လရောင်မှိန်မှိန်လေးက ပြတင်းပေါက်မှတဆင့် ကုတင်ပေါ်ရှိလူငယ်လေးနှစ်ယောက်ဆီသို့ကျရောက်သည်။ အခန်းမီးပိတ်ထားတာမို့ လရောင်ရှိရာကုတင်ပေါ်မှလွဲ၍ ကျန်နေရာအားလုံးမှာ မှောင်နှင့်မဲမဲ။ စက်ရှိန်ကခေါင်းအုံးလေးကိုအပိုင်စီးထားကာ လင်းထက်အိပ်နေတာကတော့ စက်ရှိန်၏လက်မောင်းပေါ်တွင်ဖြစ်သည်။

စက်ရှိန်က သူ့ရင်ခွင်ထဲရှိ ကောင်လေးကိုကြည့်ရင်းနူးနူးညံ့ညံ့ပြုံးလိုက်သည်။ လရောင်သည် သူချစ်ရသောကောင်လေးအပေါ် ညင်သာစွာထိုးပြနေလျှက်ရှိသည်။ နှစ်ယောက်အတူမအိပ်တတ်ပါဘူးဆိုသည့် ကောင်လေးသည် သူ့ထက်စောစီးစွာပင်အိပ်ပျော်သွားပြီဖြစ်သည်။ အရင်ရက်တွေက ဘယ်လောက်အိပ်ရေးပျက်ခဲ့သလဲမသိ။ မျက်ကွင်းအောက်က အမဲရိပ်လေးက ပန်ဒါလေးသဖွယ်။

စက်ရှိန်က ကောင်လေး၏ နှဖူးကိုဖွဖွလေးနမ်းကာ မျက်လုံးတွေကိုပိတ်လိုက်သည်။ သူချစ်ရသော လူသားလေး သူ့ရင်ခွင်ထဲမှာ ရှိနေတာနဲ့တင် အရာအားလုံးပြည့်စုံနေပါသည်။

“အားးးးးးးသွားပါပြီ။ သေပြီသေပြီ။ နောက်ကျပါပြီနော်။”

လင်းထက်တစ်ယောက်နိုးနိုးချင်း နာရီအသေးလေးကိုကြည့်ကာ အသံဗြဲနှင့် ထအော်သည်။ နာရီလက်တံသည်၈နာရီ၄၅ပင်ရှိနေပြီဖြစ်သည်။ ဆေးရုံသွားရဦးမည်ဟူသော အသိစိတ်နှင့် နောက်ဖေးရေကန်ကိုပြေးမလို့အလုပ်မှာ မီးဖိုချောင်ဘက်က စက်ရှိန်၏အသံကိုကြားလိုက်ရသည်။

“ဒေါက်တာ ဒီနေ့လပြည့်နေ့လေ။ ဆေးရုံနားမယ်မလား။”

“ဟမ်?”

သူအဲ့တော့မှစဉ်းစားမိသည်။ ပြက္ခဒိန်ကိုကြည့်လိုက်တော့ လပြည့်နေ့ဆိုသောစာသားနီနီက အထင်းသားလေး။ အလျင်မလိုတော့တာမို့ မျက်နှာအရင်သစ်ဖို့မစဉ်းစားဘဲ စက်ရှိန်ဘာလုပ်နေလဲဆိုတာ သွားကြည့်လိုက်သည်။ စက်ရှိန်က စွပ်ကျယ်တစ်ထည်နှင့် ပုဆိုးတိုတိုဝတ်ထားတာကြောင့် ကြည့်ရတာ တကယ့်သာမန်ဆန်လွန်းလှသည်။

ပဲဝါလေးကို ပြုတ်ထားတာမို့ အနံ့လေးကသင်းနေသည်။ စက်ရှိန်က ပဲအိုးကိုချလိုက်ကာ ဘေးနားမှထမင်းအိုးကိုပါ တစ်ခါတည်းခလုပ်ပိတ်လိုက်သည်။ အခုမှချပြီးကာစရေနွေးအိုးကိုပါ ထပ်ပေါင်းထည့်တော့ သူတောင်ဘာမှလုပ်စရာမလိုတော့။

All my life time with you(Completed)Where stories live. Discover now