ဒီနေ့ လေးဆက် အတန်းထဲမှာ စာသင်နေရပေမဲ့ လူက စာထဲအာရုံမရောက်နိုင်။ လောလောဆယ် အတန်းထဲမှာ လူတွေအများကြီးရှိနေပေမဲ့လည်း မြတ်သူရော မေမြတ်ရော ရောက်မလာသေးသည့်အတွက် လေးဆက်တစ်ယောက်တည်း အထီးကျန်သလိုခံစားနေရသည်။
ဒီအတန်းချိန်ကို မနည်းပြီးအောင် သည်းခံစောင့်ဆိုင်းလိုက်ပြီး ဆရာမထွက်သွားသည်နှင့်တစ်ပြိုင်နက် လေးဆက်လည်း လွယ်အိတ်ကိုပါ တစ်ခါတည်းယူပြီး အခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။ အဲဒီနောက် LRC အပြင်ဘက်ရှိ ခုံတန်းတွင် ဝင်ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။
ထိုစဉ် လေးဆက်မှာ သူ့ဘေးနားနေရာလွတ်တွင် ကောင်မလေးတစ်စုလာထိုင်ပြီး တီးတိုးအတင်းပြောနေကြသည်နဲ့ ကွက်တိကြုံရလေသည်။ ကောင်မလေးအုပ်စုထဲကတစ်ယောက်က မနှစ်ကမေဂျာရှပ်ကို ဝတ်ထားသဖြင့် ကြည့်ရတာ လေးဆက်တို့မေဂျာကပဲဖြစ်မည်ထင်၏။
ဖြစ်ချင်တော့ သူတို့အတင်းပြောနေကြသည်မှာ လေးဆက် ကမ္ဘာပေါ်မှာ အရှောင်ရှားချင်ဆုံးပုဂ္ဂိုလ်အကြောင်းဖြစ်နေသည်။
လေးဆက်လည်း သူတစ်ပါးကိစ္စကို ခိုးမနားထောင်ချင်ပေမဲ့ ထိုကလေးမလေးတွေပြောနေကြသည်မှာ အနည်းငယ်ကျယ်လောင်သောကြောင့် လေးဆက်မှာ နားမထောင်ချင်ရင်တောင်မှ ကြားနေရသည့်အဖြစ်။ အဲဒါနဲ့ပဲ လေးဆက်လည်း မထူးစိတ်ပိုက်ကာ သူတို့ပြောနေကြသည်ကို မသိမသာနားစွင့်နေလိုက်သည်။
“ ဟဲ့ရေ ... ငါလေ ဒီနေ့ ဈာန်ရောင်ခကို တွေ့ခဲ့တယ်သိလား ”
“ ဟဲ့ ... ဟဲ့ ... ဘယ်မှာလဲ ... အမြန်ပြောစမ်း ”
ကျန်တဲ့ကလေးမလေးများကလည်း အလွန်အမင်းစိတ်ဝင်စားနေဟန်ဖြင့် နားစွင့်နေကြသည်။
“ ကျောင်းအလာမှာ တွေ့တာဟယ် ... သူက ကျောင်းကို ကားအမိုက်စားကြီးနဲ့လာတာနော် ... လုံးဝဘောစိပဲ ”
“ ဒါဆို အခု သူ ဘယ်ကိုလာတာ နင်တွေ့လိုက်လဲ ”
“ ငါက သူ ကားပေါ်က ဆင်းလာတာကိုပဲ မြင်လိုက်တာဟ ... အရပ်ကြီးက အရှည်ကြီးပဲဟယ် ... တော်တော့်ကို ချောတာ ”
“ ငါလည်း တွေ့ချင်လိုက်တာဟာ ... ဟိုတစ်ခေါက်ကတောင် ငါ အဝေးကနေပဲ တွေ့လိုက်ရတာ ”
“ အေးလေ ... ဒီလောက် ကျောင်းကျဉ်းကျဉ်းလေးကို ဘာလို့များ သူနဲ့တွေ့ဖို့အရေး ခက်ခဲနေရလဲ မသိဘူး ”
“ နင်တို့ကလည်း စိတ်မပူကြစမ်းပါနဲ့ ... ဈာန်ရောင်ခက သေချာပေါက် LRC ကိုလာမှာပဲ ... ဒီကနေ ကျိန်းသေစောင့်ဖမ်းရင်မိတယ် ... စိတ်ချ ... ”
ထိုကောင်မလေးပြောလိုက်သည့်စကားကြောင့် လေးဆက်မှာ ထိုင်ရမလို ထရမလို အခုချက်ချင်းပဲ ထပြေးရတော့မလိုဖြင့် ဖင်တကြွကြွဖြစ်သွားရသည်။
“ ဟဲ့ ... ဒီအချိန်က အတန်းတက်ချိန်လေ ... သူက အတန်းပဲ သွားတက်မှာပေါ့ ... ဘာကိစ္စ LRC ကိုတကူးတကကြီးလာနေမှာလဲ ”
“ နင် မသိသေးဘူးလား ”
“ ဘာဖြစ်လို့လဲ ... ဘာကိစ္စရှိနေလို့လဲ ... ငါ့ကို မြန်မြန်ပြောပြစမ်းပါ ... ငါ လွတ်သွခေါင်းတညိမ့်ညိမ့်ဖြင့
“ အမလေး ... ပြောမယ် ... ပြောမယ် ... ပြောချင်လွန်းလို့ကို မေးမဲ့လူကို တမင်စောင့်နေတာ ... ဒီလိုဟ ... တခြားလူတွေ ပြောကြတာက ဈာန်ရောင်ခက အင်္ဂလိပ်ဒီပလိုမာတန်းက အစ်မကြီးတစ်ယောက်ကို ကြိုက်နေတာတဲ့ ”
ထိုစကားသံကို ကြားလိုက်ရသည့်အခါ လေးဆက်ကိုယ်လုံးလေး တောင့်ခဲသွားရသည်။
“ ဟဲ့ ! နင်ပြောတာ ဟုတ်ပါ့မလား ... သူ ကျောင်းစတက်ကတည်းက ကောင်မလေးတွေကို လိုက်တယ်ဆိုတာ ကြားတောင်မကြားဖူးဘူး ”
“ ငါလည်း ငါ ကြားတာကိုပြောပြတာလေ ... ဈာန်ရောင်ခကလည်း ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် အဲ့အင်္ဂလိပ်ဒီပလိုမာတန်းရှေ့မှာချည်းပဲကိုး ”
ပြောသည့်လူကလည်း ပြော၊ ထောက်ခံသည့်လူကလည်း ထောက်ခံပြီး အရာအားလုံးအဆင်ပြေနေကြစဉ် ကောင်မလေးတစ်ယောက်က သူ့အဖွဲ့ကို အသိပေးသည့်သဘောဖြင့် မတိုးမကျယ်ထအော်သည်။
“ ဟဲ့ ! ဟဲ့ ! ဟိုကို ကြည့်စမ်း ... အဲဒါ ဈာန်ရောင်ခမလား ... သူ ဒီဘက်ကို လာနေတာပဲ ... နင်ပြောတာ ကွက်တိပဲဟယ် ... ဗေဒင်ဟောစားလို့တောင်ရနေပြီ ”
“ အဟိ ... အဟိ ... ဒီလိုပဲဖြစ်နေရမယ်လေ ”
ထိုကလေးမတစ်သိုက်မှာ အပျော်လွန်နေပေမဲ့ လေးဆက်မှာတော့ သူတို့ပြောနေသည့်အသံကိုကြားပြီး နောက်ကျောမှာချွေးတွေစို့လာသလိုခံစားလိုက်ရသည်။
ကောင်မလေးတွေ ပြောနေကြသည့်ဘက်ကို မသိမသာလှမ်းကြည့်တော့ အမှန်တကယ် ဈာန်ရောင်ခ လူကောင်လိုက်ကြီးကို မြင်လိုက်ရသဖြင့် လေးဆက် ထိုနေရာမှာတင် အငွေ့လို ပျံတက်ပျောက်ကွယ်သွားချင်မိသည်။ သူက ဘာကိစ္စ ဒီကို ထပ်လာရပြန်တာလဲ။
လေးဆက် ဈာန်ရောင်ခဘက်ကို တစ်ချက်ငဲ့ကြည့်လိုက်တော့ ဈာန်ရောင်ခက ဒီနေရာမှာ သူထိုင်နေမှန်း သိသည့်ပုံမပေါ်သေးပေ။
ကားသော့လေးကို လက်မှာကိုင် လေထဲဝှေ့ရမ်းပြီး LRC ရှိရာလျှောက်လာသော ဈာန်ရောင်ခရဲ့ပုံစံမှာ လုံးဝအမိုက်စားဖြစ်နေကြောင်းကို လေးဆက် မကြည်ပေမဲ့ ဝန်ခံရပေမည်။
အခုလိုမျိုး ဈာန်ရောင်ခက LRC ကိုတည့်တည့်လျှောက်လာနေသည့်အခြေအနေမှာ လေးဆက်လည်း အရင်ကလိုမျိုး တစ်နေရာရာမှာ သွားရှောင်ပုန်းလို့မရတော့မှန်း ရိပ်မိလိုက်သည့်အတွက် ဖုန်းသုံးချင်ဟန်ဆောင်ကာ ခေါင်းကို ငုံ့ချထားလိုက်ပြီး ဟိုကလေးမတစ်သိုက်ဘက်တဖြည်းဖြည်းရွေ့ထိုင်လိုက်ကာ တစ်ဖွဲ့တည်းဖြစ်ဟန်ဆောင်လိုက်သည်။
ထိုကလေးမတစ်သိုက်ကတော့ ဈာန်ရောင်ခကိုသာအာရုံရောက်နေကြသဖြင့် သူတို့နား လေးဆက် တရွေ့ရွေ့ကပ်လာတာကို ရိပ်မိကြပုံမပေါ်ပေ။
ဈာန်ရောင်ခ LRC နားရောက်ခါနီးလေ လေးဆက် ရင်တွေ တဒိတ်ဒိတ်ခုန်လေပါပဲ။ ဒီကောင်လေးနှင့်တွေ့တိုင်း လေးဆက် ရင်တုန်နေတတ်သောကြောင့် ဖြစ်နိုင်လျှင် သူနှင့်တွေ့ချင်စိတ်မရှိပေ။
LRC ကိုတန်းတန်းမတ်မတ်လျှောက်လာသည့်ဈာန်ရောင်ခက ဟိုးအဝေးကြီးမှာကတည်းက LRC ရှေ့ကခုံတန်းမှာ ကိုကို ထိုင်ပြီးဖုန်းသုံးနေမှန်း လှမ်းမြင်ပြီးသားဖြစ်သည်။
ကိုကို့ကို သူ အဝေးကနေပဲ အမြဲကြည့်နေခဲ့တာ ဘယ်နှစ်နှစ်တောင် ရှိသွားခဲ့ပြီလဲ။ အမြဲတမ်း အဝေးကနေပဲ ငေးကြည့်ရလွန်းသဖြင့် နောက်ကျောလေးမြင်ရင်တောင် ကိုကိုမှန်း သူ တန်းမှတ်မိပါသည်။ ယုတ်စွအဆုံး အရိပ်လေးတစ်ခုဆိုရင်တောင်မှ သူ ဘယ်တော့မှ မှားယွင်းနိုင်မှာမဟုတ်။
ဒါက ဈာန်ရောင်ခ ပထမဆုံးအကြိမ်အဖြစ် ကိုကိုနဲ့နီးစပ်နိုင်မဲ့အကြံအစည်ကို စတင်အကောင်အထည်ဖော်ခြင်းဖြစ်သည်။ သူ ကိုကို့ကို အဝေးကနေပဲ ငေးကြည့်နေခဲ့ရသည့်အချိန်အတောအတွင်းမှာ ကိုကိုလည်း အတော်အတန်အဆင်ပြေလာလောက်ပြီဟု ယူဆမိသည့်အတွက် အခုချိန်မှာ သူ့ရဲ့ပထမခြေလှမ်းကို စတင်ခဲ့မိသည်။
အမြဲတမ်း အရိပ်တကြည့်ကြည့်နေခဲ့ရသည့်ကိုကိုနှင့် အနီးကပ်ဆုံလိုက်တိုင်းမှာ ဈာန်ရောင်ခ ထိန်းချုပ်နိုင်စွမ်းတွေ ကင်းမဲ့နေခဲ့သည်။ ကိုကို လန့်သွားလိမ့်မယ်ဆိုတဲ့အတွေးတစ်ချက်နှင့်သာ သူ့ရဲ့စိတ်ရိုင်းတွေကို ချွန်းအုပ်ခဲ့ရသည့်နေ့ရက်တွေကလည်း အများအပြား။
ဒီလူသားကို သူ ဘယ်လောက်အချိန်အကြာကြီးအထိငေးကြည့်ခဲ့ရဖူးလဲဆိုတာ သူ ကိုယ်တိုင်ပဲသိသည်။ အမှန်အတိုင်းပြောရလျှင် သူ ကိုကို့ကို ဘယ်လိုနည်းနဲ့မှ လက်လွှတ်မခံနိုင်ပါ။
အခုလည်း ကိုကိုတစ်ယောက် ဖုန်းသုံးနေရင်းမှ သူ့ကို ချောင်းကြည့်လိုက်တာတွေ၊ ခေါင်းငုံ့လိုက်ပြီး ဟိုကောင်မလေးအုပ်စုနဲ့ ဝင်ရောလိုက်ပုံတွေကို ကြည့်ပြီး ဈာန်ရောင်ခ ခေါင်းလေးခါကာ ခပ်ဟဟရယ်မောမိသည်။ ကိုကိုက တကယ်ကလေးဆန်လိုက်တာ။
လေးဆက်ကတော့ ဈာန်ရောင်ခတစ်ယောက် သူတို့ကို ကျော်ပြီး LRC ထဲဝင်သွားမှ ဟူးခနဲ သက်ပြင်းချလိုက်မိသည်။ တော်ပါသေးရဲ့။ ဒီနေ့ ဘုရားရှိခိုးလာလို့ ကံကောင်းတာပဲနေမှာ။
Phone Ringing …
စိတ်ထဲကနေ ကြိတ်ပြီးပျော်နေတုန်းတန်းလန်း ဖုန်းလာနေလို့ ကြည့်မိတော့ မမြင်ချင်သည့်လူက ဆက်နေတာဖြစ်သည့်အတွက် လေးဆက် စိတ်ပျက်သွားမိသည်။
ဒီဖုန်းနံပါတ်ပိုင်ရှင်ဟာ လေးဆက် ဖုန်းမကိုင်မချင်း ဘယ်တော့မှ အေးအေးဆေးဆေးပြီးသွားတတ်သည့်လူမဟုတ်ကြောင်း လေးဆက်လည်း ခံရပါများ၍ အထာနပ်နေပါပြီ။
“ ကိုကို ”
ဖုန်းကိုင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုကိုဟူသောခေါ်သံက နားထဲသို့အလုံးအရင်းလိုက် ဝင်ဆောင့်သည်။
“ ဘာကိစ္စလဲ ”
“ ကိုကို အခု ဘယ်မှာလဲ ”
“ လမ်းမှာ ... ”
လေးဆက် မုသာဝါဒကံကို မကျူးလွန်ချင်ပေမဲ့ မတတ်နိုင်တော့။
“ လမ်းမှာဟုတ်လား ... လမ်း ဘယ်နားလောက်မှာလဲ ”
“ လှည်းတန်း ”
“ လှည်းတန်းဆိုတော့ ကိုကို ကျောင်းရောက်ဖို့ကြာဦးမှာပေါ့ဟုတ်လား ”
“ အင်း ”
“ ဒါဆို LRC ရှေ့မှာထိုင်နေတဲ့ ရှပ်အကျီမိုးပြာရောင်နဲ့တစ်ယောက်က ဘယ်သူများလဲ မသိဘူး ”
သူ့ကို ဒီကောင်လေး မြင်သွားသေးတယ်ပေါ့။ လေးဆက် ဘယ်လိုပြန်ပြောရမယ်မှန်းမသိဘဲ ဆွံ့အသွားသည်။ အလိမ်ပေါ်သွားသည့်အတွက် လေးဆက်ရဲ့မျက်နှာက ချက်ချင်းပူတက်လာသည်။
“ ကိုကို့မှာ အမြွှာရှိလား ... ရုပ်ကတော့ ကိုကိုနဲ့ တော်တော်ဆင်တယ် ”
“ ………. ”
“ စကားတောင် ပြန်မပြောနိုင်တော့ဘူးလား ... လူလိမ်လေး ”
တစ်ဖက်မှာတော့ လေးဆက် ဖုန်းနားထောင်နေရင်း မျက်နှာကြီး နီရဲတက်လာသည်။ ဒီကောင်လေးက သူ့ကိုမြင်ရက်နဲ့ တမင်ကျော်သွားပြီး လာဟားတိုက်နေတာ။
“ ကိုကို ”
“ ………. ”
“ စိတ်ဆိုးသွားတာလား ... ကျွန်တော်က စနေတာပါ ”
ဘာစတာလဲ။ ဒါ သူ့ကိုလှောင်လိုက်တာ အသိသာကြီးလေ။ လေးဆက် ဒီကောင်လေးကို သိပ်မကျေမနပ်တော့။
“ ကိုကို့ကို တွေ့တွေ့ချင်း ကျွန်တော် ကိုကို့ဆီ လာလို့ရတယ် ... ဒါပေမဲ့ ဘေးနားမှာ ကောင်မလေးအုပ်စုရှိနေတော့ ကိုကိုရှက်နေမှာစိုးလို့ ... ”
“ ………. ”
“ ကိုကို ကျွန်တော့်ကို တကယ်ကြီးစိတ်ဆိုးသွားတာလား ”
“ ………. ”
“ ကိုကို စိတ်ဆိုးနေရင် ကျွန်တော် အခုပဲ ကိုကိုရှိတဲ့နေရာဆီ လာခဲ့မှာနော် ”
“ မလာခဲ့နဲ့ ”
ဒီကောင်လေး သူ့ဆီ လာလို့မဖြစ်ပေ။ အဲဒီသတင်းသာ တစ်ကျောင်းလုံးပျံ့နှံ့ပွထသွားရင် လေးဆက် မျက်နှာပြဝံ့မှာတောင် မဟုတ်တော့။
“ ဒါဆို ကိုကို ကျွန်တော့်ဆီ လာခဲ့ ... ”
လေးဆက် နှုတ်ခမ်းကို တစ်ချက်ကိုက်လိုက်ပြီး စိတ်ထဲကနေ တွေးတောလိုက်သည်။ ဒီကောင်လေး လေးဆက်ကို အကြပ်ကိုင်ပြန်ပြီ။
“ မင်းက ဘယ်မှာလဲ ”
“ လှေကားနားမှာ ... ”
တီ ... တီ ... တီ ...
Call Ended ဖြစ်သွားသည့်ဖုန်းလေးကို စိုက်ကြည့်ရင်း ဈာန်ရောင်ခ ပြုံးလိုက်မိသည်။
LRC ထဲဝင်ပြီး သူ့ဆီ တန်းတန်းမတ်မတ်လျှောက်လာနေသော မိုးပြာရောင်နတ်သားလေးကို ပိုင်ဆိုင်ခွင့်ရဖို့အရေး သူ ဘယ်လောက်ထိထပ်ကြိုးစားရဦးမလဲ။
ကိုကို သူ့ဆီ လမ်းလျှောက်လာတာလေးကိုမြင်နေရတာလေးနဲ့တောင် သူ့စိတ်နှလုံးချမ်းမြေ့လှသည်။ ဒီလူသားကိုသာ ပိုင်ဆိုင်ခွင့်ရမည်ဆိုလျှင်တော့ ဈာန်ရောင်ခဟာ သေချာပေါက် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူသားတစ်ယောက် ဖြစ်ပေလိမ့်မည်။
တကယ်ပါ။ သူ့မျက်စိထဲမှာတော့ ကိုကိုက အရာအားလုံးထက် ပိုပြီးထင်းလင်းတောက်ပနေတာဖြစ်သည်။ ရှပ်အကျီမိုးပြာရောင်လက်ရှည်ကို လက်ခေါက်ဝတ်ထားပြီး ပုဆိုးနက်ပြာရောင်လေးနဲ့ ကိုကိုက ရိုးရှင်းလှပေမဲ့ သူ့မြင်ကွင်းထဲမှာတော့ ကိုကိုသာလျှင် အတောက်ပဆုံးပါပဲ။
ငေးမောနေရင်းနဲ့ပဲ ကိုကို သူ့အနားရောက်လာတာကို သတိမထားမိလိုက်။ ထုံးစံအတိုင်း သူ့ကြောင့် မှုန်ကုပ်ကုပ်လေးဖြစ်နေသည့် မျက်နှာလေးက တခြားလူတွေအတွက်ဆိုရင်တော့ သာမန်ဖြစ်နေနိုင်ပေမဲ့ ဈာန်ရောင်ခအတွက်ကျတော့ တကယ့်ကိုရင်ခုန်ဖွယ်ရာပင်။ သူက ချစ်နေရသည့်လူကိုး။
ကိုကိုက မျက်မှောင်ကျုံကာ သူ့ကို မကျေနပ်သလိုစိုက်ကြည့်လာပြီး
“ ဘာကိစ္စရှိလို့လဲ ”
မာထန်လိုက်တာ။ ကိုကိုက သူနဲ့စကားမပြောချင်မှန်း အရမ်းသိသာတာပဲ။
“ ကိုကိုတို့ ဒီနေ့ ဘွဲ့ဖောင်တင်ရမှာမလား ... အဲ့ဒါ လာကူပေးတာ ”
သူ အမှန်အတိုင်းပြောပြန်တော့လည်း ကိုကိုက လူကိုမယုံသလိုကြည့်နေပြန်သည်။ ဒီကြောင်ပေါက်စလေးကတော့ လူကို ဘလိုင်းကြီး သံသယလာဝင်နေတာပဲ။
“ ငါ့ဟာငါ တင်လို့ရပါတယ် ... ဘွဲ့ဖောင်တင်တာ ဘယ်လောက်ခက်လို့လဲ ”
“ ခက်လား မခက်လားဆိုတာ ကိုကို ကြည့်ကြည့်လေ ”
ဈာန်ရောင်ခ ညွှန်ပြရာနေရာသို့ လေးဆက်ကြည့်မိတော့ တကယ့်ကို လူတွေက မနည်းမနောပင်။ လူအုပ်ကြီးထဲ တိုးဝင်ရမှာကို တွေးကြည့်ပြီး လေးဆက် နည်းနည်းစိတ်အိုက်လာသည်။ သို့ပေမဲ့လည်း ဟန်ကိုယ်ဖို့ဆိုသလို လေးဆက် ဒီကောင်လေးရှေ့မှာတော့ သိက္ခာအကျမခံနိုင်ပါ။
“ အဲ့တော့ ဘာဖြစ်လဲ ”
“ လူအရမ်းများတယ် ကိုကို ... ကျွန်တော် ကိုကို့အစား သွားယူပေးမယ် ”
သူ့စကားအဆုံးမှာ မင်း ဘာအရူးထနေတာလဲဆိုသည့် အကြည့်တစ်ချက်က ဈာန်ရောင်ခဆီသို့ ဖျတ်ခနဲရောက်လာသည်။
“ မလိုဘူး ... ငါ့ဟာငါ လုပ်နိုင်တယ် ”
စိတ်မရှည်သံနဲ့ ပြောလာသည့်ကိုကို့ကို ကြည့်ရင်း ဈာန်ရောင်ခ ထပ်ပြုံးမိပြန်သည်။
ထိုစဉ် လေးဆက်ထံမှ ဖုန်းမြည်သံထွက်လာသည်။ လေးဆက်လည်း ခေါ်ဆိုသူအမည်ကို တစ်ချက်ကြည့်ပြီး မတုံ့မဆိုင်းပဲ ချက်ချင်းကိုင်လိုက်ကာ
“ အေး ... ပြော ... အချစ်လေး ”
ကိုကိုရဲ့နှုတ်ဖျားမှ အချစ်လေးဆိုသည့်အသံထွက်လာသည့်အတွက် ဈာန်ရောင်ခ၏မျက်နှာက ပြုံးနေရာမှ ညိုမည်းအုံ့မှိုင်းလာသည်။
ဘယ်သူလဲ ... ကိုကိုက ငါမဟုတ်တဲ့ဘယ်သူ့ကို အချစ်လေးလို့ ခေါ်နေတာလဲ ...
“ အင်း ... ဟုတ်တယ် ... LRC ကိုပဲတန်းလာခဲ့ ... ငါလည်း အောက်ဆုံးထပ်မှာပဲ ... ဟိုမောင်နှမရော ... ဪ ... မင်းနဲ့အတူတူပါလာတာလား ... အေး ... အေး ... ပြီးရော ... ဒါဆိုလည်း မြန်မြန်လာခဲ့တော့ ... ဒါပဲ ”
လေးဆက်ဖုန်းပြောပြီးလို့ ဒီဘက်လှည့်လာကာမှ သူ့ကို မကျေနပ်သလိုစိုက်ကြည့်နေသည့်အကြည့်စူးစူးတွေနဲ့ ပက်ပင်းတွေ့လိုက်ရ၍ လူက လိပ်ပြာလွင့်ချင်သွားသည်။
“ ဘယ်သူလဲ ”
ဒီကောင်လေးရဲ့အသံက အရင်ကလို ရိတိတိမဟုတ်ဘဲ တစ်စုံတစ်ရာကို မနှစ်မျို့သဖွယ်ဖြစ်နေသည့်လေသံမျိုးဖြစ်နေသဖြင့် လေးဆက် အံ့အားသင့်သွားသည်။
ငါ ဘာအမှားလုပ်မိလို့လဲဟ ... ရုတ်တရက်ကြီး လေသံတွေက အချိုးပြောင်းနေတယ် ...
“ ဘယ်သူလဲ ကိုကို ”
ဟော ... ကြည့် ... ထပ်မေးပြန်ပြီ။
“ ဟမ် ! ဘာကို ဘယ်သူလဲ ”
လေးဆက်လည်း ဒီကောင်လေး ဘာကိုရည်ရွယ်ပြီးမေးမှန်း တကယ်မသိချေ။
“ ကိုကို ခုနက အချစ်လေးလို့ခေါ်လိုက်တဲ့တစ်ယောက်က ဘယ်သူလဲ ”
လေးဆက် ဒီတစ်ခါတော့ တကယ်ရယ်ချင်မိသွားတာဖြစ်သည်။ ခုနကလို ရွှင်မြူးနေသည့်ပုံစံမျိုးမဟုတ်တော့ဘဲ ရုပ်တည်ကြီးနှင့် လေးဆက်ကို စိုက်ကြည့်ပြီး မေးခွန်းထုတ်လာသည့် ဒီကောင်လေးက တကယ်ပဲ ဈာန်ရောင်ခလား။ ဒါမှမဟုတ် လူစားထိုးခံလိုက်ရတာလား။ လေးဆက်လည်း ရုတ်တရက် ဒီကောင်လေးကို စနောက်ချင်စိတ်ဝင်လာသဖြင့်
“ ဪ ... အဲဒါလား ... ငါ့အချစ်လေးလေ ”
“ ကိုကို ”
မကျေမနပ်ဖြစ်နေသည့်အသံဖြင့် ခေါ်လိုက်သောကြောင့် လေးဆက်တောင် အနည်းငယ်ရင်တုန်သွားရသည်။
“ ဘာလဲ ”
“ ဘာလို့ သူ့ကို အချစ်လေးလို့ ခေါ်တာလဲ ”
လေးဆက် ဘာဆက်ပြောရမယ်မှန်းမသိအောင်ဆွံ့အသွားမိသည်။
“ ဟမ် ! ငါ ... ငါက ... ”
“ ဟိတ်ကောင် ! လေးဆက် ”
ဒီကောင်လေးမေးတဲ့စကားကို လေးဆက် ဘယ်လိုပြန်ဖြေရမယ်မှန်းမသိခင် ကံကောင်းထောက်မစွာဖြင့် ခွေးသူတောင်းစားလေးတို့အုပ်စုရောက်လာခဲ့သည်။
“ လေးဆက် ... မင်း ဖောင်တွေထုတ်ထားပြီးပြီလား ”
“ နိုး ... မထုတ်ရသေးဘူး ”
“ အသုံးမကျလိုက်တာ ... စောစောစီးစီးကြိုရောက်နေပြီးတော့ ဘာတစ်ခုမှသုံးစားလို့မရဘူး ”
“ အေးလေ ဥဥရယ် ... ဖောင်တွေကြိုယူထားတော့ ဘာဖြစ်မှာမို့လို့လဲ ”
သူငယ်ချင်းမနှစ်ယောက်ရဲ့အဆက်မပြတ်ရန်စောင်မှုတွေကြားမှာ လေးဆက်တစ်ယောက် တော်တော်လေးလှိမ့်ပိန့်ခံလိုက်ရသည်။ သူတို့တွေက အခုထိ လေးဆက်ဘေးမှာ မကြည်လင်သည့် မျက်နှာထားဖြင့်ရပ်နေသည့် ဈာန်ရောင်ခကို မြင်သေးပုံမပေါ်ဘဲ စကားကောင်းနေကြသည်။
လေးဆက်ကတော့ နဂိုကတည်းက ဒီကောင်လေးကို အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပြီး နှင်လွှတ်ချင်နေသည့်လူဖြစ်သည့်အတွက် ဒီကောင်လေး သူ့ဟာသူ ထွက်သွားပါစေလို့သာ ကြိတ်ပြီးဆုတောင်းနေရသည်။
သို့သော် လေးဆက် ကံမကောင်းပေ။ နောင်ခန့်က စကားပြောနေရင်းနဲ့မှ လေးဆက်ဘေးမှာရပ်နေသည့်ကောင်လေးအား သတိထားမိသွားပြီး မြတ်သူကို တံတောင်ဖြင့်တိုက်သည်။
ထိုအခါကျမှ ကျန်သုံးယောက်ကလည်း သူတို့နားမှာ ဈာန်ရောင်ခရှိနေမှန်း သတိထားမိသွားကြသည်။ သို့သော် ဘယ်သူဘယ်ဝါကမှ စကားစမပြောကြချေ။ နောက်ဆုံး မတတ်သာသည့်အဆုံး နောင်ခန့်က
“ ညီလေးက ဈာန်ရောင်ခမလား ”
“ ဟုတ်တယ် ကိုနောင်ခန့် ”
“ ဒါနဲ့ အတန်းမတက်ဘဲ ဒီကို ဘာကိစ္စ ... ”
နောင်ခန့် ဒီမေးခွန်းကို မေးလိုက်သည့်အချိန်မှာ ဈာန်ရောင်ခရဲ့မကြည်မလင်ဖြစ်နေသည့်မျက်နှာပေါ်တွင် အပြုံးရိပ်များက တဆင့်ပြန်လည်နေရာယူလာကြသည်။
“ ဪ ... အဲဒါလား ... ကျွန်တော်က ကိုကို ဒီနေ့ဘွဲ့ဖောင်တင်မှာသိလို့ လာကူညီပေးတာ ”
ဈာန်ရောင်ခရဲ့ကိုကိုလို့ခေါ်လိုက်သံနှင့်အတူ လေးဆက်ပခုံးပေါ် လက်တင်ကာ ဖက်လိုက်ခြင်းကြောင့် နောင်ခန့်ရဲ့မျက်နှာမှာ အံ့ဩခြင်းအရိပ်အယောင်များ ဖြတ်သန်းသွားသည်။
ဥဥနှင့် မေမြတ်၏မျက်နှာမှာတော့ ပြုံးစိပြုံးစိဖြစ်သွားကြပြီး မြတ်သူကတော့ ရိုးနေပြီဆိုသည့်အထာနှင့် မျက်နှာ ဟိုဘက်လှည့်သွားသည်။
ကာယကံရှင်ဖြစ်သည့်လေးဆက်ကတော့ မျက်နှာပူလာ၍ သူ့ပခုံးပေါ်ရောက်နေသည့် ဈာန်ရောင်ခ၏လက်ကို အတင်းဆွဲချရင်း ဒီကောင်လေးကို ထွက်သွားဖို့ ပြောရပြန်သည်။
“ ဈာန်ရောင်ခ ... ငါ့သူငယ်ချင်းတွေလည်း ရောက်လာပြီဆိုတော့ မင်းလည်း ပြန်လို့ရပြီ ”
“ မပြန်ချင်သေးဘူး ... ကျွန်တော်က ကိုကို့ကို ကူညီပေးမလို့လေ ”
ဈာန်ရောင်ခရဲ့ကလေးဆန်ဆန်အပြောအဆိုများကို ကြားလိုက်ရသည့်အခါ ဥဥနှင့် မေမြတ်မှာ မယုံနိုင်သလိုခေါင်းတခါခါ ခြေတစ်ခါခါဖြင့် ရှိနေကြ၍ လေးဆက်မှာ ပိုပြီးမျက်နှာပူလာသလို ခံစားနေရသည်။
“ မင်း အတန်းချိန်ရှိတယ်မဟုတ်ဘူးလား ... သွားတက်လေ ... နို့မို့ စာတွေလွတ်ကုန်လိမ့်မယ် ”
“ ရတယ် ... အတန်းထဲမှာ နေ့သစ်ရှိတယ် ... နောက်မှ ကျွန်တော် သူ့ကို ပြန်ရှင်းပြခိုင်းလိုက်မယ် ”
ဘယ်လိုနှင်ထုတ်ထုတ် လေးဆက်ဘေးနားက တစ်ဖဝါးမှမခွာမည့်သူပါလား။ လေးဆက် ဒီကောင်လေးကို ဘယ်လိုနှင်ထုတ်ရမလဲဆိုတာ တွေးတောရင်း ချွေးပြန်လာသည်။ နောင်ခန့်ကတော့ ဒီဇာတ်ကို သူ ဝင်ထိန်းမှ ဖြစ်တော့မည်ဟု တွေးလိုက်မိ၍လားမသိ ကြားဝင်ဖျန့်ဖြေလာသည်။
“ လေးဆက် ... သူ နေချင်တယ်ဆိုရင်လည်း နေခိုင်းလိုက်ပေါ့ ... လောလောဆယ် ဘွဲ့ဖောင်တင်ပြီးဖို့ပဲ အရေးကြီးတယ် ... မင်းတို့ ဒီမှာ ခဏစောင့်နေဦး ... ငါ ဖောင်သွားယူလိုက်ဦးမယ် ”
လေးဆက်က နောင်ခန့်ကို ဒီလောက်လေးတောင်အလိုက်မသိရကောင်းလားဆိုပြီး အချက်ပြနေပေမဲ့ နောင်ခန့်ကတော့ မသိချင်ယောင်ဆောင်ကောင်းနေတုန်းဖြစ်သည်။
သိပ်မကြာခင်အချိန်အတွင်းမှာပဲ နောင်ခန့်တစ်ယောက် လက်ထဲမှာ ဖောင်တွေကိုင်ပြီး ပြန်ရောက်လာခဲ့သည်။ အဲဒီနောက် ငါးယောက်သား တက်ညီလက်ညီ စကားများလိုက် ရန်ဖြစ်လိုက် အော်လိုက် ဟစ်လိုက်ဖြင့် ပျော်ရွှင်စွာ ဖောင်ဖြည့်နေကြသည်။
အမှန်ပြောရလျှင် လေးဆက် သူ့ဘေးမှာ ဈာန်ရောင်ခရှိနေသည်ဆိုတာကို လုံးဝမေ့သွားခဲ့ခြင်းဖြစ်သည်။ သူငယ်ချင်းများနှင့်အတူတူရှိနေရသဖြင့် အပျော်လွန်ကာ ဈာန်ရောင်ခကို လုံးဝသတိမရတော့ပေ။
ဈာန်ရောင်ခကလည်း သူ့ကို လုံးလုံးမေ့သွားခဲ့သည့် ကိုကို့ရဲ့ပျော်ရွှင်နေသည့်ပုံစံလေးကို ကြည့်ရင်း စိတ်ကြည်နူးလာသည်။ လူတစ်ယောက်ကို ချစ်ရင် အဲ့ဒီလူဘာလုပ်လုပ် မြတ်နိုးနေရတာပဲ။
လေးဆက်လည်း ဖောင်ဖြည့်ပြီးလို့ သူငယ်ချင်းတွေနဲ့အတူ ဖောင်သွားတင်ဖို့လုပ်နေတုန်းမှာပင် သူ့ဘေးနားမှာ ဈာန်ရောင်ခပါ ပါလာသည်ကို တွေ့လိုက်ရသည်။
အနီးအနားမှာရှိနေသည့်လူတစ်ချို့ကလည်း ဈာန်ရောင်ခကိုမြင်လိုက်ရတော့ သူတို့အုပ်စုကို ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ လေးဆက်လည်း ဒီလိုမျိုး လူတွေရဲ့ မသိမသာရော သိသိသာသာရောကြည့်နေကြသည့်အခြေအနေမျိုးကြီးကို ဆက်သည်းမခံနိုင်တော့သဖြင့်
“ ဈာန်ရောင်ခ ”
ကိုကို့ထံမှ အသံတိုးတိုးလေးဖြင့် သူ့နာမည်ခေါ်သံကြားလိုက်ရသဖြင့် ဈာန်ရောင်ခ ကိုကိုနား တိုးကပ်လိုက်သည်။
“ မင်း အပြင်မှာစောင့်ရင်စောင့်နေပါလား ... ဒါမှမဟုတ် ခုနကနေရာမှာလည်း သွားထိုင်စောင့်လို့ရတယ် ”
မျက်မှောင်ကြီးကျုံကာ သူ မသွားချင်ကြောင်းအချက်ပြလာသည့်ကောင်လေးကို ကြည့်ရင်း လေးဆက် မသိမသာသက်ပြင်းရှိုက်လိုက်မိသည်။
“ လူတွေအများကြီး ကြည့်နေကြတယ် ... ဈာန်ရောင်ခ မင်း အပြင်မှာပဲ စောင့်နေပေး ... ”
“ ကျွန်တော်က ကိုကို့ကို ကူပေးမလို့လေ ”
ဒီလောက်ပြောနေတာတောင် ပေကပ်ပေကပ်လုပ်နေသေးသည့် ကောင်လေးကို လေးဆက် ဘယ်လိုနည်းနဲ့နှင်ထုတ်မှ အဆင်ပြေမည်လဲ။
အခုတောင် လူတွေက တဖြည်းဖြည်းများလာသဖြင့် မနည်းတိုးကြိတ်နေရတာဖြစ်သည်။ ဈာန်ရောင်ခသာ လေးဆက်တို့နောက်က ပါလာလျှင် ထပ်ကြပ်မခွာလိုက်လာကြမည့် စူးစမ်းလိုသောအကြည့်များကို လေးဆက် သဘောမကျ။
“ ဒီကိစ္စက မင်း ကူပေးလို့မရဘူး ... လူကိုယ်တိုင် တင်မှရမှာ ... အဲဒါကြောင့်မို့ မင်း အပြင်မှာပဲ စောင့်နေလိုက်နော် ... လိမ္မာတယ် ”
အတတ်နိုင်ဆုံး စိတ်ကိုလျော့ထားကာ အချိုသာဆုံးစကားလုံးတွေ သုံးပြီးပြောတော့မှ ကိုယ်တော်ချောက ခေါင်းညှိမ့်ပြရင်း အပြင်ဘက်သို့ပြန်ထွက်သွားသည်။
ထို့နောက် လေးဆက်တို့လည်း လူအုပ်ကြားထဲ တိုးဝင်ကာ ဖောင်တင်၊ ကြွေးကျန်စစ်ဖို့ စာရွက်စာတမ်းတွေယူပြီး ပြန်ထွက်လာကြချိန်မှာ အကုန်လုံးက ရေမွန်းနေသည့်ကြွက်စုတ်များသဖွယ်ဖြစ်နေခဲ့သည်။
ထိုစဉ် ဈာန်ရောင်ခက လေးဆက်အနီး ရောက်လာကာ
“ ကိုကို ပြီးသွားပြီလား ”
ရုတ်တရက် အနီးရောက်လာကာပြောလိုက်သည့်အသံကြောင့် လေးဆက်ကိုယ်လေး ဆတ်ခနဲဖြစ်သွားကာ နောက်ပြန်လှည့်ကြည့်လိုက်တော့ သူ့နောက်တည့်တည့်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသော ဈာန်ရောင်ခ။
“ မပြီးသေးဘူး ... ငါတို့ ကြွေးကျန်စစ်ဖို့ကျန်သေးတယ် ... မင်းလည်း အတန်းသွားတက်တော့လေ ”
လေးဆက် အတန်းသွားတက်ခိုင်းနေပေမဲ့လည်း ထိုကောင်လေးကား ခြေချရာနေရာမှ တစ်စက်ကလေးသော်မျှ ရွေ့မည့်ပုံမပေါ်။
ဪ ... ငါကလည်း တကယ်အမှတ်မရှိဘူး ... စကားနားမထောင်တဲ့လူကိုမှ သွားသွားပြောနေရတယ်လို့ ...
ပြောမိတဲ့ပါးစပ်ကိုသာ လေးဆက်ပြန်ပိတ်ရိုက်မိချင်တော့သည်။
“ ကိုကိုတို့က ကြွေးကျန် ဘယ်မှာစစ်ရမှာလဲ ”
ကြွေးကျန် ... ကြွေးကျန်က ဘယ်မှာစစ်ရမှာပါလိမ့် ... မမှတ်မိတော့ဘူး ...
လေးဆက် မှတ်မိသမျှက ရေရေလည်လည်မရှိသဖြင့် နောက်ဆုံးတွင် နောင်ခန့်ဘက်ကို လှည့်ကာ မချိသွားဖြဲပြပြီး အကူအညီတောင်းရလေတော့သည်။
“ အချစ်လေး ... ကြွေးကျန်စစ်ရမှာက ဘယ်မှာလဲ ”
နောင်ခန့်ဖြေဖို့ ပါးစပ်အဟမှာ ခြေမြန်လက်မြန်ရှိသည့်မမက လေးဆက်ခေါင်းကို ယပ်တောင်ဖြင့်ခေါက်ကာ စိတ်မရှည်သည့်အသံဖြင့် ပြောလာသည်။
“ ISH မှာဟေ့ ... ISH မှာ ... ဆယ်ရှစ်ခေါက်လောက်ပြောလည်း နင် မမှတ်မိနဲ့သိလား ... ဒီလောက်လေးတောင် မမှတ်မိဘူး ... နင် စာမေးပွဲကို ဘယ်လိုတွေဖြေပြီး အောင်လာတာလဲ ... ခိုးချလာတာလား ”
ဥဥကို စကားဖြင့်မတုံ့ပြန်အားသေးဘဲ ဈာန်ရောင်ခဘက်ကို လှည့်ကြည့်လိုက်တော့ တည်တံ့နေသည့်မျက်နှာထားကြီးကို တွေ့မြင်လိုက်ရသဖြင့် လေးဆက် အထူးအဆန်းဖြစ်သွားမိသည်။
ခုနကကျ အဲ့ရုပ်မဟုတ်ပါဘူး ... ခဏလေးအတွင်းမှာ ရုပ်က ဘယ်လိုတောင်ပြောင်းသွားတာလဲ ... ငါ ဘာအမှားလုပ်မိလို့လဲ ...
“ ဒါဆို ကျွန်တော် အတန်းသွားတက်တော့မယ် ”
သူ့ကို တစ်စက်လေးမှလှည့်မကြည့်ဘဲ နောင်ခန့်တို့ကိုကြည့်ကာ အသိပေးသလိုပြောပြီး နှုတ်ဆက်သွားသည့်ကောင်လေးကြောင့် လေးဆက်ခမျာ အူလည်လည်ဖြစ်သွားရသည်။
ဒါက ဘာသဘောလဲ ... ရုတ်တရက်ကြီးနော် ... ရုတ်တရက်ကြီး ... ဒီကောင်လေး သိပ်စိတ်မမှန်ဘူးထင်တယ် ... ရာသီလာနေတာလားမသိဘူး ...
အရေးထဲမြတ်သူက လေးဆက်ပခုံးပေါ်လက်တင်လိုက်ပြီး မေးလာသည်။
“ ဟေ့ကောင် ! မင်းကောင်လေး ဘာဖြစ်သွားတာလဲ ”
လေးဆက် ဒင်းကို မကြည်ကြည့်ဖြင့် ပြန်ကြည့်ပေးလိုက်ကာ ပခုံးပေါ်တင်ထားတဲ့သူ့လက်တွေကိုပါ တစ်ဆက်တည်းဖယ်ချလိုက်သည်။
“ သိချင်ရင် လိုက်မေးလေ ... ပြီးတော့ သူက ငါ့ကောင်လေးမဟုတ်ဘူး ”
လေးဆက် ခပ်ဆတ်ဆတ်အသံဖြင့်ပြောလိုက်တော့ မြတ်သူက အဟွန်း အဟက်တွေဖြင့် လုပ်ချောင်းဆိုးပြပြီး ကျန်သည့်လူများက ပြုံးစိပြုံးစိဖြစ်နေကြသည်။
“ ကဲ ! ကဲ ! လာ ... ISH ကို သွားရအောင် ... ဒီမှာပဲ အချိန်ဖြုန်းမနေကြနဲ့ ... တော်ကြာ ၁၂ ထိုးလို့ သူတို့ထမင်းစားနားချိန်ဆိုရင် ငါတို့ အကြာကြီးစောင့်နေရမှာ ”
နောင်ခန့်ရဲ့သတိပေးသံက ကျန်လူတွေကို မာရသွန်ပြေးဖို့ဆော်ဩလိုက်သလား ထင်မှတ်ရသည်။ လေးဆက်တို့တစ်သိုက် ဘယ်ပုံဘယ်နည်းနှင့် ISH ဆီ ခြေချမိမှန်း မသိရ။ ISH မှာ လုပ်စရာရှိသည့် ကြွေးကျန်စစ်ရန်ကိစ္စများကိုလုပ်ပြီးတော့မှ ငါးယောက်သား သက်ပြင်းချနိုင်ကာ အပန်းဖြေစားသောက်ရန်အတွက် YUFL ၏နှစ်ခုမရှိနိုင်သည့် ချစ်စဖွယ့်ကန်တင်းလေးဆီသို့ ချီတက်ကြလေသည်။
ကန်တင်းသို့ရောက်ရောက်ချင်း မေမြတ်နှင့် ဥဥတို့၏ တကြော်ကြော်အော်သံ၊ အစားအသောက်မှာကြားသံများမှာ ခြေချင်းလိမ်နေကြသည်။ ဘယ်အချိန်ကတည်း ဖုတ်ဝင်နေကြတဲ့ဟာမလေးတွေလဲမသိဘူး။ ကြည့်လိုက်ရင် စားမယ် ဆွဲမယ်ဆိုတာချည်းပဲ။ မိန်းကလေးပီပီသသ အိန္ဒြသိက္ခာရှိရှိလေးမနေကြဘူး။ ပြောလိုက်သည့်စကားလုံးတွေကလည်း တစ်ခါတလေကျ လေးဆက်တို့လို ယောကျာ်းသားတွေတောင် အလန့်တကြားဖြစ်ရသည်။
သူတို့က နှစ်ယောက်ပေါင်း လောင်းကျော်သည့် အတုမရှိမမလေးများဖြစ်သည်။ တခြားလူမလို။ နှစ်ယောက်တည်းနှင့်တင် ပွဲပြီးမီးသေသည်။ မေမြတ်က ပျော့ပျော့လေးနှင့် နံ့သည့်ကြောင်ချီးဖြစ်သလို ဥဥကတော့ မြင်လိုက်တာနဲ့တင် စွာတေးလန်ဖိုက်တာမှန်းသိသာစေသည်။
အဲ့တာကြောင့်လည်း ဒင်းတို့နှစ်ကောင်သား အခုထိ မူးလို့ရှူစရာမပြောနှင့် ရှိုက်စရာပင် ဘယ်ဆီဘယ်ဝယ်နေမှန်းမသိ။
တခြားလူတွေက သူတို့ယောကျာ်းလေးသုံးယောက်နှင့် အဲ့ဟာမလေးနှစ်ယောက်ကို ဟိုလိုလို ဒီလိုလို ယုံထင်ကြောင်ထင်နေကြတာကို မြင်ရင် လေးဆက် ဟားတိုက်ပြီးသာရယ်လိုက်ချင်သည်။ ပြီးရင် အဲ့လိုထင်နေကြတဲ့လူတွေရဲ့ဂုတ်ကိုဆွဲ ဒီဟာမလေးနှစ်ယောက်ရှေ့ကို ခေါ်လာပြီး တွေ့လား မြင်လား ဖြစ်စရာလားဆိုပြီး အကြိမ်ကြိမ်အခါခါမေးမြန်းလိုက်ချင်သည်။
“ နင်တို့ တော်ပြီလား ... လုံလောက်ပြီလား ... ရပြီလား ... မှာထားလိုက်တာ စားပွဲအပြည့်ပဲ ... နင်တို့ ကုန်ရောကုန်ရဲ့လား ”
“ ကုန်တာပေါ့ ... ဘာလို့မကုန်ရမှာလဲ ... နင့်လို တစ်နေ့နေမှ ထမင်းတစ်လုပ်ပဲစားပြီး အအေးတွေချည်း လှိမ့်သောက်တဲ့ကောင်များထင်နေလား ”
လေးဆက် ငေါ့ပြောလိုက်သည့်စကားကို ဥဥက ပြန်လည်ချေပလိုက်သဖြင့် လက်ရှိ လေးဆက် သောက်နေသည့်အအေးတောင် နင်ချင်သလိုဖြစ်သွားရသည်။
ဥဥပြောလည်း ပြောချင်စရာပင်။ လေးဆက်က အင်မတန်အစားနည်းသည်။ ဝဝလင်လင်ရှိသည့်အစားအသောက်များထက် အအေးချည်းလှိမ့်သောက်နေရတာကို ပိုသဘောခွေ့သူဖြစ်သည်။
အဲ့ဒါကြောင့်လည်း အသက်သာကြီးလာသည်။ ခန္ဓာကိုယ်အချိုးအစားကတော့ မြတ်သူတို့ နောင်ခန့်တို့လောက် သိသိသာသာပြောင်းလဲသွားခြင်းမရှိပေ။ ထိုအတွက်လည်း လေးဆက် ဘယ်တုန်းကမှ ဝမ်းမနည်းခဲ့။ သူ လုပ်ချင်ရာလုပ် စားချင်ရာ စားနေရရင် အဆင်ပြေပြီဟု သတ်မှတ်ထားသူသာ ဖြစ်သည်။
မကြာခင်မှာ မှာထားသည့်စားစရာတွေ ရောက်လာတော့ အကုန်လုံးကလည်း ဗိုက်ဆာနေကြတာနဲ့ စကားတောင် သေချာမပြောနိုင်တော့ဘဲ စားဖို့အရေးကိုသာ ဦးစားပေးနေကြသည်။ စားနေရင်းတန်းလန်း ပျော့ပျာ့လေးနှင့်နံသည့် မေမြတ်က သူ သိလိုရာကို စတင်မေးခွန်းထုတ်လာသည်။
“ လေးဆက် ... ငါ မျက်နှာမပြောင်ဘူး ... အတည်မေးမှာ ”
ရုပ်တည်ကြီးနှင့် ပြောလာသော မေမြတ်ကိုကြည့်ကာ လေးဆက် စားနေသည့်လက်တွေတောင် တန့်သွားရသည်။ ပြီးတော့မှ သိလိုရာမေးဆိုသည့်သဘောနှင့် မေးဆတ်ပြလိုက်သည်။
“ ဟိုကောင်လေးနဲ့ နင်နဲ့က ဘာလဲ ”
“ ဘာမှ မဆိုင်ဘူး ”
“ ဒါဆို သူက နင့်နောက်ကို ဘာလို့လိုက်နေရတာလဲ ”
“ အဲဒါလည်း ငါ မသိဘူး ”
“ မင်းရေးတဲ့ဝတ္ထုကြောင့် သူ မင်းနောက်လိုက်နေတာလည်းဖြစ်နိုင်တယ် ”
အကြောင်းစုံသိနေသည့် မြတ်သူက တစ်ချက်ဝင်ထောက်သည်။
“ အင်း ... ဒါပေမဲ့ ငါ သူ့ကိုမေးကြည့်တော့ သူ့ကို ဂေးဇာတ်သွင်းလိုက်လို့ လက်စားချေဖို့ ငါ့နောက်လိုက်တာ မဟုတ်ဘူးလို့တော့ ပြောတယ် ... ဒီတိုင်း ... ”
လေးဆက် ပြောလက်စစကားကို ဆက်မပြောဘဲ ရပ်လိုက်မိတော့ အကုန်လုံးရဲ့မျက်လုံးတွေက ပိုပြီး စိတ်ဝင်စားဟန်ပြလာကြသည်။
“ ဒီတိုင်း ဘာဖြစ်လဲ ... ပြောလေဟာ ”
ထုံးစံအတိုင်း စိတ်မရှည်သည့်ဥဥက ထအော်လေသည်။ ဥဥရဲ့ကျယ်လောင်နှုန်းကောင်းသော အသံပါဝါကြောင့် သူတို့ရဲ့စားပွဲအနီးအနားမှာရှိသည့် လူတချို့ကပါ လှည့်ကြည့်လာကြလေသည်။ ကန်တင်းမှ ဦးလေးကြီးကလည်း သူတို့ဝိုင်းနားရောက်လာပြီး
“ သမီး ဘာဖြစ်လို့လဲ ... ဘာမှာမလို့လဲ ”
ထိုအခါကျမှ ဥဥကလည်း မချိပြုံးလေးပြုံးပြကာ
“ ဘာမှ မမှာတော့ဘူးနော် ဦးလေး ... ဟီး ... ”
အဲဒီနောက် ထိုဦးလေးကြီးကလည်း ခုနက ခေါ်သံကြားလိုက်ပါတယ် အခုမှ ဘာလို့မမှာတော့တာလဲဆိုသည့် ဝေခွဲမရတဲ့အတွေးတွေနှင့် သူ့နေရာကို သူ ပြန်သွားသည်။ ဥဥက ဘေးဘီဝဲယာအသာဝေ့ကြည့်လိုက်ပြီး လေးဆက်ရဲ့လက်ကို ဖွဖွလေးလာကုတ်သည်။
“ ဟဲ့ ! ဆက်ပြော ... ဆက်ပြော ... ”
ဥဥရဲ့ပုံက မသိရင် လျှို့ဝှက်ချက်တစ်ခုကို လူအများမကြားအောင် တိုးတိုးတိတ်တိတ်လာမေးနေသည့်ပုံနှင့်ဆင်တူနေသည်။ လေးဆက်လည်း အသာပြုံးလိုက်ပြီး
“ ဒီတိုင်းပဲ သူက ငါ့နားလာတယ် ... တစ်ခါတလေကျတော့လည်း အာလာပသလာပတွေ လာပြောတယ် ... ဘယ်လိုနှင်ထုတ်ထုတ်မပြန်ဘူး ... ငါ့ဖုန်းနံပါတ် ငါ့အကောင့် ငါ့အိမ်လိပ်စာ သူ အကုန်သိတယ် ... ယုတ်စွအဆုံး ငါ ဘယ်နေရာကို ရောက်နေလဲဆိုတာကိုတောင် သူ သိနေတယ် ”
မေမြတ်က သူ့ရဲ့မုတ်ဆိတ်မွှေးရှိမနေသည့်မေးစေ့ကို ဟန်ပါပါပွတ်လိုက်ပြီး
“ ဒါဆို သူ နင့်ကို ရိသဲ့သဲ့စကားမျိုးရော ပြောသေးလား ”
ဒီမေးခွန်းက လေးဆက်မျက်နှာကို ရေနွေးပူနဲ့ဖြန်းပက်သလို ပူခနဲဖြစ်သွားစေသည်ဟု ခံစားလိုက်ရသည်။ ဖြစ်နိုင်လျှင် မဖြေချင်ပေမဲ့ သူငယ်ချင်းတွေကို ထိမ်ချန်ထားရမည့်အလုပ်မျိုးတော့ လေးဆက် မလုပ်ချင်။
“ ဒါက ... ဒါက ... ”
လေးဆက် ပြောဖို့အရေး စကားတွေထစ်နေသဖြင့် အကုန်လုံးရဲ့စိတ်ဝင်စားမှုတွေက တဟုန်ထိုးမြင့်တက်လာပြီး မျက်လုံးတွေက အရောင်တဖျတ်ဖျတ်လက်လာကြသည်။ သူတို့ရဲ့အကြည့်တွေကြောင့် ဆက်ပြောရမည့်လူမှာလည်း တွန့်ဆုတ်နေသည်။
“ ဟိုတစ်ခေါက် သန့်စင်ခန်းထဲမှာတွေ့တုန်းကတော့ သူက ပြောတယ် ... ငါ့ကို လွမ်း ... လွမ်းတယ်တဲ့ ”
“ ဘာ ! ”
လေးဆက်လည်း ပြောအပြီး ဥဥက သူ့အကျင့်အတိုင်း စားပွဲကို လက်ဖြင့်ထုကာ ထအော်သည်။ ဥဥရဲ့လက်ကို မြတ်သူက ဖျတ်ခနဲရိုက်ထည့်လိုက်ပြီး တိတ်တိတ်နေရန် အချက်ပြသည်။ မေမြတ်ကတော့ သိချင်စိတ်တွေ အရမ်းပြင်းထန်လွန်းသဖြင့် လူက ခုံကနေ တကြွကြွဖြစ်ကာ လေးဆက်ဘေးနား အပြေးလာချင်သည့်ပုံစံမျိုးဖြစ်နေသည်။
လေးဆက်ကတော့ မျက်နှာပူလှသဖြင့် ဘယ်သူ့ကိုမှ မော့မကြည့်ဘဲ အောက်ငုံ့ကာ အအေးခွက်ထဲမှ ရေခဲတုံးတွေကို ပိုက်လေးဖြင့်ဆော့ကစားနေပေမဲ့ သူ့အသိစိတ်တွေကတော့ ထိုအထဲမှာ ရှိမနေတာ သိသာလှသည်။
“ ပြီးတော့ရော လေးဆက် ... သူ နင့်ကို အသားယူတာတွေ ဘာတွေရော ရှိသေးလား ”
မေမြတ်၏ တိုးတိတ်သောမေးခွန်းကို ကြားလိုက်ရသဖြင့် လေးဆက်ရဲ့နားတွေပါ ရဲတက်လာခဲ့သည်။ ဟိုတလောက အိမ်သာထဲမှာ ဒီကောင်လေး သူ့ကို ဘာလုပ်သွားသလဲဆိုတာ အခုပြန်တွေးရင်တောင် လေးဆက် မျက်နှာပူလှသည်။ ဒီအထိတော့ လေးဆက် သူငယ်ချင်းတွေကို ပြောမပြချင်။
“ မ ... မရှိတော့ဘူး ”
“ မရှိတော့ဘူးဆိုရင် ဘာလို့ နင့်နားက နီရဲလာတာလဲ ”
မေမြတ်ဝင်ထောက်တော့ လေးဆက်လည်း ကယောင်ကတမ်းဖြင့် သူ့နားကို ကိုင်မိလေသည်။
“ နီ ... နီနေလို့လား ”
ထစ်အထစ်အဖြင့် ပြောမိတော့မှ ဖုံးထားသမျှ ဒင်းတို့ရှေ့အကုန် ချပြသလိုဖြစ်သွားတော့သည်။
“ ဒါနဲ့ လေးဆက်ရိပ်သွင်လေးက ဘာလို့ စကားထစ်နေရတာလဲ ”
မေမြတ်က လေးဆက်ရဲ့မေးစေ့ကို ကိုင်ကာ ငုံ့နေတဲ့မျက်နှာလေးကို ဆွဲမော့လိုက်ရင်း ပြီတီတီမျက်နှာပေးဖြင့်မေးလာသည်။
“ မဟုတ်ဘူး ... အဲ့ဒါက ... ”
လေးဆက်ပြောလက်စစကားရပ်သွားရတာ အကြောင်းရှိသည်။ ဒင်းတို့လေးယောက်ရဲ့မျက်လုံးလေးစုံက လေးဆက်၏မျက်နှာပေါ် ပြေးကပ်တော့မတတ် ပြူးကြည့်နေကြသည်။
ဟူး ... ထားလိုက်ပါတော့။
“ သူ ... သူ ငါ့ကို ဖက်တယ် ”
“ ဖက်တယ် ! အား ! ”
တရားခံကား ဥဥနှင့်မေမြတ်။ နှစ်ယောက်သား လက်ချင်းဆုပ် မျက်နှာချင်းဆိုင်ပြီး အော်ချလိုက်သည်မှာ နားစည်ကွဲမတတ်။ ကန်တင်းထဲရောက်နေတာကိုများ သူတို့မေ့သွားကြတာလားမပြောတတ်။ အခုတော့ ဒုတိယအကြိမ် လူတွေက အသည်းအသန် သူတို့ဝိုင်းဘက်ကို လှည့်ကြည့်လာကြပြန်သည်။ လူတွေလှည့်ကြည့်လေ လေးဆက်ရဲ့မျက်နှာလေးမှာ အောက်ငုံ့သွားလေဖြစ်သည်။
“ ဟဲ့ ! ဟဲ့ ! သူက ဘယ်လိုဖက်တာလဲ ... အရှေ့ကလား ... အနောက်ကလား ”
“ အောက်က ... ”
လေးဆက်ပြန်မဖြေခင်မှာပဲ တစ်စုံတစ်ယောက်က လေးဆက်အစားဖြေပေးသံကြားလိုက်ရသည်။ မေးဖို့ဆန့်တငင်ငင်ဖြစ်သွားသော မေမြတ်က အောက်ကနေ မြတ်သူ့ရဲ့ခြေထောက်ကို နင်းပစ်လိုက်ပြီး မျက်စောင်းတစ်ချက်ပါ အပိုအနေနဲ့ ထိုးပေးလိုက်သည်။ လေးဆက်ကတော့ ဘာတစ်ခွန်းမှဝင်မဟ။
“ ဒါဆို သူ နင့်ကို ကြိုက်နေတာပဲဟ ... သေချာနေပြီ ”
မေမြတ်က သားတစ်ယောက်အမေကြီးလို ကြည်နူးပီတိဖြစ်နေသံကြီးနှင့် ပြောနေပေမဲ့ လေးဆက်ကတော့ မပျော်နိုင်ပါ။ သူ့အကြောင်း သူ အသိဆုံးဖြစ်သည်။
“ ဟဲ့ ! လေးဆက် ... နင်ရော သူ့အပေါ် ခံစားချက်လေး ဘာလေးများ မရှိဘူးလား ”
ဥဥက သိချင်စိတ်ကို ထိန်းမရသည့်အဆုံး မေးခွန်းဝင်ထောက်သည်။
ထိုစဉ် လေးဆက်မျက်နှာပေါ်မှာ အပြုံးပါးပါးလေးတစ်ချက် ဖြတ်ပြေးသွားပြီး
“ နင်တို့လည်း ငါ့အကြောင်း သိပါတယ် ... အဲ့ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူးလေ ”
လေးဆက်စကားအဆုံး အကုန်လုံးရဲ့ရွှင်မြူးနေမှုတွေက အနည်းငယ်ချုပ်ငြိမ်းသွားပြီး ပတ်ဝန်းကျင်အငွေ့အသက်က ကျောချမ်းစရာကောင်းလာသည်။
“ တကယ်လို့ သူ ငါ့ကို ကြိုက်နေတယ်ဆိုရင်တောင်မှ လူငယ်သဘာဝ ခဏတာစိတ်ကစားခြင်းမျိုးပဲဖြစ်ပါစေလို့ မျှော်လင့်တယ် ”
အရာအားလုံးက တိတ်ဆိတ်လျက်သား။ အမြဲတမ်းလိုလို စကားသံတွေ ဝေဆာနေတတ်သည့် မေမြတ်နှင့် ဥဥတောင်မှ ဘာတစ်ခွန်းမှဝင်မဟ။ လေးဆက် သူငယ်ချင်းတွေကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လှုပ်ခတ်မှုတစ်စွန်းတစ်စိမှမပါဝင်သော တည်ငြိမ်သည့်အသံနှုန်းထားဖြင့်
“ အဲ့လိုမဟုတ်ဘဲ သူ ငါ့ကို တကယ်ချစ်မိသွားခဲ့ရင် အဆုံးသတ်မှာ နာကျင်ရမှာက သူပဲဖြစ်နေလိမ့်မယ် ”
ဒီစကားကို ပြောလိုက်သည့်လေးဆက်၏မျက်နှာပေါ်မှာ အသက်မပါသော အပြုံးတစ်ပွင့်နှင့်။
9:31 A.M
14.1.2021 ( Thursday )