“ လေးဆက် အခြေအနေ ဘယ်လိုလဲ ”
စာမေးပွဲခန်းထဲက ထွက်ထွက်ချင်း အရှေ့မှာစောင့်နေသည့်မြတ်သူက လှမ်းမေးတော့ လေးဆက် ဘာတစ်ခွန်းမှ မပြောဘဲ လက်ဖြင့်သာ အိုကေကြောင်း အချက်ပြလိုက်သည်။
“ ဒါနဲ့ မေမြတ်ရော ... ”
“ ထုံးစံအတိုင်းပဲ ... ထွက်မလာသေးဘူး ”
သူ့အဖြေကြောင့် စာမေးပွဲခန်းဘက်ကို မှုန်ကုတ်ကုတ်မျက်နှာထားနှင့် စိုက်ကြည့်လိုက်သည့် မြတ်သူရဲ့မျက်နှာအနေအထားက ရယ်ချင်စရာကောင်းလှသည်။ လေးဆက်လည်း မြတ်သူရဲ့ကျောကုန်းကို ခပ်ဖွဖွပုတ်ကာ
“ ဒီနေ့က နောက်ဆုံးနေ့ပဲဟာ ... ခဏလောက် သည်းခံပြီး စောင့်လိုက် ... အရင်နေ့တွေတုန်းကလည်း စောင့်လာခဲ့တာပဲကို ... ”
“ အမြဲတမ်း အဲဒီဟာမလေးကို စောင့်နေရတာချည်းပဲ ... ဘာတွေကို ဒီလောက်တောင် ကုန်းဖြေနေလဲမသိဘူး ”
“ စိတ်လျော့ ဖေ့သားကြီး ... စိတ်လျော့ ... ”
လေးဆက်လည်း မြတ်သူတို့မောင်နှမအဖြစ်ကို ကြည့်ကာ ရယ်နေရင်းမှ တစ်ဖက်ကလည်း မြတ်သူကို စိတ်ပြေအောင်လုပ်ရသေးသည်။ စိတ်မပြေလို့လည်းမရ။ ဒီနေ့က ရေးဖြေစာမေးပွဲနောက်ဆုံးနေ့ဖြစ်၍ လေးဆက်တို့အားလုံး လွတ်လပ်ပေါ့ပါးနေကြသည်။
အခုလည်း စာမေးပွဲဖြေပြီးအပြန်တွင် လေးဆက်တို့သူငယ်ချင်းတစ်သိုက် တိုင်ပင်ဆွေးနွေးစရာကိစ္စအကြီးကြီးရှိသည်။ ထို့ကြောင့် ဈာန်ကိုတောင် ဒီနေ့ လာမကြိုဖို့ ကြိုပြောထားရသည်။ အဲဒါကို ဒီနှစ်ယောက်သာ အချိန်တိုင်း ထပြီးရန်သတ်နေမယ်ဆိုရင် ဒီတစ်သက်တော့ သူတို့ဆွေးနွေးလို့ပြီးပါဦးမလား။
ခဏကြာတော့ စောင့်ရကျိုးနပ်အောင် မေမြတ်က ကော့တော့ကော့တော့နှင့် အခန်းပြင်ထွက်လာသည်။ မြတ်သူ စိတ်မရှည်ဖြစ်နေတာကို သိနေသည့်မေမြတ်ကလည်း သူတို့ကို အဖတ်ပင်မလုပ်ဘဲ ရှေ့ဆုံးကနေ ကျောင်းထွက်ပေါက်သို့ ဦးတည်သွားသည်။ ထို့ကြောင့် မြတ်သူမှာ ပို၍ပင် ဒေါသပုန်ထကာ သူ့ကို လာတိုင်တန်းတော့သည်။
“ လေးဆက် မင်း တွေ့လား ... မင်းဟာမလေး ဘယ်လိုအချိုးချိုးသွားလဲဆိုတာကို မင်း တွေ့လား ”
“ အေးပါ ... အေးပါ ... မင်းကလည်း စိတ်ကြီးပဲ ... လာ သွားရအောင် ”
လေးဆက်လည်း စိတ်တိုနေသည့်မြတ်သူလက်ကို ဆွဲကာ မေမြတ်နောက်ကို အမှီပြေးလိုက်ရသည်။ ထို့နောက် သုံးယောက်သား တက္ကစီတစ်စီးငှားပြီး မြန်မာပလာဇာဘက်သို့ ထွက်လာခဲ့ကြသည်။ ဒါတောင် ကားပေါ်တွင် သူ့ကို အလယ်မှာထားပြီး ဘေးနှစ်ဖက်က ရန်သတ်နေကြသည်ကိုလည်း နားမခံနိုင်စွာ ကြိတ်မှိတ်သည်းခံခဲ့ရသေးသည်။
Ice Berry ထဲဝင်လိုက်တော့ မုန့်ကိုယ်စီနှင့် လေပစ်ပြီးစောင့်ဆိုင်းနေကြသူတွေက နောင်ခန့်နှင့် ဥဥ။ လေးဆက်တို့ ဆိုင်ထဲဝင်လာတာကို တွေ့တော့ နောင်ခန့်က လက်လှမ်းပြပေမဲ့ ဥဥကတော့ ပါးစပ်ထဲ မုန့်အပြည့်ရှိနေသဖြင့် ဘာတစ်ခွန်းမှ လှမ်းမဟနိုင်ပေ။
လေးဆက်တို့ သုံးယောက်လည်း ဆာလောင်နေသည့် ဝမ်းဗိုက်ကို ဖြည့်တင်းရန်အလို့ငှာ မုန့်သွားမှာလိုက်ကြပြီးမှ ထိုင်ခုံမှာ ကိုယ်စီဝင်ထိုင်လိုက်ကြသည်။ နေရာမှာ လူစုံသွားတော့ မေမြတ်က
“ ဘယ်အချိန်သွားကြမလဲဆိုတာကို ဆုံးဖြတ်ပြီးပြီလား ”
မေမြတ်ရဲ့အမေးက အစမရှိ အဆုံးမရှိပေမဲ့ လေးဆက်တို့အားလုံးကတော့ မေမြတ် ဘာကိုဆိုလိုချင်သလဲဆိုတာကို နားလည်သည်။
“ နောက်အပတ်လောက်မှ သွားကြမယ်လေ ... အခုက ငါ တက်လက်စသင်တန်းက မပြီးသေးလို့ ... ”
နောင်ခန့်က သောက်လက်စအအေးကို စားပွဲပေါ်ချလိုက်ရင်း မေမြတ်ရဲ့အမေးကို ပြန်ဖြေသည်။
“ မနှစ်ကတော့ ငါတို့ ပုဂံကို သွားကြတာနော် ... အဲဒီတုန်းကဆို တော်တော်ပျော်ဖို့ ကောင်းတာ ... တည်းခိုခန်းခလည်း မကုန်ဘူး ... အစားအသောက်ဖိုးလည်း မကုန်ဘူး ... အဟိ နောင်ခန့်လေးရဲ့ကျေးဇူးကြောင့် ... ”
“ ကပ်စေးနည်းမ ”
မေမြတ်က အတိတ်ကို လွမ်းဆွတ်တမ်းတစွာ ပြောနေတုန်း မြတ်သူက သူ့အစ်မကို မကျေနပ်သည့် စိတ်အခံဖြင့် ဝင်ဖဲ့သည်။ ကျန်သည့် လူများကတော့ မောင်နှမနှစ်ယောက်၏မဆုံးနိုင်သော ရန်ပွဲတွေကြားထဲမှာ ပရိတ်သတ်သာသာပင်။
မနှစ်က နောက်ဆုံးစာမေးပွဲကြီးပြီးသည်နှင့်တစ်ပြိုင်နက် လေးဆက်တို့သူငယ်ချင်းငါးယောက်လုံး ပုဂံသို့ စိတ်အပန်းပြေခရီးထွက်ခဲ့ကြသည်။ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ပုဂံဒေသက နောင်ခန့်ဖခင်၏မွေးရပ်မြေဖြစ်သလို နောင်ခန့် မွေးဖွားရာ ဇာတိချက်ကြွေအရပ်ဒေသလည်းဖြစ်၏။
လေးဆက်တို့ ပုဂံရောက်တိုင်းလည်း ပုဂံအိမ်မှာ လက်ရှိနေနေသည့် နောင်ခန့်ရဲ့ကြီးဒေါ်ဝမ်းကွဲက ပုဂံသား ညိုညိုမောင်းမောင်း နောင်ခန့်ဖခင်နှင့် ရန်ကုန်သူ ချောချောလှလှ ဆရာဝန်မလေး နောင်ခန့်မိခင်တို့ ဒီပုဂံမြေမှာ ဘယ်လိုဖူးစာဆုံခဲ့ကြကြောင်းကို ပြောပြလွန်းသဖြင့် သူတို့တောင် အလွတ်ရနေပြီဖြစ်သည်။
ပုဂံဒေသမှာ နောင်ခန့်တို့က ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ခြံမြေရှိသဖြင့် လေးဆက်တို့ အလည်အပတ်သွားတိုင်း ထိုအိမ်မှာပဲ တည်း၊ ထိုအိမ်မှာပဲ စားသောက်ကြသဖြင့် ငွေကြေးအကုန်အကျ တော်တော်သက်သာလေသည်။ ထို့ကြောင့်ပင် မေမြတ်က ပုဂံခရီးစဉ်ကို အရမ်းသတိရလွမ်းဆွတ်နေခြင်းဖြစ်သည်။
“ ဒါနဲ့ ငါတို့ ရထားနဲ့ပဲ သွားကြမလား ... ကားနဲ့ကျတော့ နည်းနည်းရိုးတယ်လေ ”
ပန်းကန်ထဲမှာ မုန့်တွေ တစ်ခုမှမကျန်အောင် စားပြီးသွားသည့် ဥဥက အခုကျမှပဲ ဆွေးနွေးပွဲထဲ ဝင်ပြောလာသည်။
“ ရတယ်လေ ... ဒါဆို ငါ ရထားလက်မှတ်ကြိုဝယ်ထားလိုက်မယ် ”
ဧည့်လမ်းညွှန်သင်တန်းတက်နေသည့် နောင်ခန့်ကလည်း ထိုခရီးစဉ်အတွက် တက်ကြွနေသလို ကျန်လေးယောက်ကလည်း အကုန်ခေါင်းချင်းဆိုင်ကာ ခရီးစဉ်နှင့်ပတ်သတ်သမျှ အလုံးစုံတိုင်ပင်နေကြသည်။
တစ်နာရီကျော်ကျော်ခန့်အကြာတွင် ကန့်ကွက်မည့်သူမရှိသည့် စကားဝိုင်းလေးက အရာအားလုံးချောချောမွေ့မွေ့နှင့် ပြီးဆုံးသွားလေသည်။ အဲဒီနောက်မှာတော့ မုန့်ထပ်မှာသူက မှာ၊ လေပစ်သူက ပစ်ဖြင့် အရာအားလုံးက နေသားတကျ ... ။
သို့သော် နေသားမကျဘဲ တလှုပ်လှုပ်ဖြစ်နေသူတစ်ယောက်ကား လေးဆက်ရိပ်သွင်။ အဲကွန်းလေကြောင့် အေးစိမ့်စိမ့်ဖြစ်နေသည့် ဆိုင်ထဲမှာတောင် လေးဆက်တစ်ယောက် အနည်းငယ် ဇောချွေးပြန်နေသည်။ ချွေးစေးပြန်နေသည့် လက်ဖဝါးနှစ်ဖက်ကို အပြန်အလှန်ပွတ်တိုက်ကာ အားယူလိုက်ပြီးနောက်
“ ဟိုလေ ... ငါ မင်းတို့ကို ဝန်ခံစရာရှိတယ် ”
“ အေး ပြောလေ ... ဘာပြောမလို့လဲ ”
အကုန်လုံးက ပြောလက်စ စကားတွေကို ရပ်ကာ သူ့ကို အာရုံစိုက်လာကြသဖြင့် လေးဆက် နေရထိုင်ရခက်လာသည်။ သို့ပေမဲ့လည်း ဒီနေ့တော့ မဖြစ်ဖြစ်အောင် ပြောပြမည်ဟု ဆုံးဖြတ်ထားသဖြင့်
“ အင်း ... ငါ ... ”
အားတင်းကာ ဆက်ပြောမည့် စကားလုံးများက သူ့ကို စိုက်ကြည့်နေကြသည့် မျက်လုံးလေးစုံအောက်တွင် ပျောက်ရှသွားကာ ဘာဆက်ပြောလို့ ပြောရမယ်မှန်း မသိတော့ပေ။
“ ဟဲ့ ! မြန်မြန်ပြောလေ ... နှေးတိနှေးတုံ့နဲ့ ... ”
ဥဥက စားပွဲပေါ်တင်ထားမိသည့် သူ့လက်ကိုပါ တဖြတ်ဖြတ်လာရိုက်ကာ အလျင်စလိုဆော်ဩနေသည်မို့ လေးဆက်လည်း သက်ပြင်းဖွဖွချလိုက်ပြီး
“ ငါ ဈာန်ရောင်ခကို အဖြေပြန်ပေးမယ်လို့ ပြောထားတယ် ”
ဖြစ်ချင်ရာဖြစ်ဟု တွေးကာ မျက်လုံးစုံမှတ်ပြီး ပြောချပစ်လိုက်သည်။
“ ဘာရယ် လေးဆက် ... မင်းက သူ့ကို အဖြေပြန်ပေးတော့မယ်ဟုတ်လား ... အစက မင်းပဲ သူ့ကို ငြင်းထားတာမဟုတ်ဘူးလား ... အခုကျမှ ဘယ်က ဘယ်လိုဖြစ်လို့ အဖြေပြန်ပေးတဲ့အဆင့်အထိ ရောက်သွားရတာလဲ ”
တစ်ချိန်လုံးတိတ်ဆိတ်နေသည့် မြတ်သူက အခုကျမှ အံ့အားတကြီးဖြင့် ပါးစပ်ပွင့်ဟလာသလို မေးခွန်းတွေကလည်း သူ့ဆီ အကုန်စုပြုံဝင်လာသည်။
“ အင်း ... အဲဒါက အဲဒီလိုဖြစ်သွားတယ် ”
လေးဆက် မပီမပြင်အနေအထားနှင့် ပြန်ဖြေလိုက်သည်။ ဒီထက်ပိုပြီးလည်း ဆက်မပြောချင်တော့။ ဈာန့်ကို မုန်းတယ် သဘောမကျဘူးဟု အတန်တန်ငြင်းဆိုခဲ့ပြီးမှ အခုလို အဖြေပေးတော့မဲ့အခြေအနေထိရောက်သွားသည့်အထိ သူငယ်ချင်းတွေကိုလည်း အကျိုးအကြောင်းပြောပြရမှာ မျက်နှာပူနေမိသည်။
“ နေပါဦး ... နေပါဦး ... ဒါက ဘယ်လိုဖြစ်တာလဲ ... ပြီးတော့ ငါကရော ဘာလို့ မသိလိုက်တာလဲ ”
“ နင်မပြောနဲ့ မေမြတ် ... ဒင်းနဲ့ အနီးကပ်နေတဲ့ ငါတောင် မသိဘူး ... ဒါနဲ့ နေပါဦး ... လေးဆက် မင်း အခုတလော ပျောက်ပျောက်သွားတာ ဈာန်ရောင်ခနဲ့ သွားချိန်းတွေ့နေတာလား ”
စုံထောက်တစ်ယောက်လို လေးဆက်ရဲ့လှုပ်ရှားမှုအမျိုးမျိုးအဖုံဖုံကို အမြဲမျက်ခြေမပြတ်စောင့်ကြည့်ထားသည့် မြတ်သူကလည်း သူ မယုံသင်္ကာဖြစ်နေသည့်အချက်ကို မေးလာသည်။ တကယ့်အဖြစ်မှန်ကလည်း မြတ်သူပြောသည့်အတိုင်းပင် ဖြစ်နေသည်မို့ အမှန်အတိုင်းဝန်ခံရုံမှအပ အခြားမရှိတော့ပေ။
“ အင်း ... ဟုတ်တယ် ... ငါ သူနဲ့ သွားတွေ့တာ ”
“ ဟယ် လေးဆက်ရိပ်သွင်လေးရယ် ... အချစ်နဲ့တွေ့တော့ ဉာဏ်နီဉာဏ်နက်တွေတောင် ထုတ်တတ်လာပြီပေါ့ ဟုတ်လား ”
မေမြတ်က ရယ်ချင်ပက်ကျိဖြစ်စွာဖြင့် ဝင်ပြောလာသည်။ ဒီတစ်ခါကျ မောင်နှမနှစ်ယောက်ပေါင်းကာ သူ့ကို ဝိုင်းအမဲဖျက်ရန် ကြံနေပြီထင်သည်။
နောင်ခန့်ကတော့ နည်းနည်းအံ့ဩသွားရုံမှအပ ဘာတစ်ခုမှ အပိုအလိုမေးမြန်းလာခြင်းမရှိပေ။ သူ့ထုံးစံအတိုင်း လေကုန်မခံတော့ဘဲ ကျန်သုံးယောက် ဝိုင်းမေးသမျှကို နားထောင်ဖို့ ကြံနေဟန်ရှိသည်။
“ ဒါနဲ့ နင်က ဘယ်လိုဖြစ်ပြီး သူ့ကို ပြန်ကြိုက်သွားတာလဲ လေးဆက် ”
ဒီတစ်ခေါက် အလှည့်ကျမေးမြန်းလာသူကတော့ ဥဥ။ တကယ့်ကို အတည်ပေါက်ကြီး မေးလာခြင်းဖြစ်သည်။
ဥဥရဲ့မေးခွန်းကြောင့် အကြည့်တွေအားလုံးက လေးဆက်ထံ စုပြုံရောက်ရှိလာသည်။ စားပွဲပေါ်မှာရှိနေသည့် အေးစက်စက်ကော်ဖီခွက်ကို ကောက်ကိုင်ကာ သောက်နေရင်း လူက ချွေးသီးချွေးပေါက်တောင် ကျလာသည်။
“ ဟဲ့ ! ဟဲ့ ! မေးနေတာကို ဖြေလေ ... ခိုးလုပ်တုန်းက လုပ်ပြီးတော့ အခုကျမှ ဘာလို့ဖြေဖို့တွန့်ဆုတ်နေတာလဲ ”
ဥဥက အသံကျယ်ကြီးဖြင့် ထအော်လိုက်သဖြင့် ကော်ဖီခွက်ကို ကိုင်ထားသည့်လက်တောင် အနည်းငယ်တုန်ချင်သွားသည်။ မေမြတ်ကလည်း ဥဥရဲ့အပြောကို ထောက်ခံသလို ခေါင်းတဆတ်ဆတ်ညှိမ့်လာသည်။
ကျန်ယောကျာ်းဘသားနှစ်ယောက်မှာလည်း ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ဘာသိဘာသာနှင့် အခြေအနေကို စောင့်ကြည့်နေကြသည်။
“ ငါ ... ငါက ... ”
“ အေး ... ငါက ဘာဖြစ်လဲ ... ဆက်ပြောလေ ”
“ ငါ မသိဘူး ”
“ ဟမ် ! ”
“ ဈာန့်ကို ဘယ်အချိန်မှာ သဘောကျမိသွားလဲဆိုတာကို ငါ တကယ်မသိတာ ”
“ ဟယ် လေးဆက်ရယ် ”
သူ့အဖြေကြောင့် ကျန်လူတွေအားလုံး ဆွံ့အသွားပုံပေါ်သည်။ နောက်တော့ သူ အနေရခက်နေသည်ကို ရိပ်မိသွားကြ၍လား မပြောတတ်။ ထိုကိစ္စနှင့် ပတ်သတ်ပြီး ထပ်မမေးတော့ပေ။
လေးဆက်ကတော့ သူငယ်ချင်းတွေကို ဖုံးကွယ်ထားမိသည့်ကိစ္စကို ကိုယ်တိုင်ဝန်ခံလိုက်ရသည့်အတွက် တော်တော်စိတ်ပေါ့ပါးသွား၏။
ဈာန် ... မင်းအတွက် ငါ ပိုသတ္တိရှိလာပြီထင်တယ်သိလား ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဒီနေ့ကား Oral Test ဖြေဆိုရသည့်နေ့ ... ။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၏ ရင်ထိတ်ရဆုံးစာမေးပွဲဟုဆိုရင်လည်း မမှားပေ။ ရေးဖြေစာမေးပွဲဖြေပြီး နောက်ဆုံးအနေနှင့် ဖြေဆိုရသည့် နှုတ်ဖြေစာမေးပွဲလည်း ဖြစ်သည်။ Listening & Speaking ဘာသာရပ်ထဲမှ အမှတ် ၂၀ ပေးသည်မို့ လူတိုင်း မဖြစ်မနေလာဖြေဆိုကြသည်။
စာမေးပွဲခန်းထဲမှ ထွက်လာပြီးပြီးချင်း လေးဆက် ရင်ထဲမှ အပူလုံးကြီးက ပြုတ်ကျသွားကာ တစ်ကိုယ်လုံးပေါ့ပါးလန်းဆန်းသွားသည်။ သူနှင့် အတူကျသည့် တီချယ်နှစ်ယောက်က သဘောကောင်းသည်မို့ ထိုနှုတ်ဖြေစာမေးပွဲကို အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်ခဲ့သည်လေ။
“ ကိုကို ကျွန်တော် ဒီမှာ ... ”
ဈာန်က LRC ဆောင်ရှေ့က အုတ်ခုံတန်းလေးမှာ ထိုင်နေရင်း သူ ထွက်လာတာကိုလည်း မြင်ရော လက်လှမ်းပြသည်။ ဈာန့်ကို တွေ့လိုက်သည်မို့ ဈာန့်အနီးနားလျှောက်သွားလိုက်ကာ
“ ဖြေနိုင်ရဲ့လား ဈာန် ”
“ နည်းနည်းခက်ပေမဲ့လည်း အိုကေပါတယ် ... ဒါနဲ့ ကိုကိုရော ... ”
“ ငါလည်း ဖြေနိုင်တယ် ”
“ ဒါဆို ကျွန်တော်တို့ ပြန်ကြရအောင် ... ကိုကို လမ်းလျှောက်ချင်တယ်ပြောလို့ ကျွန်တော် ဒီနေ့ ကားမယူလာခဲ့ဘူး ”
“ ဈာန်က လိမ္မာလိုက်တာ ”
ကိုကိုက သူ့ခေါင်းကို ဖွဖွလေးပုတ်ကာ ချီးမွမ်းလာသဖြင့် ဈာန်ရောင်ခ မပြုံးဘဲ မနေနိုင်တော့။
တကယ်ပါပဲ ကိုကိုရယ် ... ခင်ဗျား ဘယ်လိုအပြုအမူလေးပဲ လုပ်လုပ် ကျွန်တော်က မြတ်နိုးမိနေတော့ သိပ်ခက်တယ် ...
အဲဒီနောက် တက္ကသိုလ်ရိပ်သာလမ်းပေါ်၌ နှစ်ယောက်သား အတူတူတွဲလျှောက်လာရင်း သထုံလမ်းဘက်ကို ချိုးကွေ့လိုက်သည်။ သထုံလမ်းထဲသို့ ဝင်လိုက်သည်နှင့် တက္ကသိုလ်အငွေ့အသက်များက ဝန်းကျင်တစ်ခွင် လွှမ်းခြုံလာသည်။
အဘယ်ကြောင့်ဆိုသော် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ် (၁)၊ တက္ကသိုလ်များရေကူးကန်၊ တက္ကသိုလ်များအားကစားကွင်း၊ တင်းနစ်ကွင်း၊ သံပျင်ဆောင်၊ ပြည်ဆောင်၊ ပုဂံဆောင်၊ တကောင်းဆောင်၊ ဧကရီဆောင်အစရှိသည့် တက္ကသိုလ်ဆိုင်ရာအဆောက်အဦးများက သထုံလမ်းတွင် တည်ရှိနေခြင်းကြောင့် ဖြစ်သည်။
ထို့အပြင် သထုံလမ်းသည် လူနေအိမ်ရှားပါးလွန်းသောကြောင့် တခြားလမ်းများထက်စာရင် ပို၍ပင် တိတ်ဆိတ်ငြိမ်သက်လေသည်။ နေ့လယ်နေ့ခင်းတောင်မှ ထိုလမ်းသည် သစ်ပင်ရိပ်များဖြင့် အေးမြနေတတ်သည်။
ယခုလို နေရီရီ မှိုင်းညှို့ညှို့ ညနေစောင်းအချိန်သမယမှာဆိုရင်တော့ ညိုဖျော့ဖျော့ကောင်းကင်ပြင်ကို နောက်ခံထားထားသည့် သထုံလမ်းက တုနှိုင်းစရာစကားလုံးပင် ပျောက်ရှသွားလောက်အောင်အထိ အရာအားလုံး အေးချမ်းမှုအတိဖြင့် ... ။
မှိုင်းညှို့ရောင်သန်းနေသည့် အာကာတစ်ခွင်၌ ငှက်ကလေးများကလည်း ဟိုမှ ဒီသို့ လူးလွန့်ကာ ကူးလာပျံသန်းနေလျက်ရှိကြသည်။ လေအဟုန်ကြောင့် တဖြုတ်ဖြုတ်ကြွေကျနေသည့် သစ်ရွက်များကလည်း လမ်းမအနှံ့ ပျံ့ကြဲနေသည်မှာ ရှုခင်းတစ်ခုသဖွယ် ... ။
ဆောင်းဦးဝင်စပြုနေသည်မို့ တဖျတ်ဖျတ်တိုက်ခတ်လာသော လေနုသွေးက အေးမြမြနှင့် ... ။ မျက်နှာပေါ် ရှပ်ပြေးကာ အဆက်မပြတ်နမ်းရှိုက်လာသည့် လေပြည်အေးတို့ကြောင့် သူ့ပါးပြင်လေးတောင် အနည်းငယ် အေးစက်ချင်နေသည်။
ထိုအခိုက်တွင် လေးဆက်ရဲ့လက်တစ်ဖက်က ရုတ်တရက် နွေးထွေးမှုတစ်စုံတစ်ရာကို ရှာတွေ့သွား၏။ ဈာန်က မပြောမဆိုနှင့် လက်ချင်းတွဲလိုက်ခြင်းကြောင့်ဖြစ်သည်။ လမ်းသွားလမ်းလာတွေရှိနေသေးတာတောင် အရဲကိုးလှသည့် ကောင်ဆိုးလေးကြောင့် လေးဆက် ပြုံးမိတော့မလိုလိုဖြစ်သွားရ၏။
အခုတလော ဈာန်နှင့်အတူတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို အရမ်းသဘောကျနေမိသည်။ ထို့ကြောင့် သူ ပင်ပန်းမည်စိုး၍ အမြဲလိုလို ကားဖြင့်သာ လာကြိုတတ်သည့် ဈာန့်ကို ဒီနေ့ ကြိုပြောထားရခြင်းဖြစ်သည်။
အမှန်တော့ သူ တကယ်ပဲ လမ်းလျှောက်ရတာကို သဘောကျတာလား။ ဒါမှမဟုတ် ဈာန်နှင့် အချိန်ကြာကြာပိုရှိနေချင်လို့ လမ်းလျှောက်ဖို့ကိုပဲ အာသီတပြင်းပြနေတာလားဆိုတာကိုတော့ လေးဆက်လို ကာယကံရှင်ကိုယ်တိုင်တောင် မပြောတတ်တော့ပေ။
တကယ်တမ်း မချွင်းမချန်ဝန်ခံရမည်ဆိုလျှင်တော့ လမ်းလျှောက်တာတစ်ခုတည်းတင် မဟုတ်။ ဈာန်နှင့် အတူတူရှိနေရသည့်အချိန်မှန်သမျှကို သူ သဘောကျတတ်လာသည်။ ဈာန်နှင့် အချိန်တိုင်း အတူတူရှိနေချင်သည့်ဆန္ဒက ဘယ်အချိန်ကတည်းက သူ့နှလုံးသားထဲမှာ တိတ်တဆိတ်ခိုအောင်းနေမှန်း မသိပေ။
မော့ကြည့်လိုက်တိုင်း မြင်နေရသည့် ဈာန့်မျက်နှာလေးကို ထပ်ခါထပ်ခါတွေ့နိုင်ဖို့ လောဘကြီးလာသည်။ ကိုကိုဆိုသည့် ဈာန့်တစ်ဦးတည်း မူပိုင်ခေါ်သံလေးကိုလည်း မူးယစ်ဆေးလိုမျိုး တဖြည်းဖြည်းစွဲလမ်းလာသည်။
ဈာန့်ကို မြင်တိုင်း ထိန်းချုပ်မရနိုင်တော့တဲ့ နှလုံးခုန်သံတွေကို ဘယ်သူမှမသိအောင် တိတ်တိတ်လေးပြန်စစ်ဆေးကြည့်မိတော့ နှလုံးခုန်သံလေးက ပြောတယ် ...
မင်း သူ့ကို သိပ်ချစ်မိနေပြီပဲတဲ့ ...
ချွင်းချက်မရှိစွာနဲ့ပဲ သူ ဒီအဖြေကို လက်ခံလိုက်သည်။ တကယ်လည်း သူ ဈာန့်ကို ချစ်မိနေသည်ကိုး။
ဈာန့်ကို နေ့တိုင်းတွေ့နေရရင်တောင် ထပ်တွေ့ချင်နေသေးသည့်အထိ သူ့ရဲ့ခံစားချက်တွေက အရင်ကနှင့်တခြားစီ အလုံးစုံပြောင်းလဲသွားခဲ့သည်ကိုလည်း ရိပ်မိလာသည်။
ဘယ်အရာကိုမှ စွဲစွဲမြဲမြဲမှတ်ထားလေ့မရှိသည့် လေးဆက်ရိပ်သွင်က အခုဆိုလျှင် ဈာန်နှင့် ပတ်သတ်သည့်အကြောင်းအရာတွေကိုဆိုလျှင် သေးသေးမွှားမွှားလေးကအစ အလိုအလျှောက် ခေါင်းထဲ ရိုက်သွင်းထားတတ်လာသည်။ ထိုအကြောင်းကိုလည်း သူ သတိထားမိသည်မှာ သိပ်မကြာသေးပေ။
တဖြည်းဖြည်းနှင့် ဈာန့်ရဲ့အချစ်တွေထဲ ကျရှုံးလာခဲ့သည်မှာ ရုန်းထွက်ဖို့ စိတ်ဆန္ဒလေးတစ်စပင် မရှိတော့သည့်အထိ ... ။
ဒီကောင်လေး ထိခိုက်သွားမှာကို စိုးရိမ်တတ်လာသည်။ ဒီကောင်လေး ဝမ်းနည်းနေရင် သူကပါ အလိုလိုမျက်ရည်ဝဲတတ်လာသည်။ ဘယ်လောက်ထိလဲဆို သူ့ကြောင့် ဒီကောင်လေး ပြုံးသွားတိုင်း သူကပါ လိုက်ပြုံးနေမိသည့်အထိ ... ။
ဒီကောင်လေးရဲ့ခံစားချက်တွေအားလုံးက သူနဲ့ တိုက်ရိုက်အချိုးကျနေသလိုမျိုး ... နှစ်ကိုယ်တစ်စိတ်ဆိုသလိုမျိုး ... ။
ဒီလောက်ထိ လူတစ်ယောက်အပေါ်မှာ သူ့ခံစားချက်တွေ ပြင်းထန်လာလိမ့်မယ်လို့ တစ်ခါလေးတောင်မှ မတွေးခဲ့မိဖူးဘူး။
တစ်ရက်ပြီး တစ်ရက်ကူးပြောင်းသွားတိုင်း ဒီကောင်လေးအပေါ်ထားသည့် သူ့ရဲ့မြတ်နိုးမှုတွေက ပိုလာသည်။ ထို့နည်းတူ စိုးရိမ်မှုတွေလည်း ပိုများလာသည်။
ဒီကောင်လေး သူ့ကို ထားသွားမှာကို ... ဆက်မချစ်တော့မှာကို ... ။
ဒါတွေကိုလည်း ဈာန်ရောင်ခဆိုသည့် အဆိုးလေးက သိနိုင်မည်မထင်။ သူကလည်း နဂိုကတည်းက ထုတ်မပြောတတ်သည့် လူဆိုတော့ ခက်သား။
ဈာန့်အပေါ် မြတ်နိုးစိတ်ပိုလာတိုင်း တစ်ဖက်မှာလည်း ကွယ်လွန်သွားရှာပြီဖြစ်သည့် ဇလပ်အပေါ် အားနာစိတ်ပိုလာသည်။
ဇလပ်လည်း ခန့်မဟော်အပေါ် ဒီလိုခံစားချက်မျိုးရှိခဲ့မှာပဲမလား။
အဲဒီလိုပဲ ခန့်မဟော်ကလည်း ဇလပ်အပေါ်မှာ ... ။
သူ မမြင်နိုင်သည့်အစိတ်အပိုင်းတစ်ချို့ရဲ့နောက်ကွယ်မှာ တောင်ဇလပ်ဖြူနဲ့ ခန့်မဟော်က ဘယ်လောက်ထိ တစ်ယောက်ကို တစ်ယောက်ကို မြတ်နိုးခဲ့ကြမလဲ။
အရာအားလုံးက သူ့အပြစ်တွေချည်းပါပဲ။ သူ့ကြောင့်ပဲ ဒီလို ကံဆိုးမိုးမှောင်ကျမှုတွေ ဖြစ်လာခဲ့ရတာ။
တကယ်လို့ သူသာ ဇလပ်ကို အရမ်းမမှီခိုခဲ့ရင် ...
တကယ်လို့ သူသာ ဇလပ်ကို မချုပ်နှောင်ထားဘူးဆိုရင် ...
တကယ်လို့ သူသာ ဇလပ်ကို လွတ်လပ်ခွင့်ပေးခဲ့မယ်ဆိုရင် ...
တကယ်လို့ သူသာ ဇလပ်ကို အချစ်နောက်လိုက်ဖို့ ခွင့်ပြုပေးခဲ့မယ်ဆိုရင် ...
တကယ်လို့ သူသာ ...
သူ မမေ့ဘူး ... ဇလပ် ကွယ်လွန်ခါနီး ခန့်မဟော်ကို ကြည့်သွားတဲ့အကြည့်တွေကို သူ သေတာတောင် မေ့မှာမဟုတ်ဘူး။
ဇလပ်ရဲ့အကြည့်တွေထဲမှာ ခန့်မဟော်အပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေကို ဖောဖောသီသီတွေ့နေရသည်။
ပြီးတော့ တောင်းပန်လိုတဲ့ အရိပ်အယောင်တွေကလည်း အထင်းသား ... ။
ဇလပ်က ဘာအတွက် ခန့်မဟော်ကို တောင်းပန်ချင်တာလဲဆိုတာကို သူ အခုမှ ခပ်ရေးရေးနားလည်လာသလိုပင်။
ဇလပ်က သူ့ကြောင့် ခန့်မဟော်ကို ပြည့်ပြည့်ဝဝမချစ်ပေးနိုင်ခဲ့ဘူး။
ဇလပ်က သူ့ကြောင့် ခန့်မဟော်ရဲ့အချစ်တွေကိုလည်း မခံစားခဲ့ရဘူး။
ဇလပ်က သူ့ကြောင့် ခန့်မဟော်ဘေးနားမှာလည်း မရှိပေးနိုင်ခဲ့ဘူး။
အဲဒီအချိန်တုန်းက ဇလပ်တို့ချစ်သူနှစ်ဦး ဘယ်လောက်တောင် နာကျင်ခံစားရမလဲဆိုတာကို အခုလို သူ တစ်စုံတစ်ယောက်ကို နှစ်နှစ်ကာကာချစ်မိသွားသည့်အချိန်ကျမှ နားလည်သဘောပေါက်လာသည်။
တကယ်လို့ သူသာ ဇလပ်နေရာမှာဆိုရင် ချစ်သူနဲ့ ကွဲကွာရတဲ့ ဝေဒနာကို သည်းခံနိုင်မယ်မထင်ဘူး။
သူ သေသွားနိုင်တယ် ...
သူ ရူးသွပ်သွားနိုင်တယ် ...
ထို့အပြင် ဝဋ်လည်မှာကိုလည်း သူ ကြောက်သည်။ မကောင်းတာလုပ်ထားမိသည့် လူတစ်ယောက်အနေနဲ့ သူ့အပြစ်တွေအတွက် ဝဋ်ပြန်လည်မှာကိုကြောက်နေမိသည်။
ဘယ်လိုဝဋ်ကြွေးမဆို သူ သည်းခံနိုင်ပေမဲ့ တွဲထားသည့်လက်တွေကို ဖြုတ်ပစ်ရမည်ဆိုရင်တော့ သူ တကယ်ရူးသွပ်သွားလောက်မည်ထင်သည်။
အင်း ... ဟုတ်တယ် ... ဈာန်ရောင်ခဆိုသည့် အဆိုးလေးက သူ့အတွက်တော့ ဒီလိုသီးခြားဖြစ်တည်မှုမျိုးနှင့် တည်ရှိနေသည့် လူသားလေး ... ။
“ ကိုကို အဆင်ပြေရဲ့လား ... ဘာဖြစ်လို့လဲ ”
ဈာန့်ရဲ့ဩရှရှအသံက လေးဆက်ရဲ့အတွေးကမ္ဘာကို ပျက်စီးသွားနိုင်လောက်အောင်အထိ လှုံ့ဆော်နိုင်စွမ်းရှိသည်။ မော့ကြည့်လိုက်တော့ သူ့ကို စိုးရိမ်တကြီး စိုက်ကြည့်နေသည့် ဈာန့်ကို တွေ့လိုက်ရသည်။
“ ကိုကို ”
“ ငါ အဆင်ပြေပါတယ် ဈာန်ရယ် ”
အဆင်ပြေပါတယ်လို့ ပြောသည့် ကိုကို့ရဲ့အသံက ဖျော့တော့တော့နှင့်။ ကိုကို ပြောသည့်စကားကို သူ မယုံကြည်ပါ။
ကိုကို့ကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်ဖြင့် ငေးကြည့်ရင်း ရှင်သန်လာသူမို့ ကိုကို့မျက်ဝန်းအကြည့်လေးတွေ မှေးမှိန်သွားတာ၊ မျက်မှောင်လေးကြုံ့သွားတာကအစ သူ အသေးစိတ် သိသည်။
“ ကိုကို တစ်ခုခုဖြစ်နေရင် ကျွန်တော့်ကို ပြောလို့ရတယ်နော် ”
သူ့ကို စိတ်မချဖြစ်နေသည့် အဆိုးလေးကြောင့် လေးဆက် ပြုံးလိုက်ကာ
“ အင်းပါ ... ငါ တစ်ခုခုဖြစ်ရင် မင်းကို ပြောပြပါ့မယ် ... ငါ့မှာ မင်းတစ်ယောက်တည်းပဲ ရှိတာကို ... ”
သူ့စကားကြောင့် ဈာန့်မျက်နှာချောချောပေါ်မှာ လျှပ်ခနဲပေါ်လာသည့် အပြုံးတစ်ပွင့်က တကယ့်ကို မြတ်နိုးဖွယ်ရာအတိ ... ။
“ ဒါနဲ့ ဈာန် ငါ မင်းကို မေးစရာတစ်ခုရှိတယ် ”
“ အင်း မေးလေ ... ကိုကို ဘာမေးမလို့လဲ ”
“ မင်း ခရီးသွားရတာကို ကြိုက်လား ”
“ မကြိုက်ဘူး ”
“ ဪ ... ဟုတ်လား ”
လေးဆက် အနည်းငယ် အားလျော့သွားမိသည်။ အမှန်တော့ သူတို့သူငယ်ချင်းအုပ်စုနှင့် အတူတူခရီးသွားဖို့ ဈာန့်ကို ခေါ်ချင်တာမို့ အရင်ဆုံး ဈာန့်သဘောထားကို မသိမသာတီးခေါက်မိခြင်းဖြစ်သည်။
ခရီးထွက်ရမည့် နှစ်ရက်လေးတောင် ခွဲမနေချင်တာမို့ သူ့ကို ပိုလိုက်တာလို့ ပြောလည်း ခံရမည်ပင်။ ဒါပေမဲ့လည်း ဈာန့်ဆန္ဒမပါဘဲနဲ့တော့ ဘာတစ်ခုမှ မလုပ်ချင်သည့်အတွက် ထိုကိစ္စနှင့်ပတ်သတ်ပြီး ဈာန့်ကို ထပ်မမေးတော့ဖို့ ဆုံးဖြတ်လိုက်သည်။
“ ဘာဖြစ်လို့လဲ ကိုကို ”
“ ဟင့်အင်း ... ဘာမှမဟုတ်ဘူး ... ဒီတိုင်း မေးကြည့်တာ ... ငါ မင်းအကြောင်း မသိတာတွေ အရမ်းများနေလို့ ... ”
တကယ်လည်း သူ ဈာန့်အကြောင်းကို သေချာမသိပါ။ အရင်တုန်းကလည်း သူ သိဖို့ မကြိုးစားခဲ့သလို ဈာန်ကလည်း တကူးတကကြီး မပြောပြခဲ့ပေ။
ဈာန်က သူ့အကြောင်းကို ၁၀၀% အပြည့်သိနေသလောက် သူကတော့ဖြင့် ဈာန့်အကြောင်းကို တစ်ဝက်လောက်တောင် မသိသေးသည့်အတွက် ဈာန့်ကို အားနာမိခြင်းနှင့်အတူ ကိုယ့်ကိုယ်ကို ဒေါသထွက်ခြင်းတို့ကပါ အစားထိုးဝင်ရောက်လာခဲ့သည်။
“ တဖြည်းဖြည်းနဲ့တော့ ကိုကိုလည်း သိလာမှာပါ ”
“ ငါလည်း မင်းအကြောင်းတွေကို သိထားချင်တယ် ဈာန် ”
ရုတ်တရက် ထူးထူးဆန်းဆန်းတွေ ထပြောလာသည့် ကိုကိုက သိပ်ကို ချစ်ဖို့ကောင်းနေသည်။ ဒီလူဟာ ဘာကြောင့် ဒီလောက် အသည်းယားဖို့ ကောင်းနေရတာလဲ။
လမ်းလျှောက်နေရာမှ ရပ်လိုက်ကာ ကိုကို့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်တော့ မျက်ဝန်းကြည်ကြည်လဲ့လဲ့လေးတွေက သူ့ထံသို့ စိုက်ရောက်လာသည်။
“ ဈာန် ”
“ ကိုကို ကျွန်တော့်အကြောင်းကို သိချင်တယ်မလား ... အခု ကျွန်တော် အကုန်ပြောပြမယ် ”
“ အများကြီး ပြောပြနော် ဈာန် ... ငါက မင်းအကြောင်း အများကြီးသိချင်တာ ”
သိချင်စိတ်ကြောင့် အရောင်လက်နေသည့် မျက်ဝန်းလေးတွေက တကယ့်ကို နမ်းရှိုက်ချင်စရာကောင်းနေသည်။ ကိုကို့ရဲ့ပါးပြင်လေးကို လက်ဖြင့် ခပ်ဖွဖွအုပ်ကိုင်လိုက်ပြီး
“ ဒါဆို ကိုကို သေချာနားထောင်နော် ... ကျွန်တော် အကြိုက်ဆုံးက ကိုကို့ကိုပဲ ... ကျွန်တော် သဘောအကျဆုံးကလည်း ကိုကို့ကိုပဲ ... ကျွန်တော် အချစ်ဆုံးကလည်း ကိုကို့ကိုပဲ ”
“ ဈာန် ”
မထင်မှတ်ထားသည့် စကားတွေကြောင့် လေးဆက် တွေတွေလေးငေးငိုင်သွားသည်။
“ ကိုကို သဘောကျတာမှန်သမျှကို ကျွန်တော် သဘောကျပြီး ကိုကို မုန်းတာမှန်သမျှကို ကျွန်တော် မုန်းတယ် ... ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ကိုယ်ပိုင်နာမ်နဲ့ ရှင်သန်နေတာမျိုးမဟုတ်ဘဲ ကိုကိုရဲ့နာမ်အလုံးစုံပေါ်မှာ ကပ်ပါးတစ်ကောင်လိုမျိုး ကပ်တွယ်မှီခိုပြီး ရှင်သန်နေတာမို့လို့ပဲ ... ဒီလောက်ဆို ကိုကို သိချင်နေတာတွေအတွက် ကျွန်တော် ပြောပြတာ လုံလောက်ပြီလို့ထင်တယ် ”
ထိုစကားလုံးတွေကို ကြားလိုက်ရပြီးနောက်မှာတော့ အရောင်လက်လက်မျက်ဝန်းလွှာတွေက ရုတ်ခြည်းဆိုသလို မှိုင်းညှို့သွားပြီး မျက်ဝန်းထောင့်စွန်းနားမှာ ငွေ့ရည်စများ ခိုသီးလာသည်။
ခွန်းတုံ့ပြန်ဖို့အတွက် နှုတ်ခမ်းလွှာအစုံက အာစေးမိထားသလို ဖွင့်ဟလို့ပင်မရ။ ဈာန့်ကို ပြောပြချင်နေသည့် နှလုံးသားထဲက စကားလုံးတွေက ရင်နှင့်မဆံ့အောင် အပြည့်အနှက်ဖြစ်နေသည်။
“ ကျွန်တော်က ကိုကို့ကို အရမ်းချစ်တာ ... အဲဒါကို သိတယ်မလား ”
မျက်ဝန်းလွှာပေါ် ရောက်ရှိလာသည့် အနမ်းတစ်ပွင့်ကြောင့် မျက်ဝန်းတွေကို မှိတ်ချမိလိုက်တော့ ခိုသီးနေသည့် မျက်ရည်စလေးတွေက ပါးပြင်တစ်လျှောက် လျှောခနဲ ကြွေလွင့်သွားသည်။
“ ဈာန် ... ငါ ... ငါလည်း ... ”
နှာသီးဖျားလေးတွေ၊ မျက်ခမ်းစပ်လေးတွေ နီရဲနေပြီး စကားပြောဖို့တောင် တုန်တုန်ယင်ယင်ဖြစ်နေသည့် ကိုကို့အား ရင်ခွင်ထဲ ဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်ရင်း
“ အင်း ... သိတယ် ... ကိုကို ဘာပြောချင်လဲဆိုတာကို ကျွန်တော် သိတယ် ”
ချစ်ရသူက နားလည်ပေးနေသည့်အတွက် ဝမ်းနည်းမှုက ပိုလွှမ်းခြုံလာသည်။ အဲဒီနောက် ဈာန့်ခါးကို ကျစ်ကျစ်ပါအောင် ပြန်ဖက်တွယ်ထားလိုက်သည်။
ချစ်တယ် ဈာန် ...
ငါလည်း မင်းကို အရမ်းချစ်တယ် ...
မင်းလည်း အဲဒါကို သိတယ်မလားဟင် ...
7:19 P.M
5.5.2021 ( Wednesday )