မနက်ခင်းချိန်ခါသမယ၌ ပြတင်းပေါက်မှတဆင့် နေရောင်ခြည်အလင်းနုနုက ထိုးဖောက်ဝင်ရောက်လာပြီး ကုတင်ပေါ်တွင် အိပ်ပျော်နေသော လူသားနှစ်ဦးပေါ်သို့ ဖြာကျနေလျက်ရှိသည်။
နေရောင်ခြည်စူးရှရှဒဏ်ကြောင့် မသိမသာလူးလွန့်လာသော ခန္ဓာကိုယ်ငယ်လေးက မျက်ဝန်းတွေကို မဖွင့်ရသေးခင်မှာပဲ သူ့တစ်ကိုယ်လုံးကို တစ်စုံတစ်ယောက်က တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားကြောင်း သတိထားမိလိုက်သည်။
အိပ်ချင်မူးတူးဖြစ်နေသည့် မျက်ဝန်းတွေကို အရှိန်ယူကာ ဖွင့်ကြည့်မိတော့ သူ့ရှေ့တည့်တည့်မှာ အိပ်ပျော်နေသည့် လူတစ်ယောက်၏ပုံရိပ်က ထင်ထင်ရှားရှားပေါ်ပေါက်လာသည်။
မှိတ်ထားသည့် မျက်ဝန်းတွေကြောင့် မျက်တောင်စိတ်စိတ်လေးတွေကိုသာ မြင်နေရသည်။ နှာတံချွန်ချွန် နဖူးပြေပြေလေးနှင့် ဘယ်လိုမှ အပြစ်ဆိုရက်စရာမရှိအောင် ချောမောခန့်ညားသည့် ဒီကောင်လေးက တဖြည်းဖြည်း သူ့ဘဝထဲကို ချဉ်းကပ်လာခဲ့သည်။
လေးဆက် ဘယ်လိုပဲ ငြင်းဆန်ရှောင်ပုန်းနေပါစေ ဈာန်က သူ့အနီးဆုံးနေရာအထိရောက်အောင် လာနိုင်ခဲ့သည်ဆိုတာကိုတော့ အသိအမှတ်ပြုပေးရမည်ပင်။
ရင်ဘတ်ချင်းထိစပ်လုမတတ်နီးကပ်လှသည့် အခြေအနေကြောင့် လေးဆက် ရင်တွေ တလှပ်လှပ်တုန်ရင်လာခဲ့သလို နွေးထွေးသည့် ခံစားချက်တစ်ခုကလည်း နှလုံးသားထဲကို ရုတ်ချည်းထိုးဖောက်ဝင်ရောက်လာခဲ့သည်။
ဒါနဲ့ နေပါဦး ...
ညက ငါ အိမ်ရှေ့ခန်းက ဆိုဖာခုံပေါ်မှာ အိပ်ပျော်သွားတာမဟုတ်ဘူးလား ...
ဘယ်လိုလုပ်ပြီး ကုတင်ပေါ် ပြန်ရောက်နေရတာလေ ...
ဒါက သေချာပေါက် သူ့ရှေ့မှာ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသည့် ကောင်လေး၏လက်ချက်ပင် ဖြစ်ရမည်။
ဈာန့်ရင်ခွင်ထဲမှာ လှဲအိပ်နေရတာကို လေးဆက် စိတ်ထဲ တစ်မျိုးကြီးခံစားနေရကာ မျက်နှာပူလာသဖြင့် ခါးပေါ်ရောက်နေသည့် လက်တို့ကို အသာအယာမပြီး အိပ်ရာပေါ်မှ ထပြေးရန်အပြင်တွင် လက်ကို ဆွဲချခံလိုက်ရခြင်းနဲ့အတူ လူကလည်း ဈာန့်ရင်ခွင်ကြားထဲ တဖန်ပြန်လည်ရောက်ရှိသွားပြန်သည်။
“ ဒါက ဘယ်ကို ထပြေးမလို့ ကြံနေတာလဲ ကိုကို ”
မျက်ဝန်းတွေ မှိတ်လျက်သား မေးခွန်းထုတ်လာသည့် ဈာန့်မျက်နှာအသွင်အပြင်က ပြုံးစိစိနှင့်။
“ ငါ ... ငါ ထပြေးတာ မဟုတ်ပါဘူး ”
လေးဆက်ကတော့ သူခိုး လူမိခံလိုက်ရသည့် ခံစားချက်ကြောင့် စကားတွေပါ ထစ်အကုန်သည်။
“ လိမ်နေပြန်ပြီ ... ဘာလို့ ဒီလောက်တောင် လိမ်ချင်နေရတာလဲ ”
မှိတ်ထားသည့် ဈာန့်မျက်ဝန်းအစုံက ဖျတ်ခနဲပွင့်လာပြီး လေးဆက်ရဲ့နှာတံလေးကို သူ့လက်ညှိုးလေးနှင့် တစ်ချက်တို့ထိလိုက်ပြီး စသည်။
“ မင်းနော် ... အကြီးကို ... ”
လေးဆက်ကိုယ်တိုင်တောင် သတိမထားမိဘဲ မျက်စောင်းတစ်ချက်ထိုးမိတော့ ဈာန်က ခပ်ဟဟရယ်မောလာသည်။
“ မဟုတ်လို့လား ... ကိုကိုက ကျွန်တော်နဲ့ဆို ပုန်းရင်ပုန်း ... မပုန်းရင်ထွက်ပြေးမယ်ဆိုတာချည်းပဲ ”
“ ငါ ... ငါက ... ”
ဈာန်က အမှန်တရားတွေပြောနေဝောာ့ လေးဆက်အတွက် တုံ့ပြန်ဖို့ခဲယဥ်းလှသည်။
“ အင်း ... ငါက ဘာဖြစ်လဲ ... ဆက်ပြောပါဦး ”
လေးဆက်ရဲ့မျက်နှာတစ်ပြင်လုံးဆီကနေ အကြည့်တစ်ချက်တောင်မရွေ့ဘဲ ပြုံးစိစိဖြစ်နေသည့်စျာန့်ကြောင့် လေးဆက် မျက်နှာပူကာ ရှက်သွေးဖြာလာရသည်။
“ အိပ်ရာထတော့မယ် ... မင်း လက်တွေ ဖယ်ပေး ... ”
“ မထရဘူး ... ဆက်အိပ်မယ် ”
“ ဈာန် ... မင်းနော် ... ”
အပြောနှင့် အလုပ်က တကယ်ပဲ ထပ်တူကျလှသည်။ ပြောပြီးသည်နှင့် ဈာန်က သူ့ကို တင်းကြပ်နေအောင်ဆွဲဖက်လိုက်သဖြင့် လေးဆက်ရဲ့ နားရွက်ဖျားလေးတွေ နီရဲတွတ်လာခဲ့သည်။
“ ဈာန် ”
သူ့ရင်ခွင်ထဲမှ ကြောင်ပေါက်လေးရဲ့ခေါ်သံတိုးတိုးကို ကြားနေရပေမဲ့လည်း ဈာန်ရောင်ခ မကြားချင်ယောင်ဆောင်ကာ ဆက်အိပ်နေလိုက်သည်။
“ ဈာန် မင်း အိပ်ချင်ရင် ဆက်အိပ်လေ ... ငါ ထတော့မယ် ”
ရင်ဘတ်ထဲသွင်းပြီး အဖက်ခံထားရသဖြင့် မနေတတ်သလိုဖြစ်ကာ လှုပ်လှုပ်ရွရွဖြစ်နေသည့် ကိုကိုကြောင့် ဈာန်ရောင်ခလည်း ကိုကိုရဲ့နီရဲနေသည့် နားရွက်လေးတစ်ဖက်ကို ကိုက်ငုံခဲပေးလိုက်သည်။
“ အာ့ ! ဈာန် မင်း ဘာလို့ကိုက်တာလဲ ”
“ အသည်းယားလို့ ... ”
“ မင်း ! ”
“ ငြိမ်ငြိမ်လေးနေပေးစမ်းပါ ကိုကိုရာ ... နောက်တစ်ခါဆို ကျွန်တော် ရန်ရှာမိတာ နားမဟုတ်ဘဲ တခြားနေရာဖြစ်သွားလိမ့်မယ် ”
“ ဟင် ! ”
အာမေဋိတ်သံလေး ထွက်ကျလာပြီးနောက်ပိုင်း သူ့လက်မောင်းတွေကြားထဲ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခံထားရသည့် ခန္ဓာကိုယ်ငယ်လေးက ရုတ်ခြည်း ငြိမ်ကျသွားတော့ ဈာန်ရောင်ခလည်း မသိမသာပြုံးမိလိုက်သည်။
“ လိမ္မာလိုက်တာ ... ကိုကိုက ... ”
ရှေ့တည့်တည့်မှာ ရှိနေသည့် နဖူးလေးကို အနမ်းပေးမိတော့ မကျေနပ်သလို ကြည့်လာသည့်အကြည့်လေးက တကယ့်ကို ရင်ခုန်ယစ်မူးစရာကောင်းလှသည်။
အရမ်းကို တမ်းတလွမ်းဆွတ်ခဲ့ရပြီး ဘယ်တုန်းကမှ သူ့အပိုင်မဟုတ်ခဲ့သည့် ဒီလူသားက အခုတော့ဖြင့် သူ့ရင်ခွင်ထဲမှာ ငြိမ်သက်နေပေးလေရဲ့။
ဒါဟာ အိပ်မက်များလား။ ဒီလိုနွေးထွေးမှုများနှင့် ပြည့်နှက်နေသည့် အခိုက်အတန့်လေးက အမြဲတမ်းရပ်တန့်နေရင် သိပ်ကောင်းမည်။ ဒီလိုမှ သူလည်း ကိုကို့ကို တစ်သက်လုံးစာအတွက် ဒီအတိုင်းလေး ထွေးပွေ့ထားနိုင်မှာ။
စက္ကန့်တွေ မိနစ်တွေ တရွေ့ပြီးတရွေ့ကုန်ဆုံးသွားသည့်နောက်မှာတော့ ကိုကိုက ဆက်သည်းမခံနိုင်တော့သည့်ဟန်ဖြင့် အတင်းရုန်းကန်လာသည့်အတွက် ဈာန်ရောင်ခလည်း နှမျောတသဖြစ်စွာ လွှတ်ပေးလိုက်ရသည်။
“ ငါ ... ငါ ရေသွားချိုးလိုက်ဦးမယ် ”
ရှက်ဝဲဝဲမျက်နှာလေးနှင့် ရေချိုးခန်းထဲ အပြေးနှင်သွားသည့် ကိုကို့နောက်ကျောပြင်လေးကို ငေးကြည့်ရင်း သူ့ရဲ့နှလုံးသားထဲမှာ ပျော်ရွှင်ကြည်နူးမှုတွေ စိမ့်ဝင်လာရသည်။
သူ့ကြောင့် ကိုကို အမြဲရှက်နေရတာကို ဈာန်ရောင်ခ အရမ်းသဘောကျသည်လေ။ လူတွေက သူတို့သဘောကျသည့်လူ၏အရှေ့မှာဆို ဘာအမှားတစ်ခုမှ မလုပ်မိတာတောင် ရှက်တတ်ကြသည်မလား။
ရေချိုးခန်းထဲမှ ရေကျသံတွေကို နားထောင်ရင်း ဈာန်ရောင်ခ သူ့လက်နှစ်ဖက်ကို ခေါင်းနောက်ထဲ ထိုးထည့်ထားလိုက်ပြီး မနေ့ကအဖြစ်အပျက်တွေကို ပြန်တွေးတောနေမိသည်။
မနေ့က ဈာန်ရောင်ခအတွက်တော့ တော်တော်ထူးခြားသည့်နေ့ဟု ဆိုလို့ရသည်။ မနေ့က သူ အရမ်းကို စိတ်ဓာတ်ကျဝမ်းနည်းနေသဖြင့် အရက်ကို ဘယ်လောက်ထိ သောက်မိမှန်းမသိဘဲ ကိုကို့တိုက်ခန်းရှေ့ မူးမူးရူးရူးနှင့် ရောက်လာခဲ့သည်။
ဘာတွေကို ဘယ်လိုအော်ဟစ်ပြောဆိုခဲ့မှန်း ရေရေရာရာမမှတ်မိတော့ပေမဲ့ သေချာတာတစ်ခုကတော့ ကိုကိုက သူ့ကို စဉ်းစားပေးပါမည်တဲ့လေ။
ချစ်တယ်ဆိုသည့် စကားတောင်မဟုတ်သေးဘဲ စဉ်းစားပေးမည်ဆိုသည့် စကားနဲ့တင် သူ့ရဲ့ညှိုးငယ်နေတဲ့ စိတ်အစဉ်ကို ရေကြည်နမ်းတဲ့ပန်းတစ်ပွင့်လို ပြန်လန်းဆန်းလာနိုင်အောင်အထိ ကိုကိုက သူ့အပေါ် လွှမ်းမိုးမှုကြီးမားလှသည်။
ထိုစဉ် ရုတ်တရက် သူ့မျက်လုံးတွေပေါ် အုပ်ကျလာသည့် သဘက်တစ်ထည်ကြောင့် ဈာန်ရောင်ခလက်က ထိုသဘက်ပေါ် ရောက်သွားတော့ သူ့လက်ပေါ်ကနေ ထပ်အုပ်ကိုင်လာတဲ့လက်လေးတစ်ဖက်။
“ ဈာန် မင်း အဲ့သဘက်ကို ဖွင့်မကြည့်နဲ့ ”
“ ဘာလို့လဲ ကိုကို ”
“ ငါ ... ငါ အဝတ်လဲမလို့ ... အဲ့ဒါကြောင့် မင်းမျက်လုံးတွေကို အုပ်ထား ... ”
“ ဟား ... ဟား ... ဟား ... ”
ဈာန်ရောင်ခ တကယ်ပဲ ရယ်ချင်စိတ်ကို ထိန်းမရတော့။ ကိုကိုက ဒီလောက်တောင်ပဲ ကလေးဆန်တတ်သည်လား။
“ ယောကျာ်းချင်းပဲလေ ကိုကိုရယ် ... ကြည့်တော့ ဘာဖြစ်လို့လဲ ... ကိုကို့မှာ ရှိတာတွေအကုန်လုံးက ကျွန်တော့်ဆီမှာလည်း ရှိတာပဲလေ ”
“ တူမလား ... မရဘူး ... မင်း မကြည့်နဲ့ ”
သူ့လက်ပေါ် ထပ်အုပ်ကိုင်ထားသည့် ကိုကို့လက်လေးက ရေချိုးပြီးခါစမို့ထင်ပါရဲ့။ ရေစက်လေးတွေနဲ့ အေးစက်နေသည်။ သူ ထပ်စလိုက်ရင် ကိုကို စိတ်ဆိုးတော့မည်မှာ အသေအချာပဲမို့ ... ။
“ အင်းပါ ... အင်းပါ ... မကြည့်တော့ဘူး ... အသံကိုပဲ နားထောင်တော့မယ် ”
“ ဈာန် ! ”
ခပ်ဆောင့်ဆောင့် ထွက်ပေါ်လာသည့် အသံကြောင့်
“ စတာ ... စတာ ... ကြည့်လည်း မကြည့်ဘူး ... နားလည်း မထောင်တော့ဘူး ... ဟုတ်ပြီလား ... ကိုကိုက အရမ်းကပ်စေးနည်းတာပဲ ”
“ ငါက ကိုယ့်ကိုယ်ကို ကာကွယ်တာ ”
“ ဉာဏ်ကောင်းလိုက်တာ ကြည့်စမ်း ”
ဈာန်ရောင်ခလည်း သဘက်အုပ်ထားသည့်အောက်မှာ ပြုံးစိစိဖြစ်နေသည်။ မသိရင် သူက ကိုက်စားမှာကျနေတာပဲ။ အမှန်တော့လည်း ကိုက်စားချင်နေတာပါပဲ။ အခွင့်အရေးမပေးသေးလို့။
ကြည့်ခွင့်မရတော့လည်း အကြားအာရုံနှင့် အနံ့အာရုံကိုသာ အမှီပြုနေရသည်။ ကိုကို့ထံမှ ဆပ်ပြာနံ့သင်းသင်းလေးက နှာဖျားဝ၌ ကလူကျီစယ်နေသကဲ့သို့ဖြစ်နေသဖြင့် သူ့မျက်ဝန်းတွေကို ဖုံးအုပ်ထားသည့် သဘက်ကို လှန်ကြည့်ချင်စိတ် မနည်းထိန်းချုပ်ထားရသည်။
“ ဖွင့်လို့ရပြီ ”
ကိုကို့ရဲ့အသံကို ကြားမှ ဈာန်ရောင်ခလည်း သဘက်ကို ဆွဲဖယ်ပစ်လိုက်တော့ ကိုကိုက တီရှပ်အဖြူရောင်လေးနှင့် ဘောင်းဘီရှည်အနက်ရောင်ကို ပေါ့ပေါ့ပါးပါးတွဲဝတ်ထားသည်။
“ ဈာန် မင်းလည်း ရေသွားချိုးတော့လေ ... ပြီးရင် ငါတို့ အောက်ဆင်းပြီး မနက်စာသွားစားရမယ် ... ငါ့အိမ်မှာ မနက်စာအတွက် ဘာမှမရှိဘူး ”
ကိုကို့စကားကို နာခံရင်း လှဲအိပ်နေရာမှ ထထိုင်လိုက်တော့ ခေါင်းက တဆစ်ဆစ်ထိုးလာသဖြင့် လက်ဖြင့်အသာဖိထားလိုက်သည်။ ကြည့်ရတာ မနေ့ညက အသေအကြေသောင်းကျန်းခဲ့သည့် ရလာဒ်ဖြစ်မည်။
“ ဈာန် ဘာဖြစ်လို့လဲ ”
သူ့ရဲ့ညီးညူသံကို ကြားသွားတော့ ကိုကိုက စိုးရိမ်တကြီးဖြင့် ဘေးနားက အိပ်ရာလွတ်တွင် ဝင်ထိုင်ရင်း သူ့မျက်နှာအနေအထားကို စိုးရိမ်တကြီးစိုက်ကြည့်လာသည်။
“ ခေါင်းကိုက်တယ် ကိုကို ”
“ အရမ်းကိုက်နေတာလား ဈာန် ”
အမှန်တော့ ခေါင်းအရမ်းထိုးကိုက်နေသဖြင့် အခုထိ မတ်တတ်မရပ်နိုင်သေး။ ဒါပေမဲ့လည်း ကိုကို့မျက်နှာပေါ်က စိုးရိမ်မှုရေချိန် တဖြည်းဖြည်းမြင့်တက်လာတာကို တွေ့လိုက်ရသည့်အတွက်
“ နည်းနည်း ... ”
“ အင်း ... အင်း ... ဒါဆိုလည်း ရေအရင်ချိုးလိုက်ဦး ... မနက်စာကိုတော့ အောက်ဆင်းမစားတော့ဘဲ အိမ်မှာ ရှိတာနဲ့ပဲ စားကြရအောင် ”
“ ကိုကို့သဘော ”
“ ရေသွားချိုးတော့ ... မြန်မြန်လေးချိုးနော် ... ငါ ရေခဲသေတ္တာထဲမှာ ဘာရှိသေးလဲဆိုတာကို သွားရှာလိုက်ဦးမယ် ”
“ အင်း ”
ခေါင်းအရမ်းကိုက်နေသည်ကို မသိသာအောင်ဟန်ဆောင်ရင်း ရေချိုးခန်းထဲ ဝင်လိုက်သည်။
ခုနက ကိုကို ရေချိုးထားသဖြင့် သင်းသင်းလေးကျန်ရှိနေသေးသည့် ဆပ်ပြာနံ့ကို တစ်ဝကြီးရှူရှိုက်ပစ်လိုက်တော့ ခေါင်းက နည်းနည်းကြည်လင်လာသည်။
ရေပန်းအောက် ဝင်ကာ ရေစက်တွေရဲ့ တစ်ဟုန်ထိုးကျဆင်းမှုကို ခံယူရင်း နောင် သူနဲ့ကိုကိုရဲ့ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို စဉ်းစားမိတော့ တစ်ကိုယ်တည်း ပြုံးမိပြန်သည်။
ခဏအကြာ တန်းပေါ်မှာ တင်ထားသည့် သဘက်တစ်ထည်ကို ခါးမှာပတ်လိုက်ပြီး တစ်ထည်ကို ကိုယ်မှာစိုနေသည့်ရေစက်တို့အား သုတ်ရင်း ရေချိုးခန်းထဲမှ ထွက်လာတော့ အခန်းထဲမှာ ကိုကို့ကို မတွေ့ရ။
အဲဒါနဲ့ ဒီပုံစံအတိုင်းပဲ မီးဖိုခန်းထဲ လျှောက်သွားကြည့်မိတော့ ကိုကိုက သူ့ကို ကျောပေးကာ ကော်ဖီဖျော်နေသည်ကို တွေ့လိုက်ရသည်။
ဈာန်ရောင်ခရဲ့မျက်နှာပြင်ထက်မှာ စဉ်းလဲသည့် အပြုံးနုနုတစ်ချက်ဖြတ်ပြေးသွားပြီးနောက် ကိုကိုရှိရာထံသို့ ခြေသံလုံလုံနှင့် ချဉ်းကပ်သွားလိုက်သည်။
ကိုကိုကတော့ သူ ရောက်လာတာကို မသိဘဲ ကော်ဖီဖျော်ရင်းနှင့် အလုပ်တွေရှုပ်နေသည်။ ရှေ့တည့်တည့်မှာ ရှိနေသည့် ကိုကိုရဲ့ခါးလေးကို လက်နှစ်ဖက်လျှိုသွင်းကာ ဆွဲဖက်လိုက်မိတော့
“ အင့် ! ”
ရုတ်တရက်မို့ လန့်သွားပြီး ထွက်လာသည့် အာမေဋိတ်သံလေးကိုက ချစ်စဖွယ်အတိဖြစ်နေခဲ့သည်။ ကိုကို့ပခုံးပေါ် မေးလေးတင်ထားရင်း တစွန်းတစပေါ်နေသည့် ဝင်းမွတ်မွတ် ညှက်ရိုးနုနုလေးကို အသာအယာငုံ့နမ်းလိုက်တော့ ကိုကိုက မနေတတ်သလို အတင်းရုန်းကန်လာသည်။
သူလည်း ကိုကို့ခါးကိုဖက်ထားသည့် လက်နှစ်ဖက်ကို ပိုအားထည့်ကာ ဖက်လိုက်တော့မှ ကိုကိုက ရုန်းမရမှန်းသိ၍ ပြန်ငြိမ်ကျသွားသည်။ အဲဒီနောက် ဈာန်လည်း ကိုကို့ရဲ့လည်တိုင်ကျော့ကျော့တစ်လျှောက် အနမ်းတွေကို ဖြန့်ကြဲလိုက်တော့ ကိုကို့နားရွက်လေးက နီရဲလာကာ
“ ဈာန် ဒီနေ့ မင်း ငါ့ကို အသားယူတာ တော်တော်များနေပြီ ”
“ အင်း ... သိတယ် ”
“ သိရင် မနမ်းနဲ့တော့ ... ဖယ် ! ”
ကိုကိုရဲ့လက်တွေက ဈာန့်ရဲ့မျက်နှာကို တွန်းထုတ်လာသည်။
“ ထပ်မနမ်းတော့ဘူး ... မတွန်းနဲ့တော့ ”
ထိုစကားကို ပြောရင်း နီရဲနေသည့် ကိုကိုရဲ့နားရွက်ဖျားကိုပါ ဖျတ်ခနဲလှမ်းနမ်းလိုက်တာကိုတော့ ကိုကို သတိထားမိပုံမရ။
“ ကိုကို ဘာလုပ်နေတာလဲ ”
ဒီကောင်လေးကတော့ သိနေ မြင်နေရက်နဲ့ လေးဆက်ကို လာမေးနေပြန်ပြီ။
“ ကော်ဖီဖျော်နေတာ ... အိမ်မှာ ကော်ဖီပဲ ရှိတယ် ... ကျန်တာ ဘာမှမရှိဘူး ... တော်သေးတယ် ... ဟိုတစ်နေ့က နောင်ခန့်က ပေါင်မုန့်ထုပ်ဝယ်လာပေးလို့ ... အဲဒါလည်း ရှိသေးတယ် ”
“ အင်း ... ကျွန်တော်လည်း ကော်ဖီကြိုက်တယ် ... ဒါပေမဲ့ ကိုကို့ကို ပိုကြိုက်တယ် ”
သူ့ခါးကိုဖက် သူ့ပခုံးပေါ် မျက်နှာအပ်ကာ တအီအီနဲ့ ချွဲနေသည့် ဒီကောင်ဆိုးလေးကို သူ ဘယ်လိုအင်အားမျိုးနဲ့ ဖယ်ထုတ်ရက်မှာတဲ့လဲ။
“ ခေါင်းကိုက်တာ သက်သာသွားပြီလား ဈာန် ”
“ အင်း ... ကိုကို့ကို ဖက်လိုက်ရတော့ နည်းနည်းသက်သာသွားပြီ ”
“ အပိုတွေ ... ”
မနက်ခင်းစောစောစီးစီးမှာပဲ လေးဆက် ပြုံးမိရပြန်သည်။ သူ့နှလုံးသားကို ဘယ်လိုချော့မော့ညှို့ငင်စွဲယူရမလဲဆိုတာ ဈာန်က ကောင်းကောင်းကြီး တတ်ကျွမ်းနေတာပဲ။
“ ကျွန်တော် တကယ်ပြောတာ ကိုကိုရဲ့ ... ခုနက ရေချိုးခန်းထဲက ထွက်လာလာချင်း ခေါင်းကိုက်နေသေးတယ် ... အခု ကိုကို့ကို ဖက်လိုက်တော့မှ ပျောက်သွားတာ ... အရမ်းထူးဆန်းတယ် ”
“ ဟုတ်ပါပြီ ... ဟုတ်ပါပြီ ”
လေးဆက် ခပ်ဟဟရယ်မောရင်း သူ့ပခုံးပေါ် မှီနေသည့်ကောင်လေးရဲ့မျက်နှာကို စောင်းငဲ့ကြည့်မိတော့ ဖြန်းခနဲ မျက်နှာရဲတက်သွားသည်။
“ ဈာန် ! မင်း ... မင်း အဝတ်မဝတ်ရသေးဘူးလား ”
တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလာသည့်ကိုကို့ကို ကြည့်ရင်း ဈာန်ရောင်ခ၏မျက်နှာပေါ်မှာ မကောင်းဆိုးဝါးဆန်သည့် အပြုံးတစ်ခုဖျတ်ခနဲပေါ်လာပြီးနောက် ရုတ်ချည်းပြန်ပျောက်ကွယ်သွားကာ
“ အင်း ... မဝတ်ရသေးဘူး ”
သူ့အဖြေကို ကြားတော့ ကိုကို့ရဲ့ကိုယ်လေးက ပိုကျုံ့သွားကာ သူ့လက်ထဲမှ လွတ်အောင် အတင်းရုန်းကန်ပြီး နေရာရွေ့ဖို့လုပ်နေသဖြင့် ကိုကို့ထက် ပိုလက်မြန်သည့်သူက အရင်ကထက် ပိုပြီးတင်းကြပ်နေအောင်ဖက်ထားလိုက်ကာ
“ ကိုကို ဒီလိုမျိုးတွေ ရုန်းနေမယ်ဆိုရင်တော့ ကျွန်တော့်အောက်ပိုင်းမှာ ပတ်ထားတဲ့တစ်ခုတည်းသော သဘက်က ပြုတ်ကျတော့မှာပဲ ... အဲ့လိုဆို ဘယ်လိုလုပ်မလဲ ... ကျွန်တော်က ကိုကို့လို ကပ်စေးမနည်းလို့ ပြရဲပေမဲ့ ကိုကိုကတော့ ကြည့်ရဲမယ်မထင်ဘူးနော် ”
“ ဈာန် မင်း ယုတ်မာတယ် ”
“ အင်း ... ဒါဆို ကျွန်တော် ဆက်ပြီးယုတ်မာလိုက်ရတော့မလား ”
ကိုကို့ရဲ့ရှက်သွေးဖြာနေတဲ့ပါးပြင်လေးတစ်ဖက်ကို ခပ်ဖွဖွနမ်းရှိုက်ကာ ညင်ညင်သာသာလေးပြောမိတော့ ကိုကိုရဲ့ကိုယ်လေးက ပိုပြီးတော့ တုန်ရင်လာသည်။
“ ဈာန် ”
သူ့နာမည်ကို ခေါ်လိုက်သည့် အသံလှိုင်းတွေထဲမှာ စိတ်ညစ်ညူးခြင်းတွေ ကပ်ပါလာကြောင်း ရိပ်မိလိုက်သည်မို့
“ ကျွန်တော်က စနေတာပါ ကိုကိုရဲ့ ”
လူချင်း ပြန်ခွာသွားတော့မှ ကိုကိုရဲ့တုန်ရင်နေတဲ့ကိုယ်လေးက နဂိုအတိုင်း ပြန်လည်တည်ငြိမ်သွားသည်။
“ သွား ! အဝတ်သွားဝတ်တော့ ”
ရဲသွေးရောင်လက်နေသည့် မျက်နှာလေးဖြင့် ကိုကိုက သူ့ကို မကြည့်ဘဲ ပြောလာသည်။
“ အဝတ်မှ မရှိတာ ”
“ အဝတ်ဗီရိုထဲမှာ ရှိတယ် ”
“ ကျွန်တော် မရွေးတတ်ဘူး ... ကိုကို လိုက်ရွေးပေး ... ”
ဒီကလေးဆိုးလေးကိုတော့ မနိုင်ဘူးဆိုသည့်ပုံမျိုးဖြင့် ကိုကိုက တစ်ချက်ကြည့်ပြီး အခန်းထဲပြန်ဝင်သွားကာ သူ့အတွက် အကျီလိုက်ရွေးပေးသည်။
“ အဝတ်အစားဝတ်ပြီးရင် အိမ်ရှေ့မှာ သွားထိုင်နေနော် ဈာန် ”
“ ဟုတ် ”
လေးဆက် မီးဖိုခန်းထဲကနေ ကော်ဖီနှင့်ပေါင်မုန့်တွေယူပြီး အိမ်ရှေ့ခန်းကို ပြန်ထွက်လာတော့ ဈာန်က ဆိုဖာပေါ်မှာ ထိုင်နေကာ သူရှိရာဆီသို့ လှမ်းလှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
အဲဒီနောက် လေးဆက်လည်း ဈာန့်ဘေးနား နေရာလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်ရင်း
“ ရော့ မင်းအတွက် ... ကော်ဖီသောက် မုန့်လည်းစား ... ခဏနေ ဆေးသောက်ရမယ် ... ပြီးရင် ကိုယ့်အိမ်ကိုယ် ပြန်တော့ ”
ထိုစကားကို ကြားတော့ လေးဆက် လှမ်းပေးသည့် ကော်ဖီကို ယူနေသည့် ကောင်လေးရဲ့မျက်နှာက စူပုပ်ပုပ်အသွင်သို့ ပြောင်းလဲသွားသည်။
“ ဈာန် မင်း ငါ ပြောနေတာကို ကြားရဲ့လား ”
“ ကြားတယ် ”
ဆောင့်ဆောင့်အောင့်အောင့်ပြန်ဖြေလာသည့် ဈာန့်ရဲ့အသံထဲမှာ မကျေနပ်ခြင်းတွေက အပြည့်အနှက်ပါဝင်နေသည်မို့
“ အခုရော ခေါင်းကိုက်တာ ဘယ်လိုနေသေးလဲ ”
“ ကိုက်နေတုန်းပဲ ”
“ အရမ်းကိုက်နေတာလား ”
“ အင်း ... သေတော့မလိုပဲ ”
ဒါ သူ့ကိုသက်သက်ရွဲ့ပြီးပြန်ဖြေနေတာမှန်း လေးဆက် ရိပ်မိလိုက်သည်။ ခုနက အိမ်ပြန်ခိုင်းလိုက်လို့ သူ့ကို ဈာန်က ကလန်ကဆန်လုပ်ချင်နေသည်လေ။
“ ဒါဆို ဆေးသောက်ပြီး အိမ်ပြန်အနားယူလိုက် ... အဲဒီလိုဆို သက်သာသွားလိမ့်မယ် ”
သူ့စကားကိုကြားတော့ ကော်ဖီသောက်နေသည့် ကောင်လေးရဲ့မကျေမနပ်အကြည့်စူးစူးတို့က လေးဆက်ထံ ဒိုင်းခနဲဝင်ရောက်လာသည်။
“ ဘာလဲ ... ဘာကြည့်တာလဲ ”
လေးဆက် ဈာန့်ကို မေးဆတ်ပြရင်း မေးလိုက်တော့ ဈာန်က ကော်ဖီခွက်ကို စားပွဲပေါ်အသာပြန်တင်လိုက်ကာ သူ့လက်နှစ်ဖက်ကို အုပ်မိုးဆုပ်ကိုင်လာသည်။
“ ကိုကို ”
“ အင်း ... ပြော ... ”
“ ကိုကို ကျွန်တော့်ကို ကြည့် ... ”
ဒီလိုအချိန်မျိုးမှာ သူ ဈာန့်ကို လုံးဝမကြည့်ရဲသော်ငြား ထပ်ပြီးမသိချင်ဟန်ဆောင်နေလို့မရတော့ဘဲ အကြည့်တို့က ဈာန့်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
“ ကိုကို ကျွန်တော်တို့ မနေ့ကိစ္စကို ပြောရအောင် ”
“ အင်း ”
“ မနေ့က ကိုကို ကျွန်တော့်ကို စဉ်းစားပေးပါ့မယ်လို့ပြောတယ်လေ ... အဲဒါ တကယ်လား ”
“ အင်း ”
“ ဒါဆို ကိုကိုက ကျွန်တော့်အပေါ်မှာ ခံစားချက်ရှိတယ်ပေါ့ ”
ဒီမေးခွန်းကိုဖြေဖို့အရေး သူ့တစ်ကိုယ်လုံး ပူအိုက်လာခဲ့သည်။ ရှက်နေသည့်မျက်နှာကို လက်တွေကြားထဲ ဝှက်ကာ ဖုံးကွယ်ထားပစ်လိုက်ချင်ပေမဲ့လည်း လျှပ်တပြက်တိုက်စစ်ဆင်တတ်သော ရန်သူတော်၏လက်အတွင်းဝယ် ရှိနေသည့်လက်အစုံတို့ကြောင့် ပုန်းရှောင်ရန်အခွင့်မသာလိုက်။
“ ကိုကို ကျွန်တော် မေးတာကို ဖြေပါဦး ... ကိုကို ကျွန်တော့်အပေါ်မှာ ခံစားချက်ရှိလား ”
“ အင်း ”
မဖြေမချင်း မရမကဂျစ်တိုက်ကာ လိုက်မေးနေမည့် အသွင်ရှိသော ကောင်လေးကြောင့် လေးဆက်လည်း စိတ်လျော့ကာ ဝန်ခံလိုက်ရသည်။
“ ဒါဆို ကိုကိုက ကျွန်တော့်ကို ချစ်တယ်ပေါ့ ”
သူ့ရဲ့မေးခွန်းက သိပ်အဆင်မချောဘူးထင်ပါရဲ့။ ကိုကိုက လွန်လာပြီနော်ဆိုသည့် အကြည့်စူးစူးလေးနဲ့ တစ်ချက်စိုက်ကြည့်လာသည်။
“ ဈာန် မနေ့ကပဲ ငါ မင်းကို စဉ်းစားပေးမယ်လို့ပြောထားတာလေ ... မင်းက ဒီနေ့ကျ အဖြေလာတောင်းနေတယ် ... မင်းဟာက အရမ်းမမြန်လွန်းဘူးလား ”
“ ကိုကိုကလည်း ... အခုအဖြေပေးလည်း ရတာပဲကို ”
ကိုကို့ဆီက အဖြေကို မရမကဂျစ်တိုက်မိပေမဲ့လည်း နောက်ဆုံးရလဒ်အဖြေက မထူးမခြားနား။
“ မရဘူး ... Second Semester ပြီးမှ အဖြေပေးမယ် ... မင်း အခုချိန်မှာ စာတွေလုပ်နေရမှာလေ ... တတိယနှစ်တောင်ရောက်နေပြီ ... စာတွေကလည်း ပိုခက်လာတာကို ... ”
“ သိပ်မခက်ပါဘူး ”
“ ဘာမခက်တာလဲ ... တီချယ်က ငါ့ကိုတိုင်တယ် ... မင်း သူ့ Grammar ချိန်တွေလည်း မတက်ဘူးဆို ... မင်းက တီချယ့်အချိန်တွေ အတန်းမတက်တော့ ဘယ်လိုလုပ် စာက ရမှာလဲ ... ဈာန် မင်း တခြားအချိန်တွေကိုရော တက်ရဲ့လား ”
ကိုကို့စကားကြောင့် သူ ရယ်မောလိုက်ကာ
“ ကိုကိုကလည်း ... နေ့သစ်နဲ့ လရောင်ရှိတယ်လေ ... သူတို့ကို ပြန်မေးလို့ရတာပဲ ... နေ့သစ်ဆိုလည်း တစ်ချိန်လုံး အတန်းထဲမှာပဲရှိနေတာ ... ကျွန်တော် မသိတာရှိရင် သူ့ကို ပြန်မေးလို့ရတယ် ”
“ ဈာန် မင်း သူငယ်ချင်းတွေကို အနိုင်ကျင့်ပြန်ပြီ ”
“ အနိုင်ကျင့်တာမှ မဟုတ်တာ ... ကျွန်တော်တို့က ငယ်ငယ်လေးကတည်းက အဲ့လိုပဲ ... ကျွန်တော် မသိတာ ရှိရင် နေ့သစ်ကပဲ ပြန်ရှင်းပြပေးနေကျ ... လရောင်ကတော့ နေ့သစ်လောက် သိပ်စာမရှင်းပြတတ်ဘူး ”
“ ဒါနဲ့ မင်းတို့သုံးယောက်က ငယ်ငယ်လေးကတည်းက ခင်တာလား ”
ဈာန်ရောင်ခရဲ့စိတ်ထဲ ရွှင်မြူးခြင်းတို့ တလုံးတခဲဝင်ရောက်လာခဲ့သည်။ နောက်ဆုံးဝောာ့ ကိုကိုလည်း သူ့အကြောင်းကို တဖြည်းဖြည်းစိတ်ဝင်စားလာခဲ့ပြီ။
ပုံမှန်ဆို သူ ဘာပဲလုပ်လုပ် ဘာပဲပြောပြော တစ်ခွန်းတလေမှ ဝင်မမေးတတ်သည့် ကိုကိုက အခုဆိုရင် သူနှင့် ပတ်သတ်သည့်ကိစ္စတွေမှာ ဖာသိဖာသာမနေနိုင်တော့။ ဒါဟာ သူ့အတွက်တော့ အပျော်လုံးစို့စရာကိစ္စပင်ဖြစ်သည်။
“ ငါးတန်းစတက်ကတည်းက ခင်ခဲ့တာ ... အမှန်တော့ သုံးယောက်တည်းမဟုတ်ဘူး ... လေးယောက် ... နောက်တစ်ယောက်နဲ့က ကျောင်းမတူလို့ ... ပြီးတော့ အဲဒီကောင်က ကျွန်တော်နဲ့ မျက်နှာကြောမတည့်တော့ စကားထဲ ထည့်မပြောချင်ဘူး ”
“ ဪ ... ”
“ ဒါတွေကို မေ့ထားလိုက်ပါ ... ကိုကို ကျွန်တော့်ကို ဘယ်တော့အဖြေပေးမှာလဲ ”
“ Second Semester ဖြေပြီးမှလို့ ခုနလေးတင် ငါ ပြောထားတယ်လေ ဈာန်ရယ် ”
“ အရမ်းမကြာလွန်းဘူးလား ကိုကိုရာ ”
“ အခုပဲ ဩဂတ်လကုန်နေပြီလေ ... စာမေးပွဲဖြေဖို့က သိပ်တောင်မကျန်တော့တာကို ... ကြာတယ်ထင်ရင် မယူနဲ့တော့ ”
တကျီကျီအဖြေလာတောင်းနေသည့်ကောင်လေးကို လေးဆက် စိတ်ပေါက်ပေါက်နှင့် ပြောချလိုက်တော့မှ
“ မလုပ်နဲ့ ... မလုပ်ပါနဲ့ ကိုကိုရာ ... ကိုကို အဖြေပေးတဲ့အချိန်ထိစောင့်မယ်နော် ... ဒါပေမဲ့ ကျွန်တော် လိုချင်တဲ့အဖြေကိုပဲ ပေးရမယ် ”
အဖြေတောင်းတာ တစ်ခါတည်း သူ လိုချင်တာကို ကြိုပြောထားလို့ ရကြေးလား။
“ မရဘူး ... ငါ ပေးချင်တဲ့အဖြေကိုပဲ ပေးမှာ ... ”
“ ကိုကို ”
“ ဘာလဲ ”
“ ကျွန်တော့်ကို စိတ်တိုအောင် မလုပ်နဲ့နော် ”
ဒါလေးပြောတာနဲ့ သူ့ကိုတောင် စိတ်တိုတော့မယ်တဲ့လား။ လေးဆက် စိတ်ထဲ ထောင်းခနဲဖြစ်သွားပြီး
“ မင်း စိတ်တိုတော့ ငါက ဘာလုပ်ရမှာလဲ ”
ဈာန် အုပ်မိုးဆုပ်ကိုင်ထားသည့် သူ့လက်အစုံကို ရုန်းထွက်လိုက်ကာ အထဲသို့ ပြန်ဝင်ရန်အလုပ် လက်တစ်ဖက်က ပြန်ဆောင့်ဆွဲချခံလိုက်ရခြင်းနှင့်အတူ လူက ဆိုဖာပေါ်သို့ ကြမ်းကြမ်းတမ်းတမ်းပြုတ်ကျသွားသည်။
“ ဈာန် မင်း ဒါ ဘာလုပ် ... ”
နွေးခနဲဖြစ်သွားသည့် နှုတ်ခမ်း၊ ခါးပေါ်၌ ရစ်ဝဲလာသည့် လက်အစုံတို့ကြောင့် လေးဆက် အကြီးအကျယ်အံ့အားသင့်သွားရသည်။
ဒါက ဘာတွေဖြစ်ကုန်တာလဲ ...
နှုတ်ခမ်းနှစ်စုံရဲ့ပေါင်းစပ်မှုတို့က လေတိုးဝင်ဖို့တောင် အကြားအလပ်မရှိပေ။
တစ်ခုခုထိတ်လန့်စရာ၊ အံ့ဩစရာတွေနှင့် ကြုံရလျှင် နှလုံးခုန်မြန်လွန်းသူမို့လို့လည်း လေးဆက်တစ်ယောက် ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲကာ တစ်ကိုယ်လုံး ယိုင်နဲ့ချင်လာရသည်။
“ ဈာန် ... ဟင့်အင်း ... ”
စျာန်ရဲ့ရင်ဘတ်ကို ရှိသမျှအင်အားသုံးကာ တတ်နိုင်သမျှ တွန်းထုတ်နေပေမဲ့လည်း သူ့ကို နမ်းရှိုက်နေသည့်လူမှာ ဈာန်ဖြစ်သည်ဟူသောအသိကြောင့် လက်အစုံက တဖြည်းဖြည်းအားလျော့လာရသည်။
ရှောင်ရှားလို့မရအောင် သူ့ရဲ့ခေါင်းကို အနောက်ကနေ လက်တစ်ဖက်နဲ့ကိုင်ကာ ထိန်းချုပ်ထားသည့် ကောင်လေးကြောင့်လည်း လေးဆက်မှာ ဘယ်လိုမှရုန်းခွင့်မသာ။
“ အာ့ ! ”
ဆစ်ခနဲဖြစ်သွားသည့်နာကျင်မှုနှင့်အတူ သူ့ရဲ့အောက်နှုတ်ခမ်းမှာလည်း ပေါက်သွားရသည်။ အဲဒီနောက်မှာတော့ အဆက်မပြတ်ဖြစ်ပေါ်နေသည့် အနမ်းတို့မှာ ရုတ်ချည်းဆိုသလိုပင် ရပ်တန့်သွားခဲ့သည်။
“ ကိုကို ကျွန်တော် တောင်းပန်ပါတယ် ... တကယ်စိတ်မထိန်းနိုင်တော့လို့ ... ”
ကိုကိုရဲ့ပေါက်သွားသည့်နှုတ်ခမ်းလေးကို လက်နှင့် ဖွဖွလေးပွတ်ထိပြီး ဈာန်ရောင်ခ တောင်းပန်နေမိသည်။ သူလည်း အဲဒီလောက်ထိဖြစ်သွားလိမ့်မယ်လို့ တကယ်မထင်ထားမိပါချေ။
ကိုကို့ရဲ့နှုတ်ခမ်းတွေက တစ်ချက်ထိတွေ့မိတာနဲ့ နောက်ထပ်စဉ်ဆက်မပြတ်ထိတွေ့ရူးသွပ်ချင်လောက်ရသည့်အထိ ဆွဲဆောင်မှုရှိလွန်းနေသဖြင့် သူ စိတ်လွတ်မိသွားတာထင်သည်။
“ နှုတ်ခမ်းပေါက်သွားပြီ ”
ကိုကိုက သူ့နှုတ်ခမ်းကို ကိုင်ကာ စိတ်ညစ်သလို ပြောလာသည့်အသံကြောင့် ဈာန်ရောင်ခ အရမ်းပြာယာခပ်သွားမိသည်။ ကိုကို သူ့ကို စိတ်ပျက်သွားလို့ လုံးဝမဖြစ်ပေ။
“ ကိုကို ... ကိုကို ကျွန်တော် တောင်းပန်ပါတယ် ”
ကိုကိုက ဘာတစ်ခွန်းမှ ပြန်မပြောသေးဘဲ ရင်ဘတ်ကို အသာအယာဖိရင်း အသက်ကိုဖြည်းဖြည်းမှန်မှန်ရှူနေကာ
“ မင်း ပြန်တော့ ”
“ ကိုကို ကျွန်တော့်ကို စိတ်မဆိုးပါနဲ့ ... ကျွန်တော် တကယ်တောင်းပန်ပါတယ် ”
“ အခု ပြန်တော့ ”
ကိုကိုက သူ့လက်ကိုထူမပြီး တိုက်ခန်းအပြင်အထိ ဆွဲခေါ်သွားကာ တံခါးအပြင်ဘက်သို့ရောက်အောင် တွန်းလိုက်ပြီး တံခါးကို ဆွဲပိတ်ရန်ပြင်သည်။ သူလည်း တံခါးကို ပိတ်လို့မရအောင် လက်တစ်ဖက်နဲ့ကာထားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကိုကို့လက်ကို ဆွဲယူကာ
“ ကိုကို ကျွန်တော့်ကို မမုန်းပါနဲ့ ... စိတ်လည်းမဆိုးပါနဲ့ ... ကျွန်တော် တောင်းပန်ပါတယ် ... ကျွန်တော် တကယ် စိတ်လွတ်သွားလို့ပါ ”
“ ဈာန် ငါ မင်းကို မုန်းလည်း မမုန်းဘူး ... စိတ်လည်းမဆိုးဘူး ဟုတ်ပြီလား ... မင်း ထပ်ပြီးစိတ်လွတ်မှာကို ကြောက်လို့ အမြန်နှင်လွှတ်ရတာ ... အိမ်ကိုပဲ အေးအေးဆေးဆေးပြန်တော့ ... ကားပါတယ်မလား ”
“ အင်း ... ပါတယ် ... ဒါနဲ့ ကိုကို ကျွန်တော့်ကို တကယ်စိတ်မဆိုးဘူးနော် ”
“ မဆိုးဘူး ”
“ ဒါဆို ကျောင်းမှာရော လာတွေ့လို့ရလား ”
“ အတန်းချိန်မှန်အောင် တက်ရင် လာတွေ့ခွင့်ပေးမယ် ”
“ ကတိနော် ”
“ အင်း ”
လေးဆက်ပြောအပြီး တံခါးပိတ်ရန်အပြင် သူ့အနား ဖျတ်ခနဲကပ်လာသော အရိပ်တစ်ခုကြောင့် ယောင်ပြီး နောက်ဆုတ်မိလိုက်သည်။ ထိုအရိပ်က လေးဆက်ရဲ့ပေါက်နေသောနှုတ်ခမ်းပါးမှ ထွက်လာသည့်သွေးစက်လေးများကို သူ့နှုတ်ခမ်းအစုံနှင့် ထိကပ်ပြီး အလုံးစုံစုပ်ယူလာသည်။
ခဏအကြာမှာ အနွေးဓာတ်ချင်း ကွဲကွာသွားပေမဲ့လည်း လေးဆက်ရဲ့ထုံကျင်နေသည့် နှုတ်ခမ်းထက်မှ ဝေဒနာကြောင့် ထွက်ပေါ်လာသည့် စကားသံတို့မှာ တုန်တုန်ရီရီ ... ။
“ ဈာန် ! မင်း ... ”
“ ဆေးကုပေးတာလေ ... ကျွန်တော် သွားပြီနော် ”
လေးဆက် ဘာတစ်ခုမှ ဆက်မပြောနိုင်ခင်မှာပဲ ဘယ်ဘက်ပါးပြင်ကို တစ်ချက်နမ်းပြီး အောက်သို့ ပြေးဆင်းသွားသည့် ကောင်လေးကြောင့် လေးဆက်မှာ တံခါးဝမှာရပ်နေရင်း နှုတ်ခမ်းကိုပဲ ကိုင်ရတော့မလို ပါးပြင်ကိုပဲ ကိုင်ရတော့မလိုနှင့် ဝေခွဲမရဖြစ်နေခဲ့သည်။
ရင်တွေ တဒုန်းဒုန်းခုန်နေသည့် နှလုံးသားနေရာကို လက်လေးနှင့်ဖိထားရင်း အပြုံးလက်လက်လေးတစ်ခုနှင့်အတူ ထွက်ပေါ်လာသည့် စကားလေးတစ်ခွန်း ... ။
“ မင်းက သိပ်အန္တရာယ်များတာပဲ ဈာန် ”
3:13 P.M
12.4.2021 ( Monday )