ရင်ထဲမှာ ထိန်းမရအောင် ဒေါသလှိုင်းထန်နေသည်။
သူ သဝန်တိုနေမှန်း သိရက်နဲ့ ... ။
သူ သဘောမကျဘူးဆိုတာကို သိရက်နဲ့ ... ။
လုပ်ချင်ရာ လုပ်သွားပြီးတော့မှ သူ့မျက်စိရှေ့မှောက်ကနေ ဒီလိုရှောင်ထွက်လို့ရမလား။ ဒေါသအရှိန်အဟုန်ကြောင့် ခြေလှမ်းများက အလိုလိုမြန်ဆန်နေသည်။
အဆင့်မြင့်စားသောက်ဆိုင်၏သီးခြားတစ်နေရာတွင်ရှိသော အမျိုးသားသန့်စင်ခန်းဟု ရေးထားသည့်အဆောက်အဦးထဲ ဝင်ဝင်ချင်း ဘေစင်မှာ လက်ဆေးနေသည့် ကိုမြတ်သူကို တွေ့လိုက်ရသဖြင့် အနားကို လျှောက်သွားလိုက်ကာ
“ ကိုမြတ်သူ ... ကိုကိုရော ... ”
ထိုအခါ ကိုမြတ်သူက အိမ်သာခန်းတစ်ခုကို ညွှန်ပြလာသည်။
“ သူ ခုနလေးတင် ဝင်သွားတာ ”
ကိုမြတ်သူ ညွှန်ပြလာသည့် ထိုနေရာကို ဈာန်ရောင်ခ အေးစက်စက်စိုက်ကြည့်ရင်း
“ ကျွန်တော် ကိုကို့ကို စောင့်ပေးလိုက်မယ် ... ကိုမြတ်သူ အရင်ပြန်ချင် ပြန်နှင့်လေ ”
သူ့စကားကြောင့် ကိုမြတ်သူက သူ့ကို ထူးဆန်းသလို တစ်ချက်လှည့်ကြည့်လာသည်။ အဲဒီနောက် ဘာတစ်ခွန်းမှ ထပ်မမေးတော့ဘဲ သန့်စင်ခန်းထဲကနေ ထွက်သွားလေသည်။
ဈာန်ရောင်ခကတော့ ရင်ထဲမှာ ဖွဲ့သီလာသည့် မကျေနပ်မှုများစွာကို ဆုပ်ကိုင်ရင်း တစ်စုံတစ်ယောက်ကို စောင့်မျှော်နေလျက်ရှိသည်။
“ မြတ်သူ ”
လေးဆက် မြတ်သူနာမည်ကို ခေါ်ရင်း အိမ်သာတံခါးကို ဖွင့်လိုက်ချိန်မှာ
“ အာ့ ! ဘယ်သူ ... ”
လူတစ်ယောက်က သူ့ရင်ဘတ်ကို အိမ်သာနံရံဘက် ပြန်တွန်းထုတ်လိုက်ကာ တံခါးဂျက်ချလိုက်လေသည်။ အစက ထိုလူက ဘယ်သူမှန်း သိပ်မသဲကွဲသော်လည်း သေချာပြန်ကြည့်မိတော့မှ အံ့ဩသွားရသည်။
“ ဈာန် ... မင်း ဘာလုပ် ... အွန့် ! ”
ရုတ်တရက် ပူနွေးစွာ ငုံထွေးခံလိုက်ရသည့် သူ့နှုတ်ခမ်းလွှာများ ... ။
လျှပ်တပြက်ဆန်သော အနမ်းများကြောင့် သူ အရမ်းအံ့အားသင့်သွားကာ ကျောက်ရုပ်တစ်ရုပ်လို မလှုပ်မရှက်ရပ်နေမိသည်။
သူအပါအဝင် ကမ္ဘာပေါ်ရှိ အရာအားလုံး ခေတ္တခဏရပ်တန့်သွားသလိုမျိုး ... ။
သူ့နှုတ်ခမ်းလွှာထက်မှ အနမ်းများကတော့ မိုးသည်းထန်နေသကဲ့သို့ အဆက်မပြတ်ရွာသွန်းနေလျက်ရှိသည်။
“ ကိုကို ”
နမ်းရှိုက်နေသည်ကို ခဏရပ်ပေးလိုက်ကာ ကိုကို့ကို ခေါ်လိုက်တော့ ကိုကိုက သူ့ကို မော့ကြည့်လာသည်။ ခုနက သူ့အနမ်းများကြောင့် ကိုကို့နှုတ်ခမ်းလေးက ရဲသွေးစိုနေပြီး အနည်းငယ်တုန်ယင်နေလျက်ရှိသည်။
မျက်ဝန်းလေးတွေ ဝိုင်းစက်နေကာ ခုနက ဘာတွေဖြစ်သွားတာလဲဆိုတာကို တွေးတောမရနိုင်အောင်ဖြစ်နေရှာသည့် ကိုကို့မျက်နှာလေးကို ကြည့်နေရင်း စိတ်မထိန်းနိုင်တော့ဘဲ သူ့နှုတ်ခမ်းအစုံက ကိုကို့ရဲ့နုအိနီထွေးနေသည့် နှုတ်ခမ်းလွှာများပေါ် နောက်တဖန်ကျရောက်သွားပြန်သည်။
ကိုကို့ရဲ့နှုတ်ခမ်းသားအိစက်စက်လေးကို ငုံယူကိုက်ခဲရင်း ကိုကို လုပ်ခဲ့သည့်အပြစ်တွေအတွက် ဒဏ်ပေးနေလိုက်သည်။
ခဏကြာတော့မှ ကိုကိုက အသိပြန်ဝင်လာဟန်ဖြင့်
“ ဈာန် ! မင်း ... မင်း ... ငါ့ကို လွှတ် ... ”
သူ့ရင်ဘတ်ကို အတင်းထုရိုက်တွန်းဖယ်နေသောကြောင့် သူလည်း စိတ်မရှည်တော့ဘဲ ကိုကို့ရဲ့လက်နှစ်ဖက်ကို သူ့လက်တစ်ခုတည်းဖြင့် ဆုပ်ကိုင်ထားကာ အပေါ်မြှောက်တင်လိုက်သည်။
“ ဈာန် ! မင်း ! ”
တားဆီးစရာလက်တွေကလည်း ထိန်းချုပ်ခံလိုက်ရသည့်အပြင် အနမ်းများနှင့်ပါ ထပ်မံနှောင့်ယှက်ခံနေရသောကြောင့် ပြောချင်နေသည့်စကားလုံးများက ရပ်တန့်သွားရသည်။
အခုထိ စိတ်တိုင်းကျနမ်းရှိုက်နေသော ဈာန့်ကြောင့် သူ ပိုထိတ်လန့်လာသည်။ တတ်နိုင်သမျှ ရုန်းကန်နေသော်လည်း သန်မာလှသော ဈာန့်အနမ်းများမှ ရုန်းထွက်နိုင်ကိန်းမမြင်။
အချိန်ကြာလာသည်နှင့်အမျှ အနမ်းများက ပို၍နက်ရှိုင်းလာသည်။ ပင်လယ်သမုဒ္ဒရာရေအောက်ရောက်နေသလို နင့်နင့်သည်းသည်း ... ။
ရင်ခုန်သံတွေကလည်း စကားနားမထောင်ဘဲ ဝုန်းဒိုင်းကြဲနေသည်။ သိပ်သည်းလွန်းလှသည့် အနမ်းကြမ်းများကြောင့် အသက်ရှူမဝဖြစ်ကာ သူ့မျက်နှာလေးက ခရမ်းချဉ်သီးလေးလို နီရဲလာသည်။
ဈာန်က နမ်းနေရင်းတောင်မှ အကြည့်ချင်းဆုံအောင် မရမကစိုက်ကြည့်လာသည်။ အတင်းအကြပ်အနမ်းခံနေသဖြင့် မျက်နှာမဖော်ဝံ့ဖြစ်နေစဉ် ဈာန့်အကြည့်စူးစူးများက လူကို ပို၍ အရှက်ရစေသည်။
ထို့ကြောင့် သူ့ရှေ့က အနှီလူသားနှင့် ထိပ်တိုက်မဆုံမိစေရန်အလို့ငှာ မျက်လွှာမှိတ်ချထားလိုက်သည်။
အဲဒီနောက်မှာတော့ အနမ်းတွေက တဖြည်းဖြည်း သူ့ရဲ့လည်တိုင်ပေါ် ကျူးကျော်နယ်ချဲ့လာသည်။ ဈာန်က သူ့လည်ပင်းအနှံ့ စုပ်နမ်းနေပြီး အနမ်းရာဗလပွဖြစ်အောင်လုပ်နေသည်ကို ရိပ်မိလိုက်သဖြင့် လေးဆက် အတင်းရုန်းကန်လိုက်သော်ငြား ဈာန်က လုံးဝလွှတ်မပေးခဲ့ပေ။
“ ဈာန် ! မင်း ငါ့ကို လွှတ်ပေးစမ်း ! ”
သူ့အသံက နည်းနည်းမာထန်သွားသည်။ ထိုအခါ ဈာန်က သူ့နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ တိတ်တိတ်နေရန် အချက်ပြလာသည်။
“ ရှူး ! ကိုကို တိုးတိုးနေလေ ... အိမ်သာထဲမှာ ယောကျာ်းလေးနှစ်ယောက် နမ်းနေကြတာကို ကိုကိုက လူအများသိအောင် ပြောပြချင်နေတာလား ”
“ ဈာန် ! မင်း ! ”
ဈာန့်အပြောကြောင့် လူက ပိုဒေါသထွက်လာရသည်။ လွတ်မြောက်ရာရှာတွေ့သွားသည့် လက်အစုံက ဈာန့်ရင်ဘတ်ကျယ်ကို တွန်းကန်နေလျက် ... ။
“ ကိုကို ”
ကိုကို့ကို မေးစေ့မှ ဆွဲကိုင်ကာ မော့ယူလိုက်တော့ ရဲတွတ်နေသည့် နှုတ်ခမ်းလွှာအစုံက သူ့မြင်ကွင်းရှေ့မှာ အဆင်သင့်ခစားလျက်သား။ ကိုကိုကလည်း အကြည့်တွေ ဘယ်ကို ရောက်နေလဲဆိုတာကို ရိပ်မိနေသည့်ပုံနှင့် ဟန့်တားလာသည်။
“ မင်းနော် ... ”
ဈာန့်မျက်နှာထက်မှာ မထိတထိအပြုံးများက နေရာယူထားလျက်ရှိသည်။ ထိုအပြုံးများ၏အဓိပ္ပာယ်ကို နားလည်နေသည့် သူ့အဖို့တော့ ရင်ထဲမှာ တဒိတ်ဒိတ်နှင့် တုန်လှုပ်နေမိသည်။ သူ့အတွက် လွတ်လမ်းမရှိတော့။
သူ့အတွေးက မှန်ကန်ကြောင်းကို ထပ်မံငုံထွေးစုပ်ယူခံလိုက်ရသည့် သူ့နှုတ်ခမ်းလွှာများက သက်သေပြပေးနေသည်။
ဒီတစ်ခေါက်က ခုနကလောက် သိပ်မကြမ်းတမ်းတော့ဘဲ ထိတယ်ဆိုရုံ ခပ်ဖွဖွလေးနမ်းရှိုက်နေခြင်းသာဖြစ်သည်။ နှုတ်ခမ်းသားနှစ်လွှာ၏ပေါင်းစပ်မှုက နူးညံ့သိမ်မွေ့ခြင်းအပြည့် ... ။
သူ ကျေနပ်သည်အထိ စိတ်တိုင်းကျနမ်းရှိုက်ပြီးတော့မှ ဈာန်က လေးဆက်ကို လွှတ်ပေးလာသည်။ အခွင့်အရေးကို အဆုံးရှုံးမခံနိုင်သည့် လေးဆက်ကလည်း တံခါးဂျက်ကို အမြန်ဖွင့်ကာ ထွက်ပြေးရန် ကြံသည်။
ထိုအခါ အင်မတန်လက်လျင်သည့် ဈာန်က လေးဆက်ရဲ့ခါးကို လက်နှစ်ဖက်နှင့် ကြုံးဖက်လိုက်ပြီး ကျောပြင်ကို နောက်တစ်ကြိမ် နံရံနဲ့ ဖိကပ်လိုက်လေသည်။
“ ဒါက ဘယ်ကို ထွက်ပြေးမလို့လဲ ”
“ ဈာန် ! ”
“ ကျွန်တော့်ကို စိတ်ဆိုးနေတာလား ကိုကို ”
လေးဆက် ပြန်မဖြေ။ ဒီကလေးရဲ့မျက်နှာကို ကြည့်ဖို့ ရှက်လွန်းလို့ လည်ပင်းကို စောင်းထားတာတောင်မှ ဈာန်က အကြည့်ချင်းဆုံအောင် အတင်းလိုက်ကြည့်ပြီး လူကို မရမက အသားယူနေသည်။
“ ကိုကို ကျွန်တော့်ကို ကြည့်ပါဦး ”
ဈာန်ရောင်ခကလည်း သူ့ကို မကြည့်ချင်လို့ လည်ပင်းလိမ်နေအောင် တစ်ဖက်ကို ခေါင်းစောင်းထားသည့် ကိုကို့ကို ကြည့်ကာ အသည်းယားလာသဖြင့် ကိုကို့ရဲ့နီရဲတွတ်နေသောပါးပြင်အိအိလေးကို သူ့နှာခေါင်း နစ်ဝင်သည့်အထိ တစ်ဝကြီးနမ်းရှိုက်ပစ်လိုက်သည်။
ထိုအခါကျမှ ကိုကိုက သူ့ကို အံ့ဩတကြီး လှည့်ကြည့်လာကာ
“ ဈာန် မင်း ဘာဖြစ်လို့ ငါ့ကို လိုက်နမ်းနေတာလဲ ”
“ ကိုကိုက ကျွန်တော်ကို စိတ်ဆိုးနေတာလား ”
“ အစက စိတ်မဆိုးဘူး ... အခုတော့ တကယ်စိတ်ဆိုးတယ် ”
“ ဒါဆို အခု ကိုကိုက ကျွန်တော့်ကို တကယ်ကြီးစိတ်ဆိုးသွားတာပေါ့ ”
“ အေး ... စိတ်ဆိုးတယ် ... သွား ... မင်း ငါနဲ့ လာမပတ်သတ်နဲ့တော့ ”
လေးဆက် ပြောပြီးပြီးချင်းမှာပဲ သူ့နှုတ်ခမ်းလွှာပေါ် အနမ်းတစ်ပွင့်က ထပ်မံကျရောက်လာသည်။ ထိုအနမ်းကြောင့် သူ့မျက်ဝန်းလှလှလေးတွေ ပြူးကျယ်လာကာ
“ ဈာန် ! မင်း ရူးနေတာလား ”
“ ကိုကိုက စိတ်ဆိုးနေတော့ ကျွန်တော်ကလည်း အနမ်းတွေနဲ့ ကိုကို စိတ်ဆိုးပြေအောင် လုပ်ပေးနေတာလေ ”
“ ဈာန် ! ငါ မင်းကို တကယ်ဒေါသထွက်လာပြီ ”
“ ဟုတ်လား ”
ပြောရင်းဆိုရင်း ငုံ့ကျလာသည့်မျက်နှာတစ်ခုကို မရှောင်တိမ်းနိုင်ဘဲ သူ့နှုတ်ခမ်းထက်မှာ အနမ်းရာတစ်ခုကို တံဆိပ်ခတ်နှိပ်ခြင်းခံလိုက်ရသည်။
“ ဈာန် ! မင်း ! မင်း ဘာဖြစ်ချင်နေတာလဲ ”
လေးဆက်လည်း အနမ်းခံရလွန်းသဖြင့် နီရဲနေသည့် သူ့နှုတ်ခမ်းလေးကို လက်လေးဖြင့် အုပ်ကာထားရင်း ဒေါသဖြစ်ဖြစ်နှင့်ရန်တွေ့မိတော့ ဈာန်က ရယ်သည်။
“ ဟက် ! ဘာလဲ ... ကိုကိုက ကျွန်တော် ထပ်နမ်းမှာစိုးလို့ နှုတ်ခမ်းကို ကာထားတာလား ... ဒါနဲ့ ကိုကို သိအောင် ကျွန်တော် တစ်ခုပြောပြလိုက်ဦးမယ် ... ကျွန်တော် နမ်းလို့ရတာ ကိုကို့နှုတ်ခမ်းတစ်ခုတည်းမဟုတ်ဘူးနော် ... ကိုကို့တစ်ကိုယ်လုံးက ကျွန်တော့်အတွက်တော့ နမ်းချင်စရာတွေကြီးပဲ ... ဘယ်လိုလဲ ... စမ်းကြည့်ချင်သေးလား ကိုကို ... ကျွန်တော်ကတော့ အဆင်သင့်ပဲနော် ”
သူ့ရဲ့ရိတိတိစကားအဆုံးမှာတော့ ကိုကို့ရဲ့ကိုယ်လေး တုန်ခနဲဖြစ်သွားတာကို မြင်လိုက်ရသည်။
“ ကျွန်တော့်ကို စိတ်ဆိုးနေသေးလား ”
လေးဆက် နှုတ်ခမ်းကို လက်ဖြင့် ဖိပိတ်ထားရင်း ဘာမှပြန်မဖြေမိတော့ ပါးတစ်ဖက်က ခပ်ကြမ်းကြမ်းအနမ်းခံလိုက်ရသည်။
“ ထပ်မေးမယ် ... ကိုကို ကျွန်တော့်ကို စိတ်ဆိုးနေသေးလား ”
အသံမထွက်ဘဲ ခေါင်းခါမိတော့ နောက်ပါးပြင်တစ်ဖက်က ပူခနဲဖြစ်သွားသည်။ ပါးပြင်ထဲ နစ်ဝင်သွားသည့်အထိ အနမ်းခံလိုက်ရခြင်းဖြစ်သည်။
“ အသံထွက်ပြီးဖြေလေ ... ကိုကိုကလည်း ... ”
“ စိတ်မဆိုးတော့ဘူး ... မင်း ဖယ်ပေးတော့ ”
“ အင်း ... ကြည့်ရတာ သိပ်စိတ်မကြည်သေးတဲ့ပုံပဲ ဟုတ်တယ်မလား ”
အဲဒီနောက် လေးဆက်ရဲ့နဖူးပြင်ပြေပြေလေးက နွေးခနဲဖြစ်သွားပြန်သည်။ သူ့ရှေ့မှာ ရပ်နေသည့် မထိတထိမျက်နှာပေးနှင့် ကောင်လေးကို လေးဆက် အကြည့်စူးစူးလေးဖြင့် မော့ကြည့်လိုက်ရင်း
“ ငါ စိတ်မဆိုးတော့ဘူးလို့ ပြောနေတယ်လေ ဈာန် ... မင်း နမ်းနေတာ မပြီးတော့ဘူးလား ”
“ ကိုကို့ပုံစံက စိတ်ဆိုးပြေတဲ့ပုံပေါက်နေလို့လား ... ကိုယ့်အသံကိုယ် ပြန်နားထောင်ကြည့်လိုက်ဦး ”
ဒီတစ်ခေါက် အလှည့်ကျတာကတော့ သူ့ရဲ့မျက်ဝန်းလေးတွေဖြစ်သည်။ ရုတ်တရက် အနမ်းတွေက မျက်ဝန်းတွေရှိရာဘက်ဦးတည်လာတော့ လေးဆက်လည်း အလန့်တကြား မျက်စိစုံမှိတ်လိုက်မိသည်။
ထိုအခါ နွေးခနဲဖြစ်သွားသည့် ခံစားချက်နှင့်အတူ သူ့ရင်အစုံပါ လှိုက်ခုန်ရှိုက်မောလာခဲ့သည်။ ထိုအနွေးဓာတ်လေးက သူ့မျက်ခွံပေါ်မှာ အချိန်အတော်အတန်ကြာသည့်အထိ မင်းမူနေခဲ့သည်။
မျက်ခွံပေါ်က အနွေးဓာတ်လေးပျောက်ကွယ်သွားတော့မှ လေးဆက် မျက်ဝန်းတွေကို ပြန်ဖွင့်ကြည့်မိတော့ သူ့ကို ရီဝေဝေနှင့် စိုက်ကြည့်နေသည့် ဈာန့်ကို တွေ့လိုက်ရသည်။
အဲဒီနောက်မှာ ဈာန်က လေးဆက်ရဲ့တုန်ယင်နေသည့်ကိုယ်လုံးလေးကို သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းပွေ့ဖက်ထားလိုက်ရင်း
“ ကိုကို ”
သူ့ကို အသံတိုးတိုးလေးနှင့် ခေါ်သည်။
“ ကျွန်တော့်ကို ဘယ်တော့အဖြေပြန်ပေးမှာလဲ ... ကျွန်တော် ကိုကို့ကို အပိုင်လိုချင်နေပြီ ”
ဖြန်းခနဲ ရဲတက်လာသည့် ပါးပြင်တွေကို ဈာန် မမြင်နိုင်အောင် ဈာန့်ရင်ခွင်ကျယ်ကြီးထဲမှာ တိုးဝှေ့ရင်း မျက်နှာဝှက်ထားမိလိုက်သည်။
သို့ပေမဲ့လည်း နီရဲနေသည့် နားရွက်ဖျားလေးတွေကိုတော့ သူ မဖုံးကွယ်နိုင်ဘူးထင်ပါရဲ့။ ဖျတ်ခနဲအနမ်းခံလိုက်ရတဲ့ နားရွက်ဖျားလေးက ပိုပြီးတော့တောင် အရောင်ရင့်လာသလို ... ။
“ ကိုကို ကျွန်တော့်ကို ကြည့်ပါ ”
ပြောပြောဆိုဆိုနှင့် ဈာန်က သူ့ရင်ခွင်ထဲ ရောက်နေသည့် လေးဆက်ကို ပြန်ခွာပြီး အကြည့်ချင်းဆုံအောင် မျက်နှာလေးကို ဆွဲမော့လိုက်သည်။
အကြည့်ချင်းဆုံသွားသည့်အခိုက်အတန့် ဈာန့်ရဲ့စူးရဲနေသည့် အကြည့်များကြောင့် သူ့ခြေထောက်တွေ ခွေယိုင်လဲကျတော့မလိုဖြစ်သွားခဲ့သည်။ သူ့ခါးကို ပွေ့ဖက်ထားသည့်စျာန်ရှိနေခြင်းကြောင့်သာ ယိုင်လဲမကျသွားခြင်းဖြစ်သည်။
“ ကိုကို ကျွန်တော့်ကို ချစ်လား ”
အခုချိန်မှာ လေးဆက်တစ်ယောက် စိတ်ဆိုးနေတာတွေရော၊ ဒေါသထွက်နေတာတွေရော၊ ဘုကလန့်တိုက်ချင်နေတာတွေရော ဘယ်ဆီရောက်လို့ ပျောက်မှန်းမသိဖြစ်သွားခဲ့ရသည်။
အခုချိန်မှာ သူ သိတာတစ်ခုကတော့ အရမ်းရှက်နေခြင်းပင်။
ဒီကလေးဟာ ဘယ်လိုဖြစ်လို့ အိမ်သာထဲမှာ အတင်းအကြပ်အဖြေလာတောင်းနေရတာလဲ ...
တကယ်ပါပဲ ... ဆိုးလွန်းအားကြီးတယ် ...
“ ကိုကို တိတ်မနေနဲ့လေ ... ကျွန်တော်မေးတာကို ပြန်ဖြေပေးဦး ”
“ ဈာန် ... ငါ ... ”
“ ကိုကိုမဖြေရင် ကျွန်တော်ထပ်နမ်းမှာနော် ”
တဇွတ်ထိုးဆန်တတ်သည့် ဈာန့်အကြောင်းကို သိနေသောကြောင့် လေးဆက်လည်း ဈာန့်နှုတ်ခမ်းကို လက်လေးဖြင့် အသာကာလိုက်ပြီး
“ မနမ်း ... မနမ်းနဲ့တော့ ”
ရှက်ဝဲဝဲအသံလေးနှင့် ပြန်ဖြေနေသည့် ကိုကို့ကို ကြည့်ကာ ဈာန်ရောင်ခမှာ ပိုပြီးတော့ အသည်းယားလာရသည်။
“ ဒါဆိုရင် ကျွန်တော် မေးတာကို ဖြေလေ ”
“ ဈာန် ငါ ... ငါ နောက်မှအဖြေပြန်ပေးလို့မရဘူးလားဟင် ”
အမှန်ပြောရလျှင် သူ့အနေနဲ့ အခုချိန်မှာ ဈာန့်ကို အဖြေပြန်ပေးဖို့ အဆင့်သင့်ဖြစ်နေပေမဲ့လည်း လက်ရှိရောက်နေသည့်နေရာက သိပ်ကြည်နူးစရာမကောင်းသလို ခံစားရသည်။ သို့သော်ငြား အနှီတဇွတ်ထိုးကောင်လေးကမူ
“ မရဘူး ... ကျွန်တော်က အခုချက်ချင်းပဲ ကိုကို့ဆီက အဖြေကို ကြားချင်တာ ”
“ မဟုတ်သေးဘူးလေ ဈာန်ရာ ... အခု ငါတို့ရောက်နေတာက အိမ်သာထဲမှာ ... ပြီးတော့ ငါတို့ ဒီထဲရောက်နေတာကလည်း ကြာလှပြီ ... တခြားလူတွေကို စောင့်ခိုင်းထားရတာ အားနာစရာကောင်းတယ်လေ ”
“ အားနာစရာမလိုပါဘူး ... အခု သူတို့မှာ ဘာအလုပ်ရှိလို့လဲ ... စောင့်ခိုင်းထားလိုက် ကိုကိုရာ ... စကားလမ်းကြောင်းလွှဲဖို့ မကြိုးစားနဲ့ ... ကျွန်တော် မေးတာကိုပဲ ဖြေပေး ... ”
“ ဈာန် ”
“ ကျွန်တော့်ကို ချစ်လား ”
“ ဈာန် ... ဈာန် ငါ ပြောတာကို နားထောင်နော် ... မင်း လိုချင်တဲ့အဖြေကို ငါတို့ ခရီးက ပြန်ရောက်ရင် ပေးမယ်လေ ... အဲဒီလိုဆိုရင်ရော ရလား ”
ရဲတွတ်နေသည့် မျက်နှာလေးထက်က နီသွေးရောင်ထနေသည့် နှုတ်ခမ်းဖူးလေးက ပြောထွက်လာသည့် စကားလုံးလေးများက မနည်းအားတင်းပြီး ပြောထွက်လာရသလို တုန်တုန်ယင်ယင်နှင့် ... ။
ကိုကို့ရဲ့အရမ်းရှက်နေရှာသည့် မျက်နှာလေးကို ကြည့်ကာ ဈာန်ရောင်ခ ထပ်အကြပ်မကိုင်ချင်တော့ပေ။ သို့ပေမဲ့လည်း သူ့စကားနားမထောင်သည့် ကိုကို့ကိုတော့ အနည်းငယ် ထပ်နှိပ်စက်ချင်သေးသည်။
ထိုအတွေးနှင့်အတူ ဈာန်ရောင်ခ၏မျက်နှာချောချောထက်မှာ စဉ်းလဲသည့် အပြုံးလဲ့လဲ့လေးတစ်ခု ထင်ဟပ်နေလျက် ... ။
“ ရတယ်လေ ... ဒါပေမဲ့ ကိုကို ပေးထားတဲ့ ကတိကိုတော့ တည်ရမယ်နော် ... ခရီးက ပြန်ရောက်တာနဲ့ ကျွန်တော့်ကို အဖြေတန်းပေးရမယ် ဟုတ်ပြီလား ”
“ အင်း ... ဒါဆို ငါတို့ ထွက်လို့ရပြီမလား ဈာန် ”
အိမ်သာတံခါးဆီ လက်လှမ်းလိုက်သည့် လေးဆက်ရဲ့လက်ကို ဈာန်က လှမ်းဖမ်းလိုက်ပြီး သူ့လက်နဲ့တစ်သားတည်းဖြစ်အောင် ဆုပ်ကိုင်လိုက်သည်။
“ ကိုကို ကျွန်တော့်ကို နမ်း ... ”
“ ဟမ် ! ”
လေးဆက် တကယ်မျက်လုံးပြူးမိသွားသည်။ အခု ဒီကောင်လေးက သူ့ကို ဘာပြောလိုက်တာလဲ။ နမ်းရမယ်ဟုတ်လား။
“ ဈာန် မင်း ဘာတွေလာပြောနေတာလဲ ”
“ ကိုကိုပဲ အပြင်ထွက်ချင်တယ်ဆို ... အပြင်ထွက်ချင်ရင် ကျွန်တော့်ကို နမ်း ... ”
ထိုစကားကြောင့် လေးဆက် ဒေါသအကြီးအကျယ်ထွက်သွားသည်။ ခုနကလည်း သူ့ကို အတင်းအကြပ်ချုပ်ကိုင်ပြီး အနမ်းတွေကို မရမကဓားပြတိုက်သွားသေးသည့်အပြင် အခုလည်း သူ့ကို ထပ်နမ်းခိုင်းနေပြန်ပြီ။
ဒီကောင်လေး တဆိတ်လောက် လွန်လွန်းသွားပြီမဟုတ်ဘူးလား။
“ ကိုကို ကျွန်တော့်ကို မနမ်းရင် အပြင်မထွက်ရဘူး ”
ကိုကိုက သူ့ကို အကြည့်စူးစူးလေးများဖြင့် မော့ကြည့်လာသည်။ ကိုကို့အကြည့်များထဲမှာ သူ့ကို မကျေနပ်ကြောင်းအရိပ်အယောင်တွေ အပြည့်အနှက်ပါဝင်နေပေမဲ့လည်း ဈာန်ရောင်ခ မသိချင်ယောင်ဆောင်ထားလိုက်သည်။ စကားနားမထောင်သည့်လူကိုတော့ အပြစ်ပေးရမှာပဲ။
နောက်တော့ ကိုကိုက သူ မနမ်းရင် အပြင်မထွက်ရတော့မှန်း ကျိန်းသေသိသွား၍ထင့်။ ခြေဖျားလေးထောက်ကာ သူ့ပါးတစ်ဖက်ကို ထိတယ်ဆိုရုံလေး နမ်းရှိုက်လာသည်။ တကယ့်ကို ထိတယ်ဆိုရုံလေး။
ဒီကိုကိုတစ်ယောက်ဟာ ဘာဖြစ်လို့များ အနမ်းပေးရမှာကို အရမ်းတွန့်တိုနေမှန်း မသိပေ။ မပေးချင်ရင် ပိုလိုချင်လာမိသည်က လူ့သဘာဝပေမို့ ... ။
“ နမ်းတာ နေရာမှားနေတယ် ... ကျွန်တော့်ပါးကို နမ်းဖို့ ပြောမိလို့လား ”
“ ဈာန် ! မင်း ! ”
“ Lip to Lip ”
“ မင်း တအားလွန်လာပြီနော် ဈာန် ”
ဈာန်ရောင်ခ၏မျက်နှာထက်မှာ အပြုံးပြေပြေလေးတစ်ခုပေါ်ပေါက်လာပြီး သူ့ကို မကျေမနပ်ဖြစ်နေသည့် ကိုကို့အား ထပ်စချင်လာသဖြင့်
“ ဪ ... ပြောဖို့ မေ့နေတာ ... ခုနကလို ထိရုံလောက်နဲ့ မရဘူးနော် ... အနည်းဆုံး ငါးမိနစ်လောက်တော့ နမ်းပေးရမှာ ... အဲဒါမှ ကိုကို့နှုတ်ခမ်းလေးက ဘယ်လောက်ချိုမှန်း ကျွန်တော် သိနိုင်မှာလေ ”
ကိုကို့ရဲ့မျက်နှာပြင်က ခုနကထက် ပိုရဲသွေးဖြာသွားသည်။ နဂိုအသားဖြူသူမို့ ထင်ပါရဲ့။ အနီရောင်လွှမ်းသွားသည့်မျက်နှာပြင်လေးက ဘယ်လိုမှ ဖုံးမရ ဖိမရ။ ကိုကို့ရဲ့နှုတ်ခမ်းဖူးလေးတွေက ရှက်စိတ်ကြောင့် တဆတ်ဆတ်တုန်ယင်လာပြီး
“ ဈာန် ! မင်း လူကို သိပ်အနိုင်မကျင့်နဲ့ ”
“ So what ? ”
မထီမဲ့မြင်မျက်နှာထားနှင့် သူ့ကို စိန်ခေါ်နေသလို စိုက်ကြည့်နေသည့် ဈာန့်ကို တန်ပြန်ကြည့်ရင်း လေးဆက်တစ်ယောက် စိတ်ထဲပေါ်လာသမျှ ဒေါသတွေကို တဖြည်းဖြည်းချင်း ပြန်မျိုချနေရသည်။ လောလောဆယ် သူက ဈာန့်လက်ထဲ ရောက်နေသည်မလား။
တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်လိုက်ကာ ဈာန့်လည်ပင်းကို ဖက်တွယ်လိုက်ရင်း ဈာန့်နှုတ်ခမ်းနှင့် သူ့နှုတ်ခမ်းကို ထိကပ်လိုက်သည်။ မနမ်းတတ်သည့်လူမို့ နှုတ်ခမ်းလွှာနှစ်စုံက ထိနေရုံအဆင့်မျှသာ။
ထိုအခါ ကျွမ်းကျင်အဆင့်ဖြစ်နေသည့် ဈာန်က အစွမ်းကုန်ပညာပြတော့သည်။ ခုနက အနမ်းကြမ်းတွေကြောင့် နှုတ်ခမ်းသားတွေ ဖူးယောင်တော့မတတ်ဖြစ်နေသည်ကိုမှ မညှာမတာ အခုလည်း ဈာန်က သူ့စိတ်တိုင်းကျ ... ။
“ အင်း ... ဈာန် ... ဖြည်းဖြည်း ... ”
ဦးဆောင်သူတစ်ယောက်၏လမ်းညွှန်ပြသမှုကြောင့် အနမ်းရေလျင်ကြောမှာ နှစ်ဦးလုံး၏နှုတ်ခမ်းသားများနှင့် လျှာဖျားများဟာ ခွဲခြား၍မရနိုင်လောက်အောင် ရောထွေးယှက်တင်လျှက် ... ။
ဈာန့်ရဲ့အသက်ရှူသံပြင်းရှရှဟာ သားရိုင်းတစ်ကောင်လိုပင် ... ။
အလျင်လိုပြင်းပြသည့် အနမ်းများကြောင့် လေးဆက်မှာ အသက်တောင် မရှူနိုင်တော့ဘဲ မောပန်းလွန်း၍ လူတစ်ကိုယ်လုံးက ပြိုလဲကျချင်နေသည်။
ထိုအနမ်းကြမ်းကြမ်းများက သူ့နှုတ်ခမ်းလွှာတစ်ခုထက်တွင်သာမကဘဲ မျက်နှာတစ်ခုလုံးအနှံ့ ပြန့်ကြဲနေ၏။ ထိုမှတဖန် ဝင်းမွတ်မွတ်လည်ပင်းထိတိုင် အနမ်းများက ရှေ့ဆက်တိုးနေသဖြင့်
“ ဈာန် ... ဈာန် ... တော်ပြီလေနော် ”
ကိုကိုက လက်လေးဖြင့် သူ့ရင်ဘတ်ကို အသာတွန်းရင်း အချက်ပြလာသဖြင့် နမ်းရှိုက်စုပ်ယူလက်စဖြစ်နေသည့် ကိုကို့ရဲ့လည်တိုင်ကျော့ကျော့ပေါ်တွင် အချစ်ရာများအား မရမကချန်ထားခဲ့လိုက်သည်။
မောပန်းလွန်းစွာ ရင်ဘတ်လေးကို ဖိရင်း အသက်ကို ရှိုက်ရှုနေသည့် ကိုကိုက သူ့ကို ဆင်ခြင်တုံတရားကင်းမဲ့သွားအောင် စွမ်းဆောင်နိုင်စွမ်းရှိလှသည်။ ကိုကို့ရဲ့ဆံပင်လေးကို အသာအယာသပ်တင်ပေးရင်း
“ ကိုကို အရမ်းမောနေလား ”
ဒိုင်းခနဲ ပစ်ဝင်လာသည့် ကိုကို့မျက်စောင်းတစ်ချက်က ကိုယ့်အကြောင်း ကိုယ် မသိဘူးလားဟု သူ့ကို ဆူနေသလိုပင် ... ။
“ အင်းပါ ... နောက်တစ်ခါဆို အဲဒီလို မလုပ်တော့ဘူး ”
ကိုကို့မျက်ဝန်းအကြည့်တွေကို သူ ဖတ်တတ်နေသည်ဆိုတာက အလကားမဟုတ်ပေ။ အခုလည်း သူ ပြောတာကို မယုံကြောင်း ကိုကို့အကြည့်တွေကနေတဆင့် မှန်းဆလို့ရနေသည်။
“ ရပြီမလား ... ဖယ်တော့ ... ”
ထိုစဉ် ကိုကိုက ပိတ်ရပ်ထားသည့် သူ့ကို တွန်းဖယ်လာသောကြောင့်
“ အခု ကိုကို့မှာ လမ်းလျှောက်ဖို့ အားရှိသေးလို့လား ”
သူ့အပြောကြောင့် အပြင်ဘက်သို့ ခြေလှမ်းဖို့ ပြင်နေသည့် ကိုကိုက တုန့်ခနဲရပ်သွားသည်။ သူ ကိုကို့ကို ဘယ်လောက်ထိ ကြမ်းကြမ်းတမ်းတမ်းနမ်းခဲ့မိလဲဆိုတာ သူကိုယ်တိုင် အသိဆုံးဖြစ်သည်။
ထို့ကြောင့် နှုတ်ခမ်းကိုက်ကာ ဘာဆက်လုပ်ရမည်မှန်းမသိဖြစ်နေသည့် ကိုကို့အား
“ ကျွန်တော် ချီသွားပေးရမလား ”
“ အဲဒီလောက်ထိ မလိုဘူး ... ခဏနေ ကောင်းသွားမှာ ”
“ ဒါဆို ကျွန်တော် စောင့်ပေးမယ်လေ ”
“ ဈာန် မင်း ငါ့ကို ဘာမှ ထပ်လုပ်ဖို့မစဥ်းစားနဲ့နော် ... ဒီတစ်ခါဆိုရင်တော့ ငါ မင်းကို တကယ်ထိုးမှာ ”
ကိုကို့စကားကြောင့် ဈာန်ရောင်ခတစ်ယောက် ရယ်ချင်သွားပေမဲ့ ချစ်သူလေး စိတ်ဆိုးသွားမည်စိုးသဖြင့် မရယ်ရဲပေ။ သို့သော် စနောက်ချင်စိတ်ကိုတော့ ထိန်းမရသည်မို့
“ ဘာနဲ့ ထိုးမှာလဲ ... နှုတ်ခမ်းနဲ့လား ... ဒါဆိုရင်တော့ ကျွန်တော်က အမြဲ Welcome နော် ”
“ ဈာန် ! ”
“ ဟား ... ဟား ... ဟား ”
အရမ်းချစ်ဖို့ကောင်းပြီး ကလေးဆန်လွန်းသည့်ကိုကို့ကြောင့် ရယ်ချင်စိတ်တို့က ထိန်းမရနိုင်တော့ပေ။ ထိုအခါ ကိုကိုက သူ့ရယ်သံကို သူများကြားမည်စိုးသဖြင့် ပါးစပ်ကို အတင်းလိုက်ပိတ်သည်။ ထိုမျှနှင့်တင်မကသေးဘဲ မကျေမချမ်းရေရွတ်ပြောဆိုနေသည်က
“ ဈာန်ရောင်ခက သိပ်ကို ဆိုးလွန်းပါသည် ” တဲ့လေ ... ။
6:50 P.M
13.5.2021 ( Thursday )