သူနာပြုချွဲက သူ့အမြင်အရဆို လူကောင်းပါ။
ဘာလို့ လူကြီးက စိတ်ပူတာများလဲ။

အချိန်အားဖြင့် ညနေ လေးနာရီခွဲ ငါးနာရီလောက်ရှိပြီမို့ သူရော၊ လူကြီးပါ တစ်ခါတည်း အိပ်ပြန်ရန်ပစ္စည်းတွေကို သိမ်းခဲ့လိုက်ကြသည်။ အန်တီနိုရီတို့ကို နှုတ်ဆက်ပြီးနောက် စက်ဘီးတစ်စီးဖြင့် ရွာထဲသို့ ထွက်ခဲ့၏။

ရွာလမ်းတစ်လျှောက်တွင် အုပ်ဆိုင်းကြီးမားလှသည့် အပင်ကြီးများကြောင့် အအေးဓာတ်လေးရလို့နေပြီး အနှီအပင်များ၏ အရွက်အကိုင်းများကြားမှ နေရောင်​ဖြောက်ဖြောက်မှာ ဟိုတစ်ကွက် သည်တစ်ကွက်ဖြင့် ဖြာကျလျက်။ ဆောင်းဦးလေပြည်တို့သည်လည်း တသုန်သုန် တိုက်ခတ်နေလေသည်။

သို့ပေသ်ိ သေချာခင်းကျင်းထားခြင်း မရှိသော ရွာလမ်းငယ်ဟာ ချိုင့်ခွက်များ အများအပြားရှိနေသည့်အပြင် ခဲလုံးအကြီးကြီးများလည်း အတော်များ၏။ ထို့ကြောင့် လူကြီးက ထိုအရာများအား ရှောင်ရင်း ဂရုတစိုက် နင်းနေရသည်။

"ဂျီမင်း . . . ဒီဘက်ရွာက လမ်းတွေက အတော်ကြမ်းတယ်"

အင်္ကျီစကိုသာ အသာကိုင်ထားသည့် ဂျီမင်းအား ထယ်ယောင်း စကားစလိုက်ရခြင်းမှာ
ကလေးငယ် သူ့ကိုအားနာပြီး သေချာမကိုင်ထားမိဘဲ ပြုတ်ကျမှာကြောက်လို့ပင်။

"ဟုတ်တယ် အစ်ကို"

"ကိုယ့်ကို ဖက်ထားမလား"

ပုံမှန်အတိုင်းပင် အေးဆေးတည်ငြိမ်လွန်းသည့် လေသံဖြင့် ဆိုလိုက်သော်ငြား ထွက်လာသော စကား၏ အဓိပ္ပာယ်ကြောင့် နှစ်ဦးသားလုံး ရှိန်းမြမြဖြစ်သွားကြ၏။

"ဗျ . .ဗျာ"

"ပြုတ်ကျမှာစိုးလို့ ခါးကိုဖက်ထားမလားလို့"

လေ​ပြည်ညင်းဟာ တသိမ့်သိမ့် တိုက်မြဲ။ စက်ဘီးငယ်လေးသည်လည်း ပုံမှန်အရှိန်လေးအတိုင်း။ သို့သော် စက်ဘီးပေါ်မှ လူသားလေးနှစ်ဦး၏ စကားသံတို့ကတော့
ခေတ္တမျှ တိတ်ဆိတ်သွားချေသည်။

တစ်စက္ကန့်

နှစ်စက္ကန့်

သုံးစက္ကန့်

PETRICHOR || VMINWhere stories live. Discover now