Uni
“ဒေါက်တာ........ဟိုလေ.......ဟို”
ဖျားနေသည့်ဆယ်ကျော်သက်ကောင်မလေးကို ဆေးထိုးပေးနေတုန်း ရှိသေးသည်။ nurse မလေးက အခန်းထဲဝင်လာ၍ တစ်ခုခုကို ပြောချင်နေသည့်ဟန်ကြောင့် သူလုပ်လက်စတွေကိုလက်စသတ်ကာ ပြောလေ ဟူသောသဘောဖြင့် မေးငေါ့ပြလိုက်သည်။
“အပြင်မှာ မင်းစက်ရှိန်ဆိုတဲ့ကောင်လေးရောက်နေတယ်ဆရာ။”
Nurseမလေးက သူ့နား နားကပ်ကာ လေသံလေးနှင့်ပြောသည်။
ဆေးကုခန်းနှင့် အပြင်ကထိုင်စောင့်သည့်ခုံတန်းလေးတွေကြား ကန့်လန့်ကာလေးခြားထားသည်မို့ မမြင်ရတာကြောင့် မင်းစက်ရှိန်ဆိုတာ ဘယ်သူလဲ သူ မသိ။“မင်းစက်ရှိန်က ဘယ်သူတုန်းဆရာမရဲ့။”
“ဟို......ဟို......”
Nurse မလေးကပြောရခက်နေဟန်နှင့် ကန့်လန့်ကာလေးကို အနဲငယ်ဟကာ သူ့ကိုညွှန်ပြသည်။
“အဲ့ကောင်လေးလေ ဒေါက်တာ။မစောင့်နိုင်ဘူးလုပ်နေလို့။”
သူကြည့်လိုက်တော့ ဟိုလူဆိုးကောင်မှ ဟိုလူဆိုးကောင်အစစ်။ ဒီတစ်ခါမှာတော့ All black ဝတ်ထားတာမို့ ပထမလာတုန်းကထက် ပို၍လူဆိုးရုပ်ပေါက်နေသည်။ သူက ဒီကောင်လေးပြန်မလာတော့လောက်ဘူးလို့ထင်ခဲ့မိပေမဲ့ မထင်မှတ်ဘဲ ဒီကောင်လေးကရောက်လာပြန်သည်။ သွေးထွက်နေပုံရသော ခြေထောက်ကိုဖိကာ ဂဏှာမငြိမ်ဖြစ်နေပုံအရ လုံးဝမစောင့်နိုင်ဟူသော အသွင်အပြင်ကိုဖော်ပြသည်။
“ဆရာမ ဒီကောင်မလေးပြီးရင်သူ့ကိုပဲ အရေးကြီးလူနာဆိုပြီးခေါ်လိုက်ပါနော်။”
“ဖြစ်ပါ့မလားဒေါက်တာ။ အနောက်မှာ သုံးယောက်လောက်ကျန်သေးတယ်လေ။”
“ကြည့်ကျက်ပြီးပြောလိုက်ပါဆရာမရယ်။ ဟိုမှာ သွေးတွေနဲ့မို့ပါ။”
စေတနာရှိလွန်းလို့တော့ မဟုတ်သော်ငြား ဒီကောင်လေး သွေးထွက်နေတာကိုမြင်တိုင်း မနေနိုင်မထိုင်နိုင်သောစိတ်က ဖိစီးနေသည်ဖြစ်ရာ nurseလေးကိုပဲ တိတ်တိတ်လေးကြိတ်မှာရသည်။ မသမာသလို ဖြစ်သွားပေမဲ့ မတတ်နိုင်။ နောက်ပြီး နောက်ကစောင့်နေသည့် သုံးယောက်ဆိုတာက နေမကောင်းရုံပဲမဟုတ်လား။ ဟိုကသွေးတွေပါထွက်နေတာလေ။