့ ကိုကို့မျက်ဝန်းလေးများက ဝိုင်းစက်သွားပြီး အပြုံးရိပ်သေးသေးလေးတစ်ခု လျှပ်ခနဲ ပေါ်လာသည်။
“ အဲဒါကြောင့် မင်း ဒီအထိ ပြေးလာပြီး ငါ ရှိနေလား မရှိဘူးလားဆိုတာကို လာကြည့်တာပေါ့ ဟုတ်လား ”
“ အင်း ”
“ အရူးလေး ... ငါက ဘယ်လိုလုပ် မင်းကိုထားခဲ့ပြီး ထွက်သွားနိုင်မှာလဲ ... မင်းမျက်နှာလေးကို တစ်နေ့လောက် မတွေ့ရရင်တောင် မနေနိုင်တာကို ... ”
“ ကိုကိုက တကယ်ကြီး ကျွန်တော့်ကို စွန့်ပစ်သွားတာ ... တစ်ချက်လေးမှတောင် ပြန်လှည့်မကြည့်ဘဲနဲ့လေ ”
ဆွေးမြေ့နေသည့် မျက်ဝန်းများနှင့် အက်ကွဲနေသည့် အသံလှိုင်းများကြောင့် လေးဆက် ဒီကလေးကို အသနားပိုမိတော့သည်။
“ ဘာမှမဖြစ်ပါဘူး ... အခု ငါ မင်းရှေ့မှာ ရပ်နေတယ်မလား ”
“ ကိုကို ကျွန်တော့်ကို ဘယ်တော့မှ ထားမသွားပါနဲ့ ... ကျွန်တော့်အတွက် ကိုကို မရှိရင် မဖြစ်ဘူး ”
“ အင်း ... ငါ မင်းကို ဘယ်တော့မှ ထားမသွားဘူး ”
ဈာန်က သူ့ကို ရီဝေစွာစိုက်ကြည့်နေကာ သူ့စကားကိုတော့ ယုံကြည်ဟန်မတူ ... ။
အဲဒီနောက် လေးဆက်လည်း ခြေဖဝါးထောက်ပြီး ဈာန်ရဲ့နဖူးပြင်လေးကို ညင်ညင်သာသာလေး နမ်းရှိုက်လိုက်ကာ
“ ဒါ ငါ ပေးတဲ့ ကတိစကားအတွက် သက်သေပဲ ဟုတ်ပြီလား ”
ထိုအခါကျမှ ဈာန်ရဲ့မျက်နှာလေးက ဖြည်းဖြည်းချင်း သွေးရောင်ပြန်လွှမ်းလာတော့သည်။
“ ကိုကို ကျွန်တော် အိပ်ချင်တယ် ”
ဈာန်ရောင်ခ တကယ်လည်း အိပ်ချင်နေပြီ။
စိတ်ပင်ပန်းရလွန်း၍ လူက မတ်မတ်တောင် မရပ်နိုင်တော့။
“ ဒါဆို လာလေ ... အခန်းထဲ သွားမယ် ”
ကိုကို လက်ဆွဲခေါ်ရာနောက် အသာတကြည် လိုက်သွားလိုက်ပြီး အခန်းထဲလည်း ရောက်ရော ကိုကို့ကိုယ်လေးကို ဆွဲဖက်ကာ မွေ့ရာပေါ် လှဲအိပ်လိုက်သည်။
ကိုကို့နှလုံးသားရှိရာ ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်ရင်း ပိုပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။
ကိုကိုကတော့ သူ လုပ်သမျှ ဘာတစ်ခွန်းမှ ဝင်မဟန့်ဘဲ ချိုမြိန်စွာ ရယ်မောလာသည်။
“ ဒီနေ့ ငါ့ကို အရမ်းဖက်နေပါလား ကလေးလေး ”
အလားတူပင် ကိုကို့ရဲ့လက်များကလည်း သူ့ကို သိုင်းဖက်လာခဲ့သည်။
“ ဈာန် မင်းလက်တွေ အရမ်းအေးစက်နေတာပဲ ... ငါ့ကို ခဏလွှတ်ပေး ... စောင်ခြုံပေးမလို့ ... ”
ထဟန်ပြင်နေသည့် ကိုကို့ကို မွေ့ရာပေါ် ပြန်ဆွဲချလိုက်ရင်း
“ မလိုဘူး ... ကျွန်တော့်အတွက် စောင်မလိုဘူး ... ကိုကို ရှိနေရင် ရပြီ ... ကိုကို တစ်ယောက်တည်းပဲ ရှိနေရင် ရပြီ ”
“ အဲဒီလောက်တောင် ကြောက်တာလား ... ငါ မင်းကို ထားခဲ့မှာကိုလေ ”
“ ကြောက်တယ် ... ကျွန်တော် အရမ်းကြောက်တယ် ”
“ မကြောက်နဲ့တော့ ... အဲဒါက ဘယ်တော့မှဖြစ်လာနိုင်မှာ မဟုတ်ဘူး ”
“ အင်း ... အဲဒါဆို ရပြီ ”
“ ဒါဆိုလည်း အိပ်တော့ ဈာန် ”
ကိုကို့ရင်ခွင်ထဲ တိုးဝင်ရင်း သူ့နှလုံးသားလေးက စည်းချက်ညီညီနှင့် အသက်ရှူမှန်လာခဲ့သည်။
တိတ်ဆိတ်နေသည့် နိုဝင်ဘာလ နောက်ဆုံးညက ထင်ထားတာထက် ပိုအေးနေပေမဲ့လည်း သူကတော့ ဖက်ထားပေးသည့် ကိုကို့ကြောင့် နွေးထွေးနေရသည်။
ကိုကိုက သူ့ဆံနွယ်လေးများကို ထိုးဖွပွတ်သပ်ပေးရင်း သူ အိပ်မပျော်သေးတာကို ရိပ်မိသွား၍ထင့်။
“ မအိပ်သေးဘဲ ဘာတွေ စဉ်းစားနေတာလဲ ဈာန် ”
“ ကိုကို ”
“ ပြောလေ ”
“ ကျွန်တော်က အရမ်းဆိုးတယ်မလား ”
ထိုအခါ ကိုကို့ထံမှ ရယ်သံလွင်လွင်လေးက ထွက်ပေါ်လာသည်။
“ မင်း မေးရဲသေးတယ်နော် ဈာန် ... ငါ့ဘဝမှာ မင်းလောက် ဂျစ်ကန်ကန်နိုင်ပြီး ဆိုးသွမ်းတဲ့ ကောင်လေးမျိုး ငါ တစ်ခါမှ မမြင်ဖူးသေးဘူး ”
“ ကျွန်တော်က ကိုကို့ကိုပဲ ဆိုးတာ ”
“ အင်း ... ဟုတ်ပါပြီ ”
ရွှတ် !
ကိုကိုက သူ့နဖူးလေးကို အသာနမ်းရှိုက်ရင်း တုံ့ပြန်လာသည်။
“ ကျွန်တော်က ကိုကို့ကိုပဲ ဆိုးချင်တာမို့လို့ နောက်ဆို ကျွန်တော့်ကို ထားမသွားပါနဲ့ ”
“ ဟုတ်ပြီ ”
“ ကျွန်တော် ဘယ်လိုအမှားတွေပဲလုပ်လုပ် ကိုကို ကျွန်တော့်ကို ထားမသွားရဘူးနော် ”
ကိုကို့ဆီက ထွက်ပေါ်လာမည့် “ ဘယ်တော့မှ ထားမသွားဘူး ” ဆိုသည့် တုံ့ပြန်သံလေးကို နားစွင့်နေမိပေမဲ့ တကယ့်လက်တွေ့မှာတော့ ဘာတစ်ခွန်းမှ ထွက်ကျမလာပေ။
ဈာန်ရောင်ခ အနည်းငယ် တုန်လှုပ်သွား၏။
“ ကျွန်တော် ဘယ်လိုအမှားတွေပဲ လုပ်ခဲ့ လုပ်ခဲ့ ကျွန်တော့်ကို ထားမသွားဘူးလို့ ကတိပေးပါ ”
ကိုကိုက တစ်ခုခုကို သေသေချာချာတွေးတောနေသည့်နှယ် ငြိမ်သက်နေ၏။
“ ကိုကို ကျွန်တော့်ကို ကတိပေးပါ ”
“ မင်း ဘယ်လိုအမှားတွေကို ကျူးလွန်ခဲ့လို့လဲ ဈာန် ”
ဦးခေါင်းတည့်တည့်ကို ဒိုင်းခနဲ သေနတ်နှင့်ချိန်ပစ်လိုက်သလို ... ။
ဘာပြန်ပြောလို့ ပြောရမှန်းမသိ ... ။
“ ဈာန် မင်း အမှားလုပ်ခဲ့မိတာ ရှိလား ”
ကိုကိုက သူ့ကို နောက်တစ်ကြိမ် သေတွင်းထဲ တွန်းပို့ပြန်သည်။
ကိုကို ရိပ်မိသွားတာလား။
ထိုအတွေးကြောင့် လူက နေမရ ထိုင်မရဖြစ်ကာ ပူလောင်လာ၏။
“ ထားလိုက်ပါတော့ ... မင်း ပြောပြချင်စိတ်ရှိတဲ့အခါမှပဲ ပြောပြပါ ”
“ ကိုကို ကျွန် ... ကျွန်တော်က ... ”
အခုမှပဲ ကိုယ့်ကိုယ်ကို ဘယ်လောက်ထိ တုန်လှုပ်ခြောက်ချားနေမှန်း ဈာန်ရောင်ခ သတိပြုမိတော့သည်။
“ ဈာန် ငါကလေ ကတိပေးတဲ့အခါ ဖြစ်နိုင်တဲ့ ကတိမျိုးကိုပဲ ပေးချင်တယ် ... ခုနတုန်းကလိုပေါ့ ... မင်း ဘာအပြစ်တစ်ခုမှ မလုပ်ထားဘဲနဲ့တော့ ငါ မင်းကို ဘယ်တော့မှ ထားသွားမှာ မဟုတ်ဘူး ဈာန် ... ဒါပေမဲ့ ... ”
ကိုကိုက လေသံအေးအေးလေးနဲ့ ပြောနေရင်းနဲ့မှ တစ်ချက်တုံ့ဆိုင်းသွားသည်။
“ ဒါပေမဲ့ ဘာဖြစ်လဲ ကိုကို ”
“ ငါ့ကို သစ္စာဖောက်ပြီး တခြားမိန်းကလေးတွေနဲ့ ရှုပ်ပွေတာဆိုရင်တော့ ငါ မင်းကို ထားခဲ့မှာ ... ငါ အဲဒီတစ်ခုကိုတော့ အရမ်းမုန်းတာနော် ... ငါ မင်းကို ဘယ်သူနဲ့မှ မမျှဝေချင်ဘူးဆိုတာကို သိရဲ့လား အဆိုးလေးရဲ့ ... ငါတစ်ယောက်တည်းပဲ မင်းကို ချစ်ချင်တာ ... အဲဒါကြောင့် မင်းမှာ နောက်တွဲတွေ ရှိရင်လည်း ငါ မသိအောင် သေချာဖုံးဖိထား ... ငါ သိသွားရင်တော့ မင်းကို ထားခဲ့ပြီး အဝေးဆုံးကို ထွက်သွားမှာ ”
“ ဒါဆို ကိုကို ခွင့်မလွှတ်နိုင်လောက်တဲ့ တခြားအပြစ်ကို ကျူးလွန်ခဲ့ရင်ရော ... ”
ထိတ်လန့်မှုကြောင့် အာခေါင်တွေ ခြောက်ကပ်ကာ သူ့အသံက သိပ်အားမရှိတော့ပေ။
ကိုကိုကတော့ သူ့အဖြစ်ကို မသိဘဲ ပြုံးပြုံးရယ်ရယ်နဲ့
“ ဒါကိုတော့ မင်း စိတ်မပူပါနဲ့ ဈာန်ရယ် ... ငါ့အသက်ကို ယူရင်တောင် ခွင့်လွှတ်ပေးနိုင်လောက်တဲ့အထိ ငါ မင်းကို အရမ်းချစ်မိသွားတာမို့လို့ ... ”
အာ ... ဒီမျက်ရည်တွေက ဘာလို့ကျလာရပြန်တာလဲ။
ဝမ်းနည်းဝမ်းသာမျက်ရည်တွေများလား။
ခေါင်းကို မော့ကာ ကိုကို့မေးဖျားလေးကို အမြတ်တနိုးနမ်းရှိုက်လိုက်ပြီး
“ ကျွန်တော် ကိုကို့ကို အရမ်းချစ်တယ် ”
“ ငါလည်း မင်းနဲ့ထပ်တူပါပဲ ဈာန်ရယ် ”
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
နောက်အပိုင်းကနေစပြီး ဈာန့်ရဲ့အတိတ်ပါ ...
အဲဒီမှာ ရှင်လေးတို့ သိချင်နေတဲ့ “ ထိုလူ ” က ဘယ်သူလဲဆိုတာကို သိရမှာပါ ... ❤️
တစ်ခါတစ်လေ ကိုယ် Update အရမ်းကြာနေမျိုး ရှိရင်လည်း ခွင့်လွှတ်ပေးကြပါ ...
နောက်ပိုင်းရောက်လေ ရေးဖို့ ပိုခက်ခဲလာလေဖြစ်နေလို့ ...
11:17 A.M
14.6.2021 ( Monday )