ဒုန်း ! ဝုန်း !
“ အား !!! ”
စူးရှကျယ်လောင်သည့်အော်သံနက်ကြီးက လေးဆက်၏နားစည်အတွင်း တိုးဝင်လာသည်။
ရုတ်တရက်ဖြစ်ပျက်သွားခဲ့သည့်အကြောင်းအရာများက မြန်ဆန်လွန်းလှသည်။
မြောက်တက်သွားပြီးနောက် ပြန်လွင့်စင်ကျလာသည့်ခန္ဓာကိုယ်ငယ်လေးက ကတ္တရာလမ်းမပေါ်မှာ ပုံ့ပုံ့လေး လဲကျနေသည်။ ကတ္တရာလမ်းနှင့် ဆောင့်မိသည့်ဦးခေါင်းထက်မှ တစိမ့်စိမ့်ကျဆင်းလာသည့် အနီရင့်ရောင် သွေးပျစ်ပျစ်တို့က လမ်းမထက်မှာ နေရာအနှံ့။
သွေးအိုင်ထဲမှာ လဲကျနေသည့် မိန်းကလေးတစ်ဦး၏ပုံရိပ်က အရမ်းကို ဆိုးရွားအကျဉ်းတန်နေသည်။
“ အမလေး ! ကားတိုက်သွားတာဟဲ့ ... သေပြီလား မသိဘူး ”
“ သွေးတွေ ဒီလောက်ထွက်နေမှတော့ သေလောက်ပြီပေါ့ ”
“ ကောင်မလေးက ရှေ့မကြည့် နောက်မကြည့် ဖြတ်ကူးလာတာကိုး ”
“ ခေါင်းနဲ့ ကတ္တရာခင်းနဲ့ ဆောင့်မိတာပဲ ”
“ ကလေးမလေးက ချောချောလေးကွယ် ”
“ ရဲတွေ ခေါ် ... ရဲတွေခေါ် ... ”
“ ဆေးရုံကားကိုပါ ခေါ် ... ”
“ ဘယ်သူမှ သူ့ကို သွားမထိနဲ့နော် ... အမှုပတ်ကုန်မယ် ”
လူတွေ စုရုံးစုရုံးဖြစ်လာပြီး တစထက်တစ ပိုမိုဆူညံလာသည့်ပတ်ဝန်းကျင်မှာ လေးဆက် ဘာစကားတစ်ခွန်းကိုမှ မကြားရတော့။
မသိရင် နားကန်းသွားသလိုမျိုး ... ။
လူတွေနှင့် လုံးဝအဆက်ပြတ်သွားသလိုမျိုး ... ။
သူ မြင်နေရတာ ဇလပ်တစ်ယောက်တည်းကိုသာ ဖြစ်သည်။
သူ ကြားနေရတာ ဇလပ်ရဲ့လှုပ်နေသည့်နှုတ်ခမ်းက စကားလုံးလေးတွေကို ဖြစ်သည်။
ဇလပ်ခေါင်းက သွေးတွေထွက်နေတယ် ... ဇလပ်တစ်ကိုယ်လုံးက သွေးတွေနဲ့ပေကျံနေတယ် ... ဇလပ် နာနေမှာပဲ ... ဇလပ် အရမ်းနာနေမှာ ...
ဒါနဲ့ ဇလပ်က ဘာလို့ လမ်းပေါ်မှာ လှဲနေရတာလဲ ... လမ်းပေါ်မှာ လှဲနေရင် ဇလပ် ညစ်ပတ်သွားမှာပေါ့ ... သူ့ဇလပ်က အရမ်းအသန့်ကြိုက်တာလေ ...
ဇလပ်ရဲ့အကြည့်က သူတို့ဆီ ရောက်နေသည်။
ဇလပ် ... နင် ဘယ်သူ့ကို ကြည့်နေတာလဲဟင် ... ငါ့ကိုလား ... ဒါမှမဟုတ် ငါ့ဘေးက လူကိုလား ...
ထိုစဉ် ဇလပ်ရဲ့လက်တစ်ဖက်က လှုပ်လာပြီး တစ်ယောက်ယောက်ကို ခေါ်နေသလို။
ငါ့ကိုပဲနေမှာ ... ဇလပ် ငါ့ကို ခေါ်နေတာပဲနေမှာ ... ငါ သွားရမယ် ... ငါ ဇလပ်ဆီ သွားရမယ် ...
စိတ်ထဲက တွေးနေမိသော်ငြား ခြေထောက်တွေက လှုပ်မရ။ ထိုစဉ် သူ့ဘေးနားက ဖြတ်ပြေးသွားသည့် အရိပ်တစ်ခုကို မြင်လိုက်ရသည်။
ဘယ်သူလဲ ... အဲ့လူက ဘယ်သူလဲ ... အဲ့လူက ဘာမို့လို့ ဇလပ်ကို ပွေ့ထားရတာလဲ ...
ဇလပ်က သူ့ကို ပွေ့ထားတဲ့လူကိုပဲ ကြည့်နေတယ် ... ငါ့ကို ဘာလို့မကြည့်တော့တာလဲ ... ငါ့ကို ကြည့်လေ ... ငါ့ကိုပဲ ကြည့်ပေးပါ ...
ဇလပ်ရဲ့လက်တစ်ဖက်က အဲ့လူရဲ့ပါးတစ်ဖက်ကို တုန်တုန်ရီရီနဲ့ ပွတ်သပ်ပေးနေသည်။ ပြီးတော့ နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း လှုပ်နေပြီး စကားတွေကို ပုံဖော်နေသလိုပင်။
ဇလပ် ဘာပြောလိုက်မှန်းမသိရပေမဲ့ ဟိုလူက ခေါင်းတွေ ညှိမ့်နေသည်။
အဲ့လူကလည်း ငိုနေတယ် ... ဇလပ်ကလည်း မျက်ရည်တွေကျနေတယ် ...
ဒါဆို ငါကရော ... ငါ့မြင်ကွင်းတွေက ဘာလို့ ဝေဝါးနေရတာလဲ ...
ထိုစဉ် ဇလပ်ရဲ့အကြည့်တွေက ဖြည်းဖြည်းချင်းရွေ့လျားလာပြီး သူ့ဆီတန်းတန်းမတ်မတ်ရောက်လာသည်။
ပြီးနောက် အပြုံးတစ်ပွင့် ... ။
ဇလပ် ... ဇလပ်က ငါ့ကို ပြုံးပြလိုက်တာလား ...
ဟင် ... ဘာလို့လဲ ... ဘာလို့ အဲ့အပြုံးလေးက ခဏလေးအတွင်းမှာပဲ ပြန်ပျောက်သွားရတာလဲ ...
ဇလပ် အိပ်သွားပြီလား ... ဟင့်အင်း ... မအိပ်နဲ့လေ ဇလပ်ရဲ့ ...
ဇလပ်က လှုပ်လည်း မလှုပ်တော့ဘူး ... အရင်ကဆို အမြဲပြုံးနေတတ်တဲ့ဇလပ်က အခု ဘာလို့မပြုံးတော့တာလဲ ... စောနလေးတင် ပြုံးနေသေးတာကို ...
ဇလပ်က မျက်လုံးတွေ မှိတ်ထားတယ် ... သူ ရှိနေမှန်းသိတာတောင် ဇလပ်က မျက်လုံးဖွင့်မကြည့်သေးဘူး ...
ဇလပ်က အရမ်းဆိုးတာပဲ ... ငါ့ကို စိတ်ဆိုးနေတာလားမသိဘူး ... ဇလပ် စိတ်ဆိုးနေတယ်ဆိုရင် ငါ ချော့ရမှာပေါ့ ...
အင်း ... ဟုတ်တယ် ... ချော့ရမယ် ...
ငါ ချော့လိုက်တာနဲ့ ဇလပ်က စိတ်ပြေသွားမှာ ... ဇလပ်က ငါ့ကို ချစ်တယ်လေ ...
အသိစိတ်မဲ့နေသူတစ်ယောက်လို လေးဆက်ရဲ့အကြည့်တွေက ဇလပ်တစ်ယောက်တည်းပေါ်မှာပဲ ရောက်နေပြီး ခြေလှမ်းတွေကို ရွေ့လိုက်သည်။ ထိုစဉ် ပခုံးကို မြတ်သူက လှမ်းကိုင်လာပြီး
“ လေးဆက် ”
လေးဆက် ဘာတစ်ခုကိုမှ ဂရုမစိုက်မိ။ ပခုံးပေါ်တင်နေသည့်လက်ကို ခပ်ဆတ်ဆတ်ပုတ်ချပစ်လိုက်သည်။ သူသိတာတစ်ခုက ဇလပ်ရှိရာဆီသို့ သွားရမည်ဆိုတာကိုပင်။
ဒီတစ်ခါကျမှ ခြေလှမ်းတွေက အရမ်းလေးပင်လိုက်တာ။ ကျောက်တုံးကြီးတွေ ဆွဲထားသလိုမျိုး။
ဇလပ် ငါ လာနေပြီ ... နင့်ဆီကို ငါ လာနေပြီ ...
တဖြည်းဖြည်း တရွေ့ရွေ့နှင့် ဇလပ်ရှိရာဆီသို့ သူ အရောက်လှမ်းနိုင်ခဲ့သည်။
ဇလပ်က အခုထိ မထလာသေးဘူး ... ကြည့်ရတာ အိပ်ပျော်နေတာထင်တယ် ... သူလည်း ပင်ပန်းနေမှာပေါ့ ...
ဇလပ်ကို ပွေ့ထားသည့်လူကို တွန်းပစ်လိုက်ကာ မလှုပ်မယှက်ဖြစ်နေသည့် ဇလပ်ရဲ့ကိုယ်လေးကို ခပ်ဖွဖွလေး ဆွဲယူတော့ သူ ခေါ်ယူရာအတိုင်း ဇလပ်က မငြင်းမဆန်လိုက်ပါလာသည်။
ဇလပ်ရဲ့ကိုယ်လေးကို သူ့ရင်ခွင်ထဲမှာ အသာအယာထွေးပွေ့လိုက်တော့ ဇလပ်ဆီကသွေးတွေက သူဆီ တမဟုတ်ချင်းစွန်းထင်လာသည်။
စွန်းပါစေလေ ... ဇလပ်ပိုင်တဲ့သွေးတွေပဲ ...
“ ဇ ... ဇလပ် နင် အိပ်နေတာမလား ... မအိပ်နဲ့တော့လေ ... အရင်ကဆို ငါ ဘာပြောပြော နင် နားထောင်တယ်မလား ... အခု ငါ နင်ကို ထခိုင်းမယ် ... ထတော့လေ ”
ဇလပ်က အရမ်းဆိုးတာပဲ ... ဒီလောက် နှိုးနေတာတောင် ထမလာဘူး ...
လေးဆက် ဇလပ်ရဲ့ခေါင်းလေးကို လက်နှင့်ထိန်းကိုင်ထားလိုက်ရင်း မျက်ရည်တွေက အရှိန်နှင့် စီးကျလာခဲ့သည်။
“ ဇလပ် ... နင့်ခေါင်းကလေ သွေးတွေအများကြီး ထွက်နေတယ် သိလား ... ငါ သွေးတွေကို သဘောမကျဘူး ... အနီရောင်တွေက အရမ်းမုန်းဖို့ကောင်းတာ ... ဖေဖေနဲ့ မေမေတုန်းကလည်း အဲ့လိုအနီရောင်အရည်တွေ ထွက်လာပြီး ပျောက်သွားတာ သိလား ... ပြီးတော့ ငါ့ဆီ တစ်ခေါက်လေးတောင် ပြန်မလာတော့ဘူး ... နင်ကတော့ အဲ့လိုမပျောက်သွားရဘူးနော် ... အဲ့လိုသာဆို ငါ နင့်ကို ဘယ်တော့မှမခေါ်တော့ဘူး ”
ဇလပ်ရဲ့ဆံနွယ်တွေက သွေးတွေနဲ့ရွှဲနစ်နေသည်။ နဖူးပေါ် ဝေ့ကျနေသည့်ဆံပင်လေးတွေကို သပ်တင်ပေးရင်း ဇလပ်ရဲ့ခေါင်းလေးကို သူ့ပါးလေးနှင့် အပ်ထားမိသည်။
“ ထတော့လို့ပြောနေတယ်လေ ကလေးမလေးရဲ့ ... ငါ နင့်ကို မမလို့ခေါ်ရင် နင် ထမှာလား ... နင်က ငါ့ကို စကားလည်း မပြောဘူး ... ကြည့်လည်းမကြည့်ဘူး ... ဘာလဲ ... ငါ့ကို စိတ်ကောက်နေတာလား ”
နားထောင်မဲ့မရှိ၊ ပြန်ဖြေမဲ့သူ မရှိသော်လည်း လေးဆက် စကားတွေကို တရဆက်ပြောနေမိသည်။ ရုတ်သိမ်းလို့မရ၊ ကွယ်ဝှက်လို့မရသည့်မျက်ရည်တွေကလည်း တစ်စက်ချင်း သွေးတွေနှင့် ရောနှောသွားသည်။
“ ဒါနဲ့ ငါ နင့်ကို တိုင်ရဦးမယ် သိလား ... ခန့်မဟော်က ပြောတယ် ... ငါက နင့်ကို ဒုက္ခရောက်အောင် လုပ်မဲ့သူတဲ့ ... အဲ့လို မဟုတ်ဘူးမလားဟင် ... ငါက ဘယ်တုန်းက နင့်ကို ဒုက္ခရောက်အောင်လုပ်ဖူးလို့လဲ ”
သူ ဘယ်လောက်ပြောပြော ဇလပ်ဆီက တုန့်ပြန်မှုလေးတစ်ခုတောင်မှ မရခဲ့။ ဇလပ်ထံမှ အသက်ရှူသံသဲ့သဲ့လေးမျှပင် မကြားရ။
သူ့ဘဝထဲက ဇလပ်ထွက်သွားတော့မည်ဆိုသည့်အသိက သေလောက်အောင်ခြောက်ချားဖို့ကောင်းသည်။
ဟင့်အင်း ... ဇလပ်က အိပ်နေတာပဲ နေမှာပါ ... ကြည့်ပါလား ... အနီရောင်အရည်တွေသာ မရှိရင် အိပ်နေသလိုမျိုးပဲလေ ...
ထိုစဉ်
“ Happy New Year ”
“ Happy New Year ”
“ Happy New Year ”
တိုက်အပေါ်ထပ်တွေဆီကသာမက နေရာအနှံ့အပြားက ထွက်ပေါ်လာသည့်အသံတွေကြောင့် လေးဆက်ရဲ့ကိုယ်လေးက မတ်သွားသည်။
ဒါ ဘာအသံတွေလဲ ... လူလို နားမလည်ကြဘူးလား ... ဇလပ် အိပ်နေတယ်လေ ... အသံတွေ အရမ်းကျယ်ရင် ဇလပ် နိုးသွားလိမ့်မယ် ... သူ့ဇလပ်လေး အိပ်ရေးဝဝ အိပ်ပါစေ ...
အဲဒီနောက် ဇလပ်ရဲ့ပါးပြင်လေးကို ခပ်ဖွဖွနမ်းရှိုက်လိုက်ရင်း
“ အိပ်နော် ဇလပ် ... ငါ ရှိတယ် ... နင် စိတ်ချလက်ချ အိပ် ... အချိန်တန်ရင် ငါ လာနှိုးမယ်နော် ... ငါလည်း ... ”
“ လေးဆက် ! လေးဆက် ! သတိထားစမ်း ”
အစကတည်းက လေးဆက်ရဲ့အခြေအနေကို အကဲခတ်နေရင်း စိုးရိမ်နေသည့် နောင်ခန့်က လေးဆက် လဲကျကျသွားချင်း ဖမ်းထိန်းကိုင်ထားလိုက်သည်။
မျက်နှာက သွေးမရှိသလောက်နီးပါးဖြူဖျော့နေသည့် လေးဆက်ကြောင့် နောင်ခန့်နှင့် မြတ်သူတို့၏ စိုးရိမ်ပူပန်မှုက ထိပ်ဆုံးအထိမြင့်တက်သွားခဲ့သည်။
ထိုအချိန်တွင် ဆေးရုံကားရောက်လာပြီး ဇလပ်အား သယ်ဆောင်သွားကာ ခန့်မဟော်က နောက်ကနေ အသည်းအသန်လိုက်သွားသည်။ ရဲတွေကလည်း ရောက်လာပြီး ကားတိုက်မှုကို ဖြေရှင်းနေသည်။ လူတွေကတော့ စုရုံးစုရုံးဖြင့် စပ်စုလို့ကောင်းနေတုန်းဖြစ်သည်။
အဲဒီနောက် နောင်ခန့်တို့လည်း လေးဆက်အား ပွေ့ချီကာ ဇလပ်ကို သယ်ဆောင်သွားသည့်ဆေးရုံကားနောက် အမှီလိုက်ရသည်။
နောင်ခန့်က ကားကိုအရှိန်တင်ပြီး မောင်နေကာ မြတ်သူကတော့ နောက်ခန်းမှာ လေးဆက်ရဲ့ကိုယ်ကို ထိန်းထားရင်း ဘုရားတရားတနေရသည်။
ကျေးဇူးပြုပြီး လေးဆက် ဘာမှမဖြစ်ပါစေနဲ့ ...
ပြီးတော့ မဇလပ်လည်း ဘာမှမဖြစ်ပါစေနဲ့ ...
အကယ်၍ မတော်တဆ မဇလပ်သာ တစ်ခုခုဖြစ်သွားခဲ့ရင် လေးဆက်လည်း ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
လူနာကုတင်ပေါ်မှာ လှဲလျောင်းနေသည့်လေးဆက်အား ကြည့်ရင်း မြတ်သူနှင့် နောင်ခန့်မှာ အသီးသီး သက်ပြင်းချလိုက်မိကြသည်။
ခဏလေးအတွင်းမှာပဲ ဘာတွေဖြစ်ပျက်ကုန်တာလဲ။
တကယ့်ကို မထင်မှတ်ထားတဲ့ အရာတွေ။
“ မာမီ ”
ထိုစဉ် ဆရာဝန်ရောက်လာသဖြင့် နောင်ခန့် ထိုင်နေရာကနေ အလျင်စလိုထရပ်လိုက်သည်။ မြတ်သူလည်း ထို့အတူပင်။
Night Duty ကျနေသည့် မာမီ၏သွင်ပြင်က အနည်းငယ်ပင်ပန်းနွမ်းနယ်နေသလိုပင်။ ကံကောင်းချင်တော့ နောင်ခန့်တို့ရောက်နေသည့်ဆေးရုံက မာမီကိုယ်တိုင် ရှယ်ယာဝင်ထားသည့်အပြင် လက်ရှိမှာလည်း အလုပ်လုပ်နေသည့် အဓိပတိဆေးရုံဖြစ်နေခြင်းပင်။
နောင်ခန့်တို့ဆေးရုံရောက်လာတော့ မာမီက မဇလပ်အတွက် အစွမ်းကုန်ကြိုးစားပေးနေသည်။ နောင်ခန့်တို့ကတော့ လေးဆက်ကို သတ်မှတ်ထားသည့်ဆေးရုံကုတင်ပေါ် တင်ပေးပြီး အခြေအနေကို စောင့်ကြည့်နေရသည်။
ခဏအကြာ ဆရာဝန်လေးတစ်ယောက် လာစစ်ဆေးပြီး လိုအပ်တဲ့ဆေးထိုး ပိုက်ချိတ်လုပ်သွားသည်။ အခုလောလောဆယ်မှာတော့ နောင်ခန့်တို့က လေးဆက်အတွက်ရော မဇလပ်အတွက်ရော နှစ်ယောက်စာ စိုးရိမ်ပူပန်နေရသည်။
မာမီက လေးဆက်လှဲနေသည့်ကုတင်အနားရောက်လာပြီး လေးဆက်ကို စမ်းသပ်နေသည်။ ခဏအကြာ ခုနက လေးဆက်ကို ကုသပေးခဲ့သည့်ဆရာဝန်လေး ရောက်လာကာ မာမီကို တစ်စုံတစ်ရာ တိုးတိုးကပ်ပြောပြီး ပြန်ထွက်သွားသည်။
ဒီနားရောက်လာကတည်းက မာမီရဲ့မျက်နှာအခြေအနေမကောင်းတာကို ရိပ်မိသည့်နောင်ခန့်က
“ မာမီ ... မဇလပ် အခြေအနေက ဘယ်လိုလဲ ”
မာမီက နောင်ခန့်မေးတာကို ပြန်မဖြေသေးဘဲ လေးဆက်ရဲ့ဆံပင်လေးကို သပ်တင်ပေးပြီး သနားဂရုဏာသက်စွာ ကြည့်နေသည်။
နောက်တော့မှ နောင်ခန့်တို့ဘက်ကို ကြည့်ကာ ခေါင်းကို အသာရမ်းပြလေသည်။
ထိုအခြင်းအရာကြောင့် နောင်ခန့် ခြေကုန်လက်ပန်းကျသွားသလို ခံစားလိုက်ရသည်။ မြတ်သူကို ကြည့်မိတော့လည်း သူ့လိုပင် ခံစားနေရပုံပေါ်သည်။
သူတို့မျက်စိရှေ့လေးတင် လူတစ်ယောက် သေဆုံးသွားခဲ့ပြီ။ ထိုလူကလည်း လေးဆက် အချစ်ဆုံးလူသား။
လေးဆက် သတိရလာရင် သူတို့ ဘယ်လိုပြောပြရမလဲ။
ဒီအမှန်တရားကို လေးဆက်ရော လက်ခံနိုင်ပါ့မလား။
နောင် ဘာတွေ ဆက်ဖြစ်လာဦးမှာလဲ။
နောင်ခန့်ရော မြတ်သူရော ရှေ့ဆက်ပြီး ဘာဆက်လုပ်လို့ လုပ်ရမယ်မှန်း မသိဘဲ အလိုလိုနေရင်းမောပန်းလာသည်။
“ ဒါနဲ့ မာမီ လေးဆက်အခြေအနေကရော ... ”
သေတဲ့လူက သေသွားပြီဆိုတော့ ဘာမှဆက်လုပ်လို့မရ။ ထို့အတွက် ရှင်ကျန်နေခဲ့သည့်လူကိုသာ ပို၍ဂရုစိုက်ရပေမည်။
မာမီက သက်ပြင်းအသာချကာ နောင်ခန့်တို့ဘက် လှည့်ကြည့်လာသည်။
“ ဆက်လေးက ... အင်း ... ”
မာမီက ပြောပြဖို့ခဲယဉ်းနေသည့်ပုံစံဖြစ်နေသဖြင့် နောင်ခန့်တို့မှာ လေးဆက်အတွက် ပို၍စိတ်ပူလာရသည်။
“ မာမီ ကျွန်တော်တို့ကို ပြောပြပါ ... လေးဆက် ... သူ ဘယ်လိုနေလဲ ”
သိချင်စိတ်၊ စိုးရိမ်စိတ်တို့ကြောင့် ပင်ပန်းနေသည့်မာမီအား အတင်းမေးမြန်းမိသည်။
“ ဆက်လေးရဲ့အခြေအနေက နှလုံးရောဂါအစပြုနေသလိုပဲ ... သူ့နှလုံးက သိပ်အားမကောင်းတော့ဘူး ... နှလုံးရောဂါမဖြစ်အောင် ဆေးတွေ ကြိုသောက်ရတော့မယ် ”
ရုတ်တရက်ကြီး မိုးကြိုးပစ်ချလိုက်သလိုပင်။
လေးဆက်ရဲ့အခြေအနေက ဒီလောက်ထိ ပြင်းထန်နေတာလား။
“ မာမီ လေးဆက်ရဲ့ရောဂါက အရမ်းစိုးရိမ်ရလား ”
မာမီက နောင်ခန့်မေးသည့်မေးခွန်းကို မဖြေခင် လေးဆက်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။
“ အချိန်မီသိလိုက်ရတော့ ဆေးသောက်ပြီး ကြိုတင်ကာကွယ်ရတော့မှာပေါ့ သားရယ် ... အခုဖြစ်နေတဲ့ အခြေအနေက ဆက်လေးရဲ့ရောဂါကို ပိုပြီးဆိုးရွားအောင် တွန်းပို့လိုက်သလိုမျိုးဖြစ်သွားတယ် ... ပြီးတော့ ဒီလိုမျိုး နှလုံးအားနည်းပြီး သတိလက်လွတ်မေ့လဲသွားတာ ဒါ ပထမဆုံးအကြိမ် မဟုတ်ဘူးထင်တယ် ... ဒီရှေ့မှာရော အဲ့လိုမျိုးမေ့လဲတဲ့ကိစ္စမျိုး ရှိခဲ့ဖူးလား ”
ဒီတစ်ခါတော့ သက်ပြင်းချရမည့်သူက နောင်ခန့်သာလျှင်ဖြစ်သည်။ မြတ်သူကတော့ နောင်ခန့်တို့သားအမိပြောနေသမျှကို ဘာမှဝင်မစွက်ဖက်ဘဲ ဘေးကနေသာ ငြိမ်ငြိမ်လေးနားထောင်နေသည်။
“ အင်း ... ရှိခဲ့ဖူးတယ် ... လေးဆက် ပြောပြလို့ သိတာတော့ မဟုတ်ဘူး ... သူ့တီနှင်းက သူ မသိအောင် ပြောပြဖူးတာ ... လေးဆက်က အဲ့အကြောင်းကို လုံးဝ တစ်ခွန်းမှ မဟဘူး ...
လေးဆက် အသက်၁၅နှစ်လောက်တုန်းက သူ့မိဘတွေနဲ့အတူ ခရီးထွက်ရင်း ဖြစ်ခဲ့တာ ... ညဘက်ကြီး တစ်ဖက်က သစ်လုံးတွေတင်လာတဲ့ကားက အရှိန်မထိန်းနိုင်ပဲ လေးဆက်တို့ကားကို ဝင်ဆောင့်တာ ...
ရှေ့ခန်းမှာထိုင်တဲ့ သူ့မိဘနှစ်ပါးလုံးက နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ် ... ဆယ်ဘီးကားနဲ့ အိမ်စီးကားဆိုတော့ ... လေးဆက်တို့ရဲ့ကားရှေ့ခန်းက လုံးဝကို စိစိညက်ညက်ကြေသွားတာ ... ပြီးတော့ သူ့မိဘတွေ သေသွားတာက တကယ့်ကို ရုပ်ပျက်ဆင်းပျက်နဲ့တဲ့ ...
လေးဆက် ... သူက အဲ့အချိန်တုန်းက နောက်ဘက်ခြမ်းမှာ ခွေခွေလေးအိပ်နေတာဆိုတော့ ထိခိုက်ဒဏ်ရာ တချို့ကလွဲပြီး သိပ်ကြီးကြီးမားမားမဖြစ်ခဲ့ဘူး ... ဘုရားမတာဆိုပြီး တချို့ကလည်း ပြောကြတယ် ...
ဒါပေမဲ့ အခင်းဖြစ်တဲ့နေရာမှာတင် သူ့မိဘတွေရဲ့ ရုပ်အလောင်းကို ကိုယ်တိုင်မြင်လိုက်ရတော့ ... ”
နောင်ခန့်က စကားကို ဆက်မပြောချင်တော့သဖြင့် ရပ်လိုက်သည်။
“ အဲဒီနောက်ပိုင်းမှာ လေးဆက် ဂယောင်ချောက်ခြားတွေဖြစ်နေလို့ တော်တော်ကုယူလိုက်ရတယ်လို့ ပြောတယ် ... ပြီးတော့ အဲ့အချိန်ကနေစပြီး လေးဆက်ရဲ့ကျန်းမာရေးက အရင်လောက် သိပ်မကောင်းတော့ဘူး ... တဖြည်းဖြည်းချူချာလာတယ် ...
အဲ့လို သူ ဒုက္ခရောက်နေတဲ့အချိန်၊ စိတ်ဝေဒနာခံစားနေရတဲ့အချိန်၊ ဝမ်းနည်းပြီးငိုနေရတဲ့အချိန်တွေမှာ မဇလပ်က သူ့ကို အများကြီး ဖေးမပေးခဲ့တာ ... ပြောရရင်တော့ မဇလပ်ရဲ့အကူအညီတွေကြောင့်ပဲ လေးဆက် အခုလို လူကောင်းတစ်ယောက်အဖြစ် ပြန်ကျန်းမာလာတာ ...
ဒါပေမဲ့ လေးဆက်သာ မဇလပ် ဆုံးသွားမှန်းသိရင် ခံနိုင်ရည်ရှိပါ့မလား ... သူ တစ်ခုခုဖြစ်သွားမှာ ကျွန်တော် စိုးရိမ်တယ် ”
ထိုစကားအဆုံးမှာ တစ်နေရာတည်း ကွက်ပြီး လေထုက အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ မာမီက လေးဆက်ရဲ့ခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးရင်း မျက်ရည်ဝဲနေသည်။
ခဏအကြာ မာမီက တစ်ခုခုကို သတိရသွားဟန်ဖြင့်
“ ဒါနဲ့ ဟိုကလေး သေးသေးလေးရော ... ဆက်လေးရဲ့ညီမလေးလေ ... ကားတိုက်မှုဖြစ်တုန်းက ဆက်လေးရဲ့ညီမလေး မပါဘူးလား ... အဲ့အချိန်တုန်းကဆို ကလေးက နှစ်နှစ်အရွယ်လောက်ပဲ ရှိဦးမယ်ထင်တယ် ”
“ မြတ်ကလေးကို ပြောတာလား ... ပြောရရင် အဲဒါကလည်း ထူးဆန်းတယ် ... လေးဆက်တို့ ခရီးထွက်မဲ့နေ့မှာမှ မြတ်ကလေးက ထဖျားတာ ... ဖြစ်ချင်တော့ တီနှင်းကလည်း အလုပ်ကိစ္စနဲ့ ရန်ကုန်ရောက်နေတဲ့အချိန်ဆိုတော့ မြတ်ကလေးကို တီနှင်းလက်ထဲမှာ အပ်သွားတာ ...
လေးဆက်တို့ သွားမဲ့ခရီးက အလုပ်ကိစ္စကြောင့်ဆိုတော့ မသွားမဖြစ်လေ ... ပြီးတော့ နှစ်ရက် သုံးရက်လောက်ပဲကြာမဲ့ ခရီးဆိုတော့ ... ဘာပဲပြောပြော မြတ်ကလေးကို ခေါ်မသွားမိတာ ကံကောင်းတယ်လို့ပဲ ပြောရမယ် ... နို့မို့ မြတ်ကလေးလည်း အသက်မရှင်လောက်ဘူး ”
“ ဪ ... ဖြစ်မှဖြစ်ရလေ ... ”
ထိုစကားတစ်ခွန်းမှလွဲ၍ မာမီခမျာ ဘာမှထပ်မပြောနိုင်တော့။ ခဏအကြာ ယာဉ်တိုက်မှု နောက်တစ်ခုရောက်လာသဖြင့် မာမီမှာ ထိုင်ခုံတွင် ခပ်ကြာကြာမထိုင်နိုင်ဘဲ အပြေးသွားရပြန်သည်။
နောင်ခန့်နှင့် မြတ်သူကတော့ လေးဆက် ပြန်သတိရလာမည့်အချိန်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်နေရသည်။
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
“ အား ! မဟုတ်ဘူး ! ဇလပ် မလာနဲ့ ! ဒီဘက်ကို မကူးလာနဲ့ ! ဇလပ် ! ”
ငြိမ်သက်စွာလဲလျောင်းနေသည့်လေးဆက်ထံမှ ရုတ်တရက်ဆိုသလို အော်သံနက်ကြီးထွက်ပေါ်လာကာ တစ်ကိုယ်လုံးက တဆတ်ဆတ်တုန်ယင်နေသည်။
လေးဆက်အော်သံကြောင့် မြတ်သူရော နောင်ခန့်ပါ လေးဆက်ရှိရာကုတင်ဆီသို့ အပြေးအလွှား။
“ လေးဆက် ... လေးဆက် ... သတိထားဦး ”
လေးဆက်ကို အော်ခေါ်နေပေမဲ့ လေးဆက်ကတော့ အခုထိ နိုးမလာဘဲ ကြောက်လန့်မှုတွေထဲမှာ လှောင်ပိတ်ခံထားရသလို။
“ ဟင့်အင်း ! အဲ့လိုမဖြစ်ရဘူး ! ဇလပ် ! ဇလပ် ! ”
လေးဆက်က တောင်ဇလပ်ဖြူရဲ့နာမည်ကို တကြော်ကြော်အော်ခေါ်နေသည်။ မျက်လုံးတွေက ပိတ်ထားဆဲဖြစ်သော်ငြား မျက်ရည်တွေက တသွင်သွင်စီးကျနေသည်။
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသောကြောင့် လက်သည်းတွေက အသားထဲစိုက်ဝင်နေသည်။ ထို့ကြောင့် နောင်ခန့်နှင့်မြတ်သူမှာ လေးဆက်ရဲ့လက်ကို ပြန့်ပြေအောင်လုပ်ရလေသည်။
စက္ကန့်ပိုင်းလေးအတွင်းမှာပဲ လေးဆက်ရဲ့မျက်လုံးတို့က ပွင့်လာသည်။ မျက်လုံးတို့က ကြောင်စီစီနိုင်နေပြီး အသက်မဲ့နေသည်။
ခဏအကြာ တစ်စုံတစ်ခုကို သတိရသွား၍ထင့် ရုတ်တရက် ထထိုင်လာပြီး သူ့ကိုယ်ပေါ်မှာ သွယ်တန်းထားသည့်ပိုက်တွေကို အတင်းဆွဲဖြုတ်နေသည်။
“ လေးဆက် ... အဲ့လိုမလုပ်နဲ့ ... လေးဆက် မင်း ဆေးသွင်းမှ ရမယ်လေ ”
ထထွက်ပြေးတော့မလိုဟန်ပြင်နေသောကြောင့် နောင်ခန့်က လေးဆက်ကို အနောက်ကနေဖမ်းချုပ်ထားရသည်။
“ ဇလပ်ရော ... ငါ ဇလပ်ဆီသွားမှာ ... ငါ့ကို လွှတ် ... ငါ အခု မသွားရင် ဇလပ်က ထွက်သွားတော့မှာ ”
“ လေးဆက် ... စိတ်ထိန်းစမ်း ... မင်း အဲ့လိုဖြစ်နေလို့မရဘူး ”
“ ငါ့ကို လွှတ် ... ဇလပ် ငါ့ကို ထားသွားရင် မင်းတို့ တာဝန်ယူမှာလား ... ငါ့ကို လွှတ်စမ်း ”
ချုပ်နှောင်ထားသည့်ကြားမှ အတင်းအကန်ရုန်းထွက်နေပြီး စိတ်လွတ်သလိုဖြစ်နေသည့်လေးဆက်ကြောင့် မြတ်သူလည်း လေးဆက်ရဲ့လက်နှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး
“ မင်းရဲ့ဇလပ်က ဆုံးသွားပြီကွ လေးဆက်ရိင်သွင်ရဲ့ ... တောင်ဇလပ်ဖြူက ဆုံးသွားပြီကွ ... ငါ ပြောနေတာ မင်း ကြားရဲ့လား ... မင်း အခုလို အရူးတစ်ပိုင်းဖြစ်နေလည်း သူက ပြန်မရှင်လာတော့ဘူး ”
“ မြတ်သူ ”
လူနာနှင့်အပြိုင် အော်ဟစ်နေသည့်မြတ်သူအား တားမြစ်လိုသည့်သဘောနှင့် နောင်ခန့် ဟန့်လိုက်သော်ငြား မြတ်သူက နည်းနည်းလေးတောင် ဂရုမစိုက်ဘဲ
“ လေးဆက် ... သေတဲ့လူက သေသွားပြီ ... အဲဒါကို မင်း လက်ခံမှ ရမယ် ... မင်း ဘယ်လောက်ပဲ သောင်းကျန်းနေပါစေ တောင်ဇလပ်ဖြူက ပြန်မရှင်လာနိုင်ဘူး ... ပြီးတော့ မင်းရဲ့ဒီလိုပုံစံကို တွေ့ရင်ရော တောင်ဇလပ်ဖြူက ပျော်မယ်ထင်လား ”
ဘာအသံမှမထွက်ဘဲ ငြိမ်ကျသွားသည့်လေးဆက်ကြောင့် မြတ်သူ စကားကို ဆက်မပြောတော့ဘဲ ရပ်ပစ်လိုက်သည်။ ကုတင်ပေါ် အရုပ်ကျိုးပြတ်သလို ပြန်ထိုင်ကျသွားပြီး တသိမ့်သိမ့်ရှိုက်ငိုနေသည့် သူငယ်ချင်းဖြစ်သူကြောင့် မြတ်သူမှာ စကားကြမ်းကြမ်းပြောမိသည့် သူ့ကိုယ်သူ ပါးပိတ်ရိုက်ပစ်ချင်လာမိသည်။ အားရအောင် ငိုကြွေးပြီးသည့်နောက်မှာတော့
“ ငါ ဇလပ်ကို တွေ့ချင်တယ် ”
မျက်ရည်စတွေကို လက်ဖြင့်သုတ်နေရင်း လေးဆက်က တုန်ရီနေသည့်အသံဖြင့်ပြောလာသည်။
“ မဇလပ်ကို ကြည့်ဖို့ မင်း အဆင်ပြေပါ့မလား လေးဆက် ”
လေးဆက်က မျက်ရည်တွေထပ်မကျအောင် ခေါင်းမော့ထားလိုက်ပြီး အဆုံးသတ်မျက်ရည်တွေကို သုတ်ဖို့ကြိုးစားသည်။
“ ဟင့်အင်း ... ငါ ဇလပ်နဲ့တွေ့မှ ဖြစ်မယ် ... နောက်ဆုံးအကြိမ် ... နောက်ဆုံးအကြိမ်လေးတောင် ငါ ဇလပ်ကို မတွေ့လိုက်ရဘူးဆိုရင် ငါ တကယ်သေသွားလိမ့်မယ်ထင်တယ် ”
လေးဆက်ရဲ့အပြောကြောင့် မြတ်သူ သက်ပြင်းချလိုက်မိသည်။ နောင်ခန့်ကိုလှမ်းကြည့်လိုက်တော့ ခေါင်းညှိမ့်ပြကာ အချက်ပေးလာသည်မို့
“ လာ ... လေးဆက် ... ငါတို့ သွားရအောင် ”
မြတ်သူ လေးဆက်ရဲ့ယိုင်နဲ့နေသည့်ခန္ဓာကိုယ်ကို တွဲကာ တောင်ဇလပ်ဖြူ၏ရုပ်အလောင်းထားရှိရာနေရာသို့ ခေါ်ဆောင်သွားလိုက်သည်။ နောင်ခန့်ကတော့ သူတို့အနောက်ကနေ တဖြည်းဖြည်းလိုက်ပါလာသည်။
တောင်ဇလပ်ဖြူ၏ရုပ်အလောင်းကို လှမ်းမြင်နေရသည့်နေရာကို ရောက်တော့ လေးဆက်ရဲ့ခြေလှမ်းတွေက ရှေ့ဆက်မတိုးနိုင်ဘဲ ခဏရပ်တန့်သွားခဲ့သည်။ အဲဒီနောက် သူ့ကို တွဲကိုင်ထားသည့်မြတ်သူ၏လက်တွေကို ဖယ်ချပစ်ရင်း ယိုင်နဲ့နဲ့ဖြင့် တစ်ကိုယ်တည်း ရှေ့ကို ဆက်တိုးသွားသည်။
ဇလပ်၏ရုပ်အလောင်းအနီးမှာ ငိုသံတွေက ရိုက်ခတ်နေသည်။ ဇလပ်ရဲ့မိသားစုဝင်တွေက ဇလပ်ကို ဖက်တွယ်ကာ ငိုနေကြသည်။ ပြီးတော့ ဇလပ်ရဲ့လက်ဖဝါးကို သူ့မျက်နှာနှင့်ထိကပ်ရင်း မျက်ရည်ကျနေသည့်လူတစ်ယောက်။
လေးဆက် တစ်လှမ်းချင်း ရှေ့ဆက်တိုးသွားသည်။ ဇလပ်၏ရုပ်အလောင်းကို သေသေချာချာမြင်နိုင်သည့်နေရာသို့အရောက်တွင် ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်သည်။
ဇလပ်က လှနေတုန်းပဲ ... အေးချမ်းနေတုန်းပဲ ... ပိတုန်းရောင်ဆံကေသာလေးနဲ့ ကျက်သရေရှိနေတုန်းပဲ ...
ငယ်ငယ်တုန်းက ဇလပ်နဲ့စတွေ့ခဲ့တဲ့အမှတ်တရဖြစ်ရပ်လေးတွေက ရုပ်ရှင်ကားတစ်ကားလို အတွေးထဲကို ဝင်ရောက်လာသည်။
အေးချမ်းတဲ့အသံလေးနဲ့ တစ်တန်းလုံးကို ရည်ရည်မွန်မွန်နှုတ်ဆက်ခဲ့တဲ့ ကလေးမလေး ...
ရနံ့မွှေးပြီး နက်မှောင်သန်စွမ်းတဲ့ ဆံနွယ်ရှည်တွေကို ပိုင်ဆိုင်ထားတဲ့ ကလေးမလေး ...
စာမရလို့ ချွေးပြန်နေတဲ့ ငါ့ကို မရမကစာပြပေးခဲ့တဲ့ ကလေးမလေး ...
ငါ ဝယ်ကျွေးတဲ့ပေါင်မုန့်ကို စားပြီး ငါ့ကို သကြားလုံး ပြန်ကျွေးခဲ့တဲ့ ကလေးမလေး ...
ငါ့ရဲ့ပထမဆုံးသူငယ်ချင်းလေး ...
ငါ အရမ်းတန်ဖိုးထားရတဲ့ ချစ်ရသူလေး ...
နှုတ်ဆက်ပါတယ် ဇလပ် ...
နှုတ်ဆက်ပါတယ် ငါ့ရဲ့သူငယ်ချင်းလေး ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
“ လေးဆက် ငါတို့ လိုက်ခဲ့ပေးရဦးမလား ”
“ ဟင့်အင်း ... ရတယ် ... နေခဲ့ ”
မြတ်သူနှင့် နောင်ခန့်အား ကားထဲမှာပင် နေခိုင်းခဲ့ပြီးနောက် လေးဆက်ရဲ့ခြေလှမ်းတွေက ထိန်ပင်သုသာန်ဆီသို့ တရွေ့ရွေ့ဦးတည်နေသည်။
လက်ထဲမှာတော့ လက်ဆောင်ဘူးလေးကို မြဲမြံစွာ တင်းတင်းကြပ်ကြပ်ကိုင်ထားရင်းဖြင့် ... ။
ဇလပ်ရဲ့ရုပ်အလောင်းကို ထားရှိသည့်နေရာအတွင်းသို့ လေးဆက် ဝင်ရောက်လိုက်သည်။
ဇလပ်ရဲ့အသုဘကို လိုက်ပို့သည့်လူတွေက အရမ်းများလွန်းသည်။
ဇလပ်ရဲ့ရုပ်အလောင်းကို ထည့်ထားသည့်မှန်အခေါင်းအနီးတွင်တော့ ပန်းခွေများစုပုံနေလျက်။
ဇလပ်အနီးသို့ လေးဆက် တဖြည်းဖြည်းတိုးကပ်သွားလိုက်သည်။
ဇလပ်ရဲ့မျက်နှာလေးကို အသေးစိတ်သေသေချာချာစိုက်ကြည့်နေရင်း
“ ဇလပ် ... နင် လှနေတုန်းပဲ ”
အဲဒီနောက် ယူဆောင်လာသည့်လက်ဆောင်ဘူးလေးအား ဇလပ်၏လက်အနီးတွင် ချထားလိုက်သည်။
“ ဇလပ် ... နင် သိလား ... နင် ခန့်မဟော်ကို ချစ်နေမှန်း အဲဒီနေ့ကမှ ငါ သိလိုက်ရတာ ... ငါ အရမ်းတုံးတယ်မလား … ငါ့ကြောင့် နင် ဘယ်လိုတွေ ခံစားနေရလဲဆိုတာကို နည်းနည်းလေးတောင် မရိပ်မိခဲ့ဘူးလေ ”
အဲဒီနောက် ဘာတစ်ခွန်းမှ ထပ်မပြောဘဲ ဇလပ်ရဲ့မျက်နှာလေးကို ငေးကြည့်နေမိပြန်သည်။
ဒီနေ့တစ်နေ့ပဲ ဒီမျက်နှာလေးကို ကြည့်လို့ရတော့မှာ ...
“ ငါ တောင်းပန်ပါတယ် ဇလပ်ရယ် ... ဒီဘဝမှာ နင် ချစ်တဲ့လူနဲ့ ရှင်ကွဲကွဲအောင် လုပ်မိတဲ့အတွက် ... ”
လေးဆက်ရဲ့နောက်ဆက်ပြောသည့်စကားသံတို့က တစ်ခုခုကို ခိုင်ခိုင်မာမာဆုံးဖြတ်ထားသလိုမျိုး ပြတ်သားမှုတို့ စွန်းထင်းနေသည်။
“ ဇလပ် နင် ငါ့အတွက် ပေးဆပ်ခဲ့သမျှ ဒီဘဝမှာ ငါ အကုန်ပြန်ဆပ်သွားမယ် ...
ပြီးရင် နင်နဲ့ငါ သံသရာအဆက်ဆက် ဘယ်တော့မှ ထပ်မတွေ့ကြရအောင် ဇလပ် ...
အဲဒါမှ နင် ငါ့အရိပ်ကနေ လွတ်မှာ ...
နောင်ဘဝတွေမှာလည်း နင် ငါနဲ့ပြန်တွေ့ရင် အခုလိုအဖြစ်မျိုးနဲ့ ကြုံရမှာ ငါ ကြောက်တယ် ဇလပ် ...
နောင်ဘဝရောက်ရင် တကယ့်အချစ်စစ်အချစ်မှန်နဲ့ပဲ တွေ့ပြီး နင့်ကို ပျော်ရွှင်စေချင်တယ် ...
ငါကတော့ ငါ့ဘဝသက်တမ်းတစ်လျှောက်လုံးကတော့ နင့်ကို သတိရရင်း အထီးကျန်မှုတွေနဲ့အတူ ယှဉ်တွဲနေထိုင်သွားမယ် ”
ဇလပ်ရဲ့မျက်နှာလေးကို လက်ဖျားလေးနဲ့ ခပ်ဖွဖွပွတ်သပ်မိတော့ အေးစက်စက်အထိအတွေ့ကိုသာ ရသည်။
အရမ်းနွေးထွေးတဲ့ တောင်ဇလပ်ဖြူဆိုတဲ့မိန်းကလေးက အခုတော့ အေးစက်နေသည်။
ဇလပ်ရဲ့ရုပ်အလောင်းကို မီးသဂြိုလ်စက်ထဲ ထည့်သွင်းလိုက်ပြီး အရာအားလုံးပြာအဖြစ်ပြောင်းလဲသွားကာ မီးခိုးခေါင်းတိုင်မှ အငွေ့တလူလူထွက်လာသည်ကို ကြည့်နေရင်း လေးဆက်ရဲ့နှုတ်မှ တိုးဖွဖွခြွေချလာသည့်စကားက
“ ပြီးတော့ ဒီတစ်သက် ငါ ဘယ်သူ့ကိုမှ ထပ်မချစ်တော့ဘူး ”
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
တောင်ဇလပ်ဖြူ ❤️ ခန့်မဟော်
လေးဆက်ရိပ်သွင် 💙 တောင်ဇလပ်ဖြူ
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
လေးဆက်ရဲ့နောက်ကြောင်းက ဒီမှာတင်ပြီးပါပြီ ... ကိုယ် ဒီအပိုင်းတွေကို ရေးဖို့ အရမ်းတွန့်ဆုတ်ခဲ့ရတာ ... အရမ်းဝမ်းနည်းစရာကောင်းလွန်းလို့ ငါ မရေးနိုင်လောက်ဘူးထင်ပေမဲ့ နောက်ဆုံးမှာတော့ အချိန်ယူပြီး ရေးနိုင်ခဲ့ပါတယ် ...
တစ်ဆက်တည်းဖတ်မှ ပိုအဆင်ပြေနိုင်မယ်လို့ထင်တဲ့အတွက် ၃ပိုင်းလုံးကို တစ်ခါတည်းတင်ပေးလိုက်ပါတယ် ...
ကိုယ် အရင်တစ်ခါက ပြောဖူးပါတယ် ... ကြိုရေးထားတဲ့စာတွေ ရှိရင် အပ်ဒိတ်မြန်နိုင်ပေမဲ့ ကုန်သွားရင်တော့ အပ်ဒိတ်နှေးသွားနိုင်တယ်ဆိုပြီးတော့လေ ...
အမှန်တော့ ကြိုရေးထားတဲ့စာတွေက ကျောင်းမွေးနေ့ပွဲကတည်းက ကုန်သွားတာပါ ... ပြောရရင် လက်ရှိမှာ plot အကြမ်းပဲ ရှိတော့တယ်ပေါ့နော် ... အဲ့အတွက် အချိန်ယူချင်ပါတယ် ... ဒီနေ့ အပိုင်း၃ပိုင်းတောင် တင်ပေးထားတာဆိုတော့ ကိုယ် အပ်ဒိတ်ကို ၅ရက်နားပါ့မယ် ...
3:37 P.M
31.1.2021 ( Sunday )