ည ၇နာရီအချိန်ခန့်ဖြစ်သည်။
“ ဦးလေး ရပြီ ... ကျွန်တော့်ကို ဒီနားလေးမှာပဲ ရပ်ပေးပါ ”
သူငယ်ချင်းတွေနှင့် ဆုံမည်ဟုချိန်းထားသည့် ရန်ကုန်ဘူတာကြီးထိပ်နေရာမှာပဲ တက္ကစီဦးလေးကြီးကို ရပ်ခိုင်းလိုက်သည်။
ညမိုးချုပ်ဖြစ်သော်ငြား ရန်ကုန်ဘူတာကြီးကတော့ ထုံးစံမပျက်စည်ကားနေမြဲ။ ရန်ကုန်ဘူတာကြီးအတွင်း အထုတ်အပိုးကြီးငယ်အသွယ်သွယ်နှင့် လူများကား ထွက်လာလိုက်၊ ဝင်လာလိုက်ဖြင့် ပျားပန်းခတ်တမျှ သွားလာလှုပ်ရှားနေကြသည်။
ယခု သွားမည်က နှစ်ညအိပ် သုံးရက်ခရီးစဉ်သာဖြစ်သည်မို့ အဝတ်အစားများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ ထည့်ထားသည့် လွယ်အိတ်လေးတစ်လုံးသာ သူ့မှာ ပါလာသည်။
တီရှပ်အဖြူပေါ်မှာ မီးခိုးရင့်ရောင်ဆွယ်တာအနွေးထည်လေးကို ထပ်ဝတ်ထားပြီး အနက်ရောင်ချည်သားဘောင်းဘီကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည့် လေးဆက်၏သွင်ပြင်သည် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လို လန်းဆန်းတက်ကြွနေသည်။
သူ ညွှန်ပြလိုက်သည့်နေရာ၌ တက္ကစီက ထိုးရပ်သွားသဖြင့် လွယ်အိတ်ကို ကောက်လွယ်ကာ တက္ကစီပေါ်မှ ဆင်းလိုက်သည်။ အဲဒီနောက် အကျင့်ပါနေသည့် စကားတစ်ခွန်းက သူ့နှုတ်ခမ်းမှ အလိုလိုထွက်ကျလာသည်။
“ ကျေးဇူးပဲနော် ဦးလေး ”
တက္ကစီတံခါးကို အသာအယာပြန်ပိတ်ပေးလိုက်ပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်တော့ ဘယ်သူကိုမှမတွေ့။ အဲဒါနဲ့ တစ်ယောက်တည်း အရှေ့ဘက်ကို ဆက်လျှောက်သွားပြီး မြတ်သူတို့ကို ရှာနေစဉ်မှာပင်
“ လေးဆက် ! ဟေ့ကောင်ရေ ! ငါတို့က ဒီမှာ ! ”
မြတ်သူရဲ့အသံက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။ အသံထွက်လာသည့်နေရာကို လှမ်းကြည့်မိတော့ မုန့်ဆိုင်နားတွင် ရပ်နေသည့် မြတ်သူနှင့်မေမြတ်အား တွေ့လိုက်ရသည်။ မောင်နှမနှစ်ယောက်သား အထုတ်အပိုးကိုယ်စီအပြည့်နှင့် ... ။
မဟုတ်သေး။ မြတ်သူမှာက သူ့လိုပင် လွယ်အိတ်တစ်လုံးသာ ပါလာသော်လည်း မေမြတ်ကတော့ လက်ဆွဲအိတ်က နှစ်လုံး၊ မုန့်တွေ ထည့်ထားသည့်အိတ်က တစ်လုံး၊ ပခုံးမှာ စလွယ်သိုင်းထားသည့်အိတ်က တစ်လုံးဖြင့် မျိုးစုံကြိုးခုန်ကာ တစ်ယောက်တည်းအလုပ်ရှုပ်နေသည်။
ထို့အပြင် မေမြတ် ဝတ်စားထားသည်က တကယ့်ကို ရှိုးအပြည့် ... ။ မော်ဒယ်မမတွေတောင် ဆရာတင်ရလောက်မည့်ပုံစံမျိုးဖြစ်သည်။
လက်တစ်လုံးအကျီအမည်းကို အပေါ်က ဂျင်းကုတ်ခါးတိုတစ်ထည်ထပ်ဝတ်ထားသည်။ အောက်ပိုင်းတွင်လည်း ဂျင်းဘောင်းဘီချပ်ချပ်ကပ်ကပ်ကို ဝတ်ဆင်ထားကာ ဒေါက်အနည်းပါသည့် ဖိနပ်ဖြင့် အလှကြီး လှပနေသည်။
မေမြတ်တစ်ယောက် အခုလို အလှအပတွေပြင်ဆင်လာပြီး ရှိုးထုတ်နေရသည့်အကြောင်းအရင်းကို နားမလည်နိုင်ပေ။ ညမိုးချုပ် အိပ်လိုက်သွားရမည့် လမ်းခရီးကို မေမြတ်က ဘာကြောင့်များ အသည်းအသန် အလှတွေ ပြင်လာရတာပါလိမ့်။ အိတ်တွေကို ဖရိုဖရဲကိုင်ကာ ပဲများနေသည့် မေမြတ်ကို စနောက်ချင်လာသည်မို့
“ မေမြတ် နင် အိမ်ပြောင်းလာတာလား ”
“ အိမ်မပြောင်းပါဘူး ... ဘာဖြစ်လို့လဲ ”
“ မသိရင် နင့်ပုံစံက အိမ်ပြောင်းလာတာနဲ့ တူနေတယ် ... အခုက နှစ်ညအိပ် သုံးရက်ခရီးစဉ်နော် မေမြတ် ... အထုတ်အပိုးတွေက အများကြီးပဲ ... တော်ကြာ မသယ်နိုင်ဘဲ နေဦးမယ် ”
ထိုအခါ ဘယ်အချိန်ကတည်းက သူ့အစ်မကို စိတ်ပျက်နေမှန်း မသိသည့် မြတ်သူက
“ လေးဆက်ရာ မင်းပဲ ပြောလိုက်တော့ ... ငါလည်း ဒီကို မလာခင်ကတည်းက အိမ်မှာ တစ်ချိန်လုံးပြောလာတာပဲ ... ဒီဟာမလေးကိုက နားမထောင်တာ ... ဒီလောက် အိတ်တွေအများကြီးယူလာပြီး ဘာလုပ်မှန်းကို မသိဘူး ... ပြီးရင် သူကိုယ်တိုင် သယ်တာလည်း မဟုတ်ဘူး ... ငါပဲ သယ်ပေးနေရတာ ... သူကတော့ ရှေ့မှာ ကော့တော့ကော့တော့နဲ့ ပဲများနေတယ် ”
မြတ်သူရဲ့ရှုံ့မဲ့နေသည့် မျက်နှာကြီးကို ကြည့်ပြီး လေးဆက်လည်း မထိန်းနိုင်တော့ဘဲ ရယ်ချမိလိုက်သည်။ မြတ်သူနှင့် မေမြတ်က တကယ့်ကို ကြောင်နှင့်ကြွက်။ မွေးကတည်းက မတည့်အတူနေ ရန်ဘက်တွေ။
“ မြတ်သူရာ စိတ်လျော့ပါကွာ ”
မြတ်သူရဲ့ကျောပြင်ကို ခပ်ဖွဖွပုတ်ကာ နှစ်သိမ့်လိုက်တော့ မြတ်သူက သူ့ကို လက်ခါပြပြီး
“ မလျှော့နိုင်ဘူး ဟေ့ကောင်ရေ ... အခုလည်း မင်း ကြည့်လေ ... သူက ဘုရားလည်းဖူး လိပ်ဥလည်းတူးကွ ... တစ်ခါတည်းများ လင်နောက် အပြီးလိုက်ဖို့ ကြံစည်ထားတာလား မသိဘူး ... ရန်ကုန်မှာ သူ့ကို ကြိုက်မဲ့သူမရှိလို့ ကျိုက်ထီးရိုးအထိ သွားရှာမလို့ပဲနေမှာ ... အလှတွေ ပြင်လာလိုက်တာကိုလည်း ကြည့်ဦး ”
မြတ်သူရဲ့အထိနာစေသည့်စကားလုံးများကြောင့် မေမြတ်တစ်ယောက် ဆွေ့ဆွေ့ခုန်သွားပြီး ကိုင်ထားသည့်အိတ်တွေအကုန်လုံးကို ပစ်ချကာ
“ သေနာလေး ! နင်တော့ နာချင်နေပြီထင်တယ် ... လူဆိုတာ ဘယ်နေရာမဆို လှလှပပကျော့ကျော့မော့မော့နေရတယ်ဟဲ့ ... အဲဒါမှ ကာယကံရှင်ကိုယ်တိုင်ရော ဘေးကကြည့်နေတဲ့သူတွေပါ စိတ်ချမ်းသာကြမှာ ”
“ ခွီး ! ”
လေးဆက်နှင့် မြတ်သူလည်း မေမြတ်ရဲ့ကြီးမားလှသော စကားလုံးများကြောင့် နှစ်ကောင်သား အရှိန်မထိန်းနိုင်ဘဲ အော်ရယ်မိကြလေသည်။
“ ဟား ဟား ဟား ! သေပါပြီ မေမြတ်ရယ် ... နင်ပြောလိုက်တဲ့စကားတွေက အကြီးကြီးပဲ ... နင် သတိထားဦးနော် ... စကားလုံးတွေ အပိလွန်ပြီး မြေကြီးအောက်ထဲ ဝင်သွားဦးမယ် ”
“ သေနာကောင်မြတ်သူ ! နင့်ပါးစပ်ပိတ်ထား ! ”
မေမြတ်က စနောက်ခံလိုက်ရသဖြင့် မျက်နှာကြီးစူပုတ်လာပြီး သူတို့နှစ်ယောက်ရဲ့ကျောကုန်းကို အသေအကျေလိုက်ထုနေသောကြောင့် နှစ်ယောက်သားထွက်ပြေးကာ တိမ်းရှောင်နေရသည်။ ထိုစဉ် ကျယ်လောင်သည့် တားမြစ်သံတစ်ခုကို ကြားလိုက်ရသည်။
“ ဟဲ့ ! ဟဲ့ ! နင်တို့သုံးကောင် ဘာဖြစ်နေကြတာလဲ ”
“ ဥဥ ! နင် ရောက်လာပြီလား ... ဒီမှာ ငါ့ကို သူတို့နှစ်ကောင် ဝိုင်းအနိုင်ကျင့်နေကြတယ် ... နင်မရှိတော့ ငါက သနားစရာလေး ... ကာကွယ်ပေးမဲ့သူလည်း မရှိဘူး ”
အလှောင်ခံနေရစဉ် အချိန်ကိုက်ဆိုသလို လူစွာမမ ဥဥတစ်ယောက် ရောက်လာသဖြင့် မေမြတ်က အားကိုးရသွားသည့်နှယ် ဥဥအား ပြေးဖက်ကာ သူတို့နှစ်ယောက်အကြောင်းကို တိုင်တန်းပြောဆိုလေသည်။
ဥဥကလည်း သူမရဲ့တစ်ဦးတည်းသော သူငယ်ချင်းမလေး အနိုင်ကျင့်ခံရသည်ဟုကြားသည်နှင့် အမောက်ထောင်လာကာ လေးဆက်တို့ဘက်ကိုလှည့်ပြီး ဆတ်ဆတ်ထိမခံ ရန်တွေ့လာသည်။
“ နင်တို့က ဘာဖြစ်လို့ ငါ့သူငယ်ချင်းကို အနိုင်ကျင့်နေရတာလဲ ... နှစ်ယောက်တစ်ယောက်မို့လို့ လူပါးဝတာလား ... ဘာလဲ ... ဘာသဘောလဲ ... ပြောလေ ... မကျေနပ်ရင် အခု ချမလား ”
“ ဥဥ ! ချ ! ချ ! အဲဒီနှစ်ကောင်ကို အသေလုပ်ပစ် ! ”
မေမြတ်ရဲ့မြှောက်ပေးသံကြောင့် ဥဥက သူ လွယ်လာသည့် အိတ်ကို မာန်ပါပါနှင့် ပစ်ချကာ လက်သီးလက်မောင်းတန်းပြီး စိန်ခေါ်နေသဖြင့် လေးဆက်နှင့် မြတ်သူတို့မှာ ယောင်ယမ်းပြီး အနောက်ကို ခြေတစ်လှမ်းတောင် ဆုတ်မိလေသည်။
ပြောမရဘူး။ ဒီဟာမလေးက တကယ်လှမ်းထိုးချင်ထိုးလိုက်မှာလေ။ အခုတလော သူ ဘောက်ဆင်သင်တန်းတက်ထားတယ်ဆိုပြီး မြောက်ကြွမြောက်ကြွဖြစ်နေသည်မှာ တရားလွန်ပင်။ လူကိုတွေ့တိုင်း ထိုးမယ် နှက်မယ်တကဲကဲဖြစ်နေသဖြင့် ရေခဲတုံးနောင်ခန့်ကပင် ဥဥကို တရားပြနေရသည်။
အရင်က စိတ်ပဲမြန်ပေမဲ့ အခုနောက်ပိုင်း လက်ပါ အင်မတန်သွက်လာသော ဥဥအတွက် သူတို့နှစ်ယောက်မှာ သနားစရာမြေစာပင်လေးများ မဖြစ်ချင်သဖြင့် မျက်နှာချိုသွေးကာ ချော့မော့ပြောဆိုရလေသည်။
“ ဥဥကလည်း ... ငါတို့က အလကားနေရင်းတော့ မေမြတ်ကို စပါ့မလားဟ ... နင့်သူငယ်ချင်းကိုလည်း နင် ပြန်ကြည့်လိုက်ဦး ”
မြတ်သူက ဥဥကို ကြပ်ပေးလိုက်တော့ ဥဥက မေမြတ်ဘက်ကို လှည့်လာကာ တစ်ကိုယ်လုံးကို စုံချီဆန်ချီကြည့်လာသည်။
“ ဟယ် ! ဟုတ်သားပဲ ... ငါ အခုမှ သတိထားမိတယ် ... မေမြတ် နင် ဘာလို့ အလှတွေ အရမ်းပြင်လာတာလဲ ... ညမိုးချုပ် ရထားစီးပြီး အိပ်လိုက်သွားရမှာကို ... ပြီးတော့ ပေါ့ပေါ့ပါးပါးဖြစ်တာ ဝတ်လာတာမဟုတ်ဘူးဟယ် ... နင့်ကို ကြည့်ရတာ မသက်သာလိုက်တာ ”
သူ့အစား ဆူပူပေးမလားဆိုသည့်မျှော်လင့်ချက်ဖြင့် ဥဥကို တိုင်တန်းလိုက်သော်ငြား အခု သူကိုယ်တိုင် အဆူခံနေရသဖြင့် မေမြတ် နှုတ်ခမ်းစူလာတော့သည်။
“ အဲဒီတော့ အခု ငါက ဘာလုပ်ပေးရမှာလဲ ... ချွတ်လဲပေးရမှာလား ... ချွတ်လဲရမယ်ဆိုလည်း အခုပဲချွတ်လဲလိုက်တော့မယ် ”
မေမြတ်က အပေါ်ဝတ်ဂျင်းကုတ်ကို ဆွဲချွတ်လိုက်ကာ လူမြင်ကွင်းမှာပဲ တစ်စုံလုံးချွတ်လဲတော့မည့်အသွင်မျိုးဖြစ်နေသဖြင့် ကျန်သုံးယောက်သားမှာ တွေဝေမနေနိုင်ဘဲ မေမြတ်ကို ဆွဲသည့်လူကဆွဲ အကျီပြန်ဝတ်ပေးသည့်လူက ပြန်ဝတ်ပေးနှင့် လုံးဝဂယက်ရိုက်နေကြသည်။
“ စတာပါဟ ... နင်ကလည်း ... ငါတို့မေမြတ်လေးက ဒီဝတ်စုံနဲ့ ဘယ်လောက်လိုက်ဖက်သလဲ ... ဟုတ်တယ်မလား ဥဥ ”
“ ဟုတ်တယ် ... ဟုတ်တယ် ... မေမြတ်လေးနဲ့ အလိုက်ဆုံးပဲ ”
တခြားသူတွေက မေမြတ်ကို ချီးမွန်းကာ ချော့မော့နေသော်လည်း မြတ်သူကတော့ မသိချင်ယောင်ဆောင်ကာ ဟိုကြည့်ဒီကြည့်လုပ်နေသည်။ ထိုအခါ မြတ်သူကို မျက်စိစပါးမွှေးစူးနေသည့် မေမြတ်က လက်ညှိုးငေါက်ငေါက်ထိုးကာ
“ ဟဲ့ ! ဟိုအကောင် ! နင်ကျန်သေးတယ် ... ပြောဦး ... နင့်အစ်မ ငါဝတ်ထားတာ ဘယ်လိုနေလဲ ”
မြတ်သူဆိုသည့်ကောင်ကလည်း သူ့အစ်မကို အမြင်ကပ်ကပ်နှင့် ဖြေချလိုက်သည်က
“ လှတယ် ... ဘီလူးမကြီး လူ့ပြည်ရောက်လာတာကို အဝတ်ထပ်ပတ်ပေးထားသလိုပဲ ”
“ သေနာလေး ! နင် ကိုယ့်အစ်မကို အဲဒီလိုပြောရလား ”
မောင်နှမနှစ်ယောက်၏ မဆုံးနိုင်သော စကားစစ်ပွဲကြောင့် အကုန်ရယ်မောမိကြပြန်သည်။
ခရီးထွက်ရမှာမို့လို့လားမသိ။ လူငယ်တွေပီပီ ဘာပြောပြော ဘာလုပ်လုပ် အကုန်ပျော်ရွှင်စရာကောင်းနေသည်။ လူငယ်ဘဝမှာ ထိုကဲ့သို့ သူငယ်ချင်းများ စုစုစည်းစည်းနှင့် ခရီးဝေးထွက်ဖူးလျှင် တကယ့်ကို အမှတ်တရကောင်းတွေ ကျန်ရစ်မည်မှာ အသေအချာပင်။
“ ဒါနဲ့ နောင်ခန့်က မလာသေးဘူးလား ... ရထားဆိုက်ဖို့ နာရီဝက်လောက်ပဲ လိုတော့တယ်နော် ”
ငါးယောက်မှာ လေးယောက်စုံနေပြီဖြစ်သဖြင့် လေးဆက်က ကျန်သူများကို မေးကြည့်လိုက်သည်။
“ ဒီကိုလာတုန်း လမ်းမှာ ငါ သူ့ကိုဖုန်းဆက်ကြည့်တော့ နောက်ငါးမိနစ်လောက်ဆို ရောက်မယ်လို့ပြောတယ် ”
ဥဥက သူ့ဖုန်းလေးကို ထောင်ပြပြီး ပြောသည်။
“ ဟုတ်လား ... ဒါဆို ငါ သူ့ကို ဖုန်းထပ်ဆက်ကြည့်လိုက်ဦးမယ် ”
Phone Ringing ...
“ ဟဲလို ”
“ နောင်ခန့် မင်း အခု ဘယ်နားရောက်နေပြီလဲ ... ဒီမှာ ငါတို့အကုန်စုံနေပြီ ”
“ အေး ... ငါ အခု ရောက်နေပြီ ... ငါ စီးလာတဲ့တက္ကစီက ဘူတာဝင်းထဲ ဝင်လာပြီ ... ဟော ! မင်းတို့ကိုတောင် တွေ့နေရပြီ ”
“ ဟုတ်လား ... ဒါဆိုလည်း ပြီးတာပဲ ... ငါတို့ရှိတဲ့နေရာကို မြန်မြန်လာခဲ့တော့ ... ငါတို့ စကြံန်နံပါတ်သွားရှာရဦးမယ် ... ခဏနေ ရထားက ဆိုက်တော့မှာ ”
“ အေး ... အေး ... ဒါဆို ငါ ဖုန်းချလိုက်ပြီ ”
နောင်ခန့်နှင့် ဖုန်းပြောပြီးတော့ လေးဆက်လည်း သူငယ်ချင်းတွေဘက် လှည့်ကာ
“ နောင်ခန့်က ပြောတယ် ... သူ ရောက်နေပြီတဲ့ ”
“ ဟုတ်လား ... တော်သေးတာပေါ့ ”
ခဏအကြာ လေးဆက်တို့သူငယ်ချင်းအုပ်စုရှိရာဆီသို့ အပြေးလာနေသော နောင်ခန့်ရိပ်ဖြာကို တွေ့လိုက်ရသည်။
“ နင်ကလည်း နောက်ကျလိုက်တာ ”
အနားရောက်လာသည့် နောင်ခန့်ကို မေမြတ်က ဆီးကာ ဆူပူသည်။
“ အေးကွာ ... အိမ်ကနေတော့ စောစောထွက်လာခဲ့တာပဲ ... လမ်းမှာ ငါ စီးလာတဲ့တက္ကစီက ပျက်သွားလို့ နောက်တစ်စီးငှားစီးလာရတာ ”
နောင်ခန့်က သူ နောက်ကျနေရသည့်ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလာသည်။
“ ဒါဆိုလည်း လူစုံပြီမလား ... ငါတို့ သွားကြရအောင် ”
“ အေး ... အေး ... မြန်မြန်သွားကြစို့ ... တော်ကြာ ရထားမမှီဘဲနေဦးမယ် ”
“ ဥဥ ငါတို့ရထားက စကြံန်နံပါတ်ဘယ်လောက်မှာ ဆိုက်မှာလဲ ”
“ စကြံန်နံပါတ်နှစ်မှာ ... ”
“ ဒါဆိုရင် ဒီဘက်က သွားမယ် ”
နောင်ခန့်က အနာဂတ်မှာ တိုးဂိုက်လုပ်မည့်သူပီပီ စကြံန်နံပါတ်နှစ်သို့ ချီတက်ရာလမ်းမှာလည်း ကျန်သည့်သူများအား ဦးဆောင်လမ်းညွှန်သည်။
စကြံန်နံပါတ်နှစ်ဆီသို့ သွားရာလမ်းမှာ ကျန်သည့်လေးယောက်သားက ကျောပိုးအိတ်တစ်လုံးစီနှင့်မို့ ပေါ့ပါးသွက်လက်နေသလောက် အိတ်လေးအိတ် ဒေါက်အချွန်နှင့်ဖြစ်ပျက်နေသော မေမြတ်မှာ သူတို့နောက်သို့ အမှီမလိုက်နိုင်ချေ။
“ ဟဲ့ ! နင်တို့ကလည်း ငါ့ကို စောင့်ကြဦးလေ ”
စူးခနဲထွက်လာသည့် အော်သံကျယ်ကြောင့် မြတ်သူက ဥဥကို အသာကုတ်ပြီး
“ ဥဥ သွား ... နင့်ဟာမလေးကို သွားကူလိုက်ဦး ”
“ ငါက မိန်းကလေးလေ ... အထုပ်အပိုးတွေအများကြီးမသယ်နိုင်ဘူး ... နင်တို့သုံးကောင်ပဲ သွားသယ်လိုက် ... ”
“ ဪ ... နင်က အခုကျတော့ မိန်းကလေးဖြစ်သွားပြန်ပြီပေါ့ ... ခုနကကျ ငါတို့ကို ထိုးမယ် နှက်မယ် တကဲကဲဖြစ်နေတာ ဘယ်သူလဲ ”
“ အဲဒီတော့ ဘာဖြစ်လဲ ... နင့်ပါးစပ်ကို ပိတ်ထားလိုက် မြတ်သူ ... သွား ... နင့်အစ်မကို သွားကူစမ်း ”
“ မကူနိုင်ပါဘူး ... မကူတော့ နင်က ဘာလုပ်ချင်လို့လဲ ဥဥ ”
အရေးထဲ ဥဥနှင့်မြတ်သူ နှစ်ကောင်သားက ရန်စောင်ကာ နောင်ဂျိန်ချဖို့ပြင်နေကြသေးသည်။ သူတို့မို့ ဒီလိုခရီးထွက်သည့်အချိန်မှာတောင် ရန်ဖြစ်မပျက်တာ အံ့ဩမဆုံး။ ကြားထဲက မနေနိုင်သည့်နောင်ခန့်ကသာ မေမြတ်ရဲ့အိတ်ကို သွားဆွဲပေးလိုက်ရသည်။
“ ကဲ ! ရပြီလား မယ်မင်းကြီးမ ... မြန်မြန်သွက်သွက်လျှောက် ... ”
“ အေးပါဟဲ့ ... နင်ကလည်း ... ”
စကြံန်နံပါတ်နှစ်ကို အချိန်မှီရောက်သွားတော့မှ အားလုံးစိတ်အေးလက်အေးဖြစ်သွားကြသည်။ ရထားကတော့ အခုထိ မဆိုက်သေးပေ။ အချိန်ဆယ့်ငါးမိနစ်လောက် လိုသေးဟန်ရှိသည်။
“ ဥဥ ငါတို့ခုံနံပါတ်တွေက ဘယ်လောက်လဲ ”
နောင်ခန့်က ဥဥကို လှမ်းမေးလိုက်သည်။ ပုံမှန်ဆို လေးဆက်တို့သူငယ်ချင်းအုပ်စု ခရီးထွက်တိုင်း ကားလက်မှတ် ရထားလက်မှတ်တွေကို ကြိုဝယ်ဖို့အတွက် များသောအားဖြင့် နောင်ခန့်က တာဝန်ယူတတ်သည်။ နောင်ခန့် မအားသည့်အချိန်ဆို လေးဆက်ဖြစ်စေ၊ မြတ်သူဖြစ်စေ တာဝန်ယူပေးသည်။
သို့သော် ဒီတစ်ခေါက်ကျမှ အဲဒီရထားလက်မှတ်ဝယ်သည့်တာဝန်က ဘယ်ကနေ ဘယ်လိုဖြစ်လို့ ဥဥနှင့်မေမြတ်ဆီ ရောက်သွားမှန်းမသိပေ။ လေးဆက်နှင့်မြတ်သူတောင် နောင်ခန့် ပြောပြမှ ထိုအကြောင်းကို သိရသည်။
အမေးရှိလာသဖြင့် ဥဥက သူ့ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့် ရထားလက်မှတ်တွေကို ထုတ်ကြည့်ကာ
“ ငါတို့က အထူးတွဲလက်မှတ်တွေ ဝယ်ထားတာ နောင်ခန့်ရေ ... ငါတို့ခုံနံပါတ်တွေက၂၂၊ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉ ”
ဥဥ ခုံနံပါတ်တွေ ရွတ်ပြနေတာကို နားထောင်ရင်း မြတ်သူက တစ်ခုခုကို မသင်္ကာသလို မျက်မှောင်ကြုံ့သွားသည်။
“ အိုကေ ... အိုကေ ... ရပြီ ... ဒါဆို ရထားလာရင် ငါပြောမယ်လေ ... နင်တို့တွေ အေးအေးဆေးဆေးအနားယူလိုက်ကြဦး ”
နောင်ခန့်ကတော့ အမှတ်တမဲ့မို့ ဘာမှရိပ်မိလိုက်ဟန်မတူ။ သို့သော် အရင်ဘဝက စုံထောက်ဝင်စားဟန်တူသည့် မြတ်သူက
“ ဒါနဲ့ ဥဥ ငါ နင့်ကို မေးစရာရှိတယ် ... ငါတို့က ငါးယောက်ထဲမဟုတ်ဘူးလား ... အဲဒီတော့ ရထားလက်မှတ်က ငါးစောင်ပဲရှိရမှာလေ ... အခုကျ ဘယ်လိုဖြစ်ပြီး ရှစ်စောင်တောင်ဖြစ်နေရတာလဲ ”
အဲဒီအချိန်ကျတော့မှ ဥဥက သူခိုးလူမိသွားသလို မျက်နှာက စပ်ဖြီးဖြီးဖြစ်သွားသည်။ နောင်ခန့်ကလည်း မြတ်သူပြောလိုက်မှ သတိထားမိသွားကာ ဥဥလက်ထဲမှ ရထားလက်မှတ်တွေကိုယူကြည့်ပြီး ရှစ်စောင်ဖြစ်ကြောင်းအတည်ပြုပေးသည်။
မေမြတ်ကို ကြည့်လိုက်တော့လည်း ပြုံးစိပြုံးစိနှင့်။ ကြည့်ရတာ ဥဥနှင့်မေမြတ်တို့နှစ်ယောက်ပူးပေါင်းပြီး ဒီရထားလက်မှတ်သုံးစောင်ပိုနေသည့်ကိစ္စကို ကြိုတင်ကြံစည်ထားခြင်းဖြစ်ရမည်။ လေးဆက်၊ နောင်ခန့်၊ မြတ်သူတို့ သုံးယောက်ကိုကျ ဘာတစ်ခုမှ အသိမပေးထားပဲနဲ့ပေါ့။
သူ့ရင်ထဲမှာတော့ ထိုလက်မှတ်တွေက ဈာန့်အတွက်များလားဆိုသည့် မျှော်လင့်ချက်လှိုင်းလုံးတွေက တဝုန်းဝုန်းရိုက်ခတ်နေသည်။ အဲဒီနောက် လေးဆက်လည်း ဒီအတိုင်း ငြိမ်ငြိမ်မနေနိုင်တော့သဖြင့်
“ အဲဒီပိုနေတဲ့ သုံးစောင်က ဘယ်သူအတွက်လဲ ဥဥ ”
ဥဥက သူ့အမေးကို ပြန်ဖြေဖို့ ပါးစပ်ဟလိုက်ချိန်တွင်
“ ကျွန်တော့်အတွက် ”
သူ့နောက်ကျောဘက်မှ ဩရှရှအသံက ရုတ်တရက်ထွက်ပေါ်လာသည်။ အရမ်းရင်းနှီးနေသည့်အသံကြောင့် လေးဆက် အံ့အားသင့်ပြီး ကြောင်အနေမိသည်မှာ နောက်လှည့်ကြည့်ဖို့ပင် မေ့သွားသည်အထိ။
“ ကိုကို ”
သူ့ကြောင်ပေါက်စလေးက သူ့ကို လှည့်တောင်မကြည့်ဘဲ ကျောပေးကာ တောင့်တောင့်လေးရပ်နေသည့်ပုံစံလေးကို ကြည့်ရင်း ဈာန်ရောင်ခ တော်တော်အသည်းယားနေမိသည်။ အနီးအနားမှာ လူတွေသာမရှိရင် သူ ကိုကို့ကို အတင်းအကျပ်ဖက်နမ်းမိလောက်မည်ထင်သည်။
ကျိုက်ထီးရိုးဘုရားဖူးဖို့ နှစ်ညအိပ် သုံးရက် ခရီးထွက်မှာကို သူ့ကို ကြိုမပြောဘဲ ခိုးထွက်လာသည့် ကိုကို့ကို သူ ဘယ်လို အပြစ်ပေးရမလဲ။ အခုလည်း ကြည့်။ သူ့အသံကိုလည်း ကြားရော ကိုကိုက တစ်ချက်တည်းငြိမ်ကျသွားတော့သည်။
“ ကိုကို ကျွန်တော့်ကို လှည့်မကြည့်တော့ဘူးလား ”
ဈာန်ရဲ့လက်နှစ်ဖက်က သူ့လက်မောင်းရင်းကို ဆုပ်ကိုင်လာသလို နားသယ်စပ်နားမှာလည်း ဈာန့်ရဲ့လေတိုးသံက ညင်ညင်သာသာလေးရိုက်ခတ်သွားသည်။ ထိုအခါကျတော့မှ လေးဆက်လည်း ပြန်အသိဝင်လာကာ သူ့အနောက်ကလူကို လှည့်ကြည့်မိသည်။
“ ဈာန် ”
အဲဒီနောက် ဈာန်က သူ့ရဲ့လက်မောင်းတွေကို ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလာသည်။ သူက ဈာန့်ထက် အသက်ပိုကြီးတာမှန်သော်လည်း ဈာန်က လူကောင်ပိုထွားသည့်အတွက် လေးဆက်မှာ ဈာန်နှင့်ယှဉ်ရင် သေးနေကာ အသက်ငယ်သည့်ပုံပေါက်နေသည်။
“ ဈာန် မင်းက ဘယ်လိုဖြစ်ပြီး ... ”
“ ကျွန်တော့်ကို အသိမပေးဘဲ ခရီးခိုးထွက်ဖို့ ကြံနေတဲ့လူကို လာဖမ်းတာ ”
အမေးမဆုံးခင်မှာပဲ ဈာန်က ပြန်ဖြေရင်း သူ့ပါးပြင်လေးကို ဖျတ်ခနဲနမ်းရှိုက်လာသည်။ ဈာန်ရဲ့အနမ်းက အရမ်းကိုမြန်ဆန်ကာ နူးညံ့လွန်းသဖြင့် လေးဆက်လည်း ဆွံ့အကာ ဘာတစ်ခွန်းမှပြန်မပြောနိုင်တော့။
ငါးစက္ကန့်လောက်ကြာမှ အသိဝင်လာပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်မိတော့ မေမြတ်နှင့်ဥဥက ပြုံးစိပြုံးစိဖြစ်နေကြသည်။ မြတ်သူနှင့် နောင်ခန့်မျက်နှာပေါ်တွင်တော့ လေးဆက်လိုပင် အံ့ဩမှုတို့က အထင်းသားပေါ်လွင်နေသည်။ ဈာန့်သူငယ်ချင်းတွေကလည်း သူတို့ ဘာမှမမြင်လိုက်သည့်နှယ် ဟန်ဆောင်ပြီး ဟိုကြည့်ဒီကြည့်ဖြစ်နေကြသည်။
လေးဆက်အတွက်လည်း ဒီအဆိုးလေးဆီမှ အနမ်းခံရတာက ဒါ ပထမဆုံးအကြိမ်မဟုတ်ပေမဲ့ လူအများရှေ့မှာ ဖြစ်နေသဖြင့် ရှက်သွေးဖြာကာ ပါးတွေနီရဲလာသည်။ ပိုဆိုးသွားသည်က သူ့သူငယ်ချင်းအရင်းခေါက်ခေါက်တွေရှေ့မှာ အနမ်းခံလိုက်ရသည်မို့ ... ။
အဲဒီနောက် လက်ရဲဇက်ရဲနိုင်လွန်းသည့် ဈာန်နှင့် ခပ်ဝေးဝေးနေရန် ဆုံးဖြတ်ပြီး မြတ်သူနားမှာပဲ တစ်ချိန်လုံးကပ်နေသည်မှာ ရထားဆိုက်သည်အထိပင်။
ဈာန်ရောင်ခတစ်ယောက်ကတော့ သူ့ကြောင့် ခေါင်းမဖော်နိုင်အောင် ရှက်နေရှာသည့် ကိုကို့အားကြည့်ကာ ပျော်မြူးနေသလို ရင်မောနေရသည်။
ပါးလေးနမ်းမိတာတောင် ဒီလောက်ရှက်တတ်နေရင် ကျန်တဲ့ကိစ္စတွေဆို ဘယ်လိုလုပ်မလဲ ကိုကိုရာ ...
ကျွန်တော်ကတော့ သည်းခံခြင်းပါရမီနဲ့ ပြည့်ဝမနေဘူးနော် ...
ခဏအကြာ ရထားကြီးက အချက်ပြကာ ဆိုက်ရောက်လာသည်။ ရထားရပ်သွားသည်နှင့်တစ်ပြိုင်နက် အလုအယက် ဆင်းလိုက် တက်လိုက်လုပ်နေကြသည့် လူအုပ်များကြောင့် ရန်ကုန်ဘူတာကြီးကား စည်ကားသက်ဝင်နေလျက်ရှိသည်။
“ ရထားဆိုက်လာပြီ ... မင်းတို့ ခဏနေဦး ... ငါ ရထားတွဲသွားရှာလိုက်ဦးမယ် ”
နောင်ခန့်က သူပြောစရာရှိတာ ပြောပြီးသည်နှင့် လှစ်ခနဲပျောက်သွားသည်။ ဈာန့်သူငယ်ချင်းများဖြစ်ကြသည့် လရောင်နှင့် နေ့သစ်လည်း နောင်ခန့်နောက်ကို ခပ်သုတ်သုတ်လိုက်သွားကြသည်။
မြတ်သူလည်း နောင်ခန့်နောက်ကို လိုက်သွားဖို့ကြံထားပေမဲ့ သူ့ကိုကွယ်ကာ ပုန်းနေသည့် သူငယ်ချင်းဖြစ်သူကို သတိရလိုက်သဖြင့် ပြေးလိုက်မည့် အကြံအစည်ကို လက်လျော့လိုက်ရသည်။
“ ဟေ့ကောင်တွေ ဒီဘက်ကိုလာခဲ့တော့ ... ငါတို့စီးရမဲ့ ရထားတွဲက ဒီဘက်မှာ ... ”
ခဏအကြာ နောင်ခန့်က လေးဆက်တို့ရှိရာဘက်သို့ ပြန်ပြေးလာကာ အထုတ်အပိုးတွေ ဝိုင်းသယ်ပေးဖို့ပြင်သည်။ အမှန်တော့ ကူသယ်ပေးရသည့် အထုတ်တွေကား မေမြတ်အထုတ်တွေသာ ဖြစ်သည်။ ကျန်သည့်လူများကား ကျောပိုးအိတ်တစ်ခုစီသာပါသည်။
လေးဆက်လည်း မြတ်သူနှင့်အတူ ဘေးချင်းယှဉ်ကာ ရထားတွဲဆီလျှောက်နေရင်း နောက်ကျောမလုံသလိုခံစားနေရသည်။ ဟိုအဆိုးလေးက အနောက်ကနေ သူတို့ကို စိုက်ကြည့်နေမှာ ဧကန်မုချမလွဲ။
လေးဆက်တို့ ရထားတွဲပေါ်ရောက်တော့ အထူးတွဲဖြစ်သည့်အလျှောက် ခုံတွေက နည်းနည်းအကောင်းစားဆန်နေသည်ကို တွေ့လိုက်သဖြင့် ဝမ်းသာမိသွားသည်။ ဘာပဲပြောပြောခရီးလမ်းတစ်လျှောက် သက်သက်သာသာစီးနင်းနိုင်တော့မည်မဟုတ်လား။
ရထားပေါ်တက်တော့ နောင်ခန့်က အတွဲခုံတွေကို နေရာချပေးနေသည်။ မေမြတ်နှင့်ဥဥက တစ်တွဲ၊ လရောင်နှင့်နေ့သစ်က တစ်တွဲစီဖြင့် ကိုယ့်ထိုင်ခုံနှင့်ကိုယ် ကိုယ်စီအဆင်ပြေနေကြသည်။
မေမြတ်က သူတို့ရဲ့ရှေ့ခုံတွဲမှာ ထိုင်နေသည့် လရောင်နှင့်နေ့သစ်တို့ကို လှမ်းလှမ်းကြည့်ကာ “ ငါက လရောင်လေးနဲ့ တူတူထိုင်ချင်တာလေ ” ဟုညီးညူနေသည်။ ထိုအခါ ဥဥထံမှ ဆဲသံဆိုသံများက တရဆက်ဆိုသလို ထွက်ပေါ်လာလေတော့သည်။
လတ်စသတ်တော့ ဒီနေ့ မေမြတ် အရမ်းအလှတွေပြင်လာရသည့်အကြောင်းအရင်းက သူ တိတ်တခိုးကျိတ်ပိုးနေသည့် လရောင်နှိုင်းမဲ့က ဒီခရီးစဉ်မှာ ပါလာလိမ့်မယ်ဆိုတာကို ကြိုသိနေလို့ကိုး။ မေမြတ်မှူးပိုင်တို့က တကယ့်ကို မလွယ်ကြော။
“ ကိုကို ကျွန်တော့်ဆီကို လာခဲ့ … ”
မေမြတ်ရဲ့အဖြစ်အပျက်ကို ငေးကြည့်နေတုန်း ထိုင်ခုံမှာ ဝင်ထိုင်နှင့်ပြီးဖြစ်သည့် ဈာန်က သူ့ကို လက်ကမ်းကာ ခေါ်နေသည်။ ဈာန့်အနီးကို သူ ရောက်သွားတော့
“ ကိုကိုက ပြတင်းပေါက်ဘက်မှာ ထိုင်မှာမလား ”
သူ ဝင်ထိုင်နိုင်ဖို့ ဈာန်က ခဏထပေးသည်။
ဒီကလေးက ဒါကိုလည်း သိနေပြန်တာပဲလား ...
ခရီးသွားတိုင်း လေးဆက်က ပြတင်းပေါက်ဘက်ထိုင်ခုံမှာ ထိုင်ကာ ရှုခင်းကြည့်တတ်သည်။ ပြတင်းပေါက်ဘက်ထိုင်ခုံမှာမှ မထိုင်ရလျှင် လူက မအီမသာဖြစ်ကာ တစ်လမ်းလုံးနေရထိုင်ရအဆင်မပြေတော့ပေ။ အစွဲကြီးသည်ဟုပင် ပြောရမည်လား။
လေးဆက်ရဲ့ထိုအကျင့်ကို မိသားစုဝင်များ၊ ခရီးအတူတူသွားနေကျဖြစ်သည့် သူငယ်ချင်းအရင်းများကလွဲ၍ တခြားလူတွေ မသိကြပေ။ အဲဒါကိုတောင် ဈာန်က ဘာလို့များ ဒီလောက်ထိ အသေးစိတ်သိနေရတာပါလိမ့်။
အမှန်ပြောရမည်ဆိုလျှင် ဈာန်က ကာယကံရှင်ဖြစ်သည့် လေးဆက်ကိုယ်တိုင်ထက်တောင် သူ့အကြောင်းကို ပိုသိနေဦးမည်ဟုခံစားရသည်။
အချိန်ကျလာသည်နှင့် ရထားကြီးသည် ဂျုံးဂျုံးဂျက်ဂျက်အသံမြည်ကာ ရန်ကုန်ဘူတာကြီးမှ စတင်ထွက်ခွာလေသည်။ သူတို့အထူးတွဲက လူအားလုံး ကိုယ်စီအခြေကျနေချိန်မှာ ကိုကိုတစ်ယောက်တည်း လှုပ်တုတ်လှုပ်တုတ်ဖြစ်နေသည်ကို ဈာန်ရောင်ခ သတိထားမိလိုက်သည်။
စောင်းငဲ့ကြည့်လိုက်တော့ ကိုကိုက ဘေးပြတင်းပေါက်ကို မရမကကြိုးစားဖွင့်နေသည်။ ထိုပြတင်းပေါက်မှာ ဖွင့်ရခက်ဟန်တူသည်။
“ ကိုကို ကျွန်တော် ဖွင့်ပေးမယ် ”
“ ရတယ် ဈာန် ... ငါ့ဘာသာ ဖွင့်လို့ရတယ် ”
“ ခင်ဗျား ငြိမ်ငြိမ်နေဗျာ .. မဆိုးနဲ့ ”
ပြောစကားနားမထောင်ဘဲ ခေါင်းမာလွန်းသည့် လူကို တစ်ချက်ငေါက်လိုက်တော့ ကိုကိုက သူ့ကို မယုံနိုင်သလို မော့ကြည့်လာသည်။
သူ မတ်တပ်ထရပ်လိုက်ကာ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ ပြတင်းပေါက်ပွင့်သွားသည်နှင့်တစ်ပြိုင်နက် ပြင်ပမှ အေးစိမ့်သော လေများက ရထားထဲကို အလုအယက်ပြေးဝင်လာကြသည်။
အဲဒီနောက် ကိုကို့ကို တစ်ချက်လေးမှ လှည့်မကြည့်ဘဲ နေရာမှာ ပြန်ထိုင်လိုက်သည်။ ကိုကိုနှင့် စာရင်းရှင်းရမည့်ကိစ္စရှိသေးသည်လေ။
“ ဈာန် ”
သူ့အကျီလက်ကို ကိုကိုက လှုပ်ရမ်းရင်း လေသံတိုးတိုးဖြင့် ခေါ်လာသည်။ ကိုကို ဘာလုပ်လုပ် စိတ်မဆိုးရက်သော်လည်း လူကို ဘာတစ်ခွန်းမှ မပြောဘဲ ခရီးခိုးထွက်ဖို့ကြံနေတာကိုတော့ အနည်းငယ်ဆူချင်သေးသည်မို့ ကိုကို့ကို လှည့်မကြည့်ဘဲ ခပ်တည်တည်သာ နေလိုက်သည်။
“ ဈာန် မင်း ငါ့ကို စိတ်ဆိုးနေတာလားဟင် ”
လေးဆက်ရိပ်သွင်ဆိုသည့်လူက တကယ်တတ်လည်းတတ်နိုင်သည်။ အသည်းယားလွန်းလို့ ဖက်နမ်းချင်စိတ်ကို မနည်းထိန်းနေရပါတယ်ဆိုမှ အနားမှာ လာပြီး လူကို ချော့မော့သလို အသံတိုးတိုးလေးဖြင့် အိကျိအိကျိလုပ်နေသည်။
“ ငါ့ကို စိတ်မဆိုးပါနဲ့ ”
မရတော့။ တင်းထားသည့်စိတ်တွေက စက္ကန့်ပိုင်းအတွင်းမှာ အလိုလိုပျော့ကျသွားတော့သည်။
“ ကိုကို ခရီးသွားမယ်ဆိုတာ ကျွန်တော့်ကို ဘာဖြစ်လို့ မပြောတာလဲ ”
သူ့ဆီက တုံ့ပြန်မှုကို ကြားလိုက်ရချိန်မှာတော့ ကိုကို့ရဲ့ဖျော့တော့နေသည့် မျက်နှာလေးက အရောင်နည်းနည်းပြန်တက်လာသည်။
“ ကိုကို့အတွက် ကျွန်တော်က အဲဒီလောက်တောင် အရေးမပါဘူးပေါ့ ”
သူ့ထံမှ နောက်ဆက်တွဲစကားလုံးကို ကြားလိုက်ရသည့်အခါမှာတော့ ကိုကိုက အထိတ်တလန့်ဖြစ်သွားကာ လက်လေးတခါခါဖြင့်
“ ဈာန် မင်း အဲဒီလို မတွေးနဲ့နော် ... အဲဒါကလေ ငါ ရှင်းပြမယ် ... အစက ငါ မင်းကို ခေါ်မလို့ပဲ ... ဒါပေမဲ့ မင်းက ခရီးသွားရတာကို မကြိုက်တော့ ငါလည်း မင်းကို မပြောပြမိတာ ”
ကိုကိုက မျက်နှာငယ်လေးဖြင့် အသည်းအသန်ရှင်းပြလာသည်။ ကိုကို့ကို ကြည့်ကာ ဈာန်ရောင်ခ သက်ပြင်းအသာချလိုက်ရင်း
“ ကျွန်တော်က ခရီးသွားရတာကို မကြိုက်ပေမဲ့ ကိုကိုနဲ့ အတူရှိနေရတာကိုတော့ အရမ်းသဘောကျတယ် ”
“ ဈာန် ”
“ အဲဒါကြောင့်မို့ နောက်တစ်ခါ ကိုကို ဘယ်သွားသွား ဘာလုပ်လုပ် ကျွန်တော့်ကို ပြောပြပါ ”
“ ငါ ... ”
“ ကျွန်တော်ကလေ ကျွန်တော့်ဘာသာ စုံစမ်းလို့ သိရတာထက် ကိုကိုကိုယ်တိုင် ဖွင့်ပြောတာကို လိုချင်တဲ့ကောင်မို့လို့ နောက်တစ်ခါ ဘယ်ကိစ္စကိုမဆို ကျွန်တော့်ကို ပြောပြပါ ... အဲဒါလေးကိုတော့ ကိုကို ကျွန်တော့်ကို ကတိပေးနိုင်မယ်မလား ”
“ အင်း ... ငါ ကတိပေးတယ် ဈာန် ... နောက်တစ်ခါဆို ငါ ဘယ်သွားသွား ဘာလုပ်လုပ် မင်းကို ပြောပြမယ်နော် ”
ဈာန်ရောင်ခကတော့ သူဖြစ်ချင်သည့်အတိုင်းဖြစ်လာရသည့်အတွက် နှုတ်ခမ်းထောင့်စွန်းက တစ်ချက်ပြုံးသွားသည်။ ထို့နည်းတူ ကိုကို့ဆီမှာလည်း အပြုံးတစ်ပွင့်နှင့် ... ။
ရထားကြီးက တရိပ်ရိပ်ခုတ်မောင်းနေသည်။ မြို့ပြလူနေမှုကို ကျော်လွန်လာတော့ တောရိပ်တောင်ရိပ်တို့ လွှမ်းမိုးလာသဖြင့် အေးစိမ့်မှုကို သိသိသာသာခံစားရသည်။ လမ်းတစ်လျှောက်မှာလည်း အမှောင်ထုတို့က နေရာအနှံ့စိုးမိုးထားလျက်ရှိသည်။
ထိုဗလာနတ္ထိမှောင်အတိဖြစ်နေသည့် ပြင်ပလောကကို ပြတင်းပေါက်ကနေတဆင့် ငေးကြည့်နေသည့် လူသားကား နူးညံ့သိမ့်မွေ့မှုတို့ဖြင့် အလုံးစုံခြယ်မှုန်းထားခြင်းခံရသည့် သက်ဝင်ပန်းချီကားလေးသဖွယ် ... ။
ပြတင်းပေါက်ကနေ ဖြတ်သန်းဝင်ရောက်လာသည့် လေပြည်အေးများက ကိုကို့ရဲ့မျက်နှာကို ထိတွေ့ပြီးမှ သူ့ရဲ့မျက်နှာကို တဆင့်ရိုက်ခတ်လာသည်။
အေးစက်နေသည့် ကိုကိုရဲ့လက်လေးတစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ သူ့လက်ထဲမှာ ကိုကို့လက်လေးက မြုပ်သွားသလိုဖြစ်နေခဲ့သည်။
ထိုအခါ ကိုကိုက ပြင်ပကို ငေးကြည့်နေရာမှ သူ့ကို လှည့်ကြည့်လာသည်။ ကိုကိုက ဘာတစ်ခွန်းမှ မပြောသလို သူ့ဆီမှလည်း ဘာအသံမှထွက်မလာ။ ခဏအကြာ ကိုကိုရဲ့အကြည့်တွေက ပြင်ပရှုခင်းတွေဆီ ပြန်ရောက်သွားသည်။
သူတို့နှစ်ဦးကြားမှာ ပြောစရာစကားလုံးကင်းမဲ့နေသော်ငြား နွေးထွေးမှု၊ နားလည်မှုတို့ကမူ အပြည့်အနှက် ... ။
နာရီ မိနစ်လက်တံတွေ ရွေ့လျားတာ များလာသည်နှင့်အမျှ ရထားအတွင်းမှာလည်း လူတော်တော်များများ အိပ်မောကျသွားကြသည်။
ဈာန်ရောင်ခကတော့ သူ့အသက်ထက် မြတ်နိုးရသူလေးကို တမြေ့မြေ့ငေးမောရင်း ...
ကိုကိုက ပြင်ပရှုခင်းတွေကိုပဲ ကြည့်နေသလို ကျွန်တော်ကလည်း ကိုကို့မျက်နှာတစ်ခုတည်းကိုပဲ တစ်ချိန်လုံးစိုက်ကြည့်နေခဲ့တာ ...
ကိုကို့မျက်နှာပေါ်မှာ ဖြစ်ပေါ်လာတဲ့ သေးသေးမွှားမွှားအပြောင်းအလဲလေးတွေကို လေ့လာမယ် ...
အသက်ရှူလိုက်တာကအစပေါ့ ...
လေတိုက်လို့ အေးလာတဲ့အခါ ကိုယ်လုံးလေး ကျုံ့သွားတာမျိုး ...
တစ်ချက်တစ်ချက် နှာချေလိုက်တာမျိုး ...
အေးလို့ နှာဖျားလေးတွေ၊ ပါးလေးတွေရဲတက်လာတာမျိုး ...
အိပ်ချင်လာလို့ သမ်းဝေနေတာမျိုး ...
နောက်ဆုံး မျက်လုံးလေးမှိတ်ချပြီး အိပ်ပျော်သွားတာမျိုး ...
အစကနေ အဆုံးအထိ ကိုကိုနဲ့ပတ်သတ်သမျှ အရာတိုင်းကို တစ်ချက်မှ မလစ်ဟင်းသွားအောင် လေ့လာနေမိတယ် ...
ကျွန်တော် ပြောဖူးတယ်မလား ...
ကျွန်တော်က ကိုကိုအထူးပြုဘွဲ့ယူမဲ့ကောင်ပါဆို ...
ကိုကို လုံးဝအိပ်မောကျသွားသည်အထိ စောင့်ကြည့်ပြီးမှ ပြတင်းပေါက်ဘက်သို့ ယိုင်ကျနေသည့် ကိုကို့ရဲ့ခေါင်းလေးကို အသာအယာဆွဲယူပြီး သူ့ပခုံးပေါ် မှီခိုင်းထားလိုက်သည်။
ထိုအခါ ကိုကို့ရဲ့ကျန်လက်တစ်ဖက်က သူ့လက်မောင်းကို အလိုလို ဖက်တွယ်လာသည့်အတွက် ဈာန်ရောင်ခရဲ့မျက်နှာပေါ်မှာ ကြည်နူးခြင်းအပြုံးနုနု ရိပ်ခနဲဖြတ်ပြေးသွားသည်။
ကိုကို အိပ်ပျော်နေတာကို တမေ့တမောငေးကြည့်နေရင်း ကိုကို့ရဲ့ဆံနွယ်လေးတွေကြား တိုးဝင်ကာ မြတ်မြတ်နိုးနိုးနမ်းရှိုက်လိုက်သည်။
သူ့ရဲ့လက်ကတော့ အေးစက်နေသည့် ကိုကို့ရဲ့လက်ဖဝါးပြင်ကို တစ်ချိန်လုံးဆုပ်ကိုင်ထားလျက် ထိုလူသားအား အနွေးဓာတ်ပေးကာ ကောင်းမွန်စွာအိပ်စက်စေခဲ့သည်။
သူ့ရဲ့စစ်မှန်တဲ့မေတ္တာရိပ်ကြောင့် လေးဆက်ရိပ်သွင်အမည်ရတဲ့ ဒီလူသား ထာဝရ နွေးထွေးနိုင်ပါစေ ...
4:35 P.M
9.5.2021 ( Sunday )