ဖြုတ်ချခြင်းခံလိုက်ရသည့်ပြက္ခဒိန်စာရွက်လေးလို အချိန်တွေ တစ်ရက်ပြီး တစ်ရက်ကုန်ဆုံးသွားသည့်နောက်မှာတော့ လေးဆက်တို့ ဖြေနေရသည့် ပထမနှစ်ဝက်စာမေးပွဲလည်း ပြီးဆုံးသွားခဲ့လေပြီ။
ကျောင်းနှစ်လပိတ်တိုင်း ရွာကိုပြန်နေကျဖြစ်သောကြောင့် လေးဆက်လည်း ထုံးစံအတိုင်း ရွာကို ပြန်ဖို့ပြင်ဆင်ရလေသည်။ မနက်ဖြန်ပြန်လာမည့်အကြောင်း တီနှင်းတို့အား ဖုန်းဆက်လိုက်ပြီးနောက် လိုအပ်မည့်အကျီအဝတ်အစား၊ ပစ္စည်းတွေကို လွယ်အိတ်ထဲမှာ သေချာထည့်ထားလိုက်သည်။
ထို့အပြင် မြတ်ကလေးအတွက် တကူးတကဝယ်ထားသည့် စာအုပ်များ၊ ပန်းချီနှင့်သက်ဆိုင်သည့်ပစ္စည်းများကိုပါ လွယ်အိတ်ထဲ မမေ့မလျော့ထည့်ထားလိုက်သည်။ ယခုဆို မနက်ဖြန်ရွာပြန်ဖို့အတွက် အစစအရာရာအဆင်သင့်ဖြစ်နေခဲ့ပြီ။
ပစ္စည်းတွေ ထုတ်ပိုးသိမ်းဆည်းပြီးနောက် လူလည်းအားလပ်သွားကာ မီးဖိုချောင်ထဲဝင်ပြီး ခါးသက်သက်ကော်ဖီတစ်ခွက်ဖျော်လိုက်သည်။ အဲဒီနောက် ကော်ဖီခွက်ကို ကိုင်ရင်း ဝရန်တာရှေ့မှာ ထွက်ရပ်ကာ လေညှင်းခံမိသည်။
အထပ်မြင့်အလွှာဖြစ်သောကြောင့် လေက တဖြူးဖြူးတိုက်ခတ်နေသည်။ ဆောင်းရာသီတုန်းကလို အေးမြသည့်လေပြည်မဟုတ်သော်ငြား သူ နှစ်သက်သည်။ လေတိုက်တိုင်း မျက်လုံးကိုစုံမှိတ်ကာ တစ်ကိုယ်လုံး လွင့်မျောနေရသည့်ခံစားချက်ကိုလည်း သူ မက်မောသည်။ ထိုအချက်ကြောင့်ပင် ဤဝရန်တာလေးသည် သူ သဘောအကျဆုံး Personal Space လေးတစ်ခုဖြစ်လာခဲ့သည်။
ညနေငါးနာရီဝန်းကျင်အချိန်အခါဖြစ်သော်ငြား နွေရာသီဖြစ်သောကြောင့် အမှောင်ထုတို့ မစိုးမိုးသေးဘဲ အလင်းရောင် အနည်းငယ်ထင်းလျက်ရှိနေသေးသည်။ ထို့အပြင် ပုစွန်ဆီရောင်သန်းနေသည့်ကောင်းကင်ကြီးကြောင့် ဘယ်နေရာကိုကြည့်ကြည့် ပန်းချီကားတစ်ချပ်သဖွယ် သက်ဝင်လှုပ်ရှားနေသည်။
ထိုစဉ် အကြည့်တွေက အမှတ်မထင် မျက်နှာချင်းဆိုင်က နှစ်ထပ်တိုက်ဆီ ရောက်သွားတော့ လေးဆက်ရဲ့မျက်နှာပေါ်မှာ အပြုံးတို့ ပေါ်လာသည်။
သို့သော် ထိုအပြုံးတို့ကား နာကျင်ပြုံး ... ။
တိုက်ရှေ့က နေရာလွတ်ဖြစ်နေသည့် မြေကွက်လပ်ကို ကြည့်ကာ နှလုံးသားထဲမှာ ဆစ်ခနဲဖြစ်၏။
ကြာပြီ ... ။ ကြာခဲ့ပြီ ... ။
ကျောင်းသင်္ကြန်ကိစ္စဖြစ်ပွားပြီးကတည်းက ထိုတိုက်ရှေ့မှာ အမြဲမြင်တွေ့နေကျဖြစ်သည့် ကားနက်ပြာလေးကို မတွေ့ရတော့ပေ။
ဒါပေမဲ့ တန်သည်။ ပေးဆပ်လိုက်ရတာနဲ့ ပြန်ရလာတာက ထိုက်တန်လွန်းသည်မဟုတ်လား။
ထို့ကြောင့် လုပ်ခဲ့မိသည့်အပြုအမူတွေအတွက် လေးဆက် ဘယ်တော့မှ နောင်တရမည်မဟုတ်ပေ။
အကယ်၍ လေးဆက်ကို နောက်ထပ်အခွင့်အရေးတစ်ခုပေးလာရင်တောင် အရင်လိုစီစဉ်ထားသည့်အတိုင်းပဲ လုပ်ဖြစ်မှာကျိန်းသေသည်။
အဲဒီအကြံအစည်ကြောင့် သူ ဖြစ်စေချင်သည့်အတိုင်း အရာအားလုံးအကုန်ဖြစ်လာခဲ့သည်လေ။
ကျောင်းသင်္ကြန်နေ့ညမှာပဲ ဈာန်နှင့် တာရာလင်းတို့၏ အနမ်းဓာတ်ပုံတွေက ဆိုရှယ်မီဒီယာပေါ်မှာ ဝေဝေဆာဆာထွက်ပေါ်လာခဲ့သည်။ ၎င်းဓာတ်ပုံတွေက တဖြည်းဖြည်းပျံ့နှံ့သွားပြီး လူတွေရဲ့အထင်အမြင်လွဲမှုတွေက အကောင်းဘက်သို့ရောက်ရှိလာကြသည်။
ဈာန်နှင့် တာရာလင်းတို့သည် အများက သဘောတူထားကြသည့်စုံတွဲဖြစ်သည့်အလျောက် အလွန်တရာကောင်းချီးပေးခံရသည်။
အရင်က မကြာခဏဆိုသလို တက်လာတတ်သည့် ဆိုးဆိုးဝါးဝါးကောမန့်တွေကလည်း အခုဆိုရင် ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိ။ ဈာန့်ကို မကောင်းပြောခံရအောင် တမင်လိုက်နှောင့်ယှက်သည့်လူကလည်း အခြေအနေမဟန်မှန်း သိသွား၍ထင့်။ ရုတ်တရက်ကြီး ပျောက်ကွယ်သွားသည်။
အခုဆိုလျှင် အရာအားလုံးက ယခင်ကဲ့သို့ ကောင်းမွန်ပြီး သာယာသည့်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သို့သော် ပျက်စီးသွားသည်က လေးဆက်နှင့် ဈာန်၏ ဆက်ဆံရေး ... ။
သူ့ကို စိတ်ကုန်သွားပြီထင်ပါရဲ့။
ဟင့်အင်း ... စိတ်နာသွားတာပဲဖြစ်မယ် ...
ပြီးတော့ မုန်းလည်း မုန်းနေလောက်ပြီ ...
ဟက် ... ရယ်စရာကောင်းလိုက်တာ လေးဆက်ရိပ်သွင်ရာ ...
မင်း လုပ်ခဲ့တာပဲ မဟုတ်လား ...
အရာအားလုံးကို မင်း လုပ်ခဲ့တာပဲလေ ...
မင်းပဲ ဖန်တီးခဲ့တာလေ ...
အခုကျမှ ဘာလို့ ဝမ်းနည်းနေရတာလဲ ...
ဘာလို့ စိတ်မကောင်းဖြစ်နေရတာလဲ ...
နောင်တမရနဲ့ လေးဆက်ရိပ်သွင် ...
မင်း လုံးဝ နောင်တရလို့မဖြစ်ဘူး ...
မင်း စိတ်အလိုလိုက်မိတာနဲ့ မင်း စီစဉ်ထားသမျှအရာအားလုံး ပျက်သုန်းသွားလိမ့်မယ် ...
မင်းကြောင့် ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားခဲ့ရတဲ့လူကို အားနာသင့်တယ် ...
ပြီးတော့ ဈာန် ...
သူ ပိုနာကျင်ရလိမ့်မယ် ...
အဲဒါကြောင့် မင်း အားတင်းထားမှဖြစ်မယ် လေးဆက်ရိပ်သွင် ...
မင်း သည်းခံနိုင်မှ ဖြစ်မယ် ...
မင်း ကျော်ဖြတ်နိုင်မှ ဖြစ်မယ် ...
မဟုတ်ရင် အရာအားလုံး ပျက်သုန်းသွားလိမ့်မယ် ...
ကိုယ့်ကိုယ်ကို အားပေးရင်း လက်ထဲမှာ ကိုင်ထားသည့်ကော်ဖီခွက်ကို မော့သောက်လိုက်တော့မှ တစ်စက်မှမကျန်တော့မှန်း သိလိုက်ရသည်။ အပြင်ဘက်ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေပေမဲ့ မီးအလင်းရောင်တွေကြောင့် လင်းထိန်နေဆဲ။
အချိန်တွေဘယ်လောက်တောင် ကြာသွားခဲ့လဲဆိုတာ သူ မသိ ...
ရပ်ရတာ ကြာလွန်းသဖြင့် ခြေထောက်တွေ ကျဉ်နေမှန်းလည်း သူ မသိ ...
နေ့လယ်ကတည်းက ဘာမှမစားရသေးမှန်း သိပေမဲ့ လူက အစားစားဖို့လေးတောင် အင်အားမရှိ ...
စိတ်ခွန်အားက အယိုင်ယိုင် အနဲ့နဲ့ ...
အတင်းမောင်းထုတ်မိခဲ့တာလည်း ငါ ...
မချစ်ဘူးလို့ ပြောခဲ့တာလည်း ငါ ...
စွန့်ပစ်ခဲ့မိတာလည်း ငါ ...
အရမ်းနာကျင်နေရတာလည်း ငါပါပဲ ...
ဘာကြောင့်များလဲ ...
မဟုတ်ဘူးလို့ ငါ ငြင်းဆန်ချင်ပေမဲ့ နှလုံးသားက လက်မခံဘူး ...
မဖြစ်သင့်ဘူးလို့ သိစိတ်က အကြိမ်ကြိမ်အခါခါ သတိပေးနေပါရက်နဲ့ မသိစိတ်က မင်း တစ်ခုခုဖြစ်သွားမှာကို ကြောက်နေခဲ့တာ ...
ငါ့ကြောင့် မင်း နာကျင်နေမလားဆိုပြီး တွေးပူနေမိတာ ...
ငါ့အတွက် နာကျင်မှုဆိုတာ မဆန်းကြယ်ပေမဲ့ မင်းကတော့ ငါ့လိုမျိုးမဖြစ်ရဘူး ...
အဲဒါကြောင့် မင်း ငါ့ကို မုန်းသွားမှဖြစ်မယ် ...
အဲ့လိုဖြစ်အောင်လည်း ငါ သေချာပေါက်လုပ်မှာ ...
ငါ့ကို အတ္တကြီးတယ် ခေါင်းမာတယ်လို့ ပြောချင်လည်း ပြော ...
မင်းနဲ့ သူနဲ့ဆို ငါက ချွင်းချက်မရှိ သူ့ကိုပဲ ရွေးချယ်မိဦးမှာမို့လို့ပဲ ဈာန် ...
ငါ့လို ဒဏ်ရာအနာတရတွေအပြည့်ရှိနေတဲ့လူနဲ့ အတူနေရင် အဲ့ဒဏ်ရာတွေက မင်းဆီကိုပါ ကူးစက်သွားလိမ့်မယ်ဆိုတာ ငါ သိနေတယ် ...
အချစ်က အမှားတစ်ခုမဟုတ်ပေမဲ့ မင်း ငါ့ကို ချစ်မိသွားတာကတော့ မှားတာပဲ ...
အဆုံးသတ်မှာ ငါတို့နှစ်ယောက်လုံး မှားခဲ့တာ ...
လေးဆက် ဝရန်တာမှာ ရပ်နေရာကနေ အိပ်ခန်းထဲ ပြန်ဝင်လာလိုက်ပြီး ကုတင်ပေါ်လှဲချလိုက်သည်။
လူက အခုမှ အသိပြန်ဝင်လာ၍လားမသိ။
အစာမရှိဘဲ ကော်ဖီသာရှိသည့် ဝမ်းဗိုက်တစ်နေရာကနေ အောင့်တက်လာသည်။ ဝမ်းဗိုက်ကို လက်ဖြင့်အသာဖိထားကာ အိပ်ရာပေါ်မှာပဲ ပေကပ်ကပ် ဆက်လှဲမိနေပြန်သည်။
ပြတင်းပေါက်ကနေ တစွန်းတစမြင်နေရသည့် လခြမ်းက ဒီနေ့ သိပ်တောင် အလင်းရောင်မပေးနိုင်တော့ပါလား။
ဗိုက်ထဲက တဆစ်ဆစ်ကိုက်ခဲလာမှုကို အာခံရင်း မျက်လုံးတွေကို မှိတ်ကာ အိပ်ပျော်အောင် အိပ်လိုက်သည်။
ဘယ်တော့မှ နိုးထမလာနိုင်တဲ့အိပ်စက်ခြင်းဆိုတာမျိုး ရှိရင် သိပ်ကောင်းမှာပဲ ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
နှိုးစက်မြည်သံနှင့်အတူ လေးဆက်လည်း နိုးထလာခဲ့သည်။ ညက ပေကပ်ပြီး အိပ်ပစ်လိုက်တာ အခုကျ ဗိုက်အောင့်တာတောင် ဘယ်နားရောက်သွားပြီလဲ မပြောတတ်။
နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့ ၆နာရီ။ မနက် ကားထွက်ချိန်က ကိုးနာရီဖြစ်သဖြင့် အချိန်ရသေးသည်။ ရေချိုးခန်းထဲဝင်ကာ လန်းဆန်းသွားအောင် ခေါင်းကနေ ရေချိုးချလိုက်သည်။ ကိုယ့်ရပ် ကိုယ့်ရွာပြန်မည့်ခရီးစဉ်ဖြစ်သောကြောင့် ပေါ့ပေါ့ပါးပါးဝတ်စုံကိုသာ ဝတ်ထားလိုက်သည်။
မနေ့က တစ်နေ့လုံးနီးပါး ဘာမှမစားထားသောကြောင့် ကားဂိတ်မသွားခင် တစ်ခုခုစားသင့်မှန်း သတိရလိုက်သဖြင့် မီးဖိုချောင်ထဲဝင်ကာ ကော်ဖီတစ်ခွက်ဖျော်သောက်လိုက်သည်။ မနေ့က မစားဖြစ်လို့ပိုနေသည့်ပေါင်မုန့်တစ်ထုတ်ကို ပါးစပ်ထဲ ပစ်ထည့်ကာ ဗိုက်ကို အစာဖြည့်ရသည်။
အဲဒီနောက် လွယ်အိတ်ကို ကောက်လွယ်ကာ နှစ်လနီးပါးခွဲနေရမည့် အခန်းကို သေသေချာချာစစ်ဆေးပြီးနောက် အောက်ကို ဆင်းလာလိုက်သည်။
တိုက်အောက်ကို ရောက်လျှင် တက္ကစီငှားဖို့ စီစဉ်ထားသော်လည်း ရှေ့တည့်တည့်မှာ ထိုးရပ်လာသည့်ကားနက်ပြာလေးကြောင့် လူက ကြက်သေသေသွားရသည်။
“ တက် ! ”
ဈာန်က လေးဆက်ကို တစ်ချက်မှမကြည့်ဘဲ တင်းမာနေသော အသံဖြင့်ပြောလာသည်။
ဈာန်က ဘယ်လိုဖြစ်ပြီး ဒီနေ့ကျမှ ရောက်ချလာတာလဲ။ ကျောင်းသင်္ကြန်ပြီးကတည်းက မတွေ့ရတော့သဖြင့် သူ့ကို ဈာန် စိတ်နာသွားပြီလို့ထင်ထားခဲ့တာလေ။
“ ငါ တက္ကစီခေါ်ထားတယ် ဈာန် ”
အမှန်တော့ မခေါ်ရသေးပါ။ ဈာန့်ရဲ့ကားနဲ့ လိုက်သွားဖို့က အရင်ကလိုဆို ဘာမှမဖြစ်ပေမဲ့ အခုချိန်မှာတော့ အနည်းငယ်လန့်နေသဖြင့် ဟန်ဆောင်လိုက်ရခြင်းဖြစ်သည်။
ဈာန့်ကိုတွေ့ရင် ကျောင်းသင်္ကြန်တုန်းက ကိစ္စတွေကို ပြန်တွေးမိပြီး ဈာန့်ကို အရင်ကထက် ပိုလန့်လာသည်။ ဈာန် မိုက်ရူးရဲဆန်တတ်တာကို သိပေမဲ့ အဲဒီလောက်အထိ မျှော်လင့်မထားခဲ့သဖြင့် လူက ပို၍ပင် ရှော့ရသွားသည်။
“ ကျွန်တော် စကားတစ်ခွန်းကို နှစ်ခါမပြောချင်ဘူး ... ခင်များ တက်မှာလား မတက်ဘူးလား ”
ဈာန်က လေးဆက်ကို လှည့်ကြည့်လာပြီး သူ့ရဲ့အသံကလည်း တဖြည်းဖြည်းပိုပြီး အေးစက်တင်းမာလာသည်။
“ ဈာန် ငါ ... ”
“ ခင်များ ၅စက္ကန့်အတွင်း ကားပေါ်မတက်သေးဘူးဆိုရင် ကျွန်တော် ဒီနေရာမှာပဲ ခင်များကို နမ်းပစ်မယ် ... ခင်များ ရွေးချယ် ... ”
ဈာန့်စကားကြောင့် လေးဆက်ရဲ့မျက်နှာမှာ ဖြန်းခနဲပူတက်သွားရသည်။ အဲဒီနောက်မှာတော့ လေးဆက်လည်း ရွေးချယ်စရာမရှိဘဲ ဈာန့်ကားပေါ် လိုက်ပါသွားရသည်။ သို့သော်ငြား တစ်ယောက်ကို တစ်ယောက် စကားမပြောဖြစ်ကြပေ။
မိနစ်တံတွေ အနည်းငယ်ရွေ့လျားပြီးနောက် ကားဂိတ်ဝင်းကို လှမ်းမြင်နေရလေသည်။ သို့ပေမဲ့ ဈာန်က ကားဂိတ်ဝင်းထဲ မဝင်သေးဘဲ အနီးနားက နေရာလွတ်မှာ ကားကို ဘရိတ်ဆောင့်နင်းကာ ရပ်ပစ်လိုက်သည်။ လေးဆက်လည်း ဟန်ချက်ပျက်သွားသည့်အတွက် ကိုယ်ရှိန်ကို မနည်းထိန်းလိုက်ရသည်။
ဒီကောင်လေး တမင်သက်သက် ဘရိတ်ကို ဆောင့်နင်းပြီး ကားရပ်လိုက်တာ။ ခါးပတ်သေချာပတ်ထားလို့ တော်သေးတာပေါ့။ နို့မို့ဆိုရင် သူ့ခေါင်းနဲ့ ဒတ်ရှ်ဘုတ်နဲ့က တကယ်မိတ်ဆက်တော့မှာ။
“ လေးဆက်ရိပ်သွင် ခင်များ နောင်တရလား ”
သူ့ဘေးမှာ ဘာတစ်ခွန်းမှမပြောဘဲ ငြိမ်ငြိမ်လေးထိုင်နေသည့်လူကို ဈာန်ရောင်ခ စူးစိုက်ကြည့်ရင်း မေးလိုက်ပေမဲ့ ချက်ချင်းဆိုသလို ပြန်ရလာသည့် တုံ့ပြန်စကားက
“ မရဘူး ”
ထိုလူရဲ့ တည်ငြိမ်နေသည့်အသံကြောင့် ဈာန်ရောင်ခရဲ့လုံးလုံးလျားလျားမပျောက်ပြယ်သွားသေးသည့် ဒေါသလှိုင်းတွေက ထပ်မံထကြွလာပြန်သည်။ မတွေ့ရတာ ရက်ပေါင်းဆယ်ရက်ကျော်ကြာသွားခဲ့ပေမဲ့ ကျောင်းသင်္ကြန်ကတည်းက ဖြစ်ပေါ်လာခဲ့သည့် ဒေါသတွေက အခုထိ အကင်းမသေသေး။
“ ခင်များ တကယ်ပဲ အဲ့လိုဆက်လုပ်နေမှာလား ”
မာထန်သော အသံနှုန်းထားဖြင့် ဈာန်ရောင်ခ ပြန်အော်မေးလိုက်သည်။ ဘာတုံ့ပြန်မှုမှ ထွက်မလာဘဲ မတုန်မလှုပ်ကျောက်ရုပ်လို ထိုင်နေသည့်လူအား ကြည့်ရင်း ဆွဲဆက်လုပ်ပစ်ချင်စိတ်ကို ဈာန်ရောင်ခ မနည်းထိန်းထားရသည်။
ဒီလူက အရမ်းခေါင်းမာလွန်းသည်။ ကျောင်းသင်္ကြန်ကိစ္စပြီးကတည်းက သူ့ဆီ ပြန်မဆက်သွယ်လာသလို တောင်းလည်းမတောင်းပန်ခဲ့ပေ။ သူ့မှာတော့ အရမ်း အရမ်းဒေါသထွက်နေတာတောင် ဒီလူ စာမေးပွဲဖြေရာမှာ စိတ်အနှောင့်အယှက်ဖြစ်မည်စိုးသဖြင့် အဝေးကနေပဲ လှမ်းကြည့်နေခဲ့ရသည်။ သူကသာ မူးရူးပြီး ဘဝပျက်နေပေမဲ့ ဒီလူကတော့ အရမ်းကို အေးဆေးနေသည့်ပုံပင်။
ဒီနေ့လည်း သူသာ မလာရင် ဒီလူက တိတ်တိတ်လေးပြန်သွားဦးမှာ။
လူတစ်ယောက်က အဲဒီလောက်ထိ ခေါင်းမာစရာလိုလို့လား။
တွေးရင်း တွေးရင်း မကျေနပ်ချက်တွေက ပိုပြီးစုပုံလာသည်။ အရမ်းကိုအေးဆေးတည်ငြိမ်လွန်းနေသည့်လူကို ရန်လိုစွာစိုက်ကြည့်လိုက်ရင်း
“ ကျွန်တော် မေးနေတာကို ဖြေလေ ”
ပါးပြင်ကို မေးကနေ ညှစ်ကိုင်ကာ သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်ပြီး
“ လေးဆက်ရိပ်သွင် ခင်များ အနေလား ”
မျက်နှာချင်းက နီးကပ်သွားပေမဲ့ ထိုလူကတော့ ရင်မဆိုင်ရဲသည့်ဟန်ဖြင့် အကြည့်တွေကို ရှောင်လွှဲနေတုန်းပင်။ ဒီလူရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ်လိုက်ကြည့်နေမိရင်း
“ ခင်များ တကယ်ပဲ ကျွန်တော့်အပေါ် အဲ့လောက်ရက်စက်မှဖြစ်မှာလား ”
ဈာန့်ရဲ့မေးခွန်းကို လေးဆက် ဘာတစ်ခုမှပြန်မဖြေနိုင်။ အမှန်တော့ ပြန်မဖြေရက်တာဖြစ်သည်။ ပြန်ဖြေလိုက်ရင် အခြေအနေတွေက ဒီထက်ပိုဆိုးသွားလိမ့်မယ်ဆိုတာကို အလိုလိုသိနေသည်။
“ ကျွန်တော် သိသမျှလူတွေထဲမှာ ခင်များက အရက်စက်ဆုံးပဲ ... ကျွန်တော် ခင်များတစ်ယောက်တည်းကိုပဲ ချစ်ပါတယ်လို့ ဒီလောက်ပြောနေတာတောင် ခင်များက ကျွန်တော့်ကို တခြားလူစီ တွန်းပို့သေးတယ် ... ဘာလို့လဲ ... ကျွန်တော်က ခင်များအတွက် သက်မဲ့ပစ္စည်းလား ... တခြားလူစီ ပေးချင်တိုင်း ပေးပစ်ရအောင် ကျွန်တော်က အရမ်းတန်ဖိုးမဲ့နေပြီလား ”
လက်ကို ပိုအားထည့်လိုက်ပြီး ပါးပြင်ကို မေးကနေ ခပ်ကြမ်းကြမ်းညှစ်ကိုင်လိုက်တော့ မျက်နှာလေးက ရှုံ့မဲ့သွားပြီး
“ ဈာန် ... ငါ နာတယ် ”
သိနေပေမဲ့ အရေးမလုပ်မိ။ ဒီလူကို အနည်းငယ်တော့ နာကျင်စေချင်သည်။ ဒီလူသားအား သူ့လို နှလုံးသားနာကျင်မှုမျိုးမဟုတ်ရင်တောင် အပြင်ပိုင်းနာကျင်မှုမျိုး ပေးချင်လာသည်။
“ ခင်များ ကျွန်တော့်အပေါ်မှာ ခံစားချက်နည်းနည်းလေးတောင် မရှိဘူးလား ”
ထိုမေးခွန်းကို ကြားသည့်အခါ နာကျင်နေသည့်ကြားမှ လေးဆက် အံကို တင်းတင်းကြိတ်လိုက်ကာ
“ မရှိဘူး ”
ဈာန်ရောင်ခရဲ့အကြည့်တွေက မီးဝင်းဝင်းတောက်သွားသည်။
မယုံဘူး ...
သူက ရူးနေလို့ ဒီလိုစကားတွေကို ယုံရမှာလား ...
“ ခင်များ လိမ်နေတာ ... ခင်များပါးစပ်က ကြိုက်သလောက်ညာလို့ရပေမဲ့ ခင်များရဲ့မျက်ဝန်းတွေကတော့ လိမ်လို့မရဘူး ... ကျွန်တော် ခင်များရဲ့အကြည့်တွေကို နားလည်တယ် ... အဲ့ထဲမှာ ကျွန်တော့်အတွက် ခံစားချက်တွေ ပါနေတယ် ဟုတ်တယ်မလား ”
မရမကအစ်ထုတ်မေးမြန်းနေသည့် ဈာန့်ကြောင့် ဒီကိစ္စကို လေးဆက် အပြတ်ငြင်းမှ ဖြစ်တော့မည်။ ဈာန်က အနုနည်းနဲ့ ကိုင်တွယ်၍ရမည့်ထဲမှာ မပါပေ။ ချော့မော့ပြောနေလို့ ဈာန့်ရဲ့ခံစားချက်တွေက ပိုကြီးထွားလာလျှင် အကုန်လုံးဒုက္ခရောက်ကုန်တော့မည်။ ၎င်းအခြေအနေထိတော့ လေးဆက် အရောက်မခံလိုသည့်အတွက်
“ မဟုတ်ဘူး ... ငါ မင်းအပေါ် ခံစားချက်နည်းနည်းလေးတောင် မရှိဘူး ဈာန် ... ရှိခဲ့ရင်တောင် အဲဒါက မင်းကို ဂျူနီယာတစ်ယောက်လို ... အ့ ... ဈာန် ... မင်း ... မလုပ်နဲ့ ... လွှတ် ... ”
ပြောလို့မဆုံးသေးခင်မှာပဲ လေးဆက် ဘာစကားတစ်ခွန်းမှ ထပ်ထွက်မလာနိုင်တော့ပေ။
ထိုသို့ဖြစ်အောင်လည်း ဈာန်ရောင်ခက နှုတ်ခမ်းချင်း ကြားလေဝင်လို့မရလောက်သည့်အထိ ဖိကပ်ကာ နှုတ်ပိတ်ပစ်လိုက်သည်လေ။
ဒီလူက ဘာလို့အရမ်းဆိုးနေရတာလဲ ...
ဆိုးရွားတဲ့စကားလုံးတွေ၊ နာကျင်စေမဲ့စကားလုံးတွေချည်းပဲ ပြောတတ်သည့် ဒီနှုတ်ခမ်းလေးကို အပြစ်ပေးရမည်။
အသိအာရုံတွေအကုန်လုံးက ဒီလူသားရဲ့နှုတ်ခမ်းသားအထိအတွေ့ဆီမှာပဲ အလုံးစုံရောက်ရှိနေသည်။
တွန်းထိုးရုန်းဖယ်နေတာကို သိပေမဲ့ သူ ဒီတိုင်း လွှတ်မပေးနိုင် ... ။
အငြင်းဝါကျတွေချည်းပဲ ထွက်လာတတ်သည့်နှုတ်ခမ်းလေးကို ပညာပေးချင်သည်။
ဒီလူက သူ နမ်းတိုင်း ဘယ်တော့မှ ကြည်ကြည်ဖြူဖြူမရှိ ... ။
“ အ့ ... မလုပ် ... ”
ဝါကျဆုံးသည့်အထိ မပြောနိုင်ဘဲ အနမ်းခံနေသည့်အဖြစ်မှ ရုန်းထွက်ရန် လေးဆက် ကြိုးစားနေရသည်။ နူးညံ့မှုတွေမပါဝင်သည့်ခပ်ကြမ်းကြမ်းအနမ်းတွေကြောင့်လည်း လူက အသက်ရှူရကြပ်လာသည်။
ဈာန့်ရင်ဘတ်ကို အတင်းရိုက်နှက်တွန်းလွှတ်မှ နှုတ်ခမ်းချင်းကွာသွားသည်။ ထိုအခါမှ အသက်ကို အလုအယက်ရှူရသည်။ သို့သော် အချိန်ကား သိပ်မကြာလိုက်။ ဈာန့်ရဲ့တဇွတ်ထိုးဆန်မှုတွေကြား တဖန်ပြန်လည်ရောက်ရှိသွားသည်။
ပြန်ပြီးရုန်းကန်မိသော်ငြား လက်နှစ်ဖက်က ထိန်းချုပ်ခံလိုက်ရပြန်သည်။ လက်ရှိဖြစ်ပျက်နေသည့်အရာအားလုံးက ကျောင်းသင်္ကြန်မှာ ဖြစ်ပွားခဲ့သည့်အနမ်းများနှင့် တစ်ထေရာတည်းထပ်တူကျနေသည်။
သာယာမှုမရှိ ... ။
နူးညံ့မှုမရှိ ... ။
နာကျင်မှုတစ်ခုတည်းကိုသာ ပေးစွမ်းနိုင်သည်။
တစ်ချက်ကလေးမှ မနားဘဲ အရူးအမူးနမ်းရှိုက်နေသူကြောင့် နှုတ်ခမ်းသားတွေမှာ နာကျင်မှုက ဆင့်ပွားလာသည်။
ဈာန် မင်း ငါ့ကို အတင်းအကြပ်လုပ်ပြန်ပြီ ...
ကြမ်းကြမ်းတမ်းတမ်းအပြုအမူတွေကို ငါ သဘောမကျမှန်း သိရက်နဲ့ ...
ယောကျာ်းသားဖြစ်နေခြင်းအတူတူတောင် သူ့ထက် ငယ်သည့်ကောင်လေးထံမှ ရုန်းထွက်လို့မရသည့်အတွက် မာနထိခိုက်သလို ခံစားနေရသည်။
အနိုင်ကျင့်ခံရလေခြင်းဆိုသည့်အတွေးတို့ကလည်း အလိုအလျောက်ဦးနှောက်ထဲ စိမ့်ဝင်လာသည်။
ထို့အတူ လူက တွေးရင်း တွေးရင်း ဝမ်းနည်းမှုက လှိုက်တက်လာသည်။
မင်း လုပ်ချင်သလိုသာ လုပ်တော့ ...
ငါလည်း ပင်ပန်းနေပြီ ...
ရုတ်တရက်ကြီး ဘာလှုပ်ရှားမှုမှ မရှိလဲ ငြိမ်သက်သွားသည့်သူကြောင့် ဈာန်ရောင်ခ အနည်းငယ် စိုးရိမ်သွားသည်။ အနမ်းတွေကို ရပ်တန့်လိုက်ကာ ထိုလူရဲ့နူးညံ့သည့်နှုတ်ခမ်းသားတွေဆီမှ ဖယ်ခွာလိုက်သည်။
ယခုထိတိုင် ထိုလူက တုတ်တုတ်မျှပင်မလှုပ်။ မျက်ဝန်းတွေ မှိတ်ထားသည့် မျက်တောင်ဖျားလေးက တစ်ချက်တစ်ချက် တုန်ယင်သွားသည်။ လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမှန်းလည်း ဈာန်ရောင်ခ သတိထားမိလိုက်သည်။
ခဏအကြာ မျက်လုံးဖွင့်လာတော့ မျက်ခမ်းစပ်တွေ ရဲရဲနီနေတာကို တွေ့လိုက်ရသည်။ တင်းတင်းစေ့ထားသည့် နှုတ်ခမ်းတွေက အခုကျမှ ပွင့်ဟလာပြီး
“ နမ်းလေ ... မနမ်းတော့ဘူးလား ”
ဒီစကားကြောင့် ဈာန်ရောင်ခ မျက်မှောင်ကျုံ့သွားသည်။ ဒီလူက သူ့ကို ပြန်အရွဲ့တိုက်နေတာပဲ။
“ မင်း စိတ်ရှိသလို လုပ်တော့ ... ငါ ခွင့်ပြုပေးမယ် ... ဒီလောက်ဆို မင်းအတွက် လုံလောက်ပြီမလား ”
“ လေးဆက်ရိပ်သွင် ! ခင်များ ! ”
လေးဆက် ပြောလိုက်သည့်စကားတွေက ဈာန့်ကို ပိုဒေါသထွက်စေမည်မှန်း သိပေမဲ့ မတတ်နိုင်။ ဒီလိုအခြေအနေကြီးမှာ ဆက်နေရတာ သူ အရမ်းပင်ပန်းနေပြီဖြစ်သည်။ ဒီနေရာကနေ မြန်မြန်ထွက်သွားနိုင်ဖို့အရေးကိုသာ ရှေးရှုလိုက်ရင်း
“ မင်း စိတ်ကြိုက်နမ်းပြီးရင် ငါ့ကို လွှတ်ပေးတော့ ... ငါ ဒီမှာ မနေချင်တော့ဘူး ... ကားထွက်မဲ့အချိန်လည်း နီးနေပြီ ”
ဒီလူ့နှုတ်က ထွက်လာသည့်စကားတွေကို ဈာန်ရောင်ခ မယုံကြည်နိုင်။
ဘာလို့ ဒီလူက သူစိမ်းဆန်သည့်စကားတွေကိုပဲ ရွေးပြောနေရတာလဲ။
ဘာလို့ ဒီလူက သူ့ဘေးနားကနေပဲ အသည်းအသန်ထွက်ပြေးချင်နေရတာလဲ။
ဘာလို့များ ဒီလူက အရမ်းအသည်းမာနိုင်ရတာလဲ။
“ ခင်များ အဲဒီလောက်တောင် ထွက်ပြေးချင်နေတာလား ... ကျွန်တော် မေးတာကို ဖြေစမ်းပါ ”
“ ဟုတ်တယ် ... ငါ ထွက်ပြေးမှာ ... မင်း လိုက်ဖမ်းလို့မရတဲ့နေရာအထိ ... ”
တကယ်ပါ။ ဒီလူက သူ့ဒေါသမာန်ဟုန်ကို ပိုပြီးထကြွသောင်းကျန်းလာအောင် လုပ်နေတာပဲ။ ဒီလူရဲ့စကားတစ်ခွန်းချင်းစီတိုင်းက သူ့ဒေါသမီးလျှံထဲ လောင်စာဆီပစ်သွင်းလိုက်သလိုမျိုး။
“ လေးဆက်ရိပ်သွင် ခင်များ ဒီစကားကို ထပ်ပြောကြည့်လိုက် ... ကျွန်တော် တစ်ခါတည်း ခင်များကို ခိုးပြေးသွားလိုက်လို့ရတယ် ”
ရပ်ထားသည့်ကားကို စက်နှိုးကာ နေရာကနေ ထွက်ခွာတော့မည်ဟန်ပြင်တော့ လေးဆက်မှာ တုန်လှုပ်သွားရသည်။ ကားတံခါးကို ဖွင့်ကြည့်ပေမဲ့ ဘယ်လိုမှဖွင့်လို့မရ။
ဒီကောင်လေးက အရမ်းမိုက်ရူးရဲဆန်မှန်း လေးဆက် သိသည်။ သူက ပြောရင်ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်မှာ။
တဖြည်းဖြည်း ရွေ့လျားစပြုနေသည့်ကားဘီးတွေကြောင့် လေးဆက်ရဲ့ကြောက်လန့်မှုက ပို၍တိုးပွားလာသည်။
“ ရပ်လိုက် ... ရပ်လိုက်လို့ ငါ ပြောနေတယ်လေ ဈာန် ”
“ ခင်များက ပြောစကားမှ နားမထောင်ဘဲ လေးဆက်ရိပ်သွင် ”
တင်းမာပြတ်သားနေသည့်အသံလှိုင်းတွေက လေးဆက်ရဲ့စိုးရိမ်ပူပန်မှုကို ပိုပြီးအားကောင်းလာစေသည်။
“ ဈာန် ... မလုပ်နဲ့ ... မင်း အဲ့လိုအတင်းအကြပ်လုပ်ရင် ငါ မင်းကို မုန်းမိတော့မယ် ”
ဈာန်ရောင်ခ ဆက်ပြောစရာစကားတွေ ပျောက်ရှသွားရသည်။ နှုတ်ခမ်းထောင့်စွန်းတို့က မဲ့ကျသွားပြီး အသက်မပါသည့်ရယ်သံတို့က ပျံ့လွင့်လာသည်။
“ ဟား ... ဟား ... ဟား ... ခင်များက ကျွန်တော့်ကို မုန်းမယ်ပေါ့ဟုတ်လား ... ဈာန်ရောင်ခတို့ ကံထူးပုံများ ... အချစ်တောင် မရသေးဘူး ... အမုန်းတွေက ကြိုဆိုနေပြီ ”
စတီရာတိုင်ကို ကိုင်ထားသည့် လက်တွေက အကြောစိမ်းတွေ ထောင်ထနေသည်ကို ကြည့်ခြင်းအားဖြင့် ဒီကောင်လေး ဘယ်လောက်ထိ စိတ်ထိန်းထားရလဲဆိုတာကို လေးဆက် ခန့်မှန်းလို့ရသည်။
“ ဈာန် ငါက ... ”
“ လေးဆက်ရိပ်သွင် ကျွန်တော် ခင်များကို နောက်ဆုံးမေးခွန်းမေးမယ် ”
“ ………. ”
“ ခင်များ ကျွန်တော့်ကို ချစ်လား ”
လေးဆက် ရုတ်တရက်ကြီး အသက်ရှူရပ်တန့်သွားသလို ခံစားလိုက်ရသည်။
ဒီမေးခွန်း ... ဒီမေးခွန်းကို မဖြေချင်ဘူး ...
“ ခင်များ ကျွန်တော့်ကို ချစ်လား လေးဆက်ရိပ်သွင် ”
ငါ တောင်းပန်ပါတယ် ...
ငါ့ကို ဆက်ဖိအားမပေးပါနဲ့တော့ ...
ဒီမေးခွန်းကို ငါ မဖြေချင်ဘူး ...
မင်း ဆက်မေးနေမယ်ဆိုရင် ငါ ...
“ လေးဆက်ရိပ်သွင် ”
“ မချစ်ဘူး ”
ကားအတွင်းက လေထုက ပို၍အေးစိမ့်လာသလိုပင်။ အရာအားလုံးက ခဏအတွင်း အပ်ကျသံတောင် မကြားရလောက်သည့်အထိ တိတ်ဆိတ်သွားသည်။
“ ဟက် ! ကောင်းပြီ လေးဆက်ရိပ်သွင် ... ခင်များ လိုချင်တဲ့အတိုင်းဖြစ်စေရမယ် ”
ဈာန်ရောင်ခ ကားကို နောက်ပြန်လှည့်လိုက်ကာ ကားဂိတ်ဝင်းထဲ ဝင်လိုက်သည်။ ကားဂိတ်ဝင်းထဲ ရောက်တာနဲ့ လေးဆက် တံခါးကို အမြန်ဆွဲဖွင့်လိုက်ကာ ကားပေါ်က ဆင်းတော့မည်အပြု
“ ခင်များ နောင်တမရမှာ သေချာလား ”
မင်း ထပ်မေးပြန်ပြီ ဈာန်ရယ် ...
ကောင်းတာတစ်ခုမှ ဖြစ်မလာနိုင်တဲ့မေးခွန်းတွေကို မေးပြီး ကိုယ့်ကိုယ်ကို ဘာလို့နှိပ်စက်ချင်နေရတာလဲ ...
ဘာတစ်ခွန်းမှ ပြန်မပြောတော့ဘဲ လှည့်ထွက်လာလိုက်သည်။ အနောက်နားက တောက်ခေါက်သံသဲ့သဲ့က နားထဲ စူးရှစွာဝင်လာသဖြင့် လေးဆက် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။
နောက်ဆုံးတော့ အစကတည်းက မဖြစ်သင့်သည့်ဇာတ်လမ်းလေးတစ်ပုဒ်က ပြီးဆုံးသွားခဲ့ပြီ။
ကောင်းသောအဆုံးသတ်ခြင်းမဟုတ်ပေမဲ့ ပြီးပြည့်စုံသည့်အဆုံးသတ်ခြင်းမျိုးဖြစ်သည့်အတွက် ဖြေသာရသည်။
နာကျင်မှုတွေပြီးရင် ပျော်ရွှင်မှုတွေ လာလိမ့်မယ် ဈာန် ...
မင်း ပျော်ရွှင်ဖို့တစ်ခုတည်းအတွက်ပဲ ငါ ရည်စူးပါတယ် ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
အပိုင်း ၂၅ ထိတောင် ရောက်လာပြီ ... တစ်ခါမှ ကောင်းကောင်းမပျော်ကြရသေးဘူးမဟုတ်လား 😢
မပူပါနဲ့ ... ကိုယ်က ငိုတဲ့အခန်းဆိုလည်း ငိုခိုင်းသလို ရိုတဲ့အခန်းဆိုရင်လည်း အသေရိုခိုင်းမှာပါ ... ယုံနော် 😢
တကယ်ပါ မညာပါဘူး 😢
စိတ်ကုန်ပြီး မဖတ်ကြတော့မှာ တကယ်စိတ်ပူမိပါတယ် 😣
9:45 A.M
29.1.2021 ( Friday )