မိုးနံ့လေနံ့တို့ ပျံ့လွင့်နေသည့် ညတစ်ည ... ။
ကောင်းကင်ယံတစ်ခုလုံး မှိုင်းညှို့နေကာ တိမ်စိုင်တိမ်မည်းတို့ကသာ အစဉ်ဖုံးလွှမ်းထားသဖြင့် လမင်းကြီးကတောင် ပုန်းကွယ်နေရသည်။ ရွာမလိုဟန်ပြင်နေသော မိုးတိမ်ထုထည်ကြောင့် အအေးဓာတ်က အပြင်ဘက်မှာ အနည်းငယ်လွင့်ပျံ့နေလျက်ရှိသည်။
လူတကာအိပ်မောကျနေသည့်အချိန်ဖြစ်သည့်အလျောက် လမ်းမပေါ်၌ မည်သည့်အသံကိုမှမကြားရဘဲ ပကတိတိတ်ဆိတ်ငြိမ်သက်လျက်သား။ လူသွားလူလာကင်းမဲ့နေသဖြင့် လမ်းမီးတိုင်မှ အလင်းရောင်တို့သည်ပင် အနည်းငယ်အဖော်မဲ့နေသယောင်။
ထိုစဉ် အားကောင်းသည့် တိတ်ဆိတ်မှုထုထည်ကို ဖောက်ထွင်းထွက်ပေါ်လာသည်က ငါးလွှာတိုက်ခန်းငယ်တစ်ခုဆီမှ ဖုန်းမြည်သံ ... ။
လေးဆက်တစ်ယောက် နှစ်နှစ်ချိုက်ချိုက်အိပ်မောကျနေစဉ် နားထဲသို့ ရင်းနှီးကျွမ်းဝင်နေသည့်ဖုန်းမြည်သံတစ်ခုက စူးရှစွာတိုးဝင်လာသည်။ အကြားအာရုံ၏လှုံ့ဆော်မှုကြောင့် လက်တစ်ဖက်က အလိုလိုဖုန်းရှိရာသို့ စမ်းကြည့်မိသွားသည်။
ဖုန်းကို ကိုင်မိတော့ တစ်ဖက်က ဖုန်းကျသွားသည်ထင့်။ မည်သည့်အသံမှ ဆက်ထွက်မလာတော့။ လေးဆက်ကတော့ အိပ်ချင်စိတ်တို့ မင်းမူနေသေးသဖြင့် အခုထိ မျက်လုံးတို့က ပွင့်မလာသေး။
ထိုစဉ် နောက်တစ်ကြိမ်ဖုန်းမြည်သံထွက်ပေါ်လာသဖြင့် မျက်လုံးပင်မဖွင့်နိုင်ဘဲ ဖုန်းကို အလျင်အမြန်ကောက်ကိုင်လိုက်သည်။
“ ဟဲ ... လို ... ”
အိပ်ချင်မူးတူးအသံဖြင့် ပြောလိုက်မိသလားဆိုတာကိုပင် သတိမမူမိလောက်သည့်အထိ အိပ်ချင်စိတ်တို့က အလွန်အမင်းလွှမ်းမိုးထားသည်။
“ ဖုန်းကိုင်တာ ဘယ်သူလဲ ”
တစ်ဖက်ဖုန်းထံမှ ခပ်မာမာ ခပ်ထန်ထန်သက်ကြီးပိုင်းအသံမျိုးထွက်ပေါ်လာသဖြင့် လေးဆက် အိပ်ချင်နေသည့်ကြားက ပိုစိတ်ဆင်းရဲသွားရသည်။
ဒီလူက ဘာလဲဟ ... ရူးနေတာလား ... သူကပဲ စဆက်သေးတယ် ... ပြီးတော့ သူကပဲ ငါ့ကို ဘယ်သူလဲဆိုပြီး မေးသေးတယ် ...
ညကြီးမိုးချုပ်ဖုန်းဆက်ပြီး အရေးမပါတာတွေ လာမေးနေသဖြင့် စိတ်က သိပ်မကြည်တော့။
“ ဖုန်းမှားနေရင် ဖုန်းချလိုက်တော့ ! ”
ပြောပြီးသည်နှင့် ဖုန်းကို ချမည်အပြု
“ နေဦး ... ငါ မင်းကို မေးစရာရှိတယ် ”
“ မေးဗျာ ... ဘာမေးမလို့လဲ ... ခင်ဗျားတို့ကလည်း လူအိပ်ချိန်ကြီးကျမှ ဘာတွေလာပြောနေမှန်းမသိဘူး ”
လူက အိပ်ချင်နေတာရော စိတ်မကြည်တာရောပေါင်းကာ ဘုကလန့်ဆန်ဆန်ပင်တုံ့ပြန်မိသည်။
“ မင်းမှာ ညီရှိလား ”
“ ဘာ ! ညီဟုတ်လား ! ”
မေးစရာရှိတာ မမေးဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေသည့်လူကြောင့် အိပ်ချင်စိတ်တို့ပင် အနည်းငယ်ပျောက်ဆုံးသွားရသည်။
“ ဟုတ်တယ် ... မင်းရဲ့ညီလေးလေ ”
“ ကျစ် ! ခင်ဗျား ဘာတွေ လာပြောနေတာလဲ ... ဝေ့လည်ကြောင်ပတ်မလုပ်ဘဲ ရှင်းရှင်းလင်းလင်းပြောလို့မရဘူးလား ”
“ အခုဖုန်းနံပါတ်ပိုင်ရှင်ကွာ ... အဲဒီကောင်လေးကို မင်း သိလား ... သူက မင်းရဲ့ညီလား ”
“ ဖုန်းနံပါတ် ? ”
ထိုလူရဲ့ပြောစကားကြောင့် လေးဆက် ဖုန်းခေါ်ဆိုသူအမည်ကို ကမန်းကတန်းကြည့်မိလိုက်တော့
“ ဈာန် ”
ယခုအခါတွင်တော့ အိပ်ချင်စိတ်တို့က တစိုးတစိမျှပင်မကျန်အောင် အလုံးစုံပျောက်ကွယ်သွားလေပြီ။
“ ဈာန် ... ဈာန့်ရဲ့ဖုန်းက ခင်ဗျားဆီ ဘယ်လိုလုပ်ရောက်နေရတာလဲ ”
“ ဒါဆို မင်း ဒီဖုန်းပိုင်ရှင်ကောင်လေးကို သိတယ်ပေါ့ ... မင်းနဲ့ ဘာတော်လဲ ”
“ ဈာန်က ကျွန်တော့်ရဲ့ ... ”
ဘာဆက်ဖြေရမယ်မှန်းမသိတော့သဖြင့် အသံက ခဏတာတိတ်ဆိတ်သွားပြီးမှ
“ ကျွန်တော့်ရဲ့ဂျူနီယာညီလေးပါ ”
“ ဪ ... မင်းရဲ့ညီအရင်းမဟုတ်ဘူးပေါ့ ... ဒါဆိုလည်း ××××ရဲစခန်းကို လာခဲ့ကွာ ... ဒီဖုန်းပိုင်ရှင်ကောင်လေးက ရိုက်ပွဲဖြစ်လို့ အချုပ်ထဲ ရောက်နေတယ် ”
“ ဗျာ ! ရိုက်ပွဲဟုတ်လား ”
“ ဟုတ်တယ် ... အဲဒါကြောင့် အခု မင်း ငါပြောတဲ့ရဲစခန်းကို မြန်မြန်လာခဲ့ ... ကျန်တာကို စခန်းရောက်မှ ဆက်ရှင်းပြမယ် ”
တီ ... တီ ... တီ ...
ဘာတစ်ခွန်းမှ ပြန်မတုံ့ပြန်နိုင်ခင်မှာပဲ တစ်ဖက်ကဖုန်းချသွားလေသည်။ စိတ်တွေထွေပြားကာ အံ့အားသင့်မှုတွေ အလုံးအရင်းဝင်ဆောင့်နေသော်ငြား တွေဝေငေးငိုင်နေဖို့အချိန်မရှိ။
လေးဆက်တစ်ယောက် ချက်ချင်းဆိုသလို အိပ်ရာမှကုန်းထကာ အကျီလဲလိုက်သည်။ အဲဒီနောက် အိမ်ရှေ့ခန်းဘက်သို့ ထွက်ကာ သံပန်းတံခါးကို ဖွင့်နေရင်းမှ တစ်ခုခုကိုသတိရသွားသဖြင့် အိပ်ခန်းထဲပြန်ဝင်ပြီး အံဆွဲထဲရှိပိုက်ဆံအိတ်ကို ဆွဲယူကာ ရှိသမျှငွေအားလုံးကို ထည့်လာခဲ့လိုက်သည်။
ဘာပဲပြောပြော ရဲစခန်းသွားဖို့ဆိုရင် လက်ဗလာချည်းပဲသက်သက် သွားလို့မရပေ။ အနည်းဆုံးတော့ ငွေပါသွားမှ အဆင်ပြေမည်မဟုတ်လား။
ငါးလွှာတိုက်ခန်းဆီက ဝုန်းဒိုင်းကြဲကာ ဆင်းလာသော်လည်း လမ်းတစ်လျှောက် လူရိပ်လူယောင်မဆိုထားနှင့်။ ကားသွားကားလာတောင်မရှိပေ။ ဖုန်းနှင့် ပိုက်ဆံအိတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း လမ်းထိပ်ဆီသို့ ခပ်မြန်မြန်ထွက်လာခဲ့လိုက်သည်။
လမ်းမီးတိုင်များမှ အလင်းရောင်တို့က သူ့ကိုယ်ပေါ်ဖြာကျနေသည်။ သက်ရှိဟူ၍ လေးဆက်အပြင် လမ်းထဲမှာ ရှိနေသည့်ခွေးနှစ်ကောင်ကလည်း လူရိပ်လူယောင်တွေ့သဖြင့် အသားကုန်ထိုးဟောင်တော့သည်။
သို့သော် ခဏနေတော့ သူတို့ကို အကင်ဝယ်ကျွေးနေကျလူဖြစ်ကြောင်း အနံ့ရသွား၍ထင့်။ ဆူသံဟောင်သံတွေ ပျောက်ကာ အမြီးလေးတနှံ့နှံ့နှင့် နောက်တော်ပါးက ကပ်လိုက်လာလေသည်။
လမ်းထိပ်၌ ခဏရပ်စောင့်နေသော်ငြား တက္ကစီတစ်စီးမျှပေါ်မလာပေ။ နောက်ဆုံး၌ ရှားရှားပါးပါးပေါ်လာသည့်တက္ကစီတစ်စီးကို တွေ့လိုက်ရသဖြင့် ခက်ခက်ခဲခဲတားစီးကာ ရဲစခန်းသို့ ဦးတည်မောင်းနှင်ခိုင်းရသည်။
ရဲစခန်းရှေ့သို့ရောက်ရောက်ချင်း ခြေလှမ်းကို ခပ်သွက်သွက်လှမ်းကာ စခန်းထဲ အလျင်စလိုဝင်လိုက်သည်။
သို့သော် မြင်လိုက်တွေ့လိုက်ရသည်က လူ့ကို အမောစို့စေသည်။ အနောက်ကနေသာ တွေ့မြင်နေရသည့်ကျောပြင်ကျယ်က လေးဆက်ရဲ့စိတ်အာရုံကို လှုပ်ခတ်စေသည်။
နှေးကျလာသည့်ခြေလှမ်းတွေကို မရပ်သွားစေရန် သတိပေးရင်း ဈာန့်ဘေးနားသို့ လျှောက်သွားလိုက်သည်။ ခုံကို ခပ်လျောလျောမှီထိုင်ရင်း ခြေချိတ်ထားသည့်ဈာန့်ပုံစံက မည်သူကိုမျှ အာရုံထဲ မရှိသလို။
ဈာန့်ဘေးနားမှာ လေးဆက် သွားရပ်မိတော့ မော့ကြည့်လာသည့်အကြည့်တွေထဲမှာ အံ့အားသင့်မှုတွေက ရိပ်ခနဲဖြတ်သန်းသွားပြီးနောက် မကျေနပ်သည့်အရိပ်အယောင်တွေက ထင်ထင်ရှားရှားပေါ်လာသည်။
ပိရိသေသပ်သည့် နှုတ်ခမ်းပါးက တင်းခနဲစေ့ပိတ်သွားသလို နက်မှောင်သည့်မျက်ခုံးတန်းတွေက တွန့်ကျုံ့သွားသည်မှာ တစ်ခုခုကို အလိုမကျမှန်း သိသာလှသည်။ ခေါင်းကို ဆတ်ခနဲ ပြန်လှည့်လိုက်တော့ နားကပ်လေးတစ်ဖက်က မီးရောင်ဖြင့် လက်ခနဲ။
ဈာန့်ဘေးနားမှာတော့ ဈာန်နှင့်ရွယ်တူလောက်ရှိမည့်ကောင်လေးသုံးယောက်နှင့် သူတို့၏အုပ်ထိန်းသူဖြစ်ဟန်တူသော အဒေါ်ကြီးနှစ်ယောက် ဦးလေးကြီးတစ်ယောက်ကိုလည်း တွေ့ရသည်။
ကောင်လေးသုံးယောက်၏ မျက်နှာများက ရစရာမရှိအောင် ယောင်ကိုင်းနေသည်။ တစ်ယောက်က နဖူးမှာ ပတ်တီးစည်းထားသော်ငြား သွေးတို့က အနည်းငယ်ယိုစိမ့်နေတုန်းပင်ဖြစ်သည်။ နောက်တစ်ယောက်က လက်မှာ ကျောက်ပတ်တီးစည်းထားပြီး အော်ဟစ်ညီးတွားနေသည်။ နောက်ဆုံးတစ်ယောက်မှာကား သွားကျိုးသွားဟန်ပေါ်သည်။
သူများလူ ဘာဖြစ်သွားသလဲဆိုတာကို အကဲခတ်ပြီးသွားတော့ ကိုယ့်လူအခြေအနေကို ပြန်စစ်ဆေးရပြန်သည်။
ဈာန်ကတော့ နှုတ်ခမ်းအနည်းငယ်ကွဲနေသော်ငြား နာကျင်မှုတို့ တစ်စွန်းတစ်စမှ မရှိသည့်ဟန်။ သို့သော် လေးဆက်ကတော့ ဘာကြောင့်မှန်းမသိဘဲ ကာယကံရှင်ထက် ပိုနာကျင်နေမိသည်။
“ ကောင်လေး မင်းက ခုနက ငါ ဖုန်းဆက်တဲ့တစ်ယောက်လား ”
သူ့ကို တစ်ချက်လေးမှ လှည့်မကြည့်သည့်ဈာန့်ကို ငေးမောကြည့်ရှုနေခိုက် ခပ်ဩဩအသံတစ်ခုက နားထဲတိုးဝင်လာသဖြင့် အခု သူ ဘယ်နေရာကို ရောက်နေသလဲဆိုတာကို လေးဆက် ပြန်သတိရသွားသည်။
“ ဟုတ်ပါတယ် ... ကျွန်တော်ပါ ”
“ ထိုင် ... ကောင်လေး ”
“ ဟုတ်ကဲ့ ”
စခန်းမှူး၏စကားကြောင့် လေးဆက်လည်း ဈာန့်ဘေးက ခုံလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်သည်။ ဈာန်ကတော့ သူ့ကို ရှိသည်ဟုပင် ထင်မှတ်ပုံမပေါ်။
“ မင်းနာမည် ဘယ်လိုခေါ်လဲ ကောင်လေး ”
“ လေးဆက်ရိပ်သွင်ပါ ”
အဲဒီနောက် စခန်းမှူးက ဈာန်တို့၏ဖြစ်ကြောင်းကုန်စင်ကို လေးဆက်တို့အား ရှင်းပြလာသည်။
“ အဖြစ်အပျက်က ဘယ်ကနေစဖြစ်လဲဆိုတော့ ဒီကလေးတွေ ဘားတစ်ခုမှာ အရက်မူးရင်း ရန်ဖြစ်ကြတာပဲ ”
အမှန်တော့ ပြောပြစရာပင် မလိုဘဲ အလိုလိုနားလည်သဘောပေါက်သွားသည့်အထိ ယခု သူ မြင်နေရသည့်မြင်ကွင်းက ပြီးပြည့်စုံလေသည်။
ထိုစဉ် ရဲစခန်းထဲ သူ စဝင်လာကတည်းက မျက်စောင်းတထိုးထိုးဖြင့် ရှိနေကြသည့် အဒေါ်ကြီးနှစ်ယောက်က
“ ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ယဉ်လိုက်တာ ... သူများအဖိုးတန်သားသမီးကို လက်ပါရတယ်လို့ ... ”
“ ဟုတ်ပ ... ဘယ်လိုမိမဆုံးမ ဖမဆုံးမသားသမီးလဲမသိဘူး ... မိဘက မဆုံးမထားဘူးလား ”
အနှီအဒေါ်ကြီးနှစ်ယောက်၏တစ်ဖက်သတ်ဆန်သည့်စကားကို ကြားကြားချင်း သူ့လိုလူတောင် ဈာန့်အစား မခံချင်စိတ်ဖြင့် ဒေါသထွက်လာရသည်။
ထိုစဉ် စကားဝင်ပြောလိမ့်မည်ဟု မထင်မှတ်ထားသည့်လူက
“ အထိုးမခံစေချင်ရင် ခင်ဗျားတို့ရဲ့အဖိုးတန်သားတွေကို ဘားမလာစေနဲ့လေ ... ဘုန်းကြီးကျောင်း ပို့ထားလိုက် ... ပုံစံကြည့်တော့ မထုံတတ်တေးရုပ်တွေနဲ့ ဖွန်ကြောင်ချင်နေသေးတယ် ... အချိုးပြေလားဆိုတော့လည်း မပြေဘူး ”
ဈာန့်ရဲ့မထီမဲ့မြင်ပြောစကားကြောင့် ထိုအဒေါ်ကြီးနှစ်ယောက်မှာ အနာပေါ် ဆားဖြူးခံရသကဲ့သို့ ဆတ်ဆတ်ခါနာနေလေသည်။ ထိုစဉ် ဦးလေးကြီးတစ်ယောက်ကပါ ဝင်၍
“ မင်းအဖေနဲ့အမေရော ဘယ်မှာလဲ ... ခေါ်လိုက်စမ်း ... ဒီကိစ္စက မင်းလို မလောက်လေး မလောက်စားကောင်နဲ့ ရှင်းလို့မဖြစ်ဘူး ... မင်းမိဘတွေနဲ့ ထိပ်တိုက်ပြောမှဖြစ်မယ် ”
ဈာန်က ခပ်ဟဟတစ်ချက်ရယ်လိုက်ရင်း
“ ကျွန်တော့်အမေနဲ့ ထိပ်တိုက်ပြောချင်ရင်တော့ မရဏမင်းဆီသာ သွားလိုက်တော့ ... ကျွန်တော့်အဖေဆိုရင်တော့ ခင်ဗျားတို့ သူနဲ့စကားပြောပါရစေလို့ ဒူးထောက်တောင်းပန်တာတောင် သူက တစ်ချက်လေးမှ လှည့်ကြည့်မှာမဟုတ်ဘူး ”
“ မင်း ဘာစကားပြောလိုက်တာလဲ ... လူကြီးကို မလေးမစားနဲ့ ... ”
“ လေးစားခံချင်ရင် လေးစားချင်စရာကောင်းနေ ... ”
“ ဘာကွ ! ”
လူလူချင်း နည်းနည်းလေးတောင် အကျောမခံချင်သည့်စရိုက်က ဈာန့်၏မွေးရာပါဗီဇဖြစ်မည်ထင်သည်။ ဈာန့်ရဲ့စကားက ထိုဦးလေးကြီးရဲ့အရှိုက်ကို တည့်တည့်ထိုးလိုက်ဟန်ပေါ်သည်။
အရှက်ခွဲခံလိုက်ရသဖြင့် ရှူးရှူးရှဲရှဲဖြစ်နေသည့် ဦးလေးကြီးက ဈာန့်ရဲ့အကျီရင်ဘတ်စကို ဆွဲကိုင်လိုက်ကာ ထိုးမလိုဟန်ပြင်တော့ ကာယကံရှင်က အေးတိအေးစက်ဖြစ်နေပေမဲ့ အလန့်တကြားဖြစ်သွားရသူက လေးဆက်ကိုယ်တိုင်ပင်။
“ မလုပ်နဲ့ ... ဦးလေး ကျွန်တော် တောင်းပန်ပါတယ် ... သူ့ကို လွှတ်ပေးလိုက်ပါ ... ဒီကလေးက ငယ်သေးတော့ အပြောအဆိုမတတ်လို့ပါ ”
တစ်ခုခုဖြစ်သွားမည်စိုး၍ အလျင်စလိုဝင်ပြောလိုက်တော့ ရရှိလိုက်သည်က ဈာန့်ထံမှ မကြည်လင်သည့်မျက်ဝန်းတစ်စုံ။
“ ကျွန်တော် တောင်းပန်ပါတယ် ဦးလေး ... အခု ဖြစ်ပျက်သမျှကိစ္စအားလုံးကို ကျွန်တော် ဖြေရှင်းပေးပါ့မယ် ... အရင်ဆုံး သူ့ကို လွှတ်ပေးလိုက်ပါ ”
“ မင်းက ဘယ်သူလဲ ... သူ့အုပ်ထိန်းသူလား ”
“ ကျွန်တော်က သူ့ရဲ့စီနီယာပါ ”
“ ဟက် ! ”
ဈာန်က မထိတထိနှင့် ခပ်မဲ့မဲ့ပြုံးသည်။ အကြည့်တွေက ပိုပြီးမှေးမှိန်သလို အေးစက်စက်နိုင်လာသည်။
“ ဦးလေး ... ဦးလေးတို့ စိတ်ကျေနပ်တဲ့အထိ ကျွန်တော် ဖြေရှင်းပေးပါ့မယ် ... ကျွန်တော့်ကို ယုံပါ ”
မနည်းတောင်းပန်တော့မှ ဈာန့်အကျီကို ခပ်တင်းတင်းဆွဲကိုင်ထားသည့် ထိုလူ၏လက်တို့က ပြေလျော့သွားသည်။
“ ကဲ ! ကဲ ! ခင်ဗျားတို့ရဲ့ရန်ပွဲတွေကို ခဏရပ်ထားကြ ... ဒီပြဿနာကို ကျုပ်တို့ အရင်ဖြေရှင်းကြရအောင် ”
စခန်းမှူးအသံကြားတော့မှ အကုန်လုံးက ပြဿနာဖြေရှင်းဖို့ဘက်ကို အာရုံစိုက်မိလေတော့သည်။ ထိုအခါ စခန်းမှူးက သူ့ကို လက်ညှိုးတည့်တည့်ထိုးရင်း
“ မင်းက သူ့ရဲ့စီနီယာနော် ဟုတ်လား ”
“ ဟုတ်ကဲ့ ”
“ အေးကွာ ... ဒီကောင်လေးရဲ့အဖေက ဘယ်လိုမှ ဆက်သွယ်လို့မရတာနဲ့ မင်းကိုပဲ ဖုန်းဆက်လိုက်ရတာ ... မင်း ဖုန်းကိုင်လို့ တော်သေးတာပေါ့ ... နို့မို့ ကျုပ်တော့ ဘယ်သူ့ကိုထပ်ဆက်လို့ဆက်ရမှန်းမသိဘဲ ဒုက္ခရောက်နေတော့မှာ ... သူ့ဖုန်းမှာက ဖုန်းနံပါတ်နှစ်ခုပဲ မှတ်ထားတော့ နှစ်ခုလုံးကို ဆက်မရရင် သူလည်း ဒီစခန်းမှာ သောင်တင်နေတော့မှာ ”
“ ဖုန်းနံပါတ်နှစ်ခု ! ”
စခန်းမှူး၏အပြောကြောင့် သူ အံ့အားသင့်စွာ ဈာန့်မျက်နှာကို လှည့်ကြည့်မိသွားသည်။ ဈာ
“ ဟုတ်တယ်လေ ... တစ်ခုက ဒယ်ဒီဆိုပြီး မှတ်ထားတာ ... နောက်တစ်ခုက ကိုကိုဆိုပြီးမှတ်ထားတော့ ကျုပ်က မင်းကို သူ့အစ်ကိုလို့ ထင်နေတာ ”
“ ဪ ... ဟုတ်ကဲ့ ”
စခန်းမှူးပြောသမျှကို လေးဆက် ခေါင်းတညိမ့်ညိမ့်နဲ့သာ လိုက်နားထောင်နေမိသည်။ စခန်းမှူးက ရန်ဖြစ်ရသည့်ဖြစ်ကြောင်းကုန်စင်ကို အသေးစိတ်ရှင်းပြပြီးနောက် နှစ်ဦးနှစ်ဖက်ကို ညှိနှိုင်းပေးဖို့လုပ်လေသည်။
တကယ်တော့ ဈာန်က သူ့ဟာသူ ဘားမှာ တစ်ယောက်တည်းထိုင်ကာ အရက်သောက်နေခြင်းဖြစ်သည်။
အဲဒီအချိန်မှာ အခု အထိုးခံထားရသည့် ကောင်လေးသုံးယောက်အပြင် နောက်ထပ်ကောင်မလေးသုံးယောက်ကပါ ဈာန် ထိုင်နေသည့်ဝိုင်းနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်ရင်း ပွတ်သပ်ကျီစယ်နေကြသည်။
ဖြစ်ချင်တော့ ထိုအုပ်စုထဲမှ ကောင်မလေးတစ်ယောက်က ဈာန့်ကို သဘောကျသွားကာ သွားရောသည့်အတွက် ဟိုကောင်လေးသုံးယောက်လုံးက မကျေမနပ်ဖြင့် ဈာန့်ကို ရန်လာရှာကြသည်။ အဲဒီနောက်မှာတော့ သိကြသည့်အတိုင်း အကုန်လုံး ရဲစခန်းကို ရောက်သွားကြခြင်းဖြစ်သည်။
“ သုံးယောက်စာဆေးဖိုးအပြင် သွားစရိတ် စားစရိတ်တွေပါ အကုန်ခံရမှာဆိုတော့ နည်းနည်းတော့များမယ် ... မင်း အဆင်ပြေရဲ့လား ”
“ ဟုတ်ကဲ့ ... အဆင်ပြေပါတယ် ... စုစုပေါင်း ဘယ်လောက်ပေးရမလဲ မသိဘူး ”
“ တစ်ယောက်ကို ဆယ်သိန်းနှုန်းနဲ့ သိန်းသုံးဆယ် ... ”
ကြားဝင်ဖြတ်ပြောလိုက်သူက အဒေါ်ကြီးတစ်ယောက်။
“ ဗျာ ! သိန်းသုံးဆယ် ”
လေးဆက် အံ့ဩသွားသဖြင့် အသံက နည်းနည်းကျယ်သွားသည်။
“ ဘာလဲ ... မပေးနိုင်ဘူးလား ... မပေးနိုင်ရင်တော့ ဒီကောင်လေးကို တရားစွဲရမှာပဲ ”
“ ဒါပေမဲ့ ခင်ဗျားတို့က သုံးယောက် တစ်ယောက်လည်း ပြိုင်ချထားသေးတယ် ... တရားလည်းစွဲဦးမယ်ဆိုတော့ ... ”
“ ဟဲ့ ! နင် ဘာသိလဲ ... နင့်အကောင် ငါ့သားကို ထိုးသွားတာ လာကြည့်စမ်း ... သွားတောင် ကျွတ်သွားတယ်ဟဲ့ ... ဒင်း ဘယ်လောက်လက်ရဲဇက်ရဲနိုင်လဲဆိုတာ ဒါက သက်သေပဲ ”
စကားပြောလို့ပင် မဆုံးသေးဘဲ အဟောက်ခံလိုက်ရသဖြင့် လေးဆက် ဇက်လေးပုသွားသည်။
“ ဘာလဲ ... နင် မပေးနိုင်ဘူးလား ”
နောက်ထပ်အဒေါ်ကြီးတစ်ယောက်ကပါ ခပ်ဆတ်ဆတ်အသံဖြင့် ဝင်မေးလာသည်။
“ မ ... မဟုတ်ပါဘူး ... ပေးမှာပါ ... ဒါပေမဲ့ ညဘက်မိုးချုပ်ကြီး လောလောနဲ့ထွက်လာရတော့ အခု ကျွန်တော့်ဆီမှာ နှစ်သိန်းလောက်ပဲ ပါလာတယ် ... အဲဒါကို အရင်ယူထားလိုက်လို့ ရမလားဟင် ”
“ မရဘူး ... သိန်းသုံးဆယ်မပေးရင် နင့်အကောင်ကို တရားစွဲမယ် ”
“ ကျွန်တော် ငါးရက်အတွင်း ကျန်တဲ့ပိုက်ဆံတွေကို အကုန်ပေးပါ့မယ် ... တကယ်ပြောတာပါ ... ကျွန်တော့်ကို မယုံရင်လည်း ကျွန်တော့်မှတ်ပုံတင်ကို ယူထားလို့ရပါတယ် ”
လေးဆက်အပြောကြောင့် သူတို့သုံးယောက်သား အနည်းငယ် တွေဝေကာ တစ်ခုခုကို စဉ်းစားနေပုံရသည်။
“ ကဲပါဗျာ ! ကျုပ် အာမခံပေးလိုက်မယ် ဟုတ်ပြီလား ... အခု သူ ပေးသမျှယူထားလိုက် ... နောက်ငါးရက်အတွင်းမှာ ကျန်ငွေတွေကို သူ လာပေးလိမ့်မယ် ... ကောင်လေး မင်းကလည်း မင်းရဲ့နေရပ်လိပ်စာတွေ အကုန် ပေးထားခဲ့ ... ”
စခန်းမှူးရဲ့စကားကြောင့် ထိုလူအုပ်က အနည်းငယ် ကျေနပ်သွားပုံရသည်။
“ ဟုတ်ပြီလေ ... ဒါဆို ငါတို့ ငါးရက်ပဲစောင့်မှာနော် ကောင်လေး ”
“ ဟုတ်ကဲ့ ”
လေးဆက်လည်း အခုမှ စိတ်သက်သာရာရသွားသည်။ ကျန်ငွေတွေကို ရွာကပဲ မျက်နှာပူပူနဲ့ လှမ်းတောင်းရတော့မှာပေါ့။
ပိုက်ဆံအိတ်ထဲက ငွေတွေကို ထုတ်ကာ စခန်းမှူးဆီ အပ်ရန် ပြင်စဉ် ရုတ်တရက် လက်ကောက်ဝတ်ကနေ ဖမ်းချုပ်ခြင်းခံလိုက်ရသည်။ လှည့်ကြည့်မိလိုက်တော့ အကြည့်စူးစူးတွေနဲ့ စိုက်ကြည့်နေသည့်သူကြောင့် မရည်ရွယ်ပါပဲ နှုတ်က
“ ဈာန် ”
တိုးဖွဖွရယ်သာ ... ။
“ မပေးနဲ့ ! ”
မကျေနပ်သည့်ဂျစ်တစ်တစ်အသံနှင့် ပြောလာသည့်ကောင်လေးကြောင့်
“ မပေးရင် မင်း ထောင်ကျလိမ့်မယ် ဈာန်ရဲ့ ”
“ အဲဒါ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ ”
လေးဆက် မသိမသာ သက်ပြင်းရှိုက်လိုက်မိသည်။
“ ငါကတော့ မင်းကို ထောင်မကျစေချင်ဘူး ”
ပြောလိုက်တာကတော့ တစ်ခွန်းတည်းရယ်ပါ။ သို့ပေမဲ့ ဆုပ်ကိုင်ထားသည့်လက်ကောက်ဝတ်ကို ဖြုတ်ပြီး ဆတ်ခနဲ ထိုင်နေရာမှ ထကာ စခန်းထဲက ထွက်ခွာသွားသူကြောင့်
“ ဈာန် ! ”
အော်ခေါ်လိုက်ပေမဲ့ လှည့်ကြည့်ခြင်းမခံခဲ့ရပေ။ လှည့်ထွက်သွားသည့် ကျောပြင်က သူ့အတွက် အရမ်းစိမ်းကားလွန်းနေသည်။ ဈာန့်နောက်ကို ပြေးလိုက်သွားချင်ပေမဲ့ သူ့အတွက်တော့ အခွင့်မသာ။
ဖြေရှင်းချက်လိုချင်နေသည့်လူတွေ၏ အကြည့်တွေက သူ့ဆီကို ဦးတည်နေသည်မို့ သက်ပြင်းအသာချကာ ထွက်ခွာသွားသူကို ငေးကြည့်ရုံသာတတ်နိုင်ခဲ့သည်။
ဒဏ်ရာရသွားသည့်လူငယ်လေးတွေနဲ့ အုပ်ထိန်းသူမိဘတွေအပါအဝင် စခန်းမှူးတို့အားလုံးနှင့် သဘောတူညီမှုရအောင် ညှိနှိုင်းဆောင်ရွက်ပြီးမှ စခန်းအပြင်သို့ ထွက်လာခဲ့လိုက်သည်။
လေးဆက်တစ်ယောက် ရဲစခန်းမှာ အချိန်ဘယ်လောက်ထိကြာသွားခဲ့မှန်း မသိတော့ပေ။ သူ အပြင်ရောက်လာတော့ ပတ်ဝန်းကျင်တစ်ခွင်လုံး အမှောင်ထုတို့ အုံ့ဆိုင်းနေတုန်းပင်ဖြစ်သည်။
ခန့်မှန်းခြေ မနက်လေးနာရီလောက်သာရှိဦးမည်ဖြစ်သဖြင့် လမ်းတစ်လျှောက် လူသူကင်းရှင်းကာ တိတ်ဆိတ်နေသည်။
အဲဒီနောက်မှာတော့ ဘတ်စ်ကားစီးဖို့အတွက် ရဲစခန်းဝန်းနှင့် မနီးမဝေးနေရာရှိ ကားမှတ်တိုင်သို့ ဖြည်းဖြည်းချင်းလမ်းလျှောက်လာလိုက်သည်။
အလာတုန်းက အလျင်လိုနေသဖြင့် တက္ကစီစီးခဲ့သော်ငြား မကြာသေးမီအချိန်က ရှိသမျှပိုက်ဆံတွေအကုန်လုံးကို ဟိုလူတွေဆီ ပေးခဲ့လိုက်ရသဖြင့် အခု သူ့လက်ထဲမှာ ၅၀၀တန်တစ်ရွက်သာ ကျန်နေခဲ့တော့သည်။
ထိုကဲ့သို့ အေးအေးဆေးဆေးလမ်းလျှောက်လာနေစဉ် သူ့ပခုံးပေါ်သို့ ကျဆင်းလာသော မိုးရေစက်တစ်စက် ... ။
ကောင်းကင်ကြီးကို မော့ကြည့်လိုက်လိုက်တော့ တိမ်စိုင်တိမ်မည်းတို့က ငွေ့ရည်ဖွဲ့ကာ ရွာသွန်းဖို့ အသင့်အနေအထားဖြစ်နေခဲ့ပြီ။ ကောင်းကင်ထက်ဆီမှ တစ်စက်ပြီး တစ်စက် အရှိန်ပြင်းပြင်းနှင့်ကျဆင်းလာသည့် မိုးရေစက်များက တိုက်ပွဲကြီးဆင်နွှဲဖို့ အားယူနေသည့်ပမာ။
ကျစ် ! ငါ ထီးလည်း မယူလာခဲ့မိဘူး ...
စိတ်ထဲမှ ညည်းညူလိုက်မိကာ ကားမှတ်တိုင်ရှိရာဆီသို့ ခပ်သွက်သွက်အပြေးသွားရတော့သည်။
သို့သော် လေးဆက် ကံကောင်းသွားသည်ဟုပင် ဆိုရမည်။ သူ ကားမှတ်တိုင်အမိုးအောက်ရောက်ပြီးသိပ်မကြာခင်မှာ အညှိုးကြီးလှသည့်မိုးက သည်းသည်းမည်းမည်းရွာသွန်းဖြိုးလာသည်။
မိုးရေအနည်းငယ်စိုစွတ်သွားသည့် ဆံပင်တို့ကို ခါထုတ်ရင်း မီးရောင်လဲ့လဲ့လင်းနေသော ကားမှတ်တိုင်အမိုးအောက်ရှိ ထိုင်ခုံထောင့်စွန်းတွင် အသာဝင်ထိုင်လိုက်တော့
“ ခင်ဗျားက ငတုံးလား လေးဆက်ရိပ်သွင် ”
မမျှော်လင့်ထားသည့် အေးစက်စက်စကားတစ်ခွန်းကို ကြားလိုက်ရသဖြင့် စောင်းငဲ့ကြည့်မိတော့ ဦးဆုံးမြင်လိုက်ရသည်က ဆေးလိပ်ငွေ့တွေ ... ။
ထိုအချိန်ကျမှ တစ်ဖက်ခုံထောင့်စွန်းတွင် ထိုင်နေသည့် လူရိပ်ကို လေးဆက် သတိထားမိသွားခြင်းဖြစ်သည်။
ခြေချိတ်ထိုင်ကာ ဆေးလိပ်ကို ရှိုက်ဖွာနေသည့် လူငယ်လေးတစ်ဦး ... ။
နှုတ်ခမ်းထောင့်စွန်းနားမှာ သွေးစအနည်းငယ်စို့နေပေမဲ့ ထိုလူငယ်၏ ချောမောခန့်ညားမှုကို အနည်းငယ်မျှပင် မယုတ်လျော့သွားစေနိုင်ခဲ့။
“ ဟက် ! ခင်ဗျားက အစကတည်းက ငတုံးဆိုတာကို ကျွန်တော် မေ့နေခဲ့တာပဲ ”
“ ဈာန် ”
“ ခင်ဗျားက ငွေပေါနေတာလား ... သိန်းသုံးဆယ်ဆိုတဲ့ငွေပမာဏက ခင်ဗျားအတွက် အရမ်းရှာရလွယ်နေလို့လား ”
“ .......... ”
“ ခုနကလူတွေနဲ့ စခန်းမှူးဆိုတဲ့လူက ပေါင်းကြံပြီး ငွေညှစ်နေတာကို မရိပ်မိဘူးဆိုတော့ ခင်ဗျားက တော်တော်တုံးတာပဲ ”
ဈာန့်ရဲ့မထိတထိပြောစကားတွေကို ဘယ်လိုတုံ့ပြန်ရမှန်းမသိဘဲ ခေါင်းငုံ့ကာ အောက်နှုတ်ခမ်းကို အသာဖိကိုက်ထားလိုက်သည်။
“ သိန်းသုံးဆယ်ကိစ္စကို ခင်ဗျား ဝင်ပါစရာမလိုတော့ဘူး ... ခင်ဗျား ပေးလိုက်ရတဲ့ ငွေထက် တန်ဖိုးနှစ်ဆကိုလည်း ကျွန်တော် ပြန်ပေးမယ် ... ကျွန်တော့်ကိစ္စကို ကျွန်တော်ကိုယ်တိုင် ဖြေရှင်းနိုင်တယ် ... ခင်ဗျား ဝင်ပါပြီး ကယ်တင်ရှင်လုပ်စရာမလိုဘူး ”
ကောင်းကင်ယံထက်မှ တဂျိန်းဂျိန်းမြည်တမ်းနေသည့် မိုးခြိမ်းသံ၊ မိုးကြိုးပစ်သံတွေထက် ဈာန့်ရဲ့သူစိမ်းဆန်ဆန်စကားလုံးတွေက သူ့နှလုံးသားထဲရှိကြောက်ရွံ့မှုတွေကို ပိုတိုးပွားစေသည်။
“ ခင်ဗျားက တကယ့်ကို အနှောင့်အယှက်ပဲ ”
အရမ်းကို ရင့်သီးလွန်းသည့်စကားလုံးတို့ဖြင့် ပစ်ပေါက်ခံနေရသဖြင့် ဝမ်းနည်းအားငယ်စိတ်တို့ကို ထိန်းချုပ်ဖို့ငှာ မစွမ်းသာတော့။
သူ ဒီမှာပဲ ဆက်နေနေမည်ဆိုလျှင် ဈာန် ရိပ်မိသွားမည်စိုးသဖြင့်
“ ငါ ... ငါ သွားတော့မယ် ”
ထိုင်နေရာမှ မတ်တတ်ထရပ်လိုက်ပြီး ကားမှတ်တိုင်အမိုးအောက်မှ ထွက်မည်အပြု ရုတ်တရက်ဆိုသလိုပင် သူ့လက်ကောက်ဝတ်တစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲကိုင်ကာ ဟန့်တားခြင်းခံလိုက်ရသည်။
ဘယ်အချိန်ကတည်းက အနားရောက်နေမှန်းမသိသည့်ဈာန်က သူ့ကို စူးစူးဝါးဝါးစိုက်ကြည့်ကာ
“ ဘယ်ကို ထွက်ပြေးမလို့ ကြံနေတာလဲ ... မိုးရွာနေတာကို ခင်ဗျား မမြင်ဘူးလား ... ဘာလဲ ... ခင်ဗျားက တစ်မိုးအောက်မှာတောင် ကျွန်တော်နဲ့အတူတူ ရပ်မနေချင်တော့တဲ့သဘောလား လေးဆက်ရိပ်သွင် ”
ဈာန့်ရဲ့ဒေါသတကြီးအော်ဟစ်သံတွေက သူ့ကို ပိုဝမ်းနည်းစေသည်။
မိုးသည်းကြီးမည်းကြီးရွာနေမှန်း သိတယ် ...
ငါ ကြောက်တတ်တဲ့မိုးကြိုးတွေ ပစ်နေမှန်းလည်း သိတယ် ...
ဒါပေမဲ့ မင်းအနားမှာ ရှိနေရမှာကို ငါ ပိုကြောက်တယ် ...
မင်းနှုတ်ဖျားက ထွက်လာမဲ့ စိမ်းသက်သက်စကားလုံးတွေ နားထောင်ရမှာကို ငါ ပိုကြောက်တယ် ...
ငါ မင်းကို ပိုကြောက်တယ် ဈာန် ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ဘာစကားတစ်ခွန်းမှ ပြန်မပြောဘဲ ငြိမ်သက်နေသည့်လူကို ဈာန်ရောင်ခ အားမရနိုင်စွာ သူနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်ပစ်လိုက်ပြီး ထိုလူ၏ပခုံးစွန်းနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ကာ
“ လေးဆက်ရိပ်သွင် ! ခင်ဗျား ကျွန်တော့်ကို ဘာမှပြန်မပြောတော့ဘူးလား ... ဒီတိုင်း ကျွန်တော် ပြောသမျှအကုန်နားထောင်ပြီး ထပ်ထွက်ပြေးဦးမလို့လား ... တကယ်ပဲ ခင်ဗျား ကျွန်တော့်ကို ဘာဖြစ်စေချင်နေတာလဲ ! ”
တသိမ့်သိမ့်တုန်ရင်နေသည့် ထိုလူ၏ခန္ဓာကိုယ်က တစ်စုံတစ်ရာကြောင့် အလွန်အမင်းဝမ်းနည်းနေမှန်း သိသာလွန်းစွာ ... ။
ဒီလူက သူ့အပေါ် ခံစားချက်ရှိနေပါရက်နဲ့ ဘာဖြစ်လို့များ အဆုံးထိ ငြင်းဆန်ဖို့ပဲ တွေးနေရတာလဲ။
မြေကြီးထဲ ခေါင်းစိုက်ဝင်တော့မတတ် အောက်ငုံ့နေသည့် လူ၏မျက်နှာကို မေးဖျားကနေ ဆွဲကိုင်မော့လိုက်တော့ မီးရောင်လဲ့လဲ့အောက်မှာ မျက်ရည်စတွေ ခိုသီးနေသည့်မျက်နှာနုနုနယ်နယ်က သူ့နှလုံးသားကို အရှိန်ပြင်းထန်စွာ ပစ်ခွင်းသွားသည်။
“ ခင်ဗျားက ဘာလို့မျက်ရည်ကျနေရတာလဲ ”
သူပြောလိုက်မှ ထိုလူ၏မျက်ဝန်းထောင့်စွန်းမှာ တွဲခိုနေသည့်မျက်ရည်စက်လေးတွေက ထိန်းချုပ်မရနိုင်စွာ ပါးပြင်တစ်လျှောက် လျှောခနဲ ဖြတ်သန်းစီးဆင်းသွားသည်။
“ မေးနေတာကို ဖြေလေ လေးဆက်ရိပ်သွင် ... ခင်ဗျား ဘာလို့ မျက်ရည်ကျနေရတာလဲ ... ကျွန်တော့်ကြောင့်လား ... ကျွန်တော့်ကြောင့် အခုလို ခံစားနေရတာလား ”
“ ငါ မသိဘူး ဈာန် ... ငါ တကယ်ကို မသိဘူး ”
“ ခင်ဗျား ညာဖို့မကြိုးစားနဲ့ လေးဆက်ရိပ်သွင် ... ခင်ဗျားသာ ကျွန်တော့်အပေါ်မှာ ခံစားချက်ရှိမနေဘူးဆိုရင် ကျွန်တော့်ကို ဘာလို့ လာဂရုစိုက်နေတာလဲ ... ကျွန်တော် ဘယ်သူနဲ့နမ်းနမ်း ခင်ဗျား ဘာဖြစ်လို့သဝန်တိုနေတာလဲ ”
“ ဈာန် ”
တိုးညှင်းတိမ်ဝင်နေသည့်ခေါ်သံလေးအောက်မှာ ဈာန်ရောင်ခတစ်ယောက် အရာရာကို လက်မြှောက်ကာ အရှုံးပေးဖို့ အဆင်သင့်ဖြစ်နေသော်ငြား ခေါင်းမာလွန်းသည့် ရှေ့တည့်တည့်ကလူကြောင့်
“ ကျွန်တော် ချစ်ခွင့်ပန်တော့ ခင်ဗျားပဲ ကျွန်တော့်ကို အပြတ်ငြင်းထားခဲ့တာ မဟုတ်ဘူးလား ”
“ ဈာန် ငါကလေ ... ”
“ အင်း ... ဆက်ပြောကြည့် ... ခင်ဗျား ဘာဖြစ်ချင်နေတာလဲဆိုတာကို ကျွန်တော် လုံးဝ နားမလည်နိုင်တော့ဘူး ”
“ ငါ ... ငါက ... ”
ဆက်မပြောနိုင်တော့မှန်း သိသာစွာ စကားလုံးတွေက အစပိုင်းမှာတင် ထစ်အစွာ အဆုံးသတ်သွားသည်။
“ ကျွန်တော့်ကို မချစ်ဘူးဆိုတဲ့စကားက ခင်ဗျားပါးစပ်ဖျားကနေ ရက်ရက်စက်စက်ထွက်ကျလာတာ ... ပြီးတော့လည်း ခင်ဗျားပဲ ကျွန်တော့်အနားကို ရောက်ရောက်လာတာ ... ကျွန်တော့်ရဲ့အချစ်ကို ခင်ဗျား လက်မခံဘူး ... ဟုတ်ပြီ ... ထားလိုက်တော့ ... ဒါဆိုလည်း ကျွန်တော် သေသေရှင်ရှင် ခင်ဗျား လာဂရုမစိုက်နဲ့လေ ”
“ ဈာန် ... ငါက မင်းကို စိုးရိမ်လို့ ... ”
“ မစိုးရိမ်နဲ့ ... ခင်ဗျား အခုလိုလုပ်နေတာတွေက ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတယ် ... ခင်ဗျား ကျွန်တော့်ကို တကယ်မချစ်နိုင်ဘူးဆိုရင် မျှော်လင့်ချက်လာမပေးနဲ့ ”
“ တောင်းပန်ပါတယ် ဈာန် ... ငါ တကယ် တောင်းပန်ပါတယ် ”
သူ့ရဲ့အလဲထိုးစကားတွေအောက်မှာ ထိုလူက ဆောက်တည်ရာမရဘဲ မျက်ရည်စတွေနှင့် ကူကယ်ရာမဲ့နေသည်။
“ ကျွန်တော် ထပ်မေးမယ် ... ခင်ဗျား ကျွန်တော့်ကို ချစ်လား ”
ဈာန့်မေးခွန်းကို ဖြေဆိုနိုင်ဖို့ရာ အားအင်ရှိမနေသည့် လေးဆက်တစ်ယောက် ပါးစပ်ကိုသာ ခပ်တင်းတင်းစေ့ပိတ်ထားမိသည်။ အရင်တစ်ခေါက်က ဟန်ဆောင်နိုင်ခဲ့ပေမဲ့ ဒီတစ်ခါကျ မချစ်ဘူးဆိုသည့် အတုအယောင်စကားလုံးကို နှုတ်ထွက်ဖို့တောင် မဝံ့ရဲတော့။
“ ခင်ဗျားရဲ့ချစ်သူကြောင့်လား ... သူက ဆုံးပါးသွားတာ ကြာလှပြီလေ ... ခင်ဗျား သူ့ကို အခုထိ မမေ့နိုင်သေးဘူးလား ”
“ ဈာန် ! ”
ဈာန့်ရဲ့ရိတိတိအပြုံးက ကြောက်စရာကောင်းလှသည်။ တစ်ကမ္ဘာလုံးကို အရွဲ့တိုက်ချင်နေသလိုမျိုး ... ။
“ ဟက် ! ဘာလဲ ... ခင်ဗျားရဲ့ချစ်သူအကြောင်း ထည့်ပြောတာလေးနဲ့တင် ခင်ဗျားက ရင်နာနေပြီလား ... ခင်ဗျား သူ့ကို အဲဒီလောက်တောင် ချစ်တယ်ပေါ့ ”
“ အဲဒီလို မဟုတ်ဘူး ”
“ ဒါဆို ဘာလို့လဲ ... ဘာလို့ ကျွန်တော့်ကို ပြန်မချစ်နိုင်ရတာလဲ ... ကျွန်တော့်မှာ ဘာချို့ယွင်းချက် ရှိနေလို့လဲ ”
“ .......... ”
“ မဟုတ်မှလွဲရော ခင်ဗျားက တောင်ဇလပ်ဖြူကိုပဲ တစ်သက်လုံးချစ်နေတော့မှာလား ... ဒါဆို ကျွန်တော်ကရော ... ခင်ဗျားတစ်ယောက်တည်းကိုပဲ တစ်ချိန်လုံး အရိပ်တကြည့်ကြည့်နဲ့ ချစ်လာခဲ့ရတဲ့ ကျွန်တော်ကရော ... ခင်ဗျား ကျွန်တော့်ကို ဘယ်အဆင့်မှာ ထားထားတာလဲ ”
“ ဈာန် ... ငါတို့ အခုလိုမျိုး နေလို့လည်းရတာပဲမဟုတ်ဘူးလား ... ငါတို့ချစ်သူဖြစ်နေမှမဟုတ်ဘူးလေ ... သူငယ်ချင်းပဲဖြစ်ဖြစ် ညီအစ်ကိုပဲဖြစ်ဖြစ် ငါတို့ အဆင်ပြေတာပဲမဟုတ်ဘူးလား ... ငါတို့ ဒီအတိုင်း ပျော်ပျော်ရွှင်ရွှင်ဆက်နေသွားလို့ရတာပဲလေ ”
“ ခင်ဗျား ရူးနေလား လေးဆက်ရိပ်သွင် ! ခင်ဗျားကို ဒီလောက်အသည်းအသန်ချစ်မိနေပါပြီဆိုမှတော့ ကျွန်တော်က ဘယ်လိုလုပ် ခင်ဗျားရဲ့ ညီလေးဖြစ်နိုင်တော့မှာလဲ ”
သူ့ပခုံးစွန်းနှစ်ဖက်ကို ဆုပ်ကိုင်ခါရမ်းရင်း အရူးတစ်ယောက်လို ပေါက်ကွဲဒေါသထွက်နေသည့်ဈာန့်ကို ကြည့်ကာ နှလုံးသားထဲမှ ဖိစီးလာသည့် နာကျင်သောကဝေဒနာက တကယ့်ကိုမခံမရပ်နိုင်စရာပင်။
“ ဘာလို့လဲ ... ခင်ဗျားက ကျွန်တော့်ကိုဆို ဘာလို့ အရမ်းရက်စက်ရတာလဲ ”
ပြိုတော့မည့်မိုးလို အုံ့မှိုင်းနေသည့် ဈာန့်ရဲ့မျက်နှာလေးကို ငေးကြည့်ရင်း ငွေ့ရည်ဖွဲ့လာသည့် မျက်ဝန်းတို့မှ မျက်ရည်စတွေ ထပ်မံပြိုဆင်းမလာစေရန်အတွက် မနည်းအားတင်းထားရသည်။
“ ငါ့မှာ အပြစ်ရှိနေလို့ ဈာန်ရဲ့ ... ငါ ဇလပ်အပေါ်မှာ အကြွေးတင်နေသေးတယ် ... ငါ သေသွားရင်တောင် သူ့အပေါ်တင်နေတဲ့အပြစ်ကြွေးတွေကို ပေးဆပ်လို့ ကုန်မှာမဟုတ်ဘူး ... အဲဒါကို မင်း သိရဲ့လား ”
“ ကိုကို ”
ရင်ထဲမှာ အုံဖွဲ့လာသည့် နှစ်လရှည်ကြာဝေဒနာတွေက ပွင့်အံသွားပြီးနောက်မှာတော့ လေးဆက်ကိုယ်တိုင်တောင် မရိပ်မိဘဲ မျက်ရည်စက်တွေက တလိမ့်လိမ့်ကျဆင်းလာသည်။
“ ငါ့ကြောင့် ဇလပ်က သူ ချစ်တဲ့လူနဲ့ ဝေးကွာခဲ့ရတယ် ... ငါကြောင့်ပဲ အသက်ငယ်ငယ်လေးနဲ့ သူ သေဆုံးခဲ့ရတယ် ... မင်း ပြောကြည့် ဈာန် ... ငါက ပျော်ရွှင်ဖို့ထိုက်တန်လား ... ငါ့ကြောင့် ဇလပ်က သူ ချစ်တဲ့လူနဲ့ မပေါင်းဖက်ရဘဲ သေသွားခဲ့တာလေ ... အဲဒါကို ငါက တခြားလူနဲ့ ပျော်ရွှင်နေမယ်ဆိုရင် ဇလပ်အတွက် တရားပါ့မလား ”
“ ဒါဆို ကျွန်တော်ကရော ... ကျွန်တော်ကရော ခင်ဗျားကြောင့် ဒီလိုပဲအမြဲနာကျင်နေရတော့မှာလား ”
အပြင်ဘက်မှာ သည်းထန်စွာရွာသွန်းနေသည့်မိုးရေစက်သံတွေနှင့်အတူ ကွဲအက်ကြေမွသွားသည်က နှလုံးသားတစ်စုံ ... ။
“ ငါ မင်းကို အားနာတယ် ဈာန်ရယ် ... အားနာလွန်းလို့ မင်းအတွက် ငါ ဘယ်လိုလုပ်ပေးရမလဲ ... မင်းကိုမြင်တိုင်း အားနာလွန်းလို့ ငါ ဒီကမ္ဘာပေါ်ကနေ ထွက်ပြေးချင်မိတဲ့အထိပဲ ”
ဈာန်က သူ့ကို မယုံကြည်နိုင်စွာ စိုက်ကြည့်ရင်း အနောက်ကို တစ်လှမ်းချင်း ဆုတ်သွားသည်။
“ ငါ တောင်းပန်ပါတယ် ဈာန် ... မင်းလိုချင်တဲ့အရာကို မပေးနိုင်တဲ့အတွက် ငါ တကယ်တောင်းပန်ပါတယ် ”
ဈာန့်အကြည့်တွေထဲမှာ ခါးသီးမှုတွေ ပါဝင်နေသည်။ သူ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တော့ ဈာန်က အနောက်ကို ထပ်ဆုတ်သွားသည်။
“ ခင်ဗျားက တကယ်ရက်စက်တယ် လေးဆက်ရိပ်သွင် ”
အက်ရှရှစကားလုံးတွေနှင့်အတူ မိုးရေထဲ ပြေးထွက်သွားသည့်ကျောပြင်ကို ဆွေးဆွေးမြေ့မြေ့ငေးကြည့်ရင်း
ငါ့မှာ မင်း မသိသေးတဲ့ အကြောက်တရားတွေ အများကြီးရှိတယ် ဈာန် ...
ငါ့ကြောင့် တစ်ယောက်ယောက် ထပ်ကံဆိုးသွားမှာကို ကြောက်တယ် ...
ငါ့ကြောင့် မင်းလည်း ကံဆိုးသွားမှာကို ကြောက်တယ် ...
ငါ တကယ်ကြောက်တယ် ဈာန် ...
12:50 P.M
12.4.2021 ( Monday )