"အင်း ကိုယ် မနက်ဖြန် မင်းကို လာခေါ်မယ်"
"ဟုတ်"
ချင်းစုယွဲ့ဟာ သူနှင့် မခွဲချင်ပေမယ့် သူပြန်သွားသည်ကိုသာ အဆုံးထိ ငေးစိုက်ကြည့်နေမိသည်။ အဲဒီနောက် သူမက အိမ်ထဲသို့ ပြန်ဝင်လာကာ မာမားပိုင်နဉ်းနှင့် အတန်ကြာ အတူရှိနေပေးလေသည်။ ပိုင်နဉ်းက သူမရဲ့လက်လေးကို ကိုင်လျက် ဆိုသည်။
"စီနျန်က တော်တော်လေး ကောင်းပါတယ်"
ချင်းစုယွဲ့က ပြုံးစိစိလုပ်နေ၏။
"မား ... သူ့ရှေ့တော့ ဒီလို သွားမချီးမွမ်းလိုက်နဲ့နော် ... သူက တော်တော်လေး ဂုဏ်ဆာတတ်တာ ... မာမားက သူ့ရှေ့ ချီးကျူးလိုက်လို့ကတော့ အကြာကြီး စိတ်ကြီးဝင်နေတော့မှာ"
"ဒီကောင်မလေးကတော့! စကားများလိုက်တာ"
ချင်းစုယွဲ့မှာ မတရားခံလိုက်ရသည့်နှယ်။
"သမီးက အမှန်ပြောတဲ့ဟာကို!"
"သူ့လို ယောက်ျားမျိုးက ရှားတယ် သမီးသူ့ကို တန်ဖိုးထားရမယ် .. သမီးတို့ လက်ထပ်ပြီးသွားတာနဲ့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အားနည်းချက်လေးတွေကို လက်ခံနိုင်ဖို့ ကြိုးစားရင်းနဲ့ အတူတူနေထိုင်သွားကြရမှာ"
"မား ... သမီး သိပါပြီ .. သမီးတို့က သေချာပေါက် တစ်ယောက်အပေါ် တစ်ယောက် ကောင်းမွန်ပြီး အတူတူ နေသွားကြမှာပါ ... မာမားတို့ စိတ်မပူစေရပါဘူး ... မား နားတော့လေ သမီးလည်း အိပ်တော့မယ် ... သမီး မနက်ဖြန် အလုပ်သွားရမှာ"
"အဲ့တာဆို မြန်မြန်ပြန်ပြီး အိပ်တော့လေ"
ပိုင်နဉ်းက ကမန်းကတန်း ပြန်တုံ့ပြန်သည်။
"အင်း မာမားရောပဲ အိပ်တော့နော်"
ချင်းစုယွဲ့က သူမအခန်းထဲ ပြန်ရောက်လာတော့ အပြုံးက လျော့ရဲသွား၏။ သူမက လက်ပ်တော့ဖွင့်ကာ Weibo ထဲသို့ ဝင်လိုက်သည်။ ထို့နောက် သူမရဲ့နာမည်မှာ လူပြောအများဆုံး အကြောင်းအရာ ထိပ်ပိုင်းခေါင်းစဉ်တွေထဲတွင် ပါဝင်နေသည်ကို တွေ့လိုက်ရတော့သည်။
ထိုခေါင်းစဉ်အောက်၌ သူမအား ဆဲဆိုမှုတွေ အတောမသတ်နိုင်အောင် ပစ်လွှတ်နေကြသည်။ တော်တော်များများ ရှာဖွေဖတ်ရှုပြီးတဲ့နောက်မှာ သူမကို ဆက်လက် အားပေးထောက်ခံသူတွေက ပိုများသည်ကို တွေ့လိုက်ရသည်။ ဆဲဆိုစော်ကားမှုတွေကတော့ အမျိုးမျိုးပင်။ ဥပမာ : သူမကို ကိုယ်ကျင့်တရား ဆိုးယုတ်တဲ့ သိက္ခာမဲ့တဲ့သူလို့ ခေါ်ကြသည်ကတဖုံ .. ချန်းစီနျန်ကို လင်ငယ်ဖြစ်အောင်လုပ်သည့် မိန်းမဟူ၍ နာမည်ဆိုးတပ်သည်က တစ်မျိုး အစရှိသ၍ပင် .... စော်ကားစွပ်စွဲမှုတွေက တကယ့်အမှန်တရား ဖြစ်နေသည့်နှယ် များပြားလွန်းလှပေ၏။