ဆောင်းရာသီဝင်စအခါသမယဖြစ်၍ ကောင်းကင်ပြင်တစ်ခွင်လုံး မိုးလေကင်းလွတ်ကာ ကြည်လင်နေ၏။ ကြယ်တာရာအစုအဝေးတို့ကလည်း ပြိုးပြိုးပြက်ပြက် လင်းလက်နေပြီး ညအလှသဘာဝကို ဖော်ကျူးနေကြသည်။
အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားသလို ရထားကြီးကလည်း ဘူတာတွေ တစ်ခုပြီးတစ်ခု ကျော်ဖြတ်သွားသည်။ ပြတင်းပေါက်မှ ဖြတ်ကျော်တိုက်ခတ်လာသည့် လေပြည်များကလည်း ငြိမ့်ငြိမ့်ညောင်းညောင်းတိုက်ခတ်နေဆဲပင်။
ထို့နည်းတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ကိုကို့ကို ငေးကြည့်နေသည့် သူ့ရဲ့ချစ်ခြင်းမေတ္တာရေစီးကြောင်းကလည်း နည်းနည်းလေးမှ အရှိန်မလျော့ခဲ့ပေ။
သူ့အဖြစ်ကို တခြားလူတွေသာမြင်ရင် လူတစ်ယောက်တည်းကို တစ်ချိန်လုံးစိုက်ကြည့်နေရတာ မငြီးငွေ့ဘူးလားဟုထင်မှတ်ဖွယ်ရာရှိသော်လည်း အမှန်စင်စစ် အခုလိုမျိုး စိတ်တိုင်းကျကြည့်နေခွင့်လေးရတာကိုက သူ့အတွက် နိဗ္မာန်ဘုံဖြစ်နေခဲ့သည်ဆိုတာကို ထိုလူတို့ သိကြမည်မဟုတ်ပေ။
ည ၁၂နာရီကျော်ခန့် ဘူတာတစ်ခု၌ ရထားကြီး ခေတ္တခဏဆိုက်ရောက်ခါနီးအချိန်တွင် ရထားတွဲရှိ လူများအားလုံးနီးပါး လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။
ရထားဆိုက်ရောက်သည်နှင့်တစ်ပြိုက်နက် ဘူတာရုံရှိ ဈေးသည်များကလည်း ရထားပေါ် အလုအယက်ပြေးတက်လာကြသည်။
တချို့က ရထားတွဲ တစ်ခုပြီးတစ်ခု ကူးလူးဖြတ်သန်းကာ အသံကျယ်ကျယ်နှင့်ဈေးရောင်းနေကြသလို တချို့ကလည်း ရထားပြတင်းပေါက်ကနေ အလုအယက်ရောင်းဝယ်ဖောက်ကားနေကြသည်။
ရထားတွင်း အလွန်အမင်းစည်ကားသိုက်မြိုက်နေသလောက် ဈာန်ရောင်ခကတော့ ထိုဆူဆူညံညံအသံတွေကြောင့် ကိုကို နိုးသွားမှာကို အင်မတန်စိုးရိမ်နေမိသည်။ သူ့ရဲ့ကြောင်ပေါက်စလေးက အိပ်ရေးမဝရင် စိတ်မကြည်တတ်ဘူးလေ။
ထိုစဉ် တစ်ဖက်ထိုင်ခုံတွဲဆီမှ
“ လေးဆက် ! လေးဆက် ! ”
အစ်မမေမြတ်ရဲ့စူးရှရှအော်ခေါ်သံကို ကြားလိုက်ရသောကြောင့် ကိုကို့နားကို အလျင်စလို လက်ဖြင့် အုပ်ထားမိလိုက်သည်။ ထို့နောက် အစ်မမေမြတ်အား အသံတိုးတိုးဖြင့်
“ ဘာပြောမလို့လဲ အစ်မမေမြတ် ... ကိုကို အိပ်ပျော်နေတယ် ”
ဒီကောင်လေး ပြောလိုက်တော့မှ မေမြတ်လည်း လေးဆက်တစ်ယောက် ဈာန်ရောင်ခရဲ့ပုခုံးပေါ်မှာမှီပြီး အိပ်ပျော်နေတာကို သတိထားမိသွားသည်။
“ ဘာမှတော့မဟုတ်ပါဘူး ... သူ ဗိုက်ဆာနေရင် မုန့်စားဦးမလားလို့မေးမလို့ ... သူ အိပ်နေတယ်ဆိုရင်လည်း မနှိုးနဲ့တော့ မောင်လေး ... ဒီကောင်က အိပ်ရေးမဝရင် ဂျီကျမှာ ”
အစ်မမေမြတ်ရဲ့ပြောစကားကြောင့် ဈာန်ရောင်ခ မသိမသာပြုံးလိုက်ပြီး ကိုကို့ဘက်ကို လှည့်ကြည့်ကာ ကိုကို့ရဲ့ပါးပြင်နုနုလေးကို လက်ညှိုးဖြင့် ခပ်ဖွဖွတို့ထိမိသည်။
ကိုကိုရဲ့ချစ်စရာကောင်းတဲ့အချက်လေးတွေကို လူတိုင်း သိနေပြီဗျ ... ကျွန်တော်ရဲ့ကြောင်ပေါက်စလေးရဲ့ ...
“ အချဉ်ထုတ်တွေ ယူကြဦးမလား ! ရေသန့်ဘူးတွေ ယူကြဦးမလား ! ”
ထိုစဉ် သူတို့ရထားတွဲထဲ ရောက်လာသော ဈေးသည်တစ်ယောက်၏ကျယ်ကျယ်လောင်လောင်အသံကြောင့် ကိုကို့ခန္ဓာကိုယ်လေးက အိပ်ပျော်နေရာမှ တစ်ချက်လှုပ်ရှားသွားကာ အသံလေးတွေ ပလုံစီကာထွက်ပေါ်လာသည်။
“ အင်း ~~~ ဘာသံတွေလဲ ”
ကိုကို့နှုတ်ဖျားမှ ထွက်ပေါ်လာသည့် အသံတိမ်တိမ်လေးကြောင့် ဈာန်ရောင်ခတစ်ယောက် ကိုကို့အား ဆွဲနမ်းချင်စိတ်တို့ကို မနည်းထိန်းချုပ်လိုက်ရသည်။ မျက်လုံးကဖြင့် မဖွင့်သေးဘဲ ဂျီကျချင်နေသည့် သူ့ရဲ့ကြောင်ပေါက်စလေး။
“ ဘာမှမဟုတ်ဘူး ကိုကို ... ဆက်အိပ် ... ဆက်အိပ် ... ”
“ အင်း ~~~ အင်း ~~~ ”
ခေါင်းလေးကို ဖွဖွလေးပုတ်ပြီး ပြန်သိပ်လိုက်တော့ တချိုးတည်းပြန်အိပ်ပျော်သွားသည့် ကိုကို။ မနိုးသွားတာ တော်သေးသည်ဟုပြောရမည်။ နို့မို့ဆိုလျှင် ကိုကိုတစ်ယောက် အိပ်ရေးမဝဖြစ်ကာ တစ်လမ်းလုံး စိတ်လက်မကြည်မသာဖြစ်နေလိမ့်မည်။
ကိုကို့ကိုလည်း သူ တကယ်အံ့ဩမိသည်။ တစ်လမ်းလုံး အိပ်လာတာ တစ်ချက်လေးမှမနိုးပေ။
ကိုကိုအပါအဝင် တခြားသူများအိပ်ပျော်နေချိန်မှာ သူကသာ တစ်ရေးမှ အိပ်မပျော်နိုင်ဘဲ ကိုကိုများ ဗိုက်ဆာနေမလား၊ ခြေတွေ လက်တွေ အေးစက်နေမလား၊ လေတိုက်လွန်းလို့ ဖျားသွားမလား စသည်ဖြင့် အကုန်စိုးရိမ်ပူပန်နေရသည်။ ကိုကိုနှင့် ပတ်သက်လာလျှင် ကိုကို့ကို ခြင်ကိုက်သွားမှာကိုတောင် သူ စိတ်ပူပါသည်။
နောက်ဆုံးတော့ မကြာမီအချိန်အတောအတွင်း ကျိုက်ထိုဘူတာသို့ ဆိုက်ရောက်တော့မည်။ ထို့ကြောင့် နောင်ခန့်က အိပ်ပျော်နေသည့်သူများအား နှိုးကာ အားလုံးအဆင်သင့်ပြင်ထားဖို့ လှုံ့ဆော်လေသည်။
“ ကဲ ! ကဲ ! အားလုံးထကြတော့ ... ခဏနေ ကျိုက်ထိုဘူတာကို ရထားဆိုက်တော့မယ် ... ကိုယ့်အိတ်ကိုယ်သယ်ဖို့ အဆင်သင့်ပြင်ထားကြ ... ”
ရထားက ကျိုက်ထိုဘူတာမှာ ဆယ်မိနစ်ခန့်သာ ရပ်မည်ဖြစ်သည့်အတွက် ထိုဘူတာမှာ ဆင်းမည့်သူများက အချိန်ကြာကြာဆွဲနေလို့မရပေ။
“ မေမြတ် နင်ရရဲ့လား ... နင့်အိတ်တွေနဲ့ ... ”
“ အမလေး ! အေးဆေး ... အေးဆေး ... ဒါပေမဲ့ နင် သယ်ချင်သပဆို ရော့ ! ဒီအိတ်ကို သယ်လာခဲ့ ! ”
အမှန်တော့ မြတ်သူက စကားလှအောင် မေးလိုက်ခြင်းသာဖြစ်သော်ငြား မေမြတ်ကတော့ အခွင့်အရေးကို လက်လွတ်မခံဘဲ အမှန်တကယ်ကို အိတ်သယ်ခိုင်းနေပြီဖြစ်သည်။
ရထားတစ်တွဲလုံး ဆူညံပွတ်လောရိုက်နေပေမဲ့ တမူထူးခြားစွာ ငြိမ်သက်နေသည့်နှစ်ယောက်အား ရိပ်မိသွားသည့် နောင်ခန့်က
“ ညီလေး မင်းဟာလေးကို ကြိုနှိုးထားလိုက်တော့ ... ဘူတာဆိုက်မှ သွားနှိုးရင် အဲဒီကောင်က ဝူးဝဲဝူးဝဲတွေ ဖြစ်နေဦးမယ် ”
ကိုနောင်ခန့်၏စကားကြောင့် သူ ရယ်ချင်မိသွားသည်။ ကိုကိုက သူ့သူငယ်ချင်းအုပ်စုထဲမှာတော့ တကယ့်အချစ်ခံလေးပင်။
“ ကိုကို ! ကိုကို ထတော့ ... ဘူတာရောက်တော့မယ် ”
“ ဟမ် ! ဘာလဲ ... မထဘူး ... ငါ အိပ်ချင်နေသေးတယ် ”
သူ့ပခုံးပေါ်မှာ အိပ်ပျော်နေသည့် ကိုကို့အား အသာလှုပ်နှိုးသော်လည်း ထိုကြောင်ပေါက်စလေးက ပေကပ်ကပ်လုပ်နေဆဲပင်။
“ ကိုကို ဘူတာဆိုက်နေပြီနော် ”
“ ဟင် ဆိုက်သွားပြီလား ”
ထိုအခါကျမှ မျက်လုံးကို မနည်းအားတင်းကာ ဖွင့်ကြည့်ပြီး အသံတိုးတိုးလေးနှင့်စကားပြောလာသည့် ကိုကိုက တကယ့်ကို ချစ်စရာကောင်းလှသည်။
“ ဟဲ့ လေးဆက် ! ထတော့ ! ထတော့ ! အိပ်ပုတ်ကြီးမနေနဲ့ ... နင့်အိမ်နင့်ယာမဟုတ်ဘူး ... တစ်လမ်းလုံး နင် ဈာန်ရောင်ခရဲ့ပခုံးပေါ်မှာ မှီအိပ်လာတာ ... ကလေးကို နည်းနည်းပါးပါးအားနာဦး ”
လေးဆက် အိပ်ပျော်နေရာမှ နိုးလာတော့ လူစွာမဥဥက ထုံးစံအတိုင်း သူ့ကိုကြည့်ကာ ပွစိပွစိရေရွတ်ပါတော့သည်။ ဒါနဲ့ အခု ဥဥပြောလိုက်မှပဲ သူ သတိထားမိတော့သည်။ သူ့ခေါင်းက ဈာန့်ပခုံးပေါ်မှီထားတာပါလား။
ရုတ်ချည်း ထထိုင်လိုက်ပြီး ဈာန့်ကိုကြည့်လိုက်တော့ လက်ကျဉ်နေလို့ထင်သည်။ ဈာန့်မျက်နှာက နည်းနည်းရှုံ့မဲ့သွားသည်။ ထိုအချင်းအရာကို တွေ့လိုက်ရတော့ သူ့အတွေးထဲမှာ အားနာမှုတို့က အလုံးလိုက်အရင်းလိုက် ဝင်ဆောင့်သည်။
ဈာန်ကို ကြည့်လိုက်တော့ ဒီကလေးက သူ ဘာမှမဖြစ်သလို လေးဆက်ကို ပြုံးပြီးပြန်စိုက်ကြည့်နေသည်။
“ ဈာန် ငါ မင်းကို တစ်ချိန်လုံး မှီအိပ်ပြီး လိုက်လာသလိုဖြစ်သွားတယ် ... မင်းလက်တွေ နာနေသေးလား ”
“ မနာပါဘူး ကိုကိုရာ ”
“ မနာဘဲ နေပါ့မလား ... မှီအိပ်လာတဲ့အချိန်တွေက အကြာကြီးကို ... ”
“ ကျွန်တော် တကယ်ဘာမှမဖြစ်ပါဘူး ကိုကိုရာ ... လက်က နည်းနည်းကျဉ်နေရုံပဲ ”
“ အားနာလိုက်တာ ... ဈာန် မင်းကလည်း ငါ့ကို နှိုးလိုက်တာမဟုတ်ဘူး ”
“ ကျွန်တော်က ကိုကို့ကို ဘယ်လိုလုပ်နှိုးရက်မှာလဲဗျာ ... ကိုကို ကျွန်တော့်ပေါ်မှီအိပ်နေတာနဲ့တင် ကျွန်တော်က ပျော်နေတာ ”
“ မင်းကတော့လေ ... ”
လေးဆက် ဈာန့်ခေါင်းလေးကို ချစ်စနိုးနှင့် ခပ်ဖွဖွလေးပုတ်လိုက်သည်။ ဈာန့်မျက်နှာက အရောင်တောက်သွားတာများ ဝိုင်းစက်နေသည့် လမင်းကြီးကတောင် အရှုံးပေးရလောက်မည်။
“ ရထားဆိုက်ပြီ ! လာကြ ! လာကြ ! မေမြတ်နဲ့ဥဥ နင်တို့အရင်ဆင်း ! ”
နောင်ခန့်ရဲ့နှိုးဆော်သံကြောင့် နှစ်ယောက်သား အသိပြန်ဝင်လာကာ ရထားပေါ်မှဆင်းရန် အလျင်အမြန်ပြင်ဆင်ရလေသည်။ လေးဆက် ရထားပေါ်ကဆင်းခါနီး
“ ကိုကို ဖြည်းဖြည်းဆင်း ... ”
ဈာန်က သူ့ကို ဂရုစိုက်ဆင်းရန် သတိပေးသည်။
“ ငါ ကလေးမဟုတ်ပါဘူး ဈာန်ရာ ”
ဒီကလေးက သူ့ကိုလေးနှစ်သားများထင်နေသလားမသိ။ တစ်ခါတလေကျ ဂရုစိုက်လွန်းအားကြီးတော့ သူပင် မနေထိုင်မထိုင်တတ်ဖြစ်ရသည်။
ကျိုက်ထိုဘူတာရောက်သော်လည်း ကင်ပွန်းစခန်းသို့ ကားနှင့်တစ်ဆင့် ထပ်သွားရဦးမည်ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံး ဘူတာရုံမှာ ထိုင်စောင့်နေကြစဉ် မြတ်သူနှင့် နောင်ခန့်က ကားအကြောင်းသွားစုံစမ်းသည်။
လေးဆက်လည်း အမှန်တော့ သူများတကာတွေ ဆင်းလို့သာ ယောင်တောင်ပေါင်တောင်နှင့် လိုက်ဆင်းလာရတာဖြစ်သည်။ အိပ်ချင်စိတ်ကမူ တစိုးတစ်စေ့မှ မလျော့ကျသွားသေးပေ။
မှီအိပ်လို့ရမည့်သူကို လိုက်ရှာကြည့်တော့ ခုံတန်းရှည်ပေါ်မှာ ခြေပစ်လက်ပစ်ထိုင်နေသော မေမြတ်ကို တွေ့လိုက်သည်။ မေမြတ်အား မှီအိပ်ရန် အကြံဖြင့် မေမြတ်ဘေးရှိ နေရာအကျယ်ကြီးတွင် စွတ်ခနဲဝင်ထိုင်လိုက်ပြီး
“ မေမြတ် ငါ မှီအိပ်ချင်လို့ ... ”
မေမြတ်ကလည်း လေးဆက်တစ်ယောက် သူတို့ကို ဒီလိုမျိုးမှီအိပ်တာ အထူးအဆန်းမဟုတ်တော့သည့်ပုံနှင့်
“ အေး ... အေး ... အိပ် ... ကားစီးရတော့မယ်ဆိုရင် ငါ နင့်ကို နှိုးမယ် ”
“ အင်း ”
ဥဥကတော့ ဒီခရီးစဉ်ကို မှတ်တမ်းတင်မည့်သူပီပီ မေမြတ်ပေါ်မှာ မှီအိပ်နေသည့် လေးဆက်ကို ဓာတ်ပုံရိုက်မည်ဟန်ပြင်စဉ် မေမြတ်က လေးဆက်ရဲ့ခေါင်းပေါ်မှာ လက်နှစ်ချောင်းထောင်ပြသည့်ပုံစံမျိုး လုပ်ပြလေသည်။
ထိုစဉ် မေမြတ်ပခုံးပေါ် မှီအိပ်နေသည့် လေးဆက်ရဲ့ခေါင်းကို တစ်စုံတစ်ယောက်က သူ့ပခုံးပေါ် ဆတ်ခနဲ လွှဲပြောင်းယူလိုက်သည်ကို တွေ့လိုက်ရသဖြင့် မေမြတ်နှင့် ဥဥတို့၏အကြည့်များက ထိုလူထံ စုပြုံရောက်ရှိသွားကြသည်။
လေးဆက်ကို ဆွဲယူကာ သူ့ပခုံးထက်မှာ အိပ်ခိုင်းနေသည့်လူကတော့ သူမဟုတ်သလိုပင် တခြားသူများအား ဂရုစိုက်မနေဘဲ အိပ်ပျော်နေသည့် လေးဆက်ရဲ့ခေါင်းလေးကိုသာ ခပ်ဖွဖွပွတ်သပ်နေလေသည်။
လရောင်နှင့်နေ့သစ်ကတော့ သူတို့သူငယ်ချင်းရဲ့အဖြစ်သည်းနေပုံကိုကြည့်ကာ နှစ်ယောက်သားအကြည့်ချင်းဆုံပြီး ပြုံးမိကြလေသည်။
ခဏကြာတော့ နောင်ခန့်နှင့်မြတ်သူတို့ ပြန်ရောက်လာကာ
“ ကားကတော့ ရှိတယ် ... ဒါပေမဲ့ သူတို့က လူပြည့်မှ ထွက်မှာ ... လူပြည့်တဲ့အထိတော့ စောင့်ရဦးမယ် ... အခုလောလောဆယ်က ငါတို့အုပ်စုပဲ ရှိတာဆိုတော့လေ ... ခဏလောက် ထပ်စောင့်လိုက်ကြရအောင် ”
မေမြတ်က ညောင်းညာနေသည့် သူ့ကျောပြင်ကို နောက်ပြန်ထုနေရင်း
“ ရတယ်လေ ... ငါတို့ ဒီမှာ ခဏလောက်စောင့်ပြီးရင် သွားကြတာပေါ့ ... ဟိုကိုယ်တော်ချောကတော့ အခုထိ အိပ်ကောင်းနေတုန်း ... ”
မေမြတ်က ပြောလည်းပြော လေးဆက်တို့ရှိရာဘက်ကိုလည်း မျက်စပစ်ပြလေသည်။ ထိုမြင်ကွင်းကို မြင်သွားသည့် မြတ်သူကလည်း မနိုင်ဘူးဆိုသည့်သဘောနှင့်
“ တော်တော်အိပ်လည်း အိပ်နိုင်တဲ့ကောင် ! ”
ဘယ်သူဘာပြောပြော လေးဆက်ကတော့ ဘာဆိုဘာမှမသိနိုင်တော့ဘဲ တစ်စုံတစ်ယောက်ရဲ့ပခုံးထက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလျက်ရှိသည်။ ဒါပေမဲ့ သူကပဲ အိပ်ဖို့ ကံမပါတာလားတော့ မပြောတတ်။ အိပ်ပျော်သွားပြီး ဆယ်မိနစ်လောက်ပဲ ရှိသေး။ နောင်ခန့်ရဲ့ဆော်ဩသံကြီးကို ဒုတိယအကြိမ် ထပ်မံနားသောတပန်ဆင်လိုက်ရသည်။
“ ကဲ ! သွားလို့ရပြီ ! ကားပေါ်တက်လို့ရပြီ ! ”
“ ပြီးတော့ အိပ်နေတဲ့လူလည်း ထလို့ရပြီ ! အမှီခံရတဲ့လူလည်း ကြွလို့ရပြီ ! ဟုတ်ပြီလား ! ”
မေမြတ်က လေးဆက်တို့နှစ်ယောက်ရှိရာဘက်ကို တန်းတန်းမတ်မတ်စိုက်ကြည့်ကာ လက်ညှိုးမထိုးရုံတမယ် ပြောလိုက်သဖြင့် တခြားလူတွေထံမှ ထွက်လာသည့် ရယ်သံများနှင့်အတူ ထိုအနီးနားဝန်းကျင်လေးတစ်ဝိုက်ဟာ ဆူညံပွက်လောရိုက်သွားလေသည်။
ဈာန်ရောင်ခလည်း သူတို့ကို တခြားလူတွေ ကြည့်ပြီး ရယ်နေကြမှန်း သိပေမဲ့ အခုချိန်မှာ အာရုံမစိုက်နိုင်သေး။ သူ့ပခုံးကို မှီပြီး ထပ်အိပ်ပျော်သွားသည့် ကိုကို့ကို ဘယ်လိုနှိုးရမလဲဆိုတာကိုသာ တွေးနေမိသည်။
ကိုကို့သူငယ်ချင်းတွေသာဆို ကိုကို့ခေါင်းကို ရိုက်ပြီး ထတော့လို့ ပြောလိုက်ရင် ပြီးသွားမည့်ကိစ္စဖြစ်ပေမဲ့ သူကတော့ ကိုကို့ကို အဲဒီလိုနှိုးရမည့်အစား ပွေ့သာခေါ်သွားချင်လိုက်သည်။
အခုလည်း သူများတကာတွေ စကားဖောင်ဖွဲ့ပြီး အော်ကြီးဟစ်ကျယ်ပြောဆိုနေကြပေမဲ့ ကိုကိုကတော့ သူ့ကို မှီအိပ်နေတာ တုတ်တုတ်တောင်မလှုပ်။ မနေသာသည့်အဆုံးမှာတော့ သူလည်း ကိုကို့ရဲ့ပါးပြင်နုနုလေးကို ညှစ်လိုက်ပြီး ကားရောက်နေပြီဖြစ်ကြောင်း ပြောရသည်။
အဲဒီအချိန်ကျမှသာ သူရော ကိုကိုရော အိတ်တွေ ကမန်းကတန်းကောက်လွယ်ပြီး ကားရှိရာသို့ ပြေးရလေသည်။
သူတို့စီးရမည့်ကားက ဟိုင်းလပ်ကားလို ပုံစံမျိုး၊ အပေါ်မှာ အမိုးနှင့်ဖြစ်သည်။ ဘေးနှစ်ဖက်မှာ ထိုင်ဖို့ခုံတန်းအပြင် အလယ်မှာလည်း ထိုင်လို့ရအောင် သစ်သားခုံရှည်ကြီးတွေ ထည့်ထားသေးသည်။
ကားတွေရှိရာဆီသို့ လေးဆက်တို့ ရောက်သောအခါ
“ လေးဆက် ! ဒီကိုလာ ! ”
ဥဥက ခေါင်းလေးပြူထွက်ကာ လေးဆက်တို့ကို လှမ်းခေါ်သည်။ ကားပေါ်တက်နေစဉ် လူက အိပ်ချင်မူးတူးနှင့် ခြေချော်ကျမလိုဖြစ်သွားသေးသည်။ ထိုစဉ် အနောက်မှာ တောက်လျှောက်ပါလာသည့် ဈာန်က သူ့ခါးကို ထိန်းကိုင်ပေးထား၍သာ တော်သေးသည်ဟု ပြောရမည်။
“ ကိုကို သတိထားလေ ”
ဈာန်က စိုးရိမ်စိတ်ဖြင့် ဆူသည်။ သူကလည်း သူပင်။ အကြီးဖြစ်ရက်နဲ့ နေရာတကာ ကပျက်ကချော်လုပ်မိနေသည်။
ကံကောင်းချင်တော့ သူတို့အုပ်စု ကားပေါ်ရောက်တာစောသဖြင့် ဘေးခုံတွေမှာ နေရာရလိုက်သည်။ နေ့သစ်၊ လရောင်နှင့် မြတ်သူက ဟိုဘက်ခြမ်းမှာ ထိုင်နေကြသလို ဒီဘက်ခြမ်းမှာကျတော့ မေမြတ်၊ ဥဥနှင့် နောင်ခန့်တို့က အသီးသီးနေရာယူထားကြသည်။
ကြည့်ရတာ နောင်ခန့်က သူ့သူငယ်ချင်းမတွေ တခြားသူနှင့် ကပ်ထိုင်ရမှာစိုး၍ အတွင်းဘက်ထဲ ထည့်ထားသည့်ပုံပေါ်သည်။ နောင်ခန့်က အမြဲတမ်း သူတို့ရဲ့ဖအေကြီးလို အကုန်လုံးအပေါ် အရိပ်တကြည့်ကြည့်နှင့်ဆက်ဆံတတ်သည်မှာ အခုမှမဟုတ်။
နောင်ခန့်ရဲ့ဘေးမှာ လေးဆက် ဝင်ထိုင်လိုက်ပြီး သူ့ဘေးမှာတော့ ဈာန်က ဝင်ထိုင်သည်။ ခုနက ခြေချော်ကျခါနီး ရင်ထဲမှာ လှပ်ခနဲဖြစ်သွားသဖြင့် အိပ်ချင်စိတ်တွေ အကုန်လုံးကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကာ အခုမှပဲ သူလည်း ပတ်ဝန်းကျင်ကို လျှောက်စူးစမ်းနိုင်တော့သည်။
တခြားလူတွေလည်း ကားပေါ် တဖြည်းဖြည်းတက်လာကြရင်း နောက်ဆုံး အလယ်ခုံအတွက်ပဲ နေရာကျန်တော့သည်။
လူမပြည့်မချင်း ကားဆရာကလည်း ကားထွက်မည်မဟုတ်သဖြင့် ဘယ်လောက်ကြာအောင် ဆက်လက်စောင့်ဆိုင်းနေရမည်မှန်းမသိဖြစ်နေစဉ်မှာ ကံကောင်းချင်တော့ အမျိုးသမီးနှစ်ယောက် ကားပေါ်တက်လာသည်။
ထိုအမျိုးသမီးနှစ်ယောက်က အလယ်ခုံမှာ ဝင်ထိုင်လိုက်သဖြင့် လေးဆက်တို့နှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ နောက်ထပ် လူအုပ်တစ်အုပ်လည်း ထပ်ရောက်လာသည့်အတွက် ကားပေါ်မှာ နေရာလွတ်မကျန်တော့ပေ။
လူပြည့်သွားပြီဖြစ်သဖြင့် ကားက ဆောင့်ထွက်ချိန်မှာ လေးဆက်ရဲ့အရှေ့တည့်တည့်မှာထိုင်နေသည့် အစ်မရဲ့ခန္ဓာကိုယ်က ယိုင်သွားပြီး သူ့ခေါင်းက လေးဆက်ရဲ့ပခုံးကို လာပစ်ဆောင့်မိသည်။
“ အာ့ ! ”
“ ကိုကို ! ”
သူ့နာကျင်သံကြောင့် ဈာန့်မျက်နှာက ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကို တွေ့လိုက်ရသဖြင့် သူ ဘာမှမဖြစ်ကြောင်း အသာလက်ခါပြလိုက်သည်။
“ တောင်းပန်ပါတယ် မောင်လေးရယ် ... ကားက ဆောင့်ထွက်သွားတော့ အစ်မလည်း အရှိန်မထိန်းနိုင်ဘဲ မောင်လေးပခုံးကို ဝင်တိုက်မိသလိုဖြစ်သွားတယ် ... အရမ်းနာသွားလား မောင်လေး ”
အမှန်တော့ ကားထွက်လိုက်သည့် အရှိန်ဖြင့် ဝင်ဆောင့်လိုက်သည့်အတွက် သူ့ပခုံး အနည်းငယ်အောင့်ကာ နာကျင်သွားသည်။ သို့သော်လည်း ထိုအစ်မက သူ့ကို အတော်အားနာသွားဟန်ဖြင့် တောင်းပန်နေသောကြောင့်
“ ရပါတယ် အစ်မ ... ကျွန်တော် ဘာမှမဖြစ်ပါဘူး ... ပြီးတော့လည်း ဒါက မတော်တဆဖြစ်တာပဲဟာ ... ကျွန်တော်နားလည်ပါတယ် ”
“ တကယ်အားနာလိုက်တာ မောင်လေးရယ် ”
အဲဒီနောက် ထိုအစ်မက သူ့ကို ချိုချိုသာသာပြုံးပြလာသဖြင့် သူကလည်း ပြန်ပြုံးပြလိုက်ပါသည်။
“ အစ်မနာမည်က မြတ်နန္ဒာလွင်တဲ့ ... မန္တလေးက လာတာ ... မောင်လေးကရော ... ”
ထိုအစ်မက သူ့နာမည်ကို ပြောပြီး စတင်မိတ်ဆက်လာသောကြောင့် သူ့ဘက်ကလည်း မနေစိမ့်နိုင်တော့ဘဲ
“ ကျွန်တော့်နာမည်က လေးဆက်ရိပ်သွင်ပါ ... ကျွန်တော်က ရန်ကုန်က လာတာပါ အစ်မ ”
“ လင်းဆက်ရိပ်သွင် ဟုတ်လား ”
ကားထဲသို့ ဖြတ်တိုက်လာသည့် လေတိုးသံတဝူးဝူးကြောင့် ထိုအစ်မက သူ့နာမည်ကို ကောင်းကောင်းကြားလိုက်ပုံမပေါ်ပေ။
“ လေးဆက် ... လေးဆက်ရိပ်သွင်ပါ အစ်မ ”
“ လေးဆက်ရိပ်သွင် ... နာမည်လေးက လှလိုက်တာနော် ”
နာမည်ကို ချီးကျူးခံလိုက်ရသဖြင့် သူ့မျက်နှာလေးက ပြုံးယောင်သမ်းသွားသည်။ ဘယ်သူမဆို ကိုယ့်နာမည်ကို ချီးမွမ်းရင် သဘောကျကြတာ သဘာဝပေမို့။
“ ဒါနဲ့ မောင်လေးက ကျိုက်ထီးရိုးကို တစ်ယောက်တည်းလာတာလား ”
“ မဟုတ်ဘူး အစ်မ ... ကျွန်တော်က သူငယ်ချင်းတွေနဲ့ လာတာ ... သူတို့က ကျွန်တော့်ဘေးမှာ ထိုင်နေတာ ”
သူ့အပြောကြောင့် ထိုအစ်မက ဘေးက သူ့သူငယ်ချင်းတွေကိုပါ ပြုံးပြကာ နှုတ်ဆက်လာသည်။ သူ့သူငယ်ချင်းတွေကလည်း ပြန်ပြုံးပြလိုက်ပုံပေါ်သည်။ တစ်ယောက်သောသူက လွဲရင်ပေါ့။
“ မောင်လေးတို့လည်း ကျိုက်ထီးရိုးသွားမှာဆိုတော့ အစ်မတို့နဲ့ ဘုရားပေါ်မှာ ထပ်တွေ့ကြဦးမှာပေါ့ ”
“ ဟုတ်ကဲ့ အစ်မ ”
ထိုအစ်မကလည်း သူနှင့် စကားပြောရတာ ပျော်နေသည့်ပုံပင်။ ကျန်သည့် အစ်မတစ်ယောက်ကတော့ ခပ်အေးအေးနေတတ်ပုံပေါ်သည်။ ဘာစကားတစ်ခွန်းမှ ဝင်မပြောပေ။
အောက်တိုဘာလအအေးဒဏ်က ဒီဘက်ပိုင်းမှာ ထင်ထားသည်ထက် ပိုအေးစိမ့်နေသည်။ ကားပေါ်မှာ ဆောင်းလေတိုက်လွန်းသဖြင့် သူ့ရဲ့နှာဖျားလေးတွေ၊ နားရွက်လေးတွေ၊ ပါးလေးတွေ အေးစက်နေသည်။
သူကလည်း ဘယ်လောက်ပဲ အေးနေပါစေ လေတိုက်ခံရသည့် အရသာကို သဘောကျသည့်အတွက် အခု ကားစီးနေရင်းနှင့်တောင် လေကြောရှိသည့်ဘက်ကိုပဲ မရမက မျက်နှာမူလေသည်။
ထိုစဉ် သူ့ဘေးနားမှာ ထိုင်နေသည့်လူက ရုတ်တရက် လေးဆက်ရဲ့လက်တစ်ဖက်ကို သူ့လက်ကြီးနဲ့ အုပ်မိုးဆုပ်ကိုင်လိုက်ပြီး နား,နားကပ်လာကာ
“ ကိုကို နောက်တစ်ခေါက် ကိုကိုရှေ့မှာထိုင်တဲ့တစ်ယောက်နဲ့ စကားပြောရဲ ပြောကြည့် ... သူတို့ရှေ့မှာပဲ ကိုကို့ကို ဖက်နမ်းပြမယ် ... မယုံရင် စမ်းကြည့်လိုက် ... ”
အေးစက်သည့် စကားလုံးများက တစ်လုံးချင်း ပြတ်ပြတ်သားသားထွက်ကျလာသည်။ လေးဆက်လည်း ကြားလိုက်ရသည့် စကားလုံးတွေကြောင့် မယုံကြည်နိုင်စွာ ဘေးကို စောင်းငဲ့ကြည့်မိတော့ တစ်မျိုးတစ်ဖုံပြောင်းလဲနေသည့် ဈာန့်ကို တွေ့လိုက်ရသည်။
မီးဝင်းဝင်းတောက်နေသည့်မျက်ဝန်းတွေ၊ ခပ်တင်းတင်းစေ့ပိတ်ထားသည့် နှုတ်ခမ်းလွှာ၊ ထင်းနေသည့် မေးရိုးတို့က ဈာန် ဘယ်လောက်ထိဒေါသထွက်နေလဲဆိုတာ သိသာလွန်းစွာ ... ။
“ ဈာန် ”
နာမည်လေးခေါ်ရုံပဲ ရှိသေး။ ဆုပ်ကိုင်ခံထားရသည့် လက်က တင်းခနဲဖြစ်သွားကာ အားနှင့်ဖိညှစ်ခြင်းခံလိုက်ရသည်။
“ ကျွန်တော်က ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တယ်ဆိုတာကို သိတယ်မလား ”
ဘာတစ်ခွန်းမှ ဆက်ပြောလို့မရမဲ့အတူတူ လေးဆက် သက်ပြင်းသာ ချလိုက်မိသည်။ ဈာန့်အကြောင်းကို သူ သိသည်။ ဈာန် ဒေါသထွက်နေချိန်ဆို ဘာတစ်ခုမှ ကောင်းကောင်းမွန်မွန်ပြောဆိုဖြေရှင်းနိုင်မှာ မဟုတ်ပေ။
ကားထဲ တိုးဝှေ့ဝင်ရောက်လာသည့် ဆောင်းညလေအေးတွေကတောင် ခုနကလောက် မအေးမြတော့သယောင် ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ကျိုက်ထီးရိုးတောင်ခြေသို့ ရောက်နေသဖြင့် ရာသီဥတုက ပို၍အေးစိမ့်လာသည်။ မီးရောင်လင်းလက်နေသည့် ဈေးဆိုင်တန်းများကိုလည်း တသီတတန်းကြီး တွေ့မြင်နေရသည်။
တောင်ပေါ်တက်ဖို့ ပြင်ဆင်နေကြသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များကြောင့် ကင်ပွန်းစခန်းက သက်ဝင်လှုပ်ရှားနေလျက်ရှိသည်။
ထိုစဉ် စားသောက်ဆိုင်တစ်ခုအတွင်း
“ လေးဆက် မင်း ဘာစားမလဲ ”
“ မစားဘူး ... ငါ ဗိုက်မဆာဘူး ”
နောင်ခန့်ရဲ့အမေးကို ခပ်ဆတ်ဆတ်ပြန်ဖြေလိုက်သဖြင့် မေမြတ်က သူ့ခုံကို လေးဆက်နား တိုးရွေ့လာကာ
“ နင် တစ်ခုခုတော့စားဦးလေ လေးဆက်ရယ် ... ခုနက ရထားစီးတုန်းကလည်း နင် ဘာမှမစားထားဘူး ... တော်ကြာ အဆာလွန်ပြီး ဗိုက်အောင့်နေဦးမယ် ”
“ အေးလေကွာ ဝမ်းမနာသားလေးကလည်း ... မင်း နည်းနည်းပါးပါးတော့စားဦး ... တောင်ပေါ်တက်မဲ့ကားက ငါးနာရီခွဲလောက်မှ ထွက်မှာ ... အခုမှ သုံးနာရီခွဲပဲ ရှိသေးတယ် ”
သူငယ်ချင်းတွေ အကုန်ဝိုင်းပြောတော့မှ လေးဆက် ကော်ဖီတစ်ခွက်မှာသောက်လိုက်သည်။ မေမြတ်က အလိုက်သိစွာဖြင့် သူ စားဖို့ဝယ်လာသည့်ထဲမှ ပေါင်မုန့်တစ်ထုတ်ကို လေးဆက်အတွက် ထုတ်ပေးလာသည်။
မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့် ဈာန်က သူ့ကို အရိပ်တကြည့်ကြည့်လုပ်နေသည်။ လေးဆက်ကတော့ ဈာန်နှင့် အကြည့်ချင်းအဆုံမခံဘဲ မျက်နှာလွှဲနေကာ သူငယ်ချင်းတွေနှင့်သာ စကားပြောနေလိုက်သည်။
စိတ်ထဲမှာတော့ ခုနက ကားပေါ်မှာ ဈာန် ပြောခဲ့သည့်စကားတွေကိုပဲ တွေးနေမိသည်။ ထိုင်းမှိုင်းနေသည့်စိတ်အခြေအနေကြောင့် အခုချိန်မှာ ဈာန်နှင့် စကားမပြောချင်သေးပေ။
သဝန်တိုပြန်ပြီ။ ခြိမ်းချောက်ပြန်ပြီ။ ဈာန်က သူနှင့် ပတ်သတ်လာလျှင် အရမ်းသဝန်တိုတတ်လွန်းတာကို သိသည်။ သူ့ကို ချစ်လွန်းလို့ သဝန်တိုတာကို သိနေသော်ငြား တစ်ခါတလေကျ အရမ်းမွန်းကြပ်လွန်းသည်ဟု ခံစားရသည်။
အတိတ်တုန်းက သူ့မှာ ချစ်သူတစ်ယောက်ရှိခဲ့ဖူးသည်။ နှစ်ပေါင်းများစွာ သံယောဇဉ်ကြိုးတွေ အထပ်ထပ်ရစ်နှောင်ပြီး ဖြစ်ပေါ်လာသည့် ထိုအချစ်က သူ့အတွက် တန်ဖိုးရှိတာမှန်သော်လည်း ယခုလက်ရှိ ဈာန့်အပေါ် ထားသည့် သူ့အချစ်တွေကလည်း နည်းနည်းနောနောမဟုတ်။
ဈာန်ရောင်ခဆိုသည့်ကောင်လေးကို သူ မြတ်နိုးသည်။ ဒါကို သူကိုယ်တိုင် ဝန်မခံရသေးပေမဲ့ ဈာန်လည်း သိနေမည်မှာကျိန်းသေပင်။ ဒါနဲ့တောင် ဈာန်က သူ့ကို ဘာကြောင့်များ မယုံကြည်ပေးနိုင်ရတာလဲ။ တွေးနေရင်း ဝမ်းနည်းမိသည်။
ချစ်သူရှိခဲ့ဖူးသည့်လူမို့ အလွယ်တကူ သူများနောက် ပါသွားနိုင်တယ်လို့ ထင်နေတာလား။ စိတ်မခိုင်လောက်ဘူးလို့ မှတ်ယူလိုက်တာလား။ သစ္စာမရှိနိုင်လောက်ဘူးလို့ ယူဆလိုက်တာလား။
အပြင်ပန်းမှာ ထုတ်ဖော်မပြတတ်သည့်လူမို့ အချစ်ချင်းယှဉ်လိုက်ရင် သူ့အချစ်က တပန်းရှုံးနေသည်လားတော့ မပြောတတ်ပေ။
ဈာန့်အခြေအနေသိပ်မကောင်းတာကို မြင်နေရသည့် နေ့သစ်က ဈာန့်ကို ပခုံးချင်း တိုက်လိုက်ပြီး
“ ဟိတ်ကောင် ! ကိုလေးဆက်က ဘာဖြစ်သွားတာလဲ ... ခုနတုန်းက အကောင်းကြီးပါ ... အခုကျမှ သူ မင်းကို ဘာလို့ အဖက်မလုပ်တော့တာလဲ ”
နေ့သစ်ရဲ့အမေးကို ဈာန်က စိတ်ပျက်လက်ပျက်ဖြင့်
“ စိတ်ဆိုးသွားတာ ”
ဈာန့်ရဲ့အီလည်လည်ဖြစ်နေသည့်အသံကြီးကြောင့် လရောင် ကြိတ်ရယ်လိုက်မိသည်။ လရောင်ရဲ့ရယ်သံကိုကြားတော့ ဈာန်က အံ့ကြိတ်ပြကာ
“ မင်း ရယ်မနေနဲ့ ... မင်းလည်း ဟိုကောင့်ကို စိတ်ဆိုးနေလို့ ငါတို့နဲ့လိုက်လာတာမလား ... ပုံမှန်ဆို ဘယ်တော့မှ မလိုက်တဲ့ကောင်က အခုကျမှ ထူးထူးခြားခြား ... ”
ဒီတစ်ခေါက်ကတော့ လရောင် နင်ရမည့်အလှည့်ဖြစ်သည်။ ဈာန် အစဖော်ပေးလိုက်မှ နေ့သစ်လည်း သတိရသွားကာ
“ သူ မင်းကို ဖုန်းဆက်သေးလား လရောင် ”
နေ့သစ်ရဲ့အမေးကို လရောင် ဘယ်လိုပြန်ဖြေရမလဲ။ အဖြေမရှိပေမဲ့လည်း တစ်ခုခုတော့ ပြန်ဖြေပေးရမည်မဟုတ်လား။
“ ဟက် ! သူက ငါ့ကို စိတ်ပူတတ်တဲ့လူစားမျိုးမှ မဟုတ်တာ ... ဘယ်လိုလုပ် ဖုန်းဆက်ပါ့မလဲ ... သူကလေ ငါ သေသေရှင်ရှင် သူနဲ့ ဘာမှမဆိုင်သလိုပဲ နေမှာ ”
လရောင်ရဲ့စကားပြောအတက်အကျတွေမှာ မချိတင်ကဲဖြစ်နေသည့်အသံတို့က လှိုင်းထန်နေသည်။ လရောင်ရဲ့မျက်နှာကလည်း ရွာတော့မည့်မိုးလို မှိုင်းညှို့နေသည်။ ထို့ကြောင့် ဈာန်က အားပေးသည့်အနေဖြင့် လရောင်ရဲ့ပခုံးကို ဖက်လိုက်ပြီး
“ စိတ်မပူပါနဲ့ လရောင်ရာ ... မင်း မရှိဘဲ သူမနေနိုင်ပါဘူး ဟုတ်ပြီလား ... အခုတော့ ပျော်ပျော်ရွှင်ရွှင် ဘုရားဖူးလိုက်ဦး ”
“ အေးပါကွာ ”
ထိုကဲ့သို့ ဈာန်ရောင်ခတို့ သူငယ်ချင်းတစ်သိုက် စကားကောင်းနေကြစဉ် အမျိုးသမီးရဲ့အသံက ချိုသာသော်ငြား သူ့နားထဲမှာတော့ ငှက်ဆိုးထိုးသံလို စူးစူးဝါးဝါးဝင်ရောက်လာသည်။
“ မောင်လေး ! အစ်မတို့ ဒီမှာ ထပ်တွေ့ကြပြန်ပြီ ”
လေးဆက် ကော်ဖီသောက်နေရင်း အသံတစ်ခုကြားလိုက်ရသဖြင့် မော့ကြည့်မိသည်။
“ ဪ ... အစ်မမြတ်နန္ဒာလွင်လည်း ဒီဆိုင်မှာ စားမလို့လား ”
“ ဟုတ်တယ် မောင်လေးရေ ... တောင်ပေါ်မတက်ခင် ကြိုစားထားမလို့ ... ပြီးတော့ တောင်တက်ကားကို စောင့်ဖို့ကလည်း အချိန်လိုသေးတယ်လေ ”
“ ဒါဆို အစ်မတို့က မိန်းကလေးနှစ်ယောက်တည်း ဖြစ်နေတော့ ဒီဝိုင်းမှာ ဝင်ပေါင်းလိုက်ပါလား ”
ခင်နေသည့်လူတွေဖြစ်နေသောကြောင့် လေးဆက် ဝတ္တရားအရ လောကွတ်ပြုလိုက်သည်။ မြတ်သူကတော့ လေးဆက်ကို မသိမသာကုပ်ပြီး သူ့မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့်လူ၏တင်းမာနေသည့် မျက်နှာပေးအကြောင်း အသိပေးသည်။
လေးဆက်တို့ ထိုင်နေသည့် စားပွဲက လူ၁၀ယောက်လောက် သာသာယာယာထိုင်လို့ရသည့် စားပွဲရှည်ကြီးဖြစ်သည်။ ထိပ်ဆုံးတွင် နောင်ခန့်ထိုင်နေပြီး ညာဘက်တွင် ဥဥ၊ မေမြတ်၊ မြတ်သူနှင့် လေးဆက်တို့အစဉ်လိုက်ထိုင်နေကြသည်။ ဘယ်ဘက်တွင်တော့ ဈာန်ရောင်ခတို့ သူငယ်ချင်းသုံးဦးထိုင်နေကြသည်။
လေးဆက်၏ဖိတ်ခေါ်မှုကြောင့် ထိုအစ်မနှစ်ယောက်က သူ့ဘေးခုံများတွင် ဝင်ထိုင်လိုက်ပြီး
“ ဒါနဲ့ အစ်မ မိတ်ဆက်ပေးရဦးမယ် ... သူက အစ်မရဲ့သူငယ်ချင်း ယုယမွန်တဲ့ ”
“ ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် အစ်မယုယမွန် ”
“ မယုယလို့ပဲ ခေါ်ပါ မောင်လေးရယ် ”
“ အစ်မကိုလည်း မနန္ဒာလို့ပဲခေါ် နော် သိလား ... အစ်မနာမည်က ရှည်တော့ တော်ကြာ နာမည်ခေါ်ရတာ မောနေမှာစိုးလို့ ... ”
“ ဟုတ်ပါပြီ ... ဒါဆိုလည်း မနန္ဒာ မယုယလို့ပဲခေါ်ပါ့မယ် ... ကျွန်တော့်ကိုလည်း ရင်းရင်းနှီးနှီးခေါ်လို့ရပါတယ် ”
“ ဟုတ်ပြီ ... ဟုတ်ပြီ ... ဒါဆို အစ်မတို့ မိတ်ဆွေဖြစ်သွားကြပြီပေါ့ ”
မနန္ဒာက ရယ်ရယ်မောမောဖြင့် ပြောလာသောကြောင့် လေးဆက်လည်း အလိုက်သင့်ခေါင်းညှိမ့်ပြလိုက်သည်။
ထိုအစ်မတို့ စားသောက်ပြီး ထပြန်သွားသည့်အချိန်မှာတော့ မြတ်သူက
“ လေးဆက် ငါ သန့်စင်ခန်းသွားလိုက်ဦးမယ် ... မင်း လိုက်ဦးမလား ”
“ အင်း ... လိုက်မယ် ”
“ ဒါဆို ကျန်တဲ့သူတွေကရော ... ”
နောင်ခန့်က ခေါင်းခါပြသလို ဥဥနှင့် မေမြတ်က
“ ငါတို့ ခုနက သွားပြီးပြီ ”
တစ်ချိန်လုံး ကိုလေးဆက်ကို ရှုတည်တည်မျက်နှာပေးဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည့် ဈာန်က ချက်ချင်းဆိုသလို ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်ပြီး ကိုလေးဆက်တို့နောက် လိုက်သွားဟန်ပြင်တော့ လရောင်က အထိတ်တလန့်ဖြစ်သွားကာ
“ ဈာန် မင်း ဘယ်သွားမလို့လဲ ”
“ သန့်စင်ခန်း ”
“ ငါတို့ လိုက်ခဲ့ပေးရမလား ”
“ မလိုဘူး ! နေခဲ့ ! ”
ဈာန်ရဲ့အသံမှာ အေးစက်ပြတ်သားနေပြီး မျက်နှာထားမှာလည်း တည်တင်းနေကာ အရမ်းဒေါသထွက်နေမှန်း သိသာလွန်းသည်။
အကြံဉာဏ်လေးများ ရလိုရငြား နေ့သစ်ဘက်ကို လှည့်ကြည့်ကာ အဖော်စပ်မိတော့ နေ့သစ်က ဘာမှလုပ်လို့မရဘူးဆိုသည့်သဘောနှင့် ခေါင်းခါပြသည်။
ဒေါသကြီးတတ်၊ စိတ်မရှည်တတ်သည့် သူငယ်ချင်းတစ်ယောက် ဘာတွေ ဘယ်လိုပြဿနာရှာလာဦးမလဲဆိုတာကို တွေးရင်း လရောင် ခေါင်းတွေ တဒိန်းဒိန်းကိုက်လာသည်ကတော့ အမှန်ပင် ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဒီကျိုက်ထီးရိုးခရီးစဉ်က အသေးစိတ်ရေးမှ အဆင်ပြေမှာမို့လို့ပါနော် 😚
ဒီဝတ္ထုမှာ တတိယလူမရှိသလို ဒီအပိုင်းမှာ ပါလာတဲ့အမျိုးသမီးနှစ်ယောက်ကလည်း တတိယလူမဟုတ်ပါ ...
ပြီးတော့ သူတို့နှစ်ယောက်က တခြားဝတ္ထုကနေ ဒီဝတ္ထုကို ခဏအလည်လာတဲ့ဇာတ်ကောင်တွေပါ ... သူတို့ရဲ့မူရင်းဝတ္ထုက သက်သက်ရှိပါတယ် ... သူတို့နာမည်တွေကို ကြည့်ရင် ဖတ်ဖူးတဲ့လူတချို့လည်း ရိပ်မိလောက်မယ်ထင်ပါတယ် ...
အမှန်တော့ နာမည်အသစ်၊ လူအသစ်တွေ ထပ်ထည့်ရမဲ့အစား ကိုယ်နဲ့ ရင်းနှီးထားတဲ့လူတွေကိုပဲ ပြန်ထည့်လိုက်တဲ့သဘောပါပဲ ❤️
2:09 P.M
12.5.2021 ( Wednesday )