“ စာသင်ရတာ ပင်ပန်းလိုက်တာ ”
ထိုစကားကို တိုးတိုးလေးညည်းလိုက်သူက လေးဆက်ရိပ်သွင်။ အတန်းစတက်တာ ရက်သိပ်မကြာသေးပေမဲ့ လေးဆက် စာသင်ရတာ တကယ်ပင်ပန်းလာပြီဖြစ်သည်။
အဓိကကတော့ Linguistics အချိန်။ ပထမနှစ်ကတည်းက Linguistics အချိန်ဆိုရင် အမြဲတမ်းခေါင်းမီးတောက်နေတတ်သည့်လူက အခု အင်္ဂလိပ်ဒီပလိုမာတန်းမှာလည်း Linguistics ကို အသေးစိတ်ထပ်သင်နေရသဖြင့် လူက ရူးချင်သလိုလိုဖြစ်လာရသည်။
ပိုဆိုးသည်က Linguistics ဆရာမက နိုင်ငံခြားကနေ Ph.D ဘွဲ့ယူလာတာဖြစ်သလို စာသင်ကြားရာမှာလည်း အရမ်းတင်းကြပ်လွန်းသည်။
အိမ်မှာ ကြိုဖတ်ခိုင်းလာပြီး အတန်းထဲရောက်မှ သူ့စိတ်ကြိုက် နာမည်ခေါ်ပြီး အရှေ့ထွက် စာပြန်ရှင်းပြခိုင်းခြင်းဖြစ်သည်။ လေးဆက်တို့အတန်းထဲမှာ လူတစ်ရာကျော်ရှိသဖြင့် စာထွက်ရှင်းပြရတဲ့လူအဖို့ကတော့ ထီပေါက် နိဗ္မာန်ရောက်သည့်ဘဝပင်။ ဒါတောင် ဆရာမက တစ်ချက်တစ်ချက် မေးခွန်းတွေထထမေးတတ်တာ မပါသေး။
အင်္ဂလိပ်ဒီပလိုမာတန်းဖြစ်သဖြင့် စာသင်ချိန်တွေအကုန်လုံးမှာ အင်္ဂလိပ်လိုပဲရှင်းပြသလို ကိုယ်က ပြောရာတွင်လည်း အင်္ဂလိပ်လိုသာ ပြန်ပြောရသည်။
ယခုလည်း လေးဆက်တစ်ယောက် နောက်ဆုံးအချိန် Linguistics Class အတွက် ကြိုဖတ်ရမည့်စာများအား အိမ်မှာမဖတ်ခဲ့သဖြင့် ရှေ့အတန်းချိန်တစ်ချိန်လစ်ပြီး ပန်းခြံထိုင်ခုံတွင် စာလာဖတ်နေရခြင်းဖြစ်သည်။
စာလုပ်ခဲ့သည့်မေမြတ်ကတော့ လေးဆက်နှင့်လိုက်မလာဘဲ အတန်းချိန်ဆက်တက်နေသလို စာလည်းမတော်၊ စာလည်းမလုပ်သည့်မြတ်သူကတော့ သူ့ကောင်လေးနှင့် ချိန်းတွေ့နေသည့်အတွက် ဒီနေ့တစ်နေ့လုံး အတန်းမတက်။
“ ကျစ် ! Linguistics က တကယ့်ဂြိုလ်ကောင်ပဲ ... ခေါင်းတောင်မူးလာပြီ ... တော်ပြီကွာ ... မဖတ်တော့ဘူး ... နောက်တစ်ချိန်လည်း ဆက်မတက်တော့ဘူး ... အိမ်ပြန်ပြီး အိပ်တော့မယ် ”
Linguistics ကိုဖတ်တော့ဖတ်နေပေမဲ့ ဖတ်နေရင်းနဲ့ကို လည်နေသောကြောင့် လေးဆက် စာအုပ်ကို ပိတ်လိုက်ပြီး ခေါင်းကိုမော့ မျက်လုံးမှိတ်ထားကာ အမူးပြေအောင် ငြိမ်ငြိမ်လေးနေပြီး လေကိုတဝရှုသွင်းလိုက်သည်။
ဒီနေ့ကျမှ ရာသီဥတုက နေသိပ်မပွင့်ပဲ အနည်းငယ် မှိုင်းညှို့နေသယောင်ယောင်။ ခပ်သွဲ့သွဲ့တိုက်ခတ်လာသည့် လေပြည်ရဲ့ညင်သာမှုက လေးဆက်ကို အသာအယာတို့ထိနေသလိုပင်။ သဘာဝအလှတရားကို ခံစားတတ်တဲ့လူတွေက တကယ့်ကို လူဖြစ်ရကျိုးနပ်လိုက်တာ။
“ ကိုကို ”
နား,အနီးသို့ကပ်ကာ တိုးတိုးလေးခေါ်လိုက်သည့်အသံကြောင့် လေးဆက် ကြက်သီးထသွားသလို လန့်လည်းလန့်သွားသည်။ မျက်လုံးဖွင့်ကာ အရှေ့ကို ကြည့်မိတော့ သူ့ကို မတ်တပ်ရပ်ကာ ပြုံးပြီးကြည့်နေသည့် ဈာန်ရောင်ခ။
လေးဆက် မျက်မှောင်ကျုံ့လိုက်မိသည်။ ဒီကောင်လေးက ဘယ်လိုဖြစ်ပြီး သူရှိနေသည့်နေရာကို ရောက်လာတာပါလိမ့်။ ခေါင်းမူးနေသည့်ကြားက မပတ်သတ်ချင်သည့်လူက သူ့ရှေ့တည့်တည့်ကို ရောက်လာသဖြင့် လေးဆက် ပို၍ပင် စိတ်ညစ်ညူးလာသည်။
ဒီကောင်လေးရဲ့မျက်နှာကိုကြည့်နေရမဲ့အတူတူ Linguistics ထိုင်ဖတ်နေတာကမှ သူ့အတွက် အကျိုးရှိဦးမည်ဟု ထင်လိုက်သဖြင့် လေးဆက် စာအုပ်ကို ပြန်ဖွင့်ကာ စာဖတ်နေလိုက်သည်။ ဒီနေ့အဖို့တော့ ဒီကောင်လေးကို စကားပြန်ပြောပြီး အဖက်လုပ်မည့်အစီအစဉ် လေးဆက်တွင်မရှိချေ။
“ ကိုကို ”
“ ………. ”
ကိုကိုက အဖက်မလုပ်လည်း ဈာန်ရောင်ခ ဇွဲမလျှော့ပါ။ အတိတ်မှာ ဒီထက် ပိုဆိုးတာတွေတောင်ကြုံခဲ့ရပြီးနောက် ဒီလောက်လေးကတော့ စာဖွဲ့နေစရာပင်မလို။
“ ကိုကို ကျွန်တော့်ကို စကားမပြောတော့ဘူးလား ”
“ ………. ”
“ ဘာလို့လဲ ... ကျွန်တော့်ကို မခင်ချင်လို့လား ”
“ ………. ”
“ ဟိုနေ့ကပြောတော့ ကိုကိုပဲ ကျွန်တော့်ကို ခင်ခွင့်ပေးတယ်ဆို ... ”
ကျစ် ! ဒီကောင်လေးက အလိုက်ကမ်းဆိုးမသိလိုက်တာ ... ဒီမှာ စာဖတ်နေတယ်လေ ...
“ ကျွန်တော် နှစ်ရက်လောက်လေးပဲ ကျောင်းမလာဖြစ်လို့ ကိုကို့ကို လာမတွေ့မိတာလေ ”
“ ………. ”
“ ကျွန်တော် လာမတွေ့လို့ ကိုကိုက စိတ်ကောက်နေတာလား ”
ဘာကို စိတ်ကောက်ရမှာလဲ ... မင်း မလာရင် ငါက ပိုတောင်ကြိုက်သေးတယ် ... စာကြောင့် ခေါင်းမူးရတာတစ်မျိုး ... မင်းကြောင့် စိတ်မကြည်ရတာတစ်မျိုး ...
အတွေးထဲမှာ ပြောမိတာကတော့ ထိုကဲ့သို့ပင်။ အပြင်မှာတော့ ထုတ်မပြောရဲ။ ဘယ်လိုပဲ ဈာန်ရောင်ခက သူ့ကို ဘာမှမလုပ်ပါဘူးလို့ပြောပြော လေးဆက်ကတော့ စိတ်ထဲ မတင်မကျနဲ့စိုးရိမ်နေတုန်းပင်။
ဘယ်လိုယောက်ျားကများ သူ့ကို ဂေးဇာတ်သွင်းထားတဲ့လူကို ဘာတစ်ခုမှ ကိုယ်ထိလက်ရောက်မကျူးလွန်ဘဲ ခင်ခွင့်လေးပဲပေးပါ လို့တောင်းဆိုဖူးတာ ရှိခဲ့ဖူးလို့လဲ။ ချီးစားပြောရင်တောင် ဘယ်သူမှယုံမှာမဟုတ်တဲ့ကိစ္စ။
ဒါက နောက်ကွယ်မှာ လက်မဲကြီးရှိနေမှာ ကျိန်းသေသည်။ ခင်မင်အောင် အရင်ပေါင်းပြီး နောက်မှ တစ်ချက်တည်းရိုက်သတ်သည့်အကြံအစည်မျိုးဖြစ်ရင်လည်း ဖြစ်နေနိုင်သည်။ သတိမရှိလို့ ရိုက်သတ်ခံရပြီး ချက်စားခံလိုက်ရသည့်ဘဝမျိုးတော့ လေးဆက် မရောက်ချင်။
ထို့အပြင် သိပ်မကြာသေးခင်ကမှ ဈာန်ရောင်ခဆိုသည့်ကောင်လေးနှင့် သူရဲ့ဖြစ်ခဲ့ဖူးသည့်ရန်ပွဲများအကြောင်းကို မြတ်သူက မှတ်စုထုတ်ကာ လေးဆက်အား လာပေးထားသည်မဟုတ်လား။
မြတ်သူလည်း သူငယ်ချင်းဖြစ်သူကို စိုးရိမ်ရှာသည်ထင့်။ မြတ်သူက တိုက်ရိုက်မပြောပေမဲ့လည်း “ ဒီကောင်လေးက ဒီလိုဂျစ်ကန်ကန်နိုင်တဲ့စရိုက်မျိုး ... မင်းလည်း ဆေးရုံမရောက်ချင်ရင် အလိုက်အထိုက်ဆက်ဆံ ... ပြီးတော့ သတိထား ... ” ဆိုသည့်သဘောမျိုး ပါဝင်နေကြောင်း လေးဆက်လည်း ရိပ်စားမိပါသည်။
“ ကိုကိုက တကယ်စိတ်ကောက်နေတာပဲ ”
ကောင်လေးက မတ်တတ်ရပ်နေရင်း လေးဆက်မျက်နှာတည့်တည့်ကို ငုံ့ကြည့်ပြီး ပြောလာသည်။ လေးဆက် ဆက်သည်းမခံနိုင်တော့။ နို့မို့ ဒီကောင်လေးရဲ့ပါးစပ်ဖျားက ဘယ်လိုစကားလုံးတွေ ထွက်ချလာမလဲဆိုတာ ဘယ်သူမှ မသိနိုင်။
“ ပေါက်ကရတွေ ... ငါက မင်းကို ဘာလို့စိတ်ကောက်ရမှာလဲ ”
“ ကိုကို့ကို လာမတွေ့လို့လေ ”
ကျစ် ! ဒီကောင်လေးက ရုပ်တည်ကြီးနဲ့ ပြောရဲဆိုရဲရှိတာပဲ။
“ မင်း ငါ့ကိုလာမတွေ့တာနဲ့ ငါက စိတ်ကောက်စရာလား ... ပြီးတော့ စိတ်ကောက်ရအောင် ငါက မိန်းကလေးလည်းမဟုတ်ဘူး ”
“ ကိုကို စိတ်မကောက်ရင် ပြီးတာပါပဲ ”
လေးဆက်လည်း ဒီကောင်လေးနှင့် စကားဆက်မပြောချင်တော့သဖြင့်
“ မင်း ဒီခုံမှာ ထိုင်မလို့မလား ... ဒါဆိုလည်း ထိုင်လေ ... ငါက သွားရတော့မှာ ... နောက်အတန်းချိန်က စတော့မယ် ”
အလျင်စလိုစကားစဖြတ်ကာ ထိုင်နေရာကနေ ထရပ်လိုက်ပြီး LRC ရှိရာသို့သွားမည်ဟန်ပြင်စဉ်တွင် လေးဆက်ရဲ့လက်ကောက်ဝတ်တစ်ဖက်ကို ဈာန်ရောင်ခက ဆွဲကိုင်လိုက်သည်။
“ ခဏလောက်နေပါဦး ... ကိုကိုကလည်း ... ”
ရုတ်တရက်အသားချင်းထိမိသွားသဖြင့် လေးဆက် ခဏတာကြောင်အသွားပြီးမှ လက်ကို မသိမသာရုန်းထွက်လိုက်ရင်း
“ မဟုတ်ဘူး ... ငါ အတန်း ... ”
“ ကိုကို့ရဲ့အတန်းချိန်စဖို့က မိနစ်၂၀တောင်လိုနေသေးတယ်လေ ”
“ ဟမ် ! မိနစ်၂၀ ”
ထိုအခါမှ လေးဆက်လည်း ကမန်းကတန်း နာရီကိုပြန်ငုံ့ကြည့်မိတော့ အမှန်ပင် တစ်ချိန်ကုန်ဖို့ မိနစ်၂၀လောက် လိုနေသေးသည်။ လေးဆက် အနည်းငယ်စိတ်ပျက်သွားကာ
“ ဟုတ်သားပဲ ... မိနစ်နှစ်ဆယ်တောင် လိုသေးတယ် ”
“ ဘာလဲ ... ထပ်ပြီးထွက်ပြေးဦးမလို့လား ”
ပြုံးတုံ့တုံအကြည့်တွေနဲ့ လေးဆက်ကို ကြည့်ရင်း ပြောလိုက်ပုံက မသိရင် လှောင်နေသလိုလို။ ဒီကောင်လေးဟာလေ ရုပ်လေးချောရက်နဲ့ ဘာလို့ ဂွတီးဂွကျတွေလုပ်ပြီး သူ့အနားပဲ လာလာကပ်နေရတာလဲမသိဘူး။ အခုလည်း လေးဆက် ထွက်ပြေးတော့မယ်မှန်းသိလို့ တမင်ဖမ်းဆွဲထားပြီး ရိသဲ့သဲ့လုပ်နေခြင်းဖြစ်သည်။
အမှန်တော့ ဒီကောင်လေး ပြောတာကလည်း မမှားပါ။ သို့သော်ငြား လေးဆက်ကလည်း ကိုယ်ဟန်ဖို့ဆိုသလိုပင်
“ ငါ ... ငါက ဘာလို့ ထွက်ပြေးရမှာလဲ ”
“ ကျွန်တော့်ကြောင့်မို့လို့လေ ”
ကိုကိုက မျက်လုံးလေးဝိုင်းပြီး သူ့ကို မော့ကြည့်လာသည်။ ကိုကိုက အမြဲတမ်း အဲ့လိုမျိုးလေးပင်။
မထိတထိစကားလေးများ ပြောခံလိုက်ရရင် မျက်လုံးလေးဝိုင်းပြီး မော့ကြည့်လာတာတို့၊ ကိုယ်လေး ဆတ်ခနဲတုန်သွားတာတို့၊ ပါးပြင်မို့မို့လေးတွေ နားရွက်ဖျားလေးတွေ ရှက်သွေးဖြန်းပြီး နီရဲသွားတာတို့ အမြဲတမ်းဖြစ်တတ်သည်။
ဈာန်ရောင်ခကလည်း ကိုကို အဲ့လိုမျိုးဖြစ်ဖြစ်သွားတာလေးကို အရမ်းသဘောကျလွန်းလို့ တမင်သက်သက်ကို မထိတထိစကားတွေ ခဏခဏပြောမိနေတာပင်။
“ မင်း ... မင်းကြောင့် ထွက်ပြေးရအောင် မင်းက ဘာမို့လို့လဲ ”
အင်း ... ပြောရင်းဆိုရင်း အသံတုန်တုန်လေးနဲ့ ပြန်ရန်တွေ့ပါပြီ။ ကိုကိုက သူ့ကို လန့်လည်းလန့်သည်၊ ရန်ကလည်း တွေ့လိုက်ချင်သေးသည်ဆိုတဲ့ ကြောင်ပေါက်စလေးလိုဖြစ်သည်။
“ ကျွန်တော်က ဘာမို့လို့လဲဆိုတာ အချိန်တန်ရင် သိလာမှာပါ ... ဟုတ်တယ်မလား ”
သူ ကိုကိုရဲ့နားအနီးကို ကပ်ပြီးလေသံတိုးတိုးလေးနှင့် ပြောလိုက်တော့ ကိုကို့ခန္ဓာကိုယ်လေး ဆတ်ခနဲတုန်သွားကာ ကြက်သီးထလာတာကိုမြင်လိုက်ရသည်။ ကိုကို့ကို ထပ်စချင်လာတာနဲ့ ကိုကို့ရဲ့ဝင်းနုနေသည့်လည်ပင်းလေးကို လေနဲ့ သာသာလေးမှုတ်ပေးလိုက်သည်။
“ မင်း ! ”
လေးဆက်ကတော့ သူ့အနားကပ်နေသည့် ကောင်လေးကို အတင်းတွန်းထုတ်ပြီး တုန်ယင်နေသည့်နှလုံးသားကို လက်နှင့်ဖိကာ အသက်ဝဝရှုလိုက်ရသည်။
“ မင်း ... မင်း ငါ့အနားကို အဲ့လောက် မကပ်နဲ့ ”
“ ဘာလို့လဲ ... ကျွန်တော် အနားကပ်တော့ ကိုကို ဘယ်လိုခံစားရလို့လဲ ”
ကောင်လေးက ရိတိတိမျက်နှာပေးမျိုးဖြင့် ပြောလာသည်။
“ အသက်ရှူကြပ်တယ် ... မင်း ငါ့နားကို တိုးမလာနဲ့ ”
“ အသက်ရှူကြပ်နေတာလား ... ရင်ခုန်နေတာလား ကိုကို ”
“ ငါ့အနားကို တိုးမလာနဲ့လို့ ငါ မင်းကို ပြောနေတယ်လေ ”
“ ဆောရီး ... ကျွန်တော်က နားမကြားဘူး ”
လေးဆက်က ဘယ်လောက်ပဲ အနားမလာနဲ့လို့အော်ပြောနေပါစေ ကောင်လေးကတော့ တဖြည်းဖြည်းတိုးကပ်လာလိုက်တာ သူ့နှာခေါင်းနဲ့ လေးဆက်ရဲ့နှာခေါင်းက ထိလုနီးပါး။ အမှန်ဆို ဒီကောင်လေးက လေးဆက်ထက် အရပ်ပိုရှည်ပေမဲ့ သူ့ခေါင်းကို အနည်းငယ်ငုံ့ထားသောကြောင့် လေးဆက်နဲ့ပိုနီးကပ်သွားသလို ခံစားနေရသည်။
လေးဆက် အခုချိန်မှာ တကယ်စိတ်လှုပ်ရှားပြီး ဘာလုပ်ရ ကိုင်ရမှန်းမသိဖြစ်နေတာတော့အမှန်ပင်။ ထွက်ပြေးရမယ်လို့ ဦးနှောက်က အသိပေးနေပေမဲ့ ခြေထောက်က မရွေ့နိုင်သလို လူကလည်း နှလုံးခုန်သံတွေမြန်ပြီး အသက်ရှူမဝချင်။ သူ့ကို တစ်ယောက်ယောက်များ လာမကယ်ချင်ကြဘူးလား။
ဈာန်ရောင်ခကတော့ ကိုကိုရဲ့ဘေးကြပ်နံကြပ်ဖြစ်နေသည့်အခြေအနေကို အခွင့်ကောင်းယူကာ ကိုကိုရဲ့မျက်နှာနုနုနယ်နယ်လေးကို ကမဋာန်းရှုသလိုစိတ်တိုင်းကျ စိုက်ကြည့်နေလေသည်။ ဒီလိုမျိုး အနီးကပ်လေးသေချာကြည့်နိုင်ဖို့ သူ ဘယ်လောက်တောင်မျှော်လင့်ခဲ့သလဲဆိုတာ ကာယကံရှင်ဖြစ်သည့်သူကိုယ်တိုင်ပဲ သိသည်။
နဖူးပြေပြေနှင့် နှာတံလုံးလုံးလေး၊ ဝိုင်းနေသည့်မျက်ဝန်းလေးနှင့်လိုက်ဖက်ညီလှသည့်မျက်ဆံနက်နက်လေး၊ ထိုမျက်ဝန်းများနှင့်ပနံသင့်လှသော ဆေးမကူထားသည့်မျက်တောင်ရှည်ကော့ကော့ညွတ်ညွတ်လေးများ၊ စိတ်လှုပ်ရှားလာလျှင် ဖြူဖျော့သွားတတ်သော နှုတ်ခမ်းပါးတစ်စုံ၊ အမြဲတမ်းလိုလို ရှက်တတ်သောကိုကို့၏အကျင့်ကြောင့် နီရဲရဲလေးဖြစ်နေတတ်သော ပါးပြင်နုနုအိအိလေး။
ပြောရလျှင် ဈာန်ရောင်ခ ကိုကို့တစ်ကိုယ်လုံးကို ဘယ်သူမှမမြင်နိုင်အောင် သိမ်းထုပ်ထားလိုက်ချင်သည်။ ကိုကို့ကို သူမှလွဲပြီး တခြားဘယ်သူမှမမြင်နိုင်အောင် ဂါထာရွတ်ပြီး ဝှက်ထားလိုက်ချင်သည်။
ထိုမျှအထိ ကြောင်ပေါက်စလေးအပေါ်၌ ဈာန်ရောင်ခ သဝန်တိုပါသည်။ ယခုအချိန်မှာ သူတို့နှစ်ယောက် ဘာမှမသက်ဆိုင်ပေမဲ့လည်းပေါ့။
“ ကိုကို ”
နှစ်ယောက်သား ကြားရရုံလောက်အသံဖြင့် ဈာန်ရောင်ခ ကိုကို့ကို ခေါ်လိုက်သည်။
“ ဟင် ”
အယောင်ယောင်အမှားမှားဖြစ်ကာ သူ့ကို ပြန်ထူးနေသည့်ပုံလေးကား ရင်၌ မြတ်နိုးဖွယ်ရာအတိ။
“ ရင်ခုန်နေလား ... ကျွန်တော်နဲ့ ဒီလိုနီးနီးကပ်ကပ်နေရတာ ”
“ ………. ”
ဘာစကားတစ်ခွန်းမှ မတုံပြန့်ပေမဲ့ ဘာတွေလာပြောနေတာလဲဆိုသည့်အကြည့်တစ်ချက်ကိုတော့ ဈာန်ရောင်ခ လက်ခံရရှိလိုက်သည်။
“ ပြောလေ ... ကိုကို ကျွန်တော့်အနားမှာ နေရတာ ရင်ခုန်လား ”
“ မ ... မခုန်ပါဘူး ... ငါက ဘာလို့ ရင်ခုန်ရမှာလဲ ”
“ ဪ ... ဟုတ်လား ... ရင်မခုန်သေးဘူးပေါ့ ... ဒါပေမဲ့ စိတ်မပူပါနဲ့ ... မကြာခင် ကိုကို ကျွန်တော့်အတွက် ရင်ခုန်လာတော့မှာ ”
“ ဈာန်ရောင်ခ ... မင်း ! ”
လေးဆက်က အရမ်းတုံးအနေသည့်လူမျိုးမဟုတ်ပေ။ ဒီစကားအသွားအလာက ဘယ်လိုအခြေအနေကို ဦးတည်နေမှန်း အရူးသွားမေးရင်တောင်မှ သိနိုင်နေသည့်ကိစ္စကို လေးဆက်က မရိပ်မိစရာလား။
“ ငါ့ကို လွှတ် ... ”
လေးဆက် သူ့လက်ကောက်ဝတ်တစ်ဖက်ကိုဆုပ်ကိုင်ထားသည့် ကောင်လေးရဲ့လက်ကို အတင်းရုန်းကန်ဖယ်ချနေပေမဲ့ အားချင်းကမမျှသည့်အတွက် ဖယ်လို့မရ။ ဒီကောင်လေးက လေးဆက်ထက် အသက်အရငယ်ပေမဲ့လည်း သူ့ကို အင်အားချင်းရော ခန္ဓာကိုယ်အချိုးအစားချင်းရော လေးဆက် ဘယ်လိုမှမယှဉ်နိုင်။
လေးဆက် စိတ်တိုတိုနှင့် သူ့မျက်နှာကို မော့ကြည့်လိုက်တော့ ကောင်လေးက လက်ကိုမလွှတ်ပေးနိုင်ဘူးဆိုသည့်အကြောင်း မဲ့ပြုံးတစ်ချက်နှင့် အသိပေးလာသည်။ တော်သေးသည်က အတန်းချိန်အတွင်းဖြစ်နေသဖြင့် ဖြတ်သွားဖြတ်လာလူတစ်ချို့ကလွဲရင် တခြားမည်သူမှ ပန်းခြံထဲ ရှိမနေသည့်အတွက် လေးဆက် မသိမသာသက်ပြင်းချလိုက်မိသည်။
သူတို့ပုံစံက မသိရင် လူဆိုးက မင်းသမီးကို အနိုင်ကျင့်နေသလိုပုံစံမျိုးကြီးပေါက်နေတယ်မဟုတ်လား။ ဒီလိုအခြေအနေမျိုးကို လူတွေမမြင်တာပဲ တော်သေးသည်ဟုပြောရမည်။ နို့မို့ဆိုလျှင် ပြဿနာအကြီးအကျယ်တက်ရမည့်လူက ဈာန်ရောင်ခမဟုတ်ဘဲ လေးဆက်ဖြစ်နိုင်သည်။
“ ဈာန်ရောင်ခ ... မင်း ဘာဖြစ်ချင်နေတာလဲကွာ ”
“ ကိုကို့အနားမှာ နေချင်နေတာ ”
“ ကျစ် ! မင်း ရူးနေလား ”
“ အင်း ... ရူးနေတယ် ... အချစ်ရူးလေးလေ ”
“ ဘာ ! မင်း ! ”
လေးဆက်တစ်ယောက် ရင်တွေလည်းခုန်၊ ရှက်လည်း ရှက်၊ ဒေါသလည်းထွက်ဖြင့် တစ်ကိုယ်လုံးတုန်ယင်ကာ အသက်ရှူမြန်လာပြီး စကားကို အဆုံးထိဆက်မပြောနိုင်တော့ပေ။
“ ကိုကို ”
“ အာ ... မင်း ဘာလုပ် ... အွန့် ... ”
ရုတ်တရက်ဆိုသလိုပင် သူ့ကို ဆွဲဖက်လိုက်သော ကောင်လေးကြောင့် လေးဆက်မှာ အရမ်းအံ့အားသင့်လွန်းနေသဖြင့် ဘာစကားတစ်ခွန်းမှ ထွက်ကျမလာပေ။ ဒီကောင်လေးက ကိုယ်ကို အနည်းငယ်ကိုင်းထားသောကြောင့် သူ့ရဲ့ပခုံးပေါ်မှာ လေးဆက်ရဲ့ခေါင်းလေးက အံ့ဝင်ခွင်ကျ။
ဒီကောင်လေးက သူ့ရဲ့ရင်ခွင်ကျယ်ကြီးထဲ လေးဆက်ကို ဆွဲသွင်းလိုက်ပြီးနောက် လေးဆက်ရဲ့ခါးနားကို သူ့လက်တစ်ဖက်က သိုင်းဖက်ထားပြီး နောက်လက်တစ်ဖက်ကကျ လေးဆက်ရဲ့ကျောပြင်ကို ကလေးတွေအငိုတိတ်အောင်ပုတ်ပေးသလိုမျိုး ပုတ်ပေးလာသည်။
“ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှု ... ကိုကို ”
ဒီကောင်လေးကတော့ ... သူက ဒီလိုမျိုး ရင်ခွင်ထဲဆွဲသွင်း ခါးကိုလည်းဖက် ကျောကိုလည်းပုတ်ပေးနေတော့ ဘယ်သူက စိတ်ငြိမ်ငြိမ်ထားနိုင်မှာလဲ ... ငါ့ကို အနုနည်းနဲ့ သေကြောင်းကြံနေတာလား ...
လေးဆက်စိတ်ထဲမှာ ဘုကလန့်တွေချည်းပဲ တွေးနေမိသည်။ ကောင်လေးက သူ့ရင်ခွင်ထဲ လေးဆက်ကို ဆွဲသွင်းလိုက်ချိန်မှာ ရုတ်တရက်မို့ ခဏလောက်ကြောင်အသွားပေမဲ့ သတိပြန်ဝင်လာချိန်မှာတော့ အတင်းရုန်းကန်မိသည်။
” ဈာန်ရောင်ခ ... မင်း ငါ့ကို လွှတ် ... ”
ဒီလိုမျိုး လူနှစ်ယောက် ပူးပူးကပ်ကပ်ဖြစ်နေသည့်အခြေအနေမျိုးမှာ လေးဆက် နေသားမကျ။ ပိုဆိုးတာက ခါးနားတစ်ဝိုက်ရစ်သွယ်နေသည့်လက်ကိုပင်။ အရမ်းတင်းကြပ်နေသလိုပဲ။ လေးဆက် ကိုယ်ကိုတွန့်ကာ ရုန်းမိတော့ ရစ်သွယ်ထားသည့်လက်က ပို၍ပင် တင်းကြပ်သွားသည်
“ ငြိမ်ငြိမ်နေ ကိုကိုရာ ... လှုပ်နေရင် ကိုကို အသက်ရှုရတာ ပိုဆိုးလာလိမ့်မယ် ... ငြိမ်ငြိမ်လေးနေ ... ကျွန်တော် ကိုကို့ကို ဘာမှမလုပ်ဘူး ... အတင်းရုန်းမနေနဲ့ ”
အဲဒီနောက်မှာတော့ ရုန်းကန်နေသည့်ကိုယ်လေးက အနည်းငယ်ငြိမ်ကျသွားသည်ကို တွေ့လိုက်ရသဖြင့် ဈာန်ရောင်ခ မသိမသာပြုံးမိလိုက်သည်။ သူ့ရဲ့လည်ပင်းထက်ဆီ ရိုက်ခတ်နေသည့် ကိုကိုရဲ့ဝင်လေထွက်လေလေးက ဈာန်ရောင်ခရဲ့နှလုံးခုန်သံကို ပိုပြီးမြန်ဆန်လာစေသလို နွေးထွေးမှုကိုလည်း တမျိုးတမြည်ပေးစွမ်းနေသည်။
အင်း ... ကြည့်ရတာ အသက်ကို ဖြည်းဖြည်းမှန်မှန်ရှူသင့်သည့်လူက ကိုကိုမဟုတ်ဘဲ သူဖြစ်နေသည်ထင်ပါရဲ့။
အမှန်တော့ လေးဆက်လည်း ဒီကောင်လေးနှင့် အားချင်းယှဉ်နိုင်မှာမဟုတ်မှန်းသိနေသဖြင့် ဒီကောင်လေးရဲ့ရင်ခွင်ထဲမှာပဲ မြုပ်နေပြီး ငြိမ်ငြိမ်လေးနေနေကာ စိတ်တည်ငြိမ်ဖို့အရေးကိုပဲ ဦးစားပေးနေရခြင်းဖြစ်သည်။ စိတ်တည်ငြိမ်မှ ဒီလိုမျိုးနေရခက်တဲ့အခြေအနေကနေ ရုန်းထွက်နိုင်မှာလေ။
၅မိနစ်လောက်ကြာပြီးနောက် လေးဆက်ရဲ့အသက်ရှုနှုန်း တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာပြီဆိုမှ သူ့ရဲ့ကျောပြင်ကို ပုတ်ပေးနေသည့်လက်လေးက ရပ်တန့်သွားကာ
“ ကိုကို အဆင်ပြေသွားပြီလား ”
“ အင်း ... ငါ့ကို လွှတ်ပေးတော့ ”
တိုးဖွညင်သာသည့်အသံလေးကြောင့် ဈာန်ရောင်ခလည်း ကိုကို့ကိုဖက်ထားသည့်လက်တို့ကို မလွှတ်ချင် လွှတ်ချင်နှင့်လွှတ်ပေးလိုက်ပြီး ကိုကို့ကို ကြည့်လိုက်တော့ ကိုကိုက မျက်နှာလေးငုံ့ကာ မြေကြီးကိုပဲ စိုက်ကြည့်နေသည်။
အပေါ်စီးကနေ မြင်ရသလောက် ပါးလေး၊ နားရွက်ဖျားလေးတွေရဲတွတ်နေပုံအရ ကိုကို တော်တော်ရှက်သွားတာပဲဖြစ်ရမည်။
“ ရှက်နေတာလား ကိုကို ”
မေးခွန်းအဆုံးမှာ ပြန်လည်စိုက်ကြည့်လာသည့် မျက်ဝန်းလှလှလေး။ ယောကျာ်းလေးတွေ ရှက်နေချိန်ဆို ဒီလိုမျိုး လှသွေးကြွယ်တတ်သည်လား။
“ ငါ ... ငါ သွားတော့မယ် ”
ပြောပြီးသည်နှင့် သူ့အနားကနေ ချက်ချင်းပြေးထွက်သွားသော ကိုကို့ရဲ့ကျောပြင်လေးကို စိုက်ကြည့်ကာ ခုနက ရခဲ့သည့် ကိုကိုရဲ့ကိုယ်သင်းရနံ့နှင့် အနွေးဓာတ်တချို့ကို ပြန်လည်တမ်းတနေမိသည်။
ဒီလူသားကပဲ သူ့ကို အမြဲတမ်း နွေးထွေးမှုပေးနိုင်ခဲ့တာ ...
ဘယ်အချိန်မဆို ...
ဘယ်နေရာမဆို ...
ထာဝရ မပြောင်းမလဲ ...
8:25 A.M
11.1.2021 ( Monday )