သိပ်ချစ်ခဲ့ရတဲ့ လူတစ်ယောက်ကို မေ့ပစ်နိုင်ဖို့ဆိုတာ ခက်ခဲလားလို့ မေးမိတော့ လူတွေက ကျွန်တော့်ကို ကြည့်ပြီး စုတ်သပ်ကြတယ် ...
ပြီးတော့ ကျွန်တော့်ပခုံးကို ခပ်ဖွဖွပုတ်ရင်း အနည်းဆုံး မင်းမှာ သူ့ကို မေ့ပစ်ချင်တဲ့စိတ်ဆန္ဒလေးရှိရင်တော့ အထောက်အကူပြုနိုင်လောက်ပါတယ်လို့ ဂရုဏာသက်စွာ ပြန်ဖြေကြတယ် ...
ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ ...
ကျွန်တော့်မှာ အဲဒီလိုအထောက်အကူပြုပေးနိုင်တဲ့စိတ်ဆန္ဒလေးက နည်းနည်းလေးတောင်မှ ရှိမနေခဲ့ဘူးလေ ...
တကယ်လို့ ကျွန်တော်သာ ခင်ဗျားကို မဖြစ်မနေ မေ့ပစ်ရမယ်ဆိုရင် ကျွန်တော့်ရဲ့စိတ်ဝိညာဉ်က ဒီလောကကနေ အပြီးတိုင်ပျောက်ကွယ်သွားလိမ့်မယ်ထင်တယ် ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
“ ဈာန် တော်တော့ ! မင်း များနေပြီ ”
ဈာန့်လက်ထဲ ရောက်နေပြီဖြစ်တဲ့ အရက်ပုလင်းကို လရောင် လုယူလိုက်တော့ ဈာန်က အပါမခံဘဲ ပြန်ဆွဲယူရင်း
“ လရောင် ငါ့ကို ပြန်ပေးစမ်း ... ငါ သောက်မှဖြစ်မယ် ... ငါ မူးနေမှဖြစ်မယ် အေ့ ... မဟုတ်ရင် ငါ သူ့ကို အရမ်းလွမ်းနေမိဦးမှာကွ ... မင်း သိရဲ့လား ”
“ ကျစ် ! ဈာန် မင်း ဒီလိုမူးပြဲနေတာ ဘယ်နှရက်တောင် ရှိသွားပြီလဲ ... တစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ် ... တစ်ပတ်ကျော်နေပြီကွ ... အတန်းချိန်လည်း မှန်အောင် မတက်ဘူး ... မင်း ဒီလိုပုံနဲ့ ဘယ်လိုစာမေးပွဲဖြေမလဲ ”
“ ဒါဆိုလည်း မဖြေဘူးကွာ ... ဖြေတော့ရော ဘာဆက်ဖြစ်မှာမို့လို့လဲ ”
“ ဈာန်ရာ မင်း ! ”
အချိုးမပြေသည့် အရွဲ့တိုက်စကားတွေကိုပဲ တရဆက်ပြောနေသော ဈာန်ကြောင့် လရောင်တစ်ယောက် သွေးတက်ချင်သွားသည်။ ဒီဈာန်ရောင်ခဆိုသည့် သကောင့်သားကို ဘယ်တုန်းကမှ လရောင် ပြောမနိုင်ခဲ့ပေ။
အဲဒါကြောင့် ဈာန်နှင့် ဟိုတစ်ယောက်က သိပ်မတည့်ကြခြင်းဖြစ်သည်။ ဈာန်က ဂျစ်ကန်ကန်နိုင်ပြီး ဟိုတစ်ယောက်က လူတွေကို ရှိတယ်လို့ပင် သဘောမထားသူ။ လရောင်ကြောင့်သာ သူတို့နှစ်ယောက်လုံး သူငယ်ချင်းဆိုသည့်အမည်နာမအောက် ရောက်နေရသော်ငြား တကယ့်ကို အပေါ်ယံအခွံသက်သက်ပင်။
ငယ်ငယ်လေးကတည်းက ဈာန်က ဆိုးသွမ်းသည်။ သူလုပ်ချင်ရာ လုပ်သည်။ အစွဲအလမ်းကြီးသည်။ သူ ခင်မင်ရသည့်လူနည်းစုလောက်ကလွဲ၍ ကျန်သည့်လူများအား အပေါင်းအသင်းမလုပ်။
ခြုံပြောရရင်တော့ ဈာန်က ဆုံးမလို့မရနိုင်သည့် လူဆိုးကလေးပင်ဖြစ်သည်။
အခုလည်း ကြည့်ဦး။ လရောင်လက်ထဲ ရောက်နေသည့်အရက်ပုလင်းကို လုယူကာ မော့သောက်နေပြန်သည်။ စားပွဲပေါ်မှာလည်း ပုလင်းတချို့က ထောင်တစ်ဝက် လဲတစ်ဝက်ဖြင့် ... ။
ဈာန့်လက်ထဲ ပုလင်းရောက်သွားသည့်အချိန်မှာတော့ လရောင်လည်း မထူးစိတ်ပိုက်ကာ ဒီကောင် မြန်မြန်မူးပြီး မှောက်သွားဖို့ပဲ ဆုတောင်းနေလိုက်တော့သည်။
အသိစိတ်မရှိနိုင်လောက်သည့်အထိ သောက်ပြီးလို့ မူးသွားရင် ဒင်းကို အိမ်အထိ ပြန်လိုက်ပို့ပေးရမည့်တာဝန်က ရှိနေသေးသည်လေ။
ထိုပြောမကောင်းဆိုမကောင်းသတ္တဝါလေးကတော့ အမူးပြေတာနဲ့ ဒီဆိုင်ကို ထပ်ပြီးရောက်လာဦးမည်။ ထိုအခါ နေမစိမ့်နိုင်သည့်လရောင်ကပဲ ဘေးကနေ လိုက်ထိန်းပေးရပေဦးမည်။ ဘယ်တုန်းကမှ ထိန်းမနိုင်ခဲ့ပေမဲ့လည်းပေါ့။
Royal Bar & Club ကို လာသည့်အခေါက်တိုင်းတွင် လရောင် လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးနေရသည်က လက်ချိုးရေလို့တောင် ရသည်။ များသောအားဖြင့် ဈာန် ရင်ဖွင့်တာကို နားထောင်ပြီး ဘေးနားကနေ ရန်မဖြစ်အောင် လိုက်ထိန်းပေးရသည့်အလုပ်ကိုသာ လုပ်နေရသည်။
အခုချိန်မှာ လရောင် သတိရမိတာကတော့ နေ့သစ်ကိုပင်။ ဘာပဲပြောပြော နေ့သစ်ပဲ ကောင်းသည်။ အတန်းမတက်ဘဲ မူးရူးကွဲပြဲနေသည့်ကောင်နှင့် ၎င်းမူးရူးကွဲပြဲနေသည့်ကောင်ကြောင့် အတန်းမတက်ဖြစ်သည့်လရောင်အတွက် စာနှင့်ပတ်သတ်ပြီး အကုန်တာဝန်ယူပေးထားသည်။
လရောင်တို့နိုင်ငံခြားဘာသာတက္ကသိုလ်က ကျူရှင်မရှိသည့်အတွက် တစ်နေ့စာ တစ်နေ့မှန်မှန်မလုပ်ရင် ထိုဘာသာစကားကို နားလည်နိုင်ဖို့ မလွယ်ကူပေ။
နဂိုကတည်းက နေ့သစ်က ကျောင်းတက်မှန်သူဖြစ်သည့်အပြင် စာကိုလည်း ကြိုးစားသောကြောင့် ထိုကိစ္စကို လိုလိုလားလားတာဝန်ယူပေးထားခြင်းဖြစ်သည်။ ထို့အပြင် နေ့သစ်က စာရှင်းပြသည့်နေရာတွင် ဆရာကျသည်။
လရောင်အတွေးများနေတုန်းမှာ ဈာန်တစ်ယောက် ယိုင်တိယိုင်တိုင်ဖြင့် ထသွားသည်ကို တွေ့လိုက်ရသဖြင့် အလျင်စလို ထလိုက်ရပြန်သည်။
လရောင်လည်း တကယ်ဝဋ်ကြွေးကြီးလှသည်။ သွေးမတော်သားမစပ်သူငယ်ချင်းရဲ့ဒုက္ခပေးမှုကို နေ့သစ်ထက်စာရင် သူက ပိုခံရသည်။
အခုလည်း မူးနေတယ်သာပြောတာ ခြေလှမ်းတွေ သွက်လှသည့် မောင်ဈာန်ရောင်ခက ခဏလေးအတွင်းမှာပင် ကားပါကင်ရှိရာသို့ ရောက်သွားသည်။
လရောင်လည်း ဈာန့်နောက်ကို အမှီပြေးလိုက်ရင်း အပြင်ရောက်သွားတော့မှ တဝုန်းဝုန်းနှင့် မြည်သံစွဲင်္လကာမြောက်အောင် မိုးကြီးလေကြီးကျနေမှန်း သတိထားမိတော့သည်။
“ ဟိတ်ကောင် ! ဈာန် မင်း ဘယ်သွားမလို့လဲ ”
ကားထဲရောက်နေပြီဖြစ်သည့်ဈာန့်ကို လှမ်းဆွဲရင်း လရောင် မေးမိတော့ ထိုသကောင့်သားက
“ ကိုကို့ဆီ ... ”
ကျစ် ! ဒီသောက်ရူးကောင်ကတော့ ...
လရောင် စိတ်ထဲကနေ ကျိန်ဆဲလိုက်ကာ ဈာန့်ကို ကားပေါ်ကနေ အတင်းဆွဲချပြီး
“ မင်း ရူးသွားပြီလား ဈာန်ရောင်ခရေ ... ဒီလိုမူးရူးနေပုံနဲ့ ကားတက်မောင်းရင် ကိုလေးဆက်ဆီ မရောက်ဘဲ တစ်ခါတည်း ရေဝေးရောက်သွားလိမ့်မယ် ”
“ ဖယ်စမ်း ! ”
သို့သော် ခေါင်းမာလှသည့်ဈာန်က လရောင်ကို ဆောင့်တွန်းလိုက်ပြီး ကားကို အရှိန်ပြင်းပြင်းဖြင့် မောင်းထွက်သွားသည်။ ကားမီးခိုးငွေ့တန်းတွေနောက် ပြေးလိုက်ရင်း လရောင်ရင်ထဲ ဗလောင်ဆူနေသည်။
တော်ကြာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မသာပေါ်သွားမှဖြင့် ... ။
လရောင် ပြေးလိုက်နေရင်း သူ့မြင်ကွင်းထဲမှ ကားနက်ပြာလေးက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ မိုးရေတောထဲ ပြေးရလွှားရသဖြင့် လရောင်တစ်ကိုယ်လုံး မိုးရေတွေ စိုရွှဲကုန်သည်။
အခြေအနေမဟန်မှန်း သိသဖြင့် တက္ကစီတားကာ ဈာန့်နောက်ကို လိုက်ဖို့ပြင်နေစဉ် သူ့ရှေ့တည့်တည့်သို့ ဆိုက်ရောက်လာသည်က အနက်ရောင်ကားတစ်စီး။
ထိုကားကို မြင်မြင်ချင်း လရောင် အံ့အားသင့်သွားကာ နှုတ်ဖျားကနေ နာမည်လေးတစ်ခုက ထွက်ကျလာသည်။
“ ရှိန်ဝါ ”
ရှိန်ဝါက ဒီအချိန်ကြီး ဘယ်လိုလုပ်ရောက်လာရတာလဲ ... သူ ခရီးထွက်သွားတာ မဟုတ်ဘူးလား ...
ကျစ် ! ထားလိုက်တော့ ... အခုချိန်မှာ အရေးအကြီးဆုံး ဟိုကောင့်နောက် အမြန်လိုက်ဖို့ပဲ ...
အဲဒီနောက်မှာတော့ လရောင်လည်း ဘာမှထပ်တွေဝေမနေဘဲ ကားရှေ့ခုံမှာ ဝင်ထိုင်လိုက်ရင်း
“ ရှိန်ဝါ ဈာန့်ကားနောက် လိုက်ပေး ... ”
သို့သော် ဈာန်သွားသည့်လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်လားရာသို့ ရှိန်ဝါက ကွေ့ချလိုက်ခြင်းကြောင့်
“ အဲဒီဘက်မဟုတ်ဘူးလေ ရှိန်ဝါ ... မြေနီကုန်းဘက်ကို သွားရမှာ ”
လရောင် ဘယ်လောက်ပြောပြော ကားက ဦးတည်ချက် မပြောင်းလဲသေးပေ။
“ ရှိန်ဝါသက္ကရာဇ် ! မင်း ငါပြောတာကို မကြားဘူးလား ”
ပုံမှန်ဆို လရောင်က စိတ်ရှည်သည်းခံတတ်သည့်လူစားမျိုးဖြစ်ပေမဲ့ အခုချိန်မှာ မူးရူးနေသည့်သူငယ်ချင်းဖြစ်သူအား စိုးရိမ်စိတ်တို့က ပိုလွှမ်းခြုံနေသဖြင့် ရှိန်ဝါ့အား အော်ပြောမိသွားသည်။
လှည့်ကြည့်လာသည့် ရှိန်ဝါ၏အကြည့်တွေက ရေခဲတမျှအေးစက်နေသဖြင့် ရှိန်ဝါ စိတ်မကြည်တော့မှန်း လရောင် ရိပ်မိသွားသည်။
ထို့အတွက်ကြောင့် လရောင် စိတ်ကို အဆုံးစွန်ထိ ပြန်လျှော့ထားလိုက်ကာ
“ ဈာန်က တော်တော်မူးနေတာ ရှိန်ဝါ ... သူ ဒီလိုမူးမူးရူးရူးနဲ့ ကားမောင်းသွားတာ အခန့်မသင့်ရင် သေသွားနိုင်တယ် ”
“ ဈာန်ရောင်ခဆိုတဲ့ကောင်က မျက်လုံးမှိတ်ပြီး ကားမောင်းရင်တောင် ကားတိုက်မသေနိုင်ဘူး ”
“ ကျစ် ! ရှိန်ဝါရာ မင်းကလည်း ... ”
လရောင် စိတ်ပျက်လက်ပျက်ညည်းညူမိသွားသည်။
တစ်ယောက်က ထိန်းမနိုင် သိမ်းမရ။
နောက်တစ်ယောက်က ပြောမကောင်း ဆိုမကောင်း။
လမ်းမထက်မှာ တရိပ်ရိပ်ပြေးလွှားနေသည့် ကားပေါ်မှာ လရောင်နှိုင်းမဲ့တစ်ယောက်ကတော့ စိုးရိမ်ပူပန်မှုတွေကို ရင်ဝယ်ပိုက်ထားလျက် ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ည ၁၁နာရီဝန်းကျင်ခန့်အချိန်အခါက လူငယ်တွေအတွက် စောလင့်နေသေးသော်ငြား လူကြီးတွေအတွက်တော့ သက်ကြီးခေါင်းချချိန်ပင်ဖြစ်သည်။
တဖျောက်ဖျောက်ကျဆင်းလာသည့် မိုးရေစက်လေးတွေအပါအဝင် ခပ်ကြမ်းကြမ်းတိုက်ခိုက်လာသည့်လေအဟုန်က မကြာသေးခင်က မိုးသက်လေပြင်းတစ်ခုကို အကြိတ်အနယ်ဆင်နွှဲထားပါသည်ဟု သက်သေပြနေသယောင်။
မိုးဖွဲလေးများကြား လမ်းမထက်မှာ သွားလာလှုပ်ရှားနေသည့်လူတွေ ရှိနေသေးပေမဲ့ ခုနှစ်လွှာတိုက်ခန်းတစ်ခုအတွင်းမှာတော့ လူတိုင်းကိုယ်စီက မိုးအေးအေးနှင့် အသီးသီးအနားယူနေကြသဖြင့် လှေကားတစ်လျှောက် လိမ္မော်ရောင်ကဲ့သို့ မီးရောင်လဲ့လဲ့လေးမှလွဲ၍ အရာအားလုံးက ငြိမ်ပကတိ။
ထိုစဉ် ယိုင်တိုင်တိုင်အနေအထားနဲ့ လူငယ်လေးတစ်ယောက်ကတော့ လှေကားလက်ကိုင်တန်းတွေကို အားပြုပြီး လိုချင်သည့်ဦးတည်ချက်ရှိရာအရပ်ဆီသို့ အရှိန်ယူကာ တက်လှမ်းနေသည်။
ဘယ်လောက်တောင် သောက်ထားလဲမသိသည့် အရက်နံ့တထောင်းထောင်းက အနားကပ်ကြည့်မိတဲ့သူတိုင်းအား နှာခေါင်းရှုံ့သွားစေလောက်ပေမဲ့ ကံကောင်းသည်က ထိုလှေကားထစ်တစ်လျှောက်မှာတော့ သက်ရှိဆိုလို့ သူကလွဲရင် အခြားလူမရှိပေ။
ခြေတစ်လှမ်းလှမ်းလိုက်တိုင်း အဝတ်အစားပေါ်မှ တစက်စက်ကျဆင်းနေတဲ့ ရေစက်တို့က နောက်တွင်ကျန်ရစ်ခဲ့သည့်လှေကားထစ်တိုင်းမှာ အခန့်သားနေရာယူလျက်သား ... ။
မီးရောင်လဲ့လဲ့လေးရဲ့အကူအညီကြောင့် မှောင်အတိဖြစ်မနေပေမဲ့ ရီဝေဝေဖြစ်နေသည့်မျက်ဝန်းတို့ဖြင့် လှေကားထစ်များကို စမ်းတဝါးဝါးဖြင့် တက်လှမ်းနေရသည့်အတွက် လူက တစ်ချက်တစ်ချက် လဲပြိုကျတော့မတတ်ဖြစ်နေသည်။
နောက်တစ်ထပ်ဆို သူ အလိုရှိသည့်နေရာကို ရောက်ပြီဟု အားတင်းလိုက်ရင်း ရှေ့ဆက်တိုးမိပြီးနောက် ခြေအစုံရပ်တန့်သွားသည်က ငါးလွှာထပ်က တိုက်ခန်းငယ်လေးတစ်ခုရဲ့ရှေ့ ... ။
အညိုရောင်ဟုခေါ်ရမည်လား သစ်သားရောင်ဟုခေါ်ရမည်လား မသဲကွဲသည့် တံခါးရှေ့တွင် ခပ်တွေတွေ ရပ်ကြည့်နေရင်း ဟက်ခနဲ တစ်ချက်ရယ်လိုက်မိပြီးနောက် ခပ်မတ်မတ်ရပ်တည်နိုင်စွမ်းမရှိသည့်ခန္ဓာကိုယ်က အားလျော့သွားသည့်အလား တံခါးရှိရာဘက်ကို ပြိုလဲကျလာသည်။
တံခါးကို ခေါင်းမှီထားလိုက်ရင်း လူက အသိစိတ်မဲ့လုလုဖြစ်နေဆဲအချိန်မှာတောင် ထိုလူသားအား တွေ့ချင်စိတ်တို့က မလွင့်စင်သေး။
လေးဆက်ရိပ်သွင်ဟုအမည်ရတဲ့ ထိုလူသားအား အခုလက်ရှိ သူ့ဆီမှာ ဖြစ်ပေါ်နေသည့် ခံစားချက်အစုလိုက်အပြုံလိုက်အား ဖွင့်ပြောပြချင်သည်။ သူ့ကို ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲဆိုသည့်အကြောင်းကို ထပ်မံမေးမြန်းကြည့်ချင်သည်။
ထိုလူသားရဲ့နှုတ်တော်မှ ဖွင့်ဟလာမည့် အကြောက်အကန်ငြင်းဆန်သံတွေကိုလည်း သူ နားခါးလှပေမဲ့ မတတ်သာပဲ နားဆင်ရဦးပေမည်။
ထိုလူသားကို သူ့မိခင်ကိုယ်ဝန်လွယ်စဉ်မှာ ဘာတွေများစားခဲ့မိလို့ ဒီလောက်တောင် ခေါင်းမာပြီး အစွဲအလမ်းကြီးနေရတာလဲဆိုသည့်အကြောင်းကို အခွင့်ကြုံရင် စပ်စုချင်သေးသည်။
တကယ်ပါပဲ။ အဲဒီလိုလူကိုမှ မစွန့်လွှတ်နိုင်၊ မခွဲခွာနိုင်ဖြစ်နေသည့် ကိုယ့်ကိုယ်ကိုလည်း တစ်နေ့ကျရင် ပြန်မေးခွန်းထုတ်ကြည့်ပါဦးမည်။
ဆန္ဒအတိုင်းဖြစ်ချင်နေသည့် စိတ်ဇောအဟုန်တို့ကြောင့် သူ့လက်တို့က တံခါးရဲ့မျက်နှာပြင်ထက် ကြမ်းကြမ်းတမ်းတမ်းကျရောက်သွားသည်။
ဒုန်း ! ဒုန်း ! ဒုန်း !
“ တံခါးဖွင့်ပေး ! ”
ဈာန်ရောင်ခ တံခါးကိုတဒုန်းဒုန်းထုရိုက်ကာ အထဲမှာ တစ်ကိုယ်တည်း ငြိမ်သက်နေသည့်လူကို အော်ခေါ်လိုက်သည်။
ဒုန်း ! ဒုန်း !
“ တံခါးဖွင့်ပေးလို့ပြောနေတယ်လေ ... ခင်ဗျားမကြားဘူးလား အေ့ ”
ဝုန်း ! ဝုန်း ! ဒုန်း !
ဒီလောက် တံခါးကို တဒုန်းဒုန်းမြည်အောင်ထုပြီး ခြေထောက်နှင့်ဆောင့်ကန်တာတောင် တံခါးလာမဖွင့်ပေးပဲ နေစိမ့်နိုင်လွန်းအားကြီးသည့် ထိုလူသားက တကယ့်ကို စံတင်လောက်စရာပင်။
ဒုန်း ! ဒုန်း !
“ လေးဆက်ရိပ်သွင် ! ခင်ဗျား ထွက်လာခဲ့နော် အေ့ ... ခင်များ မအိပ်သေးမှန်း ကျွန်တော် သိတယ် ... အခုချက်ချင်း ထွက်လာခဲ့ ! ”
သူ ဘယ်လောက်ပဲအော်ဟစ်နေပါစေ အခန်းလေးကတော့ နဂိုအတိုင်းတိတ်ဆိတ်နေမြဲ။ ရိတိတိအပြုံးတို့က အရက်ရှိန်ကြောင့် နီသွေးကြွနေသည့်မျက်နှာထက် ခပ်သဲ့သဲ့ပေါ်ထွက်လာပြီး
“ လေးဆက်ရိပ်သွင် ခင်ဗျားက ထွက်မလာဘူးပေါ့ဟုတ်လား ... ခင်ဗျား ထွက်မလာဘူးဆို ကျွန်တော် တစ်ချိန်လုံး ဒီလိုပဲအော်နေမှာနော် အေ့ ... လေးဆက်ရိပ်သွင် ခင်ဗျား ကြားရဲ့လား ”
“ ခင်ဗျားက အကျင့်မကောင်းတဲ့လူ ... ကျွန်တော် ခင်ဗျားရဲ့အခန်းရှေ့မှာ ရောက်နေတာတောင် တစ်ချက်လေးမှ ထွက်မကြည့်ဘူးနော် ... ခင်ဗျား ကျွန်တော့်ကို အဲဒီလောက်တောင် ကြည့်မရဖြစ်နေတာလား လေးဆက်ရိပ်သွင် ... ခင်ဗျား ပြောလိုက်စမ်းပါ အေ့ ... အခန်းထဲမှာပဲ ပုန်းမနေဘဲ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်လာပြောလေ ”
“ အမှန်တော့ ခင်ဗျားကြောက်နေတာမလား ... ကျွန်တော့်ကိုတွေ့ရင် ခင်ဗျားရဲ့ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့မှာ ကြောက်နေတာမလား ... ဖွင့်စမ်းပါ ဒီတံခါးကို ... အထဲမှာပဲ လိပ်လိုပုန်းမနေနဲ့ လေးဆက်ရိပ်သွင် ... ခင်ဗျား သတ္တိမရှိဘူးလား ”
ဒုန်း ! ဒုန်း ! ဒုန်း !
ပိတ်ထားသည့်တံခါးကို တဒုန်းဒုန်းထုသံက တိတ်ဆိတ်နေသည့် တိုက်ခန်းတွဲကြီးအနှံ့ကို ဟိန်းခနဲပျံ့နှံ့နေသည့်အပြင် တကြော်ကြော်အော်ဟစ်နေသည့် အသံကလည်း ပဲ့တင်သံလိုမျိုး ဆထက်တံပိုးကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာသည်။
ကျွီ !
တံခါးဖွင့်သံကြားလိုက်ရသလိုပဲ ...
“ ကောင်လေး မင်း အဆင်ပြေရဲ့လား ”
တံခါးမှာ ခေါင်းမှီထားသည့် သူ့ကို ပခုံးကနေ ခပ်ဖွဖွပုတ်ပြီး မေးမြန်းလာသည့် အဒေါ်ကြီးတစ်ယောက်ရဲ့အသံ။
ထင်ထားသည့်အတိုင်း ထိုလူ ဟုတ်မနေခဲ့။ လေးဆက်ရိပ်သွင်ဆိုသည့် သူချစ်ရတဲ့လူသားက ဒီလောက်လွယ်လွယ်နဲ့အလျှော့ပေးမတဲ့လား။ ဒီလူ့အကြောင်းကို ဘယ်သူကများ သူ့ထက်ပိုသိနိုင်မှာမို့လို့လဲ။
“ ကောင်လေး ! ကောင်လေး ! ”
ပြန်ဖြေနိုင်စွမ်းရှိပေမဲ့ အဖက်လုပ်ပြီး ဖြေမနေချင်တော့။
“ ဟယ်တော့ ! ဒီကောင်လေး မူးပြီး လာသောင်းကျန်းနေတာလား မသိဘူး ... အရက်နံ့တွေကလည်း တထောင်းထောင်းနဲ့ ... ဟိတ် ! ကောင်လေး ! ကောင်လေး ! ”
သူ့ပခုံးကို အဆက်မပြတ်ခါရမ်းနေသည့် အဒေါ်ကြီးအား တွန်းထုတ်ပစ်ချင်ပေမဲ့ လူက အဲဒီလောက်ထိ အသိရှိမနေ။
“ ကိုရွှေရေ ! ဒီကို ခဏလာပါဦး ... ဒီမှာ ကောင်လေးတစ်ယောက် အရက်မူးနေလို့ ... ”
“ ဟေ ! ဘာဖြစ်တာလဲ ... လာပြီ ! လာပြီ ! ”
ထိုအဒေါ်ကြီးရဲ့အော်သံအဆုံးမှာ အခန်းရှေ့ကို အပြေးထွက်လာသည့် ဦးလေးကြီးတစ်ယောက်ရဲ့အသံကိုပါ ထပ်ပြီးကြားလိုက်ရပြန်သည်။
“ အနံ့တွေက မွှန်ထူနေတာပဲ ... ဘယ်နှပုလင်းလောက် ချလာလဲ မသိဘူး ... ဒီလောက် အရက်အိုးထဲ ခေါင်းစိုက်ကျလာမှတော့ အသိစိတ်ပျောက်နေတာ မထူးဆန်းတော့ဘူး ”
“ ကဲပါ ! ရှင်ကလည်း ... ရှင်ရော အဲဒီလိုမသောက်ဖူးလို့လား ... အရင်လကပဲ ရှင် ရေချိန်လွန်လို့ တိုက်အောက်မှာ မူးမူးနဲ့ အိပ်ပျော်သွားတုန်းက ကျုပ်ပဲ အပေါ်ခေါ်တင်ခဲ့ရတာလေ ကိုရေချိန်လွန်ရဲ့ ”
“ တယ် ! ဒီမိန်းမ တိတ်စမ်း ! စကားကို ဘယ်လိုတွေပြောနေတာလဲ ... အခု ဒီကောင်လေးကို ဘယ်လိုလုပ်ကြမလဲ ”
“ ဪ ... ဘာဆက်လုပ်ရမှန်းမသိလို့ ရှင့်ကို အားကိုးပြီးခေါ်တာလေ ... အရေးထဲ ရှင်ကလည်းတစ်မျိုး ... အရက်သမားအချင်းချင်းမို့လို့ ဘာများလုပ်ပေးနိုင်မလဲဆိုပြီးခေါ်မိတာ ... ကဲ ! ထားပါ ... ရှင် ကြည့်စမ်းပါဦး ဒီကောင်လေးကို ... သူက အရက်မူးနေတာလား ဆေးကွဲနေတာလား ”
“ အေးပါ မိန်းမရယ် ... ငါ မေးကြည့်လိုက်ပါ့မယ် ... ကောင်လေး ... ကောင်လေးရေ ... မင်း ဒီကိုဘာလာလုပ်တာလဲ ... မင်းက ဒီတိုက်က မဟုတ်ဘူးထင်တယ် ... တစ်ခါမှ မတွေ့ဖူးဘူး ”
မယားပြီးတော့ လင်က ရောက်လာပြန်ပြီ။ တော်တော်ရှုတ်ရှုတ်ရှပ်ရှပ်နိုင်တဲ့လူတွေ။ ဒီလင်မယားက သူ့ကို အေးအေးဆေးဆေးမလွှတ်ထားနိုင်ကြဘူးလား။ လူက ရူးချင်နေရသည့်ကြားထဲ သူတို့က တစ်မျိုး။
အရမ်းလွမ်းဆွတ်ရလွန်းလို့ တွေ့ချင်နေသည့်လူက ထွက်မလာဘဲ ဘေးနားမှာ လင်မယားစကားများနေသည်ကို နားထောင်နေရသည့်ဈာန်ရောင်ခမှာ စိတ်တိုတိုနှင့် အားကုန်ကြုံးအော်ပစ်လိုက်သည်။
“ လေးဆက်ရိပ်သွင် ! ခင်ဗျား တကယ် ထွက်မလာဘူးလား ... ခင်ဗျားထွက်မလာရင် ကျွန်တော် ဒီတံခါးကို ဖျက်ဝင်မှာနော် ... ဒီတိုက်ကလူတွေ တစ်ယောက်မှ ကောင်းကောင်းအိပ်ရမယ်မကြံနဲ့ ”
ဈာန်ရောင်ခ စိတ်ရှိလက်ရှိအော်ဟစ်ပစ်လိုက်တော့ ဘေးနားက လင်မယားစုံတွဲက ခဏတာကြောင်အသွားရှာသည်။
အဲဒီနောက် ဒေါ်ဝင့်ဝါလည်း ခင်ပွန်းဖြစ်သူအား အသာလက်တို့ရင်း
“ ကိုရွှေ ဒီကောင်လေးက ဟိုဘက်ခန်းက ကောင်လေးကို လာရှာတာနဲ့တူတယ်နော် ”
“ အေး ဖြစ်နိုင်တယ် မိန်းမ ... နာမည်လည်း အော်ခေါ်နေသေးတယ်ဆိုတော့ သူငယ်ချင်းများလားမသိဘူး ... ဒါနဲ့ ဟိုဘက်ခန်းက ကောင်လေးက အပြင်မှာ ဒီလောက် အသံတွေဆူညံနေတာကို ထွက်မလာဘူးနော် ... အထဲမှာရော ရှိသေးရဲ့လားမသိဘူး ... အပြင်တွေ ဘာတွေထွက်သွားတာများလား ... ဒါဆိုရင်တော့ ဒီကောင်လေး လိပ်ခေါင်းထွက်အောင်လာအော်နေလည်း ဘာမှမထူးဘူးလေ ... ငါတို့ပဲ နားငြီးရမှာ ”
“ ဟိုဘက်ခန်းက ကောင်လေးက အထဲရှိပါတယ်တော် ... ညနေကတင် သူ တိုက်ပေါ်အတက်မှာ ကျုပ်နဲ့ဆုံလို့ နှုတ်ဆက်သွားသေးတယ် ... အခန်းထဲမှာ ရှိမှာပါ ... အပြင်က အသံတွေကို မကြားမိလို့ ထွက်မကြည့်တာနေမှာပေါ့ ”
“ ဒီလောက်အကျယ်ကြီးအော်နေတာတောင် ထွက်မလာဘူးဆိုတော့ အဲဒီကောင်လေးက နားရော ကောင်းရဲ့လား ... ငါတို့တောင် မနေနိုင်လို့ ထွက်ကြည့်ရတာကို ... ”
“ ရှင်ကလည်းတော် ... သူ အိပ်ပျော်နေတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့ ... သူများသားသမီးကို ဘာတွေသွားပြောနေတာလဲ ”
စကားအပြောမတတ်သည့် ခင်ပွန်းသည်အား ဒေါ်ဝင့်ဝါ ဗိုက်ခေါက်လိမ်ဆွဲလိုက်တော့
“ နာတယ်ဟ မိန်းမရ ... မင့်မလဲ ငါ့ကိုဆို ဗိုက်ခေါက်ပဲ လိမ်ဆွဲနေတော့တာပဲ ... အားကြီးတယ်ဆိုပြီး အနိုင်မယူနဲ့နော် ... မင်းကိုယ်လုံးက ငါ့ကိုယ်လုံးနှစ်ဆလောက် ရှိတယ် ”
“ ရှင် ပြောလေ ကဲလေပါလား ကိုရွှေ ”
“ အား ! နာတယ် ... တော်ပြီ ... တော်ပြီ ... အဲဒီကိစ္စကို ထပ်မပြောတော့ဘူး ... ဒီကောင်လေးကို ဘယ်လိုလုပ်မလဲဆိုတာကိုပဲ စဉ်းစားကြရအောင် ”
ဦးရွှေက လက်မြှောက်အညံ့ခံလိုက်တော့မှ ဒေါ်ဝင့်ဝါလည်း ဗိုက်ခေါက်ကို လိမ်ဆွဲထားသည့်လက်ကို လွှတ်ပေးလိုက်သည်။
“ ရုပ်ရည်လေးကတော့ ခပ်သန့်သန့်လေးပဲ ... ရှင့်လို အားတိုင်းယားတိုင်း မူးရူးနေတဲ့ပုံလည်း မပေါက်ဘူး ... အကြောင်းတစ်ခုခုကြောင့် စိတ်ညစ်ပြီးသောက်လာတဲ့ပုံပဲ ... မျက်နှာလေးကို ကြည့်ပါလား ... နှစ်ဆယ်ဝန်းကျင်လောက်ပဲ ရှိဦးမှာ ”
“ သူတို့ချင်း ရန်ဖြစ်နေကြတာလားမှမသိတာကွာ ... မင်းကလည်း ... ”
ထိုစဉ် ဈာန်ရောင်ခမှာ တံခါးကို ခေါင်းမှီထားရက်မှ အရှိန်မထိန်းနိုင်ဘဲ သံမံတလင်းပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ကျသွားသည်။
“ ဟယ် ! လုပ်ဦး ... လုပ်ဦး ကိုရွှေ ... ဟိုမှာ မတ်တတ်ကနေ ထိုင်သွားပြီ ... ခဏနေ လဲကျသွားတော့မလားမသိဘူး ... မလဲခင် မြန်မြန်အခြေအနေသွားမေးလိုက်ဦး ”
ဇနီးဖြစ်သူက သူ့ခန္ဓာကိုယ်ကြီးမှ အားမနာဘဲ အရှေ့ကို အတင်းတွန်းပို့နေတော့ ဦးရွှေလည်း မတတ်သာတော့ဘဲ မူးရူးနေသော ကောင်လေးဘေးနား ထိုင်ချလိုက်ပြီး ပါးကို ခပ်ဆတ်ဆတ်ရိုက်ကာ
“ ကောင်လေး ! ဟိတ် ကောင်လေး ! မင်း ဘယ်သူ့ဆီ လာတာလဲ ... ဒီအခန်းက တစ်ယောက်ဆီကိုလား ... ဟေ့ ကောင်လေး ! မအိပ်သွားနဲ့ဦး ... အိပ်ပျော်သွားရင် သိပ်စရာနေရာမရှိဘူးနော် ... ဟေ့ ! ”
ပါးကို ခပ်ဆတ်ဆတ်အရိုက်ခံလိုက်ရတော့ လူက လွင့်မျောနေရာမှ အသိတစ်ချက်က ရုတ်ချည်းပြန်ဝင်လာခဲ့သည်။
“ ကိုကို ... ကိုကိုလား ... ကိုကို ကျွန်တော့်ကို တံခါးဖွင့်ပေးပြီလား ... ကိုကို့ကို ကျွန်တော် အရမ်းလွမ်းနေတာ ”
ရုတ်တရက်ကြီး ထဖက်လာသော ကောင်လေးကြောင့် ဦးရွှေမှာလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ အနောက်ဘက်မှာ ရပ်နေသည့်မိန်းမဖြစ်သူအား ခေါင်းလေးစောင်းငဲ့ကြည့်လိုက်ပြီး
“ မိန်းမ ငါ့ကို ကူညီပါဦးကွာ ... ဒီတိုင်းကြီး ရပ်ကြည့်မနေနဲ့လေ ”
“ ရှင့်ကို သူက ဘာလုပ်နေလို့ အာဗြဲကြီးနဲ့ထအော်နေရတာလဲ ... ခုနက ဒီကောင်လေး ပြောလိုက်တာက ဘာတဲ့ ... ကိုကိုဟုတ်လား ... ဒါဆို ဒီအခန်းထဲက ကောင်လေးက သူ့အစ်ကိုလား ”
“ ဟုတ်မှာပေါ့ ... ငါက ဘယ်လိုလုပ်သိမလဲ ... အကြားအမြင်ရနေတာမှ မဟုတ်တာ ”
“ မဟုတ်သေးပါဘူး ... အဲဒီကောင်လေးမှာ ညီမတစ်ယောက်ပဲ ရှိတာမဟုတ်ဘူးလား ”
အကူအညီတောင်းနေတာကို လာမကူသေးဘဲ ဘေးနားမှာ ထိုင်စဉ်းစားခန်းဖွင့်နေသည့် မိန်းမဖြစ်သူကို မြင်ပြင်းကပ်လာသဖြင့်
“ သူ့ဟာသူ ဘာဖြစ်ဖြစ်ပေါ့ကွ ... ညီအစ်ကိုဝမ်းကွဲလည်းဖြစ်နိုင်တာပဲလေ ... မင်းသာ စသုံးလုံးလုပ်မနေဘဲ အခန်းတံခါးကို မြန်မြန်သွားခေါက်လိုက် ... မြန်မြန် ... ”
“ ကိုကို ကျွန်တော့်ကို လက်ခံပေးပါလားဟင် ... နော် ကိုကို ... ကျွန်တော် ကိုကိုမရှိဘဲ မနေနိုင်ဘူး ... ကျွန်တော့်ကို လက်ခံလာအောင် ဘယ်လိုထပ်ပြီးသက်သေပြပေးရမလဲ ... ကျွန်တော့်ကို ထပ်ပြီး မရက်စက်ပါနဲ့တော့ ”
အရေးထဲ သူ့ကိုဖက်ကာ ကလေး မုန့်တောင်းနေသလို တကျီကျီပူဆာနေသည့် ကောင်လေးကိုလည်း ကျောသပ်ပြီး ပြန်ချော့နေရသည့်အတွက် ဦးရွှေမှာ မိန်းမကို လှည့်ပြောလိုက် ကောင်လေးကို ပြန်ချော့လိုက်နှင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။
“ အေးပါ ... အေးပါ ... မင်းကိုကို့ကို သွားခေါ်နေပြီနော် ... ခဏနေ သူ ရောက်လာတော့မှာ ဟုတ်ပြီလား ... ငါက မင်းကိုကိုမဟုတ်ဘူး ... အတင်းဖက်မနေနဲ့ ကောင်လေး ”
“ တကယ်လား အေ့ ... တကယ် ကိုကိုနဲ့တွေ့ရမှာလား ”
ခေါင်းကဖြင့် မထောင်နိုင်ဘဲ လူကို မယုံကြည်သလို ပြန်မေးခွန်းထုတ်နေသာ ကောင်လေးကိုလည်း ဦးရွှေမှာ စိတ်မဆိုးအား။ သူ့ဟာသူ အခန်းထဲမှာ ဇာတ်ကားကြည့်နေတာအကောင်း။ မိန်းမက အော်ခေါ်လို့ ဘာများဖြစ်သလဲဆိုပြီး ထွက်ကြည့်ရာမှ အရှုပ်ထုတ်ကို ကလေးထိန်းနေရသည့်ဘဝသို့ တန်းရောက်သွားသည်။
“ အေး ဟုတ်တယ် ... ခဏနေ မင်းကိုကိုနဲ့ တွေ့ရတော့မယ် ”
“ အင်း ... ဒါဆို ကိုကိုလာရင် ကျွန်တော့်ကို ပြောနော် အေ့ ”
“ အေး ... အေး ... ပြောမယ် ... မင်းသာ ထပ်ပြီး ဆူညံဆူညံဖြစ်အောင် အော်မနေနဲ့ ... နို့မို့ဆို တစ်တိုက်လုံး မင်းကို ဆင်းထိုးလိမ့်မယ် ”
“ အွန်း ... ပြီးရော ... ကိုကို့ကို ခေါ်ပေးမယ်ဆိုရင် မအော်တော့ဘူး ”
အမူးသမားနှင့် ငြိမ်းချမ်းရေးရသွားသည့်အတွက် ဦးရွှေမှာ နည်းနည်းစိတ်အေးသွားရသည်။ အနည်းဆုံးတော့ ဒီကောင်လေး တစ်တိုက်လုံးကြားအောင် အော်ကြီးဟစ်ကျယ် လုပ်မနေတော့ဘူးလေ။ မတော်တဆ ဒီကောင်လေး ထပ်အော်နေရင်လည်း သူ့ပါးစပ်ကို တစ်ခုခုဖြင့်စို့ထားဖို့ ဦးရွှေ စဉ်းစားထားပြီးသားဖြစ်သည်။
“ မိန်းမရေ အခန်းထဲက ဟိုကောင်လေးကို ခေါ်လိုက်ဦး ... ဒီကောင်လေးနဲ့တော့ သဘောတူညီချက်ယူပြီးပြီ ... မင်း မြန်မြန်လုပ် ... အမူးသမားတွေက ခုတမျိုး တော်ကြာတစ်မျိုး ပြောကြတာ ... ဒီကောင်လေး ဘယ်အချိန် ထပ်ပြီးထဖောက်မလဲဆိုတာ ဘယ်သူမှ သိတာမဟုတ်ဘူး ... သွက်သွက်လေးလုပ် ... ”
ဒေါက် ! ဒေါက် ! ဒေါက် !
ဘယ်သူမှ ထွက်မလာသလို အခန်းတွင်းမှာလည်း ဘာအသံမှမကြားရ။ ဒေါ်ဝင့်ဝါတစ်ယောက် စိတ်မရှည်တော့သဖြင့် တံခါးနားကပ်ကာ အသာနားထောင်ကြည့်ပြန်တော့လည်း အမှန်တကယ်ပဲ တိတ်ဆိတ်ငြိမ်လျက်သား။
ယောကျာ်းဖြစ်သူဘက်ကို လှည့်ကာ အခြေအနေမကောင်းကြောင်း မျက်နှာရိပ်မျက်နှာကဲပြနေချိန်မှာ မူးနေသည့်ကောင်လေးက ခေါင်းထောင်လာကာ လျှာလေးအာလေးနှင့် ဝင်ပြောတော့သည်။
“ ဟက် ! သူ ထွက်မလာဘူးမလား ... ထင်သားပဲ အေ့ ... ဦးလေးကြီးတို့ ဘယ်လိုလုပ်လုပ် သူ ထွက်လာမှာမဟုတ်ဘူး ... လေးဆက်ရိပ်သွင်ဆိုတဲ့လူက အရမ်းခေါင်းကြောမာတာဗျ ... ကျွန်တော်လည်း သူ့ကို ဘယ်လိုဖြစ်လို့ တွယ်ကပ်နေမိမှန်းမသိဘူး ”
“ ကျွန်တော်က ဘာဖြစ်နေလို့လဲ အေ့ ... သူ့အနားမှာပဲ နေချင်မိတာ ကျွန်တော့်အမှားလား ... လေးနှစ်ကျော်သွားပြီနော် ... လေးနှစ်ကျော်ဆိုတဲ့အချိန်ကာလက နည်းနေသေးလို့လား ဦးလေးကြီး ... သူက ကျွန်တော့်ကို ဘာဖြစ်လို့ မယုံကြည်ရတာလဲ ”
“ သူ့ပါးစပ်ကပြောတော့ လွယ်လွယ်လေး ... မေ့ပစ်လိုက်ပါတဲ့ ... ဟက် ! လွယ်လွယ်ကူကူနဲ့ မေ့ပစ်လို့ရရင် ကျွန်တော် ဒီအခြေအနေထိတောင် ရောက်လာခဲ့မှာမဟုတ်ဘူး ... ဟား ... ဟား ... ဟား ... သူများကိုကျ မေ့ခိုင်းတယ် ... သူကျတော့ရော မေ့ပစ်နိုင်လို့လား ... သူကိုယ်တိုင်တောင် အတိတ်မှာဖြစ်ခဲ့တဲ့ကိစ္စကို မမေ့နိုင်ဘဲနဲ့ ကျွန်တော့်ကိုကျမှ လာမေ့နေခိုင်းတာ အဲဒီလူ မလွန်လွန်းဘူးလား ဦးလေးကြီး ”
“ ဟမ် ! ဪ ... ဟုတ်တယ် ... သူ လွန်တယ် ... သူ လွန်တာပေါ့ ”
ဦးရွှေမှာ သူ့လက်ကို ကိုင်ပြီး တရဆက်ပြောနေသော ကောင်လေးရဲ့စကားတို့ကို ကြားတစ်ချက် မကြားတချက်နှင့် နားဆင်နေရသည်။ အမူးသမားတို့ထုံးစံအတိုင်း စကားတွေက ဟိုရောက်လိုက် ဒီရောက်လိုက်နှင့်ဆိုတော့ လင်မယားနှစ်ယောက်လုံးလည်း ဒီကောင်လေးပြောသမျှ သိပ်နားမလည်ပေ။
ကျိန်းသေတာတစ်ခုကတော့ ဟိုဘက်အခန်းက ကောင်လေးကို မကျေမနပ်ဖြစ်ခဲ့သမျှ အကြောင်းအရာတွေကို တိုင်တန်းပြောဆိုနေသည်ဆိုတာပင်။
အမူးသမားပြောနေသည့် စကားလုံးတို့ကို အသင့်စကားလိုက်ထောက်ပြီး နှစ်သိမ့်ပေးရုံမှလွဲလို့ ဦးရွှေဆီမှာ ရွေးချယ်စရာမရှိခဲ့။ အရက်သမားချင်း ကိုယ်ချင်းစာပါသည်လေ။
မူးလာလေ နှလုံးသားက နူးညံ့သိမ်မွေ့ကာ အထိခိုက်မခံနိုင်လေဖြစ်သည်။ မူးလာသည့်လူတွေရဲ့စကားတွေမှာ အမှန်တရားရှစ်ဆယ်ရာခိုင်နှုန်းလောက် ပါဝင်နေသည်ဆိုတာ ပြောစကားသက်သက်မဟုတ်ပေ။
ဦးရွှေကိုယ်တိုင်လည်း မိန်းမဖြစ်သူနှင့် ရန်ဖြစ်စကားများလျှင် အရက်အမူးသောက်ကာ သူငယ်ချင်းမိတ်ဆွေတွေကို ရင်ဖွင့်ပြီး သူတို့ထံမှ နှစ်သိမ့်မှုကိုခံယူနေကျဆိုတော့ ဒီလိုခံစားချက်ကို အချင်းချင်းနားလည်ပေးရမည်။
“ ကျွန်တော် သူ့ကို မုန်းပစ်လိုက်ရမလားဟင် ဦးလေးကြီး ... သူ့ကို မုန်းအောင် ဘယ်လိုလုပ်ရမလဲ ... ဦးလေးကြီး သိရင် သင်ပေးပါလား ”
“ အယ် ! ကောင်လေး ငါလည်း ဘယ်လိုမုန်းရမလဲဆိုတာကို မသိဘူးကွ ... ဒါမှမဟုတ် မင်း သူ့ရဲ့မကောင်းတဲ့အချက်တွေကို စဉ်းစားကြည့်လေ ... အဲဒါဆို သူ့ကို မုန်းလို့ရမဲ့ အချက်တစ်ခုခုကိုတော့ တွေ့လာမှာပေါ့ ဟုတ်တယ်မလား ”
“ သူ့ရဲ့မကောင်းတဲ့အချက်ဟုတ်လား ... သူ့ရဲ့မကောင်းတဲ့အချက်တွေက အများကြီးမှ အများကြီးပဲ အေ့ ”
ပါးစပ်က ပြောရုံတင်ပြောတာမဟုတ်။ လက်နှစ်ဖက်ကပါ အများကြီးဆိုသည့်သဏ္ဍာန်မျိုးလုပ်ပြနေသည့်ကောင်လေးက အခုမှပင် ရင်ဖွင့်စရာလူတွေ့သွားသည့်နှယ့် အပီအပြင်ကို ပြောချင်ရာတွေပြောကာ ရင်ဖွင့်နေတော့သည်။
“ သူကလေ ကျွန်တော့်ကိုဆို အမြဲတမ်းရှောင်နေတာ ဦးလေးကြီးရဲ့ ... ကျွန်တော့်ကိုတွေ့တိုင်း သရဲတစ္ဆေတွေကို တွေ့သလိုမျိုး အမြဲထွက်ထွက်ပြေးလွန်းလို့ ကျွန်တော်က မနည်းလိုက်ဖမ်းနေရတာ ဟက် ! ”
“ ပြီးတော့ သူကလေ လူတွေကြားထဲမှာဆိုလည်း ကျွန်တော့်ကို အဖက်မလုပ်ဘူး ... ကျွန်တော် အတင်းလိုက်စကားပြောမှ ပြန်ပြောတယ် ... နောက်ထပ်ရှိသေးတယ် အများကြီးပဲ ... ကျွန်တော့်ကိုတောင် တခြားလူတစ်ယောက်နဲ့ စပ်ပေးသေးတာလေ သူက ... အဲဒီလေးဆက်ရိပ်သွင်ဆိုတဲ့လူက ... သူ မရက်စက်လွန်းဘူးလား ဦးလေးကြီး ”
“ အဆိုးဆုံးကတော့ သူ့ကို မေ့ပစ်လိုက်ပါဆိုပြီး ခဏခဏပြောတာပဲ ... အဲဒီစကားကို ကြားတိုင်း ကျွန်တော် ဆက်မသည်းခံနိုင်တော့ဘူး အေ့ ... ကျွန်တော်မှ သူ့ကို မေ့မပစ်ချင်တာ ... အဲဒီတော့ မုန်းတီးရမဲ့နည်းလမ်းကို ရှာတာက ပိုကောင်းတယ်မလား ဦးလေးကြီး ”
“ ဟမ် ! ဟုတ်တယ် ... ပိုကောင်းတယ် ”
အယောင်ယောင်အမှားမှားနှင့် အမူးသမားပြောသမျှထောက်ခံပေးနေသည့် လင်တော်မောင်ကို ကြည့်ရင်း ဒေါ်ဝင့်ဝါမှာ ပြုံးရမလို ငိုရမလိုနှင့်။ ဘယ်နှယ့် အကူအညီတောင်းကာမှ အဖွဲ့ကျကာ လေပစ်နေကြသည့် ဒီနှစ်ယောက်ကို သူ ဘယ်လိုဆက်လုပ်ရမလဲ။
“ ကိုရွှေ ရှင် ဒီကောင်လေးနဲ့ စကားများမနေနဲ့တော့ ... အခု ဒီအခန်းထဲကလူလည်း ထွက်မလာဘူး ... အိပ်ပဲပျော်နေတာလား ... အပြင်ပဲ ပြန်ထွက်သွားတာလား မသိဘူး ”
“ ဒါဆို ဘယ်လိုလုပ်ကြမလဲ ... မင်းပဲ ကြည့်လုပ်လိုက်ကွာ ”
ပြောရရင် ဦးရွှေလည်း တကယ်ပဲ ဘာဆက်လုပ်ရမယ်မှန်းမသိပေ။ တစ်သက်လုံး မိန်းမစကားနားထောင်လာတာမို့လို့ ဒီကိစ္စကိုလည်း မိန်းမလက်ထဲသာ ဝကွက်အပ်လိုက်ပြီး စီမံခိုင်းလိုက်သည်။
“ ကျုပ်တို့တိုက်ခန်းထဲမှာပဲ ခေါ်ထားကြမလား ... ဒီကောင်လေးကို ကြည့်ရတာလည်း လူမှန်းသူမှန်းမသိအောင် မူးနေတာတောင် ရုပ်ရည်လေးက သန့်သန့်ပြန့်ပြန့်လေးနဲ့ ... သူခိုးဂျပိုးတော့ မဟုတ်နိုင်လောက်ပါဘူး ... ရှေ့တိုက်ခန်းက တစ်ယောက်နဲ့လည်း ရင်းနှီးနေတာဆိုတော့ ကျုပ်တို့အခန်းထဲပဲ ခေါ်ထားလိုက်ကြရအောင် ”
မိန်းမရဲ့အကြံကလည်း သိပ်မဆိုးတာမို့ ဦးရွှေ ခေါင်းငြိမ့်အချက်ပြကာ လက်ခံလိုက်သည်။
“ ဒါဆို ဒီသကောင့်သားကို အရင်ထူကြရအောင်ကွာ ... လာ မိန်းမ ... ငါ့ကို လာကူထူပေးပါဦး ”
“ ရှင့်ဟာရှင် ထူပါလား ”
“ မင်းက ငါ့ထက် ပိုအားကြီးတယ်လေကွာ ... မင်းကလည်း ... လာပါ ... ငါ တစ်ယောက်တည်းဆို မနိုင်ဘူးကွ ... ဒီကောင်လေးက သူ့ဟာသူတောင်မရပ်နိုင်တာ ... ငါတစ်ယောက်တည်း ထူလို့ မနိုင်ဝန်ထမ်းသလိုဖြစ်ပြီး နှစ်ယောက်လုံး လှေကားပေါ်က ပြုတ်ကျသွားရင် မင်း မုဆိုးမဖြစ်သွားမှာနော် မိန်းမ ”
“ ရှင်ကတော့ လုပ်ပြီ ... ကဲပါ ! ကျုပ် ဝိုင်းကူပေးမယ် ”
လင်မယားနှစ်ယောက်လုံး ဒီကောင်လေးကို တစ်ဖက်တစ်ချက်စီက ဝိုင်းထူမရင်း မတ်မတ်ရပ်သွားနိုင်တော့ ကောင်လေးက တစ်စခန်းထလာပြန်သည်။
“ အာ ... ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ ... အေ့ မလိုက်ဘူးနော် ... မလိုက်ဘူး ... ကျွန်တော် ဒီမှာပဲနေမှာ ... ကျွန်တော် ကိုကိုနဲ့ပဲ နေမှာပါဆို ... ”
အမူးသမားတွေက လူပါးဝလွန်းအားကြီးသည်ဟု ဦးရွှေ တွေးမိသော်လည်း သူကိုယ်တိုင်က ကြွက်တွင်းဖြစ်နေ၍ ပြောထွက်ခါနီးဖြစ်နေသည့်စကားလုံးတို့ ထွက်မကျသွားအောင် ပါးစပ်ကို အလျင်အမြန် ပြန်ပိတ်လိုက်ရသည်။
“ မျက်နှာချင်းဆိုင်အခန်းထဲကို သွားမှာလေ ဟုတ်ပြီလား ... မနက်ကျမှ မင်းကိုကိုနဲ့ တွေ့ပေါ့ ... အခုက မင်းအဝတ်အစားတွေလည်း မိုးရေတွေ စိုနေတယ် ... ဒီတိုင်းဆက်နေနေမယ်ဆိုရင် မင်း ဂန့်သွားလိမ့်မယ် ကောင်လေး ”
“ နိုး ... နိုး ... နိုး ... ဘယ်မှမသွားဘူး ... လေးဆက်ရိပ်သွင်ရဲ့အခန်းမှ မဟုတ်ရင် ဘယ်နေရာမှ မသွားဘူး အေ့ ... သေလည်း သေပလေ့စေ ... သူတောင် ပစ်ထားရဲသေးတာပဲ ... ကျွန်တော် သေသွားလည်း ဘာဖြစ်လဲ ”
တွဲထူထားသည့်လက်တွေကြားမှ အတင်းရုန်းထွက်ရင်း တံခါးဆီ ပြန်ပြေးကပ်သွားသည့်ကောင်လေးကို ကြည့်ရင်း ဦရွှေလည်း ဘာဆက်လုပ်ရမလဲမသိသလို ဒေါ်ဝင့်ဝါလည်း မသိမသာသက်ပြင်းချမိသည်။
သူတို့မွေးရင် သူတို့သားအရွယ်လောက်ပဲရှိသည့် ကောင်လေးကိုလည်း ဒီအတိုင်းပစ်မထားနိုင်။ ကူညီပေးဖို့ကျပြန်တော့လည်း ဒီကောင်လေးက တဇွတ်ထိုး တဇောက်ကန်းလေး။
“ ကောင်လေး မင်း ငါတို့အခန်းထဲ မဝင်ရင်လည်း မင်းအိမ်ကိုသာ ပြန်တော့ ... ဒီမှာပဲ တစ်ချိန်လုံးနေနေလို့မရဘူးကွ ... ငါတို့က ကိစ္စမရှိပေမဲ့ တခြားလူတွေအတွက် အနှောင့်အယှက်ဖြစ်လိမ့်မယ် ... မင်း အိမ်ပြန်လိုက်တာ ပိုကောင်းမယ် ... အိမ်ပြန်ပြီး နွေးနွေးထွေးထွေးနေ ... ဟုတ်ပြီလား ”
အအေးဒဏ်ကြောင့် တုန်ရင်နေသည့်ပခုံးလေးကို ပုတ်ပေးရင်း ဦးရွှေ ဖြောင်းဖျမိတော့ အနှီကောင်လေးက သူ့လက်ကို ဖျတ်ခနဲပြန်ပုတ်ချလာသည်။
“ မပြန်ပါဘူးဆိုနေမှ ... အေ့ ဘာလို့ အတင်းပြန်ခိုင်းနေကြတာလဲ ... မပြန်ဘူး ... ဒီမှာပဲ နေမှာ အေ့ ”
ဦးရွှေက အမူးသမားချင်းမို့ ကိုယ်ချင်းစာနိုင်ပေမဲ့ ဒေါ်ဝင့်ဝါကတော့ အဲဒီလောက်အထိ စိတ်မရှည်တော့ပေ။
“ ကိုကို ကျွန်တော့်ကို တံခါးလေးဖွင့်ပေးပါ ”
တိုးတိုးလေး ထွက်ကျလာသည့်အသံတိမ်တိမ်လေးကို ထိုအဒေါ်ကြီးက ကြားသွားသည်ထင့်ပါရဲ့။
“ ဟဲ့ ကောင်လေး ! မင်း ဒီမှာ ဆက်နေလို့မရဘူး ... ကျုပ်တို့အခန်းထဲ ဝင်ရင်ဝင် ... မဝင်ရင်တော့ ရဲစခန်းကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းရမှာပဲ ... မင်း ဘာလုပ်မလဲဆိုတာ ကိုယ့်ဟာကိုယ် ရွေးတော့ ”
အခုလိုမျိုးအကြပ်ကိုင်လိုက်ရင်တော့ဖြင့် ဒီကောင်လေးက သူတို့ပြောသမျှကို ကြည်ကြည်ဖြူဖြူလက်ခံမှာပဲလို့ ဒေါ်ဝင့်ဝါ ထင်ထားခဲ့ပေမဲ့ တကယ့်လက်တွေ့အဖြစ်မှန်ကတော့ ထင်ထားတာနှင့် တခြားစီဖြစ်နေခဲ့သည်။
“ ရဲစခန်းဟုတ်လား အေ့ ... ကောင်းသားပဲ ... ခေါ်လိုက်လေ ... လေးဆက်ရိပ်သွင်ဆိုတဲ့လူကြောင့် ကျွန်တော် ရဲစခန်းရောက်ရပါတယ်ဆိုပြီး မှတ်တမ်းတင်သွားတာပေါ့ ... ကောင်းလိုက်တာ ... ပြီးတော့မှ တစ်နိုင်ငံလုံးသိအောင် ပတ်ကြေညာပစ်ဦးမယ် အေ့ ”
ဒုန်း ! ဒုန်း ! ဒုန်း !
ပါးစပ်ကလည်း ပြောရင်း လက်ကိုလည်း အနားမပေးဘဲ တံခါးကို တဒုန်းဒုန်းထုနေသေးသည့်ကောင်လေးကြောင့် ဒေါ်ဝင့်ဝါနှင့် ဦးရွှေခမျာ ဘာဆက်ပြောရမည်မှန်းမသိဘဲ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ ကြောက်မလားလို့ ခြောက်ကြည့်တာကို အမူးသမားက တစ်ဖန်ပြန်ဖြဲပြနေသေးသည်။
“ ကောင် ... ကောင်လေး ... တကယ် ရဲစခန်းကို ဖုန်းဆက်ပေးရမှာလား ”
“ ဆက်လိုက်တော့ ... မြန်မြန်ဆက်ပေး ... ဟက် ! လေးဆက်ရိပ်သွင် ခင်များ ဘယ်လောက်ထိအသည်းမာနိုင်လဲဆိုတာကို ကျွန်တော် စောင့်ကြည့်ချင်သေးတယ် ”
ဒေါ်ဝင့်ဝါခမျာ မယုံနိုင်လို့ ထစ်အထစ်အနှင့် ပြန်မေးမိတော့ ပြန်ဖြေလာသည့်အဖြေတစ်ခုကြောင့် အခန်းထဲ ပြန်ဝင်ပြီး ဖုန်းကို သွားယူကာ အပြင်သို့ပြန်ထွက်လာသည်။
ထို့နောက် ဖုန်းဖန်သားပြင်ပေါ် ဂဏန်းတွေ ရိုက်ချနေတုန်း ...
ကျွီ ...
ပွင့်ဟလာသော တံခါးတစ်ချပ် ... ။
12:52 P.M
12.4.2021 ( Monday )