"ကလေးတစ်ယောက်မွေးတာက အရမ်းခက်ခဲပင်ပန်းတဲ့ကိစ္စတစ်ခုလေ.. ဒီအရာတွေ အားလုံးကို မင်းနားမှာ မိသားစုဝင်တွေ တစ်ယောက်မှမရှိပဲနဲ့ မင်းတစ်ယောက်တည်း လုပ်ခဲ့ရတာ.. တကယ်လို့ ငါ သိခဲ့လို့ရှိရင် မင်းအနားကနေ ငါ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး Pol"
"အမှန်အတိုင်းပြောရရင် ကျွန်မလဲ နည်းနည်းတော့ ကြောက်ခဲ့မိတယ် အရှင်"
သူ့ကို အားတက်သရော ခေါင်းငြိမ့်ပြလာတဲ့ Poliana ကို Lucius က ချစ်ခင်နှစ်သက်စွာနဲ့ ကြည့်နေသည်. ဒီလိုအချိန်မျိုးမှာ Poliana နဲ့ ဧကရာဇ်က လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်နေသည်. Poliana က ဧကရာဇ်အရှေ့မှာ သူမစိတ်တိုင်းကျ ပြုမူနေနိုင်သည်. တခြားသူတွေကို ဖွင့်ဟပြောလို့မရတဲ့ အရာတွေကို သူ့ကို ပြောပြနိုင်သည်.
Poliana က စိတ်ပူပင်နေခဲ့ပြီး အခု Lucius က သူတို့ရဲ့အခြေအနေကို နားလည်ပေးတာကို မြင်လိုက်ရတော့ သူမက စိတ်သက်သာရာရသွားသည်. အရမ်းစိတ်ပူခဲ့မိတဲ့အတွက် အနည်းငယ်ရီစရာကောင်းနေတယ်လို့တောင် ခံစားလိုက်ရသည်. သူမက အစတည်းက သူ့ကို အားလုံးပြောပြခဲ့သင့်တာ..
အခု သူတို့ဆီမှာ ကလေးတစ်ယောက်ရှိလာပြီဖြစ်တာကြောင့် သူတို့က လက်ထပ်ရတော့မှာဖြစ်ပေမဲ့ Poliana က ဧကရာဇ်ရဲ့ ဇနီး မဖြစ်ချင်ပေ.. Lucius ကလဲ သူမကို ဇနီးတစ်ယောက်အဖြစ် မလိုအပ်လောက်ဘူးလို့ ထင်လိုက်သည်. သူတို့နှစ်ယောက်လုံးက သေချာစဉ်းစားလိုက်ရင် အဖြေတစ်ခုရကောင်းရလာနိုင်သည်. တကယ်လို့ အဖြေမရခဲ့ရင်တော့ သူတို့က လက်ထပ်လိုက်ဖို့ လိုနေသည်. သူမသိထားတဲ့ ဧကရာဇ်က သူမကို လေးစားပြီးတော့ သူမကို ကူညီဖို့ အစီအစဉ်ရှိလောက်သည်.
"ဟီးဟီးဟီး"
Poliana က ရယ်လိုက်တော့ ဧကရာဇ်က ပြုံးမိသွားသည်. သူက အခန်းထဲကို ဝေ့ဝိုက်ကြည့်ကာ နွေးထွေးတဲ့ မီးလင်းဖိုတစ်ခုနဲ့ အဲ့အရှေ့မှာ ထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်သည်. သူချစ်တဲ့ အမျိုးသမီး. သူမရဲ့ မျက်ကွင်းညိုတွေက ကြောက်စရာကောင်းနေပြီး သူမရဲ့အသားအရေတွေက ကြမ်းတမ်းနေပေမဲ့ သူမပါးပြင်တွေမှာ ရှက်သွေးဖြာနေကာ သူမရဲ့ မျက်ဝန်းတွေကတော့ တောက်ပလျက်ရှိနေသည်. သူနဲ့တူတဲ့ကလေးကလဲ အနီးနားက ပုခက်ထဲမှာ နှစ်ခြိုက်စွာနဲ့ အိပ်ပျော်နေကာ အခန်းထဲမှာ နွေးထွေးငြိမ်းချမ်းမှုတွေနဲ့ ဖုံးလွှမ်းနေသည်. သူ့မျက်လုံးတွေကို မှိတ်လိုက်တော့ ချိုမြတဲ့မွှေးရနံ့တွေက သူ့ကို နှုတ်ဆက်လာသည်. မွေးကင်းစကလေးတစ်ယောက်နဲ့ သင်းပျံ့တဲ့ နို့အနံ့.. ဧကရာဇ်က Poliana ဆီကနေလဲ သူ့ရဲ့အငွေ့အသက်တွေကို ခံစားလို့ရနေသည်.
'ဒီခံစားချက်က... အဲ့အချိန်ကို အမှတ်ရစေတာပဲ'
အဲ့နေ့က တောင်စွန်းအငူလေးမှာ လှပတဲ့နေဝင်ဆည်းဆာနဲ့ လိုက်ဖက်နေခဲ့တဲ့ Poliana ရဲ့ ရှက်သွေးဖြာနေတဲ့ ပါးပြင်တွေကို သူ အမှတ်ရလိုက်သည်. သူမရဲ့အပြုံးကလဲ အဲ့နေ့က သူမပြုံးခဲ့တာနဲ့ သွားတူနေသည်.. Lucius က သူ့အိတ်ကပ်ထဲမှာရှိနေတဲ့ သူ့အမေရဲ့လက်စွပ်ကို ဆုပ်ကိုင်လိုက်သည်. သူက ဒီ့ထက်ပိုပြီး စိတ်မရှည်နိုင်တော့ပေ.
"Pol, ငါ မင်းကို ပြောစရာရှိတယ်"
ဧကရာဇ်က Poliana ကို ပိုးပန်းမဲ့ကိစ္စကို လက်လျော့ဖို့ ဆုံးဖြတ်လိုက်သည်. အခု သူတို့ဆီမှာ ကလေးတစ်ယောက်ရှိနေပြီ. ဒီကလေးက သားတစ်ယောက်ဖြစ်သည်. ဒီကလေးက ဧကရာဇ်ရဲ့ သားဦးဖြစ်သည်. ကလေးကို တရားမဝင်ကလေးတစ်ယောက်အဖြစ် ဆက်မထားချင်တာကြောင့် သူက Poliana ကို လက်ထပ်လိုက်ဖို့ လိုနေသည်. သူမကို လက်ထပ်နိုင်ဖို့အတွက် လက်ထပ်ခွင့်တောင်းရမှာဖြစ်ပြီး လက်ထပ်ခွင့်မတောင်းခင်မှာ သူမနဲ့ပတ်သက်ပြီးတော့ သူ့ခံစားချက်တွေကို အရင်ပြောပြဖို့ လိုနေသည်.
Lucius က ကလေးကြောင့် သူမကို လက်ထပ်တာမဟုတ်တဲ့အကြောင်းကို Poliana ကို သိစေချင်နေသည်. သူက လိုအပ်လို့ လက်ထပ်တာမဟုတ်ပဲ လက်ထပ်ချင်လို့သာ လက်ထပ်တာ ဖြစ်ကြောင်း ပြောပြချင်သည်. ဧကရာဇ်က သူမကို ချစ်မိနေတာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်းကို ပြောပြချင်နေသည်.
သူတို့ပထမဆုံးတွေ့ခဲ့ပြီး သိပ်မကြာခင်မှာပဲ ဧကရာဇ်က Poliana ကို သဘောကျခဲ့တာဖြစ်သည်. သူ့ရဲ့ လေးနက်တဲ့ခံစားချက်တွေက တောင်ပိုင်းဒေသရဲ့ အငူစွန်းမှာ ရပ်တန့်မိခဲ့တဲ့ အခိုက်အတန့်မှာ ပြောင်းလဲသွားခဲ့သည်. အဲ့အချိန်တုန်းက သူ့နှလုံးသားက ထူးဆန်းစွာနဲ့ ခုန်ပေါက်လာခဲ့ပြီး သူ့ဦးနှောက်ထဲမှာလဲ လိုအပ်တပ်မက်မှုတွေနဲ့ ငြင်းခုန်နေခဲ့ရသည်. အခုတော့ ဧကရာဇ်က သူ့စစ်သည်အပေါ် နှစ်သက်စွဲလန်းနေခဲ့မိတာတွေကို ဖွင့်ဟဝန်ခံနိုင်ခဲ့ပြီ..
"Pol, တောင်စွန်းအငူမှာ မင်းကို မြင်လိုက်ရတဲ့ နေ့တုန်းက..."
Poliana က မရည်ရွယ်ပဲနဲ့ Lucius က သူမကို ချစ်မိသွားစေခဲ့သည်. ဒီအခြေအနေရဲ့ ရက်စက်တဲ့အပိုင်းကတော့ ဧကရာဇ်က တိတ်တဆိတ်နာကျင်ခံစားနေခဲ့ရချိန်မှာ Poliana က ဘာမှ မသိခဲ့ဘူးဆိုတဲ့အချက် ဖြစ်နေသည်.
"မင်းနဲ့ပတ်သက်ပြီးခံစားနေခဲ့ရတာတွေက အချစ်ကြောင့်ဆိုတာကို ငါသိခဲ့ရတယ်. ဒီအချက်ကို ဖုံးကွယ်ဖို့ ငြင်းဆန်ဖို့ ငါကြိုးစားခဲ့တယ်. ဒါပေမဲ့ ငါမင်းကို ချစ်မိနေတယ်ဆိုတဲ့အချက်ကတော့ မပြောင်းသွားခဲ့ဘူး Pol"
သူမက သူ့ကို ငြင်းဆန်ကောင်းငြင်းဆန်လိမ့်မယ်ဆိုတာကို သူသိနေသည်. ဘာပဲဖြစ်ဖြစ် သူတို့က လက်ထပ်ဖို့လိုနေပြီး Lucius က သူတို့နှစ်ဦးနှစ်ဖက်လုံးမှာ ခံစားချက်တွေရှိနေဖို့ မျှော်လင့်နေသည်. ဧကရာဇ်က သူ့စိတ်ထဲမှာ သူ့ရဲ့အနာဂါတ်ကို ပုံဖော်ကြည့်လိုက်သည်. သူနဲ့တူတဲ့ သားတစ်ယောက်. သူ့နှလုံးသားတစ်ခုလုံးပုံအပ်ကာ ချစ်ရတဲ့ ဇနီး.. သူက ဒီတိုင်းပြည်တစ်ခုလုံးမှာ ကံအကောင်းဆုံးလူသားဖြစ်လာတော့မှာ ဖြစ်သည်. သူက ဒီလိုပျော်ရွှင်မှုမျိုးကို ခံစားရလိမ့်မယ်လို့ မထင်ခဲ့မိပေမဲ့ အခုတော့ သူ့ရဲ့မဖြစ်နိုင်တဲ့အိပ်မက်က လက်တွေ့အကောင်အထည်ပေါ်လာတော့မှာ ဖြစ်သည်.
အဲ့တာက အရမ်းနီးစပ်နေပြီ...
"ငါ.. ငါ မင်းကို ချစ်မိနေခဲ့တာ ကြာပြီ"
ဧကရာဇ်က Poliana ရှေ့မှာ ဒူးတစ်ဖက်ထောက်လိုက်သည်. သူက လင်းလက်တောက်ပနေတဲ့ လက်စွပ်ကို ယူလိုက်သည်. ဒီပိုင်ရှင်မဲ့နေတဲ့လက်စွပ်က သူ့ရဲ့ သခင်မအသစ်နဲ့ တွေ့ရတော့မှာ ဖြစ်သည်. သူမလက်တွေဆီကို မရောက်ခင်မှာပဲ စိတ်လှုပ်ရှားနေကာ ရှက်ရွံ့စွာနဲ့ ခေါင်းငုံ့နေခဲ့တဲ့ Lucius က မော့ကြည့်လိုက်သည်.
Poliana ရဲ့ မျက်နှာကို မြင်လိုက်ရတော့ သူ့အပြုံးတွေက ပျောက်ကွယ်သွားသည်.
သူမမျက်နှာက ရေခဲတမျှအေးစက်နေပြီး ဒီတိုင်းပြည်ရဲ့ အကောင်းဆုံးသတို့သားလောင်းဆီနေ လက်ထပ်ခွင့်တောင်းခံရလို့ ပျော်နေတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လုံးဝမတူပေ.
နူးညံ့နေတဲ့အပြုံးနဲ့ ရှက်သွေးဖြာနေတဲ့ ပါးပြင်က ပျောက်ကွယ်သွားသည်. အဲ့အစား သူမ မျက်နှာမှာ အံ့ဩတုန်လှုပ်မှု, သစ္စာဖောက်ခံရမှုနဲ့ မုန်းတီးမှုတွေနဲ့တောင် ပြည့်နှက်နေသည်. သူမရဲ့မျက်ဝန်းတွေမှာ မျက်ရည်တွေပြည့်လာသည်. Lucius က တုန်လှုပ်နေတဲ့ သူမလက်တွေကို ဆုပ်ကိုင်လိုက်သည်.
"အရှင်..."
Poliana က သူမစကားကို ဆုံးအောင်မပြောနိုင်တော့ပဲ သူမ နှုတ်ခမ်းတွေကို ကိုက်လိုက်သည်. သူမကို အခုလိုလက်ထပ်ခွင့်တောင်းလိုက်မိတာက မှားယွင်းတဲ့ရွေးချယ်မှုတစ်ခု ဖြစ်သွားခဲ့တယ်ဆိုတာကို Lucius က ချက်ချင်းသိလိုက်သည်. Poliana က ဆက်ပြောလာသည်.
"အရှင်... ကျွန်မရဲ့ အရှင်သခင်... ဒီနယ်မြေနဲ့ Acreia ရဲ့ ဧကရာဇ်.. ဒီစကားကို ကြားလိုက်ရလို့ အရှင် ထိတ်လန့်သွားနိုင်ပေမဲ့ ကျွန်မ ဘဝတစ်လျှောက်လုံးမှာလေ.. မိန်းမတစ်ယောက်အဖြစ် မွေးဖွားလာခဲ့မိတဲ့အတွက် တစ်ခါမှ နောင်တမရခဲ့ဖူးဘူး. ကျွန်မရဲ့ အထက်လူကြီးက ကျွန်မကို အဓမ္မကျင့်ခဲ့တုန်းကတောင်.. ကျွန်မက သန်မာမှုမရှိလို့ စစ်ပွဲအတွင်းမှာ သေတော့မလို ဖြစ်ခဲ့တုန်းကတောင်.. ကျွန်မက မိန်းမတစ်ယောက်ဖြစ်နေလို့ ရိုက်နှက်ခံခဲ့ရတုန်းကတောင်.. ကျွန်မအဖမ်းခံရပြီး အနိုင်ကျင့်ခံရတာ, လစ်လျှူရှုခံခဲ့ရတာ. အဆိပ်ခပ်ခံခဲ့ရတာ, မုန်းတီးခံခဲ့ရတာ ပြီးတော့ ကျွန်မရဲ့ လိင်အမျိုးအစားကြောင့် တိုက်ခိုက်ခံခဲ့ရတုန်းကတောင်.အဲ့လိုအချိန်တွေတုန်းကတောင်. ကျွန်မက မိန်းမတစ်ယောက်ဖြစ်နေခဲ့မိတာကို မမုန်းတီးခဲ့မိဘူးအရှင်.. ဒါတွေအားလုံးက စစ်ဖြစ်နေလို့လို့ ကျွန်မထင်ခဲ့မိတာလဲ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့လေ. လူတိုင်းက အဲ့လိုတွေ့ကြုံနေရတာပဲလို့ ကျွန်မထင်ခဲ့မိတာလဲ ဖြစ်နိုင်တာပေါ့.. ကျွန်မက ဒီလိုပုံစံနဲ့ပဲ ဆက်ဆံခံနေခဲ့ရတာကို အသားကျသွားခဲ့လို့ ဒီ့ထက်ပိုကောင်းတာတွေကို မသိတော့တာလဲ ဖြစ်နိုင်တာပဲ.."
သူမတကိုယ်လုံးက အနည်းငယ်တုန်ယင်နေပေမဲ့ Poliana က ဆက်ပြောလိုက်သည်.
"ကျွန်မက မိန်းမတစ်ယောက်ဖြစ်နေခဲ့တာကို ဘယ်တုန်းကမှ မနာကျည်းခဲ့ဖူးပေမဲ့ အခုတော့.. အရှင်က ကျွန်မကို ဒီလိုခံစားမိအောင် လုပ်နေတယ်.. အရှင်က ကျွန်မရဲ့ သခင်, ကျွန်မရဲ့ကယ်တင်ရှင်.. ကျွန်မကို ဓါးတစ်ချောင်းပေးခဲ့တဲ့အရှင်က ကျွန်မက မိန်းမတစ်ယောက်အဖြစ် မွေးလာခဲ့တာကို မုန်းတီးသွားအောင် လုပ်နေတာ. အရှင်က ကျွန်မကို ပထမဆုံးအသိအမှတ်ပြုပြီးလက်ခံပေးခဲ့တာ အရှင့်နောက်ကို လိုက်ပါခွင့်ပြုခဲ့တာ. အရှင်က ကျွန်မကို စစ်မှန်တဲ့ စစ်သည်တစ်ယောက်ဖြစ်အောင် လုပ်ပေးခဲ့တာ."
သူမမျက်ဝန်းထဲမှာ မျက်ရည်တွေပြည့်နေပေမဲ့ Poliana က မငိုလာခဲ့ပေ. သူမက သူမရှေ့မှာ ရှိနေတဲ့ ဧကရာဇ်ကို စိုက်ကြည့်နေသည်. ဒီတိုင်းပြည်ရဲ့ အလှပဆုံးအမျိုးသား.. သူမ ဘယ်တော့မှ မပိုင်ဆိုင်နိုင်တဲ့ အမျိုးသား...
ဒီအမျိုးသားက သူမကို ချစ်မိနေတယ်လို့ ဝန်ခံနေပေမဲ့ Poliana က နည်းနည်းလေးမှ မပျော်နိုင်ပေ.. အဲ့အစား သူမက ဝမ်းနည်းမိသလို ခံစားနေရသည်.
ဒီတိုင်းပြည်တစ်ခုလုံးရဲ့ဧကရာဇ် Lucius က သူမရဲ့အရှင်သခင်နဲ့ သူမရဲ့အရာအားလုံးဖြစ်သည်. Poliana က သူ့အတွက် ဝမ်းမြောက်စွာနဲ့ သေပေးနိုင်သည်. သူ့အတွက် ဘာမဆိုလုပ်ပေးနိုင်ပေမဲ့ ဒီအခိုက်အတန့်မှာတော့ Poliana က သူ့ကို အပြစ်တင်နေသည်.
"တကယ်လို့ တောင်စွန်းမှာ အရှင့်နောက်မှာ ရပ်နေခဲ့တဲ့သူက ယောက်ျားတစ်ယောက်ဖြစ်ခဲ့ရင်.. တကယ်လို့ အရှင့်နောက်ကို အရိပ်လိုလိုက်ပြီးတော့ ကာကွယ်ပေးခဲ့တဲ့သူက ယောက်ျားတစ်ယောက်ဖြစ်ခဲ့ရင်. တကယ်လို့ ကျွန်မက ယောက်ျားတစ်ယောက်ဖြစ်ခဲ့ရင်ရော အရှင်က ကျွန်မကို ဒီလိုချစ်မိသွားမှာပဲလား? တကယ်လို့ အရှင့်နောက်မှာ ရပ်နေခဲ့တဲ့ကျွန်မက ယောက်ျားတစ်ယောက်ဆိုရင် အဲ့တုန်းက ကမ္ဘာကြီးကို သိမ်းပိုက်နိုင်ခဲ့လို့ အရှင်ခံစားခဲ့ရတဲ့ စိတ်လှုပ်ရှားမှုကို 'အချစ်'လို့ ဘာသာပြန်ဦးမှာပဲလား အရှင်?"