ချင်းစုယွဲ့ ဒီလိုအမူအယာမျိုးနှင့် ရှိနေသည်မှာ အတော်ကို ရှားပါးအဖြစ်ပင် ဖြစ်၏။ ချန်းစီနျန်က သူ့ကိုယ်သူ စိတ်ငြိမ်သွားအောင် ပြန်ထိန်းလိုက်ပြီး ချင်းစုယွဲ့၏ လက်တွေကို ဆုပ်ကိုင်ထားသည်အား ဖြေလျော့ပေးလိုက်သည်။ "အပေါ်တက်ပြီး အဝတ်အစားလဲလိုက် ... ပြီးရင် မင်းကိုကိုယ် ကျောင်းကို ပြန်လိုက်ပို့ပေးမယ်"
"ကျေးဇူးတင်ပေမယ့် မလိုပါဘူး" ချင်းစုယွဲ့က ကားတံခါးကို ဖွင့်ဆင်းလိုက်ပြီး တစ်ယောက်ယောက်ကိုခေါ်ဖို့ ဖုန်းကိုထုတ်လိုက်သည်။
သူမက ချင်းကွမ်းချန်အား သူမကို လာခေါ်ပေးဖို့ ပြောမလို့ပင်။ ချင်းကွမ်းချန်အရှေ့တွင်ပင် ချန်းစီနျန်တစ်ယောက် သူမကို အနိုင်ကျင့်ဝံ့မည်လို့တော့ သူမ မယုံပါချေ။
ချင်းစုယွဲ့တစ်ယောက် ချင်းကွမ်းချန်၏ ဖုန်းနံပါတ်ကို ရှာတွေ့လိုက်ပေမယ့် သူမ ထိုနံပါတ်တွေကို မနှိပ်လိုက်ရသေးခင်မှာပဲ သူမ၏ဖုန်းလေးမှာ ချန်းစီနျန်၏ ယူသွားခြင်းကို ခံလိုက်ရရှာသည်။ ချန်းစီနျန်မှာ ထိုဖုန်းကို လုယူဖို့အတွက် ကားကိုပတ်ကာ ခြေလှမ်းအကျဲကြီး လျှောက်လာခဲ့တာဖြစ်၏။
ချင်းစုယွဲ့မှာ အလွန်ကို ဒေါသထွက်သွားတော့သည်။ "ချန်းစီနျန်! ရှင် လူယုတ်မာ! အခုချက်ချင်း ကျွန်မဖုန်းကို ပြန်ပေးနော်!"
ချန်းစီနျန်မှာ ချင်းစုယွဲ့တားဆီးနေသည်ကို လျစ်လျူရှုလိုက်ပြီး သူမက ဖုန်းကို ပြန်ရရှိသွားသည့် တစ်ကြိမ်မှာတော့ ချန်းစီနျန်က လက်တစ်ဖက်ဖြင့် ချင်းစုယွဲ့အား တားဆီးလိုက်ကာ နောက်ထပ် အခြား လက်တစ်ဖက်ကိုသုံးလျက် သူမဖုန်းတွင် နံပါတ်စဉ်တစ်ချို့အား ရိုက်လိုက်သည်။ သူက ချင်းစုယွဲ့ဖုန်းတွင် နံပါတ်တွေ ရိုက်လိုက်ပြီးပြီးချင်း ကားအတွင်းရှိ သူ့ဖုန်းမှ မြည်လာသည်ကို ချင်းစုယွဲ့ ကြားလိုက်ရသည်။
ချန်းစီနျန်က သူမဖုန်းကို ပြန်ပေးလိုက်တဲ့အခါမှာ သူက ထပ်လောင်း ပြောကြားလိုက်သေးသည်။ "ဒါက ကိုယ် သီးသန့်ကိုင်တဲ့ ဖုန်းနံပါတ်"
ချင်းစုယွဲ့ရဲ့ မျက်ဝန်းတွေမှာ ဒေါသတို့ဖြင့် ပြည့်လာ၏။ "ကျွန်မက ဘာလို့ ရှင် သီးသန့်ကိုင်တဲ့ ဖုန်းနံပါတ်ကို လိုအပ်ရမှာလဲ? ချန်းစီနျန် ရှင် အရမ်းကြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး တစ်ယူသန် ဖြစ်မနေလို့ မရဘူးလား?"