Uni
"ဒေါက်တာ ဘာလုပ်နေတာတုန်းဟင်။"
ဆေးခန်းရှိပြက္ခဒိန်လေးကို ဟိုခြစ်ဒီခြစ်လုပ်နေပါသော လင်းထက်က nurseမလေးကို မော့ကြည့်၍ ဘာမှမလုပ်သလို ဟန်ဆောင်လိုက်သည်။
"ဪ.....ဟိုဟာလေ သီတင်းကျွတ်ရောက်ဖို့ရက်ရေနေတာ ဆရာမရဲ့။ ကျွန်တော် အဲတော့မှအိမ်ပြန်ရမှာမို့လို့လေ။"
ရွှီးရှန်းဖြီးဖြန်းကာပြောလိုက်မိသည်။ အမှန်က သူ ဟိုလူဆိုးကောင်ရောက်လာမဲ့ရက်ကို ရေတွက်နေတာဖြစ်သည်။ ဒီကောင်လေးက တစ်ပတ်ပြည့်သော်လည်းရောက်မလာသေးတာမို့ သူပဲကြားထဲကစိတ်ပူနေရသည်။ မဟုတ်မှ.....ဒီကောင်လေးလိမ္မာသွားတာများလား။
ဘာလို့လဲမသိ။ သူ့စိတ်ထဲမှာ ဒီကောင်လေးကို ဆေးခန်းကိုလာစေချင်နေမိသည်။ တစ်မြို့လုံးလဲ သွားမိတဲ့နေရာတိုင်းမှာ စက်ရှိန်ကိုတွေ့ရမလားဆိုပြီး ရှာနေမိကာ မသိရင်သူများအမြင်မှာ မိန်းကလေးတွေကိုလိုက်ကြည့်နေသည့် နှာဗူးလိုလို မြို့ကြီးကိုပဲမမြင်ဖူးသည့်တောသားလိုလိုဖြစ်နေရသည်။ တတ်တော့မတတ်နိုင်ပါ။ သူဘာလို့ဒီကောင်လေးကို ဆေးခန်းလာစေချင်တဲ့စိတ်တွေပြင်းပျနေရလဲ သူမှမသိပဲ။
မဟုတ်မှလွဲရော။ သူအဲ့လောက်ထိ လူတွေကိုအနာတရဖြစ်စေချင်နေပြီးတော့ ဆေးခန်းကိုလာစေချင်တဲ့စိတ်တွေဖြစ်နေတာလား။ သူ့စီးပွားရေးအတွက် လောဘတွေတက်ပြီးတော့လေ။ ဒါလည်း ဟုတ်မယ်မထင်ပါဘူး။ သူလာစေချင်တာ စက်ရှိန်တစ်ယောက်ထဲကိုပဲလေ။ ဘာလို့လဲ။ ဘာကြောင့်ဖြစ်မလဲ။
"ဒေါက်တာ.......ဒေါက်တာ.......ကျွန်မပြောတာကြားလိုက်လားဟင်။"
"ဗျ....ဗျာ ဘာပြောလိုက်တာ?"
"ဪ........ဟို..ဒေါက်တာဆန္ဒရှိရင် ဒီမှာပဲနေပါလားလို့။ မြစ်ထဲကို မီးခွက်တွေမြောကြတယ်။ ဒီမှာသိပ်ပျော်ဖို့ကောင်းတာ။"
"ဟုတ်လား ဆရာမ။ ဒါပေမဲ့ ကျွန်တော်မှ အသိမိတ်ဆွေမရှိတာ။ နေတော့နေချင်ပေမဲ့....."
"ဟာ........ဒေါက်တာကလည်း ကျွန်မရှိတာပဲ။ အဖေတို့နဲ့တူတူသွားမှာလေ။ ဒေါက်တာလိုက်ခဲ့လို့ရပါတယ်။ ပြီးတော့ ဒေါက်တာပျော်စေရမယ်လို့အာမခံတယ်။"