ည ၉နာရီအချိန်ခန့် ဖြစ်သည်။ နက်ရှိုင်းလှသည့် ကောင်းကင်ယံမှ ဝိုင်းစက်စက်လမင်းကြီး၏အလင်းပျပျကား အရပ်မျက်နှာတစ်ခွင်လုံးဆီသို့ ဖြာကျနေသည်။
မီးအလင်းရောင်ကဲ့သို့ နေရာအနှံ့ တောက်တောက်ပပမထွန်းလင်းနိုင်သော်ငြား လမင်းကြီးကတော့ အစွမ်းကုန်တာဝန်ကျေရှာသည်။
အနီးအနားမှာတော့ ပြိုးပြိုးပြက်ပြက်ကြယ်ရောင်စုံများကား သူတို့၏အထီးကျန်လမင်းကြီးကို အဖော်ပြုပေးကာ တတ်စွမ်းသမျှ နှစ်သိမ့်ပေးနေလျက်ရှိသည်။
“ ညီလေး အစ်ကို့ကို ကော်ဖီတစ်ခွက် ချပေးပါ ”
“ အစ်မကို ပေါင်မုန့်ကြက်ဥကြော်တစ်ပွဲ ... လက်ဖက်ရည်တစ်ခွက် ... ပြီးတော့ ... ”
အဆက်မပြတ်ထွက်ပေါ်လာသည့် စားစရာမှာကြားသံများကြောင့် မီနူးစာရွက်လာချပေးသည့် စားပွဲထိုးကောင်လေးမှာ အနည်းငယ်ခေါင်းရှုပ်သွားပုံပေါ်သည်။ အဲဒီနောက်မှာတော့ ထိုကောင်လေးက လေးဆက်တို့အုပ်စု မှာသမျှကို သေချာမှတ်သားပြီး ဆိုင်ထဲသို့ ပြန်ဝင်သွားသည်။
ယခု ဈေးတန်းလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲမှာ သူတို့အုပ်စု ထိုင်နေကြခြင်းဖြစ်သည်။ သို့သော် မနန္ဒာနှင့် မယုယတော့ မပါပေ။ ယတြာကိစ္စအတွက် လုပ်စရာရှိသေးသည်ဟုဆိုကာ ရင်ပြင်တော်ပေါ်သို့ တက်သွားလေသည်။
ညအချိန်ဆိုသော်ငြား ရွှင်လန်းတက်ကြွမှုအပေါင်း ခညောင်းကာ စည်ကားနေဆဲပင်။ ယခုလက်ရှိ သူတို့ ထိုင်နေသည့်လက်ဖက်ရည်ဆိုင်မှာတောင် လူတွေကား အပြည့်အနှက် ... ။
“ ကိုကို ကော်ဖီ သိပ်မသောက်နဲ့ ... တော်ကြာ မျက်လုံးကြောင်ပြီး အိပ်မပျော်ဘဲနေလိမ့်မယ် ”
ခုနက စားပွဲထိုးကောင်လေးကို ကော်ဖီမှာလိုက်ကတည်းက ဈာန်က သူ့ကို မျက်စောင်းထိုးနေခြင်းဖြစ်သည်။
“ ငါ နည်းနည်းလေးပဲ သောက်မှာပါ ဈာန်ရာ ”
“ ကိုကိုကလေ ဘယ်တော့မှ ပြောစကားနားမထောင်ဘူး ... ကော်ဖီအရမ်းသောက်တာက ကိုကို့ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို သိရက်နဲ့ ... ခုနကလည်း တစ်ခွက်သောက်ထားသေးတယ် ... အခုလည်း ထပ်သောက်ပြန်ပြီ ”
သူ့လက်ထဲမှာ ကိုင်ထားသည့် ကော်ဖီခွက်ကို ရန်သူလိုစိုက်ကြည့်ကာ အဘိုးကြီးအိုလေးလို ပွစိပွစိနှင့် ရေရွတ်နေသည့်ကောင်လေးကြောင့် ဈာန်တစ်ယောက် လူစားထိုးခံလိုက်ရတာလားဟု သူ သံသယဝင်လာမိသည်။
တကယ်ပဲ ဈာန်ရာင်ခဆိုသည့် ဂျစ်ကန်ကန်အဆိုးလေးမှ ဟုတ်သေးရဲ့လား။
သူ့မှာ ကော်ဖီသောက်သာ သောက်ရသည်။ နောက်ကျောက မလုံချင်။ သူ့ဘေးမှာ ထိုင်နေသည့် အမောင်ဈာန်ရောင်ခက ရှုတည်တည်မျက်နှာပေး ဖြစ်နေသည်ကိုး။ ဘာတစ်ခုကိုမှ မစားမသောက်ဘဲ သူ ကော်ဖီသောက်နေသည်ကိုသာ မကျေမနပ်ဖြင့် စိုက်ကြည့်နေသည်။
နှစ်ငုံလောက် သောက်ပြီးနောက်မှာတော့ သူ ဈာန့်ကို အလျော့ပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူ ဆက်သောက်နေမယ်ဆိုလျှင် ဈာန်က ဒီကော်ဖီခွက်ကို ဧကန်မုချ ရိုက်ခွဲပေလိမ့်မည်။
အဲဒီနောက် သောက်လက်စကော်ဖီခွက်ကို စားပွဲပေါ် ပြန်ချထားလိုက်ကာ အရှေ့သို့ နည်းနည်းတွန်းရွေ့လိုက်သည်။ အဓိပ္ပာယ်ကား သူ ဒီကော်ဖီကို ဆက်မသောက်တော့ဘူးဟု ဆိုလိုသည်။
ထိုအခါ ဈာန်က သူ့နား,နား ကပ်လာကာ
“ ကျွန်တော့်ကိုကိုက သိပ်ချစ်ဖို့ကောင်းတာပဲဗျာ ”
နှစ်ဦးသား ကြားရရုံ တိုးတိုးတိတ်တိတ် ... ။
သူ့နားသယ်စပ်နားတစ်ဝိုက် လေပြေလေညှင်းတို့က ညင်သာစွာ ယိမ်းနွဲ့သွားသကဲ့သို့ ... ။
“ မင်း တအား စကားတတ်တာပဲ ”
“ အမှန်တော့ ကျွန်တော်က ကိုကိုကြောင့် အရမ်းစကားတတ်လာတာ ... ဒါတွေအားလုံးက ကိုကို့အပြစ်တွေချည်းပဲ ”
“ ငလည်လေး ”
“ နောက်ဆို ကျွန်တော်က ကိုကိုထင်ထားတာထက် ပိုလည်မှန်း သိလာလိမ့်မယ် ... ဒါမှမဟုတ် အခုကတည်းက စမ်းကြည့်ချင်လား ... ကင်ပွန်းစခန်းမှာတုန်းကလိုမျိုးလေ ”
ရိသဲ့သဲ့စကားတွေဆို ဈာန်က သိပ်ကို ဆရာကျကျွမ်းကျင်လွန်းပါသည်။ လူတစ်ဖက်သားကို ကြက်သီးထအောင် ပြောတတ်သည့်နေရာမှာဆိုလည်း လက်ဖျားခါလောက်၏။
“ တော်ပြီ ... ငါ မင်းကို ကြောက်တယ် ”
“ ကြောက်စရာမကောင်းပါဘူး ... ချစ်စရာကောင်းတာ ... မယုံရင် ကျွန်တော့်ကို ချစ်ကြည့်ပါလား ”
“ အခုလည်း ငါ မင်းကို ချစ်နေတာပဲလေ ”
“ ပိုချစ်ပေး ... မနေ့ကထက် ဒီနေ့ ... ဒီနေ့ထက် မနက်ဖြန် ကျွန်တော့်ကို အများကြီး အများကြီး ပိုပိုချစ်ပေး ... ”
“ ဈာန် ... မင်းကတော့လေ ... တကယ်ပါပဲ ”
ကိုကိုက ရယ်သွမ်းသွေးရင်း ပြောလာသည်။ ကိုကိုနှင့်သာ အတူရှိနေမည်ဆိုလျှင် ပျားရည်လိုချိုမြိန်သည့် စကားလုံးများက သူ့အဖို့ တစ်သက်လုံးပြောလို့ ကုန်နိုင်မည်မဟုတ်ပေ။
အခုတောင် သူတို့နှစ်ယောက်ရဲ့တိုးတိုးတိတ်တိတ်ချစ်စကားများကို နားစွန်နားဖျားကြားနေရသည့် လူများက မနိုင်ဘူးဆိုသည့် သဘောဖြင့် ခေါင်းတခါခါဖြစ်နေကြသည်။
အထူးသဖြင့် အချစ်အကြောင်း နားသောတမဆင်နိုင်ဟန်ဖြင့် ရှုံ့မဲ့နေကြသည့် အမျိုးသမီးနှစ်ဦးက အဆိုးဆုံးဖြစ်သည်။
ကိုမြတ်သူကတော့ ခပ်ဝေးဝေးတစ်နေရာမှာ သူ့ချစ်သူနှင့် အလွမ်းသယ်ချစ်ခွန်းတုံ့တင်နေသဖြင့် သူတို့ကို အဖက်မလုပ်နိုင်။ ကိုနောင်ခန့်ကတော့ သူ့ထုံးစံအတိုင်း အေးအေးဆေးဆေးသာ ဖြစ်သည်။
နေ့သစ်ကတော့ ဈာန့်ရဲ့အီစီကလီအပြောတွေကြောင့် ရယ်ချင်ပက်ကျိဖြစ်နေလျက် ... ။
အရာအားလုံးသာ ပုံမှန်အတိုင်းသာ ဖြစ်နေခဲ့သည်။
သို့သော် လရောင်ကတော့ ...
စည်ကားသိုက်မြိုက်နေသည့် နေရာတစ်ခုသို့ ရောက်ရှိနေသော်ငြား လရောင်၏အနီးဝန်းကျင်တစ်ခုလေးသာ ကွက်ပြီး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
တစ်ချိန်လုံး ကိုယ်နှင့်မကွာဆောင်ထားသည့် ဖုန်းလေးကို ထုတ်ကြည့်မိတော့ ခေါ်ဆိုမှုကား တစ်ခုတစ်လေတောင် ရှိမနေပေ။
အရာအားလုံးက တဖြည်းဖြည်း မှိုင်းညှို့သည်ထက် ပိုမှိုင်းညှို့လာခဲ့သည်။
နေနိုင်လိုက်တာ ...
တကယ်နေနိုင်ရက်လိုက်တာ ...
ရှိန်ဝါသက္ကရာဇ်အမည်ရ ထိုလူသားက သွေးအေးသတ္တဝါဟု ဆိုရလောက်သည့်အထိ အေးစက်နိုင်လွန်းသည်။
ထိုလူ့ထံမှာ နွေးထွေးမှုတို့ကား ဗလာနတ္တိ ... ။
မေတ္တာတရားဟူသည် ရေးရေးလေးမျှပင် ရှိမနေ ... ။
ကောက်ရိုးပုံထဲ အပ်ပျောက်တာတောင် ရှာတွေ့ဖို့ ဖြစ်နိုင်ချေရှိသေးပေမဲ့ ထိုလူ့ထံမှ ချစ်ခြင်းမေတ္တာကို ရရှိဖို့ဆိုသည်ကား အဆမတန်ခက်ခဲလွန်းလှသည်။
ဤအခြင်းအရာကို သိနေရက်နဲ့တောင် မှိန်ပျပျမျှော်လင့်ချက်လေးတစ်ခုကို ဆုပ်ကိုင်ထားပြီး တစ်ချိန်လုံး လက်မလွှတ်ချင်ခဲ့သည့် လရောင်နှိုင်းမဲ့က တကယ့်ကို အရူးတစ်ယောက်လိုပင် ... ။
လရောင် သူ့ရှေ့မှာ ထိုင်နေသည့် ဈာန်နှင့်ကိုလေးဆက်၏ကြည်နူးဖွယ်ရာဖြစ်ရပ်လေးကို ငေးကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံးမိ၏။
ထိုလူနှစ်ယောက်၏အကြည့်များကား ရွှန်းစိုတောက်ပနေကာ အချစ်မှာ အရူးအမူးပျော်ဝင်နေမှန်း သိသာလှသည်။
ဈာန်က ကံကောင်းလွန်းသည်ဟု ပြောရပေမည်။
အနည်းဆုံးတော့ ဈာန် ချစ်မိသည့် ကိုလေးဆက်က ခံစားချက်ဆိုတာ ရှိနေသေးသည်။
ဈာန့်ကိုလည်း အပြည့်အဝပြန်ချစ်ပေးသေးသည်။
ကိုယ် ချစ်နေရသည့်လူက ကိုယ့်ကို ပြန်ချစ်သည်ဆိုတာက ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံးဖြစ်ရပ်တစ်ခုမဟုတ်လား။
ထိုစဉ် တစ်ဖက်စားပွဲဝိုင်းမှ ဂစ်တာတီးသံတိုးတိုးသဲ့သဲ့ကို ကြားလိုက်ရသည်။ လရောင်တို့နှင့် ရွယ်တူလောက်ရှိမည့် လူငယ်လေးတစ်သိုက် ထိုင်နေကြခြင်းဖြစ်သည်။
ထိုလူငယ်လေးများကား ငှက်ကလေးများသဖွယ် အရယ်အပြုံးများဖြင့် လွတ်လပ်ပေါ့ပါးမှုအသွင်ဆောင်လျက် ... ။
ဝမ်းနည်းမှု မရှိ ... ။
နာကျင်မှု မရှိ ... ။
အနှောင်အတွယ် မရှိ ... ။
ဂစ်တာတီးနေသည့် ကောင်လေး၏သံစဉ်မှာ ဟာကွက်မရှိဘဲ ပိရိသေသပ်ကာ အသံမှာလည်း ချိုမြမြနှင့် နားထောင်ချင်စဖွယ် ကောင်းလှသည်။ ကြည့်ရတာ ဒီကောင်လေးက အပျော်တမ်းအဆင့်တော့မဟုတ်ပေ။
မြူးကြွသည့် သီချင်းတစ်ပုဒ်ကို ပိုင်ပိုင်နိုင်နိုင် သီဆိုပြီးနောက်မှာတော့ ထိုကောင်လေးက သူ့သူငယ်ချင်းဖြစ်ဟန်တူသည့် နောက်တစ်ယောက်ကို ဂစ်တာလက်ဆင့်ကမ်းပေးလိုက်သည်။ ထိုတစ်ယောက်ကလည်း မခေပေ။ ဂစ်တာကြိုးကို ကျင်လည်စွာ ညှိယူပြီးသည်နှင့်
🎵 ပျော်ချင်တိုင်းလည်း မပျော်ရပါ ... ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ ... မသိသေးတဲ့ ဒီလောကရဲ့အထာ ... အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ ...
စိုင်းထီးဆိုင်ရဲ့“ အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ ” သီချင်းက ဆိုင်တွင်း၌ ခပ်သော့သော့ပျံ့လွင့်လာသည်။ ဒီကောင်လေး ခံစားချက်ပါပါ သီဆိုနေသည်ကို လရောင်လည်း တမေ့တမော ငေးကြည့်နေမိသည်။
🎵 အပြုံးနဲ့ယှဉ်တွဲ ... နွှဲခဲ့ဖူးတာလည်း အခါခါ ... နောက်ဆုံးတော့ အငိုသာ ကျန်မြဲပါ ... ကိုယ့်အတွက်မှာတော့ အချစ်စစ်ဆိုတာဟာလေ ... ထာဝစဉ် ပေးဆပ်ရခြင်းပါ ...
သီချင်းအဆုံးသတ်သွားသည့်အခါ ဆိုင်တွင်းမှ လက်ခုပ်တီးသံခပ်အုပ်အုပ်ကိုကြားလိုက်ရသည်။
ထိုကောင်လေးတစ်သိုက်၏ဖျော်ဖြေမှုကို ဆိုင်တွင်းမှ လူတော်တော်များများ စိတ်ဝင်တစားရှိနေကြသည်။ ထို့အပြင် နောက်ထပ်လာမည့် ဂီတသံစဥ်ကို နားဆင်ဖို့ ပျော်ရွှင်တက်ကြွမှုအပြည့်နှင့် စိတ်အားထက်သန်နေကြသည်။
တစ်ယောက်သောသူမှ လွဲ၍ ... ။
လရောင်နှိုင်းမဲ့မှ လွဲ၍ ... ။
လရောင် အသက်မပါသည့်အပြုံးကို ပြုံးလိုက်မိသည်။
အချစ်စစ်ဆိုတာ ထာဝစဉ်ပေးဆပ်ရခြင်းတဲ့လား ...
ဟက် ! ဟာသပဲ ...
လူပြောင်းကာ တစ်ပုဒ်ပြီး တစ်ပုဒ် သီဆိုနေကြသည့် ကောင်လေးတစ်သိုက်၏ဖျော်ဖြေမှုကို လရောင် မပျင်းမရိထိုင်နားထောင်နေမိသည်။
အတွေးများက ပျံ့လွင့်သွားလိုက် ... ။
ပြန်စုစည်းလာလိုက် ... ။
အချိန်ဘယ်လောက်ထိ ကြာမြင့်သွားမှန်း လရောင် မသိတော့ပေ။
ခဏအကြာ ထိုကောင်လေးတစ်သိုက်က လရောင်ကို သတိပြုမိသွားသဖြင့် ဂစ်တာကို ထောင်ပြရင်း လက်ယပ်ခေါ်သည်။
အစက ငြင်းပစ်လိုက်ဖို့ စိတ်ကူးထားသော်ငြား နောက်တော့ ဘယ်ကနေ ဘယ်လိုဖြစ်မှန်းမသိဘဲ ခြေလှမ်းများက ထိုကောင်လေးတစ်သိုက်ထိုင်နေရာဆီသို့ အလိုအလျောက် ဦးတည်မိသည်။
ကမ်းပေးလာသည့် ဂစ်တာကို လှမ်းယူလိုက်ကာ တစ်ချက်ပြုံးလိုက်၏။ ဂစ်တာကြိုးပေါ် လက်ရောက်သွားသည့်အချိန်မှာတော့ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို မေ့ပျောက်သွားတော့သည်။
သူ့စိတ်ကူးယဉ်ကမ္ဘာငယ်လေးထဲမှာ အေးစက်လွန်းသည့် ရှိန်ဝါရဲ့ပုံရိပ်များက နေရာအနှံ့ ... ။
🎵 ကျန်နေသေးတဲ့ ဘဝခရီးတွေ ... ကိုယ်တစ်ယောက်တည်းနဲ့ မဖြစ်တော့ပါ ... မင်း လိုက်နိုင်မလားကွာ ...
🎵 အကြိမ်ကြိမ် အနူးအညွတ်ပန်ကြားကာ ... ကိုယ် မျှော်လင့်တဲ့ ဘဝတစ်ကွေ့မှာ ... တို့နှစ်ယောက်အတူ မခွဲမခွာ ...
တစ်ဖက်ဝိုင်းမှ လရောင်ရဲ့ဆွေးမြေ့မြေ့သီချင်းသံကို နားထောင်ရင်း ဥဥတစ်ယောက် ဘေးခုံမှာ ထိုင်နေသည့် မေမြတ်ကို လက်ကုတ်လိုက်ကာ
“ မေမြတ် အခုတော့ နင် ယုံပြီမလား ... ငါ အစကတည်းက ပြောသားပဲ ... လရောင်မှာ သူ သဘောကျနေတဲ့လူ ရှိတယ်ဆိုတာကို ... ”
မေမြတ်က ဥဥကို တစ်ချက်လှည့်ကြည့်ပြီးနောက် စိတ်မကောင်းဖြစ်နေသည့် အကြည့်များက လရောင်ဆီ ပြန်ရောက်သွားကာ
“ ဒီကလေး သိပ်ခံစားနေရတဲ့ပုံပဲ ဥဥ ... သူ့ရဲ့အကြည့်တွေက ဘယ်လိုပြောရမလဲ ... တစ်မျိုးလေးပဲ ... အရမ်းလွမ်းစရာကောင်းသလို သနားစရာလည်း ကောင်းနေတယ် ”
မေမြတ်ရဲ့အပြောကို ဥဥက လက်ခံသည့်အနေနှင့် ထပ်မံတုံ့ပြန်ခြင်းမရှိတော့ပေ။
🎵 မှားလား ... အချစ်များ ... အကုန်လုံး မင်းအတွက် ... ငါလည်း ရူးတော့မယ် အချစ်ရာ ...
🎵 ဆုံးဖြတ် ... အချစ် အမုန်း ... နောက်ဆုံး ပြောဦး ... တစ်စုံတစ်ခု ... မင်း ရွေးချယ်ပေးပါ ... ဒီဘဝ ... မှားလား ...
တိုးတိတ်ညင်သာသည့် လရောင်ရဲ့လွမ်းချင်းသံစဉ်က ဆိုင်အတွင်းရှိ လူအများစု၏နှလုံးသည်းအိမ်ကို ဖောက်ထွင်းနေသည့်နှယ် ... ။
ဆွေးဆွေးမြေ့မြေ့ ... ။
ကြေကြေကွဲကွဲ ... ။
လရောင်၏နာကျင်မှုပဲ့တင်သံကို ထပ်တူထပ်မျှ ခံစားလိုက်ရသကဲ့သို့ ... ။
🎵 ကိုယ် ဒီတစ်သက် မင်းအချစ်ကို ... မဖြစ်နိုင်မှန်း သိရက်နဲ့ ... လိုချင်ခဲ့တယ် ... ကိုယ့်အမှားလား ...
🎵 မှားလား ... အချစ်များ ... အကုန်လုံး မင်းအတွက် ... ငါလည်း ရူးတော့မယ် အချစ်ရာ ...
🎵 ဆုံးဖြတ် ... အချစ် အမုန်း ... နောက်ဆုံး ပြောဦး ... တစ်စုံတစ်ခု ... မင်း ရွေးချယ်ပေးပါ ... ဒီဘဝ ... မှားနေလား ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ကျွီ !
လေးဆက် အခန်းတံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်ဝင်လိုက်သည်။ အခန်းထဲရောက်တော့ အပြင်ဘက်က အေးစိမ့်မှုက အနည်းငယ်အရှိန်လျော့ကျသွားသည်။
မီးပိတ်ထားသဖြင့် အခန်းတစ်ခုလုံးက ပိန်းပိန်းမှောင်နေလေသည်။ ကြည့်ရတာ အခုချိန်လောက်ဆို မြတ်သူ အိပ်နေလောက်ပြီထင်သည်။
အချိန်အားဖြင့်လည်း ၁၂နာရီတောင် ထိုးတော့မည်ကိုး။
ဘုရားရင်ပြင်တော်ပေါ်မှာ ဈာန်နှင့် စကားပြောကောင်းနေသဖြင့် အချိန်ကိုတောင် မေ့သွားခဲ့သည်။
အခုတော့ ကောင်းရော။ မှောင်ကြီးမည်းကြီးထဲမှာ တစ်ယောက်တည်း ဘာလုပ်လို့လုပ်ရမှန်းမသိ။ မြတ်သူ နိုးသွားမည်စိုးသဖြင့် မီးဖွင့်ဖို့ကလည်း အဆင်မပြေပေ။
အဲဒီနောက် ခြေဖွဖွနင်းကာ ဟိုစမ်း ဒီစမ်းဖြင့် ရေချိုးခန်းထဲ ဝင်လိုက်သည်။ ရေချိုးခန်းက အလုံပိတ်အခန်းဖြစ်သဖြင့် မီးဖွင့်ဖို့တော့ အဆင်ပြေလေသည်။
ရေကိုင်မိတော့ အေးစိမ့်မှုကြောင့် လူက ကျင်တက်သွားရသည်။ ညဘက်ဖြစ်နေ၍ ရိုးရိုးရေက ရေခဲရေတမျှ အေးစက်နေ၏။ ရေထိချင်စိတ်ပင် ပျောက်သွားရသည့်အထိ ... ။
သို့ပေမဲ့လည်း မတတ်နိုင်။ ထိုရေချိုးခန်းထဲမှာပင် မျက်နှာသစ်၊ သွားတိုက်၊ ခြေလက်ဆေးကြောသန့်စင်ပြီးသကာလ မီးပြန်ပိတ်လိုက်ကာ မှောင်မှောင်မည်းမည်းထဲမှာ စမ်းတဝါးဝါးဖြင့် ကိုယ့်အိပ်ရာရှိရာဆီသို့ ထပ်သွားရလေသည်။
အိပ်ရာပေါ် ကျောချမိသည့်တစ်ခဏ တစ်ကိုယ်လုံး အညောင်းအညာပြေလျော့သွားသလိုပင်။ မနက်ကလည်း လမ်းလျှောက်တာများ၍ထင့်။ လှဲအိပ်လိုက်မှ ဘယ်လောက်ထိ ပင်ပန်းနေမှန်း သိတော့သည်။
စောင်ကို ခါးတစ်ဝက်နားအထိ ဆွဲခြုံလိုက်ကာ အိပ်ရန်ကြံစည်လိုက်သည်။ မနက်ကျရင်လည်း တောင်အောက်ဆင်းဖို့ အစောကြီးထရဦးမည်မလား။
ခေါင်းအုံးပေါ် ခေါင်းချလိုက်သည်နှင့်တစ်ပြိုင်နက် မျက်ဝန်းများက တဖြည်းဖြည်းမှေးစင်းကျလာလေသည်။ နဂိုကတည်းက အအိပ်မက်သည့်လူမို့ တစ်ခဏအတွင်း အိပ်မောကျသွားလေသည်။
ထိုစဉ် သူ့ခါးပေါ်သို့ ရောက်ရှိလာသည့်လက်တစ်စုံနှင့်အတူ ရင်ခွင်ကျယ်တစ်ခုဆီ ခပ်ဖွဖွဆွဲသွင်းခံလိုက်ရသည့် အခိုက်အတန့်မှာ လူက ဆတ်ခနဲတုန်ပြီး လန့်နိုးသွားရသည်။
အတွေးအာရုံများကား ဝေဝေဝါးဝါးဖြစ်နေဆဲပင်။ သူ ဘာကြောင့်နိုးလာရသလဲဆိုတာကို စက္ကန့်ပိုင်းအတွင်းမှာ အဖြေရှာမရဖြစ်နေခဲ့သည်။
မကြာမီ ရင်းနှီးလွန်းသည့် ကိုယ်သင်းရနံ့လေးကို အရင်ဆုံး သတိထားမိလိုက်သည်။ အဲဒီနောက်မှာမှ အနောက်ကနေ သူ့ကို ပွေ့ဖက်ထားသည့် လက်တစ်စုံ၏ထိတွေ့မှုကို ခံစားမိခြင်းဖြစ်သည်။
ဒီလိုကိုယ်သင်းရနံ့၊ ဒီလိုနွေးထွေးမှုမျိုးကို ပေးစွမ်းနိုင်သူက ကမ္ဘာပေါ်မှာ လူတစ်ယောက်တည်းသာလျှင် ရှိသည်။
ကျောပေးထားမိသည့် ခန္ဓာကိုယ်ကို တစ်ဖက်လှည့်လိုက်တော့ ရင်ခွင်ကျယ်ကြီးနှင့် တည့်တည့်တိုးလေသည်။ မှောင်မည်းနေသဖြင့် ဘာမှမမြင်ရသည့်တိုင် မရမက အပေါ်မော့ကြည့်ကာ
“ ဈာန် ”
ခပ်တိုးတိုးခေါ်သံကြောင့် ဈာန်ရောင်ခ ပြုံးမိသွားသည်။ ကိုကိုက သူမှန်း သိနေသားပဲ။ အဲဒီနောက် သူ့ရင်ခွင်ထဲရောက်နေသည့် ကိုယ်လုံးလေးကို ခပ်တင်းတင်းဆွဲဖက်ထားလိုက်ကာ
“ အင်း ... ကျွန်တော်ပါ ”
“ မင်း ဘယ်လိုလုပ် ဒီကိုရောက် ... ”
လေးဆက် စကားပြောလို့မဆုံးသေးခင်မှာပဲ
“ ကိုကို့ကို လွမ်းလို့ ... ”
လှုပ်ခတ်သွားသည့် နှလုံးသည်းစိုင်ကြောင့် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ ထိန်းချုပ်ထားလိုက်ရသည်။
ဒီကလေးကတော့လေ ... တကယ်ပါပဲ ...
လူကို ရင်ခုန်အောင် ပြုစားနိုင်လွန်းသည်။
“ အဆိုးလေး မင်း မြတ်သူနဲ့ အပေးအယူလုပ်ထားတာလား ”
သူ ခန့်မှန်းတာ မှန်ကန်သွား၍ထင့်။ နှစ်လိုဖွယ်ရာကောင်းသည့် ရယ်မောသံလေးတစ်ခုကို နားဆင်လိုက်ရသည်။
ဒီကလေးအကြောင်းကို အဲဒီလောက်လေးမှ မသိရင် သူ ဈာန့်ချစ်သူ လုပ်မနေတော့ဘူး။
“ ဒါပေါ့ ... ကိုကိုတောင် အပေးအယူလုပ်နိုင်သေးတာပဲ ... ကျွန်တော်က ဘာလို့ မလုပ်နိုင်ရမှာလဲ ”
ကိုကို့ရဲ့ဆံနွယ်လေးများကို ခပ်ဖွဖွနမ်းရှိုက်ရင်း ပြန်ဖြေလိုက်သည်။
“ ဈာန် မင်း သူနဲ့ ဘယ်လိုအပေးအယူလုပ်ခဲ့တာလဲ ”
“ ကိုကိုရော ဘယ်လိုလုပ်ခဲ့လဲ ... ကိုကို အပေးအယူလုပ်ခဲ့တဲ့အတိုင်း ကျွန်တော်က ငါးဆတိုးပေးလိုက်ရုံပဲ ”
အခုချိန်လောက်ဆို ကိုမြတ်သူလည်း ဟိုဘက်အခန်းမှာ အပျော်လွန်ကာ အိပ်မက်တွေမက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလောက်ပြီ။ ဒီမနက်ကတည်းက အခန်းချင်းလဲဖို့အတွက် ကိုမြတ်သူနှင့် အပေးအယူလုပ်ထားခြင်းဖြစ်သည်။
သို့ပေမဲ့လည်း ကိုကို့ကို အနည်းငယ်စနောက်ချင်နေသေးသဖြင့် ကြိုဖွင့်မပြောဘဲ မသိချင်ယောင်ဆောင်ထားကာ နောက်ဆုံးမှ အခန်းထဲ ဝင်လာခြင်းဖြစ်သည်။
“ ဟိုကောင်က လွယ်လွယ်နဲ့ လက်ခံလိုက်တာပေါ့လေ ဟုတ်လား ”
“ နှစ်ခါတောင် ပြောစရာမလိုဘူး ”
လေးဆက် နည်းနည်းတော့ တင်းသွားသည်။ သုတလွှမ်းနှင့်ပတ်သက်လာလျှင် မြတ်သူမှူးပိုင်ဆိုသည့်ကောင်က ပိစိလေးတောင် ဟန်မဆောင်နိုင်ဘူးလားမသိပေ။
သူငယ်ချင်းကို ရောင်းစားတဲ့ ခွေးသူတောင်းစားကောင် ...
အခုဆို တရှူးရှူးနှင့် အိပ်ပျော်နေလောက်မည့် မြတ်သူအား လေးဆက် မေတ္တာအပြည့်ဖြင့် ကျိန်ဆဲလိုက်သည်။
သို့ပေမဲ့လည်း အခုလိုမျိုး ဈာန်က သူ့ဘေးနားမှာ ရှိနေသည့်အတွက် ဟန်မဆောင်နိုင်လောက်အောင် ပျော်ရွှင်မိသည်ဆိုတာကိုတော့ မချွင်းမချန်ဝန်ခံရပေမည်။
“ ဒါနဲ့ မင်း ဟိုဘက်ကုတင်မှာ သွားမအိပ်ဘူးလား ဈာန် ”
အမှန်တော့ ဒီကုတင်က တစ်ယောက်အိပ်ကုတင်ဖြစ်နေသောကြောင့် မေးလိုက်ရခြင်းသာဖြစ်သည်။ အခုဆို မြတ်သူကလည်း တခြားအခန်းမှာ အိပ်နေသည့်အတွက် ကုတင်တစ်လုံးက လွတ်နေသည်မဟုတ်လား။
“ ဒီမှာ ငါနဲ့အတူတူအိပ်မယ်ဆိုရင် မင်း ကြပ်နေလိမ့်မယ် ”
“ ဟိုဘက်ကုတင်မှာ ကိုကို ရှိလို့လား ... ကျွန်တော်က ကိုကိုရှိတဲ့နေရာမှာပဲ အိပ်မှာ ”
ဒီအဆိုးလေးရဲ့ခြွေနိုင်လွန်းသည့်စကားလုံးများအောက်မှာ သူလည်း ကြွေကျနေရသည်မှာ အခေါက်ပေါင်းများစွာ မရေမတွက်နိုင်တော့ပေ။
“ ဈာန် ”
“ အင်း ”
“ အခု ငါ အရမ်းချမ်းနေတယ် ... အဲဒါကြောင့်မို့ ငါ့ကို နွေးနေအောင်ဖက်ထားပေး ... ”
အခုချိန်မှာ ကိုကို့မျက်နှာက သူ့ရင်ခွင်နှင့်ကပ်နေသဖြင့် ကိုကိုပြောလိုက်သည့် စကားလုံးတိုင်းက သူ့နှလုံးသားရှိရာသို့ အငွေ့လာဟပ်၏။
သူ့ရင်ခွင်နှင့် ပိုနီးကပ်သွားအောင် ကိုကို့ခါးလေးကို တင်းတင်းကြပ်ကြပ်ဆွဲဖက်လိုက်ကာ ကျန်လက်တစ်ဖက်ဖြင့် ကိုကို့ရဲ့ဆံနွယ်လေးများကို ညင်ညင်သာသာပွတ်သပ်ပေးနေရင်း
“ ဒီလောက်ဆိုရင်ရော နွေးသွားပြီလား ”
“ အင်း ... နွေးသွားပြီ ”
ကိုကိုက သူ့ရင်ခွင်မှာ မျက်နှာအပ်ကာ ပြန်ဖြေရင်း ကိုကို့ရဲ့လက်တွေက သူ့ကျောပြင်ကို အသာအယာပြန်ပွေ့ဖက်လာသည်။ အဲဒီနောက် သူလည်း ကိုကို့ရဲ့နဖူးပြင်လေးကို ခပ်ဖွဖွနမ်းရှိုက်လိုက်ကာ
“ ဂွက်နိုက် ကိုကို ”
“ ဂွက်နိုက် ဈာန် ”
အေးစက်မှုများနှင့် ပြည့်လျှံနေသည့် ညလေးတစ်ညက တစ်စုံတစ်ယောက်ကြောင့် ဤမျှအထိ နွေးထွေးသွားလိမ့်မယ်လို့ လေးဆက် မထင်ထားခဲ့ဖူးချေ။
သူ့အတွက်တော့ ဈာန့်ကိုယ်ငွေ့က သိပ်ကိုနွေးထွေးလွန်းပါ၏။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
နေရောင်ခြည်လဲ့လဲ့ဖြာကျနေသည့် ကျောက်သားပြင်ထက်၌ လူတစ်ဦးက မတ်တပ်ရပ်နေလျက်ရှိသည်။
ဗလာကျင်းထားသည့် ကိုယ်အထက်ပိုင်းက နေပြောက်ထိုးနေသဖြင့် ထိုလူ၏ခန္ဓာကိုယ်ဖွဲ့စည်းပုံအနေအထားကို ရှုထောင့်အမျိုးမျိုးကနေ ထင်းခနဲမြင်နေရသည်။
ချောမောခန့်ညားသည့် ရုပ်ရည်၊ မြင့်မားသည့် အရပ်၊ ဖြူဖွေးသည့် အသားအရည်၊ ကျစ်လစ်သည့် ကြွက်သားတို့ဖြင့် တည်ဆောက်ထားသည့် ထိုလူ၏ခန္ဓာကိုယ်က တစ်ချက်လေးတောင် မျက်နှာလွှဲပစ်ရက်စရာမရှိပေ။
တစ်ခေါက်ကြည့်မိသူတိုင်း နောက်တစ်ခေါက် သမင်လည်ပြန်ကြည့်မိသည်အထိ ထိုလူက ယောကျာ်းဆန်ဆန် ညှို့အားပြင်းပြင်းနှင့် ဆွဲဆောင်မှုရှိလှသည်။
ထိုလူကို အနီးတစ်ဝိုက်မှ လူတချို့က မသိမသာရော၊ သိသိသာသာပါ စောင်းငဲ့ကြည့်နေကြသည်။ အတင့်ရဲသည့် လူတချို့ဆိုလျှင် ခပ်တည်တည်ပင် ဖုန်းထုတ်ကာ ဓာတ်ပုံခိုးရိုက်ကြသည်။
ထိုလူကတော့ ဤကဲ့သို့ လူစိတ်ဝင်စားခြင်းခံနေရသည်ကို အာရုံစိုက်သည့်ပုံမပေါ်သလို ပျော်ရွှင်နေသည့် သွင်ပြင်လက္ခဏာလည်း နည်းနည်းလေးမှ မတွေ့ရပေ။
ခပ်ရှင်းရှင်းပြောရလျှင်တော့ လူတွေကို အဖက်မလုပ်သည့်ဟန် ... ။
နက်မှောင်သည့် မျက်ခုံးတန်းများက တွန့်ကျုံ့နေပြီး မေးရိုးများ ထင်းနေအောင် အံကြိတ်ထားပုံအရ ထိုလူက တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေပုံပေါ်သည်။
သို့သော် ၎င်းကဲ့သို့တင်းမာနေမှုက ထိုလူ၏ချောမောသည့်မျက်နှာကိုမူ တစ်စက်လေးမျှပင် အဟန့်အတားမဖြစ်စေပေ။
ထိုလူက စိတ်လက်မကြည်သာစွာဖြင့် တစ်နေရာတည်းကို စူးစူးစိုက်စိုက် ကြည့်နေပြီး လက်တစ်ဖက်ဖြင့် ဆံပင်များကို ခါထုတ်ပစ်လိုက်ကာ
“ ကျစ် ! ကိုကို ... ခင်ဗျားကတော့ဗျာ ! ”
စိတ်ညစ်ညူးစွာဖြင့် ဈာန်ရောင်ခ ခပ်တိုးတိုးငြီးငြူမိသည်။ အခု သူ့ရင်ထဲမှာ ဘယ်လောက်ထိ လှိုင်းထန်နေမှန်း သူကိုယ်တိုင်သာ သိသည်။
သူ့အကြည့်များ၏ဦးတည်ရာအတိုင်း မသွေမတိမ်းရှုမြင်ကြည့်မည်ဆိုလျှင် ကျောက်တုံးများ ဝန်းရံနေသည့် ရေအိုင်လေးများထဲမှာ ဟိုဟိုဒီဒီ သွားလာရင်း ပျော်ရွှင်စွာ ရေဆော့ကစားနေသည့် လူတစ်ယောက်ကို တွေ့ရပေလိမ့်မည်။
သူ့နည်းတူ အပေါ်ပိုင်းဗလာဟင်းလင်းဖြစ်နေသည့် ကိုကိုက ရေကူးနေရတာကို တော်တော်ပျော်နေသည့်ပုံပင်။ ထိုပျော်ရွှင်မှုအငွေ့အသက်များက ကိုကို့ရဲ့မျက်ဝန်းလဲ့လဲ့လေးများထက် အရိပ်လာထင်၏။
ကိုကို့ရယ်မောသံများကား ဝန်းကျင်တစ်ခွင် အဆက်မပြတ်ပျံ့လွင့်နေလျက် ... ။
ဤကဲ့သို့ ကိုကို ပျော်နေတာကို မြင်ရတော့ သူ့ရင်ထဲမှာလည်း ကြည်နူးရသည်။ ထို့နည်းတူ တစ်စုံတစ်ရာကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်နေရသည်။
ဝင်းမွတ်နေသည့် ကိုကို့ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ဘာတစ်ခုမှ အကာအကွယ်ရှိမနေပေ။ တစ်ချိန်လုံး ရေကူးလိုက်၊ ရေငုတ်လိုက်၊ ရေဆော့လိုက်လုပ်နေသဖြင့် ကိုကို့တစ်ကိုယ်လုံးက ရွှဲရွှဲစိုနေသည်။
စိတ်ပျော်ရွှင်မှုကြောင့် ကြည်လင်နေသည့် ကိုကို့မျက်နှာလေးကို မျက်တောင်မခတ်တမ်း ငေးကြည့်ရင်း ကိုကိုက သူ့အပိုင်ဆိုသည့် စကားကို စိတ်တွင်းမှာ ထပ်ခါထပ်ခါရေရွတ်မိနေသည်မှာ အခေါက်ပေါင်းမနည်းလှပေ။
အခု သူတို့ ရောက်ရှိနေသည်က ဆောင်နိုင်ကြီးအပေါ်ရေတံခွန်ဖြစ်သည်။ အစကတော့ သူတို့မှာ ထိုရေတံခွန်ဆီသို့ လာဖို့အစီအစဉ် မရှိခဲ့ပေ။ သို့သော် ကံအကြောင်းသင့်ကာ မတော်တဆ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
ယနေ့မနက်စောစော ကျိုက်ထီးရိုးတောင်ခြေသို့ ကားဖြင့် ပြန်ဆင်းလာခဲ့ကြရာ ကင်ပွန်းစခန်းသို့ ပြန်ရောက်ရောက်ချင်း ရန်ကုန်ပြန်ဖို့အတွက် ကားလက်မှတ်သွားဝယ်ခဲ့ကြသည်။
ဖြစ်ချင်တော့ ထိုကားက ညနေလေးနာရီမှ စထွက်မည်ဖြစ်သည့်အတွက် ကြားထဲအားလပ်နေသည့်အချိန်မှာ ဘာမှလုပ်စရာမရှိမည့်အတူတူ ဆောင်နိုင်ကြီးရေတံခွန်သို့ သွားလည်ရန် အကြံပေါ်လာခြင်းဖြစ်သည်။
ဆောင်နိုင်ကြီးရေတံခွန်သည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကင်ပွန်းစခန်းအနီးတွင် တည်ရှိသည်။ ကင်ပွန်းစခန်းမှ နာရီဝက်ခန့်မောင်းနှင်ပြီးလျှင် ထိုရေတံခွန်ရှိရာ ရာမညအပန်းဖြေစခန်းသို့ ရောက်ပေလိမ့်မည်။
ထိုရာမညအပန်းဖြေစခန်းသို့ မရောက်မီ အရင်ဦးဆုံး ကဒက်ချောင်းကို ဖြတ်ကျော်ရသည်။ အဲဒီနောက်မှာတော့ ဖုန်ထူလှသည့် မြေနီကျောက်ခင်းလမ်းမှတဆင့် ရော်ဘာခြံများကို ထပ်မံဖြတ်ကျော်ရသည်။
မကြာမီအချိန်အတွင်းမှာ စိမ်းပြာလဲ့နေသည့် ရေတံခွန်ကြီးရှိရာဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိပေလိမ့်မည်။
အမှန်အတိုင်းပြောရမည်ဆိုလျှင် ဆောင်နိုင်ကြီးရေတံခွန်ဆီသို့ သူ လုံးဝသွားချင်စိတ်မရှိပေ။
သို့ပေမဲ့လည်း ရေတံခွန်ကို သွားမယ်၊ ရေကူးမယ်ဆိုသည့် အသံကြားလိုက်တာနဲ့ ပုတ်သင်ညိုလေးလို ခေါင်းတညှိမ့်ညှိမ့်နှင့် အရမ်းပျော်မြူးနေပုံရသော ကိုကို့ကြောင့် သူ အသာတကြည်နှင့် ထိုရေတံခွန်ဆီသို့ လိုက်လာခဲ့ရခြင်းဖြစ်သည်။
မိုးရာသီဆိုလျှင်တော့ ဆောင်နိုင်ကြီးရေတံခွန်သည် ရေစီးအရမ်းသန်ကာ အန္တရာယ်များလှသည်။ တချို့အန္တရာယ်ရှိလောက်မည့် နေရာများတွင်တော့ ကြိုးများဖြင့်တားကာ အမှတ်အသားပြုလုပ်ပေးထား၏။
အောက်ရေတံခွန်မှာတော့ ရေဆော့သည့်သူ အရမ်းများလှသည်။ ထိုနေရာတွင် စားသောက်ဆိုင်လည်း များပြားသည်။ ရေဆော့ရတာလည်း အန္တရာယ်ကင်းသည့်အတွက် ကလေးများနှင့် ပိုသင့်တော်သလို မိသားစုလိုက် အပန်းဖြေဖို့အတွက်ဆိုရင်လည်း နားနားနေနေအဆင်ပြေသည်။
အပေါ်ရေတံခွန်ကမူ ပိုမိုလှပပြီး ရှုခင်းကောင်းသည့်အတွက် လူငယ်များအတွက်မူ အကြိုက်တွေ့စရာပင်။ သို့သော် အောက်ရေတံခွန်ထက်စာရင်တော့ ရေပိုနက်ပြီး ရေစီးသန်သည့်အတွက် သတိထားနိုင်မှ တော်ကာကျပေမည်။
ထို့ကြောင့် သူတို့လည်း အပေါ်ရေတံခွန်ရှိရာသို့ ဆက်တက်လာခဲ့ကြခြင်းဖြစ်သည်။ ထင်ထားသလိုပင်။ အပေါ်ရေတံခွန်၌ လူသိပ်မများလှပေ။ အများဆုံးရှိမှ ခုနှစ်ယောက်မျှသာ။ လူငယ်တွေချည်းဖြစ်သည်။ ကြည့်ရတာ သူတို့လို သူငယ်ချင်းအုပ်စုပင် ဖြစ်ရမည်။
အစကတော့ ရေတံခွန်မှာ ကိုကိုနှင့်အတူ ရေဆော့ပြီး ပျော်ရမယ်လို့ ထင်မှတ်ထားပေမဲ့ အခုတော့ မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်နေခဲ့သည်။
သူ မထင်မှတ်ထားသည့်အရာများကို လုပ်ချသည့်နေရာတွင်တော့ ကိုကိုက တကယ့်ကိုဆရာတစ်ဆူဖြစ်သည်။ အခုလည်း ထိုအတိုင်းပင်။ ကိုကို့ကို အကျီဝတ်နဲ့ပဲ ရေကူးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သဖြင့် သူ စိတ်အေးလက်အေးဖြစ်နေခဲ့သည်။
သို့ပေမဲ့ ထိုကိုယ်တော်ချောလေးက ရေတံခွန်ကို မြင်လိုက်သည်နှင့် စိတ်မထိန်းနိုင်တော့ဘဲ အပေါ်အကျီကို ဆွဲချွတ်ကာ ရေထဲသို့ တန်းဆင်းသွားတော့သည်။ သူ လှမ်းဆွဲလို့ပင် မမှီလိုက်။ သူတို့နှစ်ယောက်တည်း ရှိနေတာလည်း မဟုတ်ဘဲ လူအများကြီးရှိနေချိန်ကျမှ။
ထိုမျှနှင့်တင် မကသေး။ ကိုကိုက ရေကူးနေရင်း ကိုမြတ်သူနှင့် ကိုနောင်ခန့်ကို သွားစနောက်နေသေးသည်။ ဟိုအမျိုးသမီးနှစ်ယောက်ကတော့ အခုထိ ရေထဲသို့ မဆင်းရသေးဘဲ လရောင်တို့နှင့် စကားပြောကောင်းနေသဖြင့် ကိုကို့ရဲ့စနောက်ခြင်းဒဏ်မှ ကင်းလွတ်လေသည်။
ကိုနောင်ခန့်က အေးဆေးသမားမို့ ဘာမှပြန်မလုပ်ပေမဲ့ သည်းမခံတတ်သည့် ကိုမြတ်သူကတော့ ကိုကို့ကို လည်ပင်းမှ ဖမ်းချုပ်ကာ ရေထဲ ဆွဲနှစ်လေသည်။ ကိုကိုကလည်း ရယ်မောရင်း ကိုမြတ်သူလက်ထဲမှ လွတ်အောင် အတင်းမရမကပြန်ရုန်းကန်သည်။
ဤကဲ့သို့ ကိုကိုနှင့် ကိုမြတ်သူတို့နှစ်ယောက် ရေထဲမှာ သူတစ်ပြန် ကိုယ်တစ်ပြန် ခန္ဓာကိုယ်ချင်းလုံးထွေးနေကြသည်ကို ကြည့်ရင်း ဈာန်ရောင်ခ ဘာလုပ်ရမှန်းမသိဘဲ ရင်တွေပူလာသည်။
အထူးသဖြင့် ကိုကို အဝတ်ဗလာဖြစ်နေချိန်မှာ တခြားလူများနှင့် အသားချင်းထိတွေ့နေသည်ကို သူ ဘယ်လိုမှမခံစားနိုင်ပေ။ ဘယ်လိုပဲ သူငယ်ချင်းအရင်းအချာဖြစ်သည်ဆိုဆို ဒီလိုမြင်ကွင်းမျိုးကို မြင်တွေ့နေရရုံနဲ့တင် သူ့ရင်ဘတ်က အောင့်တက်လာသည်။
ဖြစ်နိုင်မည်ဆိုလျှင် ကိုကို့ကို ဘယ်သူမှ မမြင်တွေ့အောင် တစ်နေရာရာမှာ သွားဖွက်ထားပစ်လိုက်ချင်သည်။ သူ့အခြေအနေ ဘယ်လောက်ထိ မုန်တိုင်းထန်နေလဲဆိုတာကို မသိဘဲ အပျော်ကြီးပျော်နေသည့် ကိုကို့ကို စိတ်ဆိုးချင်ပေမဲ့လည်း ဘယ်လိုမှ စိတ်မဆိုးရက်။
ထိုကဲ့သို့ မနာလိုမရှုစိမ့်မှုများစွာဖြင့် တစ်ယောက်တည်း သောကပွားနေရစဉ်
“ ဈာန်ရောင်ခကတော့ မလွယ်ဘူးဟေ့ ”
သူ့အကြောင်းကို အလုံးစုံသိနေသည့်အလား လရောင်က ရယ်ကျဲကျဲနှင့် သူ့ပခုံးကို ပုတ်ကာ ရေထဲ ဆင်းသွားလေသည်။ လရောင်နောက်မှ လိုက်လာသည့် နေ့သစ်ကလည်း သူ့ကို လည်ပြန်ကြည့်ကာ
“ မင်း ရေမကူးဘူးလား ”
ဈာန်ရောင်ခ ခေါင်းကိုသာ ခါပြလိုက်သည်။ စိတ်မကြည်သည်မို့ ရေထဲလည်း ဆင်းမနေချင်တော့ပေ။ အခုချိန်မှ သွားတားရင် ကိုကို စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို စိုးရိမ်နေတာကြောင့်လည်း ပါသည်။
အရင်က သူ စုံစမ်းထားသည့်အချက်အလက်များအရ ကိုကိုက ရေကူးရတာကို အင်မတန်သဘောကျသည်။ ဤအရေးကြီးအချက်ကို ဘယ်လိုမှ မေ့ထားလို့မဖြစ်ပေ။
ရေကူးခြင်းက ကိုကို့ရဲ့စိတ်ပျော်ရွှင်ရာ ဝါသနာတစ်ခု၊ ထွက်ပေါက်တစ်ခုမှန်း သိနေသည့်အတွက် ထိုအခြေအနေကို မျက်စိစုံမှတ်ကာ မမြင်ချင်ယောင်ဆောင်နေဖို့ကိုပဲ ရွေးချယ်လိုက်သည်။
“ ဈာန် မင်း ရေမကူးဘူးလားဟင် ”
သူ ရပ်နေသည့် ကျောက်သားပြင်အနီးသို့ တရွေ့ရွေ့တိုးလာရင်း ကိုကိုက မေးသည်။ ခေါင်းကို ခပ်သွက်သွက်ခါရမ်းပြလိုက်တော့ ကိုကိုက သူ့လက်ကို လှမ်းဆွဲကာ ရေထဲသို့ ဆင်းလာရန် အချက်ပြသည်။
ထိုလေးဆက်ရိပ်သွင်ဟုဆိုသည့် လူပုဂ္ဂိုလ်၏ ဘယ်စကားတစ်ခွန်းကိုမှ ငြင်းဆန်ဖို့ရာ သူ့မှာ အင်အားမရှိသည်မှာ အခုမှမဟုတ်။
အဲဒီနောက်မှာတော့ သူလည်း ကိုကို့အလိုကျ ရေထဲသို့ ဆင်းလိုက်ရသည်။ ကျောက်ကြိုကျောက်ကြားကနေ စိမ့်ထွက်လာသည့်မို့ ရေက အေးစက်လှသည်။
သူ ရေထဲရောက်တော့ ကိုကိုက သူ့အနီးကို တဖြည်းဖြည်းတိုးကပ်လာသဖြင့် ဗလာကျင်းခန္ဓာကိုယ်နှစ်ခုက အနည်းငယ်မျှသာ ကွာဝေးတော့သည်။ ကိုကိုက သူ့မျက်နှာကို စိုက်ကြည့်နေရင်း
“ ဈာန် မင်း အဆင်ပြေရဲ့လား ”
အခု သူတို့နှစ်ယောက် ရောက်နေသည်က ခါးလယ်လောက်ထိသာ နက်သည့် ရေအိုင်ဖြစ်သောကြောင့် ကိုကို့ရဲ့အဝတ်မဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို လုံးဝအနီးကပ် ရှင်းရှင်းလင်းလင်းမြင်နေရသည်။
သူ့အကြည့်များက ကိုကို့ရဲ့ဝင်းမွတ်အိစက်နေသည့် ပခုံးစွန်းလေးမှတဆင့် ရင်ဘတ်တစ်လျှောက် စိုက်ကြည့်မိကာ သေးသွယ်သည့်ခါးလေးအထိ တဖြည်းဖြည်း စုန်ဆင်းသွား၏။
ထိုစဉ် ရုတ်တရက် ပူလောင်လာသည့် စိတ်အာရုံကို သူ သတိထားမိသွားသည်။ ဘယ်သူ့ကို အပြစ်ပြောရမည်မှန်းလည်း မသိ။ နောက်ဆုံးတော့လည်း ကိုကိုနှင့် ပတ်သတ်လာလျှင် အမြဲလိုလို ကမ္ဘာပျက်နေတတ်သည့် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိတော့သည်။
ဒီထက် ပိုကြည့်မိလျှင် အလိုလိုနေရင်းတောင် မနောကံဖြင့် ခဏခဏပြစ်မှားနေမိသည့် စိတ်များက ကာယကံအနေဖြင့် လက်တွေ့ဖြစ်လာနိုင်သဖြင့် မနည်းစိတ်ထိန်းကာ မျက်နှာလွှဲလိုက်ရသည်။
“ ဈာန် ဘာဖြစ်လို့လဲ ... ငါ့ကို စိတ်ဆိုးနေတာလား ”
အလိုက်ကမ်းဆိုးမသိသည့် ကိုကိုက သူ ဘယ်လောက်ထိ ထိန်းချုပ်ထားရသည်ကို နားမလည်ဘဲ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ရှေ့တည့်တည့်ကို ပြန်ဆွဲလှည့်သည်။
“ တစ်ခုခုဖြစ်နေရင်လည်း ငါ့ကို ပြောမှပေါ့ ကလေးလေးရဲ့ ”
ကိုကိုက စိုးရိမ်နေသည့်ပုံဖြင့် အရှေ့ကို ပိုတိုးလာကာ သူ့မျက်နှာကို သေချာစိုက်ကြည့်ရင်း အကဲခတ်သည်။
ထိုအခါ အဝတ်မဲ့ခန္ဓာကိုယ်ချင်းက အရင်ကထက် ပိုနီးကပ်သွားသဖြင့် သူ့စိတ်တို့ ရှုပ်ထွေးကာ ယောက်ယတ်ခတ်သွားသလို အသက်ရှူသံတွေကလည်း ပိုပြင်းထန်လာသည်။
ကျစ် ! ငါတော့ မာလာပြီ ! သေတော့မှာပဲ !
“ မင်း တကယ်ပဲ အဆင်ပြေရဲ့လား ဈာန် ... မျက်နှာလည်း မကောင်းဘူး ”
ကိုကိုရေ ! ခင်ဗျားကတော့ ကျွန်တော့်ကို ဒုက္ခပေးလိုက်ပြန်ပြီဟု လူအများကြားအောင် အော်ဟစ်ပစ်လိုက်ချင်သည်။
“ ဈာန် ”
“ ကိုကို ! ခင်ဗျား ကျွန်တော့်စိတ်ကို လာမဆွနဲ့ ”
“ ဟမ် ! ငါက ဘာကို ... ”
ကိုကို့စကားမဆုံးသေးခင်မှာပဲ သူ ကိုကို့ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ကာ ကျောက်သားပြင်နှင့် ကျောချင်းထိကပ် စေလိုက်သည်။
“ အခုတောင် ကျွန်တော် စိတ်ကို မနည်းထိန်းထားရတာ ”
ကိုကို့ခန္ဓာကိုယ်လေးကို အပေါ်စီးမှ အုပ်မိုးထားရင်း ပြောလိုက်သည်။ ပြင်းပြင်းရှရှအသက်ရှူသံနှင့်အတူ သူ့အကြည့်များက ရီဝေညှို့ငင်ခြင်းခံထားရသကဲ့သို့ ... ။
တစ်ခုတော့ကောင်းသည်။ အနည်းဆုံးတော့ ကွယ်ထားသည့် သူ့ခန္ဓာကိုယ်ကြောင့် ကိုကို့ကို သူမှလွဲ၍ ဘယ်သူမှ ထပ်မြင်နိုင်တော့မည်မဟုတ်ပေ။ ကျောက်သားပြင်နှင့် သူ့ခန္ဓာကိုယ်နှစ်ခုကြားတွင် ကိုကိုက ညပ်နေလေသည်။
ကိုကိုက မျက်လုံးလေး ကလယ်ကလယ်ဖြင့် သူ ပြောတာကို ဘာတစ်ခုမှ နားလည်ဟန်မတူ။
“ ဈာန် မင်း ဘာတွေ ပြောနေတာလဲ ”
ဗွင်းဗွင်းရှင်းရှင်းမပြောပြလျှင် ကိုကိုက သူ့အခြေအနေကို ရိပ်မိမည့်ပုံမပေါ်သည့်အတွက် ကိုကို့နား,နား ကပ်လိုက်ကာ
“ ကိုကို့ကြောင့် ကျွန်တော် မာနေပြီ ”
“ ဟမ် ! ဘာကို ... ”
ရေထဲမှာ ရောက်နေသည့် သူ့အောက်ပိုင်းကို မျက်စပစ်ပြလိုက်တော့ ကိုကိုက ဇဝေဇဝါနှင့် ငုံ့ကြည့်လာသည်။
ထိုအခါမှ ကိုကိုက သဘောပေါက်သွားပြီး မျက်ဝန်းလေးများ ဝိုင်းစက်ကာ အန္တရာယ်ကို ရိပ်မိသွားသည့်အလား နီးကပ်နေသည့် သူ့ခန္ဓာကိုယ်ကို အတင်းတွန်းထုတ်သည်။
သို့ပေမဲ့ ကိုကို့ရဲ့တွန်းအားက သူ့ကို ခြေတစ်လှမ်းတောင် ရွေ့သွားစေနိုင်ခြင်းမရှိပေ။
“ ကိုကို ”
ကိုကို့ရဲ့လက်မောင်းနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်တော့
“ ဈာန် ... မင်းနော် ... မဟုတ်တာတွေ လုပ်ဖို့မကြံနဲ့ ”
ထွက်ကျလာသည့် အသံလေးကိုက ကတုန်ကယင်နှင့် ... ။ ကြောက်တတ်၊ လန့်တတ်လိုက်တာလည်း သူ့အပြင် နှစ်ယောက်မရှိ။ ဒါနဲ့များတောင် သူ့ရှေ့မှာ အကျီချွတ်နဲ့ နေရဲသေးသည်။
“ ကိုကို ကူညီပေးမှ ရမှာလေ ”
ရဲခနဲဖြစ်သွားသည့် ပါးပြင်လေးက တကယ့်ကို ကိုက်စားပစ်ချင်စရာကောင်းလှသည်။ ကိုကိုက သူ့ကို စေ့စေ့မကြည့်ရဲတော့ဘဲ မျက်နှာလွှဲထားကာ
“ ဟင့်အင်း ... ငါ ... ငါက ဘာကူညီပေးရမှာလဲ ... မင်းဟာမင်း လုပ်ပါလား ”
“ ကိုကို ”
“ ဈာန် ... မင်း ရှေ့တိုးမလာနဲ့နော် ”
မတတ်နိုင်တော့။ ကိုကို့ရဲ့ခါးလေးကို သိမ်းကျုံးပွေ့ဖက်ကာ ခန္ဓာကိုယ်ချင်းထိကပ်ထားမိသည်။ ကိုကိုကတော့ သူ့ရဲ့လျှပ်တပြက်ဆန်လှသည့် အပြုအမူကြောင့် ကြောင်အနေကာ ငြင်းဆန်ဖို့ပင် မေ့လျော့နေသည်။
အဝတ်မဲ့ခန္ဓာကိုယ်နှစ်ခုထိတွေ့မှုက သူ့ရဲ့အသွေးအသားကို ပိုမိုတောက်လောင်စေသည်။ အခုချိန်မှာ ပကတိကြည်လင်အေးမြနေသည့်ရေများကလည်း သူ့ရဲ့မီးတောက်နေသည့် စိတ်အစဥ်ကို မငြိမ်းသတ်ပေးနိုင်တော့။
“ ကိုကို ”
ကိုကို့ရဲ့ဝင်းမွတ်မွတ်ပခုံးစွန်းလေးကို ဖိကပ်နမ်းရှိုက်လိုက်တော့ ကိုကို့ခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်ရင်သွားကာ
“ ဈာန် ”
“ နမ်းရုံပါပဲ ”
အဲဒီနောက်မှာတော့ ရေစလေးတွေ ခိုသီးနေသည့် ကိုကို့ပခုံးသားလေးများတစ်လျှောက် သူ မက်မောစွာ နမ်းရှိုက်နေမိသည်။ ရေစိုထား၍လားမပြောတတ်။ ကိုကို့အသားအရည်က ပို၍နူးအိနေကာ အရမ်းနမ်းလို့ကောင်းနေသည်။
အနမ်းများက အရှိန်ထိန်းမရဘဲ တဖြည်းဖြည်း ကိုကို့လည်တိုင်ထက်ဆီသို့ ရောက်လာသဖြင့် ကိုကိုက သူ့ရင်ဘတ်ကို လက်လေးဖြင့် အသာတွန်းရင်း
“ ဈာန် ... အရာထင်ကုန်မယ် ”
တိုးဖွဖွအသံဖြင့် သတိပေးလာသည့် ကိုကို့ကြောင့် သူ အနမ်းများကို ရပ်တန့်ပစ်လိုက်ရသည်။ အခုချိန်မှ မရပ်ရင် သူ ဘယ်အထိ ဆက်သွားမိမယ်မှန်း မပြောတတ်ပေ။
တခြားလူများလည်း ရှိနေသဖြင့် အဆုံးစွန်ထိ လွန်ကျူးချင်နေသည့် စိတ်အာရုံကို မနည်းထိန်းချုပ်လိုက်ရခြင်းဖြစ်သည်။ နှစ်ယောက်တည်းသာ ရှိနေမည်ဆိုလျှင်တော့ သူ ဒီလောက်နှင့် ရောင့်ရဲနိုင်မည်မဟုတ်ပေ။
“ ဟူး ! ”
ကိုကို့ပခုံးပေါ် ခေါင်းတင်ကာ ညစ်နွမ်းချင်နေသည့်စိတ်အာရုံကို မနည်းဖြေဖျောက်ရသည်။ ကိုကိုကတော့ သူ့ကျောပြင်လေးကို အသာပွတ်သပ်ပေးရင်း
“ ဈာန် အဆင်ပြေရဲ့လား ”
“ ကိုကိုရာ ! ခင်ဗျား တကယ်ဆိုးတယ် ”
“ ငါလည်း ဘာမှမလုပ်ဘဲနဲ့ ... ”
ဪ ... သူကပဲ ပြောရတယ်ရှိသေး။ ချစ်သူတစ်ယောက်လုံးရဲ့အဝတ်မဲ့ခန္ဓာကိုယ်ကို မြင်နေမှတော့ ဘယ်သူက စိတ်မထဘဲနေမှာလဲ။ ပုထုဇဉ်လူသားပီပီ သူ့မှာလည်း ကာမဂုဏ်အာရုံဆိုတာ ရှိနေပါသေးသည်။
“ ကျွန်တော့်ကို အခုလိုဖြစ်အောင်လုပ်တာ ကိုကိုပဲ ”
“ ဈာန်ရာ ... မင်းကတော့လေ ... ”
ကိုကို့ထံမှ ရယ်သံသေးသေးလေး ထွက်လာသဖြင့်
“ မရယ်နဲ့ ”
“ ရယ်မှာပဲ ... မင်းက ငါ့ကိုဆို မကောင်းတဲ့အတွေးတွေပဲ အမြဲတွေးနေတာကိုး ”
သူ ကိုကို့ပခုံးပေါ် မှီထားရာမှ ခေါင်းပြန်ထောင်လာကာ
“ ကိုကို ! ”
“ ဘာလဲ ... ငါ ပြောတာ မဟုတ်လို့လား ... နှာဘူးလေး ”
ကိုကိုပြောတာ မှန်နေသဖြင့် သူ ဘာတစ်ခွန်းမှ တုံ့ပြန်နိုင်စွမ်းမရှိတော့ပေ။
“ ဒါနဲ့ ငါ မေးပါဦးမယ် ... မင်း ဘယ်တုန်းကတည်းက ငါ့အပေါ် ဒီလိုအတွေးမျိုးရှိနေတာလဲ ”
ဈာန်ရောင်ခ၏မျက်နှာထက်၌ ရိသဲ့သဲ့အပြုံးတစ်ခုပေါ်လာလေသည်။ ထိုမေးခွန်းက သူ့အကွက်ထဲ လုံးဝကွက်တိဝင်လာသည်မဟုတ်ပါလား။
သူ့ကိုဆို ကလေးတစ်ယောက်လို စနောက်ချင်နေသည့် ကိုကို့အား လက်စားချေဖို့ အခွင့်အရေးက အရံသင့်ပေါ်လာလေပြီ။ ကိုကို့ရဲ့ခါးသိမ်သိမ်လေးကို ခပ်တင်းတင်းဆွဲဖက်လိုက်ကာ ကိုကို့မျက်နှာကို စေ့စေ့စိုက်ကြည့်ရင်း
“ အင်း ... ဘယ်လိုပြောရမလဲ ... ကိုကို့ကို စသိကတည်းက ကျွန်တော် တစ်ချိန်လုံး ကိုကို့ကိုပဲ မှန်းလာတာ ... အခေါက်ပေါင်းမရေမတွက်နိုင်တော့ဘူး ... ဘယ်လိုမှန်းလဲဆိုတာကို အသေးစိတ်သိချင်သေးလား ကိုကို ”
“ အာ ”
အရှက်သည်းနေသည့်မျက်နှာလေးက သူနှင့်အကြည့်ချင်းမဆုံနိုင်တော့ဟန် ဘေးလှည့်သွားသည်။ ယောကျာ်းချင်းမို့ ထိုစကားက ဘာကို ဆိုလိုမည်မှန်း ကိုကိုလည်း သိနေမှာ မလွဲသေချာပင်။
မေးတုန်းက မေးပြီး အခုမှ ကိုယ့်ရှူး ကိုယ်ပြန်ပတ်နေသည့် ကိုကို့ရဲ့ရှက်ဝဲဝဲမျက်နှာလေးကို သူ မျက်တောင်မခတ်တမ်း တစိမ့်စိမ့်ငေးကြည့်နေမိတော့ ကိုကိုက သည်းမခံနိုင်တော့ဟန် သူ့မျက်လုံးများကို လာပိတ်သည်။
“ ငါ့ကို မကြည့်နဲ့တော့ ... ပြီးရင်လည်း မင်းက ပေါက်ကရတွေ တွေးဦးမယ် ”
“ ဟား ... ဟား ... ဟား ... ကိုကိုကတော့ဗျာ ... ”
သူ စိတ်မထိန်းနိုင်ဘဲ အော်ရယ်မိသွားသည်။ ကိုကို ပြောလည်း ပြောချင်စရာပင်။
ဈာန်ရောင်ခဟူသည် လေးဆက်ရိပ်သွင်နှင့်ပတ်သက်လာလျှင် အမြဲ ထိုကဲ့သို့ဖြစ်နေသည်မို့ ... ။
အောက်ခြေကြမ်းပြင်မှာရှိနေသည့် ကျောက်စရစ်ခဲလေးများကိုပင် လှမ်းမြင်ရလောက်သည့်အထိ ကြည်လင်ပြာလဲ့နေသော ရေအိုင်ငယ်လေးတစ်ခုအတွင်းဝယ် လူသားနှစ်ဦး တိတိကျကျပြောရမည်ဆိုလျှင်တော့ ချစ်သူနှစ်ဦး ... ။
တစ်ယောက်ကို တစ်ယောက် ရေဖြင့် လှမ်းပက်ကာ ပျော်ရွှင်စွာ ချစ်ကျီစယ်နေကြသည်ကို တွေ့ရပေလိမ့်မည်။
လူအားလုံးကို မေ့လျော့နေလျက် ... ။
အရာအားလုံးကို မေ့လျော့နေလျက် ... ။
ကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်တည်း တည်ရှိနေသလိုမျိုး ... ။
ဝန်းကျင်တစ်ခွင် ချစ်သင်းရနံ့များ ထုံမွှန်းလျက်ရှိနေတော့သည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ကိုယ် တစ်ခုလောက် ကြိုပြောထားပါရစေ ...
ကိုယ်က လွမ်းရိပ်ငွေ့ကို မရေးခင်ကတည်းက ခေါင်းထဲမှာ စဉ်းစားထားတဲ့ ပလော့မျိုးစုံရှိပါတယ် ... အဲဒီထဲကနေမှ လွမ်းရိပ်ငွေ့ကို ရွေးထုတ်ပြီး ပထမဆုံးဇာတ်လမ်းအနေနဲ့ စရေးဖို့ ဆုံးဖြတ်လိုက်တာပါ ...
ပြီးတော့ ကိုယ်က ကိုယ့်ရဲ့ဇာတ်လမ်းတွေကို တစ်ခုနဲ့တစ်ခုချိတ်ဆက်သွားမှာပါ ( နို့မို့ ဒီတစ်ယောက်က ဘာလဲဟ ... စတုန်းက စပြီးတော့ ဘာမှလည်း အဆုံးမသတ်သွားဘူးလို့ထင်နေကြမှာစိုးလို့ 😁 )
ဥပမာ - နွေရာသီပုံပြင်ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ နန္ဒာနဲ့ယုယက လွမ်းရိပ်ငွေ့မှာ ပါလာသလိုမျိုး ... နောက်ပိုင်း လွမ်းရိပ်ငွေ့ပြီးရင် ကိုယ် ဆက်ရေးမဲ့ဇာတ်လမ်းတွေရဲ့အပိုင်းအစသေးသေးလေးတွေကလည်း ဒီထဲမှာ ပါလာနိုင်ပါတယ် ...
အဲဒီလိုပဲ လွမ်းရိပ်ငွေ့က ဇာတ်ကောင်တွေလည်း တခြားဇာတ်လမ်းတစ်ပုဒ်မှာ ဖြတ်လျှောက်အနေနဲ့ ပြန်ပါနိုင်ပါတယ် ...
ဒါက ကိုယ် အခုသွားနေတဲ့ ဇာတ်လမ်းပုံစံသဘောတရားလေးကို ရှင်းပြပေးတာပါ 😁
လရောင်တို့အတွဲက လွမ်းရိပ်ငွေ့ထဲမှာ အရိပ်လောက်ပဲ ပါမှာပါ ... သူတို့အတွက် ဇာတ်လမ်းသက်သက်ရှိပါတယ် ... ( အဲဒီဇာတ်လမ်းက ပျော်စရာကောင်းပါတယ် 🤗 ဟာသလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ပေါ့ အဟင်း ယုံတယ်မလားဟင် 😝 )
အချိန်ကတော့ ကြာမှာပါ ... ဒါပေမဲ့ သပ်သပ်စီဖတ်လည်း ဖတ်လို့ရအောင် ရေးပေးမှာမို့ စိတ်မပူနဲ့နော် ...
ကိုယ်က တစ်နှစ်ကို တစ်ပုဒ်နှုန်းနဲ့ ဖြည်းဖြည်းပဲ သွားမှာမို့ ရှင်လေးတို့လည်း ဖြည်းဖြည်းပဲ လိုက်ခဲ့ကြပါ ... ( ကိုယ်က စာရေးကြာတယ်ရယ် )
အခုတော့ ဒီပထမဆုံးတစ်ပုဒ်ကို အရင်ပြီးအောင် အဆုံးသတ်လိုက်ဦးမယ်နော် 🤭 ...
1:55 P.M
29.5.2021 ( Saturday )