တိတ်ဆိတ်မှုတို့ ကြီးစိုးနေသည့် ညသန်းခေါင်ယံအချိန် ... ။
မြို့ပြဖြစ်သည့်အလျှောက် ဘယ်လောက်ပဲညဥ့်နက်နေပါစေ လမ်းမထက်၌ လူသူအလုံးစုံကင်းရှင်းသွားသည်ဟူ၍မရှိပေ။
Night Out ထွက်သည့်လူများကြောင့် တချို့နေရာများတွင် နေ့လယ်နေ့ခင်းများထက်တောင် ပို၍ပင် စည်ကားသိုက်မြိုက်နေကြသည်။
ထိုစဉ် ပြည်လမ်းမထက်၌ ခပ်ဖြည်းဖြည်းမောင်းနှင်လာသော နက်ပြာရောင်ကားတစ်စီး ... ။
ဝှေ့ခနဲ တိုက်ခတ်လာသော ညလေပြည်လေအေးနှင့်အတူ ကားထဲမှ လွင့်ပျံ့လာသော တိုးဖွညင်သာသည့်သီချင်းသံက လေထုကို ဖောက်ထွင်းကာ သာယာညိမ့်ညောင်းစွာ ထွက်ပေါ်လာသည်။
“ I still hear your voice when you sleep next to me ...
ကိုယ့်ရဲ့ဘေးနားမှာ မင်း အိပ်ပျော်နေတာတောင် ကိုယ် မင်းရဲ့အသံလေးကို ကြားယောင်နေမိတုန်းပဲ ... ”
“ I still feel your touch in my dreams ...
ကိုယ့်ရဲ့အိပ်မက်တွေထဲမှာတောင် မင်းရဲ့အထိအတွေ့ကို ကိုယ် ခံစားနေမိတုန်းပဲ ... ”
“ Forgive me my weakness ...
ကိုယ့်ရဲ့အားနည်းချက်တွေကို မင်း ခွင့်လွှတ်ပေးပါ ... ”
“ But I don't know why ...
ဒါပေမဲ့ ဘာကြောင့်လဲဆိုတာကိုတော့ ကိုယ် မသိဘူး ... ”
“ Without you, it's hard to survive ...
မင်းသာ မရှိဘူးဆိုရင် ကိုယ် ဆက်ပြီးအသက်ရှင်သန်နိုင်ဖို့ ခက်ခဲလိမ့်မယ် ... ”
ဈာန်ရောင်ခတစ်ယောက် ကားကို အာရုံစိုက်ကာ မောင်းနှင်နေရင်း ဘေးခုံမှာ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသည့်လူအား ချစ်မြတ်နိုးစွာဖြင့် လှမ်းကြည့်မိသည်။
“ Cause everytime we touch, I get this feeling ...
ဘာလို့လဲဆိုတော့ ကိုယ်တို့နှစ်ယောက် ထိတွေ့လိုက်တဲ့အချိန်တိုင်း ကိုယ် ဒီလိုခံစားချက်မျိုးကို ရတယ် ... ”
“ Everytime we kiss, I swear I could fly ...
ကိုယ်တို့နှစ်ယောက် နမ်းရှိုက်ကြတဲ့အချိန်တိုင်းမှာလည်း ကိုယ် ပျံသန်းနေရသလိုပဲဆိုတာ ကျိန်ပြောရဲတယ် ... ”
“ Can't you feel my heart beat fast ...
ကိုယ့်နှလုံးခုန်သံတွေ အရမ်းမြန်ဆန်နေတာကို မင်း မခံစားမိဘူးလား ... ”
“ I want this to last ...
ကိုယ် ဒီလိုခံစားချက်မျိုးကို အချိန်ကြာစေချင်တယ် ... ”
“ Need you by my side ...
ကိုယ့်ဘေးမှာ မင်း ရှိနေဖို့ လိုအပ်တယ် ... ”
သီချင်းစာသားအဓိပ္ပာယ်က သူ့ရဲ့ခံစားချက်ဖြင့် ထပ်တူကျနေသဖြင့် ဈာန်ရောင်ခ ခပ်နွေးနွေးပြုံးမိသွားသည်။
“ Cause every time we touch, I feel this static ...
ဘာလို့လဲဆိုတော့ ကိုယ်တို့နှစ်ယောက် ထိတွေ့လိုက်တဲ့အချိန်တိုင်း ကိုယ် မပြောင်းလဲတဲ့ခံစားချက်မျိုးကို ရတယ် ”
“ And every time we kiss, I reach for the sky ...
ကိုယ်တို့နှစ်ယောက် နမ်းရှိုက်ကြတဲ့အချိန်တိုင်းမှာလည်း ကိုယ် ကောင်းကင်ပေါ်ရောက်သွားသလိုပဲ ... ”
“ Can't you hear my heart beat so ... ”
ကိုယ့်နှလုံးခုန်သံတွေကို မင်း မကြားမိဘူးလား ... ”
“ I can't let you go ...
ကိုယ် မင်းကို ထွက်သွားခွင့်မပြုနိုင်ဘူး ... ”
“ Want you in my life ...
ကိုယ့်ဘဝထဲမှာ မင်းကို ရှိနေစေချင်တယ် ... ”
မရည်ရွယ်ပါဘဲ ထိုသီချင်းသံကို နှုတ်ဖျားကနေ လိုက်ဆိုမိသွားသည်။
အပြုံးနုနုတို့က နှုတ်ခမ်းဖျားမှာ တွဲခိုချိတ်ထားလျက် ... ။
တစ်ကမ္ဘာလုံးကို အပိုင်စားရထားသလိုမျိုး ... ။
အရာအားလုံးက ဘာသောကမှမရှိဘဲ အေးချမ်းနေသလိုမျိုး ... ။
ခဏအကြာမှာတော့ ထိုကားနက်ပြာလေးက လမ်းတစ်လမ်းထဲကို ချိုးကွေ့သွားသည်။ မကြာခဏလာရလွန်းသဖြင့် ဘယ်နေရာမှာ ဘာရှိနေသည်ဆိုတာကို မျက်လုံးမှိတ်ထားရင်တောင် အလွတ်ရနေသည့် ချစ်စဖွယ်လမ်းကလေး။
ထိုလမ်းတစ်လျှောက်တွင် လမ်းမီးရောင်မှအပ အရာအားလုံးက မှောင်အတိကျနေသည်။ ကားရပ်နေကျဖြစ်သည့်နှစ်ထပ်တိုက်ရှေ့နေရာလွတ်တွင် ကားကို စက်သပ်ကာ ရပ်ထားလိုက်ပြီး
“ ကိုကို ”
“ .......... ”
“ ကိုကို အိမ်ပြန်ရောက်ပြီနော် ”
ခါးပတ်ချွတ်ပေးရင်း မေးနေပေမဲ့ အမူးသမားလေးက နိုးလာဖို့နေနေသာသာ တုတ်တုတ်တောင်မလှုပ်။
“ ကိုကို ”
ပါးလေးကို ခပ်ဖွဖွပုတ်ပြီး နှိုးမိပေမဲ့ အမူးသမားလေးက အိပ်မက်တောင်မက်နေပြီလားမပြောတတ်ပေ။ အိပ်ပုတ်ကြီးနေသည့်ချစ်ရသူလေးကို ကြည့်ကာ ဈာန်ရောင်ခရဲ့မျက်နှာချောချောထက်၌ အပြုံးရိပ်တို့က ပြည့်လျှံလာသည်။
အဲဒီနောက်မှာတော့ ဈာန်ရောင်ခတစ်ယောက် ကားပေါ်မှ ဆင်းလိုက်ကာ အိပ်ပျော်နေသူလေး မနိုးသွားအောင် ခပ်ဖွဖွဆွဲယူပြီး ကုန်းပိုးလိုက်သည်။
ထိုအခါ အသိစိတ်မရှိသည့်အမူးသမားလေးက အာရုံခံစားမှုအရကြောင့်လားတော့ မပြောတတ်။ အမူးသမားလေးရဲ့လက်နှစ်ဖက်က သူ့လည်ပင်းကို ဖက်တွယ်ကာ သူ့ပခုံးပေါ်၌ ခေါင်းလေးကို မှေးတင်လာသည်။
အရင်ဆုံး ငါးလွှာထိ ရောက်အောင် ကုန်းပိုးတက်ရသည်။ ယောကျာ်းလေးတစ်ယောက်ဖြစ်သော်ငြား ကိုကိုက နဂိုကတည်းက အစားနည်းသူဖြစ်သောကြောင့် ခန္ဓာကိုယ်က ပိန်ပါးသည်။
ထို့ကြောင့်ပင် သူ ကိုကို့ကို ငါးလွှာအခန်းရှေ့ရောက်သည်အထိ ဘာအခက်အခဲမှမရှိဘဲ လွယ်လွယ်ကူကူကုန်းပိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ကိုကို့ရဲ့ငါးလွှာတိုက်ခန်းလေးရှေ့ရောက်တော့ အရင်ဆုံး သူ့ပခုံးထက်၌ မှေးစက်နေသည့်အမူးသမားလေးကို တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။
ကိုကို တကယ်အိပ်ပျော်သွားပြီဆိုတာကို အတည်ပြုပြီးတော့မှ သူ့ဘောင်းဘီအိတ်ကပ်ထဲ အမြဲလိုလိုထည့်ထားလေ့ရှိသည့် သော့နှစ်ချောင်းကို ထုတ်ယူလိုက်သည်။
ထိုသော့နှစ်ချောင်းနှင့်အတူ အဖြူရောင်သိပ်မပေါ်လွင်တော့သည့်မွှေးပွလုံးကီးချိန်းလေးပါ တစ်ပါတည်းယှဉ်တွဲထွက်ပေါ်လာသည်။
နှစ်အနည်းငယ်ကြာပြီဖြစ်သောကြောင့် အရင်က သစ်လွင်သည့် အဖြူရောင်မွှေးပွလုံးကီးချိန်းလေးမှာ ယခုတော့ သိပ်အရောင်မထင်းတော့ပေ။ သို့သော်ငြား ၎င်းမွှေးပွလုံးကီးချိန်းလေးသည် ကမ္ဘာပေါ်မှာ သူ တန်ဖိုးအထားရဆုံး နှစ်ခုမရှိနိုင်သည့်ပစ္စည်းလေးပင်ဖြစ်သည်။
အဲဒီနောက်မှာတော့ သူ့လက်ထဲရှိသော့နှစ်ချောင်းနှင့် သံပန်းတံခါး၊ တံခါးမကြီးကို ဖွင့်လိုက်ကာ သူ့ခြေလှမ်းတွေက ကိုကိုရဲ့အိပ်ခန်းငယ်လေးရှိရာဆီသို့ အလိုအလျောက်ဦးတည်သွားသည်။
အိပ်ရာပေါ်မှာ ကိုကို့ကို အသာအယာချပေးလိုက်တော့ အမူးသမားလေးက တစ်ချက်လူးလွန့်လာသည်။
ဈာန်ရောင်ခ ခုံတစ်လုံးကို ဆွဲယူထိုင်လိုက်ကာ အိပ်ရာပေါ်မှာ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသည့်လူသားတစ်ယောက်ကို မြတ်မြတ်နိုးနိုးငေးမောကြည့်နေမိသည်။
ငေးမောကြည့်နေရင်းနှင့်ပင် သူ့လက်က အလိုအလျှောက် ကိုကိုရဲ့မျက်နှာနုနုလေးထံသို့ ရောက်ရှိသွားလေသည်။
ဒီနဖူးပြင်လေး ... ဒီမျက်ဝန်းလေး ... ဒီနှာတံလေး ... ဒီပါးပြင်လေး ... ဒီနှုတ်ခမ်းလေး ...
ဒီလူသားနှင့် ပတ်သတ်သည့်အရာမှန်သမျှ သူ ရူးသွပ်ခဲ့ရတာကို သတိထားမိတော့ နှုတ်ခမ်းပါးက ခပ်ဖျော့ဖျော့ပြုံးသည်။
ခင်ဗျား သိရဲ့လား လေးဆက်ရိပ်သွင် ...
ကျွန်တော်က ခင်ဗျားရဲ့အသက်ရှူသံလေးကိုတောင် သိပ်မြတ်နိုးခဲ့တာ ...
အဲဒီနောက်မှာတော့ အနမ်းတစ်ပွင့်က ကိုကို့ရဲ့လက်ဖမိုးလေးပေါ်သို့ ခပ်ဖွဖွသက်ဆင်းသွားလေတော့သည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
ညသန်းခေါင်ယံ၃နာရီအချိန်ခန့်
ခုံမှာထိုင်ပြီး ကိုကို့ကို ငေးကြည့်နေရင်း မှေးခနဲ အိပ်ပျော်မိသွားသည်ထင်၏။ ရုတ်တရက် ကိုကို့ရဲ့လက်တစ်ဖက်က သူ့ရဲ့လက်ကို တင်းကြပ်နေအောင် ဆုပ်ကိုင်ထားသဖြင့် သူ နိုးလာရသည်။
ကိုကို့ရဲ့လက်ကို အပေါ်ကနေ ထပ်အုပ်ကိုင်လိုက်ပြီး ကိုကို့မျက်နှာလေးကို ကြည့်မိတော့ ဈာန်ရောင်ခရဲ့နှလုံးအိမ်က ချက်ချင်းဆိုသလို ပူလောင်လာရသည်။
“ ကိုကို ဘာဖြစ်တာလဲ ... ကိုကို ! ”
ကိုကို့ရဲ့မျက်ဝန်းတွေက မှိတ်ထားလျက် တစ်စုံတစ်ရာဆီမှ အသည်းအသန်လွတ်မြောက်အောင်ရုန်းကန်နေရသည့်ပုံနှယ်။
ချွေးစလေးတွေ ထွက်နေသော နှဖူးပြင်ပြေပြေ၊ တွန့်ကျုံ့နေသော မျက်ခုံးတန်းလေးတွေ၊ ဖြူဖျော့နေသောနှုတ်ခမ်းသားလေးတွေကြောင့် ဈာန်ရောင်ခရဲ့စိုးရိမ်ပူပန်မှုတို့က အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
“ ကိုကို ! ကိုကို ! ”
ကိုကို အိပ်မက်ဆိုးတွေမက်နေတာပဲဆိုသည့်အချက်ကို နားလည်သွားသည်နှင့်တစ်ပြိုက်နက် တတ်စွမ်းသလောက် နှိုးနေမိသည်။
သို့သော် မည်သို့ပင် နှိုးနေပါစေ နိုးထမလာဘဲ မျက်ရည်တွေသာ တသွင်သွင်စီးကျလာသော အနှီလူသားကြောင့် ဈာန်ရောင်ခ၏ ဝမ်းနည်းမှုတို့က အရှိန်အဟုန်ဖြင့် ယိုစိမ့်လာသည်။
“ ကိုကို အဲ့လိုမဖြစ်ပါနဲ့ ... ကျွန်တော် တောင်းပန်ပါတယ် ”
ဘာမှမတတ်နိုင်တော့သည့်အဆုံး ကိုကို့ရဲ့လက်ဖဝါးလေးကို သူ့ပါးပြင်မှာ အပ်ထားလိုက်ရင်း
“ ကိုကို တစ်ခုခုဖြစ်ရင် ကျွန်တော် သေသွားလိမ့်မယ် ... ကိုကို ကျွန်တော့်ကို ကြည့်ပါ ... ထတော့လေနော် ... ကိုကို ! ”
သူ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဘဲ တစ်ယောက်တည်းယောက်ယတ်ခတ်နေမိသည်။ အဆက်မပြတ်ကျဆင်းနေသည့် ကိုကို့ရဲ့မျက်ရည်စလေးတွေကို သုတ်ပေးကာ စကားတွေ တတွတ်တွတ်ပြောနေမိပြန်သည်။
“ ကိုကို အရမ်းခံစားနေရမယ်မှန်း သိပါတယ် ... ကျွန်တော့်အမှားကြောင့်ပါ ... ကျွန်တော် တောင်းပန်ပါတယ် ”
“ ကြောက်တယ် ... ကြောက်တယ် ... ငါ ကြောက်တယ် ”
တစ်ကိုယ်လုံးအဖျားတက်သလို တုန်ရင်လာပြီး ကိုကို့နှုတ်ခမ်းဖျားမှ ထွက်ကျလာသည့်စကားလုံးတို့ကြောင့် ဈာန်ရောင်ခလည်း မနေသာတော့ဘဲ အိပ်ရာပေါ် လှဲချလိုက်သည်။ အဲဒီနောက်မှာတော့ တုန်ရင်နေသည့်ကိုကို့ကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲပွေ့ကာ ဖက်ထားပေးမိသည်။
“ ကျွန်တော် ရှိတယ် ကိုကို ... မကြောက်နဲ့ ... ကျွန်တော်ရှိတယ် ”
“ ကြောက်တယ် ... ကြောက်တယ် ”
ရုန်းကန်ချင်နေသည့် ကိုကို့ကိုယ်လုံးလေးအား အတင်းပွေ့ဖက်ထားလိုက်ရင်း
“ ကိုကိုရာ ! ”
မချိတင်ကဲရေရွတ်သံက နာနာကျင်ကျင်ထွက်ပေါ်လာသည်။ သူ ထွေးပွေ့ထားသည့်ကြားကပင် တုန်ရင်နေသည့်ကိုကိုက တဖြည်းဖြည်းပိုဆိုးရွားလာသည်။
သူ့အကျီကို ရင်ဘတ်ကနေ ဆုပ်ကိုင်ထားသည့်လက်တို့က ပို၍တင်းကျပ်သွားကာ ကိုကို့ရင်ဘတ်က အသက်ရှူရခက်သလို မို့မောက်လာသည်။
“ ကိုကို ! ကိုကို ဘာဖြစ်တာလဲ ! ကိုကို ! ”
လေကို မနည်းရှူသွင်းနေရသလိုဖြစ်နေသည့်ကိုကို့ကို ကြည့်ရင်း ဈာန်ရောင်ခ မျက်ရည်ဝဲတက်လာသည်။
ဘာမှလည်းလုပ်ပေးလို့မရဘဲ ချစ်ရသူရဲ့ဒုက္ခဝေဒနာကို ဒီအတိုင်းကြည့်နေရုံပဲ တတ်နိုင်သည့်ဘဝ ... ။
အရင်က ကြားရုံပဲ ကြားခဲ့ဖူးသည့်ကိုကို့ရဲ့အိပ်မက်ဆိုးတွေအကြောင်းကို အခုမှ သူ မျက်မြင်တွေ့နေရလေပြီ။
“ ကိုကို ”
ဈာန်ရောင်ခရဲ့လေသံတွေက ဝမ်းနည်းမှု နာကျင်မှု ယူကြုံးမရဖြစ်မှုတွေနဲ့ လှိုက်စားကာ တုန်ရီအက်ကွဲနေသည်။
“ ကိုကို ကျွန်တော် ရှိတယ်နော် ”
“ ဇလပ် ”
ကိုကို့နှုတ်ဖျားမှ ခပ်တိုးတိုးထွက်ပေါ်လာသည့်အမည်နာမတစ်ခုကြောင့် ကိုကို့ကျောပြင်ကို အသာအယာပုတ်ပေးနေသည့် သူ့ရဲ့လက်တို့က ရပ်တန့်သွားသည်။
ခဏကြာတော့ ဘာတစ်ခုမှမဖြစ်ခဲ့သလိုပင် သူ့ရင်ခွင်ထဲက လူသားအား စိုက်ကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး
“ ရတယ် ... ကိုကို သူ့ကို မမေ့နိုင်သေးလည်း ရတယ် ... ကိုကိုသာ ဒီကမ္ဘာပေါ်မှာ ကျန်းကျန်းမာမာရှိနေနိုင်မယ်ဆိုရင် ကျွန်တော် နာကျင်ရလည်းဖြစ်တယ် ”
အဲဒီနောက်မှာတော့ ကိုကို့ရဲ့နဖူးပြင်ပြေပြေပေါ်၌ အနမ်းတစ်ပွင့် သက်ဆင်းသွားသလို သူ့ရဲ့မျက်ဝန်းထောင့်စွန်းနားမှ မျက်ရည်တစ်စက်သည်လည်း လွင့်ခနဲ ... ။
မိနစ်တံတွေ အနည်းငယ်ရွေ့လျားပြီးနောက်မှာတော့ အိပ်မက်ဆိုးတွေ မက်နေသည့်ကိုကိုက သူ့ရဲ့ပွေ့ဖက်နှစ်သိမ့်မှုတွေကြားမှာ အတန်ငယ်ငြိမ်သက်သွားသည်။
ကိုကို့ရဲ့အသက်ရှူနှုန်းက တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာတော့မှသာ သူလည်း သက်ပြင်းချနိုင်တော့သည်။ သို့သော် ကိုကိုက သူ့ရဲ့အကျီရင်ဘတ်စကိုတော့ ခပ်တင်းတင်းဆွဲကိုင်ထားနေတုန်းဖြစ်သည်။
“ ကျွန်တော် ရှိတယ် ... ကိုကို့အနားမှာ ကျွန်တော် ရှိတယ် ... အဲဒါကြောင့် ဘာကိုမှမကြောက်နဲ့နော် ”
“ ငါ့ကို မထားခဲ့ပါနဲ့ ”
“ အင်း ... မထားခဲ့ဘူး ... ဘယ်တော့မှ မထားခဲ့ဘူး ... ကျွန်တော် အသက်ရှင်နေသရွေ့ ကိုကို့အနားမှာပဲ နေမှာ ”
ကိုကိုက ဘယ်သူ့ကိုရည်စူးပြီးပြောမှန်းမသိပေမဲ့ သူကတော့ သံသရာတစ်လျှောက်လုံးတည်မြဲနေမည့်ကတိတစ်ခုကို လေးလေးနက်နက်ဖွင့်ဟလိုက်သည်။
သူ့ရင်ခွင်ထဲမှာ အိပ်စက်နေသည့်ကိုကို့ကို ကြည့်ရင်း နှလုံးသားထဲမှာ ဘယ်လိုအမည်တပ်ရမယ်မှန်းမသိသည့်ခံစားချက်တွေက အလုံးအရင်းဝင်ရောက်လာသည်။
ကိုကို့ရဲ့ပါးပြင်လေးကို ခပ်ဖွဖွပွတ်သပ်နေရင်း
“ ခင်ဗျားကို ချစ်ရတာကလည်း အရမ်းပင်ပန်းလိုက်တာ ရိပ်ကလေးရယ် ”
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
မိုးနှောင်းရာသီဖြစ်သဖြင့် မနက်ခင်းနေရောင်ခြည်ကလည်း နွေဦးရာသီကဲ့သို့ တောက်ပမှုမရှိတော့ဘဲ ထိုင်းမှိုင်းနေသည်။
မှိုင်းညှို့ရောင်သမ်းနေသည့် ကောင်းကင်ပြင်ကြီးကြောင့် လူတွေ၏စိတ်အစဉ်ကပါ လန်းဆန်းတက်ကြွမှုတွေ ပျောက်ကွယ်ကုန်သည်။
ဖျောက် ! ဖျောက် ! ဖျောက် !
ပြတင်းပေါက်ဘောင်ပေါ်သို့ အဆက်မပြတ်ကျဆင်းလာသည့် မိုးရေစက်သံများ ... ။
ဂန္တဝင်တေးဂီတတစ်ခုနှယ် နားသောတပန်ဆင်လို့ကောင်းလှသည်။
လေပြင်းတစ်ချက်က ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်ချိန်မှာတော့ မိုးခြိမ်းသံတချို့ကပါ အနောက်ကနေ ခပ်သော့သော့အပြင်းနှင်လာသည်။
အပြင်ဘက်မှာ မုန်တိုင်း ကကြိုးဆင်နေသော်ငြား အခန်းငယ်တစ်ခုရှိ အိပ်ရာပေါ်တွင် နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေသော လူတစ်ယောက်မှာတော့ ရင်ဘတ်နားအထိ လွှမ်းခြုံထားသောစောင်ကြောင့် နွေးထွေးမှုရှိလှသည်။
လူက နိုးနိုးချင်း မိုးရွာသံတွေကို နားဆင်ဖို့ အကြားအာရုံကို အလုပ်ပေးမိသည်။ လေးဆက် အိပ်ပျော်နေရာမှ နိုးလာသော်ငြား အရင်ဆုံး မျက်လုံးမဖွင့်နိုင်သေး။ ကိုက်ခဲမူးဝေနေသည့်ခံစားချက်ကြီးက ခေါင်းထဲ အလုအယက်တိုးဝင်လာသည်။
မနေ့ညက အရက်ရှိန်ကြောင့် လေးဆက်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက မလှုပ်ချင်လောက်အောင် လေးလံထိုင်းမှိုင်းနေသည်။ မျက်လုံးတွေကို အားတင်းကာ ဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရသည်က အရမ်းကိုမှ ရင်းနှီးကျွမ်းဝင်နေသည့်မြင်ကွင်းတွေ ... ။
ငါ အိမ်ပြန်ရောက်လာတာလား ...
ကိုက်ခဲမူးဝေနေမှုကို ခဏလောက်လျစ်လျူရှုထားရင်း အိပ်ရာပေါ်လှဲနေရာကနေ ဖြည်းဖြည်းချင်း ငုတ်တုတ်ထထိုင်လိုက်သည်။
အိပ်ရာဘေးမှာရှိနေသည့် စားပွဲတင်နာရီလေးကို ဖျတ်ခနဲလှမ်းကြည့်လိုက်တော့ မနက်ဆယ်နာရီခွဲ ... ။
ဒါနဲ့ ငါ ဘယ်လိုလုပ် အိမ်ပြန်ရောက်လာတာလဲ ...
ဧကန္တ မြတ်သူတို့ ပြန်လိုက်ပို့ပေးတာထင်တယ် ...
ကျစ် ! ဘာတစ်ခုမှ မမှတ်မိတော့ဘူး ...
မနေ့ညက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို မရမကစဉ်းစားကြည့်မိတော့ မှတ်ဉာဏ်တွေက တဖန်ပြန်လည်ကွန့်မြူးလာသည်။
“ ဈာန် ”
ဟုတ်သားပဲ။ မနေ့ညက သူ ကလပ်ထဲမှာ ဈာန့်ကို တွေ့ခဲ့သည်လေ။ အဲဒီနောက်မှာတော့ အာရုံထဲ ထပ်ပေါ်လာသည်က ဈာန်နဲ့အတူတူရှိနေသည့် မိန်းမလှလေးတစ်ယောက် ... ။
ပြီးတော့ သူတို့က ...
ဟင့်အင်း ... တော်ပြီ ... ထပ်မစဉ်းစားနဲ့တော့ ...
သဘောမကျသည့်မှတ်ဉာဏ်တွေ အကုန်ပျောက်ကွယ်သွားအောင် သူ မေ့ပစ်လိုက်ချင်သည်။ ဈာန့်အကြောင်းတွေးလိုက်မိသည်နှင့် ဝမ်းနည်းမှုတွေ လွှမ်းခြုံလာတာကို သူ သဘောမကျပေ။
ကိုက်ခဲမူးဝေနေရသည့်ကြားထဲ မနေ့ညက မြင်ကွင်းတွေကပါ သူ့ကို စိတ်အနှောင့်အယှက်ပေးလာသဖြင့် ရေချိုးခန်းထဲ ဝင်ကာ ရေပန်းကို ဖွင့်ချလိုက်တော့ ရေစက်တွေက မိုးရေစက်ပေါက်များပမာ သူ့ခန္ဓာကိုယ်နေရာအနှံ့ဆီသို့ ပျံ့ကျဲကျဆင်းလာသည်။
ရေချိုးခန်းထဲက ပြန်ထွက်လာတော့ လူက ခေါင်းကိုက်နေတုန်းပေမဲ့ အနည်းငယ်ပေါ့ပါးလန်းဆန်းသွားရသည်။ နွေးနွေးထွေးထွေးဖြစ်အောင် လက်ရှည်အကျီနှင့် ဘောင်းဘီရှည်ကို ထုတ်ဝတ်လိုက်ကာ ခေါင်းသုတ်နေရင်း ပြတင်းပေါက်ရှိရာဆီသို့ ချဉ်းကပ်သွားမိသည်။
အပြင်ဘက်မှာလည်း ကောင်းကင်ကြီးက အုံ့မှိုင်းကာ လေနီကြမ်းတွေတိုက်ပြီး မိုးတွေ သည်းသည်းမည်းမည်းရွာသွန်းဖြိုးနေသည်။ ပိတ်ထားသည့် ပြတင်းပေါက်မှန်မှတဆင့် မိုးရေစက်ပေါက်များကိုလည်း ဝိုးတဝါးတွေ့နေရသည်။
မိုးရွာသည့်အခါ တောရွာတွေဘက်မှာ ရလေ့ရှိသည့် သဘာဝမြေသင်းနံ့ကို မြို့ပြအရပ်မှာ မခံစားနိုင်မှန်း သတိထားမိတော့ ပြုံးရပြန်သည်။ မြေပြင်ပေါ်သို့ကျဆင်းသွားသည့် မိုးရေစက်သံများကို နားဆင်နေရင်း သဘာဝတရားထံမှာ နစ်မျောနေမိသည်။
ဤမျှလောက်နှင့် အားမရနိုင်စွာ ပြတင်းပေါက်မှန်ကို ဆွဲဖွင့်လိုက်တော့ အခန်းထဲ အလုအယက်တိုးဝင်လာသည့် လေနီကြမ်းနဲ့ မိုးရေစက်များ ... ။
မိုးရာသီကို သဘောကျသည်။ မိုးရေစက်တွေကို နှစ်သက်သည်။ မိုးသံလေသံတို့ကို နားထောင်ရတာ ခုံမင်သည်။ မိုးရွာသွန်းနေသည်ကို ငေးကြည့်ရတာ မက်မောသည်။
သို့သော် မိုးခြိမ်းသံကိုတော့ လေးဆက် ငယ်စဉ်ကလေးဘဝက အရမ်းကြောက်ခဲ့ဖူးသည်။ ယခုလို အရွယ်ရောက်ယောကျာ်းတစ်ယောက်ဖြစ်လာသည့်အခါမှာတော့ ထိုကြောက်စိတ်က အရမ်းမဆိုးရွားတော့ပေ။
ခေါင်းသုတ်လက်စပဝါကို ပခုံးပေါ်တင်ထားလိုက်ပြီး လက်ထုတ်ကာ ပြတင်းပေါက်ကနေတဆင့် ကျဆင်းလာသည့် မိုးရေစက်တွေကို ခံယူနေမိသည်။ အေးမြသည့်စိမ့်သက်သက်ခံစားချက်တစ်ခုက လက်ဖဝါးပြင်မှတဆင့် ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားသည်။
အဲဒီအချိန်၌ အေးစက်သည့်လေပြင်းက ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်ချိန်မှာတော့ လေးဆက်ရဲ့ကိုယ်လုံးလေးက အလိုအလျောက် ကျုံ့ဝင်သွားသည်။ သို့သော် သူ ဒီနေရာလေးကနေ တစ်ဖဝါးမှ ခွဲခွာချင်စိတ်မရှိပေ။
ထိုစဉ် နှာခေါင်းဝသို့ ရောက်ရှိလာသည့် ရနံ့လေးတစ်ခု ... ။
ထိုရနံ့လေးက လေးဆက်ရဲ့စိတ်အာရုံတစ်ခုလုံးကို ဖမ်းဆုပ်ယူသွားသည့်နှယ်။
နို့ဆန်ပြုတ်အနံ့သင်းသင်းလေး ...
ထူးဆန်းလိုက်တာ ...
လူက မိုးရေစက်တွေ၊ သဘာဝတရားတွေထက် နို့ဆန်ပြုတ်အနံ့သင်းသင်းလေးဘက်သို့ ပို၍အာရုံစူးစိုက်မိသွားသည်။
ပြတင်းပေါက်ကို ပြန်ပိတ်လိုက်ကာ ခြေလှမ်းတို့က အလိုအလျှောက် မီးဖိုခန်းရှိရာဆီသို့ ... ။
မီးဖိုခန်းသို့ မရောက်မီ ခပ်လှမ်းလှမ်းမှာကတည်းက တွေ့မြင်လိုက်ရသည့်ကျောပြင်ကျယ်ကြောင့် ဝင်ပေါက်မှာတင် လေးဆက်ရဲ့ခြေလှမ်းတို့က အလိုလို တုံ့ဆိုင်းသွားသည်။
ထိုလူ၏ပုံစံအနေအထားကို လေးဆက် မမှတ်မိနိုင်စရာအကြောင်းမရှိပေ။ တစ်ချိန်တုန်းက အရမ်းကို ရင်းနှီးကျွမ်းဝင်ခဲ့ရသည်မလား။
“ ဈာန် ”
လေးဆက်၏ခေါ်သံသဲ့သဲ့ကြောင့် လှည့်ကြည့်လာသည့်လူက တကယ့်ကိုချောမောခန့်ညားခြင်းတို့အတိနှင့် ပြီးပြည့်စုံနေသည်။
“ ဪ ... နိုးလာပြီလား ”
“ မင်း ဘယ်လိုဖြစ်ပြီး ... ”
“ ခဏနေ ဆန်ပြုတ်ရတော့မယ် ... အိမ်ရှေ့ခန်းမှာ သွားထိုင်နေနှင့် ... ကျွန်တော် ယူလာခဲ့မယ် ”
“ ဟမ် ! အင်း ... အင်း ... ”
ဘာဆက်ပြောရမယ်မှန်းမသိဘဲ ခေါင်းအသာညိမ့်ပြကာ အိမ်ရှေ့ခန်းဆီသို့ လေးပင်နေသည့်ခြေလှမ်းများဖြင့် ထွက်ခွာလာခဲ့သည်။
အိမ်ရှေ့ခန်းထဲရှိ ဆိုဖာပေါ်မှာ ငုတ်တုတ်ထိုင်ချပြီးသည်အထိ လူက အတွေးတွေနှင့် ဗျာများနေတုန်းဖြစ်သည်။
ဈာန်က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ ...
ပြီးတော့ သူက ဘာဖြစ်လို့ ...
အတွေးတောင် မဆုံးသေးခင် မျက်စိရှေ့တည့်တည့် စားပွဲပေါ်သို့ နို့ဆန်ပြုတ်ပူပူလေးတစ်ပန်းကန်ရောက်လာသည်။ မော့ကြည့်လိုက်တော့ ဆေးနှင့် ရေထည့်ထားသော ဖန်ခွက်ကို ကိုင်ထားသည့်ဈာန်ကို တွေ့လိုက်ရသည်။
လေးဆက် ဘာမှမပြောရသေးခင်မှာပဲ ထိုကောင်လေးက လေးဆက်ကို ကြည့်ကာ မျက်မှောင်ကျုံ့သွားပြီး
“ ခင်ဗျား ခေါင်းလျှော်ထားတာလား ”
“ ဟမ် ! အင်း ... ဟုတ်တယ် ”
“ ကျစ် ! ဒီလိုနဲ့ပဲ ဖျားတော့မှာပဲ ”
ဈာန်က ဆေးကိုရော ဖန်ခွက်ကိုပါ စားပွဲပေါ်တင်ထားလိုက်ပြီး လေးဆက်ရဲ့နဖူးကို အဖျားစမ်းလာသည်။
“ တော်သေးတယ် ... အဖျားတော့ မရှိဘူး ... ခေါင်းတော့ ကိုက်နေတယ်မလား ”
“ အင်း ... နည်းနည်း ... ဒါနဲ့ ဈာန် ... ”
“ ဆန်ပြုတ်အရင်သောက်လိုက်ဦး ”
ဈာန်က အမေးမခံဘဲ ဆန်ပြုတ်ပန်းကန်ကို လေးဆက်ရှေ့တည့်တည့်ရောက်အောင် တွန်းရွေ့ပေးလာသည်။ လေးဆက်လည်း ဈာန့်ကို ဘာမှထပ်မပြောတော့ဘဲ နို့ဆန်ပြုတ်ကိုသာ ယူသောက်လိုက်သည်။
သင်းပျံ့သည့်အနံ့လေးနှင့်အတူ လျှာပေါ်မှာ ချိုမြစွာစိမ့်ဝင်သွားသည့်အရသာလေးက အတန်ငယ်ရင်းနှီးနေသလိုပင်။ ဆန်ပြုတ်မကြိုက်သူဖြစ်သော်ငြား ဒီအရသာကိုတော့ အလိုလိုမှတ်မိနေသည်။
စိတ်ထဲမှာ တစ်မျိုးထူးဆန်းသလိုခံစားနေရသည်နှင့် ဘေးနားမှာထိုင်နေသည့်ဈာန့်ကို လှည့်ကြည့်မိတော့ ဈာန်က ဖုန်းသုံးနေသည်။
အပြင်ဘက်မှာ မိုးလေသည်းထန်စွာ ရွာသွန်းနေသည်ကို ဝရန်တာကနေ တဆင့်လှမ်းမြင်နေရသည်။
မီးရောင်လဲ့လဲ့သာ ထွန်းထားသော အိမ်ရှေ့ခန်းထဲ၌ တိတ်ဆိတ်နေသော လူနှစ်ယောက် ... ။
သို့သော် နှစ်ယောက်လုံး၏လေလွင့်အတွေးတွေကား အကြားအလပ်မရှိ လွင့်ပျံ့နေသည်။
ထူးထူးခြားခြားပင် ဆန်ပြုတ်မကြိုက်တတ်သည့်လူက ဒီတစ်ခါကျ တစ်ပန်းကန်လုံးနီးပါးကုန်အောင် သောက်ဖြစ်သွားသည်။
“ ရော့ ... ဆေးသောက်လိုက် ... ”
အဲဒီနောက်မှာတော့ လက်ဖဝါးထဲ ထည့်ပေးလာသည့် ဆေးကို အမိန့်နာခံစွာဖြင့် သောက်လိုက်ရသည်။ ဆန်ပြုတ်လည်း သောက်ပြီး၊ ဆေးလည်း သောက်ပြီးသွားချိန်တွင်တော့ လေးဆက်လည်း သိချင်နေသည့်စိတ်ကို ချုပ်ထိန်းမရနိုင်တော့ဘဲ
“ ဈာန် ငါ မေးချင်တာလေး ရှိတယ် ... မင်း ဘယ်လိုဖြစ်လို့ ... ”
“ မမေးနဲ့ ... ကျွန်တော် အိပ်ချင်နေပြီ ... ခဏအိပ်ဦးမယ် ”
“ ဈာန် ... ငါ ... ”
စကားပြောလို့တောင်မဆုံးသေး။ ဈာန်က ဆိုဖာပေါ်လှဲချကာ လေးဆက်ရဲ့ပေါင်ကို ခေါင်းအုံးပြီး အိပ်စက်ဖို့ကြံရွယ်လာသည်။ မျက်လုံးတွေ မှိတ်ထားကာ အိပ်ပျော်အောင်ကြိုးစားနေသည့် ကောင်လေးကြောင့် လေးဆက်လည်း ဘာကိုမှ ထပ်မမေးရက်တော့ပေ။
နာရီသံတချက်ချက်နှင့်အတူ ပြင်ပမှာ သည်းထန်စွာ ရွာသွန်းနေသော မိုးလေများ ... ။
သို့သော် ဒီကောင်လေးကတော့ အခုချိန်မှာ အေးချမ်းစွာ အိပ်ပျော်နေခဲ့လေပြီ။ အိပ်ပျော်နေတာတောင်မှ တွန့်ချိုးနေသော မျက်ခုံးတန်းများက တစ်ခုခုကို အလိုမကျသယောင်။
ဘာလို့ အမြဲမျက်မှောင်ကျုံ့ထားရတာလဲ ဈာန်ရယ် ...
နက်မှောင်နေသည့် မျက်ခုံးတန်းများဆီသို့ လက်က အလိုအလျှောက်ရောက်ရှိသွားကာ ပြန်ပြူးသွားအောင် ပွတ်သပ်ထိတွေ့နေမိသည်။
ဒီကောင်လေးက တကယ့်ကို အပြစ်ဆိုရက်စရာမရှိအောင် ချောမောခန့်ညားသည့်လူ ... ။
ကောင်းခြင်းအဖြာဖြာတို့နှင့် ပြည့်စုံနေသည့်လူ ... ။
သူ့ကြောင့် ဒီကောင်လေး တစ်ခုခုများ ကံဆိုးသွားမလားဆိုတာကို စိုးရိမ်မိပါရဲ့။
အဲဒီနောက် သူ့ရဲ့လက်က ဈာန့်ရဲ့ဆံပင်လေးတွေကို အသာအယာပွတ်သပ်ပေးနေမိပြန်သည်။ ထိုစဉ် အကြည့်တို့က ဈာန့်ရဲ့လည်တိုင်နားဆီကို ရောက်တော့ တစ်ချက်တွေဝေသွားရသည်။
ပလာစတာကပ်ထားတာပဲ ... ဘာများဖြစ်လို့ပါလိမ့် ... ဒဏ်ရာများ ရထားတာလား ...
သူ့ပေါင်ပေါ်မှာ အေးချမ်းစွာအိပ်ပျော်နေသည့်ကောင်လေးအား သူ ဘယ်လောက်ထိကြာအောင် ထိုင်ကြည့်နေမိမှန်းမသိ။
အချိန်ကြာလာတော့ မိုးရေစက်ကျသံတွေနဲ့အတူ ဆိုဖာပေါ် ခေါင်းမှီကာ သူကိုယ်တိုင်လည်း အိပ်ပျော်သွားခဲ့သည်။
နာရီလက်တံအကူးအပြောင်းက တကယ့်ကို မြန်ဆန်လွန်းလှသည်။ အပြင်ဘက်မှာ မိုးကြီးလေကြီးကျနေရာကနေ တဖြည်းဖြည်း မိုးစဲသွားခဲ့လေပြီ။ မိုးအေးအေးနှင့် ဘယ်လောက်ထိကြာအောင် ပြန်အိပ်ပျော်သွားမှန်း သူ မမှတ်မိတော့ပေ။
သူ ပြန်နိုးလာတော့ သူ့ကိုယ်ပေါ်မှာ လွှမ်းခြုံပေးထားသည့်စောင်တစ်ထည်သာ အထီးကျန်ဆန်ဆန်အဖော်ပြုကျန်ရစ်ခဲ့သည်။
ဈာန် အိပ်သွားခဲ့သည့်နေရာလွတ်လေးကတော့ အေးစက်နေလျက် ... ။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
Everytime We Touch ...
3:20 P.M
7.4.2021 ( Wednesday )