ကျောင်းစတက်မဲ့ရက်မှာ Junction City ကို လေးဆက်ရောက်နေတာ တစ်နာရီနီးပါးရှိသွားပြီ။ မြတ်သူတို့စုံတွဲနှင့်ချိန်းထားသည့်အချိန်က ကိုးနာရီခွဲမှဆိုပေမဲ့ လေးဆက် တမင်သက်သက် အိမ်ကနေ ၈နာရီကတည်းက ထွက်လာခဲ့ခြင်းဖြစ်သည်။
ပြောမရဘူးလေ။ ဟိုကောင်လေးက အိမ်အောက်မှာလာစောင့်ချင်စောင့်နေမှာကိုး။ အဲ့တော့ လေးဆက်ကလည်း လုံ့လဝီရီယကို ရှေ့ထားကာ အိမ်ကနေ စောစောစီးစီးထွက်လာခဲ့လိုက်သည်။
မြတ်သူတို့ကို အကြာကြီးစောင့်နေရတာ အကြောင်းမဟုတ်ဘူး။ ဟိုကောင်လေးနဲ့ မတွေ့ရဖို့က အဓိကပဲ။
“ မလာသေးဘူးလား ... ဒီအတွဲကတော့ ... ”
လေးဆက်တစ်ယောက် နှုတ်ကနေ ကြိုညည်းနေပေမဲ့ နည်းနည်းထပ်စောင့်ရဦးမည်ဆိုတာကိုတော့ သူ့စိတ်ထဲ အလိုလိုသိနှင့်နေပါသည်။ လေးဆက်က အိမ်ကနေ Junction City ကို တိုက်ရိုက်လာပေမဲ့လည်း မြတ်သူကကျ ကျောင်းကိုတစ်ခေါက်အရင်သွားကာ သူ့ကောင်လေးကို သွားခေါ်ရသေးသည်။
သုတက သူ့ဟာသူ လာခဲ့ပါမည်ဆိုလည်း မြတ်သူဆိုတဲ့အဖြစ်သည်းကောင်က စိတ်ချမှာမဟုတ်ပေ။ အဲဒီတော့ သုတကို ကျောင်းမှာအရင်သွားကြိုပြီး နောက်မှ အတူတူ Junction City ကိုလာမည့်ထိုအတွဲကို စောင့်ရင်း လေးဆက်လည်း မထူးစိတ်ပိုက်ကာ Bread Talk မှာ မုန့်စားရင်းထိုင်နေလိုက်သည်။
လေးဆက် ဒီကောင်လေးကို ဘာဖြစ်လို့များ အသည်းအသန်ရှောင်နေမိသလဲဆိုတာ ကိုယ့်ကိုယ်ကိုတောင် မသေချာမရေရာပေ။ အမှားလုပ်ထားမိလို့ မျက်နှာချင်းမဆိုင်ရဲတာပဲဖြစ်လောက်မှာပါ။
လေးဆက် လုပ်ခဲ့သည့်အမှားကလည်း သာမန်ယောကျာ်းသားတစ်ယောက်အတွက်တောင် ခွင့်လွှတ်နိုင်စရာမရှိချေ။ ဈာန်ရောင်ခလိုမျိုး အခြေကြီးသည့်လူမျိုးအတွက်ဆို ပိုဆိုးရောပေါ့။
“ ဟိတ်ကောင် ! လေးဆက် ”
Bread Talk မှာထိုင်နေရင်း အတွေးတွေထဲ နစ်မျောနေစဉ် မြတ်သူရဲ့ခေါ်သံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ သုတလွှမ်းကို ပခုံးဖက်ထားကာလာနေသည့် သကောင့်သားကို မြင်လိုက်ရသည်။ မျက်နှာကြီးက မှိုရလာသည့်အတိုင်းပင်။
“ အစ်ကိုလေးဆက် ... မတွေ့ရတာတောင် ကြာပြီနော် ”
“ နေကောင်းတယ်မလား သုတ ”
“ ဟုတ်ကဲ့ ”
သုတကတော့ လေးဆက်ကိုမြင်သည်နှင့် ရိုရိုသေသေနှုတ်ဆက်စကားပြောသည်။ ထိုကလေးသည် အမြဲတမ်းလိုလို သူ့ထက်အကြီးကို လေးစားသမှုနှင့်ဆက်ဆံတတ်သည့်အတွက် လေးဆက်မှာ သုတကိုဆို အမြင်ကြည်သည့်အပြင် ညီငယ်လေးသဖွယ် ချစ်မြတ်နိုးရသဖြင့် ဟိုခွေးသူတောင်းစားလေးနှင့် လားလားမှသဘောမတူနိုင်ပါချေ။
သို့ပါသော်လည်း ချစ်ခြင်းတရားက ကြီးမားလာလျှင် မည်သူမျှ တားဆီးမရနိုင်သကဲ့သို့ လေးဆက်လည်း သုတလေးကို နှမျောတသဖြင့် ဟိုခွေးသူတောင်းစားလေး၏လက်ထဲ ဝကွက်အပ်လိုက်ရလေသည်။
“ မင်း ရောက်နေတာ ကြာပြီလား ... လေးဆက် ”
“ ကြာတော့ကြာပြီ ... ငါ တမင်စောစောထွက်လာတာ ... လာ ... သုတ ... ထိုင် ”
“ ကျေးဇူး ... ”
မြတ်သူမေးသမျှ ပြန်ဖြေနေရင်း သုတအတွက် ခုံဆွဲပေးလိုက်တော့ မြတ်သူက လေးဆက်ကို မျက်စောင်းခဲပြီးစိုက်ကြည့်သည်။ သိသားပဲ။ သူ့ဟာလေးကိုဆို အရမ်းသဝန်တိုတတ်သည့်ကောင်ဆိုတာ။ သိလို့ကို တမင်လုပ်တာ။
“ ကလေး ... ဘာစားမလဲ ... အရင်စားနေကျအတိုင်းပဲလား ”
သုတဘက်ကိုလှည့်မေးလိုက်သည့် မြတ်သူရဲ့မျက်နှာကြီးက သကာရည်ဆမ်းထားသလို ချိုမြနေလျက်ရှိသည်။ ဒင်းက လေးဆက်ကိုကျ ဘီလူးသံပရာသီးစားထားသည့်အခွက်ကြီးနဲ့ စိုက်ကြည့်သွားတာ။
“ အင်း ... ဟုတ်တယ် ကိုကြီး ”
“ ဒါဆို ကလေး ဒီမှာပဲ စောင့်နေနော် ... ကိုယ် သွားယူလာခဲ့ပေးမယ် ”
“ ဟုတ်ကဲ့ ”
လေးဆက်တစ်ယောက် သူ့ရှေ့မှာ သည်းနေသည့်အချစ်ငှက်နှစ်ကောင်ကို ကြည့်ကာ ဒီနေ့ သူ ဒီနှစ်ယောက်နှင့် လျှောက်လည်ဖို့ လိုက်လာခဲ့တာ မှားများမှားသွားပြီလားဟု သံသယဝင်လာမိသည်။
“ အစ်ကိုတို့လည်း ကျောင်းပျော်ကြီးတွေဖြစ်နေပြီနော် ”
“ ဟမ် ! ဘာကိုပြောတာလဲ ”
သုတက ရုတ်တရက်ကြီး စကားထပြောလိုက်သောကြောင့် လေးဆက် ခဏတာ ကြောင်အမ်းသွားရသည်။
“ အစ်ကိုလေးဆက်ရော ကိုကြီးရော မကြီးမေမြတ်ရောလေ ... နောက်ဆုံးနှစ်ပြီးတာတောင် ကျောင်းဆက်တက်နေတုန်းမို့လို့ ... ”
သုတရဲ့စကားကြောင့် လေးဆက် ဟက်ဟက်ပက်ပက် ရယ်မောမိလိုက်သည်။ ဒီကလေးက သူ့အတန်းထဲမှာ သူငယ်ချင်းအပေါင်းအသင်းရှားသည့်အတွက်ကြောင့် သူ့ချစ်သူရဲ့သူငယ်ချင်းတွေဖြစ်သည့် လေးဆက်တို့ကိုပဲ သူငယ်ချင်းပေါင်း ပေါင်းနေရရှာသူလေးဖြစ်သည်။
“ ဟုတ်ပကွာ ! ငါတို့လည်း ကျောင်းကို မစွန့်လွှတ်နိုင်ဘူးထင်တယ် ... ဒါပေမဲ့ မင်းကိုကြီးကတော့ ကျောင်းကိုမခွဲနိုင်လို့မဟုတ်ဘူး ... မင်းကို မခွဲနိုင်လို့ပဲဖြစ်ရမယ် ... အဲ့ဒါကြောင့် ဒီကောင့်လို စာမလုပ်ချင်တဲ့ကောင်က ဒီပလိုမာတန်းကို ထပ်တက်နေတာ ”
“ ဟာ ... အစ်ကိုလေးဆက်ကလည်း ... ”
လေးဆက်ရဲ့စနောက်စကားကြောင့် သုတမှာ မျက်နှာလေးနီရဲလာပြီး ခေါင်းလေးငုံ့သွားသည်။ ဒီကလေးက အရမ်းအရှက်အကြောက်ကြီးတာ။ အဲဒါကြောင့်မို့ လေးဆက်ကလည်း ဒီကလေးကိုတွေ့တိုင်း စဖြစ်အောင် စသည်။
ထိုစဉ် မုန့်တွေကို သယ်ဆောင်ပြီး ပြန်ရောက်လာသည့်မြတ်သူက သူ့ကလေးရဲ့မျက်နှာလေး နီရဲနေတာကိုတွေ့တော့ လေးဆက်ဘက်ကို လှည့်ကာ ရန်ရှာသည်။
“ မင်း ငါ့ကလေးကို ဘာတွေပြောလိုက်တာလဲ ... ဝမ်းမနာသားလေး ”
လေးဆက်ကလည်း ဒါမျိုးကိုဆို နည်းနည်းလေးမှ အကျောမခံပေ။
“ ငါ သုတကို ဘာပြောပြော မင်းနဲ့ဆိုင်လား ”
“ ဆိုင်လား မဆိုင်လားသိချင်ရင် ကလေးကိုမေးကြည့်လိုက် ... ကလေးနဲ့ပတ်သတ်လာရင် ငါ့လောက် ရာထူးကြီးတဲ့သူမရှိဘူး ”
ဒီခွေးသူတောင်းစားကတော့ အရေးထဲ ဂုဏ်ဝင်ဆာနေသေးတာ။
အဲဒီနောက်မှာတော့ လေးဆက်နှင့်မြတ်သူ၏ရန်ပွဲကို မကြီးမားစေရန်အလို့ငှာ သုတက ဝင်တားရှာသည်။
“ တော်ပါတော့ ကိုကြီးရယ် ... ဘာလို့ အစ်ကိုလေးဆက်နဲ့ စကားနိုင်လုနေရတာလဲ ... ကလေးလည်း မဟုတ်ပဲနဲ့ ”
“ ဒါမျိုးက ပြောပြရမယ်လေ ... သူ့လို အထီးကျန်ဆန်နေတဲ့ကောင်ကို ... ”
ဟ ! ဒီခွေးသူတောင်းစားက နည်းနည်းတော့များသွားပြီ။ ဒီထက် ဆက်ပြောရင် လေးဆက် ဒီကောင်နှင့် တကယ်ရန်ဖြစ်မိတော့မည်။
“ တော်တော့ ခွေးသူတောင်းစားလေး ... မင်း စားစရာရှိတော့ စားတော့ ”
လေးဆက်က စကားနည်း ရန်စဲသဘောမျိုးပြောလိုက်ပေမဲ့ လေးဆက်ရဲ့အခြေအနေကို ရိပ်မိသွားသည့်မြတ်သူက လှောင်ရယ်တော့သည်။
“ ဟား ... ဟား ... ဟား ... မင်း အရှိုက်ထိသွားပြီမလား ”
“ ကိုကြီး ... တော်တော့ ”
လေးဆက်ကို လှောင်ပြောင်နေသည့်မြတ်သူကို သုတက ဝင်ဟန့်သည်။
“ အင်းပါ ... အင်းပါ ... ကိုယ် ဘာမှမပြောတော့ဘူး ... ကလေး မုန့်စားလိုက်ဦး ... ခုနက ကိုယ့်ကိုပြောတော့ ဗိုက်ဆာနေတယ်ဆို ... ”
“ ခွီး ... ”
ဒီတစ်ခါတော့ မြတ်သူကို လေးဆက် ခွီရမည့်အလှည့်ဖြစ်သည်။
“ မင်း ဘာရယ်တာလဲ ”
မြတ်သူက မျက်မှောင်ကြီးကျုံ့ကာ မေးလာသည်။
“ မင်းပုံစံက ရယ်စရာကောင်းလို့ ... ”
လေးဆက်ကလည်း ခပ်တည်တည်နှင့်ပြန်ပြောလိုက်သည်။ မြတ်သူက မျက်နှာငယ်လေးနဲ့ သူ့ချစ်သူအား စကားပြောနေသည့်ပုံကို တွေ့လိုက်ရတော့ လေးဆက်လည်း မထိန်းနိုင်ဘဲ ရယ်မိသွားတာဖြစ်သည်။ ထိုအကြောင်းကို ရိပ်မိသည့် မြတ်သူက လေးဆက်ကို လက်သီးထောင်ပြလာသည်။
တကယ်လည်း ရယ်ချင်စရာပဲလေ။ သူငယ်ချင်းတွေအပေါ်မှာဆို အနိုင်မခံအရှုံးမပေးဘဲ အမြဲစကားနိုင်လုတတ်သည့်ကောင်က သူ့ချစ်သူလေး၏ စကားတစ်ခွန်းအောက်မှာ ပြားပြားဝပ်လျက်သား။
ဪ ... အချစ်ရဲ့စွမ်းအားက တကယ့်ကို တန်ခိုးကြီးလှပါပေ့။
“ ငါ့ကို ပြောစမ်း လေးဆက် ... ဒီနေ့ မင်း တကယ်ပဲ ကျောင်းမသွားတော့ဘူးလား ”
“ ငါက ဘာကိစ္စကျောင်းကိုသွားရမှာလဲ ... ကိုယ့်သေတွင်း ကိုယ်တူးသလိုဖြစ်နေမှာပေါ့ ”
လေးဆက်လည်း ပေါင်မုန့်ကို တစ်ချက်ကိုက်စားလိုက်ရင်း မြတ်သူ၏အမေးကို ပြန်ဖြေလိုက်သည်။ မြတ်သူက လေးဆက်စကားကို ကြားတော့ ရယ်ချင်နေသည့်မျက်နှာပေးဖြင့်
“ ကျောင်းမှာ စောင့်နေတဲ့သူကို မသနားတော့ဘူးလား ”
လေးဆက်ရဲ့အကြည့်တွေက မြတ်သူဆီ ဒိုင်းခနဲရောက်သွားတာ အသံတိတ်ဆဲရေးလိုက်သည်။ သုတရှိနေသည့်အတွက် နှုတ်ကနေတော့ တည့်တိုးကြီးမဆဲဖြစ်ပေ။
“ မသနားဘူး ... သူ့လိုလူက စောင့်မှာတဲ့လား ... ငါ့ကို ... ”
“ ဒါဆိုလည်း မင်း ဘာလို့ ငါတို့အတွဲကြားကို လိုက်ရှုပ်နေသေးလဲ ... ကိုယ့်ဟာကိုယ် အိမ်မှာပဲနေလေ ”
“ အိမ်မှာနေရတာ ပျင်းလို့လေ ... အဲဒါကြောင့် မင်းတို့အတွဲကို လိုက်နှောင့်ယှက်တာ ”
မြတ်သူနှင့်လေးဆက်က အချင်းချင်းနားလည်လောက်မည့်စကားတွေနဲ့ပြောနေပေမဲ့ သုတကတော့ ဘာတစ်ခွန်းမှ နားမလည်နိုင်ဘဲ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြစ်နေရှာသည်။
သိချင်စိတ်ပြင်းပြနေပေမဲ့ အကြီးတွေစကားပြောနေတာဖြစ်သည့်အတွက် တစ်ခွန်းမှ ဝင်မမေးဘဲ ငြိမ်ငြိမ်သက်သက်လေးနားထောင်နေသည်။
“ ဒါ စားပြီးရင် မင်းတို့ ဘယ်သွားမှာလဲ ”
“ ကလေး ... ဘယ်သွားချင်လဲ ”
မြတ်သူက သူ့ကလေးကို ကြင်နာယုယသည့်မျက်ဝန်းများနှင့် စိုက်ကြည့်ရင်း မေးလေသည်။
“ ရုပ်ရှင်ကြည့်ချင်တယ် ကိုကြီး ”
“ ဒါဆိုလည်း ကိုယ်တို့ ရုပ်ရှင်သွားကြည့်ရအောင် ”
သူ့ကောင်လေးက ရုပ်ရှင်ကြည့်မယ်ဆိုတာနဲ့ ချက်ချင်းဆိုသလို ထိုင်ခုံက ထဟန်ပြင်နေသောမြတ်သူကို လေးဆက် မြင်ပြင်းကပ်စွာကြည့်လိုက်သည်။ အတွဲတွေက တော်တော်အပိုလုပ်တာပဲ။
“ နေပါဦး ... ကိုကြီးကလည်း ဘယ်လိုဖြစ်နေလဲ ... အစ်ကိုလေးဆက်ရော ရုပ်ရှင်ကြည့်ချင်ရဲ့လားဆိုတာ အရင်မေးပါဦး ”
တွေ့လား။ သုတလေးက အရမ်းကို အလိုက်သိတတ်လွန်းတဲ့ကလေးပါဆို။ ဟိုခွေးသူတောင်းစားနဲ့ တန်ကိုမတန်ဘူး။ အနူလက်နဲ့ ရွှေခွက်နှိုက်နေသလိုပဲ ကြည့်ရမြင်ရတာ စိတ်မချမ်းမြေ့လိုက်တာ။
“ မကြည့်ချင်ရင် သူ့ဟာသူ အပြင်မှာ စောင့်နေခဲ့လိုက်မယ် ... သူများတကာ ချိန်းတွေ့တဲ့ကြားထဲ ကန့်လန့်ကန့်လန့်နဲ့ လိုက်လာပြီးတော့ ... ”
“ ကိုကြီး ”
“ အင်းပါ ... အင်းပါ ... ကိုယ် မပြောတော့ဘူးနော် ”
“ အစ်ကိုလေးဆက်ရော ရုပ်ရှင်ကြည့်ချင်ရဲ့လား ”
သုတလေးက အကောင်းဆုံးပဲ။ အမြဲတမ်း သူများအတွက်ပါ ထည့်စဉ်းစားပေးတတ်တဲ့ကောင်လေး။ အခုလည်း သူတို့သမီးရည်းစားချိန်းတွေ့ကြားထဲ ကန့်လန့်ဖြစ်နေသော လေးဆက်ကို စိတ်မကွက်ဘဲ ဦးစားပေးနေပြန်၏။
အဲ့ဒါကြောင့်မို့လည်း ဒီကလေးကို မြတ်သူလက်ထဲ မထည့်ပေးချင်ကြတာလေ။ သုတလေးက သဘောကောင်းသလောက် ဟိုအကောင်က ဖျက်လိုဖျက်စီးသမား။
“ ရတယ်လေ သုတ ... အစ်ကိုလည်း ပျင်းနေတာနဲ့အတော်ပဲ ... ရုပ်ရှင်ပဲကြည့်ကြတာပေါ့ ”
“ အိုကေ ... ဒါဆို ကိုကြီး လက်မှတ်သုံးစောင်ဝယ်ခဲ့နော် ”
“ ဝမ်းမနာသားလေးက သူများအတွဲချိန်းတွေ့တာကို ဖျက်လိုဖျက်စီးနဲ့ ... ဝဋ်လည်ပါစေဗျာ ”
မြတ်သူက မှုတ်ကုတ်ကုတ်နှင့် လေးဆက်ကို မကျေမခြမ်းပြောလာသည်။
“ ကိုကြီး သွားဝယ်ပါတော့ဆို ... ”
“ အေးပါ ကလေးရယ် ”
မြတ်သူက လက်မှတ်သွားဝယ်တော့ လေးဆက်နဲ့ သုတတို့ တစ်နေရာမှာထိုင်ပြီး စကားပြောဖြစ်ကြသည်။
“ ဆောရီးနော် အစ်ကိုလေးဆက် ... ကိုကြီးက အမြဲအဲ့လိုပဲဆိုတော့လေ ”
မျက်နှာငယ်လေးနှင့်ပြောလာသည့် သုတကို ကြည့်ရင်း လေးဆက်မှာ နည်းနည်းရယ်ချင်သွားသည်။ ဒီကလေးကတော့ တကယ်ပါပဲ။
“ ရပါတယ်ကွာ သုတရာ ... ဒီကောင်နဲ့ပေါင်းနေတဲ့ သူငယ်ချင်းသက်တမ်းလည်း နည်းတော့တာမှ မဟုတ်တာ ... မင်းတို့ချစ်သူချင်းသာ အဆင်ပြေအောင်နေကြ ... မင်းတို့အချင်းချင်း အဆင်ပြေဖို့ပဲ အရေးကြီးတယ် ... နို့မို့ဆို ဟိုကောင့်ရဲ့ငိုချင်းချမှုတွေကို ငါ သည်းမခံနိုင်ဘူး ”
လေးဆက် အဲ့လိုပြောလိုက်တော့ ထိုကလေး၏မျက်နှာပေါ်မှာ အပြုံးနုနုလေးတစ်ပွင့် ပေါ်ပေါက်လာခဲ့သည်။
ခဏအကြာ ...
“ သွားကြမယ် ... လာ ... လက်မှတ်ဝယ်ပြီးပြီ ”
သုံးယောက်သားအတူတူ ရုပ်ရှင်ရုံထဲဝင်လိုက်ကြသည်။ မြတ်သူက ခုံနေရာကို လိုက်ရှာပေးကာ သုတကို သူ့ဘေးနားမှာ ထားကာ သူကိုယ်တိုင်ကမူ အလယ်နေရာမှာ မိန့်မိန့်ကြီး။ ခွေးသူတောင်းစားက သူ့ဟာလေးကိုကျ တွန့်တိုနေလိုက်တာ။
ရုပ်ရှင်ကြည့်ကောင်းကောင်းနဲ့ ကြည့်နေရင်း တစ်နာရီလောက်ကြာသောအခါ ရုပ်ရှင်ကလည်း အရှိန်ကောင်းလာသလို ကြည့်ရတဲ့သူတွေအနေနဲ့ကလည်း ဈာန်ဝင်လာသည်။ ထိုစဉ်
Phone Ringing ...
ရုပ်ရှင်ရုံထဲ ကျယ်လောင်စွာမြည်လာတဲ့ဖုန်းသံကြောင့် ဖုန်းစက်မပိတ်မိတဲ့ လေးဆက်အဖို့ ခေါင်းချွေးတွေပြန်လာသည်။
ရှိသမျှလူအကုန်လုံးကလည်း ဖုန်းသံမြည်နေသည့်လေးဆက်ရှိရာဘက်ကို လှည့်ကြည့်လာကြသည့်အတွက် လေးဆက်လည်း မတတ်သာပဲ ဖုန်းနံပါတ်တောင် မကြည့်အားဘဲ ဖုန်းကိုင်လိုက်ရသည်။
“ ဟဲလို ”
“ ကိုကို ”
ကြားလိုက်ရသည့် အသံတစ်ခုကြောင့် လေးဆက် ခေါင်းချွေးပြန်ကာ ဖုန်းကို အလျင်စလိုချပစ်လိုက်သည်။
Call Ended ...
တီ ... တီ ... တီ ...
ဈာန်ရောင်ခဘက်က တစ်ခွန်းပဲ ပြောရသေးသည်။ တစ်ဖက်မှ ချက်ချင်းဆိုသလို ဖုန်းချသွားသဖြင့် ဈာန်ရောင်ခ၏မျက်နှာက တဖြည်းဖြည်းနှင့်မှိုင်းအုံ့လာသည်။
“ တောက် ! ထွက်ပြေးပြန်ပြီ ”
ဖုန်းထပ်ခေါ်နေပေမဲ့ ထိုဖုန်းခေါ်သံများဟာ တစ်ဖက်မှာ သနားစဖွယ်ချပစ်ခြင်းခံနေရသဖြင့် ဈာန်ရောင်ခ ဒေါသထွက်လာကာ တောက်ခေါက်မိသည်။ ချစ်တာက ချစ်တာပေမဲ့ အဖက်မလုပ်ခံရတာကိုတော့ ဈာန်ရောင်ခ ဆက်မသည်းခံနိုင်တော့ပေ။ သူ ဘယ်လောက်ထိများ သည်းခံနေရဦးမှာလဲ။ တော်လောက်ပြီလေ။ ဒီအချိန်ထိ သူ အကြာကြီး စောင့်နေခဲ့ရတာ။
မျက်နှာမကောင်းသည့် သူငယ်ချင်းဖြစ်သူဈာန်ရောင်ခကို ကြည့်နေကြသည့် လရောင်နဲ့ နေ့သစ်တို့လည်း ဘာမှလုပ်ပေးလို့မရချေ။
“ ဟက် ! ကိုကိုက တကယ်ဆိုးတာပဲ ”
ထိုစဉ် ဈာန် အံကြိတ်ပြီး ပြောလိုက်သည့်အသံကို ကြားလိုက်ရသဖြင့် လရောင်နှင့် နေ့သစ်တို့ပါ ကိုလေးဆက်အစား ဇောချွေးပြန်လာကြသည်။
တစ်ဖက်တွင်လည်း အဆက်မပြတ်လာနေသည့်ဖုန်းသံများကြောင့် မြတ်သူရော သုတပါမက ရုပ်ရှင်ရုံတစ်ခုလုံးရှိ လူတွေရဲ့အကြည့်ဒဏ်ကို လေးဆက် ပယ်ပယ်နယ်နယ်ခံနေရသည်။ ကံကောင်းသည်က ဖုန်းကို အမြန် Silent လုပ်မိလိုက်လို့ပင်။
ဖုန်းသံငြိမ်သွားလို့ စိတ်အေးရမလားမှတ်ပါတယ် တတောင်တောင်နှင့် အဆက်မပြတ်တက်လာသော မက်ဆေ့ခ်ျများ။
လေးဆက် ဖုန်းကို Silent လုပ်ထားပေမဲ့လည်း တရစပ်တက်လာသော မက်ဆေ့ခ်ျများကြောင့် စိတ်ညစ်လာရသည်။ မဖတ်ကြည့်ဘဲနဲ့လည်း မနေနိုင်သည့်အတွက် ကိုယ့်ကိုယ်ကို ဒေါသထွက်နေမိသည်။
“ ကိုကို ဒီနေ့ ကျောင်းမလာဘူးမလား ”
“ ကျွန်တော့်ကို ဘာလို့ ညာတာလဲ ”
“ အခု ကိုကို ဘယ်မှာလဲ ”
“ ဘယ်နေရာမှာ ဘယ်သူနဲ့ ရှိနေတာလဲ ”
“ ဘာလို့ ပြန်မဖြေတာလဲ ”
“ ကိုကို ပြောမှာလား မပြောဘူးလား ”
“ ကိုကို ကျွန်တော့်ကို တစ်သက်လုံးရှောင်နေလို့ရမယ်လို့ထင်လား ”
“ ကိုကို ဘယ်ကိုမှ ထွက်ပြေးလို့မရအောင် ကိုကို့အိမ်ပေါ်ထိ ကျွန်တော် တက်နေမှာနော် ”
“ မယုံရင် စမ်းကြည့်လိုက် ... ”
“ ကိုကို အခု ဘယ်မှာလဲ ပြော ... ”
“ ကျွန်တော် အခုချက်ချင်း လာခဲ့မယ် ”
“ ကိုကို ”
“ ကျွန်တော့်ကို အဖက်မလုပ်ပဲ မနေပါနဲ့ ”
ဒီကောင်လေး ဘာတွေဖြစ်နေတာလဲ။ တစ်ယောက်တည်း ကမ္ဘာပျက်နေသလိုပဲ။ သူ့မက်ဆေ့ခ်ျတွေကို ဖတ်နေရင်း လေးဆက်လည်း မနေသာတော့။ လေးဆက်မှ စာမပြန်ရင် ဒီကောင်လေး ဘယ်လောက်ထိများ မက်ဆေ့ခ်ျတွေပို့နေမလဲဆိုတာမသိတော့ပေ။ ထို့ကြောင့် ...
“ ငါ ရုပ်ရှင်ကြည့်နေလို့ ... ”
ကိုကိုထံကနေ မက်ဆေ့ခ်ျရလိုက်သဖြင့် ဈာန်ရောင်ခ လှပ်ခနဲပျော်သွားသော်ငြား ရုပ်ရှင်ကြည့်နေလို့ ဆိုသည့်အဖြေကြောင့် မျက်နှာပြန်မဲ့ကျသွားသည်။
“ ဘယ်သူနဲ့လဲ ”
“ ငါ့သူငယ်ချင်းတွေနဲ့ ... ”
“ ဘယ်မှာလဲ ”
Junction City မှာဆိုပြီး ပြန်ရိုက်ပို့မိခါနီး ကံကောင်းလွန်းစွာ လေးဆက် လက်ကိုအရှိန်ထိန်းလိုက်နိုင်သည်။
တော်သေးလို့ ... တော်သေးလို့ ... ဘုရား ... ဘုရား ... နေရာကိုသာ စာပြန်ပို့မိရင် ငါတော့ ထပ်ထွက်ပြေးနေရတော့မှာပဲ ...
သက်ပြင်းချလို့မှမဆုံးသေး။ နောက်ထပ်ရောက်လာသည့်မက်ဆေ့ခ်ျတစ်စောင်ကြောင့် လေးဆက် အသက်ရှူပါ ရပ်သွားသလိုခံစားလိုက်ရသည်။
“ Junction City မှာမလား ”
ဘုရားရေ ! ဒီကောင်လေးက ဘယ်လိုလုပ်ပြီး လေးဆက်ရှိနေသည့်နေရာကို သိနေရတာလဲ။ ဒါ အရမ်းကိုသံသယဖြစ်ဖွယ်ကောင်းလွန်းနေသည်မလား။
Facebook Account ကတော့ နာမည်ရင်းရိုက်ရှာလို့ တွေ့တာ ထားတော့။ အခုကျ ဒီကောင်လေးက လေးဆက်ရဲ့ဖုန်းနံပါတ်ရော အိမ်လိပ်စာရောမကျန် သိနေသည့်အပြင် အခု သူ ဘယ်ရောက်နေသလဲဆိုတာကိုပါ သိနေသည်တဲ့လေ။ ဒါ မဖြစ်သင့်ဘူးမလား။
မက်ဆေ့ခ်ျကို ဖတ်နေရင်း လေးဆက်ကိုယ်လေး ဆတ်ခနဲတုန်သွားသည်ကို မြင်လိုက်ရတော့ ဘေးကနေကြည့်နေကြသည့် မြတ်သူတို့အတွဲလည်း မနေသာတော့ပေ။ မြတ်သူက လေးဆက်ရဲ့လက်မောင်းကို တစ်ချက်လှမ်းပုတ်လိုက်တော့မှ လေးဆက် အသိပြန်ဝင်လာတော့သည်။
“ ဟင် ! ဘာလဲ ”
“ လေးဆက် ... မင်း အဆင်ပြေရဲ့လား ... ဘာဖြစ်နေတာလဲ ... စောနက မင်းဖတ်နေတဲ့ မက်ဆေ့ခ်ျတွေကရော ဘယ်သူပို့တာလဲ ”
မြတ်သူမေးသမျှကို လေးဆက်ပြန်ဖြေဖို့အရေး နှုတ်တွေဆွံ့အနေခဲ့သည်။ အဲဒီနောက် မြတ်သူလက်ထဲ သူ့ဖုန်းကိုသာ ထိုးပေးလိုက်ကာ မက်ဆေ့ခ်ျတွေကို ပြလိုက်သည်။
မြတ်သူလည်း မက်ဆေ့ခ်ျတွေကိုဖတ်ကာ အံ့ဩဘနန်းဖြစ်နေရှာသည်။ ထို့အပြင် လေးဆက်ရဲ့လက်မောင်းကို လာရိုက်ကာ
“ ဟိတ်ကောင် ! မင်း Junction City ရောက်နေတယ်ဆိုတာကို အဲ့ကောင်လေးက ဘယ်လိုလုပ်သိသွားရတာလဲ ”
“ ငါက ဘယ်လိုလုပ်သိမှာလဲ ”
“ မင်း သူနဲ့စကားပြောနေရင်း နှုတ်ကျွံသွားသေလား ”
ကျစ် ! လေးဆက် မြတ်သူမှူးပိုင်ကို နားရင်းသာ ဖြတ်ရိုက်ပစ်ချင်လာသည်။ ဒီကောင် တစ်ချိန်လုံး အလုပ်မဖြစ်တဲ့မေးခွန်းတွေချည်း လာလာမေးနေတာ။ မတွေ့အောင် ပတ်ပြေးပါတယ်ဆိုနေမှ အဲ့အကြောင်း ပြောစရာလား။
“ ဒါမျိုးက နှုတ်ကျွံစရာလား ... မြတ်သူ ... မင်းရော ဘယ်သူ့ကိုပြောခဲ့သေးလဲ ”
“ အလာတုန်းကတော့ မေမြတ်က ဘယ်သွားမလို့လဲဆိုပြီးမေးလို့ ဒီကိုသွားမဲ့အကြောင်းတော့ ပြောပြခဲ့သေးတယ် ... ဒါပေမဲ့ အဲ့ဒါကလည်း မဖြစ်နိုင်ဘူးလေ ”
မြတ်သူပြောတာကို လေးဆက်လည်း လက်ခံမိသည်။
“ အေး ... ဟုတ်တယ် ... မေမြတ်က သူ့ဟာသူတောင် စာပိနေတာ ... ဈာန်ရောင်ခနဲ့ သိကျွမ်းနေဖို့ဆိုတာ မဖြစ်နိုင်ဘူး ”
ထိုစဉ် မြတ်သူက တစ်ခုခုကို တွေးတောမိသည့်ဟန်ဖြင့်
“ ငါတို့ ဒီကိုလာတာ တစ်ယောက်ယောက်မြင်သွားလို့ပဲဖြစ်ရမယ် ”
“ မြင်တော့လည်း ဘာဖြစ်လဲကွာ ... သူ့ကို ငါတို့က ကြောက်ရမှာလား ”
လေးဆက် ကိုယ်ဟန်ဖို့ဖြင့် ပြောလိုက်သော်ငြား
“ မကြောက်ဘူးသာပြောနေတာ ... မင်းအသံတွေကတော့ တုန်နေပြီ လေးဆက် ”
“ ဟင် တကယ်ကြီးလား ”
“ အေး ”
တောင် !
ထိုကဲ့သို့ သူငယ်ချင်းနှစ်ယောက် စကားအပြန်အလှန်ပြောနေစဉ်မှာပင် မက်ဆေ့ခ်ျတစ်စောင်ဝင်လာခဲ့သည်။ မြတ်သူက ထိုမက်ဆေ့ခ်ျကို အရင်ဖတ်လိုက်ပြီးနောက် လေးဆက်လက်ထဲသို့ ဖုန်းကို အတင်းထိုးပေးလာသည်။
သုတကတော့ ဘေးနားကနေ လေးဆက်တို့နှစ်ယောက် အလုပ်ရှုပ်နေတာကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေသည်။ လူကြီးတွေ အနှောင့်အယှက်ဖြစ်မှာစိုး၍ထင့် ဘာစကားတစ်ခွန်းမှဝင်မပြောပေ။
လေးဆက်လည်း လက်ထဲရောက်လာသည့် ဖုန်းထဲက မက်ဆေ့ခ်ျကို ကြည့်လိုက်တော့
“ ကျွန်တော် အခု Junction City ကို လာနေပြီ ကိုကို ”
“ ကျွန်တော့်ကို စောင့်နေပေး ... ”
အခုမှ လေးဆက် အမှန်တကယ်မျက်လုံးပြူးရတော့သည်။ အဲဒီနောက် လူက ကြောက်ကြောက်လန့်လန့်ဖြင့် ဘေးနားမှာထိုင်နေသည့် မြတ်သူကို ကမန်းကတန်းအကူအညီတောင်းရပြန်သည်။
“ မြတ်သူ ... ငါ့ကို ကူညီပါဦးကွာ ”
“ ငါ ဘယ်လိုကူညီရမလဲ ... ဒါမျိုးကိစ္စက ကာယကံရှင်ကိုယ်တိုင် ဖြေရှင်းရမှာလေ ”
“ မင်းကလည်း ... ”
လေးဆက် စိတ်ပျက်အားငယ်စွာ ညည်းညူမိလိုက်သည်။ လေးဆက်ရဲ့ပုံစံကို မြင်တော့ မြတ်သူလည်း မနေသာတော့ဘဲ
“ စိတ်ချပါကွာ ... ဒီနေ့တော့ ငါ ရှိနေတဲ့အတွက် မင်း ဆေးရုံတော့ မရောက်နိုင်သေးပါဘူး ... ဒါမှမဟုတ် ဒီကို မလာနဲ့လို့ အဲ့ကောင်လေးကိုပြောကြည့်ပါလား ”
မြတ်သူရဲ့အကြံပေးမှုကြောင့် လေးဆက်လည်း ဖုန်းကိုဖွင့်ကာ လက်တုန်တုန်ဖြင့် စာရိုက်ရလေသည်။ ကံကြမ္မာကလည်း ဆိုးရွားလိုက်တာကွာ။
“ မင်း Junction City ကို မလာလို့မရဘူးလား ဈာန်ရောင်ခ ”
တစ်ဖက်ကဝင်လာသည့် မက်ဆေ့ခ်ျကိုဖတ်ကြည့်ရင်း ဈာန်ရောင်ခရဲ့မျက်နှာက ပြုံးယောင်သမ်းသွားရသည်။ ဒီမက်ဆေ့ခ်ျမှာ ကိုကိုရဲ့အသနားခံနေသည့်လေသံတွေက ပါဝင်နေသည်ကိုး။ သူ့ရဲ့ကြောင်ပေါက်စလေးက တကယ်ချစ်ဖို့ကောင်းလိုက်တာ။ ဒါပေမဲ့လည်း ဈာန်ရောင်ခ ကိုကို့ကို စချင်သေးသည်မို့
“ မရဘူး ... ကျွန်တော် မလာရင် ကိုကိုက ထွက်ပြေးနေဦးမှာလေ ... အဲ့တော့ မတတ်နိုင်ဘူး ... ကိုကိုက ကျွန်တော် စောင့်နေတဲ့နေရာကို မလာမှတော့ ကျွန်တော်ကပဲ ကိုကိုရှိတဲ့နေရာကို လာရတော့မှာပေါ့ ”
ဈာန်ရောင်ခ၏ ကလေးဆန်ဆန်စကားကြောင့် လေးဆက် စာပြန်ရိုက်နေရင်း နှုတ်ခမ်းလေးကို ကိုက်မိသွားသည်။
“ မလာပါနဲ့လား ”
ဒီစာလေးတစ်ကြောင်းနဲ့တင် ဈာန်ရောင်ခရဲ့နှလုံးသားက အရည်ပျော်ကျသွားရသည်။
“ ဒါဆို နောက်တစ်ခါ ကျွန်တော်နဲ့တွေ့ရင် ကိုကို ထွက်မပြေးနဲ့ ”
ဒီမေးခွန်းက နည်းနည်းတော့အုံးစားရသည်။ သို့သော်ငြား လေးဆက်လည်း နောက်မှ မီးစင်ကြည့်ကမည်ဟုဆုံးဖြတ်ကာ
“ အင်း ... ထွက်မပြေးတော့ဘူး ”
ကိုကို့ထံမှ အသည်းယားဖွယ်စာကြောင်းလေးကို ဖတ်လိုက်ရသည့်အခါ ဈာန်ရောင်ခမျက်နှာက ပျားရည်လိုချိုမြသွားရုံသာမက ရယ်သံတွေပါ ထွက်ပေါ်လာခဲ့သည်။
ဘေးနားက လရောင်နဲ့ နေ့သစ်တို့ကတော့ သူတို့သူငယ်ချင်းရဲ့ခဏနေ ဒေါသထွက်လိုက် ခဏနေ ပြုံးလိုက် ခဏနေ အော်ရယ်လိုက်ဖြစ်နေပုံကို ကြည့်ရင်းသံဝေဂတွေ အကြီးအကျယ်ရနေမိသည်။
ဪ ... အချစ် ... အချစ် ...
“ ဒါဆိုလည်း မလာတော့ဘူး ... မနက်ဖြန် ကိုကို ကျွန်တော့်ကိုတွေ့ရင် ထွက်မပြေးရဘူးနော် ”
“ မနက်ဖြန်လား ”
“ ဟုတ်တယ် ”
“ မနက်ဖြန် ငါ ကျောင်းမသွားဘူး ”
အမှန်တော့ အစကတည်းက လေးဆက် မနက်ဖြန် ကျောင်းသွားဖို့အစီအစဉ်မရှိပေ။ သို့သော် ထိုကောင်လေးကတော့ လေးဆက်စကားကို မယုံကြည်သည့်အလား။
“ ကိုကို ဘာတွေဉာဏ်ဆင်နေတာလဲ ... ထပ်ပြီးထွက်ပြေးဖို့ကြံနေပြန်ပြီလား ”
“ မဟုတ်ပါဘူး ... ငါ့မှာ လုပ်စရာကိစ္စလေးရှိလို့ ... ”
လေးဆက်မှာ အသည်းအသန်ငြင်းပယ်ရသည်။
“ ဘာကိစ္စလဲ ... ကျွန်တော့်ကို ပြောပြလို့ရမလား ”
ဒီကောင်လေးက အရမ်းသိချင်စိတ်များလိုက်တာ။
“ မရဘူး ... မင်းက ဘာကိစ္စသိချင်ရပြန်တာလဲ ”
“ ဒီတိုင်း သိချင်လို့ မရဘူးလား ”
“ မသိချင်နဲ့ ... သဘက်ခါ ငါ မင်းနဲ့တွေ့မယ်ဆို ပြီးပြီမဟုတ်ဘူးလား ဈာန်ရောင်ခ ”
“ အိုကေလေ ... ဒါဆို သဘက်ခါမှတွေ့မယ် ... အင်း ... ကိုကို့ကိုတော့ ကျွန်တော် လွမ်းနေရတော့မှာပဲ ”
လွမ်းနေရတော့မှာပဲဆိုသည့် စာကြောင်းလေးကိုမြင်လိုက်ပြီးနောက် လေးဆက်ရဲ့မျက်နှာမှာ ရှိန်းခနဲဖြစ်သွားကာ ရဲတက်လာသည်။ ဘေးနားကနေ ပွဲကြည့်နေသည့်မြတ်သူတို့အတွဲကလည်း လေးဆက်ကို ခြေဆုံးခေါင်းဆုံးကြည့်ကာ အကဲခတ်နေကြသည်။ ထိုအချင်းအရာကို အခုကျမှ သတိထားမိသည့်လေးဆက်က
“ မင်းတို့ ငါ့ကို ဘာလို့လာကြည့်နေတာလဲ ”
“ ဘယ်လိုလဲ ဟေ့ကောင် ... အဆင်ပြေသွားပြီလား ”
“ အေး ... ပြေသွားပြီ ... သေမလိုပဲ ”
မြတ်သူရဲ့အမေးကို လေးဆကိ မဖြေချင့် ဖြေချင့်ဖြင့် ပြန်ဖြေပေးလိုက်ရသည်။ ရုပ်ရှင်ရုံထဲက အဲကွန်းလေကလည်း လေးဆက်ရဲ့အပူကို မတိုက်ထုတ်နိုင်ဘူးထင်ပါရဲ့။ လေးဆက်ရဲ့နဖူးနားမှာ ချွေးစတချို့ တွဲခိုနေသည်။
လေးဆက်လည်း ထိုင်ခုံကို ခေါင်းမှီလိုက်ကာ မျက်လုံးစုံမှိတ်ပြီး စိတ်ရှုပ်မှုတို့ကို ဖြေလျှော့နေစဉ်
“ ထူးတော့ ထူးဆန်းတယ်နော် လေးဆက် ... ဒီကောင်လေးက ဘာလို့များ မင်းကို အသည်းအသန်တွေ့ချင်နေရတာလဲ ”
မြတ်သူရဲ့အသံကြောင့် မှိတ်ထားသည့်လေးဆက်၏မျက်ဝန်းတို့က ပြန်ပွင့်လာကာ
“ ဘာရှိရမလဲ ... ဟိုဝတ္ထုကိစ္စနဲ့ ပတ်သတ်ပြီး ငါ့ကို ချဲမလို့နေမှာပေါ့ ”
“ မဖြစ်နိုင်ဘူး ”
မြတ်သူက လုံးဝကို အတည်ပေါက် ပြောလာသည်။
“ လေးဆက် ... မင်း သတိထားမိလား ... အဲ့ကောင်လေးပို့တဲ့မက်ဆေ့ခ်ျတွေက လုံးဝကို ရန်လိုနေတဲ့ပုံမပေါက်ဘူးနော် ”
ဒီအချက်ကိုတော့ လေးဆက်လည်း သတိထားမိပါသည်။ သို့သော်ငြား လေးဆက် ဈာန်ရောင်ခကို မယုံရဲ။ ဒီကောင်လေးက အရမ်းကို လည်လွန်းသည်လေ။
“ ငါ့အထင် သူက ငါ့ကို အပျော့နည်းနဲ့ အရင်ဆုံးစကားပြောပြီးတော့မှ ပွဲရှာမှာလားမသိဘူး ... မြတ်သူ မင်း စဉ်းစားကြည့်ကွာ ... ငါက သူ့ကို ဂေးဇာတ်သွင်းထားတာလေ ... အဲ့လိုအခြေအနေမျိုးကို ဘယ်ယောကျာ်းမှ သဘောကျမှာမဟုတ်ဘူး ... ဈာန်ရောင်ခဆိုရင် ပိုဆိုးပေါ့ ... တစ်ခါတလေကျတော့လည်း ဒီကောင်လေး ဘယ်အကွက်တွေ ရွေ့နေတာလဲဆိုတာကို ငါ စဉ်းစားလို့မရဘူး ... သူ တစ်ခုခုကြံစည်နေတာဖြစ်မယ် မြတ်သူ ”
လေးဆက်ရဲ့စကားကို သေချာနားထောင်ပြီးတော့ မြတ်သူက ခေါင်းတဆတ်ဆတ်ညှိမ့်သည်။ ပြီးမှ တစ်ခုခုကို တွေးမိဟန်ဖြင့်
“ ဒါနဲ့ လေးဆက် မင်း ဝတ္ထုစရေးတုန်းက မေမြတ်နဲ့ ဥဥ မင်းကို ပြောဖူးတယ်မလား ... ဈာန်ရောင်ခ ပြဿနာလာရှာရင် သူတို့ တာဝန်ယူပေးမယ်ဆိုပြီးတော့လေ ... အခုပြဿနာကို မင်း သူတို့နှစ်ယောက်ကို ပြောပြလိုက်ပါလား ”
လေးဆက် သက်ပြင်းမောချလိုက်မိသည်။ ဒီအကြောင်းကို လေးဆက် မေ့နေတာမဟုတ်။ မသိချင်ယောင်ဆောင်ထားခြင်းတာဖြစ်သည်။ လေးဆက်လို စီနီယာလည်းဖြစ်၊ ယောကျာ်းရင့်မာကြီးလည်းဖြစ်သည့်လူတောင် ဈာန်ရောင်ခဆိုသည့်ကောင်လေးနှင့် ရင်ဆိုင်ဖို့အနည်းငယ် ထိတ်လန့်တွန့်ဆုတ်နေရတာဖြစ်သည်။ မိန်းမသားတွေ ဖြစ်သည့် ဟိုမမလေးနှစ်ယောက်သာဆို ပြောမနေနဲ့တော့။ ထားလိုက်ပါတော့။ ရှိပါစေတော့။
“ တော်ပါကွာ ... အဲ့နှစ်ယောက်ကို ပြောလိုက်ရင် ပြဿနာက ပိုဆိုးသွားလိမ့်မယ် ... ငါ့ဟာငါပဲ ကြည့်ကျက်ဖြေရှင်းတော့မယ် ”
မြတ်သူလည်း လေးဆက်ကို နားလည်ဟန်ဖြင့် ပခုံးကို ဖက်လာသည်။
“ ငါနဲ့နောင်ခန့်လည်း ရှိပါသေးတယ်ကွာ ... အဲ့ကောင်လေး ဘယ်လောက်အတင့်ရဲနေပါစေ စီနီယာတွေကိုတော့ မလေးမစားလုပ်မှာ မဟုတ်လောက်ပါဘူး ”
“ အင်း ... အဲ့လိုပဲ မျှော်လင့်ရတော့မှာပေါ့ ”
အဲဒီနောက် မြတ်သူလည်း သူ့ကောင်လေးဘက် ပြန်လှည့်သွားပြီး စကားတွေတွတ်ထိုးနေကြသည်။ ကြည့်ရတာ လေးဆက်တို့ပြောနေသည့်အကြောင်းကို အနည်းငယ်ရှင်းပြနေပုံပေါ်သည်။
လေးဆက်ကတော့ ဘာကိုမှ ဂရုမစိုက်ချင်တော့ပေ။ ရှေ့ဆက်လာမဲ့နေ့ရက်တွေကို ဘယ်လိုဖြတ်သန်းရမလဲဆိုတာတွေးတောရင်း တစ်ကိုယ်တည်း မောပန်းနေရသည်။
4:36 P.M
8.1.2021 ( Friday )
မနေ့က cmt လေးတွေရလို့အရမ်းပျော်ပြီး ဒီနေ့တင်ရမဲ့ရက်မဟုတ်ပေမဲ့ တစ်ပိုင်းတင်ပေးလိုက်ပါတယ် ... မနက်ဖြန်လည်း တစ်ပိုင်း ထပ်တင်ပေးမှာပါ ❤️
မနက်ဖြန်တော့ သူတို့နှစ်ယောက် သေချာပေါက်တွေ့ပါပြီ ... မတွေ့ရင် ကိုယ့်ကို တုတ်နဲ့လာရိုက်လိုက်ပါ 😝