ကျွီ ...
ပွင့်ဟလာသော တံခါးတစ်ချပ် ... ။
လှပ်ခနဲ ပွင့်ဟသွားသော တံခါးကြောင့် ထိုတံခါးကို အမှီပြုကာ ရပ်နေသည့်သူမှာ တစ်ဖက်လူရဲ့ရင်ခွင်ထဲ ဘုတ်ခနဲ ပြုတ်ကျသွားလေသည်။
တစ်ဖက်လူမှာလည်း သူ့ရင်ခွင်ထဲ ပြိုကျလာသည့် ကောင်လေးအား လက်နှစ်ဖက်နှင့် မနိုင်မနင်းထိန်းပွေ့ထားရသည်။
“ ဟင် ကိုကိုလား အေ့ ... ကိုကို့ကို ကျွန်တော် အရမ်းလွမ်းနေတာ ”
လေးဆက်ကို မျက်မြင်တွေ့လိုက်ရမှ ဈာန့်ရဲ့အလွမ်းဓာတ်ခံတို့က ပြိုကျလာသလားမှတ်ရသည်။
ဈာန်က သူ့ရဲ့ပခုံးပေါ် ခေါင်းလေးမှေးတင်ထားသည်။ အဲဒီနောက် သူ လွတ်ထွက်သွားမှာကို စိုးသည့်အလား လေးဆက်ရဲ့ခါးထက်တွင် ဈာန့်လက်တို့က ခပ်တင်းတင်းရစ်တွယ်ထားလျက် ... ။
“ ကိုကို့ကို လွမ်းတယ် ”
“ အင်း ... လိမ္မာတယ် ... တိတ်တိတ်လေးနေ ... ”
သူ့ပခုံးပေါ်မှာ ခေါင်းတင်ပြီး ချွဲနေသည့်ကောင်လေးကြောင့် ဆံပင်လေးကို ဖွဖွလေးပွတ်သပ်လိုက်ပြီး အရင်ဆုံးချော့မော့လိုက်ရသည်။
“ အွန်း ”
အဲဒီနောက်မှာတော့ ခုနက အမူးလွန်ကာ စကားတွေ တောင်စဉ်ရေမရလျှောက်ပြောပြီး ရစ်ချင်တိုင်းရစ်နေသည့် ကောင်လေးတစ်ယောက်၏အသွင်အပြင်မှာ လုံးဝပျောက်ဆုံးသွားသည်။
၎င်းအစား တစ်ပါးသူရဲ့ပခုံးထက်၌ ငြိမ်ငြိမ်လေးမှေးနေသည့် ကလေးငယ်တစ်ယောက်၏အသွင်အပြင်နှင့်လူကိုသာ တွေ့မြင်လိုက်ရသဖြင့် ဦးရွှေနှင့် ဒေါ်ဝင့်ဝါမှာ မယုံနိုင်သကဲ့သို့ ဆွံ့အနေမိလေသည်။
“ ဦးလေးရွှေနဲ့ အန်တီဝင့်ဝါ ... ဒီကောင်လေးအစား ကျွန်တော်ကပဲ တောင်းပန်ပါတယ် ... ဒီကောင်လေးက အရမ်းအရစ်သန်တာ ... ဦးလေးတို့ကို အနှောင့်အယှက်ပေးမိသလိုဖြစ်သွားပြီ ”
အားနာပြုံးလေးနှင့် သူတို့လင်မယားကို တောင်းပန်စကားဆိုနေသော ကောင်လေးကြောင့် လွင့်မျောနေသောစိတ်အစဉ်တို့က အသိပြန်ဝင်လာသည်။
“ ရပါတယ်ကွယ် ... ဒါနဲ့ ဒီကောင်လေးက မင်းညီလေးလား ... အရက်တွေလည်း မူးလို့ကွယ် ... မင်းနဲ့ရန်ဖြစ်ထားတာလား ”
ဦးရွှေက ခေါင်းတစ်ချက်ငြိမ့်ပြီး အသိအမှတ်ပြုလိုက်ပေမဲ့ ဒေါ်ဝင့်ဝါကတော့ မိန်းမပီပီ စပ်စုချင်သည့်ဗီဇကတော့ အသက်ကြီးလာသည်အထိ မပျောက်ဆုံးသေးပါ။
“ ဟုတ်ပါတယ် ... ကျွန်တော့်ရဲ့ညီလေးလိုဖြစ်နေတဲ့ ကျောင်းက ဂျူနီယာပါ ... ဟိုတစ်နေ့က ရန်နည်းနည်းဖြစ်ထားလို့ သူ ကျွန်တော့်ဆီ ပြဿနာလာရှာတာထင်တယ် အန်တီဝင့်ဝါရယ် ... ဒီကောင်လေးက နည်းနည်းတော့ဆိုးတယ် ... အားနာလိုက်တာ ”
“ ရတယ် ... ရတယ် ... ဘာမှအားနာနေစရာမလိုဘူး ... အချင်းချင်းတွေပဲဟာ ... တစ်ခုခုဖြစ်ရင်လည်း ဒီဘက်အခန်းကိုသာ လာပြီးအကူအညီလှမ်းတောင်းလိုက် ဟုတ်ပြီလား ... အခု ဦးလေးတို့လည်း အထဲဝင်တော့မယ် ... မင်းတို့လည်း ဝင်တော့လေ ... ဒါနဲ့ ဒီကောင်လေးကို အကျီလဲပေးလိုက်ဦးနော် ... အရက်ကမူး ရေတွေကစိုနဲ့ လေဖြတ်နေဦးမယ် ”
“ ဟုတ်ကဲ့ ဦးလေးရွှေ ”
မိန်းမဖြစ်သူ လေကြောရှည်နေမည်စိုးသဖြင့် ဦးရွှေလည်း စကားဖြတ်ကာ အထဲသို့ပြန်ဝင်လာခဲ့လေသည်။
ရှေ့အခန်းက လူကြီးနှစ်ယောက်လုံး မြင်ကွင်းရှေ့ကပျောက်ကွယ်သွားတော့မှ လေးဆက်လည်း သူ့ကိုယ်ပေါ်မှာ တွယ်ကပ်နေသည့် ကောင်လေးအား အထဲသို့ ခေါ်ရန်ပြင်ရသည်။
“ ခါးကို လွှတ်ဦး ဈာန် ... အတင်းဖက်မထားနဲ့ ... မင်း ဖက်ထားတော့ ငါ မင်းကို ဘယ်လိုအထဲခေါ်ရမလဲ ”
“ ဒီတိုင်းလေးပဲ နေချင်တယ် ”
“ ဒီတိုင်းလေးပဲ နေချင်လို့မရဘူး ... မင်း အထဲဝင်ပြီး အဝတ်အစားလဲရမယ်လေ ... ဒီလောက်စိုရွှဲနေတာကို ... ”
“ အဲဒါ ကိုကို့ကြောင့် ... ”
သူ့ပခုံးပေါ် မှေးတင်ထားသည့်ခေါင်းလေးက ပြန်ထောင်လာကာ နက်မှောင်စိုလဲ့နေသည့် ရီဝေဝေမျက်ဝန်းတို့က လေးဆက်ကို စူးစူးရဲရဲစိုက်ကြည့်လာပြီး
“ လွမ်းတယ် ”
လေးဆက်ရဲ့ပါးပြင်က ဖြန်းခနဲ ပူနွေးသွားရသည်။
“ အရမ်းလွမ်းတယ် ”
သူ ဘယ်လောက်ထိ လွမ်းနေကြောင်းကို ထပ်ခါထပ်ခါပြောနေသည့်ကောင်လေးကြောင့် လေးဆက်ရဲ့မျက်နှာထက်မှာ အပြုံးနုနုတို့က ရိပ်ခနဲဖြတ်ပြေးသွားသည်။
“ အင်း ... ငါ သိပြီ ... အခု ငါတို့ အထဲကို အရင်ဝင်ကြရအောင် ... ဈာန် လိမ္မာတယ် ... စကားနားထောင် ... ”
အဲဒီလိုပြောလိုက်တော့မှ ဈာန်က လေးဆက်ခေါ်ဆောင်ရာနောက်ကို ငြိမ်သက်စွာ လိုက်ပါလာသည်။ ဈာန့်ကို အိမ်ရှေ့ခန်းက ဆိုဖာခုံမှာ နေရာချထားပေးပြီး အိပ်ခန်းထဲ ဝင်ဖို့ပြင်နေစဉ်မှာ လက်ကို ဆောင့်ဆွဲခံလိုက်ရသဖြင့် လူကပါ ယိမ်းယိုင်ထွက်သွားသည်။
“ ကိုကို ဒါ ဘယ်ကိုသွားမလို့လဲ ”
သူ ထွက်ပြေးသွားမှာကို စိုးရိမ်နေသည့်အကြည့်လေးနှင့် လက်ကို အတင်းဆုပ်ကိုင်ထားသည့်ကောင်လေးကြောင့် လေးဆက်လည်း သက်ပြင်းဖွဖွချလိုက်ရင်း
“ ဈာန် ငါက မင်းအတွက် အကျီသွားယူပေးမလို့လေ ”
“ ညာနေတာ ! ကိုကို အကျီသွားယူပေးမယ်ပြောပြီး ထပ်ထွက်ပြေးဦးမှာပဲမလား ”
ဈာန် ငါ့ကို မယုံတော့ဘူးပဲ ... အေးပေါ့လေ ...
သူ မယုံကြည်အောင် ငါကိုယ်တိုင်ပဲ လုပ်ခဲ့တဲ့ကိစ္စကို အခုချိန်မှာ ဘယ်သူ့ကို သွားအပြစ်တင်လို့ရမှာတဲ့လဲ ...
“ ဒါက ငါ့အိမ်လေ ဈာန် ... ငါက ဘယ်ကိုထွက်ပြေးလို့ရမှာလဲ ... မင်းက ကလေးလည်းမဟုတ်ဘဲနဲ့ စျာန်ရာ ... ခဏလေးပဲစောင့်နော် ”
“ တကယ်ထွက်မပြေးရဘူးနော် ”
“ ငါ ကတိပေးတယ် ဟုတ်ပြီလား ”
ထိုအခါမှ ဈာန်က လေးဆက်ကို အသာတကြည်လွှတ်ပေးလာသည်။ အဲဒီနောက် သူလည်း အိပ်ခန်းထဲဝင်ကာ ဗီရိုထဲမှ oversize တီရှပ်အပွကြီးနှင့် အားကစားဘောင်းဘီပွပွတစ်ထည်ကို ထုတ်ယူပြီး အိမ်ရှေ့ခန်းသို့ ပြန်ထွက်လာခဲ့သည်။
ဆိုဖာခုံရှည်ပေါ်မှာ ထိုင်နေသည့်ကောင်လေးအား အဝတ်အစားပစ်ပေးလိုက်ရင်း ကျောပေးထားလိုက်သည်။ အချိန်တခဏမျှအကြာမှာတော့
“ အင့် ! ”
နောက်ကျောဘက်ကနေ အရှိန်ပြင်းပြင်းနဲ့ ခါးကို ထွေးဖက်ခြင်းခံလိုက်ရတာကြောင့် လေးဆက် ယောင်ယမ်းကာ အသံလေးပင်ထွက်မိသွားရသည်။
ပြင်းရှသည့်အရက်နံ့နှင့်အတူ လေးဆက်ရဲ့လည်ပင်းနားတစ်ဝိုက်မှာတော့ ဈာန်ရဲ့ဝင်သက် ထွက်သက်နွေးနွေးလေးက ရိုက်ခတ်နေလျက် ... ။
“ ဈာန် ”
“ အင်း ”
“ မင်း ဘာလုပ်နေတာလဲ ”
“ ခဏလေး ... တကယ်ခဏလေးပဲ ... ပြီးရင် ကျွန်တော် ကိုကို့ကို ပြန်လွှတ်ပေးပါ့မယ် ”
နံရံမှာ ချိတ်ဆွဲထားသည့် တိုင်ကပ်နာရီ၏တချက်ချက်မြည်သံနှင့်အတူ ပြင်ပမှ ရုတ်တရက် သည်းထန်စွာပြန်ရွာသွန်းလာသော မိုးသံလေသံတို့မှလွဲ၍ အနှီအိမ်ရှေ့ခန်းလေး၌ရှိနေသော လူသားနှစ်ဦးမှာ အသက်ရှူသံသဲ့သဲ့မှတပါး အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လျှက် ... ။
တစ်ယောက်ချင်းစီ၏နှလုံးသားထက်ဝယ် ခံစားချက်ကိုယ်စီနှင့် ဗလောင်ဆူနေကြသော်ငြား အေးချမ်းသည့် ဒီအခိုက်အတန့်လေး ပျက်စီးသွားမှာစိုးသည့်အလား ဘာအသံတစ်ခုမှထွက်မလာခဲ့ပေ။
ခဏအကြာမှာတော့ ...
“ ပင်ပန်းနေပြီမလား ဈာန် ”
“ .......... ”
တိုးတိတ်ညင်သာသည့် အသံလေးတစ်ခုက တိတ်ဆိတ်မှုတွေကြားမှ တိုးဝင်ဖောက်ထွက်လာသည်။
“ ပင်ပန်းနေရင် လက်လျှော့သင့်တာပေါ့ ဟုတ်တယ်မလား ဈာန် ... ပင်ပန်းတကြီးဆုပ်ကိုင်ထားရက်နဲ့ မင်းအတွက် ဘာတစ်ခုမှ ပြန်ရမလာခဲ့ရင် မတန်ဘူးလေ ... ငါ ပြောချင်တာကို မင်း သဘောပေါက်တယ်မလား ”
“ ဟင့်အင်း ... ကျွန်တော် မပင်ပန်းဘူး ... ကိုကိုပြောတာကိုလည်း သဘောမပေါက်ဘူး ... တန်တယ် မတန်ဘူးဆိုတာကို ကျွန်တော်ကပဲ ဆုံးဖြတ်ချင်တယ် ”
“ မင်းက အရမ်းခေါင်းမာတာပဲ ဈာန်ရာ ”
“ ခင်ဗျားကမှ ပိုခေါင်းမာတာပါ ... ခင်ဗျားက ကျွန်တော့်ထက် ဆယ်ဆလောက်ပိုခေါင်းမာတယ် ”
သက်ပြင်းချသံသဲ့သဲ့နှင့်အတူ တဖန်တိတ်ဆိတ်သွားသည့် လေထု၏သိပ်သည်းနေသော အရိပ်အငွေ့က ပြန်ပေါ်ထွက်လာသည်။
အဲဒီနောက် ဈာန်က လေးဆက်ကို ပွေ့ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး လူကို သူနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဖြည်းဖြည်းချင်း ဆွဲလှည့်လာသည်။
“ ဈာန် ”
“ ကျွန်တော် ဘာလုပ်ရမလဲ ... ခင်ဗျားရဲ့အချစ်တွေကို ရဖို့ ကျွန်တော် ဘာလုပ်ပေးရမလဲ ”
“ ဈာန်ရာ မင်း ... ”
“ ကိုကို ပြောပြလေ ... ကျွန်တော် ကိုကိုခိုင်းသမျှ အကုန်လုပ်ပေးမယ် ”
သူ့ရဲ့ပခုံးစွန်းနှစ်ဖက်ကို အသာအယာဆုပ်ကိုင်ရင်း ကြေကွဲဆို့နင့်စွာမေးလာသည့် ဈာန့်ကြောင့် လေးဆက်၏နှလုံးသားထဲမှာ နာကျင်သွားရသည်။
ဘာကြောင့် ငါတို့နှစ်ယောက်က ဒီလိုဖြစ်နေရတာလဲ ...
ငါ့ဘက်ကချည်းပဲ မင်းကို တစ်ဖက်သတ် စည်းခြားထားတာက တကယ်ရော မှန်ရဲ့လား ... ဖြစ်သင့်ရဲ့လား ...
“ ဈာန် ငါ ပြောပြမယ် ”
“ နားမထောင်ချင်ဘူး ... ခင်ဗျားပြောမဲ့ အကြောင်းအရာတွေကိုလည်း ကျွန်တော် အလွတ်ရနေပြီ ... တစ်ခါလာလည်း မဖြစ်နိုင်ဘူး ... နောက်တစ်ခါထပ်ပြောလည်း မေ့ပစ်လိုက်ပါဆိုတာချည်းပဲ ... ကျွန်တော် ကြားချင်နေတာက အဲဒီစကားတွေ မဟုတ်ဘူးဆိုတာကို သိရက်နဲ့ ခင်ဗျား အရမ်းရက်စက်တယ် ”
“ ငါ ... ”
“ ခင်ဗျား ကျွန်တော့်ကို ဘယ်အချိန်ထိ နှိပ်စက်နေဦးမှာလဲ ... ကျွန်တော့်လောက် ခင်ဗျားအပေါ် ချစ်နိုင်တဲ့သူကို ကမ္ဘာပေါ်မှာ လိုက်ရှာကြည့်ရင်တောင် တွေ့နိုင်မှာမဟုတ်ဘူး ... ဒါတောင်မှ ခင်ဗျားက ကျွန်တော့်ကို မလိုချင်ဘူးပေါ့ ဟုတ်လား ”
“ ကျွန်တော် ခင်ဗျားကို ချစ်ခဲ့တာက အချိန်အကြာကြီးပဲနော် ကိုကို ... ခင်ဗျားက ကျွန်တော့်ရဲ့အချစ်တွေကို ပေါ့သေးသေးမှတ်နေတာလား ... ခင်ဗျားက ဘာသားနဲ့ထုထားတဲ့လူလဲ ... ကျွန်တော့်ဘက်က ဒီလောက်ထိချစ်ခွင့်ပန်နေတာတောင်မှ ခင်ဗျားက တစ်ချက်လေးမှ ပြန်လှည့်မကြည့်ဘူး ... ခင်ဗျားအတွက် ကျွန်တော်က ဘာလဲ ”
စကားလုံးတွေက ပြောနေရင်းဖြင့် ဆို့နင့်အက်ကွဲသံပါလာသည်။ ရင်၌ သိမ်းဆည်းထားခဲ့ရသည့်စကားလုံးတို့က အရက်ရှိန်ဖြင့် တမဟုတ်ချင်း ပူလောင်နေသည့်လည်ချောင်းဝတို့မှတဆင့် အဆက်မပြတ် ထွက်ပေါ်လာသည်။
“ ကျွန်တော်ကလေ ခင်ဗျားရဲ့ညီလေးလည်းမဖြစ်ချင်ဘူး ... ဂျုနီယာလည်းမဖြစ်ချင်ဘူး ... သူငယ်ချင်းလည်းမဖြစ်ချင်ဘူး ... ကျွန်တော်က ခင်ဗျားရဲ့ချစ်သူပဲ ဖြစ်ချင်ခဲ့တာ ... ခင်ဗျား ချစ်တဲ့လူတစ်ယောက်အနေနဲ့ပဲ ဖြစ်ချင်ခဲ့တာ ... အဲဒီဆန္ဒလေးက အရမ်းလောဘကြီးရာများ ကျသွားလို့လား ”
စကားလုံးတွေက တဖြည်းဖြည်းတိမ်ဝင်လာသည်။
“ ကျွန်တော်ကလေ ခင်ဗျားကို သိပ်ချစ်တာ ကိုကိုရဲ့ ... ကျွန်တော် ခင်ဗျားရဲ့ပထမလူမဖြစ်ရလည်း ရတယ် ... ကျွန်တော့်ကို ခင်ဗျားဘေးနားမှာပဲ နေခွင့်ပေး ... ဒုတိယလူ တတိယလူ စတုတ္ထလူ နောက်ဆုံးလူဖြစ်ပါစေဦး ... ကျွန်တော် ကျေနပ်တယ်လေ ကိုကိုရာ ”
ပြောနေရင်းနှင့် မျက်ရည်တွေစီးကျလာသည့်စျာန့်ကြောင့် လေးဆက်ရဲ့ရင်အစုံတစ်ခုလုံးလည်း ချေမွဖျက်စီးခြင်းခံရသလိုမျိုး နာကျင်မှုဝေဒနာကို ခံစားနေရသည်။
စပ်ဖျင်းဖျင်းဖြစ်သွားသည့် နှလုံးသားဒဏ်ရာကို မသိချင်ဟန်ဆောင်ရင်း အရက်မူးကာ သောင်းကျန်းနေသည့် ကလေးငယ်ကို အရင်ဆုံး ချော့ဖို့ပြင်ရသည်။
အရက်ရှိန်ကြောင့် နီစပ်စပ်ဖြစ်နေသည့် ဈာန့်ပါးပြင်လေးကို လက်ဖြင့် ခပ်ဖွဖွကိုင်တွယ်ပွတ်သပ်လိုက်ပြီး
“ မင်း မူးနေပြီ ဈာန် ... အိပ်တော့နော် ”
အဲဒီအချိန်မှာ ဈာန်က သူ့ပါးပြင်ပေါ်ရောက်ရှိနေသည့် လေးဆက်ရဲ့လက်ကို ထပ်အုပ်ကိုင်လာပြီး
“ ဟက် ! ခင်ဗျားက ကျွန်တော့်ကို ချော့နေပြန်ပြီပဲ ... ခင်ဗျားက ကျွန်တော့်ကို တစ်ချိန်လုံး ဘာမှမသိနားမလည်တဲ့ ကလေးတစ်ယောက်လိုပဲ သဘောထားနေတော့မှာလား ... ခင်ဗျား တကယ်ပဲ ကျွန်တော့်အပေါ်မှာ ခံစားချက်နည်းနည်းလေးတောင် မရှိဘူးလားဟင် ”
ရဲတွတ်နေသည့် မျက်ဝန်းများထက်မှ ကျဆင်းလာသည့် ဈာန့်၏မျက်ရည်စတွေကို လေးဆက် မမြင်ချင်ဆုံးဖြစ်သည်။ အဆက်မပြတ်ကျဆင်းနေသည့် မျက်ရည်စက်လေးတွေကို သုတ်ပေးလိုက်ပြီး
“ ဈာန်က လိမ္မာပါတယ် ... ဟုတ်တယ်မလား ... ပြောစကားနားထောင်နော် ... ငါတို့ မနက်ကျမှ စကားဆက်ပြောကြမယ်လေ ”
“ မရဘူး ... အခုပဲ ပြောမယ် ... မနက်ကျရင်လည်း ခင်ဗျားက တစ်ခုခုကို အကြောင်းပြပြီး ရှောင်ထွက်သွားဦးမှာ ”
ပြောမနိုင်ဆိုမနိုင်ကောင်လေးကြောင့် လေးဆက်လည်း ဘယ်လိုဆက်လုပ်ရမှန်းမသိဘဲ ဆောက်တည်ရာမရဖြစ်နေခဲ့သည်။ တဖြည်းဖြည်းပြောင်းလဲလာသည့် ခံစားချက်တွေကို ကာယကံရှင်ဖြစ်သည့် လေးဆက်သာလျှင် အသိဆုံးဖြစ်သည်။
ဈာန့်ကို မြင်နေရလေ တုန်လှုပ်လာလေဖြစ်သည့် နှလုံးသားကြောင့် ဝေးကွာရာသို့ ရှောင်ရှားနေခဲ့မိသည်မှာ တကယ်ပင် သူ့အမှားဖြစ်နေခဲ့ပြီလား။ သူ ဘာလုပ်ရမလဲ။
ဈာန် နာကျင်နေတာကို မမြင်ချင်တော့သလို သူကိုယ်တိုင်လည်း မနာကျင်ချင်တော့ပေ။
“ ဈာန် ”
“ မပြောနဲ့ ... ခင်ဗျား တစ်ခွန်းမှမပြောနဲ့ ... ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ စကားမဟုတ်ဘူးဆိုရင် ကျွန်တော် ခင်ဗျားဆီကနေ ဘာတစ်ခွန်းမှ ထပ်မကြားချင်တော့ဘူး ”
“ တကယ်လို့ ငါ စဉ်းစားပေးမယ်ဆိုရင်ရော ... ”
“ ဟင် ! ”
“ မင်းကို အဖြေပေးဖို့အတွက် ငါ စဉ်းစားပေးမယ် ... ဒါပေမဲ့ ငါ့ကို အချိန်နည်းနည်းတော့ ပေးပါ ... ငါ့အတွက်လည်း အချိန်လိုတယ်လေ ဟုတ်ပြီလား ”
မည်သည့်အသံမှထွက်မလာဘဲ မယုံကြည်နိုင်ဖွယ် အံအားသင့်နေသည့် အကြည့်များနှင့် မျက်ရည်များသာ တတွင်တွင်စီးကျနေသော ဈာန့်အားကြည့်ကာ လေးဆက် ခပ်နွေးနွေးပြုံးလိုက်မိသည်။
ဧကန္တ သူ့ရဲ့ဆုံးဖြတ်ချက်က မှန်ကန်ခဲ့သည်ထင်ပါရဲ့။
“ ငါ့ကို ဘာမှပြောစရာမရှိတော့ဘူးလား ”
“ ကျွန်တော် ... ကျွန်တော် ... ”
“ မင်းက ငါးနှစ်သားလေးလား ဈာန်ရာ ... ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အငိုသန်ရတာလဲ ... တိတ်တော့ ”
မျက်ရည်တွေကို သုတ်ပေးနေရင်း ပြောလိုက်တော့ ဈာန်က
“ ကျွန်တော်လေ ... အရမ်း ... အရမ်း ... ပျော်တယ် ”
“ ဒါဆို ခုနက ဝမ်းနည်းလို့ကျတဲ့မျက်ရည် ... အခုက ပျော်လို့ကျတဲ့မျက်ရည်ပေါ့ ဟုတ်လား ”
“ အင်း ... ဟုတ်တယ် ”
ပြောရင်းဆိုရင်း ဈာန်က လေးဆက်ကို သူ့ရင်ခွင်ထဲထည့်ကာ ခပ်တင်းတင်းပွေ့ဖက်လိုက်သည်။ ထိုစဉ် လေးဆက် သတိထားမိလိုက်သည်က ဈာန့်ရဲ့နှလုံးခုန်သံ အရမ်းကျယ်လွန်းသည်ဆိုတာကိုပင်။
“ ဈာန် ”
“ အင်း ”
“ သွားအိပ်တော့ ... မိုးချုပ်နေပြီ ”
“ ခဏလေး ... ဒီတိုင်းလေး ထပ်ပြီးဖက်ထားချင်သေးတယ် ”
“ ခဏပဲ ရမယ်နော် ဈာန် ”
“ အင်း ... ရတယ် ... ခဏလေးပဲ ... ကိုကို့ကို ဖက်ထားရတာ အရမ်းသဘောကျတယ် ... ကိုကိုက ကျွန်တော့်အပိုင်လိုမျိုး ခံစားရလို့ ... ”
ဈာန့်ရဲ့ရင်ခွင်ထဲမှာ မှီအပ်နေရင်း လေးဆက်လည်း ခိုလှုံစရာနွေးထွေးမှုတစ်ခုကိုရရှိလိုက်သလိုခံစားရသည်။ အချိန်ခဏတာခန့်အကြာမှာတော့ နှစ်ယောက်သား အိပ်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။
“ ဈာန် ခဏနေဦး ... မင်း ခေါင်းသုတ်ရဦးမယ် ... ဆံပင်တွေ စိုနေသေးတယ် ... ဒီတိုင်းအိပ်လို့မရဘူး ... ခဏစောင့် ... ငါ သဘက် သွားယူလိုက်ဦးမယ် ”
လေးဆက် သဘက်သွားရှာပြီး ကုတင်နားပြန်ရောက်လာချိန်တွင် ဈာန်က ကုတင်အစွန်းနားမှာ ခြေနှစ်ဖက်ကိုဆင်းကာ ထိုင်နေလေသည်။ ခေါင်းသုတ်ဖို့အတွက် သဘက်ကို လှမ်းပေးလိုက်တော့ လှမ်းမယူဘဲ သူ့ကို ခေါင်းသုတ်ခိုင်းစေချင်သည့်အကြည့်တွေနဲ့ ပြန်ကြည့်လာသည်။
လေးဆက်လည်း ဘာမှမတတ်သာတော့ဘဲ ဈာန် ထိုင်နေသည့် ကုတင်စွန်းနားသွားကာ ခေါင်းသုတ်ပေးရလေတော့သည်။
“ ဈာန် ”
“ အင်း ... ပြောလေ ကိုကို ”
“ နောက်ဆို အရက်ကို အလွန်အကျွံသောက်မလာနဲ့ ”
“ အင်း ... ကိုကို့သဘော ”
ခုနကကျ အသေအလဲသောင်းကျန်းထားပြီး အခုကျမှ ကိုကို့သဘောဆိုပြီး ဖြစ်နေသည့် ခွေးပေါက်လေးပင်။
အခုလည်း ခေါင်းသုတ်ပေးနေတာကို ငြိမ်ငြိမ်မခံဘဲ ခါးကိုဖက်ထားပြီး သူ့ရင်ခွင်ထဲခေါင်းတိုးဝင်ကာ ချွဲနေသည့်စျာန့်ကြောင့် လေးဆက်မှာ ခေါင်းသုတ်ခြင်းအမှုကိစ္စကို သေသေချာချာမဆောင်ရွက်နိုင်။
ဆံပင်တိုတိုလေးကို ရေခြောက်အောင်သုတ်ပေးဖို့အရေး မူးမူးရူးရူးနှင့်ချွဲနေသည့် ကောင်လေးကြောင့် အချိန်နည်းနည်းပိုကြာသွားခဲ့သည်။
“ ပြီးပြီ ... အိပ်တော့ ”
ခါးကို ဖက်ထားသည့်လက်နှစ်ဖက်ကို ဖယ်ချလိုက်တော့ ဈာန်က ခေါင်းထောင်ကြည့်သည်။
“ ကိုကိုရော မအိပ်သေးဘူးလား ”
“ ငါ လုပ်စရာရှိသေးလို့ ခဏနေမှ အိပ်တော့မယ် ... မင်း အရင်အိပ်နှင့် ”
“ ကျွန်တော် စောင့်ပေးမယ် ”
“ မဆိုးစမ်းနဲ့ ဈာန်ရာ ... ငါ သိပ်မကြာပါဘူး ”
“ အင်း ... ဒါဆိုလည်း Good Night ကိုကို ”
“ Good Night ဈာန် ”
မိနစ်တချို့ခန့် ကြာမြင့်ပြီးနောက် လေးဆက် အလုပ်လုပ်နေရာမှ ဈာန့်ကို တစ်ချက်လှမ်းကြည့်မိတော့ ကောင်လေးက အသက်ရှူသံမှန်မှန်နှင့် အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။
အဲဒီနောက် လေးဆက်လည်း ခြေသံလုံလုံနဲ့ အခန်းပြင်ထွက်ကာ ဝရန်တာဆီသို့ ဦးတည်သွားလိုက်သည်။
မိုးက မစဲသေးဘဲ ဖွဲဖွဲလေး ရွာသွန်းနေလျက်ရှိနေတုန်းပင်။ လေပြင်းတစ်ချက်အဝှေ့တွင် အအေးဓာတ်တချို့က ယိမ်းနွဲ့ကာ အခန်းထဲ တိုးဝင်လာသည်။
ကောင်းကင်ကြီးကို မော့ကြည့်မိပြန်တော့လည်း တိမ်စိုင်တိမ်မည်းတို့သာနေရာယူထားကြသဖြင့် ညအချိန်ဆို ထွက်လာနေကျ လမင်းကြီးနှင့် ကြယ်တာရာအစုအဝေးမှာ တိတ်တဆိတ်ပျောက်လျှိုးသွားပုံပေါ်သည်။
အချိန်အားဖြင့် တစ်နာရီကို မိနစ်လက်တံအနည်းငယ်ကျော်နေသဖြင့် သူမှအပ တခြားလူတွေ အကုန်အိပ်စက်နေကြပြီထင်ပါရဲ့။ လမ်းမထက်၌ လူသူကင်းမဲ့ကာ တိတ်ဆိတ်မှောင်မဲနေလျက်ရှိသည်။
လေးဆက်လည်း မှောင်မဲနေသည့်ကောင်းကင်ကျယ်ကြီးကို မော့ကြည့်ရင်း
“ ဇလပ် ”
အတွေးစိတ်ကူးထဲမှာ ဇလပ်ရဲ့အေးချမ်းသည့် မျက်နှာလေးက အပြုံးတွေ ဝေဝေဆာဆာဖြင့် ပေါ်ပေါက်လာသည်။
“ ငါ သူ့ကို ချစ်မိသွားပြီ ”
စကားသံတွေက တုန်တုန်ရင်ရင် ... ။
“ ငါ ဘယ်လိုလုပ်ရမလဲ ဇလပ် ... ငါ အရမ်းများ တစ်ကိုယ်ကောင်းဆန်နေလား ”
မာန်တင်းပြီး လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရ၍ မျက်ရည်မကျဖို့ထိန်းသိမ်းနိုင်စွမ်းတို့က လျော့ကျသွားရသည်။
“ ငါ ထွက်ပြေးခဲ့ပါသေးတယ် ... အတတ်နိုင်ဆုံး ငါ စွမ်းသလောက် ကြိုးစားခဲ့ပါသေးတယ် ... ဒါပေမဲ့ အဆုံးသတ်မှာတော့ ငါ သူ့ဆီက မလွတ်မြောက်နိုင်ခဲ့ဘူး ဇလပ် ... သူ့မျက်ရည်တွေ သူ့နာကျင်မှုတွေကို ထပ်ပြီးလှစ်လျူရှုမိရင် ငါ ဝမ်းနည်းရလွန်းလို့ ရူးသွားလောက်မယ်ထင်တယ် ”
ပေါက်ခနဲကြွေကျသွားသည့် မျက်ရည်စက်များက သူ့ရဲ့ယူကြုံးမရဖြစ်မှုတွေကို ကိုယ်စားပြုနေသည်လား။
“ နင် ငါ့ကို ခွင့်လွှတ်ပေးမယ်မလား ဇလပ် ”
ရုတ်တရက် နားရွက်ဖျားတွေ အေးစက်သွားလောက်တဲ့အထိ ဖြတ်တိုက်သွားတဲ့လေအေးစိမ့်စိမ့်ကြောင့် ပါးပြင်တစ်လျှောက် ကျဆင်းသွားသည့်မျက်ရည်စက်တွေပါ အေးခဲလုမတတ် ... ။
12:55 P.M
12.4.2021 ( Monday )