ဒီနေ့တော့ လေးဆက်တို့အုပ်စု ကျောင်းကို စောစောစီးစီးရောက်လာခဲ့ကြသည်။
အချိန်အားဖြင့် ကိုးနာရီ ... ။
တက္ကသိုလ်ဝင်းထဲ ခြေချလိုက်သည်နှင့် ဖုံးလွှမ်းလာသည်က သင်္ကြန်၏အငွေ့အသက် ... ။
နွေလေရူးနှင့်အတူ ပျံ့လွင့်လာသည်က စင်မြင့်ထက်ဆီက သင်္ကြန်တေးသီချင်းသံတွေ ... ။
YUFL ၏နေရာတိုင်းလိုလိုမှာ သင်္ကြန်နှင့်ပတ်သတ်သည့်အလှဆင်ယင်မှုတွေနှင့် ပြည့်နှက်နေသည်။
လူတိုင်း လူတိုင်း၏မျက်နှာထက်မှာ အပြုံးတွေကိုယ်စီနှင့် ရွှင်မြူးနေကြသည်။ ဆရာ၊ ဆရာမများရဲ့မျက်နှာထက်မှာလည်း အပြုံးပန်းတွေက ဝေဝေဆာဆာ။ ဒီနေ့မှာ အရာအားလုံးက ကောင်းခြင်းအဖြာဖြာနှင့် ပြည့်စုံနေသည်။
လေးဆက်တို့အုပ်စုလည်း ကျောင်းထဲရောက်ရောက်ချင်း စင်မြင့်ရှိမည့် COE ဘက်သို့ ခြေလှမ်းတွေကို အလိုလိုဦးတည်မိလိုက်သည်။
COE ဆောင်ရှေ့ရှိ မြေကွက်လပ်တွင် ဆောက်ထားသော စင်မြင့်ကြီးကို မြင်မြင်ချင်း မေမြတ်နှင့် ဥဥတို့ အပျော်တွေကို မထိန်းနိုင်တော့ဘဲ စင်မြင့်ရှိရာဆီသို့ အပြေးသွားကြလေသည်။
မနက်ခင်းချိန်ခါဖြစ်သောကြောင့် စင်မြင့်ရှေ့တွင် ခင်းကျင်းထားသော ထိုင်ခုံများတွင် ပါချုပ်အပါအဝင် မေဂျာအသီးသီးမှ ဆရာ၊ ဆရာမများက ထိုင်နေပြီး စင်မြင့်ထက်တွင် သီဆိုဖျော်ဖြေနေကြသူများအား ကြည့်ကာ လက်ခုတ်လက်ဝါးတီးရင်း စည်းချက်လိုက်နေကြသည်။
COE ဆောင်နား တဖြည်းဖြည်းနီးကပ်လာတော့ ပျံ့လွင့်လာသည်က သင်္ကြန်မိုးသီချင်း ... ။
မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ ...
ကူးပြောင်းစ တန်ခူးလေမှာ ...
တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖြန်းပက်ကြစဉ် ...
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ...
ခေါင်းကလေးမော့လို့ ...
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ ...
ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ ...
ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေထဲ ...
ရာသီအချိန်မီ လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို ...
ပန်ဆင်ပါရင် လှသတဲ့တင့်မှာမို့ ...
မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ ...
မြူးကြွတဲ့ သင်္ကြန်အခါ ...
လန်းဆန်းတဲ့မိုးရယ် မိုးပြေးလေးရေ ...
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်ဦး ...
မိုးပြေးလေးရေ ...
သင်္ကြန်မိုးလေးရေ စိုရုံဖျန်းပက်ဦး ...
သင်္ကြန်မိုးသီချင်းသံဆုံးသွားသည်နှင့် လက်ခုတ်သံများ၊ ချီးကျူးထောပနာပြုသံများက ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာကြသည်။ အဲဒီနောက် သီဆိုသူနှင့် ကပြဖျော်ဖြေသူများက စင်ပေါ်မှ ဆင်းသွားကာ နောက်ထပ်ဖျော်ဖြေသူများက ထပ်မံသီဆိုကြလေသည်။
သင်္ကြန်သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်သီဆိုနေကြသလို စင်အောက်ကနေ အားပေးနေကြသည့်သူများမှာလည်း တစ်ချက်ကလေးမှ မယုတ်လျော့သွားဘဲ တဖြည်းဖြည်း လူအုပ်က ပိုမိုများပြားလာခဲ့သည်။
ယခုအချိန်တွင် သင်္ကြန်ရေ မဆော့ကြသေးသော်ငြား လေးဆက်တစ်ကိုယ်လုံးကတော့ ရေတွေနှင့် စိုရွှဲနေပြီဖြစ်သည်။ လေးဆက်တင်မက နောင်ခန့်၊ မြတ်သူ၊ သုတတို့ပါ အကုန်စိုရွှဲနေတာဖြစ်သည်။ တရားခံကား မေမြတ်နှင့် ဥဥ။
ကျောင်းဝင်းထဲ ခြေချပြီးတာနဲ့ သူတို့မှာပါလာသည့်ရေမှန်သမျှနှင့် လေးဆက်တို့အား စလောင်းတော့သည်။ ထိုမျှနှင့်မကသေး။ ရေတိုင်ကီထဲမှ ရေတွေအား ပြေးပြေးခပ်ကာ အချိန်ရှိသရွေ့ လာလာလောင်းနေတော့သည်။ လေးဆက်တို့မှာ သူတို့နှစ်ယောက်ရဲ့ရေလောင်းခံအရုပ်လေးတွေဖြစ်နေကြသည်။
အဲဒီနောက် သူ့ကလေး ခဏခဏရေလောင်းခံနေရတာကို မကျေမနပ်ဖြစ်နေသည့် မြတ်သူက ထအော်လိုက်တော့မှ ရေလောင်းခြင်းအမှုက ပြီးပြတ်သွားလေသည်။
ဒါတောင် မမလေးတို့နှစ်ဦးက ငြိမ်ငြိမ်မနေ။ ကျောင်းက ကျွေးသမျှစတုဒီသာတွေကို ပတ်စားနေသည်။ လေးဆက်တို့ယောကျာ်းသားလေးယောက်ကတော့ လွတ်သည့်ခုံမှာ ဝင်ထိုင်ပြီး စင်ပေါ်မှာ ဖျော်ဖြေနေကြသည်ကို နားသောတပန်ဆင်နေကြသည်။
ဖျော်ဖြေမှုတွေက တဖြည်းဖြည်းအားကောင်းလာသလို အရှိန်လည်း ပါလာကြသည်။ မေဂျာတိုင်းနီးပါးက ပါဝင်ဆင်နွှဲကြသည့်အပြင် ပါချုပ်ကပါ သီဆိုဖျော်ဖြေလေသည်။ ဆရာမတွေကလည်း သူတို့ရဲ့အလှ၊ သူတို့ရဲ့အကများဖြင့် ကြည့်ရှုသူများအား ဖမ်းစားထားလေသည်။
နာရီလက်တံတွေ တရွေ့ရွေ့ကုန်ဆုံးသွားပြီးနောက် လူငယ်တွေရဲ့အချိန်ကာလကို ရောက်ရှိခဲ့လေသည်။ ဆရာ၊ ဆရာမများကလည်း လူငယ်တွေ လွတ်လွတ်လပ်လပ်ပျော်ကြစေရန်အလို့ငှာ လွှတ်ထားပေးလေသည်။
မလွှတ်ပေးလို့လည်း မရ။ နောက်ဆုံးပျော်ပွဲရွှင်ပွဲဖြစ်သည့် သင်္ကြန်ရေကစားပွဲတော်ပြီးလျှင် ကျောင်းသား ကျောင်းသူများ၏ အိပ်မက်ဆိုးဖြစ်သည့် စာမေးပွဲအချိန်အခါသမယသို့ ရောက်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းသင်္ကြန်မှာ ကျောင်းသား ကျောင်းသူများ မိုင်ကုန်သောင်းကျန်းနေကြခြင်းဖြစ်သည်။ သို့သော် အပျော်သာလျှင်ဖြစ်သည်။ အပျက်ဘက်သို့ ဘယ်သောအခါမှ မရောက်ပေ။
တဖြည်းဖြည်းနှင့် နေပူလာသလို လူတွေရဲ့စိတ်လှုပ်ရှားမှုကြီးကလည်း တခဲနက်အုံကြွလာသည်။ စင်မြင့်အောက်မှာ မနက်တုန်းကလို ခုံတွေတောင် ရှိမနေတော့ဘဲ အစုလိုက် အပြုံလိုက်ဖြစ်နေသည့် လူအုပ်ကြီးသာ ကြီးစိုးနေသည်။
စင်မြင့်ထက်မှာလည်း မြူးမြူးကြွကြွတေးသံတို့ဖြင့် ဝေဆာနေသလို ကခုန်နေကြသည့် လူတွေကလည်း အများအပြား။ ထို့အပြင် ရေပိုက်နှင့် ရေတွေဖြန်းပေးနေသောကြောင့် နေပူပူ ရေစိုစိုနှင့် သင်္ကြန်၏အသွင်အပြင်က တဖြည်းဖြည်းကြီးမားခန့်ထည်လာလေသည်။
ထူးဆန်းသည်က နေ့လည်ခင်း၁၂နာရီထိုးတော့မည်ဖြစ်သော်ငြား ဈာန့်ကို အခုထိ အရိပ်အယောင်မတွေ့သေးပေ။
သူ မလာတာများလား ...
လေးဆက် စိတ်ထဲမှာ အနည်းငယ်စိုးရိမ်ပူပန်သွားမိသည်။ ဘေးဘီဝဲယာအနှံ့ လိုက်ရှာကြည့်မိပေမဲ့လည်း ကခုန်နေသော လူအုပ်ကြီးမှလွဲ၍ ဈာန်နှင့် ဆင်တူရိုးမှားဖြစ်လောက်သည့်လူကိုပင် ရှာမတွေ့။ ဈာန့်သူငယ်ချင်းများဖြစ်ကြသည့် နေ့သစ်နှင့် လရောင်ကိုလည်း မတွေ့ရ။ ထိုစဉ်
Phone Ringing …
ရေစိုခံအိတ်ထဲထည့်ထားသော ဖုန်းက ထမြည်လာသဖြင့် ခေါ်ဆိုသူနာမည်ကို ကြည့်လိုက်တော့
“ ဈာန် ”
နှုတ်ဖျားက အသာပွင့်ဟကာ နာမည်တစ်ခုကို ရွတ်ဆိုမိသွားသည်။ အလျင်အမြန်ဖုန်းကိုင်လိုက်တော့ ရေသံတွေ သီချင်းသံတွေကြား နားထဲ တိုးဝင်လာသည်က
“ ကိုကို ”
ကြည်လင်ပြတ်သားသည့်အသံလေး။
“ ကိုကို ကျွန်တော့်ကို ရှာနေတာလား ”
အံ့ဩမှုတို့ကြောင့် ပြန်မဖြေအားသေးဘဲ အကြည့်တွေက နေရာအနှံ့ဆီသို့ ရောက်ရှိသွားသည်။
“ ကိုကို ရှာမနေနဲ့တော့ ... ကျွန်တော့်ကို ကိုကို မြင်ရမှာမဟုတ်ဘူး ... ကျွန်တော် မေးမယ် ... ကိုကို ကျွန်တော့်ကို တွေ့ချင်နေတာလား ”
“ အင်း ”
မတုံ့မဆိုင်းဘဲ ဖြေလိုက်မိသည်။ အမှန်တကယ်လည်း သူ ဈာန့်ကို တွေ့ချင်နေသည်။ မတွေ့ရသည့်ရက်တွေကလည်း တော်တော်ကြာခဲ့ပြီကိုး။
“ ဒါဆို ကျွန်တော် အခု လာခဲ့မယ် ... ကိုကို အဲ့နေရာမှာပဲ စောင့်နေ ... ”
“ အင်း ”
အခု လေးဆက်တို့ရှိနေသည့်နေရာဆိုတာ ပြောရရင်တော့ ကခုန်နေသည့်လူတွေရှိနေကြသည့်ဘေးအစွန်းနားမှာဖြစ်သည်။ မေမြတ်နှင့် ဥဥကတော့ စင်မြင့်ထက်က သီချင်းသံတွေနဲ့အတူ စိတ်ရှိတိုင်းခုန်ပေါက်ကခုန်နေကြသည်။ မြတ်သူက သူ့ကလေးနှင့် စကားတွေပြောပြီး ရယ်မောနေကြသလို လေးဆက်လည်း နောင်ခန့်နှင့် ရောက်တတ်ရာရာစကားတွေ ပြောနေလိုက်သည်။
ထိုစဉ် ပခုံးထက်သို့ သိသာစွာကျဆင်းလာသည့်ရေများ။ အနောက်ဘက်သို့ ခေါင်းလေး စောင်းငဲ့ကြည့်လိုက်တော့ ရေဘူးလေးကိုကိုင်ထားသည့်ဈာန်က ပျော်ရွှင်နေပုံရသည်။
“ ကိုကို့ကို ကျွန်တော် ရေလောင်းချင်နေတာကြာပြီ ... နှမျောစရာကောင်းတာက ကိုကို့ကို ပထမဆုံးရေလောင်းတဲ့သူက ကျွန်တော်မဟုတ်တာပဲ ”
လေးဆက် ဒီကလေးကို အပြုံးတစ်ခုဖြင့်သာ ပြန်တုံ့ပြန်လိုက်သည်။ သူ့ဘေးနားကို ဈာန် ရောက်လာသော်လည်း လူတော်တော်များများက စင်မြင့်ထက်သို့သာ အာရုံရောက်နေကြသဖြင့် သိပ်သတိမပြုမိကြပေ။
နှစ်ယောက်တည်းသီးသန့်မဟုတ်ဘဲ မြတ်သူတို့စုံတွဲရော နောင်ခန့်ရော ရှိနေသဖြင့် လူတော်တော်များများက သူတို့ကို သာမန်သူငယ်ချင်းအသိမိတ်ဆွေလို့သာ ထင်နေကြဟန်ပေါ်သည်။ တစ်ချို့တလေက စူးစမ်းရုံလှည့်လှည့်ကြည့်သော်ငြား အုပ်စုလိုက်ဖြစ်နေသဖြင့် မီဒီယာပေါ်ပြန့်နေသည့်ဓာတ်ပုံတွေနှင့် ဆက်စပ်တွေးမိမည်မထင်။
“ ငါလည်း မင်းကို ရေလောင်းမယ် ”
ဒီကောင်လေးလက်ထဲက ရေတစ်ဝက်လောက်ကျန်နေသေးသည့်ဘူးကို ယူလိုက်ကာ သူ့ပခုံးကို ရေအနည်းငယ်လောင်းလိုက်တော့ ဒီကလေးက မယုံကြည်နိုင်ဟန် နှုတ်ခမ်းလေးဟသွားသည်။ အဲဒီနောက်
“ ကိုကို ... ကိုကို ဒီနေ့ နည်းနည်းထူးဆန်းနေတယ် သိလား ”
လေးဆက် ရင်ထဲ ထိတ်ခနဲဖြစ်သွားပေမဲ့ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ကာ
“ အင်း ... ပြောပါဦး ... ငါ ဘာတွေ ထူးဆန်းနေလို့လဲ ”
“ ကျွန်တော့်ကို တွေ့ချင်တယ်လည်း ပြောတယ် ... ပြီးတော့ ကျွန်တော့်ကိုလည်း ရေလောင်းသေးတယ်လေ ... ပုံမှန်ဆို ကိုကိုက အဲ့လိုမှ မလုပ်တာ ”
ဈာန့်အပြောကြောင့် လေးဆက်ရဲ့နှုတ်ခမ်းစွန်းလေးက ကွေးတက်သွားပြီး အပြုံးတချို့ပေါ်ပေါက်လာသည်။
“ အဲ့တော့ မင်း ဘယ်သူ့ကို ပိုသဘောကျလဲ ... အရင်ကလို စိမ်းစိမ်းကားကားဆက်ဆံတတ်တဲ့ငါ့ကိုလား ... ဒါမှမဟုတ် အခုလို ဖော်ရွေတဲ့ငါ့ကိုလား ”
ကောင်လေးက နှစ်နှစ်ခြိုက်ခြိုက်ရယ်မောပြန်သည်။ မျက်လုံးလေးတွေက ကြည်စင်ပြီး နှုတ်ခမ်းထက်မှာ အပြုံးလေးတွေက တွဲခိုလို့။ ဒီကောင်လေးက တကယ့်ကလေးလေးလိုပဲ။
“ ကျွန်တော်က ကိုကိုဖြစ်နေရင် ရပြီ ... ကိုကို ဘာဖြစ်ဖြစ် အကုန်သဘောကျတာမို့လို့ ... ”
ထိုအပြောကြောင့် ဈာန့်ရဲ့မျက်နှာကို ကြည့်နေရာမှ လေးဆက် အလျင်စလိုမျက်နှာလွှဲလိုက်မိသည်။ ဖျတ်ခနဲကြွေကျသွားသည့် မျက်ရည်တစ်စက်ကတော့ ရေတွေနှင့်အတူရောနှောသွားခဲ့သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ကို ဆင်မြန်းရင်း ဈာန့်ဘက်ကို ပြန်လှည့်ကြည့်လိုက်ပြီး အသံတိုးတိုးလေးဖြင့်
“ ဈာန် မင်း ငါ့ကို ချစ်လား ”
ထိုမေးခွန်းကြောင့် ဈာန်ရောင်ခရဲ့မျက်နှာက ပြုံးရွှင်နေရာကနေ တည်သွားခဲ့သည်။ ဒီနေ့ ကိုကို တော်တော်ထူးဆန်းနေတာပဲ။ ကိုကို ဟန်ဆောင်ကောင်းတာကို သူသိသည်။
ကိုကို့ရဲ့အရိပ်ကို တစ်ချိန်လုံး အမြဲမပြတ်လိုက်ကြည့်နေတတ်သူမို့လို့လည်း ကိုကို ဘယ်လောက်ဟန်ဆောင်ကောင်းကောင်း သူ သိနေတာချည်းပင်ဖြစ်သည်။
အခုလည်း ကိုကို တစ်ခုခုကို ဖုံးကွယ်ထားတာ ကျိန်းသေသည်။
ဘာများလဲ ...
ဘာကိစ္စမို့လို့ မပြောဖူးတဲ့စကားတွေတောင် ပြောလာရတာလဲ ...
“ ဈာန် မင်း ငါ့ကို ချစ်လား ”
နောက်တစ်ဖန်ထပ်မေးလာသည့်မေးခွန်းတွေထဲမှာ တုန်ယင်မှုတွေအနည်းငယ်လှိုက်စားနေမှန်း ဈာန်ရောင်ခ ရိပ်စားမိလိုက်သည်။ ရေစက်လေးတွေ တင်ကျန်နေသည့် ကိုကို့မျက်နှာကို ငေးကြည့်နေရင်း
“ ချစ်တယ် ... ပြောမပြတတ်လောက်အောင်အထိ ... ”
သီချင်းသံတွေဖြင့် ဆူညံနေသည်မို့ ဒီစကားသံတွေက သူတို့နှစ်ဦးကြားလောက်ရုံမျှသာ။ အကြည့်နှစ်ခု အားချင်းပြိုင်နေရင်းမှ မလုံသည့်လူက မျက်နှာလွှဲရစမြဲမို့
“ အင်း ... ဒီလောက်ဆို ရပါပြီ ”
ဆက်မပြောချင်မှန်း သိသောကြောင့် သူလည်း ကိုကို့ကို ဘာအနှောင့်အယှက်မှ မပေးဘဲ ဘေးနားမှာသာ ရပ်နေလိုက်သည်။ ကိုကိုက အအေးဒဏ်မခံနိုင်သည့်လူမို့ ရေတွေရွှဲစိုနေသည့် ကိုယ်လုံးလေးက တဆတ်ဆတ်တုန်နေမှန်း သတိထားမိသည်။
အနွေးဓာတ်ရရန် ပွေ့ဖက်ပေးချင်သော်လည်း ကိုကို့အား မပြီးဆုံးသေးသည့်ပြဿနာတွေထဲ ဆွဲထည့်မိမည်ဆိုးသဖြင့် စိတ်ကို မနည်းချုပ်တည်းထားနေရသည်။
အဆက်မပြတ်ကျဆင်းလာသည့် ရေတွေကြောင့် ကိုကိုရဲ့အဖြူရောင်ရှပ်အကျီက ခန္ဓာကိုယ်မှာ ချပ်ချပ်ရပ်ရပ်ကပ်နေကာ အရာအားလုံးကို အရှိအတိုင်းဖော်ပြနေသကဲ့သို့။ တခြားလူတွေမြင်မှာကို သဝန်တိုမိသော်ငြား သူ့မှာ လုပ်ပိုင်ခွင့်မရှိ။
ကိုကိုရဲ့ရေစိုနေသည့်အလှတရားအား တခြားသူတွေကို မမြင်စေချင်ပေမဲ့ ကျောင်းသင်္ကြန်ပွဲဖြစ်နေသည့်အတွက် ဘာမှမတတ်နိုင်။ ဖြစ်နိုင်ရင် ကိုကို့ကို သူကလွဲပြီး ဘယ်သူ့မှမမြင်အောင် သိမ်းထုတ်ထားလိုက်ချင်သည်။
သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ်ပြီးဆုံးသွားသလို ဖျော်ဖြေသူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ပြောင်းသွားကြသည်။ စင်အောက်မှာ အားပေးနေကြသည့်ကျောင်းသား/သူတွေကလည်း မောပန်းနွမ်းနယ်နေသည့်ဟန်လုံးဝမရှိဘဲ ရွှင်လန်းတက်ကြွစွာ ကခုန်နေကြတုန်းပင်။
ဘာလိုလိုနဲ့ အချိန်နီးလာပြီပဲ ...
ထိုကဲ့သို့တွေးနေစဉ်မှာပင် အသံတစ်ခုကြားလိုက်သဖြင့် ရေစိုအိတ်ထဲ ထည့်ထားသည့်ဖုန်းကို လေးဆက် ကြည့်လိုက်တော့ မက်ဆေ့ခ်ျတစ်စောင်ဝင်နေသည်။ ထိုမက်ဆေ့ခ်ျကို သေချာဖတ်လိုက်ပြီး စာတစ်စောင်ပြန်ရိုက်ပို့လိုက်သည်။
အဲဒီနောက် ဘေးနားမှာ ရှိနေသည့်ကောင်လေးကို တစ်ချက်ကြည့်လိုက်တော့ မရည်ရွယ်ထားပါဘဲနဲ့ အကြည့်ချင်းက ထပ်တူကျသွားသည်။ ဒီကောင်လေးက တစ်ချိန်လုံး လေးဆက်ကိုပဲ ကြည့်နေတာလား။
“ ဈာန် ငါ COE အပေါ်ထပ်ဆီသွားစရာရှိလို့ ... မင်း ဒီနားမှာပဲ ခဏရပ်စောင့်ပေးလို့ရတယ်မလား ”
ကောင်လေး၏အကြည့်တွေက တစ်မျိုးဖြစ်သွားသည်ကို လေးဆက် သတိထားမိလိုက်သည်။
“ ကျွန်တော်လည်း လိုက်ခဲ့မယ်လေ ”
“ ဟင့်အင်း ... မလိုက်နဲ့ ဈာန် ... ငါ မင်းကို အကူအညီတစ်ခုတောင်းစရာရှိတယ် ... မင်း ငါ့ကို ကူညီပေးမယ်မလား ”
သူ့ကို မော့ကြည့်ကာပြောနေသည့် မျက်နှာလေးကြောင့် ဈာန်ရောင်ခမှာ ငြင်းပယ်ပစ်လိုက်ဖို့ခွန်အားမရှိသည့်အတွက် ခေါင်းကိုသာ အသာအယာညှိမ့်ပြလိုက်သည်။
ကိုကိုနဲ့ပတ်သတ်လာရင် သူ ဘယ်တုန်းကမှ မငြင်းဆန်နိုင်ခဲ့တာပဲ ...
ကိုကိုက သူ့ကို ပြုံးပြလာသည်။ ဒါပေမဲ့ အဲဒီအပြုံးက အစစ်အမှန်မဟုတ်ဘူးလို့ ခံစားနေရတာ ဘာကြောင့်များလဲ။ ကိုကို့ရဲ့မျက်ဝန်းထဲမှာ ဝမ်းနည်းမှုတွေ ထပ်ဟပ်နေသည်။
“ ဈာန် ငါ ပြောတာ နားထောင်နော် ... ခဏနေ ငါ့မိတ်ဆွေတစ်ယောက်လာလိမ့်မယ် ... မင်း သူ့ကို ခဏလောက်ဧည့်ခံပေးလို့ရမလား ... ငါ့မိတ်ဆွေဖြစ်နေလို့ သူ့ကိုလည်း ငါ့လိုမျိုး ကောင်းကောင်းမွန်မွန်ဆက်ဆံပေးနိုင်မလား ဈာန် ”
“ ကိုကို ကျွန်တော် ... ”
“ ငါ့ကို ချစ်ရင် ငါ တောင်းဆိုတာလေးကို လုပ်ပေးပါလား ဈာန်ရယ် ”
အဲဒီအပြော၊ အဲဒီအကြည့်တွေကို သူ ဘယ်တုန်းကမှ မလွန်ဆန်နိုင်ခဲ့ဘူး။ အခုထိတိုင်ပေါ့။
“ ကောင်းပြီလေ ... ကိုကို တောင်းဆိုတာကို ကျွန်တော် လုပ်ပေးပါ့မယ် ”
“ ကျေးဇူးပဲ ဈာန် ”
ကိုကိုက သူ့ထံ ခပ်ယဲ့ယဲ့အပြုံးတစ်ပွင့်စွန့်ကြဲပေးလာသည်။ လန်းဆန်းတက်ကြွမှုတို့ မပါဝင်သည့်အပြုံးတစ်ပွင့်ဖြစ်သော်ငြား သူ မြတ်နိုးရပါသည်။ ပိုင်ရှင်က ကိုကိုဖြစ်နေရုံနဲ့တင် သက်ဆိုင်သမျှအရာအားလုံးကို သူ မက်မောသည်။
သူ့ကို ကျောပေးကာ ကိုကို လှည့်ထွက်မည်ကြံစဉ်
“ ကိုကို ”
အသံတိုးတိုးလေးဖြင့် သူ ခေါ်လိုက်တော့ ကိုကိုရဲ့ခြေလှမ်းတွေက ရပ်တန့်သွားခဲ့သည်။
“ ကိုကို ဘာတွေကြံစည်နေမှန်း ကျွန်တော် မသိပေမဲ့ ကိုကို ကြိုက်တာလုပ်လို့ရတယ် ... ကိုကို့ရဲ့အကြံအစည်က ကျွန်တော့်ကို ထိခိုက်စေမယ်ဆိုရင်တောင် ဘာမှမဖြစ်ဘူး ... ဒါပေမဲ့ ... ”
စကားကို ဆက်မပြောသေးဘဲ ဈာန်ရောင်ခ အသက်ကိုခပ်ပြင်းပြင်းရှိုက်ရှုလိုက်ပြီးမှ
“ ကျွန်တော့်ကို စွန့်ပစ်ဖို့ မကြိုးစားမိစေနဲ့ ... အဲ့လိုသာဆို ကျွန်တော် ကိုကို့ကို အရမ်းစိတ်ဆိုးမိလိမ့်မယ် ”
ကျောပြင်လေးက သိမ့်ခနဲတုန်သွားတာကို ဈာန်ရောင်ခ မြင်လိုက်ရသဖြင့် စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေက အလုအယက်နေရာဝင်ယူလာကာ တစ်ခုခုကို အလိုမကျသလို မျက်ခုံးတန်းတွေ တွန့်ချိုးသွားသည်။
ကိုကို တကယ်ပဲ ဘာတွေကြံစည်နေတာလဲ ...
ဒီကလေးရဲ့စကားတွေကို ကြားပြီးနောက်မှာတော့ သူ့ရှေ့မှာ လေးဆက် ဘယ်လိုမှ ဆက်ပြီးရပ်တည်နိုင်စွမ်းမရှိတော့သဖြင့် ဈာန့်ကို နောက်ချန်ထားခဲ့ပြီး လူအုပ်ကြားထဲ တိုးဝင်ကာ COE ဆောင်ထဲသို့ အလျင်စလိုပြေးဝင်လာခဲ့သည်။ လေးဆက်နောက်ကနေ ထွက်ပေါ်လာသည့်ခြေသံတွေအရ မြတ်သူတို့စုံတွဲကလည်း သူ့နောက်ကနေ ပြေးလိုက်လာပုံပေါ်သည်။
နောင်ခန့်ကတော့ ပွဲမှာသောင်းကျန်းနေသည့်မေမြတ်နှင့် ဥဥကို ထိန်းရန်အတွက် ကျန်ရစ်ခဲ့သည်။
အမှန်တော့ လေးဆက် ကြံစည်နေသည့်ကိစ္စကို သိတာ သုံးယောက်ပဲရှိသည်။
သူရယ် ... မြတ်သူရယ် ... ပြီးတော့ တာရာလင်းရယ် ...
COE ဆောင်ထဲ ပြေးဝင်လာပြီးပြီးချင်း လေးဆက် သတိထားမိလိုက်သည်က သူ့ရဲ့ခြေထောက်တွေ တုန်ရီနေသည်ဆိုတာကိုပင်။ ဈာန့်ရှေ့ကနေ ထွက်သွားချင်လို့သာ မနည်းအားတင်းပြီး ပြေးထွက်လာရသည်။ အမှန်တော့ ခြေထောက်တွေက အားမရှိတော့။
“ လေးဆက် မင်း အဆင်ပြေရဲ့လား ”
COE ဆောင်အတွင်းထဲမှာ ငူငူငိုင်ငိုင်နှင့် ရပ်နေသည့် လေးဆက်ကို မြင်တော့ မြတ်သူ စိုးရိမ်တကြီးနှင့် အနားသွားကာ ပခုံးကို လှုပ်ရင်းခေါ်မိသည်။ သူရှိရာဘက်သို့ လှည့်ကြည့်လာသည့် သူငယ်ချင်းဖြစ်သူ၏မျက်ဝန်းတွေက အရည်လဲ့နေသည်။
“ မြတ်သူ ”
ခိုကိုးရာမဲ့စွာခေါ်လိုက်သည့်အသံထဲမှာလည်း တုန်လှုပ်ခြင်းတွေ ကိန်းဝပ်နေသည်။ မြတ်သူလည်း အခြေအနေအားလုံးကို သဘောပေါက်သွားပြီဖြစ်သဖြင့် လေးဆက်အား COE ဆောင်အောက်ထပ်က နိုင်ငံခြားသားတွေစာသင်ရာအခန်းရှေ့ရှိ ထိုင်ခုံတန်းတွေဆီသို့ ခေါ်လာကာ ထိုင်ခိုင်းရသည်။ သုတကတော့ မြတ်သူ အနည်းအကျဉ်းပြောပြထားသဖြင့် သူတို့နှစ်ယောက်ကို ထားခဲ့ကာ ခဏရှောင်ပေးလေသည်။
“ လေးဆက် မင်း ဘယ်လိုနေသေးလဲ ”
ရုတ်တရက် လေးဆက်က သူ့ရဲ့လက်တွေကို အားကိုးတကြီးဆုပ်ကိုင်လာကာ
“ မြတ်သူ ... ငါ လုပ်တာ မှန်တယ်မလား ... အဲ့ကလေးက ပြောတယ် ... သူ့ကို စွန့်ပစ်ဖို့ကြံရင် သူ ငါ့ကို စိတ်ဆိုးမိလိမ့်မယ်တဲ့ ... ငါက သူ သဘောမကျတဲ့ဟာကို လုပ်ခဲ့မိတာ ... သူ ငါ့ကို မုန်းသွားမှာမလား မြတ်သူ ... သူ ငါ့ကို မုန်းသွားတော့မှာမလား ”
ပါးပြင်ပေါ် မျက်ရည်စတွေစီးကျနေသည့် သူငယ်ချင်းအား ကြည့်ရင်း မြတ်သူ ဘာပြန်ပြောရမှန်းမသိတော့ပေ။
“ ဟုတ်တယ် ... သူ ငါ့ကို မုန်းသွားမှာ ... သေလောက်အောင် မုန်းသွားမှာပဲ ”
“ လေးဆက်ရာ ”
မြတ်သူလည်း လေးဆက်ကို ဘယ်လိုနှစ်သိမ့်ပေးရမှန်းမသိ။ အချိန်အကြာကြီးရေစိုထားလို့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး နှုတ်ခမ်းတွေပါ ဖြူဖျော့လာသည့်သူငယ်ချင်းဖြစ်သူအားကြည့်ရင်း စိတ်မကောင်းဖြစ်လာရသည်။
ထို့အပြင် လေးဆက်၏လက်ရှိဖြစ်ပျက်နေသည့်အခြေအနေကို ကြည့်ကာ တစ်စုံတစ်ရာကိုလည်း အလွန်အမင်းသိချင်နေသဖြင့် စိတ်မထိန်းနိုင်တော့ဘဲ
“ လေးဆက် မင်း သူ့ကို ချစ်နေတာလား ”
ထိုအခါ လေးဆက်က သူ့ကို အလန့်တကြား မော့ကြည့်လာသည်။ မျက်ရည်တွေနှင့်ပြည့်နှက်နေသည့် မျက်ဝန်းအစုံက ထိတ်လန့်နေသည့်ဟန်ပေါ်သည်။ ခြောက်ချားနေဟန်ပေါ်သည်။ တုန်လှုပ်နေဟန်ပေါ်သည်။
“ ဟင့်အင်း ... မချစ်ဘူး ... ငါ သူ့ကို မချစ်ဘူး ... ချစ်လို့လည်း မရဘူး ... ငါ့မှာ ချစ်သူရှိတယ် ”
လေးဆက်က ကယောင်ကတမ်းနှင့် အတင်းငြင်းဆိုသည်။ သို့သော်ငြား စကားလုံးတွေနှင့် အပြုအမူတွေက တလွဲစီဖြစ်နေကြောင်း မြတ်သူ ရိပ်မိလိုက်သည်။ လွန်ခဲ့သည့်သုံးနှစ်က ကိစ္စကြီးဖြစ်သွားပြီးသည့်နောက် လေးဆက်က အရမ်းငြိမ်ကျသွားခဲ့သည်လေ။
အဲဒီအချိန်တုန်းက အရယ်အပြုံးတွေ မရှိသလောက်နီးပါး နည်းသွားပြီး လူက စက်ရုပ်တစ်ရုပ် သံပတ်ပေးထားသလိုမျိုးအသက်မဲ့သွားခဲ့သည်။ တစ်နှစ်ကျော်လောက်ကြာတော့မှ လေးဆက်က နည်းနည်းသက်သာလာခြင်းဖြစ်သည်။ အဲဒီအချိန်ကာလတွေက အရမ်းပင်ပန်းခက်ခဲလွန်းသဖြင့် ဖြစ်နိုင်ရင် မြတ်သူ ပြန်မစဉ်းစားချင်တော့ပေ။
ယခုလည်း ဝေဒနာကနေ ပြန်နလံထူစပဲရှိသေးသည့် လေးဆက် နောက်တစ်ကြိမ် ပြန်လဲကျသွားမှာကို မြတ်သူ စိုးရိမ်လှသည်။ ဘယ်လိုပဲဖြစ်ဖြစ် မြတ်သူအတွက်တော့ တခြားသူထက်စာရင် သူငယ်ချင်းက ပိုအရေးကြီးလေသည်။ ထို့ကြောင့် ဝေခွဲမရစွာ ကယောင်ကတမ်းဖြစ်နေသည့်လေးဆက်အား
“ လေးဆက် ... ငါ့ကို ကြည့်စမ်း ... ဒီကိစ္စက မင်း သေချာဆုံးဖြတ်ပြီးလို့ လုပ်ခဲ့တာပဲ ဟုတ်ပြီလား ... မင်း လုပ်ခဲ့တာ မှန်တယ် ... သူ မင်းကို မုန်းသွားရင် ကောင်းမှာပဲလို့ မင်းပဲ ခဏခဏပြောခဲ့တာလေ ... အခု မင်း လိုချင်တဲ့အတိုင်း ဖြစ်လာတော့မှာ ”
မော့ကြည့်လာသည့် လေးဆက်ရဲ့မျက်ဝန်းတွေက အလွန်အမင်းမှိုင်းညှို့ကာ နီရဲနေသည်။
“ သူ ငါ့ကို တကယ်ကြီးမုန်းသွားတော့မှာပေါ့ ဟုတ်လား မြတ်သူ ... ဒါဆို ငါ ပျော်နေရမှာလေ ... ဘာဖြစ်လို့များ ဒီနားက နာသလိုခံစားနေရတာလဲ ”
အားမရှိတော့သည့်အသံဖြင့် လေးဆက်က ရင်ဘတ်ကိုဖိပြီး ပြောလာသည်။
“ ဒီနားက တင်းကြပ်ကြပ်ကြီး ... အသက်ရှူရတာ မဝဘူး မြတ်သူ ... ငါက ဘာလို့ ဒီလိုဖြစ်နေရတာလဲ ... ငါမှ သူ့ကို မချစ်တာ ... ငါမှ သူ့ကို မချစ်တာ ”
“ လေးဆက်ရာ ”
သူကိုယ်တိုင် ဘယ်လိုခံစားနေရသလဲဆိုတာကိုတောင် သေချာမသိသေးသည့်သူငယ်ချင်းအား ကြည့်ကာ မြတ်သူ သနားဂရုဏာသက်လာသည်။
“ ငါ့မှာ ချစ်သူရှိတယ် ... ငါ သူ့ကို မချစ်ဘူး ... ချစ်လည်း ချစ်မပေးနိုင်ဘူး ... အဲဒါကြောင့် သူ ငါ့ကို မုန်းသွားမှဖြစ်မှာ ... အဲ့လိုမှမဟုတ်ရင် သူ ငါ့ကြောင့် တစ်သက်လုံးနာကျင်ရလိမ့်မယ် ... မြတ်သူ ငါ လုပ်ခဲ့တာမှန်တယ်မလား ... တစ်ခုခုမှားသွားမှာ ငါ ကြောက်တယ် ... အဲ့တုန်းကလိုမျိုး ... ”
နောင်တဆိုတာ သေလောက်အောင်ကြောက်စရာကောင်းတဲ့အရာမှန်း လေးဆက်ကို ကြည့်နေရင်း မြတ်သူ တဖြည်းဖြည်းသဘောပေါက်နားလည်လာတာဖြစ်သည်။
နောင်တနှင့် အသက်ရှင်နေရသည့်လူက သေလူနှင့်မထူးမခြားနားပင်။
ဘယ်လိုမှပြန်ပြုပြင်လို့မရတော့သည့် နောင်တ ...
နောင်မှ တရသော နောင်တ ...
မြတ်သူ လေးဆက်အား ထပ်ပြီးနောင်တမရစေချင်တော့ပေ။ လေးဆက်မှာ ရှိနှင့်နေတဲ့နောင်တတွေက ရှိသင့်တာထက် အဆပေါင်းများစွာပိုလျှံနေပြီသား။
“ အင်း ... ဟုတ်တယ် ... လေးဆက် ... မင်း လုပ်တာ မှန်တယ် ... မင်း လုပ်တာ မှန်တယ် ... ဟုတ်ပြီလား ... စိတ်ကို လျှော့ထား ... မင်း ဒီလိုခဏခဏစိတ်လှုပ်ရှားတာတို့ ဝမ်းနည်းတာတို့ဖြစ်လို့မရဘူးလေ ... ဆရာဝန် ဘာပြောထားလဲဆိုတာကို မေ့နေပြီလား ”
လေးဆက်ရဲ့ပခုံးလေးကို အသာအယာပုတ်ကာ ချော့မော့နှစ်သိမ့်တော့မှ အနည်းငယ်ငြိမ်ကျသွားသည်။ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှုကာ နဂိုပုံစံအတိုင်းပြန်ဖြစ်လာသော လေးဆက်ကြောင့် မြတ်သူ စိတ်အေးသွားတုန်းခဏမှာပင်
တောင် !
လေးဆက်ရဲ့ဖုန်းထဲ မက်ဆေ့ခ်ျတစ်စောင် ဝင်လာသည်။ ဖုန်းကို ထုတ်ကာ ထိုမက်ဆေ့ခ်ျကို ဖတ်ကြည့်လိုက်ရင်း လေးဆက်ရဲ့မျက်ရည်စိုနေသည့် မျက်တောင်ရှည်လေးတွေက လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး
“ ငါ ဒုတိယထပ်ကို သွားလိုက်ဦးမယ် မြတ်သူ ... သူ ရောက်နေပြီတဲ့ ... မင်း လိုက်မလာလည်း ရတယ် ... ငါ ... ငါ တစ်ယောက်တည်းပဲ သွားလိုက်မယ် ”
အယောင်ယောင်အမှားမှားနဲ့ ထိုင်နေရာကနေ မတ်တတ်ထရပ်လိုက်ပြီး လှေကားတွေဆီ ဦးတည်နေသည့်လေးဆက်ရဲ့လက်ကောက်ဝတ်ကို မြတ်သူ လှမ်းဆွဲလိုက်ကာ
“ လေးဆက် မင်း တစ်ယောက်တည်း အဆင်ပြေရဲ့လား ”
“ ငါ ... ငါ ... အဆင်ပြေမှာပါ ”
အသံက အားမရှိသလို တိုးဖွဖွသာ ... ။
အဲဒီနောက် ခြေလှမ်းတွေက လှေကားဆီ တရွေ့ရွေ့ ... ။
သူ့မြင်ကွင်းရှေ့မှ လေးဆက်ရဲ့နောက်ကျောပြင်တစ်ခုလုံး ပျောက်ကွယ်သွားသည့်အထိ စောင့်ကြည့်နေပြီးတော့မှ မြတ်သူ ကလေးရှိရာအရပ်ဆီသို့ သွားရသည်။
ရပ်စောင့်နေသည့်ကလေးကို မြင်တော့ ခုနက လေးဆက်အစား မွန်းကြပ်မှုတွေက ပျောက်ကွယ်သွားသလိုပင်။ ကလေးကို သူ့ရင်ခွင်ထဲမှာ မြုပ်နေအောင် ဆွဲဖက်ထားလိုက်ပြီး စိတ်ဆင်းရဲမှုတွေကို ဖြေဖျောက်ရသည်။
“ ကိုကြီး ”
တစ်ခုခုကို စိုးရိမ်နေသည့်အသံလေးက ထွက်ပေါ်လာသည်။
“ အင်း ... ကလေး ”
“ ကိုလေးဆက် အဆင်ပြေပါ့မလား ”
မြတ်သူ ခဏတာငြိမ်သက်သွားသည်။ အဲဒီနောက် ကလေးကို ပိုတိုးဖက်ထားလိုက်ပြီး
“ တစ်နေ့နေ့တော့ အဆင်ပြေမှာပါ ... အချစ်ရေးကိစ္စတွေက ကိုယ်တို့လို ဘေးလူတွေ ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ ကလေးရဲ့ ... လေးဆက် ... အင်း ... သူက အချစ်ကိုကြောက်နေတာပါ ... ထပ်ချစ်ရမှာကို ကြောက်နေတာ ... အချစ်ကြောင့် နာကျင်ရမှာကို ကြောက်နေတာ ... ပြီးတော့ အစွဲတွေကြောင့်ရောပေါ့ ... သူ့စိတ်သူ ရိပ်မိလာတဲ့တစ်နေ့ကျရင် သူ တစ်ချိန်လုံး ခံစားနေရတဲ့အစွဲတွေကို ချွတ်နိုင်မှာပါ ”
“ ကိုလေးဆက် သနားပါတယ် ”
ကလေးရဲ့အပြောကြောင့် မြတ်သူ သက်ပြင်းသဲ့သဲ့သာ ချလိုက်ရင်း
“ အမှန်တော့ နှစ်ယောက်စလုံး သနားဖို့ကောင်းတာပါ ”
10:10 A.M
25.1.2021 ( Monday )