သူ ကြိုက်တာ တွေ့ရတော့ ချင်းစုယွဲ့ကလည်း မငြင်းဆန်နေတော့ပေ။ သူ ဘာလိုချင်ချင် ချင်းစုယွဲ့က ဖြည့်စည်းပေးတာပင်။ စွပ်ပြုတ်တင်မက ချန်းစီနျန်၏ ဆန္ဒတွေ အများအပြားအား ချင်းစုယွဲ့က ဖြည့်စွမ်းပေးလေ၏။
ဥပမာအားဖြင့် : သူက ပန်းသီးစားချင်လျှင် ချင်းစုယွဲ့က စကားတစ်ခွန်းမျှ မဆိုပဲ ဓားတစ်ချောင်းနှင့် သူ့အတွက် ပန်းသီး အခွံနွှာပေး၏။
ဥပမာအားဖြင့် : သူက အခန်းထဲ နေရတာ ငြီးငွေ့လာ၍ ဟိုနားသည်နား သွားချင်သည်ဆိုလျှင် ချင်းစုယွဲ့မှာ သူ့ကို အပြင်သို့ ဝှီးချဲနှင့်တွန်းပေးကာ နေပူဆာလှုံစေ၏။
ဥပမာအားဖြင့် : သူ့ကုမ္ပဏီက စာရွက်စာတမ်းတွေကို စစ်ဆေးရမှာ ဖြစ်ပေမယ့် ထိုစာရွက်စာတမ်းတွေကို ကြည့်ရင်း သူ့ခေါင်းတွေ ကိုက်လာပြီး သူ့အတွက် ထိုစာရွက်စာတမ်းတွေကို ဖတ်ရှုပေးစေလိုလျှင် ချင်းစုယွဲ့ကလည်း အလွယ်တကူပင် ထို့ ပျင်းရိငြီးငွေ့စရာ ကောင်းသည့် အကြောင်းအရာတွေကို ဖတ်ရှုပြီး ဆွေးနွေး အကြံဥာဏ်ပေးလေ၏။
ချန်းစီနျန်မှာ ချင်းစုယွဲ့ ပြောတာကို ကြာကြာနားထောင်လေလေ သူမရဲ့အသံလေးအား စွဲလမ်းလေလေ ဖြစ်နေရသည်။ သူက နေ့တိုင်း ချင်းစုယွဲ့အား စာရွက်စာတမ်းတွေကို ပေးလေ၏။ သူက လူနာဖြစ်နေသဖြင့် ချင်းစုယွဲ့ကလည်း သူ့အား မကျေမနပ် ပြောမနေပေ။
အဲ့တာကြောင့်မို့ ချင်းကွမ်းချန်ရဲ့ စကားတွေကို ကြားတော့ ချင်းစုယွဲ့က ပြောလေ၏။ "ကိုကိုကလည်း .. ညီမလေး အဲ့လောက်လဲ အစောကြီး မထပဲနဲ့!"
ချင်းကွမ်းချန်က သူ့ညီမလေးအား စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ "အေးလေ ... ဒီလိုပြောတာတောင် ရှက်ကိုးရှက်ကန်း မဖြစ်နေပါလား"
ချင်းစုယွဲ့မှာ နှုတ်ခမ်းတွေ တလှုပ်လှုပ် ဖြစ်နေပေမယ့် ပြန်ပြီးတော့လည်း မချေပဝံ့ပေ။ ကြည့်ရတာ သူမက သူမရဲ့အစ်ကိုထက် ချန်းစီနျန်ဘေးသို့ ပိုရောက်နေခဲ့လို့ ထင်ပါသည်။ ချင်းကွမ်းချန်က ထိုအကြောင်းကို ဆက်မပြောတော့ပေ။
ချန်းစီနျန်ကတော့ ချင်းကွမ်းချန်အား သူ့ဇနီးကို အနိုင်ကျင့်ဖို့ ဘယ်လိုလုပ် ခွင့်ပြုပေးနိုင်ပါမည်နည်း? ချန်းစီနျန်က ပျင်းတိပျင်းရွဲ ပြောလိုက်၏။ "ယောက်ဖရေ .. ယွဲ့အာက ကျွန်တော့်ကို စိတ်ပူလို့ပါ .. မစိုးရိမ်ပါနဲ့ ကျွန်တော်က သူ ပင်ပန်းအောင် မလုပ်ပါဘူး"