အခုတလော လေးဆက်တစ်ယောက် အင်မတန်စိတ်ရှုပ်ထွေးကာ အပြင်ကိုတောင် မထွက်ဖြစ်ဘဲ အခန်းထဲ အောင်းနေမိသည်။ မနက်ဖြန်ဆို အင်္ဂလိပ်ဒီပလိုမာတန်းစတက်ရမည်ဖြစ်သော်လည်း လေးဆက်မှာ ယခုထက်ထိ ဘာတစ်ခုမပြင်ဆင်ရသေးပေ။
တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် ကျောင်းတက်ဖို့ စာအုပ်တစ်အုပ်မှလွဲပြီး တခြားအရာတွေကလည်း ဘာမှထွေထွေထူးထူးပြင်ဆင်စရာမရှိချေ။ တက္ကသိုလ်ကျောင်းသားဟောင်း ဒီပလိုမာကျောင်းသားသစ်ဖြစ်သော လေးဆက်အတွက်လည်း ထို့အတူပင်။
ဟိုနေ့ညကလည်း ဈာန်ရောင်ခဆိုသည့်ကောင်လေးက ဖုန်းဆက်ပြီးနှောင့်ယှက်၊ မက်ဆေ့ခ်ျပို့ပြီးနှောင့်ယှက်နေသဖြင့် လေးဆက်တစ်ယောက် ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ပေ။ မနက်မိုးလင်းသည့်အထိ အိပ်ရာပေါ်၌ အတွေးတွေ ဂယောက်ဂယက်ဖြစ်နေခဲ့တာကိုတော့ ထိုကောင်လေးက သိမည်မထင်ပါ။
လေးဆက်ကို ခြိမ်းချောက်ပြီး လိုချင်တာရသွားသည့် ကောင်လေးကတော့ လေးဆက်ရဲ့ Wall ကို စိတ်ကြိုက်ကျွမ်းပြန်နေအောင် ဟိုစပ်စပ် ဒီစပ်စပ်လိုက်ကြည့်နေသည်။
ဟိုနေ့ညက ဘာအနှောင့်အယှက်မှ ထပ်မပေးတော့ပေမဲ့လည်း ဒီကောင်လေးက လေးဆက်ရဲ့ Wall ထဲပတ်မွှေနေပြီး Like တွေပေးနေသောကြောင့် နိုတီတွေ အဆက်မပြတ်တတောင်တောင်မြည်ကာ တက်လာသည်ကို ကြည့်ရင်း လေးဆက် စိတ်ဆင်းရဲနေရသည်။ ပိုဆိုးတာက လွန်ခဲ့သည့် လေးနှစ်က ပိုစ့်တွေအထိပါ Like တွေလာပေးထားခြင်းဖြစ်သည်။
ဒီကောင်လေးက ဘာဖြစ်ချင်နေတာလဲ။ ဘာလို့ အရင်ကပိုစ့်တွေကိုပါ Like လာပေးပြီး နောက်ကြောင်းပြန်လှန်နေရတာလဲ။ ဘယ်လိုအညှိုးတွေကြောင့် သူ့ကို ဒီလိုမျိုးတွေစိတ်အနှောင့်အယှက်ပေးနေရသလဲဆိုတာ လုံးဝနားမလည်နိုင်တော့ပေ။
အမှန်ဆိုလျှင် လေးဆက်က ထိုဈာန်ရောင်ခဆိုသည့်ကောင်လေးအား ဝတ္ထုထဲတွင် ဂေးဇာတ်သွင်းပေးခဲ့သူဖြစ်သည်။ ယခုကဲ့သို့ မထိခလုတ် ထိခလုတ် လာလာစနေမည့်အစား ဆေးရုံရောက်သည်အထိအထိုးခံလိုက်ရရင်တောင် လေးဆက်ဘက်က အဆင်ပြေနေဦးမည်ဖြစ်သည်။
နောက်တစ်ခေါက် အပြင်မှာပြန်တွေ့ဖြစ်ရင် အရင်တစ်ခေါက်ကလို ထွက်မပြေးတော့ဘဲ “ မင်း ငါ့ကို ထိုးမလား ” ဆိုပြီးမေးဖြစ်အောင်မေးမည်ဟု လေးဆက် စိတ်ထဲမှာ ကြိမ်းဝါးထားသည်။
သူက လေးဆက်ရဲ့လက်နှစ်ဖက်လုံးကျိုးအောင်ချိုးမယ်ဆိုလည်း ရသည်။ ခြေထောက်တွေ ကျောက်ပတ်တီးကိုင်လိုက်ရသည့်အခြေအနေဖြစ်သွားလည်း အဆင်ပြေသည်။ ဆေးရုံပေါ်မှာ လေးငါးပတ်လောက်နေလိုက်ရလည်း ဘာမှမဖြစ်။ အရေးကြီးတာကို ယခုလိုမျိုး လေးဆက်ကို မထိတထိတွေ လာမလုပ်ရင် ရပြီ။ ပြောရင်းဆိုရင်း သူ့အကြောင်းတွေးနေရင်းနှင့်ပင် ဖုန်းထဲဝင်လာသော မက်ဆေ့ခ်ျတစ်စောင်။
“ Congratulations ! ဒီပလိုမာတန်းတက်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ် ... မကြာခင် ဘွဲ့ယူရတော့မဲ့အတွက်လည်း Congratulations ပါ ”
ထိုမက်ဆေ့ခ်ျနှင့်အတူ တွဲပို့လာသည်က Screenshot နှစ်ခု။ ဒီပလိုမာတန်းဝင်ခွင့်အောင်စာရင်းကြေညာတဲ့ Screenshot နှင့် ရုရှားမေဂျာစတုတ္ထနှစ်အောင်စာရင်းကြေညာတဲ့ Screen shot တို့ဖြစ်သည်။
ဒီကောင်လေးကိုတော့ လေးဆက် တကယ်ပင် ခြေရော လက်ရော လန်မိသည်။ လေးဆက်ကို Congratulations လုပ်ဖို့အတွက် ကျောင်းပေ့ခ်ျ ဌာနပေ့ခ်ျတွေထဲတောင် ဝင်ပြီး တကူးတကသွားရှာထားရသည့်အထိ ဒီကောင်လေး အရမ်းတွေတက်ကြွလွန်းနေသည်မဟုတ်လား။
အမှန်ဆို လေးဆက်နှင့် ဈာန်ရောင်ခဆိုတာက ခင်မင်ရင်းနှီးသည့်အဆင့်မပြောနဲ့။ အပြင်မှာတောင် စကားပြောဖူးဖို့နေနေသာသာ အနီးကပ်တောင် မမြင်ဖူးသည့်လူတွေဖြစ်သည်လေ။
“ ကိုကို ကျွန်တော့်ကို Reply မလုပ်တော့ဘူးလား ”
Reply လုပ်ရအောင် မင်းနဲ့ငါနဲ့က သူငယ်ချင်းမှမဟုတ်တာ ကောင်လေးရာ ... မင်း ငါ့ကိုလာစားနေပြန်ပြီ ... ကိုယ့်ဟာကိုယ် တတိယနှစ်စာတွေကြိုလုပ်နေတာမဟုတ်ဘူး ... ငါ့ကို ပေါက်ကရတွေလာပြောမဲ့ စာသွားလုပ်တာကမှ မင်းအတွက် အကျိုးရှိဦးမယ် ...
ထိုစဉ် ...
Phone Ringing …
ဖုန်းကို မကြည့်ဘဲနဲ့တောင် ဘယ်သူခေါ်တာလဲဆိုတာ လေးဆက် ခန့်မှန်းလို့ရသည်။ ဟိုကောင်လေးက လွဲရင် တခြား ဘယ်သူရှိရဦးမှာလဲ။ လေးဆက် ဖုန်းကို ကိုင်လိုက်တော့ ချက်ချင်းဆိုသလို နားထဲ တိုးဝင်လာသည်က
“ ကိုကိုက ကျွန်တော့်ကိုဆို ဘယ်တော့မှ အဖက်မလုပ်ဘူး ”
အဖက်လုပ်ရအောင် သူက မိန်းကလေးဆိုလည်းထားတော့။ အခုဟာက သူ့ကို ဘယ်အချိန်မှာ ဘယ်လိုဒုက္ခပေးမယ် အန္တရာယ်ပြုမယ်ဆိုတာမသေချာတဲ့သူကို လေးဆက်က ဘာကိစ္စအဖက်လုပ်ပေးနေရမှာလဲ။
“ ကျွန်တော့်ကို မုန်းနေတာလား ”
ဒါက ဘာလဲ။ ဘာသဘောလဲ။ သူက ငိုတော့မှာလား။ ဟာ ... မဖြစ်နိုင်တာ။ ဈာန်ရောင်ခဆိုတဲ့ကောင်လေးက ဒီလိုမျိုးစာတွေလည်း ရေးတတ်သေးတယ်လား။ တခြားလူတွေသာသိရင် တော်တော်အံ့အားသင့်ကုန်ကြမှာပဲ။ သူတို့ရဲ့ထင်ပေါ်ကျော်ကြားတဲ့မင်းသားလေးက ဒီလိုမျိုးတွေရေးတတ်တယ်ဆိုတာ လေးဆက် ချပြလိုက်ချင်သည်။
မင်းကို မုန်းလည်း မမုန်းဘူး ... စကားလည်း မပြောချင်ဘူး ... ငါ့ကိုလည်း လာမနှောင့်ယှက်ပါနဲ့ ... တောင်းပန်ပါတယ်ကွာ …
“ အမှန်ဆို ကျွန်တော်က ကိုကို့ကို Congratulations လာလုပ်ပေးတာလေ ... ကိုကို့ဘက်က စကားတစ်ခွန်းတော့ ပြန်ပြောသင့်တယ် ... လူကြီးလူကောင်းမပီသလိုက်တာ ”
ဒီကောင်လေးနဲ့တော့ လေးဆက် တော်တော်စိတ်ထိန်းထားရသည်။ ဟိုနေ့ညကလည်း ယခုလိုမျိုးပင် သူလိုချင်တာကို သွေးအေးဓားပြတိုက်တာ တောင်းသွားသည်။
စကားလုံးတွေအေးပေမဲ့ အထဲမှာ ဓားတွေပါနေသည်ဆိုတာကိုတော့ လေးဆက်ရိပ်မိပါသည်။ သူ့ဘက်က မတုံ့ပြန်မချင်း ထိုကောင်လေးဘက်ကလည်း ရပ်တန့်မည်မဟုတ်မှန်း လေးဆက် သိနေပါသည်။ မြန်မြန်စကားပြောပြီးရင် နားအေးတယ်ဟုသဘောထားကာ
“ ကျေးဇူးပဲ ”
“ သုံးလုံးတည်းလား ”
သုံးလုံးတည်းမပြောလို့ ငါက ဘယ်နှလုံးပြောရမလဲ ... ဈာန်ရောင်ခကို အများကြီးကျေးဇူးတင်ပါသည်ခင်မျာ လို့ပြောရမှာလား ... မင်း အရေးမပါတာတွေပဲ လုပ်နေလိုက် ...
“ မင်း လာမရစ်နဲ့ ”
“ ကျွန်တော့်ပုံက ရစ်နေတဲ့ပုံပေါက်နေလို့လား ”
“ မင်း အခု ငါ့ကို လာရစ်နေတာလေ ”
“ အဲ့လိုရစ်တာတွေက ချစ်သူတွေမှ ရစ်လို့ရတာလေ ... ကိုကိုနဲ့ ကျွန်တော်က ချစ်သူတွေမို့လို့လား ”
“ ဈာန်ရောင်ခ ! မင်း ! ”
တွေ့လား။ တွေ့လား။ ဒီကောင်လေးကို လေးဆက်မနိုင်ပါဘူးလို့ ပြောသားပဲ။ လေးဆက်ဘက်က တစ်ခွန်းပြောရင် သူ့ဘက်က ဆယ်ခွန်းလောက် ပြန်ပစ်ထည့်နေတော့ ဒီဘက်လူရဲ့ရင်ထဲမှာ အောင့်ခနဲ။
“ စကားမပြောတော့ဘူးလား ... ဒါမှမဟုတ် ရှက်သွားတာလား ကိုကို ”
“ ငါက ဘာလို့ရှက်ရမှာလဲ ”
“ မသိဘူးလေ ... ကိုကို့ရုပ်ကို ကျွန်တော်က လှမ်းမြင်ရတာမှ မဟုတ်တာ ”
ဖြစ်နိုင်ရင် လေးဆက် ဒီစကားဝိုင်းကို အဆုံးသတ်ချင်နေပြီ။ ဒီလိုပေါက်ကရတွေပဲလျှောက်ပြောတတ်သည့်ကောင်လေးနှင့် စကားဆက်မပြောချင်တော့။ တစ်ဖက်ကလည်း လေးဆက်၏အကြံကို ရိပ်မိသည့်အလား စကားစအဖြတ်မခံပေ။
“ ဒါနဲ့ ကိုကို မနက်ဖြန် အတန်းတက်မှာလား ”
ဒီမေးခွန်းကို လေးဆက် ပြန်လည်ဖြေကြားပေးဖို့အစီအစဉ်မရှိပေ။ ပြန်ဖြေစရာလည်း မလိုဟုထင်မြင်မိသည်။ လေးဆက်ဘာသာ ကျောင်းလာလာ မလာလာ ဒီကောင်လေးနှင့် တစ်ပြားတစ်ချပ်မှမဆိုင်ပေ။ အမှန်တော့ ဟိုဘက်ကလူက အရမ်းဆိုင်ချင်နေတာကို လေးဆက် မရိပ်မိသေးတာဖြစ်သည်။
“ ပြန်မဖြေရင် မနက်ဖြန် ကိုကို့ကို ကျွန်တော် လာခေါ်မယ် ”
စလာပြီ။ ဇာတ်လမ်းက စလာပြန်ပြီ။ ဒီကောင်လေးက သူ ဆက်တဲ့ဖုန်းကို မကိုင်တာပဲဖြစ်ဖြစ်၊ သူ ပို့တဲ့မက်ဆေ့ခ်ျကို စာမပြန်တာပဲဖြစ်ဖြစ် လေးဆက်ကို အမြဲခြိမ်းချောက်တတ်သည်။
စာတွေကနေ တဆင့်ပြောတာတောင် လေးဆက်ကို အနုနည်း၊ အကြမ်းနည်းနှင့် အကြပ်ကိုင်ကာ သူဖြစ်ချင်တာကို ရအောင်လုပ်သည်။ ဒီလိုကောင်လေးမျိုးနှင့် အပြင်မှာသာ စကားပြောရမည်ဆိုလျှင် လေးဆက်ရဲ့ဘဝတော့ သွားပြီ။
ဒီဈာန်ရောင်ခဆိုသည့်ကောင်လေးနှင့် လေးဆက် အပြင်မှာ လုံးဝတွေ့လို့မဖြစ်ပေ။ မဖြစ်ဖြစ်သည့်နည်းနှင့် မရရအောင်ရှောင်ရမည်။ ယခုလို ဖုန်းနှင့်ပြောတာတောင် သူ့စကားလုံးတွေက လူပါးဝနေပြီဖြစ်ရာ လူချင်းသာတွေ့ပြီး စကားပြောမယ်ဆိုရင် လေးဆက်ကို လက်ပါတော့မလားမသိ။
“ ပြန်မဖြေဘူးဆိုတော့ သဘောတူတယ်လို့ပဲ သတ်မှတ်လိုက်ရမလား ကိုကို ”
“ မလာခဲ့နဲ့ ”
လေးဆက် အလောတကြီး တုံ့ပြန်လိုက်မိသည်။
“ ဘာကိုပြောတာလဲ ”
“ မနက်ဖြန် ငါ့ကို လာမခေါ်နဲ့ ”
“ ဟုတ်ပြီ ... လာမခေါ်လို့ရတယ် ... ဒါပေမဲ့ မနက်ဖြန် ကိုကို ကျောင်းသွားမှာလားဆိုတာကိုတော့ ပြန်ဖြေပေး ... ”
“ သွားမှာ ”
“ ဒါဆို ကျွန်တော် ကိုကို့ကို ကျောင်းရှေ့ဂိတ်မှာ စောင့်နေမယ် ”
“ မစောင့်နဲ့ ... မင်းက ဘာဖြစ်လို့ ငါ့ကို စောင့်မှာလဲ ”
“ ကိုကို့ကို တွေ့ချင်လို့လေ ”
“ ငါကတော့ မင်းကို မတွေ့ချင်ဘူး ”
“ ဒါပေမဲ့ ကျွန်တော်ကတော့ ကိုကို့ကို အရမ်းတွေ့ချင်နေတာ ”
“ မင်း ! ”
“ ဒါဆိုရင် မနက်ဖြန် တွေ့မယ်နော် ကိုကို ”
တီ ... တီ ... တီ ...
ဖုန်းကျသွားခဲ့ပြီ။ ဒါက လေးဆက်ငြင်းမယ်မှန်း သိလို့ ဒီကောင်လေး တမင်သက်သက်စကားစဖြတ်သွားတာ။ ပြီးပြီးရော မနက်ဖြန် ကျောင်းလာမယ်လို့ပြောလိုက်ပေမဲ့ တကယ်တမ်းကျတော့ လေးဆက် ကျောင်းသွားဖို့ အစီအစဉ်မရှိပေ။
ဘယ်တက္ကသိုလ်ကျောင်းသားကရော ကျောင်းစစဖွင့်ချင်း အတန်းထဲရောက်ကြလို့လဲ။ ဒီကောင်လေးက ဒါလေးတောင်မသိဘူးလား။ လေးဆက် ပါးစပ်ထဲတွေ့ရာလျှောက်ပြောတာကို ယုံနေရင်တော့ ခံလိုက်ပေါ့။
မင်းဟာမင်း စောင့်ချင်ရင်စောင့် ... ငါကတော့ မလာဘူး ...
မနက်ဖြန် ကျောင်းမသွားဘူးလို့ လေးဆက် စိတ်ထဲက တထစ်ချတွေးနေပေမဲ့လည်း ထိုဈာန်ရောင်ခဆိုသည့်ကောင်လေးကလည်း တော်ရုံတန်ရုံလူမှ မဟုတ်တာ။ ထိုကောင်လေးရဲ့စိတ်ထဲမှာ ဘာတွေကြံစည်နေမလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေ။
မဖြစ်တော့။ လေးဆက် ဒီကိစ္စကို မြတ်သူနှင့် တိုင်ပင်မှဖြစ်မည်။ လေးဆက်တစ်ယောက်တည်းတော့ ဒီအကုသိုလ်တောင်ကို ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။ တစ်ခေါင်းတည်းက ထွက်တဲ့အကြံဉာဏ်က မလုံလောက်လည်း နှစ်ခေါင်းဆိုရင်တော့ အဆင်ပြေလောက်မည်ထင်သည်။
မြတ်သူ ... မင်းက ငါ့ရဲ့အားကိုးရာပဲ ...
❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️
“ ဒါပေါ့ ... ကိုယ်က ကလေးကို အရမ်းချစ်တာ ”
“ ပိုပြန်ပြီ ”
ကလေးရဲ့ရယ်သံမျှင်းမျှင်းလေးကြောင့် မြတ်သူမှာ အချစ်ပိုရပြန်သည်။
“ တကယ်ပြောတာပါ ကလေးရယ် ... ကိုယ် ကလေးနဲ့မတွေ့ရတာကြာတော့ အရမ်းလွမ်းနေတာ ”
“ အခုလည်း တွေ့နေရတာပဲလေ ”
“ အပြင်မှာ တွေ့တာနဲ့ အခုလိုမျိုး တွေ့တာနဲ့က တူမလား ကလေးရယ် ... ကိုယ်က ကလေးကို ဖက်ပြီး မွှေးမွှေးပေးပစ်ချင်တာ ... ပြောရင်းနဲ့တောင် ကလေးကို အရမ်းတွေ့ချင်နေပြီ ”
“ အင်းပါ ကိုကြီးရယ် ... မနက်ဖြန် တွေ့ရတော့မှာပဲလေ ... ဘာလို့ အရမ်းလောနေရတာလဲ ”
“ ကိုယ်တို့ မတွေ့ရတာ တစ်လကျော်သွားပြီလေ ကလေးရာ ... ကလေးကို ဒီလိုမျိုးနဲ့ပဲ တွေ့နေရတာ ကိုယ် ဘယ်လောက်နေရခက်တယ်ထင်လဲ ”
“ ကိုကြီးရယ် ... လွှမ်းလည်း ဘယ်လိုလုပ်ပေးရမလဲကို မသိတော့ဘူး ... လွှမ်းအိမ်အကြောင်းလည်း ကိုကြီး သိရဲ့သားနဲ့ ... ”
“ အင်းပါ ... ကိုယ် သိတာပေါ့ ... အဲဒါကြောင့်မို့လည်း ကိုယ် သည်းခံနေတာလေ ”
“ ဒါပေမဲ့ ကိုကြီးကို လွှမ်း အားနာတယ် ... ကိုကြီးသာ လွှမ်းမဟုတ်တဲ့ နောက်တစ်ယောက်နဲ့ တွဲခဲ့မယ်ဆိုရင် အခုလိုမျိုး ပင်ပန်းနေမှာမဟုတ်ဘူးလေ ”
ဝမ်းနည်းအားငယ်နေသည့် ကလေးရဲ့အသံလေးကြောင့် မြတ်သူမှာ တုန်လှုပ်ခြောက်ချားသွားရသည်။ ဒီကလေးက သူနဲ့ပတ်သတ်လာရင် အရမ်းအားငယ်တတ်တာလေ။ ပြီးရင် မချစ်တာလည်းမဟုတ်ဘဲနဲ့ ခဏခဏ လမ်းခွဲစကားပြောသေးတာ။ ဒီကလေးကို အားမငယ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မြတ်သူ တကယ် မတွေးတတ်တော့ပေ။
“ ကလေးရယ် ... ကိုယ်က ကလေးကိုပဲ ချစ်တာလေ ... ကလေးက လွဲရင် ဘယ်သူ့ကို ချစ်နိုင်ဦးမှာတဲ့လဲ ... နောက်ဆို ကိုယ့်ကို အဲ့လိုစကားမျိုး မပြောနဲ့တော့နော် ... အဲ့ကျ ကိုယ် ကလေးကို တကယ် စိတ်ဆိုးတော့မှာ ”
ကလေးဘက်က ဘာတုံ့ပြန်သံမှ မကြားရသေးပေ။
“ ကိုယ် ပြောတာ ကြားလား ကလေး ”
“ အင်း ”
ထိုအသံက အားပျော့ကာ တိုးဖွညင်သာနေသောကြောင့် ကလေးမှာ အခုထိ ထိုအတွေးတို့မပြယ်လွင့်သေးမှန်း မြတ်သူ ရိပ်မိလိုက်ပေမဲ့ ကလေးကိုလည်း ဒီထက်ပိုပြီး ဖိအားမပေးချင်တော့။ ကလေးသဘောကျနေပါစေ။ ကလေးဘာသာ လမ်းခွဲမယ်တို့ ချစ်သူအသစ်ရှာလိုက်ပါတို့ ဘယ်လောက်ပြောပြော မြတ်သူသာ လက်မလွှတ်ပေးရင် ကလေးက သူ့ရင်ခွင်ထဲမှာ အမြဲတမ်း ရှိနေဦးမှာပဲလေ။
“ ကလေး မနက်ဖြန် ကျောင်းလာမှာမလား ”
“ အင်း ... လာမှာ ... ကိုကြီးနဲ့ တွေ့ဖို့လေ ”
မြတ်သူ မထိန်းနိုင်ဘဲ ရယ်ချမိလိုက်သည်။ သူ့ရဲ့ချစ်သူပိစိလေးက အင်မတန်ချစ်ဖို့ကောင်းနေသည်လေ။
Phone Ringing …
ချစ်သူလေးနှင့် Video Call ခေါ်ရင်း ကလူကြည်စယ်နေစဉ် အရေးကောင်းဒိန်းဒေါင်းဖျက်ဆိုသလို ဖုန်းဝင်လာခဲ့သည်။ ဖုန်းနံပါတ်ကို ကြည့်လိုက်တော့ ဝမ်းမနာသားလေးဆီမှ ဖြစ်နေသဖြင့် တစ်ချက်ဆဲရေးကာ ဖုန်းကို ချပစ်လိုက်သည်။
ဟုတ်သည်လေ။ မြတ်သူရဲ့ဘဝမှာ ကလေးထက် ဘယ်ကောင်မှ အရေးမကြီးပေ။ ကလေးသာ သူ့ကမ္ဘာမှာ အရေးအကြီးဆုံးဖြစ်သည်။
Phone Ringing …
ကျစ် ! ဖုန်းချပစ်လိုက်တာတောင် ဝမ်းမနာသားလေးက ထပ်ခေါ်နေသေးသည်။ ဒီတော့ Video Call ပြောနေသည့်ကလေးက ဝင်မေးသည်။
“ ကိုကြီး ဖုန်းခေါ်သံကြားတယ် ... ဘယ်သူခေါ်တာလဲ ”
“ ဟိုဝမ်းမနာသားပါ ကလေးရယ် ... အဲ့ကောင်ကို ဂရုစိုက်မနေနဲ့ ”
“ အစ်ကိုလေးဆက် ဆက်တာလား ... ဒါဆိုလည်း ကိုင်လိုက်လေ ”
ထိုစကားကြောင့် မြတ်သူ မျက်နှာကြီး ရှုံ့မဲ့သွားသည်။
“ မကိုင်ချင်ပါဘူး ... အခုက ကလေးနဲ့ စကားပြောနေတဲ့ဟာကို ... ဟိုကောင် ပြောစရာရှိရင် နောက်မှ သူ့ဟာသူ ထပ်ဆက်လိမ့်မယ် ... အခုချိန်မှာ ကိုယ်က ကလေးနဲ့ပဲ စကားပြောချင်တာ ”
“ ကိုကြီးကလည်း ... ”
ကလေး ဟက်ဟက်ပက်ပက်ရယ်မောနေသည့်ပုံလေးအား မြတ်သူ ဖုန်းမျက်နှာပြင်မှ တစိမ့်စိမ့်ကြည့်ကာ အသည်းယားနေမိသည်။ အခုချိန် ကလေးသာ အနားရှိရင် မြတ်သူ ဖက်နမ်းပစ်မိလိမ့်မည်ထင်သည်။ ကလေးက ရယ်လို့ဝတော့မှ
“ ကိုကြီး ... အစ်ကိုလေးဆက် ဖုန်းဆက်နေတာကို ကိုင်လိုက်ပါ ... သူ့မှာလည်း အရေးကြီးကိစ္စရှိလို့နေမှာပေါ့ ... လွှမ်း နောက်မှ ပြန်ဆက်လိုက်မယ် ”
ကလေးထံမှ ဒီလိုမျိုးနားလည်ပေးတာကို ကြားရတော့ မြတ်သူရင်ထဲ ဝမ်းသာရသလို စိတ်လည်းချမ်းမြေ့ရသည်။ သူ့ချစ်သူလေးနှင့် သူငယ်ချင်းတို့နှစ်ဦး ကြည်ကြည်ဖြူဖြူရှိကြတာကိုမြင်ရတော့ သူ့ဘဝကြီး လူဖြစ်ရကျိုးနပ်ပြီဟုပင်ခံစားလိုက်ရသည်။
“ အင်း ... ဒါဆို ကလေး ကိုယ့်ကိုနမ်း ... ”
“ ဟင် ... ဒီလိုမျိုးကြီး နမ်းရမှာလား ”
“ အခုတော့ ဒီလိုမျိုးပဲနမ်းပေး ... နောက်ကျမှ ကိုယ် ကလေးကို အတိုးချပြီး နမ်းပစ်မယ် ”
ဟော … ကြည့်။ မြတ်သူပြောလိုက်သည့်စကားကြောင့် ကလေး ရယ်နေပြန်ပြီ။
“ တော်ပြီ ... မနောက်နဲ့တော့ ... ကိုကြီး ဒါပဲနော် ... လွှမ်း နောက်မှထပ်ခေါ်လိုက်မယ် ... ချစ်တယ် ”
“ အင်း ... အင်း ... ကိုယ်လည်း ကလေးကို ချစ်တယ် ”
ဖုန်းမျက်နှာပြင်ထက်ကနေ ကလေးရဲ့မျက်နှာလေး ပျောက်ကွယ်သွားတာကို ကြည့်ရင်းနှင့် မြတ်သူ ယူကြုံးမရဖြစ်လာသည်နှင့်အမျှ ဟိုဝမ်းမနာသားလေးကို ပယ်ပယ်နယ်နယ်ကျိန်ဆဲပစ်လိုက်သည်။ အဲ့ကောင်သာ ဖုန်းမခေါ်ရင် ခုလောက်ဆို ကလေးရဲ့မျက်နှာလေးကို ကြည့်ရင်း ကြည်နူးခန်းဖွင့်နေရဦးမှာ။ အခုတော့ ဒီကောင့်ကြောင့် ကလေးရဲ့မျက်နှာလှလှလေးကို မမြင်ရတော့ဘူး။
ကလေးတို့အိမ်က စည်းကမ်းတင်းကျပ်သည့်မိသားစုဖြစ်ပြီး ကလေးကိုလည်း ငယ်ငယ်လေးကတည်းက အမြဲတမ်း အိမ်မှာပဲ နေစေခဲ့သည်။ တက္ကသိုလ်တက်တာတောင် မြို့တွင်းမှာပဲတက်ရသည့် နိုင်ငံခြားဘာသာတက္ကသိုလ်ကိုသာ တက်ခိုင်းခဲ့သည်။
ကျောင်းအသွားအပြန်လည်း ကိုယ်ပိုင်ကားနှင့်ကြိုပို့လုပ်ပေးသည့်အတွက် မြတ်သူနှင့် ကလေးမှာ ကျောင်းတက်ရက်များတွင်သာ ချိန်းတွေ့လို့ရသည်။ ယခုလိုမျိုး ကျောင်းတွေပိတ်ထားသည့်အချိန်ဆို တစ်လ တစ်ခေါက် တွေ့ဖို့တောင် အနိုင်နိုင်ဖြစ်သည်။ အဲဒီလိုမျိုးအချိန်တွေဆို Video Call မှတဆင့်သာ ကလေးရဲ့မျက်နှာလှလှလေးကို ငေးကြည့်ရင်း မြတ်သူ အလွမ်းဖြေရသည်။
အခုတော့ မြတ်သူရဲ့ဘုံဗိမ္မာန်လေး ပျက်စီးသွားခဲ့ရပြီ။ အဲ့ဒါ ဟိုဝမ်းမနာသားကြောင့်။ အဲ့ဖုန်း ထပ်မြည်လာပါစေဦး။ မြည်တာနဲ့ အသေဆဲပြီပဲ။
Phone Ringing …
ကြည့် ... ပြောလို့မှ မဆုံးသေးဘူး။ ဖုန်းသံမြည်လာသည်နှင့်တစ်ပြိုင်နက် မြတ်သူ ချက်ချင်း ကိုင်လိုက်ကာ
“ ဘာကိစ္စရှိလို့ အဲ့လောက် ခဏခဏဆက်နေရတာလဲ ဝမ်းမနာသားရဲ့ ... မင်းကြောင့် ငါ့ရဲ့နိမ္မာန်ဘုံလေးပျက်စီးသွားပြီ ... ကလေးနဲ့ ကြည်နူးနေတာလေးတွေ မင်းကြောင့် အကုန်ပျက်စီးကုန်ပြီ ... အခုဆို ကလေးလည်း ဖုန်းချသွားပြီ ... ဒီနေ့တစ်နေ့လုံး ကလေးရဲ့မျက်နှာလေးကို ငါ သေသေချာချာမကြည့်ရသေးဘူးကွ ... အခုတော့ကွာ မင်းကြောင့် ငါ့ရဲ့ပျော်ရွှင်မှုတွေ အကုန်ပျောက်ကွယ်သွားတာ ... အရာအားလုံးကို မင်း ဖျက်ဆီးပစ်လိုက်တာ ... မင်းက လူဖြစ်ဖို့တောင်မတန်တဲ့ကောင် ... လူစိတ်မရှိတဲ့ကောင် ... သူတစ်ပါးချစ်ခြင်းကို ဖြိုခွဲတဲ့ကောင် ... မင်းမှာရည်းစားမရှိတိုင်း သူများသမီးရည်းစားတွေ ပျော်ရွှင်ကြည်နူးနေတာကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ကောင် ... မင်းမှာ အသုံးကျတာ ဘာရှိလဲ ... ဟမ် ! မင်းက အချိန်ကောင်းကို ဖျက်ဆီးတဲ့အချိန်ကျ တော်တော်အသုံးဝင်တယ် ... ကျန်တဲ့နေရာကျ ဘာခုမှ အားကိုးလို့မရဘူး ... မင်း ဘာစောက်သုံးကျလဲ ... ပြောစမ်း ... ဟေ့ကောင် ! ”
လေးဆက်မှာ ဟိုဘက်က ဖုန်းကိုင်လိုက်ပြီးပြီးချင်းထွက်ပေါ်လာသည့်အသံဆိုးကြီးကြောင့် ဖုန်းကို နားနှင့်ဝေးရာသို့ ခပ်ခွာခွာထားလိုက်ရသည်။ ဒါတောင်မှ မြတ်သူ ဆဲဆိုနေသမျှ လေးဆက် အကုန်ကြားနေရတုန်းဖြစ်သည်။ မြတ်သူ ဒီလောက်ဆဲနေပြီဆိုရင် လေးဆက် အထာနပ်သွားပြီ။ မြတ်သူ သူ့ကလေးနဲ့ ဖုန်းပြောနေတုန်း လေးဆက် ဖုန်းခေါ်မိလိုက်တာပဲဖြစ်ရမည်။
“ မြတ်သူ ”
“ ဘာလဲ ”
“ မင်း ကျေနပ်သွားပြီလား ”
တစ်ဖက်က လေးဆက်ရဲ့ညောင်နာနာအသံကြောင့် မြတ်သူ စိတ်ကို တစ်ထစ်လျော့ပေးလိုက်သည်။ စိတ်ကြိုက်ဆဲဆိုလိုက်ရသည့်အတွက်လည်း ရင်ထဲ ပေါ့သွားကာ နည်းနည်းနေလို့ထိုင်လို့ကောင်းသွားသည်။
“ အေး ... ရပြီ ... ပြောတော့ ... ဘာကိစ္စလဲ ”
မြတ်သူရဲ့လေသံက နဂိုအတိုင်းပြန်ဖြစ်သွားပြီဖြစ်သည့်အတွက် အခုမှပဲ လေးဆက်မှာ ပြောလိုရာကို ဆက်ပြောရသည်။
“ အကြောင်းကတော့ ငါဆီ ဈာန်ရောင်ခက မက်ဆေ့ခ်ျပို့တယ် ... မနက်ဖြန် သူ ကျောင်းဂိတ်ဝမှာ ငါ့ကို စောင့်နေမယ်တဲ့ ”
မြတ်သူ တကယ်ပင် ခေါင်းလည်ထွက်ကာ အံ့အားသင့်သွားရသည်။ ဈာန်ရောင်ခနှင့် လေးဆက်ရိပ်သွင်ဆိုသည်မှာ ပြောရရင် ဘာအဆက်အစပ်မှ မရှိသူများဖြစ်သည်။ တစ်ယောက်က တောင်ဆို တစ်ယောက်မှ မြောက်။
အဲဒါကို သူတို့နှစ်ယောက်က ဘယ်ကနေ ဘယ်လိုဖြစ်လို့ မက်ဆေ့ခ်ျတွေပါပို့ပြီး ကျောင်းဂိတ်ဝမှာ လာစောင့်မယ်တွေ ဘာတွေအထိ ဖြစ်ကုန်ရတာလဲ။ ကြားထဲမှာ မြတ်သူ လွတ်သွားသည့်အပိုင်းတွေတော့ သေချာပေါက်ရှိနေပြီ။
“ သူက မင်းကို ကျောင်းဂိတ်ဝမှာ စောင့်နေမယ်ဟုတ်လား ... နေဦး ... နေဦး ... မင်း ရှင်းပြတာတွေက အရမ်းအဆင့်ကျော်နေပြီ ... အစအဆုံးသေချာပြန်ရှင်းပြစမ်း ”
ထိုအခါမှ လေးဆက်လည်း ဟိုနေ့ညက ဈာန်ရောင်ခ သူ့ကို လာနှောင့်ယှက်သည့်အကြောင်းအား မြတ်သူကို မပြောပြရသေးမှန်း သတိရသွားတော့သည်။
“ ဪ ... အေး ... ဟုတ်သားပဲ ... အရင်ညကကိစ္စအကြောင်း ငါ မင်းကို မပြောပြရသေးတာကို မေ့နေတာ ”
လေးဆက်စကားကို ကြားပြီးနောက် မြတ်သူရဲ့မျက်ခုံးတန်းတွေက ပင့်တက်သွားခဲ့သည်။ အင်း ... ကြည့်ရတာ တော်တော်စိတ်ဝင်စားစရာနေပြီပဲ။
“ အေးလေ ... အဲ့ဒါကို အရင်ပြောပြမှ ငါလည်း ဘာတွေဖြစ်နေတာလဲဆိုတာကို နားလည်မှာပေါ့ ”
မြတ်သူကို မပြောပြသေးခင် လေးဆက်မှာ အရင်ဆုံး အတွေးထဲ စာစီနေရသေးသည်။
“ ဒီလိုကွာ ... ဟိုနေ့ညက ငါ့ဆီမှာ ဈာန်ရောင်ခရဲ့ Friend Request တက်လာတယ် ”
“ ဘာ ! ဈာန်ရောင်ခက မင်းကို Friend Request ပို့တယ်ဟုတ်လား ... သူ့လိုလူကလေ ”
မြတ်သူ တကယ်အံ့အားသင့်သွားကာ ထအော်မိလိုက်သည်အထိပင်။ ဒီနေ့ကတော့ မြတ်သူတစ်ယောက် လေးဆက်ဆီကနေ အံ့ဩစရာကောင်းတဲ့ကိစ္စတွေချည်းပဲ ကြားနေရတော့မှာလား။
“ ဟုတ်ပါတယ်ဆို ... မင်းကလည်း ... ”
“ အေးပါ ... ငါလည်း အံ့ဩသွားလို့ပါကွ ... ဆက်ပြော ... ဆက်ပြော ... ”
“ အစက ငါ လက်မခံဘူးကွာ ... Remove လုပ်ပစ်လိုက်တယ် ... အဲ့ဒါနဲ့ သူက နောက်တစ်ခေါက် Friend Request ထပ်ပို့လာတယ် ”
“ ဈာန်ရောင်ခက Friend Request ကို နောက်တစ်ခေါက်တောင် ထပ်ပို့လိုက်သေးတယ် ဟုတ်လား ”
လေးဆက် တဖြည်းဖြည်းဒေါသထွက်လာပြီ။ ရှင်းပြနေတာကို တစ်ခါတည်းသေချာနားမထောင်ဘဲနဲ့ ဟုတ်လို့လား ဟုတ်ရဲ့လားနဲ့ ပြန်ပြီးမေးခွန်းထုတ်နေတဲ့ အဲ့ခွေးသူတောင်းစားကို သူ့အနားမှာရှိနေရင် တစ်ခါတည်းဆောင့်ကန်ပစ်လိုက်ပြီ။
မသိရင် လေးဆက်ကပဲ ဈာန်ရောင်ခကို အသားယူပြီး မဟုတ်တာကို အဟုတ်လုပ်ပြောနေသလိုလို လူ့ကို မယုံသက်ာဖြစ်နေသော မြတ်သူကို လေးဆက် သိပ်မကျေနပ်တော့။
“ မင်း ငါပြောတာကို အဆုံးထိနားထောင်ဦးမှာလား ... ဒီတစ်သက် ... ”
လေးဆက်ရဲ့စကားသံတွေမှာ ဒေါသလှိုင်းတွေပါဝင်လာတာကို ရိပ်မိနေသည့် မြတ်သူကလည်း မချိသွားဖြဲကာ
“ ရပြီ ... ပြောတော့ သူငယ်ချင်း ... မင်း အဆုံးထိပြောတော့ ... ငါ ကြားဖြတ်မပြောတော့ဘူး ”
“ ငါက သူ့ Friend Request ကိုလက်မခံတော့ ငါဆီ ဖုန်းဆက်လာတယ် ... ငါ ဖုန်းချပစ်တော့ မက်ဆေ့ခ်ျပို့လာတယ် ... သူ့ကို လက်ခံပေးတဲ့ ... လက်မခံပေးရင် ငါ့တိုက်အောက်ထိ သူ ရောက်အောင်လာခဲ့မှာလို့ ခြိမ်းချောက်သွားတယ် ”
“ အဲ့တော့ လက်ခံလိုက်လား ”
“ လက်ခံလိုက်ရတာပေါ့ဟ ... လက်မခံလို့ ငါ့တိုက်အောက် ရောက်လာရင် ငါက ကြားထဲက အချောင်ဆေးရုံရောက်နေဦးမယ် ”
“ ပြီးတော့ရော ဘာဆက်ဖြစ်လဲ ”
“ ဒီနေ့ကျ အဲ့ကောင်လေးက ထပ်ပြီးမက်ဆေ့ခ်ျပို့တယ် ... မနက်ဖြန် ကျောင်းလာမှာလားလို့မေးတော့ ငါလည်း လာမယ်လို့ပဲဖြေလိုက်တာ ... အဲဒါနဲ့ သူက ကျောင်းဂိတ်ဝမှာ စောင့်နေမယ်လို့ ပြောတယ် ... ဇာတ်လမ်းအစအဆုံးကတော့ အဲ့ဒါပဲ ... မြတ်သူ ငါ ဘယ်လိုလုပ်ရမလဲ ”
“ ကျောင်းသွားတက်လိုက်ပေါ့ကွ ... မင်းကလည်း ... ဘာခက်တာမှတ်လို့ ... ”
မြတ်သူလည်း တတ်သိသလောက်နှင့် အကြံဉာဏ်ပြန်ပေးလိုက်သည်။
“ ကျောင်းဖွင့်ရက်ပထမဆုံးနေ့မှာ ဘယ်ကောင်ကများအတန်းတက်လို့လဲ ခွေးသူတောင်းစားရဲ့ ... မနက်ဖြန် မင်းနဲ့ငါ တစ်နေရာကိုလျှောက်သွားရအောင်ကွာ ... မေမြတ်ကိုပါ ခေါ်ခဲ့လိုက် ... ”
လေးဆက်ရဲ့စကားသံကို ကြားပြီးသည့်နောက် မြတ်သူရဲ့ဦးနှောက်ထဲမှာ အချက်ပေးခေါင်းလောင်းသံတွေက အလိုအလျောက်မြည်လာခဲ့သည်။ မနက်ဖြန်က ကလေးနဲ့ပြန်တွေ့ရမဲ့ အဖိုးတန်ဆုံးနေ့ရက်လေး။ ဒီလိုကောင်ကြောင့်နဲ့တော့ မြတ်သူရဲ့တန်ဖိုးနေ့ရက်လေးကို ကုန်ဆုံးမခံနိုင်ပေ။ မဖြစ်ဘူး။ ဒီကိစ္စက လုံးဝအပြတ်ငြင်းမှဖြစ်မဲ့ကိစ္စ။
“ မနက်ဖြန် ငါ မအားဘူး ”
လေးဆက်ရဲ့မျက်နှာက ရှုံ့မဲ့သွားသည်။
ခွေးသူတောင်းစားကောင် ... မင်း တမင်သက်သက်လုပ်နေတာ ငါ မသိဘူးများမှတ်နေလား ...
“ မအားရအောင် မင်းမှာ ဘာကိစ္စရှိလို့လဲ ”
“ ကလေးနဲ့ ချိန်းထားတယ် ... မအားဘူး ”
လေးဆက် ထင်ထားသည့်အတိုင်းပင်။ သုတလွှမ်းနှင့်ပတ်သတ်လာရင်တော့ မြတ်သူကို ဘယ်လိုနည်းနဲ့မှ ဆွဲဆောင်၍ရမည်မဟုတ်ပေ။ လေးဆက် ဖျော့တော့နေသည့်အသံလေးဖြင့်
“ နောက်မှ သုတနဲ့ သွားတွေ့လို့မရဘူးလား ... သူငယ်ချင်းလေး ”
“ မရဘူး ”
ပြတ်သားလိုက်တာ။ အချိန်ယူပြီးတောင် မစဉ်းစားဘဲ တစ်ခါတည်းကို ပြောချလိုက်တာပဲ။
“ မြတ်သူလေး ... ”
“ မရဘူး ”
ဒီခွေးသူတောင်းစားကောင်ကတော့ ...
“ ဒါဆိုလည်း ထားကွာ ... မင်းတို့အတွဲသွားရာနောက်ကိုပဲ ငါ လိုက်ခဲ့မယ် ”
ကျစ် ! ဒီကောင်ကွာ လုပ်ပြန်ပြီ။ အတွဲကြားထဲလိုက်ပြီး သူက ဘာလုပ်မလို့လဲ။
“ လေးဆက် ... ငါ ပြောမယ် ... မင်း ... ”
“ ငါ့ကို ကူညီပေးမဲ့လူက မင်းပဲရှိတော့တာလေ ”
မလိုက်ခဲ့နဲ့လို့ပြောမဲ့စကားတွေက တွန့်ဆုတ်သွားရသည်။ သူငယ်ချင်းဖြစ်သူက ကျဉ်းထဲကျပ်ထဲ ရောက်ကာ အခက်တွေ့နေချိန်တွင် မြတ်သူကလည်း ပစ်မထားနိုင်ပေ။
ဒါပေမဲ့လည်း မနက်ဖြန်က တစ်လကျော်လောက် ကြာပြီးမှ ကလေးနဲ့ ပထမဆုံးပြန်တွေ့မဲ့ရက်လေ။ လေးဆက်ကို သူတို့နဲ့အတူတူလိုက်ခိုင်းဖို့က ... အင်း ... နည်းနည်းတော့အခက်တွေ့စရာပဲ။
မြတ်သူ အချိန်အတန်ကြာ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီးမှ ထွက်ကျလာသည့်စကားလုံးတို့က
“ မနက်ဖြန်မနက်ကိုးနာရီခွဲ ... Junction City ”
8:27 A.M
7.1.2021 ( Thursday )