ဘဲလ်တီးသွားသောကြောင့် အတန်းထဲမှ Reading ထွက်သွားပြီးပြီးချင်း လေးဆက်က ဖုန်းသုံးနေသောမြတ်သူဘက်ကို လှည့်ကာ
" မြတ်သူ ... ဟေ့ကောင် ... ငါ့အစား တစ်ချက်သွားကြည့်ပေးစမ်းပါကွာ "
" ဘာကို ကြည့်ပေးရမှာလဲဟ ... မင်းဟာကလည်း ... အစမရှိ အဆုံးမရှိ "
ဖုန်းကနေ မျက်နှာမခွာသေးဘဲ မြတ်သူက ပြောလာသည်။
" ငါ အပေါ့သွားချင်နေပြီ "
လေးဆက် သူ့ဗိုက်ကို ဖိထားရင်းနဲ့မှ မြတ်သူကို တိုးတိုးလေးကပ်ပြောသည်။
" အေး ... သွားလေ ... ဘာလဲ ... ငါ အဖော်လိုက်ပေးရမလား "
မြတ်သူကလည်း သူ့ကောင်လေးဆီ မက်ဆေ့ခ်ျပို့နေရာမှ လေးဆက်ကို တစ်ချက်ကလေးမှလှည့်မကြည့်ဘဲ ပြန်ဖြေသည်။
" မင်းကို အဖော်လိုက်ခိုင်းမလို့မဟုတ်ဘူး ... ငါတို့အတန်းရှေ့မှာ ဟိုကောင်လေး ရှိသေးလားလို့ သွားကြည့်ခိုင်းတာ "
ထိုသို့ပြောလိုက်မှပဲ မြတ်သူရဲ့ဖုန်းဆီိသို့ပဲရောက်နေသည့်အာရုံက လေးဆက်ထံသို့ ပြန်ရောက်လာပြီး အခန်းပတ်ပတ်လည်ကို လိုက်ရှာကြည့်ဟန်ပြင်သည်။
လေးဆက်ကတော့ နုံချာလှသည့်သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း သက်ပြင်းသာအကြိမ်ကြိမ်ချမိတော့သည်။
အခန်းထဲကနေ ကြည့်ရုံနဲ့မြင်ရမလား ... ခွေးသူတောင်းစားလေးရဲ့ ... အတွေးအခေါ်ကလည်း ညံ့ဖျင်းလိုက်တာ ... ဒါနဲ့များ ရည်းစားက ရသွားသေးတယ် ... သုတကလည်း ဘယ်လိုကောင်မျိုးကို ရွေးပြီးရည်းစားတော်ထားလဲမသိဘူး ...
လေးဆက်တို့ ထိုင်နေရာက ဟိုးဘက်အစွန်ဆုံးအတန်းဖြစ်ပြီး တံခါးနှင့်အဝေးဆုံးနေရာတွင်ဖြစ်သည်။ ထို့ကြောင့် အထဲကလူက အပြင်လူကို မြင်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ချေသိပ်မရှိချေ။
" လေးဆက် မင်း ပြောတာ ဈာန်ရောင်ခလား ... သူက မနက်ကတည်းက ရှိနေတာမလား ... အခုလောက်ဆိုရင် ပြန်သွားလောက်ပြီပေါ့ ... နေလည်စောင်းနေပြီကို ... "
" ငါတော့ မထင်ဘူးကွာ ... သူ ငါ့နောက်ကို လိုက်စကားပြောနေတာ သုံးလေးရက်မကတော့ဘူး ... အမြဲတမ်း LRC ထဲမှာချည်းပဲ ... အတန်းလည်း သွားမတက်ဘူးလားမသိဘူး "
လေးဆက် တကယ့်ကို စိတ်ပျက်လက်ပျက်ဖြစ်နေသည့်အသံဖြင့် ပြောပြနေတာကိုတောင် မြတ်သူက မယုံသလိုပုံစံဖြင့်
" ဘာလဲ ... လေးဆက် ... မင်း စိုးရိမ်နေတာလား ... ဟား ... ဟား ... ဟား ... "
မြတ်သူရဲ့လှောင်ရယ်သံကြောင့် လေးဆက်လည်း စိတ်တိုတိုဖြင့်
" ခွေးသူတောင်းစားရေ ... ငါ စိုးရိမ်နေတာမဟုတ်ဘူးဟ ... စိတ်ပျက်နေတာ ... တွေ့လား ... တွေ့လား ... ငါ့ရဲ့စိတ်ပျက်ညစ်ညူးနေတဲ့မျက်နှာကြီးကို မင်း မြင်လား "
လေးဆက်က သူ့ရဲ့မျက်နှာကို မြတ်သူရှေ့ကပ်ပြလိုက်တော့
" ဝမ်းမနာသားရယ် ... မင်းအခွက်ကြီးကို ငါ့မျက်နှာရှေ့က ဖယ်လိုက်စမ်းပါ ... ကျက်သရေမရှိဘူး "
" ခွေးသူတောင်းစားကောင် ... အခု သွားကြည့်ပေး ... "
" အခု သွားကြည့်ပေးမလို့လုပ်နေတာလေ ... ဘယ်လိုဖြစ်နေတာလဲ ... စေတနာပျက်အောင် ... "
" သွားကြည့် ... သွား ... သွား ... မြန်မြန်သွား ... "
လေးဆက် ဗိုက်ကို ဖိနှိပ်ထားရင်းမှ ထိုင်ခုံက ထကာ တံခါးကနေ ဟိုကောင်လေး ရှိ မရှိကို သွားကြည့်မည်ဟန်ပြင်နေသော မြတ်သူကို အနောက်က ဆောင့်ကန်လိုက်သည်။
" ဘယ်လိုဖြစ်လို့ ငါ့ကိုဆောင့်ကန်နေတာလဲ ... ဝမ်းမနာသားလေးရဲ့ ... "
" မင်းက နှေးတုံ့နှေးတုံ့လုပ်နေတာကိုး ... မြန်မြန်သွားကြည့်ပေး ... "
မြတ်သူလည်း လေးဆက်ရဲ့ဖြစ်အင်ကို ကြည့်ရင်း ခေါင်းခါရမ်းကာ အခန်းရှေ့မှာ ဈာန်ရောင်ခ ရှိ မရှိ သေချာအောင် သွားကြည့်ပေးလိုက်သည်။ ထိုကောင်လေး မရှိတော့ဘူးဆိုတာ သေချာမှ ထိုင်ခုံရှိရာသို့ ပြန်လာထိုင်ပြီး လေးဆက်အား အကျိုးအကြောင်းပြန်ပြောရသည်။
" ဟိုကောင်လေး မရှိတော့ဘူး ... မင်း သွားချင်သွားလို့ရပြီ "
ထိုအခါမှ လေးဆက်တစ်ယောက် ဝမ်းသာလုံးစို့သွားကာ
" တကယ်လား ... တကယ်မရှိတော့တာ ကျိန်းသေးလား "
မြတ်သူကလည်း လေးဆက်ကို စိတ်မရှည်တော့သဖြင့်
" အေး ... ဟုတ်တယ် ... မင်းဟာလေးမရှိတော့ဘူး ... မင်း ဒိုးလိုက်တော့ "
မင်းဟာလေးလို့အပြောခံလိုက်ရ၍ လေးဆက်မျက်နှာမဲ့ကျသွားကာ အနီးတွင်ထိုင်နေသော မြတ်သူရဲ့လက်မောင်းကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
" ချီးပဲ ... နာတယ်ဟ "
မြတ်သူရဲ့မေတ္တာပို့သမှုကို မသိချင်ယောင်ဆောင်ပြီး လေးဆက်လည်း သန့်စင်ခန်းသို့သာ အပြေးချီတက်ရန် အခန်းထဲက ထွက်သွားလေသည်။ တော်ကြာ အခန်းထဲ ပေါက်ချမိလို့ ကျော်မကောင်းကြားမကောင်း နာမည်ကြီးနေဦးမည်။
တော်သေးသည်။ မြတ်သူပြောသလိုပင် အပြင်ဘက်မှာ ဟိုကောင်လေးရှိမနေ။ သန့်စင်ခန်းသို့သွားရာလမ်းတစ်လျှောက်ကို တစ်ချက်လှမ်းရှိုးလိုက်ပြီး အဲဒီဘက်တွေမှာပါ ဟိုကောင်လေး မရှိတာသေချာမှ လေးဆက်လည်း ခြေလှမ်းကို အရှိန်တင်ကာ ဦးတည်ရာပန်းတိုင်ကို အပြေးသွားတော့သည်။
သန့်စင်ခန်းထဲ ဝင်ပြီး အိမ်သာထဲရောက်မှသာ သက်ပြင်းချနိုင်ကာ ကိုယ့်ကိစ္စ ကိုယ် ရှင်းနိုင်လေတော့သည်။ ခဏအကြာ အိမ်သာထဲမှ ထွက်လာပြီးနောက် ဘေစင်တွင် လက်ဆေးကာ စာသင်ခန်းရှိရာသို့ ပြန်မည်အလုပ် အလာတုန်းကလို ပြန်လမ်းတစ်လျှောက် ဟိုကောင်လေးရှိ မရှိ တစ်ချက်ကြည့်လိုက်တော့ လေးဆက် ခေါင်းနပန်းကြီးသွားရသည်။
လေးဆက်တို့စာသင်ခန်းအရှေ့တည့်တည့်မှာရှိသည့် စားပွဲဝိုင်းရှိထိုင်ခုံတွင် ခြေနှစ်ဖက်ချိတ်ထိုင်ကာ ဖုန်းသုံးနေသည့် အနှီကောင်လေးသည် အခန့်သား။ လက်တစ်ဖက်တွင်မူ ကော်ဖီအေးဘူးကို ကိုင်ထားသည်။ ကြည့်ရတာ ခုနက အအေးသွားဝယ်နေလို့ ဒီကောင်လေး မရှိတာ ထင်၏။
စားပွဲဝိုင်းရှိ တစ်ဖက်တစ်ချက်တွင်တော့ ကောင်မလေးသုံးယောက်ထိုင်နေကာ တစ်ယောက်က စာလုပ်နေပြီး ကျန်နှစ်ယောက်ကမူ ထိုကောင်လေးကို ကြည့်ကာ စကားတွတ်ထိုးနေကြသည်။
LRC သည် လူသွားလူလာများပြီး ဘယ်သောအခါမှ လူပြတ်သည်ဟူ၍မရှိချေ။ ထို့အတွက် ဈာန်ရောင်ခကို LRC 102 အခန်းရှေ့တွင် ခဏခဏမြင်တွေ့နေရသော လူတွေသည်လည်း အများသားပင်။ အဲဒီနောက်မှာတော့ ကောလဟာလတွေလည်း အများအပြားထွက်ပေါ်လာလေတော့သည်။
တချို့ကလည်း စျာန်ရောင်ခတစ်ယောက် LRC 102 ရှေ့မှာ လာလာစောင့်နေရသည့်အကြောင်းရင်းကို အဖြေရှာနေကြသလို တချို့ကမူ ဈာန်ရောင်ခက LRC 102 ထဲမှ စီနီယာမမတစ်ယောက်ကို သဘောကျ၍ လာပိုးပန်းနေသည်ဟု မှတ်ချက်ချကြသည်။
လေးဆက်ရေးသားထားသည့် " ရွဲဖွယ်မှ အချစ်ငှက်ငယ် " ဝတ္ထုကို ဖတ်ရှုထားကြသည့် တချို့လူများကျပြန်တော့ ဒီ LRC 102 ရှေ့က စားပွဲဝိုင်းနေရာသည် ဈာန်နှင့် တာရာတို့ချိန်းတွေ့နေကြနေရာဖြစ်သည့်အတွက် ဈာန်က အမြဲတမ်းလိုလို တာရာကို ဒီနေရာမှာ လာရောက်စောင့်ဆိုင်းနေခြင်းသာဖြစ်သည်ဟု ကောက်ချက်ချပြီး အတွေးများနှင့်ပျော်မြူးနေကြသည်။
သို့သော်ငြား အဖြစ်မှန်ကို အလုံးစုံသိနေသည့် ကာယကံရှင် လေးဆက်တစ်ယောက်ကတော့ သူတို့လိုမျိုးမပျော်မြူးနိုင်။ ကိုယ့်အဖြစ်ကို ကိုယ်သာ သိ၍ ရင်ခံနေရသည်။
နေရာတကာ ဒီကောင်လေးကို ရှောင်ရှားရလွန်း၍ အခုလိုအချိန် လေးဆက် သူခိုးလုပ်ရင်တောင် သူ့ကို ဘယ်သူမှဖမ်းမိနိုင်မှာမဟုတ်ဘူးဆိုပြီး စိတ်ကြီးဝင်နေမိသည့်အထိပင်။
ဘယ်အချိန်ထိ လေးဆက် ဒီကောင်လေးကို အခုလိုမျိုးရှောင်ရှားနေရဦးမှာလဲ။ လေးဆက်လည်း သူများတကာတွေလို ကျောင်းကို အနှောင့်အယှက်ကင်းကင်းနှင့် လာပြီး စာကို ပေါ့ပေါ့ပါးသင်ယူချင်သည်လေ။
အခုလောလောဆယ်တော့ လေးဆက် ဒီမီးတောင်ကို ဘယ်လိုဖြတ်ကျော်ပြီး အခန်းထဲဝင်ရမလဲဆိုတာကို ဘယ်လိုမှတွေးမရ။
ပြောရမည်ဆိုလျှင် LRC 102 က LRC ရဲ့အောက်ဆုံးထပ်မှာ ရှိပြီး LRC အပေါ်ထပ်တွေကို တက်လို့ရသည့် လှေကားအနီးတွင်ရှိသည်။ ထိုလှေကားဘေး LRC 102 အခန်းရှေ့တည့်တည့်တွင် စားပွဲဝိုင်းတစ်လုံးရှိပြီး ထိုစားပွဲဝိုင်းတွင် ဈာန်ရောင်ခ ထိုင်နေခြင်းဖြစ်သည်။
မိန်းကလေးအိမ်သာက LRC 102 ဘေးနားတွင် ရှိပေမဲ့ ယောကျာ်းလေးအိမ်သာကတော့ LRC 101 ဘေးတွင် ရှိသည်။
LRC 101 နှင့် LRC 102 ကြားတွင် အပေါ်ထပ်သို့တက်ရန် လှေကားအကျယ်ကြီးရှိသည့်အပြင် လှေကားအရှေ့တွင် လူအများသွားလာနိုင်သည့် Hall Type ပုံစံမျိုး ထိုင်ခုံတွေ စားပွဲဝိုင်းတွေ ခင်းကျင်းထားသည်။
ထပ်ပြောရမည်ဆိုလျှင် LRC 101 နှင့် LRC 102 သည် တောင်နှင့်မြောက်လို ဆန့်ကျင်ဘက်အရပ်မှာ တည်ရှိနေခြင်းဖြစ်သည်။
LRC သည် လေးထပ်ဆောင်ဖြစ်သည်။ အပေါ်ထပ်များတွင် တချို့အခန်းများသည် ပုံမှန်စာသင်ခန်းများဖြစ်ပြီး တချို့အခန်းများကမူ တစ်ခါတလေမှ စာလာသင်ဖြစ်ကြသည့်အခန်းများဖြစ်သည်။
LRC ၌ လူအစည်ကားဆုံးအထပ်သည် တတိယထပ်ဖြစ်သည်။ အကြောင်းအရင်းကား YUFL ကျောင်းသူကျောင်းသားအားလုံးနီးပါး ချစ်ခင်နှစ်သက်ကြသည့် Libiary ရှိနေခြင်းကြောင့်ပင်ဖြစ်သည်။
Libiary ကို မနက်ကိုးနာရီမှ စဖွင့်လေ့ရှိသော်လည်း ကိုးနာရီမထိုးခင်ကတည်းကပင် Libiary ထဲဝင်ရန် စောင့်ဆိုင်းနေတတ်သော YUFLer တွေအများအပြားရှိတတ်ကြသည်။
တချို့ကား Libiary မှစာအုပ်များကို ဖတ်ရန်လာကြသည်။ တချို့ကား Libiary ၌ စာကို အေးအေးဆေးဆေးလေ့လာရန် လာကြသည်။
တချို့ကား Libiary မှ မကောင်းမကန်း WiFi အားမလျော့သောဇွဲဖြင့် လာသုံးကြသည်။
တချို့ကား အတန်းထဲ၌ စာမေးမည်စိုး၍ ပြေးစရာနေရာအဖြစ် လာနေကြသည်။
တချို့ကား ဆရာမများက အတန်းလစ်သူများအား Mobile လှည့်နေ၍ Mobile မိမည်စိုးသဖြင့် ကျောင်းဝန်းအတွင်း မနေရဲဘဲ Libiary ၌ လာပုန်းကြသည်။
တချို့ကား အိပ်နေရာစရာအဖြစ် Libiary ကိုအသုံးချကြသည်။
ပြောရမည်ဆိုလျှင် YUFLer မှန်သမျှ LRC ဆောင်က Libiary မှာမပျော်မွေ့ဖူးသူ မရှိသလောက် ရှားပေလိမ့်မည်။ Libiary သည် YUFLer တို့အတွက်မူ နားခိုရာအသက်သွေးကြောပင်။
အခုတော့ လေးဆက်တစ်ယောက် အိမ်သာကနေ စာသင်ခန်းထဲကို ဒီကောင်လေး မသိအောင် ဘယ်လိုဖြတ်ကျော်သွားရမလဲဆိုရင် တွေးတောရင်း ခေါင်းခဲနေမိသည်။
ထိုစဉ် သန့်စင်ခန်းထဲသို့ဝင်လာသည့် လေးဆက်တို့အတန်းထဲမှ အစ်ကိုတစ်ယောက်က သန့်စင်ခန်းအပေါက်ဝနားမှာ ယောက်ယက်ခတ်နေသော လေးဆက်ကို မြင်သွားသဖြင့်
" ညီလေး ... အခန်းထဲမပြန်သေးဘူးလား "
အတန်းထဲမှာ စာသင်နေတာကလည်း နှစ်ပတ်ကျော်နေပြီဖြစ်သောကြောင့် နာမည် မသိရင်တောင်မှ အချင်းချင်းတော့ မျက်မှန်းတန်းမိကြလေသည်။
" ပြန်မှာ အစ်ကို ... ကျွန်တော် သူငယ်ချင်းတစ်ယောက်ကို စောင့်နေလို့ ... "
လေးဆက် မချိပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။
" ဪ ... အေး ... အေး ... "
ထိုအစ်ကိုက လေးဆက်အပြောကြောင့် ခေါင်းညိမ့်ပြရင်း အိမ်သာထဲဝင်သွားလေသည်။ ထိုအစ်ကို အိမ်သာထဲ ဝင်ပြီး ပြန်ထွက်လာချိန်အထိ လေးဆက်တစ်ယောက် ဘေစင်ဘေးက နံရံမှာ မှုန်ကုပ်ကုပ်နှင့် ရပ်နေဆဲဖြစ်သည်။
လေးဆက် အခုထိ အခန်းထဲ မပြန်ရသေးတာကို တွေ့တော့ ထိုအစ်ကိုက သူ့ကို အနည်းငယ်ထူးဆန်းသလိုကြည့်လာသည်။ အတန်းချိန်စတင်သည့် ခေါင်းလောင်းကလည်း ထိုးသွားပြီမလား။
ထိုအချိန်တွင် လေးဆက် တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်ပြီး ဘေစင်မှာလက်ဆေးနေသည့် အစ်ကို့ကို အကူအညီတောင်းရန်အတွက် စကားစလိုက်သည်။
" အစ်ကို ... ကျွန်တော့်ကို တစ်ခုကူညီပေးလို့ရမလား "
ထိုအစ်ကိုက အူကြောင်ကြောင်နှင့် လေးဆက်ဘက်ကိုလှည့်ကြည့်ပြီး ခေါင်းညိမ့်ပြသည်။
" အစ်ကို အတန်းထဲရောက်ရင်လေ ကျွန်တော့်ဘေးမှာထိုင်တဲ့တစ်ယောက်ကို သိတယ်မလား "
ထိုအစ်ကိုက သူသိသည်ဆိုသည့်သဘောဖြင့် ခေါင်းညိမ့်ပြလာသည်။ သူက လေးဆက်တို့ရဲ့အရှေ့နှစ်တန်းမြောက်မှာထိုင်သည့်အတွက် မြတ်သူကိုတော့ သေချာပေါက်မျက်မှန်းတန်းမိမှာပင်။
" သူ့နာမည်က မြတ်သူတဲ့ ... အဲဒါ အစ်ကို သူ့ဆီကို သွားပြီး ကျွန်တော် ဒီတစ်ချိန် အတန်းလာမတက်ဖြစ်တော့ဘူးဆိုတဲ့အကြောင်းပြောပေးလို့ရမလား "
ထိုအစ်ကိုက ခေါင်းညိမ့်ပြရင်း မြတ်သူ၏နာမည်ကို သေချာအောင် ထပ်မေးသည်။
" ရတယ်လေ ... ကိစ္စမရှိဘူး ... အဲ့တစ်ယောက်နာမည်က မြတ်သူနော် "
" ဟုတ်တယ် အစ်ကို ... ပြီးတော့လေ ဒီတစ်ချိန်ပြီးရင် ကျွန်တော်က အိမ်ပြန်တော့မှာဆိုတော့ မြတ်သူ့ကို နောက်တစ်ချိန်မတိုင်ခင် ကျွန်တော့်လွယ်အိတ်ကို ယူပြီး ဒီသန့်စင်ခန်းကို လာပေးပါလို့ ... အဲ့ဒါလေးပါ ပြောပေးပါနော် "
" ဒါဆို ညီလေးက နောက်ဆုံးအချိန်မတက်တော့ဘူးပေါ့ "
" ဟုတ်တယ် အစ်ကို ... ကျွန်တော်ပြောတာလေး မြတ်သူကို ပြောပေးပါနော် "
" ရတယ် ... ရတယ် ... အစ်ကို သွားပြောပေးမယ် "
ထိုအစ်ကိုက အိမ်သာကနေထွက်ပြီး အခန်းထဲဝင်သွားသည်အထိ လေးဆက် တိတ်တိတ်လေးချောင်းကြည့်နေမိသည်။ ထိုအစ်ကို အခန်းထဲ ဝင်သွားသည်အထိ အရာအားလုံးက အေးဆေးဖြစ်နေသည်။
ထိုအချိန်မှာ မြတ်သူတစ်ယောက် ဟိုဘက်အတန်းကိုသွားကာ ဟေးလားဟားလားစကားသွားပြောနေသဖြင့် သူ့ထိုင်ခုံတွင် ရှိမရှိပေ။ အတန်းတက်ခေါင်းလောင်းထိုးထားပေမဲ့လည်း ဆရာမက အခုထိ မဝင်လာသေးသဖြင့် အတန်းထဲမှာ စကားပြောသံတွေဖြင့် ပွတ်လောရိုက်နေသည်။
သူ အခန်းထဲဝင်ပြီးပြီးချင်း မြတ်သူဆိုသည့်တစ်ယောက် ထိုင်နေကျအတန်းဘက် လှမ်းကြည့်လိုက်ပေမဲ့ ထိုကောင်လေးက ရှိမနေ၍ သူ ခေါင်းကုတ်သွားရသည်။
အိမ်သာထဲမှကောင်လေး ပြောခိုင်းလိုက်သည့်စကားကို ဆရာမ မဝင်ခင် အမှီပြောရမည်။ နို့မို့ ဆရာမ ဝင်လာလျှင် ပြောချိန်မရှိလိုက်မှာ စိုးရိမ်သဖြင့် ကြံရာမရဘဲ
" မြတ်သူရှိလား ... မြတ်သူ ... "
အတန်းထဲရှိ လူများအကုန်ကြားရလောက်သည့် အသံဖြင့် အော်မေးလိုက်သည်။ မြတ်သူလည်း သူ့နာမည်အော်ခေါ်သံကို ကြားလိုက်ရသဖြင့် လေဖောနေရာမှ ထလာပြီး
" ကျွန်တော်က ဒီမှာ ... အစ်ကို "
အဲဒီနောက် ထိုအစ်ကိုကလည်း မြတ်သူရှိရာလျှောက်လာပြီး လေးဆက်မှာလိုက်သည့် စကားအတိုင်းအတိအကျပြန်ပြောပြကာ သူ့နေရာမှာ ပြန်သွားထိုင်လေသည်။
လေးဆက်မှာလိုက်သည့်စကားကို ကြားတော့ မြတ်သူ အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွားသည်။ စောနလေးတင် အကောင်းကြီးဟာကို။ အခုကျမှ ဘယ်လိုဖြစ်ပြီး အတန်းလာမတက်တော့တာပါလိမ့်။ ထားလိုက်ပါတော့။ ဒီကောင့်အတွေးတွေကို မြတ်သူလည်း လိုက်မမှီတော့ဘူး။
ဆရာမ ဝင်မလာသေးသည့်အတူတူ မြတ်သူလည်း နောက်တစ်ချိန်ပြီးသည့်အထိ စောင့်မနေတော့ဘဲ လေးဆက်ရဲ့လွယ်အိတ်ကိုယူလိုက်ပြီး သွားပေးမည်အလုပ် တံခါးဝရှေ့တည့်တည့်တွင် ရပ်နေသော ဈာန်ရောင်ခကို တွေ့လိုက်ရသဖြင့် လှမ်းလက်စခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်။
ထိုကောင်လေးက မြတ်သူကိုင်ထားသည့်လွယ်အိတ်ကို တစ်ချက်လှမ်းကြည့်ရင်း
" ဒီလွယ်အိတ်က ကိုကို့လွယ်အိတ်မလား ... ကိုမြတ်သူ "
" အေး ... ဟုတ်တယ် "
လေးဆက်လွယ်အိတ်မှန်း အသိသာကြီးကို မြတ်သူလည်း အပင်ပန်းခံ မျက်စိစုံမှတ်ပြီး အသည်းအသန်ငြင်းမနေတော့။
အဲဒီနောက် ဈာန်ရောင်ခရဲ့မျက်နှာပေါ်မှာ သူ အရာအားလုံးကို ရိပ်မိနေသည်ဆိုတဲ့ အပြုံးတစ်ချက် ပေါ်လာပြီး ယောကျာ်းလေးအိမ်သာရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
" ဒါဆိုလည်း ကျွန်တော်ပဲ ကိုကို့ဆီ ယူသွားပေးလိုက်မယ်လေ ... ကိုကိုက အခု အိမ်သာထဲမှာမလား "
" ရပါတယ် ... ငါပဲ ယူသွားပေးလိုက်မယ် "
အမှန်တော့ ဒီနှစ်ယောက်၏အရှုပ်အထွေးတွေထဲ မြတ်သူ လုံးဝကိုဝင်မပါချင်။ လေးဆက် အသက်မသေရင်ပြီးရောဆိုပြီး လွှတ်ထားပေးလိုက်ချင်ပေမဲ့ ဈာန်ရောင်ခအရှေ့မှာတော့ မြတ်သူက စီနီယာပီပီ ဟန်လေးမာန်လေးတော့ လုပ်ရမည်လေ။
ဒီကောင်လေးပုံကို ကြည့်ရတာလည်း လေးဆက်ကို ဆေးရုံရောက်သည့်အထိ ရိုက်သတ်မည့်ပုံလည်းမပေါက်သည့်အပြင် မြတ်သူတို့ရဲ့ ရုရှားမေဂျာမှ ဂျူနီယာလည်းဖြစ်နေသည့်အတွက် မြတ်သူမှာ ဈာန်ရောင်ခနှင့်ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူလေးဆက်အတွက် စိုးရိမ်ပူပန်မှုတစ်စိုးတစ်စိမျှပင် မရှိချေ။
အရင်ကတော့ ဒီကောင်လေးရဲ့ဂျစ်တစ်တစ်အမူအရာများကြောင့်တစ်မျိုး၊ ဒီကောင်လေးဖြစ်ခဲ့ဖူးသည့် ရန်ပွဲများကြောင့်တစ်သွယ်၊ လေးဆက်က ဒီကောင်လေးကို ဂေးဇာတ်သွင်းထားခဲ့သည်ဖြစ်အင်ကလည်း ရှိနေသည်ကတစ်ကြောင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် ဒီကောင်လေးက လေးဆက်ကို တစ်ခုခုလုပ်လိုက်မှာပူပန်မိပေမဲ့ ယခုကတော့ဖြင့် အေးအေးဆေးဆေးသာသာယာယာဖြစ်နေလေသည်။
ဘာဖြစ်လို့လဲဆိုတော့ မြတ်သူက ဈာန်ရောင်ခရဲ့အကြည့်တွေကို ရိပ်မိနေသည်လေ။ ဒီအကြည့်တွေ၊ ဒီအမူအရာတွေ၊ ဒီအပြုံးတွေက ရိုက်သတ်ချင်နေသည့်လူတစ်ယောက်အပေါ် ပြုမူတတ်သည့်ပုံစံမျိုးမှ မဟုတ်တာ။
အလွန်မြတ်နိုးရတဲ့လူတစ်ယောက်ကိုသာ ကြည့်တတ်သည့် ချစ်ခြင်းမေတ္တာအရှိန်အဟုန်တို့ပါဝင်နေသည့် အကြည့်မျိုးဖြစ်သည်။
မြတ်သူမှာလည်း အလွန်အမင်းမြတ်နိုးရတဲ့ချစ်သူလေးရှိနေသည့်အတွက် ဈာန်ရောင်ခ၏အကြည့်တွေ၊ အပြုအမူတွေကနေတဆင့် သူ လေးဆက်အပေါ် ဘယ်လိုသဘောထားလဲဆိုတာကို ပုံဖော်နိုင်ပါသည်။
ကာယကံရှင်လေးဆက်လည်း အရမ်းတုံးအနေသည့်လူမဟုတ်သည့်အတွက် ရိပ်မိကောင်းရိပ်မိပေလိမ့်မည်။
သို့ပေမဲ့ ဒီလိုမျိုး ဈာန်ရောင်ခက သူ့ကိုလိုက်နေသည်ဆိုသည့်ဖြစ်အင်ကို လက်မခံနိုင်သဖြင့် ယခုလို ရှောင်ပုန်းနေရကြောင်းကိုလည်း မြတ်သူ နားလည်ပေးနိုင်သည်။
နှစ်ဖက်လုံးကို မြတ်သူ နားလည်ပေးနိုင်သဖြင့် ဒီကိစ္စကို ကာယကံရှင်အချင်းချင်းသာဖြေရှင်းခိုင်းပြီး သူ ဝင်မပါရန် ဆုံးဖြတ်ထားသည်။ သူတို့ဘာသာ ချစ်ပဲချစ်ချစ် ရိုက်ပဲ ရိုက်သတ်သတ် မြတ်သူနှင့်မဆိုင်တော့။
ယခုလည်း လေးဆက်၏လွယ်အိတ်ကို ဈာန်ရောင်ခထံ ရော့ ယူသွား ဆိုပြီး ပေးလိုက်ချင်ပေမဲ့ ဟန်လေးနှင့် နည်းနည်းပါးပါးငြင်းဆိုလိုက်သည်။ ဈာန်ရောင်ခဆိုသည့်ကောင်လေးက ဇွဲကြီးမှန်း မြတ်သူ သိသားပဲ။ ဒီလောက်လေးနှင့် ရပ်တန့်သွားမည့်သူမျိုးမဟုတ်ပေ။
" ကျွန်တော့်ကိုပဲ ပေးလိုက်ပါ ... ကိုမြတ်သူတို့အတန်းကို သင်မဲ့နောက်တစ်ချိန်ဆရာမလည်း ရောက်နေပြီဆိုတော့ ကိုမြတ်သူ အခုချိန် အပြင်ထွက်ရင် အဆင်မပြေဘူးလေ "
ဈာန်ရောင်ခ ပြောတာ မှန် မမှန်သိရအောင် မြတ်သူ တံခါးကနေ ချောင်းကြည့်လိုက်တော့ သူတို့စာသင်ခန်းရှိရာသို့ တန်းတန်းမတ်မတ်လျှောက်လာနေသော ဒီတစ်ချိန်အတန်းကို ဝင်မည့် Writing Teacher ကို တွေ့လိုက်ရသည်။
ဟိုက်ရှားဘား ! ဈာန်ရောင်ခက မြတ်သူတို့အတန်း၏အချိန်ဇယားတွေကို အကုန်သိနေသည့်အပြင် ဘယ်ဘာသာကို ဘယ်ဆရာမ သင်တယ်ဆိုတာကိုပါ စုံစမ်းထားတာလား။
မြတ်သူ တကယ်အံ့ဩလွန်း၍ လက်ဖျားခါမိသည်။ လေးဆက်အပေါ်ထားသည့် ဈာန်ရောင်ခရဲ့စိတ်က နည်းနည်းနောနောမဟုတ်တန်ရာ။ အဲဒီနောက် မြတ်သူလည်း ရွေးချယ်စရာမရှိတော့ဘဲ လေးဆက်ရဲ့လွယ်အိတ်ကို စျာန်ရောင်ခထံ လှမ်းပေးလိုက်ပြီး
" ရော့ ... ဒါဆိုလည်း မင်းပဲ လေးဆက်ဆီကို ယူသွားပေးလိုက်တော့ "
ကိုမြတ်သူကို ဈာန်ရောင်ခ ခေါင်းတစ်ချက်ညှိမ့်ပြလိုက်ပြီးနောက် သန့်စင်ခန်းဘက်သို့ သွားမည်အပြုတွင် ကိုမြတ်သူက
" ဈာန်ရောင်ခ "
သူ့နာမည်ခေါ်သံကို ကြားလိုက်ရသဖြင့် ဈာန်ရောင်ခ ကိုမြတ်သူကို ပြန်လှည့်ကြည့်လိုက်သည်။
" မင်း ငါ့သူငယ်ချင်းကို အရမ်းစိတ်လှုပ်ရှားအောင် မလုပ်မိစေနဲ့ "
ကိုမြတ်သူ သတိပေးသည့်အသံကို ကြားတော့ ဈာန်ရောင်ခ ခပ်ဟဟရယ်မောလိုက်တာ ကတိပြန်ပေးမိလိုက်သည်။
" စိတ်ချပါ "
ကိုကိုရှိရာ သန့်စင်ခန်းသို့ သွားသည့်တစ်လျှောက်လုံး ဈာန်ရောင်ခ၏ခြေလှမ်းတွေ ပေါ့ပါးနေကာ မျက်နှာထက်မှာလည်း မဖုံးကွယ်နိုင်သည့်အပြုံးပန်းတို့ ဝေဆာနေသည်။
အမှန်တော့ အစက ကိုကို ဘယ်မှာရှိနေလဲဆိုတာကို ဈာန်ရောင်ခ လုံးဝမသိပေ။ ထုံးစံအတိုင်း ကိုကို အခန်းထဲမှာပဲရှိလိမ့်မယ်လို့ထင်ပြီး LRC 102 ရှေ့က စားပွဲမှာ ကော်ဖီထိုင်သောက်ရင်း ဖုန်းသုံးနေတာဖြစ်သည်။
ဒါပေမဲ့ သူ့ရှေ့ကနေ အစ်ကိုတစ်ယောက်က ဖြတ်ကျော်ကာ အခန်းထဲဝင်သွားပြီး ကိုမြတ်သူနာမည်ကို ခေါ်လိုက်သဖြင့် ဖုန်းသုံးနေသည့် ဈာန်ရောင်ခ၏စိတ်ဝင်စားမှုတွေက အဲ့ကိစ္စအပေါ်မှာ မြင့်တက်လာခဲ့သည်။
ဈာန်ရောင်ခဆိုသည်မှာ ကိုကိုနှင့် ပတ်သတ်လာလျှင် ကိုကို့အနီးအနားကလူတွေကိုတောင် အာရုံစိုက်မိသည်အထိ ပြောင်းလဲသွားတတ်တာဖြစ်သည်။
ပိုသေချာအောင် ဈာန်ရောင်ခလည်း ထိုင်နေရာမှ ထကာ ကိုကိုတို့အခန်းရဲ့တံခါးပေါက်နားမှာ ရပ်ပြီး အထဲကို ကြည့်လိုက်တော့ ကိုကိုထိုင်နေကျနေရာမှာ လူမရှိပေ။ အခန်းထဲကို ဝေ့ကြည့်လိုက်ပေမဲ့ ကိုကိုရဲ့အရိပ်ရောင်ကိုတောင် မမြင်ရ။
ထိုကဲ့သို့ အလုံးစုံဝေ့ဝိုက်ကြည့်နေစဉ်မှာပင် သူ မြင်လိုက်ရသည်က ကိုမြတ်သူဖြစ်သည်။ ခုနက သူ့ရှေ့ကနေဖြတ်သွားသည့်အစ်ကိုတစ်ယောက်က ကိုမြတ်သူနားကပ်ကာ တစ်ခုခုကို ပြောပြနေဟန်ပေါ်သည်။
ကိုမြတ်သူကလည်း ထိုအစ်ကိုပြောပြတာကို နားထောင်ပြီးပြီးချင်း ကိုကို့လွယ်အိတ်ကို ယူပြီးအပြင်ထွက်မည်ပြုရာမှ သူနှင့် ထိပ်တိုက်တွေ့တာဖြစ်လေသည်။
ခုနကအစ်ကိုက သန့်စင်ခန်းကနေပြန်လာတာဆိုတော့ ကိုကိုရှိနေမည့်နေရာကလည်း သန့်စင်ခန်းမှလွဲပြီးတခြားနေရာမရှိနိုင်တော့ပေ။
ကြည့်ရတာ သူ အအေးသွားဝယ်နေတုန်း ကိုကို့ကို လွတ်သွားမိတာထင်သည်။ ဒီကြောင်ပေါက်စလေးကတော့ တကယ်ပဲ သူ့လက်က ထွက်ပြေးနိုင်လွန်းသည်။
သန့်စင်ခန်းအပေါက်ဝလေးကနေ ခေါင်းလေးပြူပြီး ချောင်းကြည့်နေသည့်လေးဆက်ကတော့ မြတ်သူနှင့် ဟိုကောင်လေးစကားပြောနေကြသည်ကို တွေ့လိုက်ရသဖြင့် လူက အလိုလိုနေရင်းနေမထိထိုင်မသာသည်။
ရန်ဖြစ်ကြတာပဲဖြစ်ပါစေလို့အသေအလဲဆုတောင်းနေပေမဲ့ မြတ်သူ ဟိုကောင်လေးကို လွယ်အိတ်လှမ်းပေးလိုက်သည့်အချိန်မှာတော့ လေးဆက်ရဲ့မျှော်လင့်ချက်တွေအားလုံး ပြိုကျပျောက်ဆုံးသွားပြီမှန်းသိလိုက်ရသည်။
ကျစ် ! ဒီခွေးသူတောင်းစားကတော့ သေချင်နေပြီထင်တယ် ... ငါ့ကို ကူညီဖို့နေနေသာသာ သူကပါ ဟိုကောင်လေးရဲ့ဘက်တော်သားလုံးလုံးဖြစ်နေပါလား ...
ကောင်လေးက သူရှိရာသန့်စင်ခန်းဘက်ကို လျှောက်လာနေတာတွေ့တော့ သန့်စင်ခန်းထဲမှာ လေးဆက် တစ်ယောက်တည်း ယောက်ယတ်ခတ်နေမိသည်။
ဒီကောင်လေးက တဖြည်းဖြည်းနှင့် သန့်စင်ခန်းအနီးကိုရောက်လာတော့ လေးဆက်လည်း ဘာမှမတတ်နိုင်တော့ဘဲ အိမ်သာတစ်ခုထဲပြေးဝင်ပြီး ဂျက်ချလိုက်ထားလိုက်ရသည်။
ဟိုခွေးသူတောင်းစားက ဒီကောင်လေးကို ဘာတွေပြောလွှတ်လိုက်တာလဲ ... ငါ့လွယ်အိတ်ကိုတောင် လှမ်းပေးလိုက်သေးတယ် ... ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်နေပြီ ... နောက်နေ့မှ မင်းနဲ့ငါ စာရင်းရှင်းရမယ် ... ခွေးသူတောင်းစားလေး ...
အခုချိန်မှာတော့ လေးဆက်မှာ မြတ်သူကို ထိုင်ကျိန်ဆဲနေရုံကလွဲပြီး ဘာမှမတတ်နိုင်သည့်ဘဝ။
ဈာန်ရောင်ခ သန့်စင်ခန်းထဲသို့ ဝင်လိုက်ချိန်တွင် အထဲမှာဘယ်သူမှရှိမနေ။ ဈာန်ရောင်ခတစ်ယောက် ကိုကို့ရဲ့ကလေးဆန်တဲ့အပြုအမူကြောင့် မျက်နှာက အလိုလိုပြုံးမိသွားသည်။
တကယ်ပါ။ ဒီလောက်ကလေးဆန်သည့်ကိုကိုက သူ့ထက် အသက်နှစ်နှစ်ကြီးတယ်ဆိုတာကို ဘယ်လိုမှမယုံကြည်နိုင်ဘူး။
စာသင်ချိန်ဖြစ်သဖြင့် သန့်စင်ခန်းထဲ၌ ဈာန်ရောင်ခတို့နှစ်ယောက်မှ လွဲ၍ တစ်ခြားလူရှိမနေချေ။ တံခါးပိတ်ထားသည့် တစ်ခုတည်းသော အိမ်သာကို ဈာန် တံခါးခေါက်လိုက်သည်။
ဒေါက် ... ဒေါက် ... ဒေါက် ...
ဘယ်သူမှ ပြန်ဖြေသံမကြားရ။
ဒေါက် ... ဒေါက် ... ဒေါက် ...
လေးဆက် အပြင်ဘက်မှ တံခါးခေါက်သံကြားလေ လူက စိတ်လှုပ်ရှားပြီး ပိုအသက်ရှုကြပ်လေဖြစ်လာသည်။
ကျစ် ! အရင်တုန်းက သုံးလနေမှ တစ်ခါလောက် အသက်ရှုကြပ်တတ်ပေမဲ့ ယခုအခါမှာတော့ ဒီကောင်လေးနှင့်ထိပ်တိုက်တွေ့သည့်အချိန်တိုင်း အမြဲလိုလိုစိတ်လှုပ်ရှားနေရသည်။ ကြာလာရင် လေးဆက်လည်း နှလုံးရောဂါရလာတော့မည်ထင်ပါရဲ့။
" ကိုကို "
ဒီကိုကိုလို့ခေါ်တဲ့အသံကြီးက လာပြန်ပြီ ... ငါ့ကို ကိုကိုလို့ မခေါ်ဘဲနေလို့မရဘူးလား ... တခြားဂျူနီယာတွေလိုပဲ နေပေးစမ်းပါကွာ ...
" ကိုကို အထဲမှာရှိနေတယ်မလား "
" .......... "
" ကိုကို အထဲမှာရှိနေမှန်း ကျွန်တော်သိတယ် ... ထွက်လာခဲ့ ... "
" .......... "
" ကိုကို ကျွန်တော့်ကို ပုန်းချင်ရုံနဲ့ အိမ်သာထဲ ဝင်နေတာလား "
" .......... "
" ထွက်လာခဲ့တော့ ကိုကို ... အိမ်သာက အနံ့အသက်သိပ်မကောင်းတော့ ကိုကို့အတွက် အဆင်မပြေဘူးလေ "
" .......... "
ဘယ်လိုပြောပြော ဘာတုံ့ပြန်မှုမှ မရသည့်အဆုံး ဈာန်ရောင်ခလည်း တစ်မျိုးစဉ်းစားရပြန်သည်။
" ကိုကို ကျွန်တော်က ကိုမြတ်သူ စာသင်ရမှာမို့လို့ သူ့အစား ကိုကို့လွယ်အိတ်ကို လာပို့ပေးတာ ... တကယ်လို့ ကိုကို ထွက်မလာဘူးဆိုရင် ကိုကို့လွယ်အိတ်ကို ဘယ်လိုလုပ်မလဲ "
" အောက်မှာပဲ ချထားခဲ့လိုက် ... "
လွယ်အိတ်အကြောင်းကြားလိုက်သည်နှင့် ချက်ချင်းဆိုသလို အိမ်သာထဲမှ အသံလေးတစ်သံထွက်လာသောကြောင့် ဈာန်ရောင်ခ ပြုံးမိလိုက်သည်။
" အောက်မှာချထားရင် ညစ်ပတ်သွားမှာပေါ့ "
" ရတယ် ... ငါ နောက်မှ ပြန်လျှော်လိုက်မယ် "
လွယ်အိတ် ညစ်ပတ်သွားတာ ဘာမှမဖြစ်ဘူး ... မင်းနဲ့ မတွေ့ရဖို့ပဲ လိုတယ် ...
" ကိုကိုက ရပေမဲ့ ကျွန်တော်ကတော့ ကိုကို့လွယ်အိတ် ညစ်ပတ်သွားမှာကို သဘောမကျဘူး "
ဒီကောင်လေး သူ့ကိုလာရစ်နေပြန်ပြီ။ ရစ်နိုင်သည့်နေရာမှာ ပထမဆုပေးရလောက်သည့်အထိကို ဒီကောင်လေးက ဘာမဟုတ်သည့်ကိစ္စလေးနှင့်လည်း ရစ်နိုင်သည်။
" အဲ့လွယ်အိတ်က မင်းအိတ်လား ... ငါ့အိတ်လား "
" ကိုကို့အိတ်လေ ... ဒါပေမဲ့ ကျွန်တော်က ကိုကို့အိတ်ကို မညစ်ပတ်စေချင်လို့ ... "
ဒီကောင်လေးက တကယ်ပြောရခက်သလို လက်ပေါက်လည်း ကပ်သည်။
" ဒါဆိုလည်း ဘေစင်ထဲမှာပဲ ထည့်ထားလိုက် ... "
" ဘေစင်က ရေစိုနေတယ် ကိုကို "
" စိုလည်း စိုပလေ့ကွာ "
ဒေါသသံနည်းနည်းပါလာသည့် ကိုကိုကြောင့် ဒီတစ်ခေါက်တော့ ဈာန်ရောင်ခ အလျှော့ပေးလိုက်သည်။
" အိုကေ ... အိုကေ ... ဒါဆိုလည်း ဘေစင်ထဲမှာပဲ ထည့်ထားလိုက်ပြီ "
" အိတ်ကို ထည့်ထားပြီးရင် မင်းလည်း ပြန်တော့ "
ထင်ထားသည့်အတိုင်း သူ့ကိုအတင်းနှင်လွှတ်နေသည့် ကိုကိုကြောင့် ဈာန်ရောင်ခ အသံထွက်ကာ ရယ်မောမိသည်။
" ဘာကိစ္စ အတင်းပြန်ခိုင်းရပြန်တာလဲ ကိုကိုရာ "
" မင်းကရော ဘာလို့ ငါ့နောက်ပဲ လိုက်လိုက်နေတာလဲ ... အတန်းချိန်မရှိဘူးလား "
" အတန်းချိန်က ရှိတယ်လေ ... ဒါပေမဲ့ ကိုကို့ကို တွေ့ချင်လို့ ... "
" မတွေ့ချင်နဲ့ ... အခု မင်း ပြန်တော့ ... သွား ... အတန်းသွားတက် ... "
" မပြန်ဘူး ... ကိုကို အိမ်သာထဲက မထွက်လာမချင်း ကျွန်တော် မပြန်ဘူး "
ဒီကောင်လေးက အရမ်းပြောရခက်တာပဲ။
" ငါ မင်းကို ပြန်တော့လို့ ပြောနေတယ်လေ ... ဈာန်ရောင်ခ "
" မပြန်ချင်ပါဘူးဆို ... ကိုကိုရာ "
" ကျစ် ! မင်း ငါ့ကို ဒီလိုမျိုးလိုက်နှောင့်ယှက်တော့ ဘာရမှာမို့လို့လဲ "
" အချစ်တွေ ... "
ထိုစကားကို ကြားပြီးနောက် လေးဆက် မယုံကြည်နိုင်စွာဖြင့် မျက်မှောင်ကျုံ့မိသွားသည်။ ဒီလိုမျိုး လူကို အသည်းယားပြီး ကလိကလိဖြစ်စေနိုင်တဲ့စကားတွေကို ဒီကောင်လေးက ဘာလို့များ တစ်ချက်လေးမှ မတုံ့ဆိုင်းပဲ ပြောနိုင်နေရတာလဲ။
" ကိုကို "
" .......... "
" ကိုကို ကျွန်တော့်ကို စကားပြန်မပြောတော့ဘူးလား "
" ဈာန်ရောင်ခ ... မင်း မပြန်ရင် ငါ ဒီထဲမှာပဲ တစ်ချိန်လုံး နေလိုက်မှာနော် "
ကိုကိုက အရမ်းခေါင်းမာတာပဲ။ ဘယ်လိုလုပ်ရပါ့မလဲ။
" ကိုကိုက တကယ်ထွက်မလာတော့ဘူးပေါ့ "
" မင်း မပြန်မချင်း ငါ မထွက်ဘူး "
" ကျန်းမာရေး ထိခိုက်မယ် ကိုကိုရဲ့ ... အဲ့ထဲက အနံ့အသက်တွေက မကောင်းဘူး "
" ရတယ် ... မင်းသာ ပြန်တော့ "
ဒီကြောင်ပေါက်စလေးကတော့ သူ့ကို အသည်းအသန်တွေ ပြန်ခိုင်းနေပြန်ပြီ။ ကိုကို ဒီလိုလုပ်လေ သူ့စိတ်ထဲမှာ ချစ်မြတ်နိုးစိတ်တွေက ပိုပိုပြီးများပြားလာတာကို ကာယကံရှင်ဖြစ်သည့် ဈာန်ရောင်ခကိုယ်တိုင်ပဲ သိသည်။
" အိုခေ ကိုကို ... ဒါဆိုလည်း ကျွန်တော်ပြန်ပြီ ... အိတ်ကို ဘေစင်ထဲမှာ ထည့်ထားခဲ့မယ် "
ထိုကောင်လေးရဲ့စကားသံကိုကြားတော့ လေးဆက်လည်း အိမ်သာတံခါးဝနားအသာကပ်ကာ အပြင်ကအသံတွေကို နားထောင်ကြည့်လိုက်သည်။ ဘေစင်ထဲ လွယ်အိတ်ထည့်လိုက်သည့်အသံ၊ အပြင်ဘက်သို့ ထွက်သွားသော ခြေသံများကို နားထောင်ရင်း ဒီကောင်လေး တကယ်ပြန်သွားတာ ဟုတ်မဟုတ် လေးဆက် အတည်ပြုလိုက်သည်။
အပြင်သို့ထွက်သွားသည့်ခြေသံများကို ကြားလိုက်ရပေမဲ့ ဒီကောင်လေးကို လေးဆက် သိပ်မယုံရဲသေး။ ထို့ကြောင့် ပိုသေချာအောင် အိမ်သာထဲမှာပဲ နောက်ထပ်ငါးမိနစ်လောက် အောင့်အီးသည်းခံပြီးနေလိုက်သည်။ ကံကောင်းစွာ အိမ်သာထဲတွင် အမွှေးခဲရှိနေသဖြင့် တော်သေးသည်ဟုပြောရမည်။
ငါးမိနစ်ခန့်ကြာပြီးနောက် လေးဆက် အိမ်သာတံခါးကို အသာဖွင့်ကြည့်လိုက်ပြီး ဘယ်သူမှရှိမနေတော့တာ သေချာတော့မှ အပြင်ဘက်ကို အေးအေးလူလူထွက်လာလိုက်သည်။
ဘေစင်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး လွတ်အိတ်ကို ကောက်လွယ်မည်အလုပ် နံရံဘေးက အရိပ်တစ်ခုကို မြင်လိုက်သဖြင့် လေးဆက် လန့်ဖျတ်သွားကာ လွယ်အိတ်က ကြမ်းပြင်ပေါ် ဖုတ်ခနဲပြုတ်ကျသွားသည်။
ထိုအရိပ်ကလည်း လျင်လျင်မြန်မြန်ပင် သူ့အနားသို့ရောက်လာပြီး လေးဆက်ရဲ့ခါးလေးကို ဆွဲဖက်လိုက်ကာ လေးဆက်တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲ ပစ်သွင်းလိုက်သည်။
ရုတ်တရက်မို့ လေးဆက် အရမ်းလန့်သွားတာ ခြေဖျားလက်ဖျားတွေပါ တုန်ယင်လာသည်။ ထိုလူ၏လက်နှစ်ဖက်က လေးဆက်ရဲ့ခါးနားမှာ သွယ်ယှက်ထားသည်။ ဘေစင်ရှေ့က မှန်ကိုကြည့်လိုက်တော့ လေးဆက်ရဲ့ကျောပြင်တစ်ခုလုံးကို ရင်ခွင်ထဲထည့်ကာ နောက်ကနေပိုက်ထွေးထားသည့်လူက ဈာန်ရောင်ခဖြစ်နေမှန်း သိလိုက်ရသည်။
ဈာန်ရောင်ခတစ်ယောက်ကတော့ ကိုကိုရဲ့ကိုယ်လုံးလေးကို အနောက်ကနေထွေးပွေ့ထားပြီး သူ့မျက်နှာက ကိုကိုရဲ့ဆံနွယ်တွေကြား နစ်ဝင်နေကာ ဆံနွယ်တွေကို မသိမသာနမ်းရှိုက်နေမိသည်။ ကျေးဇူးပြုပြီး သူနမ်းနေတာကို ကိုကို မရိပ်မိပါစေနဲ့။
" လွမ်းနေတာ "
လေးဆက်ကို ပွေ့ဖက်ထားရင်း ဒီကောင်လေးက တိုးတိုးလေးပြောလိုက်ပေမဲ့ ထိုအသံက လေးဆက်ရဲ့နားထဲ ဗုံးတစ်လုံးပေါက်ကွဲသွားသလို ကျယ်လောင်စွာတိုးဝင်လာသည်။
ထို့အတူ လေးဆက်ရဲ့ကိုယ်လေးကလည်း တောင့်ခနဲဖြစ်သွားပြီး ဈာန်ရောင်ခ၏နှုတ်ဖျားမှ ဒီစကားလုံးများ ထွက်လာသည်ကို မယုံနိုင်သလို အံအားသင့်နေမိသည်။
ဈာန်ရောင်ခကလည်း သူ့ကိုကိုရဲ့အံအားသင့်နေတဲ့ပုံလေးကို မှန်ထဲကနေတဆင့် စိုက်ကြည့်ရင်း
" ကိုကိုက ဘာတွေအံဩနေတာလဲ "
" မင်း ... မင်း ခုနက ဘာ ... ဘာပြောလိုက်တာလဲ "
ကိုကို့ဆီမှ မယုံကြည်နိုင်သလို မေးမြန်းသံကြားရတော့ ဈာန်ရောင်ခလည်း ကိုကို့ကို ဖက်ထားရင်းနဲ့မှ တိုးတိုးလေး အဖြေပြန်ပေးလိုက်သည်။
" ကျွန်တော် ကိုကို့ကို လွမ်းနေတာ "
ရုတ်တရက်ဆိုသလို နီရဲတက်လာသည့်နားရွက်လေးတွေနှင့် ပါးပြင်လေးကို ကြည့်ရင်း ဈာန်ရောင်ခတစ်ယောက် ကျေကျေနပ်နပ်ကြီးပြုံးမိလိုက်သည်။
မှန်ထဲကနေ အကြည့်ချင်းဆုံသွားတော့ ကိုကိုက ကမန်းကတန်း မျက်လွှာချသွားပြီး ငုံ့သွားသည့်ခေါင်းက လုံးဝပြန်မော့မလာတော့ပေ။
" ကိုကို ... ကျွန်တော့်ကို ကြည့်ပါ "
ပြန်မော့လာဖို့အစီအစဉ်ရှိမနေသည့် ကိုကိုက သူ့ခေါင်းလေးကို ခပ်သွက်သွက်ခါရမ်းလိုက်တာ ဈာန်ရောင်ခ တွေ့လိုက်ရသည်။
" ဘာလို့လဲ ... ကျွန်တော့်ကို ကြည့်ပါ "
" .......... "
" ကိုကိုရော ကျွန်တော့်ကို မလွမ်းဘူးလား "
" .......... "
" ကိုကိုက ကျွန်တော့်ကို တွေ့တိုင်းရှောင်နေတော့ ကျွန်တော်က ကိုကို့ကို လွမ်းလာတာပေါ့ "
" .......... "
" နောက်တစ်ခါ ကျွန်တော့်ကိုတွေ့ရင် မရှောင်ပါနဲ့ "
" .......... "
သူ့ဘက်က စကားတစ်ခွန်းပြောလိုက်တိုင်း ကိုကို့နားရွက်လေးက ပိုပိုပြီး ရဲတွတ်လာတာကို တွေ့လိုက်ရတော့ ဈာန်ရောင်ခလည်း စိတ်မထိန်းနိုင်တော့ဘဲ ကိုကို့နားရွက်လေးကို ဖွဖွလေး ကိုက်လိုက်သည်။ တကယ့်ကို ထိသည်ဆိုရုံ ဖွဖွလေးရယ်ပါ။
သူ ကိုကို့နားရွက်ကို ကိုက်လိုက်တော့ ကိုကို့တစ်ကိုယ်လုံး တုန်ခနဲဖြစ်သွားပြီး ကိုကို့ခါးကိုဖက်တွယ်ထားသည့် သူ့လက်နှစ်ဖက်ကို အတင်းဖယ်ချလာသည်။
" ဖယ်ပေး ... "
တုန်ယင်နေသည့် အသံလေးက တိုးဖွဖွထွက်ပေါ်လာသည်။ ဒါက ကိုကို့ရဲ့ရှက်ရမ်းရမ်းနေသည့်ပုံစံလေးလား။ သူ့ကြောင့် ဖြစ်ပေါ်လာရသည့် ကိုကိုရဲ့လျှို့ဝှက်အပ်သော အသည်းယားစဖွယ် ပုံစံငယ်လေးပေါ့။ သူ တကယ်ပင် မြတ်နိုးရပါသည်။
ကိုကိုက သူ အားရှိသလောက် ဈာန်ရောင်ခရဲ့လက်တွေကို ဖယ်ချနေပေမဲ့ လက်ရှိအချိန်မှာတော့ ကိုကိုရဲ့ရင်ခုန်သံတွေက တအားမြန်ဆန်နေသည့်အတွက် အင်အားက ထင်သလောက်မရှိရှာ။ မြင်းမိုရ်တောင်ကို ဆီးစေ့နှင့် ပေါက်နေသလို ကိုကိုရဲ့ရုန်းကန်မှုက နည်းနည်းလေးတောင် အရာမရောက်ပေ။
" ကိုကို ငြိမ်ငြိမ်နေလေ "
ကိုကိုက အတင်းရုန်းကန်နေသဖြင့် ဈာန်ရောင်ခလည်း ကိုကို့ကို ဖက်ထားသည့် လက်နှစ်ဖက်ကို အားနည်းနည်းထည့်ကာ တင်းတင်းကြပ်ကြပ်ပြန်ဖက်ထားမိလိုက်တော့
" အင့် ! "
ကိုကိုဆီက အသံသေးသေးလေးတစ်ခုပင် ထွက်လာသည်။ ကိုကိုလည်း သူ ဘယ်လိုနည်းနဲ့မှ ရုန်းမရမှန်းနားလည်သွားသည်ထင်ပါရဲ့။ ပြန်ငြိမ်ကျသွားသည်။ ခေါင်းကတော့ အခုထိပြန်မော့မလာသေး။
" ကိုကို "
" .......... "
" ကိုကို ကျွန်တော့်ကို ကြည့်ပါ "
" မကြည့်ချင်ဘူး "
အသံတိုးတိုးလေးနဲ့ ပြန်ဖြေတာကို ကြားလိုက်ရသည့်အတွက် ဈာန်ရောင်ခ ဝမ်းသာသွားသည်။ ဒီလိုပြန်ဖြေပုံအရ ကိုကို သူ့ကို စိတ်မဆိုးသွားဘူးပဲ။ အင်းပေါ့လေ ... ရှက်နေတုန်းဆိုတော့လည်း ဘယ်စိတ်ဆိုးချိန်ရှိဦးမလဲ။ အရှက်ပြေလို့ စိတ်ငြိမ်သွားရင်တော့ သူ့ကို တော်တော်ဒေါသထွက်လောက်မည်။
" ကိုကို "
" .......... "
" ကိုကို "
" ဘာလဲကွာ ... ဘာလို့ ငါ့ကို ခဏခဏခေါ်နေရတာလဲ "
" ကိုကို့ကို လွမ်းလို့ ... "
" မင်း ... မင်း ဒီ ... ဒီစကားကို ထပ်ပြောပြန်ပြီ "
မျက်နှာလေးက နီရဲနေပြီး ထစ်အထစ်အနှင့် ရန်တွေ့လာသည့်ကိုကို့ကို သူ တကယ်ပင် ရင်နှင့်အမျှ မြတ်နိုးရပါသည်။
" ဖယ် ... ငါ့ခါးကို ဖက်မထားနဲ့ ... မင်းလက်တွေကို လွှတ် ... "
" ကိုကိုကလည်း ... "
" ဈာန်ရောင်ခ မင်းလက်တွေကို မဖယ်သေးဘူးလား "
" ကိုကို့ကို ဖက်ထားရတာ နွေးတယ် "
" မင်း ! "
ပြောလေ ကဲလေ မန်းလေ ပြဲလေ ဆိုသည့်စကားက ဈာန်ရောင်ခအတွက် ထွက်ပေါ်လာသည်လားဟုပင် လေးဆက်ထင်လိုက်မိသည်။
ယခုလည်း သူက လေးဆက်တစ်ကိုယ်လုံးကို သိမ်းကျုံးဖက်ထားတော့ ခံရတဲ့သူအတွက်တော့ နေရထိုင်ရမသက်သာ။ အရေးထဲ လူကို ဘာတွေလာလာပြောနေမှန်းလည်း တကယ်မသိချေ။
" ကိုကို နောက်တစ်ခါ ကျွန်တော့်ကို ရှောင်မပြေးပါနဲ့တော့ "
" မင်းက ဒီလိုမျိုးတွေလုပ်လုပ်နေတော့ ငါက ဘယ်လိုလုပ်ရှောင်မပြေးဘဲ နေရမလဲ "
" ဒါဆိုလည်း ကိုကို ပြေးလေ ... ကျွန်တော်က လိုက်ဖမ်းမယ် "
ဈာန်ရောင်ခလည်း ပြောပြောဆိုဆိုနှင့် ကိုကိုရဲ့နီရဲနေသည့်နားရွက်လေးကို နောက်တစ်ကြိမ်ထပ်ကိုက်မိလိုက်သည်။ ဒီတစ်ခေါက်ကတော့ စောနကလို ဖွဖွလေးမဟုတ်တော့။
" အာ့ ! "
ကိုကိုက သူ့နားရွက်ကို မထင်မှတ်ထားတဲ့အချိန်မှာ ထပ်အကိုက်ခံလိုက်ရတော့ သူ့ကို အလန့်တကြားမော့ကြည့်လာသည်။
" မင်း ဘာလို့ လူကို လိုက်ကိုက်နေတာလဲ ဈာန်ရောင်ခ "
ပြီးတော့ သူ့နားရွက်လေးကို ဈာန်ရောင်ခ ထပ်မကိုက်နိုင်အောင် သူ့လက်လေးနှင့်ဖိအုပ်ထားလိုက်သည်။ ကိုကိုရဲ့ဖြူဖွေးသည့်လက်ဆစ်သွယ်သွယ်လေးက ဈာန်ရောင်ခရဲ့မြင်ကွင်းရှေ့တည့်တည့်တွင် အတိအကျ။
" ကိုကိုက အရမ်းဆိုးတာကိုး "
" ဘာ ! "
" ကိုကိုက အသည်းယားဖို့ ကောင်းလိုက်တာ "
ကိုကို့ရဲ့မျက်ဝန်းလှလှလေးများက မှန်ထဲမှတဆင့် ဈာန်ရောင်ခထံ စိုက်ဝင်လာသည်။ ထိုအကြည့်တွင် မယုံကြည်နိုင်ခြင်း၊ ဝေခွဲမရဖြစ်ခြင်းတို့ အပြည့်အနှက်ပါဝင်နေသည်။
" ဈာန်ရောင်ခ ... မင်း ငါ့ကို လွှတ်ပေးတော့ "
" ကျွန်တော် ဒီလိုမျိုးလေးပဲ ဆက်နေချင်သေးတာ "
ကျစ် ! ဒီကောင်လေးကတော့ ... ဒီလိုနှစ်ယောက်သား ပူးကပ်နေတာကို သူက ဘယ်အချိန်ထိ ဆက်နေချင်သေးရတာလဲ။
" လူမြင်ကွင်းမှာ ဒီလိုတွေ လာလုပ်နေတာ မင်း မရှက်ဘူးလား ဈာန်ရောင်ခ "
" လူ ? ဘယ်မှာလဲ ... လူတွေက ... ဒီမှာ ကျွန်တော်နှစ်ယောက်ပဲ ရှိတာလေ "
" ဒါက အများဆိုင်နေရာလေ ... ပြီးတော့ လူတွေ ဝင်လာရင် မင်းနဲ့ငါ့ရဲ့အနေအထားကြီးက ရှက်ဖို့ကောင်းတယ် ... ဖယ်ပေး ... "
" အခု လူတွေမှ ဝင်မလာသေးတာ ... ကိုကိုကလည်း ... "
" မင်းက တော်တော်ပြောရခက်တာပဲ ဈာန်ရောင်ခ ... ငါ့ကိုလွှတ်တော့ "
" ကိုကို "
" ငါ တကယ် ဒေါသထွက်လာပြီ "
အခုမှပဲ ကိုကိုတစ်ယောက် ရှက်နေတာတွေပျောက်ပြီး ဒေါသစိတ်လေး ဝင်လာသည်ထင်ပါရဲ့။
" ကျွန်တော်က ကိုကို့ကို လွှတ်ပေးရင် ကိုကိုက ထွက်ပြေးမှာပေါ့ "
" ထွက်မပြေးဘူး ဟုတ်ပြီလား ... ငါ့ခါးကို ဖက်ထားတာ လွှတ်တော့ "
" တကယ်ပြောတာလား "
" အေး ... ဟုတ်တယ် ... တကယ်ပြောတာ "
" ဒါဆို အိမ်ပြန်လိုက်ပို့ခွင့်လည်း ပေး ... "
" ဘာ ! "
ကိုကိုက သူ့ခေါင်းလေးကို စောင်းငဲ့လိုက်ပြီး ဈာန်ရောင်ခဘက်ကို လှည့်ကြည့်လာသည်။
" ကျွန်တော် ကိုကို့ကို အိမ်ပြန်လိုက်ပို့ပေးချင်တယ် "
" မရဘူး "
တကယ့်ကို တစ်သွေးတစ်သံတစ်မိန့်ပါပဲလား ကိုကိုရယ်။ ပြတ်သားလိုက်တာ။
" ဒါဆိုလည်း လှည်းတန်းအထိတော့ လိုက်ပို့ပေးချင်တယ် "
" မပို့နဲ့ ... မင်းက ဘာကိစ္စ ငါ့ကိုလိုက်ပို့မှာလဲ ... ငါက မူကြိုကလေးလည်းမဟုတ်ဘူး "
" မူကြိုကလေးမဟုတ်လို့ပေါ့ ... မူကြိုကလေးသာဆို ပါးစပ်ထဲငုံထားလိုက်ပြီ "
ဒီစကားကို ဈာန်ရောင်ခက အင်မတန်မှ တိုးတိမ်သောအသံဖြင့် ပြောလိုက်သဖြင့် ကိုကိုကြားလိုက်ရမည်မဟုတ်ချေ။
" ဒါဆို ကျောင်းကားဂိတ်အထိ လိုက်ပို့ပေးမယ် ... အဲ့ဒါလေးကိုတောင် ခွင့်မပြုရင် ကိုကို့ကို ကျွန်တော် မလွှတ်ပေးဘူး "
" မင်း ! ကျစ် ! ပြောရဆိုရခက်လိုက်တာ "
" ဒီတစ်ချိန်ကုန်ရင် လူတွေဝင်လာတော့မှာနော် ကိုကို ... စဉ်းစားရင်လည်း မြန်မြန်စဉ်းစား ... "
ကိုကို့ပုံစံကို ကြည့်ရတာ တကယ့်ကိုအကြိတ်အနယ်စဉ်းစားနေသည့်ပုံပါပဲ။ ဘာတွေကိုများ ဒီလောက်တောင် ခက်ခက်ခဲခဲစဉ်းစားနေရတာလဲဆိုတာမသိချေ။
" ကိုကို "
" အင်း ... သဘောတူတယ် ... မင်း ဖယ်လို့ရပြီလား "
သူ့ရဲ့တောင်းဆိုချက်ကို ကိုကိုက သဘောတူလိုက်ပြီဆိုတော့ ဈာန်ရောင်ခလည်း ကိုကို့ခါးကို ဖက်ထားသည့်လက်တွေကို ဖြေလျော့ပေးလိုက်သည်။
ကိုကိုက သူ လွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် အောက်မှာကျနေသည့်လွယ်အိတ်ကို ချက်ချင်းကောက်လွယ်ကာ သူ့ကိုပင် မစောင့်ဘဲ သန့်စင်ခန်းအပြင်ဘက်သို့တန်းထွက်သွားလေသည်။
ထိုအခါမှ ဈာန်ရောင်ခလည်း ကိုကိုသွားရာနောက်သို့ အမြန်ပြေးလိုက်ရလေသည်။ ခြေလှမ်းတွေက မြန်လိုက်တာ ကိုကိုရာ။ မသိရင် အနောက်က ကျားလိုက်လာသလိုပဲ။ LRC လှေကားနားလည်းရောက်ရော ကိုကို့ခြေလှမ်းတွေက အနည်းငယ်တုံ့ဆိုင်းသွားတာကို တွေ့လိုက်ရသည်။
အတန်းတက်ချိန်ဖြစ်လို့ လူတွေနည်းနေပေမဲ့လည်း LRC ရဲ့သဘောသဘာဝအရ ဖြတ်သွားဖြတ်လာလူတွေကတော့ ရှိနေတုန်းပင်။
ထိုင်ခုံမှာ ထိုင်နေကြသည့်လူတွေ၊ လှေကားပေါ်တက်ရန်ပြင်နေသော မိန်းကလေးတွေရဲ့အကြည့်က လေးဆက်ကိုကျော်ပြီး အနောက်က ကောင်လေးထံသို့ရောက်နေသဖြင့် လေးဆက် ခြေလှမ်းတွေကို အရှိန်အနည်းငယ်လျော့ချလိုက်သည်။
တော်ကြာ ရိသဲ့သဲ့အပြောခံရလို့ ထွက်ပြေးလာရသည့်မိန်းကလေးပုံစံပေါက်နေမှာ လေးဆက် အင်မတန်စိုးရိမ်လှသည်။ ထို့ကြောင့် ခြေလှမ်းမှန်မှန်လှမ်းပြီး LRC ဆောင်ကနေ ထွက်ခွာရန်ပြင်ချိန်တွင် ထိုကောင်လေးက လေးဆက်ဘေးနားရောက်လာသည်။
လေးဆက်လည်း အဲဒီကောင်လေးကို စကားတစ်ခွန်းမှပြောမနေဘဲ ကျောင်းဂိတ်ထွက်ပေါက်ကနေ အပြင်သို့ထွက်လိုက်သည်။ ကျောင်းဂိတ်ထွက်ပေါက်ဝကနေ လေးဆက် ကားလမ်းကူးကာ ဟိုဘက်ကဘတ်စ်ကားမှတ်တိုင်သို့ သွားရန်ကြံစဉ်တွင် ထိုကောင်လေးက လေးဆက်ရဲ့လက်ကို ဖျတ်ခနဲလှမ်းဆွဲလာသည်။
" ကိုကို ဘယ်သွားမလို့လဲ "
" ကားလမ်းကူးမလို့ ... "
" ကျွန်တော့်ကားနဲ့ ကိုကို့အိမ်အထိလိုက်ပို့ပေးလို့မရဘူးလား "
" မရဘူး "
ရမလားလို့ နည်းနည်းလောက်အထွန့်တက်ကြည့်ပေမဲ့ ကိုကို့ဆီက ပယ်ချသံလိုက်သံ ပြတ်သား၏။
ဈာန်ရောင်ခ စကားဆက်ပြောဖို့ကြံနေတုန်းမှာပဲ ကိုကိုက ကားလမ်းတစ်ဝက်အလယ်ကို ရောက်သွားပြီး ကျန်တစ်ဝက်ကို ဆက်ကူးဖို့ အသင့်ပြင်ထားလေသည်။ မြန်လိုက်တာ။ ဘာလို့ ကိုကိုက ဒီလောက်မြန်နေရတာလဲ။
အဲဒီနောက် ဈာန်ရောင်ခလည်း မထူးစိတ်ပိုက်ကာ ကိုကို့နောက်ကနေ ကားလမ်းလိုက်ကူးပြီး နှစ်ယောက်သား ဟိုဘက်လမ်းကို ချောချောမွေ့မွေ့ရောက်သွားလေသည်။
ကိုကိုက သူ့ကို ဘာစကားတစ်ခွန်းမှ မပြောဘဲ ကားဂိတ်ရှိရာသို့သာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်သွားသည်။ ကိုကို့ကိုကြည့်ရတာ သူ့ကို ရှိနေသည်ဟုပင် သဘောမထားသည့်ပုံ။
ကားဂိတ်မှာ ကားစောင့်နေတော့လည်း ကိုကို့က သူ့ကို စကားတစ်ခွန်းမှမဆိုသလို သူ့ဘက်ကိုလည်း လှည့်ပင်မကြည့်။ သူကတော့ ကိုကို့ရဲ့ဘေးစောင်းမျက်နှာလေးကိုပဲ စိုက်ကြည့်ရင်း ကျေနပ်ရသည်။
ဘတ်စ်ကားရောက်လာတော့ ဈာန်ရောင်ခတောင် နှုတ်ဆက်ချိန်မရလိုက်ဘဲ ကိုကိုက ကားပေါ်အပြေးတက်သွားကာ နေရာယူလိုက်သည်။ တကယ့်ကို တစ်ချက်လေးမှ စောင်းငဲ့မကြည့်သွား။
ဈာန်ရောင်ခတစ်ယောက်ကတော့ ကိုကိုပါနေသည့် ဘတ်စ်ကားထွက်သွားသည်ကို မြင်ကွင်းဆုံးသည်အထိ မျှော်ကြည့်ရုံမှလွဲ၍။
လေးဆက် ဟိုကောင်လေးကို စကားတစ်ခွန်းတလေမှ မပြောဘဲ ဘတ်စ်ကားပေါ်ခပ်တည်တည်နှင့် တက်လာခဲ့သည်။ အပြင်ပိုင်းမှာ တည်ငြိမ်ချင်ယောင်ဆောင်နေပေမဲ့ အတွင်းပိုင်းမှာ ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲနေတာကိုတော့ လေးဆက် ကိုယ်တိုင်ကလွဲလို့ တခြားလူ သိနိုင်မည်မထင်ပါ။
အိမ်သာထဲမှာ ဖက်ခံလိုက်ရသည့်ကိစ္စကို တွေးမိရင် လေးဆက် တကယ်ပင် မျက်နှာပူလာသည်။ ဘတ်စ်ကားစီးရင်း အကိုက်ခံလိုက်ရသည့်နားရွက်လေးကို ခပ်ဖွဖွကိုင်ကြည့်မိတော့ ရင်ထဲမှာ ရှိန်းခနဲ။ အဲဒီနောက် မထင်မှတ်ဘဲ အလိုအလျှောက်ပြောထွက်လာသည်က
" ဒီကောင်လေး အရမ်းဆိုးလိုက်တာ "
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
အမှန်တော့ မနေ့က တင်လိုက်တဲ့အပိုင်းက ပုံမှန်တင်နေကျထက် နည်းနည်းတိုသွားတယ် ... အဲဒါကို သိပေမဲ့လည်း ဘယ်လိုမှ ဆက်လုပ်လို့မရဘူးဖြစ်နေတယ် ... အဲ့အပိုင်းရဲ့နဂိုမူရင်းကိုက နည်းနေတော့လေ ...
အဲဒါကြောင့် ဒီနေ့ နောက်ထပ် တစ်ပိုင်းကို ထပ်တင်ပေးလိုက်ပါတယ် ...
မနက်ဖြန်တော့ အပိုင်းသစ်မရှိပါဘူးနော် ❤️
2:32 P.M
12.1.2021 ( Tuesday )